A Round of Applause May Easily Drive You Crazy

လက်ခုပ်

အသက် ၄၀ ကျော်လာပြီဆိုတော့ ဘဝမှာ ကိုယ်တိုင်လည်း စင်ပေါ်ကလူကို လက်ခုပ်တီးပေးခဲ့ဖူးတာ အကြိမ်ပေါင်း မနည်းတော့ဘူး။ ကိုယ်ကိုယ်တိုင်ကလည်း စင်ပေါ်တက် လူလုံးပြတာကို အထုံဝါသနာကြီးနေလေတော့ ဆယ်နှစ်သား မပြည့်တပြည့်၊ လေးတန်းကျောင်းသားအရွယ်က စလို့ ယနေ့ထက်တိုင် ကိုယ့်ကို တီးပေးတဲ့ လက်ခုပ်သံမျိုးစုံကို ရယူခဲ့တာလည်း အကြိမ်ကြိမ်။

Clapping emoticonအမှန်တော့ စင်ပေါ်ကလူအတွက် လက်ခုပ်သံဟာ အင်မတန်ယစ်မူး သာယာဖို့ ကောင်းလှပါတယ်။ သီချင်းပဲဆိုဆို၊ ဟောပြောတာပဲလုပ်လုပ်၊ ဩဘာစာပဲဖတ်ဖတ်၊ ကခုန်တာပဲဖြစ်ဖြစ်၊ လူသူပရိသတ်ရဲ့ရှေ့မှောက်ကို ထွက်ပြီး လူလုံးပြနေတဲ့အခိုက်အတန့်မှာ လက်ခုပ်သံဟာ စင်ပေါ်ကလူ အတွက်တော့ “အားဆေး”ပါပဲ။

ဒါပေမယ့် အဲဒါက စင်ပေါ်တက် လူလုံးပြနေသူဘက်က အမြင်နဲ့ ခံစားချက်ပါ။ စင်အောက်က လူကတော့ အနက်အမျိုးမျိုးနဲ့ လက်ခုပ်တီးနေတာကို စင်ပေါ်က လူဟာ စင်ရဲ့အရှိန်၊ ပရိသတ်ရဲ့ ဟိတ်တို့ကြောင့် တစ်ကြောင်း၊ ဘဝင်ကြောင့်တစ်ကြောင်း မေ့လျော့နေတတ်ပါတယ်။

ကိုယ်တိုင်သူတစ်ပါးကို လက်ခုပ်တီးပေးတဲ့အခါမှာ အမျိုးမျိုးကွဲပြားနေခဲ့တာကို သတိရမိတယ်။

  • တကယ့်ကို သဘောကျနှစ်ခြိုက်လို့၊ ဘဝင်ခွေ့၊ နှလုံးတွေ့သွားလို့ အားပါးတရ လက်ခုပ်တီးပြီး အားပေးတာ၊
  • ကိုယ့်လိုပဲ ပွဲကြည့်ပရိသတ်တွေက တီးနေကြလို့၊ အများနဲ့ ရောနှေပြီး ဝတ်ကျေတန်းကျေ တီးလွှတ်လိုက်တာ၊ (တစ်ခါတလေများဆို ကိုယ့်လက် နာမှာစိုးလို့တောင် လက်နှစ်ဖက်ကို အားပါးတရ တီးဟန်လုပ်ပြီး အသံမထွက်အောင် တီးတာမျိုးတောင် ပါသေးတယ်။)
  • စင်ပေါ်ကလူ စင်ပေါ်တက်ခွင့်ရတုန်း အားမနာ လျှာမကျိုး နှိပ်စက်သမျှ ခံနေရတဲ့ ဝဋ်က လွတ်သွားပြီ (သူစင်ပေါ်က ဆင်းတော့မယ်ဆိုတာသေချာပြီ) ဆိုတဲ့ အသိကြောင့် ဝမ်းသာအားရ လက်ခုပ်တီးတာ၊
  • လက်ခုပ် များများတီး၊ စင်ပေါ်ကလူ များများကျေနပ်၊ မြန်မြန်ဆင်း သွားစေချင်လို့ ရွဲ့တီးလေးတီးပေးတာ၊
  • ကိုယ်ကလက်ခုပ်တီးလေလေ၊ စင်ပေါ်ကလူက ဘဝင်ကြွလေလေ၊ အလွဲလွဲအမှားမှားတွေကိုပဲ ဟန်တစ်လုံးပန်တစ်လုံးနဲ့ ဆက်လုပ်လေလေ၊ ကိုယ့်အတွက် ရယ်စရာကောင်းလေလေဖြစ်နေတာမို့ အဆင်းမှာ ဘီးတပ် ပေးတဲ့အနေနဲ့ တီးပေးတာ…

