Skip to content

အဟောင်းထဲက အစုတ်တွေ – ၃

6 March 2015

၂၀၁၅ ခုနှစ် မတ်လ ၄ ရက်

ဇာတိတွေပြနေပုံများ

ကျွန်တော်ကလေးတုန်းက သိထားတာက ကြီးကြီးမေ၊ ကြီးကြီးဦး၊ ကြီးကြီးရီတို့ သုံးယောက်စလုံးဟာ အပျိုကြီးတွေလို့ပါပဲ။

ကြီးကြီးမေက ဦးကြီးလှဖေနဲ့ မျက်နှာပေါက်ချင်း ဆင်တယ်။ အမြဲတမ်း ရွှတ်နောက်နောက်ရယ်။ ဘ၀ကို ဟာသနဲ့ နေတတ်သူပေါ့။ မျက်နှာပေါ်မှာ ထင်ရှားတဲ့ မှဲ့ကြီးတစ်လုံးရှိတာတော့ မှတ်မိတယ်။ ပါးမှာလား၊ မေးစေ့မှာလား မမှတ်မိတော့ဘူး။

သူတို့ မောင်နှမတစ်တွေ အားလုံး၊ သူတို့အဒေါ် မေမေဖွားဖွားအထိ အသားဖြူကြတယ်။ မေမေလည်း ဖြူတယ်။ ဦးသုခ အမျိုးဘက် နွယ်ပြီး ညိုသွားတာက ဦးကြီးကိုကို။ ဦးကြီးကိုကိုရဲ့ ဇနီး ကြီးကြီးမခင်ရီကလည်း ဖွေးဆွတ်နေအောင် ဖြူတယ်။

ကျွန်တော့်ကျတော့ ဖြူချင်ပေမယ့် သိပ်မဖြူရှာဘူးပေါ့။ ဦးသုခ အမျိုးတင်မက အဖေ့ဘက်က ကုလားမျိုး ကုလားနွယ် တစ်ခုခု ပါပုံရတယ်။ မျက်လုံးပြူးတာရယ်၊ အမွှေးအမှင်သန်တာရယ်က ကုလားဇာတိတွေ ပြနေတာပ။ အဖေက သည့်ထက်တောင် ဇာတိပြသေးတယ်။ ဆံပင်က မွေးရာပါ လှိုင်းတွန့်လေးတွေနဲ့ ကွေးလို့ ကောက်လို့ရယ်။ ခက်တာက အဖေ့မျိုးရိုးကို အဖေ့ အဖေနဲ့ အမေ နာမည် သိရုံလောက်ပဲ ရှိတာမို့ တကယ့် ဇစ်မြစ်အစစ်ကို မသိဘူး။ ဥပဒေစကားနဲ့ ပြောရင် ပတ်ဝန်းကျင် သက်သေခံချက်ဖြစ်တဲ့ မျက်လုံးပြူးတာ၊ အမွှေးအမှင် တရားလွန်သန်တာလောက်ပဲ ပြောလို့ရတယ်။

အမွှေးအမှင် တရားလွန်သန်တာတော့ မပြောနဲ့။ မနက်က စင်နေအောင် ရိတ်ထားတဲ့ မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေး၊ ပါးသိုင်းမွှေးတွေဟာ ညနေစောင်းရင် ကြမ်းနေပြီ။

အဲ… ဘယ်ရောက်ကုန်ပါလိမ့်မယ်။

ငါ့ပန်းဘုရားတင် နင့်ပန်းချေးတောထိုး

ကြီးကြီးမေရဲ့ အောက်မှာက ကြီးကြီးဦးပေါ့။ သူကတော့ ကျွဲကော်မျက်မှန်နက်ကြီး တ၀င်းဝင်းနဲ့။ သူက ဦးထွမ်အိမ်လို ပေါက်ဖော် မျက်နှာပေါက်မျိုး။ ဦးထွမ်အိမ်လိုပဲ ဂင်တိုတို။ နှုတ်နည်းတယ်။

သူတို့ညီအစ်မတွေထဲမှာ အငယ်ဆုံးက ကြီးကြီးရီ။ သူကေတာ့ ပိန္ပိန္ပါးပါး သြယ္သြယ္လ်လ်။ ဦးကြီးလှဖေလို မျက်နှာပေါက်မျိုးနဲ့၊ မျက်လုံးပြူးပြူး။

ထူးခြားချက်က ကြီးကြီးရီသည် အလွန်လေပေါ၏။ နောက်တစ်ခုက ရိပ်သာဝင်တိုင်း တရားမရနိုင်ဆိုတဲ့ သဘောတရားကို ကြီးကြီးရီက အခိုင်အမာ ပြထားသလိုပါပဲ။

ကျွန်တော် လူမှန်း သူမှန်း မသိတသိကတည်းက သူရိပ်သာဝင်တာ၊ တရားနာတာ။ ဉာဏ်ကလည်း လွှတ်ကောင်းတော့ ဆရာတော်ကြီးတွေ ဟောသမျှလည်း တယ်မှတ်မိတာ။ မိုးကုတ်ဆရာတော် ဘုရားကြီး ဟောတာက ဘယ်လို၊ လယ်တီဆရာတော်ကြီး မိန့်တာက ဘယ်ကဲ့သို့၊ တိပိဋကဓရ မင်းကွန်းဆရာတော်ကြီး မြွက်ကြားတော်မူတာက ဘယ်ချမ်းသာစသဖြင့် စီကာပတ်ကုံး ပြောနိုင်တယ်။

အခုထက်ထိ သက်ရှိ ထင်ရှားရှိနေတုန်း။ သို့သော် သူ့လောက် တရားမရှိတာလည်း သူမှန်း ကျွန်တော်က အမျိုးအရင်းကြီးဆိုတော့ သိနေသဗျ။ တရားအကြောင်း တရစပ် ပြောရင်း လက်ဖက်ကလေးကလည်း ဆားပေါ့လိုက်တာ၊ ပုစွန်ခြောက်ကလေး နည်းနည်း ထပ်ဖြည့်လိုက်ပါဦး၊ သြော်… တစ်လက်စတည်း ကြက်သွန်ကြော်လေးပါ ဖြည့်ခဲ့အေဆိုတာမျိုးပေါ့။

ဦးကြီးကိုကိုနဲ့ သူနဲ့ အရွယ်ချင်း မတိမ်းမယိမ်း။ ဒါပေသည့် ဘယ်တော့မှ မတည့်ဘူး။ အင်မတန် နှုတ်နည်းတဲ့ ဦးကြီးကိုကိုက သူ့နှမ ဒေါ်လေပေါ ကြွယ်နေပြီဆိုရင် တတ်နိုင်သလောက် သည်းခံသေးတယ်။

ခက်တာက ကြီးကြီးရီက စကားပြောရင် အမြဲတန်း အညွန့်လေးနဲ့မှ။ မေမေ့လက်သုံးစကားနဲ့ ပြောရရင် ငါ့ပန်းဆို ဘုရားတင်လိုက်၊ နင့်ပန်းတော့ မစင်တောထဲသာစိုက်ဆိုတဲ့အမျိုး။ သူမှ အမှန်၊ သူ့အမျိုးမှ အကောင်း၊ ကျန်တဲ့သူတွေက အကုန်လွဲနေတာ။ သိပ်နားကြားပြင်းကတ်လာရင် ဦးကြီးကိုကိုက သူ့နှမကို ထ မာန်တတ်တာ ဦးကြီးကိုကို ဆုံးတဲ့အထိပဲ။

တကယ်ဆို မမလှလှလည်း သူ့အစ်ကိုက မွေးတာပဲ၊ ကိုကိုကျော်ညွှန့်နဲ့ မမသန်းလည်း သူ့အစ်ကိုက မွေးတာပဲ။ သို့ပေမယ့် မမလှလှအပေါ်ကျ ဘယ်တော့မှ အကောင်းမပြောဘူး။ သူတို့ ယူမွေးထားတဲ့ ကိုကိုကျော်ညွန့်နဲ့ မမသန်းမှ တော်တာ၊ တတ်တာ၊ လိမ္မာတာမျိုး အမြဲ ပြောတတ်တယ်။ အဲဒီ့အပြောတွေကြောင့် သူ့ကို ကြီးကြီးမေကတောင် သိပ်တည့်ချင်တာ မဟုတ်ဘူး။ သူ့အပြော လွန်လာပြီဆိုရင် ကြီးကြီးမေက မျက်နှာသေနဲ့ သောပစ်လိုက်ရော။ အဲတော့လည်း တဟဲဟဲနဲ့ ပြီးသွားကြတာပေါ့။

ကျွန်တော် သိထားခဲ့တာက အပျိုကြီးညီအစ်မတစ်တွေပဲပေါ့။ ကျွန်တော့် အသက် အစိတ်လောက်ကျမှ မေမေက ပြောပြတယ်။ ကြီးကြီးမေနဲ့ ကြီးကြီးဦးက အိမ်ထောင်ပျက် တစ်ခုလပ်တွေတဲ့ဗျ။ မှတ်ကရောပဲ။ တကယ့်အပျိုကြီးစစ်စစ်က ကြီးကြီးရီ တစ်ယောက်တည်းရယ်။ ဒါ့ကြောင့်လည်း သူက အားလုံးထဲမှာ အပေါက်အစ အများဆုံးဖြစ်နေတာ ထင်ပါရဲ့။

ရှားရှားပါးပါး ကျွန်တော့်အစ်မ

ပြောခဲ့တဲ့အတိုင်း သူတို့ညီအစ်မတစ်တွေက ဈေးချို အေရုံမှာ ဆန်ရောင်းကြတယ်။ ကြီးကြီးဦးက ဆိုင်ခန်း နှစ်ခန်းတွဲနဲ့ တစ်ဆိုင်၊ ကြီးကြီးမေက တစ်ခန်းတည်းပဲ ထင်တယ်၊ နောက်တစ်ဆိုင်။ ကြီးကြီးရီက နှစ်ခန်းတွဲနဲ့ တစ်ဆိုင်။ ကြီးကြီးဦးရဲ့ဆိုင်နဲ့ ကြီးကြီးရီရဲ့ ဆိုင်တို့က မျက်စောင်းထိုး။ အမြဲမြင်နေရတာ။ အဲတော့ ကြီးကြီးရီ ဆိုင် သွားရင် ကြီးကြီးဦးနဲ့ သေချာပေါက်တွေ့တယ်။

ကြီးကြီးမေနဲ့ မမသန်းနဲ့ထွက်တဲ့ဆိုင်ကတော့ အေရုံ တောင်ဘက်အစွန်း၊ အနောက်ပေါက် ထောင့်က ဆိုင်။ ကြီးကြီးမေရဲ့ ဆိုင်နဲ့ ကပ်လျက်က မင်းသားကြီး ဗိုလ်ဗကိုရဲ့ နှမအရင်း ထွက်တဲ့ ဆိုင်ပေါ့။ အနောက်ဘက် အစွန်း၊ တောင်ပေါက်ကဆိုင်ကျတော့ နောက်ထပ် မမလှ တစ်ယောက်။ အဲဒီ့မမလှကတော့ ဆွေစဉ်မျိုးဆက် ချမ်းသာတယ်။ ကိုယ်လုံးကိုယ်ပေါက်ရော အရပ်အမောင်းရော ကောင်းသလို မျက်နှာကလည်း ချောမောတယ်။ လူကလည်း ပြင်တတ်ဆင်တတ်တယ်။ ညိုချောပေါ့။ ဒါ့ကြောင့် သူ့ခေတ်သူ့အခါတုန်းက အစ်ကိုကာလသားတွေ ၀ိုင်းနေတာပေါ့။

မမသန်းကတော့ သူ့အဖေနဲ့ တူတော့ မျက်နှာပေါက်က အလှကြီး မဟုတ်ဘူး။ သို့သော် မမလှနဲ့ ပေါင်းပြီး ဖြီးတတ်၊ လိမ်းတတ်၊ ပြင်တတ်ဆင်တတ်တဲ့အပြင် သူကလည်း အရပ်မြင့်မြင့်၊ ထောင်ထောင်မောင်းမောင်း၊ အသားဖြူဖြူဆိုတော့ အရွယ်ကောင်းမှာ သူလည်း သူ့ခေတ်နဲ့သူတော့ မမလှလို အေရုံစတားမဟုတ်တောင် အေရုံဘဲ(လ်)ပေါ့။

မမသန်းက ဈေးချိုသူပီပီ စကားပြော အလွန်ချိုတယ်။ ကျွန်တော့်ကိုလည်း ငါ့မောင်၊ ငါ့မောင်နဲ့ အလိုလိုက်တာမို့ သူ့ကို ကျွန်တော် တော်တော်ချစ်ပါတယ်။ ဘယ်လောက်များ ချစ်သလဲဆိုရင် ကျွန်တော့်ဘ၀မှာ မေမေ့ ကိုယ်နံ့ကို အလွန်စွဲလန်းသလို မမသန်းရဲ့ ကိုယ်နံ့ကိုလည်း စွဲလန်းတဲ့အထိပါပဲ။ တစ်ဘ၀လုံးမှာ အဲဒီ့ နှစ်ယောက်ရဲ့ ကိုယ်နံ့ရယ်၊ ဦးကြီးကိုကိုရဲ့ ကိုယ်နံ့ရယ်ကို ယနေ့ထက်တိုင် မမေ့နိုင်ပါဘူး။

အဖေ့ကိုယ်နံ့တောင် ကျွန်တော် သိပ်သတိမထားမိဘူးဗျ။ အဖေက ဘာနံ့မှ မထွက်ဘူး၊ ချွေးစော်လည်း မနံဘူးလို့တော့ အခု ပြန်စဉ်းစားတော့ တွေးမိတယ်။ ဖက်လှဲ တကင်း တရင်းတနှီး နေခဲ့တဲ့ အကြိမ်ရေ နည်းလွန်းခဲ့တာလည်း ပါမှာပေါ့။ အဲ… အဖေ့ဆီက ပုံမှန်ရတာကတော့ ဆေးလိပ်နံ့ပေါ့။ သူကလည်း ကျွန်တော် ဆေးလိပ်သောက်တာ သိသွားရင်သာ လှိမ့်ရိုက်တာ၊ ကိုယ်တိုင်ကတော့ ကန်တော့ပါရဲ့… ဖင်က မီးခိုးထွက်မတတ် သောက်တဲ့သူကိုး။

ရှားရှားပါးပါး ကျွန်တော့်အစ်ကို

မမသန်းအကြောင်းပြောတော့ ကိုကိုကျော်ညွန့်အကြောင်းလည်း ပါမှ ဖြစ်တော့မယ်။

သူက အဲဒီ့အမျိုးတစ်မျိုးလုံးမှာ တစ်ဦးတည်းသော ပညာတတ်ပုဂ္ဂိလ်ပေါ့။ ဘယ်ဟုတ်မလဲ၊ အမေတို့၊ ဦးကြီးကိုကိုတို့လည်း ဆယ်တန်း မအောင်ခဲ့ကြလေတော့ကာ သည်ဘက်အမျိုးအထိပါ ပါသွားတာပေါ့။ အဲတော့ ကိုကိုကျော်ညွန့် ဘွဲ့ရတာကို အကြောင်းပြုပြီး ကျွန်တော် ကလေးတုန်းက ကြီးကြီးရီက ငါ့တူက ဘီအေဟေ့ ဆိုတဲ့ စကားကို ကြိမ်ဖန်များစွာ ကြားခဲ့ဖူးပါတယ်။

ဟုတ်ပါတယ်။ ဘီအေဆိုတဲ့အတိုင်း ကိုကိုကျော်ညွန့်က ၀ိဇ္ဖာဘွဲ့ရပါ။

သူနဲ့ ပတ်သက်လို့ မှတ်မိနေတာက ဦးနုအစိုးရ သွားခါနီးဆဲဆဲပဲလား၊ ဒါမှမဟုတ် တော်လှန်ရေးကောင်စီ လက်ထက်မှာလားတော့ မသိဘူး။ မန္တလေးမြို့ ထင်ရှားတဲ့ လမ်းဆုံ လမ်းခွတွေမှာ ဒါ သင့်မြို့တော်ဆိုတဲ့ ဧရာမ ဆိုင်းဘုတ်ကြီးတွေ ထောင်ပါတယ်။ ဆိုင်းဘုတ်ကြီးတွေက မရှိဘူးဆို အလျား ၁၅ ပေ၊ အနံ ၁၂ ပေလောက် ရှိမှာပါ။

အဲဒါကို မမြင်လို့တဲ့ဗျာ၊ စက်ဘီးစီးလာရင်းနဲ့ ၀င်တိုက်မိတာ နဖူးကွဲသွားဆိုလားပဲ။ ကိုကိုကျော်ညွန့်က အဲလိုလူ။

နောက်တော့ ဈေးချိုထဲက (ဂျီရုံကနဲ့တူတယ်) အမျိုးသမီးတစ်ယောက်နဲ့ အိမ်ထောင်ကျတယ်။ ကြည့်ရတာ သူ့အရီးတွေ စပ်ဟပ်ပေးလိုက်ပုံပဲ။ ပြီးတော့ သမီးလေး တစ်ယောက်မွေးတယ်။ ကျွန်တော့်မှာ လူလားတောင် မမြောက်သေးဘူး၊ တူမနဲ့ ဘာနဲ့ ဖြစ်သွားပါတော့တယ်။

အဖေ့ စိတ်ကောင်းစိတ်မြတ်တော်ကြီး

စကားက အမျိုးတွေဘက်လှည့်လိုက်တော့ ဝေ့ကုန်တယ်။

အားလုံးချုပ်လိုက်ရင် မန္တလေးမှာက မေမေ့နှစ်ဘက်အမျိုးတွေနဲ့ အင်အားကောင်းတယ်ပေါ့။

အဖေက မေမေ့ကို ယူတော့ အဘွားရဲ့ ဆန္ဒအတိုင်း (အမှန်မှာတော့ ချော်လဲရောထိုင်ပါ) ရေတပ်က ထွက်လိုက်တယ်။ အဖွားက အစတုန်းက တင်ကျွေးထားပုံပါပဲ။ အဖေသာ ဘာအလုပ်မှ မလုပ်ဘဲ နေမယ်ဆိုလည်း အဘွားက တစ်သက်လုံး တင်ကျွေးထားမယ့် သဘော ရှိမလား မသိဘူး။ သူတို့ ရှာဖွေ စုဆောင်းထားခဲ့တာက ဦးကြီးကိုကိုရဲ့ ၇၆ နှစ် သက်တမ်းတစ်လျှောက် ဘာအလုပ်မှ မလုပ်ဘဲ နေသွားနိုင်တာပဲ ကြည့်တော့။

အဖေက အဲဒါတစ်ခုတော့ ချီးကျူးရမယ် ထင်တယ်။ သူက ကိုယ့်ဒူးကိုယ်ချွန်ချင် စိတ်နဲ့။ ပြီးတော့ မဟာဖိုဝါဒီ အစစ်ကြီး။ အဲတော့ အမေနဲ့ ညားပြီးတော့ မန္တလေး ကြေးနန်းရုံးမှာ အလုပ် ၀င်လိုက်သေးတယ်။

