၁၉၉၄ ခုနှစ် ဇူလိုင်လကပါ။ ရှပ်ကျိုးလို့ ဆိုပြီး လမ်းတဝက်ပေါ် ရပ်ထားတဲ့ ကုန်ကားကြီးအောက်ကို ကျနော်မောင်းလာတဲ့ ၁၉၈၄ ခုနှစ်ထုတ် သင်္ဘောဦး တိုယိုတာ ကော်ရိုနာကား (န/၉၁၄၆) က တိုးဝင်သွားပါတယ်။ မနက် ၄ နာရီလောက်မှာပါ။ ရန်ကုန်-မန္တလေး လမ်းဟောင်း၊ ပျော်ဘွယ်နဲ့ မိတ္ထီလာကြား၊ ယင်းတော်ရွာကြီးရဲ့ ရဲစခန်းနဲ့ မျက်စောင်းထိုးလောက်မှာပါ။
ကံကောင်းချင်တော့ ကျနော် ခါးပတ် ပတ်မထားပါဘူး။ ခါးပတ်ပတ်ထားရင် ပွဲချင်းပြီးပါပဲ။
ကုန်ကားရဲ့ နောက်မြီးက ကားဘောနက်ကို ကျော်ပြီး ရှေ့လေကာမှန်မှသည် နောက်ခန်းဆီအထိ တိုးဝင်သွားခဲ့တာလေ။ ခါးပတ်သာ ပတ်ထားရင် ခေါင်းပြတ်ပြီး ကျနော် အသက်ထွက်ခဲ့မှာ မလွဲပါဘူး။
ခါးပတ် ပတ်မထားတဲ့အတွက် တိုက်မိတဲ့ အရှိန်နဲ့ ကျနော်ဟာ ထိုင်ခုံရှေ့ ကြမ်းပြင်ပေါ်ကို ဖင်ထိုင်လျက် ကျသွားပါတယ်။ ကျနော့မေးစေ့က စတီယာရင်ခွေရဲ့ အောက်ပိုင်းနဲ့ တတန်းတည်းလောက်ပါ။
ဘရိတ်နင်းလိုက်တဲ့ ညာဘက်ပေါင်ရိုးက ညာဘက် တင်ပါးဆုံခွက်ကို ထိုးခွဲလိုက်တဲ့ ဒဏ်ရာတခုပဲ ပြင်းပြင်းထန်ထန် ရလိုက်ပါတယ်။
ကားပေါ်မှာ အတူပါပြီး ကျနော့်ဘယ်ဘက် ခရီးသည်ထိုင်ခုံက လိုက်ပါလာသူ မန္တလေးက စက်ပြင်ဆရာကတော့ ပွန်းရုံပဲ့ရုံပါပဲ။
ကားကတော့ လုံးလုံး သုံးလို့ မရတော့ပါဘူး။ အဲတုန်းက ၃ သိန်းခွဲနဲ့ ဝယ်တဲ့ကားကို အပုံလိုက်ဈေး ငါးသောင်းနဲ့ ရောင်းခဲ့ရပါတယ်။ ကားဝယ်တဲ့သူက ယာဉ်မောင်းကျနော် မသေတာကို အံ့သြမဆုံးရှာဘူး။
အဲ… သူက ကားသာ တစစီဖြုတ်ရောင်းတာ၊ ကားလိုင်စင်တော့ သက်တမ်းတိုးပြီး ဓာတ်ဆီရောင်းစားခဲ့ပုံပဲ။ ကျနော့်မှာ စသုံးလုံးက အဲဒီ့ကားကိစ္စ ခေါ်စစ်တာလည်း ခံလိုက်ရပါသေးတယ်။ ကျနော် အပုံလိုက် ရောင်းလိုက်တာ ပြောပြလိုက်တော့ ရှင်းသွားပါတယ်။
အဟဲ…
ယာဉ်တိုက်မှုကို ရဲက အမှုဖွင့်တယ်ခင်ဗျ။ ထင်သလို ရပ်ထားတဲ့ကုန်ကားကတော့ အမှုထဲ မပါဘူးခင်ဗျ။
၈ လလောက်အကြာ သွားနိုင် လာနိုင်ချိန်မှာ ပျော်ဘွယ်တရားရုံးကို သွားပြီး ဒဏ်ငွေဆောင်ခဲ့ရပါသေးသော်ကောခင်ဗျာ။
အဲဒါဟာ မြန်မာပြည်ရဲ့ မော်တော်ယာဉ်ဥပဒေပါပဲ။ ကျနော်သာ အဲတုန်းက ပွဲချင်းပြီးသွားခဲ့ရင် သူတို့ ဘယ်သူ့ကို ဒဏ်တပ်မလဲဆိုတာလည်း မသဲကွဲလှဘူးခင်ဗျ။
နှစ်ပေါင်း အစိတ်ပြည့်ဖို့တောင် ရက်ပိုင်းပဲ လိုပါတော့တယ်။ အခုချိန်အထိ ရှင်နေသေးတဲ့အတွက် အနန္တော အနန္တငါးပါးနဲ့တကွ ကံကြမ္မာကို ကျေးဇူးတင်ရပါမယ်။ သက်ဆိုးမို့ ရှည်တာလည်း ဖြစ်နိုင်ပါတယ်။ လူကောင်း သူကောင်းတွေသာ ငယ်ငယ်ရွယ်ရွယ်နဲ့ သေတတ်ကြတယ်ဆိုတဲ့ သိုးဆောင်းဆိုရိုးလည်း အရှိသားမဟုတ်ပါလား။ ကျနော်က ဆိုးပေ ဆိုးတေမို့ မသေခဲ့တာရင်လည်း ဖြစ်ချင်လည်း ဖြစ်မှာပေါ့နော်။
ဘယ်လိုပဲဖြစ်ဖြစ် ရပ်ထားတဲ့ ကားကို နောက်က ဝင်တိုက်တာမို့ နောက်က တိုက်သူ အရေးယူကြေး၊ ရှေ့က စည်းကမ်းဖောက်သူ လွတ်ကြေးဆိုတဲ့ စနစ်ကြီး အခု ရှိ မရှိတော့ ကျနော်လည်း မသိတတ်နိုင်ပါဘူး။
ဆရာလေး နေထွန်းနိုင် တခါက ရေးဖူးသလို “မတရားမှုကလွဲလို့ ဘာမှ မထွန်းကားတဲ့ တိုင်းပြည်”မှာ ကျနော်တို့ လူလုပ်နေကြတာပဲလေ။ ဘယ်တတ်နိုင်ပါ့မလဲနော်…
အားလုံးတွေးဆဆင်ခြင်ကြည့်နိုင်ကြပါစေ…
အတ္တကျော်
(၁၁၀၆၁၉)