နိဒါန်း
မိခင်က လင်သားအပေါ် မကျေချမ်းနိုင်တဲ့စိတ်နဲ့ သားသမီးလေးတွေ ဖခင်အပေါ် မကောင်းမြင်အောင် နိစ္စဓူဝ စည်းရုံး ဆော်သြမှုများကြောင့် ဖခင်အပေါ် လိုသည်ထက်ပိုပြီး အမြင်လွဲတတ်တဲ့အကြောင်းကို လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ကျွန်တော် ရေးခဲ့ဖူးပါတယ်။ “ပုံရိပ်ပျက်”ဆိုတဲ့ခေါင်းစဉ်နဲ့ပါ။ အဲဒါလေးကို စာအုပ်မျက်နှာစာ လူမှုကွန်ရက်မှာ ပြန်တင်လိုက်တဲ့အခါ သမီးတယောက်က မေးခွန်းထုတ်လာပါတယ်။
“မယားငယ်ယူတဲ့ အဖေဆိုရင်ရော ဘယ်လို လုပ်မလဲ။ အဖေ့အပေါ် ခါးခါးသီးသီးဖြစ်နေတဲ့ ရင်ထဲက အစိုင်အခဲကို ချေဖျက်ဖို့ အားထုတ်သင့်ပါသလား”တဲ့။
သူ့မေးခွန်းက လွယ်လွယ်လေးပေမယ့် အင်း၊ ဟင့်အင်းလို့ တန်းဖြေလို့ ရတဲ့ မေးခွန်းမျိုး မဟုတ်ပါဘူး။ ထည့်စဉ်းစားစရာ အချက်အလက်တွေ ရှိနေပါတယ်။
ပထမအချက် – ဖအေဆိုတာကို ဘယ်လို အနက်ဖွင့်ဆိုပါသလဲ
ဖခင်၊ ဖအေ၊ အဖေစသဖြင့် ပြောနေကြတဲ့ ဖအေဆိုတာ ဘာကို ခေါ်တာပါလဲလို့ အရင်ဆင်ခြင်ဖို့ လိုမယ်ထင်ပါတယ်။ သိပ်ကို တိကျ ရှင်းလင်းတဲ့ အဖြေကတော့ “မိမိမည်သော သန္ဓေသားအား မိမိ မိခင်၏ ဝမ်းကြာတိုက်ထဲတွင် တည်လာစေသည့် ဖိုမျိုးစေ့ကို ချပေး (သည်ဟုယူဆရ) သူ”ဟာ ဖအေပါပဲ။
သည်နေရာမှာ “(သည်ဟုယူဆရ)”ဆိုတာကို လက်သည်းကွင်းနဲ့ ထည့်ထားပါတယ်။ မအေ့ဆီမှာ ဖိုမျိုးစေ့ကို အမှန်တကယ် ချပေးခဲ့သူလည်း ဖြစ်နိုင်သလို သူ့မျိုးစေ့ပါလို့ အမေက သိစိတ်နဲ့ဖြစ်စေ၊ မသိစိတ်နဲ့ဖြစ်စေ “အတတ်စွဲသူ”လည်း ဖြစ်နိုင်လို့ အစွန်းမရောက်အောင် သည်စာသားကို ထည့်ထားလိုက်တာ ဖြစ်ပါတယ်။
အဲတော့ကာ ဖအေဆိုတဲ့အထဲမှာ မိခင်ရဲ့ အလိုမတူဘဲ မိခင်ရဲ့ကာမကို အဓမ္မရယူခဲ့သူ မည်သူမဆိုလည်း ပါဝင်နေနိုင်တာ အမှန်ပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ်၊ အဲဒီ့လူဟာ “ဖခင်”ပါပဲ။
သည်ကနေ ဆက်စဉ်းစားလိုက်မယ်ဆိုရင် “ဖခင်”ဆိုတာဟာ မွေးဖွားလာသူ ရင်သွေးရဲ့ ရွေးချယ်မှုမဟုတ်ဘဲ သဘာဝက ပေးအပ်လိုက်တဲ့ မလွှဲမရှောင်သာ တော်စပ်သူဆိုတဲ့ အချက်က ထင်ရှားနေပါလိမ့်မယ်။ တနည်းပြောရင် ဖခင်ကောင်း ဖြစ်ချင်လည်း ဖြစ်မယ်၊ မဖြစ်ချင်လည်း မဖြစ်ဘူး၊ ဖခင်တာဝန်ကျေချင်လည်း ကျေမယ်၊ မကျေချင်လည်း မကျေဘူး၊ တော်ချင်လည်း တော်မယ်၊ ညံ့ချင်လည်း ညံ့မယ်၊ အတူနေချင်လည်း နေမယ်၊ မနေချင်လည်း မနေဘူး၊ ကိုယ့်အမေနဲ့ တည့်ချင်လည်း တည့်မယ်၊ မတည့်ချင်လည်း မတည့်ဘူး။ ဘယ်လိုပဲဖြစ်နေနေ သူဟာ ကိုယ့်အဖေဆိုတာတော့ ပြဋ္ဌာန်းပြီးသားပါ။
ဒုတိယအချက် – ဖအေဆိုတာ ဘာ သက်ရှိသတ္တဝါအမျိုးအစားလဲ
သေချာတာကတော့ ဖအေဟာ ခွေး၊ ဝက်၊ နွား မဟုတ်ပါဘူး။ “လူ”စင်စစ်သာ ဖြစ်ပါတယ်။ ဒါကို ဘာ့ကြောင့် ဒုတိယအချက်မှာ ထားရတာလဲဆိုတော့ ဘယ်ဖအေမှ “ဘုရား၊ ရဟန္တာ၊ သူတော်စင်” မဟုတ်ဘဲ သာမန် “ပုထုဇဉ် လူသားစစ်စစ်”သာ ဖြစ်ကြောင်း ပြန်နှိုးဆော်ချင်လို့ပါပဲ။
တနည်းပြောရင်တော့ ဘယ်ဖအေမှ စင်းလုံးမချောနိုင်ပါဘူး။ ရုပ်ချောချင်မှ ချောမယ်၊ ဗလတောင့်ချင်မှ တောင့်မယ်၊ အရပ်မြင့်ချင်မှ မြင့်မယ်၊ အသားလတ်ချင်မှ လတ်မယ်၊ စိတ်ထား ဖြူချင်မှ ဖြူမယ်၊ သိမ်မွေ့ချင်မှ သိမ်မွေ့မယ်၊ နှုတ်ချိုချင်မှ ချိုမယ်။ ဒါ အားလုံး သိပြီးသားပေမယ့် သတိလစ်လစ်နေတတ်တာမျိုးတွေမို့ ပြန်အစထုတ်ရတာပါ။
မအေ့မှာ အနာအဆာတွေ ရှိသလို ဖအေ့မှာလည်း ချို့ယွင်းချက်တွေ အားနည်းချက်တွေ ရှိနေမှာ ဘယ်လိုမှ မလွဲပါဘူး။ အဲဒါကို လူတိုင်း သားသမီးတိုင်း လက်ခံနိုင်ကြမယ် ထင်ပါတယ်။
တတိယအချက် – ကိုယ့်ပေတံ ဘယ်က ရလာတာလဲ
လူတိုင်းဟာ မွေးလာတုန်းက အဖြူထည်လေးတွေပါ။ လက်ဦးဆရာဖြစ်တဲ့ မိခင်နဲ့ ဖခင်အပါအဝင် ပတ်ဝန်းကျင်ရဲ့ ဖြည်းဖြည်းချင်း လေ့ကျင့်ပျိုးယူမှုကြောင့် ဘာသာစကားတွေ တတ်မြောက်လာတယ်၊ အမှား အမှန်ဆိုတဲ့ “သတ်မှတ်ချက်”တစုံတရာကို ခွဲခြားတတ်လာပါတယ်။ အစဉ်အလာတွေ၊ ရိုးရာဓလေ့ထုံးတမ်းတွေ၊ ယုံကြည်ကိုးကွယ်မှုတွေက ကိုယ့်ကို ပုံဖော်ယူတဲ့ ပတ်ဝန်းကျင်အပေါ်မှာ အများကြီး လွှမ်းမိုးထားပါတယ်။
အလွယ်ဆုံး ဥပမာ ပေးမယ်ဆိုရင်တော့ ဖအေ၊ မအေကိုဖြစ်စေ၊ ကိုယ့်ထက်အကြီးကိုဖြစ်စေ “နင်”နဲ့ “ငါ”နဲ့ ပြောခြင်းဟာ ဗမာလူမျိုး အတွက် မှားပါတယ်။ မပြောအပ်တဲ့ အသုံးအနှုန်းဖြစ်ပါတယ်။ ဒါပေမယ့် ပေါက်ဖော်တွေ၊ အနောက်တိုင်းသားတွေအတွက်ကျတော့ ဘာမှကို ပြဿနာ မရှိပါဘူး။ အကြီးကိုလည်း ယူ၊ အငယ်ကိုလည်း ယူ၊ ကိုယ့်ကိုယ်ကိုယ်လည်း အိုင်နေတာပဲ။ အဲဒီ့အတွက် ဘယ်သူမှားတယ်လို့ ပြောလို့ မရပါဘူး။ ဒါ့ကြောင့် အမှား အမှန်ဆိုတဲ့ “သတ်မှတ်ချက်”တစုံတရာလို့ ရေးလိုက်တာ ဖြစ်ပါတယ်။ တကယ့် အမှား၊ အမှန်၊ ပရမတ်သဘောမဟုတ်ဘဲ ကိုယ့်အယူနဲ့ကိုယ် အမှန်မှတ်နေကြတဲ့ ပညတ်သဘောကို မြင်စေချင်လို့ပါ။
အလားတူပဲ၊ တလင်တမယား စနစ်ကို အားပေးတဲ့ ဘာသာတရားနဲ့ လူ့ဘောင်ရှိသလို အိမ်ထောင်ရေးမှာ ဘာအကန့်အသတ်မှ မရှိတဲ့ ဘာသာတရားနဲ့ လူ့ဘောင်လည်း ရှိပါတယ်။ ဗုဒ္ဓဘာသာမှာ တလင်တမယားစနစ်ကို အားပေးတယ်ဆိုတဲ့ ပြဋ္ဌာန်းချက် မတွေ့ဖူးသလို ဗမာ့ဓမ္မသတ်မှာ “မယားခိုးမှု”နဲ့ ပတ်သက်ပြီး ရေးထားတာဆို ရှင်းပါတယ်။ “သူ့လင်နှင့်ကြုံ၊ တံခါးခုံ၊ လွတ်ရုံ ကျော်၍ ပြေး”လို့ သတ်မှတ်ထားတာပါ။ ဆိုလိုတာက သူတပါး မယားနဲ့ ကျူးလွန်လို့ လင်ရောက်လာတဲ့အခါ အိမ်ရှေ့ တံခါး ခါးပန်းကို ကျော်အောင် ပြေးနိုင်တာနဲ့ အရေးယူလို့ မရတော့ပါဘူးတဲ့ဗျား။ အဲဒါ ဓမ္မသတ်ထဲမှာ ပါတာပါ။
အခု ဗမာပြည်မှာ သုံးနေတဲ့ “မယားခိုးမှု”ပါဝင်သော ပြစ်မှုဆိုင်ရာဥပဒေ (ရာဇသတ်ကြီး)ဟာ တလင်တမယားစနစ်ကို ဘာသာရေး အရ အထူးအားပေးတဲ့ ခရစ်ယာန်ဘာသာဝင် နယ်ချဲ့ ဗြိတိသျှတွေ ရေးဆွဲခဲ့တာကို နှစ်ပေါင်း တရာကျော်လာတဲ့တိုင် မပြင်နိုင်ကြသေးလို့ အတည်ဖြစ်နေတာပါ။ တကယ်က ဗမာ့ဓမ္မသတ်နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။
အဲဒါတွေက သမိုင်းနဲ့ ချီနေလို့ ဝေးတယ်ဆိုရင်တောင် တချို့နိုင်ငံတွေမှာဆိုရင် အရွယ်ရောက်သူအချင်းချင်းကြား အိမ်ထောင်ရေး ဖောက်ပြန်မှုနဲ့ တခြားလိင်ပိုင်ဆိုင်ရာ ပြုကျင့်မှုများကို ရာဇဝတ်ကြောင်းအရ အရေးယူတာတွေကို ပယ်ဖျက်နေကြပါပြီ။ ကိုယ်ရေး ကိုယ်တာ ကိစ္စတွေကို ပြစ်မှုအဖြစ် သတ်မှတ်စရာ မလိုဘူးလို့ သဘောပေါက်လာကြလို့ပါပဲ။ အရက်၊ ဆေးလိပ်၊ မူးယစ်ဆေး စတာတွေဟာ ကျန်းမာရေးအတွက် မကောင်းဘူး၊ ဒါပေမယ့် အရွယ်ရောက်သူ တဦးအနေနဲ့ သူ့သဘောနဲ့သူ သောက်သုံးတာဟာ ပြစ်မှုအဖြစ် မသတ်မှတ်သင့်ဘူးဆိုတဲ့ အယူအဆပါ။
အဲတော့ ဆင်ခြင်တုံတရားရှိတဲ့ လူတိုင်းအနေနဲ့ ကိုယ့်လက်ထဲမှာ အသေဆုပ်ကိုင်ထားတဲ့ ပေတံကို ပြန်ဆန်းစစ်ဖို့ လိုမယ် ထင်ပါတယ်။ ကိုယ့်ပေတံက မှန်ရဲ့လား။ ကိုယ့်စံနဲ့ ကိုယ် ဟုတ်သလို ရှိပေမယ့်၊ ဟုတ်ချင်မှလည်း ဟုတ်နိုင်တယ်လို့ မြင်လာမယ်ဆိုရင် အမြင်တွေ ပိုပွင့်လာနိုင်ပါတယ်။
မူလ မေးခွန်းနဲ့ ပြန်ဆက်စပ်လိုက်မယ်ဆိုရင်တော့ ဖအေ မယားငယ်ယူတာ မှားတယ်၊ မှန်တယ်လို့ သတ်မှတ်တဲ့ ကိုယ့်ပေတံကရော ဘယ်လောက်အတိုင်းအတာအထိ မှန်တယ်လို့ အာမခံနိုင်တဲ့ ပေတံအမျိုးအစားလဲ။ ဆင်ခြင်ကြည့်သင့်ကြမယ် ထင်ပါတယ်။
တခြား ဆင်ခြင်စရာတွေ
ဖအေက မယားငယ် ယူတာတော့ မှန်တယ်။ ဒါပေမယ့် ကိုယ်အပါအဝင် တခြားသားသမီးတွေအပေါ်နဲ့ အမေ့အပေါ်မှာ အဖေ့ရဲ့ သဘောထားက ဘယ်လို ရှိသလဲ။ အမေနဲ့ အဆင်မပြေပေမယ့် အဖေက ကိုယ်တို့တွေအပေါ် ဘယ်လို သဘောထားသလဲ။ ဖခင်တယောက်အနေနဲ့ ချစ်ခင်ယုယမှု၊ ကျွေးမွေးပြုစုမှု၊ လိုအပ်ချက်တွေကို သူစွမ်းနိုင်သလောက် ဖြည့်ဆည်းမှုတွေကရော ဘယ်လို ရှိသလဲ။
မအေနဲ့က အဆင်မပြေဘူး၊ မယားငယ်နဲ့က အဆင်ပြေနေတယ်။ မအေနဲ့ မယားငယ်ကိစ္စ စကားများတိုင်း ကိုယ်တွေကိုပဲ မဲရန်ရှာတတ်၊ မောင်းမဲတတ်၊ နှိပ်စက်တတ်တဲ့ အဖေမျိုးဆိုရင် မုန်းပလိုက်စမ်းပါ။ နာကျည်းလိုက်စမ်းပါလို့ အားပေးရင် မှန်နိုင်ပါတယ်။
ဒါမှမဟုတ်လည်း မယားငယ်နောက် ကောက်ကောက်ပါအောင် လိုက်သွားပြီး မယားငယ်နဲ့ ပေါက်ဖွားတဲ့ သားသမီးတွေကိုသာ အသိအမှတ်ပြုတဲ့ ဖအေမျိုးဆိုရင်လည်း မုန်းလို့၊ နာကျည်းလို့ မမှားနိုင်ဘူး ထင်ပါတယ်။ ကိုယ့်အမေကို အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့ရာက ကိုယ့်ကို သန္ဓေတည်စေခဲ့တဲ့ မုဒိမ်းကောင် လူရမ်းကားက ဇီဝဗေဒသဘောအရသာ ကိုယ့်ဖအေ လာဖြစ်နေတာမျိုးနဲ့ မနီးရိုးစွဲမို့ နာကျည်းခွင့် ရှိတယ်လို့ မြင်မိပါတယ်။
အရပ်ပျက်ဖြစ်နေနေ မအေဟာ မအေပဲ
မအေလုပ်သူဟာ အကျင့်စာရိတ္တပျက်ပြားနေပါစေ၊ ကိုယ့်ဆီမှာ အမေ့ကျေးဇူးတွေ ရှိနေတာမို့ မအေဟာ မအေပါပဲဆိုတဲ့ အယူအဆ တခု ရှိပါတယ်။
အဲဒါနဲ့ ဖအေနဲ့ကိုတော့ မချိန်ထိုးသင့်ဘူးလို့ ယူဆမိတယ်ခင်ဗျ။ ဆိုလိုတာက ဘာကြီးပဲ ဖြစ်နေနေ၊ ဖအေဟာ ဖအေပဲလို့တော့ ညီမျှခြင်း ချလို့ သင့်မယ် မထင်ပါဘူး။
အဲဒါက ဇီဝဗေဒသဘောအရပါပဲ။ လူသားတယောက်ဖြစ်လာရေးမှာ ဖိုမျိုးစေ့ချသူ ကျွန်တော်တို့ ယောက်ျားတွေဟာ ကိုယ့်ရဲ့ သွေးသားဆန္ဒကို မထိန်းနိုင်လို့ ကျူးလွန်ကြတာပါ။ အဲဒီ့ကမှ သန္ဓေသားရယ်လို့ ဖြစ်လာတဲ့အခါ အဲဒီ့ယောက်ျားဟာ ခန္ဓာကိုယ်ထဲက ဘာကိုမှ စိုက်ထုတ်ရင်းနှီးရတာ မဟုတ်ပါဘူး။ မအေမှာသာ သူ့ရဲ့ ဝမ်းကြာတိုက်ကို ၉ လတာပေးအပ်ထာရသလို မအီမသာ ဝေဒနာပေါင်းစုံကို ကိုးလလုံး ခံစားရသလို မွေးဖွားချိန်မှာ မချိမဆံ့နာကျင်ခြင်းများအထိ စိုက်ထုတ် ရင်းနှီးထားခဲ့လို့သာ ကိုယ်ဆိုတဲ့ လူသားလေး ဖြစ်လာရခြင်းပါပဲ။ အဲဒီ့ ဒုက္ခကို ဖအေတွေဟာ သညာသိနဲ့သာ နားလည်နိုင်ပြီး တကယ့်တကယ် ကိုယ်ချင်းစာပေးနိုင်ဖို့ အလွန်ခက်ခဲလှပါတယ်။ သည်အတွက် ကိုယ်လူဖြစ်လာရေးမှာ မအေ့ကျေးဇူးက မြင့်မိုရ်တောင်ဆိုရင် ဖအေ့ ကျေးဇူးက ဆီးစေ့လောက်သာ ရှိပါတယ်။
ကိုယ်မွေးဖွားပြီး နောက်ပိုင်း ကိုယ့်ကို လူတန်းစေ့ နေနိုင်စားနိုင်၊ လူလားမြောက်နိုင်ရေးအတွက် ဖအေ့ရဲ့ ပံ့ပိုးမှုတွေ ရှိခဲ့ရင်တော့ အဲဒီ့ ကျေးဇူးကို သတိထားရမှာပဲဖြစ်ပါတယ်။
နိဂုံး
ကျွန်တော်အပါအဝင် လူသားအားလုံးလို့ မဆိုနိုင်သည့်တိုင် အများစုဟာ ငယ်ဘဝရဲ့ ရိုက်ခတ်မှုတွေ၊ ခံစားချက်ဝေဒနာတွေ တနင့်တပိုးကို ရင်ဘတ်ကြီးတလုံးနဲ့ ထမ်းပိုးရင်း ဘဝခရီးကို လျှောက်လှမ်းနေကြသူများဖြစ်ပါတယ်။ ကျွန်တော့်ကို မေးလှာတဲ့ ကလေးမလေးနဲ့ တထပ်တည်း တူချင်မှ တူမှာဖြစ်ပေမယ့် ကျွန်တော်တို့ အားလုံးမှာလည်း မုန်းတီးမှု၊ စက်ဆုပ်မှု၊ နာကျည်းမှု ခံစားချက် အသကနဲ့ ရှိနေကြပါတယ်။
ကျွန်တော်ကတော့ သားတယောက်အဖြစ်လည်း ခံစားခဲ့ရဖူးသလို ဖအေတယောက်နေရာမှာလည်း နေနေခဲ့တာ နှစ်ပေါင်း ၃၀ နား တိုင်လာခဲ့ပါပြီ။ သည်အတွက် ဝေဒနာစုံနဲ့လည်း ရင်ဆိုင်ခဲ့ဖူးပြီး ဖြစ်ပါတယ်။ သည်အခါမှာ သေချာတာ တခုကတော့ အဲဒီ့ ဝေဒနာတွေကို လွှတ်ချနိုင်တာနဲ့အမျှ နေရတာ ပိုလို့ ပေါ့ပါးလာတာပါပဲ။ မလွှတ်ချနိုင်သေးသမျှ၊ ကိုယ်က ထမ်းပိုးထားသမျှ လေးလံ ဖိစီးနေမှာလည်း မလွဲပါဘူး။
အဲသလို လွှတ်ချနိုင်၊ လွှတ်ချတတ်ဖို့အတွက် ပထမဆုံး လွှတ်ချသင့်တဲ့အရာကတော့ ကိုယ့်လက်ထဲမှာ ဆုပ်ထားမိတဲ့ ပေတံများ ဖြစ်လေမလားဆိုတာကို လေးလေးနက်နက် တွေးနေမိရပါတယ်။
အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(ရန်ကုန် – ၂၁၁၁၁၇)