Skip to content

အဟောင်းထဲက အစုတ်တွေ

28 February 2015

၂၀၁၅ ဖေဖော်ဝါရီ ၂၀ရက်နေ့မှာ စရေးဖြစ်သွားတာ

နိဒါန်း

တစ်သက်တာ ဂီတဆုကို ဦးအံ့ကြီးရတယ်ဆိုတော့ ၀မ်းသာရပါတယ်။

အဟောင်းတွေလည်း အစုတ်… အဲ… အသစ်ဖြစ်လာရပါသေးတယ်။

ဦးအံ့ကြီးကို မြင်ဖူးခဲ့ပုံ အစ

ကျွန်တော်တို့ ရှစ်တန်းဖြေပြီးတော့လား မသိဘူး။ ခုနစ်တန်းလည်း ဖြစ်ချင်ဖြစ်မယ်။ နွေရာသီကျောင်းပိတ်ရက် ကျောင်းကနေ လုပ်အားပေးစခန်း ဘာညာ လုပ်ကြတယ်ပေါ့။ ကျွန်တော်တို့ လူလားမြောက်ရတဲ့ ရွှေဆိုရှယ်လစ်ခေတ်မှာ အဲလို တောင်စဉ်ရေမရဟာတွေ တယ်ခေတ်စားတာကလား။

အဲ… အဲဒီ့ လုပ်အားပေးသင်တန်းမှာ ဦးအံ့ကြီးက အကော်ဒီယံတစ်လုံးနဲ့ လာဖျော်ဖြေပေးတာကို မှတ်မိနေတယ်။ အဲဒါ ဦးအံ့ကြီးကို ပထမဆုံးအကြိမ် လူချင်း စမြင်ဖူးတာပါပဲ။

နောက်တော့ အင်ဗွိုင်းခန်းမ (အခုတော့ တပ်မတော်ခန်းမဆိုလားပဲ) မှာ။ ဂျပန် ကုန်စည်ပြပွဲ လုပ်တာ။ အဲဒီ့မှာ ယနေ့ အလက်ထရောနစ်(ခ်) အော်ဂယ်(န်) ဆင်သဆိုက်ဇာများရဲ့ အစအဦး အော်ဂယ်(န်)ကို စမြင်ဖူးတာ။ [အဲဒီ့ အော်ဂယ်(န်)ကို နောက်ကျတော့ မြန်မာ့အသံကို ပေးပစ်ခဲ့တယ်။ ၀င်းဦးနဲ့ စန္ဒယားတင်ဝင်းလှိုင်တို့ နှစ်ယောက်တည်း ဆိုကြ တီးကြတဲ့ သီချင်းတွေမှာ သုံးတဲ့ အော်ဂယ်(န်)ပါ။]

အဲဒီ့ အော်ဂင်(န်)ကို တီးပြသူက ဂျပန်ကြီးတစ်ယောက်။ အလွန်ကြည့်ကောင်းပေါ့။ သူနဲ့ အော်ဂင်(န်)နဲ့က တစ်သားတည်းလို ဖြစ်နေတော့ နားထောင်လို့လည်း အလွန်ကောင်း။

ကျွန်တော်လည်း သွားသွားမော့တာပေါ့။ ကျွန်တော် ရှစ်တန်းကျောင်းသားလောက်ပဲ ထင်တယ်။

တစ်ရက်မှာ ဦးအံ့ကြီး ရောက်လာတာ တွေ့ရတယ်။ သူလည်း အော်ဂယ်(န်) အသစ်အဆန်းကို ၀င်တီးကြည့်ပြန်တယ်။ နားထောင်လို့ ကောင်းတယ်။ သီချင်းတော့ ဆိုမသွားဘူး။ တော်တော်ကြာကြာတော့ တီးသွားတယ်။ ငေးပြီး နားထောင်ခဲ့ရတယ်။ သူတီးတာက နာမည်ကျော် သူ့သီချင်းတွေ ဖြစ်ပြီး အဲဒီ့ခေတ်မှာ အနောက်တိုင်း တေးသွားတွေကို အလွန်အရေးကောင်းလှတဲ့ သင်္ဂဟ ဦးဘသိန်း (မန္တလေး) ရေးတဲ့ စိမ်းလဲ့ကန်သာတို့၊ သူကလေးတို့၊ ပန်းပုသူဇာတို့တွေပါပဲ။

ကျွန်တော့် အစုတ်ထုပ် (၁)

ကျွန်တော့်ရဲ့ ပိုးပေါင်းများစွာထဲမှာ ဂီတပိုးကလည်း အရင့်အမာ။ သီချင်း အတော် များများကို အလွတ်ရတယ်။ ဦးအံ့ကြီး သီချင်းဆို အကုန်နီးပါး အလွတ် ရသလို ကျွန်တော့်ဆီမှာ အခုဆို အကုန်ရှိပါတယ်။

သည်လိုနဲ့ နေလာလိုက်တာ ၁၉၈၀ ပြည့်လွန်စ ကာလမှာ ချစ်ဖူးသူတစ်ယောက်ရဲ့ အိမ်ကို အ၀င်အထွက် ရှိနေတယ်။ ညမအိပ်ရုံ တစ်မည်ပဲ။ ညဘက်လည်း သူတို့အိမ်ကို ရောက်ရောက်နေတတ်တယ်။

တစ်ညနေခင်းမှာ အဲဒီ့အိမ်က ဦးအံ့ကြီးသီချင်းတွေ တန်းစီပြီး ဖွင့်နေတော့ ကျွန်တော်လည်း လိုက်ဆိုတာပေါ့။ အကျအနကို ဆိုတာ။ အဆိုပိုဒ်မှာသာ မက အတီးပိုဒ်မှာပါ အဆိုတော်က မဆိုပဲနားပေမယ့် ကျွန်တော်က မနားတမ်းဆိုချင် ဆိုနေတတ်တာ။

အဲလိုနဲ့ ထမင်းစားကြမယ် လုပ်တော့ ကျွန်တော် မဆိုတော့ပါဘူး။ အခွေကိုတော့ ဆက်ဖွင့်ထားပါတယ်။

ထမင်းပွဲ အသင့်ဖြစ်တော့ ချစ်ဖူးသူရဲ့ အဖွားက ထအော်တယ်။

“ဟဲ့… ဟိုကောင်လေး… သီချင်းတွေချည်းပဲ အော်မနေနဲ့။ ထမင်းလာစားဦး”တဲ့။

ကျွန်တော်ကဖြင့် သီချင်းလိုက်ဆိုဖို့ နေနေသာသာ ထမင်းဝိုင်းနားတောင် ရောက်နေပြီ။

အဲဒီ့နေ့က သူတို့ တစ်အိမ်လုံး ပွဲကျသွားတယ်။

ကျွန်တော့် အစုတ်ထုပ် (၂)

နောက်တော့ အဲဒီ့ ချစ်ဖူးသူနဲ့ (ကျွန်တော့်အပြစ်ကြောင့်) ကွဲသွားပြီး ပြင်သစ်သံရုံးမှာ ပြင်သစ်ဘာသာသင်တန်း သွားတက်တော့ အတန်းဖော်တစ်ယောက်က ဦးအံ့ကြီးရဲ့ တစ်ဦးတည်းသော သမီးဖြစ်ပါတယ်။

၁၉၈၄ ဖြစ်မယ် ထင်တယ်။ အဲဒီ့နှစ် နာတာလူးပွဲတော်အကြို ကျွန်တော်တို့ သင်တန်းတွေရဲ့ ပွဲလုပ်တော့ ကျွန်တော်က ဦးအံ့ကြီးရဲ့ နာမည်ကျော် မန်းတောင်ရိပ်ခိုကို ဂစ်တာတီးပြီး ဆိုတယ်။ ဦးအံ့ကြီးရဲ့ သမီးက ကပေးတယ်။ (အဲဒီ့ ဓာတ်ပုံလေး ယနေ့ထက်တိုင် ကျွန်တော့်ဆီမှာ ရှိနေပါသေးတယ်။)

အဲဒါလည်း တကယ့် အမှတ်တရပါပဲ။ အဆိုပါရမီရှင်တွေတောင် ကြုံဖူးမှာ မဟုတ်ဘူး။

ဦးအံ့ကြီးရဲ့ သီချင်းကို ဦးအံ့ကြီးသမီးရဲ့ အကနဲ့ ကျွန်တော် ဆိုဖူးသလို နောက် နှစ်များစွာအကြာမှာ နန်းတော်ရှေ့ဆရာတင်ရဲ့ စိန်မြရံခြယ် အောင်ပင်လယ်သီချင်းကို ဆရာတင့် မြေး မင်းသားတစ်ယောက်က က၊ မန္တလေးမှာ စိန်ကျော်ကွေ့ဆိုပြီး နာမည်ကြီးတဲ့ ဆိုင်းဆရာကြီး စိန်ကျော် (ဆရာကြီး စိန်ဗေဒါရဲ့ လက်ရင်းတပည့်) ရဲ့ သားရဲ့ ဆိုင်း အတီးနဲ့လည်း မန်းရွှေမြို့ကြီးမှာ ဆိုခဲ့ဖူးတယ်။ အဲဒီ့ခေတ်ကျတော့ ဗှီဒီယိုကင်မရာ ပေါ်ခဲ့ပြီမို့ အဲဒါတော့ ဗှီဒီယိုနဲ့ မှတ်တမ်း ရှိပါတယ်။

ကျွန်တော့် အစုတ်ထုပ် (၃)

ဦးအံ့ကြီးဆီကိုလည်း တစ်ခါ သွားခဲ့ဖူးသေးတယ်။ အခု သံလွင်လမ်းလို့ ခေါ်တဲ့ ၀င်ဒါမီယာက သူ့အိမ်ကို သွားတွေ့ခဲ့တာပါ။

အဲဒီ့အချိန်မှာ ကျွန်တော်က Rangoon Theatre Club လို့ ခေါ်တဲ့ မြန်မာပြည်မှာ တာဝန်ကျနေကြသော နိုင်ငံခြားသားပေါင်းစုံရဲ့ အသင်းမှာ လှုပ်ရှားနေချိန်။ ပြဇာတ်အသင်းဆိုတော့ စင်တင်ပွဲတွေ လုပ်ကြတယ်။ သူတို့ အနောက်တိုင်း အဆိုတွေ၊ အကတွေ၊ ပြဇာတ်တွေပဲ တင်ဆက်နေတာ ထိုင်ကြည့်ရင်း ဇာတိမာန်က ကြွလာတယ်။

[အဲဒါနဲ့ နောက်ပိုင်း (၁၉၈၈) မှာအငြိမ့်ကို အင်္ဂလိပ်ဘာသာနဲ့ အစအဆုံး ကဖြစ်ခဲ့ပါတယ်။ ကျွန်တော်နဲ့ လှည်းတန်းက အင်္ဂလိပ်စာဆရာအကျော်အမော် ဦးဝင်းနိုင်တို့က လူပြက်တွေပေါ့။ အခု Park Royal နဲ့ Summit Park View တို့မှာ စောင်းနဲ့ ပတ္တလား တီးနေတဲ့ ဆရာဖုန်း ဦးဆောင်တဲ့ ၀ိုင်းနဲ့ပေါ့။ ဗြိတိသျှ သံရုံးရဲ့ ခန်းမထဲမှာပါ။ အဲဒါက ရုပ်မြင်သံလွှင့် မဂ္ဂဇင်းမှာ ဓာတ်ပုံတွေနဲ့ ဆောင်းပါးတစ်ပုဒ် ရှိတယ်။

[မင်းသမီးက ဗြိတိသျှသူ စစ်စစ်။ Sandra တဲ့။ သူ့ကို မြန်မာအက သင်ပေး၊ မြန်မာသီချင်း ဦးသ၀န်ကြောင်ကို အင်္ဂလိပ်ဘာသာနဲ့ ပြန်ရေးပြီး သီချင်းသင်ပေး။ ၀ိုင်းနဲ့ တိုက်။ ကိုယ်တိုင်ဆို ကိုယ်တိုင်က ခိုင်းခဲ့တဲ့ ဇာတ်ဆရာက ကျွန်တော်။ ခွန်းထောက်၊ ပတ်ဆင့်၊ ဆိုင်းဆင့်တွေလည်း ကျွန်တော်ပဲ ဘာသာပြန်၊ ကျွန်တော်ပဲ ဟဲ။

[ဆန်းတာက အဲဒီ့ မင်းသမီး Sandra က ကျွန်တော်တို့နဲ့ ဇာတ်တိုက်နေစဉ်ကတည်းက ဖြူဖတ် ဖြူရော်။ သွေးကင်ဆာ ရောဂါ ဝေဒနာရှင်။ ကျွန်တော့်အငြိမ့်ပြီးတဲ့နောက် မကြာခင်မှာ မြန်မာပြည်မှာ တာဝန်ကျနေတဲ့ သူ့မိဘတွေလည်း တာဝန်ချိန် ကုန်ဆုံးလို့ သူတို့တိုင်းပြည် သူတို့ ပြန်သွားတယ်။ သိပ်မကြာခင်မှာပဲ သူ ကွယ်လွန်သွားတာကို ကြားသိလိုက်ရပါတယ်။]

ဦးအံ့ကြီးဆီ ရောက်ဖို့အရေး ကြားထဲက ကွင်းခံပြီး ချောတောငေါ့လိုက်တာ စကားက တခြားရောက်သွားတယ်။

အငြိမ့်မကခင်မှာ ကျွန်တော် စမ်းသပ်တာက မြန်မာသီချင်းကို အင်္ဂလိပ်လို ဘာသာပြန်ပြီး ဆိုကြည့်ဖို့။ ဘယ်သူဆိုမှာလဲဆိုတော့ ကျွန်တော်လေ။

သုံးရာသီရယ်၊ ကျွန်တော်ရယ်၊ ဦးအံ့ကြီးရယ်

အဲတော့ ဦးအံ့ကြီးရဲ့ သုံးရာသီ သီချင်းကို ရွေးလိုက်တယ်။ ဘာသာပြန်တယ်။ ဆိုကြည့်တယ်။ အကုန် ဟုတ်မလို ရှိပြီး နောက်ဆုံးပိုဒ်ကျမှ ဂန့်နေတယ်။

“အစဉ်ပဲ စိမ်းစို ♫ မောင့်နေရင်း အရပ်ကို ♫ နဂိုနေ ယဉ်ရှာသကို ♫ မခို့တရို့အဆင်းက အလှပို ♫ တွေ့မြင်ခဲ့ရ အလွမ်းတွေ ပို ♫”ဆိုတာလေ။

“မောင့်နေရင်း အရပ်”နဲ့ “မခို့တရို့အဆင်း”နဲ့ကို ဘယ်လို ချိတ်ရမှန်း မသိတော့ဘူး။ အဓိပ္ပာယ်ကို ဆက်စပ်လို့ မရဘူး။ ဒုက္ခက ရောက်နေပြီ။

မဖြစ်ချေဘူး မေးမှပဲဆိုတော့ သီချင်းရေးတဲ့ ဆရာကြီး ဦးဘသိန်းကိုတော့ သွားမမေးနိုင်ဘူး။ ဆရာကြီးက မန္တလေးမှာ နေတာ။ အဲတော့ နီးနီးနားနား ဦးအံ့ကြီးကို သွားမေးမယ်ဆိုပြီး သူ့အိမ် ရောက်သွားပါရောလား။

အဲဒီ့အထိ အပြီးမှာ ပြောကြဆိုကြတာတွေ…

Minn Thaik ယဉ်တစ်ကိုယ်မယ် .. ဆိုတာ အဘအံ့ဆိုတဲ့ သီချင်းများလားဗျ

ATK ဟုတ်ပါသဗျ။ သန်မာထွားကြိုင်းပြီး ကမ္ဘာသူအလယ် လျှောက်သွားမယ် လွန်တင့်တယ် သုံးတောင်ဝတ် အားမငယ် အစချီပေါ့ခညာ

Nge Thar ဇာတ်ရှိန်တက်မှ ရပ်လိုက်တာ ကောင်းသလား ဆရာ

Minn Thaik မှန်မှန်ပြော ညာနဲ့ ..ဆြာကျော် အဲဒီ ယဉ်တစ်ကိုယ်မယ် သီချင်းကို ရေချိုးတဲ့ အခါ ရေချိုးခန်းထဲမှာ အော်ဟစ်ဆိုဖူးတယ်မှလား

ATK လွဲသွားပြီ ကိုစောခိုင်။ ရေချိုးခန်းထဲမှာ အော်ဆိုတာက ဆရာမြို့မငြိမ်းရဲ့ အိစက် ညက်ညောတဲ့ ဖဲမွေ့ရာပေါ်မယ်ဗျ။

Minn Thaik ရှက်သွေးမဖြာပါနဲ့ဗျာ .. ဒန်ဖလားကြီးနဲ့ ခေါင်းလောင်းချိုးပြီး … သန်မာထွားကြိုင်းခဲ့တာ ဟိ ဟိ

ATK Ka Nge Thar ရေ… ဆက်ရေးရင် ညက်ရေဒေတင်မက နှပ်တေပါ ထွက်လာမှာ စိုးလို့ ရပ်လိုက်တာဗျ။ ခွေးလွှတ်ပါ။ အဟောင်းတွေက အစုတ်တွေ ဖြစ်ဖြစ်ကုန်ပါတယ်ဆို

Minn Thaik တစ်သက်မှာ တစ်ခါဆုံတယ် လဝါဆိုဦးရှင်ကကွယ် ..

ATK အူးလေးက အလွဲတွေ။ ဘုရားမှာ တစ်ခါဆုံတယ် လ၀ါဆိုဦးဆီကကွယ်ပါဗျ။

Minn Thaik အာ .. အဘကျော်ကလည်း .. နူးဗားရှင်းထားတာလေ .. သူ့ အသံလေး ကြားယောင်တယ် .. ( စိနတွေတောင် ပြန်ဆိုထားသေး )

Htar Htar Myint တို့ ကတော့ စစ်ကိုင်းတောင်နဲ့ သခွတ်ပန်းသီချင်းကို ရေလည်ကြွေတယ် စစ်ကိုင်းတောင်သီချင်းကြားရင် ချက်ချင်းမန်းလေးကို ပြေးချင်စိတ်ပေါက်တာ

ATK အဲဒါတွေက ကလေးတုန်းက ကြိုက်တာ။ အသက်ကလေး ရလာတော့… အချစ်ဦးမေ… ကျွန်တော့်အတွက် တစ်သက်တာ ရှာဖွေတွေ ဘာတွေ ဖြစ်လာတယ်။

ခုကျတော့ မျက်ထားညို ဘာအလိုများမကျ သြော် စကားမဆိုဝံ့အောင်ကွယ် အိုဘယ့် သက်လှယ်တွေ ဘာတွေ ဖိလာတယ်။ ဂျစ်ဂျစ်ကို ဖားရင်းနဲ့ပေါ့(စ်)

Htar Htar Myint ဦးအံကြီးနဲ့ ဆုံတဲ့အကြောင်းကို ဆက်ရေးပေးပါ

ATK ယောက်ျားကြီးတန်မဲ့ မူလိုက်မှနဲ့ တူတယ်။

Minn Thaik တူရိယာလုလင် သီချင်းထဲက အရွယ်အားဖြင့်သော ငယ် ” အား ” ပင်ဆိုတဲ့နေရာမှာ ဘာလို့ ” အား ” ဆိုတဲ့ အသုံး ရေးသုံးတာလဲ ဆိုတာ နားမcည် ဘူးဖြစ်နေလို့ဆရာ .. အားငယ်တဲ့ သဘောလား .. ?

ATK မဟုတ်ဘူးဗျ။ ငယ်နိုင်အားတယ်ဆိုတဲ့ သဘောနဲ့ ရေးတာ။ အားကြီး ငယ်တယ်ပေါ့ဗျာ။

Minn Thaik ငယ်ပြီးခါမှ နုထွားကြီးမို့ရှုတိုင်းရင် ဆိုတာ ကန့်လန့်ဖြစ်နေလို့။

ATK ကတောက်… သည်အရွယ်ကြီး ရောက်နေမှ သည်ဒါ့ပုံဆရာ နုထွားဂျီးဒေ မမြင်ဖူးဘူးဆိုရင် စင်းတီတုံးပေါ် တင်ပြီး ငရုတ်ကျည်ပွေ့နဲ့သာ ထုလိုက်တော့ဗျာ။ (ဒါ့ပုံရိုက်တဲ့ လက်ကို ပြောတာနော်)

Minn Thaik အဲဒီတုန်းကပေါ့ဗျ .. လူကလေးနဲ့တွေ့ကြရာတွင် ..ဆိုတာလည်း .. သိပ်မရိုးသားပုံကျတယ်

ATK ဘယ့်နှယ့် လူဂလေး ဖိတွားရဒါဒုံး။ Thaik ဆြာ လိုင်းပြောင်းတော့မလို့လား။ သတ်သတ်တော့ လွတ်သားပဲ။ ဒါဆိုလည်း သငယ်လေးနဲ့ တွေ့ကြရာတွင်လို့သာ ဒဲ့ ပြောင်း စမ်းပါဗျာ။

အဲဒီ့ထက် မရိုးတဲ့ သီချင်းရှိပါသဗျား။ အဲဒါတော့ ဦးအံ့ကြီးမဟုတ်ဘူး။ ကြွယ်ကြွယ်ဆိုတာ အပျော့ဆွဲတဲ့။ သေချာ စဉ်းစားကြည့်။ ဘာကို ပြောတာလဲဆိုတာ။

သူ့ထက်ဆိုးတာက မူလက မြို့မ ကိုဗစိန်ဆိုပြီး နောက်ကျတော့ ၀င်းဦးဆိုမှ ကျော်ကြားသွားတဲ့ မပြီးသေးသော ပန်းချီကား။

Minn Thaik ဆရာ့ ဆရာကြီးတွေကတော့ ဆုံးခါနီးမှ အဓိက သော့ချက်တွေ့သွားရှာကြတာ

၂၀၁၅ ဖေဖော်ဝါရီ ၂၁

ဦးအံ့ကြီးရဲ့ သီချင်းတွေထဲမှာ ၀ိုင်းနဲ့သာဆို ကျွန်တော် လုံးလုံးမဆိုရဲတဲ့ သီချင်းတစ်ပုဒ် ရှိတယ်။ အဲဒါက မြိုင်ထပဲ။ မြိုင်ထကို ဦးအံ့ကြီးဆိုထားတာ ကောင်းလိုက်တာဗျာ။ သီချင်းက ၁၄ မိနစ်လောက် ကြာတာ။ ရွာစား စိန်ဘမောင်ရဲ့ တီးကွက်တွေကလည်း လှမှလှပဲ။ (https://www.youtube.com/watch?v=6A6uU215H1I သည်မှာ နားဆင်လို့ ရပါတယ်။)

အဲဒီ့မြိုင်ထမှာလည်း ကျွန်တော့် အစုတ်တွေ ရှိသေးတယ်ဗျ။

ကျွန်တော့် အစုတ်ထုပ် (၄)

မနေ့က ပြောခဲ့တဲ့ ချစ်ဖူးသူရဲ့ အိမ်မှာ သီချင်းတွေ ဖွင့်ထားတုန်းက သည်မြိုင်ထလည်း ပါတာပေါ့။ ကျွန်တော်လည်း လိုက်အော်နေတာပေါ့။

အဲဒီ့ချစ်ဖူးသူရဲ့ နာမည်မှာ “လှိုင်”ပါတယ်ခင်ဗျ။ (အခု ကျွန်တော့် အိမ်သူ ဂျစ်ဂျစ်ရဲ့ နာမည်မှာလည်း “လှိုင်”ပါပြန်တယ်။ လှိုင်နဲ့ ရေစက်လို့ပဲ ဆိုကြပါစို့ရဲ့။)

အဲဒီ့ မြိုင်ထ အချပိုဒ်နား ရောက်ခါနီးမှာ “မြိုင်မြိုင်မြိုင် လုံးရယ်၊ ကြိုင်ကြိုင်ကြိုင်လုံးရယ်၊ မြိုင်လုံးရယ်၊ လှိုင်လုံးရယ်၊ မြိုင်လုံးရယ် မွှေးးးး မြိုင်လုံးရယ်မွှေး”လို့ ဆိုထားပါရောလား။

အဟဲ… ကျွန်တော့် ချစ်ဖူးသူ လှိုင်က အကောင်သေးတယ်။ အလုံးအဖန်လည်း သေးတယ်။ ခုခေတ်လိုဖြင့် ဆလင်း(မ်)ပေါ့ဗျာ။ သူက ဆူပါ ဆလင်း(မ်)။ အဲတော့ အဲဒီ့ သီချင်းအချပိုဒ်ရောက်ရင် ကျွန်တော်က “မြိုင်လုံးရယ်၊ ကြိုင်လုံးရယ်၊ လှိုင်လုံးရယ် သေးးးးး”လို့ ခပ်တိုးတိုး ဆိုပြီး သူ့ကို စခဲ့ဖူးပါရောလား။ သူက ကျွန်တော့်လက်မောင်းကို တဖတ်ဖတ် ရိုက်ပေါ့ဗျာ။

အဲဂလို ကျွန်တော့်အစုတ်တွေက ဦးအံ့ကြီးသီချင်းတွေထဲမှာ ရှိသဗျ။

ဦးအံ့ကြီးရဲ့ ထူးခြားချက် နှစ်ချက်

တကယ့်တကယ်ကျတော့ ဘ၀တစ်သက်တာအတွင်းမှာ ဦးအံ့ကြီး စုစုပေါင်း သီဆို အသံသွင်းသွားခဲ့တာ အပုဒ်ရေ ၆၀ လောက်ပဲ ရှိတယ်။ အရေအတွက် နည်းနည်းနဲ့ အရည်အသွေး အပြည့် ဆိုသွားတာမို့ သူ့ဆိုဟန်တွေက တခြားသူ လိုက်မမီအောင် ကောင်းလွန်းနေပါတယ်။

ထူးခြားချက်က ဦးအံ့ကြီးဟာ အစဉ်အဆက် ချမ်းသာတဲ့ ဘီတီဘရားသား(ဇ်) မိသားစုက ဆင်းသက်လာတာပါပဲ။ စိန်လွင်၊ ပလေးဘွိုင်သန်းနိုင်၊ (ယနေ့ နာမည်ကျော် အဆိုတော် မင်းသား လူရွှင်တော် ထွန်းထွန်းရဲ့ ဖခင်) တင်အောင်မိုး၊ ပုလဲ၊ ပီတာဘသိန်း၊ သန်းသန်းနွယ် အစရှိသူများရဲ့ ဦးလေးတော်ပါတယ်။

ချမ်းသာတဲ့ မိသားစုက ဆင်းသက်တာမို့ ဘာမဆို လုပ်နိုင်ခဲ့တဲ့ အနေအထားမှာ ဦးအံ့ကြီးဟာ သူဝါသနာပါတဲ့ ဂီတကို စိုက်လိုက်မတ်တတ် လုပ်ခဲ့တယ်။ သို့သော် တည်တည်တံ့တံ့ လုပ်ခဲ့တာက အင်မတန် ထူးခြားပါတယ်။ ဦးအံ့ကြီးရဲ့ သက်တမ်း တစ်လျှောက်မှာ အရက်၊ ဘိန်း၊ မိန်းမ၊ လောင်းကစား စတာတို့နဲ့ ပတ်သက်ပြီး နာမည်ပျက် မရှိပါဘူး။ အဲဒါက ထူးခြားချက် တစ်ခုပါ။

နောက်တစ်ခုက ရန်ကုန်မှာဆိုရင် ဦးအံ့ကြီးတို့ မိသားစုက လူ့မလိုင် ရေပေါ်ဆီ လူတန်းစားပါ။ ဆိုရှယ်လစ်ခေတ်ဆိုးကြီးမှာတောင် ဦးအံ့ကြီးက မာဆစ်ဒီး(ဇ်)ကားကြီးကို စီးခဲ့သူ ဖြစ်ပါတယ်။

အဲတော့ကာ ခေတ်မီရုံမက ခေတ်ရှေ့ကို ပြေးနေကြသူတွေလို့ တစ်ဖက်က ဆိုနိုင်ပါတယ်။ အဲလို ပုဂ္ဂိုလ်က မြန်မာမှုကို မြတ်မြတ်နိုးနိုးနဲ့ မြိုင်ထလို သီချင်းမျိုးကို အကျ ဆိုသွားခဲ့တာလည်း တကယ့် ထူးခြားချက်ပါပဲ။

နှောင်းခေတ် ဂီတ ၀ါသနာရှင်များ မမေ့အပ်တဲ့ အချက်လို့ ထင်ပါတယ်။

မနေ့က ကျွန်တော့် ဇာတ်လမ်း ပြန်ဆက်ရရင်တော့…

ကျွန်တော့် အစုတ်ထုပ် (၅)

အဟောင်းက အစုတ်ဖြစ်တဲ့အထဲမှာ ဇန်န၀ါရီလ ၂၄ ရက်နေ့က ဘ၀တစ်ပါးကို ကူးပြောင်းသွားလေတဲ့ ကျွန်တော့် ငယ်သူငယ်ချင်းလည်း ပါတယ်။ သူကလည်း ရန်ကုန်မြို့ရဲ့ လူ့မလိုင် ရေပေါ်ဆီ လူတန်းစားက ဆင်းသက်တာပါ။ ခမျာ ကံမကောင်း အကြောင်းမလှလို့ ကျွန်တော့်လို အောက်တန်းစား (ရွဲ့ပြောတာ မဟုတ်ပါ။ အမှန်အတိုင်း ပြောတာပါ။ လူတန်းစားအနေနဲ့ ပြောကြကြေးဆိုရင် ကျွန်တော် ဆင်းသက် ပေါက်ဖွားရာ ရေခံမြေခံက အောက်လွှာပါ။ လူလတ်တန်းစားထဲမှာတောင် မပါခဲ့ရှာပါဘူး။) နဲ့ ကိုယ်ရင့်တတူ ဖြစ်သွားခဲ့ရရှာတာပါ။

အဲဒီ့ သူငယ်ချင်း မိသားစုက ဗြိတိသျှ လက်ထက်ကတည်းက မျက်နှာဖြူများသာ ကြီးစိုးထားရာ ရန်ကုန် ရွက်လှေအသင်းမှာ အစဉ်အဆက် အဖွဲ့ဝင်တွေ ဖြစ်ခဲ့ပါတယ်။ ဦးအံ့ကြီးတို့ မိသားစုလည်း အဲလိုပဲ ထင်ပါတယ်။

အဲတော့ကာ သူငယ်ချင်းက ဦးအံ့ကြီးရဲ့ သားတွေနဲ့ ခင်ပါတယ်။

ဦးအံ့ကြီးအိမ်က ရေချိုးခန်းတစ်ခန်း

သီချင်းကိစ္စနဲ့ ဦးအံ့ကြီးအိမ် မသွားခင်ကတည်းက အဲဒီ့အိမ်က သူ့သားတစ်ယောက်ရဲ့ အခန်းကို ညဘက်ကြီး မူးကြောင်ရူးကြောင်နဲ့ စရောက်ခဲ့ဖူးပါတယ်။ ၁၉၇၀ ပြည့်လွန် အနှောင်းပိုင်း ကာလတွေ ဖြစ်မယ် ထင်တယ်။

မှတ်မှတ်ရရက… အဲဒီ့ ဦးအံ့ကြီး သားတစ်ယောက်ရဲ့ အိပ်ခန်းနဲ့ တွဲလျက် ရေချိုးခန်းပါပဲ။ ရေချိုးခန်းထဲ ရောက်သွားတော့ ဖျားသွားပါတယ်။

သန့်ရှင်းတောက်ပြောင်နေတာများဗျာ… ဧည့်ခန်းကျလို့ပါ။ ရေချိုးခန်းထဲမှာ အလှပြ ဘီရိုလေးလည်း ရှိတယ်။ တကယ့်ကို သာသာယာယာပါ။

အဲတုန်းက နိုင်ငံခြားသားတွေရဲ့ အိမ်တွေကို မရောက်ဖူးသေးတော့ ရေချိုးခန်း တစ်ခန်းဟာ အဲသလောက်တောင် ခမ်းနား တင့်တယ်မှန်း မသိသေးဘူးပေါ့။ ဘ၀မှာ ပထမဆုံးအကြိမ် မြင်ဖူးတဲ့ ခမ်းနားတင့်တယ်လှသော ရေအိမ်ခန်းလို့ ဆိုရပါမယ်။

သီချင်းကိစ္စ မေးချင်လာတော့ အဲဒီ့ သူငယ်ချင်းကိုပဲ အကူအညီ တောင်းရပါတယ်။ သူငယ်ချင်းကပဲ စီစဉ်ပေးပါတယ်။

အဲလိုနဲ့ ရောက်သွားရပြန်ပါတော့တယ်။

အဲ… ရှည်သွားပြန်ပြီဗျာ။

သည်နားလေးမှာပဲ ခဏ ပြန်ရပ်လိုက်ဦးမယ်နော်…

(ဆက်ရန် ဖြစ်ပြန်ပြီပေါ့။)

အဲဒီ့အထိမှာ ပြောကြဆိုကြတာလေးတွေ

Maung Maung Myint ရေအိမ်ထဲမှာ အကြာကြီး မနားနဲ့ဗျာ

Oakker Seithu ဆန့်တငင်ငင် ဖြစ်ပြန်ပြီ

ATK ခွေးလွှတ်ပါဂျာာာာာ… ခုတစ်လော ခိုးရီးယား အခမ်းဆက် ဇာတ်လမ်းတွဲတွေ ကြည့်ဒါများပီး ဒါ့ကူးတွားလို့ဘာာာာာ

Nge Thar ငင့် ရက်စက်သူကြီး

Oakker Seithu ခိုရီးယားကားက ဒီနေ့ဇာတ်သိမ်းပြီ ဟီး ဆရာလည်း သိမ်းလိုက်တော့

Lutha Kyaw ကောင်းတယ်ဗျာ။ အဲသည်လို ပင်ကိုယ်အတွေ့အကြုံတွေ ဖတ်ချင်တာ။ သည်ကာလမှာ အဲသည်ကာလလို အတုယူစရာ လူတွေ ဖြစ်စဉ်တွေ နည်းသွား ထင်ပါ့။

Win Min Oo Comet ဆရာကငယ်ငယ်လေးရှိသေးတာကို အတင်းဇာတ်သိမ်းခိုင်းရလား ကဥက္ကာ

ဆရာဇာတ်မသိမ်းသေးရင် နောက်တစ်ခန်းဆက်ပါတော့ စုပြီးတော့ စာအုပ်ပြန်ထုတ်လို့ရတယ် ဦးသုတို့လိုပေါ့

Oakker Seithu အဲလို သဘောဖြစ်သွားတာလားကို Win MinOoComet ဟိဟိ

ATK အခုမှ မီးသီးခြင်ထောင် မထောင်ဘာနဲ့ အုတ်ကာ ဆိတ်အု။ နီပါးစပ်ဟရင် အူဘယ်နှခွေ ရှိမှန်း မသိရှာဘဲ နီလှိမ့်တိုင်း ယုံမှာ Ei San တစ်ယောက်တည်း ရှိတယ်လို့ မှတ်ပါ။

Ei San ဆရာပြောမှပဲ ကွကိုတောင်တော်တော်သနားတွားဒယ်….

Khin Myo ဟာာာာာ စာဖတ်လို့ကောင်းတုန်း မီးပျက်သွားသလိုပဲ ပါပါးရယ်

Thet Chow ဟိုးအရင်က အခန်းဆက် ဝတ္ထုရှည်လိုပေါ့။ ဆွဲဆန့် ပလိုက်ပြီးပရိသတ်ရဲ့ comment တွေ ပါထဲ့ပြီး စာအုပ် ပြန်ထုတ်ပါလား ဖတ်လို့ကောင်းတယ်။

၂၀၁၅ ဖေဖော်ဝါရီ ၂၅

စထားပြီး အဆုံးမသတ်ရသေးတာလေး ပြန်ဆက်လိုက်ဦးမယ်။

အဆိုတော် ဦးအံ့ကြီးဆီ ကျွန်တော် သွားတွေ့တဲ့ အမှု။

အနိုင်နဲ့ ပိုင်းသွားခြင်းပေလော

အမှန်တော့ သွားတွေ့မယ်လို့ အားထုတ်ကတည်းက သူ့သားတွေဆီက တစ်ဆင့် ပြန်ကြားရတာက ဦးအံ့ကြီးသည် ဂီတလောကကို ကျောခိုင်းလိုက်ပြီ၊ ဘာဆိုဘာမှ မပတ်သက်တော့ဘူးဆိုတဲ့ စကားပါပဲ။ ဒါ့ကြောင့် ကျွန်တော် သွားတွေ့လည်း တွေ့တွေ့ပဲဆိုတဲ့ သဘောမျိုးပါ။

တော်တော် အံ့သြစရာ ကောင်းတာပါပဲ။

ဦးအံ့ကြီးသည် ဂီတကို ၀ါသနာကြီးတဲ့ ပုဂ္ဂိုလ်။ ၀ါသနာကြီးကြီးနဲ့ အပော်ျတမ်း လုပ်ခဲ့ရာက အောင်မြင်ထင်ရှားတဲ့သူ။ ဂီတ၀ါသနာနဲ့ ကိုယ်ကျင့်မှန်ကန်တဲ့ အနေအထိုင်ကြောင့် လေးစားထိုက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်။

အဲလို ပုဂ္ဂိုလ်ကြီးက ဂီတကို သစ်စိမ်းချိုး ချိုးလိုက်တာ တော်တော်တော့ အံ့အားသင့်စရာ ကောင်းပါတယ်။

တစ်သက်တာ ဂီတဆုရချိန် အသက် ကိုးဆယ်ကျော်အရွယ်မှာတောင် ကျန်တာတွေတော့ သိပ်မမှတ်မိတော့ဘူး၊ သီချင်းတွေကိုတော့ မှတ်မိနေသေးတယ်လို့ လူသိရှင်ကြား ပြောသွားခဲ့တာပါ။

အဲလို ပုဂ္ဂိုလ်က အရွယ်လည်းကောင်းသေး၊ အဆိုလည်း ကောင်းသေး၊ အောင်မြင်မှုတွေလည်း ရနေသေးတဲ့ အချိန်မှာ ဂီတလောကကို လုံးလုံးကြီး ကျောခိုင်းလိုက်တာဟာ ကျွန်တော့်အတွက်တော့ ယနေ့ထက်တိုင် အဖြေမသိတဲ့ ပဟေဠိတစ်ပုဒ် ဖြစ်နေပါတယ်။

တစ်ဖက်က ပြောရင်တော့ အောင်မြင်မှုနဲ့ အနိုင်ပိုင်းလိုက်တာလို့ ဆိုနိုင်ပါတယ်။ ဦးအံ့ကြီး နာမည်ကျသွားတယ်ဆိုတာ မရှိခဲ့ဘူး။ အောင်မြင်နေချိန်မှာ တိခနဲ ရပ်ချလိုက်တာမို့ သူ့အောင်မြင်မှုက ကျန်ရစ်နေခဲ့ပါတယ်။

ဝင်းဦးဟာ သူ့ဘ၀တစ်သက်မှာ သီချင်းတွေ ရာနဲ့ ချီပြီး ဆိုသွားခဲ့တယ်။ သီချင်းဆိုရမယ်ဆိုရင် ၀င်းဦးသာ ခေါ်လိုက်၊ အလကားဆိုပေးတဲ့သူ။ သီချင်းဆိုခ ဘယ်တုန်းကမှ ယူမသွားတဲ့သူ။

ဦးအံ့ကြီးက ၀င်းဦးလို မဟုတ်ဘူး။ သီချင်းတွေ အများကြီးဆို မသွားခဲ့ဘူး။ စုစုပေါင်းမှ အပုဒ် ၆၀ လောက်ပဲ ဆိုသွားတာ။ သူ့သီချင်းတိုင်း၊ အပုဒ်တိုင်းက စွဲမက်စရာတွေချည်းပဲ။

နောက်တစ်ခုက ဦးအံ့ကြီးက နိုင်ငံတော် မူဝါဒ သီချင်းတွေ တစ်ပုဒ်မှ ဆိုမသွားခဲ့ဘူး။ ၀င်းဦး၊ မာမာအေး အစရှိတဲ့ အဲဒီ့ခေတ် ကျန်တဲ့ ထင်ရှားသူ အဆိုတော်တွေ မူဝါဒသီချင်းတွေ ဆိုခဲ့ကြဖူးပေမယ့် ဦးအံ့ကြီး မဆိုခဲ့ဘူး။ (ကိုသန်းလှိုင်၊ ကိုမြကြီးတို့လည်း ကျွန်တော် သိသလောက် မဆိုခဲ့ကြဘူး ထင်ပါတယ်။)

သို့သော် နိုင်ငံတော်က ဖိတ်ရင် ဦးအံ့ကြီးသည် သူ့ မာဆစ်ဒီး(ဇ်)ကြီးနဲ့ အကော်ဒီယံ တစ်လုံးနဲ့ အမြဲ ရောက်လာခဲ့တတ်တာချည်းပါပဲ။

တွေ့ခွင့်တောင်းပြီ

အဲဒီ့ကနေ ဆိုခဲ့တဲ့အတိုင်း ၁၉၈၀ ၀န်းကျင်မှာတော့ ဦးအံ့ကြီးက ဂီတလောကကို တိခနဲ အဆက်ဖြတ်လိုက်တယ်။

ကျွန်တော့်မှာကလည်း သိချင်နေတယ်။ အစဉ်ပဲ စိမ်းနေတဲ့ မောင့်နေရင်း အရပ်နဲ့ နဂိုနေ ယဉ်ရှာသူ မခို့တရို့နဲ့ ဘယ်လို ချိတ်ရမှန်း မသိဖြစ်နေတာကိုး။

ဒါနဲ့ တွင်တွင်ငြင်းနေတဲ့ ကြားကပဲ ဇွတ်အတင်း မေတ္တာရပ်ခံပြီး တွေ့ခွင့် တောင်းလိုက်ပါတယ်။

ကျွန်တော်က ငယ်ငယ်လေး လူမှန်း စသိကတည်းက လူမကြောက်တတ်ဘူး။ ဘယ်သူနဲ့မဆို တွေ့ရဲ ပြောရဲတဲ့ ဇကလေးက ရှိတယ်။ ပင်ကိုဗီဇ ဖြစ်မယ် ထင်ပါတယ်။ လေ့ကျင့်ပျိုးထောင်ယူထားတဲ့ အမူအကျင့် မဟုတ်ပါဘူး။

ကျွန်တော့် နာမည်မှာ ရဲမပါပေမယ့် ကျွန်တော်က ရဲပါတယ်။ လူမကြောက်တတ်ဘူးပေါ့။

အဲဒါနဲ့ ဦးအံ့ကြီးကလည်း နောက်ဆုံးမှာ တွေ့ခွင့်ပေးပါတော့တယ်။

သည်နားလေးမှာ ထပ်ရပ်ရင်တော့ ပရိသတ်က ကျိတ်ဆဲမယ့် ကိန်းရှိသဗျ။ ဒါ့ကြောင့် ဆက်ရေးမယ်နော်။ (ကြောက်လို့) 😛

ဝင်ဒါမီယာက သူ့အိမ်ကြီးမှာ သွားတွေ့တာပါ။

လူကုံထံ အထက်တန်းလွှာစစ်စစ်တို့ရဲ့ စရိုက်

အဲတုန်းက ဘာအမှန်းကမ်းလမ်းမှ မသိခဲ့ပေမယ့် အခုအချိန်မှာတော့ သဘောပေါက်နေပါပြီ။ လူကြီးလူကောင်း၊ မိကောင်းဖခင် သားသမီးတွေ ဘယ်လို နေထိုင် ပြုမူ ပြောဆိုကြတယ်၊ ဘယ်လို ရည်မွန် ယဉ်ကျေးကြတယ်ဆိုတာကို အခုတော့ ကောင်းကောင်း သဘောပေါက်နေပါပြီ။

လူ့မလိုင် ရေပေါ်ဆီ လူတန်းစားမှာလည်း လူတွေ အမျိုးမျိုး ရှိပါတယ်။ ဦးအံ့ကြီးတို့လို ဘိုးစဉ် ဘောင်ဆက် ကြွယ်ဝလာသူတွေရဲ့ လူတန်းစား စရိုက်နဲ့ ခေတ်ပျက်သူဌေး ထဖြစ်ပြီး ရေပေါ်ဆီ လူ့မလိုင် လူတန်းစားထဲ ၀င်ဆံ့သွားတဲ့ လူတန်းစား စရိုက်နဲ့တောင် မတူဘူး။

ပုံမှန်အားဖြင့် သူတို့တွေလည်း လူတွေပဲ။ စိတ်တွေ ရှိကြပါတယ်။ သို့သော် တကယ့် ဘိုးစဉ် ဘောင်ဆက် ကြွယ်ဝလာတဲ့ ရေပေါ်ဆီ လူတန်းစားကတော့ အခါခပ်သိမ်း သိမ်မွေ့ပါတယ်။ ယဉ်ကျေးပါတယ်။

ကွယ်လွန်သွားတာ မနေ့က တစ်လပြည့်သူ ငယ်သူငယ်ချင်းနဲ့ အနီးကပ်နေခဲ့ဖူးရာမှာ သူတို့ တစ်မိသားစုလုံးနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံဖူးပါတယ်။ သူတို့လည်း တကယ့် ရေပေါ်ဆီ လူတန်းစားပါ။

သူတို့ သားအမိတွေ ငြင်းခုန်နေကြတာ၊ သဘောထား ကွဲလွဲနေကြတာတွေကို အကြိမ်များစွာ မြင်ဖူး ကြားဖူးခဲ့ပေမယ့် ရုန့်ရင်းတဲ့ အပြောအဆို အသုံးအနှုန်းကို သူနဲ့ ပေါင်းခဲ့တဲ့ ကျွန်တော့် တစ်သက်မှာ တစ်ခါဆို တစ်ခါမှ မကြားခဲ့ဖူးပါဘူး။

အဲ… ခေတ်ပျက်သူဌေးတွေကနေ ရေပေါ်ဆီ တန်းဝင်လာခဲ့ကြသူတွေမှာတော့ အဲလို မဟုတ်ဘူးခင်ဗျ။ အပေါ်ယံမှာ သိမ်မွေ့ပြနေပေမယ့် အရေးအကြောင်းကျ သူတို့ ပါးစပ်က အယုတ္တအနတ္တတွေ ထွက်လာတာလည်း ကြိမ်ဖန်များစွာ နားနဲ့ ဆတ်ဆတ် ကြားဖူးပါတယ်။

ကျွန်တော့် အစုတ်ထုပ် (၆)

ကျွန်တော်ကတော့ ဆိုခဲ့တဲ့အတိုင်း အောက်တန်းစားပါ။ အဲတော့ ကျွန်တော့်ပါးစပ်က တော်တော် ပဲ့ပါတယ်။ အတော့်ကို ရိုင်းရိုင်းစိုင်းစိုင်း ပြောဆို သုံးနှုန်းတတ်သူပါ။

ဆန့်ကျင်ဘက်ချင်း ဆွဲဆောင်မှု ရှိတယ်ပဲ ဆိုရမလားတော့ မသိဘူး။ ကျွန်တော့် အိမ်သူနဲ့ သူ့မိသားစုကတော့ အင်မတန် ယဉ်ကျေးပါတယ်။ လူတစ်ယောက်ကို ခွေးနဲ့ နှိုင်းပြီး ဆဲဖို့တောင် ၀န်လေးသူများပါ။

သူတို့ကကျတော့ ရေပေါ်ဆီလို့ ဆိုနိုင်မယ် မထင်ဘူး။ သို့သော် တမင်ကလာ ဇာတ်မြှုပ်ထားခဲ့ကြလို့ ဇစ်မြစ်သာ သေချာ လိုက်လို့ မရတယ်။ သူ့အမေဘက်က ရှေးခေတ် တလိုင်း မှူးမတ်ရာဇာ အသိုင်းအ၀ိုင်းက ဆင်းသက်တာလို့ နားလည်ထားပါတယ်။ သူ့အမေကိုယ်တိုင်က စိတ်တိုရင် အော်တတ် ဟစ်တတ်ပေမယ့် ဆဲသံ ဆိုသံတော့ တစ်ခါဆို တစ်ခါမှ မကြားခဲ့ဖူးပါဘူး။

အမိမယုတ်တော့ သူတို့တွေ နှုတ်မကြမ်းဘူးပေါ့ဗျာ။

ကျွန်တော့် သားသမီးတွေ ကံကောင်းတယ်လို့ ဆိုရပါလိမ့်မယ်။ သူတို့ အမေက မယုတ်ရှာတော့ နှုတ်မကြမ်းရှာပါဘူး။

အဲ… ကျွန်တော်က ယုတ်တော့ ခမျာများ ကိုယ်အမူအရာလေးတွေတော့ ကြမ်းချင် ရှာတယ်ခင်ဗျ။

(ရေးရင်း တောရောက် တောင်ရောက်နဲ့ ချော်တောငေါ့ကုန်တာကြောင့် လေက ရှည်သွားပြန်ပြီ။ ခွေးလွှတ်ကြပါဗျာ။ နောက် ဆက်ရေးပေးမယ်နော်)

သည်အထိမှာ ပြောကြဆိုကြတာလေးတွေ

Cho Thanthar ဆက်ရေးပါဆရာ မျှော်နေပါ့မယ်။

‘Song Thiri’ “ဘိုးစဉ် ဘောင်ဆက် ကြွယ်ဝလာသူတွေရဲ့ လူတန်းစား စရိုက်နဲ့ ခေတ်ပျက်သူဌေး ထဖြစ်ပြီး ရေပေါ်ဆီ လူ့မလိုင် လူတန်းစားထဲ ၀င်ဆံ့သွားတဲ့ လူတန်းစား စရိုက်နဲ့တောင် မတူဘူး။” 

အဲဒီ့ စကားကိုတော့ အပြည့်အဝ ထောက်ခံတယ် ဆရာ။ မပြည့်တဲ့ အိုးတွေကပဲ ဘောင်ဘင်ခတ်ကြတာ မဟုတ်လား ဆရာ။

Nyunt Thaw Sigh !!!!!

ATK Why, my dear Nyunt Thaw?

Nyunt Thaw I want to know more about the interview, my friend ! Anyway, I can wait . LOL

ATK Thank you, dear. I didn’t know that you were interested.

Nyunt Thaw ဆရာ ဒီလောက်ထိ စာအရေးအသား ကောင်းလိမ့်မယ်လို့ ထင်မထားမိဘူး 

ဒါကြောင့်လည်း နာမည်ကျော်တာပေါ့နော်

ATK မနောက်ပါနဲ့ အူးလေးရယ်

Htar Htar Myint ကွီရီယား ကားကြည့်နေရသလိုပဲ လိုရင်းက မရောက်တော့ဘူး မြန်မြန်ဇတ်သိမ်းပါဗျို့ 

Lwin Maung Maung တူရေးလည်း တော်တော်ကို ဂီတကို စိတ်ဝင်စားသကိုး.. ဒါနဲ့ ဇာတ်မသိမ်းသေးဘူးလား. ချစ်ဖူးသူကလည်း ခဏခဏပါတော့.. ဦးအံ့ကြီးအကြောင်းများ ပြောချင်တာလား.. ချစ်ဖူးသူကိုသတိရနေတာလား သိပါဘူး.. ဟွင်းဟွင်း

ဒါပေမယ့် သမိုင်းကြောင်းလေးတွေ နားထောင်ရတော့ အဘိုးက မြေးတွေကို လသာသာအောက်က ကွပ်ပျစ်ပေါ်မှာ ထိုင်ပြောနေသလိုပါပဲ.. ဖတ်လိုက်ရတိုင်း စိတ်ဝင်းစားစရာပါ…

Kh My Khaing ဟွန်း ဒီနေ့လည်းတွေ့ခွင့်ရတာနဲ့ ဆုံးသွားပြန်ပြီ။ မျော်တလင့်လင့်

Oakker Seithu ဆရာ့စာဖတ်ရတာလည်း ကျွှန်တော်တို့ဘက်က တောင်ပေါ်ရွာတွေကို ခရီးသွားနေသလိုပဲ… 

တောင်တစ်ခုကျော်သွားလို့ ရွာကို လှမ်းမြင်နေရတာနဲ့ ရောက်ပြီလား မှတ်တယ်၊ ဆက်သွားလိုက်တော့ နောက်ထပ်တောင်တစ်လုံး ခံနေပြန်ရော… အခုလည်း ရောက်တော့မလိုလိုနဲ့ …

Khin Myo မီးပျက်သွားပြန်ပီကွာ…

၂၀၁၅ ဖေဖော်ဝါရီ ၂၆ 

ဖူးစာ

မောင်နဲ့အတူ ♫ မေလည်း လွမ်းတတ်မယ် ထင်တယ် ♫ တွေ့ဆုံပုံရယ် ထူးတယ်ဆိုမယ် ♫ နဖူးစာ ရွာလည် ♫

ဖူးစာလို့ အမည်ရတဲ့ ဦးအံ့ကြီးရဲ့ သီချင်းလေးက ကျွန်တော် နှုတ်တက်ရွရွ တမြတ်တနိုး ဆိုလေ့ ရှိတဲ့ သီချင်းလေးပါပဲ။

သို့သော် ကလေးအရွယ်မှာ စာသားတွေ သိပ်မသိသေးပေမယ့် စွဲစွဲလန်းလန်း လိုက်အော်နေဖူးတာကတော့ နှစ်တိုင်းပင် သခွပ်ပွင့်ချိန်မှာ သိကြားနဲ့ အသူရာ သမက်နဲ့ ယောက္ခမ ဘောက်ကျလို့လည်း အားမရနိုင်ရှာ ဒါကို အားမကျဖို့ မယားအလှ တောင်းပန်ရှာ ယောက္ခမဆိုရင် တည့်အောင်ပေါင်း ကျောင်းကိုထုတ် ဥပုသ်ရက်ရှည် စောင့်ခိုင်းမှာ… သာ ဖြစ်ပါတယ်။

ဆိုခဲ့တဲ့အတိုင်း Rangoon Theatre Club မှာ ဇာတိမာန်တွေ ပြလာတာကြောင့် ဦးအံ့ကြီးရဲ့ သုံးရာသီ သီချင်းကို အင်္ဂလိပ်စာသားနဲ့ ဆိုဖို့ စိတ်ကူးခဲ့ပါတယ်။

သည်နေရာမှာ Rangoon Theatre Club အကြောင်းလေး နည်းနည်း ပြောပြဖို့ လိုမယ် ထင်တယ်။

ကျွန်တော့် ကျေးဇူးရှင်များ

မူရင်းက Rangoon Amateur Theatre Club (RATS) (ရန်ကုန် အပျော်တမ်း ပြဇာတ်အသင်း) ရယ်လို့ ဖြစ်ပါတယ်။ ၁၉၄၈ နောက်ပိုင်းမှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး အဲဒီ့အချိန်က သေနာပတိ ဗိုလ်ချုပ်နေ၀င်းက အဲဒီ့ အသင်းရဲ့ နာယကဖြစ်ပါတယ်။

ဖွဲ့စည်းခဲ့တုန်းကတည်းက မြန်မာပြည်ရောက် နိုင်ငံခြားသားများရဲ့ ပြဇာတ်အသင်းပါ။ ကုန်သည်တွေ ပါတယ်၊ သံတမန်တွေပါတယ်၊ ကုလသမဂ္ဂလို အဖွဲ့အစည်းတွေက ၀န်ထမ်းတွေ ပါတယ်။ မျက်နှာဖြူတွေချည်း မဟုတ်ဘဲ တခြားနိုင်ငံသားတွေနဲ့ အဲဒီ့ အသိုင်းအ၀ိုင်းမှာ ၀င်ဆံ့တဲ့ မြန်မာတွေလည်း ပါဝင်ခဲ့ပါတယ်။

အဲဒီ့အသင်းက နောက်ကျတော့ အလိုလို ပျောက်ကွယ်သွားခဲ့တယ်။ ကျွန်တော့် စိတ်ထင် ၄-၅-၁၀ နှစ်ပဲ ခံလိုက်မယ် ထင်တယ်။

အဲဒီ့ကနေ နှစ်များစွာအကြာ ၁၉၈၀ ပြည့်လွန်နှစ်များမှာ အဲဒီ့အချိန်က ဗြိတိသျှ သံအမတ်ကြီး ကတော် Mrs Susan Fenn က အမှိုက်ရှင်းရင်းနဲ့ အဲဒီ့ RATS သဲလွန်စတွေ သွားတွေ့ပါတော့တယ်။ သံအမတ်ကတော်ကလည်း ပြဇာတ်ကို ၀ါသနာပါတဲ့သူ။ သည်မှာတင် သူက အဲဒီ့ အသင်းကို ပြန်လည် အသက်သွင်းဖို့ အားထုတ်ပါတော့တယ်။

ကျွန်တော်က အဲဒီ့အချိန်မှာ အလုပ်သင်ရှေ့နေ။ ပန်းဆိုးတန်းက နာမည်ကျော် နိုထြီပဗ္ဗလစ်(ခ်) ဆရာကြီး ဦးတင်မောင်ကြူရဲ့ လက်အောက်မှာ အလုပ်သင် ရှေ့နေအဖြစ် လုပ်နေချိန်ပါ။

ဆရာ့ရဲ့ အမှုသည် တစ်ဦးဖြစ်တဲ့ ဦးဘချစ်ဆိုသူ မူဆလင် အမျိုးသားကြီးက ဗြိတိသျှ သံရုံးရဲ့ ကန်ထရိုက်တာအဖြစ် အဆောက်အအုံတွေ မွမ်းမံထိန်းသိမ်းရေးကို ဆောင်ရွက်နေပါတယ်။

တစ်ရက်မှာသူက ဆရာဦးတင်မောင်ကြူ့ဆီ လာရင်းနဲ့ ပြဇာတ်လက်မှတ်တွေ ဝေပါတယ်။ ကျွန်တော် ထင်တယ်။ ၁၉၈၃ ခုနှစ်လောက် ဖြစ်ပါလိမ့်မယ်။ တစ်ရုံးလုံးကို ဝေတာပါ။ အဲဒီ့အချိန်က ကျွန်တော်နဲ့အတူ အလုပ်သင်နေတာက ဆရာဦးတင်မောင်ကြူရဲ့ သားအရင်းခေါက်ခေါက် ကျွန်တော့် သူငယ်ချင်းရယ်၊ (အခု သူကြွယ်ကြီးဖြစ်နေလေတဲ့) ခပ်ဖြောင့်ဖြောင့် တောင်ကြီးသား အောင်ကျော်မိုးရယ်တို့ပါပဲ။ အဲတော့ ဆရာအပါအ၀င် လက်မှတ် လေးစောင် ရလာပါတယ်။

အဲဒီ့ လက်မှတ် လေးစောင်အနက်မှာ တကယ်တမ်း ရွပ်ရွပ်ချွံချွံ သွားကြည့်တဲ့သူက ကျွန်တော်သာ ဖြစ်ပါတယ်။ ကျန်တဲ့သူတွေ တစ်ယောက်မှ မသွားကြပါဘူး။

ကျွန်တော့်အစုတ်ထုပ် (၇)

ကျွန်တော်က အနုပညာ ပိုးပေါင်းစုံ ရှိတဲ့သူပါ။ ကျွန်တော့် ၀ါသနာနဲ့ ကိုက်တာက တစ်ကြောင်းဖြစ်ပါတယ်။ နောက်တစ်ကြောင်းကတော့ ကျွန်တော့်ကိုယ် ကျွန်တော် အားမရတာပါ။ ကျွန်တော်က အဲဒီ့အချိန်မှာ အင်္ဂလိပ်စာ ကျူရှင်ဆရာ လုပ်နေပါပြီ။ ကိုးတန်း ဆယ်တန်းကိုသာမက တက္ကသိုလ် ဒုတိယနှစ်တန်းတွေအထိ အင်္ဂလိပ်စာ သင်ပေးနေပါတယ်။

သင်သာ သင်ပေးနေတယ်၊ ကျွန်တော့် အင်္ဂလိပ်စာ အပြောစွမ်းရည်နဲ့ နားထောင်နိုင်မှု စွမ်းရည်က ချာတူးကို လန်နေပါတယ်။ ရေးထားရင် ကောင်းကောင်း ဖတ်နိုင်တယ်။ ဝေါဟာရတချို့ကို မသိရင် အဘိဓာန် အားကိုးလို့ရတယ်။ ကိုယ်တိုင် ရေးဆိုလည်း အဘိဓာန်အကူအညီနဲ့ ရေးလို့ ဖြစ်တယ်။

သို့သော် ပြောရင် သိပ်နားမလည်ဘူး။ အထူးသဖြင့် ဘိုင်စကုပ်ကြည့်တဲ့အခါ သူတို့တွေ ပြောဆိုနေကြတာကို နားမလည်ဘူး။ ကိုယ်တိုင် ပြောဆိုလည်း ခွေးအကြီး လှည်းနင်းသလို ဖြစ်နေတယ်။

ဆရာဦးတင်မောင်ကြူက အင်္ဂလိပ်စာ အင်မတန် ထူးချွန်တဲ့ ပုဂ္ဂိုလ်။ ဆရာက မြန်မာစာကနေ အင်္ဂလိပ်လို ဘာသာပြန်ရင် ညွန့်နေအောင် ပြန်နိုင်တယ်။

ကျွန်တော် နောက်ပိုင်း ဘာသာပြန်စားတဲ့အခါ ဆရာ့ဆီက သင်ယူမှတ်သားခဲ့ရသမျှကို ပြန်လည် အသုံးချနိုင်ခဲ့တာမို့ အထိုက်အသင့် အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒါလေးကို ပြန်ရေးတဲ့ အခါ ဆရာဦးတင်မောင်ကြူရဲ့ ကျေးဇူးကို မမေ့မလျော့ ဖော်ပြရင်းနဲ့ ဆရာ့ကို ရိုကျိုးစွာ ရှိခိုးပူဇော်အပ်ပါတယ်။

ဆရာက အင်္ဂလိပ်လိုလည်း မွှတ်နေအောင် ပြောနိုင်တယ်။ သို့သော် ကျွန်တော့်ခမျာလေးမှာတော့ ခွေးအ လှည်းနင်း။

အကြောင်းရင်းကို ဆန်းစစ်တော့ နားရည်မ၀၊ ပြောခွင့်မကြုံလို့သာ ဖြစ်နေတာကို သတိထားမိပါတယ်။

ကျွန်တော်တို့ ဖြတ်သန်းရတဲ့ ခေတ်က အင်္ဂလိပ်လို ပြောဆို ရေးဖတ်နေရင်ပဲ ဘိုရူးဆိုပြီး ပတ်ဝန်းကျင်တစ်ခုလုံးက နှာခေါင်းရှုံ့နေတဲ့ ကာလ၊ တလွဲ ဇာတိမာန်တွေ ထက်သန်နေတဲ့ အချိန် ဖြစ်ပါတယ်။ အဲတော့ ကျွန်တော့်မှာ စကားပြောကျင့်စရာ ၀န်းကျင် မရှိဘူး။

ဝင်ကြေး သုံးကျပ် 

ရန်ကုန်ပြဇာတ်အသင်းက ပြဇာတ်လက်မှတ်ရချိန်မှာတော့ မရောက်ဖူးတဲ့ အသိုင်းအ၀ိုင်းတစ်ခုထဲ စပ်စုကြည့်ရုံလောက် အတွေးနဲ့ သွားကြည့်တာပါ။

ပြဇာတ်နာမည်က ချာလီ့ကြီးတော်တဲ့။ အင်္ဂလိပ်လိုကတဲ့ ပြဇာတ်ကို ကျွန်တော့်တစ်သက်မှာ အဲဒါ ပထမဆုံး ကြည့်ဖူးတာပါ။

ထူးခြားတာက ဇာတ်ကွက် လေးကွက်ကို စင်လေးစင် ဆောက်ထားပြီး ပရိသတ်က နေရာရွှေ့ ကြည့်ရတဲ့ စနစ်နဲ့ တင်ဆက်သွားတာပဲ ဖြစ်ပါတယ်။

တောသားမြို့ရောက်သလိုပါပဲ။ ရင်သပ်ရှုမော အံ့သြမဆုံးအောင် ဖြစ်နေတယ်။ သူတို့ ပြောကြ ဆိုကြတာတွေကို ၈၀ % လောက် နားလည်တဲ့အတွက် ပြဇာတ် အရသာကို ခံစားလို့လည်း ရနေတယ်။

ပြဇာတ်ကို အလံပြဘုရားလမ်းက ဗြိတိသျှ သံအမတ်ကြီးရဲ့ အိမ်တော်ဝင်းအတွင်းမှာ ကျင်းပတာ ဖြစ်ပါတယ်။ ခြံဝင်းက အကျယ်ကြီးမို့ နေရာတွေ ရွှေ့ရွှေ့ပြီး ကြည့်ရတာလည်း အဆင်ပြေလှပါတယ်။

ပွဲမစခင် အစီအစဉ် စာရွက်ကလေးတွေ ဝေပါတယ်။

အဲဒီ့ထဲမှာ စိတ်ဝင်စားစရာ ကောင်းတာတစ်ခုကတော့ ၀င်ကြေး သုံးကျပ်ပေးပြီး ပြဇာတ် အသင်းကို ၀င်နိုင်တယ်ဆိုတဲ့ ဖိတ်ခေါ်ချက်ပါပဲ။

အင်္ဂလိပ်လို အပြောကျင့်ဖို့ ပတ်ဝန်းကျင်ရှာနေတဲ့ ကျွန်တော့်အတွက် ရေငတ်တုန်း ရေကန်ထဲ ပြုတ်ကျသလို ဖြစ်သွားပါတော့တယ်။

ဒါနဲ့ ချက်ချင်းပဲ ပုံစံဖြည့်၊ ၀င်ကြေး သုံးကျပ်ပေးတဲ့ပြီးသကာလ ပြဇာတ်အသင်းထဲကို ခြေစုံပစ် ၀င်လိုက်ပါတော့တယ်။

(ခွင့်လွှတ်ကြပါနော်။ ကျွန်တော်က လက်သင် စာရေးသူ ပေါက်စနလေးပီပီ မရေးတတ် ရေးတတ်နဲ့ လျှောက်ရေးနေတာမို့ လိုရင်းကို မရောက်နိုင်ဘဲ တန်းလန်း တန်းလန်း ဖြစ်နေတာပါ ခညာ။ ကျွန်တော့်ဟာ ကျွန်တော်လည်း ဘယ်တော့ ဇာတ်သိမ်းမယ်မှန်း မသိသေးပါဘူး။ ခိုးရစ်ယား ကားတွေလို တမင်ကလာ အရစ်ရှည်နေတာ မဟုတ်ဘူးခည။ သည်လိုပဲ ရေးရင်းနဲ့ လက်က တွေ့တွေ့သွားပြီး တောရောက် တောင်ရောက် လျှောက် ရေးတာပါ။ အဲဒီ့ ရေးဟန်ကို သွားလေသူ ဆရာမင်းလူကလည်း “ရှေ့တွင် လှည့်ကင်းရှိလို့ လမ်းကြိုလမ်းကြားထဲ ကွေ့ပတ် မောင်းတတ်သော ဒရိုင်ဘာတစ်ယောက်လို အချိန်တန်တော့လည်း လမ်းကြောင်းမှန်ပေါ် ပြန်ရောက်သွားတာ”ရယ်လို့ ကျွန်တော့်ရဲ့ “တောသားလည် ဟုတ်နိုင်ပေါင်ခင်ရယ်” စာအုပ် အတွက် အမှာစာမှာ ထောပနာ ပြုဖူးပါတယ်။ လမ်းကြို လမ်းကြားထဲ ကွေ့ပတ်မောင်းနေတာပဲ၊ အချိန်တန်တော့လည်း လမ်းဆုံး ရောက်မှာပါလေဆိုတဲ့ နားလည်မှုလေးနဲ့ ဆက်လက် လိုက်ပါ စီးနင်းတော်မူကြပါကုန်။) 😛

သည်အထိမှာ ပြောကြဆိုကြတာလေးတွေ

Khin Myo ဆရာသမား မီးခနခန ပျက်နေတယ်နော်

Nge Thar နဂိုကမှ အရပ်ရှည်သူပါ ဆရာရယ်…ခုတော့ စိတ်ပါရှည်အောင် ကြိုးစားရတော့မယ်…

Saw Zar Li စိတ်ရှည်တယ်နော် စိတ်ရှည်တယ် ဟင်း

‘Song Thiri’ ဆရာ Mrs. Susan Fenn မဟုတ်လား 

အမှားထောက်တာ မဟုတ်ပါ။ ဖတ်နေရင်းနဲ့ ရုတ်တရက် ကြောင်သွားလို့

ATK အဲ… ဘာပုလို့ s ကျန်ခဲ့တာလည်း မသိဘူး။ ကျေးဇူး။ ပြင်လိုက်မယ်နော်။

Kay Zac အားပေးနေဘာာာာာဒဲစ်စ်

‘Song Thiri’ No mention, Sayar.

၂၀၁၅ ဖေဖော်ဝါရီ ၂၇

အဖက်လုပ်မခံရခြင်း အကြောင်းရင်း

အဲလိုနဲ့ ပြဇာတ်အသင်းရဲ့ အစည်းအဝေး ဖိတ်စာက နောက်တစ်လလောက်ကြာတော့ အိမ်ရောက်လာတယ်။

ဗြိတိသျှ သံအမတ်ကြီး အိမ်မှာပဲ။ သွားတက်တာပေါ့။ ခပ်တည်တည်ပဲ။

အဲ… အဲတော့မှ ဒွတ်ခနဲ့ လှလှနဲ့ ညားတော့တာ။

ကျွန်တော့်ကို ဆေးဖော် ကြောဖက်လုပ်မယ့်သူ တစ်ယောက်မှ မရှိဘူး။ အဲဒီ့အချိန်က သံရုံးဝန်ထမ်းတို့၊ ကုလ၀န်ထမ်းတို့ဆိုတာတွေကလည်း ကပြားတွေက လွှမ်းမိုးထားတဲ့အချိန်၊ ဗမာစစ်စစ်တွေ၊ တခြား မြန်မာတိုင်းရင်းသားတွေ အဲဒီ့နေရာတွေမှာ ၀င်လုပ်လေ့ သိပ်မရှိသေးဘူး။ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း (NGO) ဆိုတာလည်း ကြားတောင် မကြားဖူးသေးတဲ့အချိန်။

အစည်းအဝေး လာတက်ကြသူတွေက နိုင်ငံခြားသားတွေနဲ့ အဲလို ကပြားတွေ ၄-၅ ယောက်။ ဗမာဆိုလို့ ကျွန်တော် တစ်ယောက်ရှိတာ။ အဲတော့ ဒေါင်းတွေအလယ် ရောက်နေတဲ့ ကျီးလို့ပဲ ပြောရမလား၊ ကျီးတွေအလယ် ရောက်နေတဲ့ ဒေါင်းပဲဖြစ်နေသလား မသိပါဘူး။ တော်တော့်ကို တော်တော်နေတယ်။

ကျွန်တော် စဉ်းစားတယ်။ လူတွေ ကျွန်တော့်ကို ဘာ့ကြောင့် အဖက်မလုပ်တာလဲ။

အဖြေက အရှင်းကြီးပဲ။ ကျွန်တော့်ကို မသိလို့ အဖက်မလုပ်တာပေါ့။ သိရင် အဖက်လုပ်မှာပေါ့။

ဒါဆို ဘာလုပ်ရမလဲ။ ပြဇာတ်အသင်းထဲ ရောက်နေတာပဲ၊ ဘာခက်တာလိုက်လို့။ သူတို့ ပြဇာတ်တစ်ခုခုမှာ ၀င်ပါလိုက်ရင် ပြီးတာပဲ။ ဒါဆို လူသိလာမှာပေါ့။ သိလာရင် အဖက်လုပ်ကြမှာပေါ့။ လွယ်လွယ်လေးဟာကို။

ဒါနဲ့ နောက်အစည်းအဝေးတစ်ခုမှာ ပြဇာတ်တစ်ခု စီစဉ်တော့ ကျွန်တော် စာရင်းပေးလိုက်တယ်။

အမြင်အာရုံမပါတဲ့ ပြဇာတ်ဆန်း

ခက်တာက အဲဒီ့ပြဇာတ်အစီအစဉ်က မျက်လုံးနဲ့ ကြည့်ရတဲ့ အစီအစဉ် မဟုတ်ဘူးဗျ။ ပရိသတ်ကို မျက်လုံးစည်း ပိတ်ထားပြီး တွဲခေါ်ကာ တစ်ခန်းဝင် တစ်ခန်းထွက်နဲ့ ကမ္ဘာရဲ့ နေရာပေါင်းစုံ အရသာ ခံစားခိုင်းတဲ့ ပြဇာတ်ဖြစ်နေပါတယ်။

တစ်သက်မှာ အဲဒီ့ အစီအစဉ်မျိုး အဲဒီ့တစ်ခါပဲ ကြုံဖူးပါတယ်။

အဲဒါလည်း အလံပြ ဘုရားလမ်းက ဗြိတိသျှ သံအမတ်ကြီး အိမ်တော်မှာပဲ လုပ်တာပါ။ အဲဒီ့ အိမ်ကြီးက အကြီးကြီးဆိုတော့ အခန်းခန်း အထွေထွေ များမြောင်လှတယ်။

တစ်ခန်းစီကို လိုအပ်တဲ့ အပူချိန်၊ အထိအတွေ့၊ အနံ့၊ အသံတွေ ဖန်တီးထားပေးတယ်။

ဆိုကြပါစို့… အန္တာတိက ၀င်ရိုးစွန်းဒေသကို ဖော်ကျူးတဲ့ အခန်းဆိုရင် လေအေးစက် သုံးလုံးလောက် တစ်ပြိုင်တည်း ဖွင့်ပြီး ခိုက်ခိုက်တုန် အေးစိမ့်သွားအောင် လုပ်ထားတယ်။ ကြမ်းကိုလည်း ရေခဲပြင် လုပ်ထားတယ်။ အသံကလည်း တိတ်ဆိတ်နေတယ်။ အနံ့ကလည်း ဘာနံ့မှ မရဘဲ ရေခဲနံ့သက်သက် ဖြစ်အောင် အဲဒီ့အခန်းကို တာဝန်ယူတဲ့သူတွေက အစ ရေမွှေး မဆွတ်ဘဲ နေကြရတယ်။ အဲဒါမျိုးပေါ့။

ပရိသတ်ကို တစ်ခန်းဝင် တစ်ခန်းထွက် တွဲခေါ်သွားပြီး ကမ္ဘာအရပ်ရပ်က အရသာတွေကို အမြင်အာရုံက လွဲပြီး ကျန်တဲ့ အာရုံလေးပါးနဲ့ ခံစားခိုင်းတော့တာကလား။

အဲဒီ့အတွက် ဇာတ်တိုက်ကြရင်း ပြင်ဆင်ကြရင်းနဲ့ ကျွန်တော့်ကို လူသိလာပါတော့တယ်။ အဲတော့လည်း ဆေးဖော် ကြောဖက် လုပ်တဲ့သူတွေ တဖြည်းဖြည်း ပေါ်လာတော့တာပေါ့။

ကျွန်တော့် အရှုပ်ထုတ် (၈) သို့မဟုတ် ခနေဒစ်ယန် တညင်းသီး(ဇ်) 

နောက်တစ်ပွဲက Oh, Oh, October ဆိုတဲ့ ပဒေသာကပွဲ။ အဲဒီ့မှာလည်း ကျွန်တော်က ၀င်နွှဲ လိုက်ပြန်တယ်။ ပြဇာတ် သရုပ်ဆောင်အဖြစ်ရော၊ အဆိုအကမှာရော ၀င်နွှဲတာပါ။ အင်္ဂလိပ်ကတွေ ဘာတွေ ညာတွေ ကတတ်လို့ မဟုတ်ပါဘူး။ သင်ပေးတဲ့အတိုင်း ခြေလှုပ်လက်လှုပ် လုပ်ရင်း ၀င် ကပစ်လိုက်တာပါ။

တင်ဆက်တာက သုံးရက်ပေမယ့် ဇာတ်တိုက်ရတာက သုံးလ လောက်ကြာတယ်။

မှတ်မိသေးတယ်။ အဲဒီ့ပြဇာတ်မှာ ကျွန်တော်နဲ့ တွဲသရုပ်ဆောင်ရတဲ့ ခနေဒစ်ယန် အမျိုးသမီးက ကိန်းကြီး ခန်းကြီးနိုင်တယ်။ ဗမာတွေအပေါ် အထင်သေးချင်တယ်။ ကြည့်လို့က နည်းနည်းမှ မရတော့ဘူး။

သင်းတော့ နေနှင့်ဦးဆိုပြီး တေးထားလိုက်တယ်။

ဇာတ်ဝင်ခန်းတစ်ခန်းမှာ သူ့ကို ကျွန်တော်က သစ်ချသီး ကျွေးရတဲ့အခန်း ပါတယ်။

ဘယ်ရမလဲ၊ တကယ်လည်း ပရိသတ်ရှေ့ တင်ဆက်ရော၊ ကျွန်တော် အသာထည့်ယူလာတဲ့ တညင်းသီးပြုတ်တစ်လုံးကို သူ့လက်ထဲထည့်ပေးလိုက်တာပေါ့။

တစ်ကိုက်ကိုက်ပြီး သူဖြစ်သွားတဲ့ မျက်နှာက စက္ကန့်ပိုင်းလေးပဲ ကြာမှာပါ။ အဲဒါ ကြည့်ပြီး ကျွန်တော့်မှာ ပျော်လိုက်တာလေ။ မပြောပါနဲ့တော့။

ပရိသတ်ရှေ့မှာဆိုတော့ သူ့မှာ မထွေးနိုင် မအံနိုင်၊ ဇာတ်ပျက်လို့လည်း မရတာမို့ ငုံထားရင်း မအီမလည်နဲ့ သူ့ခမျာ ဆက်သရုပ်ဆောင်နေရရှာတယ်။ စိတ်ထဲတော့ ကျွန်တော့်ကို အတော် သတ်ချင်နေမှာ။

ကျွန်တော်တို့များ အဲသလို မကောင်းတာဗျား။

အဲဒီ့ထဲလည်း ပါလိုက်ရာ ကျွန်တော့်ကို မသိတဲ့သူ မရှိတော့ဘူး။ ကြောင်စီစီ ဖြစ်မနေတော့ဘူး။ ဒေါင်းတွေ အလယ်က ကျီး/ကျီးတွေအလယ်က ဒေါင်းလိုလည်း မခံစားရတော့ဘူး။

ကျွန်တော့်အရှုပ်ထုတ် (၉)

အဲဒါပြီးတော့ နောက်ပြဇာတ်တစ်ပုဒ်က နာမည်ကျော် ပီတာပယ်(န်) ပြဇာတ်ဖြစ်ပါတယ်။ အဲဒီ့မှာလည်း ကျွန်တော်က သရုပ်ဆောင်မယ်ဆိုပြီး ခပ်တည်တည်ပဲ စာရင်းပေးလိုက်ပြန်တယ်။ အဲတော့ ဝေလေလေ ပင်လယ်ဓားပြနေရာမှာ သရုပ်ဆောင်ရတော့တာပေါ့။ ကျွန်တော့် ဇာတ်စာမှ သုံးကြောင်းလား ပါ မှတ်တယ်။ အခန်းကတော့ လေး-ငါး-ခန်း ပါရတယ်။

ဇာတ်က ဇာတ်အိမ်ကြီးတော့ ဇာတ်တိုက်ကာလကလည်း ရှည်လျားတယ်။ ဇာတ်တိုက်တာက အဲတုန်းက ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ရဲ့ ရုံးဖြစ်တဲ့ တက္ကသိုလ်ရိပ်သာလမ်း၊ အခု နိုင်ငံခြား ဘာသာ တက္ကသိုလ် မျက်စောင်းထိုး၊ အင်းလျားလမ်း ဂုတ်ခြံ ၀င်းကြီးထဲမှာ စနေ တနင်္ဂနွေဆို တိုက်ကြတာ။ ရက်သတ္တပတ်ပေါင်းများစွာ။

ကျွန်တော် တစ်ခါမှ အိပ်မက် မမက်ခဲ့ဘူးတဲ့ အသိုင်းအ၀ိုင်းသစ်တစ်ခုမှာ အလိုလို အသားကျ ၀င်ဆံ့လာခဲ့ပါတယ်။

ကျွန်တော့်ရဲ့ မူရင်း ရည်ရွယ်ချက်ဖြစ်တဲ့ အင်္ဂလိပ်စကား အပြောစွမ်းရည်ကို လေ့ကျင့်စရာ ကွင်းကောင်းကြီး တစ်ကွင်းကိုလည်း ရလာပါတော့တယ်။

အဲဒီ့အချိန်က ကျွန်တော် ဆူပါကပ် မော်တော်ဆိုင်ကယ် စီးနေတဲ့အချိန်။

ကျွန်တော့် မော်တော်ဆိုင်ကယ်ကို မျက်စိကျနေတာက အဲတုန်းက ဗြိတိသျှ ကောင်စီရယ်လို့ ပေါ်ပေါ်တင်တင် မလုပ်ကြသေးချိန်မို့ ဗြိတိသျှ ကောင်စီ ညွှန်မှူးအနေနဲ့ မဟုတ်ဘဲ ဗြိတိသျှ ယဉ်ကျေးမှု သံမှူးအဖြစ်သာ သိထားကြသူပါ။

သူက ကျွန်တော့်ဆိုင်ကယ်ကို စီးချင်ပါသတဲ့။ စီးပေါ့။

အဲလိုနဲ့ ပြဇာတ်တိုက်ပြီး ပြန်ရင် သူက ကျွန်တော့် ဆိုင်ကယ်နောက်က ပါလာတယ်။ သူ့ရဲ့ ဖိုးစိန်လမ်းက အိမ်ကို ပြန်ပို့ပေးရတယ်။ ရွက်ခေါ်ရတာမှ မဟုတ်တာ၊ မြို့ထဲ ပြန်မယ့် ကျွန်တော့်အတွက်လည်း လမ်းကြုံနေတော့ အပမ်းမကြီးတာနဲ့ အပတ်စဉ် သူ့ကို ပြန်ပို့ပေးတယ်။ ကျွန်တော့်အတွက် စကားပြောကျင့်လို့ သိပ်ကောင်းပေါ့။

ဖြစ်ချင်တော့ သူ့ဌာနမှာ ကျွန်တော် အလုပ်လျှောက်ဖူးတယ်။ မရခဲ့ဘူး။ သို့သော် သူက အဲဒါကို မှတ်ထားပုံပဲ။

တစ်နေ့သောအခါမှာ သူက ကျွန်တော့် ဆိုင်ကယ်နောက်က လိုက်လာရင်း သံရုံးမှာ အလုပ်တစ်နေရာ ပေါ်လာလိမ့်မယ်။ အဲဒီ့ အလုပ်နဲ့ ကျွန်တော်နဲ့ ကိုက်လောက်တယ်။ လျှောက်ကြည့်လို့ ပြောပါတော့တယ်။ ဥရောပသမဂ္ဂရဲ့ ဘာသာပြန်ရာထူးတဲ့။

လျှောက်ထားခဲ့ဖူးလေသော လခစားအလုပ်များ

စာနဲ့ ရေးပြတော့သာ ဘာမှ မကြာဘူးထင်ရတာ။ အဲဒီ့ အသင်းကို စ၀င်ခဲ့တာက ၁၉၈၃။ ပီတာပယ်(န်) ပြဇာတ်တိုက်နေချိန်က ၁၉၈၇ ဆိုတော့ လေးနှစ်လောက် ကြာသွားခဲ့ပြီပေါ့။ ကျွန်တော့်ရဲ့ အင်္ဂလိပ်လို အပြောစွမ်းရည် ပြတ်တောင်းပြတ်တောင်း လေ့ကျင့်ကာလက လေးနှစ်တောင် ရှိသွားတယ်လို့ ဆိုရမှာပေါ့။

သည်နေရာမှာ ခေတ်နောက်ခံက အရေးကြီးပါတယ်။ သည်ကာလဟာ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် (မဆလ) ခေတ်ရဲ့ နောက်ဆုံးနှစ်များ ဖြစ်ပါတယ်။ နောက်ဆုံးနှစ်များ ဖြစ်ပင် ဖြစ်လင့်ကစား ငြိမ်းခါနီး မီးခဲလို ရဲရဲတောက်နေဆဲဖြစ်တာမို့ တံခါးပိတ်ဝါဒ အရှိန်အဟုန် မြင့်နေချိန်၊ နိုင်ငံခြားသားတွေနဲ့ ဆက်ဆံရင်ပဲ သူလျှိုလို့ ယူဆကြတဲ့ အချိန်၊ တစ်ပြည်လုံး မျက်စိပိတ်၊ နားပိတ် အချိန်ဖြစ်ပါတယ်။

အခွင့်အလမ်းဆိုတာကလည်း ပါးရှားလိုက်တာမှ မပြောပါနဲ့။

သည်ကြားထဲမှာ ရာထူးဝန်အဖွဲ့ (အဲတုန်းက ၀န်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့)က ခေါ်တဲ့ ပြန်တမ်းဝင် အရာရှိ ရာထူးတွေ ကျွန်တော် ဖြေခဲ့ဖူးတယ်။ တစ်ခါမှ မအောင်ခဲ့ဘူး။ မအောင်ဆို ကျွန်တော်မှ အဲဒီ့ စာမေးပွဲတွေမှာ မေးနေကျ မဆလ သဘောတရားတွေ မသိသလို သိအောင်လည်း တစ်ခါဖူးကမှ မကြိုးစားခဲ့ဖူးတာကိုး။

မြန်မာ့ရုပ်မြင်သံကြားမှာ အစီအစဉ်ကြေညာသူအဖြစ်လည်း လျှောက်ခဲ့ဖူးတာပဲ။ အဲတုန်းက ရုပ်က စုပ်ချွန်းချွန်းရယ်။ ခုလို မလှသေးဘူး။ [ဂျစ်ဂျစ်က ပေါလစ်တင်ပေးထားလို့ ခုကျမှ လူရုပ်ကလေး နည်းနည်း ပေါက်လာတာ။ တူ့ကျေးဇူးကလည်း မသေးတာမို့ သည်စာရေးရင်း တူ့ပါ မမေ့မလျော့ ကန်တော့လိုက်ရဦးမယ်။ ခွိ(စ်) 😛 ]

မျက်မှန်တပ်ဆင်ထားရင် အဆင်မပြေမှာစိုးလို့ ၇ တန်းကတည်းက တပ်လာခဲ့တဲ့ ပါဝါ ၄.၅၀ ရှိတဲ့ မျက်မှန်လည်း ချွတ်လိုက်ရော လူက ကြောင်စီစီပိုဖြစ်၊ မီးတွေ ထိုးထားတဲ့ကြားက ပေးထားတဲ့ စာလည်း မမြင်ရတာမို့ အိုးနင်းခွက်နင်းနဲ့။

ဘယ် အဲဒီ့ အလုပ် ရပါတော့မလဲ။

အဲတော့လည်း ကိုယ့်လက်ငုပ် ကျူရှင်ဆရာလေး လုပ်၊ အလုပ်သင် ရှေ့နေဘ၀မှာ ကျင်လည်ရင်း လုံးချာလိုက်လို့ ကောင်းနေတာပ။

ဟိုနား အလုပ်ပေါ် လျှောက်၊ သည်နား အလုပ်ပေါ် လျှောက်ကတော့ လုပ်လို့ ကောင်းတုန်းကာလပေါ့။ အသက်က မငယ်တော့ဘူး။ တဖြည်းဖြည်းနဲ့ ၃၀ နား ကပ်နေပြီ။ မိန်းမကလည်း မရနိုင်သေးဘူး။

အမှန်တော့ ယူဖို့ကို စိတ်ကူး မရှိတော့တာပါ။ အဲဒီ့ အသက်ပိုင်းမှာတော့ မိန်းမဆိုတာ မယူလည်း ရနိုင်မှန်း သိနေပြီလေ။ ရည်းစားတွေပဲ လှိမ့်ထားနေတဲ့ အခိုက်အတံ့ပေါ့။

သည်အထိမှာ ပြောကြဆိုကြတာလေးတွေ

Nge Thar ဆက်ရန်

Ko Thar Ngel လုပ်ပြန်ပြီ တပုဒ် ဆက်ရန် မနေ့ကလဲ တခု

ATK မနေ့ကရဲ့ ရှေ့မှာ တစ်သီကြီး ရှိသေးတယ်

Ko Thar Ngel ဖတ်ပါတယ် ဆြာရဲ့ မမန့်တာပဲ ရှိတာ

Nyein Aye Eain ဆက်ထောင်းဗျာ.. အားပေးနေကြမှာပါ

Rita Aung NY မြန်မြန်နဲ့ များများရေးပါဗျို့ .

Mung Shadan ပြီးရင်တော့ ဆရာ့ဘဝမှတ်တမ်းများဆိုပြီး စာအုပ်ရှည်ထုတ်လို့ရပြီ ခုတော့ ဆန့်တငင်ငင်ပါ့လေး

Kh My Khaing သော်တာဆွေ လို ကျွန်တော့် ဘဝ ဇာတ် အကြောင်း စာအုပ်ထုတ်ပါဗျို့။

Lwin Maung Maung ဦးလေးရဲ့ မပါမဖြစ် ဒညင်းသီးလေးပေါ့.. ပျော်စရာကောင်းပါဘိ..

ဒါနဲ့ ဂျစ်ဂျစ်က ဘာနဲ့ ပေါလစ်တိုက်ပေးတာလဲဟင်…

Advertisements
No comments yet

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: