တို့တို့တိတိ သတိရှိသင့်တဲ့ ဗမာစကား

ကနေ့ ဗမာစကားအသုံးအနှုန်းနဲ့ ပတ်သက်လို့ Facebook မှာ အတို သုံးပုဒ် ရေးဖြစ်ခဲ့ပါတယ်။ အဲဒါလေးတွေကို တစုတစည်းတည်း ဖြစ်အောင် သည်ပင့်မှတ်တမ်းစာမျက်နှာမှာ စုတင်လိုက်ပါတယ်။

သြော်… ဗမာစကား ဗမာစကား

ကနေ့ ဖွဘုတ်ဖွင့်လိုက်ပြီး မြင်လိုက်ရတဲ့ စာတန်းတခုကြောင့် အတော် လေသွားတယ်။

ဆယ်လီတယောက်က သည်လိုလေး ရေးထားတာပါ။

“ကျွန်မအတွက်ဆို မအားပေးတတ်သူတွေကို ဆန့်ကျင်မယ်”တဲ့။

သူ ဘာပြောချင်တာလဲဆိုတာ အတော်စဉ်းစားယူရတယ်။

သူက ဆယ်လီဆိုတော့ သူ့ကို “အားမပေး”တဲ့သူတွေကို ပြောတာလားဆိုတာက အရင်ဆုံး ခေါင်းထဲ ပေါ်လာတာပါ။

အဲဒီ့ “အား”က အားရှိ၊ အားတက်၊ အားမာန်၊ အင်အား၊ ခွန်အားကို ပြောတာပေါ့။

ဒါမှမဟုတ် သူ့ကို “အချိန်အား” မပေးတဲ့သူတွေကို ပြောတာလား။22861661_10215219022652737_2874297182966698999_o

အဲဒီ့ “အား”ကတော့ အားလပ်တဲ့ သဘော။

သူပြောချင်တာ အဲဒါပဲ ဖြစ်ပါလိမ့်မယ်။

ခက်တာက ဗမာစကားမှာ “မအား”ဆိုတာလည်း ရှိနေပြန်သဗျ။

ကျွန်မအတွက်ဆို “မအား”ပေးတတ်သူတွေကို…

ဟာ… မဟုတ်သေးပါဘူး။

ပြောတဲ့အတိုင်း အလွယ်လိုက်ရေးရင်းက လွဲနေတဲ့ ဗမာ ဝေါဟာရ နှစ်စုံ

“ရှေ့”နဲ့ “အရှေ့”၊ “နောက်”နဲ့ “အနောက်” မတူပါဘူး။

“ရှေ့”ဆိုတာ ကိုယ်မျက်နှာမူရာဘက်ကို ခေါ်ပါတယ်။ အဘိဓာန်မှာတော့ ရှေ့ကို နာမ်အဖြစ် အနက် လေးမျိုးပေးထားတယ်။ (၁) မျက်နှာမူရာဘက်၊ နမူနာ အိမ်ရှေ့။ (၂) မျက်မှောက်နေရာ၊ နမူနာ ရှေ့တွင်တမျိုး ကွယ်ရာတမျိုး (၃) အလျင်အဦးကာလ၊ နမူနာ ရှေ့ကတိုင်၍ နောက်က ဆိုသည် (၄) နောင်ကာလ၊ နမူနာ ရှေ့လျှောက် ဘာလုပ်မလဲ ဆိုပြီး ဖြစ်ပါတယ်။

နာမဝိသေသနအနေနဲ့ အနက် နှစ်မျိုးပေးထားပါတယ်။ (၁) ရှေ့ဘက်၌ ရှိသော၊ နမူနာ ရှေ့လက်၊ ရှေ့သွား (၂) အနာဂတ်ကာလဖြစ်သော၊ နမူနာ ရှေ့လ၊ ရှေ့နှစ် တို့ပါပဲ။

သတိချပ်သင့်တာက “ရှေ့”ဟာ နေထွက်ရာအရပ်ကို ဆိုလိုတာ မဟုတ်ပါဘူး။23120131_10213003608417936_662735953936475587_o

“အရှေ့”ဆိုတာက “နေထွက်ရာအရပ်”သာဖြစ်ပါတယ်။ မျက်နှာမူရာ လုံးဝ (ခြောက်ခါ) မဟုတ်ပါ။

အလားတူပဲ “နောက်”ဟာလည်းပဲ (၁) ကုန်ဆုံးခဲ့ပြီးသော ကာလ (၂) နောင်ကာလ (၃) ကျောဘက်အရပ်တို့ကိုသာ ဆိုလိုပါတယ်။

“အနောက်”ဆိုတာက “နေဝင်ရာ”အရပ်သာ ဖြစ်ပါတယ်။ ကျောဘက် လုံးဝ (၁၂ ခါ) မဟုတ်ပါ။

23116739_10213003608977950_1869382414092327144_oအခုတော့ အားလုံးကို ရောသုံးနေကြတယ်။ ခြုံတိုးရင်း တောထဲ ပျောက်သွားသူတယောက်အကြောင်း သတင်းတပုဒ်မှာ ထမင်းဆိုင်အနောက်ဘက်လို့ ရေးထားတာ တွေ့လိုက်ရတာမို့ ဒါလေးကို သတိရသွားတာပါ။ တကယ်တော့ ထမင်းဆိုင် နောက်ကျောက ခြုံဆီ တိုးသွားတာသာ ဖြစ်ပါလိမ့်မယ်။

ကျွန်တော် မသိသေးတဲ့ ဗမာဝေါဟာရ

အထက်က စာကို အကိုးအကားနဲ့ ရေးရအောင် မြန်မာအဘိဓာန် လှပ်ရတာပေါ့။ အဲဒီ့မှာ ဖျတ်ခနဲ မြင်လိုက်မိတဲ့ ဝေါဟာရတလုံးကို ကျွန်တော် လုံးလုံး (၁၈ ခါ) မသိဘူးဗျ။

“နေဦးသား”ဆိုတာပါ။

အနက်ကတော့ ပထမ မယားက မွေးသောသားပါတဲ့ ခင်ဗျား။ အဲတော့ သားသမီးမွေးတဲ့အခါ နေဦးလို့ မှည့်မယ်ဆိုရင် မယားငယ်ယူတော့မယ်ဆိုတဲ့ အတိတ်နိမိတ်ဖြစ်သွားနိုင်ပါကြောင်း အတည်ပေါက်ရေးနေရာက ဖောက်လိုက်ရပါတယ်။

နန်းစကား မန်းစကား ဗမာပြောတဲ့ ဗမာစကား

အခုတလော ရေပန်းစားနေတဲ့ လှေပေါ်က ခေါက်ဆွဲ (Boat Noodle) ရာဇဝင်မှာ တယောက်က မှတ်ချက်လာရေးတယ်။ “စင်္ကာပူက ခွက်ကတော့ ကြီးသား”တဲ့။

ဗမာနားလည်တဲ့ ဗမာစကားအနေနဲ့ အဆင်ပြေပေမယ့် မန်းလေးသားရဲ့ နားထဲမှာတော့ သူ့စကားက ခါးလိုက်တာ။

လူနေတော့ အိမ်၊ ဘုန်းကြီးနေတော့ ကျောင်း၊ ရှင်ဘုရင်နေတော့ နန်းတော်၊ သူတောင်းစားနေတော့ ဇရပ်ဆိုတာလောက်တော့ ဗမာတိုင်း သိလောက်မယ် မှတ်တာပဲ။

ဗမာတိုင်း မသိတာက “ခွက်”က တိရစ္ဆာန်ရယ်၊ သူတောင်းစားရယ်အတွက်ပဲ သုံးတဲ့ ဝေါဟာရဆိုတာပါ။ စားခွက်၊ ဖက်ခွက်စသဖြင့် သုံးကြပါတယ်။ (စားတော်ခွက်ဆိုပြီး သုံးတာ ကြားဖူးကောင်း ကြားဖူးကြပါမယ်။ အဲဒါက ငေါ့ပြောတာဖြစ်ပါတယ်။)

ဗမာ့အသုံးစစ်စစ်က ဖလားသာ ဖြစ်ပါတယ်။ နောက်တခုက အုပ်ပါ။ ပွဲတော်အုပ်၊ ဆွမ်းအုပ်စသဖြင့် သုံးကြပါတယ်။

ပေါက်ဖော်တွေ၊ ကုလားဖြူတွေ ရောက်လာတဲ့အခါ ကြွေပန်းကန်တွေ ပေါ်လာပါတယ်။ ဖန်ခွက်တွေ ပေါ်လာပါတယ်။

သည်အခါမှာတော့ ထမင်းစားပန်းကန်၊ လက်ဖက်ရည်ပန်းကန် (ပြား/လုံး)၊ ဇောက်(စောက်)ပန်းကန်၊ ဟင်းချိုပန်းကန်၊ ပန်းကန်ပြား၊ ပန်းကန်လုံးအစရှိသဖြင့် သုံလာကြပါတယ်။ ခွက်နဲ့တွဲတာက ဖန်ခွက်၊ ဆေးတခွက်စသဖြင့်ပဲ သုံးကြပါတယ်။

မန်းသူမန်းသား စစ်စစ်တွေက စကားလုံး အသုံးအနှုန်းကို လွှတ်ဂရုစိုက်ပါတယ်။ ထမင်းတပန်းကန်၊ ဟင်းတပွဲ၊ ဟင်းချို တပန်းကန်/တပွဲစသဖြင့် သုံးပါတယ် ခေါက်ဆွဲတပွဲ၊ မြီးရှည်တပွဲ၊ ဒါမှမဟုတ် ခေါက်ဆွဲ/မြီးရှည် တလုံး (ပန်းကန်လုံးနဲ့ထည့်တာမို့ “လုံး”လို့ သုံးတာပါ။)

ဟင်းခွက်လို့ ပြောမိတဲ့အခါ ပေါက်ဖော်သွေး တဝက်ပါတဲ့ ဗန်းမော်မွေး၊ မန်းမှာ အနေကြာပြီး မန်းသားနဲ့ ညားခဲ့သူ အဘွားက ခွက်က သူတောင်းစားတွေ စားတာမို့ မသုံးရဘူး၊ ဟင်းပန်ကန်၊ ဟင်းပွဲလို့ သုံးရတယ်လို့ သွန်သင်ခဲ့ဖူးပါတယ်။

ရေတခွက်၊ အအေးတခွက်လို့ သုံးတာကျတော့ရောလို့ စောဒကတက်တော့ အဲဒါတော့ ရတယ်၊ အဲဒါက ပန်းကန်လုံးအစား “လုံး”လို့ ပြောသလို ဖန်ခွက်ကို ပြောတာမို့လို့ဆိုပြီး ရှင်းပြပါတယ်။ အမှန်ပြောသင့်တာက ရေတဖန်ခွက်၊ အအေးတဖန်ခွက်သာ ဖြစ်သင့်ပေမယ့် အမြန်ပြောတာမို့ ဖန်ကို ခိုထားလိုက်တာတဲ့။

ကာလ ရွေ့လျောလာတဲ့အခါမှာတော့ လက်ဖက်ရည်တခွက်၊ ကာဖီတခွက်လည်း ဖြစ်လာသလို ခေါက်ဆွဲတခွက်လို့ သုံးတဲ့သူတွေလည်း ရှိလာပါပြီ။ ရှေးမန္တလေးသူ မန္တလေးသားတွေ ကြားရင်တော့ ဘယ်လိုနေမယ် မသိပါဘူး။

ခေတ်မန္တလေးသား ကျွန်တော်ကတော့ ခုချိန်ထိ သတိထားစရာမလိုပဲ ပြောနေမိတာကတော့ လက်ဖက်ရည်တခွက်၊ အအေးတခွက်၊ ရေတခွက်လို့ သုံးနေလင့်ကစား ခေါက်ဆွဲတပန်းကန်၊ မြီးရှည်တလုံး၊ ဟင်းတပွဲလို့သာ ပါးစပ်ကထွက်ပါတယ်။

တခါလည်း ရေးဖူးပါတယ်။ မန္တလေးသားတွေဟာ ဘုန်းကြီးကိုသာ ကန်တော့ပါသေးရဲ့လို့ ပြောပါတယ်။ မယ်သီလကိုဆို ကြပါဦးတော့၊ သူတောင်းစားကို သွားပါဦးတော့လို့ ပြောတယ်ဆိုတဲ့အကြောင်းပါ။ မန်းသူတွေကကျတော့ မယ်သီလကို ကန်တော့ပါသေးရဲ့ ပြောနိုင်ပါတယ်။

မန္တလေးက စကားဆိုတာ အဲဒါပါ။

ယူတတ်သူတွေ ယူကြပါ။ မယူချင်လည်း ပစ်လိုက်ပါ။ ဗမာလူမျိုးရော၊ ဗမာစကားရော၊ ဗမာမှုပါ သင်္ခါရကို ရှောင်လွှဲလို့ မရနိုင်တာမို့ တချိန်ချိန်မှာ အလုံးစုံ ပျက်စီးသွားမှာလည်း သေချာနေတာကိုပဲ ကျွန်တော်တယောက် မနေနိုင် မထိုင်နိုင် လျှာရှည်မိသွားရပြန်ပါပြီ။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

ရန်ကုန် ၃၀၁၀၁၇