အမလေး… အခုလို တစ်ခုစီချရေးတော့လည်း အများသားခင်ဗျ။

ဒါက ကိုယ်တိုင်က သူများကို ဩဘာပေးနေတဲ့အချိန်မှာ သူသူကိုယ်ကိုယ် ရှိတတ်မြဲအနေအထားတွေကို တတ်နိုင်သလောက် သရုပ်ခွဲကြည့်တာပါ။

အဲ… ကိုယ်ကိုယ်တိုင် စင်ပေါ်တက်နေတဲ့အခါကျတော့ အထက်မှာ ရေးခဲ့သလို စင်ရဲ့ အရှိန်၊ ပရိသတ်ရဲ့ ဟိတ်နဲ့ ဘဝင်တို့ကြောင့် ဒါတွေကို အမှုမဲ့အမှတ်မဲ့ဖြစ်နေတတ်တာလည်း သူသူကိုယ်ကိုယ်ပါပဲ။

လွန်ခဲ့တဲ့ ၁၃-၄ နှစ်လောက်ကတည်းက အဲဒါကို သတိထားမိခဲ့တာပါပဲ။ ဆိုခဲ့တဲ့အတိုင်း ကျွန်တော်ဟာ စင်ပေါ်တက် လူလုံးပြရတာကို အင်မတန် ဝါသနာကြီးလေတော့ အင်မတန် စင်ပေါ် တက်ခဲ့၊ ဆိုခဲ့၊ ကခဲ့၊ ဟောပြောခဲ့ဖူးပါတယ်။

စောစောပိုင်းကတော့ သိပ်သတိမထားမိဘူး။ လက်ခုပ်သံကို သာယာ ယစ်မူးနေမိတာချည်းပါပဲ။ တစ်ချီမှာတော့ ကိုယ်နဲ့အတူ စင်ပေါ်ကို အလှည့်ကျတက်နေသူ ၄-၅ ယောက်နဲ့ ပွဲတစ်ပွဲတည်းမှာ ရင်ဆိုင်နေရ၊ ကိုယ့်အလှည့်မကျခင် ပရိသတ်ကို အကဲခတ်၊ လက်ခုပ်သံကို သရုပ်ခွဲမိတော့မှ လား… လား… လက်ခုပ်သံကို တော်တော် လန့်သွားရတာပါ။

အဲဒီ့လက်ခုပ်သံကို သာယာမိလို့ ချောက်ကျပေါက်ကို တန်းမြင်လိုက်တဲ့အခါမှာတော့ နောင်ကို ဘယ်တော့ပဲ စင်ပေါ်တက်တက် လက်ခုပ်သံကို သာယာစိတ်က တော်တော်ကြီး ပျောက်သွားပါတော့တယ်။ ပရိသတ်ဆီက လက်ခုပ်သံ တဖြောင်းဖြောင်း ကြားတာနဲ့ မီးလှန့်သံချောင်းခေါက်သံ ကြားရသလို အန္တရာယ်အချက်ပေးသံလို့ စိတ်က ချက်ချင်းဖြစ်သွားပါပြီ။

လက်ခုပ်သံကြောင့် ချောက်ကျပေါက်ကို သာမန်ဟောပြောပွဲတစ်ခုနဲ့ နမူနာပြချင်ပါတယ်။ ဟောပြောတဲ့အခါမှာ ပရိသတ်က လက်ခုပ်တီးရင်း ဟောပြောသူအတွက် လမိုင်း ကပ်ဖို့ သိပ်လွယ်သွားတတ်တယ်။ အမှန်ကတော့ လမိုင်းကပ်တယ်ဆိုတာထက် ဘဝင်ကြွသွားတာ၊ ကိုယ့်ကိုယ်ကိုယ် အဟုတ်ထင်သွားတာပါ။
တစ်ချိန်တည်းမှာပဲ၊ ဟောပြောသူအနေနဲ့ ကိုယ့်ရဲ့ ဘယ်စကားလုံးတွေ၊ ဘယ်အကြောင်းအရာတွေကို ပရိသတ်ပွဲကျတယ်ဆိုတာ ရိပ်စားမိနိုင်တယ်။ သည်အခါမှာ လက်ခုပ်သံ ပိုရဖို့အတွက် အလားတူ အကြောင်းအရာတွေ၊ စကားလုံးတွေကို မူလ ရည်ရွယ်ထားတာထက် ပိုပိုသာသာ ဖောဖောသီသီ ပြောဆို သုံးစွဲဖြစ်ကုန်ရင်းက စကားတွေ လွန်ကုန်၊ ကျွံကုန်တတ်တာက ပထမချောက်ပေါက်ပါ။ တစ်ခါတလေများဆိုရင် လက်ခုပ်သံလိုချင်ဇောနဲ့ ဖြီးလုံးတွေ၊ လေလုံးထွားတာတွေ၊ ကိုယ်ရည်သွေးတာတွေပါ ပါကုန်တတ်သေးတယ်။

ဒုတိယချောက်ပေါက်ကတော့ အဲဒီ့လက်ခုပ်သံကိုသာယာ ယစ်မူးပြီး လက်ခုပ်သံနောက်ကိုပဲ တစိုက်မတ်မတ်လိုက်ရင်း ကိုယ်ပြောလိုတဲ့ အကြောင်းအရာကနေ လုံးလုံးကြီး သွေဖီသွားတတ်တာပါပဲ။ တစ်နည်းအားဖြင့် မူလရည်ရွယ်ရင်းကနေ ပျက်သွား၊ မျောသွားနိုင်ပါတယ်။

သီဆိုသူ၊ ကခုန်သူတွေမှာလည်း ထို့အတူပဲ။ ကိုယ်ပိုင်နိုင်ကျွမ်းကျင်ရာကို ကခုန်၊ သီဆို၊ တီးမှုတ်နေရင်းက လက်ခုပ်သံကို သာယာမိပြီး တစ်ပုဒ်ပြီးတစ်ပုဒ် ဆက်တင်ရင်းကနေ ကိုယ်သိပ်မပိုင်တဲ့အပုဒ်ဆီ ရောက်သွားတော့မှ ကိုယ်သိပ်အဟုတ် မဟုတ်လှတာကို ပရိသတ် ရိပ်မိသွားစေနိုင်တဲ့ ချောက်ပေါက်က ရှိနေတတ်ပါတယ်။

အဆိုးဆုံး ချောက်ပေါက်ကတော့ လက်ခုပ်သံတွေပေးနေတဲ့ ကိုယ့်ပရိသတ်ကိုပဲ မထီမဲ့မြင်လုပ်မိတာတွေ၊ ပြောမိတာတွေဖြစ်ကုန်တတ်တာပါပဲ။ တစ်နည်းပြောရရင် ကိုယ့်ကို လက်ခုပ်တီးပေးနေသူတွေထက် ကိုယ်က ပိုတတ်၊ ပိုသိ၊ ပိုတော်တယ်လို့ ဘဝင်လေဟပ်သွားရင်းကနေ မတော်မနန်း တွေပြောမိ၊ လုပ်မိရင်းကနေ “မြှောက်ပေးရင် သွေးတက်အောင် ကတဲ့သူ” ဖြစ်မှန်းမသိ ဖြစ်သွားတတ်ပါတယ်။

အချုပ်ပြောရရင် လက်ခုပ်သံဟာ လူကို“ရူးသွပ်”သွားစေနိုင် (ဝါ) “ပေါကြောင်” သွားစေနိုင်ပါတယ်။ ဘာလို့လဲဆို လက်ခုပ်သံနဲ့ ဘဝင်တို့ဟာ တိုက်ရိုက်အချိုးကျနေလို့ပါပဲ။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

သတင်းစုံဂျာနယ်၊ ၂၀ဝ၁

လက်တွဲဖော် စာအုပ်တိုက်ထုတ် အတ္တကျော်ရဲ့ “ဖြေတွေးလေးများ” စာအုပ်မှာလည်း ဖော်ပြထားပါတယ်။