လက်ဆောင်မွန်
ဖုန်းနံပါတ်ကို လှည့်ပြီးပြီးချင်းမှာပဲ နံပါတ်မှားပြီး လှည့်လိုက်မီပြီဆိုတာ ကျွန်တော်သိလိုက်သလိုပါပဲ။
ဖုန်းကမြည်တယ်။ တစ်ကြိမ်…၊ နှစ်ကြိမ်၊ နှစ်ကြိမ် မြည်ပြီးတဲ့နောက်မှာ တစ်ဖက်က ကောက်ကိုင်လိုက်တယ်။
“ဖုန်းမှားနေတယ်ကွ”ဆိုတဲ့ ယောကျာ်းသံကြီး ပေါ်လာပြီးတဲ့နောက် ဖုန်းကို ဂွပ်ခနဲ ချလိုက်သံကို ကြားလိုက်ရပါတယ်။
ကျွန်တော့်ဘက်က ဘာမှတောင် မပြောရသေးဘူး၊ “ဖုန်းမှားနေတယ်ကွ”လို့ အသားလွတ် အငေါက်ခံလိုက်ရတဲ့အတွက် သို့လော သို့လော ဖြစ်သွားပါတယ်။ ဒါနဲ့ ကျွန်တော်လည်း မူလက မှားလှည့်မိတဲ့ နံပါတ်ကိုပဲ ချက်ချင်း ပြန်လှည့်လိုက်မိရပြန်တယ်။
ချက်ချင်းလိုလိုပဲ တစ်ဖက်က ကိုင်လိုက်ပြီး ကျွန်တော်ဘာမှ မပြောနိုင်ခင် “ဖုန်းမှားနေတယ်လို့ ဘယ်နှခါပြောရမလဲကွ”လို့ ပြောတဲ့ ယောကျာ်းသံကြီးကို ကြားလိုက်ရပြီး ဖုန်းချလိုက်သံပါ ကြားလိုက်ရပြန်ပါတယ်။
သည်ပုဂ္ဂိုလ် ဘယ်လိုလုပ်ပြီး ဖုန်းမှားနေမှန်း အလိုလို သိနေရတာလဲ။
အဲဒီ့အချိန်က ကျွန်တော်ဟာ နျူးယော့(ခ်)မြို့တော် ရဲဌာနမှာ အလုပ် လုပ်နေခိုက်ပါ။ ရဲတစ်ယောက်အနေနဲ့ စူးစမ်းတတ်ကျင့်ကလည်း ရှိ၊ တစ်ခုခုဆို သင်္ကာမကင်း ဖြစ်တတ်တဲ့ အလေ့အကျင့်က ရနေပြီ။ ဒါနဲ့ ကျွန်တော်လည်း အဲသည့်နံပါတ်ကို တတိယအကြိမ် ထပ်လှည့်လိုက်တယ်။
“ဟ… ဘယ်လိုလဲကွ၊ စောစောက ဆက်တဲ့လူပဲ မှတ်တယ်…”လို့ သည်တစ်ခါကျတော့ တစ်ဖက်က ပြောပါတယ်။ စောစောက အသံရှင်ပါပဲ။
“ဟုတ်ပါတယ်၊ ကျွန်တော် ထပ်ဆက်တာပါ။ သည်လိုပါဗျာ၊ ကျွန်တော့်ဘက်က ဘာမှတောင် မပြောရသေးဘဲနဲ့ ဖုန်းမှားနေမှန်း လူကြီးမင်းက ဘယ်လိုလုပ်ပြီး တန်းသိနေတာလဲဆိုတာ ကျွန်တော် စဉ်းစားလို့ မရလို့ပါ ခင်ဗျ…”
“သေချာစဉ်းစားကြည့်ပေါ့ကွ…”လို့ အော်လိုက်ပြီး သူက ဖုန်းချသွားပြန်တယ်။
ကျွန်တော်လည်း တယ်လီဖုန်းကို ကိုင်ပြီး ခဏတော့ ငိုင်နေမိတယ်။ ခဏနေတော့ အဲဒီ့နံပါတ်ကို ကျွန်တော် ထပ်လှည့်မိရပြန်တယ်။ တစ်ဖက်က ချက်ချင်းလိုပဲ ကောက်ကိုင်လိုက်ပြီး ကျွန်တော့်ကို “ဘယ့်နှယ့်လဲ စဉ်းစားလို့ ရသွားပြီလားကွ”လို့ ပြောပါတယ်။
“ကျွန်တော် စဉ်းစားလို့ ရသမျှကတော့ လူကြီးမင်းဆီကို ဖုန်းဆက်မယ့်သူ တစ်ယောက်မှ မရှိလို့သာ ဖြစ်မယ်ဆိုတာပါပဲ”
“အေး… အဲဒီ့အတိုင်းပဲ”လို့ ပြောပြီး ဖုန်းကို စတုတ္ထအကြိမ် ဂွပ်ခနဲ ချသွားပြန်တယ်။ ကျွန်တော် ပြုံးလိုက်မိရင်းက အဲဒီ့နံပါတ်ကို ထပ်လှည့်လိုက်ပါတယ်။
တစ်ဖက်က စောစောကလိုပဲ ချက်ချင်းကောက်ကိုင်လိုက်ပြီး “ကဲ… ဆို၊ အခုကျတော့ ဘာပြောချင်လို့လဲ”လို့ မေးပါတယ်။
“ဘာရယ် မဟုတ်ပါဘူးဗျာ။ ကျွန်တော့်အနေနဲ့ လူကြီးမင်းကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ချင်လို့ပါခင်ဗျာ…”
“ဘာကွ၊ နှုတ်ခွန်းဆက်ချင်လို့၊ ဟုတ်လား၊ ဘာလို့ဆက်ချင်ရတာတုန်းကွ…”
“သည်လိုပါခင်ဗျာ။ လူကြီးမင်းကို ဖုန်းဆက်မယ့်သူတစ်ယောက်မှ မရှိဘူးဆိုတဲ့အနေအထားမှာတော့ ကျွန်တော့်အနေနဲ့ ဆက်သင့်တယ် ထင်လို့ပါ…”
“ဟုတ်ပြီလေ။ မင်းကိုလည်း ကျုပ်က ပြန်ပြီး နှုတ်ခွန်းဆက်ရမှာပေါ့၊ မင်္ဂလာပါ မောင်ရင်။ ဒါနဲ့ နေစမ်းပါဦး၊ မင်းက ဘယ်သူတုန်း”
နောက်ဆုံးမှာတော့ အဲဒီ့ပုဂ္ဂိုလ် စကားပြန်ပြောချင်စိတ် ပေါက်လာအောင် ကျွန်တော် လုပ်နိုင်ခဲ့ပြီ ထင်ပါတယ်။ ခုဆို သူလည်း ကျွန်တော့် အကြောင်းသိချင်လာပြီပေါ့။
ကျွန်တော်လည်း ကျွန်တော် ဘယ်သူဘယ်ဝါဆိုတာ အတိုချုပ်ပြောပြလိုက်ပြီး သူ့အကြောင်းကိုလည်း ပြန်မေးလိုက်ပါတယ်။
“ကျုပ်နာမယ်က အောင်မြတ်။ ကျုပ်အသက်က ၈၈ နှစ်ထဲမှာ။ နောက်ပြီးတော့ တစ်နေ့တည်းမှာ သည်နေ့လောက် ဖုန်းမှားပြီး ဝင်တာမျိုး ကျုပ်တစ်သက်လုံးတစ်ခါမှ မကြုံဖူးသေးဘူး…”လို့ သူက ရယ်ပြီး ပြောတာနဲ့ ကျွန်တော်လည်း ရယ်မိရပါတယ်။
အဲဒီ့နေ့က ကျွန်တော်တို့ ဆယ်မိနစ်လောက် စကားပြောဖြစ်ကြပါတယ်။ ဦးအောင်မြတ်မှာ မိသားစုလည်း မရှိတော့၊ မိတ်ဆွေ အပေါင်းအသင်းတွလည်း မရှိတော့ပါဘူး။ သူနဲ့ ရင်းနှီးတဲ့သူတွေအားလုံး ကွယ်လွန်တိမ်းပါးကုန်ကြပါပြီ။
ပြောရင်းနဲ့ သူနဲ့ကျွန်တော်နဲ့ကြားမှာ တူတာလေးတစ်ခုကို သွားတွေ့ပါတယ်။ အဲဒါကတော့ ဦးအောင်မြတ်ကလည်း နျူးယော့(ခ်)မြို့တော်ရဲဌာနမှာ နှစ်ပေါင်း ၄၀ နီးပါး တာဝန်ထမ်းဆောင်သွားခဲ့ဖူးတယ်ဆိုတာပါ။ သူက အဲတုန်းက ဓာတ်လှေကားမောင်းသူအဖြစ် ဌာနာမှာ လုပ်ခဲ့တာပါ။
ကျွန်တော့်အတွက်တော့ ဦးအောင်မြတ်က စိတ်ဝင်စားစရာ ကောင်းနေသလို သေချာစကားပြောကြည့်တော့ ခင်မင်ချင်စရာ အဖိုးကြီးတစ်ယောက်ပါပဲ။ ဒါနဲ့ နောက်တစ်ခါ ကျွန်တော် ဦးလေးဆီ ဖုန်းဆက်လို့ ရပါမလားလို့ မေးလိုက်မိတယ်။
“ဘာဖြစ်လို့ မောင်က ကျုပ်ဆီ ထပ်ဆက်ချင်ရတာလဲ…”
“တယ်လီဖုန်းထဲက မိတ်ဆွေအဖြစ်ပေါ့ ဦးလေးရယ်…”
သူ ခဏတော့ ငြိမ်နေတယ်။ ခဏနေတော့မှ “”အေးကွ… မိတ်သစ် ဆွေသစ် တိုးတယ်ဆိုတော့လည်း မင်္ဂလာရှိတာပေါ့လေ”လို့ ပြောပါတယ်။
နောက်တစ်ရက်ကျတော့ ကျွန်တော် သူ့ဆီဖုန်းဆက်သလို အဲသည့် နောက်ပိုင်းမှာလည်း လေး၊ ငါးရက် ဆက်တိုက် ဆက်ဖြစ်ပါတယ်။
ဦးအောင်မြတ်က သူရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့ ပထမကမ္ဘာစစ်နဲ့ ဒုတိယ ကမ္ဘာစစ်အတွင်းက အတွေ့အကြုံတွေအပါအဝင် သမိုင်းဝင်ဖြစ်ရပ်တွေ ကျွန်တော့်ကို ပြောပြပါတယ်။
ကျွန်တော်လည်း ကျွန်တော့်အိမ် ဖုန်းနံပါတ်ကိုရော၊ ရုံးဖုန်းနံပါတ်ကိုပါ သူ့ကို ပေးထားလိုက်တယ်။ သူကျွန်တော့်ဆီ ဆက်ချင် ဆက်လို့ ရအောင်လို့ပါ။ တကယ်လည်း ဦးအောင်မြတ်က ကျွန်တော့်ဆီ ပြန်ဆက်ပါတယ်။ ဆက်တာမှ နေ့တိုင်းပါ။
ကျွန်တော်ဟာ သက်ကြီးရွယ်အို တစ်ယောက်အပေါ်မှာ စာနာစိတ် တစ်ခုတည်းနဲ့ သည်အလုပ်ကို လုပ်ဖြစ်သွားတာ မဟုတ်ပါဘူး။ သည်ဦးလေးကြီးနဲ့ စကားပြောနေရတာဟာ ကျွန်တော့်အတွက်လည်း တန်ဖိုး ရှိလှပါတယ်။
ကျွန်တော်ကိုယ်၌က မိဘမဲ့ကျောင်းကနေ လူလားမြောက်ခဲ့ရတာပါ။ မိဘမဲ့ဂေဟာကနေ လူငယ်သင်တန်းကျောင်းကို ရောက်ခဲ့ရတဲ့ မိဘမဲ့ တစ်ဦးပီပီ ကျွန်တော့်မှာ အဖေအမေ မရှိပါဘူး။ သည်တော့ကာ ကျွန်တော့်အတွက် ဦးအောင်မြတ်ဆိုတဲ့ဦးလေးကြီးဟာ တဖြည်းဖြည်းနဲ့ ကျွန်တော့်ဖအေလို ဖြစ်လာပါတော့တယ်။ ကျွန်တော်ကလည်း ကျွန်တော့် အလုပ်အကိုင်အကြောင်း၊ ညပိုင်းမှာ ကျွန်တော် တက်နေတဲ့ သက်ကြီး တက္ကသိုလ်အကြောင်းတွေပါ ဦးလေးဦးအောင်မြတ်ကို ပြောပြပါတယ်။
ဦးလေးဦးအောင်မြတ်ဟာ ကျွန်တော့်ရဲ့ပုဏ္ဏားတိုင်လည်း ဖြစ်မှန်းမသိ ဖြစ်လာခဲ့ပါတယ်။ ကျွန်တော့် အထက်အရာရှိနဲ့ ကျွန်တော်နဲ့ သဘောထား ကွဲလွဲပြီး ငြိကုန်တဲ့အခါ ကျွန်တော်က ဦးလေးဦးအောင်မြတ်ကို တိုင်တည်မိတယ်။
“ကျွန်တော်တော့ အဲဒီ့ပုဂ္ဂိုလ်နဲ့ စာရင်းရှင်းမှဖြစ်တော့မယ် ဦးလေးရာ…”
“ဘာလို့ အလောသုံးဆယ် လုပ်ချင်ရတာလဲ သူငယ်ရဲ့။ စိတ်ကို အေးအေးထားပြီး အခြေအနေကို စောင့်ကြည့်ပါဦးလား။ မောင်ရင်လေး ကျုပ်အရွယ်လောက် ရောက်တဲ့အခါကျရင် အချိန်ယူတယ်ဆိုတာဟာ တော်တော့်ကို အကျိုးရှိမှန်းသိလာပါလိမ့်မယ်။ ခဏ ဆိုင်းထားပါဦးလေ။ သည်ကြားထဲကမှ သူ့ဘက်က အခြေအနေဆိုးလာတယ်ဆိုရင်တော့လည်း တစ်မျိုးစဉ်းစားကြတာပေါ့…”လို့ ဦးလေးဦးအောင်မြတ်က ကျွန်တော့်ကို ဖျောင့်ဖျပါတယ်။
ပြီးတော့ အကြာကြီး ငြိမ်နေတယ်။ ခဏနေတော့မှ သိသိသာသာ နူးညံ့ညင်သာနေတဲ့အသံနဲ့ စကားဆက်တယ်။
“ကျုပ် မောင်ရင်လေးကို ကိုယ့်သားလို သဘောထားပြီး ပြောနေမိတယ်။ ကျုပ်လေ သားနဲ့ သမီးနဲ့၊ မိသားစုနဲ့ သိုက်သိုက်ဝန်းဝန်း သိပ်နေချင်ခဲ့တာကလေား။ မောင်ရင်လေးက ငယ်သေးတော့ ဒါတွေကို နားလည်နိုင် ဦးမှာ မဟုတ်သေးပါဘူးလေ…”
မဟုတ်ပါဘူး။ ကျွန်တော် သိပ်နားလည်တာပေါ့။ ကျွန်တော်လည်း မိသားစုဘဝကို အငမ်းမရ တောင့်တ လိုချင်ခဲ့ပါတယ်။ အထူးသဖြင့် အဖေဆိုတဲ့ အရိပ်အာဝါသကို မရနိုင်မှန်းသိလျက်နဲ့ တမ်းမက်ခဲ့ပါတယ်။ ဒါပေမယ့် ဦးလေးဦးအောင်မြတ်ကိုတော့ ဒါတွေပြောနေတော့ပါဘူး။ တစ်သက်တာ ခံစားခဲ့ရသမျှဟာ ပြောရင်းနဲ့ အသစ်ဖြစ်ပြီး ရင်ဆို့ရဦးမှာကို မခံနိုင်တာမို့ မပြောချင်တာပါ။
တစ်ညနေမှာတော့ ဦးလေးဦးအောင်မြတ်က ကျွန်တော့်ကို ပြောပါ တယ်။ သူ့ရဲက ၈၉ နှစ်မြောက်မွေးနေ့ကို ရောက်တော့မယ့်အကြောင်းပါ။
ဒါနဲ့ ကျွန်တော်လည်း ဖှိုင်ဘာသားနဲ့ လုပ်ထားတဲ့ ချပ်ပြားတစ်ပြား ဝယ်ပြီး ငါးပေ၊ နှစ်ပေအရွယ်ရှိတဲ့ မွေးနေ့ ကတ်ပြားတစ်ခု လုပ်လိုက်ပါတယ်။ အဲဒီ့ ကတ်ပြားပေါ်မှာ ကျွန်တော်တို့ဌာနက ရဲမှူးကြီးအပါအဝင် ရဲတွေ အားလုံးကို လက်မှတ်တွေကို လိုက်ထိုးခိုင်းလိုက်တဲ့အခါ ထိုးမြဲလက်မှတ်ပေါင်း တစ်ရာနီးပါး ရလာပါတယ်။ အဲဒီ့ကတ်ပြားနဲ့ ဖယောင်းတိုင် ၈၉ တိုင် ထောင်ထားတဲ့ မွေးနေ့ကိတ်မုန့်ကြီးတစ်လုံးကိုယူပြီး ဦးလေး ဦးအောင်မြတ်ကို ပေးဖို့ ကြံလိုက်ပါတယ်။ သူ အလုပ်လုပ်ခဲ့ဖူးတဲ့ ကျွန်တော်တို့ ရဲဌာနက ရဲတွေရဲ့ထိုးမြဲလက်မှတ်တွေ စုံစုံလင်လင် ပါဝင်နေတဲ့ မွေးနေ့ကတ်ပြားကို ရတဲ့အခါ ဦးလေးဦးအောင်မြတ်တစ်ယောက် အတော့်ကို စိတ်ချမ်းသာသွားမှာပဲလို့ ကျွန်တော် အတတ် ပြောရဲပါတယ်။
ကျွန်တော်နဲ့သူနဲ့ ဖုန်းပြောလာခဲ့တာလည်း လေးလတောင် ကျော်လာခဲ့ပါပြီ။ သည်အချိန်ဟာ သူနဲ့ ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက် မြင်ဖူး တွေ့ဖူးသင့်ကြပါပြီ။ ဒါကြောင့် ဦးလေးဦးအောင်မြတ်အတွက် မွေးနေ့ကတ်ပြားကို ကျွန်တော်ကိုယ်တိုင် သွားပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ကျွန်တော် လာမယ့်အကြောင်း ဦးလေးဦးအောင်မြတ်ကို ကြိုပြောမထားပါဘူး။ ဦးလေးတစ်ယောက် အံ့ဩဝမ်းသာသွားအောင်လို့ပါ။
တစ်မနက်မှာတော့ ကျွန်တော်ဟာ လိပ်စာအတိုင်း သွားလိုက်ပြီး ဦးလေးဦးအောင်မြတ်ရဲ့တိုက်ခန်းရှိရာ အဆောက်အအုံရှေ့ လမ်းမပေါ်မှာ ကားရပ်လိုက်ပါတယ်။
တိုက်ထဲကိုဝင်သွားတော့ စာပို့လုလင်လေးက လှေကားရင်းက စာတိုက်ပုံးတွေထဲကို စာတွေ ထည့်နေတယ်။ စာတိုက်ပုံးတွေထဲမှာ ဦးအောင်မြတ်ဆိုတဲ့ နာမည်ကို ရှာကြည့်လိုက်တော့ အခန်းအမှတ် ၁-ည မှာ ဆိုတာ သိလိုက်ရတယ်။ ကျွန်တော် ရပ်နေတဲ့ နေရာရဲ့အပေါ် ပေ ၂၀ အကွာအဝေးမှာ ဦးအောင်မြတ် ရှိနေတယ်ဆိုတဲ့ သဘောပါ။
စိတ်လှုပ်ရှားမှုကြောင့် ကျွန်တော်ရင်ခုန်လာရတယ်။ ဖုန်းထဲက အတိုင်းပဲ ဦးလေးဦးအောင်မြတ်ဟာ ကျွန်တော့်ကို လိုလိုလားလား ဖော်ဖော်ရွေရွေမှ ရှိပါ့မလား။ အဲဒီ့အတွေးနဲ့တင်ကို ရင်ဘတ်ထဲမှာ အောင့်လာသလိုပဲ။ ဦးလေးဦးအောင်မြတ်ကရော၊ ကျွန်တော့်အဖေအရင်းက ကျွန်တော့်ကို စွန့်ပစ်ခဲ့သလို ခါးခါးသီးသီး စွန့်ပယ်လေဦးမှာလား။
ကျွန်တော်ဟာ စိုးတထိတ်ထတ်နဲ့ပဲ ဦးအောင်မြတ်နေထိုင်ရာ တိုက်ခန်းတံခါးကို အသာခေါက်လိုက်ပါတယ်။ ဘာသံမှ မကြားရတာနဲ့ နောက်တစ်ခါ ထပ်အခေါက်မှာ ပထမအကြိမ်ထက် ပိုကျယ်ကျယ် ခေါက်လိုက်ပါတယ်။
“အဲဒီ့အခန်းမှာ ဘယ်သူမှ မရှိဘူးဗျ…”
အောက်က စာပို့လုလင်လေးက ကျွန်တော့်ကို လှမ်းပြောပါတယ်။
“အေးဗျာ။ သည်ဦးလေးကြီးက တယ်လီဖုန်း ကိုင်တဲ့အခါ ဘုကျသလိုပဲ၊ သူ့အခန်းတံခါးကို ခေါက်တဲ့အခါမှာလည်း ဘုကျတတ်တယ်ဆိုရင် ကျွန်တော်တော့ တစ်နေကုန် ခေါက်နေရမယ် ထင်ပါရဲ့…”
“အစ်ကိုကြီးက အဲသည့်ဦးလေးကြီးနဲ့ ဘာတော်လို့လဲ…”
“ဘာမှမတော်ပါဘူး။ မိတ်ဆွေလို့ပဲ ဆိုကြပါစို့ရဲ့ဗျာ…”
“စိတ်မကောင်းပါဘူး အစ်ကိုကြီးရယ်။ အဲဒီ့အခန်းက ဦးအောင်မြတ် တမြန်မနေ့ကပဲ ဆုံးသွားတယ်”
ဆုံးသွားပြီ… ဦးလေးဦးအောင်မြတ် ဆုံးသွားပြီတဲ့။
ကျွန်တော် ကြက်သေသေသွားပါတယ်။ ကျွန်တော်ဟာ ဦးအောင်မြတ် နေထိုင်ခဲ့ဖူးရာ အခန်းရဲ့ တံခါးဝမှာ တုန်လှုပ်စွာ ဆက်ရပ်နေမိပါတယ်။ နားကြားလွဲစရာ ဘာအကြောင်းမှ မရှိပေမယ့် ကျွန်တော့်အတွက် မယုံနိုင်စရာပါ။
ကွှန်တော့်ကိုယ်ကျွန်တော် မနည်း သတိပေးပြီး၊ တည်ငြိမ်အောင် ကြိုးစားပြီးမှ အကျိုးအကြောင်း ပြောပြတဲ့ စာပို့လုလင်လေးကို ကျေးဇူးတင်စကား ပြောလိုက်ရပါတယ်။ ပြီးတော့ ကျွန်တော်လည်း အဆောက်အအုံထဲက ထွက်လာခဲ့မိပါတယ်။
အပြင်မှာတော့ မွန်းတည့်လုနီး နေက ခြစ်ခြစ်ကို တောက်လို့ပါ။ ကားဆီကို လျှောက်လှမ်းနေတဲ့ ကျွန်တော့်ရဲ့မျက်ဝန်းတွေထဲမှာတော့ မျက်ရည်စတွေ ဝေ့ဝဲလို့။
ကျွန်တော့်ခေါင်းထဲမှာ ဖတ်ဖူးတဲ့ စာကြောင်းတစ်ကြောင်းက ပေါ်လာပါတယ်။ “မိတ်ဆွေသူငယ်ချင်းဟူသည်ကား ထာဝရသာဖြစ်တော့သည်။ မိတ်ဆွေသူငယ်ချင်းမှန်က သေသည်အထိပင် စွဲမြဲ ခင်မင်နေစမြဲသာဖြစ်လေ၏”တဲ့။
သည်စာကြောင်းကို သတိရလိုက်တဲ့အခါမှာတော့ ကျွန်တော်လည်း အားလုံးကို ပြန်သတိရလာပါတယ်။
တကယ်တော့ မျှော်လင့် ထင်မှတ်မထားတဲ့ ကြေကွဲ ဝမ်းနည်းဖွယ်ရာ အလှည့်အပြောင်းတွေကပဲ ကျွန်တော်တို့တွေရဲ့ ဘဝတာတိုတိုထဲက အရသာ ချိုချိုလေးတွေကို ကြံဖန် ရှာဖွေ ဖော်ထုတ်ပေးနေတာပါကလား။
ပထမဆုံးအကြိမ်အနေနဲ့ ကျွန်တော်နဲ့ ဦးလေးဦးအောင်မြတ်တို့ ဘယ့် ကလောက် ခင်မင်ရင်းနှီးခဲ့ကြတယ်ဆိုတာကို ကျွန်တော် သတိထားမိသွားပါတယ်။
သြော်… တစ်ယောက်နဲ့တစ်ယောက် ခင်မင်ရင်းနှီးဖို့ဆိုတာ တကယ်တော့ သိပ်မခက်လှပါလား။ နောက်တစ်ခါ တခြားမိတ်ဆွေ တစ်ယောက်နဲ့ အခုလို ခင်မင်ရင်းနှီးဖို့ ဆိုတာရော၊ ပိုလို့တောင် လွယ်ကူနေဦးမှာဆိုတာကို သတိထားမိလာပါတယ်။
ဖြည်းဖြည်းချင်းနဲ့ ကျွန်တော့်ရင်ထဲမှာ အလိုလို နွေးထွေးလာတယ်။ နားထဲမှာတော့ “ဖုန်းမှားနေတယ်ကွ”ဆိုတဲ့ ဦးလေးဦးအောင်မြတ်ရဲ့အသံကို ကြားယောင်လိုက်မိတယ်။ တစ်ဆက်တည်းမှာပဲ၊ “မင်းက ကျုပ်ဆီ ဘာလို့ ဖုန်းဆက်ချင်ရတာတုန်း”လို့ သူမေးလိုက်တာကိုပါ ပြန်ကြားယောင်မိရပြန်တယ်။
“ဦးလေးဦးအောင်မြတ်ရယ်၊ ဦးလေးက ကျွန်တော့်အတွက် အရေးပါတဲ့ သူမိုလို့ ဆက်ချင်ရတာပေါ့ဗျာ။ ပြီးတော့လည်း ကျွန်တော်က ဦးလေးရဲ့ မိတ်ဆွေလေ…”
ကျွန်တော်ဟာ သည်စကားတွေကို ကျွန်တော့်ဘာသာ တစ်ယောက်တည်း အော်ကြီးဟစ်ကျယ် ပြောနေမိပါတယ်။
ပြီးတော့ မဖွင့်ရသေးတဲ့မွေးနေ့လက်ဆောင်ကပ်ပြားကို ကားနောက်ခန်းထဲမှာ သေချာထည့်လိုက်ပြီး မောင်းသူနေရာမှာ ဝင်ထိုင်လိုက်ပါတယ်။
ကားစက်ကိုမနှိုးခင်မှာ ဦးလေးဦးအောင်မြတ် နေထိုင်ခဲ့တဲ့ တိုက်ခန်းရှိရာ အဆောက်အအုံဘက်လှည့်ပြီး ခပ်တိုးတိုး ရေရွတ်မိပါတယ်။
“ကျွန်တော် ဖုန်းမမှားခဲ့ပါဘူး ဦးလေးရယ်…”
(A Friend on the Line by Jennings Michael Burch)
အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(အတွေးသစ်ဂျာနယ် ၂၀ဝ၂ ခုနှစ် မတ် ၂၅ – အတွဲ ၂၊ အမှတ် ၇၅)
လက်တွဲဖော်စာအုပ်တိုက်ထုတ် ဘဝတူရိယာ (မောဟပြေ ပုံတိုပတ်စများ – ၂ မှာလည်း ဖော်ပြထားပါတယ်။
သည်စာလေးကို ပြန်ဖော်ပြဖြစ်သွားတာက ကနေ့ Facebook မှာ အမေရိကန်နိုင်ငံမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသား မိတ်ဆွေလေး တစ်ဦးက အောက်ပါအတိုင်း ရေးထားလို့ပါ။
Thank you to ATK for sharing this story about 5 years ago.I read your version long long time ago and it really touched my heart.I never thought that it would happen to me in real life as similar to this story. I am lost, deeply sorry and regret that i don’t have a chance to see him or say goodbye to him. If only i could turn back time i would call you just one time.This is dedicated to Mr.Jerry A. Walker who died in April 2014.Rest in peace.You are in a better place now.
ကျွန်တော်ဘာသာပြန်ခဲ့တဲ့ သည်ဇာတ်လမ်းလေးကို အဲဒီ့ မိတ်ဆွေလေးက တော်တော်စွဲပါတယ်။ ကျွန်တော်နဲ့ သူနဲ့ စတင်သိကျွမ်းစ ၂၀၀၃ ခုနှစ်လောက်မှာ သူက ကျွန်တော့်ကို “ကျွန်တော် ဖုန်းမမှားခဲ့ပါဘူး ဦးလေးရယ်…”လို့ ပြောခဲ့ဖူးပါတယ်။ ကြည့်ရတာ အမေရိကန် နိုင်ငံကို သူ ရောက်ပြီးမှ သူလျှိုမှုနဲ့ အကျဉ်းကျနေသူ Jerry A. Walker ကို သူ ဖုန်းဆက် စကားပြောခဲ့ရာက မိတ်ဆွေ ဖြစ်သွားခဲ့ကြဖူးပုံပါပဲ။ အဲဒီ့ Jerry ဟာ တစ်သက်တစ်ကျွန်းဒဏ်ကျခံနေခဲ့ရတာပါ။ သူ့မှာ ဆီးချို ရောဂါနဲ့ လည်ချောင်း ကင်ဆာ ရောဂါတို့ ခံစားနေရပါတယ်။ အကျဉ်းထောင်ထဲမှာပဲ ၂၀၁၄ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။
မူရင်းကို ယှဉ်တွဲ ဖတ်ချင်ရင် http://zhidao.baidu.com/question/91352904.html မှာ ဖတ်ရှုနိုင်ကြပါလိမ့်မယ်။ ဘာသာပြန် အတတ်ပညာကို လေ့လာ ဆည်းပူးလိုသူများအတွက် တစ်နည်းတစ်ဖုံ အသုံးတည့်မယ်လို့ မျှော်လင့်ပါတယ်။