A Point to Ponder

အတွေးတစ်စ ထုတ်ကြည့်ရသော်

အစ

ရှင်စောပု မိဖုရားကြီးက ဘုန်းကြီးကျောင်းသွားခါနီး သူ့အခြွေအရံများကို ပြောနေသည်မှာ…

IMG_1819“ထိပ်ထား တစ်ခုသတိပေးချင်သေးတယ်။ သမီးတော်တို့ သေသေချာချာ နားထောင်ကြနော်။ ယခုမယ်မယ်တို့ သွားရမှာက ရဟန်းတော်တွေ သီတင်းသုံးတဲ့နေရာ၊ မယ်မယ်တို့ ခြယ်သထားတာက တကယ့်ပွဲလမ်းသဘင် သွားမယ့်အတိုင်းပဲ။ မိန်းမတစ်ယောက်ရဲ့ ဝတ်စားဆင်ယင်မှုနဲ့ အမူအရာတွေဟာ ဆန့်ကျင်ဘက်ဖြစ်တဲ့ ပုရိသတွေကို ဆွဲဆောင်နိုင်စွမ်းရှိတယ်။ အဆန်းတကြယ် ပြင်ဆင်မွမ်းမံမှုက ညှို့ယူလိုက်တဲ့အတွက် သူတို့မှာ ပူလောင်တဲ့ ဆန္ဒဖြစ်လာနိုင်တယ်လေ။

“သည်လို သူ့စိတ်ကို အမှောင်ရိပ်လွှမ်းသွားတာနဲ့ တပြိုင်နက် သူ့မှာ အပြစ်ဖြစ်ရသလို သူ့ကို ပူလောင်အောင် ဝတ်ဆင်ထားတဲ့ မိန်းမမှာလည်း တန်းတူ အပြစ်ဖြစ်ရတယ်။ သည်တော့ ကိုယ့်ရဲ့ အနေအထိုင်ကြောင့် တစ်ပါးသူတစ်ဦးကို ဘယ်တော့မှ အမှောင်လွှမ်းမသွားပါစေနဲ့။

“သမီးတော်တို့… ရဟန်းတော်တွေဆိုတာကလည်း အာသဝေါ ကုန်ခမ်းကြသေးတာ မဟုတ်ဘူး။ ပုထုဇဉ်တွေပဲဖြစ်လို့ ပြာဖုံးနေတဲ့ မီးခဲတွေပါပဲ။ ဒီမီးခဲတွေကို သမီးတော်တို့ရဲ့ တပ်မက်စရာ ရူပါရုံဆိုတဲ့ လေပြည်တစ်ချက် မွှေ့လိုက်ရင်… ထိပ်ထား မဆက်ပါရစေနဲ့တော့ကွယ်…

“ဒါ့ကြောင့် သင့်တင့်ရုံပဲ ပြင်ဆင်ကြ၊ ခေါင်းက ပန်းတွေ ဖြုတ်လိုက်။ မှုံနံ့သာတွေကိုလည်း ဖျက်လိုက်ကြပါဦး။ လုံလုံခြုံခြုံဝတ်ဆင်ပြီး မြင်ရသူ စိတ်ထဲမှာ နှမငယ် သမီးငယ်တစ်ယောက်လို ကရုဏာပွားလာအောင် ပြောဆို ဆက်ဆံကြပါကွယ်”တဲ့။

“မသန်းသန်း (မန်းတက္ကသိုလ်)၏ ရှင်စောပုအမည်ရှိ စာအုပ်မှ” ဆိုပြီး တစ်စုံတစ်ယောက်က စာအုပ်မျက်နှာစာဆိုတဲ့ လူမှုကွန်ရက်မှာ တင်ထားတာ လေး တွေ့လိုက်ရပါတယ်။

အဲဒါလေးကိုဖတ်ပြီး သဘောကျသွားတာနဲ့ ကျွန်တော့်စာမျက်နှာကတစ်ဆင့် လက်ဆင့်ကမ်း ဖြန့်ဝေမိသွားခဲ့ပါတယ်။ အဲဒီ့စာအောက်မှာ ဆရာတော် ဘုရားကြီးတွေက ပြောတာဆိုပြီး သံပေါက်လေးတစ်ခုတောင် ပါသေးတယ်။ အဲဒါလေးကို အစထုတ်၊ အနက်ဖွင့်ပြီး ပြန်လက်ဆင့်ကမ်းမိတာပါ။

“ပစ္စည်း ၊ မာတု ၊ ထိုနှစ်ခု
ဘိက္ခု သေမင်း ဓားနှစ်စင်း”တဲ့။

ဟုတ်တာပေါ့၊ ပစ္စည်းဥစ္စာရယ်၊ မိန်းမရယ်ဟာ သံဃာဘဝက စုတေစေနိုင်တဲ့၊ သံဃာဘဝကို သုတ်သင်ပစ်နိုင်တဲ့ အသွားထက်သော ဓား နှစ်လက်ပေပဲပေါ့။

မတရားဘူးဆိုပဲ

ပြောချင်တာက အဲဒါမဟုတ်ပါဘူး။ အဲဒါရဲ့ အောက်မှာ လာရေးသွားတဲ့ မှတ်ချက်တစ်ခုကြောင့် သည်စာကို ရေးဖြစ်တာပါ။

နိုင်ငံခြားမှာ နှစ်ရှည်လများ အခြေချ နေထိုင်နေတဲ့ မြန်မာအမျိုးသမီး တစ်ယောက်က လာရေးသွားတယ်။ သူ ဒါကို သဘောမတူနိုင်ဘူးတဲ့။ ယောကျာ်းတွေရဲ့ အားနည်းချက်ကို မပြောဘဲ မိန်းမတွေကိုပဲ အပြစ်တင်တာဟာ မတရားဘူးလို့ သူက လာရေးသွားပါတယ်။

အဲဒါကို ပြောချင်လို့ အထက်ပါ နိဒါန်းနဲ့ စဖွင့်လိုက်ရတာပဲ ဖြစ်ပါတယ်။

လာရေးသူရဲ့ ရပ်တည်မှုကို ကျွန်တော် သဘောပေါက်ပါတယ်။ အခုခေတ်မှာ ကျယ်လောင်လာနေတဲ့ ကျား-မ တန်းတူရေးတွေ၊ သာတူညီမျှမှုတွေကို အရင်းခံပြီး သူ သည်စကား လာပြောတာပါ။

အမှန်အတိုင်း ပြောရင် ကျွန်တော်သည်လည်း အမေကို သိပ်ချစ်တဲ့ သား၊ အမေ့ခမျာ အရည်အချင်း ရှိပါလျက်ကနဲ့ ဖေဖေနဲ့ ညားရတဲ့အတွက် သူ့ရဲ့ ထက်မြက်တဲ့ အရည်အချင်းတွေကို စတေးလိုက်ရတဲ့အပြင် မဟာဖိုဝါဒီ ကျွန်တော့်ဖခင်ကြီးရဲ့ နှိပ်ကွပ်မှုအောက်မှာ အနှိမ်ခံ တစ်ဆင့်နိမ့် လူသားအဖြစ် နေခဲ့ရတာကို တစ်သက်လုံး မြင်ခဲ့ရပါတယ်။ ဒါ့ကြောင့် ကျွန်တော်ဟာ တစ်ချိန်လုံးပဲ အမျိုးသမီးတွေဘက်ကသာ ရပ်တည်ပြီး ရေးသားနေခဲ့တာ ကျွန်တော့်စာကို အစဉ်တစိုက် ဖတ်လာတဲ့ ပရိသတ်တွေ သတိထားမိ ကြမှာပါ။ ဆိုလိုတာက ကျွန်တော်ဟာ အမျိုးသမီး အခွင့်အရေးတွေကို ကာကွယ်ရေးအတွက် ရှေ့နေလိုက်ဖို့ ဝန်မလေး၊ လက်မနှေးသူပါပဲ။

သို့သော် ကျွန်တော့်ကို လာရေးသွားတဲ့ မှတ်ချက်ကိုတော့ လုံးလုံး ဘဝင်မကျမိပါဘူး။

စွမ်းတာချင်းကျ တူပါစ

ကျား-မ တန်းတူအခွင့်အရေးကြောင်း ဘယ်လောက်ပဲ ပြောပြော၊ ကျွန်တော့်ဘက်က အမျိုးသမီးများ တန်းတူအခွင့်အရေးအတွက် ဘယ်လောက် ထက်သန် ထက်သန် သေချာတာတစ်ခုကတော့ ကျွန်တော်တို့ ယောကျာ်းတွေဟာ ကိုယ်ဝန်ဆောင်လို့လည်း မရ၊ မိမိကိုယ်မှ ထွက်သော နို့ရည်ကို မိမိရဲ့ ရင်နှစ်သည်းချာများကို တိုက်ကျွေးလို့လည်း မရပါဘူး။

ဒါ တရားကိုယ်ပါ။

အခွင့်အရေးနဲ့ ပတ်သက်လို့ တန်းတူ ရှိသင့်တာကို အကြွင်းမဲ့ လက်ခံပါတယ်။ အလုပ်အကိုင် အခွင့်အလမ်း၊ ရာထူးနေရာတွေ၊ ပညာသင်ခွင့်တွေ၊ ပြောရေးဆိုခွင့်တွေ၊ ပါဝင်ဆောင်ရွက်ခွင့်တွေမှာ အမျိုးသမီးတွေလည်း အမျိုးသားများနဲ့ တစ်တန်းတည်း ခံစား၊ စံစားသင့်တယ်လို့ မမှိတ်မသုန် ယုံပါတယ်။ ဒါတင်မကသေးဘူး၊ အိမ်မှုကိစ္စတွေ၊ ချက်တာပြုတ်တာတွေ၊ လျှော်ဖွပ် မီးပူတိုက်တာတွေဟာ မိန်းမအလုပ်၊ ယောကျာ်းတွေ လုပ်စရာ မလိုဘူးဆိုတဲ့ အတွေးအခေါ်မျိုးကိုလည်း ကျွန်တော် တစ်စက်မှ လက်မခံပါဘူး။

အိမ်မှာ ကူဖော်လောင်ဖက် မရှိတဲ့ဘဝမှာ ကြာတောင့် ကြာရှည် နေခဲ့ရတာမို့ အိမ်မှုကိစ္စတွေကို ကျွန်တော်ကိုယ်တိုင် ငယ်ငယ်လေးကတည်းက လုပ်ခဲ့ရပါတယ်။ ကိုယ့်ထမင်း ကိုယ်ချက်စားခဲ့ရတဲ့ ဘဝမှာလည်း နေသားကျခဲ့ပါတယ်။ သည်တော့ ယောကျာ်းအလုပ်၊ မိန်းမအလုပ်ဆိုပြီး ခွဲခြားတာကို ကျွန်တော် နားမလည်သလို ကျင့်လည်း မကျင့်သုံးဖူးပါဘူး။

အခွင့်အရေး ဘယ်လောက်တူတူ၊ စွမ်းအားချင်းကျတော့ ကွာခြားပါ တယ်။ အထက်က ကျွန်တော်ပြောခဲ့တဲ့ ကိုယ်ဝန်ဆောင်တာ၊ နို့ချို တိုက်ကျွေဒတာများဟာ အမျိုးသမီးများရဲ့ “အစွမ်း”ဖြစ်ပါတယ်။ အဲဒီ့ “အစွမ်း”ကိုကျတော့ ဘယ်ယောကျာ်းသားမှ ယှဉ်တုလို့ မရဘူး။

(နားနဲ့မနာ ဖဝါးနဲ့ နာတော်မူပါလို့ ရေးစာကို ပြောရင် သင့်မယ် မထင်ဘူး။ မျက်စိနဲ့ မဖတ်၊ ခြေမျက်စိနဲ့သာ ဖတ်တော်မူပေးကြပါခင်ဗျာ။ ကျွန်တော့် ဥပမာက နည်းနည်းလေး မတင့်တယ်လို့ စကားပလ္လင်ခံလိုက်ရတာပါ။) အလားတူပဲ၊ မတ်တတ်ရပ်ပြီး ဆီးသွားနိုင်တာ ယောကျာ်းတွေရဲ့ “အစွမ်း”ပါ။ အဲဒါကို တန်းတူ အခွင့်အရေးဆိုပြီး မိန်းမတွေ လိုက်လုပ်မယ်ဆို လုပ်လို့ ရချင် ရနိုင်ပေမယ့် အဆင်ကတော့ ပြေမှာကို မဟုတ်ပါဘူး။

သည့်ထက် ပိုထင်ရှားတဲ့ အစွမ်းကတော့ “ကာယဗလ”စွမ်းအား ဖြစ်ပါတယ်။ သဘာဝက ပေးထားတဲ့ ကိုယ်ခန္ဓာမှာကို ကျားနဲ့ မတို့ရဲ့ ကာယ အနေအထားဟာ မတူညီကြပါဘူး။ အရိုးအဆစ်လည်း ကွာခြားပါတယ်။ ဒါ့ ကြောင့် ပျမ်းမျှယောကျာ်းတစ်ယောက် ထမ်းနိုင်တဲ့ ဝန်ကို ပျမ်းမျှအမျိုးသမီးတစ်ယောက် မထမ်းနိုင်ပါဘူး။ (ယေဘုယျသဘောနဲ့ ဆွေးနွေးနေတာဖြစ်လို့ ခြွင်းချက်တွေကို ထည့်မပြောအပ်ဘူးလို့ ယူဆပါတယ်။) ထိုနည်း လည်းကောင်း “မိခင်စိတ်”ဆိုတာလည်း အမျိုးသမီးတွေရဲ့ “အစွမ်း” ဖြစ်ပြန်တယ်။

အမေရိကန်နိုင်ငံရဲ့ သဘာဝဟာ သဘာဝပါ လုပ်ရပ်

အဲတော့ ကျား-မ သာတူညီမျှမှု၊ ကျား-မ တန်းတူအခွင့်အရေးတွေအကြောင်း ပြောဆိုဆွေးနွေးကြ၊ ရှေ့နေလိုက်ကြ၊ ဇန်းတင်ကြရာမှာ သည် အကန့်အသတ်တွေ၊ ဒါမှမဟုတ် “သီးခြားစွမ်းရည်”တွေကို မေ့လျော့ ပစ်ပယ်သင့်သလားဆိုတဲ့ မေးခွန်းက ပေါ်လာပါတယ်။

တစ်နည်းပြောရင် သဘာဝတရားကြီးကို ဆန့်ကျင်ကြမှာလားလို့ပဲ မေးရတော့မှာ ဖြစ်ပါတယ်။

စီမံခန့်ခွဲတဲ့အလုပ်၊ လူအများကို အုပ်ချုပ်တဲ့အလုပ်၊ ဆေးကုတဲ့အလုပ်၊ ရှေ့နေရှေ့ရပ်အလုပ်၊ စာသင်တဲ့အလုပ်၊ အင်ဂျင်နီယာအလုပ် စတာများကို အမျိုးသမီးတွေလည်း လုပ်နိုင်တယ်။ အမျိုးသမီးတွေရဲ့ “ဉာဏ်စွမ်း”ဟာ သည်အလုပ်တွေမှာ ယောကျာ်းတွေနဲ့ တန်းတူပဲဆိုတာ မငြင်းသာတဲ့အပြင် သဘာဝက ပေးထားတဲ့ “မိခင်စိတ်”ဆိုတဲ့ “အစွမ်း”၊ ယောကျာ်းတွေထက် သာတဲ့ “ငဲ့ညှာထောက်ထားတတ်မှု”ဆိုတဲ့ “အစွမ်း”များကြောင့် သည်အလုပ်တွေမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပိုပြီးတောင် ထိရောက်အောင် လုပ်ဆောင်နိုင်စွမ်း ရှိတာကို တွေ့ခဲ့ကြရပါပြီ။ အထူးသဖြင့် စီမံ ခန့်ခွဲရေးနဲ့ အုပ်ချုပ်ရေးမှာ အမျိုးသမီးတွေ တာဝန်ယူထားရင် ပိုအောင်မြင်၊ ပိုအဆင်ပြေလာတာတွေကို ကမ္ဘာတစ်လွှားမှာ တွေ့နေကြရပါပြီ။

တိုက်ခိုက်ရေးလို အလုပ်တွေ၊ သတ်ရပုတ်ရ၊ နပမ်းလုံးရတာတွေ ပါနေတဲ့ အလုပ်မျိုးတွေမှာလည်း အမျိုးသမီးတွေကို စနစ်တကျ လေ့ကျင့် သင်ကြားပေးထားမယ်ဆိုရင် ယောကျာ်းများ တန်းတူ စွမ်းဆောင်နိုင်နေကြပြီ ဖြစ်တာကို နိုင်ငံကြီးတွေက လက်နက်ကိုင် တပ်ဖွဲ့အသီးသီးမှာ တွေ့နေရပါပြီ။

ကိန်းဂဏန်းနဲ့ အတိအကျပြောမယ်ဆိုရင် အမေရိကန်စစ်တပ်မှာ အရာရှိ အရာခံ အကြပ်တပ်သား စုစုပေါင်း ၁၄ သိန်း ရှိပါတယ်။ အဲဒီ့ထဲက နှစ်သိန်းနဲ့ သုံးထောင်ဟာ အမျိုးသမီးတွေ ဖြစ်တယ်လို့ ၂၀၁၁ ခုနှစ် ကိန်းဂဏန်းများကို ကိုးကားထားပြီး ၂၀၁၃ ဇန္နဝါရီ ၂၄ ရက်မှာ မွမ်းမံထားတဲ့ စီအယ်(န်)အယ်(န်)သတင်းမှာ ဖော်ပြထားပါတယ်။ စုစုပေါင်း ၁၄.၅ ရာခိုင်နှုန်းပေါ့။ ကြည်းတပ်မှာ ခုနစ်သောင်းလေးထောင်၊ ရေတပ်မှာ ငါးသောင်း သုံးထောင်၊ လေတပ်မှာ ခြောက်သောင်းနှစ်ထောင်နဲ့ မရင်း(န်) တပ်မှာ တစ်သောင်းလေးထောင် ရှိပါသတဲ့။ ဗိုလ်ချုပ်အဆင့်နဲ့ ကြည်း၊ ရေ၊ လေမှာ တာဝန်ထမ်းဆောင်နေတာ စုစုပေါင်း ၆၉ ယောက် ရှိတယ်လို့လည်း ဆိုပါတယ်။

ရှေ့တန်းမှာ တာဝန်ထမ်းဆောင်နေသေူတွေထဲမှာ ၂.၇ ရာခိုင်နှုန်းက အမျိုးသမီးတွေ ဖြစ်ပေမယ့် ခြေလျင်တိုက်ခိုက်ရေးတပ်တွေမှာ အမျိုးသမီးတွေကို တာဝန်ထမ်းဆောင်ခွင့် မပေးထားပါဘူး။ ရင်ဆိုင်တိုက်ပွဲ တာဝန်တွေ မပေးရဘူးလို့ တရားဝင် ကန့်သတ်ထားတာပါ။ သို့တိုင်အောင် ရှေ့တန်းက ပစ်ခတ်ရေး တပ်ဖွဲ့တွေ၊ လေကြောင်း၊ ရေကြောင်းတပ်ဖွဲ့တွေမှာတော့ အမျိုးသမီးတွေကို ခွင့်ပြုထားပါတယ်။

ဆေးတပ်မှာ အမျိုးသမီးရာခိုင်နှုန်းက အများဆုံးပါပဲ။ ၃၉ % ရှိပါ တယ်။ အုပ်ချုပ်ရေးမှာ ၂၈ %၊ ထောက်လှမ်းရေးမှာ ၁၉%နဲ့ ထောက်ပံ့ရေး မှာ ၁၈ % ဖြစ်တာကိုလည်း တွေ့ရပါတယ်။ (ရည်ညွှန်း – http://edition.cnn.com/2013/01/24/us/military-women-glance/)

ဒါကို ကြည့်မယ်ဆိုရင် ကျား-မ တန်းတူ အခွင့်အရေးကို ဦးဆောင်ပြီး နှိုးဆော်ရုံသာက လက်တွေလည်း လုပ်ဆောင် အကောင်အထည်ဖော်နေတဲ့ အမေရိကန်လို နိုင်ငံမျိုးရဲ့ တပ်မတော်မှာတောင် ကာယဗလကို အားပြုတဲ့ ရင်ဆိုင်တိုက်ပွဲ တာဝန်တွေမှာ အမျိုးသမီးတွေကို တားမြစ်ထားတာ အထင်အရှား တွေ့ရနိုင်ပါတယ်။

အခွင့်အရေး တန်းတူဆိုတာကို လက်ခံကျင့်သုံးသည့်တိုင် သဘာဝတရားကြီးကို မလွန်ဆန်တာကို အထင်အရှား ပြသနေတဲ့ ဥပမာလို့ မြင်မိပါတယ်။

ကျားသဘာဝ သွားရည်တမြမြ

ကျွန်တော်တို့ ယောကျာ်းတွေမှာလည်း အမျိုးသမီးတွေနဲ့ ယှဉ်ရင် အားသာချက်တွေ ရှိနေသလို အမျိုးသမီးတွေမှာလိုပဲ အားနည်းချက်တွေလည်း အနမတဂ္ဂ ရှိပါတယ်။

အဲဒီ့ အားနည်းချက်တွေထဲကမှ အဆိုးတကာ့ အဆိုးဆုံး အားနည်းချက်ကတော့ ကျွန်တော်တို့ရဲ့ ရာဂစိတ် တက်ကြွလွယ်မှုပါပဲ။ ဒါကိုအမျိုးသမီးတွေ ဘယ်လိုမှ နားလည်မပေးနိုင်ပါဘူး။

ယောကျာ်းတွေရဲ့ ရာဂစိတ်က အလွန်ကို ထူးဆန်းသလို ပွေလည်း ပွေလီလွန်းလှပါတယ်။ ဆန့်ကျင်ဘက် လိင်အပေါ်မှာ တိမ်းညွတ်၊ စွဲလန်း၊ တပ်မက်ရာမှာ ဘယ်ဟာကြောင့်လို့ အတတ်ပြောရ ခက်တာမို့ ပွေလီတယ်လို့ ဆိုလိုက်ရခြင်းပါပဲ။

ပခုံးသားလေးပဲဖြစ်ဖြစ်၊ ချိုင်းသားလေးပဲဖြစ်ဖြစ်၊ လက်မောင်းသားပဲ ဖြစ်ဖြစ်၊ ဆံပင်ပဲဖြစ်ဖြစ်၊ ခြေသလုံး၊ ခြေဖနောင့်ပဲဖြစ်ဖြစ်ကြောင့် ယောကျာ်းတွေရဲ့ ရာဂစိတ်ဟာ အလွယ်တကူ နိုးကြားနိုင်ပါတယ်။ ဒါက အဝတ်မပါဘဲ မြင်နေရတာကို ပြောတာပါ။

အဝတ်လုံအောင် ဖုံးထားတဲ့ အမျိုးသမီးများရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းများကြောင့်လည်း ယောကျာ်းတွေရဲ့ ရာဂစိတ်ဟာ အချိန်မရွေး ဖြစ်ပေါ်နိုင်ပါတယ်။

ဒါဟာ သဘာဝက ယောကျာ်းတွေကို ပေးထားတဲ့ “အားနည်းချက်”ဖြစ်ပါတယ်။

မြင်ဖန်များလို့ ရိုးအီနေပြီး မကြည့်မိရင်သာ ရှိရမယ်၊ ကြည့်မိတဲ့အခါမှာ စိတ်တစ်ခုယုတ် ကိုးဆယ်ဆိုတဲ့အတိုင်း ယောကျာ်းအများစုရဲ့ စိတ်မှာ ရာဂစိတ်က အလွယ်တကူ နိုးကြားနိုင်ပါတယ်။ အဲဒါဟာ မိန်းမတွေကို နှိမ်တာလည်း မဟုတ်ဘူး၊ တစ်ဆင့်နှိမ့်တာလည်း မဟုတ်ဘူး။ ကျားသဘာဝကို ပြောလိုက်တာ သက်သက်ပါ။

အလွယ်ဆုံး ပမာခိုင်းရရင် အချဉ်သီး၊ အချဉ်ပေါင်း၊ အချဉ်ထုပ်ကို မြင်တဲ့အခါ ခံတွင်းထဲမှာ သွားရည်တွေပဲ ထွက်လာသလိုလို၊ သွားတွေပဲ ကျိန်းလာသလိုလို သူ့အလိုလို ဖြစ်လာတဲ့ ခံစားမှုပါ။ သည်အတွက် အချဉ်သီး၊ အချဉ်ပေါင်း၊ အချဉ်ထုပ်ကို နှိမ်တာ၊ ခွဲခြားဆက်ဆံတာ၊ တန်းတူ အခွင့်အရေး မပေးတာလို့ ဘယ်သူကမှ မပြောပါဘူး။ ကျားနဲ့ မမှာကျတော့ မပေါ့်တပေါ် ဝတ်လို့ ငမ်းမိရင်ပဲ ယောကျာ်းတွေက တဏှာရူးတယ်၊ မိန်းမတွေ လွတ်လွတ်လပ်လပ် နေတာကိုပဲ လိုက်ကြည့်ပြီ ပြောနေကြတယ်၊ ဘာတယ် ညာတယ်တွေ ဖြစ်ကုန်တာကြီးက သိပ်မနိပ်ဘူး ထင်ပါတယ်။

အချဉ်ကြိုက်တဲ့သူက အချဉ်ပေါင်းမြင်ရင် ဝယ်မစားမိတောင် သွားရည်တော့ ကျမိသေးသလိုပါပဲ၊ မိန်းမကို စိတ်ဝင်စားတဲ့ ယောကျာ်းသားတွေ အနေနဲ့ကလည်း ဣတ္ထိယတို့ရဲ့ အလှအပ အထွေထွေကို မြင်ရင် ဘာမှ မလုပ်မိတောင် အဟဲ… သွားရည်တော့ ကျမိသေးတာပဲ ခင်ဗျ။

အိမ်နီးချင်း အာရှနိုင်ငံတွေမှာဆိုရင် ရာသီဥတုက ပူတော့ အမျိုးသမီး ကြီးငယ်တွေဟာ အတိုအပြတ်တွေ အတော်ဝတ်ကြပါတယ်။ ကျွန်တော်တို့ လည်း ငမ်းမိတာပါပဲ။ ဘယ်နေရာကြည့်ကြည့် အဲသလို ဝတ်စားထားတာတွေပဲ မြင်နေရလို့ အထူးတလည် လိုက်မကြည့်မိရင်သာ ရှိကောင်း ရှိမယ်၊ မျက်စိအောက် ရောက်လာရင်တော့ ကြည့်မိ၊ ငမ်းမိ၊ တပ်မက်မိကြတာချည်းပဲဖြစ်မယ် ထင်ပါတယ်။

ကိုယ့်စိတ်နဲ့ နှိုင်းရင် မရိုင်းဘူးလို့ ပြောချင်လည်း ပြောကြပါခင်ဗျာ။ ကျွန်တော်က ဣတ္ထိယတို့ရဲ့ အလှအပကို အနုစိတ် ခံစား တပ်မက်တတ်သူမျိုး ဖြစ်လေတော့ကာ ကြည့်မိ၊ ငမ်းမိ၊ ပြစ်မှားမိတာကို ပွင့်ပွင့်လင်းလင်းပဲ ဝန်ခံလိုက်ပါတယ်။

အဲသလို ဝန်ခံတဲ့အတွက် မိန်းမတွေကို နှိမ်တယ်၊ ခွဲခြားတယ်၊ ဘာပြု တယ်၊ ညာပြုတယ်လို့ တံဆိပ်ကပ်ရင်လည်း ပျော်ပျော်ကြီးပဲ ခံလိုက်ပါ့မယ်။ ချဉ်သီးနဲ့ ဆား ဥပမာအတိုင်း ဒါက သဘာဝကိုး ခင်ဗျ။

တန်းတူ အခွင့်အရေးအကြောင်း ပြောတဲ့အခါမှာ အစွန်းတွေ ရှိတယ်။ တန်းတူ အခွင့်အရေးကို အကြောင်းပြပြီး ယောကျာ်းတွေ အိမ်မှာ နေတဲ့အခါ အင်္ကျီဗလာနဲ့ နေသလို ဘယ်မိန်းမမှ မနေသလို ယောကျာ်းတွေလိုလည်း ချည်သား စွပ်ကျယ်ချိုင်းပြတ်ပါးပါးလေးသာ စွပ်ပြီးလည်း မနေကြပါဘူး။ အတွင်းခံ ပါရင်ပါ၊ မပါရင်လည်း ချိုင်းပြတ်အင်္ကျီ ထူထူထဲထဲ၊ (လည်ဟိုက်ဟိုက်)ကိုတော့ ဝတ်နေကြဦးမှာပါ။

တစ်ဖက်ကလည်း စဉ်းစားမိတယ်။ လူဆိုတာ ကိုယ့်မှာ ရှိတဲ့ “အစွမ်း” ကို ထုတ်သုံးချင်တတ်တဲ့ သဘာဝနဲ့။ မိန်းမသားတွေကလည်း သူတို့ရဲ့ အလှအပတွေကို မပြချင်၊ လူမကြည့်စေချင်ဘဲ နေပါ့မလားလို့ တွေးမိတာပါ။ ပြချင်လို့ ပြတုန်းကတော့ ပြပြီး ကြည့်မိ၊ ငမ်းမိ၊ ပြစ်မှားမိတဲ့သူကိုကျမှ ကျား-မ တန်းတူအခွင့်အရေးကြီးနဲ့ ကိုင်ပေါက်ပြီး တောင်ပြော မြောက်ပြော ပြောနေရင် တရားပါ့မလားလို့ တွေးနေမိရပါတယ်။

အစ (ဆွဲထုတ်ထားတဲ့ အစ)

အဖြေမရှိတဲ့ ပုစ္ဆာတစ်ပုဒ်ကို ချပြမိလိုက်သလားတော့ မသိဘူး။ လိုရင်းကို ပြန်ကောက်လိုက်မယ်ဆိုရင်တော့ အောက်ပါအတိုင်း သုံးချက် ထွက်လာပါတယ်။

  1. ကျား-မ သာတူ ညီမျှမှုကို ကျွန်တော် အကြွင်းမဲ့ လက်ခံ ယုံကြည်ပါတယ်။ လူလူချင်း ခွဲခြားတာကို ကျွန်တော် လုံးဝ မထောက်ခံပါဘူး။ ကျား-မကြောင့်သာ မဟုတ်ဘူး၊ ကိုးကွယ်ယုံကြည်မှုကြောင့်ပဲဖြစ်ဖြစ်၊ အလုပ်အကိုင် ရာထူးအဆင့်အတန်းကြောင့်ပဲဖြစ်ဖြစ်၊ အသားအရောင်ကြောင့်ပဲဖြစ်ဖြစ်၊ အသက်အရွယ်ကြောင့်ပဲဖြစ်ဖြစ်၊ လူမျိုး ကွဲပြားမှုကြောင့်ပဲဖြစ်ဖြစ် လူလူချင်း ခွဲခြားမှုမှန်သမျှကို ဆန့်ကျင်ပါတယ်။ လူဟာ လူပဲလို့သာ မြင်မိပါတယ်။
  2. ယောကျာ်းနဲ့ မိန်းမကြားမှာတော့ ဘယ်လို ကိုးကွယ်ယုံကြည်မှု၊ ဘယ်လို အလုပ်အကိုင် ရာထူးအဆင့်အတန်း၊ ဘယ်လို အသားအရောင်၊ ဘယ်လို အသက်အရွယ်၊ ဘယ်လို လူမျိုးပဲဖြစ်နေနေ အဖိုဟာ အဖိုစိတ်သာ ရှိပြီး အဲဒီ့အဖိုစိတ်ကို အမတွေအနေနဲ့ နားလည်သဘောတူဖို့ တစ်ခါတစ်ရံများမှာ ခက်ခဲနေလိမ့်မယ်ဆိုတာကိုလည်း မီးမောင်းထိုးပြလိုက်ချင်ပါတယ်။
  3. ယောကျာ်းမှ၊ မိန်းမမှ မဟုတ်ဘဲ လူတိုင်း လူတိုင်းမှာ “အစွမ်း”တွေ ၊ “အာသားချက်”တွေ ရှိကြတယ်။ အဲဒီ့အစွမ်းတွေ၊ အာသားချက်တွေဟာ တစ်ယောက်နဲ့တစ်ယောက် မတူကြဘူး။ တစ်ဦးချင်းစီရဲ့ အစွမ်းတွေ၊ အာသားချက်တွေကိုသာ နေရာတကျ အသုံးချသွားမယ်ဆိုရင် လူ့ဘောင်ကြီးတစ်ခုလုံး သာယာဖွံ့ဖြိုးနေလိမ့်မယ်လို့လည်း မမှိတ်မသုန် ယုံကြည်မိပါတယ်။

ကျန်တာကတော့ စာဖတ်သူလူကြီးမင်းများ ကိုယ်တိုင်သာ ဆင်ခြင် ကြည့်ကြစေချင်ပါတယ်ခင်ဗျား။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(ရန်ကုန် – ၁၂၀၈၁၄)

(၂၀၁၄ ခုနှစ် အောက်တိုဘာလထုတ် Fashion Image မဂ္ဂဇင်းမှာ ပုံနှိပ်ဖော်ပြထားပါတယ်။)

Author: lettwebaw

A prolific Burmese writer whose main work is non-fiction with many articles and books on psycho-social and health issues including sex education for teenagers, proper etiquette, child rearing practices and marriage counselling tips. Another nom de plume is "Pseudonym."

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s