နှုတ်ခမ်းလေးနဲ့ လူသတ်နေ

စကားလုံးတွေက အမာရွတ်ထင်စေတယ်
ကောလာဟလတွေက ပျက်စီးစေတယ်
အမနာပဝိုင်းပြော အနိုင်ကျင့်တာတွေက သေစေပါတယ်

🧱🧱🧱🧱🧱🧱🧱🧱🧱🧱🧱🧱

သူများပါးစပ်ထဲမှာ အသက်ပေးခဲ့ဖူးသူတဦးရဲ့ ဇာတ်လမ်း

၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့မှာ အခုပုံမှာ ပါတဲ့ ၁၅ နှစ်အရွယ် မိန်းကလေးဟာ Cyberbullying လို့ခေါ်တဲ့ အင်ထနက် လူမှုမီဒီယာက တဆင့် မတရားသဖြင့် အနိုင်ကျင့်တဲ့ ဒဏ်ကို မခံနိုင်တော့တဲ့ အဆုံးမှာ သူ့ကိုယ်သူ အဆုံးစီရင်သွားခဲ့ဖူးပါတယ်။Image may contain: text

နိုင်ငံတကာ မီဒီယာတွေမှာ အုတ်အော်သောင်းသဲဖြစ်ခဲ့ပြီး ကနေဒေါ အစိုးရကလည်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ကလေးမလေးက မလိမ်မိုး မလိမ္မာနဲ့ သူငယ်ချင်းချင်းကြားမှာ သူ့ရင်သားကို လှစ်ပြခဲ့မိဖူးတယ်။ အဲဒီ့ဓာတ်ပုံ ရှိပါတယ်။

ကလေးမလေးကို တကိုယ်လုံး ချွတ်ပြခိုင်းသူတယောက် ပေါ်လာတယ်။ မပြရင် သူ့ရင်သားပုံကို လူမှုမီဒီယာမှာ ဖြန့်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်။ မပြတော့ တကယ် ဖြန့်ထည့်လိုက်တယ်။ ကလေးမလေးရဲ့ သူငယ်ချင်းတွေ၊ အတန်းဖော်တွေကို tag လုပ်တယ်။

ထုံးစံအတိုင်း ကလေးမလေးကို ဝိုင်းတွယ်ကြပြီပေါ့။ ကြဉ်လည်း ကြဉ်ကြတယ်။ ကလေးမလေး တကျောင်းပြီး တကျောင်း ပြောင်းတယ်။ ခဏပဲ။ နောက်ကျောင်းတွေမှာလည်း ဆက်ခံရတယ်။

ဘူးလေးရာ ဖရုံဆင့်

သည်ကြားထဲ ကလေးမလေးကို ချစ်ချင်ယောင်ဆောင်တဲ့ ကောင်လေးတကောင် ပေါ်လာတယ်။ ကလေးမလေးက ယုံလိုက်မိတယ်။ ဟိုကောင်က ကျောရရုံ ကြံတာ။ ဟိုကောင်လေးရဲ့ ကောင်မလေးက ကလေးမလေးကို ကလေးမလေးရဲ့ ကျောင်း လူပုံအလယ်မှာ လာပြဿနာရှာတယ်။ ဟိုကောင်လေးကလည်း သူလိုချင်တာ ရပြီးပြီဆိုတော့ သူ့ကောင်မလေးကို ပါးသာပိတ်ချလိုက်စမ်းပါလို့ ပြောလိုက်တယ်။ ဟိုကလည်း ချတယ်။ ကလေးမလေး လဲကျန်ရစ်တယ်။

အဖြစ်အပျက်က ဓာတ်ပုံ ဗှီဒီယိုမှတ်တမ်းနဲ့ ဆိုရှယ်မီဒီယာမှာ ပြန့်ပြန်တယ်။ ကလေးမလေး စိတ်ဓာတ်ပျက်ယွင်းလာတယ်။

ကျောင်းပြောင်း၊ မြို့ပြောင်း… စိတ်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးတာတွေ လုပ်နေရင်းတန်းလန်းကနေ အစွန်းချွတ်ဆေးတွေသောက်ပြီး သူ့ကိုယ်သူ သေကြောင်းကြံတယ်။ ဆေးရုံရောက်သွားတယ်။ မအောင်မြင်ဘူး။

လူတွေမှ ဟုတ်ပါလေစလို့ တွေးချင်စရာ လူအစစ်တွေ

သည်မှာတင် အနိုင်ကျင့်ချင်သူတွေအတွက် အကွက်ပေါ်တယ်။ နင် သေသွားသင့်တာ၊ နင်သောက်တဲ့ အစွန်းချွတ်ဆေးက ပျော့တယ်။ ဒါသောက် ဆိုတာတွေတောင် သူ့ဆီမှာ လာရေးကြတယ်။

အဖြစ်အပျက်တွေကို ကလေးမလေးက စာတရွက်စီနဲ့ ရေးပြီး YouTube မှာ တင်ခဲ့ပါတယ်။

အဲဒီ့ ဗှီဒီယိုတင်ပြီး တလအကြာမှာ ကလေးမလေး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပါတော့တယ်။

အရေးယူတဲ့အပိုင်း

ကနေဒါအစိုးရနဲ့အတူ ဒတ်(ခ်ျ) အစိုးရကလည်း စုံစမ်းစစ်ဆေးတဲ့အခါ နယ်သာလန်နိုင်ငံက အသက် ၃၅ နှစ်အရွယ် ဒတ်(ခ်ျ)နိုင်ငံသားနဲ့ တူရကီ နိုင်ငံသား၊ နိုင်ငံသားလက်မှတ် ၂ မျိုးကိုင်ဆောင်သူကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ သူက ကလေးမလေးအပါအဝင် ကမ္ဘာအရပ်ရပ်က ကလေးမလေးတွေရဲ့ ကွန်ပျူတာတွေထဲကို ဖောက်ဝင်ပြီး ဒုက္ခလည်ပေးနေတဲ့သူပါ။ ဒတ်(ခ်ျ)တရားရုံးက ကလေးမလေးအပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုအတွက် ထောင်ဒဏ် ၁၀ နှစ်နဲ့ ၈ လ ချမှတ်ခဲ့ပါတယ်။

ကလေးမလေး သူ့ကိုယ်သူ အဆုံး မစီရင်မီ သူ့ဇာတ်လမ်းကို စာတွေနဲ့ ရေးပြီး ပြသွားတဲ့ ဗှီဒီယိုကို သည်မှာ ကြည့်နိုင်ကြပါလိမ့်မယ်။

https://www.youtube.com/watch?v=FS95zvN5MiI

(Google မှာ Amanda Todd ဆိုတဲ့ ကလေးမလေး နာမည်ရိုက်ထည့်ပြီး ရှာလိုက်ရင် ကျနော်ပြောတာထက် အများကြီး ပိုပြည့်ပြည့်စုံစုံ သိရနိုင်ပါသေးတယ်။)

လူတွေ ဘာလို့ အဲသလို လုပ်

အင်ထနက် ဆိုရှယ် မီဒီယာမှာ လူတချို့ဟာ အဲလို ဘာကြောင့် လုပ်နေတာလဲ။

(၁) သာယာနေကြတာပါ။ သူတို့ တခုခု ကြမ်းကြမ်းတမ်းတမ်း ရေးလိုက်လို့၊ တင်လိုက်လို့ လူတွေက သူတို့ကို တုံ့ပြန်ကြတာကို သာယာနေကြတာပဲ ဖြစ်ပါတယ်။ like တွေ အများကြီးရတာလည်း သာယာသလို အဆဲလှိမ့် ခံရတာကိုလည်း သာယာနေတတ်ကြပါတယ်။ လူအများ အာရုံစိုက်ခံချင်တဲ့ ရောဂါဆန်းတမျိုးပေါ့။

(အဲဒီ့ ရောဂါကို မြင်လာတဲ့အတွက် ကျနော် Facebook သိပ်မသုံးတော့တာပါ။ ကျနော့်မှာလည်း အဲဒီ့ ရောဂါ ရှိနေသလားလို့ သံသယ ဝင်လာလို့ပါပဲ။ ဘာလုပ်မလဲဗျာ။ အိုကြီးအိုမကျတော့မှ အကျိုး မရှိတာတွေနဲ့ အချိန်ကုန် မခံချင်တော့ပါဘူးပေါ့။ ဒါတောင် ခုတလော ပြန်ရေးဖြစ်နေသေးတယ်။ အများအတွက် အကျိုးရှိမယ်ဆိုတဲ့ “ဆင်ခြေ ဆင်လက် ဆင့်နားရွက်ကြီး ဧရာမ”နဲ့ပေါ့ဗျာ။ တကယ်က ကျနော့်အတ္တကို ကျနော် ပြောင်လက်အောင် ပွတ်တိုက်နေတာသက်သက်ပါပဲ။ ကျနော် သေအောင် ရေးနေလည်း မြစ်ရေစီးကို ကျနော့်လက်ဝါးနဲ့ကာလို့ ရမှာမှ မဟုတ်တာလေ။ နော်…)

(၂) အင်ထနက်ပေါ်မှာ ပြောလိုက်ဆိုလိုက်တဲ့အတွက် ဘာမှ ခံရမှာ မဟုတ်ဘူးလို့ လူတွေက သိထားကြပါတယ်။ အဲလို ရေးလိုက်သားလိုက်လို့ သူတို့အတွက် ဘာဆိုးကျိုးမှ မဖြစ်နိုင်ဘူးပေါ့။ အကောင့်ပုန်း၊ အကောင့်တုတွေနဲ့ဆို သာတောင် မဖြစ်နိုင်သေးပေါ့။

အလုပ်ရှင်ရဲ့ အရေးယူမှု

ဟိုကလေးမလေး သေသွားပြီးတဲ့နောက်တောင် သူ့ကို နှိပ်ကွပ်တဲ့ အရေးအသားတွေက ပေါ်ထွက်နေခဲ့ပါသေးတယ်။

ကနေဒါနိုင်ငံကလူတယောက်ကတော့ “ခွေးမ… နင် သေသင့်တာ ကြာပြီ”လို့ ရေးတာကို သူ့အလုပ်ရှင်က သိသွားတဲ့အတွက် အလုပ်ထုတ်ခဲ့ပါတယ်။

ဆိုရှယ်မီဒီယာရဲ့ အားထုတ်မှု

အင်ထနက်ဆိုရှယ်မီဒီယာက ဝိုင်းအနိုင်ကျင့်တာဟာ နိုင်ငံတိုင်းမှာ ဖြစ်နေတာပါ။ အထက်က ကလေးမလေးရဲ့ ဖြစ်ရပ်ကြောင့် အခုတော့ နိုင်ငံ အတော်များများမှာ အဲဒါကို ကိုင်တွယ်နိုင်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းလာခဲ့ကြပြီ ဖြစ်သလို Instagram တို့၊ Twitter တို့မှာလည်း Comment ကို ကိုယ်သဘောတူမှ အတည်ပြုနိုင်အောင် ဖန်တီးလာကြပါပြီ။ FB ကတော့ ခုထိ မလုပ်သေးပါဘူး။ ဘာလို့လဲတော့ မသိဘူး။

ဘာလုပ်ကြမလဲ

🔹 “ကလေးတွေ ဆယ်ကျော်သက်တွေအနေနဲ့ သူတို့ကို အဲလို အနိုင်ကျင့်တာခံနေရပြီဆိုတာနဲ့ လူကြီးမိဘတွေကို ပြောပြသင့်ပါတယ်။ ဒါမှသူတို့က တခုခု လုပ်ပေးနိုင်မှာပါ”

🔹 “ပြောလာရင်လည်း ကလေးတွေကို လူကြီးမိဘတွေက မဆူပါနဲ့။ အပြစ်မတင်ကြပါနဲ့။ နားထောင်ပေးပါ။ ကလေးတွေ ငယ်ကတည်းက ဘာမဆို မိဘကို ပွင့်ပွင့်လင်းလင်း ပြောတတ်အောင် လေ့ကျင့်ပေးစေချင်ပါတယ်။ ဒါမှလည်း ကလေးတွေ ဘာဖြစ်နေမှန်း မပြတ်သိနေနိုင်မှာပါ”

🔹 “ပြောစရာ လူကြီးမိဘ မရှိရင် ကျနော့်ကို ပြောနိုင်ကြပါလိမ့်မယ်။ ကျနော့် သည် account ကို message လှမ်းပို့နိုင်ကြပါတယ်။ ကျနော် တတ်အားသရွေ့ ကူညီပေးပါ့မယ်”

ခံနေရသူတွေကို ပြောပြဖို့

🔹 “အရင်းစစ်လိုက်ရင်တော့ ကိုယ်ဘယ်သူလဲ၊ ကိုယ်ဘာလုပ်လဲဆိုတာက ကိုယ့်အပေါ်မှာသာ တည်ပါတယ်။ တခြားလူတွေအပေါ်မှာ မတည်ပါဘူး။”

🔹 “လူတိုင်း အမနာပ အပြောခံရပါတယ်။ ဘုရားတွေတောင် ဘယ်ဘုရားမှ အကဲ့ရဲ့ မလွတ်ခဲ့ပါဘူး။ အဲတော့ ကိုယ်တယောက်တည်း ခံနေရတယ်လို့ ထင်ရင် အမှားကြီး မှားသွားပါမယ်။”

🔹 “ဒါက ကိုယ့်ဘဝရဲ့ မဆိုစလောက် ကာလလေးပါ။ ပြောတဲ့သူတွေ မောရင် ရပ်သွားမှာပါ။ ကိုယ့်မှာ အသက်ရှင်ရပ်တည်ပြီး လုပ်စရာတွေ တပုံကြီး ရှိပါတယ်”

🔹 “ကိုယ့်ကိုယ်ကိုယ် သတ်သေတာ အဖြေမဟုတ်ပါဘူး။ ဆက်နေလည်း မထူးဘူးလို့ ခံစားနေရမှာကို စာနာပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာ ဆက်နေနေရင် တခုခု ထူးလာမှာကတော့ သေချာပါတယ်”

🔹 “သူများ ပါးစပ်လှုပ်တိုင်းသာ ကိုယ်က လိုက်လှုပ်နေမယ်ဆိုရင် ကိုယ့်ဘဝဟာ သူများပါးစပ်ထဲမှာ နစ်မွမ်းသွားလိမ့်မယ်။ (ပျဉ်းမနား မဟာမြိုင်တောရ ဆရာတော် ဦးဇောတိက)”

ကိုယ်တွေ့ – ကျနော့်ကို အပြာစာအုပ်တွေ ရေးတဲ့သူလို့ ကျနော့်အဲဒီ့စာအုပ်တွေ ရောင်းပြီး အမြတ်ယူခဲ့ဖူးတဲ့ ဆိုင်ရှင် တယောက်အပါအဝင် လူတချို့က အမနာပ ပြောတတ်ကြပါတယ်။ ကျနော် ရယ်ပဲ နေပါတယ်။ ကျနော် ဘာရေးတယ်၊ မရေးဘူးဆိုတာ ကျနော့်ကိုယ် ကျနော် အသိဆုံးကိုး။

သူတို့ ဉာဏ်မရှိတာကို သူတို့ဘာသာ ပြနေတာ ခမျာများ မသိရှာကြဘူး။ သူတို့ပြောတဲ့ ကျနော့်စာအုပ်တွေက စစ်အစိုးရ လက်ထက် စာပေစိစစ်ရေးရဲ့ ခွင့်ပြုချက်နဲ့ ထုတ်ခဲ့တဲ့ စာအုပ်တွေ။ အပြာစာအုပ် ထုတ်ခွင့်ရဖို့ ဝေးစွ၊ အဆဲစကားလုံး တလုံးပါရင်တောင် ဖြုတ်ပေးခဲ့ရတဲ့ အခြေအနေဆိုတာ သူတို့ မေ့နေရှာကြတယ်။ ရယ်တာပေါ့ဗျာ။ ကျနော့်ကို ဖာခေါင်း ပြောပြော၊ တဏှာရူးပြောပြော၊ ဂျီပုန်း ပြောပြော၊ ပြောချင်တာပြော၊ ကျနော်ဘာကောင်ဆိုတာ ကျနော့်အပေါ်မှာသာ တည်ပါတယ်။ (အမှန်က ကျနော် တဏှာရူးပါဗျာ။ ဆေးလိပ်၊ အရက်၊ မိန်းမ၊ ဘိန်း၊ ဆေးခြောက် ကြိုက်တာကိုးခင်ဗျ။ စိတ်ကြွဆေး၊ ဆေးပြားမူ လုံးဝ မကြိုက်ချေ။ ဤကား စကားညှပ်။ 😂😂😂)

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

၂၅၀၆၁၉

ရုပ်ရှင် ရုပ်ရှင် ရုပ်ရှင် (၃)

🎬 🎬 🎬 🎬 🎬 🎬

လေ့လာဆည်းပူးချင်ရင်၊ ဆည်းပူးတတ်ရင် 
အလကားရနိုင်တာတွေချည်းပဲကို နည်းမှတ်လို့…

ဖြစ်ရပ်မှန် ဓာတ်ရှင်အကြောင်း အနည်းအပါး ပြောပြီးတဲ့အခါ ကျနော်တို့မှာ ရှိတဲ့ ငွေလေးတမတ်နဲ့ တက်ကိုင်ဖို့ ရွယ်နေတဲ့ အတ္ထုပ္ပတ္တိဓာတ်ရှင်အကြောင်း ဆွေးနွေးကြည့်ပါရစေ။ (ဆက်ရေးတဲ့အခါ အတ္ထုပ္ပတ္တိဓာတ်ရှင်ကို “ထုတ်ရှင်”လို့ အတိုကောက် သုံးပါရစေ။)

အဲဒီ့အတွက် ကျနော် အိမ်စာ လုပ်ပါတယ်။

အောင်မလေးဗျာ… တေဝါးမယ်၊ ရှင်ဝါးမယ်၊ မတေမရှင် ဖိဝါးမယ်ဆိုတဲ့အတိုင်းပါပဲ။

ထုတ်ရှင်ကို တကယ် ချရိုက်ဖို့ အသာထား၊ ထုတ်ရှင်ရဲ့ သဘောသဘာဝကို နားလည်ဖို့တောင် ဖတ်စရာတွေက တပုံတပင်၊ ကြည့်ရမယ့်ကားတွေကလည်း မနည်းမနော။

၂၀၁၀ ပြည့်နှစ်က စတင်ပြီး အခုအထိ ၈ နှစ်ခွဲအတွင်းမှာ ဟောလီးဝု(ဒ်)က ထုတ်ရှင်ပေါင်း ၂၂၅ ကား ထွက်ထားသဗျ။ ဒါက ထင်ရှားတာတွေနော်။ မထင်မရှားတွေ မပါသေးဘူး။ ပျမ်းမျှ တနှစ်ကို ၂၈ ကားနှုန်း၊ တလကို နှစ်ကားနှုန်းလောက် ထွက်ထားတာလို့တောင် ပြောနိုင်တဲ့ အနေအထားပါ။

ငွေတမတ်နဲ့ ငါးကြင်းကောင်း မကိုင်ခင်မယ် အဲဒီ့ ၂၂၅ ကားအနက်က ကားပေါင်း ၁၀၀ လောက်ကိုပဲ လိပ်ပတ်လည်အောင် ထိုင်ကြည့်လိုက်မယ်ဆိုရင်တောင် ထုတ်ရှင်ဆိုတာ သည်လိုပါလားလို့ ကိုယ့်ဆရာတွေ သဘောပေါက်လာနိုင်လောက်အောင်ကို အသင့်ရှိနေပါတယ်။

ဝါသနာပါရင် ဝစ်ခီမှာ သွားကြည့်လို့ ရပါတယ်။ ၁၉၅၀ ပြည့်မတိုင်မီကာလမှသည် အခု ၂၀၁၉ ခုနှစ်အထိ နှစ်အလိုက် ထုတ်ရှင်စာရင်း တော်တော် ပြည့်ပြည့်စုံစုံက သည်မှာ ရှိပါတယ်။

https://en.wikipedia.org/wiki/List_of_biographical_films

ထုတ်ရှင်ရဲ့ အမြွက်သဘော

“ထုတ်ရှင် ဇာတ်ညွှန်းဟာ ကိုယ်ဘာကို ပြချင်တာလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ မှတ်တမ်းဓာတ်ရှင်ဆိုရင်တော့ မှတ်တမ်းကားတို ဘယ်လောက်များများ ရနိုင်သလဲဆိုတဲ့အပေါ်မှာ မူတည်တာပေါ့။ ဒါပေသည့် ထုတ်ရှင်ကတော့ မှတ်တမ်းက ပြနိုင်တာထက် ဇာတ်လမ်းကို အများကြီး ပိုကောင်းအောင်၊ ပိုအသက်ဝင်အောင် လုပ်ယူနိုင်ပါတယ်”လို့ လောလောဆယ် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာ တင်နေတဲ့ Stand Up Man ကိုရီးယားနဲ့ ကနေဒီယံ ဟာသရုပ်ရှင် ဇာတ်ညွှန်းကို ရေးခဲ့သူ ကနေဒါအခြေစိုက် ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာမ Nathalie Younglai က ပြောဖူးပါတယ်။ (https://www.facebook.com/standupmanfilm/)

သူ့ဇာတ်ရုပ်ကို တည်ပြီး အရိုက်ခံလိုက်ရတဲ့ Facebook ဆရာကြီး ဇကာပေါက်ကိုယ်တိုင်ကတောင် အဲဒီ့ကားကို ကြည့်ပြီး “အီစလံဝေသွား”တာမို့ အဲဒီ့ကားကို “Block လုပ်လိုက်တယ်”လို့ ပြောခဲ့သလို သူနဲ့အတူ Facebook ကို တွဲပြီး တည်ထောင်ခဲ့တဲ့ Educardo Saverin ကလည်းပဲ “သည်ကားက ဖျော်ဖြေရေးအတွက် ရိုက်ကူးထားတာ ရှင်းပါတယ်။ အချက်အလက်မှန်ကို အခြေခံထားတဲ့ မှတ်တမ်းကား မဟုတ်ပါဘူး”လို့ ဆိုခဲ့တဲ့ The Social Network ဇာတ်ညွှန်းကို ရေးခဲ့သူ Aaron Sorkin ကလည်း ”အမှန်ပေါ်မှာ သစ္စာမထားချင်ပါဘူး။ ကျနော်က ပုံပြောချင်တာပါ”လို့ အတိအလင်း ဆိုခဲ့ပါတယ်။

အဲဒီ့ နှစ်ယောက်ရဲ့ စကားနဲ့တင် ထုတ်ရှင်ရဲ့ အမြွက်သဘောကို စောကြောနိုင်မယ် ထင်ပါတယ်။ ထုတ်ရှင်ဟာ မှတ်တမ်းကားမဟုတ်ပါဘူး။

ထုတ်ရှင်နဲ့ အလုပ်လျှောက်မှာ မဟုတ်ပါ

မှတ်တမ်းကား (documentary) ဆိုတာကတော့ အလုပ်လျှောက်တဲ့အခါ ထည့်ကြမြဲ ကိုယ်ရေးရာဇဝင်လိုပါပဲ။ အမည်၊ အခြားအမည် (ရှိလျှင်)၊ အဘအမည်၊ အမိအမည်၊ လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ မွေးနေ့သက္ကရာဇ်၊ ပညာအရည်အချင်း၊ အိမ်ထောင်ရေးအခြေအနေ၊ သားသမီးအမည်… စသဖြင့်မှသည် ဟိုတခေတ်ဆီက နိုင်ငံကူးလက်မှတ် လျှောက်တဲ့အခါ လက်ညောင်းအောင် ဖြည့်ရတဲ့ ဆွေခုနစ်ဆက် မျိုးခုနစ်ဆက်ရဲ့ အသေးစိတ်တွေလိုမျိုး ထည့်ချင်သလောက် လျှောက်ထည့်လို့ ရပါတယ်။

Image may contain: 2 people, textထုတ်ရှင်လို့ ပြောကတည်းက “ဓာတ်ရှင်”သဘောပါသွားပါပြီ။ တနည်းပြောရရင် ပရိသတ်စွဲမက်အောင် ဖမ်းစားရပါတော့မယ်။ သည်အတွက် သက်ရှိထင်ရှားရှိခဲ့ဖူးတဲ့၊ ဒါမှမဟုတ်လည်း The Social Network မှာလို သက်ရှိ ထင်ရှားရှိဆဲ လူတယောက်ယောက်ရဲ့ အတ္ထုပ္ပတ္တိကို ရိုက်ပြရာမှာ ဇာတ်လမ်း (ပုံပြင်) သဘော ဖြစ်နေဖို့ မလွဲမသွေ လိုလာပါတယ်။

မှတ်တမ်းကားကို အလုပ်လျှောက်တဲ့အခါ တွဲတင်တဲ့ ကိုယ်ရေးရာဇဝင်နဲ့ ပုံခိုင်းခဲ့သလို ခိုင်းရမယ်ဆိုရင်တော့ ထုတ်ရှင်ဟာ ဝတ္ထုပါပဲ။ အဲလောက်ကို ရိုးစင်းရှင်းလင်းပါတယ်။ ဝတ္ထုပေမယ့် တကယ့် ဓိဋ္ဌဓမ္မလောကမှာ သက်ရှိထင်ရှားရှိခဲ့သူရဲ့ ဘဝကို အခြေခံထားတဲ့ ဝတ္ထုပေါ့။

(မြန်မာဝတ္ထုထဲမှာ နမူနာ ပြစရာအဖြစ် ခေါင်းထဲ တန်းခနဲ ပေါ်လာတာက ဆရာမကြီး ခင်နှင်းယု ရေးခဲ့ဖူးတဲ့ လုံးချင်းဝတ္ထုတပုဒ်ပါ။ ဝတ္ထုနာမည်တော့ မမှတ်မိတော့ပါဘူး။ တော်တော့်ကို အနုပညာမြောက်တဲ့ ဝတ္ထုတပုဒ် ဖြစ်ခဲ့တာကိုတော့ မမေ့နိုင်ပါဘူး။ ခက်တာက အဲဒီ့ဝတ္ထုကလည်း နောက်တကြိမ် ပြန်ထွက်လာစရာ အကြောင်း အလွန်နည်းသွားပါပြီ။ “ကျွန်မ၏ ချစ်သူ”ဆိုတာလည်း ဆရာမကြီးရဲ့ခင်ပွန်း ဗိုလ်မှူးကြီးကျော်သောင်းရဲ့ ဘဝကို အခြေခံ ထားတဲ့ ဝတ္ထုပါပဲ။ အဲဒါလည်း အလွန်ကောင်းပါတယ်။)

ပထမအချက်

အဲတော့ ပထမဆုံးအချက်က ထုတ်ရှင်ရိုက်မယ်ဆိုတဲ့အခါ အလုပ်လျှောက်လွှာတင်မှာ မဟုတ်ဘူးဆိုတာကို သတိထားဖို့ လိုမယ်ထင်ပါတယ်။ အနုပညာမြောက်တဲ့ ဇာတ်လမ်းရိုက်မှာကို ပြက်ပြက်ထင်ထင် သိထားရပါလိမ့်မယ်။

တဘဝလုံး လျှောက်ရိုက်ပြမှ ထုတ်ရှင်ကောင်း ဖြစ်တာမဟုတ်

ဒုတိယကတော့ ပထမအချက်နဲ့ ဆက်စပ်နေပါတယ်။

ဇာတ်လမ်းရိုက်တော့မှာမို့ အဲဒီ့သက်ရှိထင်ရှားရှိသူရဲ့ ပုခက်တွင်းမှသည် အုတ်ဂူဆီအထိ အစဉ်အတိုင်း စီကာစဉ်ကာ ရိုက်ပြစရာ မလိုဘူးဆိုတာကို ပြက်ပြက်ထင်ထင် သိထားသင့်ပြန်ပါတယ်။

ဇာတ်လမ်းဖြစ်တဲ့အတွက် ထုတ်ရှင်ဇာတ်ညွှန်းရေးသူမှာ လွတ်လပ်ခွင့် အတော်အတန် ရသွားပါပြီ။ ပြင်လို့မရတာက အချိန်ကာလ၊ အခင်းအကျင်းနဲ့ အဓိက ဇာတ်ကောင်တွေပါ။ အဲဒါကို မူသေထားပြီး ကျန်တာက အနုပညာအား ကောင်းရင် ကောင်းသလောက် ကွန့်လို့ ညွှန့်လို့ ရနေပါတယ်။

နမူနာလေးတွေ ပြပါရစေ…

အမေရိကန် သမ္မတ Abraham Lincoln ရဲ့ ထုတ်ရှင်တွေ တကားမက ရှိပါတယ်။ သည်ထဲမှာမှ The Better Angels ဆိုတဲ့ ကားက လင်းခန်း (Lincoln) ရဲ့ ငယ်ဘဝကိုသာ ရိုက်ပြခဲ့တာပါ။

Image may contain: 1 person, smiling, textနယ်လဆင်(န်)မယ်(န်)ဒဲလားဆိုလည်း တကားမက ရှိပါတယ်။ ဒါပေသည့် အဲဒီ့ထဲမှာမှ Clint Eastwood ရိုက်တဲ့ Invictus ဇာတ်ကားဟာ သူ့ထက်ပိုပြီး အတ္ထုပ္ပတ္တိအပြည့်အစုံ ပိုဆန်တဲ့ Mandela: Long Walk to Freedom ကားထက် ပိုပြီး မယ်(န်)ဒဲလား ရုပ်လုံးပိုကြွခဲ့ပြန်တယ်။

Invictus က တောင်အာဖရိက နိုင်ငံက လူဖြူတွေ အင်မတန် ခုံမင်တဲ့ Rugby ကမ္ဘာ့ဖလားပွဲမှာ အနိုင်ရလာတဲ့ လူဖြူအသင်းကို နွေးနွေးထွေးထွေး ကြိုဆိုခဲ့တဲ့ တကယ့်ဖြစ်ရပ်ကို အခြေခံပြီး မယ်(န်)ဒဲလားရဲ့ နိုင်ငံရေး ကြံ့ခိုင်မှုစွမ်းရည်ကို မီးမောင်းထိုးပြခဲ့တာပါပဲ။

တနည်းပြောရင် နယ်လဆင်(န်)မယ်(န်)ဒဲလားဆိုတာ ဘယ်လိုလူစားလို့ ပေါ်လွင်အောင် ရိုက်ပြခဲ့တာ ဖြစ်ပါတယ်။

ကျနော် ခဏခဏ ညွှန်းခဲ့ဖူးတဲ့ Bohemian Rhapsody ဆိုလည်း လူ့ဘဝမှာ ၄၅ နှစ်နေသွားတဲ့ Freddy Mercury ရဲ့ဘဝကို Queen တီးဝိုင်း စဖွဲ့တဲ့ ၁၉၇၀ ပြည့်မှသည် ၁၉၈၅ ခုနှစ် ကယ်ဆယ်ရေး ရံပုံငွေ ဖျေဖ်ာဖြေပွဲအထိ ၁၅ နှစ်တာလေးပဲ ဖြတ်ရိုက်ပြသွားတာပါ။ ဒါပေမယ့် အဲဒီ့မှာလည်း Freddy ဘယ်လိုလူစားဆိုတာ ကွက်ခနဲ ပေါ်ပါတယ်။

ဒုတိယအချက်

သည်မှာ အချက် ၂ ချက် ထပ်ထွက်လာပါတယ်။

အစအဆုံး လျှောက်ရိုက်နေစရာ မလိုဘဲ ဇာတ်လမ်းအရ လိုတဲ့နေရာလေးပဲ ဖြတ်ပြလို့လည်း ထုတ်ရှင်အတွက် အဆင်ပြေတယ်ဆိုတဲ့ အချက်က တချက်ပေါ့။

တတိယအချက်

နောက်တချက်က ကိုယ်ရိုက်ပြမယ့် အဓိကဇာတ်ရုပ် (သက်ရှိထင်ရှားရှိခဲ့သူ)ဟာ ဘယ်လိုလူစားဆိုတာ ပေါ်လွင်သွားတာနဲ့ ထုတ်ရှင်သမား တာဝန်ကျေပြီဆိုတဲ့ အချက်ပါ။ ဒါ သိပ်အရေးကြီးပါတယ်။

သည်နေရာမှာ အဲဒီ့လူဟာ ဘယ်လိုလူစားလို့ ကိုယ်မြင်တဲ့ အမြင်အတိုင်း ပီပြင်ဖို့လေးပဲ လိုတာပါ။ အဲဒီ့အမြင်ကို ပရိသတ်ရှေ့မှောက်ချပြလိုက်တာဟာ ထုတ်ရှင်ပါပဲ။

အဲတော့ ထုတ်ရှင်ရိုက်တော့မယ်ဆိုရင် ကိုယ်ရိုက်မယ့် ဇာတ်ရုပ်ရဲ့ စရိုက်မှန်၊ စိတ်ရင်းကို ထဲထဲဝင်ဝင် ပပ်ပပ်နပ်နပ် သိထားဖို့က တခြားဟာတွေရဲ့ ရှေ့ကို ရောက်လာပါတယ်။

အရေးကြီးဆုံး

သိပ်အရေးကြီးတာကတော့ အဲဒီ့လူနဲ့ ပတ်သက်လို့ တခြားဆရာတွေ၊ သူ့သူငယ်ချင်းတွေ၊ သူနဲ့ ခေတ်ပြိုင်တွေ ပြောသမျှကို နားထောင် ဖတ်ရှုပြီး သည်လူဟာ ဘယ်လိုလူရယ်လို့ သည်ဇာတ်ကို ရေးမယ့်သူ၊ ရိုက်မယ့်သူ “ကိုယ်တိုင်ကိုယ်ကျ” “ရင်ဘတ်ကြီးနဲ့” ထိုးထွင်း သိလာတဲ့ “ကိုယ်ပိုင်” သိရှိမှုကို ဆိုလိုပါတယ်။ ဟိုလူပြော သည်လူပြော ကြားဖူးနားဝနဲ့ သိထားတဲ့ “အိယောင်ဝါး” အသိ၊ “သညာသိ”လောက်နဲ့ မရပါဘူး။

အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ…
အတ္တကျော်

၂၄၀၆၁၉

ရုပ်ရှင် ရုပ်ရှင် ရုပ်ရှင် (၂)

🎬 🎬 🎬 🎬 🎬 🎬

အတ္ထုပ္ပတ္တိဓာတ်ရှင်ဆီ မသွားခင် ကြားတဆင့်

အားနာနာနဲ့ ပြောရမယ်ဆိုရင်တော့ အတ္ထုပ္ပတ္တိ ရုပ်ရှင်က ကျနော်တို့ မြန်မာ ဓာတ်ရှင်သမားတွေနဲ့ ဝေးလွန်းလှတယ်လို့ မြင်မိရပါတယ်။

ကျနော့်အမြင်မှာတော့ အဲဒီ့အတ္ထုပ္ပတ္တိ ရုပ်ရှင်ဆိုတဲ့ ငါးကြင်းခေါင်းကြီး မကိုင်ခင်မှာ ကြားတဆင့် ကျန်နေပါသေးတယ်။ အဲဒါကတော့ ဖြစ်ရပ်မှန် ရုပ်ရှင်ပါပဲ။

မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ သက်တမ်းအတွင်းမှာ ကျနော်သိမီသလောက် ဖြစ်ရပ်မှန် ရုပ်ရှင် မရှိသလောက်နည်းပါတယ်။ မှုခင်းဖြစ်ရပ်မှန်တချို့ကို ရိုက်ပြဖူးကြတာကလွဲရင် အမှတ်ထင်ထင် တကားမှ မရှိပါဘူး။ (မှားနေရင် ပြင်ပေး၊ ထောက်ပြပေးတော်မူကြပါ။)

ဘောလီးဝု(ဒ်)က ဖြစ်ရပ်မှန် ဓာတ်ရှင်တွေ

တကယ်ဖွံ့ဖြိုးနေတဲ့ ရုပ်ရှင်လောကတွေမှာတော့ ဖြစ်ရပ်မှန်ရုပ်ရှင်တွေ တသီကြီး ရိုက်ကူးတင်ဆက်နေကြပါတImage may contain: 2 people, textယ်။ ဟောလီးဝု(ဒ်)ကို အသာထား၊ အိမ်နီးချင်း အိန္ဒိယနိုင်ငံက ဘောလီးဝု(ဒ်)မှာတောင် အများကြီးရှိပါတယ်။ ကျနော် ကြည့်ဖူးပြီး စွဲနေတဲ့ ကားတကားက Sarbjit (2016) ပါပဲ။ နောက်အမှတ်ထင်ထင် ဖြစ်ကျန်ရစ်တာက No One Killed Jessica (2011), Shahid (2012), Manjhi – The Mountain Man (2015) တို့ပါပဲ။ ကျနော် မကြည့်ဖူးတာတွေ အများအပြား ကျန်ပါသေးတယ်။ မွမ်ဘိုင်းမှာ ဗုံးကွဲတာ အခြေခံထားတာ၊ အကြမ်းဖက်သမားတွေ လေယာဉ်ကို ပြန်ပေးဆွဲချိန်မှာ ရဲရဲရင့်ရင့် ရင်ဆိုင်ခဲ့တဲ့ လေယာဉ်မယ်၊ ခြေနင်းမီးစက်ကို ဖန်တီးပြီး ရွာနဲ့ ကျောင်းတွေကို မီးလင်းအောင် လုပ်ပေးခဲ့တဲ့ စုံတွဲ၊ ဆာဒမ်ဟူစိန် ကူဝိတ်ကို ကျူးကျော်ချိန်မှာ ကူဝိတ်ရောက် အိန္ဒိယနိုင်ငံသားတွေကို ထောင်နဲ့ ချီပြီး ကယ်ထုတ်ခဲ့တဲ့ အိန္ဒိယ စီးပွားရေးလုပ်ငန်းရှင်စသဖြင့် တကယ့် ဖြစ်ရပ်မှန်တွေကို အခြေခံ ရိုက်ကူးထားတဲ့ ကုလားကားတွေ အများအပြား ကျန်ပါသေးတယ်။

ဟောလီးဝု(ဒ်)က တောင်ပုံရာပုံ

ဟောလီးဝု(ဒ်)မှာတော့ မပြောပါနဲ့တော့။ Escape from Alcatraz (1979), Enemy at the Gates (2001), Catch Me If You Can (2002), the Pianist (2002), Hotel Rwanda (2004), Ray (2004), Letters from Iojima (2006), a Beautiful Mind (2006), the Queen (2006), Into the Wild (2007), the Pursuit of Happyness (2006), the Last King of Scotland (2006), a Mighty Heart (2007), the Hunting Party (2007), Che (2008), Hachi: a Image may contain: 1 personDog’s Tale (2009), J. Edgar (2011), the Social Network (2012), Lincoln (2012), Sully (2016), the Butler (2018), Green Book (2018), … အစရှိသဖြင့်။ ဒါ ကျနော် အမှတ်ထင်ထင် ဖြစ်ကျန်ရစ်တဲ့ ကားတချို့ပါပဲ။ ပြောမယ်ဆို တပုံကြီး ကျန်ပါသေးတယ်။

သည်ကားတွေထဲမှာ အတ္ထုပ္ပတ္တိဓာတ်ရှင်တချို့လည်း ပါနေပါတယ်။ ဥပမာ J. Edgar တို့၊ Ray တို့၊ Che တို့၊ Lincoln တို့ပေါ့။

ကိုရီးယားတွေလည်း တွယ်နေကြပြီ

ဖြစ်ရပ်မှန်ဇာတ်လမ်းတွေကို ကိုရီးယားဓာတ်ရှင်သမားတွေလည်း ဓာတ်ကျနေကြပါတယ်။ A Taxi Driver (2017) ဆို ဒေါ်လာ ၁၄ သန်း အကုန်ခံရိုက်ပြီး တောင်ကိုရီးယားတနိုင်ငံတည်းမှာတင် ၈၉ သန်းလောက် ပြန်ရခဲ့ပါတယ်။ ကမ္ဘာမှာ လည်းအောင်မြင်သလို ဆုတွေလည်း ရ၊ ဆန်ကာတင်စာရင်းတွေလည်း နိုင်ငံတကာမှာ ဝင်ခဲ့တဲ့ ဇာတ်ကားပါပဲ။

Northern Limit Line (2015) ဆိုလည်း ၆ သန်းပဲ ကုန်ပြီး ၃၉ သန်း ပြန်ရခဲ့တဲ့ဇာတ်ကားပါ။ မြောက်ကိုရီးယားနဲ့ ဖြစ်ခဲ့တဲ့ တိုက်ပွဲဖြစ်ရပ်မှန် ဇာတ်လမ်းပါ။

Memories of Murder (2003) က ကိုရီးယားနိုင်ငံသမိုင်းရဲ့ တယောက်ပြီးတယောက် ဆက်တိုက်သတ်တဲ့ ပထမဆုံး လူသတ်သမားရဲ့ ဖြစ်ရပ်မှန်ပေါ် အခြေခံထားတဲ့ဇာတ်ကား။ ၁၉၈၆ ကနေ ၁၉၉၁ ခုနှစ်အထိ ငါးနှစ်တာအတွင်းမှာ အမျိုးသမီး ၁၀ ယောက် အသတ်ခံခဲ့ရတဲ့ အဖြစ်။ သို့ပေတည့် ရုပ်ရှင်က လူသတ်သမားကို အဓိကမထားဘူး။ မပြည့်မစုံနဲ့ သည်အမှုကို လိုက်ရတဲ့ ရဲစုံထောက်နှစ်ယောက်ကို အသားပေးရိုက်ခဲ့တာပါ။ ဒေါ်လာ သုံးImage may contain: 2 people, textသန်းလောက် ကုန်တယ်လို့ သိရပေမယ့် ဘယ်လောက် ပြန်ရတယ်ဆိုတာတော့ မသိရပါဘူး။ သို့သော် ကိုရီးယားမှာ လူကြည့်အများဆုံး ဇာတ်ကားအနေနဲ့ စတုတ္ထနေရာမှာ ရှိပါတယ်။

Silenced (2011) က တော်တော် ထူးခြားပါတယ်။ ဘယ်လောက်ကုန်တယ် မသိရပေမယ့် ဒေါ်လာ ၃၁ သန်းလောက် ပြန်ရတယ်။ ဒါက အရေးမကြီးပါဘူး။ သည်ကားက နားမကြားတဲ့ ကလေးတွေကို နားမကြားကျောင်းက ဆရာတွေက ၂၀၀၀ ပြည့်လွန်နှစ်များမှာ ငါးနှစ်လောက် လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုကျင့်ခဲ့ကြပြီး တရားရုံးက ကျူးလွန်သူတွေကို အလျှော့ပေါ့ဆုံး ပြစ်ဒဏ်ချမှတ်ခဲ့တာကို ရိုက်ပြလိုက်တာပါပဲ။ ဇာတ်ကားထွက်လာတော့မှ အဲဒီ့ကျောင်းကို ချက်ချင်း ပိတ်လိုက်သလို ကလေးငယ်တွေ၊ မသန်မစွမ်းတွေ (ကျနော် မသန်စွမ်းလို့ ရေးတာကို ဘာသာစကားအသုံးအနှုန်းအရ သဘောမတူပါ။ ဗမာစကားမှာ အစဉ်အဆက်အရ မစွမ်းမသန်၊ မသန်မစွမ်းလို့သာ သုံးပါတယ်။ စွမ်းရှေ့က “မ”ကို ပယ်ခြင်းဟာ ဘာသာစကားကို ဖျက်ဆီးခြင်းလို့ မြင်မိပါတယ်။ ကျနော့်တယောက်တည်း သဘောထားပါ။) အပေါ် ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာ ပြစ်မှုများနဲ့ ပတ်သက်တဲ့ ကာလစည်းကမ်းသတ် ဥပဒေ (ဘယ်နှနှစ်ကြာသွားရင် ပြစ်မှု ကျူးလွန်သူကို အရေးမယူတော့ဘူးလို့ သတ်မှတ်ထားတာမျိုး)ကို ပယ်ဖျက်တဲ့ ဥပဒေလည်း ပေါ်ထွက်ခဲ့တာမို့ သည်ကားဟာ တော်တော်ထူးခြားတယ်လို့ ဆိုလိုက်ရတာပါပဲ။

ဓာတ်ရှင်ဆရာတွေရဲ့ သြဇာဟာ ကျနော်တို့ အနုဉာတ စာရေးသူတွေရဲ့ သြဇာထက် အဆပေါင်းများစွာ အစွမ်းထက်လှတယ်ဆိုတာကို သည်ဖြစ်ရပ်က သက်သေခံနေပါတယ်။

နမူနာအဖြစ် အနည်းအပါး ကောက်နုတ်ပြတာပါ။ ပြောမယ်ဆို သူတို့ဆီက ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်လမ်းတွေလည်း အများအပြား ကျန်ပါသေးတယ်။

ထိုင်းရိုက်တဲ့ ထိုင်းကဖြစ်ရပ်မှန်

ထိုင်းနိုင်ငံက ဖြစ်ရပ်မှန်ကို အခြေခံပြီး ဟောလီးဝု(ဒ်)က ရိုက်တဲ့ကားတွေ ရှိပါတယ်။ အဲလို မဟုတ်ဘဲ ထိုင်းဒါရိုImage may contain: one or more peopleက်တာ ကိုယ်တိုင်ရိုက်ကူးတဲ့ ဖြစ်ရပ်မှန် ကားတကားက Sam Chuk (2009)ပါ။ မူးယစ်ဆေး ငြိသွားသူ ကျောင်းသားလေး ၇ ယောက်ကို ဆရာလုပ်သူက ဆေးပြတ်အောင် အနုနည်းနဲ့ ကယ်တင်ခဲ့တဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးပါပဲ။

ဖြစ်ရပ်မှန်“ဇာတ်လမ်း” ရိုက်တော့မယ်ဆိုရင်…

ဖြစ်ရပ်မှန် ရိုက်မယ်ဆိုရင်တော့ အလိုအပ်ဆုံး အချက်က သုတေသန၊ တနည်းပြောရရင် လေ့လာစူးစမ်းမှုတွေ လုပ်ဖို့ အများကြီးလိုပါတယ်။ ဖြစ်ရပ်“မှတ်တမ်းတင်ရုပ်ရှင်” ရိုက်တာမဟုတ်ဘဲ ဖြစ်ရပ်မှန်“ဇာတ်လမ်း”ကို ရိုက်မှာမို့ ပရိသတ်ရဲ့ ခံစားချက်နဲ့ အာရုံကို ဖမ်းစားရပါတော့မယ်။ တဖက်ကလည်း ဖြစ်ရပ်မှန်ကို အခြေခံတာမို့ အချက်အလက်တွေ မှန်ဖို့ထက် နီးစပ်ဖို့ လိုပါတယ်။ သည်အခါမှာ အဲဒီ့ဖြစ်ရပ်ဖြစ်ပွားစဉ်က အခြေအနေတွေကို ဘက်စုံ ထောင့်စုံက လေ့လာ စူးစမ်းရပါ တော့မယ်။ အချိန်ယူရပါတော့မယ်။ ဒါဟာ ဖြစ်ရပ်မှန်ဇာတ်လမ်းအတွက် အဓိက အခြေခံပါပဲ။

ဖြစ်ရပ်မှန်ပေမယ့် အကုန် အတိအကျ ဖြစ်နေစရာ မလို

ဝတ္ထုကို ရုပ်ရှင် ရိုက်သလိုပါပဲ။ မှတ်တမ်းကား မဟုတ်ဘဲ ဇာတ်လမ်းကား ဖြစ်တာမို့ ဖြစ်ရပ်မှန်ဆိုပေမယ့် တချို့ဟာတွေကို စိတ်ဝင်စားစရာ ကောင်းလာအောင်၊ ဇာတ်ရှိန်တက်လာအောင် အပိုဆာဒါးလေးတွေ ထည့်ရတာလည်း ရှိချင်ရှိနိုင်ပါတယ်။ အထက်က နမူနာပြခဲ့တဲ့အထဲက ဘယ်ဖြစ်ရပ်မှန်ကားကိုဖြစ်ဖြစ် ဝေဖန်သူတချို့က အချက်အလက်တွေ မှားတယ်လို့ ဝေဖန်တာ ခံရခဲ့တာချည်းပါပဲ။

ဓာတ်ရှင်သမားတွေဘက်ကလည်း ရှင်းပါတယ်။ ဓာတ်ရှင်ဖြစ်နေတာမို့ အနုပညာသည်အခွင့်အရေးကို သုံးပြီး ဇာတ်သွက်အောင်၊ ဇာတ်တက်အောင် တချို့ဟာတွေကို သစ္စာဖောက်ရတာလို့ ဖြေရှင်းကြစမြဲလည်း ဖြစ်ပါတယ်။

မြန်မာပြည်က ဖြစ်ရပ်မှန် အနမတဂ္ဂ

မြန်မာတွေလည်း လူတွေသာမို့ ဖြစ်ရပ်မှန် ဇာတ်လမ်းတွေ တပုံနဲ့ တမ ရှိပါတယ်။

ရုတ်တရက် ခေါင်းထဲ ပေါ်လာတာဆိုရင် အင်းယားကန်ဟိုတယ်မှာ ဂျပန်ကြီး အသတ်ခံရတာမျိုးဆို သိပ်ရိုက်လို့ ကောင်းပါတယ်။ ခုလောက်ဆိုရင် ရဲမှတ်တမ်းတွေ ဘာတွေလည်း တောင်းကြည့်လို့ ရလောက်နေပါပြီ။ မရိုက်ခင် အကျအန စူးစမ်းလေ့လာ၊ အဲဒီ့တုန်းက ရှိခဲ့တဲ့ ဝန်ထမ်းတွေ၊ သည်အမှုမှာ အစစ်ခံခဲ့၊ မေးမြန်းခံခဲ့ရသူတွေကို သွားတွေ့၊ မေးစသဖြင့် ဖြစ်ရပ်တခုလုံးကို ထောင့်စုံက ရုပ်လုံးပေါ်တဲ့အထိ ရတဲ့အထိ ကြိုးပမ်းနိုင်ပါတယ်။ ရပြီဆိုရင် ဘယ်ထောင့်က ပြမလဲဆိုတာ စဉ်းစားရမှာပါ။ အကြီးအကျယ် အားစိုက်ရမှာ ဖြစ်သလို နည်းနည်းလည်း အပင်ပန်းခံရမှာတော့ မလွဲပါဘူး။ ဒါပေမယ့် နိုင်ငံတကာ တန်းဝင် ဇာတ်ကားတကား ဖြစ်လာဖို့လည်း ခြေတလှမ်း ပိုနီးလာမှာ အသေအချာပါ။

လောလောဆယ် ရေပန်းစားနေတဲ့ အိမ်ဖော်တွေ အနှိပ်စက်ခံ၊ သေကျေသွားတဲ့ ဖြစ်ရပ်မှန်တွေ၊ ကလေးသူငယ် မဖွယ်ရာမှု ကျူးလွန်တဲ့ ဖြစ်ရပ်မှန်တွေ၊ တလောဆီက ဖြစ်ခဲ့တဲ့ တတ်ယောင်ကား ပယောဂဆရာလက် ထိုးအပ်လို့ အနှိပ်စက်ခံပြီး သေသွားခဲ့ရတဲ့ ကလေးငယ်တွေရဲ့ ဖြစ်ရပ်မှန်၊ ဖုန်းမော် ကျဆုံးခဲ့ရတဲ့ ဖြစ်ရပ်မှန်၊ ၈၈ နောက်ပိုင်း ထောင်တွင်းမှာ၊ စစ်ကြောရေးစခန်းတွေမှာ သေဆုံးခဲ့သူတဦးဦးရဲ့ ဖြစ်ရပ်မှန်၊ မကဒတ (မြောက်ပိုင်း)က သတ်ဖြတ်မှု ဖြစ်ရပ်မှန်၊ တရုတ်နိုင်ငံကို လူကုန်ကူးခံရ၊ မယားအဖြစ် ရောင်းအစားခံရသူတဦးဦးရဲ့ ဖြစ်ရပ်မှန်၊ ထိုင်းငါးဖမ်းလှေပေါ် ရောင်းစားခံရသူရဲ့ ဖြစ်ရပ်မှန်… ရိုက်ပါလေ့ဗျာ… တပုံကြီး ရှိပါတယ်။ (ကြောက်လို့ ချန်ထားခဲ့တဲ့ ဖြစ်ရပ်မှန် အယ်စတုံတွေလည်း ရှိပါသေးတယ်။) ဒါတွေဆို သိပ်မကြာသေးခင်က အဖြစ်အပျက်တွေမို့ အချက်အလက် စုဆောင်းရတာ ပိုလွယ်ပါလိမ့်မယ်။

အောင့်ထားသင့်သေးတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်း

ဟိုတနေ့က ရှေ့ဘီး ချမရတဲ့ကြားက ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့တဲ့ မြန်မာ့လေကြောင်း လေယာဉ်မှူးရဲ့ ဖြစ်ရပ်မှန်ဆိုလည်း Sully လောက်တော့ ဖြစ်နိုင်မှာပါ။ ဒါပေသည့် အဲဒါမျိုးကျတော့ ကုန်ကျစရိတ်က တတ်နိုင်မယ် မထင်ဘူး။ လေယာဉ်တွေ၊ အထူးပြုလုပ်ချက်တွေ ပါမှာကိုး။ အဲဒါမျိုးဆို လောလောဆယ် လက်ရှောင်ထားရမှာပေါ့။

လေယာဉ်နဲ့ ပတ်သက်လို့ ရိုက်မယ်ဆို မော်တော်ဆိုင်ကယ်စီးရင်းတန်းလန်းက လေယာဉ်အတိုက်ခံရပြီး ကွယ်လွန်ခဲ့တဲ့ ရှမ်းပြည်နယ်က ဦးပွားကြီး အဖြစ်မျိုးဆိုလည်း သိပ်ရိုက်လို့ ကောင်းမှာ။

တချို့ အမည်မဖော်လိုတဲ့ ဖြစ်ရပ်မှန်တချို့ဆိုရင်လည်း လောလောဆယ် အောင့်ထားရမှာတွေထဲ ပါပါတယ်။

လူငယ်တွေကို အားကိုးပါတယ်

နာမည်ကျော် ဝတ္ထုကို ဝယ်ပြီး ရုပ်ရှင်ရိုက်တာကတော့ ဟုတ်ကဲ့… အားနာပါတယ်… ရိုးဟိုးဟိုးဟိုးနေပါပြီ။ ရုပ်ရှင်သမိုင်း အစကတည်းက လုပ်လာခဲ့တာမို့ ဘယ်ဒါရိုက်တာမဆို လုပ်နိုင်တာမျိုးပါ။

ဖြစ်ရပ်မှန်ကို အခြေခံပြီး ကိုယ်တိုင် ဇာတ်ညွှန်းရေး ရိုက်ကူးတဲ့အထိ ဖောက်ထွက်ရဲတဲ့ သတ္တိရှိသူ ဒါရိုက်တာ လူငယ်လေးတွေကို ကျနော်တို့ မျှော်လင့်နေပါတယ်။

အသားပေးရုပ်ရှင်ကြီး မဟုတ်တောင်၊ တနာရီစာ၊ ၄၅ မိနစ်စာလောက် ရိုက်ပြနိုင်ရင်ကို နိုင်ငံတကာ ပွဲတွေ တင်နိုင်ပါ။ အသားပေးရုပ်ရှင်ကြီးဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့။ ကမ္ဘာ့ ရုပ်ရှင်ဆီ ခရီးချီရာမှာ သည်လို ဖြစ်ရပ်မှန် ရုပ်ရှင်တွေကို ရိုက်ပြတဲ့နည်းတနည်း ရှိတာကိုလည်း မမေ့ကြစေချင်ပါဘူး။

အထက်က ကျနော့် ခေါင်းထဲပေါ်လာသလောက် ချပြလိုက်တဲ့ ဖြစ်ရပ်မှန်တချို့ဆိုရင် ရိုက်ကူးရေးစရိတ် သိပ်မများပါဘူး။ ဖုန်းမော် ကျဆုံးခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းထက် စစ်ကြောရေးစခန်းမှာ တိမ်းပါးခဲ့ရသူတဦးရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းက စရိတ်သက်သာပါလိမ့်မယ်။ အဲဒါထက် ပယောဂဆရာ နှိပ်စက်လို့ တိမ်းပါးခဲ့ရသူ ကလေးငယ်တွေရဲ့ ဖြစ်ရပ်မှန်က ရိုက်ကူးရေးစရိတ် ပိုသက်သာနိုင်ပါတယ်။ ဂျပန်ကြီး အသတ်ခံရတဲ့ ဇာတ်လမ်းဆိုလည်း ရိုက်ကူးရေးစရိတ် သိပ်များမယ် မထင်ပါဘူး။ ဂျပန်ကြီးရဲ့ နေရာကို အဓိကမထားဘဲ လူသတ်မှုကိုသာ အဓိကထားမယ်ဆိုရင် အများကြီးဖြစ်နိုင်ပါတယ်။

ဖောက်ထွက်မယ့် လူငယ်တွေကို ကျနော်တို့ မျှော်လင့်နေပါတယ်။ အားလည်း ကိုးမိပါတယ်ဗျာ။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်

၂၂၀၆၁၉

ရုပ်ရှင် ရုပ်ရှင် ရုပ်ရှင် (၁)

 🎬 🎬 🎬 🎬

ရေးချင်သွားရခြင်း အကြောင်းရင်း

ဗိုလ်ချုပ်ရုပ်ရှင်နဲ့ ပတ်သက်လို့ လက်ထဲမှာ ရှိနေတဲ့ ငွေက မလုံလောက်ဘူးလို့ ဒါရိုက်တာလုပ်မယ့်သူက ပြောတဲ့ အင်တာဗျူးကို နားထောင်ရတဲ့အခါ ကျနော့်ခေါင်းထဲမှာ ရုပ်ရှင်အကြောင်းက ရောက်လာပြန်ပါတယ်။

ဗိုလ်ချုပ်ရုပ်ရှင် (အတ္ထုပ္ပတ္တိ ရုပ်ရှင်)ကို အသာထား၊ ဝတ္ထုကို ရုပ်ရှင်ရိုက်တာတောင် သည်ဘက်ခေတ်ဆရာတွေ ဘယ်လောက် လက်စွမ်းပြနိုင်ခဲ့ကြသလဲဆိုတဲ့အတွေးက ခေါင်းထဲ ဝင်လာပါတယ်။ အာဆီယံ ဓာတ်ပုံဆုရတဲ့ “မီ”ကိုတော့ ကျနော် မကြည့်ဖူးလို့ မပြောတတ်ဘူး။ ပရိသတ်ရဲ့ အသံကတော့ အဲဒီ့ကားနဲ့ ပတ်သက်လို့ ကောင်းတယ်။ ကျန်တာတွေကိုတော့ ပရိသတ်က သိပ်မကျေလည်သံတွေပဲ ကြားနေရပါတယ်။

ဝတ္ထုကို ရုပ်ရှင် ပြောင်းတာ

ဝတ္ထုနဲ့ ရုပ်ရှင်မှာ တူနေမှာက ဇာတ်လမ်းရယ်၊ အခင်းအကျင်းရယ်၊ ဇာတ်ကောင်တွေရယ်ပါပဲ။

Image may contain: 3 peopleဇာတ်ညွှန်းဆရာမတယောက်က ပြောဖူးတယ်။ ဇာတ်ညွန်းပြောင်းယူတာနဲ့ ပတ်သက်ရင် အထိမိဆုံး ဥပစာ။

“ဝတ္ထုကို ဇာတ်ညွှန်းပြောင်းတာဟာ အိမ် ပြန်ပြင်တာနဲ့တူပါတယ်။ အိမ်ရဲ့အတွင်းပိုင်း အကုန်လုံးကို ဖြိုချလိုက်ပြီး လှလှပပ ဖြစ်အောင် ပြန်ဆောက်ယူတာပါပဲ”တဲ့။

ဟုတ်တာပေါ့။ အတွင်းလှေကားကအစ နေရာရွှေ့တပ်ရတဲ့အထိ ဖြစ်နိုင်ပါတယ်။

စကားပြေကနေ ဇာတ်ညွှန်းပြောင်းရာမှာ ရုပ်ရှင်ဆိုတဲ့ ပုံစံရဲ့ အကန့်အသတ်ကို နားလည်ဖို့ လိုပါတယ်။

စကားပြေပုံစံ၊ ဇာတ်ညွှန်းပုံစံ

စကားပြေက ဇာတ်ညွှန်းပြောင်းရင် ဇာတ်လမ်းကို စဉ်းစားပုံ ပြောင်းရပါလိမ့်မယ်။ သူ့ဟာသူ ဘယ်လိုရေးထားထား၊ ကိုယ်က ပြကွက် အခန်းစဉ်တွေအဖြစ် မြင်တတ်ရပါတော့မယ်။

နောက်တချက်က ရုပ်ရှင်တကားရဲ့ ပျမ်းမျှ ကြာမြင့်ချိန်က တနာရီခွဲ၊ တနာရီ ၄၅ မိနစ်လောက်ပဲ ရှိပါတယ်။ အကြမ်းဖျင်း ပြောရင် အဲလောက်အတွက်က ဇာတ်ညွှန်း စာမျက်နှာ ၁၀၀၊ အများဆုံး ၁၅၀ ကြားမှာပဲ ရှိပါတယ်။ ပျမ်းမျှ ဝတ္ထုတပုဒ်က စာမျက်နှာ ၃၀၀ လောက် ရှိပါတယ်။ တချို့ဆို စာမျက်နှာ ၅၀၀ လောက်အထိတောင် ရေးကြတယ်။ စာမျက်နှာ ၃-၄ ၅ ရာ ကို စာမျက်နှာ ၁၀၀-၁၅၀ ကြား ဖြစ်ဖို့အတွက် အများကြီး လျှော့ချရတော့မှာပါ။

ရုပ်ရှင်ဘာသာစကား

ဝတ္ထုကို ဇာတ်ညွှန်းပြောင်းမယ်ဆိုရင် ရေးထားတဲ့ ဝတ္ထုထဲက စာတွေကို မေ့လိုက်ပြီး အဲဒီ့ဇာတ်လမ်းကိုပဲ အရုပ်တွေ၊ သီချင်းတွေ၊ အသံတွေ၊ အရောင်တွေနဲ့ ဘယ်လို ပြန်ပြောမလဲဆိုတာ စဉ်းစားရပါတော့မယ်။ ဘယ်လို ပြောမလဲ။ ဘာပုံ ထွက်လာမလဲ။ အဲဒီ့ဝတ္ထုထဲက ဇာတ်ကောင်တွေက ပိတ်ကားပေါ်မှာ ဘယ်လို အသက်ဝင်လာမလဲ။

ဇာတ်လမ်းစဉ် ဖွဲ့စည်းပုံ 

ဇာတ်လမ်းထဲက ဘယ်အပိုင်းတွေ ချန်ထားမလဲ၊ ဘာတွေကို ဖြုတ်ပစ်မလဲ။ ဘယ်ဇာတ်ကောင်၊ ဘယ်အဖြစ်၊ ဘယ်နေရာ အခင်းအကျင်းတွေ ထားမလဲ၊ ဖြုတ်မလဲ။ ဘယ်အပိုင်းတွေကို အပြတ်ရှင်းမလဲ။ ဇာတ်လမ်းကျောရိုးကို ပုံဖော်ဖို့ ဘယ် အပိုင်းတွေ၊ ဘယ်အဓိက ဇာတ်ကောင်တွေကို ချန်ထားခဲ့မလဲ။

ဘာတွေ ပြောင်းလိုက်မလဲ။ ဘာတွေ မူလအတိုင်း ထားမလဲ။ ဇာတ်ညွှန်းကို အလီလီ ပြန်ရေးရင်းနဲ့ မူရင်းဝတ္ထုထဲက ဖြစ်ရပ်တွေ၊ အခြေအနေတွေ၊ ဇာတ်ကောင်တွေ ပျောက်သွားနိုင်ပါတယ်။ မူရင်းဇာတ်လမ်းထဲမှာ မပါတာတွေကလည်း ဇာတ် ရုပ်လုံးကြွတက်လာအောင် ပါလာနိုင်ပြန်တယ်။ ရိုက်ရင်းနဲ့သော်လည်းကောင်း၊ ရိုက်ပြီး တည်းဖြတ်ရင်းနဲ့ သော်လည်းကောင်း နောက်ထပ် ပြောင်းကုန်တာတွေလည်း ရှိနိုင်ပါတယ်။

အခန်းစဉ်

ပထမဆုံး စဉ်းစားရမှာက ရုပ်ရှင်ဇာတ်လမ်း ဖွဲ့စည်းပုံပဲ။ ဖွဲ့စည်းပုံက မူရင်းဝတ္ထုနဲ့ တူချင်မှ တူတော့မယ်။ ဝတ္ထုထဲက အစီအစဉ်အတိုင်း ဟုတ်ချင်မှ ဟုတ်တော့မယ်။ ဇာတ်ညွှန်းပြောင်းရာမှာ ပထမဆုံး စဉ်းစားရတာက ရုပ်ရှင်မှာ ပြမယ့် ဖြစ်ရပ် အစီအစဉ်ပါပဲ။ အံ့အားသင့်အောင် လုပ်ရတာဟာ ဇာတ်ညွှန်းရဲ့ အသက်ပါ။ ဇာတ်ကွက် အလှည့်အပြောင်းတွေကြောင့်သာ ရုပ်ရှင်ကြည့်သူရဲ့ အာရုံကို ဖမ်းစားနိုင်မှာလည်း ဖြစ်ပါတယ်။Image may contain: 8 people, people smiling

ဝတ္ထုမှာလည်း ဇာတ်ကွက် အလှည့်အပြောင်းတွေ ပါတာပေါ့။ ဒါပေမယ့် ရုပ်ရှင်ကို ခံစားပုံ ခံစားနည်းနဲ့တော့ တထပ်တည်း မဖြစ်တာ သေချာပါတယ်။ အဓိကက ရုပ်ရှင်မှာ ကြည့်သူကို တနာရီခွဲ နှစ်နာရီ ထိုင်ရာက မထဘဲ အာရုံစိုက်နေအောင် ဖမ်းစားရတာ။

ဝတ္ထုက အဲလို လုပ်ဖို့ မလိုဘူး။ ဇာတ်လမ်းက ကောင်းနေ၊ ငြိနေဦးတောင် စာဖတ်သူက စာအုပ်ကို ဘေးခဏ ချထားပြီး နောက်မှ ပြန်ဆက်ဖတ်လို့ ရနေပါတယ်။

တခါတလေကျရင် ဝတ္ထုအစပိုင်းက ဖြစ်ရပ်ကို ရုပ်ရှင်မှာကျတော့ နောက်ကို ပို့လိုက်ရတာမျိုးတွေဟာ သည်သဘောပါပဲ။ ဇာတ်ကောင်စရိုက်ပီပြင်လာချိန်၊ ဇာတ်ပန္နက်ခိုင်ပြီဆိုမှ ပရိသတ်က ဇာတ်ရည်လည်မှာမို့ အဲလို ရွှေ့ယူရတာမျိုးတွေ ရှိတတ်ပါတယ်။

ဇာတ်ကောင် အတိုးအလျှော့ 

ဇာတ်ညွှန်းမှာ ဝတ္ထုထဲက ဇာတ်ကောင်တွေကို ပြောင်းဖို့ လိုတတ်တယ်။ အထူးသဖြင့် ဇာတ်ဖြည့် ဇာတ်ကောင်တွေ အများအပြားပါနေတဲ့ အခါမျိုးမှာပေါ့။ ဇာတ်ဖြည့်ဇာတ်ကောင်ဆိုတာက ဝတ္ထုထဲမှာ အဓိက ဇာတ်ကောင်ရဲ့ စရိုက်ကို ပံ့ပိုးပေးသူ ဖြစ်ပေမယ့် တခါလောက်ပဲ ပါတဲ့ ဇာတ်ကောင်မျိုးပေါ့။ ဥပမာ ဇာတ်လိုက်က လမ်းဖြတ်ကူးတယ်၊ ဇာတ်လိုက်ရဲ့ ကူညီတတ်တဲ့ စရိုက်ကို ဖော်ချင်တဲ့အတွက် အလေးအပင်တွေ မလာတဲ့ အမယ်အိုရဲ့ ပစ္စည်း ကူသယ်ပေးတာမျိုးမှာ အမယ်အိုဟာ ဇာတ်ဖြည့်ဇာတ်ကောင်ပါ။

ဒါက ဖြစ်ရပ်တို။ ဖြစ်ရပ်ရှည်မှာ အဓိက ဇာတ်ကောင်နဲ့ အချီအချ စကားပြောတာပဲ။ အဓိက ဇာတ်ကောင်က ယဉ်ကျေးသူ ဖြစ်တာကို ဖော်ချင်လို့ မူရင်းဝတ္ထုမှာ ဂျီကျတတ်တဲ့ ခရီးဖော်ထည့်ထားတယ်။ အဲဒီ့ ခရီးဖော် ဂျီကျတယ်၊ အဓိက ဇာတ်ကောင်က သည်းခံတယ်၊ ဟိုက တအားဂျီကျနေတယ်။ အဲဒီ့နေရာမှာ ခရီးဖော်ဟာ ဇာတ်ဖြည့်ပေါ့။

ဇာတ်ကောင်စရိုက် ပီပြင်ဖို့၊ ဇာတ်လမ်းရသရှိနေဖို့၊ ရုပ်ရှင်ရဲ့ အကန့်အသတ်ကြားထဲဘောင်ဝင်ဖို့ကျတော့ အဲလို ဇာတ်ဖြည့် တွေ လျှော့လိုက်ရတတ်ပါတယ်။ ဝတ္ထုထဲက ဇာတ်ကောင်တိုင်းကို ထည့်ဖို့ မလိုပါဘူး။ ဇာတ်လမ်းအတွက် အရေးမကြီးရင် ဖြုတ်ခဲ့ရပါတော့မယ်။ ဝတ္ထုမှာ အဓိက ဇာတ်ကောင်ရဲ့ စရိုက်ကို ပီပြင်ဖို့ အဲဒီ့ဇာတ်ဖြည့်က အရောင်အသွေးစုံအောင် ခြယ်သပေးတာ ဖြစ်ပေမယ့် ရုပ်ရှင်မှာတော့ မလိုအပ်တဲ့ အပိုဖြစ်နေတတ်ပြီး ကြည့်သူကို အာရုံ နောက်စေတတ်လို့ပါပဲ။

နောက်တခု ဖြစ်နိုင်ပြန်တာက ဇာတ်ညွှန်းကို သယ်သွားဖို့အတွက် ဇာတ်ကောင်သစ်တွေလည်း ပေါ်လာနိုင်ပါတယ်။ ဆိုကြပါစို့… ဇာတ်ကောင် ဘယ်လိုတွေးနေတယ်ဆိုတာကို ဝတ္ထုမှာ စာတွေနဲ့ ရေးပြလို့ ရတယ်။ ရုပ်ရှင်မှာကျတော့ ရေးပြတာ မဟုတ်ဘူး။ သည်တော့ ဇာတ်ကောင်ရဲ့ အတွေးကို ဇာတ်ဝင်စကားတွေအဖြစ် ပြောင်းဖို့ လိုလာတဲ့အခါ မူရင်းစာအုပ်ထဲမှာ မပါတဲ့ ဇာတ်ကောင်ထပ်ဖြည့်ပေးလိုက်ရတာမျိုးလည်း ရှိပြန်ပါတယ်။

ဇာတ်ကောင်ရဲ့ ခံစားချက် အခြေအနေကို စာရေးသူက တဝါကျတည်းနဲ့ဖော်လိုက်လို့ ရပါတယ်။ “မိုးမိုး တနေကုန် စိတ်တိုနေသည်”ဆိုရင် တိုတိုလေးရယ်။ စာဖတ်သူက အဆင်ပြေပါတယ်။ ရုပ်ရှင်မှာကျတော့ မိုးမိုး တနေကုန် စိတ်တိုနေတာကို ဘယ်လို ပြမလဲ။ သူ တနေကုန်စိတ်တိုတာ ပေါ်လွင်စေဖို့ အိမ်ကအထွက် လမ်းတွေ့တဲ့ လူကို ရန်လိုတာ၊ ဈေးရောက်တော့လည်း ဈေးသည်ကို ဘုပြောတာ၊ ဘတ်(စ်)ကားပေါ် တက်တော့လည်း တခြားခရီးသည် လာအထိမှာ တွန်းထုတ်တာစတာတွေနဲ့ ပြရတော့မယ်ဆိုရင် ဝတ္ထုထဲမှာ မပါတဲ့ ဇာတ်ကောင်တွေ ဖြည့်ရတော့မှာပေါ့။

တချို့ဟာတွေကျတော့လည်း အရင်းအတိုင်း ထားရတယ်

တခါတလေကျတော့လည်း ဝတ္ထုထဲမှာ ရေးထားတာက ဇာတ်ညွှန်းမှာ၊ ပိတ်ကားပေါ်မှာ ကောင်းကောင်းအံဝင်နေတာ မျိုးလည်း ရှိတတ်ပြန်တယ်။ အဓိက ဇာတ်ကောင်ရဲ့ အတွေးကို နောက်ခံ စကားပြောနဲ့ ထည့်လိုက်တာမျိုး၊ တချို့ အချီအချ စကားပြောခန်းတွေကို အရင်းအတိုင်း ယူသုံးတာမျိုးပေါ့။ ရုပ်ရှင် ဇာတ်လမ်းအဖြစ် ပြန်ပြောရာမှာ အသုံးတည့်တာတွေ ကိုတော့ ယူသုံးရမှာပါပဲ။

မြန်မာတွေ ဝတ္ထုကို ရုပ်ရှင်ပြောင်းတဲ့အခါ

ရှေးက ဆရာကြီးတွေဖြစ်တဲ့ ဒါရိုက်တာ ဦးချစ်ခင်တို့၊ ဦးသက်လယ်တို့၊ နောက်ဆုံး မောင်ဝဏ္ဏ၊ ဦးဝင်းဖေတို့အထိက ဝတ္ထုကို ရုပ်ရှင် ပြောင်းတဲ့နေရာမှာ ပီပြင်တယ်။ မောင်ဝဏ္ဏဆိုရင် စာရေးဆရာ မောင်သာရကိုယ်တိုင်က သူ့ဝတ္ထုကို ရုပ်ရှင်ရိုက်လို့ မရပါဘူးလို့ ယုံကြည်နေတဲ့ကြားက ရိုက်ပြခဲ့ပြီး ဝက်ဝက်ကွဲ အောင်မြင်ခဲ့ဖူးတယ်။ သူတို့တွေဟာ အထက်က ပြောခဲ့တဲ့ နည်းတွေကို တစိုက်မတ်မတ် သုံးခဲ့ကြပါတယ်။ စာရေးဆရာလည်း ဘဝင်ကျ၊ ပရိသတ်လည်း အားရတဲ့ ဇာတ်ကားတွေကို ရိုက်နိုင်ခဲ့ကြပါတယ်။

Image may contain: 3 people, including Moe Min Theinအားတော့နာပါတယ်။ သို့သော် အထက်က ဆရာတွေလို ဝတ္ထုကို ရုပ်ရှင် ပြောင်းရာမှာ မပီပြင်တော့တာ ငြိမ်းကျော် ဝတ္ထုတွေကို ရိုက်တဲ့ အချိန်က စတယ်လို့ စိတ်ထဲမှာ စွဲနေပါတယ်။ ပရိသတ်အကြိုက်တော့ ဖြစ်ပါရဲ့။ ဝင်ငွေတွေလည်း ကောင်းတန်သလောက် ကောင်းပါရဲ့။ စိတ်အထာကျလောက်တဲ့ အရည်အသွေးကို မရတော့တာပါ။ သည်ဘက်ခေတ်မှာတော့ ပိုဆိုးလာပါတယ်။ ရုပ်ရှင်အတွက် တမင်ရည်ရွယ်ပြီး ရေးထားတဲ့ ဝတ္ထုတွေကို ရိုက်ရာမှာ ပရိသတ်ကြိုက်တာ၊ ပိုက်ဆံရတာတွေကိုတော့ ထည့်မပြောတော့ပါဘူး။

အခုလည်း နာမည်ကြီး ဝတ္ထုတွေကို ဝယ်ခြမ်းနေသံတွေ ညံနေအောင် ကြားနေရတယ်။ လူငယ် ဒါရိုက်တာတွေ အားထုတ်နေတာ ကြိုဆိုပါတယ်။ တချို့ဆို အင်္ဂလိပ်စာတတ်တဲ့သူတွေ၊ နိုင်ငံခြားမှာ ရုပ်ရှင်ပညာ သင်ယူလာသူတွေမို့ မျှော်လင့်စရာတွေတော့ ရှိနေပါသေးတယ်။

ဝတ္ထုက ရုပ်ရှင် ပြောင်းတဲ့အခြေခံသဘောကို နားလည်ပြီး ရုပ်ရှင်ဘာသာစကား (visual language) ကို ပိုင်ပိုင်နိုင်နိုင် တတ်ကျွမ်းမယ်ဆိုရင်တော့ ဝတ္ထုများနှယ် ပီပြင်တဲ့ ဇာတ်ကားတွေကို ပရိသတ်ကြည့်လာနိုင်ကြပါလိမ့်မယ်။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်

၂၃၀၆၁၉

၂၀၂၀ မှာ ခွေးရူးပြန်ရောဂါ အမြစ်ပြတ်ရေးတဲ့၊ ထိုင်းမှာ ပြောတာနော်…

ထိုင်းနိုင်ငံက ခွေးရာဇဝင်

အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ၁၉၉၀ ပြည့်လွန်နှစ်တွေအထိ နေ့စဉ် ခွေးပေါင်း ၂၀၀ ကျော်ကို အဆိပ်ကျွေး သတ်ဖြတ်ခဲ့ဖူးပါတယ်။ ၂၀၀၀ ပြည့်နှစ်မှာတော့ တိရစ္ဆာန်စောင့်ရှောက်သူအဖွဲ့က ဒါကို ကန့်ကွက်တယ်။ ဗုဒ္ဓဘာသာတရားတော်နဲ့ မညီဘူးလို့လည်း ပြောပါတယ်။ ဘန်ကောက်မှာ အဲဒီ့အဖွဲ့က သားကြောဖြတ်တဲ့ စည်းရုံးလှုံ့ဆော်မှုကို လုပ်ခဲ့ကြပါတယ်။

လူအများသွားလာတဲ့နေရာတွေမှာ ခွေးတွေကို အစာကျွေးတာ တားမြစ်တဲ့ စည်းမျဉ်းတခု ထုတ်ပြန်ခဲ့ပါတယ်။

၂၀၀၅ ခုနှစ် စက်တင်ဘာလမှာတော့ ဘန်ကောက် မြို့တော် အုပ်ချုပ်ရေးအဖွဲ့က ခွေးတွေကို ဆန္ဒအလျောက် မှတ်ပုံတင်နိုင်တယ်ဆိုတဲ့ အစီအစဉ်ကို စတင်ခဲ့ပြန်ပါတယ်။ အဲလို မှတ်ပုံတင်လိုက်ရင် ခွေးတွေမှာ မိုက်ခရိုချစ်(ပ်) တတ်ပေးလိုက်တယ်။ ပိုင်ရှင်ဘယ်သူ၊ တနှစ်အောက် ခွေးတွေရဲ့ ခွေးရူးရောဂါ ကာကွယ်ဆေးထိုးထားတဲ့ အခြေအနေ၊ သားကြောဖြတ်ထားတဲ့အခြေအနေတွေကို မိုက်ခရိုချစ်(ပ်)နဲ့ ခြေရာခံနိုင်ပါတယ်။

၂၀၀၈ ဇူလိုင် ၄ ရက်က စတင်ပြီး မှတ်ပုံတင်မထားတဲ့ ခွေးတွေကို ထိုင်းနိုင်ငံ မြောက်ပိုင်းက ခွေးဂေဟာ ရှိရာ ခရိုင်တခုဆီကို ပို့ခဲ့ကြပြန်တယ်။ ဝေဖန်သူတွေကတော့ အဲလို မိမိဆန္ဒအလျောက် မှတ်ပုံတင်စေခြင်းဟာ လေလွင့်ခွေးတွေ ပိုပေါလာစေတယ်လို့ ဆိုကြတယ်။

၂၀၁၄ ခုနှစ် တိရစ္ဆာန်အပေါ် ရက်စက်မှု ကာကွယ်တားဆီးရေးနဲ့ တိရစ္ဆာန် သာယာဝပြောရေး ဥပဒေကို ၂၀၁၈ ခုနှစ် အောက်တိုဘာလမှာ ပြင်ဆင်လိုက်တဲ့အခါမှာတော့ ခွေးတွေကို တနိုင်ငံလုံးမှာ မှတ်ပုံတင်ရမယ်ဆိုတာ ဖြစ်လာပါတယ်။ တိရစ္ဆာန်ပိုင်ရှင် အတော်များများက သည်အစီအစဉ်ကို သဘောတူကြပေမယ့် ခွေးတကောင် မှတ်ပုံတင်ခ ဘတ် ၄၅၀ (ဗမာငွေ နှစ်သောင်းခွဲနီးပါး)ဆိုတာကြီးကတော့ များလွန်းတာမို့ ကန့်ကွက်ကြပါတယ်။

ထိုင်း မွေးမြူရေးဖွံ့ဖြိုးမှု ဦးစီးဌာန (မွေးဖွံ့) က ပြောတယ်။ “ဘာမှ မလုပ်ဘဲ နေရင် ၂၀၂၇ ခုနှစ်မယ် လေလွင့် ခွေး ကြောင် ၂ သန်းအထိ တိုးလာလိမ့်မယ်။ ၂၀၃၇ ဆို ငါးသန်းအထိတောင် ပွားနိုင်တယ်”တဲ့။

ထိုင်းက ခွေးရူးပြဿနာ

၂၀၁၈ ခုနှစ် မတ်လ ၁၅ ရက်နေ့ ဘီဘီစီသတင်းမှာတော့ ထိုင်းမှာ ခွေးရူးရောဂါ ဖြစ်နေတဲ့ သတင်းပါလာပါတယ်။ ဘန်ကောက်နဲ့ ချင်းရိုင်လို ကမ္ဘာလှည့် ခရီးသွားများတဲ့ ဒေသအပါအဝင် ခရိုင်ပေါင်း ၄၀ မှာ ဖြစ်နေတာလို့ ဆိုတယ်။ သုံးယောက် သေသွားပြီတဲ့။ သုံးလအတွင်းမှာ ခွေးရူးရောဂါ ကူးစက်ခံရသူပေါင်း ၄၀၀ ရှိတယ်လို့ မွေးဖွံ့က အတည်ပြုတယ်တဲ့။

အာဏာပိုင်တွေက ကာကွယ်ဆေး စထိုးကြတယ်။ ၂၀၁၈ စက်တင်ဘာလမတိုင်ခင် ခွေး၊ ကြောင် ဆယ်သန်းကို ကာကွယ်ဆေးထိုးနိုင်ဖို့ လျာထားတယ်လို့ မွေးဖွံ့က ဆိုသတဲ့။ မွေးဖွံ့ ညွန်ချုပ်ကတော့ ၂၀၂၀ နောက်ဆုံးထားပြီး ခွေးရူးရောဂါကို ထိုင်းနိုင်ငံက အမြစ်ပြတ်နှိမ်နင်းချင်တယ်လို့ ဆိုပါသတဲ့။Image may contain: dog, text and outdoor

စိတ်ကူးသစ်

သည်အချိန်မှာ ပုဂ္ဂလိက ကုမ္ပဏီတခုက တစခန်းထတယ်။ လေလွင့်ခွေးတွေကို ကင်မရာတပ်ထားတဲ့ အင်္ကျီဝတ် ပေးလိုက်မယ်ဆိုရင် ရပ်ရွာ လုံခြုံရေးအတွက် အထောက်အကူဖြစ်စေမယ်ဆိုတဲ့ စိတ်ကူးသစ်ကို တင်လာတယ်။ ကင်မရာက သည်တိုင်းနေရင် ရိုက်မနေဘူး။ ခွေးဟောင်တိုင်းလည်း မရိုက်ဘူး။ ခွေးက ရန်လိုသံနဲ့ ဟောင်မှသာ ကင်မရာက စ အလုပ်လုပ်မယ်လို့ ဆိုတယ်။ အဲဒါဆိုရင် အဲဒီ့ ဗှီဒီယိုစီးဆင်းမှုကို ပတ်ဝန်းကျင်က လူက သူ့ဖုန်းနဲ့ ကြည့်နိုင်တယ်။ ဒါဆို ရာဇဝတ်မှုတွေ ကာကွယ်နိုင်မယ်ပေါ့။

အဲဒါကို ရှေ့ပြေးစမ်းသပ်မှုတွေတောင် လုပ်နေကြပါတယ်။

ကိုယ်တွေ့

ထိုင်းကို ကျနော် အားတိုင်း ရောက်နေတတ်ပါတယ်။ ဘန်ကောက်နဲ့ ဇင်းမယ်မှာ ခွေးလေခွေးလွင့် တခါဆို တခါမှ မတွေ့ခဲ့ဖူးဘူး။ ရွှေတြိဂံမှာတော့ တကောင်စ နှစ်ကောင်စ တွေ့ပေမယ့် ပိုင်ရှင် ရှိပုံရပါတယ်။

လွန်ခဲ့တဲ့ လက ဇင်းမယ်မှာတော့ ခွေးအကောင်းစား (Golden Retriever) တကောင် မိုးထဲ ရေထဲမှာ ပြေးသွားနေတာ ဟိုတယ်ပေါ်က လှမ်းမြင်လိုက်တယ်။ သည်ကောင် လစ်ထွက်လာတာလား၊ လမ်းပျောက်နေတာလားတော့ မသိဘူး။

ထိုင်းတွေလဲ တော်တော် ခွေးချစ်တာပဲ။ တယုတယ မွေးကြတယ်။ တခမ်းတနား ထားကြပါတယ်။ သွားလေရာလည်း ခေါ်တတ်ကြတာ တွေ့ရတယ်။ သူတို့ကောင်တွေကလည်း အယဉ်တွေပါ။

ကျနော်နဲ့ ခွေး

Image may contain: dogကျနော်လည်း ခွေးအလွန်ချစ်ပါတယ်။ ပုံမှာပြထားတဲ့ အိမ်က ကောင်ဆို ရွှေလို ဥထားတာပါ။ သူ့အသက်က ဆယ်နှစ်ကျော်ရှာပါပြီ။ လူသက်နဲ့ဆို ကျနော်နဲ့ မတိမ်းမယိမ်း အရွယ်တောင် ရောက်ရှာပြီ။

အိမ်ရှေ့မှာ လေလွင့်ခွေး ၄-၅-၁၀ ကောင် ရှိပါတယ်။ အဆင်သင့်သလို ကျွေးမွေးထားပါတယ်။ အိမ်ကကောင်နဲ့လို မပလူးမိသည့်တိုင် အဲဒီ့ ခွေးတွေကလည်း ကျနော်တို့ကိုဆို ခင်မင်နေပါတယ်။ ကျနော့်ကိုလည်း ပွတ်သီးပွတ်သပ် လာလာ လုပ်တတ်ကြတယ်။

အိမ်ဘေးအိမ်က လူငယ်လေးက နိုင်ငံတကာကျောင်းက ကျောင်းသားပါ။ သူ့အိမ်မှာ အယ်(လ်)ဇေးရှင်း တကောင် ရှိတယ်။ ဒါပေသည့် သူက အိမ်ရှေ့က လမ်းဘေးခွေးတွေကို အလွန်ချစ်တယ်။ ခွေးတွေကလည်း သူ့ဆို တရင်းတနှီး၊ ပလူးပလဲ။ သူသွားလေရာ တတန်းကြီး ပါနေတတ်တယ်။

ခွေးကိုက်ခံရမှာတော့ ကျနော်လည်း ကြောက်ပါတယ်။ အိမ်ကကောင်က ဆယ်နှစ်လုံးလုံး ကျနော့်ကိုက လွဲလို့ ဘယ်သူ့ဆို ဘယ်သူ့ကိုမှ မကိုက်ဖူးပါဘူး။ ကျနော့်ကို ကိုက်တယ်ဆိုတာကလည်း ကျနော်က သူ မခံချင်အောင် တရားလွန် စတတ်လို့ပါ။ ကျနော်က အစသန်ပါတယ်။ (အနောက် မပါဘူးနော် ) ကိုက်ပြီးသွားရင် သူ ကျနော့်ကို အားနာနေတတ်တာလေးကို ချစ်လို့ ကျနော်က သူ့ကို အနာခံပြီး စတတ်တယ်။

နိဂုံး

ခွေးရူးရောဂါကလည်း တကယ့်ကို ကြောက်စရာကြီးပါ။

ဒါပေမဲ့ ဖြေရှင်းနည်းက အတော်တော့ ပြဿနာပါပဲ။ အိမ်ရှေ့က လေလွင့်ခွေးတွေနဲ့တင် ခွေးရဲ့ မျိုးပွားနှုန်းက ကြောက်ခမန်းလိလိဆိုတာ မျက်မြင်တွေ့နေရပါတယ်။

အိမ်နီးချင်းနိုင်ငံ သည်ပြဿနာ ကိုင်တွယ်ဖြေရှင်းနေပုံကို လက်လှမ်းမီသလောက် တင်ပြလိုက်တာပါ။

ထိုင်းကို မြင်မိရတာကတော့ နိုင်ငံရေးတည်ငြိမ်မှုအရာမှာ ကျနော်တို့ထက် ကသောင်းကနင်းနိုင်တယ်။ ဒါပေမယ့် သူတို့ဆီမယ် အဖွဲ့အစည်း ထုံးဓလေ့ (institution) တွေ အားကောင်း ခိုင်မာတယ်။ အကျင့်ပျက် ခြစားမှုတွေ ရှိသည့်တိုင် သူတို့ လူထုရေးရာ ဌာနတွေ (ဗမာက အစိုးရဌာနလို့ ခေါ်တယ်။ အဲဒီ့မှာတင် အစိုးရနဲ့ ဌာနနဲ့က ပလုံးပထွေးဖြစ်နေပါတော့တယ်။ ဌာနတွေက သူတို့ကိုယ်သူတို့ အစိုးရ မှတ်ကုန်တယ်။ လူထုကို အကျိုးပြုဖို့ မေ့ကုန်ကြတယ်။ ဥပမာ – အခွန်၊ လျှပ်စစ်၊ ထွေအုပ်၊ ရဲစသဖြင့်။)က လူထုအကျိုးကို အမြဲ ဦးထိပ်ထားတယ်။

ကျနော်တို့နဲ့က အစစ အရာရာ ဝေးနေပါသေးတယ်။ အဖွဲ့အစည်း ထုံးဓလေ့ကောင်းတွေကို ဗိုလ်နေဝင်းက အစအန မကျန်အောင် ရိုက်ချိုးဖျက်ဆီးခဲ့ပါတယ်။ ဘယ်သူမှလည်း အရေးလုပ်ပြီး ပြန်မတည်ဆောက်အားပါဘူး။ ဗိုလ်နေဝင်း နောက် အစဉ်အဆက်မှာလည်း ကုလားထိုင်အတွက်သာ ကျားကုပ်ကျားခဲ လုံးပမ်းနေကြရရှာတာကိုး။

အဲတော့လည်း ခွေးပြဿနာအပါအဝင် ဖြစ်လာသမျှ ရင်ဆီးခံရုံမှတပါး ကျနော်တို့ လူထုမှာ ကူရာမဲ့၊ ကယ်ရာမဲ့…

ဆီးဘန်နီဆရာတော်ကြီးကိုသာ သတိရနေမိရပါတော့တယ်ခင်ဗျား။

အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ…
အတ္တကျော်

၁၇၀၆၁၉

ကိုးကား သတင်းတွေ – https://bit.ly/2XOz4pE
https://www.bbc.com/news/world-asia-43395806

ကင်မရာတပ်ပေးထားတဲ့ခွေး ဗှီဒီယိုအတို – https://bit.ly/2XOz74O

ဖော်ပင်ဇာတ်လမ်းမှာ ကျနော်မှားသွားခဲ့ပါတယ်

ကျင့်ဝတ်သိက္ခာအကြောင်း ပြောရာမှာ ကျနော် သတိလစ်သွားခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ နေထိုင်တဲ့ မြန်မာမိတ်ဆွေက မှတ်ချက်လာရေးလိုကတော့မှ ဇတ်ခနဲ ဖြစ်သွားတယ်။ ကျနော် အကြီးကြီး သတိလစ်သွားတာ။ (အကိတ်ကြိုက်ရောဂါ အရင့်အမာကြောင့်ဖြစ်မယ် ထင်တယ်။ 😝)

ကျနော်က လုပ်ခွင်ဘဝနဲ့ ပုဂ္ဂလိကဘဝကို ဇောင်းပေးပြီး ဆက်တိုက် ပြောခဲ့မိတယ်။

အဲဒီ့ဆရာ ထောက်ပြလိုက်တာက CONDUCT UNBECOMING.

ဗမာလိုဆိုရင်တော့ “မဖွယ်ရာတဲ့ အပြုအမူ”ပေါ့။

အဲဒါနဲ့ကိုင်ရင်တော့ ဟုတ်တယ်။ ပုဂ္ဂလိကဘဝကို ဆင်ခြေကန်လို့ မရတော့ဘူး။

ဒါ သိပ်အရေးကြီးတဲ့အချက်ပဲ။Image may contain: 6 people

ဖြစ်ရပ်မှာ အရေးယူခံရသူက ဆရာဝန်ဖြစ်နေတာမို့ အဲဒါကို သတိလစ်သွားတာပါ။ တကယ်လို့သာ အဲဒီ့နေရာမှာ ရဲ၊ စစ်သည်တော်ဆိုရင် သတိလစ်ချင်မှ လစ်ပါမယ်။

အရှင်းဆုံး ဥပမာက ရဲပါ။ ရဲတယောက်ဟာ တာဝန်ထမ်းဆောင်နေချိန် မဟုတ်လင့်ကစား သူ့ကိုယ်သူ ထိန်းထိန်းသိမ်းသိမ်း နေထိုင်ရပါလိမ့်မယ်။ ရဲ အရက်သောက်လို့ ရပါတယ်။ ဒါပေမယ့် မူးပြီး အရပ်ကို ကော်ဆဲလို့တော့ မရတော့ပါဘူး။ အဲလို ကော်ဆဲလို့ အရေးယူခံရရင် ဒါ ပုဂ္ဂလိက ဘဝပဲလို့ ဆင်ခြေကန်လို့လည်း မရနိုင်တော့ဘူး။ သူ့ကြောင့် ရဲတပ်ဖွဲ့ တခုလုံးရဲ့ သိက္ခာကို ထိခိုက်စေနိုင်တယ်ဆိုတာကို သူဆင်ခြင်ရပါလိမ့်မယ်။ အဲဒါဟာ မဖွယ်ရာတဲ့ အပြုအမူ သဘောပါ။

စစ်သည်တော်တွေလည်း အတူတူပါပဲ။ အချိန်တိုင်းမှာ သူတို့ဟာ သူတို့ရဲ့ တပ်ကို ကိုယ်စားပြုပြီး လူကြီးလူကောင်းဆန်ဆန် နေကြရပါလိမ့်မယ်။ အရပ်သားလို ရမ်းကားခွင့် အလိုလို ဆုံးရှုံးသွားပါတယ်။

ဆရာဝန်နဲ့ မနီးရိုးစွဲက ရှေ့နေပါ။ အမေရိကန်ပြည်ထောင်စုမှာ နာမည်ကျော် စီရင်ထုံးတခု ရှိပါတယ်။ ဖြစ်ပုံက တရားရုံးရဲ့ လက်ထောက်စာရေးမဟာ အဲဒီ့နယ်ခံ ရှေ့နေနဲ့ ချစ်ကျွမ်းဝင်မှုပါပဲ။ ရှေ့နေက သူ့အိမ်ထောင်ဖက်နဲ့ အတူမနေတော့ပေမယ့် တရားဝင် မကွာရှင်းရသေးပါဘူး။ ဒါ့ကြောင့် အိမ်ထောင်ရေးဖောက်ပြန်တဲ့ စာရေးမဟာ မဖွယ်ရာဘူးဆိုပြီး အလုပ်က ထုတ်လိုက်တဲ့အမှုပါ။

အယူခံ အဆင့်ဆင့် တက်တဲ့အခါ အယူခံရုံးက မဖွယ်ရာဘူးဆိုတာ မှန်တယ်။ ဒါ့ကြောင့် အလုပ်က ထုတ်တဲ့ ဆုံးဖြတ်ချက်ကို အတည်ပြုတဲ့ မူလရုံးဆုံးဖြတ်ချက်ကို ထပ်ဆင့်အတည်ပြုပေးခဲ့ပါတယ်။

တကယ့်တကယ်က ကျနော်မနေ့က ရေးခဲ့သလို အဲဒါ သူတို့ ပုဂ္ဂလိက ဘဝဖြစ်ပါတယ်။ သို့ပင်သို့ငြားလည်း ခရိုင်တရားရုံး ဝန်ထမ်းတယောက် အနေနဲ့ မလုပ်သင့်တဲ့ အလုပ်ကို လုပ်ခဲ့တယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

စီရင်ထုံးမရှိတဲ့ ဖြစ်ရပ်တွေလည်း ရှိပါသေးတယ်။ ဆရာဝန်ပါ။ ဆရာဝန်တယောက်ဟာ ယာဉ်ရပ်နားဖို့ နေရာလုရင်း တဖက်လူနဲ့ အော်ကြီးဟစ်ကျယ် ဆဲတာဆိုတာအထိ ဖြစ်ပါတယ်။ တာဝန်ချိန်၊ အလုပ်နဲ့ မပတ်သက်ပါဘူး။ တဖက်လူက နစ်နာတယ်ဆိုပြီး ဆေးကောင်စီကို တိုင်ကြားပါတယ်။

ဆေးကောင်စီ စည်းကမ်းထိန်းသိမ်းရေးကော်မတီက ဒါဟာ ဆရာဝန်တယောက်အနေနဲ့ မလုပ်အပ်တဲ့ မဖွယ်ရာသော အပြုအမူလို့ ဆုံးဖြတ်ခဲ့တဲ့အပြင် “တခြားသူများအပေါ် မဖွယ်မရာ ပြုမူခြင်းကို သည်းမခံထိုက်သလို သေးငယ်သည်ဟု မယူဆနိုင်ပေ။ ထိုသို့သော အပြုအမူက ဆရာဝန်အလုပ်အပေါ် လူထု၏ လေးစားမှု ယုံကြည်မှုကို ပျက်ယွင်းစေနိုင်သည်”လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပြစ်ဒဏ်အနေနဲ့က ဆေးကုသခွင့် လိုင်စင်ကို မသိမ်းသော်လည်း မှတ်တမ်းတင်ခံရတဲ့အပြင် ကော်မတီဖွဲ့ပြီး စစ်ဆေးရတဲ့ ကုန်ကျစရိတ်ကို ပေးဆောင်စေခဲ့ပါတယ်။

သည်လောက်ဆိုရင် မဖွယ်ရာတဲ့ အပြုအမူရဲ့ သဘောကို စာဖတ်သူများ နားလည်နိုင်ပြီ ထင်ပါတယ်။

အဲဒါနဲ့ပြောမယ်ဆိုရင်တော့ ဟိုအကိတ်လေးကို ဆမသိမ်းတာဟာ ဘောင်ဝင်ပါတယ်။ တရားမျှတမှုလည်း ရှိပါတယ်။

ကျနော်က လူ့အခွင့်အရေးရှုထောင့်တခုတည်းကနေပြီး လုပ်ခွင်ဘဝ၊ ပုဂ္ဂလိကဘဝ သီးခြားစီဆိုတဲ့ အမြင်နဲ့ သုံးသပ်မိခဲ့ပါတယ်။ တနည်းပြောရရင် ကျနော့်ဘက်က ထောင့်စုံမသွားခဲ့ပါဘူး။

ဒါကို ထောက်ပြလာတဲ့ ဆရာ Andrew Sway ကို တလေးတစား ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်ချင်ပါတယ်။

တဆက်တည်းမှာပဲ ကျနော် မှားသွားခဲ့တာကိုလည်း ကျေကျေလည်လည် ဝန်ခံလိုက်ပါတယ်။

ဆိုခဲ့တဲ့အတိုင်း ကျနော့်ရဲ့ အကိတ်ကြိုက်ရောဂါအရင့်အမာ (ဒါလည်း ဝန်ခံတာနော် 😝) ကြောင့် အဲလို မှားသွားတာကိုလည်း နားလည်သည်းခံပေးကြပါမယ့်အကြောင်းးးးးး

 

အားလုံးတွေးဆဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
၁၄၀၆၁၉