အဲ… ယောက္ခမအိမ်ကပ်နေပေမယ့် အဖေက မခေဘူးဗျ။ အမေ့ကို မကျေနပ်ရင် ကျုံးဘေး ခေါ်သွားပြီး ရိုက်သေးဆိုပဲ။ အမေက အဲဒီ့ကတည်းက မခံဘဲ နေခဲ့ရမှာ။ ဗွေဆော်ဦးကတည်းက ခံခဲ့လေတော့ အမေ့မှာ အဖေနဲ့ ပေါင်းနေခဲ့ရတဲ့ နှစ် ၂၀ ကျော်အတွင်းမှာ လှိမ့်အရိုက်ခံရတဲ့ သားကောင် ဖြစ်ခဲ့ရပါတယ်။

အမေ့ကိုလည်း ကျောင်းဆရာမ အလုပ်က ထွက်ခိုင်းခဲ့ပါတယ်။ အဲဒါလည်း အမေ ငြင်းခဲ့ဖို့ ကောင်းတယ်။ ငြင်းရင်လည်း အဖေက အမေ့ကို အသေများ သတ်ခဲ့မလားတော့ မသိဘူး။

အမှန်ကတော့ အမေက သူ့ထက် ပညာပိုတတ်၊ အသိုင်းအ၀ိုင်းပိုကောင်းတာကို မရှုဆိတ်ဘဲ သူ့ကိုသာ မှီခို အားထားနေစေလိုတဲ့ မဟာယောက်ျားကြီးအဖေ့ရဲ့ စိတ်ကောင်း စိတ်မြတ်တော်ကြီးကို ပြလိုက်တာပါ။

အဆင့်အတန်းက စကားပြောတယ်

ဆိုရှယ်လစ် ကွန်မြူနစ်တွေက လူတန်းစားခွဲခြားတာကို လက်မခံဘူး။ ကျွန်တော်လည်း လက်မခံပါဘူး။ ခွဲခြားဆက်ဆံမှုလို့ အခုခေတ်မှာ အပြောများလိုသလိုပဲ လူတွေကို လူမျိုး၊ ဇာတိ၊ ကျား-မ၊ လိင်စိတ် ကိုင်းညွတ်မှု၊ အသားအရောင်၊ ဘာသာအယူဝါဒ၊ သန်စွမ်းခြင်း၊ မသန်စွမ်းခြင်းအစရှိတဲ့ ကွဲပြားမှုကို အကြောင်းပြုပြီး နှိမ်တာ၊ ခွဲခြားဆက်ဆံတာကို လက်ခံစရာလည်း ဘာအကြောင်းမှ မရှိပါဘူး။

ဒါပေမယ့် လူတန်းစားစရိုက်ကတော့ နေ့စဉ် နေမှုဘ၀မှာ အင်မတန် စကားပြောတယ် ဆိုတာကိုတော့ အခု အရွယ်မှာ ကောင်းကောင်းကြီး သိလာခဲ့ပါပြီ။ အောက်တန်းစားဟာ အောက်တန်းစားလိုပဲ ပြုမူ ပြောဆို နေထိုင်မှာပါပဲ။ အထက်တန်းစားတွေလို နေတတ် စားတတ်ဖို့ အင်မတန်မှ ခဲယဉ်းလှပါတယ်။

အမြင်သာဆုံး နမူနာ ပြောရရင် လယ်ကန်သင်း ပတ်ကြားအက်မှာ ဖိနပ်မပါ ခြေဗလာနဲ့ တစ်သက်လုံး သွားနေခဲ့သူတွေအတွက် ဖိနပ်ဆိုတာရဲ့ တန်ဖိုးကို နားမလည်နိုင်ပါဘူး။ ခြုံတိုးခဲ့၊ တွင်းအိမ်သာလောက်နဲ့ စခန်းသွားခဲ့ကြသူများအတွက်လည်း ဘိုထိုင်ကမုတ်ပေါ် ဆောင့်ကြောင့် ထိုင်လိုက်ရမှ အားရမှာ သေချာ နေသလို ကိစ္စပြီးရင် ကိုယ့်ကိစ္စကိုယ် တာဝန်ယူပြီး သန့်ရှင်းအောင် ကျကျနန ပြန်ထားရစ်ခဲ့ရမှာ၊ နောက်လူအတွက် ငဲ့ခဲ့ရမှာကို နားမလည်နိုင်ပါဘူး။

ဒါဟ လူတန်းစား စရိုက်ရဲ့ အခြေခံပါပဲ။

အဖေက ဟိုးအောက်ဆုံးအလွှာက လာတဲ့သူပါ။ သူ့အဖေက ကိုလိုနီ ပုလိပ်ဆိုလို့ အရာရှိ အရာခံလည်း မဟုတ်ဘူး။ တစ်လမှ ၁၆ ကျပ်လား ရတဲ့ အောက်ခြေရဲသားအဆင့်သာ ရှိပါတယ်။ ထမင်းတောင် နပ်မမှန်ခဲ့ရတဲ့ ဘ၀က လာသူ၊ ကျောင်းပညာလည်း လောက်လောက်လားလား မတတ်သူ၊ စာဖတ်ဖို့ ဆိုတာ နားကို မလည်ရှာတဲ့သူဆိုတော့ သူ့အတွေး သူ့အမြင်က အကန့်အသတ်နဲ့သာ ရှိရှာပါတယ်။

အဲဒီ့ အောက်တန်းစားက သူနဲ့ အဆင့်ကွာတဲ့ လူလတ်တန်းစား မေမေ့ကို ဈေးပေါင်ကျိုးမှာ အောက်ဈေးနဲ့ ရလိုက်ပါတယ်။ မေမေ့မှာက ဘာပဲ ပြောပြော အဖေ့လို အခြေအနေမဲ့ မဟုတ်ဘူး။ တစ်ကောင်ကြွက်လည်း မဟုတ်ဘူး။ သို့ပေမယ့် မေမေ့ရဲ့ အားနည်းချက်တွေ၊ ပြစ်ချက်တွေကြောင့် သိမ်ငယ်နေခိုက်မှာ တွေ့ကရာ လင်ကို ကောက်ယူခဲ့ခြင်းဟာ မေမေ့ဘ၀ ကံဆိုးမိုးမှောင်ကျခြင်းပါပဲ။

ခေတ်ကလည်း အတော် စကားပြောမယ် ထင်တယ်။ အမေတို့ ဖြတ်သန်းရတဲ့ခေတ်က မိန်းမတွေကို လူရာ မသွင်း၊ တစ်ဆင့်နှိမ့်ထားတဲ့ ခေတ်ကိုး။ ဟိန္ဒူယဉ်ကျေးမှုကြီးက အာရှတစ်ခွင်လုံး ဟိုး အင်ဒိုနီးရှားဆီအထိတောင် ပျံ့နှံ့လွှမ်းမိုးခဲ့တာမို့ အိန္ဒိယနဲ့ ရေမြေချင်းဆက်နေတဲ့ ကျွန်တော်တို့ဆီမှာလည်း အဲဒီ့ ဟိန္ဒူယဉ်ကျေးမှုကို ဗုဒ္ဓဘာသာအယူနဲ့ ရောထွေးနေကြတာ ယနေ့ထက်တိုင်ပါပဲ။ ယောက်ျားမှ မြင့်မြတ်တယ် ဆိုတဲ့ အယူအဆဟာ တကယ်တော့ ဟိန္ဒူအယူဝါဒပါ။

ဘ၀အကြောင်းခံများကြောင့် မေမေ့ရဲ့ သိမ်ငယ်နေတဲ့စိတ်ကို မိန်းမတွေကို တစ်ဆင့်နှိမ့် ထားတဲ့ ခေတ်အခြေအနေက ရောင်ပြန်ဟပ်လိုက်တဲ့အခါ အဖေတစ်ယောက် အမေ့အပေါ် နိုင့်ထက်ကလူ ဗိုလ်ကျ ချယ်လှယ် လူဝါးဝနိုင်တဲ့ အခွင့်အရေးကို အပြည့်အ၀ ရသွားပါတော့တယ်။

ကျွန်တော့်အိမ်ထောင်ရေးအမြင်

အိမ်ထောင်ပြုကြတဲ့အခါ တစ်ယောက်နဲ့ တစ်ယောက် အဆင့်အတန်းချင်း မကွာတာကိုပဲ ရွေးချယ်သင့်တယ်လို့ မြင်မိတယ်။ တစ်ခေတ်တစ်ခါက မျိုးရိုးကြည့်တာ၊ ဘာညာတွေဟာ တကယ်တော့ စဉ်းစားအပ်တဲ့ အရာတွေပါပဲ။

မျိုးရိုးမကြည့်ဘူးဆိုရင်တောင်မှ သုံးနှစ် သုံးမိုး လေ့လာ အကဲခတ်တာမျိုးကို ကျွန်တော်ကတော့ အားပေးချင်တယ်။ အကောင်းဆုံးကတော့ လက်မထပ်ဘဲ သုံးနှစ်လောက် အတူနေကြည့်၊ ကလေး မယူနဲ့ဦး၊ သုံးနှစ်လောက် ပေါင်းကြည့်ပြီး တစ်ယောက်နဲ့ တစ်ယောက် အစပ်တည့်ပြီ၊ သည်းခံနိုင်ပြီ၊ တစ်ဘ၀လုံးစာ လက်တွဲနိုင်ပြီဆိုတာသေချာပြီဆိုမှ တရားဝင် လက်ထပ် ထိမ်းမြားတာပါပဲ။ ဗမာ့ယဉ်ကျေးမှုတွေ ဘာတွေ လာမပြောပါနဲ့။ လင်မယားကွဲတဲ့အခါ၊ ဒါမှမဟုတ် စိတ်ဆင်းရဲစွာ အောင့်ပေါင်းနေရတဲ့ အိမ်ထောင်ရေးထဲမှာ နေရတဲ့အခါ အဲဒီ့ ရွှေဗမာ့ယဉ်ကျေးမှုကြီးက လာမကယ်ပါဘူး။

အိမ်ထောင်ပြုတယ်ဆိုတာ သူစိမ်းတစ်ယောက်ကို တစ်သက်လုံး ကျောပေးအိပ်ရတဲ့ ဘ၀ဗျ။ လက်တွေ့ကျကျ စဉ်းစားနိုင်မှာ တန်ကာကျတယ်။ ယဉ်ကျေးမှုတွေ၊ အစဉ်အလာတွေဆိုတဲ့ ရွှေတလွဲ ပေတံတွေနဲ့ တိုင်းထွာ စဉ်းစားရမှာမျိုး မဟုတ်ဘူး။

အမေတို့ခေတ် လွန်ခဲ့တဲ့ နှစ် ခြောက်ဆယ်ကျော်ကတော့ အဲသလို မဟုတ်ဘူးပေါ့။ ပိုဆိုးတာက မေမေ့မှာ ရတုန်းလေး ကောက်ယူလိုက်တဲ့ သဘောလို့ ထင်ပါတယ်။ အဖေနဲ့ တွေ့တာ အသက်အစိတ်မှာ၊ ယူလိုက်တာ ၂၆ နှစ်မှာ။ ကြားထဲမှာ လူချင်းက အလွန်တွေ့ရမှ လေး၊ ငါးကြိမ်လောက် ရှိမှာပါ။

အမေကလည်း သူ့တွက်ကိန်းနဲ့သူ ယူချလိုက်တယ်၊ အဖေကလည်း သူ့တွက်ကိန်းနဲ့သူ လုပ်လိုက်တယ်။ ဆရာဇော်ဂျီရဲ့ သော့တွဲနဲ့ နတ်ရုပ်ဇာတ်ပဲ။

အဖေ့အနေနဲ့ကလည်း သည်လို မိန်းမမျိုး အိပ်မက်တောင် မက်ရဲခဲ့မှာ မဟုတ်တာလည်း အမှန်။ သည်လို မိန်းမမျိုးက သူ့ပြန်ကြိုက်စရာ ဘာအကြောင်းမှ မရှိတာကို။ မေမေသာ အူလည်လည်နဲ့ ရေတပ်ဝတ်စုံဖြူလေးနဲ့ ကုလားဆင်ကို အကောင်းအကန်းလုပ် မျက်စိကျသွားတာ။ သူ့ဘ၀အခြေအနေအရလည်း တစ်ရွာသားမှ အဆင်ပြေမယ် အမှတ်နဲ့ပေါ့။

အဖေ့အတွက်ကတော့ အမေသည် သိန်းထီဆုကြီးပေါက်တာပေါ့။ သို့သော် အဲသလို အဖေက အဲလို ခံယူခဲ့ပုံ မရဘူး။ အဲသလိုသာ ခံယူခဲ့မယ်ဆိုရင်လည်း ကျွန်တော်လည်း ဘာကောင်မှ ဖြစ်လာမှာ မဟုတ်ဘူး။

ယူခါစမှာသာ အဖေက မန္တလေး အသိုင်းအ၀ိုင်းကြားမှာ မလွှဲသာလို့ နေခဲ့တာ ဖြစ်ပါတယ်။ သူ့ဘ၀ လွတ်ရာ လွတ်ကြောင်းကို ရှာနေခဲ့တယ်။

ဖြစ်ချင်တော့ ဘီလူးချောင်း ရေအားလျှပ်စစ်စက်ရုံ စီမံကိန်းက အဲဒီ့အချိန်မှာ စတင်ဖို့ ဖြစ်လာတယ်။ ဂျပန်နိုင်ငံ ခါဂျီးမား ကော်ပိုရေးရှင်းက သည်စီမံကိန်းအတွက် ရုံးဝန်ထမ်းတွေ ခေါ်တယ်။ အဲဒီ့မှာ အဖေက လက်နှိပ်စက် စာရေးအဖြစ် အလုပ်လျှောက်လိုက်တယ်။ ရသွားတယ်။

နည်းပညာခေတ်အပြောင်းမှာ ကွယ်ပျောက်သွားတဲ့ အတတ်ပညာကောင်းတွေ

အခုကျတော့ ခေတ်တစ်ခေတ်ရဲ့ အပြောင်းအလဲကို မြင်လာရပါပြီ။

တစ်ချိန်တုန်းက လက်နှိပ်စက်ရိုက်တာကို အတတ်ပညာတစ်ခုအနေနဲ့ ထားခဲ့ကြတယ်။ လက်နှိပ်စက်ရိုက် သင်တန်းတွေလည်း မန္တလေး၊ ရန်ကုန်မြို့ကြီးတွေမှာ ရှိခဲ့တယ်။ ကျွန်တော်တောင် သိမ်ဖြူလမ်း၊ ခရစ်ယာန် ကလျာဏ ယုဝအသင်းနားဆီက ဘီအက်(စ်)စီ လက်နှိပ်စက် သင်တန်းမှာ ၁၉၈၀ ပြည့်လွန်စတုန်းက သွားတက်ခဲ့ဖူးပါသေးတယ်။ လက်နှိပ်စက် စာရေးလုပ်ဖို့ ရည်ရွယ်ချက်နဲ့တော့ မဟုတ်ဘူး။ လက်နှိပ်စက်ကို မျက်နှာလွှဲစနစ်နဲ့ ရိုက်တတ်ချင်လို့။

ဟော… အခု ကျွန်တော့် သားသမီးတွေ ခေတ်ကျတော့ လက်နှိပ်စက်စာရေးဆိုတဲ့ ရာထူး နေရာတွေ လုံးလုံး မရှိတော့ဘူး။ လက်နှိပ်စက် သင်တန်းတွေလည်း ကြက်ပျောက် ငှက်ပျောက်။ လက်နှိပ်စက်ဆိုတာတောင် အခုခေတ် လူငယ်တွေ သေချာ မြင်ဖူးတော့မယ် မထင်ဘူး။

လက်နှိပ်စက် သင်တန်းကို ကျွန်တော့်အိမ်သူတောင် တက်ခဲ့ဖူးသေးသဗျ။ ကျွန်တော်နဲ့ အိမ်ထောင်ကျပြီးမှပါ။ ကွန်ပျူတာတွေ ပေါ်စမှာ ဖြစ်ပါတယ်။ သူ့ကိုလည်း မျက်နှာလွှဲစနစ်နဲ့ ရိုက်တတ်စေချင်လို့ လက်နှိပ်စက် သင်တန်းကို ပို့ခဲ့တာပါ။

အဖေရော အမေရော မျက်နှာလွှဲစနစ်နဲ့ အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာစလုံး ရိုက်တတ်နေတဲ့အပြင် ကွန်ပျူတာမှာက လက်နှိပ်စက်ရိုက်တာ လေ့ကျင့်ဖို့ သီးခြားအစီအစဉ်တွေ ရှိလာတဲ့အခါ ကျွန်တော့် သမီးရော၊ သားရော နှစ်ယောက်စလုံးပါ ဆယ်နှစ်အရွယ်လောက်ကတည်းက မျက်နှာလွှဲစနစ်နဲ့ ကောင်းကောင်း ရိုက်တတ်သွားပါတော့တယ်။

ခေတ်ရဲ့ ပြောင်းလဲမှု သဘောကို ပြောလိုရင်းဖြစ်ပါတယ်။

အဲဒီ့ နည်းပညာ ခေတ် မပြောင်းခင်မှာ သင်သင့် သင်ထိုက်ပါလျက်ကနဲ့ တန်ဖိုးရှိမှန်း မသိလို့ မသင်လိုက်မိတဲ့ ပညာတစ်ခုအတွက် အခုကျတော့ နှမျောနေမိတာလည်း ကျွန်တော့်မှာ ရှိပါသေးတယ်။

အဲဒါကတော့ လက်ရေးတိုပညာပါ။ လက်ရေးတို ပညာ အသုံးဝင်လွန်းမှုကို ကျွန်တော် မြင်လာတဲ့အချိန်မှာ အဲဒီ့ သင်တန်းတွေ ပျောက်ကွယ် သွားခဲ့ပါပြီ။

ကျွန်ပညာရေးက ပျိုးထောင်ပေးခဲ့သူတွေများ

အင်္ဂလိပ်ခေတ်မှာ ဘုရင်ခံရဲ့ လက်ရေးတိုစာရေးရဲ့ လစာဟာ နယ်ပိုင်ဝန်ထောက်ထက်တောင် များပါသေးတယ်။ အဲဒီ့အချိန် ရွှေတစ်ကျပ်သားကို ဆယ်ဂဏန်းလောက်သာ ပေးရတဲ့ကာလမှာ ဘုရင်ခံ လက်ရေးတို စာရေးရဲ့ လစာဟာ ၅၀၀ လောက် ရပါတယ်။ စဉ်းစားသာ ကြည့်ပါတော့။

အဲဒီ့ လက်ရေးတိုစာရေးဟာ သာယာဝတီနယ်သား ဗမာစစ်စစ်ကြီးပါ။ အင်္ဂလိပ်စာကို မိုးပျံအောင် တတ်တဲ့ ပုဂ္ဂိုလ်ဖြစ်သလို စာဖတ်လည်း အလွန်နာပါတယ်။ သူ့ဘ၀ နောက်ဆုံးအချိန်ပိုင်းမှာ ခင်မင် ရင်းနှီးခွင့် ရခဲ့တာလည်းပဲ ဖြစ်ပါတယ်။ နောင်အခါမှာ အင်မတန် ကိန်းကြီး ခန်းကြီးနိုင်လှတဲ့ ဗြိတိသျှတို့ရဲ့ Financial Times သတင်းစာလို ဟာမျိုးမှာတောင် ပုံမှန် တက်ရေးနိုင်ခဲ့တဲ့ MCT ကလောင်ရှင်၊ ယူပီအိုင် သတင်းထောက်ကြီး ဦးချစ်ထွန်းပါပဲ။

သူက လက်ရေးတိုနဲ့ အသက်မွေးခဲ့သူပီပီ သတင်းလိုက်တဲ့အခါမှာလည်း သူ့လက်ရေးတိုကိုပဲ အသုံးပြုသွားခဲ့တာ ၁၉၈၈ ခုနှစ်နောက်ပိုင်း မိုးထဲရေထဲ ကာလတွေမှာ မျက်ဝါးထင်ထင် မြင်ခဲ့ဖူးပါတယ်။

ဆရာကြီး ဦးချစ်ထွန်း စာဖတ် ဘယ်လောက်နာသလဲဆိုရင် ဒေါ်အောင်ဆန်းစုကြည်က မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြဆိုပြီး စလိုက်တဲ့အခါ အဲဒါ ဟယ်နရီ ဒေးဗှစ်(ဒ်) သောရိုးရဲ့ အရပ်ဘက် အာခံမှု စာအုပ်ထဲက စာသားဖြစ်တယ်လို့ ပြောပါတယ်။ ပြီးတော့ သူ့စာအုပ်စင်က စာအုပ်တစ်အုပ်ကို ဆွဲထုတ်ပြီး ကျွန်တော့်ကို ပေးခဲ့ပါတယ်။ အဲဒီ့စာအုပ်လေးက ယနေ့ထက်တိုင် ကျွန်တော့်ဆီမှာ ရှိနေပါသေးတယ်။

ဟုတ်သဗျ။ ဒေါ်စု ပြောတဲ့ စကားဟာ အဲဒီ့ စာအုပ်ထဲကပါပဲ။ ဦးချစ်ထွန်းလိုပဲ စာဖတ် အလွန်နာသူများ ဖြစ်ကြတဲ့၊ အဲဒီ့အချိန်က ဒေါ်စုနဲ့ အနီးကပ်မှာ ရှိနေခဲ့ကြတဲ့ ဦးထွန်းတင်နဲ့ ဦးဝင်းတင်တို့က သည်စာသားကို ဒေါ်စုကို ရှာဖွေ ပေးခဲ့ကြတာလည်း ဖြစ်ပါတယ်။ (ကျွန်တော် ထင်တယ်၊ ဦးထွန်းတင် ဖြစ်ဖို့ ပိုများတယ်။)

အဲသလို အင်္ဂလိပ်စာကို မိုးပျံအောင် တတ်ပြီး လက်ရေးတိုကို အင်မတန်ကျွမ်းတဲ့ အန်တီကြီး တစ်ယောက်ကိုလည်း ဥရောပသမဂ္ဂမှာ လုပ်တုံးက ဆုံခဲ့ဖူးသေးတယ်။ သူကကျတော့ အန်ကယ် ဦးချစ်ထွန်းလို ဘုရင်ခံ လက်ရေးတိုစာရေး မဟုတ်ခဲ့ဘဲ သမ္မတကြီး မန်းဝင်းမောင်ရဲ့ လက်ရေးတို စာရေး လုပ်ခဲ့ဖူးသူပါ။

အန်ကယ် ဦးချစ်ထွန်းရော၊ အဲဒီ့ အန်တီကြီးရော ဘွဲ့မရကြပါဘူး။ သို့ပေမယ့် အင်္ဂလိပ်စာ တတ်မြောက်မှု အရာမှာတော့ တစ်ဖက်ကမ်းခတ်အနေအထားမို့ သူတို့ခေတ်က ကျွန်ပညာရေးဆိုတာကြီးကို အလေးပြုမိတာလည်း အမှန်ပါပဲ။ သခင်ပညာရေးနဲ့ ကျတော့မှ အင်္ဂလိပ်စာတင် မကဘူး၊ ဗမာစာပါ ချွတ်ခြုံကျသွားတော့တာဟာလည်းပဲ… အဟဲ… မပြောတတ်တော့ဘူး… သြော် (အသံတုန်တုန်နဲ့) မပြောအပ်တော့ဘူးပေါ့ခင်ဗျာ။

အဖေ့ဆီ ပြန်သွားရရင် အဖေက ခါဂျီးမား ကော်ပိုရေးရှင်းမှာ အလုပ်ရတော့ စက်ရုံစီမံကိန်းရှိရာ ကယား ပြည်နယ်ကို ရောက်သွားပါတော့တယ်။ အခြေအနေမဲ့ အဖေဟာ နေစရာတစ်ခုနဲ့ ပုံမှန်လစာ တစ်ခု ရလာပါပြီ။ နေစရာက မပေးလို့ မရဘူးလေ။ အဲဒီ့အချိန်က စက်ရုံ ဆောက်စ ကာလမို့ တောရိုင်းထဲမှာ ရှိနေခဲ့တဲ့ နေရာကိုး။ အဲတော့ အဲဒီ့စီမံကိန်း ၀န်ထမ်းတိုင်းအတွက် နေအိမ်တွေ ဆောက်ပေးခဲ့ကြရတာပေါ့။

အဲတော့ အဖေက မွေးတဲ့ ကျွန်တော်လေး ခမျာမှာလည်း မန်းရွှေမြို့တော်ကြီးက ၈၁ လမ်းပေါ်က အမေရိကန် ဆေးရုံ (အခု မျက်စိ၊ နား၊ နှာခေါင်း ဆေးရုံ)မှာ ချက်မြှုပ်ခဲ့လင့်ကစား ၄၆ ရက်သားမှာ ကယားပြည်နယ်၊ လောပိတ အလွန် လောဓလေ့ကျေးရွာကို ရောက်သွားရပါတော့တယ်။

ရေအားလျှပ်စစ် စက်ရုံက အဲဒီ့အချိန်မှာ ရုပ်လုံး မပေါ်သေးပါဘူး။ အဲတော့ တောင်တွေကို တစ်ချိန်လုံး ဖြိုနေကြရပါတယ်။ ဒိုင်းနမိုက်တွေနဲ့ ခွဲပြီး ဖြိုရတာပါ။ အဲဒါလည်း ရေးပြီးပါပြီ။ ကျွန်တော်က ဒိုင်းနမိုက်သံကြားမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်နိုင်ခဲ့တဲ့ အကြောင်းပါ။

ကောင်းကောင်းတော့ မမှတ်မိတော့ဘူး။ မေးစရာ အမေလည်း မရှိတော့ဘူး။ ကျွန်တော့် ငယ်ဘ၀ဟာ မန္တလေး တစ်လှည့်၊ လောဓလေ့တစ်လှည့် နေခဲ့ရပုံပါပဲ။ ကျွန်တော့် အမှတ်သညာမှာ ထင်းထင်းကြီး ရှိနေတာက မန္တလေးမှာ နေရတဲ့ အချိန်တွေပါပဲ။

မြီးရှည်ဋီကာ

ဒိုင်းနမိုက်သံ တ၀ုန်းဝုန်းကြားမှာ အိပ်နိုင်တဲ့အကြောင်း ကျွန်တော်နဲ့ ပတ်သက်လို့ ပြောစမှတ် ရှိသလို နောက်ထပ် ပြောစမှတ် တစ်ခုကလည်း ဖင်တရွတ်တွန်းဘ၀မှာတင် မြီးရှည် တစ်လုံးကို ကုန်အောင် စားနိုင်တဲ့ အကြောင်းပါ။

မန္တလေးမှာက နေ့ခင်းဘက်ဆိုရင် ဈေးသည်စုံက အရပ်ထဲ လှည့်နေပါတယ်။ မေမေတို့၊ မေမေဘွားဘွားတို့ကလည်း မြီးရှည် ကြိုက်ကြပါလိမ့်မယ်။ သည်အခါ အိမ်ရှေ့ ဖြတ်သွားတဲ့ မြီးရှည်သည်ကို ခေါ်စားကြတဲ့အခါ ကျွန်တော် ဖင်တရွတ်တွန်းသည်လည်း အားကျမခံ တစ်လုံး တွယ်ပါတယ်။ သည်အရွယ်လေးနဲ့ ကုန်အောင် တွယ်နိုင်တာဟာ တကယ့်ပြောစမှတ် ဖြစ်ခဲ့ပါတယ်။ ငယ်ငယ်ကတည်းက အစားပုတ်တဲ့ သဘောပေါ့နော်။

မြီးရှည်ဆိုလို့ ရန်ကုန်မှာ မန္တလေးမြီးရှည်စစ်စစ် ဘယ်တုန်းကမှ မရခဲ့တာလည်း အတော် ရင်ခံပါတယ်။ အရင်က ပန်းဆိုးတန်း အောက်လမ်းနဲ့ ဆူးလေအောက်လမ်းနဲ့ ဆက်ထားတဲ့ လမ်းကလေးထဲ၊ ဘားလမ်း (မဟာဗန္ဓုလ ပန်းခြံလမ်း၊ ရှည်လိုက်တာဗျာ)နဲ့ ၃၅ လမ်းလောက်မှာ ရှိတဲ့ မောင်စံမောင် မန်းမြီးရှည်က နည်းနည်း နီးစပ်တယ်။ တစ်လောက နာမည်ကြီးလိုက်ပြီး အခု ဘယ်ချောင်ရောက်သွားမှန်း မသိတဲ့ ခင့်လက်ရာ မြီးရှည်လည်း ကချလာပဲ။

မန္တလေးမြီးရှည်ရဲ့ အသက်က မုန်ညင်းချဉ်၊ ကော်နဲ့ ပဲငါးပိပဲ။ မုန်ညင်းချဉ်ကို ငရုတ်သီးခြောက်ဖတ် ဘတ်သတ်နဲ့ ရှမ်းမုန်ညင်းချဉ်သုံးလိုက်ပြီဆိုတာနဲ့ မန္တလေး မြီးရှည် အရသာပျက်ပြီသာ မှတ်။ မန်းမြီးရှည်မှာ သုံးတဲ့ မုန်ညင်းချဉ်က ကျံမဆိုင်လို့ ခေါ်တဲ့ အဖြူထည် မုန်ညင်းချဉ်။ မန္တလေးမှာတော့ ရေချဉ်လို့ ခေါ်တယ်။ အဲဒါကို သုံးရတယ်။ ရှမ်းမုန်ညင်းချဉ်က အနံ့ရှိတယ်။ ရှမ်းမုန်ညင်းချဉ်သုံးရင် မန်းမြီးရှည်ရဲ့ အနံ့ကိုရော၊ အရသာကိုပါ ဖျက်ပစ်တယ်။

နောက်တစ်ချက်က ကော်။ ကော်က ဆန်မှုန့်ကို ကျိုထားတဲ့ ကော်ဖြူဖြူမှ မှန်တာ။ သာကူမှုန့်ကို ကျိုထားတဲ့ ကော်အကြည်ဆိုရင် အဲဒါ မန်းမြီးရှည် မဟုတ်တော့ဘူး။ ပဲငပိကလည်း မန်းမြီးရှည်ရဲ့ အသက်ဖြစ်ပါတယ်။ တရုတ် ပဲငပိ ကောင်းကောင်းနဲ့မှ မြီးရှည် ဖြစ်တာပါ။

မေမေက မုန်ညင်းချဉ်ကို ကိုယ်တိုင်တည်တယ်။ ဆောင်းတွင်း မုန်ညင်းပေါချိန်ဆို အိမ်မှာ ကျံမဆိုင် ပြတ်တယ် မရှိဘူး။ ကျွန်တော်တို့ သားအမိ မုန်ညင်းချဉ် အစားကြမ်းပုံကို အခုနှစ် ဇန္န၀ါရီ ၂၄ ရက်မှာ ကွယ်လွန်သွားတဲ့ သူငယ်ချင်းကြီးက တကယ်သြချတယ်။ သူက ကျွန်တော်တို့ သားအမိနဲ့ နေကုန်နေခမ်း လပေါင်းများစွာ နေခဲ့ဖူးတာကိုး။

အဲ… သူ မရှိတော့မှ သူ့ဆန္ဒတစ်ခု မဖြည့်လိုက်ရတာ သတိရတယ်။ သူက စားသောက်ဆိုင်ကြီး ပေါင်းများစွာကို ထူထောင်ထားတဲ့သူပီပီ ကျွန်တော့်ဆီက မြီးရှည်လုပ်နည်းကို လိုချင်ရှာတယ်။ ကျွန်တော် မပေးလိုက်မိဘူး။ ဆောရီးပါ သူငယ်ချင်း။

တမင် မပေးတာတော့ မဟုတ်ပါဘူး။ ဒါက လျှိုထားရမယ့် ပညာလည်း မဟုတ်ပါဘူး။ အကြောင်း မတိုက်ဆိုင်လို့ မပေးဖြစ်ခဲ့တာပါ။

အဲ… အမေက မုန်ညင်းချဉ်ရပြီဆိုရင် မြီးရှည် လုပ်လုပ်စားတတ်ပါတယ်။ မန်းသူစစ်စစ် အမေ့ခမျာလည်း ကယားပြည်ကို ရောက်၊ အဲဒီ့နောက် ရန်ကုန်မှာ နေမိလို့ မြီးရှည်ငတ်တဲ့ ဒဏ်ကို အလူးအလဲခံရတာကြောင့် ကိုယ့်ဘာသာ လုပ်စားဖြစ်နေတာ ထင်ပါရဲ့။ အဲတော့ မြီးရှည်ကြိုက် ကျွန်တော်လည်း တ၀လွေးတာပေါ့ဗျာ။ လွေးတဲ့အပြင် အမေ့ မြီးရှည်လုပ်နည်းကို မျက်စိနဲ့ ကောင်းကောင်း တတ်နေလေတော့ကာ အမေ မရှိတဲ့နောက်လည်း မန်းမြီးရှည်အလျဉ်က ကျွန်တော့်အိမ်မှာ မပြတ်ပါဘူး။

ကိုယ်တိုင် မုန်ညင်းချဉ်တည်ပြီးမှ လုပ်ရတာမို့ အဲဒါတစ်ခုပဲ လက်ဝင်ပါတယ်။ ကျန်တာကတော့ သိပ်မခက်ပါဘူး။

ဆရာသော်တာဆွေက မေမုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲဆိုပြီး ရောင်းခဲ့သေးတယ်။ ဆရာဇော်ဇော်အောင်လည်း တစ်ချိန်က သူ့ကျိုက်ဝိုင်းက ခြံမှာ တရုတ်စာ စားသောက်ဆိုင်လေး ဖွင့်ဖူးသေးတယ်။ ကျွန်တော်လည်း စာရေးခြင်းနဲ့ အသက်မွေးဖို့ ခက်တဲ့ ခေတ်ကို ရောက်ပြီမို့ မြီးရှည်ရောင်းရင် ကောင်းမလား စိတ်ကူးနေသဗျ။ အားပေးကြမယ် မဟုတ်လားဟင်။ ဆူဒိုနင်၏ ဂွကျကျ မန်းမြီးရှည်ဆိုပြီး ဆိုင်းဘုတ်တင်လိုက်ရင် ခဲတွေ မနည်းမနော ကျလာမယ် မှတ်တယ်။ 🙂

သည်အပိုင်းမှာ ပြောကြဆိုကြတာလေးတွေ

Rita Aung NY ပရိတ်သတ် ကို တော်တော် အလို လိုက်တဲ့ စာရေးဆရာ. မနေ့ က ၃ ဆရေးပါဆိုတာနဲ့ အများကြီးရေးပေးတယ်. ဒီနေ့ လည်း အများကြီးရေးပေး ပါအုံးနော်

ATK ငှင့်… သများမှာ like နဲ့ မန့် အရေအတွက် ကျဆင်းသွားလို့ အားငယ်နေဘာရယ်ချိုမှ…

Thet Chow သများလဲကိုယ့် ဟာကိုယ် မြီးရှည်လုပ် စားရပါတယ် မုန်ညင်းချဉ် လဲလုပ်ဖူးတယ်

Htar Htar Myint မှတ်ထားလိုက်ပြီရန်ကုန်ရောက်ရင် အိမ်ကိုအရောက်ကြွင်္လာပြီး မြီးရှည်လာစားရမယ်

Kay Zac သုံးနှစ်လောက်ပေါင်းကြည့်ပြီးမှတရားဝင်လက်ထပ်ဆိုတဲ့အယူအဆကိုလုံးဝထောက်ခံတယ်။ သို့သော် အဲ့လိုအယူအဆ ရှိနေတဲ့သာမီးကို လူဒေက ဘိုဒေဆန်လိုက်ထှာဆိုပြီး အံသြတဲ့မျက်နှာနဲ့ မျက်လုံးကြီးတွေပြူးပြီး ကြည့်တတ်ကြဒယ်။ ခုဒေါ့ အားစိသွားလယ် အဖော်ရှိလို့ ခိ

Wei Phyo Maung ဆရာ မြီးရှည်လုပ်နည်း မုန်ညင်းချဉ်တည်နည်း စာအုပ်ထုတ်ရင် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိထက် ရောင်းကောင်းမယ် ထင်တယ်

Khin Myo ဒီထက်များများရေးပါဗျို့ (ဟိဟိ …)

May Thandar Win မနက်မုတ်ဆိတ်ရိပ်ညနေပြန်ပေါက်တဲ့သူကို အင်္ဂလိပ်လို five o’clock shadow လို့ ခေါ်တာမှတ်ဖူးတယ်။ အဲလိုဆို ဆရာသည် လည်း ငါးနာရီအရိပ် ပေါ့နော်

၂၀၁၅ ခုနှစ် မတ်လ ၅ ရက်

မှတ်မိသလောက်

လောဓလေ့မှာ နေခဲ့ရတဲ့ဘ၀က ခါးသီးလွန်းတာမို့ သိပ်မမှတ်မိချင်ဘူး။ လူ့မှတ်ဉာဏ်ရဲ့ သဘာဝကိုကလည်း ခါးသီးမှုတွေကိုဆို အလိုလို မေ့ဖျောက်ပစ်တတ်စမြဲ သဘာဝရှိပါတယ်။

လောဓလေ့မှာ မှတ်မိတာက လွိုင်ကော်က စိန့်ဂျိုးဇက်(ဖှ်)ကျောင်းကို လျှပ်စစ် ဌာနပိုင် ဟီးနိုး ကုန်တင်ကားဝါကြီးကို နောက်မှာ လှေကားတပ်ပြီး ကျောင်းကားလုပ်ကာ ပို့ပေးခဲ့တာပဲ။

အမေက ကျွန်တော့်အတွက် ထမင်းချိုင့်ထည့်ပေးတယ်။ အများအားဖြင့်က ကြက်ဥကြော်က ကျွန်တော့်ဟင်း။ လောဓလေ့မှာက ငါးရက်တစ်ဈေးဆိုတော့ ဟင်းလျာ ပါးရှားတာကိုး။ ကြက်ဥဆိုရင် ကျွန်တော်က အဲဒီ့အရွယ်တုန်းက အနှစ်မစားတတ်ဘူး။ အကာပဲ စားတာ။ အဲတော့ နေ့လည်စာ စားချိန်ဆို အနှစ်စားပေးမယ့် သူငယ်ချင်း ရှာရတာကိုက အလုပ်ကြီးတစ်ခု။

