Skip to content

အဟောင်းထဲက အစုတ်တွေ – ၈

17 April 2015

၂၀၀၁၅ ခုနှစ် ဧပြီလ ၂ ရက်

ဟုတ်တယ်။ အမေ စာဖတ်နေတာသာ တစ်သက်လုံး မြင်ခဲ့ဖူးပေမယ့် အဖေ ဖတ်နေတာတော့ ကျွန်တော့် မျက်လုံးထဲ မှတ်မှတ်ရရ တစ်ခါဆို တစ်ခါမှ မရှိဖူးဘူး။

အဖေ့ ဖတ်သူ့အနှစ်တွေကို ဟိုလှန် သည်လှန် လှန်တတ်သူက ကျွန်တော်ပဲ ဖြစ်ပါတယ်။ အဲဒါလည်း ပုံတွေ လိုက်ကြည့်တဲ့ အဆင့်ပဲ ရှိပါသေးတယ်။ အင်္ဂလိပ်လို ရေးထားတာတွေကိုတော့ အပင်ပန်းခံပြီး မဖတ်မိခဲ့သေးဘူး။

ရယ်စရာ အတိုအထွာလေးတွေ လျှောက်ဖတ်ကြည့်တယ်။ ရယ်တတ်အောင် နားမလည်သေးတော့ နောက်ပိုင်း သိပ် မဖတ်မိတော့ဘူး။ ပုံတွေ လှန်ကြည့်တဲ့အဆင့်မှာ တော်တော်ကြာခဲ့တယ်။

ဗမာစာတွေကိုသာ ဇောင်းပေးဖတ်နေမိခဲ့တာ။

ဗမာစာဆိုလို့ ဂျာနေဂျိုအကြောင်း ပြောတုန်းက ကျန်ခဲ့တာလေး ပြောရဦးမဗျ။ အခုခေတ် လူငယ်တွေသာ ဂျာနေဂျိုကို အသိနည်းသွားတော့တာ။ ဟိုးတစ်ခေတ်ဆီကတော့ အဲဒီ့ ဂျာနေဂျိုဟာ ကျွန်တော်တို့ ဗမာတွေရဲ့ နေ့စဉ် ဘ၀ထဲမှာ ရှိနေခဲ့ပုံပဲ။

ဆရာသော်တာဆွေပေါ့။ သူက ဂျာနယ်ကျော် မမလေးကို နောက်တဲ့အခါ အစ်မကြီး ဂျာနေဂျိုဆိုပြီး အမြဲ ရေးတတ်ပါတယ်။ အဲဒါလေးကို ပြောဖို့ မေ့ကျန်ခဲ့တာပါ။

စာဖတ်ခြင်းအစ အပျော်ဖတ်က

ဗမာစာတွေ ဇောင်းပေးဖတ်ဆို အဲဒီ့အရွယ်မှာ ကျွန်တော် စွဲစွဲလမ်းလမ်း ဖတ်ခဲ့တာက တက္ကသိုလ် တင်မြင့်ပဲ။ သူ့ရဲ့ လေးလေးမြင့်ဆိုတဲ့ ပင်တိုင် ဇာတ်ကောင်ကို သဘောကျတယ်။ ပြီးတော့ သူ့ ဇာတ်လိုက် အသံဝါ၀ါနဲ့ လူညိုထွားကြီးဆိုတဲ့ နေရာမှာလည်း ကိုယ့်ဘာသာ ကိုယ်ဝင်ယူပြီး ကျေနပ်တယ်။ တကယ်က ကျွန်တော်က ဗလံလေးရယ်။ 😀 

တော်တော် စိတ်ကူးယဉ်လို့ ကောင်းတဲ့ အပျော်ဖတ် ဇာတ်လမ်းတွေပဲပေါ့။ နောက်တစ်အုပ် မှတ်မိနေတာ ရှိသေးတယ်။ ယုဝတီခင်စိန်လှိုင်ရဲ့ မောင့်မမ မြကေသီဆိုလား မသိဘူး။ အဲဒီ့ ၀တ္ထုကိုလည်း တော်တော် သဘောကျခဲ့တာ။ စိတ်ထင် နှစ်ခေါက်တောင် ပြန်ဖတ်မိခဲ့ မှတ်တယ်။ မမတွေကို စိတ်ကစားတဲ့ အရွယ်နဲ့ သူ့ဝတ္ထုနဲ့က ဂွပ်ခနဲ အံကျနေလို့ ဖြစ်မှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် စာဖတ်ခါစတုန်းက ယုဝတီခင်စိန်လှိုင့် ၀တ္ထုတွေလည်း အတော် ဖတ်ဖြစ်ခဲ့တာပဲ။

မေမေက ခင်နှင်းယု အသည်းစွဲဆိုတော့ ခင်နှင်းယုစာအုပ် တော်တော်များများက အိမ်မှာ ရှိတယ်။ ဒါပေမယ့် တစ်အုပ်လောက် ဖတ်ကြည့်ပြီး ဘယ်လိုမှ ခံစားလို့ မရတတ်ခဲ့ဘူး။ ငယ်သေးတော့ အဲလို အတွေးပါတဲ့ စာတွေမှ နားမလည်သေးတာကိုး။ အပျော်ဖတ်တွေကိုပဲ စွဲစွဲလန်းလန်း ဖတ်ခဲ့တာကလား။

နောက်ပိုင်းကျတော့ မောင်သိန်းဆိုင်၊ နတ်နွယ်တို့ရဲ့ လျှို့ဝှက်သည်းဖို၊ စုံထောက် ၀တ္ထုတွေကို ဖတ်လာပါတယ်။ ဒါလည်း အတော်သဘောကျပဲ။ နုရာက ရင့်လာတဲ့သဘောလားတော့ မသိဘူး။ မောင်သိန်းဆိုင်၊ နတ်နွယ်တို့ရဲ့ အဲလို အပျော်ဖတ်တွေကို ဖတ်ဖြစ်လာတဲ့အခါ ယုဝတီခင်စိန်လှိုင့် စာအုပ်တွေက ကျွန်တော့်ကို မတိုးတော့ပြန်ဘူး။ ပေါ့တယ်လို့ ထင်လာရပြန်တယ်။

အဲတုန်းက စာပေဗိမာန် စာကြည့်တိုက်မှာ နှစ်စဉ်ကြေး သုံးကျပ်ပေးပြီး အသင်းဝင်ထားရင် နှစ်ပတ်ကို စာအုပ် လေးအုပ် အိမ်ကို ငှားလို့ရတယ်။ ကျွန်တော် မှန်မှန် သွားငှားတာပေါ့။ မောင်သိန်းဆိုင်၊ နတ်နွယ်တို့နဲ့ ခေတ်ပြိုင် ဆရာတွေရဲ့ စာအုပ်တွေလည်း ဖတ်ဖြစ်တယ်။ မှတ်မှတ်ရရ လူအောင်ဆိုတဲ့ ဆရာတစ်ယောက်ကိုလည်း မှတ်မိနေတယ်။ သူက မောင်သိန်းဆိုင်တို့လို အများကြီး မရေးခဲ့ပေမယ့် သူ့ လျှို့ဝှက်သည်းဖိုတွေလည်း ဖတ်လို့ ကောင်းခဲ့တာကို မှတ်မိနေတာပါ။ နောက် မောင်မောင်မြင့်လွင်ရဲ့ ၀တ္ထုတွေ ဖတ်ပြန်တယ်။ အရေးအသားကို သဘောကျပေမယ့် ဇာတ်လမ်းတွေက ကျွန်တော့်ကို မတိုးပြန်ဘူး။

စာကို ၀ါးစားသလို ဖတ်နေတာမို့ ခေါင်းထဲကို ဘာမှတော့ သိပ်မ၀င်ဘူး။ နဂိုကမှ အဲသလို အမှတ်သညာမျိုးက သိပ်မကောင်းတာဆိုတော့ စာကြောင်းလိုက် ဝေးစွ၊ ဇာတ်လမ်းတောင် မှတ်မိနေတဲ့ ၀တ္ထုက ခပ်ရှားရှားရယ်။ နှစ်ပတ်ကို လေးအုပ် ငှားလို့ရပေမယ့် ကျွန်တော်က သုံး-လေးရက်နဲ့ လေးအုပ်လုံး ဖတ်ပြီးသွား၊ ပြန်အပ်၊ ပြီးတော့ နောက်ထပ် လေးအုပ်ငှား လုပ်ခဲ့တာဆိုတော့ စာဖတ်နှုန်းက သိပ်မြန်တယ်လို့ ဆိုရမှာ။ အဲတော့လည်း ခေါင်းထဲမှာ အကုန်ရောထွေးပြီး ဘယ်ဟာမှ မမှတ်မိတော့ဘူးပေါ့။

မဂ္ဂဇင်းတွေက အဲတုန်းက သိပ်မများလှဘူး။ ရှုမ၀၊ သွေးသောက်၊ မြ၀တီ၊ ငွေတာရီ၊ စန္ဒာလောက်ပဲ ရှိတာ။ မြ၀တီနဲ့ ငွေတာရီကို မြင်ဖူးပေမယ့် မေမေက အဲဒါတွေ မဖတ်တော့ သိပ်များများ မဖတ်ဖူးဘူး။ ရှုမ၀နဲ့ စန္ဒာကိုတော့ မေမေက ဖတ်တာမို့ ပိုရင်းနှီးတယ်။ အဲဒီ့အချိန်က ၀င်းဦးရဲ့ စန္ဒာမဂ္ဂဇင်းက လျှမ်းလျှမ်းတောက်ပေါ့။ မင်ကျ မင်န ကောင်းကောင်း၊ အပြင်အဆင် ကောင်းကောင်းနဲ့ ဖြစ်သလို စာရေးဆရာကောင်းတွေရဲ့ စာတွေလည်း ပါတာကိုး။

မဂ္ဂဇင်းသာ ဟိုလှန် သည်လှန် လုပ်နေတာ၊ တကယ့်တကယ် အဲဒီ့အရွယ်က ၀တ္ထုတိုကို အရသာ မခံတတ်သေးဘူး။ တောင်ဖတ် မြောက်ဖတ်၊ နားမလည်လိုက်၊ ချထားလိုက်ပဲ ရှိပါသေးတယ်။ ရှစ်တန်းကျောင်းသားအရွယ်လောက်အထိကို ပြောပါတယ်။

ပထမဆုံး ရေးဖြစ်ခဲ့တဲ့ သီချင်း

အဲဒီ့အရွယ်မှာ ကဗျာတွေ၊ ၀တ္ထုတွေ အတော်ရေးနေပြီ။ နွေရာသီကျောင်းပိတ်ရက်မှာဆိုရင်တော့ အဲဒီ့ခေတ်က ဆိုရှယ်လစ်ခေတ်ပီပီ လုပ်အားပေးဆိုတာကြီး ရှိတယ်။ ကျွန်တော်တို့ ကျောင်းမှာပဲ စုဝေးကြတာပေါ့။ အဲဒီ့အခါကျရင်တော့ ကျောင်းမှာ တခြားကျောင်းက မိန်းကလေးတွေပါ ရောက်လာကြတယ်။ အဲဒီ့ထဲက တစ်ယောက်ကို မျက်စိကျလို့ ရည်းစားစကားပြောခဲ့၊ သူ့ဘက်က ခေါင်းညိတ်ခဲ့ဖူးတာ ချစ်သူ့ရင်ခွင် ရှာပုံတော်ထဲမှာ ပါခဲ့ပြီးပြီ ထင်တယ်။ ထားလိုက်ပါ။ ဘာမှလည်း မဘာလိုက်ရတဲ့ ရှစ်တန်းဖြေထားချိန်က ဇာတ်လမ်းပါ။

နောင်နှစ်များစွာအကြာ ရန်ကုန်မြို့ရဲ့ ဈေးကြီးတစ်ဈေးမှာ သူ့ကို ဈေးသည်အဖြစ် ပြန်တွေ့ရတယ်။ တော်တော် အောင်မြင်နေပုံရတဲ့ ဆိုင်ကြီးတစ်ဆိုင်မှာ ဆိုင်ရှင်အဖြစ် မိန့်မိန့်ကြီးပါ။ ရှစ်တန်းတုန်းကလိုပဲ သူ့မျက်နှာက ညိုညိုလေးနဲ့ ချောနေတုန်းပါပဲ။

အဟဲ… ကိုယ်လုံးကတော့ အလျားလိုက် တော်တော် ဖွံ့ဖြိုးနေပြီ ဖြစ်သလို ဈေးသည်ပီပီ အာကျယ်ပါကျယ်နဲ့ သူ့ အလုပ်သမားတွေကို အော်ဟစ်နေတာ ကြားပြီး လန့်သွားတာနဲ့ပဲ အစတောင် ပြန်မဖော်ဖြစ်တော့ဘူး။ 😀 

ပြောချင်တာက အဲဒီ့နွေရာသီ လုပ်အားပေး စခန်းသိမ်းပွဲမှာ ကျွန်တော် သီချင်းရေးခဲ့သေးတဲ့ အကြောင်းပါ။ chorous စာသားလေးတောင် မှတ်မိနေသေးတယ်။ ကျန်တာတော့ မမှတ်မိတော့ဘူး။

“လုပ်အားပေး စခန်းကြီး သိမ်းပါပြီ… နောင်နှစ်မှ တွေ့ဖို့ ရွယ်ရည်… မငိုကြနဲ့ နှမတို့ရေ ရီ (ရယ်)… မငိုကြနဲ့ အစ်မတို့ရေ ရီ…” ဘာညာပေါ့ဗျာ။

အဲဒီ့သီချင်းကို အဖွဲ့လိုက်ဆိုကြတော့ အကော်ဒီယံတီးပေးတာက မန္တလေး စိန်ပီတာတုန်းက သူ စန္ဒယား လာလာတီးရင် သွားသွား မော့ခဲ့ရတဲ့ အစ်ကိုကြီး။ ကျွန်တော် ရန်ကုန်ရောက်တော့ သူလည်း ရန်ကုန်ကို ရောက်လာပြီ။ ကျောင်းထဲကိုလည်း ၀င်ထွက်နေပါတယ်။ သူက ကျွန်တော့်ထက် အတန်းကြီးတော့ ကျွန်တော်တို့ ကျောင်းကပဲလား၊ ကျောင်းက မဟုတ်ဘူးလားတော့ ကျွန်တော် မသိဘူး။ သည်လိုပဲ တွေ့နေကြတာပဲ။

လုပ်အားပေးစခန်းကိုလည်း သူက ဘာလို့မှန်း မသိဘူး၊ လာလာနေတယ်။ ကျွန်တော်တို့ လုပ်အားပေးရတာက ကမ်းနားလမ်းက သစ်စက်တွေမှာပါ။ ဘာမှလည်း မည်မည်ရရ လုပ်ရတာ မဟုတ်ပါဘူး။ သည်လိုပဲ အိယောင်ဝါး၊ ဝေလေလေပေါ့။ ဟို အကော်ဒီယံ အစ်ကိုကြီးက အဲဒီ့ သစ်စက်တွေအထိတော့ ပါမလာပေမယ့် ကျောင်းမှာဆိုရင်တော့ တွေ့တွေ့နေတယ်။

ဒါနဲ့ စခန်းသိမ်းပွဲ လုပ်ကြမယ်ဆိုတဲ့အခါ ကျွန်တော်က သီချင်းကောက်ရေး၊ ပလွေကလေးနဲ့ အသံရှာ၊ ဂီတ သင်္ကေတ ရေးထား၊ (သင်္ကေတဆိုလို့ ပဲပင်ပေါက် သင်္ကေတ မမှတ်နဲ့ဦး၊ ဒို-ရေ-မီ-ဖှာကို ၁၊ ၂၊ ၃၊ ၄ နဲ့ ရေးတဲ့ သင်္ကေတကို ပြောတာပါ။) ပြီးတော့ အစ်ကိုကြီးကို ဆိုပြ၊ အသံပြ၊ ကျွန်တော် ကပေါက်တိ ကပေါက်ချာ ရေးထားတဲ့ သင်္ကေတကို ကြည့်ပြီး သူက အကော်ဒီယံနဲ့ လိုက်ကောက်၊ ပြီးတော့ အဖွဲ့လိုက် သီချင်းတိုက်ကြ။ စခန်းသိမ်းပွဲကျ ဆိုကြ တီးကြပေါ့ဗျာ။

ပြောချင်တာက ရှစ်တန်းလောက်ကတည်းက ကျွန်တော့် အနုပညာပိုးတွေ ရွပိုးထနေပြီ ဖြစ်တဲ့အကြောင်းပါ။ စာတွေ၊ ကဗျာတွေတင်မက သီချင်းတွေတောင် ရေးနေပြီပေါ့လေ။ ကိုယ့်ကိုယ်ကိုယ်တော့ ဧရာမ အနုပညာသည်ကြီး အောက်မေ့လာတော့တာပေါ့။

မှတ်မိနေဆဲ သူငယ်ချင်းနှစ်ယောက်

ရှစ်တန်းမှာ ရန်ကုန်မြို့လယ်ပိုင်းကို အတော်ကျွမ်းနေပြီ။ ဘယ်ကျူရှင်မှာလဲတော့ မမှတ်မိဘူး။ ကျူရှင်တစ်ခုကနေ သူငယ်ချင်း နှစ်ယောက် ရတာ။ ထူးထူးခြားခြား အဲဒီ့ သူငယ်ချင်းနှစ်ယောက်က တရုတ်နဲ့ ကုလား အတွဲခင်ဗျ။ ချူးချိုင်နဲ့ ရှမီးတဲ့။ ချူးချိုင်က ၃၅ လမ်း အထက်လမ်းမှာ နေတယ်။ ဂစ်တာတီးတယ်။ သူ့အိမ်က သားရေ ခါးပတ်လုပ်ငန်း လုပ်တယ်။

ရှမီးကကျတော့ ၃၆ လမ်း လမ်းတိုမှာ နေတာ။ ၃၆ လမ်း လမ်းတိုဆိုတာက ကုန်သည်လမ်းနဲ့ မဟာဗန္ဓုလ လမ်းကြားက ၃၆ လမ်းကို ပြောတာပါ။ အဲဒီ့ ၃၅ လမ်းနဲ့ ၃၆ လမ်းက တရားရုံးချုပ်အဆောက်အအုံကြီး ခံနေတဲ့အတွက် မဟာဗန္ဓုလ လမ်းအထိ မပေါက်တော့ဘဲ။ တရားရုံးချုပ်ဝင်းမှာတင် ဆုံးသွားတဲ့ တစ်ဖက်ပိတ် လမ်းကလေး နှစ်လမ်းပါ။ အဲဒါကို ၃၅ လမ်း လမ်းတို၊ ၃၆ လမ်း လမ်းတို စသဖြင့် ခေါ်ကြပါတယ်။

ရှမီးက ကုလားဆိုပေမယ့် အာရပ်ကုလားအနွယ်ဆိုတော့ အသားဖြူဖြူ၊ ပြုံးပြုံး၊ ပြုံးပြုံးနဲ့ အင်မတန် လူရည်လည်ပါတယ်။ ခင်ဖို့ ကောင်းပါတယ်။ သူ့မှာ အဖေ မရှိတော့ဘူးထင်တယ်။ အမေရယ်၊ အစ်ကိုရယ်နဲ့ နေတယ်။ ချူးချိုင်လည်း ခင်ဖို့ ကောင်းတယ်။ သူကလည်း သဘောကောင်း မနောကောင်းပဲ။

ကျွန်တော်နဲ့ ခင်မင်ပြီး တစ်နှစ်လောက်အကြာမှာ ရှမီးတို့မိသားစုက မြန်မာပြည်ကနေ အပြီးအပိုင် ထွက်သွားကြတော့တာမို့ မတွေ့ရတော့ဘူး။ သုံးယောက်တွဲနေရာက တစ်ယောက်ပဲ့သွားပြီး ချူးချိုင်နဲ့လည်း မတွေ့ဖြစ်တော့တာ ယနေ့ထက်တိုင်ပါပဲ။

ဒါပေမယ့် ငယ်ငယ်က ခင်ခဲ့ဖူးတဲ့ သူငယ်ချင်းများအဖြစ် သူတို့နှစ်ယောက်ကလည်း ဘာလို့လဲ မသိဘူး၊ စိတ်ထဲမှာ စွဲစွဲမြဲမြဲ မှတ်မှတ်ထင်ထင် ကျန်ရစ်ပါတယ်။

ကျူရှင်ခေတ်ဦးမှာ

ကိုးတန်းရောက်တော့ လူရည်က ပိုလည်လာပြီ။ ကျူရှင်တကာလည်း စုံအောင်တက်နေပါပြီ။ အဲတုန်းက ကျူရှင်လခက ဘယ်ဘာသာ သွားတက်တက် တစ်လ ကျပ်တစ်ဆယ် ကြမ်းခင်းဈေးပဲ။ ဆရာဦးထွန်းဦးကျော် ဆီမှာ ရူပဗေဒ။ ဆရာမြတ်ထိန်လင်းက ဓာတု၊ ဦးမြမော်က ဇီဝ၊ အင်္ဂလိပ်စာကတော့ ထုံးစံအတိုင်း ဦးသာနိုး၊ သင်္ချာက ဦးအောင်သောင်း၊ မြန်မာစာတစ်ခုပဲ မတက်တာ။

အမှန်က အဲဒီ့အချိန်မှာ ကျောင်းက ဆရာတွေ စာသင်တာက လုံလောက်ပါတယ်။ ကျွန်တော်ကိုက နန့်ပြီး ကျူရှင်တကာ လည်တက်တာပါ။ အဓိကက ကောင်မလေးတွေနဲ့ တွေ့ရလို့ပေါ့။ ကျွန်တော်တို့ စိန်ပေါကျောင်းမှာက တစ်နေ့တစ်နေ့ ယောက်ျားလေး သူငယ်ချင်းတွေနဲ့ပဲ နေရတော့ နေလို မီးလို ပူတယ်။ ကျူရှင်ကျမှ ရင်အေးတာလေ။ 🙂 

ကောင်မလေးတွေကတော့ မြင်သမျှ နည်းနည်း ကြည့်ပျော်တာနဲ့ အကုန်ကြိုက်ပဲ။ ခက်တာက ကိုယ့်ပြန်ကြိုက်မယ့်သူက တစ်ယောက်မှ မရှိ။ အီစီကလီလေးတောင် မရှိခဲ့တဲ့ဘ၀။ အဲဒါတွေက ချစ်သူ့ရင်ခွင် ရှာပုံတော်မှာ ရေးခဲ့ပြီးသားမို့ အထူး ဖွဲ့သီ မနေတော့ပါဘူး။

ကျူရှင်တွေ စတင် စည်ပင်လာတဲ့ ခေတ်လို့ပဲ ဆိုကြပါစို့ရဲ့။

ပညာရေးစနစ်ရဲ့ အပြောင်းအလဲတစ်ခု သိသိသာသာ ပေါ်ထွန်းလာချိန်လို့လည်း ဆိုနိုင်မယ် ထင်ပါတယ်။ တစ်နည်းအားဖြင့် ပညာရေးစနစ် ဗုံးဗုံးလဲ ပြိုကျတော့မယ့် အတိတ်နိမိတ်တွေ စပြတဲ့ ကာလလို့ ပြောရင်လည်း မှားမယ် မထင်ဘူး။

အဲဒီ့အချိန်က ဆယ်တန်း စာမေးပွဲကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ဖို့က ခက်ဆဲပေမယ့် နည်းသိသူတွေက သိကုန်ကြပြီ။

ပညာရေးစနစ်ကြီး ပြိုလဲတော့မယ့် အရိပ်အရောင်

အမှန်ကတော့ စာမေးပွဲဆိုတာ သင်ယူထားတဲ့ ဘာသာရပ်တစ်ခုကို စာသင်သား ဘယ်လောက် တတ်သလဲဆိုတာကို စစ်မေးရတာမျိုးပါ။ ဘာသာရပ်ကို ပိုင်ပိုင်နိုင်နိုင် ကျွမ်းကျွမ်းကျင်ကျင် ဘယ်လောက် ရှိသလဲဆိုတာ သိဖို့ ဖြစ်ပါတယ်။

ဒါ့ကြောင့် အင်္ဂလိပ်စာ၊ မြန်မာစာ မေးခွန်းတွေမှာ စာစီစာကုံး ရေးခိုင်းတာတို့၊ သံခိပ်ရေးခိုင်းတာတို့၊ အကျဉ်းချုပ်ခိုင်းတာတို့ဟာ ဘာသာစကားကို ဘယ်လောက် ကျွမ်းကျင်ပိုင်နိုင်သလဲဆိုတာကို စစ်ဖို့အတွက် ထည့်ထားမြဲ မေးခွန်းတွေပါ။ ထိုနည်းလည်းကောင်း အင်္ဂလိပ်စာမှာဆို ဖတ်ပြီး နားလည်နိုင်စွမ်း စစ်ဆေးတဲ့ မေးခွန်းဟာလည်း အဲဒါမျိုးပါပဲ။

သင်္ချာမှာဆိုရင်လည်း တစ်ခေတ်ဆီကဆို တော်ရုံဆရာတွေတောင် မစဉ်းစားမိတဲ့ တွက်နည်းမျိုးနဲ့ အဖြေမှန် ထုတ်ပြနိုင်သူတွေကို စာစစ်သူတွေက အမှတ်ကောင်းကောင်း ပေးတတ်ကြပါတယ်။ (ခုခေတ်တော့ဗျာ… answer key ဆိုပြီး အဖြေတစ်ခုမှာ ပါရှိသင့်တဲ့ အဓိကအချက်တွေကို အဖြေ answer လို့ အသေယူဆပြီး သည် ၏ မလွဲမှ အမှတ်ပေးတဲ့ ခေတ်ဆိုတော့ ပညာရေးသည်လည်း စောက်ထိုးမိုးမျှော်ပေါ့။)

ဒါပေသည့် ကျွန်တော်တို့ ကိုးတန်း၊ ဆယ်တန်းရောက်ချိန်မှာ အဲဒီ့အနေအထားက တဖြည်းဖြည်း ယိုယွင်းလာတယ်။ စာမေးပွဲ မေးခွန်း အဆင်အကွက် (ခွင်)တစ်ခု ပေါ်လာတယ်။ ချဲတွက်တဲ့အခါ ခယ်လင်ဒါကျ တွက်တာမျိုး တွက်လို့ ရလာတယ်။

ဆယ်တန်းစာမေးပွဲ ဖြေမယ့်သူအတွက် ငါးနှစ်စာ၊ ဆယ်နှစ်စာမေးခွန်းကို သေချာကြည့်ပြီး လေ့လာထားရင် မှန်းလို့ ရနေတယ်။

အသေးစိတ်တော့ မမှတ်မိဘူး။ ဇီဝဗေဒရဲ့ လက်ခွဲဖြစ်တဲ့ သတ္တဗေဒအတွက်ဆိုရင်တော့ ကျွန်တော်တို့ တွက်ခဲ့ပုံကို ပြောပြပါမယ်။ ဇီဝဗေဒမှာ မေးခွန်း လေးပုဒ်မေးတယ်။ အဲဒီ့ထဲက နှစ်သက်ရာ နှစ်ပုဒ်ကို ဖြေရတယ်။ အဲဒီ့အခါ (နှစ်တွေ ကြာပြီဆိုတော့ ဘာခေါ်လဲ မမှတ်မိတော့ဘူးဗျာ) အကောင် အသေးအမွှားလေးတွေထဲက တစ်ပုဒ်၊ ဖားက တစ်ပုဒ်၊ ယုန်က တစ်ပုဒ်၊ ပိုးဟပ်က တစ်ပုဒ်လား မသိဘူး၊ ခွဲမေးတယ်။ အဲဒါဆိုရင် ယုန်က ကျက်စရာ မှတ်စရာ သိပ်များနေတယ်။ အကောင်မွှားလေးတွေနဲ့ ဖားက နည်းတယ်။ အဲဒါတွေကို အပိုင် ကြည့်ထားလိုက်ရင် နှစ်ပုဒ်က ကွက်တိရတော့မှာ။ ယုန်ဆို ကျွန်တော် သိကို မသိတော့ဘူး။ စိတ်လည်း မ၀င်စားတော့ဘူး။ စာများလို့ အဲဒါကို ခေါင်းထဲကို မထည့်တော့တာ။

တခြားဘာသာရပ်တွေမှာလည်း အတူတူပဲ။ ရူပဗေဒမှာဆိုလည်း ကိုးတန်းစာနဲ့ ဆယ်တန်းစာကို မျှမေးတယ်။ ရှစ်ပုဒ်မှာ ခြောက်ပုဒ် ဖြေရမယ်။ ဘယ်အခန်း ဘယ်အခန်းတွေက မေးမယ်ဆိုတာကို သိနေတဲ့အတွက် ကိုယ်နှစ်သက်တဲ့၊ ကိုယ်နဲ့ အစပ်တည့်တဲ့ အပိုင်းကိုပဲ အပိုင်ကြည့်ထားပြီး ကျန်တာတွေကို လွှတ်ထားလိုက်ရင် ကောင်းကောင်း ဖြေနိုင်တဲ့အပြင် ဟုတ်ကဲ့… ကျွန်တော် ဂုဏ်ထူးတောင် ရခဲ့ပါသေးတယ်။

မည်သို့ပင်ဆိုစေကာမူ အဲတုန်းက အခြေအနေက အခုလောက်တော့ မဆိုးသေးတာလည်း အမှန်ပဲ။ တကယ် စာကို ကျေညက်မှ ဖြေနိုင်တဲ့ အနေအထား။ မေးခွန်းပေါက်ကြားတာတို့၊ မေးခွန်းအရောင်းအ၀ယ်တို့၊ စာစစ်သူကို စုံစမ်းပြီး လာဘ်ထိုးတာတို့လို အခုကာလမှာ ခေတ်စားတဲ့ မသမာမှု ပေါင်းစုံ မပေါ်သေးချိန်ပေါ့။

ကျူရှင်ဆရာတွေကတော့ သည်အထာကို နားလည်ကြတယ်။ ကျောင်းက ဆရာတွေကတော့ မူအရ သင်ရိုးကုန် သင်တယ်။ ကျူရှင်ဆရာတွေလည်း မသင်ဘူးလားဆိုတော့ သင်ပါတယ်။ သို့သော် သူတို့က မေးခွန်းရဲ့ တွက်နည်းနဲ့ အမှတ်ရအောင် ယူနည်းတွေပါ သင်ပေးတဲ့သဘော ဖြစ်သွားတယ်။ သည်အခါ ကျွန်တော်တို့လို လူပျင်းတွေကလည်း အပိုင်တွေ တွက်ပြီး ထင်သလို လုပ်လို့ ကောင်းသွားတော့တာပေါ့။

အမှန်တော့ ကျူရှင်ဆရာတွေရော၊ ကျွန်တော်တို့တွေပါ အဲဒီ့ပျက်စီးသွားတဲ့ စနစ်ရဲ့ သားကောင်တွေပါ။

စံပြပုဂ္ဂိုလ်များရဲ့ အရေးပါတဲ့ ကဏ္ဍ

အဲတုန်းကတော့ လေးလေးနက်နက်လည်း မစဉ်းစားတတ်သေးဘူး။ ကျောင်းနေနေရတာ၊ အရွယ်ရောက်အောင် ထိုင်စောင့်နေရတာကိုက ဒုက္ခကြီးတစ်ခုလိုပဲ။ အရွယ်ရောက်ချင်လှပြီ။ ကျောင်းနေရတဲ့ အလုပ်ကြီးကိုလည်း စိတ်ပျက်နေပါပြီ။ သင်ယူမှုရဲ့ တန်ဖိုးကို ကျွန်တော်တို့ နားလည်သဘောပေါက်အောင် မိဘတွေကလည်း မပြောပြနိုင်၊ ကျောင်းတွေဆိုတာကတော့ ဝေလာဝေးပေါ့။

