Skip to content

အဟောင်းထဲက အစုတ်တွေ – ၁၀

29 May 2015

၂၀၁၇ ခုနှစ် မေလ ၂၇ ရက်

မျောက်လောင်းလည်ပြန်

ကိုင်း… ဆယ်တန်း ပထမနှစ်ဆီ ပြန်သွားလိုက်ကြပါဦးစို့။

အဲဒီ့ ဆယ်တန်းပထမနှစ်မှာ မှတ်မိနေတာက တစ်ခုတည်း ရှိတယ်။ အဲဒါကတော့ ရွှေတိဂုံဘုရားလမ်းမှာနေတဲ့ အတန်းဖော် သူငယ်ချင်းတစ်ယောက်နဲ့အတူ မြေနီကုန်းက နာမည်ကျော်ဆရာရဲ့ သင်္ချာကျူရှင်ကို သွားတက်ကြတာပဲ။

အဲဒီ့သူငယ်ချင်းရဲ့ အဖေက ပေါက်ဖော်ကြီး။ ပေါက်ဖော်ကြီးမှ အိမ်မှာနေရင် ဘောင်းဘီတိုနဲ့ စွပ်ကျယ်လက်ပြတ်နဲ့ နေတဲ့ ပေါက်ဖော်ကြီးပါ။ သူ့အမေကလည်း ပေါက်ဖော်သွေး တစ်ဝက်မက ပါတဲ့ ပေါက်ဖော်မကြီးပါပဲ။ အဲတော့ သူငယ်ချင်းကလည်း ပေါက်ဖော်သွေး အပြည့်နဲ့ပေါ့။ အသားက ဖြူရုံတောင် မကဘူး၊ နီစပ်စပ်တောင် ဖြစ်နေတယ်။ မျက်နှာကျကလည်း တကယ့် ပကတိ ပေါက်ဖော်မျက်နှာကျ။

သည်ကောင်က အမြဲတမ်း သပ်သပ်ရပ်ရပ် နေတယ်။ ဆယ်တန်းကတည်းက သူက သပ်သပ်ရပ်ရပ်။ အဲဒီ့ခေတ်က မော်လမြိုင်မှောင်ခိုက ၀င်တာလား၊ ဒါမှမဟုတ် အိန္ဒိယမှောင်ခိုက ၀င်တာလား မသိဘူး။ အင်မတန်ပူတဲ့ အသားနဲ့ လုပ်ထားတဲ့ ပုဆိုးတွေ ၀င်တယ်။ ဘာသားခေါ်လဲ မမှတ်မိတော့ဘူး။
သေချာတာကတော့ တော်တော့်ကို ပူပြီး အနံကြီး ကွင်းကျယ်တွေ လာတာ။ ပလေကတ် ပုဆိုးကွင်းတွေက အပြာရောင်တွေများသလောက် အဲဒီ့ပုဆိုးတွေကတော့ အညိုတွေဗျ။ ၀တ်ရတာ လေးလည်းလေး၊ ပူလည်းပူမို့ ကျွန်တော် ဘယ်တော့မှ မ၀တ်ဘူး။

သူငယ်ချင်းက အဲလိုပုဆိုးကို ကျကျနန သပ်သပ်ရပ်ရပ်ဝတ်တယ်။ သူ့ဆံပင်ပျော့ပျော့ကလည်း ပုံကျကျ သပ်သပ်ရပ်ရပ်။ လူကလည်း အင်မတန် အနေအေးတယ်။ ကျွန်တော်နဲ့တော့ တအားကို ခင်ပါတယ်။

ကျူရှင်ချိန်ရောက်ရင် ကျွန်တော်က သူ့အိမ်ကို ခြေလျင်လျှောက်သွား၊ သူ့ကို ၀င်ခေါ်ပြီး အမှတ် ၈ ကားကြီးစီး၊ ပြီးတော့ ကျူရှင်သွားကြပေါ့။ တစ်ခါတလေ စောနေရင် သူ့အိမ်ရှေ့ လူသွားစင်္ကြမှာ ထိုင်ပြီး လေပစ်ကြပေါ့။

ကျွန်တော့် ဗလွတ်ရွှတ်တ

တစ်ရက်ကျတော့ ကျွန်တော်တို့ ကျူရှင်က အပြန်မှာ ဘတ်(စ်)ကားပေါ်ကို ရှာဖွေရေးတွေ တက်လာကြတယ်။ အရပ်ဝတ်တွေနဲ့။

အဲဒီ့ခေတ်က ဘာမှန်း မသိဘူး။ အခုထက်ထိလည်း အဲဒီ့အကျင့်က သိပ်ပျောက်ချင်သေးတာ မဟုတ်ဘူး။ လူတွေကို တမင်သက်သက် ကျီးလန့်စာစား မဖြစ်ဖြစ်အောင် လုပ်ကြံဖန်တီးနေသလိုသာ ခံစားရတယ်။ ကားတွေကို ရပ်ပြီး တောင်စစ် မြောက်စစ် လုပ်တာ ပြောပါတယ်။ တစ်ခါမှလည်း သူတို့ ပြောတဲ့ ဖောက်ခွဲရေး ပစ္စည်းတို့ ဘာတို့ မိတယ်ဖြင့် မကြားဖူးပါဘူး။ ပုံမှန် သွားလာနေတဲ့သူတွေကို အခြောက်တိုက် အနှောင့်အယှက် ပေးတယ်လို့သာ ခံစားရပါတယ်။

တကယ်ဆို ထောက်လှမ်းရေးတွေအနေနဲ့က သတင်းအနံ့တွေ သေချာ ရထားကြမှာပါ။ ဘယ်လိုကားမျိုးကို ရှာရမယ်ဆိုတာကို သိနေလောက်ပါတယ်။ မသိရင်လည်း ထောက်လှမ်းရေးတွေ ညံ့သပေါ့။ ကျွန်တော် သိသလောက်တော့ မြန်မာ ထောက်လှမ်းရေးတွေ အဲသလောက် မညံ့ကြပါဘူး။

ထားပါတော့ဗျာ…

အဲလိုနဲ့ ရှာဖွေရေးတွေ တက်လာပြီး ဟိုရှာသည်ရှာ လုပ်သပေါ့။ သူတို့ရှာတာကလည်း လွယ်အိတ်တွေ ဘာတွေ ဖွင့်ဖွက်ပြီး ရှာတာမျိုးလည်း မဟုတ်ဘူးဗျ။ လွယ်အိတ်ပေါ်ကနေ စမ်းတာပါ။

အဲဒီ့အချိန်က မိုးတွင်းဆိုတော့ ကျွန်တော့် လွယ်အိတ်ထဲမှာ ခေါက်ထီးတစ်လက် ထည့်ထားတာပေါ့ဗျာ။ အဲဒါကို မောင်မင်းကြီးသားများက စမ်းမိပြီး မေးတော်မူတယ်။

“ဒါကြီးက ဘာကြီးတုန်း”တဲ့။

သိချင် လွယ်အိတ်ထဲ နှိုက်ကြည့်လိုက်ပေါ့။ အလွယ်လေးဟာကို။ အဲဒါကိုမှ မေးနေတော့ ဧည့်ထောက်ခံပြီး တယ်မပြောချင်လှဘူး။ စိတ်ထဲမှာလည်း ချဉ်တင်တင်ဖြစ်သွားတယ်။ ဒါနဲ့ ပြန်ဖြေလိုက်တယ်။

“ခြောက်လုံးပြူးဗျ…”

အဲဒီ့မှာတင် ကိုယ်တော်တွေ ပြူးပြူးပျာပျာနဲ့ ကျွန်တော့်နား ၀ိုင်းလာတယ်။ ရှာနေတဲ့ တစ်ယောက်က လွယ်အိတ်ကို ခုမှ ဖွင့်တဲ့ပြီး အလောသုံးဆယ် ဆွဲထုတ်တယ်။ စမ်းမိတာနဲ့ ခေါက်ထီးမှန်း သူသိသွားမှာပါ။

“ဟာ… မင်း လူကြီးတွေကို နောက်စရာလား၊ ဘာမှတ်တုံး၊ ၀တ္တရား နှောင့်ယှက်မှုနဲ့ ဖမ်းနိုင်တယ်ကွ…”

ဘာညာသာရကာ အာဏာ ပါဝါတွေ ပြပြီး ခြိမ်းခြောက်တော့တာပေါ့။ အမှန်တော့ ရှက်ရမ်းရမ်းတာပါ။

ကျွန်တော်က မျက်နှာပိုး သေသေနဲ့ပဲ ပြန်ပြောလိုက်ပါတယ်။ အူထဲမှာတော့ ရယ်ချင်နေတာက အလိပ်လိုက်၊ အခွေလိုက်ရယ်။

“ဦးလေးတို့ကလည်းဗျာ… ဘယ်သူက ခြောက်လုံးပြူးကြီးတော့ လွယ်အိတ်ထဲ သည်တိုင်းကြီး ထည့် သယ်လာမှာလဲဗျာ။ ဦးလေးလည်း ဖွင့်ကြည့်လို့ရလျက်သားနဲ့ ကျွန်တော့်ကို မေးတော့ ကျွန်တော်လည်း ဦးလေးကို ကြည့်ပြီး ချစ်သွားလို့ စလိုက်တာပါ။ စိတ်မဆိုးပါနဲ့ ဦးလေးရာ…”

ကလေးနဲ့ လူကြီး ဖြစ်နေတော့ အဲဒီ့မောင်တွေလည်း အောင့်သက်သက်နဲ့ မြည်တွန်တောက်တီးပြီး ကားပေါ်က ဆင်းသွား။ ကားကြီးလည်း ပြန်ထွက်၊ ကားပေါ်က လူတွေလည်း တအုံးအုံး ရယ်လို့ မဆုံး။ အတူပါ ပေါက်ဖော် သူငယ်ချင်းလည်း တခွိခွိရယ်ရင်း “အတော် ပြဿနာရှာတဲ့ကောင်”လို့ ကျွန်တော့်ကို သြဘာပေးမဆုံးပေါ့။

ပေါက်ဖော် ဗိုလ်ကြီး

အဲ… အဲဒီ့ ပေါက်ဖော်သူငယ်ချင်းက နှစ်ခြင်းပေါက် အောင်သွားတယ်ခင်ဗျ။ ပြီးတော့ ဘာလုပ်တယ် မှတ်တုံး။ စစ်တက္ကသိုလ်တက်တော်မူတယ်ဗျာ။ အပတ်စဉ် ၂၀ ပေါ့။

ကျွန်တော် တားသေးတယ်။

“ဟေ့ကောင်… မင့် ပေါက်ဖော် မျက်ခွက်ကြီးနဲ့ စစ်တပ်နဲ့ ဘယ်လိုမှ မအပ်စပ်ပါဘူးကွာ”

သည်ကောင် ရယ်ကျဲကျဲပဲ လုပ်နေတယ်။ အဲဒီ့ကောင်က အဲလိုပဲ၊ အမြဲတမ်း မြုံစိမြုံစိ။

“မင်း သေမှာ မကြောက်ဘူးလား”

“လူပဲ သေမှာပေါ့ကွ။ ငါက စစ်တိုက်ရတာ သိပ်ဝါသနာပါတယ်ကွ…”

တားမရခဲ့ပါဘူး။ သင်း စစ်တက္ကသိုလ်တက်သွားတော့ ကျွန်တော်နဲ့ ဝေးသွားခဲ့ပါတယ်။

နောက် လေး-ငါး-ရှစ်နှစ်လောက်အကြာမှာတော့ ပြန်ဆုံတယ်။ စစ်တိုက်ရတာ ၀ါသနာပါတယ်ဆိုတဲ့ သတ္တ၀ါက ဆေးအဆင့်ကို မကျကျအောင် ချပြီး ရန်ကုန်မှာ ကုပ်ကတ်နေတယ်။ အဆင့်က ဗိုလ်ကြီး။

တကယ်က သူ့ခြေထောက်ကို နည်းနည်းပါးပါး လျှပ်ပြီး ကျည်ဆံလား၊ ဗုံးဆံလား မသိ မှန်ခဲ့တာ။ လူတစ်ကိုယ်လုံး အကောင်းဗျ။ အဲဒါနဲ့ ကျွန်တော်က ပြောမိပြန်ရော။

“ရှေ့တန်း ပြန်သွားလေကွာ… ရန်ကုန်မှာ ဘာလုပ်နေတာတုံး… မင့်တက်လမ်းက ရှိသေးတယ်လေ…”

အဟဲ… ဆယ်တန်းအောင်ပြီး သူ စစ်တက္ကသိုလ်တက်မယ် လုပ်လို့ ကျွန်တော်တားတုန်းက စစ်တိုက်ရတာ သိပ်ဝါသနာပါတယ် ဆိုတဲ့ ကောင်ရဲ့ ပါးစပ်က ထွက်လာတဲ့ စကားက လှတယ်။ ဟောသလို….

“သေနတ်မှန်တယ်ဆိုတာ ပုရွက်ဆိတ်ကိုက်တာ မဟုတ်ဘူး၊ နာတယ်ကွ။ မသွားတော့ဘူး”တဲ့ဗျား။

သူ ရန်ကုန်မှာ ရှိနေတော့ ကျွန်တော်တို့နှစ်ယောက် ပုလင်းတူ ဘူးဆို့ပေါ့။ နေ့တိုင်းလောက်နီးနီး တွေ့ဖြစ်၊ သောက်ဖြစ်တာများ အတော်တောင် ကြာသွားတယ်။ အဲဒီ့အချိန်က ဘိုနီလည်း သောက်နေသေးတော့ တစ်ခါတစ်လေ ကျွန်တော်တို့ နှစ်ယောက်သား ဘိုနီနဲ့လည်း သောက်ဖြစ်တယ်။

အများအားဖြင့်ကတော့ သူနဲ့ အင်မတန်ခင်တဲ့ သူ့လိုပဲ သေနတ်မှန်လာတဲ့ ဗိုလ်ကြီးတစ်ယောက်နဲ့ သောက်ဖြစ်တာက များပါတယ်။ အဲဒီ့ ဗိုလ်ကြီးကကျတော့ တကယ် တိုက်ချင် ခိုက်ချင်သေးတာ။ ဒါပေသည့် သူ့ဆေးအဆင့်က ဘယ်လိုမှ မရတော့ဘူး။ မိုင်းနင်းမိထားလို့ ခြေထောက်တစ်ဖက်လုံး ပါမသွားပေမယ့် ခြေချောင်း နှစ်ချောင်းလား၊ သုံးချောင်းလားမသိ မရှိတော့တာမို့ ဆေးအဆင့် မမီရှာတော့တာပါ။

ကံဆိုးလို့ မသေ ဉာဏ်တိုးတို့ အဖေ

သူက ကျွန်တော်တို့ထက် တစ်နှစ်၊ နှစ်နှစ်လောက် ကြီးမယ်။ အဲဒီ့မောင်က ချစ်ဖို့ကောင်းတယ်။ သူ့နာမည်ကို ဗိုလ်ပိန်လို့ပဲ ထားလိုက်ပါတော့။ ဗိုလ်ပိန်က သဘောကောင်းတယ်။ ပြုံးပြုံး ပြုံးပြုံးနဲ့ ကျွန်တော်တို့ နှစ်ယောက် ဒဏ်ကို အတော်ခံရှာတယ်။

တစ်ခါသားမှာ ကျွန်တော်နဲ့ ပေါက်ဖော်မင်းသားနဲ့ နှစ်ယောက်သား ကျွန်တော့်မော်တော်ဆိုင်ကယ်နဲ့ ဘိုနီ့အိမ်ဘက်သွားကြတယ်။ မူးတာကတော့ နှစ်ယောက်စလုံး မူးနေကြပြီ။ ကျွန်တော်က မောင်း၊ သူက နောက်ကထိုင်ပေါ့။ စကားလေး တပြောပြောနဲ့ လာလိုက်ကြတာ။ ကမ္ဘာအေးဘုရားလမ်းအတိုင်း ရွှေဂုံတိုင်ကနေ မြောက်ဘက် တက်လာတဲ့အထိ အဖြောင့်။ အချိန်က ည ၈ နာရီ ကောင်းကောင်းကျော်နေပြီ။

ဘိုးဘွားရိပ်သာ အကျော်လေးမှာ သူ့ဆီက အော်သံကြားလိုက်တယ်။

“ဟေ့ကောင်… ရှေ့မှာ…”

သူ့စကားမဆုံးသေးဘူး။ ဘာဖြစ်သွားမှန်း မသိဘူး။ တစ်စုံတစ်ခုကို တိုက်လိုက်တာကို သိတယ်။

သိလိုက်ချိန်မှာ ကျွန်တော်က လမ်းဘေး ချောက်ထဲ ရောက်နေပြီ။ ငုတ်တုတ်ကလေး။ မှောင်မည်းလို့ရယ်။

ပေါက်ဖော်ဆီက အသံကြားရတယ်။

“အောင်သိန်းကျော်…”

“အေး… ငါ ဒီမှာ။ မင်း ဘာဖြစ်သွားသေးလဲ”

“ဘာမှ မဖြစ်ဘူး ထင်တယ်ကွ… မင်းရော…”

“အေး… ငါလည်း ဘာမှ မဖြစ်ဘူး။ အကုန် ကောင်းနေတယ် မှတ်တာပဲ…”

သူက ကျွန်တော့် အောက်တစ်ဆင့်အထိ ကျသွားတာ။ ကျွန်တော်က အလယ်မှာ။ ကျွန်တော့်အထက် တစ်ဆင့်မှာက ဆိုင်ကယ်။

ကျွန်တော်တို့လဲ လူးလဲ ထလိုက်ကြတယ်။ လက်စသတ်တော့ လမ်းဘေးက ချောက်ကို ကာပြီး အမှတ်အသား ပြထားတဲ့ အဖြူအနီကျား အုတ်တိုင်လေး နှစ်ပေသာသာလောက်ကို တိုက်ချလိုက်တာပါ။ ကျွန်တော်က တစ်ဖက်သားကို စကားပြောတဲ့အခါ မျက်နှာကြည့်ပြီး ပြောမှ အားရတတ်တယ်လေ။ အဲတော့လည်း မူးမူးနဲ့ နောက်က ကောင်ကို လည်ပြန်လှည့်ပြီး လေပေါရင်း ဆိုင်ကယ်စီးလေတော့ကာ ဖြစ်ပြီပေါ့။

ပွန်းတာ ပဲ့တာ စပ်ဖျင်းဖျင်းလောက်တော့ ရှိပေမယ့် နာတာ ကျင်တာ မရှိတော့ အရိုးတွေ ဘာတွေ ကျိုးကျက် မသွားတာ သေချာတယ်။ နာတာတော့ နည်းနည်းပါးပါး နာနေတာပေါ့။ သို့သော်လည်း အရက်ရှိန်လေးနဲ့ တစ်ကြောင်း၊ သွေးပူနေတာကတစ်ကြောင်း၊ နှစ်ယောက်စလုံး အေးအေးဆေးဆေး၊ ထော့နဲ့ ထော့နဲ့ပေါ့။ ဆိုင်ကယ်ကိုတော့ ပြန်ဆွဲတင်နိုင်လောက်အောင် အားက မရှိကြသေးဘူး။

အဲဒါနဲ့ နီးရာ အိမ်တစ်အိမ်ကို အကူအညီတောင်းပြီး ဖုန်းဆက်ရတယ်။ အဲဒီ့ခေတ်က ပါလေရာဖုန်းဆိုတာ ကြားတောင် မကြားဖူးသေးတဲ့ခေတ်။ ၁၉၈၀ ပြည့်လွန်စပေါ့။

ဗိုလ်ပိန့်ဆီ သူက လှမ်းဆက်တာပါ။ မကြာဘူး၊ ဗိုလ်ပိန်တို့ ညီအစ်ကိုနှစ်ယောက် ကားတစ်စီးနဲ့ ရောက်ချလာတယ်။

ဆိုင်ကယ်ကို ၀ိုင်းပြီး ဆွဲတင်လိုက်ကြတယ်။ ဆိုင်ကယ်က မောင်းမရတော့ဘူး။ ဒါနဲ့ ကားတစ်စီးငှားပြီး တင်ကြ၊ ဆိုင်ပို့ကြပေါ့။

ကိစ္စ၀ိစ္စလည်း ပြီးရော ဗိုလ်ပိန်က အားပါးတရ ထောမနာပြုပါတော့တယ်။

“မင်းတို့ နှစ်ကောင်… ကံဆိုးလို့ မသေတာကွ… ကံကောင်းရင် သေကို သေရမှာ…”တဲ့။

လွမ်းတယ် ဗိုလ်ပိန်

သူ ပြောမယ့်သာ ပြောတာပါ။ ကျွန်တော့် မော်တော်ဆိုင်ကယ် ပြန်ကောင်းပြီးတဲ့နောက် အတော်လေး ကြာသွားပြီး တစ်နေ့သောအခါမှာ သူ ဘယ်သွားချင်လို့ဆိုလား မသိဘူး၊ ကျွန်တော့်ကို အကူအညီတောင်းတာနဲ့ သူ့ကို ကျွန်တော့်ဆိုင်ကယ်နဲ့ လိုက်ပို့ပါတယ်။

သူ့အိမ်က သံလွင်လမ်းမှာမို့ အပြန်မှာ ကျွန်တော်က တက္ကသိုလ်ရိပ်သာလမ်းအတိုင်း အရှေ့ဘက်ကနေ အနောက်ဘက်ကို မောင်းလာပြီး သံလွင်လမ်းထဲ ကွေ့အ၀င်မှာ အရှိန်နဲ့မို့ ဘယ်ဘက်ကို စောင်းလိုက်ပါတယ်။ နောက်မှာ ထိုင်လိုက်လာတဲ့ ဗိုလ်ပိန်က ဆိုင်ကယ် ဘယ်ဘက် စောင်းအသွားမှာ ကြောက်အားလန့်အားနဲ့ သူ့ကိုယ်ကို ညာဘက် အတင်း ပြန်မတ်လိုက်ပါရောလား။

အဲဒီ့မှာတင် ဟန်ချက်ပျက်ပြီး လဲပါလေရော။ သည်တစ်ခါကျတော့ ကျွန်တော်က အောက်က၊ ကျွန်တော့်အပေါ်မှာ ဆိုင်ကယ်၊ ဆိုင်ကယ်ပေါ်မှာ ဗိုလ်ပိန်က ခွလျက်သား။

အောင်မယ်မင်းတဲ့မှ မင်း။

သည်တစ်ခါကျတော့ အရက်က တစ်စက်မှ မသောက်ထားဘူး။ နေ့ခင်း ကြောင်တောင်ကြီးရယ်။ အလွန်ဆုံးမှ နာရီပြန် နှစ်ချက်လောက် ရှိဦးမယ်။

အီသွားတာ ကျွန်တော်ပဲ။ ဘယ်လိုက ဘယ်လို ဖြစ်တယ် မသိဘူး။ လဲနေရာက ပြန်အထလိုက်မှာ စကားပြောတော့ အသံတောင် မထွက်လာတော့ဘူး။ လန့်တောင် သွားတယ်။ ကျွန်တော့် အသံလောက် နှမျောစရာ ကောင်းတာ ဘယ်ရှိပါ့မလဲနော်။ 🙂 

ငါးမိနစ်လောက်နေမှ အသံပြန်ထွက်လာတယ်။ တော်ပါသေးရဲ့။ ကျိုးတာပြုတာတော့ မဖြစ်ပြန်ပါဘူး။ ဆိုင်ကယ်လည်း သည်တစ်ခါကျတော့ သိပ်အထိနာ မသွားဘူး။

ဗိုလ်ပိန်လည်း သည်တစ်ခါတော့ “တို့နှစ်ယောက် ကံဆိုးလို့ မသေတာ”လို့ မပြောတော့ပါဘူး။

အခုတော့ အဲဒီ့ ဗိုလ်ပိန်က အစိုးရ လုပ်ငန်းကြီးတစ်ခုမှာ ညွှန်မှူးလား ဖြစ်နေပါပြီ။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က တော့ သူ့ရုံးနား ရောက်လို့ တစ်ခါ ၀င်နှုတ်ဆက်လိုက်သေးတယ်။ ဖော်ဖော်ရွေရွေပါပဲ။

အဲဒီ့နောက်မှာတော့ တစ်မြို့တည်းနေပေမယ့် မတွေ့ဖြစ်ကြတော့ဘူး။ သူလည်း သူ့ဘ၀နဲ့သူ၊ အဘိုးကြီးအိုကြီး ဖြစ်နေရောပေါ့။ ကျွန်တော့်လိုတော့ ဘယ်နုနေပါတော့မလဲနော်။ 🙂 

ပေါက်ဖော်မင်းသား ဘ၀ ထွေလာ

ဟိုပေါက်ဖော်ဘက် ပြန်သွားရရင်တော့ အဲဒီ့ကောင် ကျွန်တော်နဲ့ အဲသလို တွဲနေရင်းက ရန်ကုန်မှာ နေနေတာ အတော်ကြာသွားပါတယ်။ နောက်ကျတော့ တပ်ကနေ အထုတ်ခံလိုက်ရတယ်ဆိုတာ ကြားလိုက်ရတယ်။

အဲဒီ့အချိန်မှာ သူနဲ့ ကျွန်တော်နဲ့က နည်းနည်း ဝေးနေတဲ့အချိန်။ ကျွန်တော်က ကျွန်တော့်ဇယားနဲ့ ကျွန်တော် ရှုပ်လို့ ကောင်းနေချိန်ပေါ့။

သည်ကောင်က မြုံစေ့မြုံစေ့နဲ့မို့လား မသိဘူး။ အတော်တော့ စွံသဗျ။ သူတွဲလိုက်တဲ့ မိန်းကလေးတွေထဲက နှစ်ယောက် သုံးယောက်လောက်နဲ့တောင် ခင်လိုက်သေးတယ်။ ကျွန်တော်က အဲဒီ့အချိန်က ဂေါ်မစွံ။

အဲလို အစွံကောင်းရာက မောင်မင်းကြီးသား တပ်မှူးတစ်ဦးရဲ့ သမီးဆိုလား၊ တူမဆိုလားနဲ့ ဇာတ်လမ်းတွေ ရှုပ်၊ ပြီးတော့ အတိုင်အတော ခံရ။ တပ်မှာက မိန်းမမှုဆို သည်းမခံဘူးဆိုတော့ သင်းကို အရေးယူလိုက်ပြီး တပ်က ထုတ်လိုက်တယ်လို့ တိုးတိုးသဲ့သဲ့ ကြားလိုက်ရတာပဲ။ သူ့မေးလို့ကတော့ ထုံးစံအတိုင်း မပွင့်တပွင့်ပြုံးပြီး မြုံစေ့ မြုံစေ့ လုပ်နေဦးမှာမို့ မေးမနေတော့ဘူး။

နောက် စင်္ကာပူဆိုလား ထွက်သွားသေးတယ်။ ပြန်လာတော့ ကျွန်တော့်တောင် အင်္ကျီတစ်ထည် လက်ဆောင်ပေးသေးရဲ့။ အဲဒါလည်း ဆယ်နှစ်တန်း ရောက်ပြီ ထင်ပါတယ်။ အဲဒီ့နောက်တော့ သူနဲ့ မဆုံဖြစ်တော့ဘူး။

တစ်ရက်မှာတော့ ကျွန်တော့်အိမ်သူက ပြန်ပြောပြတယ်။ ပေါက်ဖော်မင်းသားကို ရွှေတိဂုံဘုရားမှာ တွေ့ခဲ့တဲ့ အကြောင်း။ အမယ်… ကိုယ်တော်က ဘုရားနဲ့ တရားနဲ့ ဖြစ်နေပုံပဲဆိုပြီး သာဓုတောင် ခေါ်မိသေး။ အရက်သောက်ဖက် တစ်ယောက်လျော့ပြန်ပြီဆိုပြီး နည်းနည်းလည်း ကြေကွဲသွားရသေး… ဟေး… ဟေး…

လွန်ခဲ့တဲ့ ငါးနှစ်လောက်က ထင်တယ်။ ရန်ကုန်လေဆိပ်မှာ ဆုံပြန်တယ်။ သူက သိုသိုသိပ်သိပ် ကွယ်ကွယ်ဝှက်ဝှက်ဆိုတော့လည်း ဘာလုပ်နေတယ်၊ ဘာကိုင်နေတယ်ဆိုတာ မေးမနေတော့ပါဘူး။ နှုတ်ဆက် နောက်ပြောင်၊ အဲဒါလောက်နဲ့ပဲ ပြီးသွားခဲ့တာပေါ့။

အင်း… ဆယ်တန်းပထမနှစ်တုန်းက သူငယ်ချင်းတစ်ယောက်အကြောင်း သည်မှာ တစ်ခန်းရပ်ပါမယ်။

သည်အပိုင်းမှာ ပြောကြတာ

Aung Myint Than ဆရာတို့ဆယ်တန်း ပထမနှစ်မှာ ဝတ်ကြတာ ဝက်ဝံပုဆိုးဖြစ်မယ်။ ဘက်ထရီလုပ်တဲ့သူတွေ အများဆုံး ဝတ်ကြတယ်။ အက်ဆစ်နဲ့ ထိလည်း တော်ရုံနဲ့ မပေါက်ဘူး။ ထူတာရယ် ပူတာရယ် လေးတာရယ် …. မီးပူတိုက်စရာမလိုဘူး။ မီးပူအရမ်းပူရင် ကပ်ပြီး ပေါက်တတ်တယ်။ အဲဒါမျိုးလား …

ATK ဟုတ်မယ် ထင်တယ်ခင်ဗျ။ Tetrex လို အထူစားကြီး။

Aung Myint Than's photo.Aung Myint Than သည်လို အဆင်မျိုးတွေလား … အဖေ့ဗီရိုထဲက သွားရှာလာတာ … တက်ထရက်ပုဆိုးလို့လည်း ခေါ်ကြတယ်။

ATK ဟုတ်ပါ့ဗျား

Baby Shwe Piguet ရှင့်အစုတ်ထုပ်ကိုဖတ်ပြီး တစ်ဆယ့်ခြောက်နှစ်သမီးအလား ခိုခိုးခွစ်ခွစ်ရယ်မိတယ်၊ ဒီလူဟာလေ အတော်ကိုပုံပြောတတ်တယ်။ 😀

Win Min Oo Comet ဆက်ပါဦးဆရာ စုပြီးစာအုပ်ထုတ်လို့ရအောင်ဆိုပြီး ဆင်ဆာတွေ မရေးပဲမနေနဲ့နော်. 😀

၂၀၁၅ ခုနှစ် မေလ ၂၉ ရက်

ရှမ်းမလေးတွေ အချောရယ် ပေါတယ်

ဆယ်တန်း ပထမနှစ်ကနေ နောက်တစ်နှစ် ထပ်ဆုတ်ရင် ကိုးတန်း ပထမနှစ်၊ အဲလေ… ကိုးတန်းက တစ်နှစ်တည်းနဲ့ အောင်ခဲ့တာပါ။ အဲ… အဲတော့ ကိုးတန်းနှစ်ဆီ နည်းနည်း ပြန်သွားဖို့ လိုလိမ့်မယ်။

အဲဒီ့ ကိုးတန်းနှစ် ကျောင်းအားရက်တစ်ရက်မှာ အဖေက သူ့ကားပေါ် ကျွန်တော့်ကို ခေါ်သွားတယ်။ ကျွန်တော်လည်း လိုက်ပေါ့။ အဲလို သားအဖနှစ်ယောက် ကားဘီးတည့်ရာ လျှောက်မောင်းနေရင်းကနေ ဦးဝိစာရလမ်း၊ ဟံသာဝတီ အ၀ိုင်းဘက်ကနေ မြေနီကုန်းဘက် မောင်းအလာ လမ်းမှာ မိန်းကလေး တစ်သိုက်နဲ့ တွေ့သဗျ။

အဖေက အဲဒီ့မိန်းကလေးတွေကို ဘယ်သွားမလို့လဲလို့ မေးတော့ မိန်းကလေးတွေက မြို့ထဲလို့ ဖြေတယ် မှတ်တယ်။ အဲလိုနဲ့ တိုတိုပြောရင် အဲဒီ့ မိန်းကလေး ငါးယောက်လောက်က ကားပေါ် ရောက်လာတော့တာပါပဲ။

တကယ်တော့ သူတို့က မရမ်းခြံကျောင်း (ကမာရွတ် အထက ၂ ထင်တယ်) မှာ ကျောင်းအိပ်ကျောင်းစား နေနေတဲ့ ကျောင်းသူတွေ။ နယ်က လာကြတဲ့ မိန်းကလေးတွေပေါ့။ အဖေကလည်း ကျွန်တော့်အတိုင်းပဲ 🙂  မိန်းကလေးတွေနဲ့များဆို ဖြူးလို့။ အဲတော့ခဏချင်းမှာတင် ရင်းနှီးသွားကြတော့တာပေါ့။

သို့သော် ကျွန်တော့်အတိုင်း မဟုတ်တာက အဖေက သမီးအရွယ်လေးတွေကို သမီးလို သဘောထားတယ် မှတ်တယ်။ (အွင်… အဲလို ရေးလိုက်တော့ ကျွန်တော်က သမီးအရွယ်လေးတွေကို သမီးလို သဘောမထားဘူးလို ဖြစ်သွားတယ်နော်။ အဲဒါကျတော့ ဘယ်လို ပြောရမလဲ… ဟိုလေ… ဗမာလို ပြောရင်တော့ပေါ့လေ… ကျွန်တော်က ၁၆ နှစ်မှသည် ၆၀ ကျော်အထိ ကြည့်လို့သာ ကောင်း၊ အမျိုးသမီးကို အမျိုးသမီးလိုပဲ အရင်းအတိုင်း မြင်တတ်တဲ့ သဘာဝလေး ရှိတယ်ပေါ့ ခင်ဗျာ။ ကိုယ့်သမီး၊ ကိုယ့်နှမ၊ ကိုယ့်တူမ၊ ကိုယ့်အစ်မလို မမြင်တတ်ဘဲ အမှန်အတိုင်း မြင်တတ်တာလေးတစ်ခုပါဗျာ။ တစ်မျိုး မထင်ကြပါနဲ့နော်… 😀 )

အဲ… သမီးလို သဘောထားပြီး အဲဒီ့ မြို့ထဲသွားမယ်ဆိုတဲ့ မမတွေကို အိမ်အထိ ခေါ်လာလိုက်ပါရောလား ခင်ဗျာ။ မိန်းကလေးတွေကလည်း ရှမ်းပြည်နယ်၊ အထူးသဖြင့် ကျိုင်းတုံက လာတဲ့သူတွေက အများစု။ ကျွန်တော်တို့ကလည်း ကယားပြည်နယ်က လာကြတာဖြစ်တဲ့အပြင် အဖေနဲ့ အမေကလည်း သားသမီးချင်း စာနာစိတ်နဲ့ ရှိတာ ချကျွေးကြ၊ စားကြ သောက်ကြနဲ့ အဲဒီ့ အချိန်တိုလေးအတွင်းမှာတင် ရင်းနှီး ကုန်ကြပါရောလား။

သူတို့က ကျွန်တော့်ထက် တစ်တန်းကြီးတဲ့ ဆယ်တန်းကျောင်းသူတွေ။ အဲဒီ့ထဲက အဖွဲ့ခေါင်းဆောင်က တော်တော့်ကို လှတယ်။ ညိုညိုချောချော။ မျက်နှာ၊ ကိုယ်လုံးကိုယ်ပေါက်၊ အရပ်အမောင်း အကုန်လှတဲ့ တစ်ယောက်ပေါ့။ (ချစ်သူ့ရင်ခွင် ရှာပုံတော်မှာ သူ့ကို မမနမ်းခမ်းလင်းလို့ ထည့်ရေးခဲ့ပါတယ်။) အဲဒီ့ တစ်ယောက်က လွဲရင် ကျန်တဲ့သူတွေက ကျွန်တော့်မျက်စိထဲမှာ ပါမလုံ၊ ပုံမလာဘူး။

မည်သို့ပင်ဆိုစေကာမူ အဲဒီ့ကစပြီး အဲဒီ့ ကျောင်းသူများအဖွဲ့ဟာ ကျွန်တော်တို့ အိမ်ကို ရွှေလမ်း ငွေလမ်း ပေါက်သွားကြပါတော့တယ်။

မိန်းကလေးတွေနဲ့ ယဉ်ပါးရေးအတွက် အားထုတ်ပေးတဲ့ အဖေ

ကျွန်တော် ဆယ်တန်းရောက်တော့လည်း အဲဒီ့အဖွဲ့က အတော်များများ ဆယ်တန်းမှာပဲ ဒုတိယတစ်နှစ် ပြန်နေကြရပြန်တာမို့ အိမ်ကို ၀င်ဆဲ ထွက်ဆဲပါပဲ။ ရင်းနှီးမှုတွေလည်း ပိုလာသလို တစ်ခါတစ်လေ သူတို့တွေက အိမ်မှာ ညအိပ်ညနေပါ နေချင်လည်း နေကြတယ်။ ၁၂ ပေခွဲ ပေ ၅၀ တိုက်ခန်းလေးဆိုတော့လည်း အိမ်ရှေ့က ပြောတဲ့စကား အိမ်နောက်က အတိုင်းသား ကြားနေရတာမို့ ပွင့်လင်းမြင်သာနေတာပေါ့။ အဲတော့လည်း မဟုတ် တရုတ်တွေ ဘာတွေ ဖြစ်စရာ မရှိဘဲ သူတို့လည်း လုံလုံခြုံခြုံနေနိုင်တာပေါ့။

အဖေက ကျွန်တော့်အကဲကို သိပုံရတယ်။ ကျွန်တော် အဲဒီ့ဟာမတွေကို စိတ်မ၀င်စားတာကို ပြောပါတယ်။ ကျွန်တော်စိတ်ဝင်စားတဲ့ မမနမ်းခမ်းလင်းကကျတော့လည်း လူကြီး ဆန်တယ်၊ အနေတည်တယ်၊ ကျွန်တော့်ကို မောင်လေးလို့ ခေါ်ပြီး ခပ်တည်တည်နဲ့ ဆုံးမချင် ဆုံးမနေတတ်တာမို့ သူ့ကိုကျတော့ ကျွန်တော်က ကြိုက်ပေမယ့် မစရဲဘူး။ အဲတော့ အဖေက အဲဒါတွေနဲ့ ကျွန်တော် လုံးထွေးနေတာကို ပူပုံမရဘူး။

ကျွန်တော်က အဲဒီ့အချိန်မှာ ကျူရှင်မှာ မြင်လေသမျှ ဖြူနီပြာဝါ၊ ရန်ကုန်သူ ဆေးဆိုးပန်းရိုက်တွေကို သွားမွှန်လို့ ကောင်းနေတာလေ။ သည် တောပန်းတွေက မျက်စိထဲ ဘယ်ဝင်လာပါတော့မလဲနော်။

အဲဒီ့ ဆယ်တန်းပထမနှစ်မှာတော့ သူတို့က လွဲရင် မြင်သမျှ မိန်းကလေး နည်းနည်းလောက် ကြည့်ကောင်းရင်းကို ကြိုက်နေမိတာပါပဲ။

အခုမှ ပြန်စဉ်းစားကြည့်တော့ အဲဒီ့အုပ်စုထဲမှာ ကျွန်တော် ဆွတ်ရင် ညွတ်လာလောက်တဲ့သူ တစ်ယောက်စ နှစ်ယောက်စ ရှိတာကို သတိထားမိတယ်။ ဆယ်တန်းကျောင်းသား၊ လူပျိုပေါက်စမှာတော့ စိတ်က သန့်ရှင်းနေတယ်။ ကိုယ်မကြိုက်လည်း ချော်လဲ ရောထိုင်မလုပ်ဘူး၊ အလကားရ နည်းလားဆိုတဲ့ အောက်တန်းကျကျ စုတ်စုတ်ပဲ့ပဲ့ အတွေးမျိုးလည်း ခေါင်းထဲ ၀င်မလာသေးဘူး။

ဖြူစင်ခဲ့တဲ့ လူပျိုပေါက်

ပြောရင်းနဲ့ ကိုးတန်းနှစ်မှာ ဖြစ်ခဲ့တာတစ်ခုတောင် ပြန်သတိရသွားတယ်။ အဲတုန်းက အဖေက လူပျိုကြီး တစ်ယောက်နဲ့ အတော်တွဲနေတာ။ အဲဒီ့လူပျိုကြီးက တည်တည်တံ့တံ့၊ နူးနူးညံ့ညံ့ပါ။ အမေကတော့ ပေးစားစရာ မရှိ၊ အဖေနဲ့ အဲဒီ့လူပျိုကြီးကိုပါ ပေးစားပြီး ပြဿနာရှာတာမို့ အဖေတို့ အမေတို့ရဲ့ မစဲနိုင်သော ရန်ပွဲတွေထဲက ခေါင်းစဉ်တစ်ခုပေါ့။

အဲဒီ့ ကိုးတန်းနှစ် သီတင်းကျွတ်ကာလလား ဘာလားတော့ မသိဘူး။ အဲဒီ့လူပျိုကြီးက ပုဂံ ခရီးစဉ်တစ်ခု စီစဉ်တယ်ဗျ။ အဲတုန်းက ကုန်းလမ်းသယ်ယူပို့ဆောင်ရေးက ၂၄ ယောက်စီး၊ မှန်လုံ ခရီးသည်တင် ကားသစ်လေးတွေ (မာဇဒါပဲ ထင်တယ်)ကို စတင်မိတ်ဆက် ငှားရမ်းပေးတယ်။ အဲဒါကို ငှားပြီး သွားကြဖို့ စီစဉ်တာ။

အဖေက သူ့မိတ်ဆွေလူပျိုကြီးနဲ့ဆိုတော့ စိတ်ချတယ်။ အဲတော့ ကျွန်တော် တစ်ယောက်တည်းကို ထည့်ပေးလိုက်ပါရောလား။

အဲဒီ့ ကားထဲမှာ ပါတဲ့ အမျိုးသမီးတစ်ယောက်က ကျွန်တော့်ထက် အသက် ၃-၄ နှစ်ကြီးမယ်။ အသားညိုညို၊ ထောင်ထောင်မောင်းမောင်း၊ ကိုယ်လုံးကိုယ်ထည် ထွားထွားစို့စို့ပေါ့။ ရုပ်ကတော့ ရွက်ကြမ်းရေကျိုပါပဲ။ အဲဒီ့ မမက ခရီးစဉ်တစ်လျှောက်မှာ ကျွန်တော့်ကို သိသိသာသာ ကပ်တယ်၊ အခွင့်အရေးတွေ ပေးတယ်၊ မြှူဆွယ်ခဲ့ပါတယ်။

ဒါပေမယ့် ကျွန်တော် ကိုးတန်းကျောင်းသားက သစ္စာရှင်၊ မေတ္တာရှင်လေ။ တစ်သက်မှာ တစ်ယောက်၊ တစ်ယောက်မှာ တစ်ချစ်တွေနဲ့ အူတူတူ လုပ်လို့ ကောင်းနေတဲ့အခိုက်ပေါ့။ အဲတော့ သူ ဘယ်လို မြှူမြှူ၊ ဘယ်လို အခွင့်အရေး ပေးပေး၊ ကျွန်တော့်ဘက်က တစ်လက္မမှ မကျူးကျော်ခဲ့ဘူး။ ကျွန်တော် သူ့ကို သွေးသားအရ စိတ်လှုပ်ရှားမိသည့်တိုင် ဘယ်လိုမှ ချစ်လို့ မရတာမို့ ရှောင်နိုင်ခဲ့ပါတယ်။

အဲတုန်းက သန့်စင်ခဲ့ပုံ ပြောပါတယ်။ ငယ်နုတဲ့အရွယ်ဟာ တကယ်သန့်စင်ခဲ့မှန်း အခုကျတော့ ပြန်တွေးမိတယ်။ အခုကျတော့ ကျွန်တော့်မှာ အောက်တန်းကျတဲ့၊ စုတ်ပဲ့တဲ့ စိတ်ဓာတ်အပြည့်နဲ့ ဖြစ်နေတာကိုလည်း ဘွားခနဲ တွေ့မိသွားတယ်။

စကားစပ်လို့ ပြောလိုက်ဦးမယ်။ မိတ်ဆွေ မိန်းကလေးတစ်ယောက်က မနေ့တစ်နေ့က စာအုပ်မျက်နှာစာမှာ ရေးတင်ထားတာလေး တွေ့လိုက်ရတယ်။

ယောက်ျားတွေဟာ မိန်းမတွေကို လိင်မှုရေးရာအသုံးချခံအဖြစ်သာ မြင်နေကြတာကို သူ စက်ဆုပ်တဲ့ အကြောင်း။

သူနဲ့ ခင်နေတဲ့ အမျိုးသားတစ်ယောက်က မှတ်ချက်ရေးသွားတာ တစ်ခုလည်း ဖတ်ရတယ်။ “လှလို့ ကြည့်တာပဲလေ”တဲ့။

အမှန်တော့ ရေးသူ မိန်းကလေးအပါအ၀င် အမျိုးသမီး အတော်များများဟာ ကျားသဘာဝကို နားကို မလည်လို့ အဲလို ရေးတာပါ။

မတူတာ မတူတာပဲဗျ

နည်းနည်း အကျယ်ချဲ့ရမယ်ဆိုရင် လူဖြူတွေ၊ လူမည်းတွေ၊ လူဝါတွေ၊ လူညိုတွေ အမျိုးမျိုး ကွဲပြားနေပါတယ်။ ကွဲပြားသည့်တိုင် အားလုံးဟာ လူတွေပါပဲဆိုတဲ့ အတွေးအမြင်၊ မခွဲခြားရေး၊ အသားအရောင်၊ ကိုးကွယ်မှု၊ ကိုယ်လက်အင်္ဂါချို့ယွင်းမှု၊ လိင်စိတ် ကိုင်းညွတ်မှုစတာတွေကို အခြေခံပြီး မနှိမ်ရေးဆိုတဲ့ အတွေးအမြင်က သတ်သတ်ပါ။

သို့ပေတည့် အဲဒီ့ ကွဲပြားမှုကြောင့် ရှိနေတဲ့ စရိုက်လက္ခဏာက သီးခြားတစ်ခုဖြစ်ပါတယ်။ ဥပမာ ပြောရရင် မွေးကတည်းက မျက်စိအမြင်အာရုံ မရှိသူ၊ မျက်စိကွယ်နေသူဟာ တခြား အကြားအာရုံ၊ အနံ့အာရုံ၊ အထိအတွေ့ အာရုံများမှာ တခြားသူတွေထက် ပိုထက်မြက်နေမှာ မလွဲပါဘူး။ အဲဒါဟာ သူ့ရဲ့ ပင်ကို အားသာချက်ဖြစ်ပါတယ်။ အားနည်းချက်ကတော့ အရောင်တွေ၊ အကွက်တွေကို မသိဖူး၊ မမြင်ဖူးတာပါပဲ။

တစ်နေ့ကပဲ မိတ်ဆွေ စာရေးဆရာကြီး တစ်ယောက်နဲ့ အချေအတင် စကားပြောရင်းက တစ်ချက်ကို ထောက်ပြခဲ့မိသေးတယ်။

သူက တစ်ပြည်လုံးက ကြည်ညို ဦးခိုက်ရတဲ့ ဆရာတော်ကြီးတစ်ပါးကတောင် နိုင်ငံရေးအရ ထင်ပေါ်သူ တစ်ဦးကို မျက်စိမှိတ်ထောက်ခံတဲ့အတွက် အဲဒီ့ ထင်ပေါ်သူဟာ အင်မတန် တော်ကြောင်း ပြောလိုက်တာပါ။

ဟား… ထောက်ခံပေးသူရဲ့ အရည်အချင်းနဲ့ ထောက်ခံပေးခြင်းခံရသူကို တိုင်းတာလိုက်တာမို့ ကျွန်တော် ဘ၀င်မကျ ဖြစ်သွားပါတယ်။

အဲတော့ ပြန်ပြောလိုက်တယ်။ ကိုယ့်ဆရာရဲ့ ဘုန်းကြီးက သာသနာ့နယ်မှာ လူချွန်လူမွန်တစ်ပါး ဖြစ်တာကို ငြင်းစရာ အကြောင်း မရှိပါဘူးလို့။ သို့ပေတည့် အဲဒီ့ ဘုန်းကြီးဟာ ဖိုမကိစ္စကိုတော့ နကန်းတစ်လုံး မသိတဲ့ ငယ်ဖြူသာ ဖြစ်ပါတယ်လို့ ပြောလိုက်တာပါပဲ။

ပြောချင်တာက တစ်နေရာမှာ တအားတော်တိုင်း ဘာသာရပ်အားလုံးကို တတ်ပွန်နှံ့စပ်လှပြီလို့ မအောက်မေ့စကောင်းတာကို ထောက်ပြလိုရင်းဖြစ်ပါတယ်။ ကျွန်တော့်ဥပမာက တော်တော်ကြမ်းပါတယ်။ သို့ပေမယ့် သည်အချက် မှားပါတယ်လို့လည်း ဘယ်သူမှ ငြင်းနိုင်မယ် မထင်ပါဘူး။

ပြောလက်စ ပြန်ကောက်ရင် လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် မတူကြဘူး။ သည်အတွက် လူလူချင်း မခွဲခြားသင့်ဘူး၊ မနှိမ်သင့်ဘူးဆိုတဲ့ မူက သတ်သတ်ခတ်ခတ်ရှိပါတယ်။ ဒါပေမယ့် အဲဒီ့ မတူတာတွေကြားမှာ သီးခြား စရိုက်လက္ခဏာတွေက သတ်သတ်စီ ရှိနေတာတွေလည်း အများကြီးပါပဲ။

ပုံသေကားကျ မဟုတ်ပေမယ့် ဘုံထုတ်လို့ ရတဲ့ စရိုက်အထွေထွေ

သည်အထဲမှာမှ ပုံသေကားကျလို သတ်မှတ်လို့ ရတဲ့ အချက်တွေ ရှိပါသေးတယ်။ “တရုတ်လို ရှာ၊ ကုလားလို စု၊ ဗမာလို မဖြုန်းနဲ့”ဆိုတဲ့ ဆိုရိုးဟာ ပုံသေကားကျ သတ်မှတ်ထားတာပါ။ တရုတ်လည်း လူ၊ ကုလားလည်း လူ၊ ဗမာလည်း လူ၊ လူချင်းတူပေမယ့် လူမျိုးစရိုက်ကတော့ သီးခြားစီကို ရှိနေတာပါ။ ကနေ့ ကမ္ဘာအရပ်ရပ်၊ မူစလင် နိုင်ငံများပါ မကျန်မှာ တရုတ်တွေ ရှိနေသလို အဲဒီ့တရုတ်တွေကပဲ သူတို့ကျင်လည်ရာ အရပ်ဒေသရဲ့ စီးပွားရေးမှာ ဦးဆောင်သူတွေ ဖြစ်နေကြတာ အထင်အရှားပါ။ အဲဒါဟာ တရုတ်တို့ရဲ့ အရှာအဖွေ တော်လှတဲ့ စရိုက်ကို ထင်ဟပ်နေပါတယ်။ တရုတ်ဘိန်းစားတွေ၊ တရုတ်ငတုံးတွေလည်း ရှိပေမယ့် အဲဒါက အနည်းစုသာ ဖြစ်ပြီး အများစုကတော့ ထူးချွန်ထက်မြက်သူတွေ၊ စီးပွားရေး လာဘ်မြင်သူတွေ၊ လက်ရဲဇက်ရဲ ရှာတတ်ဖွေတတ်သူတွေပါပဲ။ ဒါဟာ လူမျိုးစရိုက်ပါ။

ကုလားတွေက အစုအဆောင်း သန်ကြပါတယ်။ အခုခေတ် ဗမာပြည်မှာ ကုလား လူဦးရေ နည်းသွားပြီမို့ တချို့က သတိထားချင်မှ ထားမိပါလိမ့်မယ်။

ကျွန်တော် ရှစ်တန်းမှသည် တက္ကသိုလ်ရောက်ချိန်အထိ စက်ကျတတ်တဲ့ တစ်နေရာ ရှိပါသေးတယ်။ အဲဒါကတော့ ကျွန်တော်တို့ လမ်း ၄၀ အိမ်အောက်ထပ်က တလုပ်တွေ ဖွင့်ထားတဲ့ အမျိုးသားဝတ် စက်ချုပ်ဆိုင် ဖြစ်ပါတယ်။ ရန်ကုန်မြို့ ဖရေဇာ (အနော်ရထာ)လမ်းနဲ့ ၃၄ လမ်းထောင့်၊ ဖရေဇာလမ်းပေါ်မှာ ရှိပါတယ်။ အခု အဲဒီ့နေရာက Casio အရောင်းဆိုင် ဖြစ်နေတယ် မှတ်တယ်။ အရှေ့မြောက်ဘက် ထောင့်မှာ စပယ်ဦး တေးသံသွင်း ရှိခဲ့ဖူးတယ်။ အနောက်မြောက်ဘက်ထောင့်မှာက အဲဒီ့စက်ချုပ်ဆိုင်ပါ။

အဲဒီ့စက်ချုပ်ဆိုင်အ၀င်မှာ မှန်သေတ္တာလေးနဲ့ ရှေးဟောင်းပစ္စည်းအတိုအစတွေ ရောင်းဝယ်တဲ့ တမီ(လ်) ကုလားကြီးတစ်ယောက်ရှိတယ်။ အဲဒီ့ဆိုင်ကို ၀င်ထွက်နေတော့ အဲဒီ့ကုလားကြီးနဲ့လည်း ခင်နေတာပေါ့။ ကျွန်တော့်ရဲ့ ပင်ကိုစရိုက်ကိုက တွေ့တဲ့လူနဲ့ ရယ်မောသောရွှင် ပေါင်းသင်းတတ်တဲ့အခါ အဲဒီ့ ကုလားကြီးနဲ့ဆို ပြောမနာ ဆိုမနာ ခင်နေပါတော့တယ်။

အဲဒီ့ ကုလားကြီးရဲ့ နေ့စဉ် ထမင်းချိုင့်ကိုလည်း ကျွန်တော် မြင်နေရတယ်။ ထမင်းချိုင့်က လေးဆင့်ချိုင့်ကြီး ခင်ဗျ။ သုံးဆင့်မှာ ထမင်းအပြည့်ပါတယ်။ ကျန်တစ်ဆင့်မှာက ပဲဟင်းအပြည့်။ အဲဒါပဲ နေ့စဉ်။ ငရုတ်သီး အတောင့်ကြော်နဲ့ ဆားနဲ့က ပုလင်းနဲ့ သတ်သတ်ပါတယ်။ အဲဒါ သူတို့ နေ့စဉ် မညည်းမညူစားတဲ့ ထမင်းပါပဲ။ ကုလားကြီးရဲ့ သား၊ ကျွန်တော်နဲ့ မတိမ်းမယိမ်းဟာလည်း ဆိုင်မှာ မထိုင်ပေမယ့် ထမင်းစားချိန်ကျရင် သူ့အဖေဆီ ရောက်လာပြီး သားအဖနှစ်ယောက် ထမင်းကို ပဲဟင်း ရွှဲရွှဲဆမ်း၊ ငရုတ်သီးအတောင့်ကြော်နဲ့ ဆားနဲ့ လွေးကြတော့တာပါပဲ။

အဲဒါ တရက်လည်း မဟုတ်၊ နှစ်ရက်လည်း မဟုတ်၊ နေ့တိုင်းပါ။

ကုလားကြီးရဲ့ အရောင်းအ၀ယ်လည်း ကျွန်တော်တို့ မြင်နေရတာပါပဲ။ ကျိတ်ကျိတ်တိုး မဟုတ်ပေမယ့် သူ ခွင်တစ်ခါ မိလိုက်ရင် အမြတ်အစွန်း ဘယ်လောက်များတယ်ဆိုတာ ကျွန်တော်တို့ မှန်းလို့ ရနေပါတယ်။ သို့ပေမယ့် ကုလားကြီးဟာ ပပလွှားလွှား မနေဘဲ၊ မစားဘဲ ခြစ်ခြစ်ကုပ်ကုပ်ရှိလှတာကို သတိထားမိခဲ့ပါတယ်။

ဒါဟာ လူမျိုးအလိုက် စရိုက်အထွေထွေပါ။ မှားတာတွေ၊ မှန်တာတွေ၊ ကောင်းတာတွေ၊ ဆိုးတာတွေ မရှိပါဘူး။ ထူးခြားတဲ့ စရိုက်များကို ပြောလိုရင်းဖြစ်ပါတယ်။ လှေနံဓားထစ်၊ ပုံသေကားကျ တစ်သမတ်တည်း သတ်မှတ်လို့ မရသည့်တိုင် အများစုမှာ အဲဒီ့လို စရိုက်မျိုးတွေ ရှိနေတာကြောင့် လူမျိုးအလိုက် ဖြစ်နိုင်ချေများတဲ့ စရိုက်လို့ ပြောမယ်ဆိုလည်း ပြောလို့ ရပါလိမ့်မယ်။

တရုတ်ကုလားတွေသာ မဟုတ်ပါဘူး၊ ဥရောပသားတွေမှာလည်း စရိုက်တွေ ရှိကြတယ်လို့ ဥရောပသားတွေက လက်ခံထားကြပါတယ်။ အိုင်းရစ်(ရှ်) လူမျိုးတွေ ကပ်စေးနည်းတယ်၊ ရဟူဒီတွေ ထက်မြက်တယ်၊ အင်္ဂလိပ်တွေ လက်ပေါက်ကတ်တယ် စသဖြင့်ပေါ့ဗျာ။

ဒါက လူမျိုး/အသားအရောင် အလိုက်နော်။ ကျွန်တော်တို့ အာရှမှာတောင်မှ ထိုင်းတွေက ထုံတယ်၊ ပျင်းတယ်၊ ဖျင်းတယ်။ ဗမာတွေက ထက်တယ်၊ ရန်လိုတယ်။ လာအိုတွေက ထိုင်းတွေထက်တောင် ထုံသေး၊ ဖျင်းသေးတယ် စသဖြင့် ယေဘုယျပြောလို့ ရပါတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထိခိုက်မှာ စိုးလို့ ပြည်တွင်းက တိုင်းရင်းသားတွေကိုပါ ထည့်ပြောချင်ပေမယ့် မပြောတော့ပါဘူးနော်။ ကျွန်တော့် ဗိုက်ထဲမှာပဲ တိတ်တိတ်ကလေး သိမ်းထားလိုက်ပါတော့မယ်။ 🙂 

စိတ်ထဲ ဖြစ်ဖြစ်သွားတာ ခင်ဗျားတို့ ၀င်ကြည့်နိုင်လို့လား

အဲသလိုပဲ ကျား-မ တန်းတူ အခွင့်အရေးဆိုတာ မူအရ သတ်သတ်ခတ်ခတ် ရှိနေတာပါ။ သို့သော် ကျားနဲ့ မနဲ့ ဘယ်လိုမှ မတူတာလည်း ရှောင်လို့ မရတဲ့ အချက်ပါ။ ယောက်ျားတွေ ကိုယ်ဝန်မဆောင်နိုင်၊ မီးမဖွားနိုင်၊ ရင်သွေးကို နို့ချို မတိုက်ကျွေးနိုင်တာကိုက ရှင်းနေတဲ့အချက်ပါ။ အခုခေတ်မှာ သိပ္ပံနည်းနဲ့ ဇွတ်အတင်း ပြောင်းယူလို့ ရတာများ ရှိလာသည့်တိုင် မပြောင်းနိုင်သေးတာတွေလည်း အများအပြား ကျန်ပါသေးတယ်။

အဲတော့ကာ ယောက်ျားတို့ရဲ့ သဘာဝကိုက လိင်စိတ်အရာမှာ မိန်းမတွေ ဘယ်လိုမှ နားလည်မပေးနိုင်၊ မသိတတ်နိုင်တဲ့ ပွေလီမှုတွေ၊ ပြင်းထန်မှုတွေ ရှိနေပါတယ်။ လူမျိုးစရိုက်ကို ပြောခဲ့တုန်းကလို ယောက်ျား အားလုံး သိမ်းကြုံးပြီး လှေနံ ဓားထစ်လို့ မရစကောင်းပေမယ့် ယောက်ျားအများစုရဲ့ လိင်စိတ်ကတော့ သိပ်မကွာပါဘူး။ ၀န်ခံသူနဲ့ ၀န်မခံသူသာ ကွာလိမ့်မယ် ထင်ပါတယ်။

မိန်းမတစ်ယောက်ရဲ့ ရင်သား၊ တင်ပါး၊ ခြေသလုံး၊ ချိုင်းသား စတာတွေကို မြင်ပြီး ယောက်ျားတစ်ယောက်မှာ လိင်စိတ်နိုးကြားသွားတာကို ယောက်ျားချင်းမှသာ နားလည် စာနာနိုင်ပါတယ်။ မိန်းမတွေအနေနဲ့က ဘယ်လိုမှ နားလည်ပေးနိုင်မှာ မဟုတ်ပါဘူး။

မိန်းမတွေက ဟောဟို့လူ ရင်အုပ်ကားကား ကြွက်သားအဖုဖု ထုထုပြီး ခရာချင်စရာငယ်လို့သာ ဆိုကောင်း ဆိုမယ်၊ အဲဒါ လိင်စိတ်ကြောင့် ဖြစ်သူက အင်မတန်မှ နည်းပါလိမ့်မယ်။ မရှိဘူးလို့ မဆိုလိုပါ။ အသားချင်းထိရုံနဲ့၊ ဒါမှမဟုတ် ယောက်ျားတစ်ယောက်ရဲ့ နှုတ်ခမ်းလောက်ကို မြင်ရုံနဲ့ လိင်စိတ်နိုးကြားသူ မိန်းမသားတွေလည်း တွေ့ဖူး၊ ကြားဖူးပါတယ်။ ဒါပေမယ့် အဲဒါက မဆိုစလောက် အနည်းစုပါ။ အများစုက ယောက်ျားလေးတွေ ချောတာ၊ အသားညိုတာ၊ အရပ်အမောင်း ကောင်းတာကို မျက်စိပသာဒသဘောအရ မက်မော နှစ်သက်ကြမှာပေမယ့် စိတ်ထဲကနေတော့ အတူခဏ အိပ်မကြည့်မိကြပါဘူး။ ဟုတ်ကဲ့လား မသိဘူး။

ယောက်ျားကတော့ မရဘူးခင်ဗျ။ ရင်သားတွေ၊ တင်ပါးတွေလို မြင်သာတာတွေကြောင့် လိင်စိတ်က နိုးသွားတာများ တစ်ခါတည်း မဟုတ်တမ်းတရား ပြစ်မှားဖူးတဲ့အထိ ဖြစ်ကုန်တတ်ပြန်ပါတယ်။ အထပ်ထပ် ပြောခဲ့တဲ့အတိုင်း ယောက်ျားတိုင်း အဲလို ဟုတ်ချင်မှ ဟုတ်မှာ ဖြစ်ပေမယ့်၊ ၀န်ခံသူနဲ့ ၀န်မခံသူ ကွာကောင်းမှ ကွာမှာ ဖြစ်ပေမယ့် အများစုကတော့ အဲဒီ့အတိုင်းပါဗျား။

ချဉ်သီးကို မြင်တဲ့အခါ သွားရည်တွေ ကျလာသလို သူ့အလိုလို ဖြစ်လာတဲ့ စိတ်ကို ကျင့်ဝတ်များအရသာ ထိန်းနေကြပေမယ့် ဖြစ်သွားတဲ့ စိတ်ကတော့ တားဆီး ထိန်းကွပ်လို့ မရပါဘူး။ အဲတော့ကာ ယောက်ျားတွေ အတွက် မိန်းမတွေဟာ လိင်မှုရေးရာ အသုံးခံပစ္စည်းလို မြင်နေတဲ့ အမြင်ကလည်း ကမ္ဘာကြီး ပျက်တဲ့အထိ ရှိနေမှာပါ။ အသိ၊ သတိ၊ ဉာဏ်စတာတွေနဲ့ ထိန်းကွပ်ထားကြလို့သာ တချို့တွေက ဣနြေ္ဒအတိနဲ့ သမာဓိ ထိန်းနေကြမှာ ဖြစ်ပေမယ့် သူတို့ စိတ်တွေထဲတော့ ဘယ်သူမှ ၀င်ကြည့်လို့ မရတတ်နိုင်တာမျိုးမို့ မဖောက်ပြန်ဘူးလို့တော့ မပြောနိုင်ပါဘူး။

ဘုရားဟော ဇာတ်တော်ထဲက မုဒုလက္ခဏရှင်ရသေ့တောင် ဈာန်လျှောခဲ့ဖူးတာကို သတိရမယ်ဆိုရင် ယောက်ျားတို့ရဲ့ အဲဒီ့ စိတ်ဟာ တမင်ဖန်တီးယူတာ မဟုတ်ဘဲ သွေးထဲ သားထဲမှာ အလိုလိုရှိနေတဲ့ သဘာဝ တစ်ရပ်အဖြစ် နားလည် လာပါလိမ့်မယ်။ အဲလို နားလည်လာတဲ့အခါ ခွဲခြားဆက်ဆံမှု၊ နှိမ်ချမှုတွေ မရှိသင့်ဘူးလို့ ခံယူပြီး တန်းတူ နေရာပေးရဲတာ၊ ပေးတတ်တာ၊ ပေးနိုင်တာက သတ်သတ်၊ ယောက်ျားတို့ရဲ့ လိင်စိတ်က သတ်သတ်လို့ မြင်နိုင်သွားကြမယ် ထင်ပါတယ်။

အမလေး… မောတာဗျာ။

ကျွန်တော် တစ်စက်ကလေးမှ မကောင်းခဲ့ပါဘူးဗျာ

အမောဖြေပြီး ကျွန်တော့် အစုတ်ထုပ်ဘက် ပြန်ဆက်ရရင်တော့ အဲတုန်းက သန့်စင်ခဲ့ပေမယ့် အသက် ၃၀ ကျော်၊ အိမ်ထောင်ကျပြီးချိန်မှာ အဲလို အခွင့်အရေးမျိုးတွေ ရလာတဲ့အခါ ကျွန်တော်တစ်ကောင် တွေ့မရှောင်တွေ ဖြစ်ခဲ့တာကို ပြန်တွေ့လာရပါတယ်။

ကျွန်တော်ကတော့ ခြွင်းချက် အနည်းစု ယောက်ျားသားထဲမှာ ပါလိမ့်မယ် ထင်တယ်။ အဲဒီ့စိတ်က သူတကာထက် ပိုများ ပြင်းထန် သန်မာနေသလားတော့ မပြောတတ်ပါဘူး။

ကံကောင်းသွားတာတစ်ခုက… အထူးသဖြင့် ကျွန်တော်နဲ့ တွဲခဲ့ဖူးတဲ့ အမျိုးကောင်းသမီးတွေ ကံကောင်း သွားတာတစ်ခုက ကျွန်တော်ဟာ ကျွန်တော်နဲ့ တွဲသူတွေကို ဆိတ်ကွယ်ရာများဆီ ကြိမ်ဖန်များစွာ ခေါ်သွားဖူး၊ အတွင်းကျကျ ပတ်သက်ခဲ့ဖူးလင့်ကစား သူတို့ရဲ့ အပျိုရည်ကိုတော့ တစိုက်မတ်မတ် ထိန်းသိမ်းခဲ့တာပါပဲ။ အလွယ်တကူ မကျူးကျော်ခဲ့ပါဘူး။

အဲဒါကြောင့်လည်း ကျွန်တော့်ဘက်က သူတို့ကို စဖြတ်ရတဲ့အခါမျိုးတွေမှာ ကျွန်တော့် လိပ်ပြာက သန့်နေခဲ့ပါတယ်။

အဲဒါတစ်ခုကတော့ အတော်လေး ကောင်းသွားတယ်လို့ ဆိုရမယ်။ အဲဒါက အိမ်ထောင်မကျခင်က အဖြစ်တွေပေါ့။

အိမ်ထောင်ကျပြီး အဖြစ်တွေမှာကျတော့ ပြောခဲ့တဲ့အတိုင်း တွေ့မရှောင်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော် ဘယ်သူ့ကိုမှ မလိမ်ခဲ့ဘူး။ အိမ်ထောင်ရှိလျက်နဲ့ လူပျိုယောင် မဆောင်ခဲ့ဘူးလို့ ဆိုလိုရင်း ဖြစ်ပါတယ်။ နောက်တစ်ခုက အတည်တကျ ပေါင်းသင်းပါ့မယ်၊ လက်ထပ်ပါမယ်လို့လည်း တစ်ခါဆို တစ်ခါဖူးမျှ ကတိက၀တ် ပေးပြီး ကျူးကျော်ခဲ့တာတွေ မဟုတ်ပါဘူး။ တချို့ကိုဆို ကြိုတောင် သတိပေးပါသေးတယ်။ သိပ်မကပ်နဲ့နော်၊ ကပ်လာလို့ ကျုပ်ဘက်က စိတ်မထိန်းနိုင်ရင် ကျုပ်အပြစ် မဟုတ်ဘူးလို့ ကြိုကန်ပစ်လိုက်တာပါ။ အဲဒီ့ကြားထဲကမှ သူတို့က ဇွတ်အတင်းကပ်လာတော့လည်း… အဲ… ကျွန်တော်က အားနာတတ်တယ်လေဗျာ 🙂

အစုတ်ထုတ် သည်တစ်ပိုင်းကတော့ တွေးစရာတွေပဲ ပါသွားသလား၊ ဆဲစရာတွေပဲ များနေသလားတော့ ကျွန်တော်မျိုးလည်း မလျှောက်တတ်တော့ဘူး။ မည်သို့ပင်ဆိုစေ၊ ဆယ်တန်း ပထမနှစ်ကို ပြန်သွားရာက မေ့နေတဲ့ အကွက်ကလေးတချို့ အစို့ ပြန်ပေါက်လာသလို အဲဒီ့ထဲကမှာ ဖိုသဘာဝတစ်စိတ်တစ်ဒေသကိုတော့ ဆွေးနွေးတင်ပြနိုင်သွားခဲ့တယ်လို့ ယူဆမိပါတယ်။

သည်အပိုင်းမှာ ပြောကြတာ…

‘Song Thiri’ ဟိုအရင်ကလို အချိန်တိုင်း ဒီမျက်နှာစာအုပ်ကြီးပေါ် မရောက်ဖြစ်တာနဲ့ ဆြာ့ အစုပ်ထုတ်နဲ့တော့ နည်းနည်း အဆက်ပြတ်နေတယ်။ (ဝန်ခံပါတယ်) ဇာတ်လမ်းဆုံးသွားရင်တော့ အစအဆုံး ပြန်ရှာ ဖတ်ရမယ့်ကိန်း မြင်တယ်။ ဘယ်နပိုင်းလောက် လွတ်သွားလဲ မသိ။ အဆက်တွေလဲ မမှတ်မိတော့ပါ။ 😀

စကားမစပ်…. ဆြာက ကိုယ်ရေသိပ်သွေးတာနော်… (မွှန်ကြောင်း သိပ်ကြွားတာကို ပြောတာပါ) 😛 သာမီးကတော့ ယောကျာ်းတွေက အကုန်အတူတူပဲလို့ မြင်ပါတယ်။ 😛 (အပုန်းတို့ အပွင့်တို့တော့ ပါဝူးပေါ့ 😛 )

May Thandar Win 😀 ဘယ်သူ့ကိုပြောသလဲ သိတယ်နော့ ဆရာ။ အပြင်ကျမှ ကော်ဖီသောက်ရင်း ငြင်းရမယ်။

ATK အွင်… ဂလောက် ဖုံးဖုံးဖိဖိ ရေးထားတာ ဘိုက ဘလို တိတွားရဗျန်ဒါဒုံး… ရှက်လိုက်ထှာအေ 😛

May Thandar Win ဖုံးဖုံးဖိဖိအရေးအသား လိုသေးလို့ ဖြစ်မယ် 😛

Win Min Oo Comet ဆရာနဲ့ကျွန်တော့ညီနဲ့တူတာတွေရှိတယ်ဗျ

ATK ဟုတ်ကဲ့ပါ အစ်ကို 🙂

Win Min Oo Comet မဟုတ်ပါဘူးဗျာ ကျွန်တော့ညီက ရောက်လေရာအရပ်မှာ တွေ့တဲ့ ကောင်မလေးတွေနဲ့ အဆင်ပြေပြီး သိပ်မကြာဘူး ကြိုက်ကုန်ကြတာကြီးပဲ.. 

ခုအိမ်ထောင်ကျပြီးတော့တောင် အတော်ပြောနေရတယ်.

ATK အဲလို ပြောလို့ ဆုံးမလို့ ရတာမျိုး မဟုတ်ဘူးဗျ။

အကောင်းဆုံး အကြံပေးမယ်။ အစ်ကိုက သူ့နှစ်ဆ အစွမ်းပြလိုက်။ ကလေးအဖေ အစ်ကို လုပ်ပြတာကို ကြည့်ပြီး သူ သင်ခန်းစာယူမယ်။ ပြီးရင် သူ့အလိုလို ပြင်သွားမှာ သေချာတယ်ဗျ။

မယုံဘူးလား။ လက်တွေ့စမ်းကြည့်လိုက်ပါ မောင်မင်း 🙂 😀 😛

Win Min Oo Comet ဖျားဖျား

Wei Phyo Maung ဆရာအိမ်ထောင်ကျပြီးမှတွေ့မရှောင်ဖြစ်ခဲ့တာပတ်ဝန်းကျင်ကြောင့်လားဗီဇကြောင့်လား

ATK ကျွန်တော့် အဖြေ မရေးခင် မေးခွန်း တစ်ခု အရင်ပြန်မေးပါရစေ။ ဘာကြောင့်လို့ ထင်ပါသလဲလို့။

စိတ်ပညာမှာတော့ ဗီဇနဲ့ ပတ်ဝန်းကျင် Nature နဲ့ Nurture က တုတ်ထမ်း ငြင်းနေကြဆဲပါခင်ဗျား။

တခြားဟာတွေကို သိပ်မပြောချင်ပေမယ့် လိင်စိတ် (sexuality) ကတော့ ဗီဇကြောင့်ပဲလို့ ကျွန်တော် အခိုင်အမာ ယုံကြည်ပါတယ်။ အထူးသဖြင့် လိင်တူချင်းတပ်မက်မှု (homosexuality) ကို သေချာ အနီးကပ် လေ့လာကြည့်တဲ့အခါမှာ အဲဒါကို သွားတွေ့ရပါတယ်။

သူက preference (သန်ရာ) လေ။ ဘာနဲ့ တူသလဲဆိုတော့ ဘယ်သန်နဲ့ ညာသန်လိုပေါ့။ ဇွတ်အတင်း ကျင့်ယူရင် ဘယ်သန်သမားဟာ ညာလက်ကို သုံးတတ်လာမှာပေမယ့် အရေးကျ ဘယ်လက်ပဲ ဖတ်ခနဲ ထွက်လာမှာပါ။ ကျင့်ယူတာက ပတ်ဝန်းကျင်၊ အရေးကျ ငေါငေါကြီး ပေါ်လာတာက ဗီဇပေါ့ခင်ဗျာ။

အဲဒါ ကျွန်တော့်အဖြေပါ။

Wei Phyo Maung ကျေးဇူးပါဆရာ။

ATK အွင်… ဘာ့ကြောင့် ထင်သလဲဆိုတဲ့ အမေးကျတော့ ပြန်လည်း ဖြေမတွားဝူး 😦

Wei Phyo Maung ကျွန်တော်တကယ်မသိလို့ပါဆရာ။

ATK ဆောရီးပါဗျာ။ ကျွန်တော် ဆေးထိုးတာ မအောင်မြင်ဘူးပေါ့နော် grin emoticon

Wei Phyo Maung ဗီဇကြောင့်ဆို တို့ဆရာက အဘိုးနဲ့တူလို့ဖြစ်လိမ့်မယ် 😛

Nann Kham Nway စကားစပ်လို့ ဘယ်သန်နဲ့ ညာသန်အကြောင်းကို ကျေးဇူးပြု၍ နည်းနည်းလောက် ရှင်းပြပေးပါလားဆရာ။ သမီးက ကလေးတစ်ယောက်ကို ညာသန်ဖြစ်အောင် သင်ပေး ကျင့်ပေးရမယ်လို့ ထင်ထားပါတယ်ဆရာ။ သည်နေ့ စကားတစ်ခွန်းကြားမိတာက လူကြီးက ကလေးကို မသင်စေဘဲနဲ့ ကလေးက သူ့ဘာသာသူ သန်ရာကို ယူပလေ့စေတဲ့။ အဲ့ဒါ ဆရာကရော ဘယ်လို သဘောရသလဲဆိုတာ နည်းနည်းလောက် ပြောပြပေးပါလားဆရာ။

ATK ဆောရီးပါ Daw Nann Kham Nway, မေးခွန်းနဲ့ မန့်ကို အခုမှ တွေ့ပါတယ်။

ညာသန်ဖြစ်အောင် သင်ပေး လေ့ကျင့်ပေးရမယ်လို့ (၁) ဘယ်သူက ညွှန်ကြား ထားပါသလဲ (၂) ဘာအတွက် အဲလို သင်ပေး လေ့ကျင့်ပေးမှာပါလဲ (၃) ကလေးက ဘယ်မသုံးတော့ဘဲ ညာသုံးလိုက်တဲ့အတွက် ဘာတွေ တိုးတက် ကောင်းမွန်လာမှာပါလဲ/ဘာတွေ ဆုတ်ယုတ်သွားနိုင်ပါသလဲ။

အဲဒီ့ မေးခွန်းတွေကို အရင်ဆုံး ဖြေကြည့်စေချင်ပါတယ်။

အများနဲ့ လိုက်လျောညီထွေ ဖြစ်မှ၊ အများ လုပ်နေတဲ့ အတိုင်း လုပ်နေမှ လူဖြစ်တာ မဟုတ်ဘူးဆိုတာလောက်ကလေးကို ဆင်ခြင်ကြည့်ပေးနိုင်မယ်ဆိုရင်…

Nann Kham Nway ဟုတ်ကဲ့ဆရာ.. သမီးလည်း ဆရာပြောသလိုပဲ ထပ်တူတွေးမိပါတယ်။ သမီး စာအရေးမှားသွားတယ်ထင်တယ် ဆရာ။ သမီးမေးချင်တာနဲ့ ရေးထားတာနဲ့ နည်းနည်းလွဲနေတယ်။ သမီးလည်း အရေးသိပ်မတတ်တော့ ပြောချင်တဲ့ အကြောင်းအရာ မရနိုင်ဘူးဖြစ်နေတယ် ဆရာ။ နောက်များ ဆရာကို လာတွေ့တဲ့ အခါကျမှပဲ တွေးမိတဲ့ အတွေးလေးတွေကို ပြန်မေးပါတော့မယ်ဆရာ။ 🙂

Nann Kham Nway တိုက်တိုက်ဆိုင်ဆိုင် ဒီရက်ပိုင်း သမီးလည်း လူနည်းစု လူများစုဆိုပြီး ဖြစ်နိုင်တဲ့ လူမျိုး စရိုက်တွေ အကြောင်း တွေးမိနေတာ။ အခု ဆရာ ပြောပြလိုက်တော့ ပိုရှင်းသွားတယ်။ ဗဟုသုတလည်းအများကြီးရတာမို့ သည်တစ်ခါ အစုတ်ထုပ်ကိုတော့ ပိုကြိုက်တယ် ဆရာ။ 🙂

ဟုတ်တယ်ဆရာ.. ကုလားတွေက ပဲဟင်းနဲ့ ငရုတ်သီးကို နေ့တိုင်းစားတာ(လူများစုပါ)။ ပဲဟင်းတစ်မျိုးတည်းကို ကောင်းကောင်းချက်ပြီးစားတာ။ ဘာကြောင့်လဲတော့ မသိဘူး၊ သူတို့ချက်တဲ့ လက်ရာကိုလည်း ဘယ်လက်ရာကမှ မမီဘူးလို့ ထင်ရတယ်။ သိပ်စားကောင်းတာ။

တရုတ်နဲ့ ကုလား စားတယ်ဆိုတဲ့ နေရာကတော့ စကားတောင်ပြောကြသေးတာ။ ဘာတဲ့.. ကုလားတွေက ဆိတ်တစ်ကောင်သတ်ရင် တစ်မျိုးလုံး တစ်ဆွေလုံး ဝိုင်းလို့ ဝေမျှစားကြပြီး တရုတ်တွေ ဝက်တစ်ကောင်ပေါ်ရင်တော့ အိမ်နှစ်အိမ်ပဲ မျှစားလိုက်တာတဲ့။ 😀

Shwe Gyi ဒါဆို စိတ်မှတ်မဲ့တုန့် ပြန်မှူ့ တွေက ဗီဇကြောင့်ပေါ့နော်၊၊ သတိနဲ့ ပြန်ထိန်းတာက ပတ်ဝန်းကျင်ကြောင့်ပေါ့၊၊

ATK အဲလိုတော့ အပြတ်ပြောလို့ မရပြန်ဘူး Ka Shwe. အတုမြင် အတတ်သင်ထားတဲ့ စိတ်မှတ်မဲ့ တုံ့ပြန်မှုတွေ ရှိသေးတယ်။ ဥပမာ… တစ်ခုခု မမျှော်လင့်တာ ဖြစ်တဲ့အခါ ယောင်ရမ်း မြည်တမ်းပုံပေါ့။ ဟဲ့… ပလုပ်တုတ်ဆိုတာ မအေ့ဆီက ကူးလာတဲ့ စိတ်မှတ်မဲ့ တုံ့ပြန်မှုမျိုးက အလွယ်ဆုံး ဥပမာပါ။ တခြား အကျင့်စရိုက်တွေကလည်း အတူနေ မိဘ အုပ်ထိန်းသူတွေဆီမှာ နေ့စဉ်နဲ့အမျှ မြင်နေရင်းက တမင် ကူးချတာ မဟုတ်ဘဲ အလိုလို ကိုယ်ထဲ စွဲနေတဲ့ တုံ့ပြန်မှုတွေ ဖြစ်နေတတ်ပြန်တယ်ဗျ။

Shwe Gyi ဆရာ့ရဲ့ တွေ့ မရှောင်ကိစ္စက ပတ်ဝန်းကျင်ကြောင့်လို့ ရော မဆိုနိုင်ပေဘူးလား၊၊ ဘာလို့ ဆို ဆရာ အိမ်ထောင်ကျပြီးနောက်ပိုင်းမှ ဆိုတဲ့ အချက်က နည်းနည်းများသက်ဆိုင်နေမလားထင်မိတယ်၊၊ ဆိုလိုချင်တာက အိမ်ထောင်ကျပြီးတဲ့နောက်ပိုင်းမှာ လိင်ကိစ္စကိုပိုရင်းနှီးလာပြီး(လူပျိုတုန်းကလို လက်လီမဟုတ်တော့ဘူး) ပိုပြီးခြေသွက်၊လက်သွက်ဖြစ်လာတာကရော အကြောင်းတခုမဖြစ်နိုင်ဘူးလားဆရာ၊၊ တွေးကြည့်တာပါ ဆြာ၊၊ 🙂

ATK ချစ်သူ့ရင်ခွင် ရှာပုံတော် မဖတ်ရသေးဘူး ထင်တယ်။ လူပျိုတုန်းကလည်း တွေ့မရှောင်ပါဘူး။ နောက်ဆုံးအဆင့်တစ်ခုကိုပဲ ကြောက်ကြောက်နဲ့ ဆင်ခြင်နေခဲ့တာလေ။ 🙂

Shwe Gyi ဖတ်ပြီးပါပြီဆရာ၊၊ ကျွန်တော်လဲ အဲ့နောက်ဆုံးအဆင့်တခုကိုပဲ ပြောတာပါ၊၊ ခုတော့သိပါပြီ ကြောက်လို့ ဆိုတာ၊၊ ဟီးးးး

ATK ခေတ်ချင်းက ကွာတာကိုးဗျာ။ ကျွန်တော်တို့ လူပျိုပေါက်စ ခေတ်တုန်းက အခုလို Ecee2 တွေ၊ အဖော်တွေ အလျှံပယ် မရှိခဲ့ဘူး မဟုတ်လား။ ရှိများ ရှိရင်တော့လည်း တစ်မျိုး ဖြစ်မှာပေါ့။

ကံကောင်းတာ တစ်ခုက ကျွန်တော်တို့ လူပျိုအရွယ်မှာ HIV မပေါ်သေးတာပဲဗျ။ မဟုတ်ရင် ခုလောက်ရှိ အရိုးဆွေးနေလောက်ပြီ။ 😀

Advertisements
2 Comments leave one →
  1. ko ko permalink
    18 August 2015 9:18 am

    တစ်ခုလောက်မေးချင်လို့ပါ။ အိမ်ထောင်ကျပြီးမှ ဖြစ်တော့ ငါဖောက်ပြန်မိလေခြင်းဆိုတဲ့ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်တဲ့စိတ် အပြစ်ဖြစ်တဲ့စိတ် မပေါ်ဘူးလား ခင်ဗျာ။ မေးကြည့်တာပါ။

    • lettwebaw permalink*
      18 August 2015 9:32 am

      မေးသင့်တဲ့ မေးခွန်းပါပဲ။ မေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

      နာမည်ကျော် ဇင်ဗုဒ္ဓ၀ါဒ ဘုန်းကြီး နှစ်ပါးရဲ့ ဇာတ်လမ်းလေးကို ကြားဖူးမလား မသိဘူး။ တန်ဇန်နဲ့ အီကီဒိုဆိုတဲ့ ဘုန်းကြီးနှစ်ပါးဟာ မွန်းတည့်ချိန်လောက်မှာ တောလမ်းလေးအတိုင်း ပြန်လာကြတယ်။ လမ်းက နွံအိုင်ကြီး တစ်ခုနားမှာ ချောမောလှပတဲ့ မိန်းမပျိုလေးတစ်ယောက်က နွံအိုင်ကို မဖြတ်ရဲလို့ ဘုန်းကြီးနှစ်ပါးကို အကူအညီ တောင်းပါတယ်။ တန်ဇန်က မိန်းမပျိုလေးကို စွေ့ခနဲ ပွေ့ချီပြီး နွံအိုင်တစ်ဖက်ကို ပို့ပေးခဲ့တယ်။ ညဘက် ကျိန်းချိန်ရောက်တော့ အီကီဒိုက တန်ဇန့်ကို လျှောက်တယ်။ နေ့ခင်းက မာတုဂါမလေးက လှကလည်း လှ၊ ငယ်ကလည်း ငယ်၊ သူ့ကို ကောက်ချီလိုက်တော့ အာရုံငါးပါးနဲ့ ခံစားရမှာလည်း သေချာတယ်။ အဲတော့ ကိုယ်တော်တော့ အာပတ်သင့်တော့မှာပဲတဲ့။

      တန်ဇန်ကိုယ်တော်က ပြန်ပြောပါတယ်။

      ငါ့ရှင်… ကလေးမကို နေ့ခင်းကပဲ နွံအိုင်အစပ်မှာ ငါက ထားခဲ့ပြီ။ ငါ့ရှင်ကတော့ အခု ကျိန်းတဲ့အချိန်အထိ အဲဒီ့ကလေးမလေးကို သယ်လာတုန်းပဲတဲ့။

      အဲဒါ ကျွန်တော့် အဖြေပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: