ဘယ်လောက် ပြင်ဆင်ထားကြပါသလဲ…
မေးသာ မေးရတယ်။ အဖြေက သိနေပါတယ်။ ဘာမှ မပြင်ဆင်ထားပါဘူး။ ဖြစ်လာတော့မှ လျောက်လျားဆိုတဲ့ စိတ်က ကျနော်အပါအဝင် အားလုံးလိုလိုဆီမှာ ရှိနေကြမယ် ထင်ပါတယ်။
မသိလို့၊ မပူ၊ မပူတော့ မပြင်၊ မပြင်မိတော့ ထီခနဲဆို အီသကို ဖြစ်တတ်တဲ့သဘောကို ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းက ကျနော်တို့ကို လက်တွေ့ ပြခဲ့ပြီးပါပြီ။
🛑 အခု ပူရမှာက ငလျင်ပါ။ 🛑
လူတိုင်း ကြားဖူးလောက်တာက စစ်ကိုင်း ပြတ်ရွေ့။ အဲဒီ့စစ်ကိုင်းပြတ်ရွေ့က နိုင်ငံကို ထက်ပိုင်းပိုင်းပြီး ရှိနေပါတယ်။ ပညာရပ်ဝေါဟာရအရ အဲဒီ့ ပြတ်ရွေ့ဟာ ညာဘက်ကို ဘေးတိုက်ရွေ့နေတဲ့ ပြတ်ရွေ့တဲ့။ ထားပါတော့ဗျာ။ ပညာရပ်ကိစ္စတွေကို။
အဲဒီ့ပြတ်ရွေ့ဟာ ပဲခူးမြို့ရဲ့အရှေ့ဘက်နဲ့ ကပ်လျက် တည်ရှိတယ်။ ရန်ကုန်ရဲ့အရှေ့ဘက် ၃၅ ကီလိုမီတာ (၂၂ မိုင်) လောက်မှာ ရှိတယ်။ ခရမ်း၊ သုံးခွ အောက်တည့်တည့်လောက်ပေါ့။
၁၉၃၀ ခုနှစ် မေလ ၅ ရက်နေ့မှာ အဲဒီ့ပြတ်ရွေ့ လှုပ်ရှားမှုကြောင့် အင်အား ၇.၂ ရှိတဲ့ ငလျင်လှုပ်ခဲ့တယ်။ ပဲခူးမှာ လူ ၅၀၀ လောက် သေခဲ့ပြီး ရန်ကုန်မှာ လူ ၅၀ လောက်သေခဲ့တယ်။ ၁၉၃၀ ခုနှစ်တုန်းက ရန်ကုန်၊ ပဲခူးလူဦးရေနဲ့ တိုက်တာ အဆောက်အအုံအခြေအနေက ခုကာလနဲ့ နှိုင်းစာလို့ မရတော့တာကို သတိချပ်သင့်မယ် ထင်ပါတယ်။
🛑 ငလျင်ဟာ သံသရာ ပြန်လည်တတ်မြဲ သဘောရှိတယ်။ ဒါ့ကြောင့် ပညာရှင်တွေက ပဲခူး ငလျင်လိုဟာမျိုး၊ ၁၉၃၀ တုန်းကထက် အားပြင်းတဲ့ ငလျင်ဟာ နှစ် ၉၀ ကနေ ၁၁၅ နှစ်အတွင်းမှာ ပြန်ပေါ်လာလိမ့်မယ်လို့ တွက်ချက်ထားကြပါတယ်။
🛑 ပဲခူးငလျင်ဟာ ၈၉ နှစ်တင်းတင်းပြည့်ခဲ့ပြီး အခုဆို နှစ် ၉၀ အတွင်း ချင်းနင်း ဝင်ရောက်လို့ လာခဲ့ပါပြီ။
ငလျင်ဆိုတာ ဘယ်သူမှ ကြိုတင်ခန့်မှန်းလို့ မရတာမို့ ပညာရှင်တွေကလည်း သေချာအောင် နှစ် ၉၀ မှ ၁၁၅ နှစ်ဆိုတဲ့ နှစ်အစိတ် အဟနဲ့ ပြောကြပါတယ်။ နောင် နှစ်အစိတ်ကြာမှ ထပ်လှုပ်လို့ကတော့ လောလောဆယ် ဘာမှ ပူစရာ မလိုဘူးပေါ့။
🛑 ပူစရာကောင်းတာက နှစ်ကြာကြာ အောင်းလေလေ၊ စွမ်းအင် (အင်အား) ပို စုမိလေ ဖြစ်တတ်တာပါပဲ။ နှစ် ၉၀ အကြာမှ လှုပ်မယ့် ပြင်းအားထက် နှစ် ၁၀၀ အကြာမှာ လှုပ်မယ့် ပြင်းအားက ပိုတယ်၊ နှစ် ၁၁၀ အကြာဆို အဲဒီ့ထက် အများကြီး ပိုသွားနိုင်ပါတယ်။
သေချာတာကတော့ နှစ် ၉၀ မှာ လှုပ်လှုပ်၊ ၁၁၅ နှစ်ကျမှ လှုပ်လှုပ် ပြင်းအားက ၇ အထက်မှာ ရှိနေမှာပါပဲ။
❓ သည်အတွက် ကျနော်တို့ ရန်ကုန်နေ လူထု ဘာများ ပြင်ဆင်ထားပြီးပါပြီလဲ။ ❓
တိုက်တာ အဆောက်အအုံ၊ မိုးမျှော်တိုက်တွေ တပုံတပင်နဲ့ လူနေ ထူထပ် သိပ်သည်းတဲ့ ရန်ကုန်။ နှစ် ၁၀၀ ဝန်းကျင် သက်တမ်းရှိတဲ့ တိုက်အို တိုက်ဟောင်းတွေ ပေါများရာ မြို့လယ် ရန်ကုန်။
ငလျင်ဒဏ်ကြောင့် ပြိုလဲ ပျက်စီးရာမှာ အထပ်နိမ့်ခြင်း၊ မြင့်ခြင်းထက် အောက်ခံ မြေသားရဲ့ သဘာဝကလည်း အရေးကြီးပြန်တယ်။ မြေသား အခြေအနေကို အကျအန တိုင်းတာ တွက်ချက်ပြီး ဆောက်ထားတဲ့ အဆောက်အအုံက ရန်ကုန် ပဲခူးမှာ ဘယ်နှလုံး ရှိပါသလဲ။ ❓
သပိတ်ကျဉ်း ငလျင် (အင်အား ၆.၈၊ ၂၀၁၂ နိုဝင်ဘာ ၁၁ ရက်) တုန်းက လက်သမားဆရာတယောက်က သူတော့ နာမည်ပျက်ပါပြီလို့ ညည်းဖူးတယ်။ ညီအစ်ကိုနှစ်ယောက်အတွက် သူပဲ တာဝန်ယူပြီး လမ်းဟိုဘက် သည်ဘက် မျက်နှာချင်းဆိုင်မှာ အိမ်ဆင်တူ နှစ်လုံးဆောက်ခဲ့တာ။ ငလျင်လှုပ်တော့ လမ်းတဖက်ခြမ်းက အိမ်က ကျန်ရစ်ပြီး ကျန်တခြမ်းက အိမ်က ဗုံးဗုံးလဲသွားခဲ့ဖူးတယ်။
အဓိကက အောက်ခံ မြေသား မတူတာပါ။ အဲဒါနဲ့ တွက်ချက်တည်ဆောက်ထားတဲ့ အဆောက်အအုံ တပြည်လုံးမှာ ဘယ်နှလုံး ရှိပါသလဲ။ ❓
ဒါက အဆောက်အအုံတွေရဲ့ ထိုက်သင့်တဲ့ စံချိန်စံညွန်းတွေ မပါသေးဘဲ ပြောနေတာပါနော်။
သဘာဝ ဘေးအန္တရာယ်က လူမျိုး ဘာသာ ခွဲခြား မနေပါဘူး။ ခံစရာရှိ အားလုံး ခံရမှာပါ။
🛑 နောက်တချက်က ဖြစ်လာရင် အစိုးရလည်း ချက်ချင်း ဘာမှ လုပ်မပေးနိုင်ပါဘူး။ ဘယ်လောက်ချမ်းသာတဲ့ အစိုးရဖြစ်ဖြစ်၊ ဘယ်လောက် လူထုအပေါ် စေတနာထား၊ တာဝန်သိတဲ့ အစိုးရဖြစ်ဖြစ် ငလျင်လို ကြိုခန့်မှန်းလို့ မရတဲ့ သဘာဝဘေးအန္တရာယ် ပေါ်လာရင် သူက နောက်မှ ရောက်လာမှာ။ ဗွေဆော်ဦး ခံရမှာက လူထုသာ ဖြစ်တဲ့အပြင် အစိုးရအဖွဲ့အစည်းတွေ ရောက်မလာခင်ကတည်းက အချင်းချင်း မဆိုင်းမတွ အပူတပြင်း ရိုင်းပင်း ကူညီ ကယ်ဆယ်တာတွေ လုပ်ရမှာက အနီးအနားမှာ ရှိနေကြတဲ့ ရပ်သူ ရွာသားတွေပဲဆိုတာလည်း အမှန်တရားပါ။
❓ ဒါ့ကြောင့် ကျနော်တို့တွေ ဘယ်လောက် နိုးကြားနေကြပါသလဲ။ ❓
❓ ဘာတွေ ဘယ်လို ပြင်ဆင်ထားကြပါသလဲ။ ❓
ဒါကို ကြောင့်ကြရမယ့် အချိန်ပေါ် တည့်တည့်ရောက်နေပြီမို့ သည်စာကို ရေးလိုက်ပါတယ်။
အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(၁၆၀၅၁၉)
(ပညာရပ်ဆိုင်ရာ စာတမ်းတွေ အများအပြားအနက်က တခုကို ဖတ်ချင်ရင်
https://academic.oup.com/gji/article/185/1/49/604495 မှာ ဖတ်နိုင်ကြပါလိမ့်မယ်။)
အခုအချိန်ကစပြီးပြင်ဆင်ပါပြီ။