စကားလုံးတွေက အမာရွတ်ထင်စေတယ်
ကောလာဟလတွေက ပျက်စီးစေတယ်
အမနာပဝိုင်းပြော အနိုင်ကျင့်တာတွေက သေစေပါတယ်
🧱🧱🧱🧱🧱🧱🧱🧱🧱🧱🧱🧱
သူများပါးစပ်ထဲမှာ အသက်ပေးခဲ့ဖူးသူတဦးရဲ့ ဇာတ်လမ်း
၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့မှာ အခုပုံမှာ ပါတဲ့ ၁၅ နှစ်အရွယ် မိန်းကလေးဟာ Cyberbullying လို့ခေါ်တဲ့ အင်ထနက် လူမှုမီဒီယာက တဆင့် မတရားသဖြင့် အနိုင်ကျင့်တဲ့ ဒဏ်ကို မခံနိုင်တော့တဲ့ အဆုံးမှာ သူ့ကိုယ်သူ အဆုံးစီရင်သွားခဲ့ဖူးပါတယ်။
နိုင်ငံတကာ မီဒီယာတွေမှာ အုတ်အော်သောင်းသဲဖြစ်ခဲ့ပြီး ကနေဒေါ အစိုးရကလည်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ကလေးမလေးက မလိမ်မိုး မလိမ္မာနဲ့ သူငယ်ချင်းချင်းကြားမှာ သူ့ရင်သားကို လှစ်ပြခဲ့မိဖူးတယ်။ အဲဒီ့ဓာတ်ပုံ ရှိပါတယ်။
ကလေးမလေးကို တကိုယ်လုံး ချွတ်ပြခိုင်းသူတယောက် ပေါ်လာတယ်။ မပြရင် သူ့ရင်သားပုံကို လူမှုမီဒီယာမှာ ဖြန့်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်။ မပြတော့ တကယ် ဖြန့်ထည့်လိုက်တယ်။ ကလေးမလေးရဲ့ သူငယ်ချင်းတွေ၊ အတန်းဖော်တွေကို tag လုပ်တယ်။
ထုံးစံအတိုင်း ကလေးမလေးကို ဝိုင်းတွယ်ကြပြီပေါ့။ ကြဉ်လည်း ကြဉ်ကြတယ်။ ကလေးမလေး တကျောင်းပြီး တကျောင်း ပြောင်းတယ်။ ခဏပဲ။ နောက်ကျောင်းတွေမှာလည်း ဆက်ခံရတယ်။
ဘူးလေးရာ ဖရုံဆင့်
သည်ကြားထဲ ကလေးမလေးကို ချစ်ချင်ယောင်ဆောင်တဲ့ ကောင်လေးတကောင် ပေါ်လာတယ်။ ကလေးမလေးက ယုံလိုက်မိတယ်။ ဟိုကောင်က ကျောရရုံ ကြံတာ။ ဟိုကောင်လေးရဲ့ ကောင်မလေးက ကလေးမလေးကို ကလေးမလေးရဲ့ ကျောင်း လူပုံအလယ်မှာ လာပြဿနာရှာတယ်။ ဟိုကောင်လေးကလည်း သူလိုချင်တာ ရပြီးပြီဆိုတော့ သူ့ကောင်မလေးကို ပါးသာပိတ်ချလိုက်စမ်းပါလို့ ပြောလိုက်တယ်။ ဟိုကလည်း ချတယ်။ ကလေးမလေး လဲကျန်ရစ်တယ်။
အဖြစ်အပျက်က ဓာတ်ပုံ ဗှီဒီယိုမှတ်တမ်းနဲ့ ဆိုရှယ်မီဒီယာမှာ ပြန့်ပြန်တယ်။ ကလေးမလေး စိတ်ဓာတ်ပျက်ယွင်းလာတယ်။
ကျောင်းပြောင်း၊ မြို့ပြောင်း… စိတ်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးတာတွေ လုပ်နေရင်းတန်းလန်းကနေ အစွန်းချွတ်ဆေးတွေသောက်ပြီး သူ့ကိုယ်သူ သေကြောင်းကြံတယ်။ ဆေးရုံရောက်သွားတယ်။ မအောင်မြင်ဘူး။
လူတွေမှ ဟုတ်ပါလေစလို့ တွေးချင်စရာ လူအစစ်တွေ
သည်မှာတင် အနိုင်ကျင့်ချင်သူတွေအတွက် အကွက်ပေါ်တယ်။ နင် သေသွားသင့်တာ၊ နင်သောက်တဲ့ အစွန်းချွတ်ဆေးက ပျော့တယ်။ ဒါသောက် ဆိုတာတွေတောင် သူ့ဆီမှာ လာရေးကြတယ်။
အဖြစ်အပျက်တွေကို ကလေးမလေးက စာတရွက်စီနဲ့ ရေးပြီး YouTube မှာ တင်ခဲ့ပါတယ်။
အဲဒီ့ ဗှီဒီယိုတင်ပြီး တလအကြာမှာ ကလေးမလေး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပါတော့တယ်။
အရေးယူတဲ့အပိုင်း
ကနေဒါအစိုးရနဲ့အတူ ဒတ်(ခ်ျ) အစိုးရကလည်း စုံစမ်းစစ်ဆေးတဲ့အခါ နယ်သာလန်နိုင်ငံက အသက် ၃၅ နှစ်အရွယ် ဒတ်(ခ်ျ)နိုင်ငံသားနဲ့ တူရကီ နိုင်ငံသား၊ နိုင်ငံသားလက်မှတ် ၂ မျိုးကိုင်ဆောင်သူကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ သူက ကလေးမလေးအပါအဝင် ကမ္ဘာအရပ်ရပ်က ကလေးမလေးတွေရဲ့ ကွန်ပျူတာတွေထဲကို ဖောက်ဝင်ပြီး ဒုက္ခလည်ပေးနေတဲ့သူပါ။ ဒတ်(ခ်ျ)တရားရုံးက ကလေးမလေးအပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုအတွက် ထောင်ဒဏ် ၁၀ နှစ်နဲ့ ၈ လ ချမှတ်ခဲ့ပါတယ်။
ကလေးမလေး သူ့ကိုယ်သူ အဆုံး မစီရင်မီ သူ့ဇာတ်လမ်းကို စာတွေနဲ့ ရေးပြီး ပြသွားတဲ့ ဗှီဒီယိုကို သည်မှာ ကြည့်နိုင်ကြပါလိမ့်မယ်။
https://www.youtube.com/watch?v=FS95zvN5MiI
(Google မှာ Amanda Todd ဆိုတဲ့ ကလေးမလေး နာမည်ရိုက်ထည့်ပြီး ရှာလိုက်ရင် ကျနော်ပြောတာထက် အများကြီး ပိုပြည့်ပြည့်စုံစုံ သိရနိုင်ပါသေးတယ်။)
လူတွေ ဘာလို့ အဲသလို လုပ်
အင်ထနက် ဆိုရှယ် မီဒီယာမှာ လူတချို့ဟာ အဲလို ဘာကြောင့် လုပ်နေတာလဲ။
(၁) သာယာနေကြတာပါ။ သူတို့ တခုခု ကြမ်းကြမ်းတမ်းတမ်း ရေးလိုက်လို့၊ တင်လိုက်လို့ လူတွေက သူတို့ကို တုံ့ပြန်ကြတာကို သာယာနေကြတာပဲ ဖြစ်ပါတယ်။ like တွေ အများကြီးရတာလည်း သာယာသလို အဆဲလှိမ့် ခံရတာကိုလည်း သာယာနေတတ်ကြပါတယ်။ လူအများ အာရုံစိုက်ခံချင်တဲ့ ရောဂါဆန်းတမျိုးပေါ့။
(အဲဒီ့ ရောဂါကို မြင်လာတဲ့အတွက် ကျနော် Facebook သိပ်မသုံးတော့တာပါ။ ကျနော့်မှာလည်း အဲဒီ့ ရောဂါ ရှိနေသလားလို့ သံသယ ဝင်လာလို့ပါပဲ။ ဘာလုပ်မလဲဗျာ။ အိုကြီးအိုမကျတော့မှ အကျိုး မရှိတာတွေနဲ့ အချိန်ကုန် မခံချင်တော့ပါဘူးပေါ့။ ဒါတောင် ခုတလော ပြန်ရေးဖြစ်နေသေးတယ်။ အများအတွက် အကျိုးရှိမယ်ဆိုတဲ့ “ဆင်ခြေ ဆင်လက် ဆင့်နားရွက်ကြီး ဧရာမ”နဲ့ပေါ့ဗျာ။ တကယ်က ကျနော့်အတ္တကို ကျနော် ပြောင်လက်အောင် ပွတ်တိုက်နေတာသက်သက်ပါပဲ။ ကျနော် သေအောင် ရေးနေလည်း မြစ်ရေစီးကို ကျနော့်လက်ဝါးနဲ့ကာလို့ ရမှာမှ မဟုတ်တာလေ။ နော်…)
(၂) အင်ထနက်ပေါ်မှာ ပြောလိုက်ဆိုလိုက်တဲ့အတွက် ဘာမှ ခံရမှာ မဟုတ်ဘူးလို့ လူတွေက သိထားကြပါတယ်။ အဲလို ရေးလိုက်သားလိုက်လို့ သူတို့အတွက် ဘာဆိုးကျိုးမှ မဖြစ်နိုင်ဘူးပေါ့။ အကောင့်ပုန်း၊ အကောင့်တုတွေနဲ့ဆို သာတောင် မဖြစ်နိုင်သေးပေါ့။
အလုပ်ရှင်ရဲ့ အရေးယူမှု
ဟိုကလေးမလေး သေသွားပြီးတဲ့နောက်တောင် သူ့ကို နှိပ်ကွပ်တဲ့ အရေးအသားတွေက ပေါ်ထွက်နေခဲ့ပါသေးတယ်။
ကနေဒါနိုင်ငံကလူတယောက်ကတော့ “ခွေးမ… နင် သေသင့်တာ ကြာပြီ”လို့ ရေးတာကို သူ့အလုပ်ရှင်က သိသွားတဲ့အတွက် အလုပ်ထုတ်ခဲ့ပါတယ်။
ဆိုရှယ်မီဒီယာရဲ့ အားထုတ်မှု
အင်ထနက်ဆိုရှယ်မီဒီယာက ဝိုင်းအနိုင်ကျင့်တာဟာ နိုင်ငံတိုင်းမှာ ဖြစ်နေတာပါ။ အထက်က ကလေးမလေးရဲ့ ဖြစ်ရပ်ကြောင့် အခုတော့ နိုင်ငံ အတော်များများမှာ အဲဒါကို ကိုင်တွယ်နိုင်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းလာခဲ့ကြပြီ ဖြစ်သလို Instagram တို့၊ Twitter တို့မှာလည်း Comment ကို ကိုယ်သဘောတူမှ အတည်ပြုနိုင်အောင် ဖန်တီးလာကြပါပြီ။ FB ကတော့ ခုထိ မလုပ်သေးပါဘူး။ ဘာလို့လဲတော့ မသိဘူး။
ဘာလုပ်ကြမလဲ
🔹 “ကလေးတွေ ဆယ်ကျော်သက်တွေအနေနဲ့ သူတို့ကို အဲလို အနိုင်ကျင့်တာခံနေရပြီဆိုတာနဲ့ လူကြီးမိဘတွေကို ပြောပြသင့်ပါတယ်။ ဒါမှသူတို့က တခုခု လုပ်ပေးနိုင်မှာပါ”
🔹 “ပြောလာရင်လည်း ကလေးတွေကို လူကြီးမိဘတွေက မဆူပါနဲ့။ အပြစ်မတင်ကြပါနဲ့။ နားထောင်ပေးပါ။ ကလေးတွေ ငယ်ကတည်းက ဘာမဆို မိဘကို ပွင့်ပွင့်လင်းလင်း ပြောတတ်အောင် လေ့ကျင့်ပေးစေချင်ပါတယ်။ ဒါမှလည်း ကလေးတွေ ဘာဖြစ်နေမှန်း မပြတ်သိနေနိုင်မှာပါ”
🔹 “ပြောစရာ လူကြီးမိဘ မရှိရင် ကျနော့်ကို ပြောနိုင်ကြပါလိမ့်မယ်။ ကျနော့် သည် account ကို message လှမ်းပို့နိုင်ကြပါတယ်။ ကျနော် တတ်အားသရွေ့ ကူညီပေးပါ့မယ်”
ခံနေရသူတွေကို ပြောပြဖို့
🔹 “အရင်းစစ်လိုက်ရင်တော့ ကိုယ်ဘယ်သူလဲ၊ ကိုယ်ဘာလုပ်လဲဆိုတာက ကိုယ့်အပေါ်မှာသာ တည်ပါတယ်။ တခြားလူတွေအပေါ်မှာ မတည်ပါဘူး။”
🔹 “လူတိုင်း အမနာပ အပြောခံရပါတယ်။ ဘုရားတွေတောင် ဘယ်ဘုရားမှ အကဲ့ရဲ့ မလွတ်ခဲ့ပါဘူး။ အဲတော့ ကိုယ်တယောက်တည်း ခံနေရတယ်လို့ ထင်ရင် အမှားကြီး မှားသွားပါမယ်။”
🔹 “ဒါက ကိုယ့်ဘဝရဲ့ မဆိုစလောက် ကာလလေးပါ။ ပြောတဲ့သူတွေ မောရင် ရပ်သွားမှာပါ။ ကိုယ့်မှာ အသက်ရှင်ရပ်တည်ပြီး လုပ်စရာတွေ တပုံကြီး ရှိပါတယ်”
🔹 “ကိုယ့်ကိုယ်ကိုယ် သတ်သေတာ အဖြေမဟုတ်ပါဘူး။ ဆက်နေလည်း မထူးဘူးလို့ ခံစားနေရမှာကို စာနာပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာ ဆက်နေနေရင် တခုခု ထူးလာမှာကတော့ သေချာပါတယ်”
🔹 “သူများ ပါးစပ်လှုပ်တိုင်းသာ ကိုယ်က လိုက်လှုပ်နေမယ်ဆိုရင် ကိုယ့်ဘဝဟာ သူများပါးစပ်ထဲမှာ နစ်မွမ်းသွားလိမ့်မယ်။ (ပျဉ်းမနား မဟာမြိုင်တောရ ဆရာတော် ဦးဇောတိက)”
ကိုယ်တွေ့ – ကျနော့်ကို အပြာစာအုပ်တွေ ရေးတဲ့သူလို့ ကျနော့်အဲဒီ့စာအုပ်တွေ ရောင်းပြီး အမြတ်ယူခဲ့ဖူးတဲ့ ဆိုင်ရှင် တယောက်အပါအဝင် လူတချို့က အမနာပ ပြောတတ်ကြပါတယ်။ ကျနော် ရယ်ပဲ နေပါတယ်။ ကျနော် ဘာရေးတယ်၊ မရေးဘူးဆိုတာ ကျနော့်ကိုယ် ကျနော် အသိဆုံးကိုး။
သူတို့ ဉာဏ်မရှိတာကို သူတို့ဘာသာ ပြနေတာ ခမျာများ မသိရှာကြဘူး။ သူတို့ပြောတဲ့ ကျနော့်စာအုပ်တွေက စစ်အစိုးရ လက်ထက် စာပေစိစစ်ရေးရဲ့ ခွင့်ပြုချက်နဲ့ ထုတ်ခဲ့တဲ့ စာအုပ်တွေ။ အပြာစာအုပ် ထုတ်ခွင့်ရဖို့ ဝေးစွ၊ အဆဲစကားလုံး တလုံးပါရင်တောင် ဖြုတ်ပေးခဲ့ရတဲ့ အခြေအနေဆိုတာ သူတို့ မေ့နေရှာကြတယ်။ ရယ်တာပေါ့ဗျာ။ ကျနော့်ကို ဖာခေါင်း ပြောပြော၊ တဏှာရူးပြောပြော၊ ဂျီပုန်း ပြောပြော၊ ပြောချင်တာပြော၊ ကျနော်ဘာကောင်ဆိုတာ ကျနော့်အပေါ်မှာသာ တည်ပါတယ်။ (အမှန်က ကျနော် တဏှာရူးပါဗျာ။ ဆေးလိပ်၊ အရက်၊ မိန်းမ၊ ဘိန်း၊ ဆေးခြောက် ကြိုက်တာကိုးခင်ဗျ။ စိတ်ကြွဆေး၊ ဆေးပြားမူ လုံးဝ မကြိုက်ချေ။ ဤကား စကားညှပ်။ 😂😂😂)
အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
၂၅၀၆၁၉
”အမှန်က ကျ နော် တဏှာရူးပါဗျာ။ ဆေးလိပ်၊ အရက်၊ မိန်းမ၊ ဘိန်း၊ ဆေးခြောက် ကြိုက်တာကိုးခင်ဗျ။ ” အဲဒါမျိုးကိုယ့်ပေါင်ကိုကိုယ်လှန်ထောင်းဝံ့တဲ့သတ္တိရှိတဲ့လူမို့ လည်းကိုကြီးကျော်ကိုမ လေးစားပဲကို မ နေနိုင်တာ။
Nice post par sayar