Skip to content

“နည်းကျ သရုပ်ဆောင်ခြင်း”

18 March 2018

ဖတ်ဖူးတယ်၊ ဖတ်ဖူးတယ်… ကိုယ်မလွယ်ဘူး ရူးနိုင်တယ်

“နည်းကျသရုပ်ဆောင်ခြင်း” (method acting) ဆိုတဲ့ ဝေါဟာရကို ဇဏ်ခီက ပြောလိုက်တော့ ဘာပါလိမ့်လို့ ပြူးတူးပြဲတဲ ရှာကြည့်မိရတယ်။

 

ဝေါဟာရကိုသာ မသိတာ၊ တကယ်က အဲဒီ့ သရုပ်ဆောင်ပညာအကြောင်း ငယ်ငယ်က ဖတ်ဖူးတယ်။ ဘယ်မှာလဲ၊ ဘယ်သူရေးလဲဆိုတာတော့ မသိဘူး။ ငယ်ငယ်က ဖတ်ဖူးတယ်ဆိုတော့ မြတ်လေး ရေးတာပဲလား မသိဘူး။ ဒါမှမဟုတ် ထွန်းလှိုင် (ဒါရိုက်တာ)လည်း ဖြစ်နိုင်မယ်။ ဒါမှမဟုတ် စာရေးဆရာထဲကလည်း ဖြစ်နိုင်မယ်။ ဖတ်တော့ ဖတ်ဖူးတယ်။

အသေးစိတ်တော့ မမှတ်မိတော့ဘူး။ နှစ်တွေလည်း ကြာပြီဆိုတော့ မှတ်မိတာလေးက နည်းနည်းပဲ ကျန်ပါတော့တယ်။

ဆိုရှယ်မလစ်ခင် ဆိုဗီယက်ခေတ်တုန်းကလည်း သရုပ်ဆောင်ပညာရပ်ပိုင်းမှာရော ရုပ်ရှင်ပညာမှာပါ ဆိုဗီယက်က စခဲ့တာတွေ အများကြီးပဲ။ သည် သရုပ်ဆောင်ပညာကလည်း Konstantin Stanislavski (1863-1938) ဆိုတဲ့ ပြဇာတ်ဆရာ/သရုပ်ဆောင်က စတင်ခဲ့တာပါ။ ယနေ့ထက်တိုင် သူ့နာမည်ကို အစွဲပြုပြီး သရုပ်ဆောင်ပညာမှာ “စတာနစ်(စ်)စလာ့(ဗှ်)စခီး စနစ်”ဆိုပြီး သူ့အမည်ကို အစွဲပြုထားတဲ့ စနစ်က ဟောလီးဝု(ဒ်)အထိ တွင်ကျယ်နေပါတယ်။

အဲဒီ့စနစ်မှာ သရုပ်ဆောင်ကို လေ့ကျင့်သင်ကြားပေးတဲ့စနစ်၊ ကြိုတင်ပြင်ဆင်တဲ့ စနစ်၊ ပြီးတော့ အစမ်းလေ့ကျင့်တဲ့ နည်းစနစ်တွေ ပါဝင်ပါတယ်။

ထားပါတော့… အမြည်းအနေနဲ့ ရေးပြတာမို့ အသေးစိတ် ပျင်းစရာတွေ မသွားတော့ပါဘူး။ သူ့နည်းနဲ့ အပြိုင် ပေါ်ထွန်းခဲ့တာတွေလည်း ရှိပါတယ်။ အဲဒါတွေပေါင်းပြီးတော့မှ နည်းကျသရုပ်ဆောင်ပညာရယ်လို့ ဖြစ်လာပါတယ်။

သရုပ်ဆောင်ခြင်းရဲ့ အခြေခံ သုံးပိုင်း

f7bc8c5deecefced3e7b76af64f24952--kate-winslet-the-readerနည်းကျ သရုပ်ဆောင်ရာမှာ အကြမ်းပြောရင် စိတ်ပိုင်း၊ လူမှုရေးပိုင်းနဲ့ အမူအကျင့်ပိုင်းတွေ ပါဝင်ပါတယ်။ (အဲဒါကို ငယ်ငယ်က ဖတ်ဖူးတာသွားမှတ်မိနေတာပါ။)

လူတယောက်ထဲပေမယ့် ပျော်နေချိန်၊ ဝမ်းနည်းနေချိန်၊ တက်ကြွနေချိန်၊ ညှိုးငယ်နေချိန်တွေမှာ မျက်လုံးမှသည် လမ်းလျှောက်ပုံ၊ လက်ထားပုံ၊ မတ်တတ်ရပ်ပုံကအစ မတူနိုင်ပါဘူး။ အဲဒါဟာ စိတ်ပိုင်းပါ။

လူမှုရေးပိုင်းဆိုတာက ဆရာဝန်၊ ကျောင်းဆရာ၊ သူနာပြု၊ အငှားယာဉ်မောင်း၊ ထန်းတက်သမား၊ နိုင်ငံရေးသမား၊ စစ်ဗိုလ် အစရှိတဲ့ အလုပ်အကိုင် အသီးသီးကြောင့် လူတွေရဲ့ မျက်လုံးမှသည် အထက်က ပြောခဲ့တာ အကုန်လုံးကို ရိုက်ခတ်နေပါတယ်။ ဒါ့အပြင် လူတန်းစား စရိုက်လည်း ရှိပါတယ်။ နိုင်ငံရေးသမားထဲမှာမှ မိကောင်းဖခင်သားသမီး (ဆရာကြီး ရွှေဥဒေါင်း ပြောတဲ့ gentlemen) စရိုက်နဲ့ မိလက္ခူ လူတန်းစားက ပေါက်ဖွားသူ နိုင်ငံရေးသမားတို့ကြားမှာ ပြောဆိုပုံတွေ ကွာနေဦးမှာပါပဲ။

အမူအကျင့်ပိုင်းကျပြန်တော့လည်း အလွယ်ဆုံး ပြောရင် လူတယောက်ထဲမှာတောင်မှ အရက်မူးနေချိန်၊ တယောက်တည်း ရှိနေချိန်၊ လူအုပ်ကြားထဲ ရောက်သွားချိန်၊ ကင်မရာရှေ့ ရောက်နေချိန်၊ မိန်းကလေးတွေ ရှေ့၊ ယောက်ျားချင်းရှေ့၊ ဆရာ့ရှေ့၊ မိဘရှေ့၊ တပည့်ရှေ့မှာ အမူအကျင့်တွေ ကွာနေတတ်ပြန်ပါတယ်။ နောက်အမူအကျင့်က ဒေသပါ။ အညာသားက အညာသား ဓလေ့၊ အောက်သားက အောက်သားဓလေ့၊ တောင်ပေါ်သားက တောင်ပေါ်သားဓလေ့နဲ့ ရှိနေတာမျိုးပေါ့။

ဝင်စားသရုပ်ဆောင်တာ

သရုပ်ဆောင်တဲ့အခါ အဲဒါတွေကို ဝင်စားသရုပ်ဆောင်တာပါပဲ။ အဲဒီ့အခါမှာ ဇာတ်ရုပ်ကို ကိုယ်စားပြုတဲ့ သရုပ်ဆောင်နည်း (Character Representation) ကို နည်းကျ သရုပ်ဆောင်ခြင်းလို့ သူတို့က မခေါ်ပါဘူး။ ဇာတ်ရုပ်အတိုင်း တွေ့ကြုံခံစားခြင်း (Character Experiencing) ကိုမှ နည်းကျသရုပ်ဆောင်မှုလို့ ခေါ်ဆိုပါတယ်။

ဝင်းဦးတို့၊ ကောလိပ်ကျင် နေဝင်းတို့၊ ကျော်ဆွေတို့၊ ရွှေဘတို့မှာ ကိုယ်ပိုင်ဟန်တွေ ရှိကြတယ်။ သို့သော် သူတို့က ဇာတ်ရုပ်ကို ကိုယ်စားပြုခဲ့ကြတာပါ။ ဘယ်ကားမှာဖြစ်ဖြစ် ဒါ ဝင်းဦးပဲ၊ ဒါ ကောလိပ်ဂျင်ပဲ၊ ဒါရွှေဘပဲဆိုပြီး ပရိသတ်က သိနေရပါတယ်။ တနည်းပြောရင် သရုပ်ဆောင်နေတယ်လို့ပဲ ပရိသတ်က မြင်နေရတယ်။ ကျော်ဟိန်းလည်း စောစောပိုင်းတုန်းက အဲလိုပေမယ့် နောက်ပိုင်းမှာ သူက နည်းနည်း ဝင်စားတတ်လာတော့ တပ်ကြပ်ဖိုးစည်၊ တာတီးစသဖြင့် နည်းနည်း ကွဲလာတယ်။ ဒါပေမယ့် ကျော်ဟိန်း ပျောက်သွားတဲ့အထိတော့ ဖြစ်မသွားခဲ့ဘူး။

ဇာတ်ရုပ်အတိုင်း တကယ် ဝင်စားနိုင်တဲ့အခါကျတော့ ပရိသတ်က မင်းသား၊ မင်းသမီးဆိုတာကို မေ့သွားတယ်။ အဲဒီ့ ဇာတ်ရုပ် လုံးလုံးဖြစ်သွားတယ်။ အခုနောက်ပိုင်းမှာ Leonardo DiCarprio နဲ့ Kate Winslet တို့ဟာ အဲလို အတော် ဝင်စားနိုင်ပါတယ်။ အကြီးတန်းထဲက ပြောရင် Marlon Brando, Robert DeNiro, Meryl Streep, Dustin Hoffmann တို့ကို အလွယ်ဆုံး နမူနာ ပြနိုင်မယ်ထင်ပါတယ်။

နမူနာတွေ

အစွန်းအရောက်ဆုံး နမူနာကတော့ Gandhi (1982) ဇာတ်ကားမှာ ဂန္ဓီအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Ben Kingsley ပါပဲ။ သူဟာ အဲဒီ့ကားရိုက်ဖို့အတွက် တကယ့်ကို ဂန္ဓီနေသလိုနေ၊ ဝတ်သလိုဝတ်၊ စားသလို စားပြီး ကိုယ်အလေးချိန်ကိုပါ တကယ့်ဂန္ဓီတုန်းကလို အရိုးပေါ် အရေတင်တဲ့အထိ နေကာ သရုပ်ဆောင်ခဲ့ပါတယ်။

550full-gandhi-screenshot

နောက်တယောက်က လူမည်း သရုပ်ဆောင် Forest Whitaker ပါ။ The Last King of Scotland (၂၀၀၆) မှာ အာဏာရှင် အီဒီအာမင်အဖြစ် သရုပ်ဆောင်ပြီး အော်စကာဆု ရခဲ့သလို ၂၀၁၃ ခုနှစ်က ထွက်တဲ့ Butler ဇာတ်ကားမှာလည်း ပြောင်မြောက်စွာ သရုပ်ဆောင်သွားခဲ့ပါတယ်။ သူ့ရဲ့ နည်းကျ သရုပ်ဆောင်ပုံကို အဲဒီ့ နှစ်ကား ယှဉ်ကြည့်လိုက်တာနဲ့ တန်းခနဲ တွေ့နိုင်မလားပဲ။

Robert DeNiro လည်း Raging Bull ဇာတ်ကားမှာ လက်ဝှေ့သမားအဖြစ် သရုပ်ဆောင်ဖို့ သူ့ကိုယ်အလေးချိန်ကို ပေါင် ၆၀ အထိ တက်အောင် နေထိုင် ပြင်ဆင်ခဲ့ဖူးပါတယ်။

Kate Winslet ရဲ့ နည်းကျ သရုပ်ဆောင်ချက်ကလည်း ကမ္ဘာကျော်ပါတယ်။ The Reader (2008) မှာ မင်းသမီးဟာ ဂျာမန် နာဇီ အကျဉ်းစခန်းအစောင့်အဖြစ် သရုပ်ဆောင်ရပါတယ်။ နည်းကျသရုပ်ဆောင်တာများ ဗြိတိသျှမင်းသမီးဟာ ဂျာမန်သံတဝဲဝဲက အကျင့်အပါလွန်ကုန်ပြီး ရိုက်ကွင်းအပြင်သာမက ရိုက်ကူးရေး ပြီးလို့ သူ့အိမ်သူ ပြန်တဲ့အထိတောင် အဲဒီ့ ဂျာမန်သံစွဲနေတာမို့ မနည်း ပြန်ဖျောက်ယူခဲ့ရဖူးပါတယ်။ အဲဒီ့ဇာတ်ရုပ်ကို သူ့ကိုယ်ထဲက ပြန်ထုတ်ဖို့ လနဲ့ချီပြီး ကြိုးစားယူခဲ့ရတယ်လို့ Kate ကိုယ်တိုင်က ပြောဖူးပါတယ်။

စကားသံဝဲတာလည်း ပါတယ်နော်

သူ့နည်းတူ အံ့အားသင့်စရာကောင်းအောင် ဒေသသံဝဲ ပေါင်းစုံနဲ့ သရုပ်ဆောင်နိုင်တဲ့ အမေရိကန် မင်းသမီးက Renée Zellweger ပါပဲ။ အမေရိကန် တောသူသံဆိုလည်း ကော့နေတာပဲ၊ ဗြိတိသျှသံလည်း သူ ရအောင် ပြောပြီး သရုပ်ဆောင်နိုင်ပါတယ်။ ဆေးစက်ကျရာ အရုပ်ထင်တယ်ဆိုတဲ့ ဗမာစကား ရှိပါတယ်။ သရုပ်ဆောင်ဟာ သူကျတဲ့ သရုပ်ဆောင် ပြောမယ့် လေသံ၊ စကားဝဲပုံကအစ တူနေအောင် လုပ်နိုင်မှ တကယ့် သရုပ်ဆောင်ပါ။ တလုံးက ကက်ဆက်ဖွက်ဖို့ တလုံးက မီးထွင်းဖို့ဆိုရင် အဲဒါဟာ ဇာတ်ဆောင်သာဖြစ်ပါတယ်။ ဇာတ်သရုပ်ကိုမှ မဝင်စားနိုင်တာကိုး။

နည်းကျသရုပ်ဆောင်ခြင်းနဲ့ပတ်သက်လို့ အမြည်းသဘောလေး တင်ပြဆွေးနွေးတာပါ။ ပြောတော့ လွယ်လွယ်လေး ထင်ရပါတယ်။ တကယ့်ကို ဂရုတစိုက် အချိန်ယူ ပြင်ဆင်ကြရတဲ့ သဘောပါပဲ။ နှုတ်ခမ်းမွှေးနဲ့ သရုပ်ဆောင်မယ်ဆိုရင် တကယ်ကို နှုတ်ခမ်းမွှေးထားမှ ဇာတ်ရုပ်ပီမှာပါ။ မိတ်ကပ်နဲ့ နှုတ်ခမ်းမွှေး လုပ်မယ်ဆိုရင် တူသလိုလိုနဲ့ လွဲနေမှာမျိုးပေါ့။

မှတ်မိပါသေးတော့တယ်။ အကို မောင်ဝဏ္ဏရဲ့ နောက်ဆုံးကားတုန်းကပါ။ အောင်မြင်နေတဲ့ တိုင်းရင်းသူ မင်းသမီးလေးကို ငှားပြီး ဘာလုပ်ခိုင်းတယ် မှတ်တုံး။ မြန်မာစာ သင်ပုန်းကြီးက အ၊ အာ၊ အား၊ အိ၊ အီ၊ အီးဆိုတဲ့ သရသံတွေကို အလွတ်ကျက် ဆိုခိုင်းခဲ့ဖူးပါတယ်။ မင်းသမီးရဲ့ အသံထွက်ကို သူစိတ်တိုင်းကျတော့မှ ကားစရိုက်တာပါ။ အဲဒီ့ကားက မအောင်မြင်လိုက်ပါဘူး။ သို့ပေမယ့် ပြောချင်တာကို သဘောပေါက်ကြမယ် ထင်ပါတယ်။

ဆရာလိုတယ်

နောက်တချက်က ဆရာပြမှ နည်းကျမှာပါ။ သည်လိုပဲ လုပ်နေကြတာပဲဆိုပြီး သည်လိုပဲ လွှတ်ထားရင်လည်း သည်လိုပဲထဲက ထွက်မှာ မဟုတ်ပါဘူး။

ဗမာစကားလည်း ရှိသမို့လား… ငါးပိဖုတ်တာတောင်မှ ဆရာနဲ့ မဟုတ်ရင် ကောင်းကောင်း မနပ်ဘူးခင်ဗျ။

အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(ရန်ကုန် – ၁၈၀၃၁၈)

 
Advertisements
No comments yet

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: