Skip to content

ရုပ်ရှင်နဲ့ နည်းပညာ

23 March 2018

ကမ္ဘာ့ရုပ်ရှင်ဈေးကွက်၊ ဓနအင်အားနဲ့ နည်းပညာတို့ အဆက်အစပ်

(လွန်ခဲ့တဲ့ ၁၁ နှစ်၊ ၂၀၀၇ ခုနှစ်က ရေးခဲ့တာ)

၁။

ကိုရီးယား-မြန်မာရုပ်ရှင်နှီးနှောဖလှယ်ပွဲကို ရန်ကုန်မြို့မှာ မေလ ၁၁ရက်နေ့က ကျင်းပခဲ့ပါတယ်။ အခမ်းအနားမစခင် လေးနာရီလောက်အလိုမှ ရုပ်ရှင်အစည်းအရုံးရဲ့ တွဲဖက်အတွင်းရေးမှူး ဒေါ်ဆွေဇင်ထိုက်က ကျွန်တော့်ကို ဖုန်းနဲ့ လှမ်းဖိတ်တယ်။ မပျက်မကွက် ဆက်ဆက်တက်ပေးပါလို့လည်း ပြောပါတယ်။ ဒေါ်ဆွေဇင်ထိုက်နဲ့စသိတာ ၁၉၈၇ ခုနှစ်လောက်ကတည်းကပါ။ အဲဒီ့နောက် (လူရွှင်တော်မင်းသားမဟုတ်တဲ့) သွားလေသူ သူ့ခင်ပွန်းနဲ့ ကျွန်တော်နဲ့က တစ်ရုံးတည်းမှာ အလုပ်လုပ်ကြတာမို့ ဒေါ်ဆွေဇင်ထိုက်နဲ့က ပိုပြီး ရင်းနှီး ခင်မင်ခဲ့ပါတယ်။ သူက မပျက်မကွက် ဆက်ဆက် တက်ပေးပါလို့ ပြောတော့လည်း ကျွန်တော် တစ်ယောက် အူကြောင်ကြောင်နဲ့ အဲဒီ့ပွဲထဲ ရောက်သွားခဲ့တယ်လို့ပဲ တိုတိုပြောကြပါစို့ရဲ့။

၂။

သည်ပွဲနဲ့ပတ်သက်လို့ သက်ဆိုင်ရာ စာစောင်တွေက အကျယ်တဝင့်ရေးသားကြမှာမို့ အဲဒီ့ပွဲအကြောင်းကို မပြောလိုတော့ပါဘူး။ အဲဒီ့ပွဲမှာ ကျွန်တော်တစ်ယောက် မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့ရပုံလေးကို ပြောပြရင်းနဲ့ ကမ္ဘာ့ရုပ်ရှင်နဲ့ မြန်မာ့ရုပ်ရှင်ကို ကျွန်တော် မြင်သလို တင်ပြကြည့်ချင်တာပဲဖြစ်ပါတယ်။

သည်လိုပါ။ အဲဒီ့ကိုရီးယား-မြန်မာရုပ်ရှင်နှီးနှောဖလှယ်ပွဲမှာ ကိုရီးယားတို့ဘက်က ပါရှိလာကြသူ သုံးဦးအနက် တစ်ဦးက ရုပ်ရှင်ဝေဖန်ရေးဆရာ ဖြစ်နေတယ်။ သူပြောမယ့် ခေါင်းစဉ်က “ကမ္ဘာ့ရုပ်ရှင်၏ ပြောင်းလဲလာသော ရိုက်ကူးမှုပုံစံ”တဲ့။

ဟား… ခေါင်းစဉ်နဲ့တင် အတော် စိတ်ဝင်စားစရာကောင်းနေပြီ။ မြန်မာရုပ်ရှင် လောကသားများအတွက် အင်မတိအင်မတန် အကျိုးရှိလေမယ့် အကြောင်းအရာပေပဲပေါ့။ အဲလို ကျွန်တော်တွေးပါတယ်။ အဲဒါက မှန်းချက်ပါ။

အဲ… နှမ်းထွက်က တကယ့် အလွဲခင်ဗျ။

သူပြောသွားတာက နည်းပညာ အပြောင်းအလဲကို ဇောင်းပေးပြီး ပြောသွားတာ။ ဖလင်ကော်ပြားမှသည် ဒစ်ဂျစ်ထယ်(လ်)လို့ ခေါ်တဲ့ ဒွိကိန်းနည်းပညာနဲ့ ရိုက်ကူးတင်ဆက်နေပြီ ဖြစ်ကြောင်းကို အာပေါင် အာရင်းသန်သန်နဲ့ ပြောချသွားတာပါ။

ဘာသွားသတိရသလဲဆိုတော့ လွန်ခဲ့တဲ့ ၁၅နှစ်ကျော်၊ နှစ်၂၀ နီးပါးလောက်က အဲဒီ့အချိန်က မြန်မာပြည်မှာ လျှမ်းလျှမ်းတောက်နေတဲ့ ခေတ်ပေါ်တေး အဆိုကျော် တစ်ယောက်ရဲ့ စကားပဲ။ မဂ္ဂဇင်းတစ်စောင်မှာလား၊ ဂျာနယ်တစ်စောင်မှာလား မသိဘူး၊ အဲဒီ့ ပုဂ္ဂိုလ်ကျော်က ပြောတာ။  မြန်မာသီချင်းတွေ နိုင်ငံတကာ ဈေးကွက် ဝင်ဖို့အတွက် တိတ်ခွေနဲ့ သွင်းနေရုံနဲ့ မလုံလောက်ဘူးတဲ့။ စီဒီနဲ့ ထုတ်လုပ်မှဖြစ်မှာမို့ စီဒီထုတ်ဖို့ သူ ကြိုးစားနေပါသတဲ့။ (အဲဒီ့အချိန်က မြန်မာပြည်မှာ ဗီစီဒီဝေးစွ၊ စီဒီတောင် မပေါ်သေးပါဘူး။ စီဒီဆိုရင် နိုင်ငံခြား သီချင်းအချပ်တွေပဲ ကြိုးကြား ဝယ်ယူ နားဆင်ရတဲ့အနေအထားပါ။)

ကျွန်တော့်မှာ သူ့အပြောကိုဖတ်ပြီး ရယ်လိုက်ရတာ မျက်ရည်တောင် ထွက်တယ်။ အခုလည်း ကိုရီးယား ရုပ်ရှင်ဝေဖန်ရေးဆရာက “ကမ္ဘာ့ရုပ်ရှင်၏ ပြောင်းလဲလာသော ရိုက်ကူးမှုပုံစံ”ဆိုတဲ့ခေါင်းစဉ်ကြီးနဲ့ တွယ်ထည့်လိုက်ရာမှာ နည်းပညာပိုင်းကို ပြောတာ ဖြစ်သွားတော့ တကယ့်ကို အံ့ဩကုန်နိုင်ဖွယ်ဖြစ်နေပါတယ်။ ရုပ်ရှင်ထဲက စက်မှု လုပ်သားတစ်ယောက်၊ ဒါမှမဟုတ် ကင်မရာမင်းတစ်ယောက်က အဲဒီ့အကြောင်းကို ပြောတယ်ဆို နည်းနည်း နာပျော်မယ်ထင်တယ်။ ရုပ်ရှင်ဝေဖန်ရေးဆရာလို့လည်း ဆိုထားသေးရဲ့၊ အဲဒါမျိုးကို ပြောချလာတော့ ကျွန်တော့်မှာ ငိုရအခက်၊ ရယ်ရအခက်။

ဖြစ်ချင်တော့ ပွဲက ရှည်လျားနေတယ်။ အဲတော့ အမေး-အဖြေကဏ္ဍကို ခြုံ့လိုက်ကြတယ်။ ပရိသတ်ဘက်က ထမေးကြတာတွေကို အခမ်းအနားမှူး ဒေါ်ဆွေဇင်ထိုက်က အချိန်ကို ငဲ့ပြီး ကန့်သတ်လိုက်ရတယ်။ အဲတော့ အဲဒီ့လူကို ရုပ်ရှင်ဝေဖန်တယ်ဆိုတာ နည်းပညာကိုပဲ ဝေဖန်တာလား၊ တခြား ဘာတွေ ဝေဖန်ပါသေးလဲလို့ဆိုတဲ့ ကျွန်တော့်လည်ချောင်းဝက မေးခွန်းကို အသာ ပြန်မျိုချလိုက်ရပါတော့တယ်။

အမယ်… သည်ဘက်က တစ်ယောက်မေးတဲ့အထဲက ရယ်စရာလေး တစ်ကွက်ကို ပြောပြပါရစေဦးခင်ဗျ။ သူ့မေးခွန်းက အဲဒီ့ဝေဖန်ရေးဆရာ ပြောသွားတဲ့ အကြောင်းအရာနဲ့က တကယ့်ကို ဟပ်ပြီး အဆက်အစပ်ရှိပါတယ်။ သည်ဒွိကိန်းနည်းပညာကြောင့် ဖလင်ကော်ပြား ပျောက်ဆုံးသွားတော့မှာလားလို့ မေးချလိုက်တာပါ။

ကျွန်တော် မနေနိုင်ဘူး။ ဘေးနားမှာ ထိုင်နေတဲ့ ဆယ်တန်းတုန်းက ကျွန်တော့် မြန်မာစာဆရာတစ်ဦးဖြစ်ခဲ့ဖူးလေသူ ထပ်ဆင့်အကယ်ဒမီ ဆရာ ငြိမ်းမင်းကို ပြောမိသွားရတယ်။ “သူ မေးတဲ့သူ မှားနေတယ်။ အမှန်က အဲဒီ့မေးခွန်းကို ဆရာစံဇာဏီဘိုကိုသာ သွားမေးရမှာ”လို့ ပြောလိုက်မိသွားရတယ်။

ဟုတ်ပဗျာ။ အနာဂတ်ဆိုတာ ဘယ်သူမှ ကံသေကမ္မပြောနိုင်တာ မဟုတ်ဘူး။ ဖလင်ကော်ပြားမပျောက်ခင် ဥက္ကာပျံကြီးတစ်ခုခုနဲ့ တိုက်မိလို့ပဲဖြစ်ဖြစ်၊ ရာသီဥတု ဖောက်ပြန်မှုကြောင့် ရေတွေ လွှမ်းလို့ပဲဖြစ်ဖြစ်၊ အပြိုင်အဆိုင် စစ်မက်တွေဖြစ်ပွား ရာကဖြစ်ဖြစ် လူသား မျိုးနွယ်စုကြီး တစ်ခုလုံးတောင် ပျောက်ချင်ပျောက်သွားနိုင်သေးတာပ။ 

ပြောရတာတော့ သိပ်မကောင်းဘူးဗျ။ အဲဒီ့ပွဲတစ်ပွဲလုံးမှာ ကိုရီးယားတွေဘက်က ပြောသွားတာက ရင်းနှီးမြှုပ်နှံမှုဆိုတဲ့ ပိုက်ဆံစကားရယ်၊ နည်းပညာစကားရယ်ပဲ အဆမတန် များလွန်းနေတယ်လို့ သုံးသပ်မိတယ်။

မြန်မာတွေဘက်က ပြောရာမှာ ဒေါ်ဆွေဇင်ထိုက်က မြန်မာ့ ရုပ်ရှင်သမိုင်းကို အတိုချုပ် မိတ်ဆက်ပြောပြသွားတယ်။ မင်းသားလွင်မိုးက ပြောတာလည်း နည်းပညာပဲ။ မင်းသားလူမင်းက ပြောတာကကျတော့ ကျွန်တော်တို့ဆီမှာ ရုပ်ရှင်တက္ကသိုလ်တွေ မရှိခဲ့တဲ့အတွက် အတတ်ပညာပိုင်းမှာ အားနည်းတဲ့အကြောင်း။ ဆိုတော့ အဲဒီ့တစ်ပွဲလုံးမှာ ဝေစည်နေတဲ့ အသံက နည်းပညာနဲ့ပိုက်ဆံပဲ ဖြစ်နေပါတယ်။

၃။

ဘဝင်က မကျမိဘူး။ ဘာနဲ့ သွားတူသလဲဆိုတော့ ကျွန်တော်တို့က ၁၉၆၀  ပြည့်လွန်နှစ်များဆီက ပေါ်ခဲ့တဲ့ ဖှို့(စ်)ဗှာဂန် လိပ်ခုံးကားလေးနဲ့ပေါ့။ သူများ နိုင်ငံတွေမှာက ကွန်ပျူတာစနစ်တွေ နေရာတိုင်းမှာ တပ်ဆင်ထားတဲ့ ၂၀ဝ၇ ခုနှစ်ပုံစံ မာစီးဒီး ကားကြီးနဲ့ပေါ့။ ဒါပေမယ့် သွားတာကတော့ သည်ခရီး၊ သည်ခရီး၊ သည်လမ်း၊ သည်လမ်းပဲ။ သူ့ကားက ပိုမြန်ချင်မြန်မယ်၊ လမ်းမှာ ဒုက္ခပေးတာ ရှိချင်မှ ရှိမယ်။ သူ့ကားထဲက လေအေးစက်ကလည်း စိမ့်နေအောင် အေးတာမို့ ယာဉ်မောင်းရော ခရီးသည်ပါ အေးအေးလူလူ သက်သောင့်သက်သာ သွားနိုင်ကောင်း သွားနိုင်ကြလိမ့်မယ်။ ကိုယ့်လိပ်ခုံးကားလေးက သူ့ကားလောက်တော့ မပြေးဘူး။ လမ်းမှာ ဗွေဖောက် တာလေးတွေလည်း ရှိမယ်။ လေအေးစက်လည်း မပါတော့ မောင်းသူရော ခရီးသည်ပါ ချွေးတလုံးလုံးနဲ့ ဖြစ်ကောင်းဖြစ်နေမယ်။ သို့ပေမယ့် တကယ်အရေးကြီးတာက ယာဉ်မောင်းပဲ။

ယာဉ်မောင်းက ကား ဗွေဖောက်တဲ့အခါလည်း ပြုပြင်တတ်မယ်၊ ကိုယ့်ကားအင်ဂျင်၊ ကိုယ့်ကားရဲ့ တခြားစက်ပစ္စည်း အစိတ်အပိုင်းများနဲ့ လိုက်ဖက်တဲ့ အမြန်နှုန်းအတိုင်း မှန်မှန် မောင်းတတ်မယ်၊ လမ်းမှာ ဆုံရတဲ့ ခလုတ်ကန်သင်း၊ ချိုင့်ကျင်းတွေကိုလည်း လိမ္မာပါးနပ်စွာ ကျော်လွှားတတ်မယ်၊ ချွေးတလုံးလုံးဖြစ်နေတဲ့ ခရီးသည်တွေကိုလည်း စိတ်ဝင်စားစရာ အကြောင်းအရာလေးတွေ၊ ရယ်စရာ မောစရာလေးတွေ တရစပ်ပြောသွားရင်း ရာသီဥတု အပူဒဏ်ကို မေ့လျော့နေအောင် ဖန်တီးတတ်မယ်ဆိုလည်း မဖြစ်ပေဘူးလား။

နောက်ဆုံး သွားရမယ့် ခရီးပန်းတိုင်က အတူတူပဲ။ မာစီးဒီးလည်း သည်လမ်းက သွားပြီး သည်လမ်းဆုံး ရောက်မှာပဲ။ လိပ်ခုံးလည်း သည်လမ်းက သွားပြီး သည်လမ်းဆုံးရောက်မှာပဲ။ အဲဒါ ဟိုက မာစီးဒီးမို့လို့၊ ကျုပ်တို့ကတော့ လွန်ခဲ့တဲ့ နှစ် ၄၀ က ထုတ်ခဲ့တဲ့ လိပ်ခုံးကားလေးနဲ့မို့လို့လို့ လျှောက်ပြောနေတာကြီးက သဘာဝမကျလှဘူး ထင်တယ်။ မြန်မာစကားလည်း အရှိသားပါ။ ဘာတဲ့… “ရှိတာလေးနဲ့ လှအောင် ဝတ်၊” “ရတာလေးနဲ့ ဝအောင် စား”တဲ့။ 

၎။

ရုပ်ရှင်တစ်ကား ကြည့်ဖူးတယ်။ ဟောလီးဝု(ထ်)က ထုတ်တာပဲ။ အတိအကျတော့ မမှတ်မိဘူး။ အဲဒီ့ရုပ်ရှင်ထုတ်လုပ်စရိတ်က ဒေါ်လာတစ်သောင်း မကျော်ဘူး မှတ်တယ်။ လင်လုပ်သူက ဒါရိုက်တာ၊ ဇာတ်လမ်း ဇာတ်ညွှန်းနဲ့ ကင်မရာမင်း လုပ်တယ်။ မယားလုပ်သူက ထုတ်လုပ်သူ (ငွေရှင်မဟုတ်ပါ။ သူတို့ဆီက ထုတ်လုပ်သူ ဆိုတာဟာ ကျွန်တော်တို့ဆီက ဒါရိုက်တာတွေ လုပ်နေရရှာလေတဲ့ အလုပ် အတော်များများရဲ့ အလုပ်ကို တာဝန်ယူ ဆောင်ရွက်ပေးရတဲ့သူ။ ဒါရိုက်တာက သရုပ်ဆောင်နဲ့ ရိုက်ကူးမှုအပိုင်းကိုပဲ အာရုံ အပြည့်စိုက်နိုင်သွားတယ်)၊ ရိုက်ကွင်း မန်နေဂျာ၊ အကူကင်မရာမင်းနဲ့ တခြား လက်တို လက်တောင်း အကုန်လုပ်တယ်။

အဲဒီ့လင်မယားနှစ်ယောက်တည်းနဲ့ ကားရိုက်ခဲ့တာခင်ဗျ။ သရုပ်ဆောင်တွေက အသစ်၊ နှစ်ယောက်တည်း။ ကျန်တဲ့ဇာတ်ရံတွေက တွေ့ကရာလူ ခေါ်ရိုက်သွားတာ။ ထုတ်လုပ်မှုအတွက် ရိုက်ကွင်းစရိတ်က တစ်နေ့ကို ဒေါ်လာ နှစ်ရာ မကျော်ဘူး။ ရဟတ်ယာဉ်တွေ၊ ဘာတွေ ငှားပြီး ရိုက်ရတဲ့ ရက်တစ်ရက်ပဲ ဒေါ်လာ သုံး-လေးထောင် ကုန်သွားတယ်။ (အတိအကျ မမှတ်မိတော့ပါ၊ ဒါပေမယ့် အဲဒီ့ကား ဒီဗီဒီရဲ့ အပိုဆောင်းပေးထားတဲ့ အပိုင်းတိုလေးတွေမှာ အဲဒီ့ကား ရိုက်ကူးရေးစရိတ် စာရင်းကိုပါ ပြပေးထားတာတော့ မှတ်မိနေပါတယ်။)

ကားကို တည်းဖြတ်တော့ အိမ်က ရှိတဲ့စက်နဲ့ ဖြစ်သလို တည်းဖြတ်လိုက်တယ်။ အဲသလို ရိုက်လိုက်တဲ့ကားကို ဟောလီးဝု(ထ်)ကုမ္ပဏီကြီးတစ်ခုက ဒေါ်လာ သန်းချီပြီး ပေးဝယ်ခဲ့တယ်ခင်ဗျ။ ရုပ်ရှင်ကားနာမည်က Open Water ပါ။  အဲဒါဟာ ကျွန်တော်ပြောနေတဲ့ ဖှို့(စ်)ဗှာဂန် လိပ်ခုံးနဲ့ မာစီဒီးတို့ သွားကြတဲ့ ခရီးချင်းအတူတူဆိုတဲ့ ဥပမာကို ထင်ရှားစေပါတယ်။ အဲဒီ့ လင်မယား ရိုက်ကူး ထုတ်လုပ်လိုက်တဲ့ကားကို တင်စားမယ်ဆိုရင် ဖှို့(စ်) ဗှာဂန်လို့တောင် မဆိုနိုင်တော့ဘူး။ ဆိုက်ကား၊ ဒါမှမဟုတ် လန်ချားနဲ့ တင်စားမှပဲ ဖြစ်လိမ့်မယ် ထင်တယ်။ ဟုတ်သလေ။ ဒေါ်လာတစ်သောင်း မကျော်တဲ့ ကုန်ကျစရိတ်နဲ့ ဟောလီးဝု(ထ်)ဈေးကွက်ဝင် ကားတစ်ကား ဖြစ်သွားတဲ့အပြင် အဲဒီ့ကား ပေါက်သွားတဲ့အတွက် အခုအခါမှာ သည်နာမည်နဲ့ပဲ ဒုတိယတစ်ကား (Open Water 2)တောင် ဆက်ထွက်လာပါပြီ။

ကိုင်း… ပြောမယ်ဆိုရင်တော့ ဥပမာတွေက အများကြီးပါ။ နာမည်ကျော် ဇာတ်လိုက် မင်းသား အန်ထိုနီယို ဘယ်(န်)ဒီ့ရာ့(စ်)နဲ့ မင်းသမီးချော ဆယ်လမာ ဟေယက်(ခ်)တို့နဲ့ ရိုက်ကူးတင်ဆက်လိုက်တဲ့ “မက္ကဆီကိုက တစ်ရံတစ်ခါ” (Once Upon A Time in Mexico)ဆိုတဲ့ ကားကို ရိုက်တဲ့  ဒါရိုက်တာဆိုလည်း လက်တင်အမေရိကနိုင်ငံက မထင်မရှား ဒါရိုက်တာလေးပါ။ သူ့ရဲ့ “ဂီတာဆရာ” (El Mariachi)ဆိုတဲ့ ကားကို သူ့တိုင်းပြည်မှာတင် သူ့ မင်းသားနဲ့ သူရိုက်ခဲ့တယ်။ အင်္ဂလိပ် စကားပြောနဲ့ အသံ သွင်းခဲ့တယ်။

ဒါပေမယ့် သူ့ရဲ့ ရိုက်ကူးတင်ပြပုံနဲ့ ဇာတ်လမ်းဇာတ်ကွက် ကောင်းတာ ကြောင့် အတတ်ပညာပိုင်းနဲ့ နည်းပညာပိုင်းမှာ သူနဲ့ခေတ်ပြိုင် ဟောလီးဝု(ထ်)ကားတွေ ကို မယှဉ်နိုင်ပေမယ့် သူ့ကားက ဝက်ဝက်ကွဲ အောင်မြင်ပြီး အဲဒီ့ဇာတ်လမ်းကိုပဲ အခြေခံတဲ့ ဇာတ်လမ်းအဆက်(sequel)တွေ ရိုက်ရင်း အခုဆို ဟောလီး ဝု(ထ်)မှာ နေရာတစ်နေရာ ရနေပါပြီ။

ရှိသေးတယ်။ ဟောင်ကောင်က ဂျွန်ဝူးတို့၊ တရုတ်ပြည်မကြီးက ချန်ခေ ဂျီးတို့၊ ကျန်ယိမူတို့ရော နည်းပညာတွေ၊ အတတ်ပညာတွေကို လက်ညိုးထိုးပြ နေခဲ့ကြလို့လား။ ယနေ့ ဟောလီးဝု(ထ်)ကို ထိုးဖောက်နိုင်ခဲ့တဲ့ ထိပ်ထိပ်ကျဲ ဒါရိုက်တာများ ဖြစ်လာအောင် သူတို့ရဲ့ အရည်အချင်းနဲ့ လုပ်ပြခဲ့ကြတာပါ။ အဲဒီ့ထက် စောတဲ့ခေတ်။ ဂျပန်ဒါရိုက်တာကြီးတွေဖြစ်တဲ့ မီဇိုဂူချီ ခင်ဂျီတို့၊ အိုဇူယာဆူဂျီရိုတို့၊ အာခီရာ ခူရိုဆာဝါတို့ဆိုရင်ရော။ သူတို့ခေတ်တုန်းက ဂျပန်နိုင်ငံက အခုလို မတိုးတက်သေးဘူး။ စစ်ပြီးစ စစ်ရှုံးနိုင်ငံ ပြာပုံဘဝမှာ ရုပ်ရှင်ရိုက်ခဲ့ရတဲ့ သူတွေ။ နည်းပညာပိုင်းမှာ အနောက်ကမ္ဘာကို မယှဉ်သာတဲ့ အချိန်မှာ ပေါ်ပေါက်ခဲ့ရ သူတွေ။ သို့ပေမယ့် ကနေ့အခါမှာ သူတို့ရိုက်ပုံရိုက်နည်းတွေကို ရုပ်ရှင်သင်ရိုး ညွှန်းတမ်းတွေမှာ တခုတ်တရ ထည့်လာကြရပြီ။ ရုပ်ရှင်ဆရာတွေ နည်းယူနေကြရပြီ။

သူတို့ထက် ဆက်စောချင်သေးလား။ ကွယ်လွန်သူမင်းသား(ဦး) မြတ်လေး အပါအဝင် အဲဒီ့ခေတ် ရုပ်ရှင်သမားအတော်များများက ဂုရုကြီးတွေလို မှီငြမ်း ကိုးကား ခဲ့ကြရတဲ့ ဆိုဗီယက်ရုပ်ရှင်ဆရာ ဆာဂေ အိုက်ဆင် စထိုင်း (Sergey Einsenstein) တို့၊ ဇီဂါဗှားတော့(ဖ်) (Dziga Vertov) တို့ ဆိုရင်လည်း ဆိုဗီယက်တော်လှန်ရေးကာလ (ဝါ) ခေတ်ပျက်မှာ ပေါ်ပေါက်လာခဲ့ကြတဲ့ ရုပ်ရှင်ဆရာကြီးတွေပါပဲ။

၅။

ဘယ်ကိစ္စမှာပဲဖြစ်ဖြစ်၊ အခြေအနေတစ်ရပ်ရပ်တိုးတက်မှု၊ ဖြစ်ထွန်းမှု သိပ်မရှိတဲ့အခါ တစ်ခုခုကို ပုံချ၊ အပြစ်ဖို့ရတာ သိပ်လွယ်ပါတယ်။ အခက်ဆုံးကကျတော့ ကိုယ့်ကိုယ်ကိုယ် အရင်းအတိုင်း ပြန်သုံးသပ်ဖို့ပါပဲ။ ငွေကြေးအမြောက်အမြား ပုံအောရင်းနှီးပါမှ အလုပ်ဖြစ်မယ်၊ ကိုယ့်မှာ ဘာ အရင်းအနှီးမှ မရှိလို့ ဘာမှ မလုပ်ဘဲနေတဲ့သူတွေ ခဏခဏ ဆုံဖူးတယ်။ ဘာမှ မလုပ်ရင် ဘာမှ ဖြစ်မှာ မဟုတ်တာကိုလည်း စဉ်းစားသင့်လှပါတယ်။

သဘာဝတရားက ကျွန်တော်တို့ကို ပညာပေးထားပြီးသားပါ။ အပင်နဲ့ သတ္တဝါ အပါအဝင် သက်ရှိမှန်သမျှဟာ နုရာကနေ တဖြည်းဖြည်း ရင့်လာရတာချည်းပါ။ အစေ့လေးကမှ အညှောက်၊ အညှောက်ကလေးကမှ ပင်ပေါက်၊ ပင်ပေါက်က ပင်ပျို၊ ပင်ပျိုကမှ အရွက်အသီး ဝေဆာတဲ့ အပင်ကြီးဖြစ်လာကြရတာချည်းပါပဲ။ ခွတိုက်ပြောချင်လို့ အပင်ပေါက်ယူစိုက်တာလို့ ပြောဦးတောင် အဲဒီ့ အပင်ပေါက်က စကတည်းက အပင်ပေါက်ဖြစ်လာတာမဟုတ်ဘဲ အစေ့ အညှောက်က စခဲ့တာပါ။ လူမှာလည်း အတူတူပဲ၊ ကနေ့ တာဝေးအပြေး ချန်ပီယံတွေလည်း မွေးကတည်းက လမ်းထလျှောက်နိုင်ခဲ့ကြသူတွေမဟုတ်ပါဘူး။ ဝမ်းလျားထိုးခဲ့၊ လေးဘက်သွားခဲ့ ရသူချည်းပါပဲ။

၆။

မြန်မာ့ရုပ်ရှင်တွေ နိုင်ငံတကာဈေးကွက်ကို ထိုးဖောက်ရေးအတွက် စိတ်ကူးကြတာ သိပ်ကြိုဆိုစရာကောင်းတယ်။ အလားတူပဲ၊ အခုလို တခြားနိုင်ငံက ရုပ်ရှင်ဆရာတွေနဲ့ နှီးနှောဖလှယ်ပွဲတွေ လုပ်လာတာမျိုးဟာလည်း ကြိုဆိုစရာပါပဲ။ အခုဟာက ပထမဆုံး ပွဲဖြစ်နေတဲ့အတွက် နှစ်ဖက် အဟပ်ကွာနေတာပဲလို့ မှန်းဆကြည့်နိုင်ပါတယ်။

မြန်မာ့ရုပ်ရှင်တွေ နိုင်ငံတကာဈေးကွက်ကို ထိုးဖောက်ဖို့အရေးမှာ အတတ်ပညာတွေ၊ နည်းပညာတွေ၊ စက်ပစ္စည်းကိရိယာတွေက အခရာလား၊ လူက အခရာလား ဆိုတာကိုတော့ လေးလေးနက်နက်ကြီး စဉ်းစား ဆွေးနွေးကြဖို့ ကောင်းနေပါပြီ။ ဟိုမှာက လွန်ခဲ့တဲ့ဆယ်နှစ်၊ နှစ်နှစ်ဆယ်လောက်က အကြောင်းအရာတွေ (ဥပမာ – The Last King of Scotland ထဲမှာ အီဒီအာမင်ရဲ့ ဘဝဇာတ် ကြောင်း၊ Hotel Rwanda ထဲမှာ ရဝမ်ဒါနိုင်ငံက ယနေ့ထက်တိုင် သက်ရှိ ထင်ရှားရှိနေသူ ဟိုတယ် မန်နေဂျာအကြောင်း၊ Antoine Fischer ထဲမှာလည်း ယနေ့ထက်တိုင် သက်ရှိထင်ရှား ရှိနေတဲ့ အမေရိကန် ရေတပ်က စစ်သားလေး တစ်ယောက်အကြောင်း)များသာမက လက်ရှိဗြိတိန်ဘုရင်မကြီး အလစ် ဇဘက်(သ်)နဲ့ ဝန်ကြီးချုပ်တိုနီဘလဲကို အဓိက ဇာတ်ရုပ်ထားကာ ရိုက်ကူးတဲ့ The Queen ဟာ မနှစ်က အပေါက်ဆုံး ဇာတ်ကားဖြစ် သွားချိန်မှာ ကျွန်တော်တို့က လွန်ခဲ့တဲ့ နှစ်ပေါင်းရာချီနေတဲ့ ရာဇဝင်တွေထဲမှာပဲ တဝဲလည်လည် လုပ်နေကြရုံနဲ့ တိုးလို့ပေါက်နိုင်ပါ့မလားဆိုတာလေးလောက်တော့ စဉ်းစားသင့်တယ်ထင်တာပါပဲ။

၇။

တိုးတက်ချင်တယ်၊ အောင်မြင်ချင်တယ်ဆိုရင် တိုးတက်ချင်လိုက်တာ၊ အောင်မြင်ချင်လိုက်တာလို့ ပါးစပ်ကနေ ဆီမန်းမန်းသလို ရွတ်နေရုံနဲ့ မပြီးတာ အားလုံးအသိပါ။ တိုးတက်အောင်မြင်ချင်သူတိုင်း ပထမဆုံး လုပ်ရမယ့်အလုပ်က မိမိကိုယ်ကို မငဲ့မညှာဘဲ အရင်းအတိုင်း ပြန်လှန်သုံးသပ်ဖို့ပါပဲ။ ကိုယ့်အားနည်းချက်ကို သေချာမြင် ပြီး ပြုပြင်မွမ်းမံယူသူများသာ ဘယ်နယ်ပယ်မှာ မဆို အောင်မြင်ထွန်းပေါက်တာပါပဲ။

ကိုရီးယား ရုပ်ရှင်အဖွဲ့က နိဂုံးချုပ်မှာ မင်းသားလွင်မိုးကို ချီးကျူးသွားတယ်။ လွင်မိုးဟာ သင်ချင်တတ်ချင်စိတ် ပြင်းပြသူဖြစ်လို့ပဲလို့လည်း အကြောင်းပြသွားပါတယ်။ သူတို့က လွင်မိုးမှာ ဖွင့်ထားတဲ့စိတ်နှလုံး (open mind) ရှိတယ်လို့လည်း ပြောသွားတယ်။ မြန်မာ့ရုပ်ရှင်တိုးတက်ရေးအတွက် အဲဒီ့စိတ်လိုအပ်တယ်လို့လည်း ပြောသွားပါသေးတယ်။

မှန်ပါတယ်။ ဖွင့်ထားတဲ့စိတ်နှလုံးဆိုတာက ဘာကိုမဆို သင်ယူတတ်ပွန်ချင် စိတ်အပြည့်နဲ့ပါ။ ငါဘာမှ မသိသေးပါလား၊ ငါဘာမှ မတတ်သေးပါလားလို့ အခါ ခပ်သိမ်း ဆင်ခြင်မိနေသူများသာလျှင် ဖွင့်ထားတဲ့စိတ်နှလုံးရှိ သူတွေ ဖြစ်ပါတယ်။

၈။

မြန်မာ့ရုပ်ရှင်တိုးတက်ရေးအတွက် ရုပ်ရှင်လောကသားများ၊ ရုပ်ရှင်ချစ်သူများနဲ့တကွ နောင်လာလတံ့သော ရုပ်ရှင်ပညာသည်များ ဆင်ခြင်ကြည့်စရာ အချက်ပိစိကွေးလေး တစ်ခုကို တင်ပြဆွေးနွေးကြည့်လိုက်တာပါ။ စာဖတ်သူ လူကြီးမင်းများအားလုံးရဲ့ ကိုယ်ပိုင် ဆင်ခြင်ဉာဏ်ကို အသုံြးုပပြီး ကျွန်တော့် ဆွေးနွေးချက်ကို လက်ခံသင့်၊ လက်မခံသင့်၊ ပယ်ရှားသင့်၊ မပယ်ရှားသင့် ကြိုက်သလို ဆုံးဖြတ်တော်မူနိုင်ကြ ပါလိမ့်မယ်။ လက်ခံပါလို့ ဘယ်သူ့ကိုမှ ကျွန်တော်မပြောနဲ့ သိကြားမင်းကြီးကတောင် တိုက်တွန်းလို့ မရတာ ကျွန်တော် နားလည်ပါတယ်။ နည်းနည်းလောက် ခေါင်းထဲထည့် စဉ်းစားကြည့်ကြမယ်ဆိုရင်ပဲ သည်စာကို ရေးရကျိုးနပ်ပြီလို့ နှလုံးသွင်းနေမိကြောင်းပါ ခင်ဗျား။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

(၁၃၀၅၀၇)

ဘယ်ဂျာနယ်မှန်း မမှတ်မိတဲ့ ဂျာနယ်တစောင်မှာ ရေးခဲ့ပြီး အတ္တကျော်ရဲ့ တစ္ဆေကို ခဲနဲ့ပေါက်မယ့် ဧရာမ နှလုံးသားဆိုတဲ့ စာအုပ်ထဲမှာ ပါတဲ့ စာကို ပြန်လည်ဆန်းသစ်လိုက်တာပါ။

 

Advertisements
No comments yet

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

%d bloggers like this: