Skip to content

Is it your mind or whose?

11 September 2014

ကိုယ့်စိတ်ကို ကိုယ်တကယ်ပိုင်ရဲ့လား (၂)

မနက်တိုင်း ရှစ်နာရီမထိုးခင်မှာ အဝတ်အစား အပြည့်အစုံ ဝတ်၊ ခေါင်းကိုလည်း ကျကျနန ဖီး၊ မုတ်ဆိတ် ကျင်စွယ်တွေကိုလည်း စင်အောင် ရိတ်နေကျ ၉၂ နှစ် အရွယ်၊ အလုံးအဖန်သေးသေး၊ တည်ငြိမ်အေးဆေးသလို ဝင့်ဝင့်ထည်ထည်ရှိတဲ့ လူကြီးတစ်ယောက်ဟာ ကနေ့အခါမှာတော့ လူအိုစောင့်ရှောက်ရေး ဂေဟာကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ သူက မျက်မမြင်တစ်ဦးရယ်ပါ။

သူ နှစ်ပေါင်း ၇၀ ပေါင်းခဲ့တဲ့ ဇနီးက ကွယ်လွန်သွားခဲ့ပြီမို့ သူ့မှာ လူအိုဂေဟာကို မပြောင်းမဖြစ် ပြောင်းလိုက်ရတော့တာပါပဲ။

IMG_0187လူအိုဂေဟာရဲ့ ဧည့်ခန်းမှာ နာရီပေါင်းများစွာ စိတ်ရှည်လက်ရှည် ထိုင်စောင့်နေခဲ့ရပြီးတဲ့နောက် သူနေရမယ့်အခန်း အဆင်သင့်ဖြစ်ပြီလို့ သူ့ကို ပြောလိုက်တဲ့အခါ သူက ကျေကျေနပ်နပ် ပြုံးလိုက်ပါတယ်။

လေးချောင်းထောက် လမ်းလျှောက်ခုံလေး ထောက်ကာ ထောက်ကာနဲ့ ဓာတ်လှေကား ရှိရာကို သူသွားနေစဉ်မှာ သူနေရမယ့် အခန်း သေးသေးလေးရဲ့ အနေအထားကို ရုပ်လုံးပေါ်အောင် ကျွန်တော် သူ့ကို ပြောပြလိုက်ပါတယ်။ ပြတင်းပေါက်က ဇာပန်းထိုး ခန်းဆီးပါမကျန်ပေါ့။

“သဘောကျတယ်ဗျာ”

ခွေးတစ်ကောင် လက်ဆောင်ရသွားတဲ့ ရှစ်နှစ်သားလေးရဲ့ ထက်သန်မှုမျိုးနဲ့ သူက ပြောပါတယ်။

“အဘနေရမယ့် အခန်းကို မတွေ့ရသေးဘူးလေ… တကယ် သဘောကျမကျ သိရအောင် ခဏလေး စောင့်ပါဦးလား ”

“တွေ့ရဖို့ မလိုပါဘူးလေ”လို့ သူက ပြန်ပြောပါတယ်။

“စိတ်ချမ်းသာမှုဆိုတာ ကြိုပြီး ဆုံးဖြတ်ရတာမျိုးဗျ။ အခန်းကို ကျုပ် ကြိုက်တယ်၊ မကြိုက်ဘူးဆိုတာဟာ အဲဒီ့ အခန်းထဲမှာ ပရိဘောဂတွေ ဘယ်လို စီစဉ်ထားသလဲဆိုတဲ့ အပေါ်မှာ မတည်ပါဘူး၊ ကျုပ်စိတ်ကို ဘယ်လို စီစဉ်ထားသလဲဆိုတဲ့ အပေါ်မှာသာ မူတည်ပါတယ်။ အခန်းကို သဘောကျတယ်လို့ ကျုပ်က ဆုံးဖြတ်ပြီးသွားပြီ။

“မနက်မိုးလင်းလာတဲ့အခါတိုင်း ကျုပ် ချနေကျ ဆုံးဖြတ်ချက်ပဲ။ ကျုပ်မှာ ရွေးစရာ ရှိပါတယ်။

“ကျုပ်ကိုယ်ခန္ဓာပေါ်က ယိုယွင်းလာတဲ့ အစိတ်အပိုင်းတွေကြောင့် ရင်ဆိုင်နေရတဲ့ အခက်အခဲကို တွေးပြီး အိပ်ရာထဲမှာပဲ ခွေနေမယ်ဆိုလည်း နေလို့ရတယ်။ ဒါမှမဟုတ်လည်း လှုပ်နိုင်ရှားနိုင်သေးတဲ့ အစိတ်အပိုင်းတွေကို ကျေးဇူးတင်ပြီး အိပ်ရာက ထမယ်ဆိုလည်း ထလို့ ရတယ်။

“နေ့တိုင်းဟာ ဆုလာဘ်ပဲ။ ကျုပ်မျက်စိတွေ ပွင့်နေသေးသမျှ နေ့သစ်အပေါ်ရယ်၊ ကျုပ်စုဆောင်းထားတဲ့ စိတ်ချမ်းသာစရာ အဖြစ်အပျက်တွေရယ်ကိုပဲ အာရုံစိုက်နေမှာ… ကျုပ်ဘဝရဲ့ နောက်ဆုံးအချိန်လေးမှာ အဲဒါတွေကိုပဲ အာရုံစိုက်တော့မယ်။

“အိုမင်းလာတယ်ဆိုတာဟာ ဘဏ်စာရင်းလိုပါပဲ။ ကိုယ်ထည့်ထားတာ ကိုယ်ပြန်ထုတ်သုံးရတာပေပဲပေါ့။

“အဲတော့ ကိုရင့်ကို အကြံပေးချင်တာက အမှတ်ရစရာတွေ စုဆောင်းထားတဲ့ ဘဏ်စာရင်းထဲမှာ စိတ်ချမ်းသာမှုတွေ အများအပြားသာ ဖြည့်ထားလိုက်စမ်းပါလို့ပဲ။ ကျုပ်ရဲ့ အမှတ်ရစရာများ ဘဏ်စာရင်းမှာ ကိုရင်လေး အခုလို ဖြည့်သွင်းပေးခဲ့တဲ့အတွက်လည်း ကိုရင်လေးကို ကျေးဇူးတင်ပါတယ်။

“ကျုပ်ကတော့ ဖြည့်နေတုံးပဲဗျို”တဲ့။
—————————————

ဖတ်လိုက်ရတဲ့ မူရင်းမှာ အကြံပြုချက် ၅ ချက် ပါပါသေးတယ်။ အမုန်းကင်း၊ အပူကင်းအောင်နေ၊ ရိုးရိုးကျင့်၊ များများ ပေး၊ နည်းနည်းပဲ မျှော်လင့် ဆိုတာတွေပါ။ Matilda Fone’s ရဲ့ Post ကနေ ကူးယူတာလို့ ရေးထားပါတယ်။

ဒါလေးကို ဘာသာပြန်နေရင်းနဲ့ အနောက်တိုင်းက လူတွေရဲ့ ကုသိုလ်စိတ်ကို တွေးနေမိပါတယ်။ ဗုဒ္ဓဘာသာဝင်တွေလို စုတေစိတ်အတွက် သရဏဂုံတွေ၊ ဘာဝနာပွားတာတွေ၊ ဝေဒနာရှုမှတ်တာတွေ၊ ငါနဲ့ ဝေဒနာ ခွာပြီး သတိကပ်ထားတာတွေကို သူတို့ မသိပါဘူး။

အခုဇာတ်လမ်းထဲက အဘိုးကြီးက ရိုးရိုးလေးပဲ တွေးတယ်။

စိတ်ချမ်းသာမှုဆိုတာ အခြေအနေပေါ်မှာ မတည်ဘူး၊ ကိုယ့်အပေါ်မှာပဲ တည်တယ်ဆိုတဲ့ သူ့စကားက ကျွန်တော့်ကို သည်စာတိုလေး ဘာသာပြန်ဖြစ်သွားအောင် တွန်းပို့လိုက်ပါတယ်။

ဟုတ်ပါရဲ့။

စိတ်ချမ်းသာခြင်း ပျော်ရွှင်ခြင်း၊ ငြိမ်းချမ်းခြင်း၊ ညစ်ညူးခြင်း၊ ပူလောင်ခြင်း၊ မုန်းတီးခြင်း၊ နာကျည်းခြင်း၊ တပ်မက်ခြင်းတို့ရဲ့ မူလဘူတဟာ ကိုယ့်ဆီက စတာပါ။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် မမြင်မိဘဲ ဘေးပန်းက သက်ရှိ သက်မဲ့တွေကိုသာ သွားသွား အတာချနေမိတယ်။ သူ့ကြောင့် ညစ်ညူးရတာ၊ သည်လိုကြောင့် တပ်မက်တာ၊ သဟာကြောင့် ပျော်တာတွေ လုပ်မိနေကြတယ်။

အဲဒီ့ ခံစားချက်တွေက ဘယ်သူ့စိတ်မှာ ဖြစ်ပေါ်နေတာလဲ။

ကိုယ့်စိတ်မှာ ဖြစ်နေတာလေ။

ဘေးပန်းက သက်ရှိ သက်မဲ့တွေကြောင့် ကိုယ့်စိတ်က လိုက်လှုပ်နေတယ်ဆိုရင် ကိုယ့်စိတ်ကို ကိုယ်ပိုင်ပါတယ်လို့ ဘယ်လိုလုပ် ပြောနိုင်မှာလဲ။

ရွေးချယ်မှု…

ဟုတ်တယ်။ စိတ်ချမ်းသာမှုနဲ့ စိတ်ညစ်ညူးမှုကို ဘယ်သူ ရွေးနိုင်သလဲ။

ကိုယ်ပဲ ရွေးနိုင်တယ်။

ကျွန်တော် စိတ်ချမ်းသာချင်တယ်ဗျာ။ ခင်ဗျားတို့ လုပ်ပေးကြပါဆိုပြီး လူတကာဆီက စိတ်ချမ်းသာမှုကို လည်ပြီး အလှူခံနေလို့မှ မရတာနော်…

စိတ်ချမ်းသာချင်သလား၊ စိတ်ညစ်ချင်သလား။

ရွေးချယ်ခွင့်နဲ့ ချမ်းသာခွင့်၊ ညစ်ညူးခွင့်က ကိုယ့်ဆီမှာပဲ ရှိပါတယ်။

ကျွန်တော်တော့ စိတ်ချမ်းသာချင်ပါတယ်။

စာဖတ်သူ လူကြီးမင်းကရော…

နှစ်သက်ရာ ရွေးချယ်နိုင်ပါလိမ့်မယ်။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော် (ဘာသာပြန်သူ)
(ရန်ကုန် – ၁၁၀၉၁၄)

ဘာသာပြန်သူ့ နာမည် မထည့်ဘဲ ကိုယ့်ဟာလိုလို ကူးပြီး ဆက်လက်ဖြန့်ဝေသူများ နာမည်ဖော်လို့ မရတဲ့ ရောဂါဆိုးဝင်ပြီး တော်တော်နဲ့ မသေနိုင်ဘဲ မချိမဆံ့ ဝေဒနာကို ကြာရှည်ကြာမျော ခံစားကြရပါစေသားလို့ ပက်ပက်စက်စက် ကျိန်ဖို့ ကျွန်တော် ရွေးချယ်မလို့ပါပဲ။ ဒါပေမယ့် အထက်က ဘာသာပြန်ထားတဲ့စာနဲ့ ဖီလာ ကန့်လန့်ဖြစ်နေလို့ အဲသလို မကျိန်တော့ဘဲ လူလူချင်း လေးစားစိတ်လေး မွေးတော်မူကြပြီး လက်ဆင့်ကမ်းတဲ့အခါမှာလည်း ဘာသာပြန်သူနာမည်ကို မချန်လှပ်ဘဲ သည်လင့်(ခ်)ကိုသာ ကူးပြီး လက်ဆင့်ကမ်းတော်မူကြပါလို့ မေတ္တာရပ်ခံလိုက်ပါတယ်။

ပြောမယ့်သာ ပြောလိုက်ရတယ်၊ ပလာတာများ ကျွေးမိပြန်ပလားလို့လည်း ကိုယ့်ကိုယ်ကိုယ် သံသယ ဖြစ်မိပါသေးရဲ့။

သည်ပို့(စ်)ကို လက်ဆင့်ကမ်းခဲ့တဲ့ Daw Baby Shwe ကို ကျေးဇူးတင်ပါတယ်ခင်ဗျား။
Advertisements
No comments yet

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: