Permission to Cry

ငိုခွင့်

ထမင်းစားခန်းထဲက စားပွဲမှာ တစ်ယောက်တည်း ထိုင်နေမိတယ်။ တစ်အိမ်လုံး မည်းမှောင်နေပြီး ကျွန်တော်ထိုင်နေရာ ထမင်းစားပွဲလေးမှာပဲ မီးရောင်လေးက ကွက်ကွက်လေး လင်းနေတယ်။ မျက်ရည်တွေနဲ့ ကျွန်တော် ထိုင်နေတာပါ။

img_1445နောက်ဆုံးမှာတော့ ကလေးနှစ်ယောက်စလုံးကို အောင်အောင်မြင်မြင် သိပ်နိုင်ခဲ့ပါပြီ။ သူများတွေနဲ့ယှဉ်ရင် အင်မတန့်ကို နုနယ်လှသေးတဲ့ မိဘတစ်ပါးတည်းနဲ့ ဖြတ်သန်းရတဲ့ မိသားစုဘဝမှာ ကျွန်တော်ပဲ အဖေ၊ ကျွန်တော်ပဲ မအေ လုပ်နေရပါတယ်။ အော်လိုက်ဟစ်လိုက်ကြ၊ တောက်တက် တောက်တက်နဲ့ ပြေးလိုက်ကြ၊ ဆော့လိုက်ကြလုပ်နေကြတဲ့ ကလေး နှစ်ယောက်ကို မရအရ ရေချိုးပေးရတယ်။ ပြီးတဲ့နောက် အတော်လေး ဂဏှာငြိမ်သွားကြတဲ့အခါမှာ နှစ်ယောက်စလုံးကို အိပ်ရာထဲ ဝင်ခိုင်း၊ တစ်ယောက်ကို ငါးမိနစ်စီ ဖင်ပုတ်ပြီး သိပ်ပေးမယ်လို့ သတ်မှတ်ပြီး သူတို့ တင်ပါးလေးတွေကို အသာအယာပုတ်ရင်း သိပ်။ အဲဒီ့နောက် ဂစ်တာကိုယူ၊ ကလေးတွေ အိပ်ခါနီးတိုင်း ဆိုပြနေကျ သီချင်းလေးတွေကို ဆိုပေး။ ကလေးနှစ်ယောက်စလုံး သိပ်ကြိုက်ကြတဲ့ ပိတောက်ရိပ်ဝယ်သီချင်းနဲ့ အနားသတ်လို့ အဲဒီ့ သီချင်းကိုပဲ သူတို့ အိပ်ပျော်တဲ့အထိ အထပ်ထပ်ဆိုပေးလိုက်ရပါသေးတယ်။

မကြာသေးခင်ကမှ အိမ်ထောင်ဖက်နဲ့ ကွာရှင်းပြတ်စဲလိုက်ပြီး ကလေးနှစ်ယောက်ရဲ့ တာဝန်ကိုလည်း အပြည့်အဝယူထားသူ ယောကျာ်းသားတစ်ယောက်အနေနဲ့ ကျွန်တော်ဟာ သည်ကလေးနှစ်ယောက်ကို ကျွန်တော့် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ အဆင်အပြေဆုံး၊ အတည်ငြိမ်ဆုံး မိသားစုဘဝလေးကို ပေးနိုင်အောင်ပေးဖို့ စိတ်ကူးထားပါတယ်။ ကလေးတွေရှေ့မှာ ကျွန်တော့်မျက်နှာကို အမြဲပြုံးရွှင်နေအောင်လည်း ထားတယ်။ သူတို့လုပ်သမျှ ကိုင်သမျှကို ဂရုစိုက်တဲ့နေရာမှာလည်း အရင်က သူတို့မအေနဲ့ အတူရှိစဉ်က ရခဲ့တဲ့ နွေးထွေးမှုမျိုး ရနေအောင်လည်း ကျွန်တော် ကြိုးစားတယ်။ စောစော ကလို ညတိုင် သိပ်တာကတော့ ခြွင်းချက်ပေါ့။ ဖင်ပုတ်ပေးတာ၊ သီချင်း ဆိုပေးတာတွေအားလုံးက အရင်လည်း ကျွန်တော်ပဲ လုပ်နေကျပါ။ တစ်ခုပါပဲ၊ အရင်တုန်းကတော့ ဒါတွေ အားလုံးကို ကျွန်တော်လုပ်တာ မှန်ပေမယ့် သူတို့မအေကတော့ အနားမှာ ရှိနေခဲ့လေသပေါ့။ အခုတော့ ကျွန်တော် တစ်ယောက်တည်း။ ဘာပဲဖြစ်ဖြစ်၊ တစ်ညတော့ အောင်မြင်သွားပြန်ပြီပေါ့ လေ။

ကလေးတွေ အိပ်ပျော်သွားတဲ့အခါ ဂစ်တာကို ပိုက်ပြီး ထိုင်ရာကနေ ဖြည်းဖြည်းလေး၊ ဖော့ဖော့လေး၊ အသံမမြည်အောင် ထလိုက်ပါတယ်။ အသံ မြည်သွားလို့ သူတို့များ မတော်တဆ ပြန်နိုးလာမယ်ဆိုရင် သီချင်းတွေ မဆုံးအောင် ပြန်ဆို၊ ပုံတွေ မနားတမ်း ပြန်ပြောရလေဦးမယ့်အရေးကို ကြို မြင်မိလို့ပါ။ အသံမမြည်အောင် ထပြီး သူတို့အခန်းထဲက ခြေဖျား ထောက်လို့ အသံမမြည်အောင် အသာထွက်ခဲ့ပါတယ်။ ပြီးတော့ အခန်းတံခါးကို အသံမမြည်အောင်ပိတ်ပြီး အောက်ထပ်ကို ဆင်းလာခဲ့တယ်။

ထမင်းစားပွဲမှာ ခြေပစ်လက်ပစ်ထိုင်ချလိုက်မိရင်းက တွေးမိသွားတာ တစ်ခုရှိတယ်။ ညနေ အလုပ်က ပြန်လာကတည်းက ကျွန်တော့်မှာ အခုမှ ထိုင်ရတာပါကလားဆိုတာကိုပါ။ အလုပ်က ပြန်ရောက်လာတော့ ထမင်း ဟင်း ချက်ရတယ်၊ ပြီးတော့ ကလေးတွေစားဖို့ ပြင်ဆင်ပေးပြီး စားဖြစ်အောင်လည်း စောင့်ကျွေးရတယ်။ ပြီးတော့ သူတို့နှစ်ယောက် မေးသမျှ မေးခွန်းပေါင်းစုံကို ဖြေရင်းနဲ့ ပန်းကန်တွေ ဆေးရတယ်။ ပြီးတော့ သမီးကြီးရဲ့ ဒုတိယတန်းအိမ်စာတွေကို ကူလုပ်ပေးရတယ်။ သားငယ်လေးဆွဲထားတဲ့ ပုံတွေကို ချီးမွမ်းပေးရတယ်။ သစ်သားတုံးလေးတွေနဲ့ သူဆောက်ထားတဲ့ အိမ်ကိုလည်း ဟား… တယ်လှပါလားလို့ ပြောပေးရတယ်။ ပြီးတော့ ရေမိုးချိုးပေးရ၊ ပုံပြောပြရ၊ ဖင်ပုတ်ပေးရ၊ သီချင်းဆိုပေးရနဲ့ အခုနောက်ဆုံးမှာတော့ ကျွန်တော့်ဘာသာ ကျွန်တော်တစ်ယောက်တည်း နားနားနေနေ နေနိုင်တဲ့ အချိန်တိုလေးတစ်ခု ရလာခဲ့ပါပြီ။ တစ်အိမ်လုံး တိတ်ဆိတ်နေတာကိုက လောလောဆယ်အတွက်တော့ စိတ်သက်သာစရာ ကောင်းနေပါ တယ်။

အဲဒီ့နောက်မှာတော့ ကျွန်တော့်ကို အရာရာက ဖိစီးလို့ လာပြန်တယ်။ စိတ်ပင်ပန်းမှု၊ တာဝန်ကြီးလေးတာ၊ ကျွန်တော် ရှင်းနိုင်၊ မရှင်းနိုင် သိပ် မသေချာလှသေးတဲ့ သည်တစ်လစာ ကုန်ကျစရိတ်အထွေထွေ…။ အိမ်တစ်အိမ်မှာက အသေးစိတ်ပြောရင် လုပ်စရာတွေ၊ လိုအပ်တာတွေက အများကြီး။ သိပ်မကြာသေးခင်တုန်းကတော့ ကျွန်တော်ဟာ အိမ်ထောင်သည် တစ်ယောက်ဖြစ်နေလေတော့ သည်တာဝန်တွေ၊ သည်စရိတ်စကတွေ၊ သည် ကြောင့်ကြမှုတွေကို မျှဝေခံစားပေးမယ့် အဖော်တစ်ယောက် အနားမှာရှိနေခဲ့ဖူးပါတယ်။

အခုတော့ အထီးကျန်။ ကျွန်တော်ဟာ ဘာမှ မရှိ၊ သက်ရှိသတ္တဝါ မရှိတဲ့ အထီးကျန်ပင်လယ်ကြီးရဲ့ အောက်မှာ နစ်နေသလို ခံစားရတယ်။ သည်အတွေးတွေ၊ သည်ခံစားချက်တွေဟာ ကျွန်တော်မဖိတ်ခေါ်ပါဘဲ ကျွန်တော့်ရင်ထဲကို အုံနဲ့ကျင်းနဲ့ ချင်းနင်းဝင်ရောက်လာပြီး ကျွန်တော့်ကို ဖိစီးနေပါတော့တယ်။ တဖြည်းဖြည်းနဲ့ သည်ခံစားချက်တွေ၊ သည်အတွေးတွေက ရင်မဆန့်အောင် လျှံတက်လို့လာပါတော့တယ်။ သည်အခါမှာတော့ ကျွန်တော်ဟာ ဘယ်လိုမှ မမျှော်လင့်ထားမိဘဲ တသိမ့်သိမ့်ရှိုက်လိုက်မိပါတယ်။ ကျွန်တော်လေ… ထမင်းစားပွဲမှာ ထိုင်ရင်းနဲ့ အသံမထွက်ဘဲ ရှိုက်ငိုနေမိရပါတယ်။

အဲဒီ့အချိန်မှာ လက်ကလေးနှစ်ဖက်က ကျွန်တော့်ကို ဖက်လိုက်ပြီး မျက်နှာသေးသေးလေးတစ်ခုကလည်း ကျွန်တော့်ကို စူးစူးစမ်းစမ်းကြည့်လာပါတယ်။ ကျွန်တော့်ရဲ့ ငါးနှစ်အရွယ်သားကလေးရဲ့ စာနာစိတ်နဲ့ကြည့်နေတဲ့ မျက်နှာနုနုလေးပါ။
ကျွန်တော်ငိုနေတာကို သားလေးမြင်သွားတဲ့အတွက် ကျွန်တော် ရှိုးတိုး ရှန့်တန့်ဖြစ်သွားတယ်။ ရှက်သလိုလိုလည်း ရှိသွားရပါတယ်။ “ဆောရီးပါ သားရယ်။ သား မအိပ်သေးမှန်း ဖေဖေ မသိလို့ပါကွာ”လို့ ကျွန်တော် ပြောလိုက်မိတယ်။ ဘာ့ကြောင့်လဲတော့မသိဘူး၊ လူအတော်များများဟာ ငိုမိသွားရင် အနားက လူကို တောင်းပန်တတ်ကြတာချည်းပါပဲ။ ကျွန်တော်လည်း လူသားတစ်ယောက်ဖြစ်တဲ့အားလျော်စွာ အနား ရောက်လာတဲ့ သားငယ်ကို တောင်းပန်နေမိရပါတယ်။

“ဖေဖေ ငိုတာမဟုတ်ပါဘူး သားရယ် နော်။ ဆောရီးကွာ၊ ကနေ့ည ဖေဖေ့စိတ်ထဲမှာ နည်းနည်း ဝမ်းနည်းသလို ဖြစ်သွားလို့ပါသားရယ်”လို့လည်း ဆက်ပြောမိတယ်။

“ရပါတယ် ဖေဖေရဲ့။ ငိုတာ ဘာမှ မဖြစ်ပါဘူး။ ဖေဖေလည်း လူပဲဟာကို…”

သားရဲ့စကားကြောင့် ကျွန်တော့်မှာ ပြောမပြတတ်အောင်ကို စိတ်ချမ်းသာသွားပါတယ်။ သည်ကလေးပေါက်စလေး၊ ဘာမှ မသိသေးတဲ့ ကလေးပေါက်စလေးမှာ ဆင်ခြင်တုံတရားလေးက အပြည့်ရှိနေပြီးတော့ သူကလေးက ဖအေကို ငိုခွင့်ပေးနေပါကလား။ သူပြောချင်ကာကို ကျွန်တော် နားလည်လိုက်သလိုပဲ။ ကျွန်တော့်အနေနဲ့ တစ်ချိန်လုံး တင်းနေဖို့၊ တောင့်ထားဖို့ မလိုဘူး၊ တစ်ခါတလေတော့လည်း ကျွန်တော်အားငယ်နိုင်တယ်၊ ကျွန်တော့်ခံစားချက်တွေကို ဖွင့်အန်နိုင်တယ်ဆိုတဲ့စကားကို သူ ပြောတတ်သလို ရိုးရိုးလေး ပြောလိုက်တာပါ။

သားလေးက ကျွန်တော့် ပေါင်ပေါ်ကို တက်လာပြီး ကျွန်တော်တို့ သားအဖ နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ဖက်ထားရင်း စကားတွေ ပြောဖြစ်နေကြပါသေးတယ်။ ခဏနေတော့မှ သားငယ်ကို သူ့အိပ်ရာထဲ ပြန်ပို့ပြီး ပြန်သိပ်လိုက်ပါတယ်။

သားလေးအိပ်ပျော်သွားပြီးတဲ့နောက် ကျွန်တော်လည်း အိပ်ရာဝင်လိုက်ပါတယ်။ သည်ညအဖို့တော့ ကျွန်တော် အိပ်ပျော်ဖို့ သိပ်မခဲယဉ်းလှဘူး ဆိုတာကိုလည်း တွေးလိုက်မိရပါတော့တယ်။

ကျးဇူးပါပဲ သားငယ်ရယ်…

Hanoch McCarty ရေးတဲ့ Permission to Cry ကို ပြန်ဆိုတင်ဆက်လိုက်တာပါ။

ဘာဖြစ်လို့မှန်းတော့ မသိဘူး။ ဒါလေးကို ဖတ်မိပြီး စာဖတ်သူများကို ပြန်မျှချင်တဲ့စိတ်က အလိုလိုပေါက်လာလို့ပါ။
ကျွန်တော်ကိုယ်တိုင်ကလည်း ပုထုဇဉ်လူသား ယောကျာ်းတစ်ယောက် ဖြစ်နေလို့ ထင်ပါရဲ့၊ သည်စာလေးကို ဖတ်ပြီး ထောက်ထား စာနာနေမိရပါတယ်။ အမှန်တော့ ယောကျာ်းတစ်ယောက်က သူ့ခံစားချက်ကို အဲသလို အိပ်သွန်ဖာမှောက် ဖွင့်အန်ထားတာမျိုး အင်မတန် တွေ့ရခဲတယ်။

ကျွန်တော်တို့ ယောကျာ်းတွေမှာက ငယ်ငယ်ကတည်းက ထိမိ၊ ခိုက်မိ ရင်တောင် “ဟေ့ကောင် မငိုနဲ့၊ မင်း ယောကျာ်းမဟုတ်ဘူးလား”ဆိုတာကြီးနဲ့ တစ်ချိန်လုံး နပန်းသတ်လာခဲ့ရလေတော့ ငိုခြင်းဟာ ကျွန်တော်တို့နဲ့ လားလားမျှ မသက်ဆိုင်တဲ့ အရာတစ်ခုလို ဖြစ်နေတယ်။ ကြီးလာလို့ လောကဓံအထွေထွေနဲ့ ရင်ဆိုင်ရတဲ့အခါတွေမှာတော့ ကျွန်တော်တို့တွေ လည်း ဘာသားနဲ့မှ ထူးပြီး ထုမထားတဲ့ လူသားစစ်စစ်တွေသာမို့ အားငယ်တာတွေ၊ ပျော့ညံ့တာတွေက မလွဲမသွေ ရှိနေပါတယ်။

သို့ပါသော်လည်း ငယ်ငယ်ကတည်းက ပုံသွင်းခံထားရတဲ့ ယောကျာ်း ဆိုတာ မငိုရဘူးဆိုတဲ့ တရားသေ ကန့်သတ်ချက်တစ်ခုကြောင့် အံကြိတ်ရလွန်းလို့ အံသွားတွေလည်း နဲ့ချင်ချင်၊ အောက်နှုတ်ခမ်းလည်း ပြတ်လု ပြတ်ခင်။ မာန်တင်းရလွန်းလို့လည်း ရင်ပတ်ကြီးကလည်း အောင့်တောင့်တောင့်၊ နာတာတာ။

သည်အခါမှာ သည်စာလေးကို ဖတ်လိုက်ရတော့ တစ်မျိုးဖြစ်သွားသလိုပဲ။

တစ်ဆက်တည်းမှာ စဉ်းစားမိရတာတစ်ခုက ဘယ်နိုင်ငံ၊ ဘယ်လူမျိုး မှာဖြစ်ဖြစ်၊ ယေဘုယျပြောရင် ယောကျာ်းတွေက မိန်းမတွေလောက် အသက် မရှည်တာကို တွေ့ရပါတယ်။ အဲသလိုဖြစ်နေတာဟာ အထက်မှာ ကျွန်တော် ပြောခဲ့သလို ကျွန်တော်တို့ ယောကျာ်းသားတွေက ကိုယ့်ခံစားချက်ကို မဖွင့်တတ်၊ မအန်တတ်ကြဘဲ ရင်ဘတ်ထဲမှာပဲ အတင်း ဖိသိပ် သိမ်းဆည်းထားကြ၊ အံကြိတ်ပြီး တင်းခံ၊ အောင့်ခံထားကြတာတွေများ တရားလွန်နေလို့လားဆိုတာ အတော် စဉ်းစားစရာ ကောင်းလှပါတယ်။

စာဖတ်သူဟာ အမျိုးသမီးတစ်ယောက်ဖြစ်နေရင် ခင်ဗျားကို ကံ ကောင်းလိုက်တာဗျာလို့ ပြောပြီး နည်းနည်းတော့ ကျွန်တော် မနာလို ဖြစ်နေမိပါလိမ့်မယ်။

စာဖတ်သူဟာ အမျိုးသားတစ်ယောက်ဖြစ်နေတယ်ဆိုရင်တော့ လိုအပ်ရင် ကျွန်တော်တို့လည်း ငိုသင့်တဲ့အခါ ငိုလိုက်ကြရအောင်ဗျာလို့ အဖော်စပ်မိ သွားမလားပဲ။

ကိုင်း… အဆွေ စာဖတ်သူလူကြီးမင်းများရော ဘယ်လိုများ သဘောရကြပါသလဲခင်ဗျာ…

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

၂၀၀၅ ခုနှစ် ဇန်နဝါရီလမှာ လက်တွဲဖော်စာအုပ်တိုက်က ပထမအကြိမ် ထုတ်ဝေခဲ့တဲ့ ဘယ်ဆီကိုများ ဒုန်းစိုင်းသွားနေ (မောဟပြေ ပုံတိုပတ်စများ – ၃) ထဲက စာတစ်ပုဒ်ပါ။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s