နောက်အမှတ်ရစရာတစ်ခုက လောဓလေ့မှာ နေတော့ အမေ့ ခြေထောက် သံစူးတတ်တာ။ နှစ်ခါ သုံးခါ မကဘူးရယ်။ နောက်မှ သိရတာက ဟင်းလျာ ပါးရှားလို့ အိမ်မှာ အမဲသားချက်မယ် ကြံတိုင်း အမေ့မှာ သံစူးရတယ်ဆိုတဲ့ အစွဲကြီး ဖြစ်သွားပါတော့တယ်။

အဖေကတော့ ကျောင်းနေအရွယ်ကတည်းက ကျွန်တော့်ကို ပြောတယ်။

“အဖေတို့ အိမ်မှာ အမဲသား မစားဘူး။ အဲဒါ ဘာကြောင့် ညာကြောင့်မှ မဟုတ်ဘူး။ သား သူငယ်ချင်းတွေ ဘာတွေက ကျွေးလို့ သား စားချင် စားလို့ရတယ်နော်”တဲ့။

အဲဒီ့စကားအတွက် အဖေ့ကို ကျေးဇူးတင်ပါတယ်။ ယနေ့ထက်တိုင် ကျွန်တော် အမဲသားစားတယ်လေ။ ကျွန်တော် ရှောင်တဲ့ အသား ဘာမှ မရှိဘူး။ အကြိုက်ဆုံးက မိန်းမသားဗျ။ အဲလေ… မှားလို့။ 🙂

အမှန်တော့ ကျွန်တော့် ကျောင်းနေဘ၀အစဟာ အမေ စာသင်ခဲ့ရာ မန္တလေး စိန့်ဂျိုးဇက်(ဖှ်) ခန်ဗှယ့်(န်)(ထ်)မှာပါ။

အဲဒီ့ ပထမဆုံး ကျောင်းနေရတဲ့နေ့ကိုတော့ ဘာလို့လဲ မသိဘူး။ အခု နှစ်ပေါင်း ၅၀ ကျော်ကြာသည့်တိုင် မျက်လုံးထဲမှာ ပြက်ပြက်ထင်ထင် မှတ်မိနေပါသေးတယ်။

ကျွန်တော် အသေငိုတာပေါ့။ မေမေ့ကိုလည်း တမ်းတ၊ ဘယ်သူမှ ချော့လို့လည်း မရ၊ ခြောက်လို့လည်း မရနဲ့။ အဖြူဝတ် ဘုရင်ဂျီ မယ်သီလကြီးတွေနဲ့ စခန်းသွားခဲ့ရတာပ။

နောက်တော့လည်း ကလေးတို့ရဲ့ ထုံးစံအတိုင်း ကျောင်းနေ ပျော်သွားတော့တာပါပဲ။ ဒါပေသည့် သူငယ်တန်းလေး တစ်တန်းပဲ မန္တလေးမှာ နေခွင့်ရလိုက်တယ်။ နောက်နှစ်ကျတော့ လွိုင်ကော်ကျောင်း ရေက်သွားတယ်။ လွိုင်ကော်ကျောင်းမှာကျတော့ ကျွန်တော့်မှာ သူငယ်တန်းလတ် (Kindergarten B) မှာ နှစ်ရက် သုံးရက်ပဲ နေလိုက်ရပြီး သူငယ်တန်းကြီး (KG-C) ကို တန်းတက်ရပါတယ်။

အဲဒီ့ လွိုင်ကော်ကျောင်းမှာ နေခဲ့ရတဲ့ ဘ၀ကိုလည်း ကျောင်းခန်းတွေ ဘာတွေ မမှတ်မိတော့သည့်တိုင် ထမင်းစားခဲ့ပုံတွေ၊ ကျောင်းကားတွေကို အခုအချိန်အထိ မျက်လုံးထဲမှာ မြင်ယောင်ကြည့်လို့ ရသေးတယ်။

ကလေးကတည်းက ကိုယ်စွမ်းကိုယ်စကို အထင်မကြီးတတ်သူ

ထူးဆန်းတာက လောဓလေ့ အလယ်တန်းကျောင်းနဲ့ ပတ်သက်လို့ မျက်လုံးထဲမှာ ဘာပုံရိပ်မှ အမှတ်ထင်ထင် မကျန်လှတာပဲ။ ကျောင်းပုံလည်း မျက်လုံးထဲ မမြင်တော့၊ သူငယ်ချင်း ဆိုတာတွေလည်း မျက်လုံးထဲ မရှိတော့ဘူး။ ထူးထူးခြားခြား မှတ်မိနေပြီး မျက်လုံးထဲ ရေးတေးတေး မြင်နေမိတာက ဦးမောင်မောင်ကျော်ဆိုတဲ့ ဆရာတစ်ယောက်ပဲ။ သူက အသားညိုညို၊ တိုက်ပုံအဖြူနဲ့လို့ မှတ်မိနေသေးတယ်။ ဆရာ ပန်းချီဆွဲ ကောင်းတာလည်း မှတ်မိနေတယ်။ ကျွန်တော့်ကို ချစ်ချစ်ခင်ခင်ရှိတာလည်း မှတ်မိနေပါတယ်။

လောဓလေ့ကျောင်းက လျှပ်စစ်ဝန်ထမ်း မိသားစုတွေအတွက် ထောင်တဲ့ ကျောင်း ဖြစ်ဟန်တူပါတယ်။ အမေက အဲဒီ့မှာ ဆရာမစုံခင်မှာ စေတနာ့ ၀န်ထမ်းဆရာမ ၀င်လုပ်သေးလား မသိဘူး။ သေချာ မမှတ်မိတော့ဘူး။ မှတ်မိတာက နောင်အခါ ၁၉၈၀ ပြည့်လွန်ကာလဆီက နာမည်ကျော်တီးဝိုင်းတစ်ခုမှာ ဂစ်တာတီးတဲ့၊ မဆလ ၀န်ကြီးတစ်ပါးရဲ့ သားမက်ဖြစ်သွားတဲ့ ကျွန်တော်နဲ့ ရွယ်တူတစ်ယောက်ကို သူ့အမေက ကျွန်တော် စာတော်တာ အားကျအောင် ပြောတော့ အဲဒီ့ကောင်က “သူ့အမေက ဆရာမကိုး၊ အဲတော့ သူ့မှာ အမှတ်တွေ အလကား ရနေမှာပဲဟာ… တော်မှာပေါ့”လို့ ပြန်ပြောတယ်ဆိုတဲ့အကြောင်းပါ။

အဲတုန်းက သူရော ကျွန်တော်ရော ဘာရှိဦးမှာလဲဗျာ၊ အလွန်ဆုံးမှာ ၆ နှစ်၊ ၇ နှစ်သားပေါ့။ အဲဒီ့အရွယ်ကတည်းက ကိုယ်တော့် အတွေးအမြင်တွေက အဲသလိုဆိုတော့ကာ နောင်အခါ ၀န်ကြီးသားမက်ဖြစ်လာတာလည်း မဆန်းဘူးလို့ ဆိုရမယ် ထင်ပါရဲ့။

အတိတ် တစ္ဆေများ

လောဓလေ့နဲ့ ပတ်သက်လို့ မှတ်မိတာလေးတွေ တန်းစီပြီး ချရေးပြရရင် ဘာမှုနဲ့မှန်း မသိဘူး၊ မေမေ စိတ်တိုလို့ ကျွန်တော့်ကို ဓားမနဲ့ လိုက်တဲ့အတွက် နေပူကျဲတောက်မှာ ထွက်ပြေးခဲ့ရတာရယ်၊ အိမ်ရှေ့ ကတ္တရာ လမ်းကလေးပေါ်မှာ နေပူလို့ ကတ္တရာ ပူစီဖောင်းလေးတွေ ပေါ်တာကို လိုက်ဖောက်တာရယ်၊ အဖေက အမေ့ကို တရားလွန် ရိုက်နှက်နေတာကို ကြောက်လို့ တံခါးကြားမှာ ၀င်ပုန်းနေရင်း အကြောက်လွန်ပြီး အင်အင်းတောင် ထွက်ခဲ့ဖူးတာရယ်၊ မေမေ မူကြိုကြောင်း ဖွင့်ခဲ့တာလေး ရေးတေးတေးရယ်၊ မေမေ့ ရှုမ၀ စာအုပ်တွေ ယူဖတ်ရင်း ၀င်းဦးရဲ့ ၀တ္ထုတစ်ပုဒ်ကို နားမလည် ပါးမလည်နဲ့ ဖတ်ဖူးတာရယ်လောက်ပဲ ရှိပါလိမ့်မယ်။ ဘ၀မှာ ပထမဆုံး စဖတ်ဖူးတဲ့ ၀တ္ထုလို့ ဆိုရမှာပါ။ နားမလည်ပေမယ့် ၀င်းဦးဆိုတာကိုတော့ သိနေပါပြီ။ သူ့မီးပုံပွဲသီချင်းကိုလည်း အစအဆုံး အော်ဆိုတတ်နေပါပြီ။

သီချင်းဆိုလို့ ၀င်းဦးရဲ့ မီးပုံပွဲအပြင် တခြား သီချင်းတွေ အများကြီးလည်း ကျွန်တော် ရနေခဲ့တာ မှတ်မိတယ်။ မီးပုံပွဲလိုပဲ မှတ်မိနေတာက မင်းသား ညွန့်ဝင်းဆိုတဲ့ သိင်္ဂီသီချင်းပါ။ အိမ်မှာ ဘယ်က ဓာတ်စက် ရောက်လာလဲတော့ မမှတ်မိတော့ဘူး။ အဖေတို့ မ၀ယ်နိုင်တာကတော့ သေချာပါတယ်။ တစ်ယောက်ယောက်ဆီက ခဏ ငှားလာတာပဲ ဖြစ်မှာပါ။ အဲဒီ့ ဓာတ်စက်နဲ့ အဲဒီ့ သီချင်းကို ခဏခဏ ဖွင့်တာလည်း ရေးတေးတေး မြင်ယောင်မိတယ်။

အဲတုန်းက ကစားဖော် သူငယ်ချင်းတွေလည်း အကုန်မမှတ်မိဘူး။ လူရွေးပြီး မှတ်မိနေတယ်။ အထူးသဖြင့် လူလိမ္မာလေးပုံစံ အိညှက်အိညှက်နဲ့ကျွန်တော့်ကို အနိုင်ကျင့်ခဲ့တဲ့သူကို ဘယ်လိုမှ မမေ့နိုင်ဘူး။ ဆရာကြီး ရွှေဥဒေါင်းစကားနဲ့ ပြောရင်တော့ ကျွန်တော့်ကိုယ်မှာ ဆူးတောင် စစိုက်ပေးခဲ့သူပေါ့။

သူ့အကြောင်းကို တစ်နေရာမှာ ရေးပြီးပါပြီ။ ဘယ်မှာလဲဆိုတာတော့ မမှတ်မိတော့ဘူး။ နောင် အသက် ၃၀ ကျော်တော့မှ သူနဲ့ ဆွေနီးမျိုးစပ်တစ်ယောက်ကို ပြောပြတော့ ခမျာ ယုံတောင် မယုံနိုင်ရှာဘူး။ ကျေးဇူးရှင်ရဲ့ လူမသိသူမသိ အခြမ်းဖြစ်နေတာကိုး။

သူ့အဖေက ကျွန်တော့်အဖေ လက်နှိပ်စက် စာရေးနဲ့ ရာထူးချင်း မယှဉ်သာအောင် ကွာခြား မြင့်မားပါတယ်။ အဲတော့ အဖေက မှာတယ်။ “သူနဲ့ ကစားရင် ရန်မဖြစ်ရဘူး၊ တစ်ခုခု ကြားတာနဲ့ အဆော်ခံရပြီသာမှတ်”ပေါ့။ အဲတော့ ကျွန်တော့်ခမျာမှာ သူ့ကို မဆန့်ကျင်ရဲခဲ့ဘူး။ သူပြုသမျှ နုရတဲ့ဘ၀မှာ ရောက်နေခဲ့တာပေါ့။

သူကလည်း တခြားနည်းနဲ့တော့ အနိုင်ကျင့်တာမျိုး မဟုတ်ပါဘူး။ ဆရာဝန်လုပ်တမ်း ကစားမယ်လို့ ပြောပြီး ကျွန်တော့်ရဲ့ ပုဂ္ဂလိကအစိတ်အပိုင်းတွေကို ပယ်ပယ်နယ်နယ် ကိုင်တွယ်တာပါပဲ။ အဲတုန်းက ကျွန်တော့် အသက်မှ ၆ နှစ်၊ ၇ နှစ်ဗျာ။ ဘာသိဦးမှာလဲ။ ဒါပေမယ့် စိတ်ထဲတော့ မအီမလည်ကြီးပေါ့။ လူကြီး မိဘတွေလည်း ပြန်မပြောရဲဘူးပေါ့။ အထူးသဖြင့် အဖေက ကြိမ်းထားတော့ သာတောင် မပြောရဲသေးတယ်။

သူက ကျွန်တော့်ထက် တစ်နှစ်သာသာကြီးပါတယ်။ ဆိုကြပါစို့… သူ့နာမည် အေးနိုင်။

ကလေးဆိုတော့လည်း ဘာသိမှာလဲဗျာ။ စိတ်ထဲ ကသိကအောင့်ဖြစ်တာပေါ့။ မလုပ်သင့်တာ လုပ်နေတာကို အသားလွတ်ခံနေရတယ်လို့တော့ သိတာပေါ့။

မမေ့နိုင်တဲ့ ထမင်းတစ်နပ်

သူ့အကြောင်းကို သည်နားမှာ ခဏထားခဲ့ပြီး ကျန်တဲ့ ကစားဖက်တွေအကြောင်း ပြောရဦးမယ်။ နောက်တစ်ယောက်ကလည်း သူ့လိုပဲ၊ ကျွန်တော့်အဖေထက် ရာထူးအဆင့် ပိုကြီးတဲ့ သူရဲ့ သား။ သူကကျတော့ ကလေးချင်းကစားတာတောင် ဘာသိဘာသာရယ်။ သူ့စိတ်ကူးနဲ့သူ တစ်ယောက်တည်း ကစားနေတာ များတယ်။ သူစိတ်ဝင်စားတာက ကားမောင်းဖို့။ စလောင်းဖုံး တစ်ချပ်ကို စတီယာရင် လုပ်၊ နှုတ်ခမ်းလေးစူပြီး တ၀ူးဝူး အသံထွက်၊ ခုန်ဆွ ခုန်ဆွနဲ့ ပတ်ပြေးနေတဲ့ သူ့ပုံကို ခုတောင် မြင်ယောင်နေသေးတယ်။ သူ့ဆံပင်ပျော့ပျော့လေးတွေက သူခုန်ဆွခုန်ဆွပြေးနေတာနဲ့အတူ ခုန်ပေါက်လို့။ သူ့နာမည်လည်း အောင်မောင်းလို့ပဲ ထားလိုက်ကြပါစို့ရဲ့။

အဲ… သူ့အိမ်နဲ့ ပတ်သက်လို့ မှတ်မိတာတစ်ခုလည်း ရှိသေးတယ်။ သူ့အိမ်မှာ ထမင်း စားရတာကိုပါ။ တစ်ခါတလေ ကျွန်တော့်မှာ သူတို့အိမ်တွေမှာ ညမှောင်တဲ့အထိ သောင်တင်နေတတ်တယ်။ သူတို့အဖေလို အရာရှိတွေကို ထားတဲ့ နေရာက ကျွန်တော့်အဖေလို သာမန် စာရေးစာချီတွေကို ထားတဲ့ နေရာနဲ့က နှစ်မိုင်လောက် ဝေးသလား မသိဘူး။ ကားကြုံရှိမှ၊ ဒါမှမဟုတ် တစ်ယောက်ယောက်လိုက်ပို့မှ ပြန်ရတာ။ အဲတော့ သောင်တင်တာပေါ့။

တစ်ညနေခင်းမှာ ထမင်းစားချိန်ရောက်တော့ ထမင်းကျွေးတယ်ဗျ။ ကျွေးတဲ့ ထမင်းကို ဟင်းရည် ဆမ်းထားတာ။ ဘာအသား၊ ဘာဟင်းသီးဟင်းရွက်၊ ဘာဟင်းဖတ်မှ မပါဘူး။ ထမင်းနဲ့ ဟင်းရည်ကျဲ။ ကျွန်တော့်တင် အဲလို ကျွေးတာလားဆိုတော့ မဟုတ်ဘူး။ အောင်မောင်းရော၊ သူ့အောက်က နှမနှစ်ယောက်ပါ အဲဒီ့ပုံစံအတိုင်း ကျွေးတာ။ ပန်းကန်ကလည်း ကြွေရည်သုတ် သံပန်းကန်ပြားနဲ့။

စားရတာလည်း ထမင်းစားပွဲမှာ မဟုတ်ဘူး။ ကျွန်တော်တို့ ဆော့နေတဲ့ နေရာကို သူ့အမေက ထမင်းပန်းကန်တွေ လာပေးတာ။ အဲဒီ့ကြမ်းပေါ်မှာပဲ ထိုင်ပြီးစားရတာ။

ကျွန်တော့်ဘ၀မှာ တစ်ခါမှ မကြုံဖူးတဲ့ ထမင်းတစ်နပ်ပါပဲ။ တစ်ခါတည်းကို မှတ်သွားပါတော့တယ်။ ကျွန်တော့် အဖေက သူ့အဖေထက် ရာထူး အလွန်ငယ်ပေမယ့် ကျွန်တော်တို့အိမ်မှာ ထမင်းစားရင် မိသားစုက သုံးယောက်တည်းရှိတော့ တစ်ဝိုင်းတည်း အတူစားတယ်။ ဟင်းနဲ့ ဘာနဲ့ ဖွယ်ဖွယ်ရာရာ စားရတာ။ ကြွေရည်သုတ် သံပန်းကန်ဆိုတာလည်း ကျွန်တော်တို့အိမ်မှာ ရှားပါးပစ္စည်း။ ကြွေပန်းကန်တွေပဲ သုံးတာပါ။

အေးနိုင်တို့ အိမ်မှာဆိုလည်း အဲသလိုပဲ။ လူကြီးတွေနဲ့ တစ်ဝိုင်းတည်း စားရတယ်။ ဟင်းနဲ့ ထမင်းနဲ့ စားရတယ်။ အောင်မောင်းတို့အိမ်ကျတော့မှ အဲလိုဆိုတော့ ကျွန်တော့်မှာ ဆာကလည်း ဆာ၊ စားကလည်း မစားနိုင်။

အိမ်ပြန်ရောက်တာနဲ့ အဲဒီ့အကြောင်း တစ်ခါတည်း တန်းပြောတော့တာပဲ။ အဲတော့လည်း နောက် အဲဒီ့အိမ်မှာ ထမင်းစားချိန်အထိ သောင်တင်တဲ့ အဖြစ်နဲ့ မကြုံတော့ဘူး။

အဆင့်အတန်းကို စတင်ရိပ်စားမိပုံ

အရာရှိတွေအတွက် ပေးထားတဲ့ အိမ်တွေက တိုက်တွေ။ ကျွန်တော်တို့ နေရတာက ပျဉ်ထောင်အိမ်။ ကျွန်တော် သဘောကျတာက အဲဒီ့ အရာရှိအိမ်တွေက ကြွေကမုတ်နဲ့ အိမ်သာဖြူဖြူ။ ကျွန်တော်တို့မှာက အိမ်နဲ့ ကိုက် ၂၀၊ ၃၀ လောက်ဝေးတဲ့ နောက်ဖေးက ကျင်းအိမ်သာ။ နေရာထိုင်ခင်းချင်း၊ အနံ့အသက်ချင်း ကွာပါ့။

မန္တလေးအိမ်မှာလည်း ကျင်းအိမ်သာပဲ။ အဲတော့ ဘ၀မှာ လူတွေ အဲလိုပဲ နေကြတယ် မှတ်တာ၊ အရာရှိ အိမ်တွေက အိမ်သာထဲ ရောက်ဖူးတော့မှ ဒါမျိုးတွေလည်း ရှိသေးလားဆိုပြီး ရင်သပ်ရှုမော။

လောဓလေ့မှာ နေတုန်းက ကျွန်တော်နဲ့ ပတ်သက်လို့ ပြောစမှတ် နောက်တစ်ခု ရှိသေးတယ်။ အဲဒါက ကားတွေ အိမ်ဘေးက၊ အိမ်ရှေ့က ဖြတ်မောင်းသွားရင် စက်သံကို နားထောင်ရုံနဲ့တင် ဘာကား၊ ဘယ်သူ့ကားဆိုတာ ကျွန်တော်က တန်းပြောနိုင်တာပါ။ တကယ်တော့ မဆန်းလှပါဘူး။ အဲဒီ့ ဒေသလေးမှာ ကားအမျိုးအစားက လက်ချိုး ရေလို့ရတယ်။ သိပ်မှ မများတာ။ ဟီးနိုးကြီးတွေ ရှိတယ်။ အပေါ့စား ကုန်တင်ကားငယ်လေးတွေ ရှိတယ်။ လူ ရှစ်ယောက်လောက်စီးလို့ ရတဲ့ အိမ်သုံး ဘတ်(စ်)ကားငယ်လေးတွေ ရှိတယ်။ ဂျစ်ကားလို ကားမျိုး ရှိတယ်။ ဆလွန်းနှစ်စီးရှိတယ်။ အဲလောက်ပဲ။

ဆလွန်းက အေးနိုင်ရဲ့ အဖေ စီးတာ။ သူတို့အိမ် သွားလို့ ကားထဲ ၀င်ထိုင်ဖူးတယ်။ မွှေးကြိုင်နေတာပဲ။ ကျွန်တော့်ဘ၀မှာ ဆလွန်းဆိုတာထဲလည်း အဲဒါ ပထမဆုံး ၀င်ထိုင်ဖူးတာပဲ။ စီးတောင် စီးဖူးခဲ့တာ မဟုတ်ဘူး။ ကျွန်တော် စီးဖူးတာက အလွန်ဆုံးမှ အိမ်သုံး ဘတ်(စ်)ကားငယ်လေးပဲ။ အဲဒါကျတော့ အောင်မောင်းတို့ အဖေ စီးတာ မှတ်တယ်။

ဘာလို့လဲ မသိဘူး။ ကားတိုင်းရဲ့ စက်သံကို ကျွန်တော်က ကောင်းကောင်း ကျက်မိတယ်။ ကားအမျိုးအစားချင်း တူရင်တောင် ဘယ်သူ့ကားဆိုတာ ပြောနိုင်ခဲ့တယ်ဆိုပဲ။

နောက်ကစားဖက်တစ်ယောက်က တရုတ်ကလေး။ သူ့အဖေကလည်း အေးနိုင်တို့၊ အောင်မောင်းတို့ အဖေတွေလို အင်ဂျင်နီယာပါ။ သူ့မှာ နှမလေး တစ်ယောက်ရှိတာလည်း မှတ်မိတယ်။

အဲဒါ လောဓလေ့နဲ့ ပတ်သက်လို့ ကျွန်တော် မှတ်မိတာ အကုန်ပဲ။

အထူးမေ့ယူစရာ မလိုပါ၊ အလိုလိုပျောက်ပျက်သွားတာ

လွန်ခဲ့တဲ့ သုံး လေးနှစ်က လောဓလေ့မှာ အိမ်ချင်းကပ်လျက်လား မသိ၊ နေခဲ့ဖူးတဲ့ တစ်ယောက်က ကျွန်တော့်စာအုပ်တွေ ဖတ်မိရင်းက ကျွန်တော်မှန်း သိသွားပြီး လှမ်းဆက်သွယ်တယ်။ သူ ကျွန်တော့်အိမ်မှာ ငယ်ငယ်တုန်းက လာဆော့ခဲ့တာတွေ အားပါးတရ ပြန်ပြောပြတယ်။

ကျွန်တော့် မှတ်ဉာဏ်မှာ ဗလာနတ္ထိ။ သူသည် ကျွန်တော့် သညာထဲမှာ မရှိ။ သူ့အဖေ နာမည်ပြောပြတော့လည်း မသိ။ အားတော့ အတော် နာပါတယ်။ သို့သော် မမှတ်မိတော့တာလည်း အမှန်ပါ။

နောက်ကျတော့ သူနဲ့အတူ နောက်ထပ် ငယ်သူငယ်ချင်းတွေ ပြန်ဆုံတဲ့ ပွဲကို ဖိတ်ပြန်တယ်။ သွားလိုက်တယ်။ အဲဒီ့ထဲမှာလည်း ရေးတေးတေး မှတ်မိသူက နှစ်ယောက်လားပဲ ပါတယ်။ တကယ့်ကို ရေးတေးတေးလေးပဲ မှတ်မိတော့တာ။

သိလိုက်ပါတယ်။ အဲဒီ့လောဓလေ့မှာ နေခဲ့တဲ့ ဘ၀ကို ကျွန်တော့်အမှတ်သညာက အလိုလို ဖျက်ပစ်ထားလိုက်ပြီဆိုတာ။ ခါးသီးမှုတွေလေ။

အဲ… မှတ်မိတာ တစ်ခုကျန်သေးတယ်။ အဲဒါက အဖေ့အစ်ကို ဦးသာစိန်ဆိုတဲ့ လူကြီး။ အဖေ့အစ်ကို ဆိုပေမယ့် ၀မ်းကွဲလား မသိဘူး။ အဖေ့ကို အကြောင်းပြုပြီး လောပိတကို ရောက်လာ၊ လျှပ်စစ်ဌာနမှာ ယာဉ်မောင်း အလုပ် ၀င်နေတာပ။

ပြောစရာ တစ်ခု ကျန်သွားတာက စက်ရုံပြီးသွားတော့ ခါဂျီးမား ကော်ပိုရေးရှင်းက ပြန်သွားတယ်။ အဖေက အီးအက်(စ်)ဘီလို့ အဲတုန်းက ခေါ်တဲ့ လျှပ်စစ်ဓာတ်အားပေးရဲ့အဖွဲ့ လက်အောက်ကို ရောက်သွားတယ်။ ရာထူးချင်းကတော့ အတူတူပဲ။

အဲဒီ့ ဦးသာစိန်က အရက်သမားကြီးဗျ။ အသားညိုညိုနဲ့ သူ့သွင်ပြင်ကိုလည်း အခုထိ မှတ်မိနေပါသေးတယ်။ သူက မထင်ရင် အိမ်ရောက်ရောက်လာတတ်တယ်။ သူရောက်လာပြီးရင် အဖေနဲ့ အမေနဲ့ ရန်ဖြစ်ကြသလား၊ ဘာလားတော့ မသိဘူး။

ဧည့်သည်တွေ

မျက်မမြင် မေမေဘွားဘွားလည်း လောဓလေ့အိမ်အထိ လိုက်လာနေတာကို မှတ်မိနေတယ်။ မေမေဘွားဘွားလည်း အမေ့ကို အဖေက နှိပ်စက်ပွဲတွေ ကြားသိနေရပြီး အတော် စိတ်ဆင်းရဲခဲ့ရှာမှာပါ။

နောက် ကျွန်တော်တို့ လောပိတမှာ ရှိနေတုန်း ကျော်ဆွေနဲ့ ခင်ယုမေတို့ တစ်မိုးတစ်မြေ ဇာတ်ကား လာရိုက်တာလည်း ကြားဖူးလိုက်တယ်။ မြင်တော့ မမြင်ဖူးလိုက်ပါဘူး။

မေမေဘွားဘွား ရှိနေတော့ မန္တလေးကနေ ကြီးကြီးရီနဲ့ မမသန်းတို့လည်း တစ်ခေါက် အလည် ရောက်လာသေးတယ်။ အဲဒါလည်း မှတ်မိနေတယ်။ နောက်ပြီးတော့ ရန်ကုန်က အဖေ့မိတ်ဆွေဆိုတဲ့ ဧည့်သည်တွေ ရောက်လာတာ ရှိတယ်။ သူတို့မှာ ရိုလီဖလက်(စ်)ကင်မရာ ပါလာတယ်။ ကျွန်တော့် ဘ၀မှာ ပထမဆုံး လက်နဲ့ ထိဖူးတဲ့ ကင်မရာပေါ့။ သူတို့တွေ အုပ်စုလိုက် ဓာတ်ပုံ ရိုက်ကြတဲ့အခါ ကျွန်တော်က ခလုတ်နှိပ်ပေးခဲ့ရလို့ပါ။

နောက်ထပ် မှတ်မိနေတာက မဲရယ်ဆိုတဲ့ ခွေး။

အမှန်တော့ ခွေးလေ ခွေးလွင့်ပါ။ အမေက ထမင်းကျန် ဟင်းကျန်တွေ ကျွေးမွေးနေတော့ သူက အိမ်က ခွေးလို ဖြစ်နေတာ။ ကယားနာမည်ဖြစ်အောင်ဆိုပြီး အဲဒီ့ ခွေးမည်းမည်းကို အမေက မဲရယ်လို့ မှည့်လိုက်တာ။ သူ့လည်း မျက်လုံးထဲ မြင်နေသေးသဗျ။ အခု အိမ်မှာ မွေးထားတဲ့ စနုပီနဲ့လိုတော့ မဲရယ်နဲ့ ဖက်လှဲတကင်း လုံးလား ထွေးလား မနေခဲ့ဖူးပါဘူး။ သူကလည်း တစ်အိမ်လုံးနဲ့ ဘာသိဘာသာ။ စားချိန်တန် လာစားပြီး ပျောက်သွားတာပဲ။

ခေါင်းက သေရာပါ ဒဏ်ရာတွေ

ကျွန်တော် ပျင်းတယ်သာ ပြောတာ။ ကျွန်တော့် မေမေက သာ ပျင်းသေး မှတ်တယ်။ သူ ကျွန်တော့်ကို နို့တိုက်တာ နို့တစ်ဖက်တည်းပဲ တိုက်ခဲ့တာ ခင်ဗျ။ နို့နှစ်ဖက် ပြောင်းပြောင်းပြီး တိုက်ခဲ့တာ မဟုတ်ဘူး။

အဲတော့ ကျွန်တော့် နောက်စေ့ကို တခြမ်းစောင်းလေး ပုံသွင်းထားသလို ဖြစ်နေတယ်။ ဘယ်ဘက် နောက်စေ့က မြင့်နေပြီး ညာဘက်နောက်စေ့က နိမ့်နေတယ်။ သူများ ခေါင်းတွေလို လုံးလုံး ညီညီလေး မဟုတ်ဘူး။ မေမေက ကျွန်တော့်ကို ပွေ့ပြီး ဘယ်ဘက်နို့တစ်လုံးတည်းသာ တိုက်ခဲ့တဲ့ အကျိုးကျေးဇူးပေါ့ ခင်ဗျာ။ ခေါင်းတုံးတုံးလိုက်ရင် ကျွန်တော့် ခေါင်းလေးခမျာ မလှရှာဘူး။ သနားစရာလေးနော် 🙂

သည့်ထက် သနားစရာ ကောင်းတာ ရှိသေးတယ်။ ရေးပြမယ်။

ကျွန်တော်မှ လူမှန်း သူမှန်း မသိသေးဘူး။ အမေ့ရင်ခွင်ပိုက်ဘ၀ပဲ ရှိသေးတယ်။ လောပိတနဲ့ လောဓလေ့ကလည်း နှစ်မိုင်၊ သုံးမိုင် ဝေးသလား မသိဘူး။ ကားနဲ့ ပြန်လာကြတာ။ ကားက လျှပ်စစ်ဌာနက အပေါ့စား ကုန်တင်ကားလေး။ ရှေ့ခန်းမှာတင် စုပြုံထိုင်လာတာ။ ညာဘက်အစွန်မှာ ယာဉ်မောင်း၊ အလယ်မှာ အဖေ၊ ဘယ်ဘက်အစွန်မှာ မေမေက ကျွန်တော့်ကို ပွေ့လို့။

ကားတံခါးဂျက်က အိမ်တွေမှာ သုံးတဲ့ ကန့်လန့် (ဂလန့်) ထိုးရတဲ့ မင်းတုံးကို တပ်ထားတာ။ လောပိတဆိုတော့ သိတဲ့အတိုင်းပေါ့။ ဝေးလံသီခေါင်တဲ့ နေရာ၊ ဘယ် ရုံးကား အကောင်းစား ဖြစ်မှာလဲလေ။ သည်လိုပဲ အပျက်ကို မဖြစ်ဖြစ်အောင် ပြင်ထားတဲ့ ကားပေါ့။

တောင်စောင်း ညာဘက်ကို အကွေ့လိုက်မှာ အရှိန်နဲ့ လွင့်ပြီး ဂျက်ထိုးထားတဲ့ တံခါးက ပွင့်သွားတယ်။ အမေက ကျွန်တော့်ကို ပွေ့လျက်သား လွင့်သွားပြီး ချောက်ထဲကျတယ်။ အဖေက လှမ်းဆွဲရင်း သူပါ လိုက်ကျလာတယ်။

ဒဏ်ရာ အပြင်းဆုံးက ကျွန်တော်။ အောက်က ကျောက်တွေနဲ့ ထိမိပြီး ခေါင်း တော်တော် ကွဲသွားတယ်။

လောပိတက ဌာန ဆေးရုံမှာပဲ ပြန်ချုပ်ဘာညာ လုပ်ပေးခဲ့တာပါ။ အဲဒီ့ခေတ်က ဆရာဝန်တွေ တော်တယ်လို့ ဆိုရမယ်။ ကျွန်တော့်ခေါင်းမှာ သေရာပါ အမာရွတ်တွေ ထင်းထင်းကြီး ကျန်ရစ်ခဲ့တာတစ်ခုကလွဲလို့ အကုန် အကောင်းအတိုင်း ကျန်ရစ်တယ်။ ဦးနှောက်ကတော့ အဲဒီ့ကတည်းက နည်းနည်း ချောင်သွားတာပေါ့ဗျာ။ 😀

အဲတော့ ကျွန်တော် ခေါင်းတုံး တုံးရင် သိပ်ရုပ်ဆိုးတယ်။ ဒါ့ကြောင့် ရာသက်ပန် ဘုန်းကြီး မ၀တ်တာပါ။ မလှတာကြီး လူပုံအလယ်မှာ မပြချင်လို့ပေါ့။ တော်နေကြာ ဓာတ်မသိသူတွေက သည်ကိုယ်တော့်နှယ် လူဝတ်နဲ့တုန်းက လူမိုက်လုပ်ခဲ့တာပဲလို့ ထင်ကုန်ရင် မခက်လားနော်။

အမှန်ကတော့ မိန်းမနဲ့ အရက်ကို မစွန့်နိုင်လို့ ဘုန်းကြီး မ၀တ်ဖြစ်တာပါလေ။ ခေါင်းက သက်သက်မဲ့ ရမယ်ရှာတာပါ ခမျ။

အမေနဲ့ ဂျပန်သရဲ

ချောက်ထဲ လွင့်ကျသွားတာမို့ အမေလည်း သတိလစ်သွားတာပေါ့။

သတိရရချင်း ၀ူးတူးဝဲတဲ ထမေးတာက “ကျွန်မသားရော၊ ကျွန်မသားရော”လို့ပါတဲ့။ ဒါလည်း အမေပြောပြလို့ သိတာပါ။ ယုံပါတယ်။ ကျွန်တော့်အမေသာ မဟုတ်ဘူး၊ ဘယ်အမေမဆို သည်လိုအဖြစ်မျိုးမှာ ပထမဆုံး မေးမှာက သူ့ရင်ခွင်ထဲက သားသမီးကိုပဲဖြစ်မှာပါ။

ကျွန်တော် အသက်ရှင်နေသေးတယ်ဆိုမှ မေမေ့မှာ ဟင်းချနိုင်ပါတယ်။ ဒဏ်ရာတွေနဲ့ဆိုတော့ အိမ်မှာ နားနေရပါတယ်။

အိပ်ရာပေါ်မှာ ပက်လက်နေနေတုန်း ခြေရင်းဘက်ဆီမှာ ရှိတဲ့ မျက်နှာကျက်အပေါက်တစ်ခုကနေ ဂျပန်လူမျိုး ခေါင်းတစ်လုံးက ပြူပြူလာပြီး “ဟဲလို မစ္စစ်(စ်)… ဟဲလို မစ္စစ်(စ်)…”လို့ လာလာ ခေါ်ပါသတဲ့။

တစ်ခါနှစ်ခါတော့ အမေက သည်းခံပါသေးတယ်။ ကြာလာတော့ ထအော်လိုက်ပါသတဲ့။

“ဟာ… သည် သောက်သရဲကလည်း… လူမှ နေမကောင်းပါဘူးဆိုမှ… လာလာ ခေါ်နေသေးတယ်… သွား… သွား…”လို့ ဗမာလို အော်လိုက်တာပါတဲ့။

အဟဲ… ဂျပန်သရဲနဲ့ မေမေနဲ့ ဘယ်လို နားလည်မှု ရသွားသလဲတော့ မသိဘူး။ နောက်ပိုင်းကျ မလာတော့ဘူးတဲ့ဗျား။

ဟုတ်မဟုတ်တော့ မသိဘူး။ နေမကောင်းလို့ မှိန်းနေတုန်း ကယောင်ကတမ်း ဖြစ်တာလည်း ဖြစ်နိုင်ပါတယ်။

အမေနေကောင်းလို့ အဲဒီ့အကြောင်း ပြန်ပြောတော့မှ အရပ်က ရာဇ၀င်လှန်တယ်။ စက်ရုံ ဆောက်စက အဲဒီ့အိမ်မှာ ဂျပန်နှစ်ယောက် နေခဲ့ကြတယ်။ တစ်ရက်မှာ သူတို့ချင်း စကားများကြပြီး တစ်ယောက်က မှိန်းနဲ့ ထိုးလိုက်တာ ကျန်တစ်ယောက် သေသွားသတဲ့။ ကိုင်း…

အမေ့သား ကျွန်တော်လည်း အလားတူဖြစ်ဖူးတယ်။ အဲဒါက မနေ့တစ်နေ့ကမှပါ။ နေပြည်တော်က ဟိုတယ်တစ်လုံးမှာ အိပ်နေရင်း ကျွန်တော့် ဒူးကို လာပုတ်တာ ခံစားလိုက်ရပါတယ်။ နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်ပျော်နေခိုက်မှာမို့ နိုးသွားပါတယ်။ အခန်းထဲမှာ ထုံးစံအတိုင်း ကျွန်တော် တစ်ယောက်တည်းပဲ ရှိတာပါ။

အိပ်မက် မက်တာပဲ နေမှာပါလေဆိုပြီး ပြန်အိပ်လိုက်ပါတယ်။ မျက်လုံးတောင် ကောင်းကောင်း ပြန်မပိတ်ရသေးဘူး၊ ထပ်ပုတ်တယ်ခင်ဗျ။ စောစောကထက် အားပြင်းပါတယ်။

မေမေ့လိုတော့ ထ မအော်ပါဘူး။ အေးအေးသက်သာ ချေချေငံငံပဲ ပြောလိုက်ပါတယ်။

“ကျွန်တော် သိပ်အိပ်ချင်နေလို့ပါဗျာ။ မနှောင့်ယှက်ပါနဲ့နော်။ ခင်ဗျားကိုလည်း ကျွန်တော် အနှောင့်အယှက် မပေးဘူးလေ။ ကျွန်တော့်ကိုလည်း မနှောင့်ယှက်ပါနဲ့နော်”လို့။

အဲ… အဲတော့လည်း အေးအေးချမ်းချမ်း ပြန်အိပ်လို့ ရသွားပါသဗျ။ (ယုံချင်ယုံ မယုံချင်နေ)

ကံထူးရှင် အဖေ

ကယားပြည်နယ်ဘ၀က အဲဒီ့မှာ ဆုံးပါတယ်လို့ ရေးပြီးမှ အရေးကြီးတာတစ်ခု ကျန်နေသေးတာ မေ့တော့မလို့။

လောပိတမှာ နေနေတုန်းပဲ အဖေ ထီ နှစ်သောင်းဆု ပေါက်တယ်ခင်ဗျ။ အဲတုန်းက ရွှေတစ်ကျပ်သားမှ တစ်ရာ ၀န်းကျင်ပဲ ရှိမယ့် အချိန်မှတ်တယ်။ ငွေနှစ်သောင်းဆိုတာ ရန်ကုန်မြို့ ရေကျော်ရပ်လို နေရာမျိုးမှာ ဘိုးဘွားပိုင် မြေပေါ်က အိမ်နှစ်လုံးလောက်တော့ ပျော့ပျော့ရမယ့် ပမာဏ။

ဒါပေမယ့် ၂၁၆၃ ကျပ်တန် ရေခဲသေတ္တာတစ်လုံးပဲ အဖတ်တင်ပါတယ်ဗျာ။ ကျန်တာက ပါနီထဲကလာတာ ပါနီထဲ ရောက်ကုန်တာပေါ့။ အဖေ့ဘ၀မှာ အဲဒါ ပိုက်ဆံအများဆုံး ကိုယ်ပိုင် ကိုင်ဖူးတာ ဖြစ်ပါလိမ့်မယ်။ အမြော်အမြင်လည်း မရှိ၊ ခေတ်အမြင် ခေတ်အတွေးလည်း မရှိရှာခဲ့ဘူးပေါ့။ (ကျွန်တော့်အတိုင်းပဲ။ 😛 )။

ထီဆုငွေထုတ်တော့ ရန်ကုန်မှာ သွားထုတ်ရတယ်။ ကျွန်တော် ပထမဆုံးအကြိမ် ရန်ကုန်ရွှေမြို့တော်ကြီးကို ရောက်ဖူးတာပေါ့ခင်ဗျာ။ တောသားမြို့ရောက်ပေါ့။

ပထမဆုံး စတည်းတာက အဖေ့ ဆွေနီးမျိုးစပ် တစ်ယောက်ရဲ့ အိမ်ပါ။ စတော့ဂိတ် (Stockade) လို့ အဲတုန်းက ခေါ်တဲ့ ဗိုလ်ချုပ်လမ်းထောင့်နားက ဂျူဒါအဇ္ဖကယ် (Judah Ezikiel) (အခု သိမ်ဖြူလမ်းပေါ်)၊ ဘုန်းကြီးကျောင်းနဲ့ ကပ်လျက် လမ်းသွယ်လေးထဲက အိမ်ခန်းလေးထဲက အထပ်ခိုး မှောင်မှောင် ညစ်ညစ်လေးမှာ အိပ်ရတယ်။ ကျဉ်းကျဉ်းကျုတ်ကျုတ်ရယ်။ ကျွန်တော်ကတော့ ကလေးပဲ ကိစ္စ သိပ်မရှိပါဘူး။ အဖေက အလွန် အသန့်ကြိုက်ဆိုတော့ အဆင်မပြေချင်ဘူး။

လောဓလေ့အထိ လာလည်ဖူးတဲ့ အဖေ့ မိတ်ဆွေတစ်ယောက်က ဘဲ(လ်)အဲ (Chevrolet, Bel Air) ကားကြီးနဲ့ လိုက်ပို့ပေး၊ ကျွေးမွေးတာတွေ ရေးတေးတေး မှတ်မိတယ်။ ဂလုပ်ရုံ (Globe) (နောက်ကျတော့ ဂုဏ်ရုံ၊ နောက်တော့ ကုန်သည်ကြီးများ ဟိုတယ်၊ အခုနောက်ဆုံးတော့ ဆူးလေ ရှန်ဂရီလာဟိုတယ် တောင်ဖျား မရောက်တရောက် နေရာ) မှာ အဖေနဲ့ ရုပ်ရှင်ကြည့်ခဲ့ရတာ ရေးတေးတေး မှတ်မိတယ်။ မျက်နှာချင်းဆိုင်က လိုက်(ထ်)ဟောက်(စ်) (Light House) (အခု ရှေ့ဆောင်) ရုံမှာက အကော်ဒီယံအုန်းကျော် ခေါင်းဆောင်ပါဝင်တဲ့ မြေလတ်သူ ဇာတ်ကား ပြနေတယ်။ ၁၉၆၄ ခုနှစ်လောက် ဖြစ်မယ် ထင်တယ်။

အဲတုန်းက ရန်ကုန်က သပ်ရပ်ကျော့မော့တဲ့ ရန်ကုန်၊ သန့်ရှင်းတဲ့ ရန်ကုန်၊ ခမ်းနားတဲ့ ရန်ကုန်၊ အဖေ့အိပ်မက် မြို့တော် ရန်ကုန်ပါ။

တစ်ရက်ကျတော့ (ထီဆုငွေ ထုတ်ပြီးလို့ ငွေနဲ့ ကြေးနဲ့ ဖြစ်လာလို့ မှတ်တယ်) နေ့ဘက် ထွက်လည်ရင်း ညကျတော့ တည်းအိမ် မပြန်ကြတော့ဘူး။ သားအဖ နှစ်ယောက် ဆူးလေ လမ်းမပေါ်က အိုးရီးယင့်(ထ်)ဟိုတယ် (နောက်ကျတော့ ဒဂုန်ဟိုတယ်၊ ခုကျတော့ ဘာဖြစ်သွားပြီလဲတောင် မသိတော့ဘူး။) မှာ ၀င်အိပ်ကြတယ်။ လဲစရာ အ၀တ်အစားက မပါဘူး။ အဖေက သူ့အင်္ကျီနဲ့ ကျွန်တော့်အင်္ကျီကို လျှော်ပြီး လှန်းထားတယ်။ မနက်ကျ ခြောက်ပေါ့။ အင်္ကျီပိတ်စကလည်း မီးပူတိုက်စရာ မလိုတဲ့ ဘဲလဖှာ့(စ်)(ထ်) (belofast) ဆိုတော့ အဆင်ပြေတယ်။ သားအဖ နှစ်ယောက်ကတော့ ဖင်တုံးလုံး အိပ်ကြပေါ့။

အဖေနဲ့ နေခဲ့ရတဲ့ ၁၈ နှစ်ကျော် သက်တမ်းအတွင်းမှာ အဲဒီ့တစ်ကြိမ်ပဲ အဖေ့ကို တုန်နေအောင် မကြောက်ရဘဲ ပြေပြေလည်လည် အေးအေးချမ်းချမ်းနဲ့ နေခဲ့ရတာပါ။ နေရတာလည်း ရက်ပိုင်းလေးပါ။ အဖေ့ဘက်က ချိုချိုသာသာ ပြုံးပြုံးရွှင်ရွှင် စိတ်မတိုဘဲ နေခဲ့တာလည်း အဲဒီ့တစ်ကြိမ်ပဲလို့သာ စိတ်က မှတ်ထားပါတယ်။ စိတ်က မှတ်ထားတယ်လို့ ရေးလိုက်ရတာက တခြား အကြိမ်တွေလည်း ရှိကောင်း ရှိပါလိမ့်မယ်။ ဒါပေမယ့် လူဆိုတာက ကောင်းကွက်ထက် ဆိုးကွက်တွေကို မျက်မျက်ကလေး မှတ်တတ်တဲ့ အမျိုးဆိုတော့ အဖေ့ ကောင်းကွက်ပေါင်း အနန္တဟာ သံပရာတစ်ခြမ်းနဲ့တင် ဂွမ်းကုန်ခဲ့တာ ဖြစ်ပါလိမ့်မယ်။

ကျွန်တော့် သားသမီးတွေလည်း အဲလိုများ ဖြစ်မလား မသိဘူး။ ကျွန်တော် မရှိတော့တဲ့နောက် နှစ်ပေါင်း များစွာ ကြာသည့်တိုင် ကျွန်တော်မကောင်းခဲ့တဲ့ ဒေါ်လာ ၁၀၀ ဖိုးလောက်ကိုပဲ မှတ်မိနေပြီး ရှိစုမဲ့စု ကောင်းကွက် ဒေါ်လာ ၃၀၀၀ ဖိုးလောက်ကို မေ့ချင်လည်း မေ့ကုန်ကြမှာပ။ (ကျပ်နဲ့ ပြောရင် ငွေမာ မဟုတ်တော့ မခိုင်မှာစိုးလို့ ခပ်တင်းတင်းပဲ ဒေါ်လာနဲ့ ပြောထည့်ပလိုက်တာ။ 😀 ) အဲတော့လည်း ဖအေတူ သားသမီးတွေပဲဆိုပြီး ကောင်းကင်ဘုံကနေ အသာလေး ဂုဏ်ယူနေလိုက်ရတာပဗျာ။ (နည်းနည်းမှ မလျှော့ဘူးနော်၊ ကောင်းကင်ဘုံမှာတောင် စရံသတ်ပြီးသား။ ကျွန်တော်တို့ လျင်ချက် ပြောပါတယ်။ 😛 )

အဲဒီ့ ထီပေါက်လိုက်ခြင်းဟာ ကျွန်တော့်ကို ကျောင်းအိပ်ကျောင်းစား ပို့ဖို့အတွက် အဖေ့ကို အားရှိသွားစေခဲ့ပါတယ်။

ဒယ်ဒီ့ကျေးဇူး

အဖေ့မကောင်းကြောင်းတွေ တစ်လျှောက်လုံး ရေးလာခဲ့ပြီးမှ ကောင်းကြောင်းကို အခုမှ စရတော့မှာပါ။

အဖေဟာ သူ ပညာကောင်းကောင်း မတတ်၊ ကျောင်းကောင်းကောင်းမှာ မနေခဲ့ရလို့ အောက်တန်း နောက်တန်းကျရတာကို အတော်ရင်ခံပါတယ်။ သူက မွေးထားတဲ့ သူ့ရဲ့ တစ်ဦးတည်းသားကလေး ပုလုကွေး ကျွန်တော့်ကို အဲသလို ဘ၀မျိုး မရောက်စေ့ချင်ပါဘူး။ ဒါ့ကြောင့် ကျွန်တော့် ပညာရေးကို အထူး အလေးပေးခဲ့ရှာပါတယ်။ ကျွန်တော် စာတော်တာကလည်း သူ့အတွက် ကျေနပ်အားရစရာ ကောင်းခဲ့ပါလိမ့်မယ်။

အဲတော့ လောဓလေ့ အစိုးရ အလယ်တန်းကျောင်းလေးမှာ ကျွန်တော့်ကို မထားချင်ပါဘူး။ မြို့ကြီးတွေပေါ်က ကျောင်းကြီး ကျောင်းကောင်းတွေမှာ ထားချင်ခဲ့ပါတယ်။ ခက်တာက သူ့အိုးနဲ့ သူ့ဆန် သိပ်ဟန်မကျလေတော့ကာ အဖေ့ခမျာ မာန်လျှော့နေခဲ့ရပုံပါပဲ။

အမှန်ကတော့ မန္တလေးက အမျိုးတွေဆီ ပို့ထားမယ်ဆိုရင် မန္တလေးက ကျောင်းကောင်းတွေမှာ နေလို့ ရမှာဖြစ်ပေမယ့် အဖေက မန္တလေးက အမျိုးတွေကို အယုံအကြည် မရှိပါဘူး။ ကျွန်တော့်ကို ဖျက်ဆီးမယ့်သူတွေလို့ပဲ မြင်ထားပါတယ်။ တကယ်လို့သာ ထားခဲ့မယ်ဆိုရင်လည်း ကျွန်တော်လို အပျော်မက်တတ်သူမျိုးက လွယ်လွယ်နဲ့ ပျက်စီးဖို့ကလည်း သေချာသလောက်ပါပဲ။

သည်အပိုင်းမှာ ပြောကြတာ

Win Pa Pa Ko လင်းလည်း ခေါင်းတစ်ခြမ်းစောင်းနေတယ်ဆရာရေ ဟီးးးး ဒေါ်ပအပျင်းကြီးလို့ လို့ပြောနဲ့နော် သာမီးက တစ်ဘက်ပဲသန်လို့ဖြစ်သွားတာ

ATK ပျင်းတာ ပျင်းလို့ပေါ့ ။ ဆင်ခြေတေ မပေးကြေးပေါ့

Win Pa Pa Ko ဂယ်ပါ အငယ်ကောင်ကျ စောင်းတော့ဝူးလေ

ATK အငယ်ကောင် ကျတော့ မပျင်းအားတော့ဘဲ သားသည်မအေစစ်စစ်ကြီးရဲ့ စိတ် ဝင်လာတာလည်း ဝန်ခံသင့်လှပါတယ် အဒေါ်ရယ်

Nann Kham Nway အေးနိုင်ဆိုတဲ့ သူအကြောင်းကို မိန်းမသားတို့ သိမ်းထားဖို့ စာအုပ်မှာ ဖတ်ဖူးတယ် ဆရာ။ အဲ့ဒါဖတ်တုန်းက ဆရာက သိပ်ပွင့်လင်းလွန်းတော့ လျှောက်ရေးထားတယ်လို့ သမီးက ထင်တာ အခုမှ အမှန်တွေမှန်းသိတယ်။

ATK တစ်ခါမှ အဲလို လျှောက်မရေးဖူးပါဘူး Daw Nann ရယ်။ အကုန် ထိုင်ရေးခဲ့တာပါ… အဲ… ဟုတ်ပေါင်… အကုန် အမှန်တွေချည်း မကွယ်မ၀ှက် ရေးခဲ့တာပါခညာာာာာ

Thet Chow စာတွေဖတ်ခွင့်ရတာ Free of charge အချိန်ပေး ရေးနေတာတွေကို ဝမ်းလဲသာတယ် ကျေးဇူးလဲတင်တယ် သာဓုလဲ ခေါ်ပါတယ်။

ATK သိပ်အထင်မကြီးနဲ့ဗျ။ အဓိကက သမီးနဲ့ သားအတွက် မှတ်တမ်း မှတ်ရာလေး ကျန်စေချင်လို့ ဖိရေးနေတာပါ။

Rita Aung NY ဖတ်ရတာအားရပါးရအများကြီးဘဲ

May Thandar Win ဆရာ ရှေ့တစ်ပိုင်းမှာရေးသလို ဆရာ ၄၆ ရက်သားကတည်းက လောဓလေ့ရောက်သွား တာဆိုတော့ သူငယ်တန်းလေးတစ်နှစ်ကိုကျ မန္တလေး မှာ ပြန်သွားတက်ခဲ့တာလား။ သွား တက်ဖြစ်ပုံလေး နဲ့ လွိုင်ကော်မှာ နောက်တစ် နှစ်မှာ ဘာလို့ ပြန်တက်ဖြစ်သွားတာလဲဆိုတာ ပြောပြဦးဆရာ

ATK အဲ… အဲဒါ မသိဘူးဗျ။ ငယ်ဘ၀က ရောနေတယ်။ မန္တလေးမှာ နေခဲ့ရတဲ့ ဘ၀တွေကို အများဆုံး မှတ်မိနေတယ်။ လွိုင်ကော်ကို တကယ် အပြီးအပိုင် ရောက်တာက သူငယ်တန်းလေးပြီးတော့မှ ဖြစ်လိမ့်မယ်။

May Thandar Win ဟုတ်မယ် ဆရာဒီအရွယ်မှာ ဒီလောက်မှတ်မိ တာ အတော်ချီးကျူးရမှာပဲ။ မေ ဆို ငယ်ငယ် က အကြောင်းတွေ လုံးလုံးမမှတ်မိတော့ဘူး။ သုံးနှစ်မှာ အမေနဲ့ အဖေ ကွဲတာဆိုတော့ သုံးနှစ်ရှေ့က အကြောင်းဆို ဘယ်လိုမှဖော် မရ။ အမေတွေ အဒေါ်တွေ ပြန်ပြောပြတာ လောက်သာ သိတယ်။ ဒီဘက်နောက်ပိုင်း လည်းတစ်နှစ်တစ်နှစ်တောင် မမှတ်မိချင်ဘူး။ သူများလိုဒိုင်ယာရီရေးကျင့်လည်းမရှိတော့ တခါတလေ များ ဘာမှကိုဖော်မရ ဆရာ ဒိုင်ယာရီ ရေးကျင့်ရှိသလား

ATK ၇ တန်းလောက်ကနေ တက္ကသိုလ်ရောက်တဲ့အထိ ရှိခဲ့ဖူးပါတယ်။ အမယ်… ပေါ့သေးသေးတော့ မမှတ်နဲ့၊ ၈ တန်းမှာ ဒိုင်ယာရီကို ဘိုလိုတောင် ရေးနေပြီ။ (အလွဲတွေချည်းပေါ့)။ ဒိုင်ယာရီကြောင့် အိမ်ပေါ်က ဆင်းရတာကို မမှတ်ဘူး။ အိမ်ထောင်ကျတဲ့အထိ တစ်ခါတစ်ခါ ရေးမိသေးတာ။ ဂျစ်ဂျစ်က ဒိုင်ယာရီနဲ့ ထုမှ မှတ်သွားပြီး အဲဒီ့အကျင့်ကို ရာသက်ပန် ဖြတ်လိုက်ရတာဗျားးးး

May Thandar Win ဟဟ ဒိုင်ယာရီက ကိုယ့်ကြိုးကွင်းကိုယ်စွပ် တာနော်ဆရာ။ မေကတော့ ဘယ်တော့မှ မရေးဘူး။ ငယ်ငယ်က ရေးဖို့စိတ်ကူးမိသေး တယ်။ နောက် အမြဲတွေးမိတဲ့ အတွေးက ငါ ရုတ်တရက်သေသွားရင် သူများတွေဖတ်မိ ရင်တော့ ရှက်စရာဆိုတဲ့ အတွေးနဲ့ တင်မရေးဖြစ်တော့ဘူး။

ATK ဒါပေမယ့် အခုလို ဟာမျိုးတွေ ရေးမယ်ဆိုတဲ့အခါ ဒိုင်ယာရီသာ ရှိနေရင် အသုံးတည့်မှာ သေချာတယ်လေ။ ချစ်သူ့ရင်ခွင် ရှာပုံတော် ရေးနေတုန်းက ဂျစ်ဂျစ်က အဲဒီ့ ဒိုင်ယာရီ ဟောင်းတွေ ထုတ်လာပေးလို့ တချို့ဟာတွေ ပြန်သတိရတာ

Ei Yupar Win ဂျစ်ဂျစ်ကထုတ်လာပေးလို့ဆိုတော့ ဆရာက အရီးကို ဒိုင်ယာရီတွေအားလုံး အပ်နှံထားပုံရတယ်။

ATK အပ်နှံထားတာကို မဟုတ်ဘူး။ အကုန်လုံး စာအုပ်စင်ထဲ ထိုးထည့်ထားတာ။

၂၀၁၅ ခုနှစ် မတ်လ ၆ ရက်

ပေဖြစ်ခဲ့ရ ထိုဘဝ

အချိန်က ၁၉၆၇ ခုနှစ်။ ဦးနေ၀င်းရဲ့ မြန်မာတစ်ပြည်လုံး နလပိန်းတုံးဖြစ်ရေး စီမံကိန်းမဟာ ဖြစ်လေတဲ့ ဆိုရှယ်လစ် ပညာရေးစနစ်က ၁၉၆၄ မှာ စတာဆိုတော့ ဘာမှ သိပ်မသိသာလှသေးဘူး။ ကျောင်းတွေမှာက အရင် အငွေ့အသက်တွေ ကျန်ရှိဆဲ။

အဖေက ကျွန်တော့်ကို မန္တလေးကို မပို့ဘဲ လွိုင်ကော်နဲ့ နီးနီးနားနား တောင်ကြီးမြို့က ကျောင်းကို ပို့ဖို့ စီစဉ်ပါတယ်။ အဲတုန်းက အမှတ် ၃ အထကဆိုတာထက် အရင် အငွေ့အသက်ကြောင့် St. Anne’s ဆိုတဲ့ နာမည်ကို ပိုသိကြတဲ့ ကျောင်းမှာ ကျွန်တော့်ကို ထားတာပါ။

အဲ…. ဆိုးတာက ကျွန်တော် တစ်ယောက်တည်း အဲဒီ့မှာ ကျောင်းသွားနေရမှာ မဟုတ်ဘူး။ ကျွန်တော့် အချစ်တုံးကြီး အေးနိုင်ပါ ကျွန်တော့်လိုပဲ ကျောင်းအိပ်ကျောင်းစားနေမှာတဲ့။ ဆရာဗန်းမော်တင်အောင့် စကားကို ငှားသုံးရရင် ကျွန်တော်ကရော ဘာများတတ်နိုင်ပါဦးမည်နည်းပေါ့။

ကျောင်းသွားကြတော့ အေးနိုင်နဲ့ ကျွန်တော် လေယာဉ်တစ်စီးတည်းလား၊ တစ်ယောက်စီ သွားတာလား မမှတ်မိတော့ဘူး။ ထင်တာတော့ သတ်သတ်စီဖြစ်လိမ့်မယ်။ ကျွန်တော့်ကို လွိုင်ကော်ကွင်းက လေယာဉ်ပေါ် တင်ပေးလိုက်တာ။ ဟိုကျတော့ တောင်ကြီးရုံးမှာ တာဝန် ကျနေတဲ့ အင်ဂျင်နီယာကြီးက လာကြိုတယ်။ သူ့သားသမီးတွေလည်း အဲဒီ့ကျောင်းမှာ တက်တာ။ သူတို့ကတော့ နေ့ကျောင်းပေါ့။

သူ့အိမ်မှာ တစ်ရက်နေ၊ နောက်တစ်ရက်ကျ ကျောင်းရောက်ပေါ့။ အဲလို ကျောင်းသွားအပ်တော့ အေးနိုင်နဲ့ နှစ်ယောက်အတူ။

ကျောင်းရောက်တဲ့အချိန်က ကျောင်းဖွင့်ပြီး အတော် နောက်ကျနေပြီ။ အိပ်စရာ ခုတင်က မကျန်တော့ဘူး။

လောကကြီးက မျှတပါတယ်။ အေးနိုင်က အရာရှိကြီးကြီးမာစတာရဲ့ သား၊ ကျွန်တော်က မျက်နှာမွဲ လက်နှိပ်စက် စာရေးရဲ့သား။ အဲတော့ ခုတင်အကောင်းတစ်လုံး ကျန်တာ အေးနိုင်ကို ပေးလိုက်တယ်ပေါ့။ ကျွန်တော်ကတော့ ပျက်နေတဲ့ ခုတင်နဲ့ အိပ်စေပေါ့။

ပျက်နေတဲ့ ခုတင်ဆိုတာက ခေါင်းရင်းဘက်က အခင်းကို ချုပ်တဲ့ နေရာက ကျိုးနေတာ။ အဲတော့ တဲတဲလေးပဲ တင်ထားလို့ရတယ်။ အိပ်ရင် သတိထားအိပ်။ လှုပ်ရင် အခင်းက ကြမ်းပေါ် ပြုတ်ကျမယ်။ အဲသလို။

တကယ်လည်း ပြုတ်ကျခဲ့ပါတယ်။ အိပ်တယ်ဆိုတာ မလှုပ်ဘဲနေလို့မှ မရတာကိုး။ ကျွန်တော်က အအိပ်လည်း ကြမ်းတယ်။ အခုအရွယ်အထိ နှစ်ယောက်အိပ်ခုတင်နဲ့ အိပ်တာတောင် တစ်ခုတင်လုံး နေရာယူပြီး အိပ်တာမျိုးကလား။

ထူးခြားတာက တိတ်ဆိတ်နေတဲ့ ညမှာ ခုတင်အောက်ခင်း ပြုတ်ကျလို့ တစ်ဆောင်လုံး နိုးပေမယ့် အဲဒီ့ခုတင်အပေါ်မှာ အိပ်နေသူ ကျွန်တော်ကတော့ မနိုးပါဘူး။ ဘေးက အတင်းဝိုင်းနှိုးယူခဲ့ကြရပါတယ်။

ကျွန်တော် အအိပ်ဆတ်ပုံ ပြောပါတယ်။

၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းတုန်းကလည်း အဲလိုပါပဲ။ ကျွန်တော့် သားသမီးတွေအပါအ၀င် တစ်အိမ်လုံး နိုးပေမယ့် ကျွန်တော် မနိုးဘူး။ ခြေရင်း ငါးပေအကွာလောက်က လေအေးစက် အထက်ဆီက သုံးထပ်သားပြား လန်သွားပြီး မိုးစက်တွေ ကျွန်တော့်လာစင်တော့မှ နိုးလာတာပါ။

ပြူးခါပြာခါ ထလိုက်တော့မှ သားသမီးတွေကရော၊ အိမ်သူကရော ကျွန်တော့်ကို ၀ိုင်းရယ်ကြပါတယ်။

ကျွန်တော် အအိပ်ကြီးပုံက အဲသလို။

ရှေးဖြစ်ဟောင်း

ကျောင်းက သာသနာပြုကျောင်းကြီးပီပီ အခိုင်အခန့် ဆောက်ထားတာ။ အနောက်မြောက်ဘက် ထောင့်က နှစ်ထပ်ဆောင် အပေါ်ထပ်မှာ ကျွန်တော်တို့ နေရာရတယ်။ ခန်းမကြီးထဲမှာ တန်းစီပြီး အိပ်ကြရတာပေါ့။ ယောက်ျားလေး၊ မိန်းကလေး ရောထားတယ်။

အမှန်က အဲဒီ့ကျောင်းက အမျိုးသမီးကျောင်း။ သို့သော် ယောက်ျားလေးတွေကို လေးတန်းအထိ လက်ခံပေးတယ်။ လေးတန်းအရွယ် ၁၀ နှစ်ဝန်းကျင်ဆိုတော့လည်း ဖို-မကိစ္စတွေ မသိတတ်နိုင်သေး၊ အရှုပ်အထွေးတွေ မပေါ်ပေါက်နိုင်သေးဘူးပေါ့။

ဟိုခေတ်က လေးတန်းကို ပြောပါတယ်။ အခုခေတ်တော့ သူငယ်တန်းကလေးတွေတောင် ရုပ်မြင်သံကြားတံခိုး၊ မြန်မာကားတံခိုးကြောင့် ချစ်တာတွေ၊ သစ္စာတွေ တတ်ကုန်ကြပါပြီ။ တချို့ကလေးတွေဆို မိဘတွေရဲ့ ပါးနပ်မှု အမြော်အမြင်ကြောင့် ဖုန်းတွေ၊ သင်ပုန်း ကွန်ပြူတာတွေက တစ်ဆင့် အပြာကားတောင် ကြည့်ဖူးနေကြပြီ။

ကျွန်တော်တို့ ခေတ်တုန်းက လေးတန်းကျောင်းသားဆိုတာ တကယ့် ကလေးပဲ ရှိပါသေးတယ်။ ကျွန်တော်ဆို ကိုးနှစ်သာသာပဲ ရှိသေးတယ်။

ကျွန်တော့်အတွက်တော့ တုန်နေအောင် ကြောက်ရတဲ့ အဖေ့လက်အောက်က လွတ်လာရတာပေမယ့် ကလေးပဲ ရှိသေးတော့ အားလုံးကို ကြောက်တုန်းပါပဲ။ ဆရာ ဆရာမတွေကိုလည်း ကြောက်ပေါ့။ ကျွန်တော်တို့ အဆောင်မှူးက တီချာမဂ္ဂီဆိုတဲ့ မျက်မှန်အထူကြီးနဲ့ ဆရာမကြီး။ နောက် အန်တီရိုစီဆိုတာက ကျွန်တော်တို့ ထမင်း သွားသွားစားရတဲ့ အဆောင်က အဆောင်မှူး။

အဲတုန်းက အဆောင်လခ ဘယ်လောက်ပေးရတယ်ဆိုတာ ကျွန်တော်မသိပါဘူး။ ဆယ်ဂဏန်းပဲ ဖြစ်မှာပါ။ ထမင်းက အဆင်ပြေပြေ စားရပါတယ်။ တောင်ကြီး ရှမ်းဟင်းဖြစ်တဲ့ ဆေးခါးဟင်းတွေ ဘာတွေလည်း စားရတယ်။

မုန့်ဖိုးက တစ်လကို သုံးကျပ်။ တစ်နေ့ဆယ်ပြားရတယ်။ ဆယ်ပြားက နေကြာစေ့ နို့ဆီဗူးနဲ့ တစ်ဗူးရတယ်။ တောင်ကြီးက နေကြာစေ့ ကောင်းတဲ့အပြင် နေ့လယ် မုန့်စားဆင်းချိန်ကျ ကျောင်းထဲက ဘတ်စကက်ဘော ကွင်းထဲမှာ အဒေါ်ကြီး တစ်ဦးတည်းရောင်းတဲ့ နေကြာစေ့လှော်ကလည်း ပူပူနွေးနွေးမို့ စားလို့ အလွန်ကောင်းပေါ့။

ဒါပေမယ့် နေ့တိုင်းတော့ ဘယ်စားနိုင်မလဲ။ တခြားဟာတွေလည်း စားချင်တာပေါ့။

ကျွန်တော့်ပါးစပ်

ကျွန်တော်က ရသတဏှာ အတော်ကြီးတဲ့သူ။ ဗမာစကားနဲ့ ပြောရင်တော့ အစားအသောက်ကို တရားလွန် မက်တယ်ပေါ့။ ဒါမှမဟုတ်လည်း အရပ်စကားနဲု့ ပြောရင် ငတ်ကြီးကျတယ်ပေါ့ဗျာ။

ကျောင်းအိပ်ကျောင်းစားဆိုတော့ ပိုငတ်တာလည်း သေချာတယ်။ လောဓလေ့မှာတုန်းကဆို မေမေက ကျွန်တော့်အတွက် သွားရည်စာ မပြတ် စီစဉ်ထားပေးတယ်။ ခင်တို့၊ ၀င်းဦးတို့ တံဆိပ်တွေနဲ့ ဇီးထုပ်၊ နဂါးနီ မရမ်းပြားထုပ်စတာတွေက မပြတ်ဘူး။ မေမေက ပါးစပ်နဲ့ အစားနဲ့ မပြတ်တဲ့ မန္တလေးသူကြီး။

တောင်ကြီး ကျောင်းအိပ်ကျောင်းစားဘ၀ကို သည်နားမှာ ခဏထားခဲ့ပြီး မေမေနဲ့ ပတ်သက်လို့ ကျန်နေသေးတဲ့ ပြောပြစရာတွေ ဖြည့်လိုက်ဦးမယ်ဗျာ။ အရူးလွယ်အိတ်လိုသာ သဘောထားပြီးသာ ဖတ်ကြပါတော့။

မေမေဟာ မလိုချင်ဘဲ မွေးလာရတဲ့ ကလေးဖြစ်ခဲ့တယ်၊ မေမေ့ကို သူ့အဖေအမေက သိပ်လိုလိုချင်ချင် မရှိခဲ့ကြဘူးဆိုတာ ကျွန်တော့် “သားငယ် သမီးငယ်များ ပဲ့ပြင်ထိန်းကျောင်းခြင်း အနုပညာ” စာအုပ်ထဲမှာ ရေးပြီးပါပြီ။ ဒါ့အပြင် မေမေဟာ မိဘလက်ပေါ်မှာထက် အိမ်က အလုပ်သမား မိလက္ခုလူတန်းစားရဲ့ လက်ပေါ်မှာ ကြီးခဲ့ရတာကိုလည်း အဲဒီ့ထဲမှာ ထည့်ရေးခဲ့ပါတယ်။

အခုခေတ်မှာ မိလက္ခုဆိုတဲ့ ပါဠိစကားကို အသုံးနည်းသွားပြီမို့ အနက်ဖွင့်ပေးမှ တန်မယ် ထင်တယ်။ ဟိုခေတ်က စာရေးဆရာတွေကတော့ စာနှံ့ခဲ့သူများ ဖြစ်တာမို့ အဲဒီ့အသုံးက တွင်ခဲ့ဖူးပါတယ်။ ပါဠိ အနက်ရင်းကတော့ မိလက္ခုဆိုတာ “အရိုင်းအစိုင်းတွေ၊ တောင်သူတွေ”လို့ ဆိုလိုတာပါ။ လက်လုပ်လက်စား လူတန်းစားကို ပြောတယ်ပေါ့ဗျာ။

ကျွန်တော့်ရဲ့ “အဟောင်းထဲက အစုတ်များ”မှာ လူတန်းစား ကိစ္စကို ခဏ ခဏ ပြောတာ သတိထားမိကြမယ် ထင်ပါတယ်။ မှန်ပါတယ်။ လူတန်းစားက လူတစ်ယောက်ရဲ့ စရိုက်ကို ပုံသွင်းပါတယ်။

တစ်မိပေါက်ချင်း အတူတူတောင်မှ နီးစပ်သူ လူတန်းစားချင်း မတူရင် စရိုက်တွေ ကွဲကုန်တာ မေမေတို့ မောင်နှမ နှစ်ယောက်မှာ အလွန် ထင်ရှားပါတယ်။ ဦးကြီးကိုကိုနဲ့ နေခဲ့တဲ့ တစ်သက်လုံးမှာ ဦးကြီးကိုကိုရဲ့ နှုတ်က ရုန့်ရင်း ကြမ်းတမ်းတဲ့ စကားလုံး အသုံးအနှုန်းတွေ မကြားခဲ့ရဖူးပါဘူး။

သာမန် မြန်မာအမျိုးသမီး မန္တလေးသူတစ်ယောက်ဆီက ကြားရခဲလှတဲ့ အင်မတန် ရုန့်ရင်းတဲ့ စကားလုံးတွေကို မေမေ့ဆီက ကျွန်တော့် တစ်ဘ၀လုံး ကြားခဲ့ရတာပါ။ မေမေက အဲသလို စကားလုံးတွေကို နေ့စဉ်သုံး ပြောစကားထဲမှာ ထမင်းစားရေသောက် ထည့်သုံးနေကြသူတွေရဲ့ လက်ပေါ်မှာ ကြီးခဲ့ရပေတာကိုး။ အဲတော့လည်း ဒေါသ ထွက်တဲ့အချိန်မှာတင်မကဘဲ သာမန် ပြောစကားထဲမှာတောင် တစ်တစ်ခွခွ အသုံးတွေ ထည့်သုံးတာ ကျွန်တော့်မှာ နားရည် တရားလွန် ၀နေခဲ့ပါတယ်။

အဖေကတော့ မပြောပါနဲ့ဗျာ။ သူလာခဲ့ရတဲ့ ဘ၀နောက်ခံကို ပြောပြီးပြီပဲလေ။

ဖေနဲ့ ကိုင်တုပ်တဲ့ အတတ်ကို ကျွန်တော် အဖေ့ဆီက လက်ထပ် သင်ခဲ့တာပါ။ ကျွန်တော် စိတ်တိုရင် အဲဒီ့ စကားလုံးက ကျွန်တော့်ပါးစပ်က ရှောခနဲို့ ထွက်ပါတယ်ခင်ဗျား။ ကျွန်တော့် အိမ်သူ အနာဆုံး စကားလုံးပါ။ သူ့တစ်သက် ကြားလေ့ကြားထ မရှိတဲ့ စကားလုံးကို သူချစ်လို့ အကောင်းမှတ်ပြီး ယူထားတဲ့ ခင်ပွန်းသည်ဆီက ကြားရတဲ့အခါ သူ့ခမျာ အတော် အထိနာရှာပါလိမ့်မယ်။ (ခွင့်လွှတ်ပါတော့ ချစ်သောသူ။)

လူဆိုတာ မှားမှန်း သိရင် ပြင်ရမှာပေါ့လေ။ အခုတော့ ကျွန်တော် အတတ်နိုင်ဆုံး ထိန်းပါတယ်။ သို့သော် စိတ်တိုရင် အဲဒီ့ဝသီကြီးက ငေါငေါကြီး ပေါ်လာတာပဲ ခင်ဗျ။

ရွှေပြည်ကြီးမှာ နေရတယ်ဆိုတာကလည်း သိတော်မူကြတဲ့အတိုင်း၊ စိတ်ဖိစီးမှုက မရှိသလောက် နည်းလှပေသကိုး။ မီးလည်း ပျက်ချင်ရင် ထ ပျက်၊ ဖုန်းဆက်ရင်လည်း ကြားလား၊ ဆင်လား၊ နွားလား အော်နေရ၊ အင်တာနက်သုံးလည်း အ၀ိုင်းလည်တာကို ထိုင်စောင့်ရ၊ လမ်းပေါ် ထွက်လည်း စည်းမဲ့သူတွေကို မြင်နေရနဲ့ဆိုတော့ ပင်ကိုကမှ စိတ်ဆတ်တဲ့ ကျွန်တော့်အတွက် တစ်ကမ္ဘာလုံးကို အလိုမကျ ဖြစ်ပြီး ကော်ဆဲချင်စရာ အလွန်ကောင်းနေသလို ဆဲလည်း ဆဲမိနေဆဲပါပဲ။

ပြောပကော… ကျွန်တော် အောက်တန်းစားပါလို့။

ကျွန်တော် အလစ်သမား

မမေက အဲဒီ့နှုတ်အပြင် သွားရည်စာကို အလွှတ်မဲ့တဲ့ စားတဲ့အကျင့်ပါ သူ့ကို ထိန်းခဲ့သူများဆီက ရခဲ့တယ် ထင်ပါတယ်။ အဲတော့ သွားရည်စာစုံကို စားတတ်တယ်။ ကျွန်တော်ကလည်း အမေ့သားပီသစွာ ပါးစပ်နဲ့ အစားနဲ့ မပြတ်အောင် စားတတ်လာပါတော့တယ်။ အချဉ်ထုပ်၊ အချဉ်ပေါင်းဆိုလည်း ကျွန်တော်က သာမန် မိန်းကလေးတွေထက်တောင် ကြိုက်တတ်သေးတယ်။ လက်ဖက်ဆိုလည်း အသေအလဲ။

အဲတော့ ကျောင်းအိပ်ကျောင်းစားနေတဲ့အခါ ငတ်တော့တာပေါ့ဗျာ။ ရတဲ့ မုန့်ဖိုးဆယ်ပြားက ဘယ်လောက် အရာရောက်မှာလဲ။ စားကလည်း စားချင်၊ ပိုက်ဆံကလည်း မရှိနဲ့။ နောက်ဆုံးတော့ စားချင်တဲ့စိတ်ကို မလွန်ဆန်နိုင်တာနဲ့ မုန့်ဈေးတန်းမှာ အလစ်သုတ်ပါရောလား။

တစ်ခါလား၊ နှစ်ခါလားပဲ သုတ်လိုက်ရတယ်။ ဆိုင်ရှင်က မိသွားလို့ ဆရာတွေဆီလား၊ ကျောင်းအုပ်ကြီးဆီလား မသိ ရောက်သွားခဲ့ရပြန်တာပေါ့။ ကျွန်တော် နာမည်ဆိုးပြီပေါ့။

ဒါပေသည့် ကျွန်တော့် မိဘတွေ၊ အုပ်ထိန်းသူဖြစ်တဲ့ တောင်ကြီးက အင်ဂျင်နီယာကြီးဆီတော့ သတင်းမပို့ခဲ့ဘူး ထင်ပါရဲ့။ သို့သော် အေးနိုင်ကတော့ သူ့မိဘတွေဆီ သတင်းပို့ခဲ့မယ် ထင်ပါတယ်။ ကျွန်တော် အလစ်သမားပေါ့ဗျာ။

အေးနိုင်ဆိုလို့ သူက တောင်ကြီးကျောင်းမှာ ဆူးတွေ ထပ်စိုက်ပေးခဲ့တာတွေ ရေးရဦးမယ်။

ဆူးတောင်များ

လာပိတနဲ့ တောင်ကြီးကြားမှာ လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က ရုံးကားတွေ ယာဉ်တန်းနဲ့ သွားရလေ့ ရှိတယ်။ အဲဒီ့အချိန်က ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်ရဲ့ အခြေအနေက ဘေးကင်း လုံခြုံတဲ့ အနေအထား မဟုတ်ဘူး။ ရောင်စုံသူပုန်ရော၊ တိုင်းရင်းသား လက်နက်ကိုင်ရော၊ ဓားပြရော ပေါင်းစုံ ရှိနေချိန်မို့ ကားတစ်စီးတည်း သွားလို့ မဖြစ်ဘူး။

အမေတို့က ကျွန်တော့်အတွက် စားစရာ အခြောက်အခြမ်းလေးတွေကို ယာဉ်တန်းကြုံတဲ့အခါ ပို့ပေးကြပါတယ်။ ခက်တာက လက်နှိပ်စက်စာရေးက သူ့သားဆီ ပို့တာဆိုရင် ယာဉ်မောင်းတွေက တခုတ်တရ ပို့မပေးမှာ စိုးကြတာပဲ။

အဲတော့ အဖေက အေးနိုင့်အဖေနာမည်နဲ့ အေးနိုင်ဆီ ပို့သလို လုပ်လုပ်ပြီး ပို့တယ်။ စာလေးတော့ ပါတာပေါ့ဗျာ။ အေးနိုင်ဆီ တစ်စောင်၊ ကျွန်တော့်ဆီ တစ်စောင်ပေါ့။ ကျွန်တော့်စာထဲမှာ အေးနိုင်နဲ့ မျှစားဖို့ပေါ့။ သူ့ဆီတော့ ဘယ်လို ရေးမယ် မသိဘူး။

ရောက်လာရင် အေးနိုင်က ယူရတယ်။ အဲတော့ ကျွန်တော် ငတ်တာပေါ့ဗျာ။ အေးနိုင်က သူ့နာမည်နဲ့လာတာ၊ သူပဲဆိုင်တယ်ဆိုပြီး အပြတ်အသား လက်ဝါးကြီး အုပ်လိုက်တယ်။ ပုလင်းထဲက ငါးပိကြော်၊ ဘာလချောင်ကြော်စတာတွေဟာ အမေ့လက်ရာမှန်း သိသိကြီးနဲ့၊ မြင်နေရလျက်သားနဲ့ တစ်တို့မှ တို့ခွင့်မရတော့ဘူး။ အဲဒါ တစ်နှစ်လုံးပါပဲ။

အဲ… အဲသလို ခံရတဲ့အပြင် ညတိုင်ကျရင်လည်း သူ့ခုတင်ကို ကူးလာခိုင်းပြီး ဆရာဝန်လုပ်တမ်း ကစားပြန်ပါသေးတယ်။ ထုံးစံအတိုင်း ကျွန်တော့်ရဲ့ ပုဂ္ဂလိက အစိတ်အပိုင်းတွေကို သူ့စိတ်ကြိုက် ကိုင်တွယ်တော့တာပဲပေါ့။ ဆရာဝန် လုပ်တမ်းကစားတယ်ဆိုပြီး ကွန်ပါနှစ်ဖက်ချွန်ကလည်း ပါသေးတယ်။

ကျွန်တော်က အဖေ ပျိုးထောင်ပေးထားတဲ့ အလေ့အကျင့်ကောင်းလေးကြောင့် အရာရာကို ကြောက်တတ်သူ။ ကျွန်တော့်ထက် အကောင်ကြီးတဲ့ အေးနိုင်ကိုလည်း အဖေ့ ကျေးဇူးနဲ့ပဲ ငယ်ကတည်းက အသေ ကြောက်ရတော့ သူပြုသမျှ နုရတာပေါ့ဗျာ။

ကံက ကောင်းချင်တော့ တစ်ညမှာ အဆောင်မှူးနဲ့ အတန်းကြီးက အစ်မကြီးတွေက ကျွန်တော်တို့ကို ဖမ်းမိသွားတယ်။ အေးနိုင်က သူ့လက်ထဲက ကွန်ပါနှစ်ဖက်ချွန်ကို ကျွန်တော့်လက်ထဲ ဘယ်အချိန် ထည့်လိုက်မှန်း မသိဘူး။ သိတဲ့အချိန်မှာ ကျွန်တော်က သူ့ကို သေကြောင်းကြံပါတယ်လို့ အစွပ်စွဲခံနေရပါပြီ။

အရာရှိကြီးသားနဲ့ စာရေးသား၊ ဘယ်သူ့စကား အောင်မလဲဆိုတာ ဗေဒင်မေးစရာ မလိုပါဘူး။ ကျွန်တော် ဘယ်လောက် ငြင်းငြင်း၊ ကျွန်တော်ပဲ အရေးယူခံရပါတယ်။ အရိုက်ခံရပါတယ်။ ကျွန်တော့်မှာက မုန့်ဈေးတန်းမှာ အလစ်သုတ်ဖူးတဲ့ ရာဇ၀င်ကလည်း ရှိနေတော့ ဆိုးတာ ကျွန်တော်သာ ဖြစ်ရမှာပေါ့။ အေးနိုင်လို နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့ လူကြီးလူကောင်း သားသမီးက မဟုတ်တာ ဘယ်ပြောပါ့မလဲနော်။

အရေးယူခံရတာ တစ်ခုကောင်းသွားတယ်။ အေးနိုင်နဲ့ ကျွန်တော်နဲ့ကို ခုတင်ချင်း ကပ်လျက် မထားတော့ဘဲ တောင်ထိပ်နဲ့ မြောက်ထိပ် ထားလိုက်ပါတယ်။ အဲတော့ ညတိုင်ကျရင် ကျွန်တော် ခံနေရတဲ့ ၀ဋ်က ကျွတ်သွားပါတော့တယ်။

ဝါသနာဘာဂီ

ကျောင်းဝင်းတစ်ခုတည်းမှာပေမယ့် ကျောင်းနေဘ၀နဲ့ အဆောင်နေဘ၀ချင်းက မတူခဲ့ဘူး။ ကျောင်းနေဘ၀မှာတော့ ကျွန်တော့် ဇတွေ ပြလာခဲ့တယ်။ ကဗျာရွတ်ပြိုင်ပွဲမှာ ဆုရတယ်။ ဗျိုင်းလေး နှစ်ကောင်ပုံနဲ့ စားပွဲတင် ပန်းပုလေး ဆုရတာပါ။

အဲဒါကို အကြောင်းပြုပြီး ကျွန်တော်တို့ထက် နှစ်တန်းကြီးတဲ့ အစ်မကြီးတွေနဲ့ ခင်လာတယ်။ သူတို့က နေ့လယ် မုန့်စားဆင်းချိန်ဆို ကျွန်တော့်ကို ခေါ်ပြီး သီချင်းဆိုခိုင်းတယ်။ ဖိုးဆိုချင် ကျွန်တော်ကလည်း ဆိုတာပေါ့။ အကျိုးကျေးဇူးက သူတို့က မုန့်တွေ ကျွေးကြတယ်။ အဲတော့ ကျွန်တော့် အငတ်အာသာလည်း ပြေတန်သလောက် ပြေသွားပါတော့တယ်။

အဲဒီ့ကမှ ကျောင်းနံရံကပ်စာစောင်မှာ ကဗျာဝင်ရေးတော့ အရွေးခံရတယ်။ ကိုယ့်ကိုယ်ကိုယ် ဧရာမ ကဗျာဆရာကြီးလောက် သွေးနားထင် ရောက်သွားပါတော့တယ်။

မှတ်မှတ်ရရက ကျောင်းပြဇာတ်မှာ သရုပ်ဆောင်တာပါ။ အမျိုးသားပညာဝန်ဦးဖိုးကျားရဲ့ နာမည်ကျော် ဘိလပ်ပြန် မောင်သောင်းဖေ ပြဇာတ်မှာ မောင်သောင်းဖေ အဖြစ် သရုပ်ဆောင်ရတာပါ။

ကျွန်တော့်မှာ အ၀တ်အစား မရှိလို့ အတန်းထဲက နေ့ကျောင်းသား သူငယ်ချင်းတစ်ယောက်ဆီက ငှားဝတ်ရတာလည်း မှတ်မိတယ်။ ဦးဖိုးကျားအဖြစ် သရုပ်ဆောင်ပေးတဲ့ တောင်ကြီးသား ကုလားဆင် လူပုံချောချော အတန်းဖော် သူငယ်ချင်းကိုလည်း စာရေးရင်း မျက်စိထဲမှာ မြင်ယောင်လာတယ်။ နာမည်တွေတော့ မမှတ်မိတော့ဘူး။

စာရေးချင်၊ သီချင်းဆိုချင်၊ သရုပ်ဆောင်ချင်တဲ့ ဇဟာ ဆယ်နှစ်သားအရွယ် တောင်ကြီးမှာ ပထမဆုံး စပြခဲ့တယ်လို့ အတိအလင်း ပြောနိုင်ပါလိမ့်မယ်။

ကျောင်းစာမှာတော့ ကျွန်တော်က အတန်းထဲမှာ အဆင့် ၁၀ ၀န်းကျင်မှာပဲ အမြဲရှိနေခဲ့ပါတယ်။ ပထမတော့ တစ်ခါမှ မရဖူးဘူး မှတ်တယ်။ လစဉ်စာမေးပွဲတွေမှာ ဒုတိယ၊ တတိယလောက်တော့ တစ်ခါတစ်လေ ချိတ်ပါတယ်။ အေးနိုင်ကတော့ စာညံ့တယ်။ အတန်းထဲက နောက်ဆုံးနား ပွတ်ကာ သီကာ အဆင့်မှာပဲ အမြဲရှိတယ်။

တကယ် ဖြတ်သန်းခဲ့ရတုန်းကတော့ အဲဒီ့တစ်နှစ်ဟာ မနည်းမနော ကြာခဲ့ပါတယ်။ ခုခါမှာ ပြန်ငဲ့စောင်းကြည့်တော့လည်း မှိန်ပျပျ အရိပ်လေးတွေပေါ့။

အဟဲ… တောင်ကြီးမှာ ကျောင်းနေခဲ့တာနဲ့ ပတ်သက်လို့ အထူးခြားဆုံးတစ်ခု ကျန်သေးတယ်ဗျ။

အဲဒါက အဲဒီ့တစ်နှစ်လုံးမှာမှ ကျောင်းရောက်ပြီး တစ်ခါပဲ ရေချိုးခဲ့တာပါပဲ ခင်ဗျ။ တစ်ခါဆို တစ်ခါတည်းနဲ့ မှတ်သွားတာမို့ တစ်နှစ်လုံး ကျွန်တော် ရေမချိုးတော့ပါဘူး။

ပြောခဲ့တဲ့အတိုင်း ကျွန်တော်က ရေနွေးနဲ့ ရေချိုးတာကို အလွန်ကျင့်သားရနေသူပါ။ နွေရာသီမှသာ ရေအေးနဲ့ ရေချိုးပြီး လောပိတမှာ အေးတဲ့အခါဆိုလည်း အမေက ရေနွေးကျိုပေးတာမို့ ရေနွေးနဲ့သာ ချိုးကျင့်ရှိပါတယ်။

တောင်ကြီးရဲ့ ခိုက်ခိုက်တုန်တဲ့ ရာသီဥတုနဲ့ ကျွန်တော်နဲ့က ဟန်မကျပါဘူး။ ကျောင်းအိပ်ကျောင်းစားဆိုတော့ ကျွန်တော့်ကို ဘယ်သူက ရေနွေးတည်ပေးမှာလဲဗျာ။ အဲတော့ ရေအေးနဲ့ ချိုးမိပါတယ်။ လူ့ကို တစ်ခါတည်း ရှင်ချင်စော်နံသွားပါတော့တယ်။

အဲတော့လည်း နောက်မချိုးတော့ဘူးပေါ့။ တစ်ခါတည်း မှတ်သွားပါတယ်။ မနက်မိုးလင်းရင် မျက်နှာသစ်၊ သွားတိုက်၊ ခြေလေးလက်လေး မရတရဲဆေး။ ညနေ ကျောင်းဆင်းရင် ခြေလေးလက်လေးဆေး နောက်တစ်ခါ မရဲတရဲဆေး။ အဲလိုနဲ့ပဲ တစ်နှစ်တာကို ကျော်ဖြတ်ခဲ့ပါတယ်။

သည်အပိုင်းမှာ ပြောကြတာ

Nwe Zaw အမျိုးသား ပညာဝန် ဦးဖိုးကြား ၊ မရတရဲ စာလုံးပေါင်း မှားနေသလားလို့ပါ ဆရာ ‘စာအုပ်ထွက်ဖြစ်ရင် ဝယ်မယ်နော်’

ATK ကျေးဇူးပါ Auntie Nwe Zaw ပြင်လိုက်ပါ့မယ်။ ရဲရဲ ပြောပါလေ။

‘Song Thiri’ စာဖတ်ပြီးတော့ ချဉ်ဖတ်နံ့တွေရနေသလိုပဲ ဆြာ

Aung Thein Kyaw အွင်… ဘိုဖိတာတုံး

‘Song Thiri’ တစ်နှစ်လုံး ရေမချိုးဘဲ နေနိုင်တာကိုး

ATK အဲဒါ ချဉ်ဖတ် မဟုတ်ဘူးလေ။ နပိ။

‘Song Thiri’ အွိ နပိမစားရဲအောင် မပြောပါနဲ့ ဆြာ

ATK အို… သများ ခုနစ်ရက် ရေမချိုးဘဲနေတောင်မှ နပိလောက် အနံ့ ပြင်းပြင်း မထွက်ပါဘူးကွယ်။

Rita Aung NY တနှစ်လုံးရေမချိုးတဲ့ ကျောင်းသားကို ဘယ်သူကမှသတိမထားမိဘူးလားဟင်

ATK တူရို့လည်း ချိုးဂျဝူးနဲ့ တူဒယ်ဂျ

Nge Thar အနံ့အသက် မကောင်းစွာနဲ့ စောင့်ပေဦးပေါ့

Lutha Kyaw ဆရာ့ ဘဝက အတော်စိတ်ဝင်စားစရာပဲ။ အဲသည်တုန်းက လူကြောက်တတ်သူက နောက်တော့ (ဆရာ့ရေးသားချက်ထဲမှာဖော်ပြထားသလို ) လူ မကြောက်တတ်သူ ဖြစ်လာတယ်။ အချိန်ပေး ရေးလို့ ကျေးဇူးပါ။

Thaw Tar San ရေမချိုးပဲ စောင့်ဖတ်မယ်ဆြာ…

Ei Yupar Win ဆရာရေ.. တံခိုးလား တန်ခိုးလားဟင်။

ATK အဲ… ပြန်ရှာကြည့်လိုက်ဦးမယ် 🙂

Soe Myat Myo Shwe တန်ခိုး.. . ပြောမို့ဘဲ

ATK အမှန်နော်… သည်နှစ်ယောက်ကို ယုံပြီး ပြင်ပလိုက်မယ်။ ထရှာရမှာ ပျင်းလို့ 😛

May Thandar Win ဆရာ တံခိုး ဖြစ်နေတုန်းပဲ။ မပြင်ရသေးဘူးထင်တယ်း)

Soe Myat Myo Shwe အမှန်လို့ အာမခံမယ့်သူမရှိမချင်း သို့မဟုတ် ထကြည့်မပြီးမချင်း မပြင်သေးဘူးထင်တာပဲ 😀

ATK ရုပ်မြင်သံကြားတန်ခိုး၊ မြန်မာကားတန်ခိုးတော့ ပြင်ထားတယ်လေ။ နောက် ဘယ်နား ကျန်ဒေးလဲငင်င်င်င်… သများက ပျင်းဘာရယ်ချိုမ 🙂

May Thandar Win အဲနေရာပဲလေ.. တံခိုးပဲဖြစ်နေတုန်းလိုင်းမကောင်းလို့ထင်တယ်

Advertisements
No comments yet

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: