အားလုံး ချမ်းသာကြပါစေ

၁၃ ချက်

တချက်စီ ဖတ်ကြည့်၊ ဆင်ခြင်ကြည့်ပြီး စဉ်းစားကြရအောင်လားဗျာ။

1. မှားတာ မှန်တာကို ဂရုမထားတော့တာ။

2. တခြားသူတွေအပေါ်မှာ အမြတ်ထုတ်ဖို့ တချိန်လုံး လိမ်လည် လှည့်ဖျားနေတာ

3. တဖက်သားအပေါ်မှာ စာနာစိတ်ကင်းမဲ့တာ၊ အပြစ်မြင်တာ၊ မလေးစားတာ

4. ကိုယ်လိုချင်တာ ရဖို့၊ ကိုယ်စိတ်ချမ်းသာဖို့ တဖက်သားကို ချယ်လှယ်နိုင်အောင် ချစ်စရာကောင်းတဲ့ သူ့အရည်အသွေးကိုဖြစ်စေ၊ ဇဝနဉာဏ်ကိုဖြစ်စေ သုံးတတ်တာ

5. လူတတ်လုပ်တာ၊ တခြားသူတွေထက် သာတယ်လို့ ယူဆနေတာ၊ ကိုယ့်အယူအဆမှ အမှန်ဆိုပြီး အသေကိုင်စွဲထားတတ်တာ

6. ခြိမ်းခြောက် အကြပ်ကိုင်တဲ့နည်း၊ ကလိန်ကျတဲ့နည်းနဲ့ တခြားသူတွေရဲ့ အခွင့်အရေးတွေကို ချိုးဖောက်တာ

7. စိတ်လိုက်မာန်ပါ လုပ်တတ်တာ၊ ဒါမှမဟုတ် ရှေ့အတွက် ကြိုမစဉ်းစားတာ

8. ရန်လိုတာ၊ သိသိသာသာ အကဲဆတ်လွယ်တာ၊ စိတ်အနှောင့်အယှက်ဖြစ်လွယ်တာ၊ ခိုက်ရန်ဒေါသစိတ်ကြီးတာ၊ အကြမ်းဖက်တာ

9. တဖက်သားနေရာက နေမပေးတတ်တဲ့အပြင် တခြားသူတွေကို ဒုက္ခပေးမိလို့လည်း နောင်တမရတတ်တာ

10. ကိုယ့်အတွက်ပဲဖြစ်ဖြစ်၊ တခြားသူတွေအတွက်ပဲဖြစ်ဖြစ် ဘေးကင်းကင်း မကင်းကင်း မလိုအပ်ဘဲ စွန့်စားလို၊ ရမ်းကားလိုတဲ့ အမူအကျင့်

11. အိမ်ထောင်ရေး၊ အချစ်ရေးမှာလည်း အဆင်မပြေတာ၊ ဒါမှမဟုတ် နိုင်လိုမင်းထက်လုပ်တတ်တာ

12. ကိုယ့်အမူအကျင့်ရဲ့ အကျိုးဆိုးတွေကို ထည့်စဉ်းစားဖို့ဖြစ်ဖြစ်၊ အဲဒီ့အကျိုးဆိုးတွေကို သင်ခန်းစာယူဖို့ဖြစ်ဖြစ် စိတ်ကို မဝင်စားတာ

13. တချိန်လုံး တာဝန်မဲ့တာ (ဖြစ်လာသမျှ ငါလုပ်လို့ဆိုပြီး တာဝန်ယူချင်စိတ်မရှိတာ)အပြင် အလုပ်တာဝန်၊ (ပေးဆပ်ရမယ့် တာဝန်လိုမျိုး) ငွေကြေးတာဝန်တွေကို တချိန်လုံး ပျက်ကွက်နေတာ

ကျနော်တို့ ပတ်ဝန်းကျင်မှာ အဲသလို လူတွေ တွေ့ဖူးပါသလားလို့ မေးရင် လူကြီးမင်း ဘယ်လို ဖြေမလဲလို့ သိချင်လိုက်တာ။

နေ့စဉ် တွေ့မြင်

ပထမ ခုနစ်ချက် (၁ ကနေ ၇) အထိတော့ ကျနော့်ပတ်ဝန်းကျင်မှာ နေ့စဉ်တွေ့မြင်နေရသလိုပါပဲ။ မယုံဘူးလားခင်ဗျာ။ လမ်းပေါ်ကို ထွက်ပြီး ကားစီးကြည့်လိုက်ပါ။ ၁ ဖြစ်တဲ့ အမှား အမှန်ကို ဂရုမစိုက်တာလည်း တွေ့ပါလိမ့်မယ်၊ ၂ ကိုတော့ ယာဉ်မောင်းတွေဆီမှာ မတွေ့ရဘူးပဲ ထားပါ၊ ၃ ဆိုတဲ့ တဖက်သားကို မစာနာတဲ့ စိတ်တွေလည်း ထင်းထင်းကြီးတွေ့ရ ပါလိမ့်မယ်၊ ၅ ဖြစ်တဲ့ သူက ပိုမောင်းတတ်သလို အမူအကျင့်ကိုလည်း တွေ့ရဦးမှာပါ၊ ၆ – ခြိမ်းခြောက် အကြပ်ကိုင်တဲ့နည်း၊ ကလိန်ကျတဲ့နည်းနဲ့ တခြားသူတွေရဲ့ အခွင့်အရေးတွေကို ချိုးဖောက်နေတာရယ်၊ ၇ – စိတ်လိုက်မာန်ပါ လုပ်တာရယ်လည်း ခရီးသည်တင် ယာဉ်မောင်းတဲ့သူများမှသည် ကားအကောင်းစားကြီး မောင်းနေတဲ့သူတွေဆီမှာပါ တွေ့ရတဲ့ အမူအကျင့်ပါ။ ဟုတ်ကဲ့လား မသိဘူး။

ကားနဲ့ ဝေးပါတယ်ဆိုရင် တန်းစီရတဲ့ နေရာတွေမှာလည်း အဲလို လူမျိုးတွေ တွေ့ရနိုင်ပါတယ်။

ဗိုလ်နေဝင်းကို မုန်းလှတယ်ဆိုပေမယ့်

မြန်မာ့စောက်ရှက်လက်(စ်) လမ်းစဉ်ဖာထီက ပေးခဲ့တဲ့ အမွေဆိုးကတော့ “ငတေစိတ်”ပါပဲ။ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ စိတ်ဓာတ်မို့ “ငတေစိတ်”လို့ အနွတ္ထသညာ ပြုလိုက်ရတာပါပဲ။ ကိုယ်အနေချောင်ဖို့၊ ကိုယ် ကောင်းစားဖို့သာ အဓိက၊ ကျန်တဲ့သူ ဘာဖြစ်ဖြစ်ဆိုတဲ့ စိတ်ဓာတ်အမွေဆိုးကို ဗိုလ်နေဝင်းရဲ့မဟာလမ်းစဉ်က ပေးအပ်ခဲ့ပါတယ်။

ဗိုလ်နေဝင်းကို မုန်းတယ်လို့ ပြောကြသူတွေ ကိုယ်နှိုက်က ဗိုလ်နေဝင်းထားခဲ့တဲ့ စိတ်ဓာတ်အမွေကို ပျော်ပျော်ကြီး ဆက်ခံ ကျင့်သုံးနေကြတာ ရယ်စရာ အလွန်ကောင်းလှပါတယ်နော်။ သူ့ကို ဘုရားလို ကိုးကွယ်ခဲ့သူတွေမှာဆို သည့်ထက် ပိုဆိုးမှာဆိုတာလည်း တွေးမိရပါတယ်။

အမယ်… ဘာတဲ့။ “မကောင်းနိုင်ရင် ကင်းအောင်နေ၊ မကင်းနိုင်ရင် ကောင်းအောင်နေ”ဆိုတဲ့ သြဝါဒ ရွှေတလွဲကိုတောင် ချတဲ့သူက ချနေကြသေး။ “မကင်းနိုင်ရင် ကောင်းအောင်နေ”ဆိုတာက တကယ်တော့ သည်မောင်တွေနဲ့ မကင်းနိုင်ဘူးလား၊ မကင်းနိုင်လို့ရှိရင် သည်မောင်တွေ အလိုကျသာ မှားမှား မှန်မှန်၊ ဆိုးဆိုး ကောင်းကောင်း အလိုက်အထိုက်နေဖို့ သင်ပေးတဲ့ သြဝါဒ ရွှေတလွဲပါ။ သူခိုးဓားပြနဲ့ မကင်းနိုင်ရင် သူတို့လိုပဲ လိုက်ခိုး၊ လိုက်လု၊ လိုက်ဓားပြတိုက်ဖို့ သွန်သင်တဲ့ အဆိုအမိန့်။ အဲဒါကို “ကောင်းအောင်နေ”ဆိုတဲ့ သကာနဲ့ ဖုံးလိုက်တာ။

အဲဒါလည်း ဗိုလ်နေဝင်းလက်အောက်မှာ အနေချောင်သူတွေရဲ့ ပါးစပ်က ထွက်လာတဲ့ အဆိုအမိန့်ပါပဲ။ တနည်းအားဖြင့် “ငတေစိတ်”ကို အားပေးအားမြှောက် ပြုနေတဲ့ ပတ်ဝန်းကျင်ဆိုတာ ထင်ရှားစေတဲ့ အဆိုအမိန့်ပေါ့။

“လူမှုရေးခေါင်းပါးတဲ့ ကိုယ်ရည်ကိုယ်သွေး စံလွဲမှု”

ဗိုလ်နေဝင်းနဲ့ သူ့မြန်မာ့စောက်ရှက်လက်(စ်) လမ်းစဉ်ဖာထီ တရားဝင် ကျဆုံးသွားခဲ့တာ ၁၉၈၈ ခုနှစ်က ဆိုတော့ အခုဆို ၃၁ နှစ်၊ မျိုးဆက်တဆက်စာတောင် ရှိခဲ့ပြီ။ ဒါပေမယ့် အဲဒီ့မျိုးဆက်က လက်ဆင့်ကမ်းခဲ့တဲ့ “ငတေစိတ်” အမွေအနှစ်ကတော့ ကျနော်တို့ လူ့ဘောင်မှာ တွင်ကျယ်နေဆဲပါပဲ။ ဟုတ်ကဲ့လား မသိဘူး။

Image may contain: one or more peopleအထက်က ဖော်ပြခဲ့တဲ့ အချက် ၁၃ ချက်ဟာ တကယ်တော့ “လူမှုရေးခေါင်းပါးတဲ့ ကိုယ်ရည်ကိုယ်သွေး စံလွဲမှု” (Antisocial Personality Disorder) စိတ်ဝေဒနာရဲ့ ရောဂါလက္ခဏာတွေပါ။

ခက်တာက အဲဒီ့ရောဂါလက္ခဏာတွေဟာ ကြီးကြီးမာစတာများမှသည် အောက်ခြေဝန်ထမ်းများအထိ၊ အစိုးရ လုပ်ငန်းများမှသည် ပုဂ္ဂလိက လုပ်ငန်းများအထိ၊ ပညာတတ်ကြီးများမှသည် ပညာမဲ့များအထိ ရှိရှိလေသမျှ လူထု လူတန်းစား အလွှာအသီးသီးမှာ လှိုက်စားနေတယ်လို့ မြင်မိရပါတယ်။

အဲဒီ့ “ငတေစိတ်”တွေ၊ အဲဒီ့ စံလွဲ စိတ်ဝေဒနာတွေ အရင့်အမာ အမြစ်တွယ် ချိုးကပ်နေတဲ့ လူ့ဘောင်ကို ကုနိုင်ပါဦးမလား။ ကျနော်ကတော့ တယ်မထင်မိတော့ဘူး။

လက်ဆင့်ကမ်းပေးကြပုံ အဖုံဖုံ

ကိုယ့်ရင်သွေးလေးတွေ ရှေ့မှာ ကိုယ်နိုင်လို့ ရတဲ့သူကို မစာမနာ မထောက်မထားဘဲ တအားအနိုင်ကျင့်ပြလိုက်တာ၊ ခံလာလို့ကတော့ ဆော်ပြီသာမှတ်၊ ချစရာရှိရင် ကိုယ်က ဦးအောင် တီးလာခဲ့လို့ ကလေးတွေကို သွန်သင်နေကြတာ၊ သူတပါးကို လိမ်လည်လှည့်ဖျားပြီး ကိုယ်ကျိုးရှာပြနေကြတာများဟာ မျိုးဆက်တဆက်က နောက်တဆက်ဆီ အကျအန လက်ဆင့်ကမ်းပေးနေတဲ့ “ငတေစိတ်”အမွေတွေလေ။

ရွာပြင်သာ အကောင်းဆုံး

အဲတော့လည်း အဲသလို လူ့ဘောင်ကို အဖတ်ဆယ်ဖို့ ကြိုးစားသူဟာ ရူးနေသူပဲပေါ့။ စံလွဲစိတ်ဝေဒနာရှင် ၁၀၀ ကြားမှာ လူမှန်တယောက်အတွက် နေရာမှ မရှိတာပဲလေ။

သည်လိုနဲ့ ကျနော်သည်လည်း ရွာပြင်မှာပဲ ထွက်ထိုင်နေမိရပါတော့တယ်။

အားလုံး ချမ်းသာကြပါစေ
အတ္တကျော်
၃၀၀၇၁၉

ရည်ရွယ်ချက်နဲ့ စေတနာသည်သာ…

မပြောတော့ဘူးလို့ နေနေတာပါပဲ။ ဒါပေမယ့် မျက်စိထဲ ဒါတွေပဲ နင်းကန်တိုးဝင်နေတော့လည်း မနေနိုင်တော့ပြန်ဘူး။ ပြောမိရပေဦးတော့မယ်။

အခြေခံအချက်လက်တွေImage may contain: text

(၁) ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (ဖွဲ့အုပ်ဥ) ဆိုတာ ကမ္ဘာဦးကျမ်းလည်း မဟုတ်၊ ဘုရားဟောလည်း မဟုတ်ပါဘူး။ ပြင်ချင် ပြင်လို့ရတာချည်းပါပဲ။

(၂) ကမ္ဘာပေါ်မယ် သက်တမ်းအရင့်ဆုံး ဖွဲ့အုပ်ဥနဲ့ နိုင်ငံတွေ ရှိတယ်။ စရေးကတည်းက အမြော်အမြင်နဲ့ ရေးခဲ့တာမို့ အသစ်ရေးစရာ မလိုတော့တဲ့ နိုင်ငံတွေလည်း အများကြီးပါပဲ။ ဖွဲ့အုပ်ဥတကာရဲ့ ဘိုးအေ အမေရိကန်နိုင်ငံရဲ့ ဖွဲ့အုပ်ဥ သက်တမ်းဆို ၂၃၁ နှစ်တောင် ကျော်ခဲ့ပါပြီ။

(၃) အမေရိကန်လောက် သက်တမ်းမရင့်တဲ့အပြင် သက်တမ်းနုတယ်လို့ ပြောမယ်ဆို ပြောနိုင်တဲ့ အိန္ဒိယနိုင်ငံရဲ့ ဖွဲ့အုပ်ဥက ကမ္ဘာ့ အရှည်လျားဆုံး ဖွဲ့အုပ်ဥလို့ အဆိုရှိပါတယ်။ ဒါပေမယ့် ပြောင်းလွယ်ပြင်လွယ်နိုင်မှုမှာ အိန္ဒိယ ဖွဲ့အုပ်ဥက သိပ်ကို အမြော်အမြင်ကြီးခဲ့တယ်လို့ မြင်မိရပါတယ်။

• အိန္ဒိယရဲ့ အငြိမ်းစားတရားသူကြီးချုပ် ဟန့်(ဇ်) ရာ့(ဂ်ျ) ခန္နာက သူ့ရဲ့ “အိန္ဒိယ ဖွဲ့အုပ်ဥ ရေးဆွဲခြင်း”ဆိုတဲ့ စာအုပ်ရဲ့ အဆုံးမှာ အခုလို ရေးခဲ့ပါတယ်။

“အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ကျွန်ုပ်တို့နိုင်ငံအား ထူထောင်ခဲ့သည့် ဖခင်ကြီးများက ကျွန်ုပ်တို့ နောင်လာနောက်သားများအတွက် ထားရစ်ခဲ့သည့် အမွေဖြစ်သည်ဆိုပါလျှင် ကျွန်ုပ်တို့ အိန္ဒိယလူထုသည် အဆိုပါ ဖွဲ့အုပ်ဥပါ ပြဌာန်းချက်များအတွင်း သက်ဝင်လှုပ်ရှားလျက်ရှိသည့် တန်ဖိုးထားမှုများကို ယုံမှတ်အပ်နှံခံရသူများ၊ ထိန်းသိမ်းစောင့်ရှောက်သူများသာ ဖြစ်ကြပါသည်။ ဖွဲ့အုပ်ဥဆိုသည်မှာ ကမ္ပည်းတင်ထားသော စက္ကူပုရပိုက်မည်ကာမတ္တ မဟုတ်ပါ။ ဘဝနေနေနည်း ဖြစ်သလို ကျင့်သုံးနေထိုင်သွားရမည့် လမ်းကြောင်းသာဖြစ်ပါသည်။ အဆုံးအစ မရှိ နိုးကြား သတိရှိခြင်းသည် လွတ်လပ်ရေး၏ တန်ဖိုးဖြစ်သလို ထိုသို့နိုးကြားနေအောင် ထိန်းသိမ်းရမည့်သူများမှာလည်း လူထုသာ ဖြစ်ပါသည်။”

• အိန္ဒိယ ဖွဲ့အုပ်ဥရဲ့ သက်တမ်းဟာ အခုနှစ် နိုဝင်ဘာမှာ နှစ်ပေါင်း ၇၀ တင်းတင်းပြည့်ပါမယ်။

• အခုနှစ် နှစ်ဦး ဇန္နဝါရီ ၁၂ ရက်နေ့မှာ ၁၀၃ ကြိမ်မြောက် ပြင်ဆင်ခဲ့ပါသေးတယ်။ ဆိုတော့ကာ သက်တမ်း ၇၀ အတွင်းမှာ အိန္ဒိယ ဖွဲ့အုပ်ဥကို အကြိမ် တရာကျော် ပြင်ခဲ့ပြီးပြီဆိုတာ ထင်ရှားပါတယ်။

(၄) တရုတ်နိုင်ငံရဲ့ ဖွဲ့အုပ်ဥကို ၁၉၈၂ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့ကာ ၅ ကြိမ် ပြင်ဆင်ပြီးပါပြီ။

(၅) ဘင်္ဂလားဒေ့(ရှ်) နိုင်ငံရဲ့ ဖွဲ့အုပ်ဥကို ၁၉၇၂ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့ပြီး ၁၇ ကြိမ် ပြင်ပြီးပါပြီ။

(၆) စင်္ကာပူနိုင်ငံရဲ့ ဖွဲ့အုပ်ဥကို ၁၉၆၅ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့ပြီး ၄၆ ကြိမ် ပြင်ပြီးပါပြီ။

(၇) ထူးခြားတာကတော့ ထိုင်းပါပဲ။ ၁၉၃၂ ခုနှစ်မှသည် ယနေ့ထက်တိုင် ၈၇ နှစ်တာအတွင်းမှာ ဖွဲ့အုပ်ဥ စုစုပေါင်း ၂၀ ရှိခဲ့ပါတယ်။ သူကတော့ အပင်ပန်းခံပြီး ပြင်ကို မနေဘူး။ အသစ်ချည်း လှိမ့်ရေးတာ အကြိမ်ပေါင်း ၂၀။ နည်းမှတ်လို့။

စဉ်းစားစရာ

ပြောခဲ့တဲ့ နမူနာတွေမှာ အမေရိက၊ အိန္ဒိယ၊ တရုတ်တို့လို လူမျိုးပေါင်းစုံ မှီတင်းနေထိုင်ကြတဲ့ ဧရာမနိုင်ငံကြီးတွေ ပါပါတယ်။ ဘင်္ဂလားဒေ့(ရှ်)လို လူမျိုးတမျိုးတည်း အဓိက နေထိုင်တဲ့ နိုင်ငံလည်း ပါတယ်။ စင်္ကာပူလို မြို့နိုင်ငံ ပိစိညှောက်တောက်လေးလည်း ပါတယ်။ ထိုင်းလို ကိုယ်တွေနဲ့ ရေမြေချင်းမကွာ၊ လူပေါင်းစုံ ဖွဲ့စည်းနေထိုင်တာချင်းလည်း မကွာလှတဲ့ နိုင်ငံလည်း ပါပါတယ်။

ဘယ်နိုင်ငံတွေ တိုးတက်နေလဲ။ ဘယ်နိုင်ငံတွေ ခရီးပေါက်နေသလဲ။ ဖွဲ့အုပ်ဥနဲ့ နိုင်ငံဖွံ့ဖြိုးမှု အဆက်အစပ်ကို စဉ်းစားရင် ထိုင်းတွေက ဟားတိုက် ရယ်နေလေမလား။ စဉ်းစားစရာတွေ အများကြီးပါ။

အဲဒါ ဒို့ဗမာ

လွတ်လပ်ရေးရပြီး အချုပ်အချာအာဏာပိုင် မြန်မာနိုင်ငံမှာ ဖွဲ့အုပ်ဥ သုံးခု ရှိခဲ့ပြီ။ ၁၉၄၇၊ ၁၉၇၄၊ ၂၀၀၈။

တခုချင်း ပြန်ကြည့်ရင်… ၁၉၄၇ ခုနှစ် ဖွဲ့အုပ်ဥသည် ဖုတ်ပူမီးတိုက် ဖွဲ့အုပ်ဥလို့ မြင်မိပါတယ်။ အမြန်ဆုံး လွတ်လပ်ရေး ရဖို့ဆိုတာကို ပန်းတိုင်ထားပြီး အသည်းအသန် အလျင်အမြန် ရေးခဲ့တာပါ။ ဒါ့ကြောင့် လစ်ဟာမှုတွေ ရှိခဲ့တယ်။ လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားလာတဲ့ ပြည်တွင်းစစ်မီးကို အဲဒီ့ ဖွဲ့အုပ်ဥက မကာကွယ်နိုင်ခဲ့ဘူး။ ဖွဲ့စည်းပုံ မမှန်တော့ ရန်များတဲ့ သဘော…

ဗိုလ်နေဝင်းရဲ့ ၁၉၇၄ ဖွဲ့အုပ်ဥနဲ့ ၂၀၀၈ ဖွဲ့အုပ်ဥကတော့ ရှင်းပါတယ်။ တိုင်းပြည်အတွက်၊ လူထုအတွက် ရည်ရွယ် ရေးဆွဲထားတဲ့ ဖွဲ့အုပ်ဥ မဟုတ်ပါဘူး။ အာဏာအတွက် အဓိကထားပြီး ရေးဆွဲထားတဲ့ ဖွဲ့အုပ်ဥတွေပါ။ ထိုင်းနိုင်ငံရဲ့ ဖွဲ့အုပ်ဥ ၂၀ နဲ့ သိပ်မကွာလှဘူးလို့တောင် ပြောလို့ ရမယ် ထင်ပါတယ်။ အာဏာလက်ရှိတွေ အာဏာ မစွန့်လွှတ်ရရေး အတွက် ကျားကုပ်ကျားခဲ ရေးဆွဲထားတဲ့ ဖွဲ့အုပ်ဥတွေပဲဖြစ်နေပါတယ်။

ကျနော့်အမြင်ကတော့ အကြိမ်တသောင်း ပြင်ဦးတောင် ရှိရင်းစွဲ ဖွဲ့အုပ်ဥရဲ့ မူလ ရည်ရွယ်ချက်ကိုက “အာဏာ”ကိုသာ ဦးတည်နေတဲ့အတွက် နိုင်ငံတည်ငြိမ်ရေး၊ ဖွံ့ဖြိုးရေး၊ နိုင်ငံသားတွေရဲ့ တာဝန်နဲ့ အခွင့်အရေးတွေကို အာမခံချက် ပေးနိုင်စွမ်း ရှိလာမယ်လို့ မယုံကြည်မိပါဘူး။

ဖွဲ့အုပ်ဥ အသားပေးသင့်တာ ဘာလဲ

ကျနော်တို့ လုပ်ရမှာက ဖွဲ့အုပ်ဥ ပြင်ဖို့ မဟုတ်ပါဘူး။ တိုင်းပြည်ရယ်၊ နိုင်ငံသားတွေရယ်အတွက် တကယ်စေတနာပါတဲ့ ဖွဲ့အုပ်ဥတရပ်ကို ရေးဆွဲရေးသာ ဖြစ်ပါတယ်။ အဲဒါကို ရေးဆွဲတဲ့အခါ လွှတ်တော်ကို တာဝန်မပေးသင့်ဘူးလို့လည်း မြင်ပါတယ်။ လွှတ်တော်ဆိုတာနဲ့ နိုင်ငံရေးသမားတွေ ပါလာပါတော့မယ်။ နိုင်ငံရေးသမားတွေ ပါလာတာနဲ့ “အာဏာ” ဆိုတာကြီးကလည်း အပမှီသလို ကပ်ပါလာပါတော့မယ်။ “အာဏာ”ကို ဖက်တွယ်လိုတဲ့ ဘယ်အဖွဲ့အစည်းမှ ဖွဲ့အုပ်ဥကို ရေးရာမှာ ဝင်မပါဘဲ ဘေးထွက်ပေးမှသာ တိုင်းပြည်ရဲ့အနာဂတ်ဟာ လှပနိုင်မှာပါ။

အိန္ဒိယနိုင်ငံရဲ့ ဖွဲ့အုပ်ဥကို ရေးခဲ့တဲ့၊ (“တိုင်းပြုပြည်ပြု လွှတ်တော်”လို့ ဘာသာပြန်ထားနှင့်ပြီး ရှိနေတဲ့) Constituent Assembly မှာ ပါဝင်ခဲ့သူတဦးဖြစ်သူ ဂျဝါဟာလာ နေရူးရဲ့ စကားက သိပ်မှတ်သားစရာ ကောင်းလှပါတယ်။ (အဲဒီ့ တိုင်းပြု ပြည်ပြု လွှတ်တော်ဆိုတာဟာ ပါလီမန်လို့ ခေါ်ကြတဲ့ လွှတ်တော်ရဲ့ အထက်က အခေါင်အချုပ်ဖြစ်ပါတယ်။ ဖွဲ့အုပ်ဥ ရေးဖို့အတွက် လူထုလူတန်းစားအသီးသီးက ကိုယ်စားလှယ်တွေ ပါဝင်တဲ့ လွှတ်တော်ဖြစ်ပါတယ်။ “အာဏာ”နဲ့ မပတ်သက်ပါဘူး။)

“သည်တိုင်းပြုပြပြည်ပြု လွှတ်တော်ရဲ့ ပထမဆုံး လုပ်ငန်းကတော့ ဖွဲ့အုပ်ဥအသစ်ကတဆင့် အိန္ဒိယနိုင်ငံကို လွတ်လပ်သွားအောင် လုပ်ဖို့၊ ငတ်နေတဲ့ လူထုကို ကျွေးမွေးနိုင်ဖို့၊ အဝတ်မဲ့နေတဲ့ လူထုအများအပြားကို အဝတ် ဆင်ပေးနိုင်ဖို့၊ ကိုယ့်အစွမ်းရှိသလောက် ကိုယ့်ကိုယ်ကိုယ်တိုးတက်လာအောင် လုပ်နိုင်တဲ့ အပြည့်ဝဆုံး အခွင့်အလမ်းကို အိန္ဒိယနိုင်ငံသားတိုင်း ရရှိလာစေဖို့ပဲ ဖြစ်ပါတယ်။ ဒါဟာ တကယ့်ကို ကြီးမြတ်လှတဲ့ လုပ်ငန်းပါ။

“ကနေ့ အိန္ဒိယကို ကြည့်လိုက်ပါ။ ကျနော်တို့က သည်မှာ ထိုင်နေကြတယ်။ နေရာအများအပြားမှာတော့ အတိဒုက္ခတွေနဲ့။ မြို့တွေ အများအပြားမှာလည်း မငြိမ်သက်မှုတွေနဲ့။ ဒါ့အပြင် ဘာသာရေး ပဋိပက္ခတွေလို့ ခေါ်တဲ့ အငြင်းပွားမှုတွေ၊ ရန်စတွေက အခြေအနေကို ပိုဆိုးအောင် ပံ့ပိုးနေတယ်။ တခါတလေကျတော့လည်း ဒါတွေကို ရှောင်လွှဲလို့ မရတာလည်း အမှန်ပါပဲ။

“ဒါပေသည့် လတ်တလောမှာ အိန္ဒိယနိုင်ငံရဲ့ အကြီးဆုံး၊ အရေးအပါဆုံး မေးခွန်းကတော့ ဆင်းရဲတဲ့သူတွေ၊ ငတ်နေတဲ့သူတွေရဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းမလဲဆိုတာပါပဲ။ ကျနော်တို့ ဘယ်ဘက်ကိုပဲ လှည့်လိုက် လှည့်လိုက်၊ သည်ပြဿနာကိုပဲ ရင်ဆိုင်နေရတာပါပဲ။ သည်ပြဿနာကို အချိန်မီ မဖြေရှင်းနိုင်ရင် ကျနော်တို့ရဲ့ စာရွက်ပေါ်က ဖွဲ့အုပ်ဥတွေအားလုံးဟာ ဘာမှ အသုံးကျမှာ မဟုတ်သလို ရည်ရွယ်ချက်လည်း ကင်းမဲ့နေပါလိမ့်မယ်”တဲ့။

အမြော်အမြင်

ကျနော်တို့ရဲ့ အရှေ့ဘက်နဲ့ အနောက်ဘက်မှာ ကပ်လျက်တည်ရှိနေတဲ့ အိမ်နီးချင်း နှစ်နိုင်ငံ၊ ထိုင်းနဲ့ အိန္ဒိယ။ ဘယ်နိုင်ငံရဲ့ ဖွဲ့အုပ်ဥက ခိုင်သလဲ။ ဘယ်နိုင်ငံမှာတော့ သည်ဖွဲ့အုပ်ဥနဲ့တင် ဗျာများလို့ ကောင်းနေဆဲ ဖြစ်သလဲ။

ဘာကြောင့် အဲလိုတွေ ဖြစ်နေတာလဲ။ လေ့လာသင့်ပါတယ်။ စူးစမ်းသင့်ပါတယ်။ အားလုံး ဝိုင်းဝန်းဆင်ခြင်ပြီး အနာဂတ်အတွက် အဖြေထုတ်သင့်ပါတယ်။

နောက် နှစ် ၃၀ ကြာတဲ့အခါ အခု အနီတွေ၊ အစိမ်းတွေ၊ အပြာတွေ၊ အဝါတွေလည်း ရှိတော့မှာ မဟုတ်ပါဘူး။ ကျနော်လည်း ရှိတော့မှာ မဟုတ်ပါဘူး။ အဲဒီ့အခါကျရင် သည်ရွှေနိုင်ငံကြီးကို ဘယ်လိုထားခဲ့ချင်ကြပါသလဲ။ ဖရိုဖရဲ ပရမ်းပတာနဲ့ မဆုံးနိုင်တဲ့ အာဏာလုပွဲတွေ ကြားမှာ ဖွတ်ကျောပြာစု ခရုဆံကျွတ် ထားခဲ့ချင်လည်း ကိုယ်တော်မြတ်များအားလုံးရဲ့ သဘောပါပဲ။

အမြော်အမြင်ဆိုတာ ကျနော်တို့ ရွှေမြန်မာတွေရဲ့ အဘိဓာန်ထဲက ပျောက်ဆုံးသွားခဲ့တာ နှစ်ပေါင်း ၅၀ မကပြီ ဆိုတော့လည်း ကျနော်ကတော့ ဘာကိုမှ သိပ်မမျှော်လင့်ချင်တော့ပါဘူးလေ။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
atk
(၂၂၀၇၁၉)

ရာဇဝတ်ကြောင်း၊ တရားမကြောင်း

⚖️⚖️⚖️⚖️⚖️⚖️⚖️⚖️⚖️

နိဒါန်း

Nyo Tun ဆိုတဲ့ အမည်နဲ့ Facebook သုံးစွဲနေသူရဲ့ စာတွေကို သတိထားမိခဲ့တာ တနှစ်လောက် ရှိပါပြီ။ သူပြောတာ အားလုံးကို သဘောမတူသည့်တိုင် သူထောက်ပြတတ်တဲ့ အချက်အလက်တွေက ကျနော့်ကို ငိုင်သွားစေနိုင်၊ တွေးဖြစ်စေနိုင်ခဲ့တာတွေလည်း ရှိပါတယ်။ သို့တိုင်အောင် ကျနော်က နိုင်ငံရေးကို စိတ်အကုန်ကြီး ကုန်နေပြီဖြစ်လေတော့ကာ သူ့စာတွေကို တခုတ်တရ ဖတ်မနေဖြစ်တော့သလို ခေါင်းထဲလည်း တယ်မထည့်ဖြစ်တော့ဘူး။

ညိုထွန်းဆိုတဲ့ အမည်နဲ့ ဆရာတယောက် ရှိတယ်၊ စာဖတ်အား၊ တွေးအား၊ ရေးအား အတော်ကောင်းပုံရတယ်။No photo description available. ခေတ်ပညာလည်း ကောင်းကောင်းတတ်ပုံရတယ်။ အဲလောက်ပဲ စိတ်ထဲ ရှိပါတော့တယ်။

ကျနော့်အတွက်က သူရေးနေတဲ့ အကြောင်းအရာတွေအပါအဝင် နိုင်ငံရေးကိစ္စဝိစ္စတွေဟာ သေရာပါမှာ မဟုတ်တာမို့ စိတ်ကို အပြတ်ဖြတ်နိုင်အောင် အားထုတ်နေတာပါ။ ပါအောင်သယ်ရမယ့် အလုပ်ဘက်ကို အားမထည့်နိုင်တောင် အလွဲတွေ စွဲပြီး သေပွဲဝင်ရမှာကို ကြောက်တာက အဓိကလို့ပဲ ရိုးရိုး ပြောပါစို့ရဲ့။

ဇူလိုင် ၁၂ ရက်နေ့ နေ့စွဲနဲ့ မနက် ၈ နာရီခွဲလောက်မယ် အဲဒီ့ဆရာ တင်ထားတဲ့ The Law ခေါင်းစဉ်ပါ စာတိုတပုဒ်ကို မိတ်ဆွေတယောက်က လက်တို့ပြီး လင့်(ခ်)ပို့ပေးလို့ ဖတ်လိုက်မိပါတယ်။ ဖတ်ပြီးတော့လည်း သြော်… ဟုတ်ပေရာ၏လောက်ပဲ စိတ်ထဲ ထားခဲ့ပါတယ်။ ဘာမှ စိတ်ထဲ ထူးမဖြစ်မိပါဘူး။

ကြမ္မာများ ငင်ချင်တော့

ကံက မကောင်းချင်တော့ မနေ့ညကမှ အဲဒီ့ စာရဲ့အောက်က မှတ်ချက်တခု (ပေါင်း ၂ ခု) က ကျနော့်ကို နှောင့်ပါတယ်။ အစကတော့ အဲဒီ့မှတ်ချက်အောက်မှာ ရေးဦးမလို့ပဲ။ ဒါပေမယ့် သူတပါးရဲ့ ပို့(စ်)အောက်မှာ မရေးမိအောင် ဆင်ခြင်နေတာမို့ မရေးဘဲ ထားလိုက်ပါတယ်။

ဆရာညိုထွန်းရဲ့ “တရားဥပဒေ” ခေါင်းစဉ်ပါ ဆောင်းပါးရဲ့ အဓိက အာဘော်ကတော့ သူရေးထားတဲ့အတိုင်း (ကောက်စာအစ) “ဗမာပြည်မှာ အခု ဖြစ်ပေါ်နေတဲ့ ၆၆(ဃ)၊ ၃၅(ဃ) စတဲ့ အီလက်ထရွန်းနစ် ဥပဒေတွေဆိုတာ တကယ်ကတော့ မျက်လုံးတလုံးဆုံးလျှင် မျက်လုံးတလုံးချင်း၊ သွားတချောင်းဆုံးလျှင် သွားတချောင်းချင်း ဆိုတဲ့ ဘေဘီလုံခေတ်က ဥပဒေ အယူအဆတွေနဲ့ ဘာမှ မကွာဘူးဗျ” (ကောက်စာအဆုံး) ဒါ့ကြောင့် လူထုအတွက် အကျိုးရှိတဲ့ ဥပဒေတွေ ဖြစ်လာအောင် ပြင်သင့်တာတွေ ပြင်ရမှာဖြစ်သလို အပြီးတိုင် ပယ်သတ်သင့်တဲ့ အယူအဆတွေကိုလည်း ပယ်သတ်သင့်တယ်လို့ သူမြင်မိကြောင်းရေးထားပါတယ်။ (သူ့မူရင်းစာ လင့်(ခ်)ကို ကျနော့်စာ အဆုံးမှာ ပေးထားပါတယ်။)

အဲဒီ့အောက်မှာ လာရေးတဲ့ မှတ်ချက်ကတော့ အသရေဖျက်ခံရသူက ငြိမ်ခံနေရမှာလားဆိုတဲ့ သဘောမျိုး သက်ရောက်တဲ့ မေးခွန်းပါ။ ကြားတယောက်က ဝင်ဖြေရှင်းတယ်။ သူ့တရား သူစီရင်သွားမှာပါ၊ ဘာညာဆိုတဲ့ သဘော။ အဲတော့ မူလ မေးသူက အထွန့်တက်တယ်။ အတိတ်က ဖြစ်ရပ်မှန် (ဥပမာ မုဒိန်းကျင့်ခံခဲ့ရဖူးတာ) ကို ပြန်အဖော်ခံရလို့ နစ်နာရင်ရော ငြိမ်နေရမှာလားတဲ့။ အဲဒါကိုတော့ အခု ၂၁ နာရီ ကြာတဲ့တိုင် ဘယ်သူမှ ဝင်ဖြေရှင်းတာ မတွေ့ရတော့ပါဘူး။

အဲဒီ့မှာ ကျနော် အူယားလာရတော့တာပါ။

တဆက်တည်းမှာ ဆရာညိုထွန်းပြောတဲ့ ဘေဘီလုံခေတ်က အယူအဆထက် နည်းနည်း ပိုတွေးဖြစ်တာလေးကို ပြောကြည့်ချင်လာရပါတော့တယ်။

ရာဇဝတ်နဲ့ တရားမ

ပထမဆုံးက ဥပဒေမှာ ရာဇဝတ်ကြောင်းနဲ့ တရားမကြောင်း (Criminal and Civil Laws) ရယ်လို့ ရှိနေပါတယ်။

အမြင်သာဆုံး ဥပမာက မူးယစ်ဆေး သုံးစွဲသူကို ပြစ်မှုဆိုင်ရာဥပဒေလို့ ခေါ်တဲ့ ရာဇဝတ်ကြောင်းက အရေးယူပြီး နှစ်ရှည် ထောင်ဒဏ်ချမှတ်တာပါပဲ။

တကယ်တော့ မူးယစ်ဆေးသုံးစွဲသူ ဖျက်ဆီးတာက ရောင်းဝယ်ဖောက်ကားသူလို လူအများကို ဖျက်ဆီးတာ မဟုတ်ဘဲ သူ့ကိုယ်သူ ဖျက်ဆီးတာသက်သက်ဖြစ်ပါတယ်။ သည်ထဲကမှ အသက် ငယ်ရွယ်သူတယောက်၊ ဆယ်ကျော်သက်တယောက်က သူ့တသက်ရဲ့ ပထမဆုံးအကြိမ်အဖြစ် မူးယစ်ဆေးကို စမ်းကြည့်ရာက ဖမ်းမိသွားတယ်၊ ဥပဒေနဲ့အညီပဲဆိုပြီး နှစ်ရှည် ထောင်ဒဏ်ချမှတ်လိုက်တယ်။ အဲဒီ့ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးသူလို့ ယူဆရတဲ့ လက်တည့်စမ်းသူ လူငယ်လေးကို ဥပဒေက ကယ်လိုက်တာလား၊ အညွန့်ချိုးလိုက်တာလား၊ သိပ်စဉ်းစားစရာ ကောင်းပါတယ်။

သူ့ကို ထောင်ထဲမှာ နှစ်ရှည်ထားရတဲ့အတွက် စရိတ်တွေ ရှိပါတယ်။ သူလို လူတွေ အများအပြားနဲ့တင် ထောင်တွေက ပြည့်သိပ်နေသင့်သလား။ ဒါလည်း နောက်စဉ်းစားစရာ တချက်ပါ။

သည်အခါမှာ မူးယစ်ဆေး သုံးစွဲသူကို ရာဇဝတ်ပြစ်မှုအနေနဲ့ မဟုတ်တော့ဘဲ တရားမကြောင်းကနေ အရေးယူတဲ့ နည်းကို ကြံဆလာကြပါတယ်။ သူ့ကို ဆေးဖြတ်ပေးဖို့ နည်းလမ်းနဲ့တကွ လူ့ဘောင်အတွက် အကျိုးရှိတဲ့ လုပ်ငန်း၊ ပရဟိတလုပ်ငန်းတခုခုမှာ တပတ်တန်သည်၊ တလတန်သည် လုပ်ခိုင်းတာမျိုးနဲ့ အသိတရား ရလာအောင် ဆောင်ရွက်တဲ့ နည်းပါ။ သည်အခါ လက်တည့်စမ်းသူ လူငယ်လေးလည်း ဆင်ခြင်မယ်ဆို ဆင်ခြင်နိုင်သွားမှာ ဖြစ်သလို သူ့ဘဝမှာလည်း ထောင်ထွက်ဆိုတဲ့ အမည်းစက်ကြီး တင်မကျန်တော့ဘူးပေါ့။ အညွန့်ကျိုးစရာ အကြောင်းလည်း အလွန်နည်းသွားပါပြီ။

အရေးတော့ ယူတယ်၊ ဒါပေမယ့် ရာဇဝတ်ကြောင်းအရ အရေးမယူဘူး၊ တရားမကြောင်းနဲ့ အရေးယူတယ်ဆိုတာ အဲဒါမျိုးပါ။

ရာဇဝတ်ဥပဒေရဲ့ ရည်ရွယ်ချက်

မုဒိန်းမှုလို၊ လူသတ်မှုလို၊ ဓားပြမှုလိုဟာမျိုးတွေကတော့ ဘယ်လိုနည်းနဲ့မှ တရားမကြောင်းအရ အရေးယူထိုက်တာမျိုး မဟုတ်တော့ဘူး။ မုဒိန်းမှု ကျူးလွန်သူဟာ ကလေးကိုပဲ ကျူးလွန်ကျူးလွန်၊ အရွယ်ရောက်သူကိုပဲ ကျူးလွန်ကျူးလွန်၊ “အလားတူ ပြစ်မှုမျိုး ကျူးလွန်သူ နည်းသထက် နည်းသွားအောင်” ကြီးလေးတဲ့ ပြစ်ဒဏ် ပေးကို ပေးရမှာပါပဲ။

လာပါပြီ။ ကျနော် မျက်တောင်အဖွင့်အပိတ်နဲ့ ပြထားတဲ့ “အလားတူ ပြစ်မှုမျိုး ကျူးလွန်သူ နည်းသထက် နည်းသွားအောင်”ဆိုတာဟာ ရာဇဝတ်ဥပဒေတွေရဲ့ ရည်ရွယ်ရင်းပါပဲ။ ဆိုကြပါစို့… နိုင်ငံတော်ပုန်ကန်မှု၊ ဘယ်သူမှ မကျူးလွန်ရဲအောင် ပြစ်ဒဏ်ကို သေဒဏ်အထိ ပြဋ္ဌာန်းထားလိုက်တယ်။ ဒါ ရာဇဝတ်ဥပဒေပဲ။

ထစ်ခနဲရှိ ရာဇဝတ်ကြောင်း လုပ်စရာ လိုလို့လား

အထက်က ပြောခဲ့တဲ့ မူးယစ်ဆေး တခါပဲ လက်တည့်စမ်းတဲ့ အမှုမျိုးကို ရာဇဝတ်ကြောင်းအရ အရေးယူတော့ရော… အဲဒီ့အရွယ်လေး ရောက်လာတာနဲ့ လက်တည့်စမ်းလိုသူ မောင်မင်းကြီးသားလေးတွေ ခေတ်အဆက်ဆက် ဆက်တိုက်ပေါ်နေတာ ရပ်သွားမှာမှ မဟုတ်တာ။ အဲဒါက တရားကိုယ်လေ။ ငြင်းမရတဲ့ အချက်လေ။ အဲတော့ အဲဒီ့ကလေးတွေကို ဘယ်နည်းနဲ့ ကယ်တင်မလဲဆိုတာကို ပိုဇောင်းပေး စဉ်းစားလာကြရပါတယ်။

ဟိုတယောက်မေးထားတဲ့ ငြိမ်ခံနေရမှာလားဆိုတဲ့ မေးခွန်းအတွက်လည်း ရာဇသတ်ကြီးမှာပါတဲ့ အသရေဖျက်မှုတို့၊ နောက်ဆုံးပေါ် အလက်ထရောနစ်(ခ်)ဥပဒေထဲက ပုဒ်မတွေတို့နဲ့ ရာဇဝတ်ကြောင်းအရ အရေးယူမယ့်အစား တရားမကြောင်းဘက် ပြောင်းလိုက်မယ်ဆိုရင် နစ်နာသူအတွက် ထိုက်သင့်တဲ့ လျော်ကြေး ပေးဆောင်စေတာမျိုးနဲ့ ကိစ္စဖြတ်လိုက်လို့ ရပါတယ်။ ဘာမှ မခက်ပါဘူး။

စဉ်းစားစရာ

အဲဒီ့မှာလည်း မေးခွန်းက ပေါ်လာပါတယ်။ တရားမကြောင်း မဟုတ်ဘဲ ရာဇဝတ်ကြောင်းနဲ့ အရေးယူခြင်းဟာ “အလားတူ ပြစ်မှုမျိုး ကျူးလွန်သူ နည်းသထက် နည်းသွားအောင်”ဆိုတဲ့ ဆန္ဒစေတနာက ပြဋ္ဌာန်းထားလို့လား ဆိုတာပါပဲ။

နယ်ချဲ့အင်္ဂလိပ်တို့ ပြဋ္ဌာန်းခဲ့တဲ့ မူလ ရာဇသတ်ကြီးပါ အသရေဖျက်မှုမှာ ကင်းလွတ်ရမြဲ အချက်တွေ ပါပါတယ်။ ဆိုကြပါစို့… မောင်မဲဟာ ဆေးအတုတွေ ရောင်းနေပါတယ်လို့ မောင်ဖြူက လူသိရှင်ကြား ပြောတယ်။ မောင်မဲက မောင်ဖြူ့ကို အသရေဖျက်မှုနဲ့ စွဲတယ်။ ရုံးတော်မှာ မောင်မဲ ဆေးအတု ရောင်းနေတာ မှန်ကန်ကြောင်း မောင်ဖြူက သက်သေပြနိုင်ခဲ့တယ်ဆိုပါစို့။ ဒါဆိုရင် သူ့ရဲ့ လူသိရှင်ကြားပြောကြားချက်ဟာ အများဗိုလ်ပါရဲ့ အကျိုးအတွက် ပြောတာမို့ အသရေဖျက်မှု မမြောက်တော့ဘူး။ ကွင်းလုံးကျွတ် လွတ်နိုင်ပါတယ်။ ဒါမျိုး ကင်းလွတ်ခွင့်တွေ ပါတာပါ။

အဲသလိုမဟုတ်ဘဲ မောင်မဲက ဆေးအတု တခါမှ မရောင်းဖူးကြောင်း သက်သေပြနိုင်ခဲ့ရင်တော့ အသရေဖျက်မှု မြောက်သွားပါပြီ။ ဒါဆို ရာဇဝတ်ကြောင်းအရ မောင်ဖြူ့ကို ထောင်ချလိုက်တာနဲ့ မောင်မဲရဲ့ နစ်နာမှုက ကြေရောလား။ သူ့မှာ အရောင်းအဝယ်ထိခိုက်တယ်၊ တရားရုံးစရိတ် ကုန်တယ်၊ အချိန်ကုန် အလုပ်ပျက်တယ်။ မောင်ဖြူကတော့ ထောင်ကျသွားပြီ။ ဒါပေမယ့် မောင်မဲမှာ နာတာက နာကျန်ရစ်တာပဲ။

တကယ်လို့သာ ရာဇဝတ်ကြောင်းနဲ့ မဟုတ်ဘဲ တရားမကြောင်းအရ စီရင်မယ်ဆိုရင် ရုံးတော်က မောင်မဲ ဘယ်လောက် နစ်နာသွားသလဲဆိုတာကို တွက်ချက်ပြီး အဲဒီ့ နစ်နာကြေးကို မောင်ဖြူပေးစေလို့ ဆုံးဖြတ်ပေးလိုက်လို့ ရတယ်။ မောင်မဲအတွက် ပို မကောင်းပေဘူးလား။

အဲတော့ အသရေဖျက်မှုမှာ တရားမကြောင်းရဲ့ သဘောက နစ်နာသူကို အထိုက်အလျောက် လျော့ပါး သက်သာစေဖို့ ဖြစ်ပါတယ်။ ရာဇဝတ်ကြောင်းရဲ့ သဘောကတော့ ပါးကိုက်လို့ နားကိုက်တဲ့ သဘောအပြင် မှန်မှန် မှားမှား နောင် အလားတူ မပြောရဲအောင် ကန့်သတ်တားဆီးပိတ်ပင်လိုတဲ့ ရည်ရွယ်ချက်ကြီးက လယ်ပြင်မှာ လယ်ထွန်စက် နီနီကြီး သွားနေသလို ထင်ရှားလွန်းတယ်လို့ မြင်နေမိရပါတယ်။

နိဂုံး

ဆရာညိုထွန်းရဲ့စာ၊ သူ့စာအောက်က မေးခွန်းတို့ကို ကျနော် ဉာဏ်မီသလောက် လျှောက်ပြောကြည့်တာပါ။

ဘာမှ အကြောင်းထူးလာမယ် ထင်လို့တော့ မဟုတ်ဘူးဆိုတာ တလက်စတည်း အစီရင်ခံလိုက်ပါရစေ။ သည်လိုနဲ့ပဲ ကျနော်လည်း အကျိုးမဲ့ အချိန်တွေ ဖြုန်းခဲ့တာ နှစ်ပေါင်း မနည်းတော့ပါဘူးဗျာ။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

၁၅၀၇၁၉

ဆရာညိုထွန်းရဲ့ မူရင်းစာကို သည်မှာ ဖတ်နိုင်ကြပါလိမ့်မယ်။
https://www.facebook.com/nyo.tun.5/posts/2304536943103508

တရံရောအခါက…

၁။

ကြာခဲ့တာမှ နှစ်ပေါင်း ၄၀ ကျော်ပါပြီ။

အဲတုန်းက ကျနော် အငှားယာဉ်မောင်းနေတာပါ။ အငှားယာဉ်ဆိုပေမယ့် နံပါတ်နက်နဲ့ Private Taxi ပေါ့။ တက္ကသိုလ်ကလည်း တဖက်က တက်နေဆဲ။

ကျနော့်ဂိတ်က မဟာဗန္ဓုလလမ်းပေါ်၊ မောင်ထော်လေးလမ်းနဲ့ ၃၁ လမ်းကြား၊ ဗလီကြီးရှေ့မှာ။ ကျနော်နေတာက လမ်း ၄၀ အထက်လမ်း။

တညနေ နေဝင်ရီတရောမယ် ကားသိမ်းပြီး အိမ်အပြန် မဟာဗန္ဓုလမ်းအတိုင်း မောင်းလာတယ်။ မူလ ယူထားမိတဲ့ ယာဉ်ကြောက ညာဘက် ယာဉ်ကြော။ ဘားလမ်းထိပ်၊ မြို့တော်ခန်းမကျော်တော့မှ ကိုယ့်ဘာသာ ယာဉ်ကြောယူတာ မှားသွားမှန်း သိတဲ့အတွက် မျဉ်းဖြူကို ဖြတ်ပြီး ဘယ်ဘက်ကို ကူးလိုက်ပါတယ်။

အချိန်က နေဝင်ရီတရော၊ လွန်ခဲ့တဲ့ နှစ် ၄၀ ကျော် ၁၉၇၆-၇၇ လောက်ကဆိုတော့ အဲဒီ့လမ်းပေါ်မယ် ကားကလည်း ရှင်းနေတာမို့ ရဲရဲတင်းတင်း လုပ်ချလိုက်တာပါ။ လမ်းစည်းကမ်းဖောက်တာကတော့ မျဉ်းသေ မျဉ်းဖြူကို ဖြတ်ပြီး ယာဉ်ကြော ပြောင်းလိုက်တာပါပဲ။

၂။

အဟဲ… ၃၅ လမ်းနဲ့ ၃၆ လမ်းကြား၊ ၃၆ လမ်းထောင့်မှာ ဆင်ဝင်ကြီးရှိတဲ့ ချက္ကရာဘာတီ (Chakraborty) အဆောက်အအုံ ရှိပါတယ်။ အဲဒီ့ ဆင်ဝင် တိုင်အကွယ်ကနေ ယာဉ်ထိန်းရဲတယောက် ဘွားခနဲ ထွက်လာပြီး ကျနော့်ကားကို ဖမ်းတားလိုက်ပါတော့တယ်။

Image may contain: sky, house, tree, car and outdoorရပ်ပေးလိုက်ရတာပေါ့ဗျာ။ ကိုယ်စည်းဖောက်ထားတာ ကိုယ်ပဲ အသိဆုံးမို့ သူ့ကို တောင်းတောင်းပန်ပန်နဲ့ လာဘ်ပေးဖြေရှင်းဖို့ ကြိုးစားရတော့တာပေါ့။

မရဘူးခင်ဗျ။ ကျနော်ပေးတဲ့ ပိုက်ဆံကို အတင်းငြင်းပြီး ကျနော့် ယာဉ်မောင်းလိုင်စင်ကိုပဲ မရမက တောင်းနေတယ်။

သူနဲ့ ကျနော်က အသက်ချင်းက သိပ်မကွာလှဘူး ထင်တယ်။ အလွန်ဆုံးမှ သူက ကျနော့်ထက် ၂ နှစ် ၃ နှစ်လောက်ပဲ ကြီးမှာပါ။ ရာထူးကတော့ ရဲကြပ်အဆင့် ထင်တယ်။ လက်မောင်းမှာ အရစ်တွေ ပါတာပဲ မှတ်မိတယ်။

ကိုင်း… သည်လောက်တောင် လိုင်စင်လိုချင်နေမှတော့လည်း ပြောမနေတော့ပါဘူး။ ထုတ်ပေးလိုက်ပါတယ်။

၃။

အဲတော့ သူက လိုင်စင်စာအုပ် (အဲတုန်းက ခုလို ကတ်ပြားမဟုတ်သေးဘူး။ အိတ်ဆောင်စာအုပ်ကလေး) ကို ဖွင့်ကြည့်တယ်။ ပြီးတော့မှ လိုင်စင်ကို ပြန်ပိတ်၊ ကျနော့်လက်ထဲ ပြန်ထည့်ရင်း မိန့်ခွန်းခြွေပါတယ်။

“သေချာအောင် လိုင်စင်တောင်းကြည့်တာပါဗျာ။ ကိုအောင်သိန်းကျော်ဆိုတာ ခင်ဗျားကိုး။ ခင်ဗျားက ကျနော်တို့ ယာဉ်ထိန်းရဲတွေကိုဆိုရင် တစက်မှ အကောင်းမမြင်ဘူးဗျာ။ သခင်အားရ ကျွန်ဝါးဝလို့တောင် ပြောဖူးတယ်လို့ ကျနော်တို့ ကြားဖူးတယ်။ အေးဗျာ… အခု ခင်ဗျား ယာဉ်စည်းကမ်း ဖောက်ဖျက်တာ ဝန်ခံတယ်နော်…”

“ဟုတ်ကဲ့… ဝန်ခံပါတယ်ဗျာ…”

“ကျနော့်ကို တပြားမှ ပေးစရာလည်း မလိုပါဘူး။ နောက်ကို ကားမောင်းရင် ယဉ်စည်းကမ်းကို ဂရုစိုက်ပေးပါလို့ပဲ ကျနော် မှာပါရစေ။ ခင်ဗျား အထင်သေးတဲ့ ယာဉ်ထိန်းတွေထဲမှာ ကျနော်လို လူမျိုးလည်း ရှိသေးတယ်ဆိုတာ ခင်ဗျား အသိအမှတ်ပြုရင် ကျေနပ်ပါပြီဗျာ။ သွားတော့နော်”တဲ့။

ညှယ်…

၎။

မှန်ပါတယ်။

အဲဒီ့ခေတ်က ယာဉ်ထိန်းတွေ ကြားမှာ ကျနော် အတော် နာမည်ကြီးခဲ့ဖူးပါတယ်။ ကျနော့်ကားနံပါတ်ကလည်း မှတ်မိလွယ်ပါတယ်။ ဇကွဲ ရှစ်ဆယ် ခုနစ်ဆယ့်ကိုး (ဇ/၈၀၇၉)ကိုး ခင်ဗျ။

“သခင်အားရ ကျွန်ဝါးဝ”လို့ စိတ်တိုတိုနဲ့ ပြောခဲ့ဖူးတာ သူတို့ စခန်းမှူးကိုပါ။ ဟုတ်တယ်လေ… ဂိတ်ထိုးလို့ ဈေးImage may contain: people walking and outdoorဦးတောင် မပေါက်သေးခင် ညစ်နေချိန်မှာ လှည့်ကင်းကားကြီးနဲ့ ရှေ့က ပိတ်ရပ်ပြီး ဖမ်းတော့ ဒေါကန်တာပေါ့။ ဖမ်းတာကလည်း တရားမဝင် အငှားယာဉ်မှုနဲ့ဆို ခံသာသေးတယ်။ ခုတော့ လမ်းပိတ်ဆို့မှု (ပုဒ်မ ၄၁)နဲ့ဆိုတော့ တလွဲ။ ခံရပေါင်းကများနေတော့ လူက တင်းနေပြီ။

စားစရာမရှိ ဒဏ်ငွေဆောင်စရာ ရှိနေရမယ့် ဘဝ။ တအားတင်းနေတာနဲ့ ကားမှန်အပြည့် တင်ပြီး ကျနော် ဂျစ်တိုက်တာ။ လိုင်စင်လည်း မပေးဘူး၊ Wheel Tax လည်း မပေးဘူး။ မကျနပ်ရင် မှန်ရိုက်ခွဲပြီး Wheel Tax ဖြုတ်ယူသွားဆိုပြီး လုပ်နေတယ်။

အသက်ကလည်း ၂၀ လောက်ပဲ ရှိသေးတာမို့ ဂျစ်ကန်ကန် တယ်လုပ်လို့ ကောင်းတဲ့အရွယ်လေ။

၅။

တခြား ကားဆရာတွေက ကျနော့်ကို ဝိုင်းတောင်းပန်ကြတယ်။ မလုပ်ပါနဲ့ကွာ၊ ငါတို့ ဂိတ်ကို ငြိုးနေပါ့မယ်။ မင်း ဒဏ်ငွေကို ငါတို့ စုဆောင်ပေးပါ့မယ်၊ ဘာညာ လုပ်တော့မှ သူတို့ကို အားနာပြီး လိုင်စင် ထုတ်ပေးရင်း “ရော့… သခင်အားရ ကျွန်ပါးဝကြီး ယူတော်မူ”လုပ်လိုက်တာပေါ့။

စခန်းမှူးလည်း လူရှေ့ အဲလို အပြောခံရတော့ တင်းတာပေါ့။ “ရုံးကျ သိမယ်”လို့ ကြိမ်းသွားလေရဲ့…။

အဟဲ… ဘာရမလဲ။ အဲတုန်းကတည်းက ကျနော့် ဇကလည်း ဘယ်သေးမလဲ။ ပိုင်ရာပိုင်ကြောင်းတွေဆီ အရင် ပြေးလိုက်တာပေါ့။

ပြီးမှ ပန်းဘဲတန်း တရားရုံးကို သွားတယ်။ စခန်းမှူးက ကျနော်အလာကို စောင့်နေရရှာတယ်။ “ဘယ်တွေ သွားနေတာလဲကွ… ငါတို့ စောင့်နေရတာ ကြာလှပြီ”ဆိုပြီး ဆီးမာန်တယ်။ ကျနော်က ခပ်အေးအေးပဲ၊ “မရှိလို့ လုပ်စားတာပဲ အူးလေးရာ… ဖြည်းဖြည်းပေါ့”လို့ ပြောပြီး တရားသူကြီးဆီ ချဉ်းကပ်လိုက်ပါတယ်။

၆။

တရားသူကြီး လက်ထဲ စာလေးတစောင် ထည့်ပေးလိုက်တယ်။ တရားသူကြီးက စာဖတ်ကြည့်ပြီး “ဟာ… ကိုယ့်လူက တော်တော် ပြဿနာ ရှာတာပဲ။ ဟိုက ကိုယ့်လူကို ၃ မှုနဲ့ ဖွင့်ထားတာကွ။ ရုံးမှာတော့ ပြဿနာ ထပ်မရှာနဲ့နော်။ အပြစ်ရှိလားလို့ မေးရင် အပြစ်ရှိတယ်လို့ အလွယ်တကူ ဖြေပေးကွာ။ ဒဏ်ငွေ ၅၀ ရိုက်လိုက်မယ်။ ပေးစရာ ပိုက်ဆံရော ပါရဲ့လား”တဲ့။

“ဟာ… ရပါတယ်။ ပါပါတယ်။ ကျေးဇူးပါခင်ဗျ…. ကျနော် အပြစ်ရှိတယ်လို့ ဝန်ခံလိုက်ပါ့မယ်”

ဒါနဲ့ ရုံးလုပ်ထုံးအတိုင်း လုပ်တယ်။ တရားသူကြီးက “မောင်မင်းမှာ အပြစ်ရှိလား”ပေါ့။ ကျနော်ကလည်း “ဟုတ်… ရှိပါတယ် တရားသူကြီးမင်းခင်ဗျ”ပေါ့။

“ဒဏ်ငွေ ၅၀ ဆောင်စေ…”

ဒါနဲ့ ပြီးသွားတယ်။

ဟိုစခန်းမှူး ဘာမှ မတတ်နိုင်ဘူး။ ကိစ္စက အဲ့နားမှာတင် ပြတ်သွားခဲ့ပါတယ်။

၇။

ကျနော်လည်း ဂိတ်ပြန်ရောက်၊ တော်ကြာနေတော့ ရဲကားပြာကြီးက ကျနော့်ကားရှေ့ ထိုးရပ်လာပြန်တယ်။ ကျန်တဲ့ ကားဆရာတွေကတော့သူတို့ ကားလေးတွေ အသက အသက မောင်းပြေးကြပြီ။

စောစောက စခန်းမှူးပါ။ သည်တခါ ဖမ်းဖို့ မဟုတ်ပါဘူး။ ကျနော့်ကို လာ ဂါရဝပြုတာပါ။ 🙂

“အေးပေါ့ကွာ… မင်းက ပိုင်တာကိုး… လုပ်ပေါ့”တဲ့။ အဲဒါပဲ ပြောပြီး ကားကို ဝူးခနဲ မောင်းထွက်သွားလေရဲ့။

အဲဒီ့မှာတင် ကျနော်လည်း သူတို့ ယာဉ်ထိန်းတွေကြားမှာ နာမည်တလုံးနဲ့ နေတဲ့သူ ဖြစ်သွား ထင်ပါရဲ့။

၈။

ဟိုရဲကြပ်လေးကိုတော့ သဘောတွေ ကျနေမိတယ်။

သူတို့ ယာဉ်ထိန်းရဲတွေအပေါ် ကျနော်က အထင်အမြင်သေးနေတယ်။ အဲဒါကို သူ မခံချင်ဘူး။

ကျနော် စည်းဖောက်ချိန်ကျမှ သူနဲ့ တည့်တည့်သွားတိုးတယ်။

ကားနံပါတ်အရ ကျနော်မှန်း သူသိတယ်။ သို့သော် လူက မသေချာဘူး။ သေချာအောင် လိုင်စင်တောင်းကြည့်တယ်။ ကျနော်မှန်း သေချာတော့မှ ကျနော် အထင်သေးထားသလို မဟုတ်ဘဲ ယာဉ်ထိန်းတွေထဲမှာ လူကောင်း သူကောင်းလည်း ရှိသေးတဲ့အကြောင်း သူက “အလုပ်နဲ့ သက်သေပြ”ခဲ့ပါတယ်။

၉။

တရံရောအခါကပေါ့ခင်ဗျာ။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

၁၀၀၇၁၉

စာကြွင်း – အဲဒီ့ခေတ်တုန်းက ငွေ ၅၀ ဆိုတာ မနည်းဘူးခင်ဗျ။ ဆူးလေကနေ လေယာဉ်ကွင်းကို ပို့ရင် အစိတ် (၂၅ ကျပ်) ရပါတယ်။ မအောင့်နိုင်တဲ့ ကားသမားက ၂၀ နဲ့လည်း လိုက်ပါတယ်။ တနေ့ကို ကျပ် ၆၀၊ ၇၀ လောက် ရရင်ပဲ ကားသမားတယောက်အတွက် အတော် တွက်ခြေကိုက်တယ်လို့ ပြောနိုင်တဲ့ အချိန်ပါပဲ။ အကြွေစေ့တွေဖြစ်တဲ့ ဆယ်ပြားတို့၊ တမတ် (၂၅ ပြား)တို့ကို သုံးနိုင်သေးတဲ့ ကာလပါခင်ဗျား

အဂတိကင်းပါတယ်လို့ ရင်ကော့ ပြောရဲပါသလား

ကျမ်းကိုး

လူဖြစ်သောသူသည် သူယုတ်သူညံ့ မဖြစ်ရလေအောင် ဤအဂတိတရား ၄ ပါးတို့မှ အသက်ထက်ဆုံး လွတ်ကင်းအောင် ကြဉ်ရှောင်ရမည်။

📕📕📕📕📕📕📕📕📕📕📕📕

အဂတိတရား ၄-ပါး

*ချစ်, မုန်း, ကြောက်မှု၊ မသိမှု၊ လေးခု အလိုက်မှား။

*အဂတိလေး၊ ကင်းစင်ဝေး၊ ပြုရေး မှန်ဖြောင့်သား။

📕📕📕📕📕📕📕📕📕📕📕📕

၁။ ဆန္ဒာဂတိ = လူ့မျက်နှာကိုသော်လည်းကောင်း၊ တံစိုးလက်ဆောင်ကိုသော်လည်းကောင်း ငဲ့ကွက်သည့်အတွက်ကြောင့် မတော်မတရားသော အမှုကို ပြုခြင်းတစ်ပါး။

၂။ ဒေါသာဂတိ = မုန်းသည့်အတွက်ကြောင့် မတော်မတရားသော အမှုကို ပြုခြင်းတစ်ပါး။

၃။ ဘယာဂတိ = ကြောက်သည့်အတွက်ကြောင့် မတော်မတရားသော အမှုကို ပြုခြင်းတစ်ပါး။

၎။ မောဟာဂတိ = တရားလမ်းမှန်ကို မသိသည့်အတွက်ကြောင့် မတော်မတရားသော အမှုကို ပြုခြင်းတစ်ပါး။

ဤ ၄ ပါးတို့ကို မိမိကိုယ်၏ စင်ကြယ်ခြင်းကို အလေးမပြုကြကုန်သော လူယုတ်လူညံ့တို့၏ မသင့်မလျော် မတော်မတရား လိုက်စားမှုမျိုးဖြစ်၍ အဂတိတရား ၄ ပါးဟူ၍ ခေါ်၏။

လူဖြစ်သောသူသည် သူယုတ်သူညံ့ မဖြစ်ရလေအောင် ဤအဂတိတရား ၄ ပါးတို့မှ အသက်ထက်ဆုံး လွတ်ကင်းအောင် ကြဉ်ရှောင်ရမည်။

(လယ်တီဆရာတော်ဘုရားကြီး၏ သုကုမာရမဂ္ဂဒီပနီမှ။)

(သိင်္ဂါလသုတ်။ သုတ်ပါထိကဝဂ်၊ ၁၄၇။ ၎င်းဋီ၊ ၁၂၉။)


 

Image may contain: 1 person, textတန်းမြင်မိတဲ့မျက်နှာ

ခုချိန်မှာ ချက်ချင်း သတိရမိတာက ဒုရဲမှူးဟောင်း မိုးရန်နိုင်ပါပဲ။

ဆရာမောင်သာရ ရေးဖူးတဲ့စာ ထင်တယ်။ “ဒို့ဘက်က ကြည့်တော့ သူရဲကောင်း၊ သူတို့ဘက်က ကြည့်တော့ သစ္စာဖောက်” ဆိုလား။

အမှန်တော့ ဒုရဲမှူးတယောက်အနေနဲ့ သူဟာ အထက်က ပေးတဲ့ အမိန့်အတိုင်း လိုက်နာဆောင်ရွက်ရမှာပါ။ အဲဒီ့ အမိန့်အတိုင်း လိုက်နာ ဆောင်ရွက်ခဲ့တဲ့အထိ သူဟာ တာဝန်ကျေခဲ့ပါတယ်။ အဲ… ရုံးတော်ရှေ့မှောက်မှာ ထွက်ဆိုတဲ့အခါကျတော့ သူ့သိစိတ် လိပ်ပြာက သူ့ကို နှိုးဆော်လိုက်ပုံပါပဲ။

ဆန္ဒာဂတိဆိုတဲ့ သူ့ရာထူးကို ငဲ့တဲ့အတွက် မတော်တာကို ပြုမိမယ့်အရေး၊ ဘယာဂတိဆိုတဲ့ ကြောက်လို့ မတော်တာကို ပြုမိမယ့်အရေးတွေကို သူတွေးမိခဲ့မယ် ထင်ပါတယ်။ ရာထူးကိုငဲ့၊ ဖြစ်လာမယ့်အကျိုးဆက်တွေအတွက် ကြောက်စိတ်ကို အနိုင်ပေးလိုက်ရင်ဖြင့် သေရာညောင်စောင်းမှာ သူ့လိပ်ပြာက သူ့ကို အဖန်ဖန် သတ်မဆုံးဖြစ်နေမယ့်အရေးကို တွေးပြီး သူဟာ ဟုတ်တိုင်းမှန်ရာကို ရုံးတော် ရှေ့မှောက်မှာ ထွက်ဆိုခဲ့ပါတယ်။

သည်အတွက် သူတင်မက သူ့ကိုမှီခိုနေသူ သူ့မိသားစုပါ အတိဒုက္ခရောက်ခဲ့ရလေတယ်။ ဒါပေမယ့် သူ့မိသားစုကလည်း သူ့စိတ်ဓာတ်ကို သိတယ်၊ ဂုဏ်ယူရကောင်းမှန်း ကောင်းကောင်းနားလည်တယ်။ သာမဏေန သာမဏောပေါ့။

ချိုတကူး ကျနော်

လွယ်တော့ မလွယ်ပါဘူး။ ကျနော်သာ သူ့နေရာမှာ ဆိုရင်ရောလို့ ပြန်တွေးမိရင်း နည်းနည်း ဆွံ့အသွားတယ်။

ပြီးတော့မှ ဆရာအောင်သင်းရေးခဲ့တဲ့ “ချိုတကူး”ဖြစ်နေတဲ့ ကျနော့်ကိုယ် ကျနော် ပြန်မြင်ပြီး ပြုံးမိရပါတယ်။ ၁၆ နှစ်တောင် ရှိခဲ့ပြီဆိုတော့လည်း မေ့နေမိခဲ့တာပေါ့။

ကျနော်လည်း ကိုမိုးရန်နိုင်လိုပဲ ကိုယ့်အလုပ်ရှင်တွေရဲ့ မတရားမှုကို လူသိရှင်ကြားဖော်ချဖွင့်ထုတ်ခဲ့တဲ့အတွက် အလုပ်က ပြုတ်ခဲ့ဖူးပါတယ်။ အလုပ်ရှင်တွေဘက်က ကြည့်ရင် ကျနော်က သစ္စာဖောက်သူပေါ့။ ကျနော်ကတော့ အဲဒီ့အချိန်ကလည်း ဂုဏ်ယူပါတယ်။ ခုလည်း ဂုဏ်ယူပါတယ်။

လွန်ခဲ့တဲ့ ၁၆ နှစ်၊ ၂၀၀၃ မှာ ပြည်တွင်းက အိုးမကွာ အိမ်မကွာ ဒေါ်လာစား အလုပ်က ပါးရှားနေပါသေးတယ်။ အဲဒီ့အချိန်က တလကို ဒေါ်လာတထောင် ရတဲ့ အလုပ်က ပြုတ်လာခဲ့တာပါ။ ကျနော့်မိသားစုကလည်း ဟိုမိသားစုနှယ်ပဲ ကျနော့်ဘက်က ရပ်တည်ပေးခဲ့ကြဖူးပါတယ်။

ထားပါတော့… ကျနော့်အကြောင်း ပြောလိုရင်း မဟုတ်ပါဘူး။

လာဘ်မပေး လာဘ်မယူပေမယ့် ပြုမိမြဲ အဂတိ နှစ်ပါး

အဂတိလိုက်စားတယ်ဆိုတာ လူတွေက လာဘ်ပေး လာဘ်ယူလောက်ပဲ ထင်ကြပါတယ်။ ဒါပေမယ့် ဆန္ဒာဂတိနဲ့ ဘယာဂတိကြောင့် မတော်တာတွေ ပြုမိနေတာကိုတော့ မိမိကိုယ်ကို အဂတိလိုက်စားနေမိမှန်း မသိကြဘူး။ အဲလို မသိတော့ မောဟဖြစ်တယ်။ အဲတော့ အဂတိက သုံးပါးဖြစ်သွားပါပြီ။

အလုပ်ကို မထိခိုက်စေချင်တာ ဆန္ဒာဂတိ၊ အရေးယူခံရမှာကို ကြောက်တာက ဘယာဂတိ။ အဲဒီ့ အဂတိနှစ်ပါး မကင်းဘူးဆိုတာနဲ့ လူအဖြစ်ကနေ “သူယုတ် သူညံ့”ဘဝကို လျှောကျသက်ဆင်းသွားတတ်တယ်ဆိုတာ ဝန်ထမ်းမှန်သမျှ ကြီးကြီးငယ်ငယ် ဘယ်မှာ လုပ်နေတဲ့သူပဲဖြစ်ဖြစ် သတိထားသင့်ကြမယ် ထင်ပါတယ်။

တဆက်တည်းမှာပဲ မိမိတို့က ပေါက်ဖွားလာတဲ့ သားသမီးများကိုလည်း အဂတိလေးပါးကို မပြတ်သွန်သင်ပြီး ရှောင်ကြဉ်စေခြင်းအားဖြင့် သူတော်ကောင်း လူ့ဘောင်ကို ကျနော်တို့ အားလုံး ဝိုင်းဝန်းတည်ဆောက်ယူနိုင်ကြမယ်ဆိုရင် နောင် နှစ်ပေါင်း ၃၀ ကျော်ကြာတဲ့အခါမှာ ကိုမိုးရန်နိုင်လို လိပ်ပြာသန့်သူ လူသားတွေနဲ့ ကျနော်တို့လူ့ဘောင်ကြီးဟာ ကျက်သရေ မင်္ဂလာရှိနေမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါဘူး။

အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
၀၅၀၇၁၉

နောက်ဆက်တွဲ

အဂတိကို တပျော်တပါး လိုက်စားခိုင်းနေတဲ့ သြဝါဒလေးတကြောင်း

“မကောင်းနိုင်ရင် ကင်းအောင်နေ၊ မကင်းနိုင်ရင် ကောင်းအောင်နေ” ဆိုတာလေးပါ။

ဟုတ်ကဲ့… အဲဒီ့စကားက မှန်သလိုလိုနဲ့ “ကောင်း”ဆိုတဲ့ဝေါဟာရကို အလွဲသုံးစားလုပ်ထားတယ်လို့ ခံစားရပါတယ်ခင်ဗျ။

“မကင်းနိုင်ရင်”ဆိုတာက “ဆန္ဒာဂတိကို မစွန့်လွှတ်နိုင်ရင်” ကောင်းအောင် (“အထက်လူ အလိုကျအောင်”) ဘယာဂတိကိုပါ ပျော်ပျော်ပါးပါးကျူးလွန်ခိုင်းတဲ့ သြဝါဒလေးလို့ မြင်မိရပါတယ်။

အားနာတယ်ဗျာ…

အဲဒါ သူတော်ကောင်းလမ်းညွှန် မဟုတ်တာတော့ အမှန်ပါပဲ။

သူမိုက် သူယုတ် လက္ခဏာ သုံးပါး (ဘုရားဟော)

(၁) မကောင်းမှုကိုသာ ကြံစည်ခြင်း၊

(၂) မကောင်းသော အပြစ်မကင်းသော စကားကိုသာ ပြောဆိုခြင်း၊

(၃) မကောင်းမှုကိုသာ ပြုလုပ်ခြင်း။

အဲဒါကြောင့် “မကင်းနိုင်ရင် ကောင်းအောင်နေ” ဆိုတဲ့ စကားထဲက “ကောင်း”ဟာ မကင်းနိုင်ရင် “မကောင်းတာလည်း ရဲရဲသာလုပ်ဟေ့”ဆိုတဲ့ လမ်းညွှန်ဖြစ်နေပေတော့တာပေါ့။

ကလေးကိုမှ ရာဂကြွတတ်တဲ့ စိတ်ဝေဒနာရှင်တွေကချည်း ကျူးလွန်တာလား

Facebook ရဲ့ ထုံးစံအတိုင်း အမှုတခု ပေါ်လာတဲ့အခါ မိမိထင်မြင်ယူဆတဲ့အပိုင်းကနေ တံဆိပ်ကပ်လာကြတာတွေ တွေ့လာရပါတယ်။ အခု သက်ငယ်မုဒိန်းကိစ္စမှာလည်း Pedophile (ကလေးကိုမှ ရာဂကြွတဲ့ စိတ်စံလွဲသူ)ရယ်လို့ တချို့က တံဆိပ်ကပ်ပေးနေတာ တွေ့ရတာမို့ အားလုံးကို ဝါးလုံးရှည်နဲ့ သိမ်းမရမ်းဖြစ်ကြလေအောင် အမြွက်မျှ ဆွေးနွေးတင်ပြပါရစေ။

👼👼👼👼👼👼👼👼👼👼👼👼Image result for pedophilia

ကလေးကို ရုတ်တရက် ဗလက္ကာရလုပ်ဖြစ်စေတဲ့ အကြောင်းက ဘာလဲ။ ဒါကို စဉ်းစားဖို့ လိုပါတယ်။

ယေဘုယျအားဖြင့် အဲလို လုပ်ဖြစ်စေတဲ့ အကြောင်း လေးရပ်ထဲက တခုမဟုတ် တခုကြောင့်ပါပဲ။

(၁) ကျူးလွန်သူကိုယ်တိုင်ဟာ လိင်မှုကိစ္စကို စူးစမ်းလို၊ စမ်းသပ်လိုတဲ့ ကလေးငယ်တွေ၊ ဆယ်ကျော်သက်တွေ ဖြစ်နေလို့ပါ။

(၂) ကုသဖို့လိုအပ်နေတဲ့ အသိဉာဏ်ချို့ယွင်းမှုရောဂါ၊ စိတ်ရောဂါ ရှိနေလို့ပါ။

(၃) တခြားသူတွေကို ထောက်ထားငဲ့ညှာတတ်တဲ့စိတ်ကင်းမဲ့တဲ့၊ လူမှုရေးခေါင်းပါးတဲ့ ကိုယ်ရည်ကိုယ်သွေး စံလွဲမှု (antisocial personality disorder) ဖြစ်နေတဲ့ အခွင့်အရေးသမားတွေ ဖြစ်နေလို့ပါ။

(၄) ကလေးတွေကိုပဲ လိင်ဆက်ဆံလိုစိတ် မပြတ်မလပ် ရှိနေလို့ပါ။

တခုချင်း ပြန်ကြည့်ရအောင်ပါ။

(၁) ကလေးငယ်တွေ၊ ဆယ်ကျော်သက်တွေဟာ လိင်မှုကိစ္စကို စူးစမ်းလိုကြပါတယ်။ စူးစမ်း (စပ်စု)လိုစိတ်ဟာ လူ့စိတ်ပါပဲ။ သူတို့ထက်အများကြီး ငယ်တဲ့ ကလေးတွေကို အဝတ်ချွတ်ပြအောင် ဖျားယောင်းလို့ လွယ်တာမို့ တချို့ ဆယ်ကျော်သက်တွေဟာ လိင်ကိစ္စအကြောင်း သိရဖို့အတွက် သိပ်ငယ်တဲ့ ကလေးတွေကို အသုံးချတတ်ကြပါတယ်။ အဲသလို ဆယ်ကျော်သက်အများစုဟာ အသက်ရလာတဲ့အခါ ကလေးတွေနဲ့ လိင်ပိုင်းအရ တုံ့လှယ်ဆက်ဆံမှုမှန်သမျှကို ရပ်တံ့လိုက်ကြစမြဲပါပဲ။

(၂) လိင်ပိုင်း မဖွယ်မရာ လုပ်သူ အနည်းအပါး၊ အနည်းအပါးမှ မဆိုစလောက် အနည်းအပါးဟာ အသိဉာဏ်ပိုင်းအရ အကြီးအကျယ်ကို ချို့ယွင်းနေလို့၊ ဦးနှောက်မူမမှန်လို့၊ စိတ်ဝေဒနာ အပြင်းအထန် ခံစားနေရလို့ ကလေးငယ်တွေကို လိင်ပိုင်းအရ ထိတာ ကိုင်တာတွေ လုပ်တတ်ကြပါတယ်။ ဒါကိုတော့ အနီးကပ်ကြီးကြပ်မှု၊ လိုအပ်လာရင် စိတ်စံလွဲမှုကို ကုသတဲ့ ဆေးဝါးတွေနဲ့ ထိန်းချုပ်မှုများနဲ့ ကလေးတွေအပေါ် ဗလက္ကာရလုပ်တတ်သူများအဖြစ်က ရပ်တံ့သွားအောင် လုပ်ဆောင်နိုင်ပါတယ်။

(၃) တချို့တွေကကျတော့ “လူမှုရေးခေါင်းပါးတဲ့ ကိုယ်ရည်ကိုယ်သွေး စံလွဲမှု” (APD) ဖြစ်နေလို့ ကလေးတွေကို လိင်ပိုင်းအရ ထိတတ်ကိုင်တတ်ကြတယ်။ လူမှုရေးခေါင်းပါးတယ်ဆိုတာ လူတော မတိုးတာ မဟုတ်ပါဘူး။ လူတွေကြားမှာ အရောတဝင်နေတတ်တဲ့အပြင် တချို့ဆို ရွှန်းရွှန်းတွေတောင် ဝေနေတတ်ပါသေးတယ်။

လူမှုရေးခေါင်းပါးတယ် (antisocial) ဆိုတာက လူ့ဘောင်စည်းကမ်းတွေနဲ့ သူတို့နဲ့ မဆိုင်ဘူးလို့ ယုံကြည်ထားတာပါ။ သူတို့က လူ့ဘောင် စည်းကမ်းတွေကို ဖောက်တတ်ကြတယ်။ အတိအကျပြောရင် လူမှုရေးခေါင်းပါးသူတွေဟာ တဖက်သားရဲ့ ခံစားချက်ကို ထည့်ကို စဉ်းစားလေးမရှိဘူး။

သူတို့စိတ်ထဲမှာ ကလေးတွေအပါအဝင် လူအားလုံးသည် အသုံးချခံဖို့သက်သက်သာ ဖြစ်တည်နေကြတယ်လို့ မြင်ကြပါတယ်။ သည်အမျိုးအစားထဲမှာ ပါဝင်တဲ့ ကလေးတွေအပေါ် ဗလက္ကာရ လုပ်ကြသူများဟာ သတင်းတွေထဲမှာ တွေ့နေရတဲ့ စက်ဆုပ်စရာ အမှုတွေကို ကျူးလွန်တတ်ကြသူတွေပါပဲ။

(၄) ကလေးတွေကိုပဲ လိင်ဆက်ဆံလိုစိတ် မပြတ်မလပ် ရှိနေလို့ ဗလက္ကာရပြုတတ်တဲ့ အသက် ၁၆ နှစ်နဲ့ အထက်ကိုတော့ Pædophilia (Pedophilia) လို့ခေါ်တဲ့ ကလေးကိုမှ ရာဂကြွတတ်တဲ့ စိတ်စံလွဲရောဂါရှိနေသူလို့ ယူဆကြပါတယ်။

သည်နေရာမှာ အသက် ၁၆ နှစ်နဲ့ အထက်ဆိုတာကို သတိထားဖို့ လိုပါတယ်။ မဖွယ်မရာလုပ်တဲ့ ၁၆ နှစ်အောက် ဆယ်ကျော်သက်တွေဟာ ကလေးကိုမှ ရာဂကြွတတ်တဲ့ စိတ်ဝေဒနာရှင်တွေ မဟုတ်ပါဘူး။

ကလေးတွေကိုပဲ လိင်ဆက်ဆံလိုစိတ် မပြတ်မလပ် ရှိနေမနေကိုလည်း သာမန်လူက ဆုံးဖြတ်လို့ မရပါဘူး။ လိင်မှုကိစ္စ အထူးပြု ဆရာဝန်ကဖြစ်ဖြစ်၊ ကုခန်းစိတ်ပညာရှင်ကဖြစ်ဖြစ် စူးစမ်းဖော်ထုတ်ပြီး လိင်ပိုင်းဆိုင်ရာ အထူးပြု ကုထုံးတွေ၊ လိုအပ်ရင် ဆေးဝါးတွေနဲ့ အောင်အောင်မြင်မြင် ထိန်းချုပ်ကုသပေးနိုင်ပါတယ်။ အဲသလို ကုသပေးတာ ၈၇ % အထိ အောင်မြင်မှု ရှိတယ်လို့ သုတေသနတွေက ဆိုပါတယ်။

လေ့လာချက်တွေအရ ပထမ သုံးမျိုးကြောင့် ကလေးတွေကို ဗလက္ကာရ လုပ်တဲ့ နှုန်းထားက ငါးရာခိုင်နှုန်းမျှသာ ရှိပြီး ကလေးကိုမှ ရာဂကြွတတ်သူတွေကြောင့် ဖြစ်ပွားတာကတော့ ၉၅ % ရှိပါသတဲ့။

ကလေးသူငယ် မုဒိန်းမှုဆိုတာ ဘာကြောင့်ကျူးလွန်တာပဲဖြစ်ဖြစ် မလိုလားအပ်တဲ့ ကိစ္စဆိုတာ သာမန်လူပြိန်းတယောက် အနေနဲ့တောင် အလွယ်တကူ လက်ခံနိုင်ပါတယ်။

ဒါပေမယ့် ဘာကြောင့် ကျူးလွန်ကြတာလဲဆိုတဲ့ အဓိက အကြောင်းရင်းခံတွေကို သိထားမယ်ဆိုရင်တော့ ကြိုတင် ကာကွယ်ရေးမှာ တဖက်တလမ်းက အကျိုးထူးနိုင်မလားဆိုတဲ့ အတွေးနဲ့ တတ်နိုင်သလောက် ဆွေးနွေးကြည့်လိုက်တာ ဖြစ်ပါတယ်။

ကျနော်တို့ဆီမှာ အထူးတလည် လိုအပ်နေတာက လိင်မှုကိစ္စ အထူးပြု ဆရာဝန်တွေ၊ ကုခန်းစိတ်ပညာရှင်တွေလို့ မြင်မိရပါတယ်။

အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

၀၅၀၇၁၉

သားရှင်တွေလည်း သတိထား

ညောင်မြစ်တူးရင် ပုတ်သင်ဥတွေ ပေါ်ပါလိမ့်မယ်။ မတတ်နိုင်ဘူး။ ပြောသင့်တဲ့စကားမို့ ပြောပြပါမယ်။

ကျနော် လူမှန်း သိခါစ ၆ နှစ် ၇ နှစ်သားလောက်မှာ ဆေးထိုးတမ်း ကစားမယ်ဆိုပြီး (ကန်တော့ပါရဲ့) ကျနော့် ငယ်ပါကို ပယ်ပယ်နယ်နယ် အကိုင်ခံခဲ့ရပါတယ်။ အဲဒီ့ကောင်က ကျနော့်ထက် တနှစ်ကျော်ပဲ ကြီးတဲ့ကောင်ပါ။ သူ့ဒဏ်ကို ၁၀ နှစ်သားအထိ ခံခဲ့ရပါတယ်။ ဆေးထိုးတမ်းဆိုပြီး အားအားရှိ ကိုင်နေတာပါ။

Image result for child sexual abuse boysမိဘကို ပြန်မပြောရဲခဲ့ပါဘူး။ ပိုဆိုးတာက သူ့အဖေက ကျနော်တို့နေတဲ့ နယ်က ဌာနဆိုင်ရာ အဖွဲ့အစည်းမှာ ရာထူးအမြင့်ဆုံး၊ ကျနော့်အဖေက စာရေး။ အဆင့်ချင်းက မိုးနဲ့ မြေ။ သည်ကောင်နဲ့ ပြဿနာ ဖြစ်ရင် မှားမှား မှန်မှန် ကျနော်ပဲ အဆော်ခံရမယ်လို့ အဖေက ကြေညာထားပြီးသားမို့ ကျနော့်မှာ အောင့်သက်သက်နဲ့ ခံခဲ့ရဖူးတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်ကဆိုတော့ ကလေးသူငယ် မဖွယ်ရာမှုတွေ ဘာတွေ ဘယ်သိကြဦးမလဲနော်။

ငါးတန်းမှာ ကျောင်းပြောင်း၊ မြို့ပြောင်းလိုက်ရတော့ သူ့ဒဏ်က လွတ်သွားတယ်။ အဟဲ… ခုနစ်တန်းကျတော့ တခါ ကြုံရပြန်တယ်။ တွက်ကြည့်ပါ။ ခုနစ်တန်းကျောင်းသား အသက်အရွယ်ကို။ ၁၂ နှစ်ကျော်၊ ၁၃ နှစ်။

နေရာသည်ကား ရန်ကုန်မြို့ လူကုံထံ ရပ်ကွက် အင်းလျားလမ်း။ နှစ်အပိုင်းအခြားကား ၁၉၆၉။ အချိန်သည်ကား အကာလ ညအခါ။ အိမ်သည်ကား တခေတ်ဆီက နိုင်ငံတော်သမ္မတကြီးရဲ့ သားနဲ့ မြေးတို့ နေအိမ်။ စုမိသည်ကား အနှီမြေး၏ မွေးနေ့။ သားကောင်များကား အတန်းထဲက ကျနော်အပါအဝင် ယောက်ျားလေး ၄-၅-၈ ယောက်။ ဗွေဆော်ဦး ခံလိုက်ရသူကား ထီခနဲဆို အီစကိုဆိုတဲ့ ကျနော်။

အဲဒီ့မှာ အရေးကြီးတာ လာပါပြီ။

ကျူးလွန်ရန် အားထုတ်သူကား…

အခုပြော အခုသိတဲ့ နာမည်ကျော် လျှမ်းလျှမ်းတောက် တယောက်ပါ။ အဲတုန်းက သူက အသက် ၃၀ မပြည့်တတ်သေးဘူးပေါ့။ တက္ကသိုလ်က ဆရာပေါ့။ ဆင်းသက်လာတဲ့ အသိုင်းအဝိုင်းကလည်း နှယ်နှယ်မှ မဟုတ်တာ။ တကယ့်ကို သိမ်သိမ်မွေ့မွေ့၊ ရည်ရည်မွန်မန်၊ ယဉ်ယဉ်ကျေးကျေး။ ယောက်ျားလိုပဲ ဝတ်စား နေထိုင်ပါတယ်။

အဟဲ… အဲဒီ့အရွယ် ယောက်ျားလေးတွေချည်း စုမိတော့ ဘာလုပ်စရာ ရှိမှာတုံး။ Scrabble ကစားကြတာပ။ အဲတော့ ကျေးဇူးရှင်က ကျနော့်ဘေး လာထိုင်ပြီး ကျနော့်ကို အကြံတွေပေးနေတယ်။ ကျနော့်ခါးကို ဖက်ထားတယ်။ သည်အထိက မသိသေးဘူး။

ပြီးတော့မှ သူ့လက်က… သူ့လက်က…

ကြမ်းပေါ်မှာ ပုဆစ်တုပ် ကစားနေတာမို့ သူ့လက် တိုးဝင်အလာမှာ ဗိုက်နဲ့ ပေါင်ကပ်ထားပြီး မတိုးသာအောင် ကျနော် ကြိုးစားတယ်။ မရဘူးဗျ။ အတင်းကို တိုးနေတော့ ကျနော်လည်း ဘယ်လိုမှ မခံစားနိုင်တော့ဘူး။ ပွဲဖျက်၊ ထွက်ပြေး၊ ဟိုကောင့်အခန်းထဲဝင်၊ တံခါးကန့်လန့်ထိုးလိုက်ရပါတော့တယ်။

မကြာပါဘူးဗျာ။ တော်ကြာနေတော့ တယောက်၊ တံခါးကို တဒုံးဒုံးထုတယ်။ ငိုသံပါနဲ့ ဖွင့်ခိုင်းလို့ ဖွင့်ပေးလိုက်တော့ “ဟိုလူကြီးက ငါ့ဟာကို အတင်းလိုက်ကိုင်နေလို့…”ဆိုပြီး ဖြေရှင်းချက် ထုတ်တယ်။

နောက်တော့ တကောင်ပြီး တကောင်၊ ပြေးဝင်လာကြတယ်။ တံခါးကို လုံနေအောင် ပိတ်ထားလိုက်ကြရတယ်။

ဒါ ကျနော့် ငယ်ဘဝအတွေ့အကြုံပါပဲ။

နောက်ဆက်တွဲ – အခုတော့ သူငယ်ချင်းကြီးလည်း သေရှာပါပြီ။ အဲဒီ့ သူငယ်ချင်း ကိုးတန်းမှာ ထင်တယ်။ အဲဒီ့ဆရာနဲ့ သီးသန့်သင်နေတယ် ကြားတော့ ကျနော်က ကျနော်တို့ ခံခဲ့ရပုံကို ပြောပြပါတယ်။

ရွှေသူငယ်ချင်းကလည်း ဆွေကြီးမျိုးကြီး။ အင်္ဂလိပ်ခေတ် ဝန်ကြီးတပါးရဲ့ မြေး။ အခြေကြီးတယ်ပေါ့ဗျာ။ ကျနော်က လမ်းဘေးက ကောင်။ အဲတော့ ကျေးဇူးရှင်က ကျနော့်စကားကြားတဲ့အခါ ကျနော့်ကိုတော့ ဘာမှ ပြန်မပြောခဲ့ပါဘူး။

နောက် တလလောက်ကြာတော့မှ ဝန်ခံတော်မူပါတယ်။ “မင်းပြောပြတုန်းက ငါမင်းကို တော်တော် စိတ်ပျက်သွားတာကွ။ သူများအကြောင်း မဟုတ်တရုတ်ပြောရလားဆိုပြီးတော့ပေါ့။ ခု ငါ ကိုယ်တိုင် ခံလိုက်ရတော့မှ မင်း အမှန်ပြောတာပါလားဆိုတာ သိလိုက်ရတယ်ကွာ။ မင်းကို အထင်မှားခဲ့လို့ ဆောရီးပါ”တဲ့ဗျား။

မိဘတွေ သတိထားသင့်တာက…

(၁) ယောက်ျားလေးချင်းပဲဆိုပြီး ကလေးတွေချည်း မမြင်ကွယ်ရာမှာ ပစ်မထားမိပါစေနဲ့။

(၂) မောင်နှမချင်း၊ ညီအကိုချင်းပဲဆိုပြီးလည်း စိတ်မချပါနဲ့။ ငယ်တဲ့အရွယ်မှာ စူးစမ်းတတ်ကြပါတယ်။ (မောင်နှမ တဝမ်းကွဲချင်းက မတော်တရော် လုပ်တာ ခံဖူးတဲ့ အမျိုးသမီး၊ ရေချိုးနေတာကို တူအရင်းက လာချောင်းတာ ကြုံဖူးတဲ့ အမျိုးသမီးတွေလည်း ကျနော်တို့ ပတ်ဝန်းကျင်မှာ ရှိပါတယ်နော်။)

(၃) အင်းလျားလမ်းက အဖြစ်အပျက်က အလှဆုံးပါ။ သည်ကိစ္စမှာ ပညာတွေ၊ ဂုဏ်တွေ၊ ဆွေကြီးမျိုးကြီး ဖြစ်တာတွေက ဘာမှ အရေးမပါပါဘူး။ လူဟာ လူပဲမို့ သတိထားရမှာချည်းပါပဲ။ ဆရာမို့ မကျူးလွန်ဘူးဆိုတာ မရှိကြောင်း ကျနော်တို့ အဖြစ်က သက်သေခံနေပါတယ်။

အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

၀၂၀၇၁၉