ဟုတ်တယ်။ ကျောင်းနေရတာကြီးက ၀တ္တရားကြီးတစ်ခုလို ခံစားနေရတယ်။ ကျွန်တော့်မှာ ဆရာဝန်ဖြစ်ဖို့၊ အင်ဂျင်နီယာဖြစ်ဖို့၊ စစ်သားဖြစ်ဖို့ဆိုတဲ့ ရည်မှန်းချက် ကြီးကြီးမားမား မရှိဘူး။ ကျွန်တော်ဖြစ်ချင်တာက ဇာတ်လိုက်မင်းသား၊ အဆိုကျော်၊ စာရေးဆရာ။ အဲဒါအတွက် သည်အခြေခံပညာကို သင်နေရပါလားဆိုတာကို သိပ်သဘောမပေါက်ဘူး။

အဖေကတော့ ပြောရှာပါတယ်။ ၀င်းဦးတို့၊ ကောလိပ်ဂျင်နေ၀င်းတို့ကို နမူနာ ပြတယ်။ ခေတ်ပညာတတ်ပွန်ပြီးမှ ဓာတ်ရှင်နယ်ထဲ ၀င်ရောက် အောင်မြင်သွားသူတွေ။ အမေကဆိုလည်း မန္တလေးသား မင်းသားကြီး ဗိုလ်ဗကိုကို နမူနာပြတယ်။ အမေရိကန်နိုင်ငံ ယေး(လ်) တက္ကသိုလ်ကနေ မဟာဘွဲ့ရခဲ့သူ။ ရုပ်ရှင်နယ်မှာ အောင်မြင် အခြေကျနေသည့်တိုင် ဒဿနိကဗေဒ ဌာနမှာ ပြင်ပ စာစစ်သူအဖြစ် ဆောင်ရွက်ပေးနေဆဲဖြစ်ကြောင်း။

အဲဒီ့နမူနာ (စံပြပုဂ္ဂိုလ်) တွေက ဘာပဲ ပြောပြော ကျွန်တော့်အတွက် အများကြီး တာသွားခဲ့ပါတယ်။ နောက်တစ်ခုက ဆရာနိုးဆီမှာ အင်္ဂလိပ်စာ သင်ယူရင်း အင်္ဂလိပ်စာရဲ့ သဘောကို ရေးတေးတေးလေး သဘောပေါက်လာတယ်။ အင်္ဂလိပ်စာဟာ စာမေးပွဲ ဖြေဖို့ သက်သက် “ဘာသာရပ်” (subject) တစ်ခုသာ မကဘဲ လက်တွေ့ဘ၀မှာ အသုံးချနိုင်တဲ့ “ဘာသာစကား” (language) တစ်ခုမှန်း သိလာတာပါ။

သည်အပိုင်းမှာ ပြောကြတာ…

Sanda Hlaing *စာဖတ်ခြင်းအစ အပျော်ဖတ်က* အပိုဒ် အောက်တစ်ကြောင်း… စွဲလမ်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး 😦

ATK အားကိုးဘာရယ်ချိုမှ… တူဂလည်း မဲ့ပြနေဒေးလယ်

Sanda Hlaing တစ်ခါပြော ရဘာာာာပြီ… ငယ်တုန်းက ဆရာမတွေလိုဆိုရင် ခေါင်းသုံးချက်လောက်ခေါက်ပြီး စွဲလမ်းးး စွဲလမ်း မှတ်ထားဟဲ့ဆိုပြီး ပြောမလား မသိ…

ATK နေပူဒေါ်ရဲ့ ကြယ်နားပွင့်ဟိုတယ် ကိုးနတ်ရှင်ကလည်း ကနေ့တော့ ရှယ် ချာတူးလန်နေဘာရယ်။ ဒါ့ကြောင့် နှခိရှာတွားဒါဘာဂျာ…

Sanda Hlaing ဒမှာလည်း အတူတူပါပဲ… လိုင်းတွေကျနေတာရယ်… အဲ့စာပေါ်ဖို့ မနည်းစောင့်ရတာဘာာာာကွယ်…

Nge Thar အယ် 5comments ဆိုလို့ လာဖတ်တာ ကလူ၏သို့ မြှူ၏သို့ နဲ့ လာတိုးနေတယ် ခင်ည ဟိ

ATK မီနောက်ပါလဲ့ အူးလေးရယ်

Nge Thar ဟီး အနေဝေးတော့လဲ လွမ်းရှာမယ်ပေါ့လေ ဟိ

ATK ကိုယ်ဂျင်းစာ နာခဲ့ရဘီလေ

Kyaw Kyaw Myo ဆရာခင်ဗျား မဖတ်လိုက်ရသေးတဲ့ အပိုင်းတွေ လာရှာဖတ်ရင်း စာလည်း ဖတ်ကောင်းသလို comments တွေ ဖတ်ရင်း အားကျရပါတယ်

Sandar Tin ကျွန်မလည်းတက္ကသိုလ်တင်မြင့်၊ ယုဝတီခင်စိန်လှိုင်၊ မောင်သိန်းဆိုင်တို့ရဲ့စာတွေကိုကြိုက်တယ်။

၂၀၁၅ ခုနှစ် ဧပြီလ ၇ ရက်

အင်္ဂလိပ်စာနဲ့ ပတ်သက်တာ

ဆရာနိုးကျေးဇူးသာ မကပါဘူး၊ တစ်အိမ်လုံး အင်္ဂလိပ်လိုတွေ ပြောနေကြတဲ့ ဘိုနီတို့ မိသားစုတွေ၊ လမ်းဘေးက ပြောင်းဖူးပြုတ်သည် အဒေါ်ကြီးရဲ့ မွှတ်နေအောင် ပြောနေတဲ့ အင်္ဂလိပ်စကားသံများကပါ သည်အချက်ကို ခိုင်လုံစေပါတယ်။

အင်္ဂလိပ်ကားတွေ ကြည့်ဖြစ်တာလည်း အနည်းအပါး ပါတယ်။ ဒါပေမဲ့ တစ်လုံးမှ နားမလည်ပါဘူး။ နားကလည်း နားမလည်တော့ အလိုလို ပိတ်သွားပါတယ်။ အရုပ်ကြည့်တဲ့ အဆင့်ပေါ့။

အင်္ဂလိပ်သီချင်းတွေလည်း နားမလည် ပါးမလည်နဲ့ ဆိုနေရာကနေ အရသာ နည်းနည်း ခံတတ်လာတယ်။ Bee Gees ရဲ့ Don’t Forget to Remember တို့၊ Sweetheart တို့၊ Elvis ရဲ့ the Wonder of You တို့၊ Englebert Humperdinck ရဲ့ Quando Quando တို့ဆိုရင် စာသားကို ကောင်းကောင်း နားလည်ပြီး ခံစားချက် အပြည့်နဲ့ လိုက်ဆိုတတ်နေပြီ။

အဖေကလည်း ကျွန်တော့်ကို အင်္ဂလိပ်စာ သိပ်တတ်စေချင်တယ်။ ဒါ့ကြောင့် အင်္ဂလိပ်သတင်းစာ The Guardian ကို ၀ယ်ပေးပြီး တစ်နေ့ တစ်မျက်နှာ မဖြစ်မနေ ဖတ်ခိုင်းပါတယ်။ အဲဒါကျတော့ မနိပ်တော့ဘူး။ အမိန့်အာဏာနဲ့ ဖြစ်လာပြီလေ။ နဂိုကမှ အဖေ့ကို ဆန့်ကျင်ချင်တဲ့ အငုပ်စိတ်လေးက ရှိနေတော့ သူခိုင်းတာကို ကြောက်လို့သာ လုပ်နေရတယ်။ စိတ်က မရွှင်ချင်တော့ဘူး။

တစ်ခုတော့ ရှိတယ်ဗျ။ ကျွန်တော်က ငယ်ငယ်ကတည်းက မြင်သမျှစာတန်း အကုန် လိုက်ဖတ်တတ်တဲ့ အကျင့်ရှိတယ်။ ကျွန်တော်တို့ ဖြတ်သန်းရတဲ့ ခေတ်က ဆိုင်တွေရဲ့ ဆိုင်းဘုတ်တွေဆိုတာကလည်း အင်္ဂလိပ် မြန်မာ နှစ်ဘာသာနဲ့ဆိုတော့ ငယ်ငယ်တုန်းက မြင်သမျှ အော်ဖတ်တာပဲ။ မှားနေရင် အမေတို့၊ အဖေတို့က ပြင်ပေးကြတာပေါ့။ အဲတော့ ဝေါဟာရတွေက ကျွန်တော့်ခေါင်းထဲမှာ အလိုလို ရှိနေတယ်။ ဥပမာဗျာ၊ အိမ်တို့ မြေတို့ ငှားရန်လို့ အင်္ဂလိပ်လို ရေးရင် To Let လို့ ရေးတာမျိုးပေါ့။ အဲဒါဆိုရင် သုံးတန်း၊ လေးတန်းလောက် ကတည်းက ကျွန်တော် သိနေခဲ့တဲ့ စကားစုဖြစ်နေတော့တာပေါ့။

တကယ်တော့ to let ဟာ ဗြိတိသျှ အင်္ဂလိပ်စာ အသုံးအနှုန်းပါ။ ကျွန်တော်တို့နိုင်ငံက ဗြိတိသျှတို့ နှစ်ပေါင်း ၅၀ ကျော် အုပ်ချုပ်သွားတာမို့ ကျွန်တော် လူဖြစ်တဲ့ အချိန်မှာ ဗြိတိသျှအငွေ့အသက်အပြည့်နဲ့သာ ရှိနေဆဲ ဖြစ်ပါတယ်။ ဗြိတိသျှက ငှားတာကို let လို့ သုံးပါတယ်။ We have let our house to newly-weds. ဆိုရင် ညားခါစ လင်မယားကို ကျုပ်တို့အိမ် ငှားထားတယ်လို့ ပြောတာပါ။

Rent က အမေရိကန်တို့ရဲ့ အသုံးပါ။ ငှားရန်ကို ဗြိတိသျှက To Let လို့ သုံးပေမယ့် အမေရိကန်တွေကကျတော့ For Rent လို့ သုံးပါတယ်။

ထားပါတော့ဗျာ။ အဲသလို မြင်သမျှ လိုက်ဖတ်မိတဲ့ အကျိုးကျေးဇူးလေးကို ပြောပြချင်တာပါ။

ဖြတ်သန်းရတဲ့ ခေတ်

အင်္ဂလိပ်စာနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင်တော့ ကျွန်တော် ကျောင်းစနေချိန်က ကျောင်းတွေကို ပြည်သူပိုင် မသိမ်းသေးဘူး။ အဲတော့ သာသနာပြုကျောင်းတွေမှာ နေခဲ့ရတဲ့ သူငယ်တန်းကျောင်းသားဘ၀မှာ အင်္ဂလိပ်စာ အခြေခံ အနည်းအပါး ရခဲ့ပါတယ်။

ကံဆိုးချင်တော့ ကျွန်တော်တို့ ဒုတိယတန်းတက်ချိန်မှာ ပညာရေးစနစ်သစ်ဆိုတာကြီး စပေါ်လာပါပြီ။ အင်္ဂလိပ်စာကို ငါးတန်းမှ စသင်ရမယ်ဆိုတဲ့ သတ်မှတ်ချက်လည်း ပေါ်ပေါက်လာခဲ့ပါပြီ။ ဒါတောင် အဲဒီ့ခေတ်က ပညာရေး ကိစ္စတွေကို အကြံပေးနေတဲ့သူတွေက ဗြိတိသျှတို့ရဲ့ ခေတ်ကောင်းမှာ ကျောင်းနေ ပညာတတ်ခဲ့တဲ့ သူတွေနော်။

သည်လူတွေက စာသာ တတ်တယ်၊ ဦးနှောက်က မပါဘူး။ ဘာသာစကားတစ်ခုကို သင်တယ်ဆိုတာ ငယ်နုချိန်မှာ သင်တာက အရိုးရင့်မှ သင်တာထက် ပိုတတ်လွယ်မှန်း သင်းတို့ သိလျက်နဲ့ တမင်သက်သက် မြန်မာတွေ နလပိန်းတုံးဖြစ်ရေးကို ဦးတည်ခဲ့ကြတာလား၊ ဒါမှမဟုတ်လည်း မသိသားဆိုးရွားကြတာပဲလားဆိုတာတော့ သင်းတို့ ကိုယ်တိုင်မှပဲ သိပါလိမ့်မယ်။

ကျွန်တော့် အင်္ဂလိပ်စာ အခြေခံက ပထမတန်းအထိတော့ ရခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ့မှာ ရပ်သွားတယ်။ အဖေတို့၊ အမေတို့က အဲသလို လုံးဝတော့ အရပ်မခံဘူး။ နွေရာသီ ကျောင်းပိတ်ရက်မှာ မန္တလေး မစီမာအိမ်ရဲ့ တောင်ဘက် ကပ်လျက်က သြစတြေးလျ အမျိုးသမီးကြီးဆီမှာ အင်္ဂလိပ်စာ သွားသင်ရတဲ့အကြောင်း ရေးပြခဲ့ပြီးပါပြီ။

ပညာရေး စနစ်ကသာ ပြောင်းသွားတာ၊ ဆိုခဲ့သလို ကိုလိုနီခေတ်ရဲ့ အငွေ့အသက်တွေ ကျန်နေဆဲမို့ အင်္ဂလိပ် ဘာသာစကားက ကိုလိုနီခေတ်တုန်းကလိုသာ မတွင်ကျယ်တော့တာ၊ သူ့အရှိန်လေးနဲ့သူတော့ ကောင်းတဲ့ အရှိန်လေးတွေ ကျန်နေတုန်းပဲ။ နမူနာ ပြရရင် အဲဒီ့တုန်းက ဂါးဒီးယဲ(န်) သတင်းစာပေါ့။ ဂါးဒီးယဲ(န်) သတင်းစာက အင်္ဂလိပ်စာ အရေးအသားက အဆင့်မြင့်ပါတယ်။ ဒါ့အပြင် သတင်းသာမက ဖတ်စရာ ဆောင်းပါး ကောင်းတွေလည်း ပါတတ်တယ်။

စာဖတ်ခြင်း အရသာသိအောင်

တကယ်လို့များ အဖေသာ အင်္ဂလိပ်စာကို အရသာခံ ဖတ်တတ်ခဲ့မယ်ဆိုရင် ကျွန်တော့် အင်္ဂလိပ်စာက အခုထက် ဆယ်ဆ ပိုကောင်းနေလောက်တယ်။ အခုတော့ အဖေ့ခမျာ၊ ဖတ်ဖို့သာ ကျွန်တော့်ကို အာဏာပြနိုင်ရှာတာ၊ သူကိုယ်တိုင်က ကောင်းကောင်း ကန်းကန်း မဖတ်တတ်တဲ့အပြင် စာဖတ်ဝါသနာကလည်း သိပ်မလေ့တာ့ လမ်းညွှန် မပေးနိုင်ခဲ့ဘူး။

ကျွန်တော့်လက်ထက်ကျတော့ ဖတ်လို့ ကောင်းတာလေး တွေ့ရင် သားသမီးတွေကို ဒါလေး ဖတ်ကြည့်လို့ ပြောလို့ရတယ်။ ဘာအကြောင်း ရေးထားတာ၊ ဘယ်လို စိတ်ဝင်စားဖို့ ကောင်းတယ် စသဖြင့်လည်း ဖတ်ချင်လာအောင် ညွှန်းလို့ ရလာခဲ့ပါတယ်။ ဒါ အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာစလုံးကို ပြောတာပါ။

ကျွန်တော်ကိုယ်တိုင်က စာတွေ နင်းကန်ဖတ်၊ ကလေးတွေ မွေးလာတော့ သားသမီး ပျိုးထောင်နည်းတွေပါ ဖတ်၊ ကိုယ့်ကလေးတွေကိုလည်း ဘာသာစကားကို နိုင်နင်းစေချင်တာကြောင့် သူတို့ စကားမတတ်ခင် အရွယ်ကတည်းက စာအုပ်တွေနဲ့ ယဉ်ပါးအောင် အရင်ဆုံး လုပ်ပေးခဲ့ပါတယ်။ လမ်းတောင် ကောင်းကောင်း မလျှောက်တတ်သေးတဲ့ အရွယ်ကတည်းက သူတို့ အမြင်ပသာဒ ဖြစ်စေမယ့် ရောင်စုံ စာအုပ်လေးတွေ ချပေးခဲ့တယ်။ ပုံပြင်တွေ ဖတ်ပြခဲ့တယ်။

တစ်နည်းပြောရင် စာအုပ်သည် နေ့စဉ်ဘ၀ထဲမှာ ရှိနေတဲ့အရာ၊ စာအုပ်သည် အဖော်ဆိုတာကို သူတို့ သညာမှာ စွဲသွားအောင် လူမှန်းသူမှန်း ကောင်းကောင်း မသိခင်ကတည်းက စတင် လေ့ကျင့်ပေးတာပါ။

ကံကောင်းချင်တော့ ကျွန်တော့် တစ်အိမ်လုံးမှာ စာအုပ်တွေ။ သည်တော့ သူတို့အတွက် စာအုပ်ဆိုတာ တကယ့် နေ့စဉ်ဘ၀ ဖြစ်လာခဲ့တယ်။ စာဖတ်ခြင်းကို အရသာ ခံတတ်လာကြတယ်။ သူတို့ လူမှန်း သူမှန်း နည်းနည်း သိစပြုချိန်မှာ အင်းဝ စာအုပ်တိုက်က ပြန်ပေါ်လာတယ်။ ကလေးစာအုပ်တွေ သွင်းလာတယ်။ ဈေးကြီးလှပေမဲ့ ကျွန်တော် တတ်နိုင်သလောက် ၀ယ်ပေးခဲ့တယ်။ သူတို့ ဆယ်တန်းအထိ သူတို့ ကြိုက်တဲ့ အင်္ဂလိပ်၊ မြန်မာ စာအုပ်ကို တတ်နိုင်သမျှ ရှာဖွေပေးခဲ့ပါတယ်။

သမီးဆို သရဲဝတ္ထု အလွန်ဖတ်တာ။ အဲဒါဆိုရင် အင်္ဂလိပ်လို ရေးထားတဲ့ သရဲဝတ္ထုတွေ ပေးခဲ့တယ်။ သားတော်မောင်က လူပျိုဖော်ဝင်စမှာ ဖိုမ ကိစ္စတွေ စိတ်ဝင်စားလာတယ်။ အဲတော့လည်း ကျွန်တော့်အဖေတုန်းက ကျွန်တော့်ကို လုပ်ခဲ့သလို သူ့ကို တားမြစ်တာတွေ၊ ရိုက်နှက်တာတွေ၊ အရွယ်မတိုင်ခင် ဒါတွေ လုပ်ရင် မျိုးကန်းသွားမယ်ဆိုပြီး မဟုတ်တမ်းတရားနဲ့ ခြိမ်းခြောက်တာတွေ မလုပ်ဘဲ သူသိချင်တဲ့ အကြောင်းအရာ၊ အချက်အလက် မှန်မှန်ကန်ကန် ပါတဲ့ စာအုပ်စာတမ်းတွေကို အင်္ဂလိပ်လို ရှာပေးခဲ့ပါတယ်။

စာမှန်သမျှ ဖတ်ကောင်းစွ

ကျွန်တော့်အမြင်က အဆိပ်အတောက်စာပေဆိုတာ မရှိဘူးပဲ။ အဆိပ်အတောက် စာပေဆိုတာ ဉာဏ်မရှိတဲ့သူတွေ ပြောတဲ့စကားလို့ ထင်ပါတယ်။

စာသာ ဖြစ်ပါ၊ ဘယ်စာမဆို တစ်ခုမဟုတ် တစ်ခုတော့ အကျိုးရှိပါတယ်။ အလွယ်ဆုံး နမူနာပဲ ပြောပါ့မယ်ဗျာ။ ကျွန်တော်တို့ ငယ်ငယ်တုန်းကဆို ရှစ်တန်းအထိ သမိုင်းရယ်၊ ပထ၀ီရယ် သင်ရပါတယ်။

ကျွန်တော်ဆို သိပ်စိတ်ညစ်တာပဲ။ ဘာလုပ်ဖို့များ ဒါတွေ သင်နေပါလိမ့်မယ်လို့။ ပျင်းစရာ ကောင်းလှပါဘိသနဲ့။ သင်္ချာတို့၊ မြန်မာစာ၊ အင်္ဂလိပ်စာတို့၊ အထွေထွေ သိပ္ပံတို့က ဘ၀အတွက် အသုံးတည့်မယ့်ဟာတွေ၊ သည် ပထ၀ီတွေ၊ သမိုင်းတွေက ဘာသွားလုပ်ရမှာတုံးလို့ အမြဲတွေးခဲ့ပါတယ်။ စိတ်ထဲလည်း သိပ်ကို မထည့်ခဲ့မိပါဘူး။ ကျက်ဆို ကျက်လိုက်၊ ဖြေဆို ဖြေလိုက်ပေါ့။

အမှန်အတိုင်းဝန်ခံရရင် သမိုင်းနဲ့ ပတ်သက်လို့ ကျွန်တော် သိပ်မသိပါဘူး။ ကလေးတန်းထဲက သမိုင်းတောင် ကျွန်တော့်ခေါင်းထဲ သိပ်မကျန်ပုံကို ပြောပါတယ်။ ပထ၀ီကမှ ဟုတ်ဟုတ် မဟုတ်ဟုတ်၊ မြို့လောက်၊ မြစ်လောက်၊ တောင်တန်းလောက် အနည်းအပါး ကျန်သေးတယ်။ သမိုင်းဆိုရင်တော့ ကျန်စစ်သားတွေ၊ အနော်ရထာတွေ၊ ဘကြီးတော်တွေ၊ အလောင်းမင်းတရားတွေ တယ်သိလှတာ မဟုတ်ဘူး။ သြော်… ဘုရင်တွေ ရှိဖူးတယ်ပေါ့။ အောင်နိုင်တော်မူဖူးတယ်ပေါ့။ သည်လောက်ပဲ။

ဒါပေမဲ့ တက္ကသိုလ်ရောက်တော့ တွေးမိသွားတယ်။ အဲဒီ့ သမိုင်းတွေ၊ ပထ၀ီတွေ ကျက်ခဲ့၊ ပြန်ချရေးခဲ့ရင်းနဲ့လည်း ကျွန်တော်တို့ရဲ့ စာရေးခြင်း စွမ်းရည်ကို ရရှိစေခဲ့ပြန်တယ် ဆိုတာပါ။ အဲဒါတွေကိုသာ အင်္ဂလိပ်လို သင်ရ၊ ရေးရမယ်ဆိုရင် အင်္ဂလိပ်စာ စွမ်းရည်ပါ အလိုလို တိုးတက် ကောင်းမွန်လာတော့မှာလည်း အသေအချာဆိုတာ မြင်လာခဲ့ပါတယ်။

အလားတူပါပဲ။ အပြာစာအုပ်တွေ၊ အညှီအဟောက်စာတွေဆိုတာလည်း စာဖတ်ခြင်း ၀ါသနာကို စတင် ပျိုးထောင်ပေးနိုင်ပါလိမ့်မယ်။ ဘာသာစကားကိုလည်း တိုးတက်စေပါလိမ့်မယ်။

လူကြီးမင်း မယုံဘူးလား။ မယုံမရှိနဲ့ ကိုယ်တွေ့ဗျ။

ဆွာမိကျေးဇူး

ဗမာလို ရေးထားတဲ့ အပြာစာအုပ်ကို စိန့်ပီတာမှာ ကျောင်းအိပ်ကျောင်းစားနေခဲ့တဲ့ ငါးတန်းကျောင်းသားဘ၀မှာ ဖတ်ဖူးခဲ့ကြောင်း ရှေ့မှာတုန်းက ပြောခဲ့ပြီးပါပြီ။

အဟဲ… အင်္ဂလိပ်လို ရေးတဲ့ အပြာစာအုပ်ကိုတော့ တက္ကသိုလ်ရောက်စ ပထမနှစ်မှာ စ ဖတ်ဖူးတာဗျ။

စပါ့(ခ်)(စ်)လမ်း (ဗိုလ်အောင်ကျော်လမ်း) ဒါလဟိုဇီနဲ့ ကုန်သည်လမ်းကြား အရှေ့ဘက်တန်းက ဧရာမ ဆင်ဝင်ကြီးဟာ ယနေ့ထက်တိုင် ရှိနေပါသေးတယ်။ အဲဒီ့ ဆင်ဝင်ကြီးက ပေအစိတ်၊ ပေခြောက်ဆယ် အကျယ်အ၀န်းရှိတဲ့ တိုက်ခန်း လေးခန်းတွဲရဲ့ ဆင်ဝင်ကြီးပါ။ တိုက်ခန်းက လေးခန်းတွဲဖြစ်တာမို့ အတက်အဆင်း လှေခါးက နှစ်ခု ရှိတယ်။ အဲဒီ့ လှေခါးနှစ်ခု၊ တောင်ဘက်က လှေခါးအောက်မှာ ၇ ပေ၊ ၈ ပေ ပတ်လည်လောက် အခန်းလေး တစ်ခန်းဖွဲ့ထားတယ်။ သော့ခတ်ထားတယ်။ အဲဒီ့မှာ ဆွာမိဆိုလား၊ ဆာမိဆိုလား ကုလားတစ်ယောက် ရှိလေရဲ့။

(အခုတော့ ဆွာမိ မရှိရှာတော့ပါဘူး။ အဲဒီ့ အခန်းလေး ရှိသေးလား၊ မရှိတော့ဘူးလား ဆိုတာလည်း မသိတော့ဘူး။ နှစ်တွေ မနည်းကြာခဲ့ပြီကိုး။)

အဲ… အဲဒီ့ ဆွာမိက အင်္ဂလိပ်စာအုပ်တွေ ငှားပါတယ်။ ဒါမှမဟုတ် ရောင်းပါတယ်။ ငှားရင် စပေါ်တင်ခဲ့ရတယ်ပေါ့။ ပြီးရင် ဖတ်ခပေး။ စပေါ် ပြန်ယူလို့ ရတယ်။

ဘယ်သူက ဘယ်လို လမ်းညွှန်လိုက်တာလဲတော့ မမှတ်မိဘူး။ ကျွန်တော် အဲဒီ့ ဆွာမိဆီကနေ အင်္ဂလိပ်လို ရေးထားတဲ့ အပြာစာအုပ်တွေ ဖတ်မိတော့တာပါပဲဗျား။

အမယ်… နိပ်တော့ နိပ်သားဗျ။ စာအုပ်တွေက အဖုံးလေးတွေနဲ့ သပ်သပ်ရပ်ရပ်ဆိုတော့ ဘာစာအုပ်ဖတ်နေမှန်း ဘယ်သူမှ မသိနိုင်ဘူး။ ကြည့်လိုက်ရင် အင်္ဂလိပ်စာ ဖတ်နေတာပဲ။ အေးဆေးပေါ့။ လူရှေ့လည်း ခပ်တည်တည် ဖတ်နေလို့ ဘယ်သူကမှ သည်ကောင်လေး အပြာစာအုပ်ဖတ်နေတယ်လို့ မထင်ဘူး။ အဲတော့ ဖတ်တာပေါ့ဗျာ။

ဒါပေမယ့် အပြာစာအုပ်တို့ရဲ့ ထုံးစံအတိုင်း ကြာလာတော့ ညည်းငွေ့လာတယ်။ ဆယ်အုပ်၊ ဆယ့်ငါးအုပ်လောက် ဖတ်ပြီးသွားရင် မဖတ်ချင်တော့ဘူး။ ဒါ ဒါပဲဆိုတာ သဘောပေါက်လာတယ်။

ဒါပေမယ့် လူ့စိတ်က ကောင်းတယ်ဗျ။

ဘာကောင်းတာလဲဆိုတော့ သူ့ဟာသူ ပြာပြာ၊ နီနီ၊ ငါဖြင့် အင်္ဂလိပ်လို ရေးထားတဲ့ စာအုပ် ဆယ်အုပ် ဖတ်ပြီးပြီ၊ ဆယ့်ငါးအုပ် ဖတ်ပြီးပြီ စသဖြင့် မာန်တက်လာတယ်။ ကိုယ့်ကိုယ်ကိုယ် အတော် ဖတ်တတ်လာပြီလို့လည်း ယုံကြည်မှု ရလာတယ်။

ဘာစာတွေ ဖတ်ရမလဲ

အဲဒီ့ကမှ တစ်ဆင့်တက်ပြီး အင်္ဂလိပ်လို ရေးထားတဲ့ ၀တ္ထုစာအုပ်တွေ ဆက်ဖတ်ဖြစ်သွားပါရောလား။ တဖြည်းဖြည်းနဲ့ စာသွားလာတဲ့ သဘောကို ပြောတာပါ။

အဲတော့ ကျွန်တော့် အတွေ့အကြုံအရ စာမှန်သမျှ ကိုယ့်အတွက် အကျိုးရှိတယ်လို့သာ အခိုင်အမာ ပြောလုက်ချင်ပါတယ်။ ဘယ်စာကမှ ကောင်းတယ်၊ ဘယ်စာက မကောင်းဘူးလို့ သတ်မှတ်ရမှာ မဟုတ်ပါဘူး။ ယူတတ်ရင် ဘာဝနာဆိုသလိုပဲ စာဆိုတာကလည်း ဖတ်ရင်းကနေ အကျိုးရှိအောင် လုပ်ယူချင်လည်း ကိုယ့်သဘော၊ အကျိုးမဲ့ချင်လည်း ကိုယ့်ရွေးချယ်မှုသာ ဖြစ်တယ်လို့သာ ခံယူပါတယ်။

ဒါ့ကြောင့် ကျွန်တော့်ကို ဘာစာတွေ ဖတ်ရမလဲလို့ မေးလာရင် တွေ့တာ အကုန်ဖတ်၊ စိတ်ဝင်စားတဲ့ အကြောင်းအရာကို ဖတ်လို့ ပြောမိတာချည်းပါပဲ။ မိန်းကလေးတွေကိုဆိုရင်တော့ အချစ်ကြိုက် အချစ်ဝတ္ထု ဖတ်၊ စုံထောက်ကြိုက် စုံထောက်ဖတ်၊ စွန့်စားခန်းကြိုက် စွန့်စားခန်းဖတ်လို့ ပြောတတ်ပေမယ့် ယောက်ျားလေးတွေကိုတော့ အပြာစာအုပ်လည်း ဖတ်လို့ရတယ်နော်လို့ ဖြည့်ပြောတတ်ပါတယ်။

အဲ… အဖေများ စာဖတ်တတ်ခဲ့ရင် သည့်ထက် ပိုကောင်းမယ့်အကြောင်း ပြောရင်းက လည်ထွက်သွားတယ်။ ပြောလက်စ ဆက်ကောက်ရရင်တော့ အဲဒီ့ခေတ်က ဂါးဒီးယန်း သတင်းစာလိုပဲ အဲဒီ့ခေတ် မြန်မာ့အသံ အင်္ဂလိပ်ပိုင်း အစီအစဉ်ကလည်း အတော် ကောင်းတယ်။ ပြောတဲ့ဆိုတဲ့သူတွေကလည်း ဗြိတိသျှသံ ဋ္ဌာဏ်ကရိုဏ်းကျကျနဲ့။ လွှတ် နားထောင်လို့ ကောင်းတာ။

မြန်မာ့အသံတစ်ခေတ်

မြန်မာလိုတော့ သောတရှင်လိုရာပေါ့။ အင်္ဂလိပ်ပိုင်း အစီအစဉ်မှာတော့ Request Programme ဆိုတာ ရှိတယ်။ အဲဒါဆိုရင် ပရိသတ်က တောင်းတဲ့ သီချင်းတွေကို လွှင့်ပေးတာ။ လွှင်တဲ့အခါ ဘယ်သူက ဘယ်လို နားထောင်ချင်လို့၊ ဘယ်သူ့အတွက်၊ ဘာနှစ်လည်အတွက်၊ ဘယ်သူ့မွေးနေ့အတွက်ဆိုတာတွေကို အစီအစဉ်မှူးတွေက ဝေေ၀ဆာဆာ ပြောပေးတယ်။ အဲဒါတွေကလည်း ကောင်းကောင်းကြီကို နားစွဲနေတယ်။ နားထောင်လို့ကလည်း အလွန်ကောင်းပေါ့။

အခု နာမည်ကြီးကြော်ငြာ ဒါရိုက်တာ အောင်ကိုလတ်ရဲ့ ဇနီး၊ အဆိုတော် တင်မိုးခိုင်က Marie Conway ဆိုတဲ့ နာမည်နဲ့၊ ပလေးဘွိုင်သန်းနိုင်ကတော် အဆိုတော် ပုလဲက Pearl Ba Tu ဆိုတဲ့ နာမည်နဲ့ အစီအစဉ်မှူးတွေ လုပ်ခဲ့ကြဖူးပါတယ်။ အသံတွေက ကောင်းကြသလို လေယူလေသိမ်းတွေကလည်း သိပ်ကောင်းခဲ့တာမို့ သူတို့တွေလည်း ကြားဆရာထဲမှာ ပါခဲ့တာပေါ့ခင်ဗျာ။

ဦးနေ၀င်း သားမက် ဦးအေးဇော်ဝင်းရဲ့ အစ်မ ဒေါ်နီနီနေ၀င်းဆိုတာလည်း အင်္ဂလိပ်ပိုင်း အစီအစဉ်ကပဲ။ Allison Tun Wai ဆိုတဲ့ တစ်ယောက်က ဒေါ်နီနီနေ၀င်းထက် စောမယ် ထင်တယ်။ အမျိုးသားတွေထဲက မှတ်မိနေတာက ဦးလှဘူး၊ ဦးအုန်းခိုင်၊ ဦးဝင်းတင်တို့ပဲ။ ဦးလှဘူးနဲ့ ဦးအုန်းခိုင်ကို ပိုမှတ်မိတယ်။ သူတို့ ပင်ကိုသံတွေကိုက တအား ကောင်းတာကိုး။

နောင်နှစ်ပေါင်းများစွာ ကြာသွားတဲ့နောက် ၁၉၉၀ ပြည့်လွန် အနှောင်းပိုင်း ကာလများမှာတော့ ဦးအုန်းခိုင်နဲ့ လူချင်း ခင်မင်သိကျွမ်းခွင့် ရခဲ့ပါတယ်။ အဲလို သိကျွမ်းခင်မင် ရပြန်တော့လည်း သူ့ဆီက မှတ်သား နာယူ ဆည်းပူးခဲ့ရဆဲပါပဲ။ အခုတော့ သူလည်း မရှိတော့ပါဘူး။

ဦးဝင်းတင်ဆိုတာကတော့ ကျွန်တော်က ဘိုနီလို့ ရည်ညွန်းထားတဲ့ သူငယ်ချင်းရဲ့ အစ်ကို အရင်းခေါက်ခေါက်။ သူငယ်ချင်းက သူ့အစ်ကိုကို ကိုကိုလို့ ခေါ်တာမို့ ကျွန်တော်လည်း တစ်သက်လုံး ကိုကိုလို့ပဲ ခေါ်ခဲ့တဲ့သူပါ။ သူလည်း ကွယ်လွန်ရှာပါပြီ။ အင်းလေ… ဘိုနီတောင်မှ မရှိတော့တာ နှစ်လကျော်ခဲ့ပြီပဲ။

အမှန်တော့ ကျွန်တော် ဖြတ်သန်းရတဲ့ ခေတ်က Burmanisation လို့ ခေါ်တဲ့ ဗမာဇာတ် ဇွတ်အတင်း သွပ်သွင်းနေတဲ့ ကာလပါ။ အာဏာရှင်တွေဟာ သူတို့ အာဏာ တည်မြဲရေးမှာ အမျိုးသားရေးစိတ်ဓာတ်ကို လူထုကြား တအားရိုက်သွင်းတတ်ကြတာပဲလေ။ ဟစ်တလာ့ကိုပဲ ကြည့်ပေါ့။

ကျွန်တော်က ငယ်ငယ်ကတည်းက သူပုန်စိတ်နဲ့မို့လားတော့ မသိဘူး။ အဲသလို ဇွတ်အတင်းတွေကိုဆို အလိုလို အော်ဂလီဆန်လာတယ်။ ရွံရှာ စက်ဆုပ်လာတယ်။ ဒါ့ကြောင့် အဲဒီ့ ဇွတ်ရိုက်သွင်း စိတ်ဓာတ်တွေက ကျွန်တော့် သွေးထဲ သားထဲမှာ တစ်စက် တစ်မှုန်တောင် မရှိဘူး။

နောက်တစ်ခုက တစ်ယောက်တည်း နေရလို့နဲ့ တူတယ်၊ အတွေးတွေနဲ့ နေတတ်တာကလည်း အကျင့် တစ်ခုလို ဖြစ်နေတယ်။ တစ်ခုခုဆို တွေးကြည့်တဲ့ အကျင့် ရနေခဲ့တယ်ပေါ့။ အဲတော့ အဲလို ၀ါဒဖြန့်တာတွေ၊ ဇွတ်ရိုက်သွင်းတာတွေနောက်ကို အလွယ်တကူ ပါမသွားခဲ့ဘူး။

သည်အပိုင်းမှာ ပြောကြတာ...

Saw Zar Li ဆရာ့ သမီးက ဇာလီနဲ့ တူတာပဲ သရဲ ဝထ္ထု ကြိုက်တာ… အင်္ဂလိပ်စာအတွက် ကိုယ်စိတ်ဝင်စားတာ ရွေးဖတ်လို့  အမေက ပြောတော့ သရဲဝတ္ထုတွေရယ် 18+ ဟာသအတိုတွေရယ်ပဲ အမြဲဖတ်ဖြစ်တယ်… အရမ်း မကျွမ်းရင်တောင် အနည်းဆုံးတော့ ဝေါဟာရတိုးတာပေါ့

ATK ဖတ်သာ ဖတ်ပါ။ အင်္ဂလိပ်စာကို မြင်သမျှ ဖတ်စေချင်ပါတယ်။ စိတ်ဝင်စားတာတွေလည်း ရှာဖတ်ပေါ့။ တစ်နေ့ကို စာဖတ်ချိန် အနည်းဆုံး ၃ နာရီလောက် ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။

Saw Zar Li ဟုတ်ကဲ့ ဆရာ

Mai Xinh Dep ပျင်းလို့သာ ဖတ်ရ။ အင်္ဂလိပ်စာဆိုသိပ်ပျင်းတာ။ ရည်းစားတောင် ဗမာရည်စား ပြောင်းထားရင်ကောင်းမလား စဉ်းစားနေတာ။

Ei Yupar Win ဆရာရေ… ဆရာ့စာကို အကြောင်းပြုလို့ ဆရာ ဦးအုန်းခိုင်ကို သတိရသွားတယ်။ လသာလမ်း အောက်လမ်းမှာ သူ့ကျူရှင်ရှိတယ်။ အိအဖေကလည်း မြန်မာ့အသံပရိသတ်မို့ BBS ဦးလှဘူးတို့ ဦးအုန်းခိုင်တို့ရဲ့ အသံတွေကို သိပ်သဘောကျတာ။ အိကို ဆရာ့ကျူရှင်ရှိတယ်ကြားတော့ သွားတက်ခိုင်းခဲ့တယ်… သုံးလေးလလောက်ပဲ တက်ဖြစ်ခဲ့တယ်ထင်တယ်။ အဲဒီမှာ တက်ရင်းနဲ့ ဆရာ့ကို လူချင်း ရင်းနှီးသွားတာ။ အိကို အင်္ဂလိပ်နာမည်တစ်လုံးပေးတယ်။ Grace တဲ့။ အန်တီ Grace ဆွေဇင်ထိုက်နဲ့လည်း ရင်းနှီးတယ်။ အပြောက ဟောဟောဒိုင်းဒိုင်းပေမယ့် ရင်ဖွင့်တိုင်ပင်လို့ရတဲ့ စိတ်စေတနာကောင်းတဲ့ ဆရာတစ်ဦးပါ။ ဆေးရုံတက်တုန်းက သမီး သွားလိုက်ပါသေးတယ်။ ဆရာဆုံးတော့ ဝမ်းနည်းလိုက်ရတာ။

ATK ဆရာဦးအုန်းခိုင်က စိတ်ရင်းသဘော အတော်ကောင်းတဲ့သူပါ သမီးEi ရေ။ မိသားစုကိုလည်း အင်မတန် ချစ်တယ်။ သူ့ဇနီးကိုလည်း အလွန် သက်ညှာပါတယ်။ လူတွေအပေါ်မှာလည်း အတော် နားလည်ပေးတတ်တယ်။ အထူးသဖြင့် ကျုပ်လို ဘုဂလန့် ဂွစာကိုတောင် သည်းခံပေါင်းခဲ့ရှာပါတယ်။သူနေမကောင်းတော့ တစ်ခေါက် ရောက်ဖြစ်တယ်။ သူဆုံးတော့ ထုံးစံအတိုင်း ခရီးလွန်နေလို့ မပို့ဖြစ်ခဲ့ဘူး။ သူ့ဇနီးကတောင် ဖုန်းဆက်တယ်၊ သည်လောက် ခင်လျက်နဲ့ ဘာလို့ မပို့ခဲ့တာလဲလို့ လှမ်းမေးတာပါ။နောက်တော့ အဆက်အသွယ် ပြတ်သွားတယ်။ လွန်ခဲ့တဲ့ ၆ နှစ်လောက်က ထင်တယ်။ US ကို ရောက်နေတဲ့ သူ့သမီးက Facebook မှာ သူ့အဖေအကြောင်း ရေးထားတာလေး တွေ့လို့ ဆက်သွယ်လာတယ်။ သူ့မေမေပါ ဆုံးသွားပြီတဲ့။ ထူးခြားတာက ဆရာ ဦးအုန်းခိုင်လိုပဲ သူ့ဇနီးက အဆုတ် CA နဲ့ ဆုံးတာ။ ဘ၀တစ်ကွေ့ ခဏတွေ့လိုက်သူများပေါ့။

Thet Chow သည်လိုမျိုးစာတွေ ရေးသူက သူငယ်ချင်းဖြစ်နေတော့လည်း ဝမ်းသာရတာ အလွန်။

Ei Yupar Win ဟုတ်ပါတယ်ဆရာ။ စိတ်ရင်း အင်မတန်ကောင်းပါတယ်။ အဲဒီ ဆေးလိပ်နဲ့ အရက်ကလေးကိုပဲ မလျှော့နိုင်တာ။ ဆိုးကျိုးတွေကို သိရဲ့သားနဲ့လေ။ အကြွေစောပါတယ် ဆရာ။ ဆရာ့အမျိုးသမီး အဆုတ်ကင်ဆာကတော့ second hand smoker ကြောင့်လား တခြားကြောင့်လား မသိဘူးနော်။ ဆေးလိပ်မသောက်တဲ့ တခြားသူတွေမှာလည်း အဆုတ်ကင်ဆာက တွေ့ရတတ်တာမို့ အတတ်တော့ မပြောရဲဘူး။ ဒါပေမယ့် ဆေးလိပ်သောက်ရင်တော့ အဆုတ်ကို ကျိန်းသေထိတာကိုတော့ အတတ်ပြောရဲပါတယ်ဆရာ။ အိကတော့ အသိမိတ်ဆွေတွေမှန်သမျှကို အရက် ဆေးလိပ်သောက်သုံးတာတွေ့ရင် တတ်နိုင်သမျှ ရပ်ဖို့ ပြောဖြစ်ပါတယ်

ရာဦးအုန်းခိုင်ကိုလည်း ပြောခဲ့တာပဲ။ ဆရာက ဒီနှစ်မျိုးတော့ မဖြတ်နိုင်တဲ့။ ဖြစ်နိုင်ရင် ဆရာ့ကိုလည်း လျှော့စေချင်ပါတယ်။ မိသားစု အသက်ရှည်ရှည် ပျော်ပျော်ရွှင်ရွှင် သိုက်သိုက်ဝန်းဝန်း ကျန်းကျန်းမာမာလေး မနေချင်ဘူးလားဆရာ။

ATK နိုးဘာ ဖြစ်လာရလေ တို့တစ်တွေမှာ။ အိုမင်းမစွမ်းဘဝအတွက် ရွှေပြည်ကြီးမယ် ဘာအာမခံချက်များရှိလို့ အသက်က ရှည်ချင်ရမှာတုံးးးး 😦

၂၀၁၅ ခုနှစ် ဧပြီလ ၁၁ ရက်

အင်္ဂလိပ်စာဆန့်ကျင်ရေး ခေတ်

မေမေဆိုတာက အစိုးရကို အင်မတန် ဆဲတဲ့သူ။ အဲဒါလည်း ကျွန်တော် ငယ်ငယ်ကတည်းက သံယောင်မလိုက်ခဲ့ဘူး။ တစ်ခါတလေ ဆဲရင် ပါချင် ပါဦးမှာ။ အမြဲလိုဆဲနေတော့ စိတ်ထဲမှာ အဲဒါကိုလည်း မကြိုက်တော့ပြန်ဘူး။ ဆင်ခြင်ဖို့ လိုလာတယ်လို့ တွေးလာရတယ်။ အဲဒါ ငယ်ကတည်းက ရှိတဲ့ ကျွန်တော့်စိတ်။ တစ်ဖက်စောင်းနင်းဖြစ်လွန်းတယ်လို့ မြင်လာရင် ခံစားလို့ မရတော့ဘူး။

အဲတော့ကာ ဗမာဇာတ် ဇွတ်သွင်းနေတာကြီးကိုလည်း မခံစားနိုင်ဘူး။ ပတ်ဝန်းကျင်မှာကလည်း အားကျချင်စရာ ပညာတတ်တွေ၊ ဘိုနီတို့ မိသားစုလို လူ့မလိုင်တွေရဲ့ နေထိုင်ပြောဆိုပုံတွေက ကျွန်တော့်ကို လွှမ်းထားတယ်။

ကျွန်တော်က ငယ်ငယ်ကတည်းက အင်မတန်ကြီးကျယ်ချင်တဲ့ စိတ် ရှိနေတယ်။ ဘယ်က ရောက်လာတဲ့ စိတ်မှန်းတော့ မသိဘူး။ ကောင်းကောင်း စားချင်တယ်၊ ကောင်းကောင်း နေချင်တယ်။ ကျွန်တော် ပြောတဲ့ ကောင်းကောင်းဆိုတာ တော်ရိလျော်ရိ ကောင်းကောင်း မဟုတ်ဘူး။ အပျံစားမှ။

အရက်ဆိုလည်း အရက်ကြမ်းတွေ မသောက်ချင်ဘူး။ အရက် အကောင်းစား သောက်ချင်တာ။ အစား အသောက်ဆိုလည်း အလားတူပဲ။ ဇွန်း ခက်ရင်းနဲ့၊ ဓားနဲ့၊ စားပွဲခင်း သန့်သန့်နဲ့ ပေါင်ပေါ် လက်သုတ်ပ၀ါ ခင်းပြီး အကျအန စားချင်တာမျိုး။ သူများတွေ အဲလို စားသောက် နေထိုင်တာ မြင်ရင် သွားရည်ယိုတယ်၊ အားကျတယ်။

အဟဲ… လူနေခြုံကြား၊ စိတ်နေဘုံဖျားဆိုတာ ကျွန်တော်လိုကောင်ကို ပြောတာ မှတ်တယ်။

အဲတော့ကာ အင်္ဂလိပ်စာဆန့်ကျင်ရေး ခေတ်ကြီးထဲမှာ မွေးဖွားလာခဲ့ပေမယ့် အင်္ဂလိပ်စာကို ပစ်ပယ်တဲ့အထဲမှာ ကျွန်တော် ဘယ်တုန်းကမှ မပါခဲ့မိဘူး။ အင်္ဂလိပ်လို ပြောတဲ့သူ၊ ရေးတဲ့သူတွေကို နှာခေါင်းရှုံ့တဲ့ ခေတ်ကြီးနော်။

ကနေ့ နာမည်ကျော်စာရေးဆရာ၊ ဘာသာပြန်ဆရာကြီးတစ်ယောက်က အမှတ်မထင် ပြောလိုက်တဲ့ စကားတောင် ပြန်မှတ်မိလာတယ်။

ဥရောပသမဂ္ဂရဲ့ ဘာသာပြန် သုံးယောက်

အဲတုန်းက အမေရိကန် သံရုံး ပြန်ကြားရေးဌာနမှာ စာရေးဆရာတွေကို အင်္ဂလိပ်စာ သင်တန်းပေးနေတဲ့ ကာလပါ။ ကျွန်တော်က အဲတုန်းက သြစတြေးလျ သံရုံးမှာ အလုပ်လုပ်နေတယ်။ စာရေးဆရာတွေ သင်တန်း ဆင်းချိန်ဆိုရင် ကျွန်တော်က အဲဒီ့ကို သွားပြီး သူတို့နဲ့ လက်ဖက်ရည်ဆိုင်ထိုင်၊ လေပစ်တယ်။ ကျွန်တော် သွားရင် ကျွန်တော်နဲ့အတူ အမြဲလို ပါလာတတ်တာက ရုံးချင်းကပ်လျက်က အလုပ်တူ လုပ်ဖက်။

ကျွန်တော်က ဥရောပသမဂ္ဂဘာသာပြန် အလုပ် လုပ်နေရာကနေ သြစတြေးလျသံရုံးမှာ အလုပ်ရတော့ သြစတြေးလျသံရုံးဘက် ပြောင်းခဲ့တယ်။ ကျွန်တော့်နောက် အဲဒီ့နေရာမှာ ဆက်ခံသူက နိုင်ငံခြား အသံလွှင့်ဌာနတစ်ခုမှာ အလုပ်ရပြီး ထွက်သွားတော့ အဲဒီ့နေရာကို ကျွန်တော့် ကြားဆရာတစ်ဦး ရောက်လာပါတယ်။ သူကွယ်လွန်သွားတဲ့နောက်တော့ အဲဒီ့ ရာထူးကို ဆက်မထားတော့ပါဘူး။

၁၉၈၈ ခုနှစ် ဇူလိုင် ၁ ရက်က စတင်ပြီး ၂၀၀၀ ပြည့်လွန်စ နှစ်များအထိ ဥရောပသမဂ္ဂဘာသာပြန် ရာထူးဆိုတာ ရှိခဲ့ပြီး အဲဒီ့ရာထူးမှာ လူသုံးဦး လုပ်ခဲ့ဖူးတယ်လို့ မှတ်တမ်း တင်ရပါလိမ့်မယ်။ အဲတုန်းက ဥရောပသမဂ္ဂရုံးရယ်လို့ သတ်သတ် မရှိသေးတော့ ကမ်းနားလမ်းက ဗြိတိသျှသံရုံးမှာပဲ ရုံးကို ထားတာပေါ့။

အဲတော့ သြစတြေးလျသံရုံးနဲ့က ကပ်လို့ နေတော့တာပေါ့။ သည်အခါ ကျွန်တော် သွားတဲ့နောက်ကို NLD ရုံးက လွဲရင် အဲဒီ့ပုဂ္ဂိုလ် (တတိယ ဥရောပသမဂ္ဂဘာသာပြန်) က အမြဲလိုက်ချင်တတ်တယ်။ ကျွန်တော်ကလည်း ခေါ်ပါတယ်။ NLD ရုံးကိုဖြစ်စေ၊ ဒေါ်စု အိမ်ကို ဖြစ်စေ လိုက်ဖို့ ခေါ်ရင်တော့ သူက အကြောင်းပြပြီး အမြဲငြင်းတတ်တယ်။ အဟဲ… ကျွန်တော် ပြန်လာရင်တော့ ကျွန်တော့်ဆီကနေ သတင်းပလင်းတွေ ပြန်စောင့်ယူပါတယ်။ အဲသလို။

ခွကျတဲ့ ကျွန်တော်၊ မိုက်ရိုင်းတဲ့ ကျွန်တော်

ပထမတော့ ကျွန်တော် သည်းခံနေသေးတယ်။ သူ့အကြောင်းပြတွေက စာနာထောက်ထားချင်စရာ ကောင်းသလို ရှိနေတာကိုး။

ပထမအကြောင်းပြက သူ့ကို သူ့ရုံးက အင်္ဂလန်ကို လွှတ်မှာမို့ အဲဒီ့ ခရီးစဉ်မပျက်စေချင်ဘူး။ အင်္ဂလန်ကိုလည်း တစ်ခါမှ မရောက်ဖူးလို့ သွားချင်တယ်။ ဒါ့ကြောင့် မလိုက်ပါရစေနဲ့ပေါ့။

ကျွန်တော် ကိုယ်ချင်းစာပါတယ်။ ကျွန်တော်တို့အစိုးရက လူတွေကို ငြိုးတတ်တဲ့ အစိုးရ။ မနိုင် နိုင်ရာကိုင်၊ ချက်အောက်ထိုးဖို့ တစ်စက်မှ ၀န်မလေးတဲ့ အစိုးရလေ။ အဲတော့ သူ့ကို ခွေးရေပုရပိုဒ်မှာ မှတ်တမ်း တင်လိုက်ရင် နိုင်ငံကူးလက်မှတ်တောင် ရမှာ မဟုတ်ဘူး။ ဒါကို သဘောပေါက်ပါတယ်။ ကိုယ်ချင်းစာပါတယ်။

အဲတော့ မလိုက်နဲ့ပေါ့။ ကျွန်တော် ရလာသမျှသတင်း သူ့ကို ကြည်ကြည်ဖြူဖြူပေးခဲ့တယ်။

အင်္ဂလန်က သူ ပြန်လာတယ်။ အဲဒီ့အခါကျတော့လည်း NLD သွားတဲ့အခါ ကျွန်တော် ခေါ်တယ်။ အကြောင်းပြ အသစ်ပေါ်လာပြန်တယ်။

သူ့သမီးက အမေရိကန် ပြည်ဝင်ခွင့်ထီ ပေါက်ထားတယ်။ သူ့သမီးလေး လွတ်လွတ်ကျွတ်ကျွတ် သွားနိုင်စေချင်လို့ သူအနေအထိုင် ဆင်ခြင်ပါရစေတဲ့။

ဒါလည်း ကိုယ်ချင်း စာလိုက်မိပြန်တယ်။ ကျွန်တော်လည်း ဖခင်တစ်ယောက်၊ သမီးရှိသူ တစ်ယောက်ပဲလေ။ အဲတော့လည်း ကျွန်တော် သူ့ကို ဘေးမဲ့ပေးခဲ့မိရပြန်တယ်။

သူ့သမီးလည်း အမေရိကားကို ထွက်သွားရော ကျွန်တော် ခေါ်ပြန်တယ်။ မလိုက်ပါရစေနဲ့တဲ့။

အဲဒီ့အခါမှာတော့ ကျွန်တော် ပေါက်ကွဲပါပြီ။ ကျွန်တော့်ကို တစ်လျှောက်လုံး လိမ်လာခဲ့သလို ခံစားရပါတယ်။ လိမ်တာ မဟုတ်တောင် မရိုးသားတာပါ။

အစိုးရကို ကြောက်လို့ မလိုက်ပါရစေနဲ့လို့ အစောကြီးကတည်းက ဖြောင့်ဖြောင့်မှန်မှန် ပြောခဲ့ရင် ကျွန်တော် ဘာမှ သိပ်ဖြစ်မိမယ် မထင်ဘူး။ ဟိုအကြောင်းပြ၊ သည်အကြောင်းပြနဲ့ ကျွန်တော့်ဆီက ပြန်နှိုက်တာကျတော့ လူလူချင်း လူပေါ်လူဇော် လုပ်ရာကျတယ်။ ဒါကြီးကတော့ မနိပ်ဘူး။ ကျွန်တော်က ငတုံးပေါ့။ အချဉ်ပေါ့။

ကျွန်တော် သည်းခံနိုင်တဲ့အတိုင်းအတာကို ကျော်လွန်သွားပါတော့တယ်။ ကျွန်တော်လည်း သည်နိုင်ငံထဲမှာ နေနေရတဲ့သူ၊ သည်အစိုးရ ပြုသမျှ နုရမယ့်သူပါ။ ကျွန်တော်ကကျတော့ ကိုယ့်ကိုယ်ကိုယ် စတေးပြီး ကျွန်တော့် အသက်မွေးမှုအတွက် လုပ်ကိုင် လှုပ်ရှားနေရတယ်။ သူကကျတော့ ရုံးမှာ အမြိုင့်သား ထိုင်နေပြီး ကျွန်တော့်ဆီက အညွန့်ထိုင်ခူးနေတယ်။ အဲဒါကြီးကတော့ အတော်မနိပ်တော့ဘူး။

မိတ်ဆွေမဟုတ်တော့ဘူး။ ရဲဘော်ရဲဘက် မဟုတ်တော့ဘူး။ လူဝါးဝတာအဖြစ်သာ ခံစားရပါတော့တယ်။

ကျွန်တော် သူ့ကို လုံးဝ အပြတ်ပြောလိုက်ပါတယ်။ ကျွန်တော့်ဆီက ဘာဆိုဘာမှ မရတော့မယ့်အကြောင်း။

တစ်ခါက တစ်ဘဝ

သူ့ရှေ့မှာလည်း အများကြီး ရှိခဲ့ပြီးပါပြီ။

အဲဒီ့ခေတ်က အခုခေတ်လို ဂျာနယ်တွေ၊ သတင်းတွေ၊ လူမှုကွန်ရက်တွေ တွင်ကျယ်နေတဲ့ ခေတ်မဟုတ်ဘူး။ ကောလာဟလတွေ တင်းကြမ်းနဲ့ မှန်းသမ်းကျိတ်နေကြတာက ခပ်များများ။ ခိုင်လုံတိကျတဲ့ သတင်းရဖို့အတွက် အင်မတန် အားစိုက်ရတယ်။ စွန့်စားရတယ်။ မိတ်ဆွေအပေါင်းအသင်း ကွန်ရက်ကို ချဲ့ထွင်နိုင်သမျှ ချဲ့ရတယ်။

ကျွန်တော် အော်စီသံရုံးမှာ အလုပ်လုပ်နေတဲ့ အချိန်က အဲဒီ့ကွန်ရက်ကို အကျယ်ဆုံး ချဲ့ထားခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ့ကွန်ရက်မှာ အရေးကြီးတာက ကိုယ့်ကျောကို အကုတ်ခံချင်ရင် သူများကျောကိုလည်း ပြန်ကုတ်ပေးရမယ်ဆိုတဲ့ အခြေခံ သဘောတရားပဲ။

ကိုယ်က သတင်းချည်း ယူနေချင်လို့ မရဘူး။ ကိုယ့်ဘက်ကလည်း တစ်ခုခု ပြန်ပေးဖို့ လိုတယ်။ ဒါမှလည်း လူတွေက ထူးပြီဆိုတာနဲ့ ကျွန်တော့်ကို အရင်သတိရမှာ။ ကျွန်တော့်အိမ်မှာ အရက်ဝိုင်း မပြတ်ဘူး။ သတင်းနဲ့ ပတ်သက်လို့ အရေးကြီးသူတွေကို ကျွန်တော် အမြဲဧည့်ခံတယ်။ လက်ဖက်ရည်ဆိုင်ဆိုလည်း မပြတ်သွားတယ်။ အနံ့ခံတယ်။ အခေါက်တိုင်း မရနိုင်ပေမယ့် ရင်းနှီးမှုကို ထူထောင်ရာ ရောက်တာမို့ အလဟဿတော့ မဖြစ်ဘူးပေါ့။

အဲလိုပဲ သတင်းသမားတွေကိုဆိုလည်း သူတို့ဆီက သတင်းချည်း ကိုယ်က မယူဘူး။ ကိုယ့်ဘက်က ထူးပြီဆိုတာနဲ့လည်း သူတို့ကို လှမ်းမျှထားတယ်။ သတင်းဦး သတင်းထူးနောက်ကို လိုက်ရတဲ့ သတင်းသမားဆိုရင် သတင်းဦးကို အဦးဖျားဆုံး ပေးနိုင်အောင် လုပ်ထားရတယ်။ ဒါမှ သူကလည်း သူ့ဘက်က ထူးတာလေးတွေ ရှိရင် ကိုယ့်ကို ပြန်မျှမှာ။

ကျွန်တော့်အလုပ်က သတင်းသမားဆန်ပေမယ့် သတင်းသမားတွေနဲ့က ပြိုင်ဖက်မဟုတ်ဘူး။ သူတို့က သတင်းဌာန၊ သတင်းစာအတွက် အလုပ်လုပ်နေကြသူတွေ။ ကျွန်တော်က နိုင်ငံခြားအစိုးရရဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာနအတွက် အလုပ်လုပ်နေရသူတွေ။

အဲဒီ့နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ကျွန်တော်တို့ ပြည်တွင်း သတင်းနဲ့ ဘာဆိုင်သလဲလို့ ထင်စရာ ရှိတယ်။ သိပ်ဆိုင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံနဲ့ ပတ်သက်တဲ့ သူတို့ရဲ့ နိုင်ငံခြားရေး မူဝါဒများအတွက် သည်ပြည်တွင်းက နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုတွေကို မျက်ခြည်ပြတ်လို့ မရဘူး။

အဲတုန်းက နိုင်ငံရေး စိတ်ဝင်စားသူတွေ သတိထားမိခဲ့ကြမယ် ထင်ပါတယ်။ ကျွန်တော် အော်စီသံရုံးမှာ လုပ်နေတဲ့ ကာလ ဖြစ်တဲ့ ၁၉၉၁ ခုနှစ် ဒီဇင်ဘာလ တစ်ရက်နေ့မှသည် ၂၀၀၃ ခုနှစ် မတ်လ ၁၄ ရက်အတွင်း ဆယ်နှစ်ကျော်ကာလ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး မုန်တိုင်းက အတော်ထန်နေခဲ့ပါတယ်။ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ ရှိခဲ့တယ်။

ဒါပေမယ့် အဲဒီ့ပိတ်ဆို့အရေးယူမှုတွေထဲမှာ သြစတြေးလျနိုင်ငံ မပါခဲ့ပါဘူး။ မြန်မာအစိုးရနဲ့ အပြုသဘော ဆက်ဆံခဲ့ပါတယ်။ စီးပွားရေးမှာလည်း သူတို့နိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေကို အားလည်း မပေးဘူး၊ တားလည်း မတားဘူးဆိုတဲ့ မူကို ထားရှိခဲ့ပါတယ်။ ဒါ့အပြင် မြန်မာအစိုးရ အဖွဲ့အစည်းတွေကို လူ့အခွင့်အရေး သင်တန်းတွေ အဲဒီ့အချိန်က ပေးခဲ့တဲ့ တစ်ခုတည်းသော နိုင်ငံဟာ သြစတြေးလျနိုင်ငံဖြစ်သလို သြစတြေးလျ ပြည်ထောင်စု ရဲနဲ့ မြန်မာရဲနဲ့ ဆက်ဆံရေး ထူထောင်ခဲ့၊ သင်တန်းတွေ ပေးခဲ့တာလည်း အဲဒီ့ကာလမှာပဲ စတင်ခဲ့တာပါ။

In the Embassy’s 1997 evaluation report, our parent department in Canberra (Foreign Affairs and Trade) described political reporting from Yangon as “excellent,” rating it overall as “superior.” Much of the credit of this performance belongs to Aung Thein Kyaw.

ဒါ ကျွန်တော်နဲ့ ပတ်သက်ပြီး ကျွန်တော့် အထက်အရရှိအဆက်ဆက် ရေးပေးခဲ့တဲ့ စာတွေထဲက ကောက်နုတ်ချက်တစ်ခုပါ။ ၁၉၉၅ ခုနှစ် ဇူလိုင်လမှသည် ၁၉၉၇ ခုနှစ် ဇူလိုင်လအထိ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံရုံးရဲ့ ပထမအတွင်းဝန်နဲ့ ဒုတိယ သံအမတ် အဖြစ် တာဝန်ထမ်းဆောင်သွားခဲ့သူ Simeon Gilding က သည်နိုင်ငံက မပြန်ခင်မှာ ကျွန်တော်နဲ့ ပတ်သက်လို့ ရေးပေးခဲ့တဲ့ စာထဲကပါပဲ။

ဘယ်လောက်များလဲဆိုရင် အဲဒီ့အချိန်က ကုလသမဂ္ဂရဲ့ အရေးပေါ် အခြေအနေအတွက် လက်စွဲစာစောင်မှာ နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် အရေးအခင်းတွေ ဘာတွေ ဖြစ်လာခဲ့ရင် ကုလ၀န်ထမ်းတွေ ဘာလုပ်ရမယ် ဆိုတဲ့ ညွှန်ကြားချက်လည်း ပါပါတယ်။ အဲဒီ့ထဲမှာ နိုင်ငံရေး သတင်းဆိုရင် အော်စီသံရုံးက သတင်းကို စိတ်ချနိုင်တယ်လို့အထိ အတိအလင်း ဖော်ပြထားခဲ့ကြပါတယ်။

ကြွားတယ်လို့ပဲ ယူဆပါ

ကျွန်တော့် တစ်ခေတ်ဟာ အဲသလို နာမည်ကောင်းနဲ့ နေခဲ့တာပါ။ သံရုံးတွေမှာ နံပါတ်ဖြူနဲ့ သံရုံးကားကို ဘယ်မြန်မာ အရာထမ်းမှ မောင်းနှင်ခွင့် မရှိပါဘူး။ သူတို့နိုင်ငံသားတွေသာလျှင် အဲဒီ့ ကားတွေကို မောင်းပိုင်ခွင့် ရှိပါတယ်။ မြန်မာထဲက တရားဝင် ခန့်ထားသူ မြန်မာတိုင်းရင်းသား ယာဉ်မောင်းများသာ မောင်းခွင့် ရှိပါတယ်။

ဒါပေမယ့် ကျွန်တော့်လက်ထက်မှာ နံပါတ်ဖြူ သံရုံးကားကို ကျွန်တော် ကြိုက်တဲ့အချိန် ယူမောင်းနိုင်ခဲ့တဲ့အပြင် ကျွန်တော့်အိမ်မှာ ညအိပ်ညနေ ယူထားနိုင်ခဲ့တဲ့ အထိပါ။ ပါလေရာဖုန်းဆိုရင်လည်း အဲဒီ့ခေတ်က တစ်လုံးကို ဒေါ်လာ လေးထောင်ပေးမှ သုံးလို့ရတာမို့ လူတိုင်း မကိုင်နိုင်ပါဘူး။ သံရုံးတောင်မှ နှစ်လုံးပဲ ၀ယ်ထားပါတယ်။ အဲဒီ့ထဲက တစ်လုံးကို ကျွန်တော့်ကို အပိုင်စားပေးထားပါတယ်။ သံအမတ်တောင် မကိုင်ခဲ့ရှာပါဘူး။

အလုပ်နဲ့ ပတ်သက်ရင် ကျွန်တော်က အဲသလို လုပ်တတ်သူပါ။ အဲတော့ ကျွန်တော့်ဆီကဆို အညွန့်ခူးချင်သူတွေ ပေါတာလည်း သဘာဝပါပဲ။

တခြားသံရုံးက အလုပ်တူ လုပ်နေကြသူတွေက ကျွန်တော့်ဆီက သတင်းလာလာနှိုက်တတ်ပါတယ်။ တစ်ခါက နှစ်ခါအထိတော့ ကျွန်တော် မသိချင်ယောင်ဆောင်နေလိုက်တယ်။ ကျွန်တော့်ကိုကျတော့ ဘာမှ ပြန်မပေးတဲ့အခါ နောက်ပိုင်းကျ ကျွန်တော်လည်း ပါးစပ်ပိတ်နေလိုက်ပါတော့တယ်။

တစ်ခါကဆို ကျွန်တော့်အထက်အရာရှိကတောင် ပြောယူတယ်။ ငပွကြီးတို့ရုံးကို ကျွန်တော် ဘာမှ မပေးတော့ဘူးလို့ အဲဒီ့ရုံးက ပြန်ဖောက်သည်ချတယ်၊ ပေးလိုက်ပါတဲ့။ ကျွန်တော်လည်း မပေးနိုင်ဘူး။ မင်း ပေးချင် မင်းဘာသာပေး။ ငါကတော့ မပေးနိုင်ဘူးလို့ အပြတ် ပြန်ပြောလိုက်တယ်။ ဘာမှမဟုတ်တဲ့ နိုင်ငံရေး အကျဉ်းသား စာရင်းလေး ငါက တောင်းတာတောင် မပေးတဲ့ဟာတွေ ငါမပေးနိုင်ဘူးလို့ ပြတ်ပြတ်ပဲ ပြန်ပြောခဲ့ပါတယ်။ ဟိုမောင်လည်း ပါးစပ်ပိတ်သွားတယ်။

ကျွန်တော် မကောင်းဘူး

နိုင်ငံရေး အကျဉ်းသားစာရင်းလောက် အူလည်လည် နိုင်တာ မရှိဘူး။ သတင်းက ဘယ်သူကမှ ထုတ်ပြန်တာ မဟုတ်ဘူး။ ပြောရရင် ကျွန်တော့်ဆီက နိုင်ငံရေး အကျဉ်းသားစာရင်းက တခြားသံရုံးက စာရင်းတွေနဲ့ယှဉ်ရင် အရေအတွက် အများကြီး ပိုနည်းတယ်။ အကြောင်းက ကျွန်တော်က စာရင်းကို အမြဲတမ်း ပြန်ပြီး စိစစ်နေတာ။

မနေ့ညက ဘယ်နှယောက် ဆွဲသွားပြီလို့ ပြောရင် စာရင်းထဲမှာ လူတိုးလာတယ်။ ဆွဲသွားတဲ့အကြောင်း သတင်းပို့မယ့်သူတွေ ပေါသလောက် ခေါ်မေးရုံ မေးပြီး ပြန်လွှတ်လိုက်ပြီဆိုရင် ဘယ်သူကမှ ကျွန်တော်တို့ကို အဖက်လုပ်ပြီး အကြောင်းမကြားတော့ဘူး။ ကျွန်တော်က အဲဒါမျိုး လက်မခံဘူး။ ဟိုနေ့က ဖမ်းသွားတဲ့သူတွေ အခု ဘာဖြစ်သွားပြီလဲဆိုတာ သိအောင် အမြဲအားထုတ်တယ်။ ပြန်လွှတ်ရင်လည်း ကျွန်တော့်စာရင်းထဲက ဖျက်ပစ်လိုက်တယ်။

နောက်တစ်ခုက လူတစ်ယောက် အဖမ်းခံရတယ်လို့ လူနှစ်ယောက်က သတင်းပေးလာရင်လည်း အဲဒီ့မှာ အလွဲက ရှိနိုင်တယ်။ ပထမတစ်ယောက်က သူသိတဲ့ အိမ်နာမည်နဲ့ ပြောတယ်။ နောက်တစ်ယောက်က အဖမ်းခံရသူကို လူချင်း မသိဘူး။ ဒါပေမဲ့ အဲဒီ့လူရဲ့ မှတ်ပုံတင်ထဲက နာမည်ကို သိတယ်။ ဖမ်းချိန်နဲ့ ရက်စွဲက တူနေတယ်။ အဲဒါဆိုရင် သူတို့ စာရင်းထဲမှာ နှစ်ယောက်ဖြစ်နေပြီး ကျွန်တော့်စာရင်းထဲမှာ တစ်ယောက်ပဲ ဖြစ်နေပါတော့တယ်။

အဲလိုဟာမျိုးကျတော့ အကြိမ်ကြိမ် တိုက်ဆိုင် စစ်ဆေးနေဖို့ လိုတယ်။ ဒါမှ အနီးစပ်ဆုံး ကိန်းဂဏန်းကို ရနိုင်တယ်။ ဒါ့ကြောင့် ကျွန်တော်က သူတို့ဆီက စာရင်းတွေကိုလည်း တောင်းတယ်။ အဲဒါလေးတောင် မပေးချင်ဘဲ ကျွန်တော့်ဆီကချည်း လိုချင်လို့ကတော့ နိမ်းဟေး… ဂျောင်းပေါ့။

ဟိုဆရာရဲ့ လုပ်ပေါက်ကလည်း အဲသလို ဖြစ်လာတဲ့အခါ ကျွန်တော် သူ့ကို လုံးဝ ဖြတ်လိုက်တယ်။ ခါတိုင်း နေ့စဉ် လက်ဖက်ရည်ဆိုင် အတူထိုင်တာတောင် ကျွန်တော် မလုပ်တော့ဘူး။ စိတ်ကို တစ်ခါတည်း အပြတ်ဖြတ်ပြစ်လိုက်တာ။

ကျွန်တော် မှန်တယ်၊ သူမှားတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ကျွန်တော့်စရိုက်သဘာဝကို အရင်းအတိုင်း ပြောပြလိုက်တာသာ ဖြစ်ပါတယ်။ သံရုံးက ပေးတဲ့ ဒေါ်လာလေး မက်ပြီး အသက်မွေးနေတာပါ။ ကျွန်တော်နဲ့ ကျွန်တော့် မိသားစု ရပ်တည်မှုအတွက် အလုပ် လုပ်နေတာသာဖြစ်ပါတယ်။ အလှူလုပ်နေတာ၊ ကုသိုလ် ကောင်းမှု ပြုတဲ့ အလုပ်မျိုး လုပ်နေတာ မဟုတ်ပါဘူး။

သူတို့လည်း ကျွန်တော့်လိုပဲ သူတို့အသက်မွေးမှုအတွက် လုပ်နေကြသူတွေပါ။ သူများနှာခေါင်းပေါက်နဲ့ အသက်ရှူချင်လို့တော့ ကျွန်တော်က ဝေသန္တရာစိတ် မမွေးနိုင်ဘူးလေ။ ရှင်းနေတာပဲ။

သို့သော် ဟိုဆရာက ရင့်ကျက်သူပါ။ သည်တော့ ကျွန်တော့်တုံ့ပြန်ပုံကြောင့် သူ့စိတ်ထဲမှာ ဘယ်လိုပဲဖြစ်နေနေ၊ ကျွန်တော့်ကို ဘာမှ ပြန်မပြောခဲ့ပါဘူး။ စိတ်မကောင်းတဲ့ မျက်နှာနဲ့သာ ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း သူတစ်ခါတလေ ကျွန်တော့်ကို လက်ဖက်ရည်သောက် လာခေါ်ပါတယ်။ ကျွန်တော့်ဆီက ဘာသတင်းမှ မယူပါဘူး၊ မိတ်ဆွေတွေအနေနဲ့ လက်ဖက်ရည်သောက်ရအောင်ပါဆိုတဲ့ စကားနဲ့ ခေါ်တာပါ။ အဲတော့လည်း အားနာပါးနာ သောက်ဖြစ်တယ်ပေါ့။

ကျွန်တော် အလုပ်ပြုတ်ချိန်မှာ သူပြောတဲ့ စကားတစ်ခွန်းကတော့ မမေ့ဘူးခင်ဗျ။ “The fall of the legend” (အကျော်ဇေယျရဲ့ ကျဆုံးခန်း) လို့ ဖျတ်ခနဲ ပြောလိုက်တာပါ။ နောက်မိနစ်အနည်းငယ်ခြားမှ သူက ဖြည့်ပြောပါတယ်။ “A person like you can be a legend in another field.” (မင်းလိုလူမျိုးက နောက် နယ်ပယ်တစ်ခုမှာလည်း အကျော်ဇေယျ ပြန်ဖြစ်လာမှာပါလေ) ပေါ့။

အခုတော့ သူလည်း မရှိတော့တာ ဆယ်နှစ်လောက်တောင် ရှိပြီ ထင်ပါရဲ့။ ဒါပေမယ့် အဖြစ်တွေကတော့ ကျွန်တော့် ရင်ထဲမှာ မနေ့တစ်နေ့ကလိုပဲ လတ်ဆတ်နေဆဲပါ။

အဲ… ရေးရင်းနဲ့ ထုံးစံအတိုင်း ဗွေဖောက်သွားပြန်တယ်။

သည်အပိုင်းမှာ ပြောကြတာ…

စု စုအေး အော် အဲလိုပြောတာ သူကိုး

Kyi Kyi Khin အဲ့တယောက် သိဘူး။ ဒါပေမယ့် ကျမတို့နဲ့ ခင်ခဲ့တာ အော်စီရုံးမှာ လုပ်နေချိန်။ မေစုခြံရှေ့တွေမှာ ဆုံကြ။ ကိုအောင်သိန်းကျော်အိမ် လိုက်လည်ကြ လိုက်စားကြ အချိန်တွေ။

Freddy Lynn အိုင်ဆေး ကိုနှင်းမောင်… ဒီနေရာမှာ မသင်္ကာသရာတစ်ချို့တွေ့ဒယ်… တံရုံး နာပါတ် ဖြူဂျီး..ယူထားဒယ်လို့လည်းပါတယ်. ဒေါ်လာလေးထောင်… အုတ်ခဲတုံးဂျီးလည်း..ယူထား.ပြီးကာမှ… အလုပ်ပြုတ်တယ်လည်း ပါတော့ကာ…  အိုင်ဆေး.. ကိုနှင်းမောင်..ဒါ… ခင်သန်းနုတို့ လက်ချက်ပဲ ဖြစ်ရမယ်….

Ei Yupar Win အဲဒီတုန်းက BC နဲ့ AC မှာ စာကြည့်တိုက်ထဲသွား သင်တန်းတွေ တက်နေခဲ့တာပေါ့။ စောစောက သိခဲ့ရင် အိတို့တစ်အုပ်လုံး မလိုက်ဘူးလို့ ငြင်းမယ့်သူ တစ်ယောက်မှ မရှိဘူးဆရာ။

၂၀၁၅ ခုနှစ် ဧပြီလ ၁၄ ရက်

ကံ ကတ္တားမကွဲကြသူတွေ

ပြောနေတာက နာမည်ကျော်စာရေးဆရာ၊ ဘာသာပြန်ဆရာကြီးတစ်ယောက်က အမှတ်မထင် ပြောလိုက်တဲ့ စကားအကြောင်း။

အဲသလို စာရေးဆရာတွေ သင်တန်းအဆင်းမှာ ကျွန်တော်နဲ့ ဟိုဆရာနဲ့ နှစ်ယောက်က သွားတွေ့ကြ၊ လက်ဖက်ရည်ဆိုင် ထိုင်နေကြရင်း ကျွန်တော်နဲ့ ဟိုဆရာနဲ့က ပြောနေကျမို့ အမှတ်တမဲ့နဲ့ အကျင့်ပါပြီး အင်္ဂလိပ်လိုတွေ ပြောမိသွားကြတယ်။ အဲဒီ့အချိန်မှာ စောစောက ပြောတဲ့ နာမည်ကျော်စာရေးဆရာ၊ ဘာသာပြန်ဆရာကြီးတစ်ယောက်က အမှတ်မထင် ပြောထည့်လိုက်ပါတယ်။

“ခင်ဗျားတို့ နှစ်ယောက် ဟိုတစ်ခေတ်ကသာ အဲလို ပြောဆိုနေကြမယ်ဆိုရင် ဘူးယိုတွေလို့ အပြောခံရမှာဗျ။ အခုကျတော့လည်း ခင်ဗျားတို့လို ရွှတ်ရှက်ဒွတ်ဒက်တွေက ဒေါ်လာစားတွေ ဖြစ်ကုန်ကြပြီပေါ့နော်”တဲ့။

ချီးမွမ်းတဲ့ စကားလား၊ နှိမ်ချတဲ့ စကားလားတော့ အခုအချိန်အထိ ကျွန်တော် မသဲကွဲသေးပါဘူး။

ပြောချင်တာက ကျွန်တော်တို့ ဖြတ်သန်းရတဲ့ ခေတ်ကိုပါ။

အဲဒီ့ခေတ်က အဲသလို အင်္ဂလိပ်စကားပြောတဲ့သူတွေကိုဆို နှာခေါင်းရှုံ့၊ သရော် လှောင်ပြောင်ကြတဲ့ ခေတ်ပါ။ ဗမာပြည်ကြီး မတိုးတက်တာလည်း မဆန်းပါဘူး။ အာဏာရှင့်အကြိုက် မျိုးချစ်စိတ် မတန်တဆ ဖောင်းပွမှုနောက်ကို တစ်ပြည်လုံးက ကောက်ကောက်ပါအောင် လိုက်ဖို့ ၀န်မှ မလေးကြတာကိုး။

သည်ကြားထဲ ကွန်မြူနစ်၊ ဆိုရှယ်လစ် အတွေးအခေါ်ကလည်း အလွန် အောက်တန်းကျတဲ့ အတွေးအခေါ်။ မြင့်တဲ့သူတွေကို အမီလိုက်နိုင်အောင် ကိုယ့်ကိုယ်ကိုယ် တင်သွားရမယ့် အတွေးအခေါ်မျိုး မဟုတ်ဘူး။ မြင့်တဲ့သူတွေကို ကိုယ့်တန်းနဲ့ တူအောင် ဆွဲချ၊ ခြေထောက်နဲ့နင်းဖို့ ကြိုးစားတဲ့ အတွေးအခေါ်မျိုး။ အင်မတန် အောက်တန်းကျတယ်။ (မကျေနပ်သူများ ကြိုက်သလို သဘော ကွဲလွဲနိုင်ပါတယ်။ အခြေခံကို ပြန်စစ်ရင် သည်အတိုင်းပဲ ကောက်ချက်ထွက်လာမှာတော့ မလွဲဘူးဗျို့။) 🙂 

အဲဒီ့အတွေးအခေါ်တွေ၊ အယူအဆတွေနဲ့ နိုင်ငံသားတွေဆိုတော့ တိုင်းပြည်ကြီး ချောက်ထဲကျမယ့်အရေးက ကယ်တင်ပေးတယ်ဆိုပြီး ချောက်အောက်နက်တဲ့ အသူတရာထဲ ပို့ပေးလေတဲ့ မောင်မင်းကြီးသားများက ကျေးဇူးရှင်ကြီးတွေ နေရာမှာ အမြိုင့်သားထိုင်ကာ ကိုယ့်လူမျိုးချင်း ဂုပ်သွေးစုပ်လို့ ကောင်းနေကြတော့တာပ။

တန်ရာတန်ရာဆိုတာ အင်မတန် မှန်တယ်။ လူထုဟာ သူတို့နဲ့ ထိုက်တန်တဲ့ အစိုးရကိုသာ ရတယ်။

လူထုရဲ့စိတ်ဓာတ်အဆင့်အတန်းက မြင့်မားရင်၊ လူနေခြုံကြား စိတ်နေဘုံဖျားတွေသာ ဖြစ်နေကြမယ်ဆိုရင် လူထုအပေါ် စေတနာ ထားတဲ့ အစိုးရနဲ့ မလွဲမသွေ ညားမှာ။ လူထုရဲ့ စိတ်ဓာတ်ကိုက အောက်တန်းကျနေလေတော့ အောက်တန်းကျကျ အစိုးရနဲ့ ညားရတာလည်း လောက နိယာမသဘောပဲ။

ဟုတ်တယ်လေ။ ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတဲ့ အဲဒီ့ အင်္ဂလိပ်စာ ဆန့်ကျင်ရေး ခေတ်ကြီးကိုပဲ ကြည့်။ အင်္ဂလိပ်ကို မုန်းတာနဲ့ အင်္ဂလိပ်စာကိုပါ ဆန့်ကျင်လိုက်ကြတာများ နလပိန်းတို့ တိုင်းပြည်ကြီး ဖြစ်သွားတဲ့ အထိပဲ။

စနစ်ကိုချည်း အပြစ်တင်လို့ မရပါဘူး။ ကျွန်တော်လည်း အဲဒီ့ ခေတ်စနစ်ထဲမှာ လူဖြစ်ခဲ့ရတာပဲ။ ၁၉၆၄ ခုနှစ် ပညာရေးစနစ်သစ်ကြီးနဲ့ တိုးပြီး ငါးတန်းမှ အင်္ဂလိပ်စာ သင်ခဲ့ရတာပဲ။

လူမျိုးခြား မုန်းတီးရေး စိတ်ဆိုး စိတ်ပုပ်

ကျွန်တော့်မှာ အင်္ဂလိပ်ကို မုန်းရအောင် အင်္ဂလိပ်က ကျွန်တော့်အမေကို မဟားဒယား လုပ်သွားခဲ့တာလည်း မဟုတ်။ သူ့ကျွန်ဘ၀လို့သာ ပြောတာ၊ ဗိုလ်အောင်ကျော်ဆိုတဲ့ ကျောင်းသားလေး သေရတာလည်း သေနတ်နဲ့ အပစ်ခံခဲ့ရတာ မဟုတ်။ သူများ တိုင်းပြည်က သယံဇာတတွေ ယူတယ်လို့သာ ပြောတာ၊ တိုင်းပြည်ကို အခွံချည်း ဖြစ်အောင် လုပ်သွားကြတာလည်း မဟုတ်။ စည်းနဲ့ စနစ်နဲ့ နေကြတဲ့လူမျိုး၊ တာဝန်သိတဲ့ လူမျိုး၊ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရမှန်း သိတဲ့ လူမျိုး၊ အမြော်အမြင်ရှိတဲ့ လူမျိုးတွေ။ ဆရာကြီး ရွှေဥဒေါင်း စကားနဲ့ ပြောရင် gentlemen တွေ။ မိမဆုံးမ ဖမဆုံးမတွေ မဟုတ်ဘူး။

ကျွန်တော့်အဖေနဲ့ အမေလည်း ကိုလိုနီခေတ်မှာ လူဖြစ်ရတာပဲ။ သူတို့ဆီကလည်း အင်္ဂလိပ်ဆန့်ကျင်ရေး၊ မုန်းတီးရေး စကားတွေ မကြားဖူးခဲ့ပါဘူး။ ဂျပန်ဖက်ဆစ်တွေ ရမ်းကားတဲ့အကြောင်းသာ အမေတို့၊ အဘွားတို့၊ အဘိုးလေးတို့၊ ကြီးတော်တို့တွေဆီက ကြားခဲ့ရဖူးပါတယ်။ အင်္ဂလိပ်တွေနဲ့ပတ်သက်လို့ ကျွန်တော့် ပတ်ဝန်းကျင်မှာ အကောင်းတွေပဲ ကြားခဲ့ရတယ်။ လူကြီးလူကောင်းဆန်ဆန် ကိုင်တွယ် ဖြေရှင်းပုံတွေပဲ ကြားဖူးတယ်။

အဲတော့ ကျွန်တော်က ခေတ်ရေစီးကြောင်းရဲ့ အုတ်သဲကျောက် အရောအနှော ရောင်းဝယ်ရေးမှာ ဘယ်နေရာကမှ မပါခဲ့ဘူး။ ဒါ ကျွန်တော့် ရွေးချယ်မှုပဲ။ ကျွန်တော့် ရပ်တည်မှုပဲ။

လောကကြီးမှာ ကျွန်တော် အမုန်းဆုံး အရာကို ပြောပါဆိုရင် မျိုးချစ်စိတ်တို့၊ ဇာတိမာန်တို့ပဲ ဖြစ်ပါတယ်။ အဲဒါ ဘယ်က စသလဲဆိုရင် အမေက စတယ်လို့ပဲ ဖြေရမှာပါ။

အမေက မန္တလေးသူဆိုတာကို လွှတ်ဂုဏ်ယူတယ်။ ဘောလုံးပွဲတောင် မန္တလေးအသင်းမှ နိုင်စေချင်တယ်။ ကျန်တဲ့အသင်းကို ဆဲတယ်။ ကျွန်တော် ဘယ်လိုမှ လက်မခံနိုင်ခဲ့ဘူး။ ကျွန်တော်က မန္တလေးမှာမွေးပြီး လွိုင်ကော်၊ လောပိတ၊ တောင်ကြီး၊ မန္တလေး၊ ရန်ကုန်တို့မှာ ကျောင်းနေ ကြီးပြင်းခဲ့ရသူပါ။ ကျွန်တော် အမေ့ စိတ်ကို နားမလည်ဘူး။

မှန်ပါတယ်။ ခုနေအခါမှာ မန္တလေးသူ အမေ၊ မန္တလေး ပ၀တ္တိ အဘွားတို့ရဲ့ ကျေးဇူးကြောင့် မန္တလေးဇာတိ ကျွန်တော်ဟာ ဗမာစာ ဗမာစကားကို ပျမ်းမျှ အဆင့်ထက် သာလွန်ပြီး မှန်မှန်ကန်ကန် အသံထွက်တတ်၊ စကားကြွယ်တတ်နေပါတယ်။ ဒါပေမယ့် အဲဒါက ကျွန်တော့် အားထုတ်မှုမပါဘူး။ ကံပစ်ချလိုက်တဲ့အတိုင်း မန္တလေးသူ အမေ့ဗိုက်ထဲ ၀င်စားလိုက်လို့သာ မန္တလေးမှာ သွားမွေးတာလေ။ ပါခစ္စထန်က မူစလင်မကြီး ဗိုက်ထဲ သွားဝင်စားရင် ကုလားလေးဖြစ်လာပြီး ကုလားစကား ကြွယ်နေမှာပေါ့။ ပေါက်ဖော်မကြီး ဗိုက်ထဲ သွားဝင်စားရင် ပေါက်ဖော်လို ပြောနေမှာပေါ့။ ရှင်းနေတာပဲ။

ကိုယ့်အားထုတ်မှု မပါတဲ့ အရာကြီးကို ဂုဏ်ယူတာလောက် ပေါချာချာနိုင်တာ မရှိဘူး။

ဇာတိမာန်ဟာ ပေါချာချာ

စကားစပ်တုန်း ပြောရဦးမယ်။ ကျွန်တော် လူမှန်းသိတော့ ကျောင်းအတူတက်ဖက် တစ်ယောက်က မူစလင်။ သူ့အဖေက အဖေနဲ့ တစ်ရုံးတည်း၊ စာရင်းဌာနမှာ အလုပ်လုပ်တယ်။ အသားမည်းမည်း၊ မုတ်ဆိတ်ကျင်စွယ် ထူထူ၊ အရပ်ပုပု၊ ထိပ်ပြောင်ပြောင်နဲ့ ကုလားမှန်း သိသာတဲ့ပုံနဲ့။ အဖေတို့က သူ့ကို အပ္ပနားလို့ ကွယ်ရာမှာ ခေါ်ကြတယ်။ အဲဒီ့ အပ္ပနားရဲ့ သားနဲ့ ကျွန်တော်နဲ့က တစ်ကျောင်းတည်း၊ တစ်တန်းတည်း ကစားဖက် ဖြစ်ခဲ့ပါတယ်။ အဲဒါ ကျွန်တော့်ဘ၀မှာ ပထမဆုံး တွေ့ဖူးတဲ့ ဘာသာကွဲ။

မဟုတ်သေးဘူး။ မန္တလေးမှာကတည်းက ဘာသာကွဲတွေနဲ့ ဆုံဖူးတာ။ အမေ့ သူငယ်ချင်းတစ်ယောက်က ဒေါ်မိမိကြီးဆိုတာ။ အမေနဲ့ အင်မတန် ချစ်တယ်။ ၈၁ လမ်းပေါ် ဘုရားနီဘုရားရဲ့ တောင်ဘက်နားလေးဆီက ၀င်းကြီးတစ်ဝင်းမှာ နေကြတာ။ ကုလားသူဌေးတွေပေါ့။ တိုက်ကြီးက အကြီးကြီး။ ကျွန်တော် ကလေးတုန်းက အဲဒီ့ အန်တီ မိမိကြီးရဲ့ အဖေကြီး ရှိသေးတယ်။ ကုလားအဘိုးကြီးပေါ့။ ကျွန်တော်က ဘုမသိ ဘမသိနဲ့ အဲဒီ့ အဘိုးကြီးကို ကြောက်ခဲ့သေးတာ။

အဲဒီ့ အန်တီမိမိကြီးတို့အိမ်ကို အမေက အမြဲဝင်ထွက်နေတော့ ကျွန်တော်လည်း ကန့်လန့် ကန့်လန့် ပါသွားခဲ့တာပေါ့။ သူတို့အိမ်က ကျွေးတဲ့ မုန့်တွေ စားပေါ့။

အန်တီမိမိကြီးရဲ့ ညီမ အန်တီမိမိလေးဆိုတာလည်း ရှိသေးတယ်။ အဲဒီ့ အန်တီမိမိလေးက အိမ်ထောင်ကွဲဆိုတော့ အန်တီမိမိကြီးလောက် မတွေ့ရဘူး။ ဒါပေမယ့် သူ့သမီးနဲ့ ကျွန်တော်နဲ့က ရွယ်တူ၊ ကစားဖက်။ အခုတော့ သင်းက တိရစ္ဆာန်ဆရာဝန်မကြီးပေါ့။ နောက်ဆုံး တွေ့တော့ သူက တိမွေးကုဌာနတစ်ခုမှာ တာဝန်ထမ်းဆောင်နေဆဲ။ ကျွန်တော့်ကို ခင်မင်ရှာဆဲ။

အဲဒါ ကျွန်တော်နဲ့ ပတ်သက်ဖူးသော ဘာသာကွဲများရဲ့ အစပါ။

တောင်ကြီးမှာ ကျောင်းနေတော့ ရှမ်းပြည်နယ်က ရှမ်းတွေနဲ့ ခင်လာခဲ့တယ်။ မန္တလေးမှာ ကျောင်းအိပ် ကျောင်းစားနေတော့ ချင်းပြည်နယ်က ကျောင်းလာတက်သူနဲ့ ခင်မင်လာခဲ့သလို ညဈေးတန်းမှာ ဆိုင်ထွက်တဲ့ သူငယ်ချင်းက မူစလင် ကုလားလေး။ ခင်တာပဲ။

ရန်ကုန်ကျောင်းကျတော့ လူက ပိုစုံတယ်။ ခရစ်ယာန်တွေ၊ မူစလင်တွေ၊ ပေါက်ဖော်တွေ၊ ဟိန္ဒူတွေ၊ မန်ကျည်းသီး ကုလားတွေ စုံတကာ့ကို စေ့နေတာပဲ။

ရှိသေးတယ်။ အမေက ကျွန်တော့်လိုပဲ၊ ဒါမှမဟုတ်၊ ကျွန်တော်က အမေ့လိုပဲ၊ ပါးစပ်က ဗလွတ်ရွှတ်တ အကုန်ထွက်တယ်။ အမေတို့ ဖြတ်သန်းတဲ့ ခေတ်အရ ကုလားစကားတွေလည်း တစ်လုံးစ နှစ်လုံးစ အမေက တတ်တယ်။ ကျွန်တော် စာရေးတဲ့အထဲမှာတောင် ရှေ့နားလေးမှာ နိမ်းဟေး… ဂျောင်းဆိုပြီး ကုလားစကားကို ထည့်သုံးခဲ့တာ စာဖတ်သူ လူကြီးမင်းများ သတိထားမိခဲ့ကြမှာပါ။ အဲဒါ အမေ့ဆီက တတ်လာတာတွေပဲ။

အဲတော့ ကျွန်တော့်မျက်စိထဲမှာ ဘာသာကွဲ၊ လူမျိုးကွဲတွေအပေါ် ထူးခြားတဲ့ အမြင်မျိုး မရှိဘူး။ လူဟာ လူပဲလို့သာ ကလေးကတည်းက မြင်နေခဲ့တယ်။

အဲတော့ မျိုးချစ်စိတ်တွေ၊ ဇာတိမာန်တွေ ပြောလာရင် ဘယ်လို အန်ချင်မှန်းကို မသိဘူး။ ပြောတဲ့သူကို ဦးနှောက်မရှိတဲ့သူ၊ ပေါချာချာ သွပ်တွပ်တွပ်လို့ကို မြင်နေမိတော့တာ။ ဘယ်တတ်နိုင်မလဲနော် 😀 

ခုကျတော့ ပိုဆိုးလာတယ်။

သေချာ စဉ်းစားလာမိလို့။ ဟစ်တလာတို့၊ ဖက်ဆစ်စနစ်တို့မှာလည်း အဲဒီ့ မျိုးချစ်စိတ်တွေ၊ ဇာတိမာန်တွေကိုပဲ လွှတ် ရှေ့တန်းတင်တာကို မြင်လာလို့။

သည်အခါ မျိုးချစ်စိတ်၊ ဇာတိမာန်ဆိုတာ လူယုတ်မာတွေ မွေးတဲ့စိတ်ပဲလို့ နားလည်လာတယ်။ သူတော်ကောင်း တရား ဟုတ်ကို မဟုတ်ဘူး။ ဘုရားက ဇာတိမာန်တွေ မျိုးချစ်စိတ်တွေကို ရှေ့တန်းတင်ပြီး တစ်ခါမှလည်း မဟောဖူးဘူး။

အဲတော့ အင်္ဂလိပ်ကိုလည်း မုန်းစရာလို့ တစ်ခါမှ မမြင်ဖူးသလို အင်္ဂလိပ်စာကိုလည်း ဘာသာစကားတစ်ခုအဖြစ်သာ အစောကြီးကတည်းက နားလည်ထားခဲ့ပါတယ်။ ဘာသာစကားဆိုတာ သော့ တစ်ချောင်းပဲ။ အဲဒီ့ ဘာသာစကားကို တတ်ရင် အဲဒီ့လောကထဲ ဖွင့်ဝင်နိုင်မှာပဲ။ အဲလိုပဲ မြင်ခဲ့မိပါတယ်။

ဒါတွေ ရေးနေတုန်းတန်းလန်းမှာ အဖြစ်တစ်ခု ဖြစ်သွားတာ ရှိသေးသဗျ။

ဒေါက်တာနိုးအိပ်မက်

ကျွန်တော့်ဆရာ ဒေါက်တာနိုး (ဆရာ ဦးသာနိုး) ဆီမှာ စာသင်တဲ့အကြောင်း ထည့်ရေးမိတာဗျာ၊ ဘယ်လိုက ဘယ်လိုဖြစ်တယ် မသိဘူး။ အဲဒီ့ ဧပြီလ ၇ ရက်နေ့ညက ဆရာဦးသာနိုးကို အိပ်မက် မက်ပါရောလား။

ခါတိုင်းဆို အိပ်မက်ကို မှတ်မိလေ့ မရှိဘူး။ အဲဒီ့ညကတော့ လန့်တောင်နိုးတယ်။ အိပ်မက်ကလည်း လတ်လတ်ဆတ်ဆတ်ကြီး jဖစ်နေသလို အိပ်မက်ထဲက ဖြစ်ရပ်ကိုလည်း မှတ်မိနေတယ်။ ဆရာနိုးကိုလည်း သည်တစ်ဘ၀လုံး အဲဒီ့ တစ်ခါပဲ အိပ်မက် မက်ဖူးတယ်ဗျ။

ပွဲတစ်ပွဲမှာ ဆရာနိုးက ပြောနေတယ်။ ကျွန်တော်က ဘာသာပြန်ရတယ်။ ကျွန်တော်က ဆရာနိုးပဲဆိုပြီး နားထောင် မနေလိုက်ဘူး။ ပြီးတော့မှ ကျွန်တော့် ဘာသာပြန်ခိုင်းတော့ ချောက်ပေါက်တိုးတော့တာပေါ့။ ကျွန်တော်မှ အစအဆုံး နားထောင်မနေလိုက်မိတာကိုး။ အလှည့်ကျတော့ မနွဲ့ရဘူးဆိုပြီး ကျွန်တော်လည်း ခပ်တည်တည်နဲ့ ထင်ရာတွေ လျှောက်ပြောတော့တာပေါ့။

သည်မှာတင် ဆရာနိုးက သူ့ထုံးစံအတိုင်း မဲ့လို့ ရွဲ့လို့ ကျွန်တော့်ကို နှိပ်ကွပ်ပါရောလား။ ဘုရား… ဘုရား… အိပ်မက်က အဲသလို မက်တာဗျ။

အိပ်ရာကနိုးတော့ လူတောင် ကယောင်ခြောက်ခြား ဖြစ်သွားရသေးတယ်။ ဆရာ ကျန်းမာရဲ့လား မသိဘူးလို့လည်း တွေးမိသွားရပြန်သေးသလို ဆရာ ကျန်းမာပါစေလို့လည်း ဆုတောင်းလိုက်ရပါတယ်။

ဆရာနိုး စာသင်တာက အဲသလိုဗျ။ မျက်နှာပေး အမျိုးမျိုးနဲ့ စိတ်ပါလက်ပါ အကျသင်တာ။ စာသင်တုန်းတော့ ဆေးလိပ်မသောက်ပါဘူး။ ဒါပေမယ့် ကျောင်းသားတွေကို လေ့ကျင့်ခန်းပေးထားပြီး သူက လေ့ကျင့်ခန်းတွေ ထိုင်စစ်တဲ့အခါမျိုးကျရင်တော့ သောက်ပါပြီဗျာ၊ မနားတမ်း။ တစ်လိပ်ပြီး တစ်လိပ် မီးကူးပြီးကို သောက်တော့တာ။

ကျွန်တော်တို့ ဖြတ်သန်းတဲ့ ခေတ်က အဲသလို။ ဆေးလိပ်သောက်ခြင်းသည် ဘာဖြစ်သည်၊ ညာဖြစ်သည်တို့ ပြောပြီး ဆေးလိပ်သောက်သူတွေကို ခွဲခြား နှိမ်ချဆက်ဆံတဲ့ ခေတ်မဟုတ်ဘူး။ ခေတ်ကောင်းလို့ ဆိုရမှာပေါ့။ လေယာဉ်ပေါ်တောင် ဆေးလိပ်သောက်လို့ ရသေးတဲ့ခေတ်။

ကဲ… လည်ထွက်နေတဲ့ တောရောက် တောင်ရောက်တွေကို လက်စသတ်ပြီး ဘ၀ဇာတ်ဘက် ပြန်လှည့်လိုက်ဦးမယ်။

ခွေးအ လည်ပြန်

ပြန်သာလှည့်ရတာ မေ့တဲ့ဟာတွေက တော်တော် မေ့ကုန်ပြီ။ နှစ်တွေလည်း ကြာခဲ့မှကိုး။ ခုနေ အဲတုန်းက စာနယ်ဇင်းတွေသာ ပြန်လှန်လှောကြည့်ခွင့်ရမယ်ဆိုရင် အတော် ပြန်မြင်ယောင်လာနိုင်စရာတွေ ရှိလာမှာပါ။

ဒါပေမယ့် အစစ ကြွယ်ဝ ပြည့်စုံတဲ့ ရွှေပြည်ကြီးလေ။ အဲဒါမျိုးတွေ လိုက်လှန်ဖို့၊ သုတေသနလုပ်ဖို့ စာကြည့်တိုက်က ဘယ်နား သွားရှာရမှာတဲ့လဲ။ အမျိုးသား စာကြည့်တိုက်ဆိုတာကြီးက နေပူတော်မှာ။ နေပူတော်ကို အားတိုင်း ရောက်နေသည့်တိုင် အဲဒီ့ အမျိုးသားစာကြည့်တိုက်ဆိုတာကြီး ရှေ့ကသာ ဖြတ်သွားဖူးတာ။ အထဲမှာလည်း ၀န်ထမ်းတွေကလွဲလို့ လူနဲ့ တူတာ ဖြူဖြူလေးတောင် မမြင်မိ။ စည်ကားပုံ ပြောပါတယ်။

အမှန်တော့ များများတောင် မဟုတ်ဘူး။ ၁၉၇၀ ပြည့် ၀န်းကျင်ဆီက မဂ္ဂဇင်းတွေနဲ့ သတင်းစာတွေ ဟိုဟိုသည်သည် ပြန်လှန်လိုက်တာနဲ့တင် ပြန်ပေါ်လာနိုင်စရာ အကြောင်းတွေ အများကြီးရယ်။

ခုကျတော့ ကျွန်တော့်ရဲ့ မေ့တတ်တဲ့ သညာကိုပဲ အားပြုနေရပါတယ်။

ကိုးတန်းနှစ်မှာ သိပ်မှတ်မှတ်ရရတွေ မရှိခဲ့ဘူး ထင်တယ်။

အမှတ်ရတာကတော့ အဲဒီ့အချိန်မှာ ဇော်ဝမ်းဆိုတဲ့ မင်းသားတစ်လက် တစ်ဟုန်ထိုး စတင် ကျော်ကြားလာတာပဲ ဖြစ်လိမ့်မယ် ထင်ပါတယ်။ သူက သီချင်းဆိုလည်း ကောင်းလေတော့ သူ့သီချင်းတွေကိုလည်း ကျွန်တော် ကြိုက်ခဲ့၊ ဆိုခဲ့ဖူးတာတွေ ရှိတယ်။ စတီရီယို သီချင်းကတော့ လားရှိုးသိန်းအောင် သီချင်းတွေကို အကြိုက်များသလို အဆိုလည်း များတယ်။ ပလေးဘွိုင် တီးဝိုင်းလည်း ပေါ်နေပြီ။ စိန်လွင့်သီချင်းတွေလည်း ကြိုက်တတ်၊ လိုက်ဆိုတတ်နေပြီ။ စိုင်းထီးဆိုင်လည်း စ ပေါ်နေပြီ ထင်ပါတယ်။ မောင်မနေတတ်ဘူးတို့၊ တို့နှစ်ယောက်ရဲ့ အချစ်တို့ကို တစ်ဖက်အိမ်က ဖွင့်တာတွေ ကြားနေတတ်ခဲ့ပြီ။

ဂစ်တာလည်း တဗျန်းဗျန်းခေါက်နေပြီပေါ့။ ကိုယ်ပိုင် ဂစ်တာ မရှိတော့ သူငယ်ချင်းတွေအိမ် သွားတီးရ၊ ကိုအောငံဂစ်တာ ယူတီးရပေါ့။

သိပ်အမှတ်ရနေမိတာက ဂစ်တာဥယျာဉ် သီချင်းစာအုပ်တွေပါ။ ဂစ်တာ ခေါ့(ဒ်)တွေနဲ့ သပ်သပ်ရပ်ရပ် ထုတ်တဲ့ သီချင်းစာအုပ်တွေပါပဲ။ အဲတုန်းကတော့ မသိဘူးပေါ့။ ဇော်မင်းရဲ့ ဂစ်တာဥယျာဉ် သီချင်းစာအုပ်ဆိုပြီး အတွဲလိုက် ထွက်တာပါ။

နောက်မှ သိလာရတာက ဂီတလောကမှာ ဇော်မင်းနှစ်ယောက်ရှိတာမို့ သူ့ကို ဇော်မင်းကြီးလို့ ခေါ်ကြပြီး သီချင်းဆိုတဲ့ ဇော်မင်းကို ဇော်မင်းလေးလို့ ခေါ်ကြတယ်လို့ပါပဲ။

ဇော်မင်းလေးဆိုလို့ ဇော်မင်းလေးဆိုတဲ့ စတီရီယို သီချင်းတွေကို တစ်ခါမှ မှတ်မှတ်သားသား မကြားဖူးပေမယ့် သူက ရေဒီယို သီချင်းကိုလည်း ဆိုခဲ့သေးတော့ ဆရာရွှေပြည်အေးရေးပြီး သူဆိုတဲ့ သီချင်းတစ်ပုဒ်ကိုတော့ မှတ်မိနေပါသေးတယ်။ အချစ်နဲ့ စလာ ကမ္ဘာကြီးကို… လှစ်ဖွဲ့ကြကာသာ တစ်နည်းဆို… ချစ်ခဲ့ကြရာမှာလည်း ကိုယ့်အသည်း မြင့်မိုရ်လိုဆိုတဲ့ စာသားနဲ့ပါ။ ဆရာရွှေပြည်အေး လက်ရာပီပီ တေးသွားရော စာသားပါ အတော် အဆင်ပြေလှတဲ့ သီချင်းလေးမို့ မှတ်မိနေတာပါ။

ကိုးတန်းနှစ်မှာ အဖေကလည်း အငှားယာဉ်မောင်းနေပြီမို့ အိမ်က စီးပွားရေး အခြေအနေကလည်း အရင် အဖေ ၀န်ထမ်းဘ၀တုန်းကလို သိပ်မချို့တဲ့လှတော့ပါဘူး။ အဲတော့ ကျွန်တော်လည်း ကျူရှင်တွေ ယူနိုင်ခဲ့တယ်ပေါ့။ ကျူပ်ရှင်လခက တစ်လမှ ကျပ်တစ်ဆယ်ပေးရတာပါ။ ဒါပေမယ့် အဲဒီ့ကျပ်တစ်ဆယ်ဟာ အဲဒီ့အချိန်မှာ နှယ်နှယ်တော့ မဟုတ်ပါဘူး။ ထမင်းတစ်ခါစား ၇၅ ပြားနဲ့ အ၀စား ဆိုင်တွေ ရှိနေသေးတဲ့ ခေတ်ပေါ့။ ကျပ် တစ်ဆယ်လောက်ရှိရင် လူသုံးယောက်လောက် တရုတ်ဆိုင် ကောင်းကောင်းမှာ ဟင်း သုံး-လေးပွဲနဲ့ ကောင်းကောင်း စားနိုင်တဲ့ ခေတ်လို့ပဲ ဆိုပါစို့ရဲ့။

သည်အပိုင်းမှာ ပြောကြတာ… 

Thet Chow ၈၁ လမ်းပေါ် ဘုရားနီဘုရား နားက ဒေါ်မိမိကြီးတို့ အိမ်မှာ မန်းလေးရောက်ရင် တည်းခဲ့တာ မိဘချင်းသိတ်ခင်တာ တိရစ္ဆာန်ဆရာဝန်မကြီး ကလဲ သူငယ်ချင်းဘဲ။

ATK အယ်… ခင်မာလွင်နဲ့ ညည်းနဲ့က ငယ်ဂျင်းဒေလား။ ကမ္ဘာကြီးက ကျဉ်းချက်အေ။

Thet Chow ခင်မာလွင်ရော ခင်ဝေလွင်ရော ငယ်ငယ်က စာတွေ ရေးရတာ အမော

Soe Myat Myo Shwe လူမျိုးခြားမုန်းတီးရေး စိတ်ဆိုး စိတ်ပုပ်စာပိုဒ် ဗိုလ်အောင်ကျော် သေနတ်နဲ့ အပစ်ခံရတာပါ။ အပြစ်မဟုတ်ပါ

Aung Thein Kyaw သန်းဦးဘာဗျာ။ ပြင်လိုက်ပါ့မယ်။

Mung Shadan ဆေးလိပ်သောက်တဲ့သူတွေကို ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး ခွဲခြားဆက်ဆံတဲ့ ခေတ်မဟုတ်ဘူး။

Win Min Oo Comet ဆက်ပါဦးဗျို့

၂၀၁၅ ခုနှစ် ဧပြီလ ၁၅ ရက် (ဇင်းမယ်မှာ ရေးပါတယ်)

ကျွန်တော်က ဆရာနိုးရဲ့ ကျူရှင်က လွဲရင် ကျန် ကျူရှင်တွေမှာ အလွန်ဗရုတ်ကျတယ်။ ကျွန်တော့်ပါးစပ်က ဗလွတ်ရွှတ်တ အကုန်ထွက်တယ်။ ဆရာများကလည်း သည်းခံကြပါတယ်။ ဆရာဦးထွန်းဦးကျော်ကတော့ ကျွန်တော်တို့ နောက်ပြောင်ရင် သူက ပြန်နောက်ရင်း စာလမ်းကြောင်းပေါ်က ပျောက်မသွားအောင် ထိန်းထားတတ်ပါတယ်။ ဆရာမြတ်ထိန်လင်းကတော့ အင်မတန် ရိုးပါတယ်။ နောက်ရင် ရယ်လို့သာ နေပြီး သူ့စာ သူသင်ပါတယ်။ ဆရာမြတ်ထိန်လင်းက အဲတုန်းက ငယ်ငယ်နုနု၊ လူပျိုလေးပါ။ ဒါလဟိုဇီလမ်း၊ ၃၅ လမ်းနဲ့ ၃၆ လမ်းကြားက ချက္ကရာဘာတီဆိုတဲ့ အဆောက်အအုံ အပေါ်ထပ်မှာ စာသင်ပေးပါတယ်။

ကျွန်တော်က အပြင်ရောက်တာနဲ့ အိမ်ထဲမှာ ကျဉ်းကျပ်ရသမျှ၊ ကြောက်ရသမျှ အားလုံးကို အထုပ်ဖြည်ပါတော့တယ်။ အဲတော့လည်း ကျွန်တော့် ပါးစပ်က ဗလွတ်ရွှတ်တ။ လူတကာကို စ နောက်၊ အရာရာကို သောနေတော့တာပါပဲ။

ကျူရှင်တက်တာဟာ စာသင်ဖို့ထက် ပျော်ဖို့က ပိုများနေခဲ့ပါတယ်။ ရွယ်တူ ကောင်မလေးတွေကို ငမ်းရတာလည်း အရသာတစ်ခုပေါ့ဗျာ။

ဝါသနာဘာဂီ ဆက်တိုင်းမီ

တစ်ခါလည်း ရေးခဲ့ပြီးပါပြီ။ ယောက်ျားလေးချည်း သီးသန့်ထားတဲ့ကျောင်း၊ မိန်းကလေးချည်း သီးသန့် ထားတဲ့ ကျောင်းမှာ နေခဲ့ရသူတွေဟာ ကြီးကောင်ဝင်စ အရွယ်ကတည်းက ဆန့်ကျင်ဘက်လိင်နဲ့ နီးစပ်ယဉ်ပါးဖူးခြင်း အလျဉ်းမရှိခဲ့တဲ့အတွက် နွားသိုးကြိုးပြတ်တွေ အလွန်ဖြစ်လွယ်တဲ့အကြောင်းပါ။ ကျွန်တော်ကတော့ အဲဒီ့လို ကျောင်းမျိုးမှာ ကိုယ်တိုင်လည်း နေခဲ့ရတာမို့ ဘယ်လိုမှ မနှစ်မျို့ပါဘူး။

အမှန်တော့ ထွေလီကာလီစိတ် မထားတဲ့ ဆန့်ကျင်ဘက်လိင် သူငယ်ချင်းတွေ၊ မိတ်ဆွေတွေဟာ လူ့ဘ၀မှာ အမြဲတစေ ရှိသွားကြတာချည်းပါပဲ။ ဆန့်ကျင်ဘက်လိင် မြင်တိုင်း စိတ်ရိုင်းဝင်တတ်အောင် အဲလို သီးသန့်ကျောင်းတွေက ပျိုးထောင် လေ့ကျင့်ပေးခဲ့သလားတောင် မပြောတတ်ဘူး။

ကမ္ဘာကျော်ကြီး တစ်ယောက်ဆိုရင်လည်း အလားတူပဲ။ ကနေ့အခါမှာ သွေးဆုံးတာ နှစ် ၂၀ လောက် ရှိပြီဖြစ်ပေမယ့် ဆန့်ကျင်ဘက်လိင်နဲ့ တွေ့ရင် ညုချင်တဲ့ ဉာဉ်ကလေးကို ပြလို့ ကောင်းနေတုန်းပါ။ သူဆို အထက်တန်းကျောင်းတင် သီးသန့်ကျောင်းမှာ နေခဲ့ရရှာတာ မဟုတ်ဘူး။ တက္ကသိုလ်တောင်မှ ကျား-မ သီးသန့်ခွဲထားတဲ့ ကျောင်းမှာ နေခဲ့ရရှာတာကိုး။ အဲတော့လည်း သူ့ရာဇ၀င်မှာ သူအကဲမရခဲ့တာပေါင်း အလီလီဟာ တစ်သီကြီး ရှိနေရှာတော့တာပဲ။

သူများသာ ပြောနေတယ်၊ ကျွန်တော် သေခါနီးကြီးလည်း အဲသလို ဖြစ်တုန်းဗျ။ (ဒါ့ကြောင့်လည်း မြွေမြွေချင်း ခြေချောင်းလေးတွေက အစ မြင်နေမိတယ် ထင်ပါ့။) 😀 ဆန့်ကျင်ဘက်လိင်သာ ဖြစ်လို့ကတော့ ကျွန်တော့်ရဲ့ သွေးသား ကလီစာထဲက ညုတတ်တဲ့ ဇက အော်တိုမက်တစ် ပြနေတုန်း။ ကျွန်တော့် အိမ်သူကဆို အမြဲ ပြောတယ်။

“ရှင့်မျက်ခွက်ကို မြင်စရာ မလိုဘူး။ ရှင့်လေသံ နားထောင်တာနဲ့တင် တစ်ဖက်လူက ယောက်ျားလား၊ မိန်းမလားဆိုတာ တန်း ပြောလို့ရတယ်။ ယောက်ျားချင်းကျရင် ရှင့်လေက မာရေကျောရေနဲ့။ မိန်းမသာ ဖြစ်လို့ကတော့ ၁၄ နှစ်ပဲဖြစ်ဖြစ်၊ ၆၀ ကျော်ပဲ ဖြစ်ဖြစ် ရှင့်လေသံကိုက ပြောင်းသွားတာ…”တဲ့ဗျ။

အဲဒါ ကျွန်တော် တယ်လီဖုန်းပြောတဲ့ လေနဲ့ ပတ်သက်လို့ သူပေးတဲ့ မှတ်ချက်ပဲ ဖြစ်ပါတယ်။ ကျွန်တော့်ကို ပေါင်းလာတာ နှစ်ပေါင်းများစွာ ကြာပြီဆိုတော့လည်း အကြောင်းသိဖြစ်နေတာမို့ သူပြောတာ မလွန်ဘူး ထင်ပါတယ်။ ကျွန်တော်ကလည်း ကျွန်တော်ကိုး။ 🙂 

ထားပါတော့ဗျာ။ ကိုးတန်းမှာ ကျူရှင်တက်တဲ့အကြောင်းပဲ ပြန်သွားကြရအောင်ပါ။ အဲဒီ့ ကျူရှင်တွေမှာက တစ်တန်း တစ်တန်းကို လူခြောက်ဆယ်၊ တစ်ရာ ရှိလေတော့လည်း ပျော်စရာကြီးပေပဲပေါ့။

ကျေးဇူးရှင် စာအုပ်အငှားဆိုင်

ကိုးတန်းရောက်တော့ လူမှန်း သူမှန်းက တော်တော်သိလာပြီ။ ဆယ်တန်းနားလည်း နီးလာပြီဆိုတော့ မကြာခင် ငါ လူကြီးဖြစ်ရတော့မယ်ဆိုတဲ့ အသိနဲ့ လူကြီးဂိုက်လည်း ပိုထုတ်လာပြီပေါ့။ မိဘတွေကလည်း ဆယ်တန်း အောင်ပြီးရင် ခွင့်ပေးမယ်လို့ ပြောထားတာတွေကလည်း အများသား မဟုတ်လား။ အဲတော့လည်း မျှော်လင့်ချက်များနဲ့ ဝေဆာနေတော့တာပေါ့။

ကိုးတန်းဖြေပြီးတော့ နွေကျောင်းပိတ်ရက်လို့ ထင်ပါတယ်။

ကျွန်တော်တို့ အိမ်နဲ့ မလှမ်းမကမ်းက လွစ္စလမ်းမှာ စာအုပ်အငှားဆိုင်သစ် တစ်ဆိုင် ပေါ်လာတယ်။

နေဦးဗျ။ လွစ္စလမ်းဆိုလို့ အဲဒီ့ လွစ္စလမ်း အလယ်လမ်းမှာ မင်းသားကြီး ၀င်းဦးရဲ့ တိုက်ခန်း တစ်ခန်း ရှိတယ်။ ဘားလမ်း အထက်လမ်းမှာလည်း သူ့တိုက်ခန်းတစ်ခန်း ရှိပြန်တယ်။ ကျွန်တော်က သူ့တိုက်ခန်း လိပ်စာတွေ မှတ်ထားတယ်။ အဲဒီ့ရှေ့က ဖြတ်လျှောက်သွားတဲ့အခါတိုင်း သူ့ကို တွေ့ရနိုးနဲ့ ကြည့်တတ်ပါတယ်။ တစ်ခါမှတော့ မတွေ့ခဲ့ရပါဘူး။

မြို့ထဲမှာ သွားရင်း လာရင်း ကားချင်းတော့ နှစ်ခါ သုံးခါ ဆုံဖူးတယ်။ ငေးကြည့်နေရအောင်ကို ချောတဲ့သူဗျ။ အသားအရေ၊ ဂိုက်ဆိုက် တကယ်ကောင်းတာ။ ကားစတီယာရင် ကိုင်ပုံကအစ သူက အင်မတန် စတိုင်ကျတဲ့သူ။ သူ့ကို လူကြည့်မှန်း သိတယ်ထင်ရဲ့။ မင်းသားကြီးက အလွန် ဂိုက်ပေးကြမ်းပဲ။ ကျွန်တော့်မှာ သူ့မြင်ရင် မကြည့်ဘဲ၊ မငေးဘဲကို မနေနိုင်ခဲ့ဘူး။ အဲလောက် ကြိုက်တာ။

လွစ္စလမ်းဆိုတာနဲ့ ၀င်းဦးဆီ ရောက်သွားတာပဲ ကြည့်တော့။ အမေကဆို ပြောတယ်။ နင်က ၀င်းဦးကို နင့်အဖေထက်တောင် ချစ်သေးဆိုပဲ။ ဟုတ်မှာပါ။ ၀င်းဦးက ကျွန်တော့်ကိုမှ မရိုက်ခဲ့ဖူးတာကိုး။ 😀 

အဲ… အဲဒီ့ လွစ္စလမ်း၊ ဖရေဇာဘက်က ၀င်ရင် ၀င်ဝင်ချင်း ညာဘက်က တိုက် အတွင်းဆုံး အခန်းမှာ စာအုပ် အငှားဆိုင်သစ်တစ်ဆိုင် ပေါ်လာခဲ့တယ်။ “ကျော်ဇင်စာပေ”တဲ့။ ပေါက်ဖော်ရုပ်နဲ့ ပုဂ္ဂိုလ်ကြီး ဖွင့်ထားတဲ့ဆိုင်။ ထူးခြားတာက အဲဒီ့ ပေါက်ဖော်ကြီးရဲ့ ဆိုင်က ဆိုင်ထိုင်က အိန္ဒိယသွေး ပါမှန်း သိသာတဲ့ အမျိုးသမီးဗျ။

အဲဒီ့ဆိုင်ကလည်း ကျွန်တော့်ဖြစ်တည်မှုအတွက် အများကြီး အကျိုးပေးခဲ့ပါတယ်။ တစ်နည်းပြောရရင် ကျွန်တော့် ကျေးဇူးရှင်ထဲမှာ ပါတယ်။

ကျေးဇူးရှင်ထဲ ပါဆို၊ သူ့ဆိုင်မှာ စာအုပ်က အလွန်စုံတယ်။ စာရေးဆရာတွေရဲ့ စာအုပ်တွေ အတော် စုံစုံလင်လင် ရှိတယ်။ မောင်သိန်းဆိုင်၊ နတ်နွယ်၊ မောင်မောင်မြင့်လွင်၊ ၀င်းဦး၊ မောင်သာရအစရှိတဲ့ စာရေးဆရာများရဲ့ စာအုပ်တွေကို တစ်အုပ်မကျန်အောင် အဲဒီ့ဆိုင်က ငှားဖတ်ခဲ့ရတာပါ။ ဒါ့အပြင် အဲဒီ့ ဆိုင်ရှင် ဦးမြင့်ဝေဆိုတဲ့ ပေါက်ဖော်ကြီးကလည်း စာနှံ့ပုံရတယ်။ ကျွန်တော် ငှားနေကျ၊ ဖတ်နေကျ အမျိုးအစားကို ကြည့်ပြီး ဘယ်စာအုပ်လေး ဖတ်သင့်တယ်၊ ဘယ်စာရေးဆရာကိုဖြင့် မြည်းသင့်တယ် စသဖြင့် ညွှန်းညွှန်း ပေးတတ်ပြန်သေးတယ်။

သူ ညွှန်းတာမို့ မဖတ်လိုက်နဲ့ ကောင်းတာချည်းပဲ။ တကယ့်ကို ကျွန်တော့်ရဲ့ စာဖတ်အားအတွက် ကျေးဇူးရှင် ဖြစ်လာခဲ့တဲ့ ဆိုင်ကလေးပါ။

ကျွန်တော် အသုံးမကျတာက စာကို နင်းကန်ဖတ်တာပါပဲ။ အရေအတွက်များများ ဖတ်ဖြစ်တယ်လို့ ဆိုရမှာပါ။ အရည်အသွေးနဲ့ ဖတ်တာ မဟုတ်တော့ဘူးပေါ့။ စာတစ်ကြောင်းချင်း၊ တစ်ပိုဒ်ချင်းရဲ့ အရသာကို ခံဖို့ထက် မြန်မြန်ပြီးအောင် ဖတ်တာမျိုးပဲ ဖြစ်ပါတယ်။ အဲတော့ ခေါင်းထဲ သိပ် တင်မကျန်ဘူးပေါ့။

နောက်တစ်ခုက အငှားဆိုင်က ငှားလာတဲ့ စာအုပ်မို့ အောက်မျဉ်းသားတာတွေ၊ မှတ်စု မှတ်တာတွေလည်း မလုပ်နိုင်ပါဘူး။ အဲတော့လည်း ဘာမှ တင်မကျန်တာ ပါပါလိမ့်မယ်။

ဘယ်လိုပဲဖြစ်ဖြစ်၊ စာကတော့ မနားတမ်း ဖတ်ဖြစ်နေပါတော့တယ်။ အမြန်ပဲဖတ်ဖတ်၊ အနှေးပဲဖတ်ဖတ်၊ အဖတ်သိပ်များလာတဲ့အခါ ဘာသာစကား စွမ်းရည်က အလိုလို တိုးတက်လာပါတော့တယ်။

ဂုဏ်ထူးဦးသိန်းနိုင်ရဲ့ ကျေးဇူး

ဆယ်တန်းတက်တဲ့အခါကျတော့ မန္တလေးက ဂုဏ်ထူး ဦးသိန်းနိုင်က ရန်ကုန်ကို ကူးလာပြီး ကျူရှင်လာဖွင့်တဲ့ အခိုက်နဲ့ ကြုံပါတယ်။ ကျွန်တော်ကိုးတန်းနှစ်မှာကတည်းက သူက လာဖွင့်တာပါ။ ရန်ကုန်နဲ့ မန္တလေးကို လေယာဉ်နဲ့ ကူးပြီး စာသင်တဲ့ ဆရာဆိုပြီး နာမည်ကြီးပါတယ်။

အဲဒီ့အချိန်က ဆရာဦးသိန်းနိုင်က ရန်ကုန်မှာ အခြေမချသေးပါဘူး။ မန္တလေးမှာပဲ နေနေတာပါ။ အဲတော့ ရန်ကုန်ကို လေယာဉ်နဲ့လာပြီး ကျူရှင်သင်ပါတယ်။

သူ့လက်ထောက်ဆရာက ယနေ့အခါမှာ အကယ်ဒမီတွေ တစ်သီကြီးရတဲ့ ဇာတ်ညွှန်း ဆရာအဖြစ် ထင်ရှားတဲ့ ငြိမ်းမင်းပါ။ အဲတုန်းကတော့ ဆရာဦးမျိုးအောင်ပေါ့။

ကျွန်တော်တို့ခေတ်က မြန်မာစာ ကျူရှင်ယူတယ်ဆိုတာ သိပ် ခေတ်မစားသေးပါဘူး။ မြန်မာစာ ကျူရှင်အစ ဦးသိန်းနိုင်ကလို့တောင် ဆိုရမှာပါ။ ကျောင်းက ကျွန်တော်တို့ အတန်းထဲမှာဆို မြန်မာစာ ကျူရှင်ယူသူဆိုတာ မရှိသလောက် ရှားပါတယ်။ ကျွန်တော်နဲ့ ကျူရှင်တကာမှာ ဆုံတဲ့ ကိုရွှေဘိုနီတောင်မှ မြန်မာစာ ကျူရှင်တော့ မတက်ပါဘူး။

ကျွန်တော်တစ်ယောက်သာ သွားတက်တာပါ။ လိုအပ်လို့ မဟုတ်ပါဘူး။ နာမည်ကျော်ဆိုတော့ စပ်စုချင်စိတ်ရယ်၊ အဟဲ… ကောင်မလေးတွေ ငမ်းချင်စိတ်ရယ်နဲ့ပါ။

ဟား… တက်မိတာ မှန်သွားတယ်ဗျာ။

ဆရာဦးသိန်းနိုင်ဆီမှာ မြန်မာစာ တက်လိုက်ပြီး သိပ်မကြာဘူးခင်ဗျ။ မြန်မာစာကို ချစ်သွားပါတော့တယ်။ အဲဒါ ဆရာ့အစွမ်းပါပဲ။

နောက်တစ်ခု အမြတ်ထွက်တာက တစ်သက်လုံး ရေးလာတဲ့ ရေးထုံးအလွဲတွေကို သိလာတော့တာပါပဲ။ တစ်သက်လုံးက “ကါ”တို့၊ “တါ”တို့၊ “စါ”တို့ဆိုပြီး မောက်ချတွေ သုံးလာရာက “ကာ၊ တာ၊ စာ”ဆိုပြီး အမှန်ရေးတတ်လာတာ ဆရာကျေးဇူးပါပဲ။ အဲဒါတွေက ကျောင်းမှာ မသင်ပါဘူး။ ရကောက် ၀တ်ဆံ ပါမှ မှန်၊ ခုနစ်မှန်သမျှ မပါရ။ ဂငယ်၊ ဂငယ် ၀တ်ဆံပယ်၊ ရှစ်မယ်ဆံခတ် အမြဲမှတ် ဆိုတာမျိုးကလည်း ဆရာ့ဆီက ရလာတာတွေပါ။

နောက်တစ်ခုကတော့ အဲဒီ့သင်တန်းမှာ စာစီစာကုံးကို အပတ်စဉ် ရေးရပါတယ်။ ပြီးတော့ လက်ထောက် ဆရာတွေက စစ်ပေးပါတယ်။ ကျွန်တော်လည်း ရေးတော့တာပေါ့ဗျာ။ လက်ထောက်ဆရာတွေကလည်း မှတ်ချက်လေးတွေ ပြန် ပြန်ရေးပေးတယ်။ ဘယ်နားလေးကို ဘယ်လိုရေး၊ ဘယ်လို အကြောင်းအရာလေးတွေ ထည့်ရေးရင် ပိုဝေဆာမယ် စသဖြင့်ပေါ့။ ကျွန်တော့်အတွက် မှတ်ချက်ကတော့ “စာစီစာကုံးကို ၀တ္ထုလို မရေးပါနှင့်”ဆိုတာပါပဲ။

သေချာတာကတော့ မြန်မာစာကို ချစ်သွားတာ ဆရာဦးသိန်းနိုင် ကျေးဇူးပါပဲ။

ဆရာ့သွန်သင်မှုနဲ့ ကျွန်တော့် နချက်

နောင် ကျွန်တော် အင်္ဂလိပ်စာ သင်တော့ ဆရာဦးသိန်းနိုင်က ကျွန်တော့်ကို ပြောပါတယ်။

“မင်းသင်တဲ့ ဘာသာကို ချစ်သွားအောင် သင်ပါ။ ကြောက်သွားအောင် မသင်ပါနဲ့”တဲ့။

ကျွန်တော် ငတုံးက အဲဒီ့စကားကို သဘောမပေါက်ပါဘူး။ အဲတော့လည်း အောင်မြင်သင့်သလောက် မအောင်မြင်ခဲ့ဘူးပေါ့ခင်ဗျ။

နောင် နှစ်ပေါင်းများစွာ ကြာတော့မှ ဆရာ့စကားကို သဘောပေါက်လာခဲ့ပါတယ်။

ကိုယ်သင်တဲ့ ဘာသာရပ်ကို ကြောက်အောင် သင်ပေးတတ်တော့မှ ချစ်အောင် သင်တယ်ဆိုတာကို သဘောပေါက်လာတာပါ။ ကြောက်အောင် သင်တယ်ဆိုတာက ကိုယ်ကချည်း တတ်ကြောင်းတွေ စွတ်ပြ၊ ဘယ်လိုခက်တာ၊ ဘယ်လို ဂရုစိုက်ရတယ်၊ ဘယ်လို မှားတတ်တယ်ဆိုတာချည်း ပြောပြ သွန်သင်တဲ့ နည်းပါ။ တစ်နည်းပြောရရင် ကိုယ်သင်တဲ့ ဘာသာရပ်ကို ကိုးကွယ်ခိုင်းတဲ့ နည်း၊ ဒါမှမဟုတ်လည်း အပြုသဘော မဆောင်တဲ့ နည်းနဲ့ ကျောင်းသားကို ဖြဲခြောက်တဲ့နည်းလို့ ဆိုနိုင်ပါလိမ့်မယ်။

ချစ်အောင် သင်တယ်ဆိုတာကတော့ ဘာသာရပ်ကို ကိုယ်တိုင်က မြတ်နိုးသလို အဲဒီ့ ဘာသာရပ်ရဲ့ ကောင်းကွက်တွေ၊ အားသာချက်တွေကို စာသင်သားများ မြင်လာအောင် လုပ်ပေးရင်း အဲဒီ့ ဘာသာရပ်မှာ ကြုံရမယ့် အခက်အခဲတွေကိုလည်း ဘယ်လို အလွယ်တကူ ကျော်လွှားနိုင်မယ်ဆိုတာ လမ်းပြသွားတာမျိုး ဖြစ်ပါတယ်။

ကျွန်တော့် ကျူရှင်ဆရာ လုပ်သက် စောစောပိုင်းမှာ အဲဒါမျိုး ကျွန်တော် မလုပ်တတ်ခဲ့ပါဘူး။ ကျောင်းသားတွေကို ဖြဲခြောက်တဲ့ နည်းကိုသာ သုံးဖြစ်ခဲ့ပါတယ်။ ဆရာ့စကားကို သဘောမပေါက်ခဲ့တာပါ။

ဘာသာရပ်ကို ချစ်အောင် သင်တဲ့နေရာမှာ ဆရာဦးထွန်းဦးကျော်တို့၊ ဆရာမြတ်ထိန်လင်းတို့၊ ဆရာဦးမြမော်တို့လည်း ပါပါတယ်။ သင်္ချာဆရာတွေကတော့ အဲသလို ချစ်အောင် မသင်နိုင်ခဲ့ကြဘူး ထင်ပါတယ်။ ဆရာနိုးသင်တာလည်း ဘာသာစကားကို ချစ်အောင် သင်တယ်လို့ ဆိုနိုင်မယ် မထင်ဘူး။ ဆရာကတော့ ချစ်အောင် သင်ကောင်း သင်မှာပါ။ ကျွန်တော်ကိုက ဆရာ့ကို ရွံ့နေလို့လည်း ဖြစ်နိုင်ပါတယ်။

စာသင်တယ်ဆိုတာ လူတစ်ယောက်ရဲ့ ပင်ကို စရိုက်နဲ့လည်း သက်ဆိုင်မယ် ထင်ပါတယ်။ ဆရာ ဦးသိန်းနိုင်က ညင်သာ သိမ်မွေ့တဲ့သူ။ အပြောအဆို ရည်မွန် ယဉ်ကျေးတဲ့သူပါ။ အဲတော့ နားဝင်အောင် ဖျောင့်ဖျ သင်ကြားပေးနိုင်ပါတယ်။ သူ့လက်ထောက် ဆရာဦးမျိုးအောင်ဆိုလည်းပဲ အလားတူပါပဲ။

ကျွန်တော်ကတော့ ပင်ကို စရိုက်ကိုက တုတ်ထိုးအိုးပေါက်။ ဒေါသကလည်း ကြီးသေးတယ်။ သည်လောက် လွယ်တာကိုမှ မတတ်ရကောင်းလားဆိုပြီး ဒေါသတွေ လွှတ်ကြီးချင် ကြီးသွားမိတတ်တော့ ကျွန်တော်သင်တဲ့ ဘာသာရပ်ကို စာသင်သား ချစ်လာအောင် လုပ်ဖို့ဆိုတာ ကျွန်တော်နဲ့ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေပေတော့တာပေါ့။

ဆရာ ဦးသိန်းနိုင်ဆီမှာ တစ်ပတ်မှ တစ်ရက်ပဲ တက်ရတာပါ။ ကြာသပတေးနေ့ ညပိုင်း တစ်ချိန်ပဲ တက်ရတာကိ မှတ်မိနေပါသေးတယ်။ တစ်ရက်မှ မပျက်အောင် ကျွန်တော် သွားတက်ခဲ့ပါတယ်။ ပျော်လို့ပါ။ တစ်ခါတလေ ကျွန်တော်က ဗရုတ်ကျ၊ ဆရာနဲ့ တပည့် စင်ပေါ်နဲ့ စင်အောက် အပြန်အလှန် ပွဲထုတ်နေကြတာ တစ်တန်းလုံး တအုံးအုံး ရယ်နေရတတ်ပါတယ်။

ကျွန်တော် ဆယ်တန်းအောင်ပြီးသွားတဲ့နောက် လေး-ငါးနှစ် ကြာတဲ့အထိ အတန်းထဲမှာ ဗရုတ်ကျသူတွေကိုဆို ဆရာဦးသိန်းနိုင်က ကျွန်တော့်ကို နမူနာ ထားထားပြီး ပြောတတ်တယ်လို့ ပြန်ကြားရပါတယ်။ မင်းတို့ ဗရုတ်ကျတယ်ဆိုတာ အောင်သိန်းကျော်ကို မမီဘူးပေါ့။ သို့သော် အောင်သိန်းကျော်က ဗရုတ်သာကျတာ၊ အချိန်တန်တော့ ဆယ်တန်းကို ကောင်းကောင်းမွန်မွန် ဖြေဆို အောင်မြင်ခဲ့တဲ့ အကြောင်းကို ပြောပြလေ့ရှိတယ်လို့ ဆရာ့ဆီမှာ တက်ဖူးသူတွေက ပြန်ပြောပြကြပါတယ်။

နေဦးဗျ။ လွဲကုန်ပြီ။ ဆရာဦးသိန်းနိုင်ဆီမှာ တက်ခဲ့တာ ဆယ်တန်း ဒုတိယနှစ်မှပါ။ ပထမနှစ်က ဆရာဦးသိန်းနိုင်ရဲ့ မြန်မာစာ သင်တန်းကို သွားမတက်သေးပါဘူး။

ဆယ်တန်းပထမနှစ်က အပျော်လွန်သွားတာများ အဲဒီ့နှစ် ဆယ်တန်းကို မအောင်တဲ့အထိပါပဲလို့တောင် ဆိုရမှာပါ။

သူငယ်ချင်းကို လွမ်းပါသည်

ကိုရွှေဘိုနီနဲ့က အဲဒီ့အချိန်မှာ တအား လုံးနေပါပြီ။ နှစ်ကိုယ့်တစ်စိတ် ပေါင်းသင်းနေပြီ ဖြစ်တဲ့အချိန်ပါ။ အားအားရှိ သူ့အိမ် ရောက်နေတတ်ပါတယ်။

သူနဲ့ ကျွန်တော်က Scrabble ဆိုတဲ့ အင်္ဂလိပ်အက္ခရာများကို စာလုံးဖော်တဲ့ ကစားနည်းကိုလည်း အသေအကျေ ကစားခဲ့ကြသူတွေပါ။ သူမဆုံးခင်က တစ်ရက်လောက် ပြန်ကစားရအောင်လို့ ပြောဖြစ်ခဲ့ဖူးပေမယ့် သူသာ သေသွားတယ်၊ ကျွန်တော်တို့ နှစ်ယောက် အသက်တွေကြီးမှ ပြန်မကစား ဖြစ်တော့ပါဘူး။ အခု ရေးပြတော့မှ တော်တော် လွမ်းလာပါတယ်။ ဘက်ညီတဲ့ တစ်ယောက်လောက်နဲ့ ကောင်းကောင်း ကစားလိုက်ချင်မိနေသေးတယ်။

အခုနေ Scrabble ထိုင်ကစားရရင် ကောင်းမယ်။ ကွန်ပျူတာမှာ ကစားလို့ရပေမယ့် လူနဲ့ လူချင်း ကစားရတာမျိုးလိုတော့ အရသာ မတွေ့လှတာလည်း အမှန်ပါပဲ။

သည်အပိုင်းမှာ ပြောကြတာ…

Alex Moe Scrabble ဆော့တာမတွေ့ ဖူးတော့ဘူး. ဂိမ်းပဲဆော့ကြတော့တယ်

ATK ကျွန်တော်တို့ ခေတ်ကတည်းက scrabble ကစားတဲ့သူ တော်တော် ရှားနေပါပြီ။ မြန်မာစာသည် တို့စရာ၊ မြန်မာစကားသည် တို့စားဆိုတဲ့ ဇာတိမာန်တန်ခိုး ထင်ပါရဲ့ဗျာ 

စု စုအေး အမေတို့ ကစားရင် အမှတ်ရေဖူးတယ် ကိုယ်တိုင်မကစားဖူးဘူး ဟိ

ATK ဘိုမဂျီးးးး လုပ်ဖူး ကိုင်ဖူး စားဖူး သောက်ဖူး (when expressing experience) ဖနဲ့ ဖူးတယ်။ မသိဘူး မလုပ်ဘူး ဘူးခံချင်ရင် (to express negative) ဘနဲ့ ဘူးတယ်လို့ မှတ်ကွယ်(စ်)… ဟိ(စ်)

Shin Shin Aung Htun ကလေးကို ကျောင်းထားတော့မယ်ဆို ဆရာ ရေးထားတာကို ထည့်သွင်းစဉ်းစားရတော့မယ် ဟိဟိ

စု စုအေး အော် ဖူးကို နဂ္ဂတစ်ချင်ရင် ဘူးရတယ်လား မှတ်ထားလိုက်ပီ

Kyi Kyi Khin ကမ္ဘာကျော်ကြီး ဖြစ်အင် ခွိခွိ။

Moemakha Hlaing ဆရာဂုဏ်ထူးဦးသိန်းနိုင်နဲ့  သင်ဖူးပါတယ်။ ဆရာဦးမြတ်သင်း သင်္ချာကျူရှင်မှာ အပတ်စဉ် အလကား သင်ရတာပါ။ ဆရာနဲ့က တစ်ခါနှစ်ခါပဲ သင်ဖူးတာပါ။ ဆရာ ဦးတင်ဝင်းသျှင်က ပုံမှန် လာသင်ပေးတာပါ။ ဆရာဦးမျိုးအောင်လည်း တစ်ခါ လာသင်ပေးဖူးတယ်။ မြန်မာစာကို ချစ်တတ်အောင် သင်ပေးခဲ့တဲ့ ဆရာတွေဆိုတာ အမှန်ပါပဲ။

Shwe Gyi ကျွန်တော်လည်း ဆရာ့အထုပ်ထဲက သူအကြောင်းဖတ်မိတိုင်း ကျွန်တော်တို့ ဆုံခဲ့တဲ့ အချိန်လေးကို သတိရမိတယ်ဆရာရေ၊၊ သူ့ ကိုလည်း လွမ်းမိတယ်၊၊ သူ့ ဆီက သိပ်မသင်ခဲ့ရတာ အနာဆုံးပဲ၊၊ 

ATK ဘ၀ဆိုတာ သည်လိုပါပဲ Ka Shwe ရေ့။ ၀င်းဦးစကားနဲ့ ပြောရင်တော့ တွေ့ ကြုံ ဆုံ ကွဲ ဖြစ်မြဲဓမ္မတာပေါ့ဗျာ။ ကျွန်တော့်ဘ၀တစ်လျှောက်မှာ ချစ်သူ ခင်သူ မြတ်နိုးသူတွေနဲ့ တွေ့ခဲ့ ကြုံခဲ့ ဆုံခဲ့ ပေါင်းခဲ့ပြီး ရှင်ကွဲ သေကွဲ ကွဲနည်းအဖြာဖြာနဲ့ ခွဲခဲ့ရတာတွေလည်း များပြီပေါ့။ နေလာခဲ့တဲ့ သက်တမ်းမှ သိပ်မနည်းလှတော့ပြီပဲလေ။

သေသူကို ရှင်သူက တ ကျန်ရစ်ရတာလည်း လောကတံထွာ ဓမ္မတာပါပဲလေ။

အသင့်အတင့် နှလုံးသွင်းရမှာပေါ့။ ရှင်နေသခိုက်ကလေးမှာ စိတ်ဆိုး စိတ်ပုပ်တွေ ပါးနိုင်သမျှ ပါးအောင် အတတ်နိုင်ဆုံး ကြိုးစားရင်း လွမ်းစရာဆိုလည်း လွမ်းလိုက်၊ မေ့သွားတဲ့အခါလည်း မေ့လိုက်နဲ့ပဲ ကျန်တဲ့ရက်တွေကို ဆက်လက်ဖြတ်သန်းကြရမှာပေါ့ဗျာ။

Mung Shadan ဟာဆြာလည်း စကားလုံးဆက်တမ်းကစားခဲ့ဖူးတာကိုး။ ကျနော်လည်းအရမ်းကြိုက်တယ် အခုလည်း အိမ်မှာ ဝယ်ထားပြီး တစ်ယောက်ထဲ တစ်ခါတစ်လေဆော့ဖြစ်သေး

Thet Chow သည်လောက်ကြိုက်တာ ဝင်းဦး ရဲ့ biography ရေးပါလား။ သူ့ကို ကိုယ့် taste မဟုတ်လို့ မကြိုက်ပေမဲ့ သူ့ရဲ့ စွမ်းရည် ဝိရိယ အနုပညာကိုတော့ သိတ်လေးစားပါတယ်။ သူဘာလုပ်လုပ် ကွာလတီကို သိတ် အလေးထားတာကို သဘောအကျဆုံးဘဲ။ တချိန်က ကြူ ရှင်အကျော် အမော် ဆရာကြီးများလည်း စာသင်တာ ဒီလောက်ကောင်းကြ တာ သူတို့ရဲ့ Teaching technique တွေကို Seminar တို့ training တို့ ပေးခွင့်ရလိုက်ရင် ဘယ်လောက်ကောင်းမလဲနော်။

ATK ၀င်းဦး အတ္ထုပ္ပတ္တိကို ရေးချင်ပါတယ်။ သူ ဆုံးခါစက သူနဲ့ ထိစပ် ပတ်သက်ခဲ့ဖူးသူတွေကို တွေ့ဆုံ မေးမြန်းပြီး သူတို့ပြောတဲ့ ၀င်းဦးအကြောင်းဆိုတဲ့ ခေါင်းစဉ်နဲ့ မဟေသီမဂ္ဂဇင်းမှာ အခန်းဆက် ရေးခဲ့ဖူးတယ်။ ချိုပြုံး၊ အောင်လွင်၊ ခင်ယုမေ၊ ၀င်းဦးရဲ့ မိထွေးတော် ဒေါ်အုန်းခင်၊ သူ့ညီ အောင်မိုးစသဖြင့်ပေါ့။

အခုတော့ အဲဒီ့စာမူတွေ ဘယ်ရောက်ကုန်မှန်းလည်း မသိတော့ဘူး။ မဟေသီအဟောင်းတွေလည်း ဘယ်လိုက်ရှာရမှန်း မသိတော့ဘူး

ပြည့်ပြည့်စုံစုံလည်း မရလိုက်ပါဘူး။ အဲဒီ့တုန်းက သုံးဆယ်ကျော်၊ မာန်ကလေး တစွေးစွေးနဲ့ဆိုတော့ မဟေသီရဲ့ ရပ်တည်ချက်ကို သည်းမခံနိုင်တော့တာနဲ့ ရပ်ချပစ်ခဲ့တာပေါ။ အခုကျတော့ နှမျောနေမိတယ်။

ကျူရှင်ဆရာတွေနဲ့ ပတ်သက်တဲ့ မှတ်ချက်အတွက်ကတော့ ဗမာပြည်ကြီးမှာ …ရင် ဘယ်လောက်ကောင်းမလဲနော်ဆိုတာတွေက တစ်သီကြီးပါ သူငယ်ချင်းရယ်။

Thet Chow သက်ပြင်းချယုံ မှလွဲ ရ်ျ ကျမကကော ဘာများတတ်နိုင်ပါဦးမည်တည်း။

ATK သြော… ဗန်းမော်သက်မာ ဖြစ်သွားရှာသကိုး

Thet Chow ဟိ

Ei Yupar Win အရီးစံရဲ့ စကားလုံးတွေကို အကြိုက်ဆုံးပဲ။ ဆရာ့အကြောင်း အဲဒီလောက်တောင် ပိုင်ပိုင်နိုင်နိုင်သိနေတာ။

၂၀၁၅ ခုနှစ် ဧပြီလ ၁၆ ရက် (ဇင်းမယ်)

ကိုရွှေဘိုနီက ဆိုခဲ့တဲ့အတိုင်း လူကုံထံမိသားစုက ပေါက်ဖွားတာမို့ သူတို့အိမ်မှာ အဲသလို ကစားနည်းများအတွက် ပစ္စည်း စုံစုံလင်လင် ရှိပါတယ်။ ဒါ့အပြင် ကစားနည်း အထောက်အကူပြု စာအုပ်တွေလည်း ရှိတယ်။ အခုထက်ထိ သူ့အဖေ ကျွန်တော့်ကို ပေးထားတဲ့ Scrabble ကစားနည်း စာအုပ်တစ်အုပ်ရယ်၊ နိုင်ငံခြားကလာတဲ့ (အင်္ဂလန်ပြည်ဖြစ်တောင် ထင်တယ်) Scrabble ကစားစရာ ကတ်ပြားနဲ့ စာလုံးအစုံအတွဲရယ်က ကျွန်တော့်ဆီမှာ ရှိနေပါသေးတယ်။

ကိုရွှေဘိုနီက စစ်တုရင်လည်း အလွန် ကျွမ်းပါတယ်။ ကျွန်တော်က စစ်တုရင်ကို အရုပ်တွေ ကောင်းကောင်း ရွှေ့တတ်ပေမယ့် နိုင်အောင် မကစားနိုင်ပါဘူး။ ကျွန်တော်မှ ကွက်ကျော် မမြင်တတ်တာကိုး။ ကိုရွှေဘိုနီက အဲဒီ့အတတ်မှာ တစ်ဖက်ကမ်းခတ်ပါတယ်။ အဲတော့ လေး-ငါးပွဲလောက် ကစားပြီးတဲ့နောက် သူနဲ့ ကျွန်တော် တစ်သက်စာ စစ်တုရင် မထိုးကြတော့ပါဘူး။

Scrabble မှာကျတော့ နှစ်ယောက်စလုံး လက်ညီပါတယ်။ ကစားတဲ့အခါ လူတွေရဲ့ စရိုက်တွေက ပေါ်လာတယ်။ ကျွန်တော်က ညစ်တတ်တယ်။ ညစ်တယ်ဆိုတာက ဘောင်အတွင်းက ညစ်တာပါ။ သည်ကောင်ကလည်း ဘောင်အတွင်းကပဲ ကျွန်တော့်ကို ပြန်ညစ်ပါတယ်။ Scrabble မှာ ပညာသားပါပါနဲ့ ညစ်နည်းကို အဲဒီ့ကောင် ကျွန်တော့်ကို သင်ပေးခဲ့တာလို့ ပြောလို့ရပါလိမ့်မယ်။

သေချာတာကတော့ သူက အလေ့အကျင့်ပိုများတဲ့အတွက် အကွက်တွေကို ကြိုမြင်တယ်။ အကွက်တွေကို အဆင့်ပေါင်းများစွာ ကြိုပြီး တွက်ချက် စဉ်းစားလေ့ရှိတယ်။

နောင်အခါကျတော့ သူက ပြောပြပါတယ်။ သူ့အဖေရဲ့ လေ့ကျင့်ပျိုးထောင်မှုတဲ့။ သူ့အဖေက စာလည်း အင်မတန် ဖတ်သလို အဲဒီ့ ကစားနည်းတွေကိုလည်း အင်မတန် စိတ်ဝင်စားပါတယ်။ စစ်တုရင် ထိုးနည်း၊ စာလုံးဆက် ကစားနည်း၊ ရုပ်ပုံအပိုင်းအစပေါင်းစုံကို ရုပ်ပုံပြန်ဖော်နည်း အစရှိတဲ့ ဉာဏ်သုံးရတဲ့ ကစားနည်းတွေအတွက် သီးသန့်စာအုပ်တွေ အစုံလည်း သူတို့အိမ်မှာ ရှိခဲ့ပါတယ်။ ဘိုနီက အဲဒါတွေကို ဖတ်ရှုမှတ်သား၊ အဖေနဲ့ ကစားရင်း လက်ရည် တက်လာခဲ့တာပါပဲ။

လောကမှာ ဆံရယ်၊ အသံရယ်၊ ကံရယ်၊ ဉာဏ်ရယ်က တစ်ယောက်နဲ့ တစ်ယောက် ယှဉ်လို့ မရဘူးလို့ အဆိုရှိပါတယ်။

သိပ်မှန်တာပေါ့။ ဆံပင်လည်း ပျော့တဲ့သူက ပျော့၊ ကောက်တဲ့သူက ကောက်၊ သန်တဲ့သူက သန်၊ မသန်တဲ့သူက မသန်။ သူ့ဟာနဲ့သူ ဖြစ်နေတာ။ အသံလည်း ထိုနည်းလည်းကောင်း။ အတိတ်ကံလို့ ဗုဒ္ဓဘာသာဝင်တွေ သက်ဝင်ယုံကြည်ကြတဲ့ လူဖြစ်ရတဲ့ ကံချင်းကျတော့လည်း မယှဉ်သာပါဘူး။

ဘိုနီ့ကံနဲ့ ကျွန်တော့်ကံနဲ့က တခြားစီပါ။ မိဘတွေရဲ့ ကြွယ်ဝချမ်းသာမှုကို အသာဖယ်ထားဦး၊ စာဖတ်တဲ့၊ စာကောင်းကောင်းတတ်ပြီး တစ်အိမ်လုံး အင်္ဂလိပ်လို ပြောတဲ့ မိဘများဆီမှာ ပေါက်ဖွားတာကိုက သိပ်ကို အားကျစရာ ကောင်းတဲ့၊ တော်ရုံလူ မယှဉ်နိုင်တဲ့ ကံပါ။

သူ့မိဘဘိုးဘွားအစဉ်အဆက် ကြွယ်ဝပုံကလည်း တကယ့်ကြောက်စရာပါခင်ဗျ။ သူ့အဘိုး၊ သူ့အဖေရဲ့ အဖေက အင်္ဂလိပ်လက်ထက်က ပညာရေးဝန်ကြီးပါ။ စစ်ကိုင်းဦးဘိုးသင်းရဲ့ အတ္ထုပ္ပတ္တိစာအုပ်ထဲမှာလည်း ပါခဲ့ပါတယ်။ အင်္ဂလိပ်အစိုးရလက်ထက်မှာ ၀န်ကြီးဖြစ်ဖို့က တော်ရိလျော်ရိနဲ့ မဖြစ်နိုင်ပါဘူး။ သူတို့ အင်္ဂလိပ်တွေနဲ့ တန်းတူ စာတတ်ပေတတ်မှ ဖြစ်တာပါ။ အဲသလို စာတတ်ပေတတ်ဖြစ်ဖို့ကလည်း မိဘတွေက ကျောင်းကောင်းမှာ ထားနိုင်အောင် ကြွယ်ဝချမ်းသာနေမှသာ ဖြစ်ပါလိမ့်မယ်။

ကျွန်တော် သေချာတော့ မသိဘူး။ ဘိုနီ့ ဘိုးဘေးများဟာ မြစ်ဝကျွန်းပေါ်ဘက်မှာ ဆန်စက်တွေ ပိုင်ဆိုင်ခဲ့ကြဖူးတယ်လို့ သိထားပါတယ်။

မြေပိုင်ရှင်သူကြွယ်ကြီးများ

ကျွန်တော်သိတာကတော့ ရန်ကုန်မြို့မှာ လက်ညှိုးထိုးမလွဲအောင် မြေကွက်တွေ အများကြီး ပိုင်ဆိုင်တာပါပဲ။

အဲဒီ့မြေကွက်တွေဟာလည်း တကယ့် လူကုံထံ ရပ်ကွက်တွေမှာ ကျယ်ကျယ်ပြောပြောကို ပိုင်ဆိုင်တာပါ။ နမူနာ တစ်ခုပဲ ပြောပါ့မယ်။ ကနေ့ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာ လမ်းမကြီးပေါ်က နိုင်ငံခြားဘာသာ တက္ကသိုလ် မြေကွက်ကြီးတစ်ခုလုံးဟာ ဘိုနီ့အဖေဆီကနေ အစိုးရက သိမ်းယူသွားခဲ့တဲ့ မြေကွက်ကြီး ဖြစ်ပါတယ်။ ဒါ များစွာသော နမူနာထဲက တစ်ခုပါ။

နောက်နမူနာတစ်ခုကတော့ ကျွန်တော် ရှေ့နေလုပ်နေစဉ် ကျွန်တော့်ကို အပ်တဲ့ အမှုပါ။ အဲဒါလည်း အန်ကယ် ရောင်းစားချင်တိုင်း ရောင်းစားခဲ့လို့ ကျန်တဲ သင်္ဃန်းကျွန်းဘက်က မြေတွေ ဖြစ်ပါတယ်။ ကျွန်တော့်လက်ထဲကို အဲဒီ့အမှု ရောက်လာချိန်မှာ ကျန်တဲ့ မြေကွက်အရေအတွက်က သိပ်မများပါဘူးခင်ဗျာ။ စုစုပေါင်းမှ ၁၄၄ (တစ်ရာနဲ့မှ လေးဆယ့်လေး)ကွက်ကလေးရယ်ပါ။

အဲဒီ့မြေကွက်တွေပေါ်မှာ ရှိနေတဲ့ ကျူးကျော်တွေကို ကျွန်တော် ဘယ်လို ရှင်းတတ်မှာလဲဗျာ။ အဲဒီ့အမှုလည်း ကျွန်တော့်လက်ထဲသာ ရောက်လာပါတယ်။ ဘာခရီးမှ မရောက်ခဲ့ပါဘူး။ အရင် အန်ကယ့်အဖေ လက်ထက်က အဲဒီ့မြေကွက်မှုတွေ ကိုင်ခဲ့တဲ့ ရှေ့နေ အဘိုးကြီး တစ်ယောက်ကို အင်းစိန်မှာ ကျွန်တော် သုံး-လေး-ခေါက် သွားတွေ့ခဲ့ပါသေးတယ်။ ဘိုးတော်စကားအရ အဆုံးထားရမယ့် မြေတွေမှန်း သိလိုက်ပါတယ်။ အဆုံးထားလိုက်လို့လည်း အန်ကယ်တို့မှာ တခြားမြေကွက်ကောင်းတွေက အဲဒီ့အချိန်အထိ အတော်အတန် ကျန်နေပါသေးတယ်။

အဲသလို မြေကွက်ပေါင်းများစွာကို တစ်တိတစ်တိ ချရောင်းပြီး ဘိုနီ့ဖခင်ဟာ တစ်သက်လုံး ဘာအလုပ်ဆို ဘာအလုပ်မှ မလုပ်ဘဲ ဇိမ်ကျကျ စတိုင်အပြည့်နဲ့ နေသွားခဲ့တာ ဖြစ်ပါတယ်။ သူကိုယ်တိုင် အလုပ်မလုပ်တဲ့ အပြင် အလုပ်လုပ်တဲ့သူတွေကို သရော်တတ်ပါသေးသတဲ့။ အဲလို သရော်တဲ့အကြောင်းတော့ ဘိုနီ ပြောပြလို့ သိတာပါ။

ဘိုနီ့ ဖခင်က တစ်ဦးတည်းသော သားပါ။ မိဘ ဘိုးဘွားက အဲသလောက် ကြွယ်ဝချမ်းသာတော့ တကယ်လည်း သူ ဘာအလုပ်မှ လုပ်စရာ မလိုခဲ့ပါဘူး။ ၀ါသနာပါတာတွေ လျှောက်လုပ်နေခဲ့ရင်း ဘ၀ကို အေးချမ်းစွာ၊ ဇိမ်ကျစွာ ဖြတ်သန်းခဲ့တာဖြစ်ပါတယ်။

အန်ကယ်က တစ်ဦးတည်းသော သားဖြစ်တာနဲ့အညီ ကျွန်တော့်ကိုလည်း ဘိုနီ့ သူငယ်ချင်းတကာအနက်မှာ ရှားရှားပါးပါး တစ်ဦးတည်းသော သားအဖြစ်နဲ့ မှတ်မှတ်ထင်ထင် ရှိနေခဲ့ပါတယ်။ ကျွန်တော့်ကို ဆယ်ခါဆုံရင် ကိုးခါမှာ သူပြောနေကျ စကားတစ်ခုရှိပါတယ်။ သူပြောတာကတော့ အင်္ဂလိပ်လိုပါ။ အဓိပ္ပာယ်ကတော့ “သားကောင်းတစ်ယောက်ဟာ ဘယ်တော့မှ လင်ကောင်း မဖြစ်နိုင်ဘူး၊ လင်ကောင်းတစ်ယောက်ဟာလည်း ဘယ်တော့မှ သားကောင်းတစ်ယောက် မဖြစ်နိုင်ဘူး။ အဲဒါ တစ်ဦးတည်းသော သားတွေရဲ့ ဘ၀ပဲကွ”တဲ့။

ဂလိုကိုး

ငယ်တုန်းကတော့ အန်ကယ့်ဆီက အဲဒီ့စကားကို ခဏခဏ ကြားခဲ့ပြီး အဓိပ္ပာယ်ကို နားလည်သလိုလိုနဲ့ နားမလည်ခဲ့ပါဘူး။ အန်ကယ် ဘာ့ကြောင့် တရရ ပြောတတ်တာလဲလို့လည်း မတွေးတတ်ခဲ့ဘူး။

အဟဲ… ကိုယ်တိုင် အရွယ်ရောက်ပြီး အိမ်ထောင်ကျ၊ ကျွန်တော့် အိမ်ထောင်ရေးကို မေမေက ကောင်းကောင်း သမလေတော့မှ အဲဒီ့စကားကို သဘောပေါက်လာခဲ့ပါတယ်။ နောက်ဆုံးမှာ ကျွန်တော်ဟာ လင်ကောင်းတစ်ယောက်ဘ၀ကို ရွေးချယ်ခဲ့ပါတော့တယ်။

အဟဲ… ဘိုနီ ကျွန်တော့်ကို သေတဲ့အထိ ပြောမသွားတဲ့ အန်ကယ့်လျှို့ဝှက်ချက်ကိုလည်း တစ်စုံတစ်ဦးဆီက အမှတ်မထင် သိလိုက်ရာကနေ အန်ကယ် ဘာ့ကြောင့် အဲဒီ့စကားကို ပြောခဲ့တယ်ဆိုတာလည်း သဘောပေါက်လာခဲ့ပါတယ်။

အန်ကယ် ချစ်တဲ့သူက တစ်ယောက်၊ အန်ကယ် လက်ထပ်လိုက်ရသူက တစ်ယောက် ဖြစ်နေခဲ့ပေတာကိုး။ အန်ကယ်က သားကောင်းတစ်ယောက် ဘ၀ကို ရွေးချယ်လိုက်ရတဲ့အတွက် ချစ်တဲ့သူနဲ့ ကွေကွင်းခဲ့ရတာ ဖြစ်ပါလိမ့်မယ်။ အဲဒါကို ရည်ရွယ်ပြီး အန်ကယ်က နှောင်းနောင်တနဲ့ ကျွန်တော့်ကို တွေ့တိုင်းနီးပါး သည်စကားကို အထပ်ထပ်ရွတ်ခဲ့တာပါပဲ။

ဘိုနီက သူသေသည်အထိ သူ့အဖေ ဇာတ်လမ်းကို ပြောမသွားခဲ့သော်လည်း မနေ့ နေ့လယ်ကတော့ လာပြောသွားသဗျ။

ဖြစ်ပုံက မနေ့က နေ့ခင်း တစ်ရေး အိပ်တော့ သင်း ကျွန်တော့်အိပ်မက်ထဲ ရောက်လာတာ။

ရောက်လာမှာပေါ့။ သူနဲ့ ပတ်သက်ပြီး စရေးနေပြီကိုး။

နေဦးဗျ။ သည်အစုတ်ထုပ်ကျမှ ဘာဖြစ်တယ် မသိဘူး။ အစုတ်ထုပ်ထဲ ထည့်ရေးမိရင် ကျွန်တော့် အိပ်မက်ထဲကို မဆိုင်းမတွ ရောက်လာတာ သင်းပါနဲ့ဆို နှစ်ယောက်ရှိသွားပြီ။ ပထမ ဆရာနိုး။ အခု သင်း။

များသောအားဖြင့် အိပ်မက်ဆိုတာ နိုးလာရင် ဝေတေ၀ါးတားပေမယ့် သည်အိပ်မက်နှစ်ခုစလုံးက စင်းစင်းကြီးတွေ။ အကုန် မှတ်မိနေတယ်။

အိပ်မက်ထဲက သူငယ်ချင်း

ဘိုနီက သူ့အဖေနဲ့ ဖြစ်ခဲ့တဲ့ အမျိုးသမီးအကြောင်း ကျွန်တော့်ကို ပြန်ပြောပြတာပါ။ အမယ်… နာမည်နဲ့တောင် အတိအကျ ပြောသွားသဗျ။ နာမည်မှ မြန်မာနာမည်နဲ့တောင် မဟုတ်ဘူး၊ အင်္ဂလိပ်နာမည်နဲ့။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲဗျာ။ အိပ်မက်က အိပ်မက်ပေါ့။

မေမေ့အလိုအရဆိုရင်တော့ သွားလေသူဟာ အိပ်မက်ထဲမှာ စကားပြောပြီဆိုရင် သွားလေသူက လူပြန်ဖြစ်နေပြီလို့ ဆိုသဗျို့။ ဒါက မေမေ့ အယူပါ။

ကျွန်တော်ကတော့ အဲသလို မယူဘူး။ စိတ်ပညာသဘောအရ အိပ်မက်ဆိုတာ လက်တွေ့ဘ၀ထဲက ခံစားချက်တွေကို အထုပ်ဖြည်တာ သက်သက်ပါ။ တစ်နည်းပြောရရင် လက်တွေ့ဘ၀အတွက် ဆင်ခြေဆင်လက်၊ ဖြေပြေရာကို အိပ်မက်နဲ့ ဖော်ကျူးပါတယ်။

ဟုတ်လောက်ပါတယ်။ ဘိုနီနဲ့ ပတ်သက်ရင် ကျွန်တော့်မှာ အားနာစရာတွေ ရှိတယ်။ သူ့ရောဂါ၊ သူ့အခြေအနေကို သိနေပါလျက်ကနဲ့ ကျွန်တော် သူ့ကို သွားမတွေ့နိုင်ခဲ့တာက တစ်ချက်၊ သူ့ဈာပနကို ကျွန်တော် မရောက်နိုင်ခဲ့တာက တစ်ချက်၊ ပေါင်း နှစ်ချက်က အဓိက ဖြစ်ပါတယ်။

အမှန်တော့ သူမကွယ်လွန်ခင်မှာ ကျွန်တော် သွားတွေ့ဖို့ ကြိုးစားခဲ့ပါသေးတယ်။ ငယ်ကတည်းက သူ့အိမ်ကို တံခါးမရှိ၊ ဓားမရှိ ၀င်ထွက် သွားလာနိုင်ခဲ့တဲ့ ကျွန်တော်ဟာ သေခါနီး အရွယ်ကြီးရောက်တော့မှ သူ့အိမ်ထဲကို ၀င်ခွင့် မရတော့ပါဘူး။

ကျွန်တော့်အမှားကတော့ ဖုန်းကြိုမဆက်မိတာပါ။ သူ့အိမ်ကို ရောက်သွားချိန်မှာ ခြံဝမှာတင် မတ်တတ်ရပ်ပြီး သူ့အိမ်ဖော်က အင်တာဗျူး လုပ်တာ ခံရပါတယ်။ သူ့အိမ်ဖော်က အိမ်တွင်းကို ပြန်သတင်းပို့ပါတယ်။ ခဏနေတော့ အန်ကယ် အိပ်နေပါတယ်လို့ လာဖြေပါတယ်။ အန်ကယ့်ဇနီးကို မေးတော့လည်း အိမ်တွင်းကို ပြန်သတင်းပို့ပြန်ပါတယ်။ အန်ကယ့် ဇနီးလည်း အိပ်နေပါတယ်နဲ့ဆက်တိုးပါတယ်။

ဖုန်းကြိုမဆက်မိတဲ့ ကိုယ့်ကိုယ်ကိုယ် ကျိန်ဆဲရင်း ကျွန်တော် တပ်ခေါက်ပြန်ခဲ့တယ်။ နောက်တစ်ကြိမ်ကျတော့ ကျွန်တော် ဖုန်းဆက်ပါတယ်။ သူ့ဇနီးက သူ့ဖုန်းကို ဖြေပါတယ်။ သူ့ဇနီးဆိုတာကလည်း ကျွန်တော်နဲ့ နင်တစ်လုံး၊ ငါတစ်လုံး ပြောကြတဲ့ သူငယ်ချင်းတွေပါပဲ။

သည်တစ်ခါကျတော့လည်း တွေ့ဖို့က တော်တော် ခက်သွားပြန်ပါတယ်။ သူက ရန်ကုန်က သူ့အိမ်မှာ မနေတော့ဘဲ ရန်ကုန်နဲ့ မိုင် ၃၀ လောက်ဝေးတဲ့ နေရာက သူ့ခြံကြီးထဲမှာ သွားနေနေတယ်လို့ သူ့ဇနီးက ဖြေပါတယ်။ သူ့ဇနီးလည်း အဲဒီ့မှာ ရောက်နေတယ်ပေါ့။

သူ့ခြံကြီးကို သူနဲ့အတူ ကျွန်တော် ငါးကြိမ်လောက် ရောက်ဖူးသည့်တိုင် မသွားတတ်ပါဘူး။ လမ်းမကြီးကနေ ညာဘက်ချိုးရမှန်းတော့ သိတယ်၊ ဘယ်နားကျ ချိုးရမယ်မှန်း မသိဘူး။ စုံစမ်းလိုက်ရင်တော့ အဆင်ပြေနိုင်ပေမယ့် ကျွန်တော့်မှာလည်း အလုပ်က များ၊ ကျွန်တော်ကိုယ်တိုင်ကလည်း အားတိုင်း ခရီးသွားနေရလေတော့ကာ စိတ်ကသာ သွားဦးမယ်လို့ တေးထားရင်း လူကတော့ ရောက်ကို မသွားဖြစ်တော့ဘူး။

၂၀၁၅ ဇန္န၀ါရီ ၂၀ ရက်နေ့မှာ ကျွန်တော် ဘန်ကောက်ကို အလုပ်နဲ့ သွားရပါတယ်။ ကျွန်တော့် အိမ်သူကိုပါ တစ်ပါတည်း ခေါ်သွားလိုက်တယ်။ ရောက်တုန်းမှာ နှစ်ယောက်သား ဆေးကုစရာရှိတာလေးတွေလည်း ကုနိုင်အောင်လို့ပါ။

ဘန်ကောက်ကို ရောက်နေတုန်း ကျွန်တော့်သမီးဆီက သတင်းရပါတယ်။ ဘိုနီ ဆုံးသွားပြီတဲ့။ နောက်ဆုံးအခြေအနေကို ရောက်နေပြီမှန်း သိထားပြီးသားမို့ အတည်ပြုချက်ရတဲ့ သဘောလောက်ပဲ ရှိပါတော့တယ်။ ဈာပနရက်ကို မေးတော့ ကျွန်တော်တို့ ရန်ကုန်ကို ပြန်မရောက်နိုင်သေးတဲ့ ရက်ဖြစ်နေပြန်တယ်။

ကိစ္စတော့လည်း မရှိပါဘူး။ သူက စီးပွားရေးနယ်ပယ်မှာ အရမ်းအောင်မြင်နေတဲ့သူ ဖြစ်လေတော့ကာ သူ့ဈာပန မလွဲမသွေ စည်ကားမယ်ဆိုတာ ဗေဒင်မေးစရာ မလိုပါဘူး။ ကျွန်တော်တစ်ယောက် ရောက်မသွားလို့လည်း ဓာတ်သိတွေလောက်ကသာ သတိထားမိမှာပါ။ ရောက်သွားလည်း ဓာတ်သိတွေလောက်ကသာ ခေါင်းညိတ် ပြုံးပြ လုပ်ကြမှာပါ။ သွားလေသူကလည်း ကျွန်တော်ရောက်ခြင်း မရောက်ခြင်းကို ဥပါဒ်နိုင်အားမယ် မထင်တော့ပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်ရင်ထဲမှာတော့ ကျွန်တော့်ပျက်ကွက်မှုအတွက် စိတ်မကောင်းဖြစ်နေတာလည်း အမှန်ပါပဲ။ အဲဒါကို ဖြေလျှော့ဖို့အတွက် သူ့ကို အိပ်မက်မက်ပေးရတာ စိတ်ရဲ့ သဘောပါပဲ။

မေမေ ယူကောက်တတ်သလို သူ လူပြန်ဖြစ်နေပြီဆိုရင်လည်း ၀မ်းသာစရာပေါ့ဗျာ။ သေတာမှ သုံးလတောင် ကောင်းကောင်း မပြည့်တတ်ချင်သေးဘူး၊ လူပြန်ဖြစ်နေပြီဆိုလို့ကတော့ ၀မ်းသာစရာပေါ့နော်။

သူ့သဘာဝ

သူနဲ့ စာလုံးဆက်တမ်း ကစားရင်း သိလာရတဲ့ သူ့စရိုက်ကတော့ သူဟာ အင်မတန် အနိုင်ရချင်တဲ့သူ ဆိုတာပါပဲ။ လူတိုင်းကတော့ သည်လိုပဲ ဖြစ်မယ်ထင်ပါတယ်။ ကစားပြီဆိုမှတော့ နိုင်ချင်ကြသူချည်းပဲ ဖြစ်ပါလိမ့်မယ်။

ကျွန်တော်ကတော့ နေရာတကာမှာ ခပ်ကြောင်ကြောင်သမားဆိုတော့ အဲလို စိတ်မျိုးလည်း သိပ်ပြင်းပြင်းပြပြ မရှိလှဘူးဗျ။ နိုင်လိုသူကို အရှုံးပေး၊ နှလုံးအေးတဲ့ ဆေးဆိုတဲ့ စကားအို စကားဆွေးကြီးကြောင့်တော့ မဟုတ်ဘူး။ ကျွန်တော့် ပင်ကို စိတ်အခံကိုက ကိုယ့်စိတ်ကို သိပ်အထိခိုက် မခံချင်တဲ့ သဘာဝကြောင့် ဖြစ်ပါလိမ့်မယ်။

ပြိုင်တာတွေ၊ နိုင်တာတွေက စိတ်ကို ပင်ပန်းဆင်းရဲစေတယ်။ ကျွန်တော်က ကျွန်တော့်စိတ်ကို ပိုးမွေးသလို မွေးနေတာ။ အထိခိုက် မခံနိုင်ဘူး။ အဲတော့ ပြိုင်တာက ကျွန်တော့်ဝါသနာ မဟုတ်ဘူး။ တစ်ဖက်လူ နိုင်သွားလို့လည်း နည်းနည်းပါးပါးတော့ ခံစားရပေမယ့် စိတ်ထဲ သိပ်ကြာကြာ မထားတတ်ဘူး။ ကိုယ်ညံ့တာ ကိုယ့်ဘာသာ အသိအမှတ်ပြုလိုက်ပြီး ပြီးသွားတာပဲ။

သည်ကောင်ကတော့ အဲသလို မဟုတ်ဘူး။ သူက တနုံ့နုံ့နဲ့ မပြီးတတ်ဘူးဗျ။

သူတနုံ့နုံ့ဖြစ်တတ်ပုံ နမူနာကတော့ သိပ်လှတယ်။ သည်ကောင် ကလိထိုး မခံနိုင်ဘူး။ ကလိထိုးခံလိုက်ရရင် ရယ်တော့တာ။ ရယ်တာကလည်း မဆုံးဘူး။ ကလိထိုးတဲ့သူကသာ ရပ်လိုက်တယ်၊ သူက အရယ်မရပ်တာများ နောက်ထပ် နှစ်မိနစ်၊ သုံးမိနစ်ကြာသဗျ။ သူ့အူထဲမှာကိုက ကလိအထိုးခံလိုက်ရတာကို တွေးတွေးပြီး ရယ်မဆုံး ဖြစ်နေတာတဲ့ဗျား။ မခက်လား။

အဲလိုကောင်ဆိုတော့ အရှုံးကိုလည်း တနုံ့နုံ့နဲ့ ခံစားမဆုံး ဖြစ်နေပါလိမ့်မယ်။

ကျွန်တော်နဲ့ ပတ်သက်လို့လည်း သူ့ခမျာ သေတဲ့အထိ နိုင်ချင်တာ တစ်ခုရှိသေးတယ်။ အဲဒါက ကျောင်းစာမှာပါ။

သေတဲ့အထိလို့ ပြောရတာက သူ့အဖေလိုပဲ သူ ကျွန်တော့်ကို ကြုံတိုင်း အသားယူပြောလေ့ရှိတဲ့ စကားတစ်ခွန်းကြောင့် ဖြစ်ပါတယ်။ သူနဲ့ ကျွန်တော်နဲ့က နောက်ပိုင်းမှာ သိပ်မဆုံဖြစ်တော့ပါဘူး။ သူ့ကို တွေ့ချင်ရင် ကျွန်တော်ကချည်း အားထုတ်ကြိုးစားနေရတဲ့ဘ၀ကို ခါးသီးလာတဲ့အတွက် ကျွန်တော့်ဘက်က ရပ်ချလိုက်တာ သူကွယ်လွန်ချိန်အထိ နှစ် အစိတ်လောက် ကြာသွားခဲ့ပါတယ်။

ကျွန်တော့်သဘာဝ

ငယ်ဘ၀တုန်းက သူလည်း ကိုယ့်ဆီလာ၊ ကိုယ်လည်း သူ့ဆီသွား၊ တဟေးဟေးတဟားဟား နေအားနိုင်ခဲ့ကြပေမယ့် သူအိမ်ထောင်ကျပြီးတဲ့နောက်ပိုင်းမှာ ကျွန်တော်က သွားမှသာ သူ့ကို တွေ့ရတာ ဖြစ်ပြီး သူ့ဘက်က ကျွန်တော့်ဆီ လာတာ မရှိသလောက် ဖြစ်လာပါတယ်။ သူက ကျွန်တော့်အရင် ငါးနှစ်လောက် စောပြီး အိမ်ထောင်ကျတယ်။

သူအိမ်ထောင်ကျပြီးတဲ့နောက်ပိုင်းလည်း ကျွန်တော့်ဘက်က အ၀င်အထွက် မပျက်သေးပါဘူး။ နောက်ပိုင်း ကျွန်တော် ဥရောပသမဂ္ဂမှာ အလုပ်ဝင်ပြီးတဲ့နောက်မှာတော့ အဆက်က အလိုလို ပြတ်သွားတော့တာပါ။ သူလည်း ကျွန်တော့်ဆီ မလာပါဘူး။ ကျွန်တော်လည်း သူ့ဆီ မသွားတော့ပါဘူး။

နောက်တစ်ချက်က သူ့အသည်းမှာ စီပိုးတွေ့တဲ့အတွက် သူ အရက် မသောက်တော့တာကြောင့်လည်း ပါပါတယ်။ အသောက်သမား မဟုတ်တော့တဲ့အတွက် သီတင်းလွေ့ဖို့ ခက်သွားတာလည်း ဖြစ်ပါတယ်။

နောက်ဆုံးတစ်ချက်ကတော့ သူ တအားချမ်းသာ အောင်မြင်နေခြင်းကလည်း ကျွန်တော့်ကို သူ့ဆီ မသွားဖြစ်စေတော့ပါဘူး။ ကျွန်တော့် စရိုက်ကလည်း သည်နေရာမှာ စကားပြောပါတယ်။ အောင်မြင်နေသူတွေကိုဆို သိပ်မပတ်သက်ချင်ပါဘူး။ မနာလိုစိတ်၊ ဘာစိတ်၊ ညာစိတ်ကြောင့် မဟုတ်ပါဘူး။ အောင်မြင်နေသူတွေဆီကို အောင်မြင်နေခိုက်သွားလိုက်ရင် သူတို့ဆီက တစ်ခုခု မျှော်လင့်လို့ လာပေါင်းနေတယ်လို့ အထင်မခံချင်တဲ့ စိတ်ရင်းက အဓိကပါပဲ။

ညီရင်းအစ်ကိုလို အင်မတန်ရင်းနှီးတဲ့ ပြောမနာ ဆိုမနာ ကြီးပေါင်းတစ်ယောက်ကဆို ကျွန်တော့်ကို ပြောဖူးတယ်။ ကျွန်တော်က သိပ်မာနကြီးသတဲ့။ ဆွဲတောင် ထိုးချင်လောက်အောင် မာနကြီးတယ်ဆိုပဲ။

သည်အပိုင်းမှာ ပြောကြတာ…

Kyi Kyi Khin ဟုတ်တယ် ကျမလဲ အရမ်း နာမည်ကြီး အောင်မြင်နေသူဆို ခပ်ဝေးဝေး နေချင်တာ။ ဘယ်လောက်ခင်ခင်။ သူအောင်မြင်လို့ သူ့ဆီက တခုခု မျှော်ကိုးတယ် ထင်မှာ စိုးတာ။

နာမည်ကြီးတွေနဲ့လည်း ဓါတ်ပုံတွဲမရိုက်ချင်ဘူး။ အဲဒါကလဲ ကန့်လန့်အကျင့်ထင်တာပဲ။

ATK ဒါ့ကြောင့် ကျမ ခင်မင်းဇော်ဘာရှန်ဆိုပြီး အောင်မြင်လာကတည်းက ခမျာ့ကိုလည်း ကျွန်တော် ခပ်ရှောင်ရှောင်နေပြီး Ka Minzaw မျက်နှာမွဲလေးကိုပဲ အရက်တွေ ဖိတိုက်မိတာပဲ။ 😀

Kyi Kyi Khin ဟာ အဲဒါအောင်မြင်တာမှ မဟုတ်တာ။ အလုပ်သဘောအရ လူသိတာပါ။

ATKyaw အောင်မြင် ထင်ရှား လူသိများ… တူဒူပေါ့ဂျ

Kyi Kyi Khin ကျမတော့ အပြင်သွားရင် ကျမကို မမှတ်မိအောင် နေတယ်။ မှတ်မိနေရင် နှုတ်မဆက်မိတာ ဘာညာ ဆို မကောင်းဘူးလေ။

Alex Moe ဆြာ့ဘော်ဒါကလည်းချမ်းသာပေမဲ့. စောစောသေသွားရှာတယ်. သနားစရာပဲ.

Win Min Oo Comet ဆရာသော်တာဆွေ ရဲ့ ဦးမြမောင် ဆရာကျော် ရဲ့ ဦးဘိုနီ ပေါ့

၂၀၁၅ ခုနှစ် ဧပြီလ ၁၇ ရက် (ဇင်းမယ်)

မာနမင်းသား

သူ အဲလို ပြောတာကလည်း အကြောင်းရှိပါတယ်။ ၂၀၀၃ ခုနှစ်မှာ ကျွန်တော့်မှာ ခြူးတစ်ပြား မရှိတော့အောင် ချွတ်ခြုံကျသွားခဲ့ပါတယ်။

အကြောင်းသိတွေက ကျွန်တော့်ကို မျိုးစုံ ကမ်းလှမ်းကြတယ်။ ကူညီပေးပါ့မယ်လို့ ပြောကြပါတယ်။ ကျွန်တော် လုံးဝ ထင်မထားသူတွေဆီကတောင် ကူညီချင်တဲ့ စကားတွေ တဖွဖွ ကြားရပါတယ်။ အထူးသဖြင့် ငွေကြေး အကူအညီပေါ့။

စောစောက ပြောတဲ့ ကြီးပေါင်းသူငယ်ချင်းကြီးလည်း အလားတူပါ။ သူ့ဆီက ငွေကြေး အကူအညီ လိုသလောက် ယူပါလို့ ကျွန်တော့်ကို တကယ့်ကို လှိုက်လှိုက်လှဲလှဲနဲ့ တဖွဖွ ပြောပါတယ်။ ကျွန်တော် တစ်ပြားတစ်ချပ်မှ မယူခဲ့သလို အကူအညီတောင်းတဲ့ စကားလည်း လေသံတောင်မှ မသလပ်ခဲ့ပါဘူး။

ကျွန်တော် အတော် ဒုက္ခတွေ့နေတာလည်း မြင်ရတယ်၊ ကူညီပေးပါ့မယ်လို့ တဖွဖွ ပြောနေလျက်သားနဲ့ ကျွန်တော့်ဘက်က ဘာမှ မဟတော့ သူစိတ်တိုလာတယ် ထင်ပါတယ်။ ကျွန်တော် သိပ်မာနကြီးတယ်လို့ တံဆပ်ကပ်ပါတော့တယ်။

လောကမှာ ကျွန်တော် အမုန်းဆုံး အရာက ငွေချေးတာပါပဲ။ ကျွန်တော်လည်း သူများကို မချေးတတ်သလို သူများဆီက ချေးရ ငှားရမှာလည်း အလွန်ဝန်လေးလှပါတယ်။

ငွေကြောင့် စိတ်ဆင်းရဲရတဲ့ဒဏ်တွေကို ဘ၀ရှေ့ပိုင်းမှာ အလူးအလှိမ့်ခံခဲ့ရပြီးပါပြီ။ ဒါ့ကြောင့် ကျွန်တော်က တတ်နိုင်သမျှ ကင်းအောင်နေပါတယ်။ မိတ်လည်း မပျက်ချင်ပါဘူး။ စိုတဲ့လက်တွေလည်း ငွေကို အကြောင်းပြုပြီး ခြောက်မသွားစေချင်ဘူး။ ဒါ ကျွန်တော့်မူပါပဲ။

စီးပွားရေး လုပ်ငန်း လုပ်ကိုင်တဲ့အခါမှာတော့ ချေးငှားတာ မဟုတ်ဘဲ အကြွေးနဲ့ မကင်းကြတာတော့ ဓမ္မတာပါ။ ဒါကိုတော့ ကျွန်တော် နားလည် သည်းခံနိုင်ပါတယ်။ လုပ်ငန်း လည်ပတ်နေသမျှ ကြွေးဟောင်းတွေရှင်း၊ ကြွေးသစ်တွေ တိုးဖြစ်နေစမြဲပါ။ ဒါက တစ်မျိုးပါ။

အကူအညီတောင်းတဲ့အနေနဲ့ ငွေချေးတာမျိုးတော့ ကျွန်တော် ဘ၀င်မကျဘူး။ ဘဏ်ကနေ ချေးတာဆိုရင်လည်း တစ်မျိုးပေါ့လေ။

အဲတော့ကာ ကျွန်တော့်မာနဖြစ်မယ် ထင်ပါတယ်။ အောင်မြင်နေသူတွေနားကို ကျွန်တော် သွားလေ့ မရှိပါဘူး။ စီးပွားရေး နယ်ပယ်မှာသာမက တခြား နယ်ပယ်အသီးသီးမှာ အောင်မြင်နေသူတွေကိုဆို ဘယ်လောက် ရင်းချာနေနေ အဝေးကသာ ခပ်ခွာခွာနေပါတယ်။

အဲဒီ့သူတွေ ကျဆုံးချိန်ဆိုရင်တော့ သူတို့အနားမှာ လူပါးသွားပါပြီ။ အဲလိုအခါမျိုးတွေမှာ ကျွန်တော် သူတို့ကို ဖေးမပေးဖို့ ရှိနေတတ်ပါတယ်။ အဲဒါ ကျွန်တော့်ရဲ့ အူကြောင်ကြောင် စရိုက်တစ်ခုပါပဲ။

အဲဒါကြောင့် သူ သိပ်အောင်မြင်သွားချိန်မှာ ကျွန်တော် သူ့ဆီ အ၀င်အထွက် လုံးဝ မလုပ်တော့ပါဘူး။ ဘယ်လောက်များလဲဆို သူ့အိမ်နဲ့ ကျွန်တော့်အိမ်နဲ့က ခြေလျင် ဖြည်းဖြည်းလျှောက်ရင်တောင် ဆယ်မိနစ်လောက်အတွင်း ရောက်နိုင်တဲ့ အကွာအဝေးပါ။ ကားနဲ့ဆိုရင် နှစ်မိနစ်၊ သုံးမိနစ်နဲ့ ရောက်နိုင်ပါတယ်။ ဒါလည်း ကျွန်တော်က အ၀င်အထွက် မလုပ်ခဲ့ပါဘူး။ ဖုန်းလည်း မဆက်ပါဘူး။ အဲလောက် ကင်းအောင် နေပါတယ်။

သူဆက်သွယ်လာတာမျိုးကျရင်တော့ ကျွန်တော် ပျော်ရွှင်စွာ လက်ခံပါတယ်။ ကျွန်တော့်ဘက်က စ မဆက်သွယ်တာကို ပြောလိုရင်းပါ။

အငုပ်စိတ်တို့ သဘာဝ

သူ ကွယ်လွန်ခါနီး သုံးလေးနှစ် အလိုမှာတော့ သူ့ဘက်က ရံဖန်ရံခါ ဆက်သွယ်လာပါတယ်။ နောက်ပြီး သည်ကြားထဲက သူ့မိခင်ကြီးနဲ့ သူ့အစ်ကိုရဲ့ နာရေးကိုလည်း ကျွန်တော် သွားလိုက်လို့ ဆုံဖြစ်ပါသေးတယ်။ သူ့အစ်ကို ဆုံးပြီး မကြာခင် သူ့ရောဂါ ဖောက်နေတုန်းကလည်း ရောက်လိုက်သေးတယ်။

သူ့ဘက်က ဆက်သွယ်လာလို့ ဆုံတဲ့အခါတိုင်းမှာ သူ မမေ့မလျော့ ပြောတတ်တဲ့ အကြောင်းကတော့ ဆယ်တန်းမှာ သူက ဂုဏ်ထူး မပါခဲ့ပေမယ့် ဂုဏ်ထူး နှစ်ခုပါတဲ့ ကျွန်တော့်ထက် အမှတ်ပေါင်း ၄ မှတ် ပိုများတဲ့ အကြောင်းကို ပြောတတ်တာပါ။

ကျွန်တော့် စိတ်ထဲမှာ အဲဒါတွေအတွက် ဆယ်တန်းအောင်ချိန်ကတည်းက ဘာမှ မရှိပေမယ့်၊ တစ်ဖက်ကလည်း ကျွန်တော်တို့ ကျောင်းတက်စဉ် အချိန်တုန်းက ပြောရင် မထောင်းတာပေမယ့် အသက်တွေ ၅၀ တန်းရောက်လာတဲ့အထိ သည်စကားကို သူပြောတဲ့အခါ သူ့စိတ်ကို လှစ်ခနဲ မြင်လိုက်မိပါတယ်။ စစ်တုရင်သမားတစ်ယောက်ရဲ့ စိတ်လို့ပဲ ဆိုရမယ် ထင်ပါတယ်။

ကျွန်တော့်ဘ၀မှာ ပြိုင်ဖက်ဆိုတာ တစ်ခါဖူးမှ မရှိခဲ့ဖူးပါဘူး။ ဘယ်သူ့ကိုမှလည်း အပင်ပန်းခံပြီး လိုက်ပြိုင်နေလေ့ မရှိဘူး။ ဘိုနီ့ကိုဆို သာဆိုးသေးတယ်။ သူ့ကို ပြိုင်စရာကို မလိုဘူးလို့ ယုံတယ်လေ။ သူက အဘက်ဘက်မှာ ကျွန်တော့်ထက် သာပြီးသားလေ။ အဲတော့ သူ့ကို ကျွန်တော် တစ်ခါမှ ပြိုင်ဖို့ စိတ်မကူးဖူးဘူး။

ကစားကြတဲ့အခါမှာတော့ နိုင်ချင်စိတ် ရှိပါတယ်။ အဲဒါကတော့ ကစားပွဲ တစ်ပွဲစာသာ ဖြစ်ပါတယ်။ ပြီးတော့လည်း ပြီးသွားတာပါပဲ။

သူ့ရဲ့ နိုင်ချင်စိတ်ကတော့ ကြောက်ခမန်းလိလိခင်ဗျ။

ဖြစ်ရပ်တစ်ခု ရှိသေးတယ်။ ဖဲကစားရာမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့တွေ လေလို့ ကောင်းနေချိန်မှာ ဖဲကို အမျိုးစုံ ကစားကြရင်း နပိုလီယံဆိုတဲ့ ဖဲကစားနည်းတစ်ခုကို ကိုအောငံတို့ဆီက ကျွန်တော် တတ်လာပြီး သူအပါအ၀င် သူငယ်ချင်းတွေကြားမှာ ကျွန်တော် ဖြန့်ခဲ့ရာက ကျွန်တော်တို့တွေ အတော် ကစားဖြစ်ခဲ့ကြပါတယ်။

ဖဲရိုက်နည်းတစ်နည်းအကြောင်း အပြည့်အစုံ

နပိုလီယံကစားနည်းက ဖဲထုပ်တစ်ထုပ် အပြည့်အ၀ သုံးရပါတယ်။ သုံးယောက် အတိအကျ ကစားရပါတယ်။ သုံးယောက်ထက်လည်း ပိုမရ၊ သုံးယောက်ထက်လည်း လျော့လို့ မရပါဘူး။ ဖဲထုပ်ပါ (ဂျိုခါမှတစ်ပါး) ကျန် ဖဲချပ်အားလုံးက ၅၂ ချပ် ရှိတယ်။

အဲဒီ့ ၅၂ ချပ်ကို သုံးယောက် အညီအမျှ ဝေရင် တစ်ယောက်ကို ၁၇ ချပ် ရတယ်။ ၅၁ ချပ်ပေါ့။ ကျန်တဲ့တစ်ချပ်ကို အလယ်မှာ လှန်ချထားရပါတယ်။ အဲဒီ့တစ်ချပ်ကို ဖဲဝေသူက နှစ်သက်ရာ အချိန်မှာ လှန်လိုက်နိုင်တယ်။ စ ဝေေ၀ချင်း လှန်လို့ ရသလို ဝေရင်း တန်းလန်းက စိတ်ကူး ပေါက်ချိန်မှာ လှန်နိုင်တယ်။ ဒါမှမဟုတ်လည်း နောက်ဆုံးကျတော့မှ လှန်လည်း ရတယ်။

အဲဒီ့ အပိုဖဲ၊ လှန်ဖဲက အားလုံးထဲမှာ အကြီးဆုံးဖဲ (ဂျိုခါ) ဖြစ်သွားပါပြီ။ ဆိုကြပါစို့… လှန်ဖဲဟာ ၃ ဖြစ်တယ် ဆိုရင် ကစားသူတွေရဲ့ လက်ထဲမှာ ရောက်နေတဲ့ ကျန် ၃ ဖဲ သုံးချပ်စလုံးဟာ Ace လို့ခေါ်တဲ့ ဖဲထုပ်ထဲမှာ အကြီးဆုံးလို့ သတ်မှတ်ထားသော A (တစ်ပွင့်)ထက်တောင် ပိုကြီးသွားပါပြီ။ ကျန်တဲ့ဖဲတွေကတော့ အစဉ်အတိုင်းပါ။ 2, 3, 4, 5, 6, 7, 8, 9, 10, J, Q, K, A ဆိုပြီး ငယ်စဉ်ကြီးလိုက် ရှိသပေါ့။

ဖဲ ၁၇ ချပ် လက်ထဲရောက်လာတဲ့အခါ ကစားသူတွေက ကိုယ့်လက်ထဲက ဖဲတွေကို စီရပါတော့တယ်။ အပူး (a pair) ဆိုတဲ့ ဂဏန်းတူ နှစ်ချပ်၊ (သုံးနှစ်ချပ်ဆိုလည်း သုံးနှစ်ချပ်တွဲ၊ J နှစ်ချပ်ဆိုလည်း J နှစ်ချပ်တွဲပေါ့)၊ သုံးလုံးပြူး (tri) ဆိုတဲ့ ဂဏန်းတူ သုံးချပ်တွဲ၊ လေးလုံးပြူး (tetra) ဆိုတဲ့ ဂဏန်းတူ လေးချပ်တွဲ၊ ငါးချပ်ပြည့် (Full House) ဆိုတဲ့ ဂဏန်းတူ သုံးချပ်တွဲတစ်တွဲနဲ့ နှစ်ချပ်တွဲ တစ်တွဲ (Q သုံးချပ်တွဲနဲ့ ၅ နှစ်ချပ်တွဲလိုမျိုး) သုံးကြပါတယ်။

Poker လို့ အနောက်တိုင်းသားတွေက ခေါ်ပြီး မြန်မာတို့က ရှိုးလို့ ခေါ်တဲ့ ကစားနည်းမှာ ဖဲတွဲသလိုပါပဲ။ ရှိုး (Poker) မှာတော့ run တို့၊ colour run တို့လည်း ပါပါတယ်။ အစဉ်လိုက်ဖြစ်နေရင် run ပေါ့။ ဥပမာ 10, J, Q, K, A အစီအစဉ်အတိုင်း ရှိနေရင် အပွင့်မတူလည်း Run လို့ ခေါ်ပါတယ်။ အဲဒီ့အစီအစဉ်အတိုင်း အပွင့် (ဖဲမှာ Spade, Heart, Diamond, Club ဆိုပြီး ဖဲပွင့်လေးတွေရဲ့ ပုံစံရှိတယ်။ မြန်မာလိုတော့ စပိတ်၊ ဟတ်၊ ဒိုင်းမွန်း၊ ညှင်းလို့ ခေါ်တယ် ထင်တယ်။) ပါ တူနေရင်တော့ အဲဒါ colour run ပါပဲ။

အဲ… နပိုလီယံမှာတော့ အဲဒီ့ Run တွေ၊ Colour Run တွေ မသုံးသလို ဖဲပွင့်ကိုလည်း မတွက်ပါဘူး။ တစ်ကြိမ်စာ တွက်တဲ့ အနိုင်အရှုံးမှာ အဲဒီ့ အပွင့်အကြီး အသေးနဲ့ မတွက်ဘူး။ (တခြား ဖဲကစားနည်း တချို့မှာတော့ အပွင့်နဲ့လည်း တွက်တယ်။ A ချင်းတူရင် Spade က အကြီးဆုံးဖြစ်ပြီး Club က အသေးဆုံးဖြစ်ပါတယ်။ သိပ်ရှည်မှာစိုးလို့ အသေးစိတ်တွေ မပြောတော့ဘူး။)

နပိုလီယံမှာ ငါးချပ်ပြည့် (Full House) တွဲတာအပြင် ကိုးချပ်ပြည့် တွဲတာတစ်ခုလည်း ပိုသေးတယ်။ လေးလုံးတူ တစ်တွဲ၊ သုံးလုံးတူတစ်တွဲနဲ့ နှစ်လုံးတူ တစ်တွဲ၊ စုစုပေါင်း ဖဲ ကိုးချပ်အတွဲပါ။

ဖဲတွေ လက်ထဲမှာ တွဲပြီးသွားရင် ဝေတဲ့သူက စပြီး ခေါ်ရပါတယ်။ သူ ခေါ်တာမှာ ၁ ချပ်၊ ၂ ချပ်၊ ၃ ချပ်၊ ၄ ချပ်၊ ၅ ချပ်၊ ၉ ချပ်ဆိုပြီး တစ်ခုခုကို နှုတ်က အော်ကာ သူ့လက်ထဲက ဖဲချပ်တွေကို မှောက်လျက် သူ့ရှေ့ကို ချလိုက်ရပါတယ်။

သူခေါ်လိုက်ပြီးတဲ့အခါ ကျန်တဲ့ နှစ်အိမ် (ကစားသူ နှစ်ယောက်က) မလိုက်မနေရ လိုက်ရပါတယ်။

ခေါ်သူက ၂ ချပ်ခေါ်ရင် အတွဲ၊ ၃ချပ်ခေါ်ရင် ၃ လုံးပြူး၊ ၄ ချပ်ခေါ်ရင် ၄ လုံးပြူး (ရှိုးကစားရာမှာ လုပ်ကြသလို နှစ်ချပ်ပြူး အတွဲ နှစ်တွဲ – 2 pairs, or double pair – ခေါ်လို့ မရပါဘူး။ ခေါ်ခွင့်မရှိဘူးပေါ့)၊ ၅ ချပ်ခေါ်ရင် full house, ၉ ချပ်ခေါ်ရင် ၄ လုံးပြူး၊ ၃ လုံးပြူး၊ ၂ လုံးပြူး သုံးစုံအတွဲ ဖြစ်ကို ဖြစ်နေဖို့ လိုပါတယ်။ တစ်ချပ်တည်း ခေါ်တာကတော့ ဘာနဲ့မှ တွဲထားစရာ မလိုတာမို့ တစ်ချပ်က စ မပြောတာပါ။

ခေါ်သူကသာ ခေါ်တဲ့ အချပ်ရေအလိုက် အတွဲတွေ၊ အပူးတွေ ဖြစ်နေဖို့ လိုပေမယ့် လိုက်တဲ့သူတွေကတော့ ဖဲဖြစ်ရင် ပြီးရော ကြိုက်တဲ့ ဖဲနဲ့ လိုက်ရပါတယ်။ ခေါ်သူက ၂ ချပ်ခေါ်တယ်ဆိုပါစို့၊ ကိုယ့်ဆီမှာ ရှိနေပြီး အသုံးလည်း သိပ်မတည့်လှတဲ့ ၂ တစ်ချပ်နဲ့ ၃ တစ်ချပ်ကို ရှင်းထုတ်တဲ့အနေနဲ့ အဲဒီ့ နှစ်ချပ်နဲ့ လိုက်ရပါတယ်။ လိုက်တဲ့အခါမှာလည်း ခေါ်သူလိုပဲ ကိုယ့်ဖဲချပ်ကို မှောက်ထားပြီး ကိုယ့်ရှေ့မှာ ချလိုက်ရုံပါပဲ။

ခေါ်သူက ခေါ်၊ ကျန်တဲ့ နှစ်အိမ်ကလည်း လိုက်ပြီးပြီ ဆိုတာနဲ့ ခေါ်သူက သူ့ရဲ့ မှောက်ထားတဲ့ ဖဲကို လှန်ပြရပါတယ်။ ဆိုကြပါစို့… ခေါ်သူ လှန်ပြလိုက်တဲ့ ဖဲက King Pair (K နှစ်ချပ်) ဖြစ်နေတယ် ဆိုပါစို့။ သူ့လက်အောက်က (သူ့ညာဘက်က လူ) သူလှန်ပြတဲ့ ဖဲကို နိုင်ရင် သူကလည်း လှန်ပြပါတယ်။ မနိုင်ဘူးဆိုရင် အသာလေးပဲ သူ့ဖဲနှစ်ချပ်ကို မှောက်လျက်အတိုင်းလေးပဲ ခေါ်သူ့ဆီကို ထိုးပေးရပါတယ်။

သူ့လက်အောက် (ထိုးပေးလိုက်သူရဲ့ ညာဘက်)၊ ခေါ်သူ့ ဘယ်ဘက် (လက်ထိပ်) အိမ်ကလည်း အလားတူပါပဲ။ သူက Ace Pair (A နှစ်ချပ်)နဲ့မို့ ခေါ်သူ့ဖဲကို နိုင်တယ် ဆိုပါစို့။ အဲဒါဆိုရင် သူက လှန်ပြလိုက်ရပါတယ်။ သည်အခါ မူလ ခေါ်သူဟာ သူ့ရဲ့ K နှစ်ချပ်ရယ်၊ သူ့လက်အောက်ကလူ သူ့ကို ထိုးပေး (အရှုံးပေး) ထားတဲ့ ဘာမှန်း မသိသော မှောက်ဖဲ နှစ်ချပ်ရယ်ကို အနိုင်ရသွားသူဆီကို ထိုးပေးလိုက်ရပါတယ်။

A နှစ်ချပ်သမားရဲ့ ရှေ့မှာ ခုဆို လှန်ထားတဲ့ A နှစ်ချပ်၊ လှန်ထားတဲ့ K နှစ်ချပ်နဲ့ မှောက်ထားတဲ့ ဘာမှန်း မသိသော ဖဲနှစ်ချပ်၊ စုစုပေါင်း ၆ ချပ် ရှိနေပါပြီ။ သည်အခါမှာ ခေါ်လက် (ခေါ်ခွင့်ရတဲ့ အလှည့်က သူ့ဆီကိုလည်း ရောက်လာပါပြီ။) သူက သည်တစ်လှည့်မှာ စားလိုက်ရပေမယ့် သူ့ရှေ့က မှောက်ထားတဲ့ ဖဲနှစ်ချပ်ကို လှန်ကြည့်ခွင့် မရှိပါဘူး။ သည်တိုင်း မှောက်လျက်လေးပဲ ထားရပါတယ်။ အဲဒီ့ ဖဲနှစ်ချပ်က ဘာဖဲလဲ သိနေသူဟာ ကစားနေသူ သုံးဦးအနက်မှာ ချကျွေးလိုက်တဲ့ တစ်ယောက်ပဲ သိပါတယ်။

တကယ်လို့ ခေါ်သူက K နှစ်ချပ်ကို လှန်ပြလိုက်ချိန်မှာ သူ့လက်အောက်ကလူကလည်း K နှစ်ချပ်ပဲ ဖြစ်နေရင် လက်အောက်က လူက ရှုံးပါတယ်။ အပွင့်ကို မကြည့်ရတဲ့အတွက်ပါ။ ကိုယ်မနိုင်မှန်း သိနေမှတော့ ကိုယ့်ဖဲကို ပြမနေတော့ဘဲ ခေါ်သူ့ဆီကို ကိုယ့် K နှစ်ချပ်ကိုလည်း အသာ ထိုးပေးလုက်ရုံပါပဲ။

ဖဲထုပ်တစ်ထုပ်မှာ ဖဲချပ်တန်ဖိုးတစ်ခုစီအတွက် ၄ ချပ်စီပါပါတယ်။ K ဆိုလည်း ၄ ချပ်၊ 10 ဆိုလည်း ၄ ချပ် စသဖြင့်ပေါ့။ အဲတော့က တကယ်လို့ လက်အောက်က လူက သူ့ K နှစ်ချပ်ကို မှောက်လျက် ပေးလိုက်တဲ့အခါ ကျန်တဲ့ နှစ်ယောက်က မသိနိုင်ပါဘူး။ သူတို့ အမြင်မှာ K နှစ်ချပ်ပဲ ထွက်လာပါသေးတယ်။ နှစ်ချပ် ကျန်ဦးမယ်လို့ တွေးနေတော့မှာပါ။ အထူးသဖြင့် K နှစ်ချပ် မရှိတဲ့ တတိယလူကဆိုရင် ကျန်တဲ့ တစ်ယောက်မှာ K နှစ်ချပ် ရှိနေမယ်လို့ အပိုင်တွက်ပြီး အလိုလို ရှိန်နေပါတော့မယ်။

သည်လိုနည်းနဲ့ ခေါ်ခွင့်ရှိသူက ဆက်ခေါ်သွားရင်း လက်ထဲက ဖဲချပ်တွေ ကုန်တဲ့အထိ ကစားရပါတယ်။ ဖဲချပ်တွေ ကုန်သွားရင် တစ်လှည့် ပြီးသွားပါပြီ။ သည်အခါမှ အနိုင်အရှုံးကို ဖဲချပ်အရေအတွက်နဲ့ တွက်ပါတယ်။

ဆိုကြပါစို့… မောင်ဘက ပွဲပြီးချိန်မှာ သူ့လက်ထဲမှာ ၆ ချပ်ရှိတယ်၊ မယ်ခ လက်ထဲမှာက ၂၁ ချပ်ရှိတယ်၊ မယ်န လက်ထဲမှာကျတော့ ၂၄ ချပ် ရှိနေတယ်။ အဲဒါကို မူရင်း ဝေထားတဲ့ ၁၇ ချပ်နဲ့ အပေါင်း၊ အနုတ်လုပ်ပြီး အမှတ် တွက်ရပါတယ်။ မောင်ဘမှ ၆ ချပ်ပဲ ရှိတော့ သူက ၁၇ ချပ်ထက် ၁၁ ချပ်လျော့နေပါတယ်။ ဒါ့ကြောင့် သူ့အမှတ်က အနုတ် ၁၁ ဖြစ်သွားပါတော့တယ်။ မယ်ခကျတော့ ၁၇ ချပ်ထက် လေးချပ် ပိုပါပါတယ်။ ဒါ့ကြောင့် သူ့အမှတ်က အပေါင်း ၄ ဖြစ်သလို မယ်နကလည်း အပေါင်း ၇ ဖြစ်ပါတယ်။

ကောင်းတာက အဲဒီ့အမှတ်တွေက အမြဲတစေ ညီနေတာပါပဲ။ ဆိုလိုတာက အမှတ်ပေါင်းတာ မှားရင် တန်းသိနိုင်ပါတယ်။ မောင်ဘ – ၁၁ ဖြစ်သလို ကျန်တဲ့ နှစ်ယောက်ရဲ့ အမှတ်နှစ်ခုကို ပေါင်းလိုက်တဲ့အခါ + ၁၁ ဖြစ်နေတာကို ဆိုလိုပါတယ်။

သည်ကစားနည်းမှာ ဆိုခဲ့တဲ့အတိုင်း လှန်ဖဲက အကြီးဆုံးလို့ သတ်မှတ်ထားတာမို့ အာရုံမစိုက်ရင် မှားပါသွားတတ်ပါတယ်။ ဥပမာ လှန်ဖဲက ၂ တို့၊ ၃ တို့လို သေးတဲ့ ဂဏန်းလေးတွေ ဖြစ်နေတာမျိုးပါ။ ပုံမှန်အားဖြင့် ကစားသမားတွေဟာ အဲလို ဂဏန်းသေးတွေကို တစ်ချပ်၊ နှစ်ချပ်တွဲလောက် ပါနေရင် တန်ဖိုးမထားတတ်ပါဘူး။ အဲတော့ ကိုယ်အလျှော့ပေးတဲ့ အလှည့်မှာ အသေးပဲလေ၊ အလကားဖဲပဲဆိုပြီး ထိုးကျွေးမိတတ်ကြပါတယ်။ ပေးလိုက်ပြီးတော့မှ လှန်ဖဲမှန်း သတိရချိန်မှာ ဟိုတစ်ယောက်က စားသွားပြီး ဖြစ်သလို အလှည့်ကလည်း ကျော်နေတော့မှ ကိုယ့်နဖူးကိုယ် ထုရမိတတ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

နောက်တစ်ချက်က ဖဲချင်းတူရင် ခေါ်သူက အနိုင်၊ ဒါမှမဟုတ် လက်ထိပ် (ကိုယ့်ဘယ်ဘက်) က အနိုင်လို့ သတ်မှတ်ပြီးသားမို့လည်း တစ်ချက်တစ်ချက်မှာ စိတ်နာစရာ ကောင်းတတ်ပြန်တယ်။

အဆိုးဆုံးကတော့ ကိုးချပ် အခေါ်ခံလိုက်ရချိန်ပါ။ ကိုးချပ်တွဲဖြစ်ဖို့ဆိုတာ တော်တော် ခက်တာကိုး။ ကိုယ့်မှာလည်း ကိုးချပ်တွဲက မရှိ၊ ရှိတယ်ဆိုလည်း အားလုံးကို ရှုံးနေမယ့် ၂ လိုဟာမျိုး လေးချပ်တွဲနဲ့ဆိုရင် အီပါပြီ။ ကိုယ့်ဖဲ ကိုးချပ်ကို အခြောက်တိုက် ပေးလိုက်ရပါပြီ။ ခေါ်သူဟာ သည်တစ်လက်မှာတင် စုစုပေါင်း ၂၇ ချပ်၊ အမှတ်အားဖြင့် အပေါင်း ၁၀ ရတော့မှာပါ။ ကိုယ်ကတော့ အီနေတာမျိုးလည်း ဖြစ်တတ်ပါတယ်။

ကျွန်တော် ဖဲဝါသနာရှင်

ကျွန်တော်က ဖဲကို နည်းမျိုးစုံနဲ့ ကစားတတ်ပါတယ်။ ကိုးမီး၊ တစ်ချပ်မှောက် (Black Jack)၊ ဘူကြီး၊ ရှမ်းကိုးမီး၊ ၁၃ ချပ်ဖဲကစားနည်းအဖြစ် ဗမာအခေါ် ပိုကာဆွဲတာ၊ ပိုကာဒေါင်းတာ၊ ရှိုးလို့ ခေါ်တဲ့ တစ်ချပ်မှောက် (Poker)၊ Hollywood စတာတွေပဲ ဖြစ်ပါတယ်။

ဖဲကစားနည်းတိုင်းလိုလိုဟာ ငွေကြေး အလောင်းအစား မပါရင် ဘယ်လိုမှ ပျော်စရာ မကောင်းပါဘူး။ ငွေကြေး အလောင်းအစား မပါဘဲနဲ့ ပျော်စရာ ကောင်းတာက Hollywood နဲ့ အဲဒီ့ နပိုလီယံတို့ပဲ ဖြစ်ပါတယ်။ နှစ်မျိုးစလုံးက အမှတ်တွက်ရတာ ဖြစ်သလို နှစ်မျိုးစလုံးကလည်း ကစားရင်းနဲ့ အူယားလာစေပါတယ်။ အဲဒါကြောင့်လည်း ငွေကြေး အလောင်းအစား မပါဘဲ ကစားလို့ ကောင်းတာပါ။

သူငယ်ချင်းချင်းတွေ ကစားကြတဲ့အခါ ငွေနဲ့ အလောင်းအစားက အဆင်မပြေပါဘူး။ သူစိမ်းနဲ့ ကစားတာက အလောင်းအစား သဘောသက်သက်မို့ တစ်မျိုးပေါ့။

ပြီးတော့ ကျောင်းသား လူငယ်ဘ၀မှာ ငွေကလည်း မိဘဆီက လက်ဖြန့်ခံသုံးနေရတာမို့ ငွေများများစားစားနဲ့ ဘယ်သူမှ မကစားနိုင်ကြသလို အရှုံးဒဏ်ကိုလည်း မခံနိုင်ကြပါဘူး။ ဒါ့ကြောင့် ငွေကြေးနဲ့ထက် အချင်းချင်း အပျော်ကစားလို့ ပိုကောင်းတဲ့ Hollywood နဲ့ Napolean ကို ကျွန်တော်တို့ ရွေးကြပါတယ်။ Hollywood ကကျတော့ အလွန် အချိန်ကုန်ပါတယ်။ Napolean က မြန်တယ်၊ သွက်တယ်။ ပို အူယားစရာ ကောင်းတယ်။ ဒါ့ကြောင့် ကျွန်တော်တို့တွေ နပိုလီယံကို အသေအကျေ ကစားခဲ့ကြတယ်။

အဲ… ဘိုနီက နပိုလီယံရဲ့ အူယားခြင်းဒဏ်ကို သိပ်ကြာကြာ မခံနိုင်ပါဘူး။ သူက အတွက်အချက်သမား၊ အကွက်တွေ ကြိုတွက်တတ်တဲ့သူ။ နပိုလီယံမှာက ဘယ်လောက်တွက်တွက်၊ အကွက်ချ ကစားလို့ ရတာမျိုး မဟုတ်ဘူး။ တစ်ဖက်လူက ဘာဖဲနဲ့ ခေါ်ပြီး ဘာဖဲကို ထိုးကျွေးမယ်ဆိုတာ ဘယ်လိုမှ မမှန်းဆနိုင်ဘူး။ အထူးသဖြင့် ကိုယ့်ဖဲပေါ်မှာ မူတည်ပြီး ဖိကစားတဲ့ အလှည့်ကျ ဖိကစားသွား၊ မျှောလိုက်တဲ့အခါကျ မျှောလိုက်တတ်သူမျိုးနဲ့ ကစားရင် ပိုပြီး တွက်ရခက်သေးတယ်။ (မယုံရင် ကိုယ်တိုင် ကစားကြည့်ကြပါဗျာ။ ကစားနည်း အသေးစိတ်ကို ရေးပြထားတာမို့ ကစားတတ်သွားမယ် ထင်ပါတယ်။)

၃-၄ နှစ်လောက် အားပါးတရ ကစားလိုက်ကြပြီးတဲ့နောက်မှာတော့ ကိုရွှေဘိုနီ့ဆီက ကြေညာချက် ထွက်လာပါတယ်။ သူ့တစ်သက် နပိုလီယံ မကစားတော့ဘူးဆိုတဲ့ ကြေညာချက်ပါ။ ဘာဖြစ်လို့လဲလို့ မေးတော့ အဲဒီ့ တွက်လို့ မရဘဲ ဖြစ်ချင်သလို ဖြစ်နေတဲ့ ဒဏ်၊ အူယားတဲ့ ဒဏ်ကို မခံနိုင်တော့လို့လို့ ပွင့်ပွင့်လင်းလင်းပဲ ဖြေပါတယ်။

ဘိုနီဆိုတဲ့ မောင်ဟာ အဲလိုလူပါ။ အရာရာဟာ သူ့အစီအစဉ်၊ သူ့အတွက်အချက်၊ သူ့ချယ်လှယ်မှု အောက်မှာပဲ ရှိနေစေချင်တတ်တာမျိုး။ အစီအစဉ်က ဖောက်သွားတာ၊ တွက်လို့ မရတာ၊ ချယ်လှယ် ထိန်းချုပ်လို့ မရတာကို သူ သည်းမခံနိုင်ဘူး။

သည်အပိုင်းမှာ ပြောကြတာ…

Win Min Oo Comet နပိုလီယံကို ကျွန်တော်လဲ မကြိုက်ဖူးဆရာ ကံပေါ်မှာတော်တော်မှီထားသလိုပဲ ပိုကာဒေါင်းသလို ရှိုးရိုက်သလို တွက်တတ် ဟောက်တတ်ရုံနဲ့မရပဲ အတော်လေးစဉ်းစားပြီးတော့ကစားရတဲ့အပြင် ကံကောင်းဖို့လဲလိုတယ်ထင်ပါတယ်

ကျွန်တော်ကိုယ်တိုင်ကပိုက်ဆံ မချေးသလို ကိုယ့်ကိုလာချေးလဲ မကြိုက်တာကတော့ ဆရာ့လိုပါပဲ။

Soe Myat Myo Shwe Is he a Virgo or a Taurus? 

ATK I don’t know. He was born on 4 June.

Soe Myat Myo Shwe A Gemini.

ATK So?

Soe Myat Myo Shwe just taking note of a characteristic that generally belongs to a typical Virgo or a Taurus — the desire to take control, not enjoying surprises, etc. So I wondered if he was either of them.

ATK Does it mean that a Gemini has no such behaviour by any means?

Soe Myat Myo Shwe No it doesn’t mean that way. But it’s not what you will remember a typical Gemini for.

ATK What should I remember then? I might just have missed something about him.

Kyawt Thuzar ဆရာ့သူငယ်ချင်း ဘိုနီနဲ့ မွေးနေ့ တရက်တည်းတူတဲ့ ကျောင်းနေဖက် တယောက်ရှိတယ်။ အကျင့်ချင်း တူတာများးး နေကြာစေ့တောင် ပြိုင်စား တာ နိုင်ချင်ဇောနဲ့ အခွံကိုပါ မခွာဘဲ ဒီအတိုင်း ပါးစပ်ထဲ ပစ်ထည့်ပြီး ငါအရင်ကုန်တယ် လုပ်တဲ့ အမျိုး။ လက်ဖျားခါတယ်။ 

Maung Maung Myint နပိုလီယံနဲ့ hollywood ကို အမြဲကစားဖြစ်တဲ့ သူငယ်ချင်း ၂ ဦးသတိရတယ်။ တယောက်ဆို နိုင်ချင်ဇောကြီးတော့ အမှတ်ရှေ့ကပြေးတာတောင် ကောက်ဖဲတွေနဲ့ ကိုင်ပြီး ဖိထားတာ ကျန်တယောက်က ဂျိုကာပူးတွေနဲ့ ကောက် ဒေါင်းလိုက်တော့ အမှတ်တွေ အများကြီးနှုတ်ခံလိုက်ရတယ်။ စိတ်တွေဆိုးပြီး ဖဲတွေဖြဲလိုက်တာ ဖဲထုပ် ၂ထုပ်ဆုံးပါရော

နပိုလီယံတော့ကြိုက်တယ်။ ကိုယ့်ဖဲအခြေအနေ အခြားသူအနေအထား ပြိုင်ဖက်ရဲ့ စိတ်ကိုတွက်ရတာမို့ပါ။ ငါဒါလုပ်ရင် သူဘာလုပ်မလဲ တွေးပြီးထင်တဲ့အတိုင်းလိုက်လာတာကို အရသာခံတယ်လေ။ ဖဲမကောင်းပေမယ့် အတွေးကောင်းရင် နိုင်တတ်ပါတယ်။

ATK မသုံးလုံးဆရာရေ…. တစ်ရက်လောက် ကစားရအောင်ဗျာ 

Maung Maung Myint ကောင်းပါလေ့ ပဲ ဌာပနာနဲ့ မုန့်ကို အတုံးသေးလေးတုံးထား ရေနွေးကြမ်းတစ်အိုးတည် ၃ ယောက်မှာ အမှတ်အနည်းဆုံးသူက မုန့်တစ်တုံး ဒုတိယသူက ရေနွေးတစ်ခွက်သောက် အမှတ်အများဆုံးက ဘာမှမစားရ ဒိလိုကြေးနဲ့ ကစားတယ်ကြာလာတော့ ပဲမုန့်တစ်တုံး ရေနွေးတခွက်ကနေ ဗိုက်ကြီးတင်း တွေးသာ ကြည့်ပေတော့

နောက်ကစားနည်းတစ်မျိုးက Mastermind အရောင်ဘုလုံးလေးတွေနဲ့ အလံတွေပျောက်ကုန်လို့ အသစ်ဝယ် လို့ရရင်ကောင်းမယ်

ငယ်နိုင်မရှိတဲံ့ နောက်ကစားနည်းကတော့ Stratego ဆုံတဲ့အခါ ကစားချင်ပါသေးတယ်

ATK ဖျား ဖျား ဘာလောင်းကြေးမှ မပါကြေးနော် ဆရာ 

Maung Maung Myint ဆိုပါသကော ပဲမုန့်အတုံးသေးသေးနဲ့ ရေနွေးကြမ်းလေးပါ ပွဲ ၅၀ လောက်ကစားရင် မှတ်လောက်ပါတယ်

ATK Ka Win Min Oo ဘယ်လိုတုံး၊ သုံးအိမ်ပြည့်အောင် ခများပါ ပါမလား 🙂

Nge Thar မြန်မာလို ဖူး ပိန့် ဒေါင့် ညှင်း လို့ မှတ်မိတာပဲ ဆရာ သိပ်တော့ မသေချာဘူး

Win Min Oo Comet ပါတာပေါ့ဆရာရယ်။

Soe Myat Myo Shwe Sayar, sorry I missed your last question in the comment. I don’t know about your Gemini friend, but the Geminis I’ve met so far tend to have multiple personalities. One moment they r fun loving, easy-going and the next, they become very serious (just an example). One day they will just show up with a cake or a flower for no reason, the next day they are not even picking up or returning your calls, again for no reason.

ATK  Right. And thank you very much. He also had that kind of personality. BTW does my writing fit my sco-saggi trait?

Soe Myat Myo Shwe Haha. I think I can relate you better with a saggi than a Scorpion. The saggies that don’t like to live with rules, the saggies that refuse to have money constraints, regardless of how broke or loaded they are. The saggies that love freedom more than anything in the world. Looking at how much freedom you’ve taken in your writing, jumping from one topic to another, and sometimes never even coming back, sure I think you’ve reflected your saggie trait quite well even in your writing.

ATK  Only one refutation: “never-even-coming-back” thing! It will come back, only far later. I remember what I have started, young lady.
Advertisements
No comments yet

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: