ဆရာငြိမ်းကျော်ဆီ မကြာခဏ ရောက်ဖြစ်နေခဲ့တာ ၁၉၉၀ ပြည့်လွန်စ နှစ်များမှာ ဖြစ်ပါတယ်။ အဲတုန်းက ကျွန်တော် ဆူဒိုနင် ဖြစ်စပြုနေပါပြီ။ အတ္တကျော် ဖြစ်လာဖို့တော့ ဆယ်နှစ်လောက် လိုပါသေးတယ်။ ဆရာငြိမ်းကျော်ရဲ့ ဝတ္ထုတွေကို စွဲလန်း နှစ်သက်ခဲ့ရာက ဆရာ့ဆီ ရောက်သွား၊ ဆရာ့နားမှာနေ၊ ဆရာပြောတာတွေ နာယူမှတ်သားပေါ့။
စကားစပ်လို့ ပြောရရင် ဆရာငြိမ်းကျော်က လက်ရေးလက်သား အင်မတန် သပ်ရပ်လှပသူပါ။ မင်အနက်နဲ့ အမြဲရေးပါတယ်။ မင်နက်သုံးသူဟာ စာရေးတာ မသပ်ရပ်ရင် အတော့်ကို အကြည့်ရဆိုးလှပါတယ်။ စကားစပ်လို့ပဲ ဆက်ပြောရရင် အဲလို မင်အနက်နဲ့ မသပ်မရပ်အနိုင်ဆုံး ဆရာကတော့ ဆရာ မောင်ဝဏ္ဏပါပဲ။
တစ်ရက်မှာ ဆရာငြိမ်းကျော်နဲ့ ကျွန်တော် ဘာကြောင့်မှန်း မသိ၊ အပြင်ထွက်ဖြစ်ကြပါတယ်။ သေချာတာကတော့ ၁၉၉၄ ခုနှစ် မတိုင်ခင် တစ်ချိန်မှာ ဖြစ်ပါတယ်။ ပြီးတော့ သောက်ဖြစ်တာက အရင်လား၊ နောက်မှ သောက်ဖြစ်တာလား မသိဘူးခင်ဗျ။ ဆရာ ဇော်ဇော်အောင့်ရဲ့ ကျိုက်ဝိုင်းဘုရားလမ်းနေအိမ် မြေနေရာလွတ်မှာ ဖွင့်ထားတဲ့ ဆိုင်ကလေးကို ရောက်သွားပါတယ်။ ဆရာဇော်နဲ့ ပထမဆုံး စတင် တွေ့ဆုံဖူးခြင်းပါပဲ။
ဆရာငြိမ်းကျော်နဲ့ ဆရာဇော်ဇော်အောင်တို့က အလွန်ရင်းနှီးကြသူတွေပါ။ ဟုတ် မဟုတ်တော့ မသိဘူး၊ ကြားဖူးတာကတော့ သူတို့ နှစ်ယောက်ဟာ အဲဒီ့ခေတ် အပစ်အခတ် အညှစ်အသတ် ၀တ္ထုတွေ၊ အချစ်အလွမ်း ၀တ္ထုတွေကို အားမရကြဘူး။ ဇာတ်အိမ်ရော၊ အရေးအသားကိုပါ အားမရတဲ့အတွက် နှစ်ယောက်သား တိုင်ပင်ပြီး တစ်ယောက်က အချစ်ရေးမယ်၊ တစ်ယောက်က စုံထောက်ရေးမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ စာပေနယ်ထဲကို ၀င်ချလာကြတယ်ဆိုတာပါပဲ။ နှစ်ယောက်စလုံးနဲ့ သိကျွမ်းခင်မင်ခဲ့ပါလျက်နဲ့ အဲလို ကြားဖူးခဲ့တာ မှန်မမှန် ပြန်မမေးခဲ့မိတာကို အခု သည်စာရေးတော့မှ နောင်တက ရနေမိရသေးတယ်။
သေချာတာကတော့ နှစ်ယောက်စလုံးရဲ့ စာအုပ်တွေ လျှမ်းလျှမ်းတောက် အောင်မြင်နေချိန်ချင်းက တစ်ထပ်တည်း နီးပါး တူနေခဲ့တာပါပဲ။
အဲ… ဆရာဇော့်ကို တွေ့ဖူးတော့ မြင်မြင်ချင်း ခင်မင်လေးစားသွားခဲ့ပါတယ်။ အသားညိုညို အရပ်ပြတ်ပြတ်နဲ့ ဆေးပေါ့လိပ် ခဲထားတဲ့ ဆရာ့ရဲ့အသွင်အပြင်က ပကတိ အညာသား ရိုးရိုးဘွင်းဘွင်းကြီးပါပဲ။ ဆရာက မုံရွာနယ်က ဆိုတာနဲ့ ကျွန်တော်လည်း ဆွေမျိုးစပ်ပါတယ်။ ကျွန်တော့်အိမ်သူက မုံရွာသူဖြစ်တဲ့အပြင် သူ့ဆွေမျိုးတွေက မြို့မှာ လူသိများတာမို့ ပြောလိုက်တာနဲ့ ဆရာက တန်းသိပါတယ်။ ကျွန်တော်အိမ်ထောင် မကျခင်ကတည်းက ကွယ်လွန်နှင့်ခဲ့သူ ကျွန်တော့် ယောက္ခထီးက ဆရာနဲ့ ခင်တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် အဲဒီ့နှစ်များမှာ ဆရာ့အိမ်ကို ကျွန်တော့်အိမ်သူနဲ့အတူလည်း တစ်ခေါက် နှစ်ခေါက် ရောက်ဖြစ်ခဲ့သေးတယ် ထင်ပါတယ်။ (သိပ်မမှတ်မိတော့ဘူးဗျ။ ကျွန်တော့် ဟာ့ဒစ်[စ်][ခ်]က ဘက်[ဒ်]ဆက္ခထာတွေနဲ့လေ။)
အဲဒီ့နောက်တော့လည်း ဆရာနဲ့ မဆုံဖြစ်တော့ပြန်ပါဘူး။ နှစ်တွေ အတော်ကြာတော့မှ ပြန်ဆုံတော့လည်း ဆရာက တန်း မှတ်မိပါတယ်။ ဆရာကိုတာနဲ့အတူ ဆရာ့ဆီ ရောက်ဖြစ်ခဲ့စဉ်က ဖြစ်ပါတယ်။ အချိန်ကာလတော့ မမှန်းဆတတ်တော့ဘူး။
မှတ်မှတ်ရရ ဆရာမောင်ဝဏ္ဏ မကွယ်လွန်ခင် ၈ နှစ်-၉ နှစ်လောက်မှာ ဆရာ မောင်ဝဏ္ဏက အိမ်တွင်းမှာ နှစ်ရှည်လများ အောင်းနေခဲ့ရာက အပြင်ထွက်ချင်လာတဲ့အခါ ဆရာဇော့်ဆီ သွားရအောင်လို့ ပြောတာနဲ့ ကျွန်တော်နဲ့ နှစ်ယောက်သား ဆရာဇော့်ဆီ ရောက်သွားခဲ့ကြပါသေးတယ်။ ဆရာဇော့်ကို ခေါ်ထုတ်ပြီး ဆရာ့အိမ်နဲ့ မလှမ်းမကမ်းက လက်ဖက်ရည်ဆိုင်မှာ ထိုင်ကြပြီး သူတို့ နှစ်ယောက် လေပစ်ကြတာကို ထိုင်မော့ပါတယ်။ အဲတုန်းကလည်း ဆရာမမာဘူးလို့ ကြားခဲ့ကြလို့ သွားဖြစ်တာပါ။ ဒါပေမယ့် ကျွန်တော်တို့နဲ့ လက်ဖက်ရည်ဆိုင် ထိုင်နိုင်တဲ့အထိ ပြန်ပြီး ထူထူထောင်ထောင်ဖြစ်နေပါပြီ။
အဲဒါ ဆရာဇော်နဲ့ နောက်ဆုံး အတူထိုင်ခဲ့ဖူးခြင်းပါပဲ။ နောက်ပိုင်း ဆရာ မမာဘူးလို့ ကြားလိုက်ရပြန်သေးတယ်။ နောက်ကျတော့ ဆရာသုမောင်ရဲ့ ရက်လည်ဆွမ်းကျွေးမှာလား မသိ၊ ဆရာ့ကို ဆုံလိုက်ပါသေးတယ်။ အဲတော့ ဆရာက တုတ်ကောက်နဲ့ လူငယ်တွေက ဆရာ့ကို တွဲလို့။ ဆရာ့ကို နှုတ်ဆက်တော့ ဆရာက ကျွန်တော့်အိမ်သူ နေကောင်းလားလို့တောင် ပြန်မေးသွားသေးတယ်။ အဲဒါ ဆရာဇော့်ကို နောက်ဆုံးတွေ့လိုက်ခြင်းပါပဲ။
ဘာပဲပြောပြော ဆရာဇော်က ဆရာမောင်ဝဏ္ဏ၊ ဆရာသုမောင်၊ ဆရာငြိမ်းကျော်တို့ထက် လူ့ဘ၀မှာ ပိုပြီး ကြာကြာနေသွားလိုက်ရတာလည်း အမှန်ပါပဲ။ အဲဒါကို ဆရာမောင်ဝဏ္ဏသာ ရှိနေ၊ သိနေဦးမယ်ဆိုရင်တော့ သူက မိန်းမစကား နားထောင်တာကိုးဗျလို့ တဟားဟားနဲ့ ရယ်ပြီး ပြောလေမလားပဲ။
သည်ဆရာတွေနဲ့ သိခွင့်၊ စကားပြောခွင့်၊ ခင်မင်ရင်းနှီးခွင့် ရခဲ့တာလေးတွေက ကြည်နူးစရာ အမှတ်တရလေးတွေပါ။ သို့သော် ဆရာ မောင်ဝဏ္ဏနဲ့ ဆရာမင်းလူ ညီအစ်ကို နှစ်ယောက်ကလွဲရင် ကျန်တဲ့ ဆရာတွေ မမာချိန်၊ သူတို့ရဲ့ နောက်ဆုံး အချိန်တွေမှာ အနားမှာ ရှိခွင့် မကြုံခဲ့ပါဘူး။
ခုတော့လည်း အားလုံးက လွမ်းစရာတွေ ဖြစ်ကုန်ပြီပေါ့ဗျာ။
ဆရာက အလံနီ ကွန်မြူနစ်ဝါဒကို သက်ဝင်ယုံကြည်သူလို့ သူများတွေ ပြောသံ ကြားဖူးပါတယ်။ အဲဒါကို ကျွန်တော် စိတ်မ၀င်စားခဲ့ဖူးပါဘူး။ ဆရာ့ကို မြန်မာစာနှံ့စပ်တဲ့ တက္ကသိုလ်ဆရာတစ်ယောက်၊ စာရေးဆရာကြီး တစ်ယောက်အနေနဲ့သာ မြင်ခဲ့ပါတယ်။
ကျွန်တော်တို့ ဖြတ်သန်းတဲ့ခေတ်က အဲဒီ့အရောင်တွေက နည်းနည်း စကားပြောချင်တယ်။ ကျွန်တော့်ကိုတောင် တချို့က အလံနီတွေနဲ့ ပေါင်းနေတယ်လို့ အစွပ်စွဲခံခဲ့ရဖူးတယ်။ ကျွန်တော်ကိုယ်တိုင်က သိပ်နားမလည်ပါဘူး။ ဘာတွေ လာပြောနေမှန်းလည်း မသိဘူး။
ကျွန်တော်သိတာက ပုံနှိပ်စာလုံးတွေကို ဖန်တီးထုတ်လုပ်ထားတဲ့ ကျွန်တော် လေးစား၊ အားကျ၊ အထင်ကြီးရတဲ့ စာရေးဆရာတွေပဲလေ။
ဗမာတွေကတော့ ဗမာပီသစွာ ဂိုဏ်းဂနစိတ် ခပ်ကျဉ်းကျဉ်းနဲ့ စာပေနယ်မှာလည်း အုပ်စုဖွဲ့ချင်တတ်ကြတယ်လို့ပဲ အောက်မေ့ မိရပါတယ်။ အဲဒီ့ခေတ်က အလံနီက တစ်အုပ်စု၊ ဗကပက တစ်အုပ်စုပေါ့။ ကျွန်တော်ကတော့ ဘယ်သူ ဘာမှန်း သိပ်သိတဲ့ကောင် မဟုတ်ဘူး။ ကျွန်တော် ဖတ်လို့ရတဲ့ စာရေးဆရာ၊ ဖတ်လို့ မရတဲ့ စာရေးဆရာပဲ ရှိပါတယ်။
စာပေဝေဖန်ရေး ခေါင်းစဉ်တပ်ပြီး အားအားရှိ ကွန်မြူနစ်ပေတံကြီးဖြစ်တဲ့ ပြည်သူဆိုတာကြီးနဲ့ ထုတ်ထုတ်တိုင်းတဲ့ အကျော်အမော် ဝေဖန်ရေးဆရာကြီးရဲ့ စာတွေဆိုရင် မသတီဘူး။ တစ်ခါ နှစ်ခါ ဖတ်ပြီး မဖတ်ဖြစ်တော့ဘူး။ အပျော်ဖတ်ဝတ္ထုတောင်မှ ပြည်သူ့ဘက်က မရပ်တာတွေ၊ ပြည်သူကို အကျိုးမပြုတာတွေ လျှောက်ပြောတတ်တဲ့ သူ့ဝစီစရိုက်ကို ကျွန်တော်မှ မခံစားတတ်တာလေ။
ဆရာဇော့်စာတွေကိုတော့ ကြိုက်တယ်။ အထူးသဖြင့် သူ့ရဲ့ စိတ်အလျဉ်ရေးနည်းနဲ့ လွှတ်ရေးသွားတဲ့ ၀တ္ထုပုံစံတွေက ဆန်းသစ်နေတော့ အတော်လေး ကြိုက်မိပါတယ်။
သို့သော် ဆရာကြီးရွှေဥဒေါင်း၊ ဆရာ သော်တာဆွေ၊ ဆရာ ၀င်းဦး၊ ဆရာ တက္ကသိုလ်ဘုန်းနိုင်၊ ဆရာငြိမ်းကျော်တို့လိုတော့ ကျွန်တော့်အပေါ်မှာ ဆရာ့ အရေးအသားတွေက သြဇာ သက်ရောက်မှု မရှိခဲ့တာလည်း အမှန်ပါပဲ။ မနှိုင်းကောင်း နှိုင်းကောင်း နှိုင်းရရင် ဆရာ့စာတွေကို ကြိုက်ခဲ့တာက သူနဲ့ ခေတ်ပြိုင် ဆရာအောင်သင်းရဲ့ စာတွေကို ကြိုက်တာမျိုးနဲ့ တယ်မကွာပါဘူး။
ခုတော့ သည်ဆရာကြီး နှစ်ပါးလုံး လူ့ပြည်မှာ မရှိရှာကြတော့ဘူး။ ဘုံတစ်ဘုံဘုံ၊ ဘ၀တစ်ဘ၀ဘ၀မှာ သည်ဆရာကြီးနှစ်ယောက် ပခုံးချင်းဖက်ပြီး တဟားဟား ရယ်ပဲနေကြလေမလား၊ ဒါမှမဟုတ် ရန်ပဲ ထ ဖြစ်နေကြလေမလား ဘယ်သူမှ မသိနိုင်ပါဘူး။
ဒါပေမယ့် အားလုံးကတော့ သံသရာခရီးကို ဆက်နှင်နေကြဆဲပါလေ။
အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
( နေပြည်တော် -၂၈၀၁၁၆)