အစုတ်ထုပ်ရဲ့ ကြားဖြတ်အစီရင်ခံစာ (အပိုင်း ၂)

first public appearance88

အစ်မနဲ့ ကျနော်

အစ်မကို ပရိသတ်အနေနဲ့က ဆိုခဲ့တဲ့အတိုင်း ၁၉၈၈ ခုနှစ် ဒီရေမြင့်ချိန် ရွှေတိဂုံအနောက်မုခ် လူထုစည်းဝေးပွဲကတည်းက စတင် မြင်ဖူးခဲ့ပါတယ်။ နောက်ပိုင်း သတင်းစာရှင်းလင်းပွဲတွေမှာ ဆုံရင်း မျက်မှန်းတန်းမိလာပါတယ်။ ကျနော်လည်း မေးခွန်းတွေ မေးချင် ထမေးတတ်တာကိုး။

ပရိသတ်ဗိုလ်ပုံအလယ်မှာ မဟုတ်ဘဲ နှစ်ယောက်ချင်း သေချာ တွေ့တာကတော့ ၁၉၉၇ ခုနှစ်မှာပါ။ ကျနော်က အစ်မကို နှစ်ယောက်တည်းသာ တွေ့ပါရစေဆိုပြီး ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တဦးကတဆင့် ခွင့်တောင်းခဲ့ပါတယ်။ အစ်မကလည်း ခွင့်ပေးခဲ့ပါတယ်။

ကျနော်တွေ့ခွင့်တောင်းတာက အကြောင်း ရှိပါတယ်။ အတိအကျ ပြောရင် ၁၉၉၇ ခုနှစ် ဧပြီလ ၆ ရက် တနင်္ဂနွေနေ့ညမှာ အဲဒီ့အချိန်က နအဖ အတွင်းရေးမှူး (၂) ဒုတိယဗိုလ်ချုပ်ကြီး တင်ဦးရဲ့ အိမ်မှာ လက်ဆောင်ထုပ်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး သူ့သမီး အကြီးဆုံး ဒေါ်ချိုလဲ့ဦး ကွယ်လွန် တိမ်းပါးသွားခဲ့ပါတယ်။ သည်သတင်းကို ကြားကြားချင်းမှာ အစ်မကို ကျနော် တွေ့ချင်သွားရပါတယ်။ ဒါ့ကြောင့် ခွင့်တောင်းခဲ့တာပါ။

အဲဒီ့အချိန်က စစ်အစိုးရနဲ့ NLD ရဲ့ ဆက်ဆံရေးက အလွန်တင်းမာနေချိန်ပါ။ NLD ဘက်က အမျိုးသားပြန်လည် ရင်ကြားစေ့ရေးမူကို ကိုင်စွဲပြီး လက်ကမ်းနေပေမယ့် စစ်အစိုးရဘက်ကတော့ ခပ်တင်းတင်း ငြင်းပယ်နေချိန် ဖြစ်ပါတယ်။ သည်လိုအချိန်မှာ သည်အဖြစ်အပျက်ဟာ နိုင်ငံရေးအရ နှစ်ခါ ပြန်မရနိုင်တဲ့ အခွင့်ကောင်းပါပဲ။

အစ်မအနေနဲ့ ဗိုလ်ချုပ်တင်ဦးအိမ်ကို သွားသင့်တယ်၊ ဝင်ခွင့်ပြုခြင်း မပြုခြင်းက သူတို့ ပြဿနာ။ မပြုရင် ရေဒီယိုတွေကတဆင့် ကြေညာလို့ ရပါတယ်။ ကျမကတော့ မိဘချင်း ကိုယ်ချင်းစာစိတ်နဲ့ ဝမ်းနည်းစကား၊ အားပေးစကား ပြောဖို့ သူ့အိမ်သွားပါတယ်၊ သူတို့က တံခါးဖွင့်မပေးပါဘူး။ ဘာပဲဖြစ်ဖြစ် ကျမကတော့ တကယ် စိတ်မကောင်းဖြစ်မိပါတယ်။ ဘယ်သူကပဲ လုပ်လုပ်၊ သည်လုပ်ရပ်ဟာ အကြမ်းဖက်တဲ့ လုပ်ရပ်မို့လို့ ကျမ ဆန့်ကျင် ရှုံ့ချပါတယ်။ ကျန်ရစ်သူ မိသားစုနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းကြောင်းလည်း တပါတည်း ကြေညာလိုက်ပါတယ် စသဖြင့် ပြောလိုက်မယ်ဆိုရင် အစ်မ ဦးတည်နေတဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးမှာ တဆင့်တော့ တိုးသွားနိုင်မယ့် အခွင့်အရေးပဲလို့ ကျနော် မြင်မိရပါတယ်။ ဒါ့ကြောင့် အဲဒီ့စကားကို ပြောချင်လွန်းလို့ အစ်မနဲ့ တွေ့ခွင့်တောင်းခဲ့တာပါ။

အစ်မက လက်ခံတွေ့ခဲ့ပါတယ်။ ကျနော်လည်း အထက်က ပြောတဲ့အတိုင်း ကရားရေလွှတ် ပြောပါတော့တယ်။ အမက သေချာနားထောင်ပြီးတော့ ကျနော်ပြောတာ ကောင်းပါတယ်၊ သူစဉ်းစားမယ်လို့ ဆိုခဲ့ပါတယ်။

အမှတ်တရလေးတခု

၂၀၀၃ ခုနှစ် မတ်လ ကျနော် အဲဒီ့အလုပ်က မနားခင်အထိ အစ်မနဲ့ ကျနော်နဲ့က ခင်ခင်မင်မင် ရင်းရင်းနှီးနှီး ရှိခဲ့ပါတယ်။ ၂၀၁၁ နောက်ပိုင်းမှာ အစ်မနဲ့ ၃-၄ကြိမ် ပြန်ဆုံပါသေးတယ်။ သူ ကျနော့်ကို မှတ်မိပါတယ်။ လူပုံအလယ်က အမှတ်တရကတော့ ၂၀၁၅ ခုနှစ် မတ်လ ၁၀ ရက်နေ့ညနေမှာပဲဖြစ်ပါတယ်။ အမှတ်သညာ သိပ်မကောင်းလှတဲ့ ကျနော် နေ့စွဲနဲ့တကွ မှတ်မိနေတာက အဲဒီ့နေ့ဟာ လက်ပံတန်းမြို့မှာ ကျောင်းသားတွေကို အကြမ်းဖက် ဖြိုခွင်းတဲ့ နေ့ဖြစ်ခဲ့တာမို့ပါပဲ။

အဲဒီ့နေ့ ညနေခင်းမှာ ဘာသာပြန်ပေးဖို့ ဥရောပသမဂ္ဂက ကမကထပြုပေးထားတဲ့ အဖွဲ့အစည်းတခုက ကျနော့်ကို ငှားပါတယ်။ နေပြည်တော်က ဟိုတယ်တခုမှာ အဲဒီ့အဖွဲ့အစည်းက ထုတ်ဝေတဲ့ စာအုပ် မိတ်ဆက်ပွဲမယ် ဘာသာပြန်ပေးရမှာပါပဲ။ ပထမဆုံးက ဥရောပသမဂ္ဂ သံအမတ်ကြီးရဲ့ အဖွင့်အမှာစကားပေါ့။ ကျနော်လည်း ပြန်ဆိုပေးလိုက်ပါတယ်။ သံအမတ်ကြီးက ၃-၄ ၀ါကျလောက် အင်္ဂလိပ်လို ပြောလိုက်၊ ကျနော်က ပြောသလောက်ကို မြန်မာလို ပြန်ပြောပေးလိုက်ပေါ့။

နောက်တယောက်စင်ပေါ် တက်တာက အစ်မပါ။ ကျနော်က စင်မြင့်နဲ့ အနီးဆုံးနေရာမှာ ရှိနေတော့ အစ်မ အတက်မှာ လှမ်းပြောလိုက်ပါတယ်။ နှစ်ဝါကျဆို တခါနားပေးနော် အစ်မလို့။ သူက ချက်ချင်း ပြန်ပြောပါတယ်။ သုံးဝါကျမှ နားမယ်တဲ့။ ကျနော်လည်း ချက်ချင်းပဲ ပြန်ပြောလိုက်ပါတယ်။ ဒါဆို မပြန်ဘူးဗျာလို့။ အမှန်တော့ ကျနော်က အစ်မကို ကိုယ့်အစ်မတယောက်လိုပဲ ရင်းရင်းနှီးနှီးခင်ခင်မင်မင် ကျီစယ်လိုက်တာပါ။

အစ်မက ကျနော့်ကို ဘာမှပြန်မပြောတော့ဘဲ စင်ပေါ်တက်သွားပါတယ်။ စဖွင့်ဖွင့်ချင်းမှာ ခပ်ပြုံးပြုံးမျက်နှာထားနဲ့ စပြောလိုက်တာက ဘာသာပြန်က သူ့ကို နှစ်ဝါကျ တခါနားပါလို့ ပြောပါတယ်။ သူက သုံးဝါကျမှ နားမယ်ဆိုတော့ ဘာသာပြန်က ဒါဆို မပြန်ဘူးလို့ ပြန်ပြောပါတယ်။ အဲဒါကြောင့် သူမနားဘဲ တောက်လျှောက်ပဲ ပြောပါတော့မယ်တဲ့ဗျား။

တကယ်လည်း မနားတမ်း တောက်လျှောက်ပြောပါတော့တယ်။ အင်္ဂလိပ်လိုပါ။ ကျနော် ပြုံးနေပါတယ်။ အစ်မတော့ ငါ့ကို ပညာပေးပြီပေါ့။

သူပြောပြီးတော့ အခမ်းအနားကို အစားအသောက်ကျွေးမွေးရင်း ခဏနားပါတယ်။ အမှန်တော့ အစ်မ အမှာစကားပြောပြီး ပြန်ဖို့ တမင် ဟပေးလိုက်ကြတာဖြစ်ပါတယ်။ အစ်မက အေးအေးဆေးဆေးပဲ ပြန်ထွက်သွားပါတယ်။ အစ်မကို လိုက်ပို့ပေးပြီးတော့ သံအမတ်ကြီး မျက်စိပျက် မျက်နှာပျက်နဲ့ ကျနော့်ဆီ ရောက်လာပါတယ်။

အဲ့လိုတော့ လုပ်လို့ မဖြစ်ဘူးလေ။ မြန်မာ ပရိသတ်အတွက် သူပြောသွားတာ အကျဉ်းချုပ်လေးတော့ ပြန်ပြောပေးပါလို့ ပြောလာပါတယ်။ ကျနော် ရယ်မိတယ်။ အကျဉ်းချုပ်မဟုတ်ပါဘူး။ အစ်မ ပြောသွားတာ အကုန်လုံး ကျနော် မှတ်မိပါတယ်။ အစအဆုံး ပြန်ပြောပေးပါ့မယ်လို့ ပြောလိုက်ပါတယ်။ အခမ်းအနား ပြန်စတော့ အစ်မပြောခဲ့တာ ဘယ်ကဲ့သို့ ဘယ်ချမ်းသာဆိုပြီး ပရိသတ်ကို ဗမာလို ဝေဝေဆာဆာ ပြန်ပြောပေးခဲ့ပါတယ်။ ပွဲပြီးတော့ အဲဒီ့အဖွဲ့က မြန်မာဝန်ထမ်းလေးက ကျနော့်ကို လာပြောပါတယ်။ အန်ကယ်မို့လို့ဗျာတဲ့၊ အမေစု ပြောသွားတာ အကုန်လုံး အစအဆုံး ပြန်ပြောနိုင်တယ်၊ ကျနော်သာဆို ချွေးပျံနေတော့မှာ သေချာတယ်ခင်ဗျတဲ့။

ကျနော့ရဲ့ ရေတိုမှတ်ဉာဏ်က အတော်လေး ကောင်းပါတယ်။ ရေရှည်သာ မမှတ်မိတာပါ။ အလုပ်သဘာဝ ကြောင့်ပဲလား၊ ကျနော့်ရဲ့ ပင်ကိုဗီဇလားတော့ မသိဘူး။ ကျနော် အာရုံအပြည့်စိုက်နိုင်ပါတယ်။ အဲလို အာရုံစိုက်ထားတာမို့ ကိန်းဂဏန်းတွေ မပါတဲ့ စကားတွေဆို အကုန်လုံးနီးပါး မှတ်မိတတ်တယ်။ ဒါပေမယ့် ခဏပဲ။ ပြီးတာနဲ့ ခေါင်းထဲက အလိုလို ထုတ်ပြီးသားပါ။

ကွန်ပျူတာရဲ့ ယာယီမှတ်ဉာဏ် (RAM) နဲ့ ဆင်တယ်လို့ပဲ ပြောရမလား မသိဘူးခင်ဗျ။ ကွန်ပျူတာ ပိတ်လိုက်တဲ့အခါ အဲဒီ့ထဲက မှတ်ထားတာတွေ အားလုံး အရှင်းဖြစ်သွားသလိုမျိုးလေ။ ကွန်ပျူတာရဲ့ ဓာတ်ပြားမာ (Hard Disk) ကတော့ အားလုံးကို မှတ်ထားတတ်တယ်။ သုံးသူက ဖျက်တောင် အပျက်ပြပေမယ့် တကယ်တမ်းမှာ လွယ်လွယ်နဲ့ ပျက်မသွားတတ်ဘူး။ သို့သော် ကာလကြာလာတဲ့အခါ အဲဒီ့ ဓာတ်ပြားမာမှာ သုံးမရတဲ့ အကန့် (bad sector) တွေ ရှိလာတတ်ပါတယ်။ ရေတိုမှတ်ဉာဏ်ကောင်းသလောက် ကျနော့် ရေရှည်မှတ်ဉာဏ်မှာတော့ အဲသလို သုံးမရတဲ့ အကန့်တွေ အတော်များနေပုံပါပဲ။ အခု အသက်အရွယ် ရောက်တော့ ကိုယ်ပြောပြီးသား စကားတောင် ၃-၄ ရက်နေတော့ ပြောခဲ့ပြီးသားမှန်း မမှတ်မိဘဲ ထပ်ပြောမိတဲ့ အထိ အမေ့မေ့အလျော့လျော့ ဖြစ်နေတတ်ပါတယ်။

အစ်မနဲ့ကျတော့ ဆိုခဲ့တဲ့အတိုင်း ရွှေတိဂုံအနောက်မုခ်က အစ်မရဲ့ ပထမဆုံးအကြိမ် လူထုအစည်းအဝေးပွဲမှ သည် နောက်ပိုင်း အစ်မခြံရှေ့မှာ တနင်္ဂနွေနေ့ခင်းတိုင်း အစ်မရယ်၊ ဦးတင်ဦးရယ်၊ ဦးကြည်မောင်ရယ်တို့ လူထုကို စကားပြောတာတွေကို တပတ်မှ မပျက်ကွက်ဘဲ တနှစ်ကျော် သွားနားထောင်ခဲ့၊ အသံဖမ်းခဲ့၊ ပြီးရင် အစ်မတို့ ပြောသမျှကို အကျယ် ဘာသာပြန်ဖို့ လိုရင် ပြန်၊ အတိုချုပ် ပြန်ဖို့ လိုရင် ပြန်ပေးခဲ့ရဖူးပါတယ်။ အဲတော့ကာ အစ်မရဲ့ စကားအသွားအလာ၊ သုံးတဲ့ ဝေါဟာရစတာတွေကို အလွတ်နီးနီး ရနေခဲ့တာလည်း ပါပါတယ်။

သို့သော်…

အဲသလို ခင်မင်ရင်းနှီးခဲ့ပေမယ့် အစ်မ လွှတ်တော်ထဲ ရောက်သွားတဲ့အခါ စောစောကလို မလွှဲသာတဲ့ အခါမျိုးတွေကလွဲရင် ကျနော့်ကို မမြင်အောင် ခပ်ရှောင်ရှောင် နေပါတော့တယ်။ ဒါကတော့ ကျနော့်အငုံ့စိတ်ပါပဲ။ သူ့နားကပ်ရင် အခွင့်အရေး လိုချင်သူလို့ သူကိုယ်တိုင်ကဖြစ်စေ၊ သူ့ဝန်းကျင်က လူတွေကဖြစ်စေ မြင်သွားမှာ ကျနော် မလိုလားပါဘူး။

ကျနော်ဟာ ကပ်ပါးပင် မဟုတ်ဘူး၊ ကိုယ့်ဘာသာ ကောင်းစွာ ရပ်တည်နိုင်စွမ်းရှိတဲ့ ပျဉ်းကတိုးပင်လို လူမျိုးလို့ ကိုယ့်ကိုယ်ကိုယ် ခံယူထားမိရလို့ပါပဲ။ ကြီးကျယ်တယ် ထင်လည်း မတတ်နိုင်ဘူးဗျာ။ အဲဒါဟာ ကျနော့်မာန်၊ ကျနော့်ဗီဇ၊ ကျနော့် စရိုက်ပါပဲ။ အစ်မလို ပုဂ္ဂိုလ်မပြောနဲ့၊ သူငယ်ချင်းအရင်းအချာအပါအဝင် အသိမိတ်ဆွေတွေထဲကတောင် ရာထူးရှိလာ၊ ငွေကြေးချမ်းသာလာ၊ နာမည်ကျော်ကြားလာပြီဆိုတာနဲ့ ကျနော်က ခပ်ရှောင်ရှောင်နေပစ်တတ်ပါတယ်။

အနုပညာရှင်အစစ်၊ စာရေးသူအစစ်ဆိုတာ…

သည့်ထက် အရေးကြီးတာတချက် ကျန်ပါသေးတယ်။ အဲဒါကတော့ စာရေးသူရဲ့ စိတ်အခံပါပဲ။ ဘယ်က ရတယ်မှန်းတော့ မသိဘူးခင်ဗျ။ ကျနော် နားလည်ထားတာက စာရေးသူအစစ်ဟာ ဟိုစစ်တပ်က ဘဲတွေ ပြောနေတဲ့ အမျိုးသားနိုင်ငံရေးသမား အစစ်တွေပဲ။ သူတို့ထက် အမျိုးသားနိုင်ငံရေး ပိုစစ်တာ စာရေးသူ အစစ်သာ ဖြစ်တယ်။ ဘာ့ကြောင့်လဲဆိုတော့ အမျိုးသားနိုင်ငံရေး၊ တနည်းပြောရင် တမျိုးသားလုံးအတွက် အားထုတ်တဲ့ နိုင်ငံရေးမှာ စာရေးသူဟာ အာဏာ မျှော်လင့်ချက် လုံးဝ မရှိဘူး။ အာဏာရဖို့ စိတ်လည်း ဘယ်တော့မှ မကူးဘူး။ အာဏာ ပါဝင်ပတ်သက်နေသမျှ ပါတီပဲဖြစ်ဖြစ်၊ တပ်ပဲဖြစ်ဖြစ် အမျိုးသား နိုင်ငံရေး လုပ်တယ်လို့ ကျနော်ကတော့ ဘယ်လိုနည်းနဲ့မှ မမြင်နိုင်တာ အမှန်ပါပဲ။

စစ်သည်တော်၊ ဆရာဝန်၊ ရှေ့နေ၊ အင်ဂျင်နီယာ၊ စာရင်းကိုင်၊ စီးပွားရေးပညာရှင်၊ အနုပညာရှင်၊ ဈေးသည်၊ ရဟန်းသံဃာ စသူများလည်း အလားတူပါပဲ။ သူတို့လည်း တမျိုးသားလုံးအတွက် မဟုတ်ဘူးဆိုရင်တောင် မိမိပတ်ဝန်းကျင်က လူအများအတွက် လုပ်ကိုင် ဆောင်ရွက်နေကြသူများပါပဲ။ စေတနာကလေးထည့်ပြီး အသက်မွေးနေကြသမျှ၊ ဘယ်မျက်နှာမှ မထောက်သမျှ၊ ဘာအဂတိမှ မလိုက်စားသမျှ၊ အာဏာရရေးကို မစဉ်းစားသမျှ သူတို့ဟာ အမျိုးသားနိုင်ငံရေးကို မိမိတတ်စွမ်းတဲ့ နည်းနဲ့ အားထုတ်ကြိုးပမ်းနေကြသူများသာ ဖြစ်ပါတယ်။ မိမိတို့ရဲ့ ကောင်းတဲ့ ဂုဏ်သတင်း အရှိန်အဝါကြောင့် သြဇာ ရှိလာသည့်တိုင် အာဏာရဖို့ မကြိုးပမ်းရင်၊ ဒါမှမဟုတ် ဝန်ကြီး၊ ဒုဝန်၊ မြို့တော်ဝန်စသဖြင့် နိုင်ငံရေး ရာထူး တနေရာရာကို မက်မနေရင် အဲဒီ့လူကို အမျိုးသား နိုင်ငံရေးသမားလို့ပဲ ကျနော်မြင်ပါတယ်။

သည်ထဲမှာမှ အနုပညာရှင်စစ်စစ်သာဆိုရင် သာတောင်ဆိုးသေးတယ်။ စာရေးဆရာဆိုတဲ့ ဝေါဟာရ နောက်မှာက အလွဲတွေ ရှိနေနိုင်တာကိုး။ ဝါဒဖြန့်စာရေးတဲ့သူ၊ တိုင်းရင်းဆေးနည်းတွေ၊ ဆေးမြီးတိုတွေ အကြောင်း ရေးတဲ့သူ၊ တက်ကျမ်းရေးတဲ့သူ၊ ဘာသာပြန်တဲ့သူတွေလည်း စာရေးဆရာလို့ ခပ်တည်တည် နာမည်ခံတတ်ကြတာ မဟုတ်လား။ ကျနော်ကတော့ ကျနော့်ကိုယ်ကျနော် စာရေးဆရာရယ်လို့ ငယ်တုန်းက နိုင်ငံသားလက်မှတ် လုပ်တုန်းက တခါပဲ ပြောခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာ အဲဒီ့ အုတ်အရောရော ကျောက်အရောရောထဲ မပါချင်လို့ ကျနော့်ကိုယ်ကျနော် စာရေးဆရာလို့ ဘယ်တော့မှ မညွန်းတော့ဘူး။ အလွန်ဆုံးမှ စာရေးသူ၊ စာရေးသမားလောက်ပဲ သုံးဖြစ်နေတာ ကြာပါပြီ။

ငယ်ငယ်ကတည်းက “စာပေသည် ပြည်သူ့အတွက်”တို့၊ “ဆိုရှယ်လစ် သရုပ်မှန်စာပေ”တို့ကို ရွံတတ်ခဲ့ပါတယ်။ စာ ဘာလို့ ရေးလဲ။ ယားလို့ ရေးတာပဲ။ မရေးရ မနေနိုင်လို့ ရေးတာပဲ။ ဘာပြည်သူတွေ၊ ဘာဆိုရှယ်လစ်တွေ၊ ဘာသရုပ်မှန်တွေမှ မပါဘူး။ စာရေးသူဟာ အနည်းဆုံးတော့ ဝါကျ ကောင်းကောင်း ဖွဲ့တတ်တယ်။ သည့်ထက် တဆင့်တက်ရင် အလင်္ကာတွေ၊ ဥပစာတွေ၊ ဂုဏ်တွေ မြောက်အောင် ရေးတတ်တယ်။ ဒါဟာ စာရေးကောင်းသူတို့ တတ်အပ်တဲ့ အဋ္ဌာရသတွေပဲ။

စာရေးသူအစစ်ဟာ စိတ်ဆာမှ စာရေးတယ်။ သူ့နာမည်ကြီးဖို့လည်း မဟုတ်ဘူး၊ ပိုက်ဆံရဖို့လည်း မဟုတ်ဘူး၊ ရေးချင်လို့ကို ရေးနေတာပါ။ (သို့ပေမယ့် နာမည်လေး ရလာတဲ့အခါ စာမူခက နှိမ်လွန်းတယ်လို့ ယူဆပြီး စာမူခကို တခုတ်တရ ပြောခဲ့ဖူးတာလည်း ကျနော်ပါ။ ဒါကတော့ ကျန်တဲ့ အနုပညာရှင် ပန်းချီ၊ ဂီတဆရာတွေလည်း အတူတူပါပဲ။ သူတို့ အနုပညာကြေးကို စို့စို့ပို့ပို့ တောင်းဆိုတတ်အောင် ဈေးကွက်တင်သူတွေက သင်ပေးခဲ့ကြပေတာကိုး။)

အခုပဲ ကြည့်ပါခင်ဗျာ။ “အဟောင်းထဲက အစုတ်တွေ”ဆိုပြီး ကျနော့် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိပဲ ခေါ်ခေါ်၊ မှတ်တမ်းပဲခေါ်ခေါ်၊ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်ပဲ ခေါ်ခေါ်ကို ရေးနေရင်း တန်းလန်းမှာ ဦးကြည်မောင် ရာပြည့်ပွဲကို ရောက်ခဲ့ရာက အဲဒီ့အကြောင်းတွေကို ရေးချင်စိတ်က တားမနိုင် ဆီးမရ ဖြစ်လာတာနဲ့ ဒါကို “ကြားဖြတ်အစီရင်ခံစာ”အဖြစ် ဖောက်ရေးဖြစ်သွားတာနဲ့တင် ရှင်းပါတယ်။ ဘယ်သူ ဖတ်ဖတ်၊ မဖတ်ဖတ်၊ ဘယ်သူသဘောကျကျ၊ မကျကျ၊ ပိုက်ဆံရရ၊ မရရ ကျနော်ကိုယ်တိုင်က “ယားလို့” ကောက်ရေး ဖြစ်တာပါပဲ။

သည်အကြောင်းကို ပန်းပုဆရာ (အကို) ဆန်နီငြိမ်းနဲ့ ပြောဖြစ်တော့ သူက ဝေါဟာရနှစ်ခုကို ပြောပါတယ်။ အနုပညာရှင်မှာက simplicity နဲ့ beauty ပဲ ရှိတယ်တဲ့။ သူက သည် “ကြားဖြတ်အစီရင်ခံစာ”ကို ဖတ်နေရင်း သူ့အတွက်လည်း အဟောင်းတွေ အစုတ်ဖြစ်လာတာမို့ ကျနော့်ဆီ ဖုန်းလှမ်းဆက်တာနဲ့ စကား ဖောင်ဖွဲ့ရင်း ပြောသွားတာပါ။ ဗမာလိုဆိုရင်တော့ “ရိုးဂုဏ်”နဲ့ “အလှ”လို့ ပြောရင် နီးစပ်မလား မသိဘူး။

အဲဒီ့ “ရိုးဂုဏ်”နဲ့ “အလှ”ကို ဦးထိပ်ထား ကိုးကွယ်ထားတဲ့ အနုပညာရှင်နဲ့ အာဏာနိုင်ငံရေးနဲ့က ဘယ်လိုမှ မအပ်စပ်ဘူးဗျ။ နိုင်ငံရေးဆိုတာက ကြမ်းပိုးကို လိပ်ဖြစ်အောင်လည်း လုပ်ချင် လုပ်ပြရတယ်၊ လိပ်ကို ကြမ်းပိုး ဖြစ်အောင်လည်း လုပ်တန် လုပ်ပြရတယ်။ ဘယ်မလဲ “ရိုးဂုဏ်”၊ ဘယ်မလဲ “အလှ”။

တကယ့်တကယ်က အာဏာ နိုင်ငံရေးဆိုတာ ရှေ့နေတွေနဲ့ ပိုကိုက်တယ်။ ရှေ့နေအတတ်ဆိုတာက ကိုယ့်အမှုသည်ဘက်က လိုက်ပါပေးဖို့ပဲ။ ကိုယ့်အမှုသည်က အမှန်တကယ် ပြစ်မှုကျူးလွန်ထားမှန်း သိနေသည့်တိုင် အမှုက ကွင်းလုံးကျွတ် မလွတ်တောင် အသက်သာဆုံး ပြစ်ဒဏ်ချမှတ်ခံရအောင် သူတို့ရဲ့ ပညာနဲ့ လိုက်ပါ ဆောင်ရွက်ပေးရသူမျိုး။ အလားတူပဲ၊ တရားခံဟာ ပြစ်မှု ကျူးလွန်တာ မသေချာလှသည့်တိုင် တရားလို ရှေ့နေဖြစ်နေတာနဲ့ အဲဒီ့ တရားခံကို ပြစ်ဒဏ်ချမှတ်ရေး၊ အမြင့်ဆုံးပြစ်ဒဏ် ဖြစ်စေရေးအတွက် သူတို့ ပညာနဲ့ပဲ ဆွဲချကြရပါတယ်။ သည်လို ပြောတော့ ရှေ့နေတချို့ ကျေနပ်ကြမယ်မထင်ဘူး။ ဒါပေမယ့် မိမိ ယုံကြည်ချက်ထက် မိမိလိုက်ပါ ဆောင်ရွက်တဲ့ ဘက်က အနိုင်ရရေးကို မဲတင်းရတဲ့ သဘာဝကိုတော့ ဘယ် ရှေ့နေကမှ ငြင်းဆန်နိုင်မယ် မထင်ပါဘူး။ တရားမျှတမှုလို့သာ အော်နေကြရတယ်၊ ကိုယ်လိုက်ပါတဲ့ ဘက်က အနိုင်ရအောင် လုပ်ကြရတာ ရှေ့နေတို့ရဲ့ အသက်မွေးမှု ဓမ္မတာပါပဲ။

အာဏာနိုင်ငံရေးမှာလည်းပဲ အဲသလိုပါပဲ။ ကိုယ်ကိုယ်စားပြုရာ ဘက် အနိုင်ရရေးအတွက် ကိုယ့်ယုံကြည်ချက်၊ ရပ်တည်ချက်ကို စတေးကြရစမြဲပါ။ အဲလို အလုပ်နဲ့ အနုပညာရှင်အစစ်၊ စာရေးသူအစစ်ရဲ့ “ရိုးဂုဏ်”နဲ့ “အလှ”ကို ကိုးကွယ်မှုက ပြဒါးတလမ်း သံတလမ်းပါ။ ဘယ်လိုမှ အံမဝင်နိုင်ပါဘူး။ တဖက်ဖက်ကို ပင်းမိပြီ၊ နိုင်ငံရေး အာဏာတရပ်ရပ်ကို ကိုင်စွဲမိပြီဆိုတာနဲ့ အဲဒီ့ အနုပညာရှင်၊ ဒါမှမဟုတ် စာရေးသူဟာ သူ့လည်ပင်းသူ ကြိုးကွင်းစွပ်လိုက်တာပါပဲ။ သူ့ရဲ့ အနုပညာသည်ဘဝကို သူ့ဘာသာ အသေသတ်လိုက်တာ ဖြစ်သွားပါပြီ။

ကျနော့်ရဲ့ အဲဒီ့စိတ်အခံကြောင့် အာဏာ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံရေးနဲ့ အဝေးဆုံးမှာ ကျနော်နေခဲ့တာ ဖြစ်သလို အစ်မတယောက် လွှတ်တော်ထဲ ရောက်သွားချိန်မှာလည်း အစ်မနား သွားပြီး လူလုံးပြဖို့ အိပ်မက်တောင် ယောင်လို့ မမက်တော့တာပါပဲ။

ဦးဟံသာမြင့်နဲ့ ကျနော်

အန်ကယ်ဦးကြည်မောင် ရာပြည့်ပွဲကို ရန်ကုန်တိုင်း ဝန်ကြီးချုပ်လည်း တက်ရောက်လာခဲ့ပါသေးတယ်။ သူတင်ထားတဲ့ သတင်းဓာတ်ပုံထဲမှာ ကျနော်က ကန့်လန့်ကြီးပါနေတယ်။ တကယ့်ကို ကန့်လန့်ကြီးပါ။ သုံးယောက်တွဲ ထိုင်နေတဲ့ ပုံမှာ ဘယ်အစွန်က သူ၊ အလယ်က NLD ဗဟိုအလုပ်အမှုဆောင် ဦးဟံသာမြင့်၊ သူတို့နှစ်ယောက် က ပင်နီတိုက်ပုံ NLD ဝတ်စုံတွေကိုယ်စီနဲ့။ ညာအစွန်မှာ ဘောင်းဘီအဖြူနဲ့ ကန့်လန့်ငေါငေါကြီး ထိုင်နေတာက ကျနော်။ အဲသလို ဖြစ်နေတယ်။

48428316_10218740350963744_7713234193819369472_sအမှန်က ဝန်ကြီးချုပ်က နောက်မှ ရောက်လာတာ။ အရင်ဆုံး ရောက်နှင့်နေတာက ဦးဟံသာမြင့်။ ကျနော်က သူ့တွေ့တော့ သွားနှုတ်ဆက်ရင်း စကားလည်း တက်ပြောရမယ့်အတူတူ သူ့ဘေးဝင်ထိုင်လိုက်ပါတယ်။ ဦးဟံသာမြင့် (ကိုဟင်္သာ)နဲ့ ကျနော်နဲ့က ၁၉၈၇ ခုနှစ် နှစ်ကုန်ခါနီးမှာ စတင်သိကျွမ်းခဲ့တာပါ။ အဲတုန်းက သူက ဆက်သွယ်ရေးက အင်ဂျင်နီယာ ကြီးကြီးမာစတာ။ အဲဒီ့အချိန်က ပြင်သစ်ယဉ်ကျေးမှုဌာနက အခုဖွင့်ထားတဲ့ ပြည်လမ်းမပေါ်ကို မရောက်သေးဘူး။ ဟယ်လပင် (ပြည်ထောင်စုရိပ်သာ) လမ်းက ပြင်သစ်သံရုံးထဲမှာပဲ ရှိသေးတယ်။ အဲဒီ့မှာ ပြင်သစ်စာ ဒီပလိုမာတန်း တက်ရင်းနဲ့ ဆုံပြီး သိကျွမ်းခဲ့တာဖြစ်ပါတယ်။

သိန်းဖေမြင့်ရဲ့ ဗမာစာ

ဦးဟံသာမြင့်ရဲ့ ဖခင်က စာရေးဆရာ၊ နိုင်ငံရေးသမား ပဂေးကြီး ဦးသိန်းဖေမြင့်။ “အရှေ့က နေဝန်း ထွက်သည့်ပမာ”ဆိုတဲ့ စာအုပ်က ဆရာသိန်းဖေမြင့်ရဲ့ များပြားလှစွာသော စာပေမှတ်တိုင်တွေအနက်က ထင်ရှားတဲ့ တအုပ်ပါ။ အဲဒီ့စာအုပ်မှ မဖတ်ဖူးရင် ဗမာစာဖတ်ဖူးတယ်လို့တောင် ပြောနိုင်တာမျိုး မဟုတ်ဘူးလို့ အလွန်အကျူး အထူးဆိုအပ်လောက်အောင် ဇာတ်လမ်းဇာတ်အိမ်ရော၊ သမိုင်းနောက်ခံရော၊ အရေးအသားပါ အပိုအလိုမရှိ ပကတြိေ

books 546 tpm
အင်ထနက်ထဲက ရတဲ့ စာအုပ်မျက်နှာဖုံးပုံပါ။ ပန်းချီ စံတိုးရဲ့ လက်ရာလည်း ဖြစ်ပါတယ်။

ပာင်မြောက်လှပါတယ်။

 

အမေတို့ကတော့ ဦးသိန်းဖေမြင့်ဆို အကောင်း မပြောကြဘူး။ အထူးသဖြင့် သူ့နိုင်ငံရေး ရပ်တည်ချက်ကို မကြိုက်ကြတာပါ။ ကျနော်လည်း အမေတို့စကား နားယောင်ပြီး မကြိုက်သလိုလို ရှိခဲ့သေးပေမယ့် အဲဒီ့ အရှေ့က နေဝန်းကို အသက် ၁၈ နှစ်လောက်မှာ ဖတ်ဖူးသွားပြီးတဲ့နောက် သူ့စာတွေကို လက်လှမ်းမီ သလောက် ရှာဖွေ ဖတ်ရှုခဲ့ပါတယ်။ ဗမာစာကို အပြစ်ဆိုစရာ မရှိ၊ ပကတိ ချောမွေ့အောင် ရေးနိုင်တဲ့ စာရေးဆရာကြီးပါပဲ။

စကားကြုံလို့ ပြောပါရစေ။ ဗမာစာမှာ ကျနော့်အတွက် အကြီးဆုံး မြင်ဆရာက ဝင်းဦးပါ။ ဒုတိယက သော်တာဆွေပါ။ တတိယက တက္ကသိုလ် ဘုန်းနိုင်။ စတုတ္ထက မစန္ဒာ။ ပဉ္စမက ငြိမ်းကျော်။ ဆရာကြီး ရွှေဥဒေါင်းရဲ့ စာတွေကို စွဲစွဲလန်းလန်းဖတ်ပေမယ့် ဆရာကြီးရဲ့ လေကို စွဲမနေပါဘူး။ ဦးသိန်းဖေမြင့်ကိုလည်း ကြိုက်ပေမယ့် သူ့လေကိုလည်း မစွဲဘူး။ ကျနော် စွဲနေတဲ့ လေက အဲဒီ့ ငါးဦးရဲ့ လေပါပဲ။

အဲဒီ့ ငါးဦးထဲမှာ ဝင်းဦးနဲ့ သော်တာဆွေက ဗမာစာကို ထင်သလို ရေးပါတယ်။ အထားအသိုတွေ မှားနေတတ်တယ်။ ဆရာသော်တာဆွေဆိုရင် စာလို ပြောနေရာက စကားလို ဖောက်ပြောတာတွေတောင် ပါသေးတယ်။ ဒါပေမယ့် သူတော်တာက စာဖတ်ပရိသတ်က အဲလို သူရေးပုံ ပြောင်းသွားတာကို သတိမထား ဖြစ်လောက်အောင် အရေးအသားကျွမ်းကျင်တာပါ။

ဆရာသိန်းဖေမြင့်မှာ အဲလို အမှားမျိုး မရှိဘူး။ ဆရာကြီးရွှေဥဒေါင်းနဲ့ ရေးဟန်ချင်း မတူလင့်ကစား ဗမာစာကို နိုင်နိုင်နင်းနင်းနဲ့ မှန်မှန်ကန်ကန် ရေးသားနိုင်ကြရာမှာတော့ တူပါတယ်။ ဆရာကြီးရွှေဥဒေါင်းက ဝါကျရှည်ကြီးတွေကို နိုင်နင်းတယ်။ ဆရာသိန်းဖေမြင့်က ဝါကျတိုတွေ အသုံးများပါတယ်။ သည်တော့ သူသည်လည်း ကျနော့ မြင်ဆရာပေပဲပေါ့။

အသက် ၅၀ နား ကပ်လာချိန်မှာတော့ ဆရာသိန်းဖေမြင့်ရဲ့ နိုင်ငံရေး ရပ်တည်ချက်ကို မြင်လာပါတယ်။ သူလည်း ငါလိုပါပဲလား၊ ခေတ်တခေတ် စောပြီး ကြိုမြင်တာနဲ့ သူ့ကို နိုင်ငံရေး ခွစာအဖြစ် သူနဲ့ခေတ်ပြိုင်တွေက သတ်မှတ်ခဲ့ကြပေတာပဲဆိုတဲ့ အမြင်တခု ရလာပါတယ်။

ထားပါတော့ဗျာ။ ကိုဟင်္သာဆီ ပြန်သွားရရင်တော့ သူက ဦးသိန်းဖေမြင့်ရဲ့ သားကြီး သြရသပါ။ သူတို့ ညီအစ်ကို သုံးယောက်မှာ ကျနော်နဲ့ နောက်ဆုံး သိရသူ ဖြစ်ပါတယ်။ ပထမဆုံးသိရသူက သူ့ညီအငယ်ဆုံး ကိုခွန်သာပါ။ သူက ပိသုကာဖြစ်ပါတယ်။ ရှေ့မှာရေးခဲ့တဲ့ အင်္ဂလိပ်လက်ထက် ပညာရေးဝန်ကြီးတပါးရဲ့ မြေး ဖြစ်သူ ငယ်သူငယ်ချင်းကို အကြောင်းပြုပြီး သိကျွမ်းခဲ့တာလည်း ဖြစ်ပါတယ်။ ကိုခွန်သာကိုတင်မက အဲဒီ့အချိန်က သူနဲ့ သွားလေရာ တတွဲတွဲ အမြဲပါတတ်တဲ့ သူ့ဇနီး မသီတာနဲ့ပါ မောင်နှမရင်းချာပမာ ခင်မင်ခွင့် ရခဲ့ပါတယ်။

အကွက်ကျကျ ဇာတ်ညွှန်းထဲက နေ့တနေ့

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၁၀ ရက်နေ့၊ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်တော့မယ် ဆိုတာ သေချာပြီး ၅၄ ရှေ့မှာ လူတွေ စုဝေးနေချိန်မှာ ကျနော့်ဇနီးက ကြည့်ချင်တယ်ဆိုတာနဲ့ နှစ်ယောက်သား အဲဒီ့ရှေ့မှာ ဝေလေလေ သွားလုပ်ကြပါတယ်။ သံရုံးအမှုထမ်း၊ သတင်းလိုက်သူဘဝက လွတ်ခဲ့ကတည်းက ကျနော်

30356eb7-50b5-4951-aa88-7162d080c797_w1023_s
ဒါလည်း အင်ထနက်ထဲက ရတဲ့ ပုံပါပဲ။ ဒေါ်စု လွတ်လာပြီး ခြံပြင်က ပရိသတ်နဲ့တွေ့ဖို့ အိမ်ထဲက ထွက်လာပုံပါ။ နောက်ဆုံးက တယောက်ကို မြင်ဖူးနေပေမယ့် သေချာ မသိပါဘူး။ သူ့ရှေ့တန်း၊ အစ်မနောက်က ဝဲမှယာကတော့ ဒေါက်တာ ပြုံးမိုအိ (ဒေါက်တာတင်မျိုးဝင်းရဲ့ ဇနီး)၊ ဦးဉာဏ်ဝင်း၊ ဒေါက်တာ တင်မျိုးဝင်း၊ ဦးဟံသာမြင့်နဲ့ ဦးထင်ကျော်တို့ပါပဲ။ Photo: AFP/Getty Images

ဟာ နိုင်ငံရေးလောကနဲ့ အဝေးကြီးမှာ နေပါတယ်။ အထက်မှာ ပြောခဲ့တဲ့အတိုင်း အာဏာနိုင်ငံရေးကို ကျနော်မှ စိတ်မဝင်စားတာကိုး။ အရင်ကလို အစ်မ အကျယ်ချုပ်က လွတ်တော့ ဘာတွေပြောတယ် ဘာညာ သတင်းပို့စရာလည်း မလိုတော့တာမို့ ကျနော့်အတွက် အစ်မလွတ်လာတာဟာ အိုဘားမားကို သမ္မတအဖြစ် ရွေးလိုက်တယ်ဆိုတဲ့ သတင်းမျိုးလောက်ပဲ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဘာမှ အထူးတလည် ဝမ်းသာတာတွေ၊ ကျေနပ်အားရတာတွေ မဖြစ်မိပါဘူး။

 

အဲသလို ရေးလိုက်တော့ ကျနော်ဟာ မုဒိတာမပွားနိုင်သူလို့ တချို့က မြင်ကောင်းမြင်ပါလိမ့်မယ်။ အချုပ်အနှောင်က လွတ်မြောက်တယ်ဆိုတာ လူမပြောပါနဲ့၊ ကြက်ကလေး ငှက်ကလေးတွေအတွက်တောင် ဝမ်းမြောက်စရာပါ။ သို့သော် အစ်မ လွတ်တယ်ဆိုတာကျတော့ အာဏာရှင်တွေက သူတို့ စိတ်ကြိုက် ကစားပြီး လွှတ်လိုက်တာလို့ မြင်နေပါတယ်။ အစ်မနဲ့ အဲဒီ့ အာဏာရှင်တွေနဲ့က လက်ရည်မတူပါဘူး။ အာဏာရှင်တွေက သူတို့စကားနဲ့ ပြောရင် “စစ်ရေးအမြင် ရှိသူ”တွေ။ အစ်မကကျတော့ “စစ်”နဲ့ အဝေးကြီး။

စစ်ဗိုလ်ဆိုတာက အုပ်ချုပ်မှု၊ ကွပ်ကဲမှုကို မပြတ်သင်အံ လေ့ကျင့်နေရသူတွေ။ မဟာဗျူဟာ၊ နည်းဗျူဟာတွေ ကို နောဧကနော ကျေညက်နေသူတွေ။ ၁၉၉၀ ရွေးကောက်ပွဲအပြီး အာဏာလွှဲပေးရမယ့်အစား ၁/၉၀ နဲ့ ချုပ်လိုက်ပြီဆိုကတည်းက ညစ်ပြီဆိုတာ တပြည်လုံး အသိပါပဲ။ အဲဒီ့နောက်ပိုင်းမှာ စစ်ဘက်က တဆင့်ချင်း ပြင်ဆင်တယ်။ သူတို့ စိတ်တိုင်းကျ ဖွဲ့အုပ်ဥ (ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ)ကို ရေးဆွဲဖို့ စွယ်ရောင်ပြတယ်။ တဖက်ကလည်း သူတို့ရဲ့ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး အခြေခံတွေကို မဟာဗျူဟာမြောက်မြောက် ထူထောင်ယူခဲ့တယ်။

အားလုံး ပိုင်ပြီ၊ သေချာပြီဆိုတော့မှ ဖွဲ့အုပ်ဥ (ခြေဥလို့ ကျနော် မသုံးတာကို နောက်ပိုင်းမှာ ရှင်းပါ့မယ်။) ကို အတည်ပြုချလိုက်တယ်။ ရွေးကောက်ပွဲတွေ ကျင်းပတယ်။ အစ်မကို လွှတ်ပေးတယ်။ အားလုံးဟာ သူတို့ စိတ်တိုင်းကျ၊ စနစ်တကျ အကွက်ချ စီစဉ်ထားတဲ့ ဇာတ်ညွှန်းအတိုင်း ကပြအသုံးတော်ခံနေကြရတာပဲဆိုတာ ကျနော့်အမြင်မှာ ရှင်းနေတယ်။

မြင်မိခဲ့တဲ့ အကွက်တွေ

ဒါဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်သွားတာ မဟုတ်ဘူး။ အာဏာရှင်ရဲ့ စမ်းသပ်ဖြေလျှော့ကြည့်မှုသက်သက်လို့ မဆွကတည်းက ကျနော် မြင်နေခဲ့ပါတယ်။ ဘယ့်လောက် မဆွကတည်းကလဲဆိုရင် ၂၀၀၀ ပြည့်နှစ် ဝန်းကျင်ကတည်းကပါ။ အဲဒါကို ကျနော် အန်ကယ်ဦးတင်ဦးကိုတောင် ပြောခဲ့ဖူးပါသေးတယ်။ “အန်ကယ်တို့၊ အစ်မတို့၊ NLD တို့ကို တပ်က မွေးထားတာဖြစ်နေပြီနော်”လို့။ ကျနော့်စကားကြောင့် အန်ကယ် ဆတ်ခနဲ ဖြစ်သွားခဲ့ပါတယ်။ “ခင်ဗျား ဘာစကား ပြောတာလဲ”ဆိုပြီး နည်းနည်းတောင် စိတ်တိုသွားပါတယ်။

“စိတ်မဆိုးပါနဲ့ အန်ကယ်။ အန်ကယ်က ကာကွယ်ရေး ဦးစီးချုပ် လုပ်လာတဲ့သူပါ။ ဗကပကို အန်ကယ့် လက်ထက်မှာကတည်းက အပြုတ်တိုက်လို့ မရနိုင်ခဲ့ဘူးလား ခင်ဗျ”

“သိပ်ရတာပေါ့ဗျ…”

“ဘာလို့ မတိုက်ခဲ့ကြတာလဲ…”

အန်ကယ် တွေခနဲဖြစ်သွားပါတယ်။ ခဏ ငြိမ်နေတယ်။ ပြီးတော့ ခပ်လေးလေး ပြန်ဖြေပါတယ်။

“အေးဗျ… အဲလိုမျိုး တခါမှ မစဉ်းစားမိခဲ့ဘူး”

“အခုက စဉ်းစားရုံသာမကဘူး၊ အခြေအနေမှန်ကို လက်ခံပြီး ဗျူဟာချမှတ်ဖို့ အချိန်တောင် အတော် နှောင်းနေပါပြီ အန်ကယ်…”

ကျနော်နဲ့ ပြောခဲ့ဆိုခဲ့တာတွေကို အဲဒီ့အချိန်က အကျယ်ချုပ်နဲ့ နေနေရသူ အစ်မဆီ ဝင်ထွက်ခွင့် ရထားတဲ့ အန်ကယ်က ပြန်ပြောမပြောတော့ ကျနော် မသိခဲ့ပါဘူး။ သို့သော်… ကျနော်ဟာ ခပ်စောစောကတည်းက အခြေအနေမှန်ကို သုံးသပ်နေဖြစ်ခဲ့ပါတယ်။

အဲလို သုံးသပ်မိတာကြောင့် အစ်မ သေချာပေါက် လွတ်တော့မယ် ဆိုတာ သိရတော့လည်း ထူးပြီး စိတ်မလှုပ်ရှားမိဘူး။ သူတို့ စိတ်ကြိုက်ကုလားဖန်ထိုးထားတဲ့ ဖဲ၊ သူ့လူကပဲ ချိုး၊ သူပဲ စိတ်ကြိုက်ဝေနေပြီး နောက်ဆုံးကျ သူတို့ပဲ စားသွားမှာ သေချာနေတာကြီးကို ရင်ခုန်နေရင် ဉာဏ်နည်းတာလို့ပဲ ကျနော်ဖြင့် မြင်နေမိခဲ့ပါတယ်။

ကျနော့်အတွက်တော့ အဖြေသိနေတဲ့ ကစားပွဲကြီးမှာ ပွဲကြည့် ပရိသတ် လုပ်ရတာလောက် ပျင်းစရာ ကောင်းတာ မရှိပါဘူး။ ကိုယ့်ဘာသာ ဘေးထွက်ထိုင်နေပြီး ဂစ်ထာလေး တီးလိုက်၊ သီချင်းလေး ညည်းလိုက် လုပ်နေရင်တောင် အဲဒီ့ အဖြေကြိုသိ ပွဲကြီးကို ငုတ်တုတ် ကြည့်နေရတာထက်တော့ သာသာယာယာ ရှိနေဦးမှာပါ။

အလားတူ ရှိခဲ့ဖူးပါ၏

သို့သော် ဆိုခဲ့တဲ့အတိုင်း ဇနီးသည်ကလည်း သွားကြည့်ချင်၊ ကျနော်လည်း အားနေ၊ သွားရမှာကလည်း အိမ်ကနေ လမ်းလျှောက်သွားတောင် ၁၀ မိနစ်မပြည့်ခင် ရောက်နိုင်တဲ့ အကွာအဝေးမှာမို့ အဲဒီ့ညနေက လူအုပ်ကြားမှာ နှစ်ယောက်သား သွားယောင်ဝါးကြပါတယ်။

မျက်နှာသိတွေ အများအပြားတွေ့သပေါ့ဗျာ။ မှတ်မိနေတာက ကိုနေမျိုးဆေးတို့ လင်မယားကို တွေ့လိုက်တာပါပဲ။ တခြားလည်း တခါက တဘဝတုန်းက မျက်နှာသိတွေ၊ မိတ်ဆွေတွေ၊ ခပ်တန်းတန်းနေသူတွေ… ပြီးတော့ ကိုခွန်သာ။ တကမ္ဘာလုံးကို သူ့ပခုံးပေါ်မှာ ထမ်းပိုးထားရသလို အင်မတန် လေးနက်တဲ့ မျက်နှာနဲ့။ ဒါကတော့ ကိုခွန်သာ့ ပုံမှန် ဂိုက်ပါ။ ကျနော့်ကို အသိအမှတ် ပြုတယ်ဆိုရုံ ခေါင်းကလေး တချက်ဆတ်ပြပြီး လူအုပ်ကြားထဲ တိုးဝင် ကွယ်ပျောက်သွားပါတော့တယ်။

aung-san-suu-kyi-11-13-2010
အင်ထနက်ထဲက ရတဲ့ ပုံပါပဲ။ ၂၀၁၀ နိုဝင်ဘာမှာ အစ်မ လွတ်လာလာချင်း လူထုနဲ့ တွေ့ချိန်က ပုံဖြစ်ပါတယ်။ အစ်မရဲ့ ညာဘက်က နောင်အခါ သမ္မတဖြစ်လာတဲ့ ဦးထင်ကျော်၊ အစ်မရဲ့ ဘယ်ဘက်က ကိုခွန်သာပါ။

အဟဲ… နောက် မိနစ်ပိုင်းအကြာ အစ်မ ခြံဝထွက်လာချိန်မှာတော့ အစ်မရဲ့ လက်ဝဲရံအဖြစ် ကိုခွန်သာ့ကို မားမားကြီး တွေ့လိုက်ရတဲ့အခါ ပြုံးမိရပါတယ်။ ပြုံးမိရခြင်း အကြောင်းရင်းက ကျနော် အမှတ်မမှားဘူးဆိုရင် ၁၉၉၅ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့မှာ အစ်မ အကျယ်ချုပ်က ခဏ လွတ်လာချိန်တုန်းကလည်း ကိုခွန်သာ့လို လူတယောက်ကို အစ်မဘေးမှာ အခုလိုပဲ တွေ့ခဲ့ရဖူးတာမို့ပါ။

 

အဲဒီ့ပုဂ္ဂိုလ်ကတော့ သူ့ကိုယ်သူ နိုင်ငံရေးသမားလို့ အပြည့်အဝ ခံယူထားသူပါ။ လွတ်လပ်ရေးရပြီးစ အရပ်သား စစ်စစ်တို့ရဲ့ ပါလီမန် ဒီမိုကရေစီ အစိုးရ ဝန်ကြီးချုပ်ဟောင်း ဦးနုက ၁၉၈၈ ခုနှစ်ကုန်မှာ ဖွဲ့စည်းလိုက်တဲ့ ဒီ/ငြိမ်း (ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး အဖွဲ့ချုပ်) မှာ ပါခဲ့ဖူးပါတယ်။ ဝတ်ပုံစားပုံနဲ့ မျက်နှာကျကလည်း ဦးနုလိုလို ဘာလိုလိုပါပဲ။ ဦးနုရဲ့ ဥပဓိရုပ်နဲ့ အလုံးအဖန်ကတော့ ပိုကောင်းတယ်ပေါ့လေ။ သူ ရွေးကောက်ပွဲ ဝင်ဖူးသလား၊ မဝင်ဖူးသလားတော့ ကျနော် သတိမထားမိခဲ့ဖူးပါဘူး။

သို့သော် အစ်မ အဲတုန်းက ခဏလွတ်လာချိန်မှာ သူကလည်း ကိုခွန်သာ့နည်းတူ၊ တခေတ်ဆီက သိုင်းစာအုပ်ထဲက ဝါကျနဲ့ ပြောရရင် “မည်ကဲ့သို့ လုပ်လိုက်လေသည် မသိ”၊ အစ်မ လွတ်လွတ်ချင်း လူထုကို ပထမဆုံး ထွက်တွေ့ချိန်မှာ အစ်မရဲ့ လက်ဝဲရံအဖြစ် ရှိနေခဲ့ပါတယ်။ ခက်တာက အဲဒီ့အချိန်မှာ သူဟာ အနောက်နိုင်ငံ သံရုံးကြီးတရုံးရဲ့ အမှုထမ်း ဖြစ်နေတာပါပဲ။

ခဏနေတော့ သူလည်း ဘယ်ချောင်ကပ်သွားလေသည် မသိ၊ စုပ်စမြုပ်စ ပျောက်သွားတာက ကျနော့် မျက်စိအောက်တင်မို့ အခုလို အဲဒီ့ ပုဂ္ဂိုလ်နဲ့ တထပ်တည်း တူတဲ့ အခင်းအကျင်းနဲ့ ကိုခွန်သာ့ကို မြင်လိုက်ရချိန်မှာလည်း ကျနော့်အူထဲမယ် ရယ်ချင်ပက်ကျိ အလိုလို ဖြစ်သွားခဲ့ရတာပါပဲ။ ဟုတ်တယ်လေ၊ ဟိုလူကြီးတုန်းကလည်း NLD နဲ့ အစပိုင်းမှာ ဘယ်လိုမှ မပတ်သက်ခဲ့ရာက အစ်မ လွတ်ချိန်မှာ ရုတ်တရက် ပေါ်လာခဲ့တာပါ။

ကိုဟင်္သာက ၁၉၈၈ ခုနှစ် အရေးအခင်းမှာ ပါဝင်ခဲ့တာကြောင့် ဆက်သွယ်ရေးလုပ်ငန်းက သူ့ကို ထုတ်ပယ် (တာလား၊ အငြိမ်းစားပေးတာလား ကျနော် မသိ) လိုက်ပါတယ်။ အဲဒီ့နောက် NLD စတင် ဖွဲ့စည်းချိန်ကတည်းက အစ်မရဲ့ “တတ်သိ ပညာရှင် အစုအဖွဲ့”မှာ ပါဝင်ခဲ့တဲ့သူပါ။

NLD စတင် ဖွဲ့စည်းတဲ့ ၁၉၈၈ ခုနှစ်မှသည် အဲဒီ့နေ့က အစ်မ လွတ်လာတဲ့ ၂၀၁၀ ပြည့်နှစ်အထိ ၁၂ နှစ်တာအတွင်းမှာ ကိုခွန်သာဟာ အစ်မကို ကြည်ညို လေးစားတဲ့ စကားတွေ ပြောလေ့ရှိခဲ့ပေမယ့် NLD နဲ့တော့ ဘယ်လိုမှကို တိုက်ရိုက်မပတ်သက်ခဲ့ဖူးဘူးလို့ မြင်မိပါတယ်။ ကျနော် NLD ကို ဥဒဟို ဝင်ထွက်နေချိန်မှာ သူ့ကို တခါဆို တခါဖူးလေးတောင်မှ မမြင်ခဲ့ဖူးတာလေ။

၂၀၁၀ နိုဝင်ဘာကျတော့မှ အစ်မဘေးမှာ ရုတ်တရက်ကြီး ပေါ်လာပြီးနောက် တကယ်လည်း သိပ်မကြာလိုက်ပါဘူး၊ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ပြီးတဲ့နောက် တနှစ်မပြည့်ခင်ကတည်းက ကိုခွန်သာ့ကို အဲဒီ့စည်းဝိုင်းထဲမှာ မတွေ့ရတော့ပါဘူး။ အဲလို ဖြစ်လာမယ်ဆိုတာကိုတော့ ကျနော်က သူ့ကို အစ်မဘေးမယ် စမြင်ချိန်ကတည်းက တွေးမိနေခဲ့ပါတယ်။

ဦးသိန်းဖေမြင့်ရဲ့ သားအလတ်

သူတို့ညီအစ်ကိုတွေထဲက အလတ်တယောက်က ကိုအာသာပါ။ သူက ရန်ကုန်တက္ကသိုလ် သတ္တဗေလား၊ ရုက္ခဗေဒလားတော့ မသိဘူး၊ အဲလို ဌာနတခုခုက ဆရာပါ။ ကိုအာသာနဲ့ကျတော့ ကျနော်နဲ့က Scrabble ကစားဖက်ပါ။ ကျနော်ဟာ အဲဒီ့ ၁၉၈၀ ပြည့်လွန်နှစ်များမှာ အဲဒီ့ကစားနည်းကို စွဲစွဲလန်းလန်း ကစားခဲ့ပါတယ်။ လူက အားပြီး လေလို့ ကောင်းနေတာကိုး။ ဘိုနီရယ်လို့ အဖန်ဖန်ညွှန်းခဲ့တဲ့ ငယ်သူငယ်ချင်းနဲ့ကတော့ ၈ တန်းလောက်ကတည်းက မှန်မှန်ကစားခဲ့တာပါ။ ၁၉၈၀ ပြည့်လွန် ကာလတွေမှာတော့ သူကတဆင့် တခြား ကစားဖက်တွေ ထပ်တိုးလာရာမှာ ကိုအာသာ ပါလာတော့တာပါပဲ။

ကိုအာသာက Scrabble မှာ တကယ့် ဆရာကြီးဖြစ်ပါတယ်။ ဘယ့်လောက် ဆရာကြီးလဲဆိုရင် အင်္ဂလိပ်ကနေ အင်္ဂလိပ်လိုပဲ ပြန်ဖွင့်ဆိုပေးတဲ့ အဘိဓာန် ၃-၄ မျိုးကို အလွတ်နီးပါးရတာ တအံ့တသြ တွေ့ခဲ့ရပါတယ်။ သူ ထည့်လိုက်တဲ့ ရှာရှာဖွေဖွေ စကားလုံးကို ကျနော်တို့က မကျေနပ်လို့ သူ့ကို စိန်ခေါ်ရင် သူက ခပ်တည်တည်ပါပဲ။ ဘယ်အဘိဓာန် သုံးမှာလဲ ပြန်မေးပါတယ်။ ကျနော်တို့ အများဆုံး အားကိုးတာကတော့ Oxford Advanced Learner’s ပါပဲ။ အဲဒါဆိုရင် ဘယ်တည်ပုဒ်၊ ဘယ်ပုံရဲ့ ဘယ်နားလေးမှာ သူထည့်တဲ့ စာလုံး ရှိတယ်လို့ တန်းပြောနိုင်တဲ့သူပါ။ တခါ နှစ်ခါလောက်ဆိုရင်တော့ သူဖြီးတာပေါ့။ အခေါက်တိုင်းဆိုတော့ သူ့ရဲ့မှတ်ဉာဏ် စွမ်းပကားဟာ ရင်သပ်ရှုမော အံ့သြဖွယ်ပါပဲ။

ကိုအာသာက လူပျိုကြီး။ ပြီးတော့ အလွန် အရက်ကြိုက်သူ။ အဲတော့လည်း အသက်မရှည်ရှာပါဘူး။ အရွယ်ကောင်းမှာ တိမ်းပါးသွားခဲ့ပါပြီ။

ရကတ ဝကခနဲ့ ဦးခြောက်ခါ

ဦးကြည်မောင် ရာပြည့်ပွဲကို အကြောင်းပြုပြီး သည်“ကြားဖြတ်အစီရင်ခံစာ”ကို ရေးဖြစ်ခဲ့တာမို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တင်ထားတဲ့ အဲဒီ့ပွဲခင်းထဲက ဓာတ်ပုံမှာ ကျနော်နဲ့ ဘေးချင်းကပ် ထိုင်နေတဲ့ ဦးဟံသာမြင့်က အစချီလို့ သူတို့ညီအစ်ကိုတတွေနဲ့ သိကျွမ်းပတ်သက်ခဲ့ပုံကို ပြန်နှူးတာပါ။

ကိုဟင်္သာနဲ့က ဆိုခဲ့တဲ့အတိုင်း ၁၉၈၇ ခုနှစ်က ပြင်သစ်စာ သင်တန်းမှာ ဆုံဖြစ်ခဲ့၊ ၁၉၈၈ ခုနှစ်၊ အရေးအခင်း မဖြစ်ခင် ဥရောပသမဂ္ဂမှာ ကျနော် အလုပ်ဝင်စ အချိန်က ဗြိတိသျှ သံရုံးရှေ့မှာ တခါဆုံ၊ နောက်ပိုင်းလည်း ဟိုနားဆုံ၊ သည်နားဆုံ၊ NLD ထဲ ကျနော် ဝင်ထွက်နေချိန်က ခဏခဏ ဆုံဖြစ်ခဲ့ပါတယ်။

ကိုဟင်္သာကတော့ အကိုအကြီးဆုံးပီပီ အလွန် လူကြီးဆန်ပါတယ်။ သိမ်မွေ့အေးဆေးပါတယ်။ မလိုအပ်ဘဲ စကား သိပ်ပြောတတ်သူမျိုး မဟုတ်ဘူးလို့ မြင်မိရပါတယ်။

ဦးကြည်မောင် ရာပြည့်ပွဲမှာ သူနဲ့ဆုံတော့ သွားနှုတ်ဆက်တော့ သူကလည်း အေးအေးဆေးဆေး၊ ဖော်ဖော်ရွေရွေပါပဲ။ သူနဲ့အတူ ထိုင်နေရင်းက ဝကခ လာမယ်ဆိုတာ သိလိုက်ရတာ့ သူ့ကိုတောင် မေးမိပါသေးတယ်။ ကျနော်က လျှောက်လမ်းထိပ် ထောင့်ခုံ၊ ကိုဟင်္သာရဲ့ ဘယ်ဘက်မှာ ထိုင်နေမိတာမို့ပါ။ ဝကခအတွက် နေရာ ဖယ်ထားပေးပြီး သူ့ညာဘက်ကို ရွှေ့ထိုင်ရင် ကောင်းမလားလို့ပေါ့။ “ရပါတယ်၊ အဲဒီ့မှာပဲ ထိုင်ပါဗျ၊ သူလာတော့ သည်ဘက်မှာ ထိုင်လိမ့်မပေါ့”လို့ ကိုဟင်္သာက ပြောတာနဲ့ ကျနော်လည်း မထတော့ပါဘူး။

ဝကခ ရောက်လာတော့လည်း မေးပါသေးတယ်။ ကျနော့်နေရာမယ် ထိုင်မလားပေါ့။ သူက ရပါတယ်၊ သည်မှာပဲ ထိုင်လိုက်ပါ့မယ်ဆိုတာနဲ့ ကျနော်လည်း ဆက်ထိုင်နေခဲ့တာပါပဲ။

ဝကခ ဦးဖြိုးမင်းသိန်းဆိုတာက ကျနော်တို့နဲ့ ယှဉ်ရင် ငယ်ပါတယ်။ အဲဒီ့နေ့က ဦးကြည်မောင်ပွဲမှာ အမှတ်တရ စကား ပြောရင်း သူထည့်ပြောသွားတာက ၁၉၉၀ မှာ သူ့အသက်က ၁၉ လောက်ပဲ ရှိသေတဲ့။ NLD လူငယ် အဖွဲ့ဝင်တဲ့။ ကျနော်က ၁၉၉၀ မှာ ၃၃ နှစ်ရှိပါပြီ။ ဒါ့ကြောင့် သူ့ကို မြင်ဖူးတယ်လောက်ပဲ သိနေပြီး ဘယ်သူ ဘယ်ဝါမှန်း မမှတ်မိတာ ဖြစ်ပါတယ်။

NLD လူငယ်မဟုတ်ဘဲ အစ်မ လုံခြုံရေးကို စေတနာ့ဝန်ထမ်း တာဝန်ယူထားတဲ့ သုံးရောင်ခြယ်ထဲက တချို့နဲ့ ကျနော်နဲ့ ခင်မင်ရင်းနှီးပေမယ့် လူငယ်အဖွဲ့ထဲကတော့ မြင်ဖူး၊ ပြုံးပြ၊ နှုတ်ဆက်ဖူးသူတွေပဲ ရှိခဲ့မယ် (ထင်ပါတယ်)။

NLD မှာ ကျနော်နဲ့ ခင်မင်သူတွေထဲက အရေးကြီးပုဂ္ဂိုလ်တယောက် ကျန်သွားပါတယ်။ သူကတော့ နာမည်ကျော် ဦးဝင်းထိန်ပါ။ သူက အောင်-စု-တင်ရယ်လို့ NLD ကို စတင်ဖွဲ့စည်းချိန်မှာ တင်ဆိုတဲ့ ဦးတင်ဦးရဲ့ အစုထဲက ပါလာသူပါ။ ဦးတင်ဦး ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး သူရတင်ဦးဘဝတုန်းက သူက ကိုယ်ရေးအရာရှိ လုပ်ခဲ့ဖူးတယ်လို့ တင်ပါတယ်။ သေချာတာကတော့ ဗိုလ်ချုပ်မောင်အေးနဲ့ တပတ်စဉ်ထဲ ဆင်းတဲ့ ဒေါ်စိန်အေး ကျောင်းထွက်ပါ။ အထူးချွန်ဆုံး ဒေါ်စိန်အေးကျောင်းသားဆုတောင် ဆွတ်ခူးခဲ့ဖူးသူပါပဲ။

Myanmar Opposition, Yangon, Myn
ဒါလည်း အင်ထနက်ထဲက ဦးဝင်းထိန် ပုံပါပဲ။ Photo: Shutterstock

ဦးဝင်းထိန်ဆိုလည်း သူနဲ့သာမက သူ့ဇနီးနဲ့ပါ ခင်မင်ခဲ့ဖူးပါတယ်။ သူ ပထမ တခေါက် လွတ်လာတုန်းက အင်းစိန်က သူ့အိမ်ဆီအထိ ကျနော် မကြာခဏ သွားခဲ့ဖူးတာကိုး။ ၂၀၁၀ မှာ အစ်မ လွတ်တဲ့နေ့ကလည်း သူ့ကို ခြံရှေ့မယ် တွေ့လိုက်၊ နှုတ်ဆက်လိုက်ပါသေးတယ်။ ၂၀၁၂ ကြားဖြတ်မှာ အနိုင်ရပြီး လွှတ်တော်ထဲ သူရောက်သွားပြီးနောက်ပိုင်း ၂၀၁၃ လား၊ ၂၀၁၄ လားတော့ အတိအကျ မမှတ်မိတော့ဘူး၊ နေပြည်တော်၊ ဟစ်(လ်)ထယ်(န်) ဟိုတယ်မှာ ကျင်းပတဲ့ ဗြိတိန်ဘုရင်မကြီး မွေးနေ့မှာ သူ့ကို တွေ့လိုက်တာ နောက်ဆုံးပါပဲ။ အဲတုန်းကလည်း ကျနော် သွားနှုတ်ဆက်လိုက်ပါသေးတယ်။

ကျနော်နဲ့ ဆက်ဆံခဲ့ဖူးချိန် လွန်ခဲ့တဲ့ ၁၅ နှစ်ကျော် အထက်ကာရီတုန်းက အလွန် သိမ်မွေ့ပြီး အပြောအဆို ချိုသာခဲ့တဲ့ ဦးဝင်းထိန်ဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ နောက်ပိုင်းကာလတွေနဲ့ မီဒီယာတွေနဲ့ ပြောဆိုတဲ့အခါ ပြတ်ပြတ်ဘွင်းဘွင်းဖြစ်လာတာတွေ ကြားရ ဖတ်ရတဲ့အခါကျတော့ သြော်… သူ့စစ်သားဗီဇ ပြန်ပြတာပါပဲလို့ မြင်မိပါတယ်။

စစ်သားဆိုရင် အဲလိုချည်းပဲလို့ ဝါးလုံးရှည်နဲ့ ရမ်းရာတော့ ကျပါမယ်။ အန်ကယ် ဦးကြည်မောင်လို၊ သည်ဘက်ခေတ်မယ် ထင်ရှားတဲ့သူတွေထဲကဆိုရင် ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်လို လူကြီးလူကောင်းဆန်၊ ချေငံဖွယ်ရာတဲ့ လက်ရှိရော၊ အငြိမ်းစားပါ အရာရှိတွေ အတော်များများ ဆက်ဆံဖူးပါတယ်။ လူဆိုတာကတော့ ညက်တဲ့သူ ရှိသလို ရှိသလို မညက်တဲ့သူလည်း ရှိမှာပေါ့။ ကျနော်ကိုယ်တိုင်လည်း ညက်ရင် သိပ်ညက်၊ ရိုင်းရင် စွတ်ရိုင်းတတ်တဲ့ အစွန်းနှစ်ဖက်လွန် စရိုက်မျိုးနဲ့မို့ ဘယ်သူ့ကိုမှ အပြစ်မတင်ဝံ့ပါဘူး။

အိမ်တော်ဝန် ကိုနီ

ဆိုခဲ့တဲ့အတိုင်း ကျနော်ဟာ NLD စတင်ဖွဲ့စည်းချိန် ၁၉၈၈ ခုနှစ်၊ နှစ်ကုန်ပိုင်းမှသည် ကျနော် သံရုံးက အလုပ်နဲ့ မပတ်သက်တော့တဲ့ ၂၀၀၃ ခုနှစ် နှစ်ဦးအထိ ၁၅ နှစ်နီးပါးကာလအတွင်း NLD နဲ့ တရင်းတနှီး ရှိခဲ့ပါတယ်။ အစ်မ အကျယ်ချုပ်နဲ့ နေနေရချိန်မှာ အစ်မအတွက် ဈေးဝယ်တာက အစ၊ အစ်မရဲ့ ဝေယျာဝစ္စမှန်သမျှ ဆောင်ရွက်ပေးခဲ့တဲ့ (လုပ်ကြံသတ်ဖြတ်ခံရသူ ရှေ့နေကြီး ဦးကိုနီ မဟုတ်ဘဲ သခင်အုန်းမြင့်ရဲ့ သားဖြစ်သူ) ကိုနီ့ကိုဆိုလည်း ဘိုနီ့ကို အကြောင်းပြုပြီး ခြံထဲကို သူမရောက်ခင် ပဝေသဏီကတည်းက ခင်မင်ရင်းနှီးခဲ့တာပါ။ အခုတော့ သူလည်း ကွယ်လွန်ရှာပါပြီ။

သူကွယ်တော့ ကိုသူရ (ဇာဂနာ) က သူ့ကို “အိမ်တော်ဝန်”လို့တောင် ညွှန်းခဲပါသေးတယ်။ အတိအကျ ပြောရင်တော့ သူကွယ်လွန်တာ ၂၀၁၅ ခုနှစ် ဇူလိုင် ၂၂ ရက်နေ့မှာပါ။ ဇူလိုင် ၂၄ ရက်မှာ ကျနော် သူနဲ့ ပတ်သက်လို့ စာတိုလေးတစ ရေးဖြစ်ခဲ့ပါတယ်။ အဲဒီ့စာလေးက သူ့အပေါ် ကျနော့်သုံးသပ်ချက်ကို ထင်ရှားစေမယ်လို့ ယူဆတဲ့အတွက် အနည်းငယ် တည်းဖြတ်ပြီး ပြန်တင်ဆက်လိုက်ပါရစေ။

သူသေပြီးနောက် ၂ ရက်အကြာမှာ ရေးဖြစ်ခဲ့တာ

မနက်ဖြန် (Tomorrow) ဂျာနယ်ထဲက ဇာဂနာရဲ့ “ဗိုလ်ချုပ်ရုပ်ရှင်နဲ့ ကျနော်” အခန်းဆက် ဆောင်းပါး အမှတ်စဉ် ၁၇ (နိဂုံး)မှာ အိမ်တော်ဝန်အကြောင်း ပြောတာ ကြားလိုက်ရကတည်းက ဒါလေးကို တို့ထားတာပါ။

သူ့စာထဲပါသူ အိမ်တော်ဝန်ဟာ တကယ်တော့ အင်မတန် သနားစရာ ကောင်းတယ်။ ကျွန်တော်နဲ့ အဲဒီ့ အိမ်တော်ဝန်နဲ့ သိကျွမ်းခဲ့တာ ၁၉၈၀ လောက်ကတည်းကဗျ။ အစ်မရယ်လို့ ပေါ်မလာခင် ရှစ်နှစ်လောက် စောတယ်ပေါ့ဗျာ။

သည်နှစ် ဇန္န၀ါရီ ၂၄ ရက်နေ့က ကွယ်လွန်သွားတဲ့ ငယ်သူငယ်ချင်းနဲ့ ပတ်သက်ပြီး သိခဲ့တာပ။ အဲဒီ့သူငယ်ချင်း အိမ်ထောင်ကျစက သူ့အိမ်ရှေ့မှာ ဆိုင်တန်းလေး တတန်း ဆောက်ပြီး ငှားစားတယ်။ နှစ်ခန်းမှာကျတော့ ကုန်စုံဆိုင်ဖွင့်တယ်။ အဲဒီ့ကုန်စုံဆိုင်မှာ အိမ်တော်ဝန်က ဆိုင်တာဝန်ခံလိုလို၊ ဆိုင်ထိုင်လိုလို နေခဲ့တာလည်း ရှိပါတယ်။ တကယ်တော့ သူက ကျနော်တို့ထက် ကြီးပါတယ်။ အနည်းဆုံး ၇ နှစ်၊ ၈ နှစ်တော့ ကြီးမှာပါ။

အဲဒီ့ကတည်းက ကျွန်တော် ရိပ်စားမိခဲ့ပါတယ်။ သူ့အတွက် နေရာတနေရာကို ဖွေရှာနေတယ်ဆိုတာပါ။ ခက်တာက သူက လူတေလူရွတ်ဆိုတော့ ကျောင်းစာဘက်လည်း မဖြစ်မြောက်ခဲ့၊ အရက်ကလေးကလည်း ကြိုက်တော့ အလုပ်အကိုင်လည်း အတည်တကျ ဖြစ်မလာ။ သို့သော် ရွယ်တူတန်းတူတွေ အလုပ်နဲ့ အကိုင်နဲ့၊ သားနဲ့ မယားနဲ့ ဖြစ်လာတာကို မြင်ရတဲ့အခါ သူ့ရင်ထဲ ဘယ်ချိပါ့မလဲ။ အဲတော့ သူ့အတွက် လူ့လောကမှာ တနေရာက အင်မတန် အရေးကြီးတာပေါ့။

သူငယ်ချင်းရဲ့ဆိုင်မှာ သူ့ကို ထိုင်စရာ နေရာ ပေးထားတော့ သူလည်း အလုပ်ဖြစ်နေတာမို့ အဲဒီ့မှာ အမြဲလို တွေ့ရတာပါ။ ဒါပေမယ့် အဲဒီ့ဆိုင်လည်း သိပ်တာရှည် မခံလိုက်သလို သူလည်း ဘုံပျောက်သွားခဲ့လေရဲ့။

အဲလို ရေးပြီးမှ တည်းဖြတ်နေရင်းနဲ့ နည်းနည်း ဇဝေဇ၀ါ ဖြစ်သွားတာက သူက အရင် အဲဒီ့ဆိုင်က ပျောက်သွားတာလား၊ အဲဒီ့ဆိုင် မရှိတော့တာက အရင်လားဆိုတာပါပဲ။ မေးရအောင် သူငယ်ချင်းကလည်း မရှိတော့ဘူး။

သူငယ်ချင်းရဲ့ဆိုင်မှာ သူ အဲလို ထိုင်နေတုန်း သူ့အစ်ကိုရင်းတယောက်နဲ့လည်း တခြား တနေရာမှာ အမှတ်မထင် ဆုံဖြစ်သွားရာက၊ ပေါင်းဖြစ်၊ သောက်ဖြစ်ခဲ့သေးတယ်။ အဲဒီ့မှာ သတိထားမိတာကတော့ သူတို့ ညီအစ်ကိုတတွေရဲ့ စရိုက်တွေက နည်းနည်း ဆန်းတယ်၊ ဒါမှမဟုတ် ထူးခြားတယ်လို့ပေါ့။

အဲလိုကနေ ကာလရွေ့လျောသွားတဲ့အခါ အစ်မ ပေါ်လာတယ်။ အိမ်တော်ဝန့် ခမည်းတော်ကြီးက ခေတ်ဟောင်း နိုင်ငံရေးသမား သခင်ကြီး။ အဲဒီ့ သခင်ကြီးကလည်း အဆန်း။ အသက် ၈၀ ကျော်တဲ့အထိ ပုဆိုးမ၀တ်ဘဲ ဂျင်းဘောင်းဘီ ၀တ်တဲ့သူ ခင်ဗျ။ အစ်မ ပေါ်လာချိန်မှာ အဲဒီ့ ခမည်းတော်ကြီးအပါအ၀င် တက်ကြွသူ ၈၀ % ဟာ အစ်မကို ထောက်ခံ ပံ့ပိုးသူတွေ ဖြစ်ကုန်ကြတယ်။ ဒါနဲ့ ခမည်းတော်ကြီးက သူ့သား အပေအတေကို အစ်မရဲ့ အိမ်မှာ လိုအပ်နေတဲ့ လက်တိုလက်တောင်း တာဝန်ကို အပ်နှင်းလိုက်ပုံပါပဲ။

အိမ်တော်ဝန်အတွက် ရေငတ်တုန်း ရေတွင်းထဲ ကျသွားတာပေါ့ဗျာ။ သူ့အတွက် တစ်နေရာ ရပြီလေ။

ကျွန်တော်က ၁၉၈၈ ကနေ ၂၀၀၃ အထိ ခြံအမှတ် ၅၄ ကို ဥဒဟို ၀င်ထွက်သွားလာနေခဲ့ဖူးပါတယ်။ အလုပ်တာဝန် အရပါပဲ။ အဲလို ၀င်ထွက်နေတဲ့အခါ မိတ်ဆွေဟောင်းကြီးကို တွေ့သပေါ့။ ကျွန်တော့်ကို အဝေးက လှမ်းပြုံးပြ။ တစ်ခါတစ်လေ သူနဲ့ ဆုံရင် ကျွန်တော့်ထုံးစံအတိုင်း သူ့ကို ဖက်လှဲတကင်း နှုတ်ဆက်၊ နောက်ပြောင် ပြောဆို။ သူက ပြုံးတဲ့အခါ ပြုံး၊ ရယ်တဲ့အခါ ရယ်။ လူထူရင်တော့ သူ လှစ်ခနဲ ပျောက်သွားပြီ။

အဲဒီ့မှာ သူ့ခမည်းတော်ကြီးကိုပါ ရင်းနှီးခွင့် စကားပြောခွင့် ရလာတယ်။ သည်အခါ သူတို့ ညီအစ်ကိုတင် ဆန်းတာ၊ ထူးခြားတာ မဟုတ်ဘူး။ သူ့ခမည်းတော်ကြီးပါ ဆန်းတယ်၊ ထူးခြားတယ်လို့ ကျွန်တော့် စိတ်ထဲ ခံစားခဲ့ရသဗျို့။

အစ်မ အကျယ်ချုပ်ကျခံနေရချိန်မှာ သူက အစ်မရဲ့ စားရေးသောက်ရေးအတွက် ၀ယ်ခြမ်း ချက်ပြုတ်တဲ့ တာဝန်ကို ဦးလည်မသုံ ထမ်းရွက်ခဲ့တာကတော့ မှတ်တမ်းတင်စရာပေါ့ဗျာ။ သည်လောက် နှစ်တွေ အကြာကြီးမှာ မညည်းမညူ လုပ်ပေးခဲ့တာပါ။ သံဆူးကြိုးတွေ ကာထားလို့ ကားမဖြတ်နိုင်တဲ့ လမ်းပေါ် အိမ်တော်ဝန်တယောက် အိတ်ကလေးတွေ ဆွဲပြီး ငိုက်စိုက်ငိုက်စိုက်နဲ့ သွားလာနေတာ ခုပြော ခုပြန်မြင်ပါသေးတယ်။ တွေ့လို့ နှုတ်ဆက်လည်း သူက ပြုံးပေါ့။

ကာလတွေကို ခြုံ့လိုက်ကြရအောင်ဗျာ။ ၂၀၀၃ ခုနှစ်နောက်ပိုင်းမှာ ကျွန်တော်နဲ့ အဲဒီ့လောကနဲ့ ဘာဆို ဘာမှ မပတ်သက်တော့ဘူး။ သတင်းဖွေရှာသူလည်း မဟုတ်တော့တာမို့ ရာဇ၀င်ထဲမှာ ၅၄ ကို ထားခဲ့ပါတယ်။

koni
ရှားရှားပါးပါး၊ အိမ်တော်ဝန်ကိုနီပါတဲ့ ပုံလေးတပုံ အင်ထနက်ထဲက ရပြန်ပါတယ်။ ၂၀၁၀ နိုဝင်ဘာ ၁၀ ရက် အစ်မ လွတ်တဲ့နေ့က ပုံပါပဲ။ အစ်မရဲ့ ဘယ်ဘက်က ကိုခွန်သာ၊ ဦးဉာဏ်ဝင်းတို့အပြီး  ဆံပင်ဖြူနဲ့ မျက်နှာတခြမ်းလှည့်ထားတဲ့သူဟာ အိမ်တော်ဝန် ကိုနီပါပဲ။ Photo: AP

ဒါပေမယ့် ကမ္ဘာကြီးက ကျဉ်းလေတော့ အဲဒီ့ခြံထဲ အမှတ်မထင် ပြန်ရောက်သွားရသေးတယ်။ ပထမအကြိမ်က ကမ္ဘာကျော်မမကြီး လာလည်တုန်းကပေါ့။ အဲတုန်းကတော့ အဲဒီ့ ခြံထဲမှာ ဘာမှ မဖြစ်ပါဘူး။ မဖြစ်ဆို ကျွန်တော်က ကမ္ဘာကျော် မမကြီးရဲ့ အထူးယာဉ်တန်းနဲ့ အမြိုင့်သား ပါသွားတာကိုး။

 

ဖြစ်တာက အိမ်ထဲမှာ။ အိမ်တော်ဝန်နဲ့တော့ မဟုတ်ဘူး။ ကျွန်တော်နဲ့လည်း မဟုတ်ဘူး။ ကမ္ဘာကျော် မမကြီးတို့ဘက်က တာဝန်ရှိသူတစ်ဦးနဲ့ အမည်မဖော်လိုတဲ့ အဲဒီ့ဘက်က တာဝန်ရှိသူတွေနဲ့ကြားမှာ အချေအတင်တွေ ပြောကြရတာ။ ကျွန်တော်က အနေသာကြီး။ အနေသာကြီးသာဆိုတယ် ဖြစ်တာက အစည်းအဝေးခန်းထဲ ကျွန်တော့်ကို အ၀င်မခံတဲ့ ကိစ္စ။ ဟိုဘက်ကလည်း ကျွန်တော် ၀င်ကို ၀င်မှ ရမယ်၊ သည်ဘက်ကလည်း အ၀င်ကို မခံဘူး။

အစ်မတယောက်တည်းနဲ့ဆိုရင်တော့ ဟုတ်ပါတယ်။ အစ်မက အင်္ဂလိပ်စကားကို မွှတ်နေအောင် ပြောနိုင်တာ ကမ္ဘာသိပဲလေ။ ဒါပေသည့် အစ်မနဲ့အတူ ဦးတင်ဦးအပါအဝင် တခြား “ဘောင်းဘီချွတ်” (ဒါကို နောက်ပိုင်းမှာ ရှင်းပြထားပါတယ်) ဘိုးတော်တချို့လည်း ရှိနေပါတယ်။ သူတို့ပါ ပါနေတာမို့ ဟိုဘက်က ကျနော်ပါ ဝင်ရောက်ရေးကို အကြောက်အကန် ပြောနေတာပါ။ သည်ဘက်ကကျတော့ အစ်မက အင်္ဂလိပ်လို တတ်တယ်။ အစ်မပဲ ဘာသာပြန်မယ်ပေါ့။ ကျနော် တလုံးမှ ဝင်မပြောပါဘူး။ သူတို့ပြဿနာ သူတို့ဘာသာ ရှင်းကြပါစေ။ ကျနော်က အနေသာကြီးပါ။

ကျွန်တော် နေသာတာက ရှင်းတယ်။ ၀င်ရရင် ကျွန်တော် အလုပ်လုပ်ရမယ်၊ မ၀င်ရရင် အလုပ်လုပ်စရာ မလိုဘူး၊ ငုတ်တုတ် ထိုင်နေရုံ၊ အေးဆေးပဲ။ အလုပ်လုပ်ရတာကိုလည်း ကြိုက်တယ်၊ မလုပ်ရဘဲ ထိုင်နေရင်း ပိုက်ဆံရတာတော့ ပိုကြိုက်သပေါ့ဗျာ။ ဟဲ… ဟဲ…

ဒါပေမယ့် လုပ်ထုံးအရ နှစ်ဘက်စလုံးမှာ စကားပြန် ရှိရတယ်။ တစ်ဖက်တည်းရဲ့ စကားပြန်ကို ထားရှိခြင်းကြောင့် ရေရာခိုင်လုံမှုကို ကျန်တစ်ဖက်က ဘယ်လိုနည်းနဲ့မှ ပြန်အတည် မပြုနိုင်တော့ဘူး။ စကားပြန် မရှိတဲ့ဘက်မှာ နစ်နာတယ်။ ဒါကို နားလည်ပြီး တစ်ကမ္ဘာလုံးမှာ သည်တိုင်းသာ ကျင့်သုံးလာခဲတဲ့ ကမ္ဘာကျော် မမကြီးတို့ဘက်က တာဝန်ရှိသူဟာ သည်ကိစ္စကို အစာမကျေဘူး။ ဒါ့ကြောင့် အချေအတင် ပြောတာပါ။

ဘာသာပြန် သဘာဝ စကားချပ်

စကားပြန်လို့သာ ပြောရတယ်။ စကားပြန်အမျိုးမျိုး ရှိပါတယ်။ တချို့ စကားပြန်တွေက တဖက်နားမှာ ခါးမယ့် စကားတွေကိုဆိုရင် ကျော်သွားတာတို့၊ စကားလုံး ပြောင်းတာတို့ လုပ်တတ်ကြတယ်။ ဥပမာဗျာ၊ အာဏာရှင်အစိုးရလို့ အင်္ဂလိပ်လို ပြောလိုက်တာကို တပ်မတော်အစိုးရလို့ ပြောင်းလိုက်တာမျိုးပေါ့။

တချို့စကားပြန်၊ အထူးသဖြင့် ခုကာလ ငယ်ရွယ်သူ စကားပြန်တွေကတော့ အင်္ဂလိပ်စကားလုံးတွေ တင်းကြမ်းညှပ်ပြီး ပြန်တာပါ။ ဘာသာပြန်တာကို မဟုတ်တော့ဘူး။ အင်္ဂလိပ်စာလုံးတွေနဲ့ ဗမာဝါကျ တည်ဆောက်နေကြတာပါ။ မြန်မာလိုကနေ အင်္ဂလိပ်လို ပြန်ပြောတဲ့အခါကျရင်လည်း ကပေါက်တိ ကပေါက်ချာတွေ လုပ်တတ်ကြပါတယ်။

တချို့ကကျတော့ ထင်ရာပြောတာ။ အဲဒါ ကိုယ်တွေ့ ကြုံဖူးပါတယ်။ ထိပ်သီးတွေ့ဆုံပွဲတခုမှာ မြန်မာဘက်က သူပဲ ပြန်မယ်လို့ အင်မတန် ဂိုက်ဆိုက်ကောင်းတဲ့ ပုဂ္ဂိုလ်က ပြောပါတယ်။ သူက ကျနော့်ကို သူနဲ့ အဖက်မတန်သလို ဆက်ဆံတတ်တဲ့သူ။ ပြန်ပေါ့။ ကိုယ်တောင် သက်သာသေးဆိုပြီး လွှတ်ပေးထားလိုက်တယ်။

ကျနော်က ထုံးစံအတိုင်း မှတ်စုစာအုပ် ကိုင်ခဲတယ်။ အာရုံစိုက် နားထောင်ပြီးသာ ပြန်ပြောတာ။ ဟိုကိုယ်တော်က မှတ်စုစာအုပ်နဲ့။ ကျနော်နဲ့ ဘေးချင်းကပ်ထိုင်နေတာဆိုတော့ သူ့မှတ်စု စာအုပ်မှာ ဘာတွေ ရေးနေလဲလို့ မသိမသာ ကြည့်လိုက်တော့ လား… လား… အရုပ်တွေ လျှောက်ဆွဲနေတာ ခင်ဗျ။ အဲ… မြန်မာလိုကနေ အင်္ဂလိပ်လို ဘာသာလည်း ပြန်ရော၊ မူရင်းပြောတာက တခြား၊ သူပြန်ဆိုတာက တလွဲဖြစ်နေတာနဲ့ ကျနော်လည်း မနေနိုင်တော့ဘူး၊ ကိုယ့်ကို ငှားလာသူ ဆက်ဆွေးနွေးနိုင်အောင် တဖက်က ဘာပြောတယ်ဆိုတာ အမှန်အတိုင်း ပြန်တည့်ပေးခဲ့ရဖူးပါတယ်။ မစ္စတာ ဂိုက်ပေးကြမ်းကိုလည်း အားနာမနေအားတော့ပါဘူး။

ဒါ့ကြောင့် နှစ်ဖက် တွေ့ရင် ဘာသာပြန်နှစ်ယောက်လိုတာပါ။

ကိုနီ့အကြောင်း ရေးခဲ့ဖူးတဲ့ လက်စ ပြန်ဆက်ရင်…

မရပါဘူး။ နောက်ဆုံးတော့ ကမ္ဘာကျော် မမကြီးတို့ဘက်ကပဲ လျှော့ပေးလိုက်ရပါတယ်။ ကျွန်တော်ကတော့ ဖိုးကျိုင်းတုတ်ပေါ့။

နောက်တခါကျတော့လည်း အဲသလိုပဲ၊ ကမ္ဘာကျော်မမကြီးတို့နဲ့ မဟာမိတ်တွေထဲက ပုဂ္ဂိုလ်ကြီးတယောက် အတွက် ကျွန်တော် လိုက်ပါပေးရမှာ။ ကျွန်တော့်ကို ငှားပြန်တယ်။ ဒါပေမယ့် သည်တစ်ခါတော့ ယာဉ်တန်းနဲ့ မဟုတ်ဘူး၊ သူတို့နဲ့ ကျွန်တော်နဲ့က အဲဒီ့ ၅၄ ၀င်းထဲမှာ သွားဆုံရမှာ။

အဲဒီ့မှာ ငြိတော့တာပဲ။ အိမ်တော်ဝန်က အဲဒီ့အချိန်မှာ တံခါးမှူး ဖြစ်နေတယ်။ သူက ကျွန်တော့်ကို တခါမှ မသိခဲ့ဖူးတဲ့ ပကတိ သူစိမ်းပြင်ပြင်လို ဆက်ဆံတယ်။ မျက်နှာကျောတင်းနေတယ်။ ကျွန်တော်က သက်ဆိုင်ရာ တာဝန်ကို ပြောလိုက်တော့ ခြံထဲတော့ ၀င်ခွင့်ရတယ်။ ဒါပေသည့် မည်ကဲ့သို့ လုပ်လိုက်လေသည် မသိပေါ့ ခင်ဗျာ။

သူတို့ဘက်က စစ်ဆေးရေးတွေ ရောက်လာတယ်။ ကျွန်တော့်ကို ပုလိပ်စစ် စစ်တယ်။ ခက်တာက လာစစ်တဲ့သူတွေကလည်း တချိန်က ကျွန်တော်နဲ့ သိနေ၊ စကားပြောနေ၊ ခင်မင်ရင်းနှီးခဲ့ဖူးသူတွေ။ ခုကျတော့ ပကတိ သူစိမ်းများပမာ။ အဲဒီ့ထဲက တစ်ယောက်ဆို သောက်ဖော် သောက်ဖက်။ စောစောက ပြောတဲ့ သူငယ်ချင်းရဲ့ အိမ်နဲ့ ဆိုင်တန်းကို ပုံစံချ၊ ရေးဆွဲ၊ တည်ဆောက်ပေးခဲ့တဲ့ သူ။ သူကကျတော့ လူရည် အလွန်လည်တယ်။ ကျွန်တော့်ကို အဝေးက နှုတ်ဆက်ပြီး ရှောင်ထွက်သွားတယ်။ အိမ်တော်ဝန်ကလည်း တံခါးဝမှာ မျက်နှာထားတင်းတင်းပဲ။ အဲဒီ့နေ့က သင်္ကြန်အကြိုနေ့ကြီး။ ဇယားတွေ ရှုပ်နေကြတယ်။ ကာလက ကြားဖြတ်ပြီးတဲ့အချိန်။ ကြက်တူရွေး ဖြစ်သွားတဲ့အချိန်လို့ ဆိုကြပါစို့ရဲ့ဗျာ။ အဲတော့ မယ်ဘော်တွေကလည်း တအားမော့နေတာ မြင်လာရတယ်လို့ပဲ တိုတို ဆိုကြပါစို့ရဲ့။

12191082_10208465093688734_5269069022650432757_n
ဓာတ်ပုံက ကျနော့်လက်နဲ့ ရိုက်ခဲ့တဲ့ ပုံပါ။ အမြင့်မှာ ထိုင်နေတာက ဝတ်လုံ ဦးထွန်းတင်နဲ့ ဦးကြည်မောင်ရဲ့ ဇနီး၊ မဆလ ဒုဝန်ကြီးချုပ် ဦးလွင်ရဲ့ နှမအရင်း၊ ဒေါ်စုစုလွင်နဲ့ သမ္မတဟောင်း ဦးထင်ကျော်တို့ရဲ့ အရီးလေး အန်တီကြည်တို့ ဖြစ်ပါတယ်။ အန်တီကြည့် ဒူးပေါ်မှီနေသူက အစ်မရဲ့ ပထမဆုံး ကိုယ်ရေးအရာရှိအဖြစ် ၁၉၈၈ ခုနှစ်မှသည် ၁၉၈၉ ခုနှစ် ဇူလိုင် ၂၀ ရက်အထိမ်းသိမ်းမခံရခင်အထိ ဆောင်ရွက်ခဲ့သူ ပန်းချီဆရာမ၊ စာရေးဆရာမ မသိင်္ဂီဖြစ်ပြီး သူ့ဘေးက သခင်အုန်းမြင့် ဖြစ်ပါတယ်။ ရှေ့ဆုံးက ပြုံးနေသူက သခင်ကိုယ်တော်မှိုင်း ဂူဗိမာန်ကို ပုံစံချ ရေးဆွဲခဲ့တဲ့ ပိသုကာ ဦးကျော်မင်းပါ။ ပုံထဲက ငါးယောက်မှာ မသိင်္ဂီတယောက်က လွဲရင် ကျန်သူတွေ လူ့ပြည်မှာ မရှိတော့ပါဘူး။ သည်ပုံထဲမှာ တတ်သိ ၃ ယောက်ပါတယ်လို့ ဆိုနိုင်ပါလိမ့်မယ်။ ဦးထွန်းတင်၊ သခင်အုန်းမြင့်နဲ့ ဦးကျော်မင်းတို့ပါပဲ။

သည်လူနဲ့ သည်လူတွေ မသိကြတာလည်း မဟုတ်၊ မခင်ကြတာလည်း မဟုတ်။ ခုကျတော့ လုပ်ပေါက်တွေကို တော်တော် စက်ဆုပ်လာတယ်။ တော်တော် အချေအတင် ပြောယူလိုက်တော့မှ နောက်ဆုံးမှာ ကျွန်တော့်ကို သစ်ပင်ရိပ် တရိပ်မှာ စောင့်ခွင့် ပေးလိုက်ကြတယ်။ အဓိကကတော့ ကျွန်တော်က နံပါတ်နက် အငှားယာဉ် တစီးနဲ့ သွားမိတာပါပဲ။ နံပါတ်ဖြူကားနဲ့တုန်းက ကြိုက်သလို ၀င်ထွက်နိုင်ခဲ့ဖူးပေမယ့် နံပါတ်နက်နဲ့ကျတော့ အသားအရောင် ခွဲခြားခံရတဲ့ လူမည်းလို ဖြစ်နေတာ တွေးမိပြီး ပြုံးမိရသေးတယ်။

 

နောက်တော့လည်း ကျွန်တော့်ကို မှာထားတဲ့ အဖွဲ့တွေ ရောက်လာ။ ထုံးစံအတိုင်း ကျွန်တော့်ကို ဆွေးနွေးပွဲထဲ အ၀င်မခံ၊ ကျွန်တော် ငုတ်တုတ်ထိုင်။ သို့သော် အဲဒီ့အဖွဲ့နဲ့အတူဖြစ်သွားချိန်မှာ စောစောက ကျွန်တော့်ကို မောက်မာခဲ့သူတွေရဲ့ မျက်နှာတွေက မျက်နှာသေတွေဖြစ်ကုန်ပြီ။ စောစောက အာဏာပါဝါတွေ ပြခဲ့တာ သူတို့ပဲ မဟုတ်တဲ့အတိုင်း။

ကျွန်တော်က နောက်တနေရာ ဆက်လိုက်ရဦးမှာမို့ စီးလာတဲ့ အငှားယာဉ်ကို ပြန်လွှတ်ပြီး သူတို့တွေရဲ့ ကားနဲ့ ပြန်လိုက်တယ်။ ထွက်တော့ တံခါးမှူး အိမ်တော်ဝန်ကို အပေါက်မှာ တွေ့တယ်။ မျက်နှာထားကတော့ တင်းတင်း၊ မေးကလည်း ခပ်မော့မော့။ ကျွန်တော့်ကို မျက်လုံးလွှဲထားတယ်။

အဲဒါ သူနဲ့ ကျွန်တော် နောက်ဆုံး တွေ့တာပါပဲ။

ဒီချုပ်ရဲ့ မူလဘူတ

အခု NLD ရယ်လို့ အားလုံးသိနေတဲ့ အဖွဲ့ကြီးကို တချိန်က “ဒီချုပ်”လို့ ခေါ်ခဲ့ကြပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို အတိုကောက် ခေါ်ကြတာပါ။ အခုကာလ ၃၀ တန်း လူငယ်လူရွယ်တွေအနေနဲ့က ဒီချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် ခွဲလို့ မရတာမို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖွဲ့၊ ဒေါ်စုရဲ့ ပါတီလို့ပဲ သိထားကြမှာပါ။

တကယ်တော့ ဒီချုပ်ရဲ့ အမြုတေဟာ ၁၉၈၈ ခုနှစ် အရေးအခင်းအတွင်းမှာ ပေါ်ပေါက်လာတဲ့ အင်အားစု သုံးခု ဖြစ်တဲ့ အောင်-စု-တင် သုံးဖွဲ့ပေါင်းပြီး ၁၉၈၈ ခုနှစ် နှစ်ကုန်ပိုင်းမှာ စတင်ဖွဲ့စည်းခဲ့တာပါ။

အောင်စုတင်ဆိုတာက ဗိုလ်ချုပ်အောင်ကြီး အဖွဲ့၊ ဒေါ်စုအဖွဲ့၊ ဗိုလ်ချုပ်တင်ဦး အဖွဲ့သုံးဖွဲ့ပေါ့။ ဗိုလ်ချုပ် အောင်ကြီးအဖွဲ့မှာက ၁၉၇၄ ခုနှစ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရရယ်လို့ ဖြစ်မလာခင် ဗိုလ်နေဝင်းရဲ့ တော်လှန်ရေး ကောင်စီလက်ထက်မှာ တပ်က ထွက်သွားခဲ့ကြရတဲ့ တပ်မှူးတွေ၊ စစ်ဗိုလ်တွေ ပါဝင်ပါတယ်။ အခု သည်ကြားဖြတ်အစီရင်ခံစာကို မနေနိုင်မထိုင်နိုင် ထရေးဖြစ်စေတဲ့ ရာပြည့်ပွဲကို ရည်စူး ကျင်းပသူ ဦးကြည်မောင်ဟာ တော်လှန်ရေးကောင်စီက အဦးဆုံး ထွက်သွားတဲ့ ဗိုလ်မှူးကြီးဖြစ်သလို အောင်-စု-တင်မှာ အောင်ဆိုတဲ့ ဗိုလ်အောင်ကြီး ဂိုဏ်းကပါပဲ။

ဒေါ်စုအဖွဲ့မှာတော့ “တတ်သိပညာရှင်”ဆိုတဲ့ တပ်က မဟုတ်သူ အရပ်သားများ ပါဝင်ပါတယ်။ ဟံသာဝတီ ဦးဝင်းတင်၊ ဝတ်လုံတော်ရ ဦးထွန်းတင်၊ စာရေးဆရာတွေထဲက မောင်သော်က၊ မောင်ဝံသ၊ မောင်မိုးသူ၊ အထက်မှာ ကျနော်ပြောခဲ့တဲ့ ပိသုကာ ဦးကျော်မင်း၊ ဦးခင်မောင်ဆွေ၊ ဓာတ်ရှင်မင်းသား အောင်လွင်၊ ဦးဟံသာမြင့်စတဲ့သူတွေဟာ ဒေါ်စုရဲ့ “တတ်သိအဖွဲ့”ထဲက ပုဂ္ဂိုလ်တွေပါ။

ဦးတင်ဦးအဖွဲ့မှာတော့ ၁၉၇၄ ခုနှစ် ဆိုရှယ်လစ်အစိုးရ လက်ထက်မှာ တပ်ကထွက်ရတဲ့ တပ်မှူးတွေ၊ စစ်ဗိုလ်တွေ ပါဝင်ပါတယ်။ ဦးအောင်ရွှေ၊ ဦးလွန်းတင် စသူများဟာ တော်လှန်ရေးကောင်စီလက်ထက် ကတည်းက တပ်ထဲမှာ ရှိခဲ့ကြပေမယ့် တပ်ကထွက်တာ၊ ဒါမှမဟုတ် ဗိုလ်နေဝင်းနဲ့ ခွာပြဲတာကျတော့ ၁၉၇၄ နောက်ပိုင်းမှပါ။ သူတို့ကိုတော့ တချို့က “ဘောင်းဘီချွတ်တွေ”လို့ ခေါ်ခဲ့ကြပါတယ်။

1988-burmese-opposition-l-014
၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၃ ရက်နေ့ ကျောင်းသားသမဂ္ဂ ပြန်လည်ဖွဲ့စည်းရေး ဆွေးနွေးပွဲက ပုံဖြစ်ပါတယ်။ ရှေ့ဆုံးတန်းက ဦးနု၊ ဒေါ်စုနဲ့ သူရဦးတင်ဦးတို့ပါပဲ (အဲဒီ့အချိန်က ဦးတင်ဦးဆီက သူရဘွဲ့ကို စစ်တပ်က ပြန်မသိမ်းသေးပါဘူး။)

အဲဒီ့အချိန်က နောက်ထပ် အင်အားစုတခု ကျန်ပါသေးတယ်။ အဲဒါကတော့ ဦးနုရဲ့ အဖွဲ့ပါပဲ။ မူလတုန်းက ဦးတင်ဦးရဲ့ ဘောင်းဘီချွတ်အုပ်စုဟာ ဦးနုနဲ့ တဖွဲ့တည်း ဖြစ်ခဲ့ပေမယ့် ဘာဖြစ်တယ်တော့ မသိဘူး။ ဒီချုပ် ဖွဲ့ချိန်မှာ ဦးတင်ဦးအစုဟာ အောင်-စုနဲ့ ပူးပေါင်းလိုက်ပါတယ်။ ၈၈ အရေးအခင်း အရှိန်တက်နေချိန် အတွင်းမှာ ဦးနုရဲ့ “ကမ္ဘာဆုံးတိုင် ဝန်ကြီးချုပ်”ဆိုတဲ့ ကြွေးကြော်သံနဲ့အတူ စင်ပြိုင်အစိုးရ သဘောမျိုး ကြေညာလာတာကို တွေ့ရပြီးတဲ့နောက် ဦးနုအဖွဲ့ဟာ ရဲဘော်သုံးကျိတ်ဝင် ဗိုလ်မှူးအောင်နဲ့အတူ ထီးတည်း ကျန်ရစ်ခဲ့ပါတယ်။

 

နှမျောစရာ့ ၁၉၈၈

၈၈ အရေးအခင်းကို ပြန်ငဲ့စောင်းကြည့်တဲ့အခါ အင်မတန် ရင်နာစရာ ကောင်းလှပါတယ်။ ရင်နာစရာ ကောင်းဆို မြန်မာ့သမိုင်းမှာ တခါဖူးမှ မရှိခဲ့ဖူး၊ နောင်လည်း ဘယ်တော့မှ ရှိလာစရာ အကြောင်းမရှိနိုင်တော့တဲ့ တပြည်လုံးက လူထုလူတန်းစားပေါင်းစုံ ပါဝင်ခဲ့ရာ အရေးတော်ပုံကြီးမို့ပါ။ လူထုက မဆလရဲ့ ဒဏ်ကို ဘယ်လိုမှ မခံနိုင်တော့တဲ့အဆုံး တညီတညွတ်တည်း ဆန့်ကျင်ခဲ့ကြတဲ့ ပွဲပါပဲ။ အမှန်တော့ သည်အရေးတော်ပုံဟာ တပါတီ အာဏာရှင်စနစ်ကိုသာမက စစ်အာဏာရှင်စနစ်ကိုပါ အပြီးတိုင် ဖြိုလှဲနိုင်ရမယ့် အုံကြွမှုမျိုးဖြစ်ပါတယ်။

အဟဲ… (မချိလို့ ရယ်သံအဖြစ် မှတ်ယူတော်မူကြပါကုန်။) ဒါပေမယ့် သိတယ် မဟုတ်လား။ ရွှေမြန်မာတွေလေ၊ ဗိုလ်လုပ်ချင်တဲ့သူတွေနဲ့သာ ပြည့်နှက်နေတာပါ။ ဝေးဝေးမပြောပါနဲ့။ အဲဒီ့အချိန်က ကျနော်နေထိုင်တဲ့ အမေ့အိမ် ရှိရာ ရန်ကုန်မြို့လယ် ၃၉ လမ်း အထက်လမ်းဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ့ အနော်ရထာလမ်း ကြားက လမ်းတိုလေးမှာတင် အဖွဲ့က ၄ ဖွဲ့ ကွဲနေခဲ့ပါတယ်။ ဗိုလ်ချုပ်လမ်းထိပ်ဖက်မှာ တဖွဲ့၊ အနော်ရထာ ထိပ်ဖက်က တဖွဲ့၊ အလယ်မှာက နှစ်ဖွဲ့ ခင်ဗျ။

အဲဒီ့လမ်းကလေးမှာတောင် အဲလိုတွေ ဖြစ်နေရင် တပြည်လုံးအတိုင်းအတာနဲ့သာဆို တွေးသာ ကြည့်ကြပါတော့။

သည်ကြားထဲ ခေါင်းဆောင်တွေကလည်း တယောက်မကဘူး။ အခု ကျနော် ရေးပြခဲ့တာပဲ ကြည့်ပါဦး။ အထင်ကရ လေးဦးကို ဝါစဉ်အတိုင်း ရေးပြရရင် ဦးနု၊ ဗိုလ်အောင်ကြီး၊ ဗိုလ်တင်ဦး၊ ဒေါ်စုဆိုပြီး ခေါင်းဆောင် ၄ ယောက် ဖြစ်နေပါတယ်။ အဲသလိုပဲ နောက်လိုက် နောက်ပါကလည်း ၄ စု ကွဲနေတော့တာပေါ့။

စုစည်း ညီညွတ်တဲ့ အင်အားနဲ့ အာဏာရှင်စနစ်ကို အမြစ်က လှန်ပြီး ဖြိုချဖို့ထက် ဗိုလ်လုပ်ဖို့ဘက်ကို အားလုံးက ပိုအားသန်နေခဲ့ကြတယ်လို့သာ ကျနော် မြင်မိရပါတယ်။ နယ်ချဲ့ကို တွန်းလှန်ခဲ့ပြီး လွတ်လပ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ အဲဒီ့ ၄ ယောက်ထဲက ဝါအရင့်ဆုံး ဦးနုပင်လျှင် နိုင်ငံရေးဝါး (အသံထွက်က နိုင်ငံရေးပါး) မဝတာပဲလား၊ အတွက်အချက်မှားတာပဲလားတော့ မသိဘူး၊ အဲဒီ့အချိန်မှာ ညီညွတ်သော အင်အားကို တည်ဆောက်ဖို့ စိတ်ကူး ရှိခဲ့ပုံမရဘူး။

အဓိကကတော့ သည်ခေါင်းဆောင် ၄ ဦးအပြစ်ထက် သူတို့ကို မြှောက်ထိုးပင့်ကော်လုပ်ကြတဲ့ နောက်လိုက် ဗိုလ်ပါ နိုင်ငံရေးသမားများက ပိုတာဝန်ရှိမယ် ထင်ပါတယ်။ ပြောပါပကော… ကျနော်နေထိုင်ရာ ဘာမဟုတ်တဲ့ လမ်းတိုလေးထဲမှာတောင် ၄ ဖွဲ့ ကွဲနေခဲ့ကြသေးတာ၊ အတော် အညှိရခက်ခဲ့တာဆိုတော့ သည် ၄ ဦးရဲ့ နောက်လိုက်နောက်ပါတွေကလည်း ကွဲချင်တိုင်း ကွဲနေလောက်တာကို မှန်းဆနိုင်ကြမယ် ထင်ပါတယ်။

ဒါကတော့ လူမျိုးစရိုက်များလားလို့တောင် တွေးမိပါတယ်။ ဗိုလ်နေဝင်း ထွက်ခါနီး နောက်ဆုံး မိန့်ခွန်းမှာ ပြောခဲ့သလို သူ့လက်အောက်က လူတွေက သူ့ကို အချက်အလက်မှားတွေ ပေးခဲ့ကြလို့ မဆလ ကျဆုံးရတာ ဆိုသလိုပါပဲ။ ခေါင်းဆောင်တွေကလည်း အောက်ခြေရဲ့ အခြေအနေကို တဆင့်ကြားနဲ့သာ အမှန်မှတ်ကြတဲ့ အခါမှာတော့ ငါမှ ငါဆိုတဲ့ အတွေးတွေ ဝင်ကုန်ကြပြီး တခြားသူဆို ဗိုလ်မထားချင်တဲ့ စိတ်တွေ ဖြစ်ကုန်ကြတယ်လို့ မြင်မိရပါတယ်။ ကျနော်လည်း သူတို့နေရာမှာ သူတို့လိုပဲ ကိုယ့်ကို သတင်းပို့သူတွေရဲ့ စကားလောက်ကိုသာ အကောင်းမှတ်နေမယ်ဆိုရင် အဲဒီ့စိတ်မျိုးနဲ့ ဖြစ်သွားမှာ မလွဲပါဘူး။

အခါတော် ပေးတာက…

အဲဒီ့ကာလမှာတော့ မျက်ဖြူဆိုက်လေ၊ ဆရာကြိုက်လေ ဆိုသလိုပါပဲ။ သည်လို မညီမညွတ်တွေ များလေလေ၊ ဗိုလ်နေဝင်း အကြိုက်ကျလေလေပေါ့။ နောက်တချက်က ဗိုလ်နေဝင်းနားမှာ စာတတ်ကြီးတယောက်ကလည်း ကောင်းကောင်းကြီး အခါပေးခဲ့တယ်လို့ ကျနော်တော့ ထင်ပါတယ်။

1-2677d901b0သူကတော့ တလ သမ္မတ ဒေါက်တာ မောင်မောင်ပါပဲ။ ၁၉၈၈ ခုနှစ် သြဂုတ်လ ၁၉ ရက်ကနေ စက်တင်ဘာ ၁၈ ရက် အာဏာသိမ်းချိန်အထိ သမ္မတ လုပ်သွားလို့ သူ့ကို “တလ သမ္မတ”လို့ ရေးလိုက်တာပါ။ သူက “ရန်ကုန်မြို့ရဲ့ သားသတ်သမား”ဆိုတဲ့ ဂုဏ်ထူးဆိုးနဲ့ အဲဒီ့အချိန်က ကျော်ကြားခဲ့တဲ့ “၁၇ ရက် သမ္မတ” ဗိုလ်စိန်လွင်ကို ဆက်ခံတဲ့ မြန်မာပြည်ရဲ့ သတ္တမမြောက် သမ္မတလည်းပဲဖြစ်ပါတယ်။

ဒေါက်တာမောင်မောင်က BA, BL, LLD နဲ့ JSD ဆိုတဲ့ ဘွဲ့ ၄ ဘွဲ့ရှင်ပါ။ ဒုတိယနောက်ဆုံး ပါရဂူဘွဲ့ကို နယ်သာလန်နိုင်ငံရဲ့ နှစ်ပေါင်း ၅၀၀ နီးပါးသက်တမ်းရှိပြီဖြစ်တဲ့ ယူထရက်(ခ်)(ထ်) တက္ကသိုလ်၊ နောက်ဆုံးပါရဂူဘွဲ့ကို အမေရိကန်နိုင်ငံရဲ့ နှစ်ပေါင်း ၄၀၀ သက်တမ်းရှိပြီဖြစ်တဲ့ နာမည်ကျော် ယေး(လ်)တက္ကသိုလ်က ရရှိခဲ့တာမို့ နှယ်နှယ်တော့ မဟုတ်ပါဘူး။ အဟဲ… ကျနော်တို့ မန္တလေးသားတွေ ဂုဏ်ဝင့်ချင် ဝင့်လို့ရအောင် ဖြည့်စွက်ပြောရရင် သူကလည်း မန္တလေးသားပါပဲ ခင်ဗျ။

သူဟာ ပါရဂူဘွဲ့ နှစ်ထပ်ကွမ်း ရခဲ့တဲ့သူဆိုတော့ သူ့စာဖတ်အားကို တွက်ဆနိုင်ပါလိမ့်မယ်။ (သူရတဲ့ ပါရဂူဘွဲ့ ၂ ဘွဲ့က ဂုဏ်ထူးဆောင်ပါရဂူဘွဲ့တွေ မဟုတ်ပါဘူး။) အဲဒီ့ခေတ်တင် မဟုတ်ပါဘူး၊ ခုခေတ်အထိပါ တကယ့် ကမ္ဘာ့အဆင့်မီ တက္ကသိုလ်ကြီးတွေက ပေးတဲ့ ပါရဂူ ဘွဲ့ရှင်တွေဟာ စာအုပ်ကို ဘီရိုလိုက် ဖတ်ကြ၊ မှတ်ကြ၊ လေ့လာကြရသူတွေပါ။ ပြည်တွင်းဖြစ် ဗုံးပေါလအော ပါရဂူဘွဲ့ရှင် အများစုလို စာဖတ်ဝါသနာ နည်းကြသူတွေ မဟုတ်ပါဘူး။ သူကိုယ်တိုင်လည်း အင်္ဂလိပ်ဘာသာနဲ့ စာအုပ် ၁၀ အုပ်နီးပါးရေးသွားခဲ့တဲ့အပြင် ဗိုလ်ချုပ်နေဝင်းနှင့် မြန်မာ့နိုင်ငံရေးဆိုတဲ့ စာအုပ်နဲ့ အမျိုးသား စာပေဆုတောင် ထိုက်ထိုက်တန်တန် (ရွဲ့သံဖြင့် ဖတ်ပါရန်) ရခဲ့တဲ့သူခင်ဗျ။

အဲလို စာဖတ်နာသူမို့ သူ့သမ္မတသက်တမ်းတိုလေးအတွင်း တိုင်းပြည်ကို ပြောတဲ့ မိန့်ခွန်းမှာ ၁၉ ရာစု စာရေးဆရာ Lord Acton ရဲ့ စကားကို ကိုးကားပြီး “အာဏာဟာ လူကိုပျက်စီးစေတတ်တယ်၊ အကြွင်းမဲ့ အာဏာဟာ အကြွင်းမဲ့ ပျက်စီးစေတတ်တယ်”တွေ ဘာတွေ လုပ်ချသွားတာပေါ့။

သည်နေရာမှာ ကျနော့်ကို ကိုယ်ရည်သွေးခွင့် ပြုကြစေလိုပါတယ်။ ၁၉၈၈ ခုနှစ် သူ အဲဒီ့မိန့်ခွန်းခြွေချိန်မှာ ကျနော် ၃၁ နှစ် မပြည့်သေးပါဘူး။ သို့သော် သူ အဲဒီ့စကား ပြောလိုက်ချိန်မှာ ဒါဟာ ကျနော် ကောင်းကောင်း ဖတ်ဖူးထားတဲ့ စာသားမှန်း ချက်ချင်း တန်းသိခဲ့ပါတယ်။

အဲတုန်းက ကွန်ပျူတာတွေ မပေါ်သေးတာမို့ ကျနော့်ဆီမှာ ရှိနေတဲ့ အကိုးအကား စာအုပ်ကို လှပ်ကြည့်တာနဲ့ Lord Acton (1834-1902) ရဲ့ Power tends to corrupt, and absolute power corrupts absolutely. ဆိုတဲ့ မူရင်းကို တန်းတွေ့ခဲ့ပါတယ်။ မူရင်းက နှစ်ဝါကျ ကျန်ပါသေးတယ်။ အခု ဖြော်ပခဲ့တဲ့ ဝါကျအဆုံးမှာ Great men are almost always bad man. (လူတော်တွေဟာ လူဆိုးတွေ အမြဲလို ဖြစ်နေတတ်တယ်) ဆိုတာအထိကိုတော့ ကျနော် အဲဒီ့ကတည်းက အလွတ်ရနေခဲ့ပါတယ်။ ဘယ်သူ ပြောတယ်ဆိုတာသာ ပြန်ကြည့်ဖို့ပဲ လိုခဲ့တာပါ။

အဲသလို ကျနော်ဖတ်ဖူးတဲ့ အင်္ဂလိပ်စာသားမှန်း တန်းသိလိုက်ခြင်းနဲ့ အတူ ကျနော်တို့အတွက် အခြေအနေ မကောင်းလှဘူးဆိုတာကိုလည်း တွက်ဆမိခဲ့ရတယ်။ အဲလို စာဖတ်နာသူတွေဟာ သာမန်လူများစုထက် အသိပညာ (knowledge) အရာမှာ သာပါတယ်။ အဲဒီ့အသိပညာကို အသုံးချပြီး အခြေအနေကို သူတို့ လိုသလို ပြောင်းယူ၊ ကိုင်တွယ်သွားလို့ ရလောက်တယ်ဆိုတာ အဲဒီ့မိန့်ခွန်းကို ကြားလိုက်ချိန်မှာ ကျနော် သတိထားမိလိုက်ပါတယ်။

ဒါပေမယ့် ကျနော်က ဘာကောင်မှ မဟုတ်ပါဘူး။ သာမန် လူထုထဲက လူတယောက်အနေနဲ့ တပြည်လုံးကို ဘယ်လိုလုပ် တပ်လှန့်နိုင်ပါ့မလဲလေ။

အဲဒီကနေ ဆန္ဒပြ ချီတက်လမ်းလျှောက်သူတွေရဲ့ ရေထဲကို အဆိပ်ခတ်တယ်ဆိုတဲ့ သတင်းတွေ ကြားရချိန်မှာ ကျနော်တွေးတဲ့အတိုင်းတော့ စလာပြီဆိုတာ ရိပ်စားမိပါတယ်။ ခေါင်းဖြတ်ပွဲတွေ လုပ်ပြီဆိုတာကို ကြားရချိန်မှာတော့ သေချာသွားပါပြီ။ ကျနော့်အတွေး မှန်တယ်ဆိုတာနဲ့ အတူ အခုအချိန်အထိ ဘယ်သူ ပြောမှန်း မမှတ်မိတော့သလို ဘယ်မှာ ဖတ်ဖူးမှန်းလည်း မမှတ်မိတော့တဲ့အပြင် ပြန်ရှာလို့လည်း မရတော့တဲ့ အနောက်တိုင်း ဒဿနပညာရှင်ရဲ့ အဆိုအမိန့်အတိုင်း စာတတ်ကြီးကတော့ လမ်းပြပေးလိုက်ပြန်ပြီလို့ ထင်မြင်ယူဆခဲ့မိရပါတော့တယ်။

အဲဒီ့အဆိုအမိန့် အတိအကျ မဟုတ်ဘဲ ကျနော်မှတ်မိနေတဲ့ သဘောသွားကတော့ “တိုင်းပြည်မှာ မငြိမ်မသက်နဲ့ ထိန်းမနိုင် သိမ်းမရဖြစ်နေပြီဆိုရင် ပိုလို့ ဆိုးလာအောင်သာ ဖန်တီးလိုက်ပါ။ အဲဒါဆိုရင် လူထုဟာ တရားဥပဒေစိုးမိုးမှုကို ပြန်လည်တောင့်တလာတော့မှာ ဖြစ်တာမို့ ထိန်းချုပ်ဖို့ လွယ်သွားမှာ”လို့ပဲ ဖြစ်ပါတယ်။ ကျနော်အမှတ်မမှားရင် ပလေတိုလား၊ အရစ္စတိုတယ်လားမသိ၊ သူတို့ နှစ်ယောက်ထဲက တယောက် ပြောခဲ့တာ ဖြစ်ပါလိမ့်မယ်။

ဗိုလ်နေဝင်းတယောက်တည်းနဲ့တော့ သည်အကြံ လွယ်လွယ်ပေါ်လာမယ် မထင်ဘူး။ အခါပေးသူ ရှိရမှာပေါ့။ သည်မှာတင် ယနေ့ထက်တိုင် ခေတ်စားနေဆဲ “ဒေါသဖြစ်နေသော လူအုပ်ကြီး”ဆိုတဲ့ ဇာတ်လမ်းကို အဲတုန်းက စစ်တပ်ထောက်လှမ်းရေးက လေးပစ်သူ ဘုရာ့ကျနော်မျိုးများအဖြစ် စခဲ့ကြတယ်လို့ ထင်ပါတယ်။ အစွယ်လိုသူက စာတတ်ပုဂ္ဂိုလ်ကြီးပေါ့ဗျာ၊ အသွားစေသူက ဗိုလ်နေဝင်းပေကိုး။ ရေထဲ အဆိပ်ခတ်သူတွေလည်း သူတို့လူ၊ အဆိပ်ခတ်ကြောင်း ဖွသူတွေလည်း သူတို့လူ၊ ခေါင်းဖြတ်အောင် လှုံ့ဆော်သူ၊ ဒါမှမဟုတ် လက်ရဲဇက်ရဲ ခေါင်းဖြတ်သူတွေလည်း သူတို့လူတွေပဲဆိုတာ သေချာလှပါတယ်။

အခါပေးကိစ္စကတော့ မြန်မာလူထု သန်း ၅၀ ထဲက သာမန်လူတယောက်သာ ဖြစ်လေတဲ့ ကျနော့်ရဲ့အတွေး သက်သက်သာမို့ မှန်ချင်မှလည်း မှန်ပါလိမ့်မယ်။ ထည့်ရေးလိုက်တာက အဲတုန်းက ဖြစ်ခဲ့တဲ့ အဖြစ်တွေ၊ အာဏာသိမ်းရခြင်း အကြောင်းရင်းက အဲသလို “မင်းမဲ့စရိုက်”တွေကြောင့်ပါလို့ စစ်တပ်က အာပေါင်အာရင်းသန်သန် ဝါဒဖြန့်တာတွေပေါ် အခြေခံ၊ ကျနော်ဖတ်ထားတဲ့ စာတွေ၊ စာတတ်ကြီး ပြောခဲ့တဲ့ စကားတွေ၊ အဲဒီ့ နောက်ပိုင်းကနေ အခုအချိန်အထိ ကြားသိနေရတဲ့ ပရမ်းပတာ အဖြစ်အပျက်အထွေထွေစတာတို့နဲ့ ချိန်ဆပြီး ဖြစ်တန်ရာ၏ဆိုတဲ့ မှန်းဆချက်သာ ဖြစ်ပါတယ်။

ကာယကံရှင်တွေ အားလုံးလည်း မရှိကြတော့ပြီမို့ မှန်မမှန်ကို ဘုရားမှသာ သိနိုင်တော့မယ် ထင်ပါတယ်။ ယနေ့ထက်တိုင် သက်ရှိထင်ရှား ရှိနေဆဲ လေးပစ်သူတို့ အဖွဲ့ရဲ့ ခေါင်ချုပ်ကြီးအဆင့်နဲ့ကတော့ သည်လောက်ထိ အသေးစိတ် သိစရာ မရှိပါဘူး။ သူက အဲဒီ့အချိန်မှာ “စေတဲ့ကျွန်၊ ထွန်တဲ့ နွား”အဆင့်မှာသာ ရှိခဲ့တာမို့ အလွန်ဆုံးမှ “အထက်အမိန့်နဲ့ လုပ်ခဲ့တာပါ”လောက်ပဲ ပြောနိုင်ပါလိမ့်မယ်။

အကယ်၍သာ…

ရွှေတွေအတွက် ဘယ် ဘယ်သောအခါမှ ဖြစ်မလာနိုင်တဲ့ အကယ်၍သာကို အားအားယားယား အာအညောင်း… အဲလေ… လက်အညောင်းခံပြီး လျှာရှည်လိုက်ချင်ပါသေးတယ်။ တကယ်လို့သာ အဲဒီ့အချိန်က ဦးနုဖြစ်ဖြစ်၊ ဦးအောင်ကြီးဖြစ်ဖြစ်၊ ဦးတင်ဦးဖြစ်ဖြစ်၊ ဒေါ်စုဖြစ်ဖြစ် တယောက်တည်းရဲ့ အင်အားစုအဖြစ် စုစုစည်းစည်း ပိုင်ပိုင်နိုင်နိုင် ရပ်တည်ပြီး ကြားဖြတ်အစိုးရဖွဲ့စည်းခဲ့ကြမယ်ဆိုရင် လူထုလည်း သွေးမြေကျစရာ အကြောင်း မရှိသလို မြန်မာ့သမိုင်းရဲ့ မကြုံစဖူး ထူးကဲလှတဲ့ အရေးတော်ပုံကြီးလည်း ရေစုံမျောသွားမှာ မဟုတ်ပါဘူး။

သို့သော်… ကျနော် ပြောခဲ့တဲ့အတိုင်း ညီညွတ်မှုတန်ဖိုးကို အားမကိုးတတ်တဲ့ လူမျိုးစရိုက်က တကြောင်း၊ ဗိုလ်နေဝင်း ရိုက်ချိုးဖျက်ဆီးခဲ့တဲ့ ၂၄ နှစ်တာ စုတ်စုတ်ပဲ့ပဲ့ ပညာရေးကြောင့်တကြောင်း ကျနော်တို့တွေဟာ ဉာဏ်နည်းခဲ့ကြပါတယ်။ ဉာဏ်ရှိသူ၊ ဆင်ခြင်တုံတရားရှိသူတွေရဲ့ အခန်းကဏ္ဍကလည်း ကွယ်ပျောက်နေတာ ကြာတောင့်ကြာခဲ့တာများ ကနေ့ထက်တိုင်ပါ။

အခုဆို ပိုဆိုးလာတယ်တောင် ထင်တယ်။ စုတ်ပဲ့ပညာရေးဒဏ်က အခုဆို ၅၄ နှစ်ကျော် ၅၅ နှစ်အတွင်း ချင်းနင်းဝင်ရောက်ခဲ့ပြီကိုးဗျာ။ ဉာဏ်ရှိသူတွေက ဘယ်လောက် ကောင်းတာပြောပြော ဆဲမယ်ဆိုတဲ့ လူအများစုနဲ့ တွေ့နေရသလိုပါပဲ။ ပြီးတော့ ကျွေးနေတဲ့ စားစရာထက် ထည့်ထားတဲ့ အိုးခွက်ပန်းကန်ကို ပိုကြည့်နေတတ်ကြတယ်။ ရွှေခွက်နဲ့ ထည့်ကျွေးတာမို့ စားဖို့ပဲ မဲနေကြတယ်၊ မှိုတက် ပုပ်အဲ့နေတာ ဘာညာကို ဂရုမစိုက်ကြတော့ဘူး။ နတ်သုဒ္ဓါပေမယ့် ဖက်နဲ့ ကျွေးတာမို့ တွင်တွင်ငြင်းပြီး ဆဲနေတဲ့သူတွေလည်း အပုံ။ အဲဒီ့ထဲမှာ နိုင်ငံခြားက ဘွဲ့ရတွေ၊ စာရေးဆရာဆိုတဲ့သူတွေတောင် ပါနေတာ တွေ့ရတော့ ရွှေပြည်ကြီးရဲ့ အနာဂတ်က ရှုမငြီးအောင် တင့်တယ်လှပနေပေတော့တာပေါ့။

အကယ်၍သာ အဲဒီ့ ၁၉၈၈ တုန်းကတည်းက ဆင်ခြင်တုံတရားအပြည့်၊ ဉာဏ်အတိနဲ့ တဦးတယောက်တည်းရဲ့ ဦးဆောင်မှုအောက်မှာ တစုတဖွဲ့တည်း ညီညီညွတ်ညွတ် တောင့်တောင့်တင်းတင်း ရှိခဲ့ကြမယ်ဆိုရင် တိုင်းပြည်ရဲ့ အခြေအနေက တမျိုးတဖုံဖြစ်ခဲ့နိုင်ပါတယ်။ ဒါ့အပြင် အခါပေးဆရာကြီးရဲ့ ကျေးဇူးတော်ကြောင့် ပေါ်ပေါက်လာတယ်လို့ ကျနော် ယူဆထားပြီး အမှန်တကယ်လည်း ဖြစ်ခဲ့တဲ့ “တန်ပြန် အဖျက်အမှောင့် လုပ်ရပ်တွေ”နောက်ကို ကောက်ကောက်ပါအောင် လိုက်ပြီး သူတို့ စွပ်စွဲ၊ အသားယူ၊ ဝါဒဖြန့်ခဲ့တဲ့ “မင်းမဲ့စရိုက်”ဆိုတာကြီးလည်း ဖြစ်လာခဲ့မှာ မဟုတ်ပါဘူး။

ခုတော့ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့သလို ပန်းတိုင် မရောက်ခင် တက်တွေ စွတ်ရွတ်ထောင်ခဲ့ကြတဲ့ အကျိုးဆက်ကို ရင်ဆီးခံနေကြရတာပါပဲ။ ကျနော်ဖြင့် အဲဒီ့ပွဲကြီး ရေစုံမျောတော့မယ်ဆိုတာကို အဲဒီ့အချိန်ကတည်းက ကြိုမြင်နေမိရင်းက ဘာမှလည်း မတတ်နိုင်ဘဲ လက်မှိုင်ချပြီး ငုတ်တုတ်ကြည့်နေခဲ့ရပါတယ်။

ရှေ့မှာ ပြောခဲ့သလိုပါပဲ။ စစ်ဗိုလ်တွေဆိုတာကတော့ အုပ်ချုပ်မှု၊ ထိန်းချုပ်မှု၊ ကွပ်ကဲမှုတွေကို မပြတ်သင်အံ လေ့ကျင့်ထားသူတွေ။ မဟာဗျူဟာ၊ နည်းဗျူဟာတွေလည်း တဖက်ကမ်းခတ် တတ်ပွန်သူတွေ။ ရန်သူ့အနေ အထားကို မှန်မှန်ကန်ကန် မဟုတ်တောင် အနီးစပ်ဆုံး တွက်ဆတတ်သူတွေပါ။

အဲဒီ့အချိန်က ဗိုလ်နေဝင်းနဲ့ အပေါင်းပါတို့ရဲ့ ရန်သူဟာ “လူထု”ပါပဲ။ အဲဒီ့ လူထုကို ကြည့်လိုက်တော့ တကွဲတပြား။ သွေးကြွနေသူတွေလည်း အများအပြား။ ဟား… ဒါအကွက်ပဲပေါ့။ ဘယ်လို ကိုင်ရင် ထိရောက်မယ်ဆိုတာ သူတို့ ကောင်းကောင်း သိနေမှာ မလွဲပါဘူး။ (စစ်ရေးအမြင်မရှိတဲ့ ကလချာ ကျနော်တောင် အဲဒီ့ကတည်းက သိနေသေးတာ။)

ကျနော်တို့ လူထုဘက်ကတော့ ပြောရတာ အားနာပါရဲ့… နလပိန်းတုံးတွေက များတယ်။ ရန်သူကို လျှော့တွက်တယ်။ သင်းတို့တော့ ဘေးကျပ်နံကျပ်ဖြစ်နေပြီ။ မကြာခင် ပြုတ်ကျတော့မယ်။ ငါတို့ အောင်ပွဲခံရတော့မယ်ပဲ အများစုက ထင်မှတ်နေခဲ့ကြပါတယ်။ သာမန်အခြေအနေနဲ့ ကြည့်ရင် သည်လို မြင်တာလည်း မှားတယ်လို့တော့ မဆိုနိုင်ဘူး။ ဒါပေသည့် အားလုံး မျက်စိလျှမ်းနေကြတာက သည်ပွဲမယ် တပ်က အုံနဲ့ ကျင်းနဲ့ ပါမလာသေးတာကိုပဲ။

coup88ရန်ကုန်လောက်၊ မန္တလေးလောက်၊ စစ်ကိုင်းလောက်၊ ပဲခူးလောက်နဲ့ ဟုတ်လှပြီ ထင်နေခဲ့ကြတယ်။ တောင်ပေါ်ဒေသတွေ၊ မငြိမ်းချမ်းသေးတဲ့ နယ်မြေတွေမှာ တပ်အင်အားက အပြည့်ရှိနေဆဲပဲ။ အဲဒီ့တပ်က စစ်သည်တွေခမျာ မြို့ပေါ်မှာ ဘာတွေ ဖြစ်နေလို့ ဖြစ်နေမှန်း မသိဘူး။ မြို့ပေါ်မှာ သူပုန်ထနေပြီ၊ ပစ်၊ ပစ်၊ ပစ်ဆို မဲမဲမြင်တာနဲ့ အကုန်ပစ်မယ့်သူချည်းပဲ။ ဒါကို မမြင်ခဲ့ကြဘူး။

တပ်မှူးတွေဆိုလည်း သူတို့လိုသလို ရိုက်သွင်းထားတဲ့ အတွေးအမြင်တွေနဲ့သာ ဖြစ်နေတာပါ။ ပညာရေးက မတွေးတတ်အောင် သင်ခဲ့၊ တပ်ထဲရောက်တော့ လိုသလို တဖက်သတ် ရိုက်သွင်းတဲ့ ဝါဒဖြန့်လှိုင်းတံပိုးအောက်မှာ ပြားပြား ဝပ်ခဲ့ကြရ။ အဲတော့ တပ်က လူ ၉၉ % မှာ နားတဖက်က အလိုလို ပင်းနေပါတော့တယ်။ သည်အခါ လူထုနဲ့ တပ်နဲ့က တသားတည်း မဟုတ်နိုင်တော့ဘူး။ လူထုကို ရန်သူဆိုတဲ့အမြင် မြင်အောင် အောင်အောင်မြင်မြင် ဖန်တီးထားနိုင်ခဲ့တာမို့ တပ်ဘက်က သည်ပွဲမှာ အားပါးတရ ပါမလာသေးဘူး။ တပ်ဘက်က အနည်းဆုံး ၃ ပုံ ၁ ပုံလောက်မှ ပါမလာရင် လူထုမှာ အောင်ပွဲခံဖို့ထက် အသေခံရဖို့က ပိုများတယ်ဆိုတာ မမြင်တတ်ခဲ့ကြဘူး။

တကယ့်ကို ရင်နာစရာ ကောင်းလှတဲ့ ကျနော်တို့လူထုဘက်က ဉာဏ်နည်းမှု၊ ဆင်ခြင်တုံတရား ကင်းမဲ့မှုပါပဲ။

ကြီး ၄ ကြီးထဲက ၃ ကြီး ပေါင်းလိုက်သော်…

ပြောလက်စ ပြန်ကောက်ရင် ဦးနုကလည်း ရန်ကုန်မြို့ပေါ် ထိုင်နေပြီး ရှင်ပြုတုန်းက ရွှေထီးဆောင်းခဲ့တာကို မမေ့နိုင်ရှာဘဲ “ကျွန်ုပ်သည်သာ ကမ္ဘာဆုံးတိုင် ဝန်ကြီးချုပ်”တွေ ဘာတွေ ထလုပ်ပြီး စင်ပြိုင်အစိုးရ ဖွဲ့ပါတော့တယ်။ သူသာ တခုတည်းသော အင်အားစုကို ဦးဆောင်နိုင်မယ် ထင်ခဲ့ပုံပါပဲ။ ပြီးတော့ ရန်သူကိုလည်း လျှော့တွက်ခဲ့ပုံ ရပါတယ်။ သူ့ရန်သူတော်ကြီး ဗိုလ်နေဝင်း ကျိတ်ရယ်နေမှာကို သူမတွေးမိဘူးလည်း ထင်ပါတယ်။

burma1988b_450
အင်ထနက်က ရတဲ့ ဦးနုပုံ

၂၆ နှစ်ကြာသွားခဲ့ပြီ။ မျိုးဆက်တဆက် နီးပါး ပြတ်သွားခဲ့ပါပြီ။ ၁၉၆၅ လောက်မှာ ၈၈ အရေးအခင်းမျိုးဖြစ်လို့ အဲလို သူ ထလုပ်တယ်ဆိုရင် နီးစပ်ဦးမှာ။ ခုတော့ သူ့အရည်အချင်းကို အဲဒီ့အချိန်က ၃၀ အရွယ် ကျနော်တောင် မသိဘူး။ ဗိုလ်နေဝင်း သူ့လက်ထဲက အာဏာသိမ်းလိုက်တော့ ကျနော်မှ ငါးနှစ် မပြည့်သေးတာလေ။

 

နောက်တခုက သူ့နာမည်ကလည်း သိပ်ကောင်းလှတာ မဟုတ်ဘူး။ ဗိုလ်နေဝင်းတက်လာတော့ နိုင်ငံရေး အသွေးအရောင် အထင်အရှား မရှိတဲ့ ဆရာ သော်တာဆွေလို ပုဂ္ဂိုလ်မျိုးကတောင် ဗိုလ်ချုပ်ကြီးနေဝင်းကို ကြိုဆိုပါ၏တွေ ဘာတွေ ရေးခဲ့ရလောက်အောင် ဦးနုကို လူထုက စိတ်ပျက်ခဲ့တာ။ အဲဒါလည်း ဖဆပလ နှစ်ခြမ်းကွဲခြင်း၊ တနည်းပြောရင် ရွှေပီပီ မညီညွတ်ခဲ့ကြခြင်း၊ အာဏာနိုင်ငံရေးကို ဇန်းတင်ခဲ့ကြခြင်းများရဲ့ အကျိုးဆက်ပဲ ထင်ပါတယ်။ (အဲဒီ့သင်ခန်းစာကို ၂၀၁၀ အာဏာရ ဖွတ်ကြံ့ကလည်း မယူခဲ့ဘူး။ နောက်ရွေးကောက်ပွဲနားနီးမှ သိန်းစိန်-ရွှေမန်း အကွဲအပြဲကို လူသိရှင်ကြားတွေ ထလုပ်ခဲ့တော့ ခုထိ နလံမထူနိုင်တော့တာပဲ ကြည့်ကြပါလေ။)

သည်မှာတင် အရေးအခင်းကို သွေးချောင်းစီး နှိမ်နင်းလိုက်ကာ တပ်က အာဏာသိမ်းလိုက်ပြီး ပါတီစုံ လမ်းကြောင်းကို သွားမယ်လို့ ကြေညာလိုက်တဲ့အခါကျတော့ အဲဒီ့ “ကြီး ၄ ကြီး”ထဲက ကျန်တဲ့ ၃ ကြီးက သူ့ထက် နှာတဖျားသာ သွားပြီး အင်အားစု ၃ ခုကို ပူးပေါင်းလိုက်တာမို့ လူထုမယ် အတော်အားရစရာ ကောင်းခဲ့ပါတယ်။ ကျနော်တောင် ယောင်တောင်ပေါင်တောင်နဲ့ တယ်ဟုတ်ပါလား၊ အရှုံးထဲက အမြတ် ထွက်လာလေမလားလို့ တွေးမိခဲ့ရသေးတယ်။ သို့တိုင်အောင် မယုံမရဲတော့ ရှိခဲ့ပါသေးတယ်။ အဲဒီ့ နောက်ပိုင်း အနောက်တိုင်းက သုံးကြတဲ့ cautious optimism ဟူသော သတိကြီးကြီးနဲ့ အကောင်းမြင်လိုက်တာပေါ့။ မယုံမရဲဆိုတာက ရွှေတို့ရဲ့ ကွဲလွယ်တဲ့ သဘာဝကို မမေ့လျော့လို့ပါပဲ။

ရွှေပီသ ပြခဲ့သူကြီးနဲ့ ကန်ရာတွေ

အဟဲ… ကျနော်မမေ့လျော့တဲ့ အကွဲအပြဲက သိပ်တောင် မစောင့်လိုက်ရဘူး။ နှစ်နဲ့တောင် မချီဘူးခင်ဗျ။ လပိုင်းလေးပဲ။ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့မှာ အောင်-စု-တင် သုံးဂိုဏ်းပေါင်းပြီး ဒီချုပ်ကို စဖွဲ့တယ်။ နိုဝင်ဘာလကုန်ခါနီးမယ် ဗိုလ်ချုပ်အောင်ကြီးအဖွဲ့က ဒေါ်စုအဖွဲ့မှာ ကွန်မြူနစ်တွေ ကြီးစိုးနေတယ်လို့ ပြောပြီး အဲဒီ့လူတွေကို ထုတ်ခိုင်းတယ်။ အဲဒီ့လူတွေ မထွက်ရင် သူထွက်မယ်လို့ ပြောတယ်။

သူ့အဖွဲ့ထဲက ဉာဏ်ရှိသူ ဦးကြည်မောင်က မဲခွဲဆုံးဖြတ်ခိုင်းတယ်။ (အဲဒါတွေ အသေးစိတ်က “ဦးကြည်မောင်၊ သို့မဟုတ် အရိုးပုံပေါ်မှာ ဗိမာန်မဆောက်လိုသူ”စာအုပ်ထဲမှာ ပါပါတယ်။) ဦးအောင်ကြီး ရှုံးတယ်။ ဒါနဲ့ ဒီဇင်ဘာလ ၃ ရက်နေ့မှာ ဒီချုပ်က တရားဝင်ထွက်သွားပါတယ်။ နှစ်ပတ်အကြာ ဒီဇင်ဘာ ၁၆ ရက်မှာ သူ့ပါတီကို မှတ်ပုံတင်ပြီး တစင် ထောင်ပါတယ်။ ဗိုလ်နေဝင်းက ပြုံးရုံတင်မကဘူး၊ ဟက်ဟက်ပက်ပက်ကြီး ရယ်နေလောက်ပါတယ်။

တဖက်ကလည်း ဦးအောင်ကြီး ပြောမယ်ဆိုလည်း ပြောစရာပါပဲ၊ ဒေါ်စုအဖွဲ့က တတ်သိပညာရှင် အများစုက ကွန်မြူနစ်ဟောင်းတွေပါ။ ထိပ်ဆုံးမှာက ကွန်မြူနစ်ပဂေးကြီးတွေလို့ ခံယူထားကြသူများ ဖြစ်တဲ့ ဦးချမ်းအေး (စာရေးဆရာ မောင်စူးစမ်း)တို့၊ သခင်တင်မြ (ဘုံဘဝမှာဖြင့်)တို့ ရှိကြတယ်။ အလယ်မှာက ကွန်မြူနစ်များအဖြစ် နာမည်ကြီးတဲ့ ဝတ်လုံ ဦးထွန်းတင်၊ ဝတ်လုံ ဦးကိုယု၊ ဝတ်လုံ ဒေါ်မြင့်မြင့်ခင်နဲ့ ဟံသာဝတီ ဦးဝင်းတင်တို့ ရှိတယ်။ သူတို့နဲ့ ကပ်လျက်က စာရေးဆရာ မောင်မိုးသူတို့၊ မောင်ဝံသတို့ ရှိသပေါ့။

ခြင်ကိုက်မှာ ကြောက်တဲ့ နစ်တွေ

လွတ်လပ်ရေးကြိုးပမ်းမှုကာလ အနှောင်းပိုင်းမှာ ကွန်မြူနစ်စာအုပ်တွေ ဖတ်ပြီး ဗိုလ်ချုပ်အောင်ဆန်းကအစ ကွန်မြူနစ်ဝါဒကို လက်ခံခဲ့ဖူးတာ သမိုင်းမှာ ထင်ရှားပါတယ်။ အဲတော့ အဲဒီ့ကွန်မြူနစ်ဝါဒက အင်မတန် တွင်ကျယ်နေခဲ့တာ ကျနော်တို့ တက္ကသိုလ်တက်ချိန် ၁၉၇၀ ပြည့်လွန် နှစ်တွေအထိပါပဲ။ ကွန်မြူနစ်မှ မယုံရင် ကိုယ်ကပဲ သစ္စာဖောက်လိုလိုလို ဘာလိုလို ဖြစ်နေမှာ ကြောက်ရတာနဲ့ပဲ မနစ်ချင်ဘဲ နစ်နေရသူတွေလည်း ရှိနိုင်ပါတယ်။ ကျနော်တောင် တက္ကသိုလ်ရောက်စက အဲလို အူကြောင်နစ်ထဲ နည်းနည်း ပါခဲ့သေးတယ်။

တချို့ကျတော့လည်း အစ်ကိုကြီး မောင်ဝဏ္ဏ (စာရေးဆရာ၊ ဒါရိုက်တာ) က သူနဲ့ ခေတ်ပြိုင် တက္ကသိုလ် တက်ဖက် နာမည်ကျော် သတင်းစာဆရာ၊ စာရေးဆရာကို သောသလိုမျိုးလည်း ဖြစ်နိုင်ပြန်သေးတယ်။ “သူက တောခိုဖို့ ကြံသေးတာဗျ၊ ခြင်ကိုက်မှာ ကြောက်တာနဲ့ပဲ မခိုဖြစ်တော့တာ”လို့ အစ်ကို မောင်ဝဏ္ဏက အဲဒီ့ဆရာကို လှောင်တာပါ။ အင်္ဂလိပ် အမေရိကန် ပစ္စည်းတွေ မက်မက်စက်စက်ကြိုက်ပေမယ့် ပစ္စည်းမဲ့ လူတန်းစားတို့၊ ပညာတတ်လူတန်းစားဉာဉ်တို့၊ ဓနရှင်ပေါက်စတို့လို ဝေါဟာရတွေကို ပါးစပ်က အမြှုပ်ထွက်အောင် ပြောတတ်သူမျိုးတွေပေါ့ဗျာ။

ရှိသေးတယ်၊ တခါ ကွန်မြူနစ်ဖြစ်ဖူးရင် တသက်လုံး ကွန်မြူနစ်ပဲဆိုတဲ့ စကား။ သို့သော် ပဂေးကြီး တယောက်ကတော့ ခပ်တည်တည်ပဲ။ တချိန်က Karl Marx ရဲ့ အရင်းကျမ်းကို နေ့စဉ် တနေ့ ၃၆ ကြိမ်လောက် ထိုင်ရှိခိုးခဲ့ဖူးတာကို နှောင်းလူတွေ သတိမထားမိလောက်တော့တဲ့အချိန်ကျမှ Adam Smith ရဲ့ “နိုင်ငံတွေရဲ့ ဓနအင်အား” စာအုပ်ကိုမှ သူက ယုံကြည်ကိုးကွယ်တာလို့ ခပ်တည်တည်နဲ့ သွေးရူးသွေးတမ်း ထရေးတာလည်း ဖတ်ဖူးပါတယ်။ ကျနော့်လိုသာဆိုရင်ဖြင့် မလိမ်မိုး မလိမ္မာအရွယ်တုန်းက သူများ ယောင်လို့ လိုက်ယောင်ပြီး သည်ဝါဒကို ယုံကြည်ချင်ယောင် ဆောင်ခဲ့ဖူးပါတယ်ခင်ဗျာ။ ခုတော့ အဲဒါတွေ မယုံတော့ပါဘူး။ အဒမ်(မ်) စမစ်(သ်)ကိုသာ ဘုရားမှတ်ပါတော့တယ်လို့ ပြောမိပါလိမ့်မယ်။

ထားပါတော့လေ… ပြောရင်းနဲ့ ထုံးစံအတိုင်း ဘေးနည်းနည်းချော်သွားတယ်။ လိုရင်း ပြန်ကောက်ရရင် ဦးအောင်ကြီး ပြောခဲ့တာလည်း မလွန်ပါဘူး။ တတ်သိတွေထဲမယ် ကွန်မြူနစ် (အစစ်မဟုတ်တော့ရင်တောင် အိယောင်ဝါး အဟောင်းတွေ) ရှိနေခဲ့တာလည်း အမှန်ပါပဲ။ (သည်လို ရေးလိုက်လို့ သက်ရှိထင်ရှားကျန်နေဆဲ ဘိုးတော်တွေ ကျနော့်ကို စိတ်ဆိုးချင်လည်း ဆိုးကြဗျာ။ ATK ဟာ ATK ပဲ၊ အဲသလို စိတ်ထဲရှိတဲ့အတိုင်း ရှေ့ နောက်မဆင်ခြင်ဘဲ စွတ်စက်ပြောတတ်တာ သင်းရွှေကျင့်ပဲဆိုပြီး ခွင့်သာ လွှတ်လိုက်ကြပါတော့နော်…) သို့သော် အဲဒီ့တုန်းက မိုးထဲရေထဲမယ် ဒါမျိုး ထ လုပ်တာကတော့ ဆိုးတယ်။ ပန်းတိုင် မရောက်ခင် တက်ထောင်တဲ့ အုပ်စုထဲမှာ ဦးအောင်ကြီးက ဂိုဏ်းချုပ် နာယကကြီးလို့တောင် အနွတ္ထသညာပြုရလောက်အောင်ပါပဲ။

ဒါမှမဟုတ် သိပ်မဖြစ်နိုင်လှတဲ့ ဖြစ်နိုင်ချေ နောက်တခုကတော့ ဗိုလ်နေဝင်းရဲ့ အလံရှူးအဖြစ် အောင်-စု-တင်ကို တမင် သပ်လျှို သွေးခွဲလိုက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဗိုလ်အောင်ကြီးဟာ မြန်မာ့နိုင်ငံရေးသမိုင်းမှာတော့ နာမည်ကောင်း ရနိုင်ခက်ခဲစေတဲ့ လုပ်ရပ်တွေ ရှိနေခဲ့တာတော့ အမှန်ပဲ ထင်ပါတယ်။

ရယ်ရတယ် ဗြဲ…

အဲဒီ့ မဲခွဲ နှုတ်ထွက်ပွဲမှာ သူရဲကောင်းအဖြစ် ကျန်ရစ်ခဲ့တာကတော့ ဦးကြည်မောင်ပါပဲ။ အန်ကယ် ဦးကြည်မောင်က ဗိုလ်အောင်ကြီး ဂိုဏ်းဝင်အဖြစ် အောင်-စု-တင်ရဲ့ မူလလက်ဟောင်း ဒီချုပ်ထဲကို ရောက်လာခဲ့ပေမယ့် အောင်ဂိုဏ်းပဲ့ထွက်သွားပြီး စု-တင်ပဲ ကျန်ချိန်မှာ ဒီချုပ်ဘက်က ခိုင်ခိုင်မြဲမြဲ ရပ်တည်ခဲ့ပါတယ်။ အန်ကယ်က ဘယ်သူ့မျက်နှာမှမထောက်၊ ဘယ်သူ့ကိုမှ မကြောက်ဘဲ သူယုံကြည်တာကိုပဲ တသက်လုံး လုပ်ခဲ့တဲ့သူကြီးကိုးဗျာ။

တတ်သိအဖွဲ့မှာ ဒီချုပ်အတွက် အခရာ ပုဂ္ဂိုလ်နှစ်ဦး ရှိတယ်။ ဦးထွန်းတင်နဲ့ ဦးဝင်းတင်ပဲ။ သူတို့က အဲဒီ့အချိန်က ဗဟိုကော်မတီမှာ သြဇာရှိသူတွေ ဖြစ်တဲ့အပြင် မဟာဗျူဟာတွေကို ရေးဆွဲခဲ့ကြသူတွေ ဖြစ်တယ်။ Henry David Thoreau ရဲ့ နာမည်ကျော် Civil Disobedience ကို ဒီချုပ်ထဲ ဆွဲသွင်းလာတာ သူတို့ နှစ်ယောက်။ အစ်မပါးစပ်ထဲကို “မတရားတဲ့ အမိန့်အာဏာ ဟူသမျှ တာဝန်အရ ဖီဆန်ကြ”ဆိုတဲ့ စကား ထည့်ပေးခဲ့ကြတာလည်း သူတို့ နှစ်ယောက်ထဲက တယောက်ပါ။

စကားစပ်လို့ ပြောရရင် အဲဒီ့စကားကို စကြားချိန်မှာ အဲဒီ့အချိန်က UPI သတင်းဌာနရဲ့ သတင်းစာဆရာကြီး ဦးချစ်ထွန်းရဲ့ ကြည့်မြင်တိုင် ကလဂါလမ်း (ကန့်လန့်ကာ ဟုတ်ပုံမရပါဘူး။ ကုလားနာမည် ဖြစ်တန်ရာလို့ အဲလို စာလုံးပေါင်းလိုက်တာပါ) က အိမ်ကို ရောက်သွားပါတယ်။ အန်ကယ်ဦးချစ်ထွန်းက သူ့အလုပ်ခန်းဖြစ်တဲ့ အပေါ်ထပ်ကို ခေါ်သွားပါတယ်။ အပေါ်ထပ် တထပ်လုံး စာအုပ်တွေ နေရာတကာမှာ ပြန့်ကျဲ ပြည့်နှက်လို့။ အဲဒီ့ ဦးချစ်ထွန်းဆိုတာက အင်မတန် ကိန်းကြီးခန်းကြီးနိုင်လှတဲ့ ဗြိတိသျှတို့ရဲ့ Financial Times သတင်းစာမှာ MCT ဆိုတဲ့ ကလောင်နဲ့ သတင်းဆောင်းပါး ရေးတဲ့သူ။ အင်္ဂလိပ်ခေတ် ကိုးတန်းပဲ အောင်ပေမယ့် သူ့ရဲ့ အင်္ဂလိပ်စာအရည်အသွေးက အံ့မခန်းပါ။ (ကျွန်ပညာရေး ကျေးဇူးပေါ့ဗျာ။ သခင် ပညာရေးမဟာကတော့ အဟတ်… အားလုံးသိတော်မူတဲ့အတိုင်း…)

အဲဒါနဲ့ ထွေရာလေးပါး ပြောနေကြရင်း “မတရားတဲ့ အမိန့်အာဏာ ဟူသမျှ တာဝန်အရ ဖီဆန်ကြ”ဆိုတဲ့ စကားအကြောင်း ကျနော်က စမိတော့ အန်ကယ်ဦးချစ်ထွန်းက ထိုင်ရာက ထတဲ့ပြီး သူ့စာအုပ်ပုံထဲ မွှေကာ ကျနော့်ကို စာအုပ်တအုပ် ပစ်ပေးပါတယ်။ ယူလိုက်တော့ Thoreau ရဲ့ Civil Disobedience စာအုပ်ဖြစ်နေပါတယ်။ အဲဒီ့ထဲက စကားကို သုံးထားတာလို့လည်း ပြောတယ်။ ဒါကို ဦးထွန်းတင်၊ ဒါမှမဟုတ် ဦးဝင်းတင်က ဖတ်ပြီး အစ်မ ပါးစပ်ထဲ ထည့်ပေးတာဖြစ်မယ်လို့လည်း အန်ကယ်ကပဲ အတတ်ဟောပါတော့တယ်။ (အန်ကယ် ဦးချစ်ထွန်းရဲ့ အဲဒီ့စာအုပ်လေးဟာ ယနေ့ထက်တိုင် ကျနော့်လက်ဝယ်မှာ ရှိနေဆဲပါ။)

luther king quoteအင်ထနက်ခေတ်မှာ ပြန်ရှာတော့ Thoreau က သူ့စာထဲမှာ အကျယ်တဝင့်ထည့်ရေးခဲ့တာကို အမေရိကန် နိုင်ငံရဲ့ တတိယသမ္မတ ထောမာ့(စ်) ဂျက်ဖှဆင်(န်)က If a law is unjust, a man is not only right to disobey it, he is obligated to do so. လို့ ရေးခဲ့ဖူးတယ်လို့ တွေ့ရသလို ထင်ရှားတဲ့ လူမည်းခေါင်းဆောင် မာထင်(န်) လူသာ ခင်း(ဂ်)ကလည်းပဲ One has a moral responsibility to disobey unjust laws. လို့ ပြောခဲ့၊ ရေးခဲ့ဖူးတာ တွေ့ရပါတယ်။ စာဖတ်နာတဲ့ ဆရာကြီးများဖြစ်တဲ့ ဦးထွန်းတင်တို့၊ ဦးဝင်းတင်တို့က ဒါကို နှုတ်တိုက်ရနေကြမယ် ထင်ပါတယ်။

ရယ်စရာကောင်းတာက အစ်မကို “အာဏာဖီဆန်ရေးလမ်းကြောင်း”ပေါ် သွားနေတယ်လို့ အဲဒီ့အချိန်မှာ အာဏာယူထားတဲ့ စစ်အစိုးရက တဖက်စောင်းနင်း ပြောတော့တာပါပဲ။ “ငါ့စကား နွားရ လိုရာဆွဲ”ပြောတယ် ဆိုတာ အဲဒါပါပဲ။ အင်္ဂလိပ်လိုတော့ out of context လို့ ခေါ်ပါတယ်။ “စကားစပ်ဖျက်ပြီး လိုချင်တာလေးပဲ ကွက်ယူတာ” ဖြစ်ပါတယ်။

အစ်မပြောခဲ့တဲ့ မူရင်းစကားမှာ “မတရားတဲ့”ဆိုတဲ့ စကားလုံးက အရေးကြီးပါတယ်။ အမိန့်အာဏာဟူသမျှကို ဖီဆန်ဖို့ မဟုတ်ဘူး။ မတရားတဲ့ အမိန့်အာဏာကိုမှ ဖီဆန်ရမှာ။ မာထင်(န်) လူသာ ခင်း(ဂ်)ရဲ့ အင်္ဂလိပ်စကားမှာ ပိုလို့တောင် ကောင်းသေးတယ်။ Moral responsibility တဲ့။ တာဝန်မှ ရိုးရိုး တာဝန်တောင် မဟုတ်ဘူး။ လူ့ကျင့်ဝတ်အရ ထမ်းရမယ့် တာဝန်ဖြစ်နေတယ်။ လူမှန်ရင် လုပ်သင့်တဲ့ အလုပ် ဆိုတဲ့ သဘောလေး ပါနေတယ်။ ဘာသာပြန်ရာမှာ အဲဒါ ကျကျန်ရစ်ခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ငါ့စကားနွားရ တဖက်စောင်းနင်း ပြောခဲ့တာကတော့ သမိုင်းသက်သေပါပဲ။ ဘာနဲ့ တူသလဲဆိုတော့ “သည်ကောင့် အမေက အပျိုတုန်းကဆို တော်တော်ချောမှာ…”လို့ သူငယ်ချင်းတယောက်က ပြောလိုက်တာကို ကြားက ကတုံးကတိုက် လုပ်တတ်တဲ့ သူငယ်ချင်းက ကာယကံရှင်သားဖြစ်သူဆီ သွားပြီး “ဟေ့ကောင်… ဟိုကောင်က မင့်အမေ တော်တော်ချောတယ်လို့ ပြောနေတယ်”ဆိုတဲ့ အပေါက်ပါ။ တော်တော် သိက္ခာမဲ့တဲ့ လုပ်ရပ်ပါပဲ။ အာဏာမွှန်သွားရင် တဏှာမွှန်သလိုမျိုးမို့ အရှက်တို့၊ သိက္ခာတို့ ကင်းမဲ့သွားတတ်တဲ့ သာဓကလို့ ယူသော် ရ၏ပေါ့ခင်ဗျာ။

ဇူလိုင် ၁၉ အဖြစ်ဆိုး

အများသိတော်မူတဲ့အတိုင်း ၁၉ ဇူလိုင်ဆိုတာက ဗိုလ်ချုပ်တို့ ကျဆုံးတဲ့ အာဇာနည်နေ့။ အာဇာနည်နေ့ပေါင်း များစွာထဲမှာ ၁၉၈၉ ခုနှစ်ရဲ့ အာဇာနည်နေ့ဟာလည်း မမေ့နိုင်စရာပါ။

အဲဒီ့နေ့မှာ အားလုံး အာဇာနည်ကုန်းကို ချီတက်ကြမယ်လို့ ဆုံးဖြတ်ထားကြပါတယ်။ အဲဒီ့ ဒီချုပ်ဗဟိုရဲ့ ဆုံးဖြတ်ချက်က ဇူလိုင် ၁၈ ရက်နေ့ နေကုန်သည်အထိ အတည်ဖြစ်ပါတယ်။ ဇူလိုင် ၁၉ ရက်မနေ့မှာ အစ်မအိမ်နဲ့ ကပ်လျက် ခြံအမှတ် ၅၆ မှာဖွင့်ထားတဲ့ ဌာနချုပ်ရုံး (အဲဒီ့အချိန်က ရွှေဂုံတိုင်လမ်းက ဌာနချုပ်ရုံး မရှိသေး)မှာ အရုဏ်ဆွမ်းကပ်ကြပါတယ်။ မနက်မလင်းခင်ကတည်းက စစ်တပ်က ပိတ်ဆို့ တားဆီးတာတွေ၊ တပ်အင်အား အကြီးအကျယ် ချထားတာတွေကို အရုဏ်ဆွမ်းအတွက် ကူညီလုပ်ကိုင်ပေးဖို့ လာကြရသူတွေ မျက်ဝါးထင်ထင် မြင်ခဲ့ကြရတယ်။

အစ်မရောက်လာတဲ့အခါ သူတို့တွေက အစ်မကို ဝိုင်းပြောကြတယ်။ အာဇာနည်ကုန်းဆီ ချီတက်မယ့် အစီအစဉ်ကို ဖျက်လိုက်ဖို့ပါပဲ။ အဲဒါကို အစ်မက လက်ခံပြီး ရုံးမှာတင် ချီတက်မယ့်အစီအစဉ် ဖျက်သိမ်းကြောင်း ကြေညာချက်ကို ဖယောင်းစက္ကူပေါ်မှာ လက်နှိပ်စက်နဲ့ ရိုက်ခိုင်း၊ အစ်မက ဖယောင်းစက္ကူပေါ်မှာပဲ လက်မှတ် ရေးထိုးပြီး ကြေညာချက်ကို စာကူးစက်နဲ့ ပုံနှိပ်လိုက်ပါတယ်။ (စာကူးစက်အကြောင်း ကျနော့် အစုတ်ထုပ်ထဲမှာ ရေးပြီးပါပြီ။)

ပြီးတော့ အဲဒါကို ဖြန့်ကြတယ်။ ဖြန့်ဖို့ ကြိုးစားသူတွေထဲက တချို့တွေလည်း ချက်ချင်း အဖမ်းခံလိုက်ရပါတော့တယ်။

အချိန်ကို ပြန်ကြည့်ဖို့ လိုပါလိမ့်မယ်။ ၁၉၈၉ ပါ။ မြန်မာပြည်မှာ ဂြိုဟ်တုစလောင်းတွေတောင် မရှိသေးတဲ့ အချိန်။ ကြိုးတပ် တယ်လီဖုန်းလည်း အလွန့်ကို ရှားပါးဆဲ။ ပါလေရာဖုန်းဆိုတာ လေသံတောင် မကြားဖူးသေးဘူး။ အင်ထနက်၊ လူမှုမီဒီယံဆိုတာတော့ အိပ်မက်ထဲတောင် ယောင်ပေါင်ပြီး ထည့်မက်ဖို့ ဝေးစွ။ ကွန်ပျူတာဆိုတာတောင်မှ ၈၀၂၈၆ ဆိုတဲ့ ပထမဦးဆုံး Intel processor နဲ့ စခန်းသွားနေဆဲဖြစ်ပါတယ်။ ၈၀၃၈၆ တောင် ကမ္ဘာမှာ ပေါ်နေပေမယ့် မြန်မာပြည် ကောင်းကောင်း ရောက်မလာတတ်ချင်သေးပါဘူး။

မြန်မာ ၉၉ % မှာ စားပွဲတင် ကွန်ပျူတာ မရှိသေးဘူး။ သံရုံးမှာ အလုပ်လုပ်နေတဲ့ ကျနော်တောင်မှ ဝင်စတန် ချာချီ လေးဘက်သွားတုန်းက ကွန်ပျူတာမှာ အင်္ဂလိပ်ဘာသာနဲ့ စာစီစာရိုက်လောက်ပဲ သုံးနိုင်သေးတယ်။ ရောင်စုံတွေ ဘာတွေ မဟုတ်ဘူးနော်။ ဖန်သားပြင်အနက်ကြီးမှာ လိမ္မော်ရောင် စာလုံးတွေပဲ ပေါ်သေးတာ။ ကျနော့်စားပွဲပေါ်မယ် ဖန်သားပြင်နဲ့ ခလုတ်ခုံပဲ ရှိတယ်။ စီပီယူလို့ ခေါ်တဲ့ ပင်မ အလုပ်လုပ်တဲ့ ကွန်ပျူတာက တရုံးလုံးအတွက်မှ တလုံးပဲ ရှိပြီး အဲဒီ့က ဝေမျှသုံးနေရချိန်ပေါ့။ မြန်မာစာလုံး မပေါ်သေးဘူး။ သူများတွေက Wordperfect တို့၊ Lotus တို့ ပြောရင် ကိုယ်နားမလည်တဲ့ တိုင်းတပါး ဘာသာ စကားကို ကြားနေခဲ့ရသလို။ (အဲဒါကြောင့်လည်း ၁၉၉၁ ခုနှစ်မှာ အလုပ်ပြောင်းဖြစ်တာ ပါသေးသဗျ။ အော်စီ သံရုံးမှာက ခေတ်နဲ့ တပြေးညီ ကွန်ပျူတာစနစ်ကို သုံးစွဲပေတာကိုး။)

ဓာတ်ပုံမိတ္တူကူးစက်တွေလည်း မပေါသေးဘူး။ ဖယောင်းစက္ကူပေါ် အရင် လက်နှိပ်စက်နဲ့ရိုက်၊ ဒါမှမဟုတ် လက်နဲ့ရေးပြီး ဂက်စတက်နာလို့ လူသိများတဲ့ လက်လှည့် (မော်တာနဲ့လည်း လှည့်ပါတယ်) ပုံနှိပ်စက်လေးနဲ့ ရိုက်ထုတ်မှ မိတ္တူများများ ပွားနိုင်တဲ့အချိန်ပါ။

ပြောချင်တာက ၁၉၈၉ ဇူလိုင်လမယ် ကျနော်တို့တွေ တယောက်နဲ့ တယောက်၊ တနေရာနဲ့ တနေရာ ဆက်သွယ်ရေးက ခုကာလလို ခရီးမတွင်နိုင်သေးတာပါ။ ကျနော်လည်း ဥရောပသမဂ္ဂမှာ အလုပ်လုပ်နေတာ တနှစ်ကျော်ပြီမို့ ဇူလိုင် ၁၈ ရက်နေ့ ရုံးဆင်းချိန်၊ ညနေ ၄ နာရီခွဲအထိ အဲဒီ့ ဆုံးဖြတ်ချက်က အတည်လို့ပဲ နားလည်ထားပါတယ်။

အစီအစဉ် ဖျက်သိမ်းဖို့ ဆုံးဖြတ်ချက်က ဇူလိုင် ၁၉ ရက် မနက် အရုဏ်ကျင်းပြီးမှ ချတဲ့ ဆုံးဖြတ်ချက်၊ အစောဆုံး မနက် ၆ နာရီကျော်မှ ပုံနှိပ်ပြီးစီးတဲ့ ဆုံးဖြတ်ချက်ပါ။ အဲဒါကို ဖြန့်ဖို့ဆိုတာလည်း တယ်မလွယ်တော့တဲ့ အချိန်လည်း ဖြစ်ပါတယ်။ အစ်မရဲ့ အိမ်ဖြစ်တဲ့ ခြံအမှတ် ၅၄ မှာ ကျန်ရစ်ခဲ့ကြတဲ့ အဖွဲ့သားတွေတောင် ချီတက်မယ့်အစီအစဉ် ဖျက်လိုက်ကြောင်းကို အရုဏ်ဆွမ်းကပ်ပြီးတဲ့ အစ်မ အိမ်ပြန်ရောက်လာချိန် ၇ နာရီခွဲလောက်မှ သိကြရတဲ့ အခြေအနေပါ။

အဲတော့ လမ်းမတွေပေါ်မှာ ငေါငေါကြီး ကျန်ရစ်ခဲ့တာက ဒီချုပ်အဖွဲ့သားတွေ၊ ထောက်ခံသူတွေ၊ တက်ကြွသူတွေ။ ဘာရမလဲ၊ လူထုကို ရန်သူသတ်မှတ်ထားတဲ့ အစိုးရပဲ။ ညှာညှာတာတာလေး ကိုင်ပြီပေါ့။ လုံထိန်းတွေက လှိမ့်ရိုက်ပြီး ကားကြီးတွေပေါ် တင်သွားကြပါတယ်။ မှတ်မှတ်ရရ၊ အခုလက်ရှိ ရန်ကုန်တိုင်း လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းဆိုတာ အဲတုန်းက တက္ကသိုလ်ကျောင်းသူ “ရွှီး”ပါ။ သူက အဲဒီ့နေ့က အရိုက်ခံရတဲ့အထဲမှာ ထိပ်ဆုံးက ပါခဲ့ပါတယ်။ သူ့ချိုစောင်းတဖက် နိမ့်ကို ဝင်သွားတဲ့အထိ ခံလိုက်ရတာပါ။

သရဏဂုံ အရင်တင်ပြီးမှ လမ်းပေါ်ထွက်ခဲ့ကြရှာတဲ့ ကလေးတွေ

အဲလို လှိမ့်ရိုက်တဲ့ သတင်းကို မခံမရပ်နိုင်ဖြစ်ရှာကြတဲ့ လူငယ်တွေက အစ်မအိမ်ကို သွားပြီး သတင်းပို့ကြပါတယ်။ အစ်မက ချက်ချင်း ပြန်ပြောတယ်။ “ဘာလို့ ထွက်ပြေးကြတာလဲ။ တကယ်ဆို မပြေးဘဲ ရိုက်သမျှ တင်းခံခဲ့ကြရမှာ…”တဲ့။ အဲဒီ့စကား ပြောပြီးတာနဲ့ အစ်မက ချက်ချင်းပဲ သတင်းပို့နေတဲ့ လူငယ်တွေကို ထားခဲ့ပြီး သူ့ရုံးခန်းထဲ ဝင်သွားခဲ့ပါတော့တယ်လို့ သည်စာရေးချိန်ကျမှ သိရပါတယ်။ သတင်းပို့ခဲ့သူနဲ့ အတူပါသူက အဲဒီ့နေ့က ဖြစ်ရပ်ကို တနုံ့နုံ့ ခံစားနေရတာမို့ ကျနော့်ဆီ အကျိုးအကြောင်း လှမ်းပြောပြလို့သာ သိရတာပါ။

ကြည့်ရတာ အစ်မဟာ မဟတ္တမ ဂန္ဓီရဲ့ အိန္ဒိယက ၁၉၃၀ ပြည့်နှစ် ဆားတိုက်ပွဲ ဖြစ်စဉ်ကို သဘောကျခဲ့ပုံပါပဲ။ အဲဒီ့တုန်းက ဆန္ဒပြသူတွေဟာ ငါးယောက်တတွဲ တန်းစီပြီး တက်လာသမျှကို ဗြိတိသျှ ပုလိပ်တွေ ရိုက်လေသမျှု ရဲရဲတောက် ခံခဲ့ကြဖူးပါတယ်။ ထိပ်ဆုံးက ဗွေဆော်ဦး အရိုက်ခံတဲ့ အတွဲမှာတော့ ဂန္ဓီကိုယ်တိုင် ပါခဲ့ပါတယ်။

အစ်မကိုယ်တိုင်လည်း အဲဒီ့နေ့ မတိုင်ခင် ၁၉၈၈ ခုနှစ် နှစ်ကုန်ပိုင်းမယ် ဓနုဖြူမှာ တပ်နဲ့ ရင်ဆိုင်တွေ့တုန်းက ဂန္ဓီ့နည်းတူ ရှေ့တန်းက ချီတက်သွားခဲ့ဖူးသလို တပ်နဲ့ ရင်ဆိုင်တွေ့တိုင်း သူ့ရဲ့ အာဂ သတ္တိကို တကြိမ်မက ပြခဲ့ဖူးသူ ဖြစ်တာလည်း အမှန်ပါပဲ။

10659311_10205218816853842_3201868813220493057_n
၂၀၁၄ ခုနှစ် စက်တင်ဘာလကုန်မှာ ရွှီးနဲ့ ကျနော် ရိုက်ဖြစ်ခဲ့တဲ့ပုံပါ။ သူ့ကို တက္ကသိုလ် ကျောင်းသူအဖြစ် ၁၉၉၃ လောက်မှာ စတင် သိကျွမ်းခဲ့ပါတယ်။ သည်ပုံမှာတော့ သူက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ပါ။ ခုတော့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းပေါ့။

တခုပါပဲ၊ အစ်မ အဲဒီ့အချိန်မှာ သတိမထားလိုက်တာက အဲဒီ့နေ့က အရိုက်ခံခဲ့ရတဲ့ ရွှီးအပါအဝင် လူငယ်အတော်များများဟာ သူတို့ကိုယ် သူတို့ အဲဒီ့နေ့ မတိုင်ခင် တပတ်လောက်ကတည်းက သင်္ကန်းစည်း၊ ခေါင်းတုံးတုံး၊ ဘုန်းကြီးကျောင်း၊ သီလရင်ကျောင်းတွေမှာ ၃ ရက်လောက် သီတင်းသုံး၊ သရဏဂုံတင်ပြီးမှ ထွက်လာကြတယ်ဆိုတာပါပဲ။ လူငယ်တွေဟာ စစ်တပ်က ပစ်မယ်လို့ မျှော်လင့်ထားကြပါတယ်။ ပစ်ပြီး မလှုပ်နိုင်တော့ရင်ဖြစ်ဖြစ်၊ သေသွားရင်ဖြစ်ဖြစ် ကားတွေပေါ်ကို ပစ်တင်ကြမယ်။ ပြီးရင် အကုန်လုံးကို မီးရှို့ပစ်တော့မယ်လို့ တွေးထားကြတယ်။ သူတို့ အဲလို တွေးတာ မလွန်ပါဘူး။ ၁၉၈၈ ခုနှစ် အာဏာသိမ်းစဉ်တုန်းက အဲလို လုပ်ဖူးတဲ့ အစဉ်အလာက ဝေးမှ မဝေးသေးတာ။

 

အဲတော့ သူတို့မိဘတွေအနေနဲ့ သူတို့ အလောင်းကို ပြန်ရဖို့ အလားအလာက မရှိတဲ့အတူတူ ကြိုတင် သရဏဂုံတင်ပြီးမှ ဇူလိုင် ၁၉ မနက်မှာ ထွက်ချလာကြတာပါ။ ခေါင်းတုံးနဲ့ဆိုတော့ အရိုက်ခံရတဲ့အခါ ပိုထိတာပေါ့။ ရွှီးတယောက် အင်းစိန်ကို ရောက်လာချိန်မှာ သူ့ခေါင်းက ဘုကြီးက အာလူးအရွယ် ခပ်ကြီးကြီးလောက်ကို ရှိတယ်လို့ မျက်မြင်တွေက ပြောကြပါတယ်။

နောက်တနေ့၊ ဇူလိုင် ၂၀ ရက်နေ့မှာ အစ်မနဲ့ ဦးတင်ဦးအပါအဝင် အများအပြားကို ဖမ်းဆီးထိန်းသိမ်းလိုက်ပါတော့တယ်။ အစ်မကတော့ အကျယ်ချုပ်၊ ကျန်တဲ့ ထောင်နဲ့ချီတာကတော့ အကျဉ်းစံတွေ ဖြစ်ကုန်ကြတာပေါ့။ ဦးဝင်းတင်၊ ဦးထွန်းတင်လည်း မကျန်ဘူး။ တတ်သိတွေ အတော်များများ ပါကုန်တယ်။ ဟိုနေ့က ဓာတ်ပုံထဲမှာ ပါတဲ့ အစ်မရဲ့ ပထမဆုံး ကိုယ်ရေးအရာရှိ ပန်းချီဆရာမ၊ စာရေးဆရာမ မသိင်္ဂီဆိုလည်း ၅၄ မှာ အဖမ်းခံလိုက်ရတာပေမယ့် အင်းစိန်အပို့ခံလိုက်ရပါတယ်။

မသိင်္ဂီအကြောင်း တို့တို့တိတိ

NIBAC-coverမသိင်္ဂီက သူ့ထောင်တွင်းအတွေ့အကြုံတွေကို အင်္ဂလိပ်လို ရေးသားထုတ်ဝေထားတာ ရှိပါတယ်။ ထောင်တွင်းအတွေ့အကြုံဆိုပေမယ့် သာမန် ထောင်ကျတွေရဲ့ ဘဝကို ပီပီပြင်ပြင် ကျစ်ကျစ်လစ်လစ် ချယ်မှုန်းထားတာပါ။ စာအုပ်နာမည်က Nor Iron Bars a Cage တဲ့။ စိတ်ဝင်စားသူတွေ ဖတ်ချင်ရင် ဖတ်နိုင်အောင် တလက်စတည်း ညွှန်းလိုက်ပါတယ်။ ခုခေတ်မယ် မသိင်္ဂီဆိုတာကို ဘာမှန်း မသိသူတွေက လူမှုမီဒီယမ်ဖြစ်တဲ့ စာအုပ်မျက်နှာစာမှာ အသားလွတ် သွားသွားစော်ကားနေတာ တွေ့မိရတော့ သနားမိရသလို ရယ်လည်း ရယ်မိရပါတယ်။ ဆန်းတော့လည်း မဆန်းပါဘူး၊ ရွှေတွေ တနေ့တခြား တုံးသထက် တုံးလာအောင် အခြေအနေအရပ်ရပ်က “အရောက်ပို့”နေတာပဲလေ။

အဲ… မသိင်္ဂီကို စာရေးဆရာမလို့ ရေးလိုက်တော့ မြန်မာပရိသတ်က သိမှာ မဟုတ်ဘူး။ မသိဆို သူမှ မြန်မာလို ရေးသားထုတ်ဝေထားတာ မရှိတာကိုး။ သူရေးသားထုတ်ဝေထားတာ အားလုံးက အင်္ဂလိပ်လိုတွေချည်း ခင်ဗျ။ ကနေ့ခေတ်၊ စောင်ခြမ်းခေတ်မယ် ပြည်တွင်းမှာသာ အစဉ်တစိုက်နေထိုင်ပြီး ပြည်တွင်းကသာ ဘွဲ့ရခဲ့လင့်ကစား အင်္ဂလိပ်စာကို မိခင်ဘာသာစကားလို ပိုင်ပိုင်နိုင်နိုင် ရေးပြီး ထုတ်ဝေနိုင်တာ သူတယောက်ပဲ ရှိတော့တယ်လို့ ထင်ပါတယ်။ ဘယ်လောက်များလဲဆိုရင် ဂျာနmanlikehim_largeယ်ကျော်မမလေးရဲ့ နာမည်ကျော် “သူလိုလူ” စာအုပ်ကြီးကို အစမှ အဆုံးတိုင် အင်္ဂလိပ်လို ပြန်ဆိုကာ Cornell University ဆိုတဲ့ သက်တမ်း နှစ်ပေါင်း ၁၅၀ ကျော်ပြီဖြစ်သော အမေရိကန်နိုင်ငံ တက္ကသိုလ်ကနေ ထုတ်ဝေထားပါတယ်။

အဲဒီ့ မသိင်္ဂီကလည်း လွန်စွာထူးခြားသော မြန်မာအမျိုးသမီးတဦးပါပဲ။ သူ့အကြောင်းကလည်း ရေးမယ်ဆိုရင် ရေးစရာလေးတွေ ရှိသဗျ။ သို့သော် ကျနော် မရေးရဲဘူး။ သူက စိတ်မြန်လက်မြန်ရယ်။ စိတ်မထင်ရင် ကျနော့် လည်ပင်း လာညှစ်ချင်ညှစ်မယ့် အစ်မကြီးမျိုးဆိုတော့ သည်လောက်နဲ့ ရပ်လိုက်တာ တော်ပါလိမ့်မယ်။ သူ မရှိတော့တဲ့နောက် ကျနော် ရှင်နေဦးမယ်ဆိုရင်တော့ တိုးတိုးတိတ်တိတ် လူသိရှင်ကြား ရေးမှာပေါ့နော်… ခွိ… ခွိ… (သရဲအနေနဲ့ ကျနော့်လာခြောက်မှာတော့ ကြောက်ပေါင်ဗျာ။ ကျနော်မှ သရဲမကြောက်တတ်တာလေ… ငှဲ… ငှဲ…)

အတိုချုပ်ပြောရရင်တော့ ၁၉၈၉ ခုနှစ် ဇူလိုင် ၂၀ ရက်မှာ တတ်သိတွေ အားလုံးကို ထောင်ထဲပို့လိုက်ပါတယ်။ ဦးတင်ဦးအဖွဲ့တွေထဲက ဘယ်တုန်းကမှ သိပ်ရှေ့မထွက်တဲ့ ဗိုလ်အောင်ရွှေ ဦးဆောင်သော စစ်ဗိုလ်ဟောင်း (ဘောင်းဘီချွတ်)တွေပဲ ကျန်ရစ်ခဲ့တယ်။

၁၉၉၂ ခုနှစ်နောက်ပိုင်းကာလများ သံခိပ်

၁၉၉၂ ခုနှစ်မှာ ဗိုလ်ချုပ်မှူးကြီးစောမောင်ကို ဖယ်ရှားလိုက်ပြီး ဗိုလ်ချုပ်ကြီးသန်းရွှေ (အဲဒီ့အချိန်က ရာထူးကို ရေးထားတာပါ။) တက်လာတဲ့အချိန်မှာ လွတ်ငြိမ်းချမ်းသာခွင့်တွေ ပေးလာတာမို့ ဗိုလ်စောမောင် လက်ထက်က ထိန်းသိမ်းထားသူ အတော်များများ လွတ်လာကြတယ်။ တတ်သိတွေ တော်တော်များများလည်း လွတ်လာပါတယ်။ သည်အထဲမှာ ဦးဝင်းတင် မပါခဲ့ပေမယ့် ဦးထွန်းတင် ပါလာတယ်။ ဦးဝင်းတင်ကိုတော့ ဒီချုပ်ရဲ့ “နောက်ကွယ်က လက်မဲကြီး”လို့ ယူဆပြီး ငြိုးထားကြပုံပါပဲ။ တော်တော်နဲ့ မလွှတ်တော့ဘူး။

အဲဒါတွေလည်း မှတ်မိနေပါသေးတော့တယ်။ လွတ်လာကြပြီး ရက်ပိုင်းအကြာမှာ ကျနော်နဲ့ ခင်နေတဲ့ မူလ လက်ဟောင်း တတ်သိအစုထဲက ဗဟိုကော်မတီဝင် (ဗဟိုအလုပ်အမှုဆောင်ကော်မတီ – စီအီးစီ မဟုတ်တဲ့ စီစီ) စာရေးဆရာ/သတင်းစာဆရာကြီးနှစ်ဦးက ခြံထဲကို သွားချင်တယ်ဆိုတာနဲ့ အဲတုန်းက ကျနော့် ကိုယ်ပိုင်ကားနဲ့ (သံရုံးကား မဟုတ်တာကို ပြောလိုရင်းဖြစ်ပါတယ်နော်) ခေါ်သွားပါတယ်။ သင်္ကြန်မတိုင်ခင် ကာလလေးမှာပါ။ ဘာ့ကြောင့် သင်္ကြန်မတိုင်ခင်လို့ မှတ်မိနေလဲဆိုတော့ ကားထဲမယ် သင်္ကြန်သီချင်းတွေ ဖွင့်ထားပြီး ကျနော်က လိုက်ဆိုနေခဲ့တာကိုး။ အဲသလို ဆိုနေတော့ ဆရာတပါးက အတော် အံ့သြသွားပါတယ်။ “ATK က မြန်မာမှုတွေလည်း ရတာပဲနော်”လို့ ဆိုပါတယ်။ သံရုံးမှာ အလုပ် လုပ်နေပြီး အင်္ဂလိပ်လို တရွှတ်ရွှတ် ပြောနေတဲ့ ကျနော်ဟာ ဗမာစိတ် ပျောက်နေတယ်လို့ ထင်နေသလား မသိပေါင်ဗျာ။

သူအဲလိုပြောခဲ့လို့ ကာလကို မှတ်မိနေတာပါ။ ခြံထဲကို ရောက်တော့ သူတို့ခမျာ ဝေလေလေ။ သိဟောင်း ကျွမ်းဟောင်းတွေလည်း သိပ်မရှိ၊ ရှိတဲ့သူတွေကလည်း ခပ်တန်းတန်း။ အိမ်ထဲလည်း ဝင်ခွင့်မရ။ ကျနော်လည်း အသာကြည့်နေခဲ့ပါတယ်။ ကျနော်နဲ့ပဲ သူတို့ နောက်တခေါက် ထပ်သွားပါသေးတယ်။ သို့သော် ပထမ တခေါက်တုန်းကလိုပဲ သူတို့ကို ဧည့်ထောက်ခံ၊ နေရာပေးမယ့်သူ နတ္ထိဆိုတော့ သူတို့လည်း “ပေါက်”သွားတယ်နဲ့ တူပါတယ်။ နောက်ပိုင်း သူတို့ကို စာပေနယ်မှတပါး အခြားမှာ မတွေ့ရတော့ဘူး။ အဲဒီ့ နှစ်ယောက်ထဲက တယောက်ကတော့ ကွယ်လွန်ရှာပါပြီ။ ကျန်တယောက်ကတော့ သက်ရှိထင်ရှားဆဲပါ။

49612800_775808806105462_8060844026141605888_n
ဓာတ်ပုံက မနေ့က မင်းသားကြီး အောင်လွင် [ဒါရိုက်တာ စံရွှေမောင်] ဆီက ရလိုက်တဲ့ ပုံပါ။ သူက ဒီချုပ်ရဲ့ မူလ လက်ဟောင်း ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် လုပ်ခဲ့ဖူးသူ ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့ ရွှေတိဂုံ အနောက်မုခ်က ဒေါ်စုရဲ့ ပထမဆုံးအကြိမ် လူထုစည်းဝေးပွဲမှာ ရိုက်ထားတဲ့ ပုံဖြစ်ပါတယ်။ ဝဲမှယာ – အမည်မသိ [သိရင် ဖော်ပေးကြပါ]၊ ရှေ့နေကြီး ဦးကိုယု [စာရေးဆရာ မောင်ကိုယု/မောင်သစ်]၊ စာရေးဆရာ မောင်သော်က [ရေတပ်ဗိုလ်မှူးဟောင်း ဘသော်]၊ ဟံသာဝတီ ဦးဝင်းတင်၊ မင်းသားကြီး ထွန်းဝေ၊ စာရေးဆရာ ဒါရိုက်တာ မောင်မိုးသူ) (ဓာတ်ပုံ – ထိန်ဝင်း)
နောက်ထပ်အမှတ်တရကတော့ အန်ကယ်ဦးတင်ဦးရဲ့ အိမ်က အလှူမှာပါ။ ၁၉၉၅ ခုနှစ် ဇူလိုင် ၁၀ ရက်နေ့မယ် အစ်မလည်း အကျယ်ချုပ်က ယာယီ ပြန်လွတ်လာခါစ အချိန်မှာ ဖြစ်ပါတယ်။ ကျနော့်ကိုလည်း အန်ကယ်က ဖိတ်တာမို့ ကျနော်ရောက်နေချိန်မှာ အစ်မလည်း ရောက်လာပါတယ်။ အစ်မ ထိုင်တဲ့ စားပွဲနဲ့ ကျနော့်စားပွဲက ကပ်လျက်ပါ။ အစ်မက ကျနော့်ကို နှုတ်ဆက်ပြီး အလ္လာပ သလ္လာပတွေ ပြောကြပါတယ်။ အဲဒီ့အချိန်မှာ ထောင်က ထွက်ကတည်းက အစ်မနဲ့ မဆုံရသေးတဲ့ အန်ကယ် ဦးထွန်းတင်ကလည်း အစ်မကို နှုတ်ဆက်ဖို့ ကျနော်တို့ နားကို တိုးလာခဲ့ပါတယ်။

 

ဦးထွန်းတင်နဲ့ မရင်းနှီးပေမယ့် ဒီချုပ်ထဲ ဥဒဟို သွားလာနေချိန်မို့ တယောက်နဲ့ တယောက်က မျက်မှန်းတန်းမိ နေကြပါတယ်။ ကျနော်ကိုယ်တိုင်ကလည်း ရှေ့နေအဖြစ် ကာလတို လုပ်ခဲ့ဖူးသေးတာမို့ ဦးထွန်းတင်တို့၊ ဒေါ်မြင့်မြင့်ခင်တို့၊ ဦးကိုယုတို့လို ဝတ်လုံကြီးတွေကို ကြည်ညိုရင်းစွဲက ရှိပြီးသားပါ။ အန်ကယ်ဦးထွန်းတင်ကို ကွန်မြူနစ်ရယ်လို့ နားလည်ထားပေမယ့် ဥပဒေ ဂုရုတယောက်၊ စာဖတ်နာသူတယောက်အဖြစ် သတိထားမိ နေခဲ့တာ ကြာပြီဖြစ်သလို တည်ငြိမ် အေးချမ်း ပြည့်ဝတဲ့ သူ့မျက်နှာထား၊ ရိုးစင်းကျစ်လစ်တဲ့ သူ့အနေအထိုင် တို့ကြောင့် လေးလည်း လေးစားပါတယ်။

အစ်မက ကျနော့်ကို စကားတွေ တောက်လျှောက်ပြောနေပါတယ်။ ကျနော်က အန်ကယ်ဦးထွန်းတင်ကို အရမ်း အားနာလှပြီ။ သူ့ခမျာ အစ်မကို နှုတ်ဆက်ချင်နေတာပါ။ အစ်မက သူ့ဘက်မလှည့်တော့ ခွကျနေပါတယ်။ ဒါနဲ့ ကျနော်လည်း အန်ကယ်ဦးထွန်းတင်ဘက် အသာလှည့်လိုက်ပါတယ်။ စကားလုံးမဲ့ ဘာသာစကားနဲ့ ဦးထွန်းတင်ရောက်နေကြောင်း အစ်မကို အသိပေးလိုက်တာပါ။

အဲတော့လည်း အစ်မက ဦးထွန်းတင်ဘက်ကို လှည့်လိုက်ပါတယ်။ ပြုံးပြုံးရွှင်ရွှင်နဲ့ပဲ “အန်ကယ် နေကောင်းလား”လို့ မေးပါတယ်။ ပြီးတဲ့နောက် ကျနော့်ဘက်ကို ပြန်လှည့်ပြီး ပြောလက်စကို ပြန်ဆက်နေပါတော့တယ်။ အဲဒါ အန်ကယ်ဦးထွန်းတင်ကို ကျနော်နောက်ဆုံး ဆုံလိုက်တာပါပဲ။ ဦးထွန်းတင် ကွယ်လွန်ကြောင်း ကြားသိရတော့ ကျနော် စိတ်မကောင်းဖြစ်မိခဲ့ရပါတယ်။

ဟံသာဝတီ ဦးဝင်းတင်ကိုတော့ စစ်အစိုးရက ဒီချုပ်ရဲ့ ဉာဏ်ကြီးရှင် အခါပေးပုဂ္ဂိုလ်အဖြစ် မြင်ထားပုံပါပဲ။ ၁၉၈၉ ခုနှစ် ဇူလိုင်လ ၂၀ ရက်ကတည်းက ဖမ်းထည့်ထားလိုက်တာ၊ ၂၀၀၈ ခုနှစ် စက်တင်ဘာ ၂၃ ရက်ကျမှ ပြန်လွှတ်ပေးပါတော့တယ်။ ထောင်ထဲမှာ၊ အချိန်အတော်များများက ခွေးတိုက်ထဲမှာ ၁၉ နှစ်နဲ့ ၂ လ နေခဲ့ရသူမို့ ၂၁ နှစ်တာ ကာလအတွင်းမှာ အကျယ်ချုပ်နဲ့ အားလုံး စုစုပေါင်း ၁၅ နှစ်နေခဲ့ရတဲ့ အစ်မထက်တောင် တာရှည်ခဲ့ ပါတယ်။ စတင်ဖမ်းဆီးခံရချိန်မှာ ၅၉ နှစ်၊ ပြန်လွတ်လာချိန်မှာ ၇၈ နှစ်။ တတိယအရွယ်၊ အကျရွယ်မှာ လူ့အခွင့် အရေးအခြေအနေ ဆိုးရွားလွန်းလှတယ်လို့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မြန်မာအကျဉ်းထောင်မှာ နေခဲ့ရပေမယ့် ပြန်ထွက်လာတဲ့အထိ ဦးဝင်းတင်ရဲ့ မာန်ကတော့ တစက်ကမှ ကျမသွားခဲ့ပါဘူး။

သူပြန်ထွက်လာတဲ့အချိန်မှာ ကျနော်လည်း သည်လောကနဲ့ ကင်းကွာနေခဲ့ပြီမို့ တော်တော်နဲ့ မဆုံဖြစ်ခဲ့ဘူး။ အရင်ကလည်း တခါမှ မဆုံဖူးပါဘူး။ သူ့နာမည်သာ ကြားဖူး၊ သူ့စာတချို့သာ ဖတ်ဖူးခဲ့တာဖြစ်ပါတယ်။ သူ ကွယ်လွန်ခါနီး တနှစ်လောက် အလိုမှာမှ ဘာပွဲလဲ မမှတ်မိတော့တဲ့ ပွဲတပွဲမှာ အမှတ်မထင် ဆုံပါတယ်။ ကျနော် သွား ဂါရဝပြုတော့ အေးချမ်းတဲ့ အပြုံးနဲ့ တုံ့ပြန်ပါတယ်။

သည်လောကနဲ့ ကင်းကွာနေပေမယ့် ကျနော့်ရဲ့ ဆိုးရွားတဲ့ ကံ (လို့ပဲ ဆိုကြပါစို့ရဲ့) ကြောင့် အတွင်းသတင်းတွေ ကြားနေရတတ်ပါတယ်။ အဲဒါကြောင့် ဆရာဦးဝင်းတင် ကွယ်လွန်တယ်လို့ ကြားသိလိုက်ရချိန်မှာလည်း ရင်နင့်ခဲ့ရပြန်ပါတော့တယ်။

၁၉၈၈ အရေးတော်ပုံကြီးရဲ့ နောက်ပိုင်း အခုကာလအထိ နှစ်ပေါင်း ၃၀ အတွင်းမှာ အသက်တွေ၊ သွေးတွေ၊ ချွေးတွေ၊ ဘဝတွေ၊ လူလိုနေခွင့်တွေ၊ လွတ်လပ်မှုတွေကို စတေးခဲ့ကြသူ ကျောင်းသား၊ ရဟန်းရှင်လူတွေ ထောင်နဲ့ ချီပြီး ရှိခဲ့ပါတယ်။ သူတို့နောက်ကွယ်က ဘဝတွေ နာခဲ့ကြရတဲ့ မိသားစုဝင်တွေပါ ထည့်တွက်ရင် မနည်းလှပါဘူး။ သူတို့တွေ စတေးခဲ့တာ၊ ပေးဆပ်ခဲ့ကြရတာတွေအတွက် တန်သင့်တဲ့ ဘဝပုံစံတခု၊ စနစ်တခု၊ လုံခြုံမှုတခုကို လူထု ရခဲ့ပြီလား။

ရေးရင်းနဲ့ ကျနော်မျက်ရည်လည်နေတာ အမှန်ပါပဲခင်ဗျာ။

Author: lettwebaw

A prolific Burmese writer whose main work is non-fiction with many articles and books on psycho-social and health issues including sex education for teenagers, proper etiquette, child rearing practices and marriage counselling tips. Another nom de plume is "Pseudonym."

One thought on “အစုတ်ထုပ်ရဲ့ ကြားဖြတ်အစီရင်ခံစာ (အပိုင်း ၂)”

  1. တိုင်းပြည်​မှာ မငြိမ်​မသက်ြ​ဖစ်​​နေပြီဆိုရင်
    ပိုပြီးဆိုး​အောင်​သာ ဖန်​တီး​ပေးဖို့ကို ပ​လေတိုတို့ အရစ္စတိုတယ်​တို့က အား​ပေးတာထက်​ကို ကျွန်​​တော်​ဖတ်​ဖူးတဲ့ သူထဲမှာ​တော့ မက်​ခီယာဝယ်​လီက အုပ်​ချုပ်​သူလူတန်းစားဖက်​ကို ပိုပြီး၊ ​မြှောက်​ထိုးပင့်​​ကော်​လုပ်​​ပေးတယ်​လို့ မြင်​တာပဲ ဆရာ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s