Skip to content

ဘယ်ဘ၀မှာ နေချင်ကြပါသလဲ

17 June 2014

???????????????????????????????

မပြောဖူးပေမယ့် ကြားဖူးတဲ့စကား

“သိသာ သိစေ၊ မမြင်စေနဲ့”တဲ့။

သည်စကားက ကျွန်တော်တို့ လူမျိုးကို လှိုက်စားနေတဲ့ စကားလို့ မြင်မိပါတယ်။ စတင်ကြားဖူးတဲ့ လူမမယ် အရွယ်ကတည်းက သည်စကားကို ဘဝင်မကျဖြစ်နေခဲ့မိရတယ်။

ဝမ်းသာစရာ ကောင်းတာက ကျွန်တော့်မိဘတွေ သည်စကားကို ပြောသံ မကြားဖူးဘူး။ အဖေရယ်၊ အမေရယ်၊ ကျွန်တော်ရယ် သုံးယောက်ပဲ ရှိတဲ့ မိသားစုလေးမှာ အဖေလည်း သည်စကား မပြောတတတ်၊ အမေလည်း သည်စကား ပြောလေ့မရှိတော့ ကျွန်တော့် ပါးစပ်ထဲမှာလည်း သည်စကားက ရောက်ကို မလာတော့ဘူး။
သို့ပေမယ့် လူ့လောကဆိုတာ ကျွန်တော်တို့ မိသားစုလေး တစ်ခုတည်းမှ မဟုတ်တာ။ ပတ်ဝန်းကျင် အပြင်လောကနဲ့ တွေ့ထိဆက်ဆံရတဲ့အခါမှာ သည်စကားကို ရံခါ ကြားခဲ့ရတတ်တယ်။

တော်တော်ကြီးကို ဘဝင်မကျတဲ့ စကားပါ။

သိတာနဲ့ မြင်တာ

သည်စကားရဲ့ အတိမ်အနက်ကို ချိန်စက်မယ်ဆိုရင် ပထမဆုံးက သိတာနဲ့ မြင်တာမှာ ဘယ်ဟာက ပိုပြီး ပဓာနကျသလဲဆိုတာကို ဆန်းစစ်ဖို့လိုမယ် ထင်ပါတယ်။

မြင်တယ်ဆိုတာ အပေါ်ယံသဘောဆောင်ပါတယ်။ ဖျတ်ခနဲ မြင်လိုက်တယ်။ ရိပ်ခနဲ မြင်လိုက်တယ်။ ဆိုကြပါစို့၊ ဟိုဘက်အိမ်က အပျိုကြီး မမနဲ့ အိမ်ရှေ့အိမ်က ဦးလေးကြီးကို ကားတစ်စီးပေါ်မှာ နှစ်ယောက်တည်း မြင်လိုက်တယ်။ ဒါမှမဟုတ် အရပ်ထဲက ဘုရား ဒါယိကာကြီးဟာ တစ်ချိန်လုံးလိုလို ရေနွေးကြမ်းတွေ တစွတ်စွတ်သောက်နေတာ မြင်တယ်။ ဒါတွေက အမြင်သက်သက်ပါ။

သိတယ်ဆိုတာကျတော့ တော်တော် အတွင်းကျသွားပါပြီး ဟိုဘက် အိမ်က အပျိုကြီးနဲ့ အိမ်ရှေ့အိမ်က ဦးလေးကြီးတို့ တိတ်တိတ်ပုန်း ညားနေကြတယ်လို့ သိလိုက်တယ်ဆိုရင် ဘယ်လိုနေမလဲ။ ဘုရားဒါယိကာကြီး ကလည်း လူရှေ့မှာသာ ဘုရား ဒါယိကာကြီးကလည်း ရေနွေးကြမ်းအိုးထဲ အရက်တွေ ထည့်ပြီး ခွက်ပုန်းချနေတယ်လို့ သိလိုက်တယ်ဆိုရင် ဘယ်လို နေမလဲ။

သည်အခါ သိခြင်းက ပိုတန်ဖိုးကြီးသလား၊ မြင်ခြင်းက တန်ဖိုးကြီးသလားဆိုတာ အတော်စဉ်းစားစရာ ကောင်းသွားပါပြီ။

ဟိုနှစ်ယောက် ညားနေမှန်း သိတော့နေတယ်၊ သို့သော် မမြင်တဲ့ အတွက် သက်သေပြရ ခက်နေတာကြီးက ကောင်းသလား။ ဘုရား ဒါယိကာကြီးကလည်း ခွက်ပုန်းသမားကြီးမှန်း သိနေတယ်။ တစ်ချက် တစ်ချက် လေကြောင်းအသင့်မှာ သူ့ဆီက အရက်နံ့ ရတယ်။ သို့သော် သူ တကယ်မော့နေတာ မမြင်လို့ သူ့ကို ဘုရားတကာကြီးအမှတ်နဲ့ပဲ ဆက်လက် ကြည်ညိုလေးစားနေမှာလား။

သိသာ သိစေ မမြင်စေနဲ့ဆိုပြီး အဲဒီ့လူတွေက လူမမြင်အောင် အတတ်နိုင်ဆုံး ရှောင်တိမ်း ဖုံးကွယ်ရင်း အရပ်ကို၊ မိသားစုကို လှည့်ဖျား နေကြမယ်ဆိုရင် အဲဒီ့ သိသာသိစေ မမြင်စေနဲ့ဆိုတဲ့စကားဟာ လက်ခုပ် ဩဘာ ထောမနာပြုသင့်တဲ့၊ အားပေးထိုက်တဲ့ စကားဖြစ်နေမှာပါလား။

စဉ်းစားစရာ သိပ်ကို ကောင်းနေပါပြီ။

ခြွင်းချက်

အရာတိုင်းမြှွာခင်းချက် ရှိစမြဲမို့ သည်မှာလည်း ခြွင်းချက်ကို ထည့်ပြောမှ တန်ပါလိမ့်မယ်။

မကြားဝံ့ ရှေ့နေ၊ မမြင်ဝံ့ တရားသူကြီးဆိုသလို တချို့ မကြားဝံ့ မနာသာ ကိစ္စတွေကျရင်တော့ မျက်မြင်ဒိဋ္ဌ သက်သေပြစရာ မလိုအပ်ပါ ဘူး။ သည်အတွက် သည်စကားကို စတင်သံးစွဲခဲ့ကြတာလို့ ယူဆရပါ တယ်။

ဆိုကြပါစို့။ ဖိုမဆက်ဆံရေး ကိစ္စလိုမျိုး၊ မုဒိန်းမှုလိုမျိုး၊ ဒါမှမဟုတ် မျိုးဆက်ပွားအင်္ဂါမှာ ဒဏ်ရာ အနာတရ တစ်ခုခု ဖြစ်နေတာလိုမျိုးမှာ သာမန်လူများအတွက် သိရုံနဲ့ လုံလောက်ပါတယ်။ မျက်စိနဲ့ တပ်အပ် မြင်တွေ့ဖို့ မလိုပါဘူး။ ဒါတောင်မှ အမှုအခင်း တရားတဘောင် ဖြစ်လာ တဲ့အခါမှာ ခိုင်လုံတဲ့ သက်သေ ဖြစ်လာအောင် ကျွမ်းကျင်သူတွေအနေနဲ့ မျက်စိနဲ့ တပ်အပ် မြင်ဖို့၊ စစ်ဆေးဖို့ လိုအပ်ပါသေးတယ်။

သို့သော် ကျွမ်းကျင်သူက အတည်ပြုပြီးပြီဆိုရင်တော့ သာမန်လူတွေ မြင်ဖို့ မလိုတော့ပါဘူး။ သိနေရုံနဲ့ လုံလောက်ပါပြီ။

ဒါဟာ “သိသာ သိစေ၊ မမြင်စေနဲ့”ဆိုတဲ့ စကားရဲ့ သဘောသွားပါ။

သို့သော် သည်မှာလည်းပဲ ရှေ့မှာ ဆိုခဲ့တဲ့အတိုင်း “သိတာ”က “မြင်တာ”ထက် အဆများစွာ ပိုအခရာကျတဲ့ အချက်ကိုလည်း ဘယ်သူမှ ငြင်းနိုင်မယ် မထင်ပါဘူး။

ကောက်ချက်

သည်တော့ကာ သည်စကားကို စတင်သုံးစွဲခဲ့တဲ့ ရှေးလူကြီးတွေအနေနဲ့ အမှန်တရားကို မျက်ကွယ်ပြုဖို့ဖြစ်စေ၊ လိမ်ညာဖုံးဖိခြင်းကို အားပေးဖို့ ဖြစ်စေ၊ အခုခေတ်မှာ တအားခေတ်စားနေတဲ့ ဝေါဟာရဖြစ်သော “ပွင့်လင်း မြင်သာမှု”ကို ဆန့်ကျင်ဖို့ ဖြစ်စေ သည်ဆိုရိုးကို အတည်ပြုခဲ့ကြတာ မဟုတ်ဘူးဆိုတဲ့ ကောက်ချက်တစ်ရပ် ထွက်လာပါတယ်။

သို့သော် ထုံးစံအတိုင်းပဲ၊ မတစ်ရာသားတွေ လက်ထဲကို ရောက်သွားတဲ့အခါ အရိအရွဲတွေကို လှီးထုတ်ဖို့၊ မာကျောတဲ့ အရာတွေကို တုံးဖို့ ၊ တစ်ဖို့ အစရှိသဖြင့် ကောင်းသော ရည်ရွယ်ချက်နဲ့ ထုတ်လုပ်လိုက်တဲ့ ဓားဟာ သူတစ်ပါးကို အန္တရာယ်ပြုဖို့၊ ခြိမ်းခြောက်ဖို့၊ အသက်ကို ရန်ရှာဖို့ အသုံးပြုတဲ့ လက်နက်ကိရိယာ ဖြစ်သွားပါတော့တယ်။

လူတွေဟာ သူတို့ လုပ်ချင်တာကို လုပ်ရဖို့ ဖြစ်စေ၊ သူတို့ မလုပ်ချင် တာကိုမလုပ်ရဖို့ဖြစ်စေ၊ ဆင်ခြေ၊ ခုတုံး၊ အကာအကွယ်အနေနဲ့ ဆိုရိုး စကားတွေကို လွယ်လွယ် ယူသုံးပါတော့တယ်။ သူတစ်ပါး အလုပ်ပြောင်း၊ နေရာပြောင်းတာကို မရှုဆိမ့်တတ်သူတွေ၊ အလုပ်ပြောင်း၊ နေရာပြောင်း ကာမှ အသားမကျခင် အခက်ပွေရသူတွေကိုဆိုရင် လွယ်လွယ်ပဲ “သေချင် တဲ့ ကျား တောပြောင်း”လို့ ပြောလိုက်တာပေါ့။ ဘာခက်တာလိုက်လို့လေ။

အဲ… ပြောင်းလိုက်လို့ အဆင်ပြေသွားတယ်ဆိုပြန်ရင်တော့ “တစ်ရွာ မပြောင်း သူကောင်းမဖြစ်”ဆိုတာကြီး ဝင်လာပါလိမ့်မယ်။

အလားတူပဲ၊ မူရင်းဆိုရိုးအမှန်က “မုတ မပါ လင်္ကာမချော” (ခံစား ချက်မပါရင် စာမချောဘူး) လို့ ဆိုတာကိုပဲ နားစွန်နားဖျားနဲ့ လေဖမ်း ဒန်းစီးပြီး “မုသားမပါ လင်္ကာမချော”လို့ အသံချင်းဖလှယ်ချလိုက်ပြီး လိမ်ညာတာပဲ တရားသလိုလို ဖြစ်အောင် လုပ်ကြတာဟာ ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ထုတ်လုပ်ထားတဲ့ ဓားကို လူတွေကို ရန်ပြုဖို့ သုံးလိုက်တာမျိုးပါပဲ။

ယုံကြည်မှုရဲ့ အခန်းကဏ္ဍ

“သိသာ သိစေ မမြင်စေနဲ့”ဆိုတဲ့ ဆိုရိုးဟာလည်း “မုတမပါ လင်္ကာ မချော”လိုပဲ ခေတ်အဆက်ဆက် အလွဲသုံးစား အပြုခံနေရတဲ့ မြန်မာဆိုရိုးစကား ဖြစ်ပါတယ်။
ဘယ်သူတွေက အလွဲသုံးစား ပြုနေကြတာလဲလို့ မေးစရာ ရှိပါ တယ်။ “အကျင့်မကောင်းတဲ့သူတွေက”လို့ တစ်ခွန်းတည်း တန်းဖြေလိုက် ရင် အတော်များများ မဟုတ်တောင် တချို့တွေတော့ အတော့်ကို ဆွေ့ဆွေ့ခုန်ကုန်ကြမှာပါ။

သို့သော် လူကြီးမင်းများ တစ်ခု ဆန်းစစ်ကြစေချင်ပါတယ်။

ကျွန်တော်တို့ လူ့ဘောင်ကြီးကို လိမ်ညာဖုံးဖိမှုတွေ အပြည့်အသိပ်နဲ့ တည်ဆောက်ချင်ကြပါသလား။ လူ့ဘောင်ကြီးက သိပ်ဝေးလွန်းရင် ကိုယ့်မိသားစုကိုရော လိမ်ညာဖုံးဖိမှုတွေနဲ့ တည်ဆောက်ချင်ပါသလား။ ဒါကို အလေးအနက် စဉ်းစားဖို့ လိုပါလိမ့်မယ်။

ကျွန်တော့်အိမ်မှာ စည်းကမ်းတစ်ခုပဲ ရှိပါတယ်။ အဲဒါက “မလိမ်နဲ့၊ မဖုံးနဲ့”ဆိုတဲ့ စည်းကမ်းပါပဲ။ မှားတာကို ကြိုက်သလောက် မှားလာလို့ ရတယ်။ လူဆိုတာ အမှား မကင်းဘူး။ ကျွန်တော်ကိုယ်တိုင်လည်း အခု အချိန်အထိ မှားနေတုန်းပါပဲ။ အမှားကို အမှန်ပြင်နိုင်ဖို့၊ အမှားထဲက သင်ခန်းစာယူဖို့က အရေးကြီးပါတယ်။ ဒါပေမယ့် လိမ်ညာတာ၊ ဖုံးဖိတာ ကတော့ မိသားစု တစ်ခုလုံး၊ လူ့ဘောင်တစ်ခုလုံးကို အကြီးအကျယ် လှိုက်စားသွားနိုင်ပါတယ်။

ဒါ့ကြောင့် ကျွန်တော့်အိမ်မှာ ကျွန်တော်ကိုယ်တိုင်လည်း မလိမ်ညာဘူး၊ မဖုံးဖိဘူး။ အားလုံးကို အမှန်အတိုင်း အိပ်သွန်ဖာမှောက် ပြောပြ ထားခဲ့တယ်။ ကျွန်တော် ပွေတာ၊ ကျွန်တော် အိမ်ထောင်ရေး ဖောက်ပြန်မှုတွေ ကျူးလွန်ခဲ့တာ၊ ကျွန်တော် အရက်သောက်တာ ကျွန်တော့် တစ် မိသားစုလုံး သိတယ်။ သိသာ သိစေ မမြင်စေနဲ့ ဆိုပြီး အိမ်ဦးခန်းမှာ ဟန်တစ်လုံး ပန်တစ်လုံးနဲ့ မနေဘူး။

သည်တော့ ဘာဖြစ်သလဲ၊ ကျွန်တော်တို့ မိသားစုမှာ သူမတူတဲ့ ချစ်ခင်မှု ရှိတယ်၊ သူမတူတဲ့ လေးစားမှု ရှိတယ်။ ကျွန်တော့်သားသမီးတွေလည်း မလိမ်တတ်၊ မဖုံးတတ်တော့ဘူး။ တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ယုံကြည်ကြတယ်။ မယုံလို့ လိုက်ချောင်းရတယ်ဆိုတာမျိုး တွေ ကျွန်တော်တို့ မိသားစု သက်တမ်း ၂၆ နှစ်မှာ တစ်ခါဆို တစ်ခါဖူး မျှ မရှိခဲ့ဖူးဘူး။

ယုံကြည်မှု ပျက်ယွင်းသွားပြီဆိုမှတော့၊ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် မယုံရမှတော့ အဲဒီ့ မိသားစု ဘာဖြစ်လို့ မိသားစုအဖြစ် ပေါင်းစည်းနေကြမှာလဲ။ လူ့ဘောင်တစ်ခုကရော ယုံကြည်မှု ပျက်ယွင်းနေ ပြီဆိုရင် စည်းလုံးမှု ရှိနိုင်ပါဦးတော့မလား။

အတော် စဉ်းစားစရာ ကောင်းတဲ့ အချက်တွေပါ။

မြန်မာ့လူ့ဘောင်

လက်ရှိ မြန်မာ့လူ့ဘောင်ကတော့ အတော့်ကို ယိုယွင်းပျက်စီးနေပါတယ်။ ဒါ အမှန်တရားပါ။ ၁၉၆၄ ခုနှစ်က စတင်လိုက်တဲ့ ပညာရေးစနစ်သစ်က မြန်မာ့ လူ့ဘောင် တစ်ခုလုံးကို အမြစ်ကလှန်ပြီး ပြိုလဲသွားအောင် ဖန်တီးခဲ့ပါတယ်။

သည်ပညာရေးစနစ်က လူအများစုရဲ့ “ဆင်ခြင်တုံတရား”ကို ရိုက်ချိုး ဖျက်ဆီးပစ်လိုက်ပါတော့တယ်။ လူတွေဟာ “ဉာဏ်ပညာ”ဆိုတဲ့ လက်ဆုပ် လက်ကိုင် ပြလို့ မရသော်လည်း အလွန်တန်ဖိုးကြီးလှသော ကိုယ်တွင်းက အစွမ်းအစကို ရဖို့ထက်၊ “အမှတ်”တို့၊ “ဘွဲ့လက်မှတ်”တို့ဆိုတဲ့ စက္ကူပေါ်က အဆောင်အယောင်တွေကိုသာ ပိုတပ်မက်ကုန်အောင် သည်ပညာရေး စနစ်ကြီးက ဖန်တီးပေးခဲ့ပါတယ်။

သည်မှာတင် လူတို့ရဲ့ ဆင်ခြင်တုံတရားကလည်း ချွတ်ခြုံကျကုန်ပါလေတော့တယ်။ လှေနံဓားထစ်သမားတွေ၊ လေဖမ်းဒန်းစီးသူတွေ မနိုင်ရင်ကာ ဖြစ်လာပါတော့တယ်။

သည်လိုပြောတော့ တစ်ယောက်က ကျွန်တော့်ကို ပြောတယ်။ ပညာရေးစနစ်ကိုချည်း လှိမ့်အပြစ်တင်မနေပါနဲ့၊ သည်ပညာရေးစနစ်ကြားမှာ လူဖြစ်ခဲ့ရတဲ့ ကျွန်တော်လိုလူတောင်မှ အတွေးသစ်၊ အမြင်သစ်တွေ ရှိနေတာ မဟုတ်ဘူးလားလို့လည်း ထောက်ပြပါတယ်။

ပာသူ မှန်ပါတယ်။ သို့သော် အဲဒါက ခြွင်းချက်သဘောကို ဆောင်ပါတယ်။ ကျွန်တော်က ကံကောင်းချင်တော့ မလိမ်မညာ မဖုံးမဖိတဲ့ မိသားစုထဲမှာ လူလားမြောက်ခွင့် ရခဲ့တယ်၊ သင်ယူမှုကို အားပေးတဲ့ မိဘ နှစ်ပါးကို ရခဲ့တယ်၊ စာအလွန်ဖတ်တဲ့ မိခင်ရဲ့ ရင်ငွေ့ကိုလှုံခွင့်ရခဲ့တယ်။ အရွယ်ရောက်လာချိန်မှာလည်း စာတွေ နင်းကန်ဖတ်ရာက ကိုယ့်မြန်မာစာနဲ့ ဖတ်ရတာတင် အားမရတော့ဘဲ နိုင်ငံတကာ စာတွေ ဖတ်နိုင်အောင် ကိုယ့်ကိုယ်ကိုယ် ပျိုးထောင် လေ့ကျင့်ယူနိုင်ခဲ့ပါတယ်။

ကိုယ်ရည်သွေးတယ်လို့ မှန်ကုန်မှာစိုးလို့ သည်လောက်နဲ့ပဲ ရပ်ပါရစေ။ အများစုမှာက အဲလို အခွင့်အရေးတွေ မရခဲ့ဘူး။ သည်တော့ ပညာရေးစနစ်ဆိုးကြီးရဲ့ ပုံသွင်းမှု ဒဏ်ကိုပဲ လှိမ့်ခံခဲ့ကြရပါတယ်။ စာကြည့်တိုက် မသုံးတတ်၊ စာဖတ်ခြင်းကို မခုံမင်၊ ဘာသာစကားအရ ထွန်းပေါက်မှုအားကလည်း တအား နည်းနေလေတော့ကာ ကိုယ့်ဝါးလုံးခေါင်းလေးကိုပဲ အဟုတ်မှတ်နေရတဲ့ ဘဝမှာ လူလားမြောက်ရသူက ဒုနဲ့ ဒေး ဖြစ် နေပါတော့တယ်။

သည်တော့ ဆင်ခြင်တုံတရားက ပါးရှားကုန်ပြီပေါ့။ ဆင်ခြင်တုံတရား မဲ့လာတဲ့အခါ ဆိုရိုးစကားတွေကိုလည်း အဆင်ခြင်မဲ့ ယူသုံးပြီး ကိုယ်စီးတဲ့ မြင်း အထီးမှန်း အမမှန်း မသိဖြစ်နေကြပါပြီ။

နိဂုံး

လူတွေဟာ တန်ရာ တန်ရာကိုသာ ရကြပါတယ်။ ဘုရားဟောကတော့ သတ္တဝါမှန်သမျှ ကံစီမံရာကို နာခံကြရတယ်ပေါ့။ အဲဒီ့ကံထဲမှာ မိမိတို့ရဲ့ ကာယကံ၊ ဝစီကံ၊ မနောကံတွေလည်း ပါပါတယ်။

လိမ်ညာဖုံးဖိမှုကို အားပေးချင်သလား၊ လိမ်ညာဖုံးဖိသူတွေနဲ့ပဲ တစ်ဘဝလုံး ရင်ဆိုင်ရတော့မှာကို မြင်ဖို့ လိုပါတယ်။ ကိုယ့်ကို လူတွေက ယုံကြည်စေချင်သလား၊ ကိုယ်ကိုယ်တိုင်က ဖြောင့်မတ်ဖို့ လိုပါတယ်။ မလိမ်မညာ မဖုံးမဖိဘဲ အားလုံးကို အမှန်အတိုင်း ပွင့်ပွင့်လင်းလင်း ရှိနေဖို့ လိုပါတယ်။

ယုံကြည်မှုဆိုတာ တစ်နေ့ တစ်ရက် တစ်မနက်နဲ့ တည်ဆောက်ယူလို့ ရတာမျိုး မဟုတ်ပါဘူး။ နှစ်ပေါင်းများစွာ ရင်းနှီးမြှုပ်နှံရတာမျိုးပါ။ ကိုယ့်မိသားစုထဲမှာ၊ ကိုယ့်အသိုင်းအဝိုင်းထဲမှာ ကိုယ်ဟာ ဖြောင့်မတ်သူ ဖြစ်ချင်သလား၊ ဒါမှမဟုတ် မယုံကြည်ထိုက်သူ ဖြစ်ချင်သလား။

စာဖတ်သူ လူကြီးမင်း ဘယ်လို ဖြေမယ်ဆိုတာ ကျွန်တော် သိနေမိ သလိုပါပဲ။

သို့သော် ကိုယ့်ရဲ့ အမူအကျင့်က ကိုယ်ဖြစ်ချင်တာကို ပံ့ပိုးပေးနေသလား၊ ဆန့်ကျင်နေသလားဆိုတာကို ကိုယ်တိုင် စဉ်းစားရပါလိမ့်မယ်။

မြန်မာဆိုရိုးစကားတွေဟာ ကောင်းသော ရည်ရွယ်ချက်နဲ့ ထားရှိခဲ့ ကြတဲ့ အစဉ်အဆက် စကားတွေ ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီ့စကားတွေကို ခုတုံးလုပ်ပြီး ကိုယ့်အကျင့်တန်မှုကို ဖော်ချင်ရင်လည်း ကိုယ့်သဘောပါ။ အဲသလို ခုတုံးလုပ်လို့ တကယ်တမ်း ထိခိုက်လာမယ့်သူကလည်း ကိုယ်ကိုယ်တိုင်သာ ဖြစ်တယ်ဆိုတာကို မြင်ကြမယ်ဆိုရင်ဖြင့်…
အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(ရန်ကုန် – ဝ၇၀၃၁၄)

(၂၀၁၄ ခုနှစ် ဧပြီလထုတ် Fashion Image မဂ္ဂဇင်းမှာ ဖော်ပြထားတာဖြစ်ပါတယ်။)

 

Advertisements
No comments yet

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: