Skip to content

ဒီမိုခရက်တစ် အာဏာရှင် ဖြစ်ချင်ကြပါသလား

18 March 2018

27750025_10213857428202897_2584576942854188819_nကျက်သရေ ဝေလီဝေလင်း

မနေ့မနက်က မိုးမလင်းခင် လေယာဉ်ကွင်းအသွား လမ်းမှာ ဒါကို တွေ့တော့ ပြုံးမိရပါတယ်။

အငှားယာဉ်တစီးရဲ့ နောက်မှန်မှာ ပိုက်ဆံအကုန်ခံ၊ စထစ်ခါကို စာထွင်းပြီး ကျကျနန ကပ်ထားတာပါ။

အစိုးရကို ဝေန်တာ မင်းအပြစ် မဟုတ်ဘူး။ ကိုယ့်ရှေ့က အမှိုက်တောင် မကောက်ပဲ (သတ်ပုံမှန်က ဘဲ) ဝေဖန်ရေးပဲ ထိုင်လုပ်နေရင်တော့ မင်းအပြစ်ဖြစ်သွားပြီတဲ့။

အောက်က Bill Gates လို့လည်း ရေးထားသေးတယ်။ ခပ်တည်တည်ပဲ။

စဆရကတွေက ဖွဘုတ်ပေါ်မှသည် ကားနောက်မှန်အထိ တက်လာပါပေါ့လားလို့ တွေးမိပြီး ပြုံးမိရတာပါ။

အမြင်လွဲ၊ အယူတိမ်း

ရုတ်တရက်တော့ သူပြောတာ ဟုတ်သလိုလို။ ဒါပေမယ့် နည်းနည်းလေး ခေါင်းသုံးလိုက်တာနဲ့ ဒါဟာ ဆင်ခြင်ဉာဏ်နုံနဲ့တဲ့ စကားမှန်း သိသာပါတယ်။

ဝေဖန်ရေးအပေါ် လူအတော်တော်များများရဲ့ သဘောထား လွဲနေတာကို ထုတ်ဖော်ပြသနေတာပါပဲ။ တလောက သွားလေသူ နာမည်ကျော်တယောက် လွန်ခဲ့တဲ့ နှစ် ၃၀ လောက်က ဝေဖန်ခံရတာကို ဆတ်ဆတ်ခါပြီး စာမျက်နှာထက်ကနေ ဝေဖန်သူတွေကို ယဉ်ယဉ်ကျေးကျေး ဆဲထားတဲ့ စာလေးကို ရေနှူးနေကြတာတွေ ဖွဘုတ်မှာ တွေ့လိုက်ရသေးတယ်။ အကျဉ်းချုပ်ကတော့ ကားနောက်မှန်က သည်စာသားနဲ့ မနီးရိုးစွဲပဲ။

ကိုယ်ဘာမှ မလုပ်နိုင်ရင် မဝေဖန်နဲ့ဆိုတဲ့ သဘော။

ဟား… ဆင်ခြင်ဉာဏ်ကင်းလိုက်ကြတာ…

လူနဲ့ ဝေဖန်ရေး သဘာဝ

သိပ်အဝေးကြီး ကြည့်စရာ မလိုပါဘူး။ ၄-၅-၆ နှစ်အရွယ် ကလေးလေးက ပြောတယ်၊ ဘွားဘွားကြီးက မွှေးနေတာပဲတဲ့။ ရေချိုးပြီးစ သနပ်ခါးအဖွေးသားနဲ့ ဘွားအေကို ဖက်ရင်း ပြောလိုက်တယ်။ ဒါ ဝေဖန်တာပဲ မဟုတ်ပါလား။

အဲဒီ့ကလေးလေးကပဲ သူ့အဖေက ခုခေတ်ဟန် ဂျင်းဘောင်ဘီ အပြဲအစုတ်ကို ဝတ်လာတာ တွေ့တော့ ဖေဖေ့ ဘောင်းဘီကြီးကလဲ အပြဲကြီးလို့ ပြောလိုက်ပြန်တယ်။ ဒါလည်း ဝေဖန်တာပဲလေ။

အဲဒီ့ကလေးက အိမ်ရှေ့ဝရံတာမှာ ထိုင်ရင်း လမ်းသွားလမ်းလာတွေကို ကြည့်ပြီး ပြောချင်တာတွေ ပြောနေနိုင်ပါသေးတယ်။ ဟို အဒေါ်ကြီးက မည်းလိုက်တာ၊ ဟိုဦးလေးကြီးက သနားစရာ၊ ဟိုအန်တီကြီးက ဝတုတ်ကြီး၊ ဟိုအန်ကယ်ကြီးက ပိန်ပိန်ရှည်ရှည်ကြီး…

ဒါက ကလေး။

လူကြီးမိဘတွေကရော ကျွန်တော်တို့ ငယ်စဉ်တောင်ကျေး ကလေးဘဝမှသည် သူတို့ မသေမချင်း ကျွန်တော်တို့ကို ဝေဖန်ခဲ့ကြတာပဲ မဟုတ်ပါလား။

ခွေးဖြစ်မယ့် အကောင်၊ ဟိုကလေးရဲ့ မစင်ကို ကျွေးရမယ်၊ လူလေးက လက်တောက်လောက် ရှိသေးတယ်၊ မိဘကို ခံပြောတာ ငရဲအိုးထဲ စောက်ထိုးကျတော့မှာ၊ ပိုက်ဆံလေး ရှာနိုင်လာတော့ လူဝါးဝလာတယ်၊ ခွာရာတိုင်းချင်လာတယ်… စုံတကာ့ကို စေ့လို့။

သူငယ်ချင်းတွေကရော၊ တခြား ပတ်ဝန်းကျင်ကရော… တေ့တေ့တင်တင် အဝေဖန်မခံဖူးတဲ့သူ ရှိလို့လား။

ဘုရားသော်မှ မရှောင်သာ

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး၊ ယေရှုခရစ်တော်၊ တမန်တော်မိုဟာမက်တို့ရော ဝေဖန်ရေးနဲ့ ကင်းနိုင်ခဲ့ကြလို့လား။ အမနာပ အပြောမခံခဲ့ကြဘူးလို့လား။

ပထမနမူနာက ကလေးလေးပဲဖြစ်ဖြစ်၊ ဒုတိယနမူနာက မိဘတွေပဲဖြစ်ဖြစ်၊ တခြားတခြားသောသူငယ်ချင်းတွေ၊ ပတ်ဝန်းကျင်က လူတွေ၊ သူစိမ်းတွေထဲက အမနာပ ပြောသူတွေ၊ ဝေဖန်ကဲ့ရဲ့ သူတွေကို အမှိုက်လေးတောင် ကောက်ဖော်မရလို့ဆိုပြီး ဝေဖန်တာ အပြစ်လို့ သွားပြောတာမျိုးဟာ တော်တော့်ကို ဆင်ခြင်ဉာဏ်နည်းလှတယ်ဆိုတာ ထင်ရှားနေပြီ မဟုတ်ပါလား။

တချိန်က အင်မတန် လက်သံပြောင်တဲ့ ရုပ်ရှင်ဝေဖန်ရေးဆရာ အကျော်အမော် စိန်ခင်မောင်ရီဆိုတာ ရှိဖူးတယ်။ အဲဒီ့ခေတ်က ရုပ်ရှင်သမားတွေရဲ့ မေတ္တာကို အတုံးလိုက် အတစ်လိုက် ခံယူခဲ့ရသူပေါ့။ ပရိသတ်ကတော့ ဆရာ့ ဝေဖန်ရေးတွေကို တခုတ်တရ စောင့်ဖတ်ခဲ့ကြရပါတယ်။ အဲဒီ့ ဆရာဟာ ရုပ်ရှင်သာ ဝေဖန်နေပါတယ်၊ ကိုယ်တိုင် ရုပ်ရှင်တကား ရိုက်ဖူးဖို့ ဝေးစွ၊ ရုပ်ရှင် ရိုက်ရာမှာ မှန်ထိုး မီးထိုးတောင် မလုပ်ဖူးတဲ့သူပါ။ အဲဒါနဲ့ပဲ သူ မဝေဖန်ရတော့ဘူးလား။

အခါခါလည်း ရေးဖူးတယ်။ ဟင်းချက်တတ်ချင်မှ ချက်တတ်မယ်၊ ပေါ့တယ်၊ ငန်တယ်၊ စပ်တယ်၊ ခါးတယ်၊ ဆီချေးစော်နံတယ်၊ တူးနံ့ရတယ်၊ အသားက မလတ်ဘူး စသဖြင့် ပြောတတ်ကြပါတယ်။ အဲလိုပြောသူကို မီးဖိုချောင် အရိပ်တောင် မနင်းဖူးပဲနဲ့ ပြောရကောင်းလားလို့ သွားပြောရင် ဝေဖန်သူ ရူးတာလား၊ ပြောသူ ရူးတာလား။

ခက်တာက

ဆင်ခြင်ဉာဏ်ကို အမြစ်ပြတ်ချေမှုန်း သုတ်သင်တဲ့ ပညာရေးစနစ်ကို ၁၉၆၄ ခုနှစ်မှာ စတင်ခဲ့တာပါ။ ဒါ့ကြောင့် ကနေ့ ၆၀ တန်းနဲ့အောက်ဟာ ဆင်ခြင်ဉာဏ်ရေချိန် နည်းသထက် နည်းနည်းလာပါတော့တယ်။ ဗမာပြည်မှာ လူဖြစ်ရသူတွေအနေနဲ့ အသက်ငယ်လေ ဆင်ခြင်ဉာဏ် နည်းလာလေလို့ ယေဘုယျ ဆိုနိုင်ပါလိမ့်မယ်။ (ခြွင်းချက်တွေကို ထောက်မပြစေချင်ပါဘူး။ ယေဘုယျဆိုတဲ့ စကားကို မမေ့မလျော့ ထည့်ထားပါတယ်။)

အဲတော့ စောစောက ပြောခဲ့တဲ့ သွားလေသူ နာမည်ကျော်အပါအဝင် လူအတော်များများဟာ ဆင်ခြင်ဉာဏ်ထက် ကိုယ့်ထိ မချိအောင် နာပြသူတွေက တနေ့တခြား ပိုပိုပေါလာသလိုပဲ။

သည်အထဲမှာမှ ကိုယ့်အစိုးရကို ဝေဖန်ရင် ကြားထဲကနေ အခြောက်တိုက် ရင်နာပြီး ဆတ်ဆတ်ထိ မခံဖြစ်နိုင်ကြသူတွေရဲ့ အကဲပိုမှုကလည်း တကယ်တော့ ဆင်ခြင်ဉာဏ် နည်းတဲ့နေရာမှာ ဧတဒဂ် ဘွဲ့ခံလောက်အောင် အုံနဲ့ ကျင်းနဲ့ တွေ့နေရပါတယ်။

အဝေဖန်မခံချင် လူဆက်မလုပ်နဲ့

အစိုးရကို အသာထား၊ ရပ်ကွက်လူကြီးလောက် လုပ်ရင်ကို အကောင်းပြောမယ့်သူ၊ အဆိုးပြောမယ့်သူ၊ ဓမ္မဓိဋာန်ကျကျ ဝေဖန်သုံးသပ်မယ့်သူ၊ လူပေါင်းစုံ ရှိနေတော့မှာ မလွဲတဲ့ အချက်ကို မျက်စိလျှမ်းနေကြတာပါပဲ။

နီတိအနေနဲ့ကတော့ လူမှန်ရင် အဝေဖန်ခံရမှာချည်းပါပဲ။ ဒါက စကားအဖြစ် ပြောတာပါ။ တိရစ္ဆာန်တွေတောင် လူတွေရဲ့ ဝေဖန်ချက်က ပြေးမလွတ်ပါဘူးနော်။ ဟိုခွေးကြီးကို ဆိုးလိုက်တာ၊ သည်ခွေးလေးက သိပ်အဟောင်သန်တာပဲ၊ သည်ကြောင်မက ဟင်းခိုးစားတတ်တယ်၊ ဟိုကြောင်လေးက ရောဂါသည်ထင်တယ် ပိန်ညှော်လို့ စသဖြင့်ပေါ့။ သို့သော် တိရစ္ဆာန်က လူစကား နားမလည်တော့ ဆွေ့ဆွေ့ခုန်ရကောင်းမှန်း မသိကြဘူးပေါ့။ ကားလည်း မမောင်း၊ မရှိတော့ ကားမှန်က တဆင့် တိရစ္ဆာန်တွေ စဆရက လုပ်လို့ မရဘူးပေါ့။

ဝေဖန်ရင် အကဲဆတ်တာ အာဏာရှင်ပါ

သည်စကားကို အထူးဖွင့်ဆိုစရာ မလိုပါဘူး။ ၁၉၆၂ ခုနှစ်ကစပြီး ယနေ့ထက်တိုင် ဝေဖန်လို့၊ သတင်းရေးလို့ ပုဒ်ထီး ပုဒ်မ အမျိုးမျိုး အတပ်ခံရပြီး အကျဉ်းစံရသူတွေ အရေအတွက်၊ အနှိပ်စက်ခံရသူ အရေအတွက်၊ ဒုက္ခပေးခံရသူ အရေအတွက်က နည်းမှ မနည်းတာ။

ဘယ်အာဏာရှင် နိုင်ငံမှာမှ စာနယ်ဇင်း လွတ်လပ်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အသိအမှတ်မပြုပါဘူး။ ခွင့်မပေးပါဘူး။ သူတို့ရဲ့ အုပ်ချုပ်ရေးကို ဝေဖန်ပြောဆိုသူကို ရန်သူလို့ အတိအလင်း သတ်မှတ်ပြီး အရေးယူအပြစ်ပေးနေကြပါတယ်။

ကားမှန်မှာ စာရေးတဲ့သူကို သွားမေးရင် သူ့ကိုယ်သူ ဒီမိုကရေစီ ဘက်တော်သားကြီးလို့ ပြောကောင်း ပြောနိုင်ပါတယ်။ ဒါပေမယ့် သူရေးတဲ့စာဟာ သူ့သွေးသားထဲက အာဏာရှင်စိတ်ကို ဖော်ကျူးနေမှန်း သူကိုယ်တိုင် တစက်ကလေးမှ သတိထားမိမယ် မထင်ပါဘူး။

လူတွေမှာ ပါးစပ်တွေ ပါတယ်ဆိုတာကို မမေ့ကြပါနဲ့

သူများသာ ပြောနေရတယ်၊ ကျွန်တော်ကိုယ်တိုင်လည်း တချိန်က ကျွန်တော့်ကို ဝေဖန်ရင် မချိအောင် နာတတ်ခဲ့ဖူးပါတယ်။ လူသိရှင်ကြားသာ ဘာမှ သိပ်မတုံ့ပြန်ခဲ့တာပါ။ ကျွန်တော့် ဝမ်းထဲမှာတော့ ကျိတ်ပြီး ဆွေ့ဆွေ့ခုန်တတ်ခဲ့ဖူးပါတယ်။

ဒါပေသည့် အခုနောက်ပိုင်းတော့ နေတတ်လာပါတယ်။ စာရေးသူ ဘဝကို အသာထားဦး၊ အခုလို ဖွဘုတ်မှာ တောင်တောင်အီအီ ရေးပြီး လူသိရှင်ကြား တခုခု ချပြပြီဆိုကတည်းက ပြောချင်တဲ့သူလူတကာ ပြောချင်တာ လာပြောဖို့ အလိုလို လမ်းဖွင့်ပေးလိုက်သလို ဖြစ်နေပါပြီ။ အဲဒါကို
ဆင်ခြင်မိခြင်းနဲ့အတူ လူတွေမှာ ပါးစပ်တွေပါတယ်၊ ပြောချင်တာ ပြောလိမ့်မယ်ဆိုတဲ့ စိတ်ကလေးကို မွေးနိုင်နေပါပြီ။ အရင်ကဆို ဆဲတဲ့သူတွေကို ကျွန်တော့်ဆီ ဝင်ကြည့်လို့ မရအောင် ပိတ်ခဲ့ဖူးပါတယ်။ အခုတော့ ဘယ်သူ့ကိုမှ ပိတ်မထားတော့ဘူး။ ဆဲလည်း သူ့သဘော သူဆောင်နေတာပဲ၊ သူ့အကြောင်း လူသိတာပဲလို့ တွေးတတ်လာပါပြီ။

လူတွေမှာ ပါးစပ်တွေ ပါတဲ့အတွက် ပြောချင်တာ ပြောကြမယ်၊ ဆဲချင်လည်း ဆဲကြမယ်၊ ဝေဖန်ချင်လည်း ဝေဖန်ကြပါလိမ့်မယ်။ ဒါကို မမေ့သင့်ကြဘူးလို့ ထင်ပါတယ်။

ဝေဖန်ရေးထဲက အမြတ်

သည်လို ပြောတဲ့အတွက် လာရေးတဲ့ မှတ်ချက်တွေကို ကျွန်တော်လစ်လျူရှုထားတယ် မမှတ်ပါနဲ့။ အကုန် ဖတ်ပါတယ်။ အဲဒီ့ထဲကမှ ကျွန်တော့်ရဲ့ ဟာကွက် ပျော့ကွက်ကို ထောက်ပြတာတွေ့ရင် ကျေးဇူးတင်တဲ့အကြောင်း ပြောပါတယ်။ ပြီးတော့ အမှားကို ပြင်ပေးပါတယ်။ ဒါကတော့ စာရေးသူဘဝ အစအဦးကတည်းက အစဉ်တစိုက် လုပ်ခဲ့တဲ့ ကျွန်တော့်အကျင့်ပါပဲ။

အစိုးရအဖွဲ့ဝင်များ၊ ရဟန်းသံဃာများအပါအဝင် ကျွန်တော်တို့ လူသားတွေအားလုံးဟာ အလုံးစုံ ထိုးထွင်းသိမြင်တဲ့ ဉာဏ်တော်အနန္တနဲ့ ဘုရားရှင်တွေ မဟုတ်ကြပါဘူး။ သာမာန် အနုဉာတ ပုထုဇဉ်များသာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ သိထားတာဟာ အကန့်အသတ်နဲ့သာ ဖြစ်နေကြမှာ ဖြစ်သလို အယူအစွဲတွေရဲ့ ပယောဂဒဏ်ကိုလည်း လူတိုင်း ခံနေကြရသူချည်းပါပဲ။ အဲဒီ့ အသိ၊ အဲဒီ့ အစွဲတွေကြောင့် ကျွန်တော်တို့ ပြုသမျှ အမှုတိုင်းဟာ စင်းလုံးမချောနိုင်ရုံသာမက မှားတာ၊ လွဲတာ၊ ချော်တာ အနန္တနဲ့ ပြည့်ဝနေမှာလည်း မလွဲပါဘူး။

အဲတော့ ဝေဖန်လာတဲ့အခါ ကိုယ့်အမှား ကိုယ့်အလွဲကို ရင်ဖွင့်ကြိုဆိုလိုက်တာနဲ့အမျှ ကိုယ့်ရဲ့ အသိဉာဏ်အဆင့်က အလိုလို မြင့်လာတော့မှာပါ။ ဒါဟာ ဝေဖန်ရေးထဲက ကောက်နုတ်ယူနိုင်တဲ့ ဧရာမအမြတ်အဖြစ် သုံးသပ်ဆင်ခြင်နေမိရပါတယ်။

ဝေဖန်ကြတဲ့အထဲမှာ ခပ်ညံ့ညံ့ခပ်ချာချာတွေလည်း ပါလာမှာ မလွဲသလို ဆဲသံတွေလည်း ကြားရမှာပါ။ ဒါကိုတော့ တဦးချင်းစီရဲ့ သဘောထားအတိုင်း ခံယူရုံပါပဲ။ လစ်လျူရှုမလား၊ အဆဲကို အဆဲနဲ့ တုံ့ပြန်မလား၊ ဒါမှမဟုတ် လုံးလုံး ရှောင်ကြဉ်မလား။ ကြိုက်တာ ရွေးနိုင်ပါတယ်။ အဲဒီ့မှာလည်း ဆင်ခြင်ဉာဏ်ကတော့ စကားပြောနေဦးမှာလည်းပဲ ဖြစ်ပါတယ်။

အချုပ်

ဝေဖန်ရေးဟာ ဒီမိုကရေစီ စနစ်အတွက် မရှိမဖြစ်လိုအပ်ချက်ပါ။ အတိုက်အခံဆိုတာလည်း ဒီမိုကရေစီစနစ်မှာမှ ထွန်းကားတာပါ။

အတိုက်အခံတွေ၊ ဝေဖန်ချက်တွေကို လက်မခံဘူး၊ အတိုက်အခံလုပ်သူ၊ ဝေဖန်သူတွေကို ရန်သူ မှတ်နေမယ်၊ အပြစ်ပြောနေမယ်ဆိုရင် လူကြီးမင်းဟာ ဒီမိုကရေစီဆိုပြီး လေးဘက်ထောက် ကုန်းအော်နေလင့်ကစား အာဏာရှင် စိတ်ထားက တပြားမှ မလျှော့နိုင်သေးသူသာ ဖြစ်နေမယ်ဆိုတဲ့အကြောင်းလောက်တော့ သဘောပေါက်သင့်ပါတယ်ခင်ဗျား။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(နေပြည်တော် – ၁၄၀၂၁၈)

Advertisements
No comments yet

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: