Skip to content

Aung San and Dworkin: Well-lived lives

1 March 2015
လွတ်လပ်စွာ ပြောဆိုခြင်း

အောင်ဆန်းနဲ့ ဒွာခင်တို့ရဲ့ ကောင်းကောင်း လူလုပ်သွားကြတဲ့ ဘ၀တွေ

(မြင့်ဇံ အင်္ဂလိပ်ဘာသာနဲ့ ရေးထားတာကို အတ္တကျော် မြန်မာပြန်ပါတယ်)

SZ200_zanဖေဖော်ဝါရီ ၁၃ ရက်ဟာ မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင် ဦးအောင်ဆန်း (၁၉၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ – ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉)ရဲ့ နှစ် ၁၀၀ ပြည့် မွေးနေ့ဖြစ်ပါတယ်။ နိုင်ငံတစ်ဝှန်းမှာ ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် အခမ်းအနားတွေကို ၀ှဲချီး ဆင်ယင်ကျင်းပနေလေတော့ကာ မြန်မာနိုင်ငံက ကျောင်းသား (ကျောင်းသူ)တိုင်းနီးပါး သိထားသင့်တဲ့ နေ့ပါပဲ။

နိုင်ငံတိုင်းလိုလိုမှာ နိုင်ငံ့“သူရဲကောင်းတွေ”၊ နိုင်ငံရေး “သူရဲကောင်းတွေ” ရှိကြပါတယ်။ အဲဒီ့ နိုင်ငံ့သူရဲကောင်းတွေထဲက တချို့ရဲ့ မွေးနေ့အခမ်းအနားတွေ၊ အထူးသဖြင့် နှစ် ၁၀၀ ပြည့် အခမ်းအနားတွေကိုတော့ သက်ဆိုင်ရာ နိုင်ငံမှာသာ မဟုတ်ဘဲ နိုင်ငံတကာမှာပါ ကျင်းပလေ့ ရှိကြပါတယ်။ မြန်မာပြည်မှာ ကျင်းပတဲ့ မဟတ္တမဂန္ဓီ (၁၈၆၉ အောက်တိုဘာ ၂ – ၁၉၄၈ ဇန္န၀ါရီ ၃၀) ရဲ့ မွေးနေ့ နှစ် ၁၀၀ ပြည့် အခမ်းအနားရယ်၊ ၁၉၆၉ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့က မန္တလေး မြို့တော်ခန်းမမှာ ကျွန်တော် တက်ရောက်ခဲ့တဲ့ မဟတ္တမ ဂန္ဓီ မွေးနေ့ ရာပြည့်အခမ်းအနားရယ်ကို မှတ်မိနေပါသေးတယ်။

အဲဒီ့က ခြောက်လအကြာ ၁၉၇၀ ပြည့်နှစ် ဧပြီလ ၂၂ ရက်နေ့မှာတော့ ရန်ကုန်မြို့တော် ခန်းမမှာ ကျင်းပတဲ့ (မြန်မာလို ဗလာဒီမီ လီနင်လို့ အရေးများတဲ့) ဗှလာ့ဒီးမီးရဲ(ရ်) လျဲ့နယင်ရဲ့ နှစ် ၁၀၀ ပြည့် မွေးနေ့အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။ အဲဒီ့အခမ်းအနားမှာ ဟောပြောသူ တစ်ဦးက မြန်မာ စာရေးဆရာ (ဦး) သိန်းဖေမြင့် (၁၉၁၄ ဇူလိုင် ၁၀ – ၁၉၇၈ ဇန္န၀ါရီ ၁၅) ပဲ ဖြစ်ပါတယ်။ နိုင်ငံခေါင်းဆောင်တွေဟာ “လူသားဆန်”ရမယ်၊ အဲသလို ခေါင်းဆောင်ကြီးတွေ ပြုမိခဲ့ကြတဲ့ အမူအကျင့်ဆိုးလေးတွေ၊ စရိုက်ဆိုးလေးတွေကလည်း သူတို့တွေရဲ့ လူသားဆန်မှုကိုသာမက သူတို့ရဲ့ ခေါင်းဆောင်မှု အရည်အသွေးတွေကိုတောင် တောက်ပြောင်လာစေတယ်လို့ ဦးသိန်းဖေမြင့်က ပြောခဲ့တာကိုလည်း မှတ်မိလို့ နေပါသေးတယ်။

နိုင်ငံတကာမှာ(ရော၊ ကမ္ဘာတစ်လွှားက သူတို့ရဲ့ နောက်လိုက်နောက်ပါများကြားမှာပါ) ပိုကြီးမြတ်တဲ့ “သူရဲကောင်းတွေ” ဖြစ်ကြလေသော မဟတ္တမဂန္ဓီတို့၊ လျဲ့နယင်တို့ရဲ့ ရာပြည့်အခမ်းအနားတွေလိုတော့ ပြည်တွင်းမှာ အလွန်အမင်း လူကြိုက်များသလို အကြီးအကျယ်လည်း ကြည်ညိုကြလေတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရာပြည့် အခမ်းအနားကို နိုင်ငံတကာမှာ ကျယ်ကျယ်ပြန့်ပြန့် ဆင်နွှဲကြမှာ မဟုတ်ပါဘူး။

၂၀၁၅ ခုနှစ်တစ်နှစ်လုံးမှာ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ နှစ် ၁၀၀ ပြည့်အခမ်းအနားတွေကို “ထုံ့ပိုင်း ထုံ့ပိုင်း” ကျင်းပသွားဖို့ စီစဉ်ထားကြောင်းလည်း သိရပါတယ်။

ကွပ်မျက်ခံလိုက်ရတဲ့ ဖိလစ်ပိုင်နိုင်ငံသား အာဇာနည် လွတ်လပ်ရေး တိုက်ပွဲဝင် (မြန်မာတွေက ရီဇော်လို့ ရေးလေ့ရှိတဲ့) ဟိုဇေး ရီသား(လ်)ရဲ့ နှစ် ၁၀၀ ပြည့်မွေးနေ့အခမ်းအနားကို ဖိလစ်ပိုင်နိုင်ငံမှာ ၁၉၆၁ ခုနှစ်က ကျင်းပခဲ့ကြရာမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ကို ၂၀၁၅ ခုနှစ် တစ်နှစ်လုံး ကျင်းပကြမှာလိုပဲ ဆင်နွှဲခဲ့ကြသလား၊ မဆင်နွှဲခဲ့ကြဘူးလား ဆိုတာတော့ ကျွန်တော်လည်း မသိပါဘူး။ အသက် ၃၀ ကျော်အရွယ်မှာ စပိန်လူမျိုး အာဏာပိုင်တွေက ရုံးတင်၊ စီရင်၊ ကွပ်မျက်ခံခဲ့ရတဲ့ ဟိုဇေး ရီသား(လ်)ဟာ ကွယ်လွန်ချိန်မှာ အောင်ဆန်းနဲ့ အရွယ်ချင်း မတိမ်းမယိမ်းပါပဲ။ (ဗိုလ်ချုပ်အောင်ဆန်းက အသက် ၃၂ နှစ်အရွယ်မှာ ရီသား(လ်)လို ကွပ်မျက်ခံခဲ့ရတာ မဟုတ်ဘဲ လုပ်ကြံခံခဲ့ရတာပါ။)

၁၉၈၁ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ခေတ်မီ ထာခီ (ဗမာအခေါ် တူရကီ) နိုင်ငံ (တည်ထောင်သူ) ဖခင်ကြီး ဆီမား(လ်) အတ္တားထာ့(စ်)ရဲ့ မွေးနေ့ နှစ် ၁၀၀ ပြည့်အခမ်းအနားဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ ရာပြည့်အခမ်းအနားထက် နိုင်ငံတကာမှာ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဆင်နွှဲခဲ့တယ်လို့ ဆိုနိုင်ပါလိမ့်မယ်။ ကုလသမဂ္ဂကိုယ်၌က အဲဒီ့နှစ်ကို ဆီမား(လ်) အတ္တားထာ့(စ်)နှစ်အဖြစ် ကြေညာခဲ့သလို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံပညာ၊ ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို)ကလည်း အတ္တားထာ့(စ်) ရာပြည့် အထိမ်းအမှတ် ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ခဲ့ပေတာကိုး။

မြန်မာပညာရှင် (ရှိမယ်ဆိုတောင်) မဆိုစလောက် အနည်းငယ်မျှလောက်ကသာ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ဟာ ပါမောက္ခ ရော်နယ်(လ်)(ဒ်) ဒွာခင် (၁၉၃၁ ဒီဇင်ဘာ ၁၁ – ၂၀၁၃ ဖေဖော်ဝါရီ ၁၃) ကွယ်လွန်တာ နှစ်နှစ်မြောက်တဲ့ နေ့ဆိုတာ သတိရကြမှာပါ။ မြန်မာနိုင်ငံက ကျောင်းသားကျောင်းသူ တစ်ယောက်ကမှတော့ အဲဒါကို သိမှာ မဟုတ်ပါဘူး။ ပါမောက္ခ ဒွာခင်ဟာ ၂၀ ရာစု နှောင်းပိုင်းနဲ့ ၂၁ ရာစု အစောပိုင်းတို့မှာ အထင်ရှားဆုံး ဥပဒေရေး၊ နိုင်ငံရေး၊ ကိုယ်ကျင့်တရားပိုင်း  ဒဿသန ဆရာတစ်ဦးဖြစ်တယ်လို့ ကျွန်တော် ယူဆမိပါတယ်။

စာရေးသူဟာ ရော်နယ်(လ်)(ဒ်) ဒွာခင်ရဲ့ စာတွေကို ဗိုလ်ချုပ်အောင်ဆန်းရဲ့ စာတွေထက် ပိုဖတ်ဖူးတယ်လို့ဆိုရင် ကြောင်တောင်တောင် နိုင်ချင်လည်း နိုင်နေလိမ့်မယ်၊ ဒါမှမဟုတ်လည်း ပြောမယ်ဆိုရင် နည်းနည်းများ ထူးဆန်းနေမလား မသိဘူး။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စာတိုပေစတွေ စုစည်းဖော်ပြထားတဲ့ ဗမာ့စိန်ခေါ်မှု ခေါင်းစဉ်ပါ စာအုပ်ထဲက စာတချို့ကို အင်္ဂလိပ်ဘာသာနဲ့ ကျွန်တော် ဖတ်ဖူးပါတယ်။ သူ့ မိန့်ခွန်း တချို့ကိုလည်း မူရင်း မြန်မာဘာသာနဲ့ ဖတ်ဖူးပါတယ်။

ရော်နယ်(လ်)(ဒ်) ဒွာခင်ရဲ့ စာအုပ် သုံးအုပ်စလုံးကိုတော့ အပြည့်အ၀ ဖတ်ဖူးတယ်။ (၁၉၉၃ ခုနှစ် ပထမအကြိမ်ထုတ်) ဘ၀ရဲ့ စိုးမိုးမှု၊ ကိုယ်ဝန်ဖျက်ချခြင်း၊ သနားသောအားဖြင့် ဇီဝိန်ခြွေပေးခြင်း၊ တစ်ဦးချင်းစီရဲ့ လွတ်လပ်မှုတို့နဲ့ စပ်လျဉ်းတဲ့ ငြင်းချက်  ဆိုတာရယ်၊ (၂၀၁၁ ခုနှစ် ပထမအကြိမ်ထုတ်) ဖြူကောင်တွေအတွက် တရားမျှတမှု ဆိုတာရယ်၊ သူသေပြီးမှ ထုတ်ဝေခဲ့တဲ့ ဘုရားသခင်မဲ့ ဘာသာရေး (၂၀၁၃ ခုနှစ်)တို့ရယ်ပဲ ဖြစ်ပါတယ်။ ဒွာခင့် ဖြူကောင်တွေအတွက် တရားမျှတမှု ဟာဆိုရင်ဖြင့် အစဉ်အလာအရ လက်ခံထားခဲ့ကြပြီး လူ့ကျင့်ဝတ်၊ နိုင်ငံရေး ဒဿသနတွေကို ခေတ်ပြိုင် လူ့ကျင့်ဝတ်၊ နိုင်ငံရေးဒဿသနတွေနဲ့ စေ့စေ့စပ်စပ်၊ အမြော်အမြင်ကြီးကြီး၊ မျှမျှတတ ဆန်းစစ်ထားသလို ဆင်ခြင်စရာကောင်းလှတဲ့ ထိုးထွင်းအမြင်များ ပါဝင်သော သြဇာကြီးလှတဲ့ စာအုပ်ဖြစ်ပါတယ်။ ဖြူကောင်တွေအတွက် တရားမျှတမှုထဲမှာ “ဘ၀ အကျိုးပေး ကောင်းတာ”နဲ့ ကောင်းကောင်းကြီး လူလုပ်သွားတာတို့ဟာ မတူဘူးလို့ ဒွာခင်က ဆိုထားပါတယ်။

“ဆိုးယုတ်မှုအရာမှာ နှစ်ပြန်စွာ”တဲ့ (ဒွာခွင့် စကားလုံးတွေအတိုင်း ဖြစ်ပါတယ်။ ဖြူကောင်တွေစာအုပ် စာ ၂၃၇) စတာလင်ဟာ ဘ၀အကျိုးပေး ကောင်းပင် ကောင်းခဲ့လင့်ကစား ကောင်းကောင်းကြီးတော့ လူလုပ်မသွားခဲ့ဘူး၊ မာသာ ထရီဇာရဲ့ ဘ၀နဲ့များ တခြားစီ (စာ ၂၃၆-၂၄၂)ပဲဆိုတဲ့ အာဘော်ကို ရှင်းရှင်းလင်းလင်း တိတိကျကျ ရေးမထားပေမယ့် ဒွာခင်က အဲသလိုပဲ ဆိုလိုပုံရတယ်လို့ ထင်မြင်မိပါတယ်။

ဒွာခင်ရေးခဲ့တာနဲ့ ဆင်ခြင်ကြည့်မယ်ဆိုရင် မွေးနေ့ရာပြည့်အခမ်းအနားတွေကို ဆိုင်ရာ နယ်သားတွေ၊ ကမ္ဘာပေါ်က တခြား နိုင်ငံတချို့တွေမှာ ကျင်းပခံခဲ့ရသူတိုင်းလိုလိုဟာ “ကောင်းကောင်းကြီး လူလုပ်သွားကြ”တဲ့အတွက်သာ အဲသလို အခမ်းအနားတွေ ကျင်းပခဲ့ကြတာပဲလို့ ဒွာခင်က ဆင်ခြင်ဖြစ်ခဲ့လောက်မယ်ဆိုတာကို အရဲစွန့် ပြောကြည့်ချင်ပါတယ်။ တစ်ဖက်ကလည်း ဖြစ်နိုင်ချေရှိပြန်တာကတော့ လျဲ့နယင် (လီနင်)လည်း ကောင်းကောင်းကြီး လူလုပ်သွားတယ်ဆိုတဲ့ အဆိုပြုချက်ကို ဒွာခင်ရော၊ ဝေဖန်သူ အတော်များများ မဟုတ်ရင်တောင်မှ တချို့က ကန့်ကွက်ကြမယ့် အလားအလာရှိပါတယ်။ (“ဆိုးယုတ်မှုမှာ နှစ်ပြန်စွာ”တယ်လို့ ဒွာခင်က ရေးခဲ့တာဟာ စတာလင့်ကို ပြောခဲ့တာသာဖြစ်ပြီး လျဲ့နယင်ကို ပြောခဲ့တာ မဟုတ်ဘူးဆိုတာကတော့ အထင်အရှားပါပဲ။)

အထက်မှာ ဖော်ပြခဲ့တဲ့ နာမည်တွေထဲမှာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ကြည်ညိုလေးစားကြသလို ထင်ရှားတဲ့သူရယ်လို့ ပြောမယ်ဆိုရင်တော့ အသေအချာ မဟုတ်ဘူးဆိုရင်တောင် ဖြစ်နိုင်တဲ့သူက မဟတ္တမ ဂန္ဓီပဲ ဖြစ်ပါတယ်။ ဂန္ဓီပင်လျှင် (ဒါမှ မဟုတ်လည်း ဂန္ဓီဆိုလို့ ဝေဖန်တဲ့သူက ပိုပြီးတော့တောင် ရှိနေဦးမယ်) သူ့ကို သွားပုပ်လေလွင့်ပြောတဲ့သူတွေ ရှိနေသလို ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချသူ အနည်းအပါးလည်း ရှိနေတာပါပဲ။

၁၉၃၁ ခုနှစ် ဒီဇင်ဘာလက အမေရိကန်ပြည်ထောင်စုမှာ ရော်နယ်(လ်)(ဒ်) ဒွာခင့်ကို မွေးဖွားချိန်မှာ ကိုအောင်ဆန်း၊ ဒါမှမဟုတ် မောင်အောင်ဆန်းဟာ မြန်မာနိုင်ငံက သူ့ဇာတိမြို့ နတ်မောက်မှာ ၁၆ နှစ်အရွယ် အထက်တန်းကျောင်းသား အဖြစ် ရှိနေခဲ့ပါတယ်။ လုပ်ကြံသူတွေရဲ့ ကျည်ဆံတွေကြောင့် မကွယ်လွန်ခင် ၄-၅-၆ လလောက်တုံးက နိုင်ငံရေးက အနားယူ၊ ခြံလေးဘာလေးစိုက်၊ စာလေးပေလေးဖတ်၊ စာလေးဘာလေး ရေးသွားချင်တယ်လို့ ဗိုလ်ချုပ် အောင်ဆန်းက စိတ်ကူးပေါက်သလို ပြောခဲ့ဖူးပါတယ်။ အဲသလိုတော့ ဖြစ်မလာခဲ့ပါဘူး။

ဒွာခင်ကတော့ အသက် ၈၁ နှစ်အထိ နေသွားခဲ့ပြီး စာအုပ်တွေ အများကြီး ရေးသွားခဲ့တယ်၊ ၂၀ ရာစု ဥပဒေရေးရာ၊ ကိုယ်ကျင့်တရားရေးရာ၊ ဒသနရေးရာ၊ နိုင်ငံရေးရာ အတွေးအမြင်တွေကို အကြီးအကျယ် အကျိုးပြုခဲ့တယ်၊ ပညာကိုလည်း ကျကျနန လေ့လာဆည်းပူးသွားခဲ့ပါတယ်။ အောင်ဆန်းရဲ့ ဘ၀တိုတိုကလေးကို ကောင်းကောင်းကြီး လူလုပ်သွားခဲ့တဲ့ ဘ၀လို့ ဒွာခင်က သတ်မှတ်လောက်ပါတယ်။ ဘ၀မှာ ကောင်းကောင်းနေသွားခဲ့တယ်လို့ သတ်မှတ်ဖို့ စာအုပ်တွေ ရေးဖို့လည်း မလို၊ အောင်မြင်ပေါက်မြောက်မှုကြီးတွေလည်း ရှိစရာ မလိုပါဘူးလို့ ဒွာခင်က ရေးခဲ့ပါတယ်။

 

အောင်ဆန်းရော ဒွာခင်နှစ်ယောက်စလုံးပါ ကျွန်တော့်အမြင်မှာတော့ ဘ၀မှာ ကောင်းကောင်း လူလုပ်သွားခဲ့ကြသလို သူတို့ရဲ့ လူ့ဘောင်အသိုင်းအ၀ိုင်းတွေကိုလည်း အကြီးအကျယ် အကျိုးပြုခဲ့ကြပါတယ်။ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ဒွာခင်က “အမေရိကန် သူရဲကောင်း”မဟုတ်ခဲ့ပါဘူး။ [အင်မတန်နှုတ်ရေးကြွယ်လှတဲ့ ရော်နယ်(လ်)(ဒ်) ရီဂယ်(န်)ကလည်း သူ့ကိုယ်ရေး အတ္ထုပ္ပတ္တိကို အမေရိကန် ဘ၀တစ်ခု လို့ နာမည်ပေးခဲ့တယ်။ အဟဲ… သူ့ကိုယ်သူတော့ သူရဲကောင်းပေါ့။ အမေရိကန် ဓာတ်ရှင်ရုံတွေမှာ ပြခဲ့တဲ့၊ ရီဂယ့်(န်)စာအုပ်ထက် ပိုပြီးတောင် ကလေးကလားဆန်တဲ့ ရုပ်ရှင်ကလည်း ထင်တိုင်းစွတ်ကျဲပြီး အသားလွတ် ရမ်းကားတာကိုပဲ သူရဲကောင်းကြီးအဖြစ် ချီးပထားပြန်တယ်။ ချောင်းပစ်သေနတ်သမား ဇာတ်ကားကို ပြောပါတယ်။] အောင်ဆန်းကတော့  မြန်မာနိုင်ငံသား လူအများအပြားအတွက်“ဗမာ့သူရဲကောင်း”ဖြစ်ခဲ့သလို ယနေ့ထက်တိုင်လည်း ဖြစ်နေဆဲပါပဲ။

သည်ဆောင်းပါးနဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရော်နယ်(လ်)(ဒ်) ဒွာခင်တို့ကို သတိတရ ဂုဏ်ပြု လိုက်ပါတယ်။

ဒေါက်တာမြင့်ဇံဟာ မလေးရှားနိုင်ငံ၊ မလက္ကာမြို့၊ မာလထီမီဒီယာတက္ကသိုလ်၊ ဥပဒေဌာနက ပါမောက္ခဖြစ်ပါတယ်။

မူရင်းကို သည်မှာ ဖတ်နိုင်ပါတယ်။

http://www.atimes.com/atimes/Southeast_Asia/SEA-01-270215.html

Advertisements
No comments yet

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: