ထိုင်းနိုင်ငံက ခွေးရာဇဝင်
အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ၁၉၉၀ ပြည့်လွန်နှစ်တွေအထိ နေ့စဉ် ခွေးပေါင်း ၂၀၀ ကျော်ကို အဆိပ်ကျွေး သတ်ဖြတ်ခဲ့ဖူးပါတယ်။ ၂၀၀၀ ပြည့်နှစ်မှာတော့ တိရစ္ဆာန်စောင့်ရှောက်သူအဖွဲ့က ဒါကို ကန့်ကွက်တယ်။ ဗုဒ္ဓဘာသာတရားတော်နဲ့ မညီဘူးလို့လည်း ပြောပါတယ်။ ဘန်ကောက်မှာ အဲဒီ့အဖွဲ့က သားကြောဖြတ်တဲ့ စည်းရုံးလှုံ့ဆော်မှုကို လုပ်ခဲ့ကြပါတယ်။
လူအများသွားလာတဲ့နေရာတွေမှာ ခွေးတွေကို အစာကျွေးတာ တားမြစ်တဲ့ စည်းမျဉ်းတခု ထုတ်ပြန်ခဲ့ပါတယ်။
၂၀၀၅ ခုနှစ် စက်တင်ဘာလမှာတော့ ဘန်ကောက် မြို့တော် အုပ်ချုပ်ရေးအဖွဲ့က ခွေးတွေကို ဆန္ဒအလျောက် မှတ်ပုံတင်နိုင်တယ်ဆိုတဲ့ အစီအစဉ်ကို စတင်ခဲ့ပြန်ပါတယ်။ အဲလို မှတ်ပုံတင်လိုက်ရင် ခွေးတွေမှာ မိုက်ခရိုချစ်(ပ်) တတ်ပေးလိုက်တယ်။ ပိုင်ရှင်ဘယ်သူ၊ တနှစ်အောက် ခွေးတွေရဲ့ ခွေးရူးရောဂါ ကာကွယ်ဆေးထိုးထားတဲ့ အခြေအနေ၊ သားကြောဖြတ်ထားတဲ့အခြေအနေတွေကို မိုက်ခရိုချစ်(ပ်)နဲ့ ခြေရာခံနိုင်ပါတယ်။
၂၀၀၈ ဇူလိုင် ၄ ရက်က စတင်ပြီး မှတ်ပုံတင်မထားတဲ့ ခွေးတွေကို ထိုင်းနိုင်ငံ မြောက်ပိုင်းက ခွေးဂေဟာ ရှိရာ ခရိုင်တခုဆီကို ပို့ခဲ့ကြပြန်တယ်။ ဝေဖန်သူတွေကတော့ အဲလို မိမိဆန္ဒအလျောက် မှတ်ပုံတင်စေခြင်းဟာ လေလွင့်ခွေးတွေ ပိုပေါလာစေတယ်လို့ ဆိုကြတယ်။
၂၀၁၄ ခုနှစ် တိရစ္ဆာန်အပေါ် ရက်စက်မှု ကာကွယ်တားဆီးရေးနဲ့ တိရစ္ဆာန် သာယာဝပြောရေး ဥပဒေကို ၂၀၁၈ ခုနှစ် အောက်တိုဘာလမှာ ပြင်ဆင်လိုက်တဲ့အခါမှာတော့ ခွေးတွေကို တနိုင်ငံလုံးမှာ မှတ်ပုံတင်ရမယ်ဆိုတာ ဖြစ်လာပါတယ်။ တိရစ္ဆာန်ပိုင်ရှင် အတော်များများက သည်အစီအစဉ်ကို သဘောတူကြပေမယ့် ခွေးတကောင် မှတ်ပုံတင်ခ ဘတ် ၄၅၀ (ဗမာငွေ နှစ်သောင်းခွဲနီးပါး)ဆိုတာကြီးကတော့ များလွန်းတာမို့ ကန့်ကွက်ကြပါတယ်။
ထိုင်း မွေးမြူရေးဖွံ့ဖြိုးမှု ဦးစီးဌာန (မွေးဖွံ့) က ပြောတယ်။ “ဘာမှ မလုပ်ဘဲ နေရင် ၂၀၂၇ ခုနှစ်မယ် လေလွင့် ခွေး ကြောင် ၂ သန်းအထိ တိုးလာလိမ့်မယ်။ ၂၀၃၇ ဆို ငါးသန်းအထိတောင် ပွားနိုင်တယ်”တဲ့။
ထိုင်းက ခွေးရူးပြဿနာ
၂၀၁၈ ခုနှစ် မတ်လ ၁၅ ရက်နေ့ ဘီဘီစီသတင်းမှာတော့ ထိုင်းမှာ ခွေးရူးရောဂါ ဖြစ်နေတဲ့ သတင်းပါလာပါတယ်။ ဘန်ကောက်နဲ့ ချင်းရိုင်လို ကမ္ဘာလှည့် ခရီးသွားများတဲ့ ဒေသအပါအဝင် ခရိုင်ပေါင်း ၄၀ မှာ ဖြစ်နေတာလို့ ဆိုတယ်။ သုံးယောက် သေသွားပြီတဲ့။ သုံးလအတွင်းမှာ ခွေးရူးရောဂါ ကူးစက်ခံရသူပေါင်း ၄၀၀ ရှိတယ်လို့ မွေးဖွံ့က အတည်ပြုတယ်တဲ့။
အာဏာပိုင်တွေက ကာကွယ်ဆေး စထိုးကြတယ်။ ၂၀၁၈ စက်တင်ဘာလမတိုင်ခင် ခွေး၊ ကြောင် ဆယ်သန်းကို ကာကွယ်ဆေးထိုးနိုင်ဖို့ လျာထားတယ်လို့ မွေးဖွံ့က ဆိုသတဲ့။ မွေးဖွံ့ ညွန်ချုပ်ကတော့ ၂၀၂၀ နောက်ဆုံးထားပြီး ခွေးရူးရောဂါကို ထိုင်းနိုင်ငံက အမြစ်ပြတ်နှိမ်နင်းချင်တယ်လို့ ဆိုပါသတဲ့။
စိတ်ကူးသစ်
သည်အချိန်မှာ ပုဂ္ဂလိက ကုမ္ပဏီတခုက တစခန်းထတယ်။ လေလွင့်ခွေးတွေကို ကင်မရာတပ်ထားတဲ့ အင်္ကျီဝတ် ပေးလိုက်မယ်ဆိုရင် ရပ်ရွာ လုံခြုံရေးအတွက် အထောက်အကူဖြစ်စေမယ်ဆိုတဲ့ စိတ်ကူးသစ်ကို တင်လာတယ်။ ကင်မရာက သည်တိုင်းနေရင် ရိုက်မနေဘူး။ ခွေးဟောင်တိုင်းလည်း မရိုက်ဘူး။ ခွေးက ရန်လိုသံနဲ့ ဟောင်မှသာ ကင်မရာက စ အလုပ်လုပ်မယ်လို့ ဆိုတယ်။ အဲဒါဆိုရင် အဲဒီ့ ဗှီဒီယိုစီးဆင်းမှုကို ပတ်ဝန်းကျင်က လူက သူ့ဖုန်းနဲ့ ကြည့်နိုင်တယ်။ ဒါဆို ရာဇဝတ်မှုတွေ ကာကွယ်နိုင်မယ်ပေါ့။
အဲဒါကို ရှေ့ပြေးစမ်းသပ်မှုတွေတောင် လုပ်နေကြပါတယ်။
ကိုယ်တွေ့
ထိုင်းကို ကျနော် အားတိုင်း ရောက်နေတတ်ပါတယ်။ ဘန်ကောက်နဲ့ ဇင်းမယ်မှာ ခွေးလေခွေးလွင့် တခါဆို တခါမှ မတွေ့ခဲ့ဖူးဘူး။ ရွှေတြိဂံမှာတော့ တကောင်စ နှစ်ကောင်စ တွေ့ပေမယ့် ပိုင်ရှင် ရှိပုံရပါတယ်။
လွန်ခဲ့တဲ့ လက ဇင်းမယ်မှာတော့ ခွေးအကောင်းစား (Golden Retriever) တကောင် မိုးထဲ ရေထဲမှာ ပြေးသွားနေတာ ဟိုတယ်ပေါ်က လှမ်းမြင်လိုက်တယ်။ သည်ကောင် လစ်ထွက်လာတာလား၊ လမ်းပျောက်နေတာလားတော့ မသိဘူး။
ထိုင်းတွေလဲ တော်တော် ခွေးချစ်တာပဲ။ တယုတယ မွေးကြတယ်။ တခမ်းတနား ထားကြပါတယ်။ သွားလေရာလည်း ခေါ်တတ်ကြတာ တွေ့ရတယ်။ သူတို့ကောင်တွေကလည်း အယဉ်တွေပါ။
ကျနော်နဲ့ ခွေး
ကျနော်လည်း ခွေးအလွန်ချစ်ပါတယ်။ ပုံမှာပြထားတဲ့ အိမ်က ကောင်ဆို ရွှေလို ဥထားတာပါ။ သူ့အသက်က ဆယ်နှစ်ကျော်ရှာပါပြီ။ လူသက်နဲ့ဆို ကျနော်နဲ့ မတိမ်းမယိမ်း အရွယ်တောင် ရောက်ရှာပြီ။
အိမ်ရှေ့မှာ လေလွင့်ခွေး ၄-၅-၁၀ ကောင် ရှိပါတယ်။ အဆင်သင့်သလို ကျွေးမွေးထားပါတယ်။ အိမ်ကကောင်နဲ့လို မပလူးမိသည့်တိုင် အဲဒီ့ ခွေးတွေကလည်း ကျနော်တို့ကိုဆို ခင်မင်နေပါတယ်။ ကျနော့်ကိုလည်း ပွတ်သီးပွတ်သပ် လာလာ လုပ်တတ်ကြတယ်။
အိမ်ဘေးအိမ်က လူငယ်လေးက နိုင်ငံတကာကျောင်းက ကျောင်းသားပါ။ သူ့အိမ်မှာ အယ်(လ်)ဇေးရှင်း တကောင် ရှိတယ်။ ဒါပေသည့် သူက အိမ်ရှေ့က လမ်းဘေးခွေးတွေကို အလွန်ချစ်တယ်။ ခွေးတွေကလည်း သူ့ဆို တရင်းတနှီး၊ ပလူးပလဲ။ သူသွားလေရာ တတန်းကြီး ပါနေတတ်တယ်။
ခွေးကိုက်ခံရမှာတော့ ကျနော်လည်း ကြောက်ပါတယ်။ အိမ်ကကောင်က ဆယ်နှစ်လုံးလုံး ကျနော့်ကိုက လွဲလို့ ဘယ်သူ့ဆို ဘယ်သူ့ကိုမှ မကိုက်ဖူးပါဘူး။ ကျနော့်ကို ကိုက်တယ်ဆိုတာကလည်း ကျနော်က သူ မခံချင်အောင် တရားလွန် စတတ်လို့ပါ။ ကျနော်က အစသန်ပါတယ်။ (အနောက် မပါဘူးနော် ) ကိုက်ပြီးသွားရင် သူ ကျနော့်ကို အားနာနေတတ်တာလေးကို ချစ်လို့ ကျနော်က သူ့ကို အနာခံပြီး စတတ်တယ်။
နိဂုံး
ခွေးရူးရောဂါကလည်း တကယ့်ကို ကြောက်စရာကြီးပါ။
ဒါပေမဲ့ ဖြေရှင်းနည်းက အတော်တော့ ပြဿနာပါပဲ။ အိမ်ရှေ့က လေလွင့်ခွေးတွေနဲ့တင် ခွေးရဲ့ မျိုးပွားနှုန်းက ကြောက်ခမန်းလိလိဆိုတာ မျက်မြင်တွေ့နေရပါတယ်။
အိမ်နီးချင်းနိုင်ငံ သည်ပြဿနာ ကိုင်တွယ်ဖြေရှင်းနေပုံကို လက်လှမ်းမီသလောက် တင်ပြလိုက်တာပါ။
ထိုင်းကို မြင်မိရတာကတော့ နိုင်ငံရေးတည်ငြိမ်မှုအရာမှာ ကျနော်တို့ထက် ကသောင်းကနင်းနိုင်တယ်။ ဒါပေမယ့် သူတို့ဆီမယ် အဖွဲ့အစည်း ထုံးဓလေ့ (institution) တွေ အားကောင်း ခိုင်မာတယ်။ အကျင့်ပျက် ခြစားမှုတွေ ရှိသည့်တိုင် သူတို့ လူထုရေးရာ ဌာနတွေ (ဗမာက အစိုးရဌာနလို့ ခေါ်တယ်။ အဲဒီ့မှာတင် အစိုးရနဲ့ ဌာနနဲ့က ပလုံးပထွေးဖြစ်နေပါတော့တယ်။ ဌာနတွေက သူတို့ကိုယ်သူတို့ အစိုးရ မှတ်ကုန်တယ်။ လူထုကို အကျိုးပြုဖို့ မေ့ကုန်ကြတယ်။ ဥပမာ – အခွန်၊ လျှပ်စစ်၊ ထွေအုပ်၊ ရဲစသဖြင့်။)က လူထုအကျိုးကို အမြဲ ဦးထိပ်ထားတယ်။
ကျနော်တို့နဲ့က အစစ အရာရာ ဝေးနေပါသေးတယ်။ အဖွဲ့အစည်း ထုံးဓလေ့ကောင်းတွေကို ဗိုလ်နေဝင်းက အစအန မကျန်အောင် ရိုက်ချိုးဖျက်ဆီးခဲ့ပါတယ်။ ဘယ်သူမှလည်း အရေးလုပ်ပြီး ပြန်မတည်ဆောက်အားပါဘူး။ ဗိုလ်နေဝင်း နောက် အစဉ်အဆက်မှာလည်း ကုလားထိုင်အတွက်သာ ကျားကုပ်ကျားခဲ လုံးပမ်းနေကြရရှာတာကိုး။
အဲတော့လည်း ခွေးပြဿနာအပါအဝင် ဖြစ်လာသမျှ ရင်ဆီးခံရုံမှတပါး ကျနော်တို့ လူထုမှာ ကူရာမဲ့၊ ကယ်ရာမဲ့…
ဆီးဘန်နီဆရာတော်ကြီးကိုသာ သတိရနေမိရပါတော့တယ်ခင်ဗျား။
အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ…
အတ္တကျော်
၁၇၀၆၁၉
ကိုးကား သတင်းတွေ – https://bit.ly/2XOz4pE
https://www.bbc.com/news/world-asia-43395806
ကင်မရာတပ်ပေးထားတဲ့ခွေး ဗှီဒီယိုအတို – https://bit.ly/2XOz74O