တန်းဝင်

မောင်တင်ဦး ရိုက်ခဲ့တဲ့ သင်္ကြန်မိုး ကောင်းပါတယ်။ ရုံတင်စ ကြည့်တုန်းကလည်း ကြိုက်တယ်။ နောက်ပိုင်း သင်္ကြန်ချိန်တိုင်း အဲဒီ့ကား ပြန်ပြတော့လည်း အခါအားလျော်စွာ (အစအဆုံးမဟုတ်တောင် ခဏတဖြုတ်) ကြည့်ဖြစ်တယ်။ မန်းသင်္ကြန်ကို ချစ်တဲ့ မန်းသားတယောက်အနေနဲ့ အလွန်သဘောကျပဲ။ ရိုက်ချက်တွေကြိုက်တယ်၊ သီချင်းတွေကြိုက်တယ်။

အဲ… ရုံတင်တင်ချင်း စကြည့်တဲ့နေ့ကတည်းက ဇာတ်ကိုတော့ မကြိုက်ခဲ့တာ အမှန်ပဲ။

ဘယ့်နှယ့်ဗျာ… မိန်းမသွားခိုးမယ့်နေ့၊ မိန်းမသွားခိုးမယ့်အချိန်ကျမှ တည့်တည့်မတ်မတ်၊ အပ်ကျမတ်ကျ ဟိုမိန်းမကြီးက ရောဂါ ထသည်းရသတဲ့လား။ အဲဒီ့ ဗြဟ္မာ့ပြည်က အပ်တစင်းနဲ့ လူ့ပြည်က အပ်တစင်းဆုံသလို ထူးခြား တိုက်ဆိုင်မှုက လူ့ပြည်ကြီးမှာ ဖြစ်နိုင်ပါသေးတယ်လို့ ဇွတ်ငြင်းရင် မိန်းမသွားခိုးမယ့်သူကလည်း ဟိုက စောင့်နေမယ့် မိန်းမဆီ တနည်းနည်းနဲ့ အကြောင်းမကြားနိုင်တော့လောက်အောင် မန်းရွှေမြို့ကြီးက လူတွေ အဲဒီ့အချိန်မှာ ဘယ်ရောက်ကုန်သတဲ့လဲ။ ဇာတ်ကို မနာနာအောင် ငရုတ်ကျည်ပွေ့နဲ့ ထုထားသလို ဖြစ်နေပါတယ်။

မကြိုက်ဆုံးကတော့ မိန်းမတယောက် တခြားလူနဲ့ ယူသွားတာနဲ့ပဲ အရက်ထဲ တဘဝလုံးနှစ်လိုက်တဲ့ လူတယောက်ရဲ့ ဇာတ်ဖြစ်နေတာပဲ။ ချာတူးကို လန်လို့။ ပရိသတ်ကို ဘာသတင်းစကား ပါးချင်တာလဲ။ မိန်းမတယောက်နဲ့ လွဲတာနဲ့ အရက်သမား လုပ်ကြပေတော့လို့ ပြောချင်တာလား။

နောက်တခုက ဗမာစကားကို ပီအောင် မပြောတတ်တဲ့သူကို မန်းလေးသူ လုပ်ခိုင်းထားတာကြီး။ အဲဒါလည်း ဘယ်လိုမှ အစာမကျေဘူး။ သူ့ကို ထည့်ရိုက်ချင်တယ်ဆိုရင် အစကတည်းက သူ့အဖေ အမေ အဖွားတို့ကိုလည်း ယနေ့ မန်းလေးမှာ တွင်ကျယ်နေကျတဲ့ စကားမပီသူ ယူနန်နယ်သားတွေ လုပ်ထားလိုက်ရင် ဟုတ်တုတ်တုတ်ရယ်။ ခုတော့ အလွဲကြီး။

သို့သော်… ရိုက်ချက်ရယ်၊ ခမ်းနားတဲ့ ဆက်တင်တွေရယ်၊ သီချင်းတွေရယ်ကြောင့် အဲဒီ့ သင်္ကြန်မိုးကို အောင့်နမ်းခဲ့ရတယ်။ အဲဒီ့ ခမ်းနားမှု၊ အဲဒီ့ သီချင်းတွေ၊ အဲဒီ့ရိုက်ချက်တွေက ကောင်းတယ်။ ဗမာတယောက်၊ မန်းသင်္ကြန်ကို ချစ်လွန်းသူ တယောက်အနေနဲ့ အနာအဆာများစွာကို ခွင့်လွှတ်ခံစားနိုင်ခဲ့ပါတယ်။

အဟဲ… အဲဒီ့ဇာတ်ကားကိုပဲ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တခုမှာ ဗမာရုပ်ရှင်အဖြစ် တင်ကြဖို့ လုပ်တော့ ဇာတ်လမ်းအကျဉ်းကို အင်္ဂလိပ်လို ရေးရပါတယ်။

ဇာတ်လမ်းအကျဉ်းဆိုတာ ဇာတ်လမ်း တပုဒ်လုံးရဲ့ကျောရိုးကို တထိုင်တည်း (ငါးမိနစ်ထက် နည်းတဲ့အချိန်အတွင်းမှာ) ဖတ်လိုက်သူရဲ့ စိတ်မျက်စိမှာ မြင်သာအောင် ရေးသားထားတာကို ခေါ်ပါတယ်။

အဲဒီ့မှာတင် သွားတော့တာပါပဲ။ ဇာတ်လမ်းအကျဉ်း ပြန်ရေးနေစဉ်ကတည်းက အဲဒီ့ကားဟာ ပြသဖို့ ရွေးချယ်ခံရမှာ မဟုတ်ဘူးဆိုတာ သိနေပါတယ်။ ဗမာဆိုတဲ့ စိတ်ကို ဖယ်၊ မန်းသင်္ကြန်ဆိုတဲ့ သညာ မရှိတဲ့ တခြား အရှေ့အနောက်နိုင်ငံသားတွေအတွက် သည်ဇာတ်ကားဟာ ဘယ်လိုမှကို စိတ်ဝင်စားစရာ ကောင်းမှာ မဟုတ်ဘူးဆိုတာ တွက်ဆမိရပါတယ်။

ထင်တဲ့အတိုင်းပါပဲ။ အဲဒီ့ပွဲတော်မှာ အဲဒီ့ကား ပြသခွင့် မရခဲ့သလို ဘယ်မြန်မာကားမှလည်း ပြသခွင့် မရခဲ့တာ အမှန်ပါ။

ဗမာပြည်က ဗမာတွေအတွက်တော့ အဲဒီ့ကားက ကြည့်လို့ ရိုးမှာလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ပြည်မကို မရောက်ဖူးတဲ့၊ သင်္ကြန်နဲ့လည်း သိပ်မယဉ်ပါးတဲ့ တခြားတိုင်းရင်းသားတွေဆိုရင်တော့ အဲဒီ့ကားကို တခါကြည့်ပြီး ထပ်ကြည့်ချင်ပါ့မလားဆိုတာလည်း စဉ်းစားစရာပါ။

နိုင်ငံတကာ အဆင့်ဆိုတာ အဲဒါပါပဲ။ ရိုက်ချက်ချည်းပဲလည်း မဟုတ်ဘူး၊ နောက်ခံတေးဂီတချည်းလည်း မဟုတ်ဘူး၊ ဇာတ်အိမ်ခိုင်ဖို့က အားလုံးထဲမှာ အဓိက ကျလှပါတယ်။

ဘောလီးဝု(ဒ်)ကားတွေမှာလည်း ကုလားအကတွေ၊ ကုလားသီချင်းတွေ မနိုင်ရင်ကာ ထည့်ထားတာပါပဲ။ ဒါပေမယ့် သူတို့ ဇာတ်လမ်းတွေက လူမျိုးမရွေး ဘာသာမရွေး ခံစားနိုင်တယ်။ နမူနာအဖြစ် PK ဇာတ်လမ်းကိုပဲ ကြည့်ပါ။ ဘယ်ဘာသာဝင်အတွက်ပဲဖြစ်ဖြစ် မေးခွန်းထုတ်စရာ၊ တွေးစရာ အစတွေ အများကြီး ချန်ထားခဲ့ပါတယ်။

ဒါမှမဟုတ် ထင်ရှားတဲ့ ကိုရီးယားကား Taxi Driver ပဲ ထားပါ။ သူတို့ နိုင်ငံအတွင်းက ဖြစ်ရပ်မှန်တခုကို အခြေပြုထားတာ။ ဒါပေမယ့် သာမန် သူလို ငါလို အငှားယဉ်မောင်းတယောက်၊ နိုင်ငံရေးနဲ့ ဘယ်လိုမှ ပတ်သက်မှု မရှိတဲ့ ယာဉ်မောင်းတယောက်က သူ့မျက်စိအောက်မှာ ဖြစ်လာတဲ့ လူမဆန်မှုတွေကို မြင်ရပြီး ရုတ်တရက်ကြီး မခံစားနိုင်အောင် ဖြစ်လာရာက သည်အဖြစ်တွေကို ကမ္ဘာက သိအောင် ကြိုးစားနေတဲ့ နိုင်ငံခြား သတင်းထောက်ကို သက်စွံ့ဆံဖျား ကူညီပေးခဲ့တဲ့ ဇာတ်လမ်း။ ဘာလူမျိုး၊ ဘာဘာသာဝင်ပဲ ဖြစ်ဖြစ် အဲဒီ့ကားကို ကြည့်ပြီး မချိတင်ကဲ အရသာကို ခံစားရမယ်၊ ဒေါသတွေ ဖြစ်လာမယ်၊ ရင်တထိတ်ထိတ်ဖြစ်လာမယ်။

ဒါဖြင့် နိုင်ငံတကာ တန်းဆိုတာ ဘာလဲ…

ဘယ်လူမျိုး၊ ဘယ်ယဉ်ကျေးမှုနောက်ခံက လာသူပဲ ကြည့်ကြည့်၊ ခံစားလို့ရတဲ့ ဇာတ်လမ်းပေါ့။ ရှင်းနေတာပါပဲ။ မဟုတ်ရင် နိုင်ငံတကာ မဟုတ်ဘူး၊ တနိုင်ငံစာလို့ပဲ ပြောလို့ ရပါမယ်။

ဟုတ်တယ်… အဲဒီ့လို လူမျိုး ဘာသာမရွေး ကြည့်ရှုခံစားနိုင်မယ့် ဇာတ်လမ်းမျိုးတွေကို ကြံဆရိုက်ကူးသွားနိုင်မယ်ဆို တန်းဝင်လာပါလိမ့်မယ်။

LikeShow more reactions

Comment