Skip to content

မျှော် တိုင်း တုံး

12 June 2019

No photo description available.

အစ

မနေ့က ပညာရေးမူဝါဒနဲ့ ပတ်သက်ပြီး ဆရာအောင်သူငြိမ်းရေးထားတာလေး (https://bit.ly/2wIW39J) လက်ဆင့်ကမ်းလိုက်တဲ့အခါ အင်မတိ အင်မတန် ခက်ခက်ခဲခဲ တက်ရောက် သင်ယူ ဖြေကြားရတဲ့ နိုင်ငံတကာ ဆရာဖြစ်သင်လက်မှတ်ရထားသူ မြန်မာလူမျိုး ဆရာမလေးက ကျနော့်ဆီကို အောက်ပါအတိုင်း စာတိုလှမ်းပို့ပါတယ်။

“မြန်မာပြည်မှာတော့ Pedagogy principles တွေ အားနည်းနေသေးတော့ textbook policy ရှိခဲ့ရင်တောင် ပုဂ္ဂလိကကနေ ဖတ်စာအုပ်ထုပ်ရင် အထူးထုတ်တွေ ဖြစ်သွားမှာ စိုးရိမ်မိတယ်”တဲ့။

သိပ်သေချာတာပေါ့။ Pedagogy principles တဲ့။ ဆီလျော်အောင် ပြန်ဆိုရင် သင်ကြားနည်းအခြေခံမူလို့ ဖြစ်မလားပဲ။ ဘယ်လို နည်းနဲ့ အကောင်းဆုံးဖြစ်အောင် သင်မှာလဲ။ ကလေးတွေရဲ့ သင်ယူပုံနဲ့ ပတ်သက်ပြီး ကိုယ်သိထားတဲ့အပေါ် အခြေခံပြီး ဘယ်နည်း ဘယ်ပုံသင်ပေးရင် ကလေးတွေ တတ်ပွန်သွားမလဲဆိုတာပါ။

အနက်အဓိပ္ပာယ်

Pedagogy ဆိုတာ ဂရိစကားပါ။ ဂရိမှာ Peda ဆိုတာ ကလေးလို့ အနက်ရတယ်။ Gogy ဆိုတာ သင်ကြားမှုကို အရူးအမူး နှစ်သက်မြတ်နိုးတာ။ ဒါမှမဟုတ်လည်း သင်ကြားမှု အနုပညာနဲ့ အတတ်ပညာ။ ဒါက ပိုဆီလျော်မယ် ထင်ပါတယ်။

အဲတော့ Pedagogy ဆိုတာ ကလေးတွေကို သင်ကြားရေး အနုပညာ၊ အတတ်ပညာ။

အတတ်ပညာ (သိပ္ပံ)မှာက သင်ယူမှု သဘောတရားတွေကို သိရှိထားတာရယ်၊ သင်ကြားရေးမှာ ဘယ်လို လမ်းညွှန်ရမယ်ဆိုတာကို သိရှိတာရယ် ပါဝင်ပါတယ်။

သင်ကြားမှု အနုပညာ

အနုပညာ (ဝိဇ္ဇာ) က ဘယ်က ပါလာတာတုံး။ သဘောတရားတွေကို လက်တွေ့မှာ မှန်မှန်ကန်ကန်ချသုံးနိုင်ဖို့ အနုပညာလိုတယ်။ သင်ကြားရေးအတွေ့အကြုံတွေကနေ ကိုယ့်ကိုယ်ကိုယ် ပိုကောင်းလာအောင် တည်ဆောက်ယူသွားနိုင်ဖို့ ဝိဇ္ဇာဖြစ်နေမှ။

တကယ်တော်တဲ့ ဆရာတွေဟာ သင်ကြားရေးမဟာဗျူဟာ ပေါင်းစုံကို သုံးတတ်ကြတယ်။ ဘာလို့လဲ။ အခြေအနေ အလုံးစုံနဲ့ ကိုက်ညီတဲ့ သင်ကြားရေးနည်းစနစ်ရယ်လို့ သတ်သတ်မှတ်မှတ် မရှိလို့ပါပဲ။

ဟိုတလောက ကျယ်ကျယ်လောင်လောင် ပြောသံကြားလိုက်ရသေးတယ်။ အင်္ဂလိပ်ဘာသာနဲ့ သင်မှလား၊ မြန်မာလို သင်ကြားရေး လုပ်သင့်တယ် ဘာညာ။ နောက်တခုက တိုင်းရင်းသား ဘာသာစကားတွေနဲ့ သင်ကြားရေး။

အားလုံး မှန်ပါတယ်။ အင်္ဂလိပ်လို သင်ချင်တဲ့သူလည်း မှန်တယ်၊ မြန်မာလို သင်ချင်တဲ့သူလည်း မှန်တယ်၊ တိုင်းရင်းသား ဘာသာစကားနဲ့ သင်ချင်တဲ့သူလည်း မှန်တယ်။

ဘယ်လမ်းက သွားသွား ပန်းတိုင်ရောက်ဖို့က ပဓာန

အားလုံး မေ့နေကြတာက ကျနော်တို့ ဘာကို ဦးတည်ကြမှာလဲ။ ကမ္ဘာ့အဆင့်မီ ပညာရေးကို ဦးတည်ကြမှာ မဟုတ်ဘူးလား။ ဘာ ဘာသာနဲ့သင်သင်၊ ကမ္ဘာနဲ့ ရင်ပေါင်တန်းနိုင်တဲ့ ပညာရေး၊ စင်္ကာပူပဲ သွားသွား၊ အင်္ဂလန်ပဲ သွားသွား မြန်မာပြည်က ဘွဲ့ရဟာ သူတို့ဆီက ဘွဲ့ရနဲ့ တန်းတူ အလေးစားခံ၊ နေရာပေးခံရရေးပဲ မဟုတ်ဘူးလား။

အဲဒါဟာ အထက်မှာ ပြောခဲ့တဲ့ “အခြေအနေ အလုံးစုံနဲ့ ကိုက်ညီသော” သင်ကြားရေးပုံစံနဲ့ သွားရင် ရပါတယ်။ ဖတ်စာအုပ်ကို ကြိုက်တဲ့ဘာသာနဲ့ရေး၊ သင်ရိုးညွှန်းတမ်းက တခုပဲ ရှိမယ်။ စာသင်သားရဲ့ အရည်အသွေးကို စစ်ဆေးတဲ့ စနစ်ကလည်း တခုပဲ ရှိမယ်ဆိုရင် သက်ဆိုင်ရာ ကျောင်းတွေ၊ ဆရာ၊ ဆရာမတွေက သူတို့သင်ပေးရမယ့် ကျောင်းသားတွေနဲ့ ကိုက်ညီမယ့် ဖတ်စာအုပ် တအုပ်မကကို ကိုင်ပြီး သုံးစွဲနိုင်ပါလိမ့်မယ်။ တိုင်းရင်းသားအတွက် တိုင်းရင်းသားဘာသာနဲ့ ဖတ်စာအုပ်ပဲ။ အင်္ဂလိပ်လို သင်ချင်သူအတွက် အင်္ဂလိပ်လို ဖတ်စာအုပ် ဖြစ်နေမယ်။

အာဆီယံ ဖတ်စာအုပ်မူဝါဒတွေထဲမှာ တချက်ပါတယ်။ ဘာသာရပ်အားလုံးဟာ ဖတ်စာအုပ်တအုပ်တည်းနဲ့ မလုံလောက်တတ်ဘူး။ တချို့ဘာသာရပ်တွေအတွက်၊ အထူးသဖြင့် မိခင်ဘာသာစကားအတွက် ဆရာတွေရဲ့ လက်စွဲတွေ၊ သင်နည်းစနစ်တွေ၊ တခြားသင်ထောက်ကူပစ္စည်းတွေ လိုအပ်နေစမြဲပဲတဲ့။

အလွယ်ပဲ ပြောမယ်။ အပင်အကြောင်း သင်တယ်။ မြေပြန့်က ပိတောက်ပင်လို့ ပြောပေမယ့် တောင်ပေါ်က ကလေးက ပိတောက် မမြင်ဖူးဘူး။ ဘာအရေးလဲ၊ ဆရာက ချယ်ရီပင်နဲ့ သင်ပေးချင် သင်ပေးမှာပေါ့။ အပင်ဆိုတာရဲ့ အခြေခံ သဘောတရားက အတူတူပဲ။ အပင်အကြောင်း ကမ္ဘာ့အဆင့်မီ လူလူသူသူ သိဖို့က အဓိက မဟုတ်ဘူးလား။ ဘာပင်ဖြစ်မှ၊ ညာပင်ဖြစ်မှ လုပ်နေစရာ လိုလို့လား။ သည်သဘောပါပဲ။

ရန်ကုန်မြို့လယ်မှာ နေတဲ့ ကလေးက ပိတောက်လဲ မမြင်ဖူး၊ ချယ်ရီလည်း မမြင်ဖူးတော့ရော ဘယ်လိုလုပ်မတုံး။ ကျောင်းကလည်း ရန်ကုန်မြို့က ဗိုလ်တထောင် အထက ၅ လို မြေပြည့်ဆောက်ထားတဲ့ကျောင်းဆိုပါစို့။ ကျောင်းထဲမှာ ပြစရာကလည်း ဘာပင်မှ မရှိဘူး။ ကလေးတွေက သစ်ပင်ဆိုတာပဲ ဖျန်းသိထားတယ်။ တည်ပင်လား၊ မယ်ဇလီပင်လား၊ သရက်ပင်လား၊ ကုက္ကိုပင်လား မကွဲရှာကြတဲ့ မြို့လယ်က ကလေးတွေ ဖြစ်နေတယ်။ ဒါလည်း ပြဿနာ မရှိပါဘူး။ ပိတောက်လို့ မှန်မှ အမှတ်ပြည့်ပေးစရာမှ မလိုတာလေ။ အပင်သဘောကို သူတို့သိအောင် သူတို့ မြင်ဖူးနေတဲ့ အပင်တွေနဲ့ မြင်သာအောင် ဆရာက ဉာဏ်ကို လွှာသုံးပြီး သင်တတ်ဖို့ပဲလိုတယ်။

အဲဒါဟာ သင်ကြားရေး အနုပညာပဲ။ သဘောတရားတွေကို လက်တွေ့မှာ မှန်မှန်ကန်ကန် ချသုံးတာပဲ။

ကျက်နိုင်စိန်၊ ကျက်အားမဲ့

ပြောရတာ အားတော့နာတယ်။

ကျနော်တို့နဲ့ အဲဒီ့ သင်ကြားရေးနည်းစနစ်တွေက ဝေးလွန်းနေပါသေးတယ်။

မနေ့တနေ့က အောင်စာရင်းတွေ ထွက်လာတယ်။ မော်တဲ့သူတွေကလည်း မော်လို့ မဆုံး။ ညှိုးတဲ့သူတွေလည်း ညှိုးခြုံးလို့။ ဒါပေမယ့် သေချာ စဉ်းစားကြည့်မယ်ဆို သည်လို ပညာရေးမျိုးမှာ မော်တဲ့သူက ကျက်နိုင်စိန်၊ ညှိုးတဲ့သူက ကျက်အားမဲ့ဆိုတာကို မြင်ကြပါလိမ့်မယ်။

ကျက်နိုင်စိန်ပဲဖြစ်ဖြစ်၊ ကျက်အားမဲ့ပဲဖြစ်ဖြစ် ဘဝကို ရင်ဆိုင်ရဲဝံ့နိုင်ဖို့အတွက်ကတော့ အမြော်အမြင် ဆင်ခြင်တုံတရားသာ ဖြစ်ပါလိမ့်မယ်။

မနေ့က ပြောခဲ့တဲ့ စွန်းလွန်းဂူဆရာတော်ကြီးနဲ့ပဲ ပြောရအောင်။ ဆရာတော်ကြီး ဦးကဝိက ကျက်အားမဲ့။ မင်္ဂလသုတ် နောက်ဆုံးပိုဒ်တောင် ၃ နှစ်တိုင်တိုင် ကျက်ပြီး အလွတ်မရနိုင်ရှာခဲ့တဲ့သူလေ။ ဒါပေမယ့် သူက ရဟန္တာမထေရ်ကြီး ဖြစ်ခဲ့တာ အထင်အရှား။ ဘွဲ့နာမတော်တွေတော့ ထုတ်မပြောတော့ပါဘူး။ ဦးကဝိဟာ ရဟန္တာပါဆိုပြီး ထင်ရှားလာတော့ ခေတ်ပြိုင် စာတတ် ထေရ်ကြီး ဝါကြီးတွေက အစာမကျေကြဘူး။ ဘယ့်နှယ့် စာမတတ်တဲ့ ကိုယ်တော်က ရဟန္တာ ဖြစ်ရမှာလဲဆိုပြီး ဝိုင်းစစ်ကြဆေးကြသေးသဗျ။

သူတို့က စာတတ်တွေဆိုတော့ အလွတ်ကျက်သန်သူတွေ။ တနည်းပြောရင် သူတို့လည်း ကျက်နိုင်စိန်တွေပဲ။

ဦးကဝိက ကျက်အားမဲ့။ ကျက်အားမဲ့တော့ အလုပ်အားကောင်းတယ်။ အလုပ်အားကောင်းတော့ ခရီးပေါက်သွားခဲ့တယ်။ နောက်ဆုံးမှာ ကျက်အားမဲ့တပါးတော့ ခရီးကောင်းကောင်း ပေါက်သွားပြီဆိုတာကို ကျက်နိုင်စိန်တွေ အောင့်သက်သက်နဲ့ လက်ခံခဲ့ကြရပါတော့တယ်။ (စွန်းလွန်းဆရာတော်ကြီးရဲ့ ထေရုပ္ပတ္တိထဲမှာ ပါပါတယ်။ စိတ်ဝင်စားရင် ရှာဖတ်ကြပါ။)

စာအုပ်ကြီးသမားတွေကို မမုန်းပါဘူး

အာဆီယံ ပညာရေးမူဝါဒ စာအုပ်ထဲမှာ ဝါကျတကြောင်းတွေ့မိတယ်။

Poorly written textbooks can reinforce rote-learning. ခပ်ညံ့ညံ့ ဖတ်စာအုပ်တွေဟာ အလွတ်ကျက်ခြင်းကို ခိုင်မာလာစေနိုင်ပါသတဲ့။

ဓာတ်ရှင်နယ်ပယ်မှာ ထူးချွန်ထင်ရှားခဲ့ဖူးသူ စာရေးဆရာ ဝင်းဦးရဲ့ နာမည်ကျော် “မိန်းမလှအမုန်း”ဝတ္ထုရှည်ကြီးထဲက ဝါကျတခုကိုလည်း ကိုးကားချင်ပါသေးတယ်။ “မောင်က စာအုပ်ကြီးသမားတွေကို မမုန်းပါဘူး။ စာတအုပ်တည်းသမားတွေကိုသာ မုန်းတာပါ”တဲ့။

အဘက်ဘက်က နောက်ကျ ကျန်နေခဲ့တဲ့ ကျနော်တို့တွေအတွက် သင်ယူဆည်းပူးမှုက သေမတတ်အရေးကြီးပါတယ်။ ကျနော်တို့ရဲ့ ကနေ့ လူငယ် အများစုမဟုတ်ဘူးဆိုရင်တောင် အတော်များများဟာ တဖက်ပိတ်အတွေးအမြင်တွေနဲ့ ဖြစ်နေတာ စာအုပ်မျက်နှာစာမှာ သူတို့ရေးနေ၊ တင်နေ၊ လက်ဆင့်ကမ်းနေတာနဲ့တင် ထင်ရှားနေပါတယ်။ သူတို့တွေဟာ တကယ်တော့ လူတော်လေးတွေပါ။ သို့သော် သူတို့တွေဟာ ဆရာဝင်းဦးရေးခဲ့သလို “စာတအုပ်တည်းသမား”တွေသာ ဖြစ်နေရှာကြပါတယ်။

အလွတ်ကျက်စနစ်နဲ့ ကြီးပြင်းလာ၊ လူဖြစ်လာခဲ့ရသူတွေမို့ အဲလိုဖြစ်နေတာ သူတို့အပြစ်မဟုတ်ပါဘူး။ ခမျာများမှာ စနစ်ရဲ့ သားကောင်ဖြစ်နေရှာကြတာပါ။

မကြာခင် ရောက်လာတော့မယ့် ဉာဏ်ရည်တု လွှမ်းမိုးသွားမယ့် ခေတ်ကြီးမှာ အဲဒီ့စာတအုပ်တည်းသမားတွေ ဘယ်လို ရပ်တည်ကြမှာလဲ။ ဘက်စုံ ထောင့်စုံက ဆင်ခြင်နိုင်အောင်၊ အသိပညာ ခိုင်လုံအောင် စာတအုပ်တည်းနဲ့တော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ စာတအုပ်မက အများအပြား ဖတ်တတ်အောင်၊ ဖတ်ရဲအောင်၊ ဖတ်ကျင့်ရှိအောင် ပညာရေးစနစ်ကသာ လုပ်ဆောင်ပေးနိုင်ပါလိမ့်မယ်။

သို့သော်…

ခက်တာက… ကျနော်တို့မယ် ဦးစားပေးရမှာတွေက သိပ်များနေတယ်။ ဆုံးဖြတ်ချက်ချမှတ်သူတွေကလည်း လူထုအကျိုးစီးပွားအတွက် ဆုံးဖြတ်ချက်ချမှတ်ဖို့ထက် မိမိတို့ ထိုင်စရာနေရာတနေရာလေးကိုပဲ မဲတင်းနေခဲ့တာ လွတ်လပ်ရေးရကတည်းကလို့ဆိုရင် မမှားတန်ကောင်းဘူးလို့ ထင်ပါတယ်။ လူ့ဘောင်အပေါ် တကယ် စေတနာထားသူတွေကလည်း နေရာရရိုး မရှိတဲ့ ပတ်ဝန်းကျင်မှာ ကျနော်တို့ နေနေကြရတာလည်း နှစ်ပရိစ္ဆေဒ ကြာမြင့်လှပါပြီ။

အဲတော့လည်း ကျနော်တယောက် ရူးလို့ လျှောက်ရေးနေတယ်ပဲ မှတ်ကြပါဗျာ။

ဘာကိုမှ မမျှော်လင့်အားတော့ပါဘူးလေ…

(စာဖတ်သူများကို စိတ်ညစ်အောင် လုပ်မိသွားတဲ့အတွက် ကျနော့်ကို ခွင့်မလွှတ်ကြပါနဲ့ဗျာ။ ကျနော် ညစ်နေတာကို လက်ဆင့်ကမ်းပေးလိုက်တာပါ။)

အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ…

အတ္တကျော်

(၁၀၀၆၁၉)

Advertisements
No comments yet

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: