ညောင်မြစ်တူးရင် ပုတ်သင်ဥတွေ ပေါ်ပါလိမ့်မယ်။ မတတ်နိုင်ဘူး။ ပြောသင့်တဲ့စကားမို့ ပြောပြပါမယ်။
ကျနော် လူမှန်း သိခါစ ၆ နှစ် ၇ နှစ်သားလောက်မှာ ဆေးထိုးတမ်း ကစားမယ်ဆိုပြီး (ကန်တော့ပါရဲ့) ကျနော့် ငယ်ပါကို ပယ်ပယ်နယ်နယ် အကိုင်ခံခဲ့ရပါတယ်။ အဲဒီ့ကောင်က ကျနော့်ထက် တနှစ်ကျော်ပဲ ကြီးတဲ့ကောင်ပါ။ သူ့ဒဏ်ကို ၁၀ နှစ်သားအထိ ခံခဲ့ရပါတယ်။ ဆေးထိုးတမ်းဆိုပြီး အားအားရှိ ကိုင်နေတာပါ။
မိဘကို ပြန်မပြောရဲခဲ့ပါဘူး။ ပိုဆိုးတာက သူ့အဖေက ကျနော်တို့နေတဲ့ နယ်က ဌာနဆိုင်ရာ အဖွဲ့အစည်းမှာ ရာထူးအမြင့်ဆုံး၊ ကျနော့်အဖေက စာရေး။ အဆင့်ချင်းက မိုးနဲ့ မြေ။ သည်ကောင်နဲ့ ပြဿနာ ဖြစ်ရင် မှားမှား မှန်မှန် ကျနော်ပဲ အဆော်ခံရမယ်လို့ အဖေက ကြေညာထားပြီးသားမို့ ကျနော့်မှာ အောင့်သက်သက်နဲ့ ခံခဲ့ရဖူးတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်ကဆိုတော့ ကလေးသူငယ် မဖွယ်ရာမှုတွေ ဘာတွေ ဘယ်သိကြဦးမလဲနော်။
ငါးတန်းမှာ ကျောင်းပြောင်း၊ မြို့ပြောင်းလိုက်ရတော့ သူ့ဒဏ်က လွတ်သွားတယ်။ အဟဲ… ခုနစ်တန်းကျတော့ တခါ ကြုံရပြန်တယ်။ တွက်ကြည့်ပါ။ ခုနစ်တန်းကျောင်းသား အသက်အရွယ်ကို။ ၁၂ နှစ်ကျော်၊ ၁၃ နှစ်။
နေရာသည်ကား ရန်ကုန်မြို့ လူကုံထံ ရပ်ကွက် အင်းလျားလမ်း။ နှစ်အပိုင်းအခြားကား ၁၉၆၉။ အချိန်သည်ကား အကာလ ညအခါ။ အိမ်သည်ကား တခေတ်ဆီက နိုင်ငံတော်သမ္မတကြီးရဲ့ သားနဲ့ မြေးတို့ နေအိမ်။ စုမိသည်ကား အနှီမြေး၏ မွေးနေ့။ သားကောင်များကား အတန်းထဲက ကျနော်အပါအဝင် ယောက်ျားလေး ၄-၅-၈ ယောက်။ ဗွေဆော်ဦး ခံလိုက်ရသူကား ထီခနဲဆို အီစကိုဆိုတဲ့ ကျနော်။
အဲဒီ့မှာ အရေးကြီးတာ လာပါပြီ။
ကျူးလွန်ရန် အားထုတ်သူကား…
အခုပြော အခုသိတဲ့ နာမည်ကျော် လျှမ်းလျှမ်းတောက် တယောက်ပါ။ အဲတုန်းက သူက အသက် ၃၀ မပြည့်တတ်သေးဘူးပေါ့။ တက္ကသိုလ်က ဆရာပေါ့။ ဆင်းသက်လာတဲ့ အသိုင်းအဝိုင်းကလည်း နှယ်နှယ်မှ မဟုတ်တာ။ တကယ့်ကို သိမ်သိမ်မွေ့မွေ့၊ ရည်ရည်မွန်မန်၊ ယဉ်ယဉ်ကျေးကျေး။ ယောက်ျားလိုပဲ ဝတ်စား နေထိုင်ပါတယ်။
အဟဲ… အဲဒီ့အရွယ် ယောက်ျားလေးတွေချည်း စုမိတော့ ဘာလုပ်စရာ ရှိမှာတုံး။ Scrabble ကစားကြတာပ။ အဲတော့ ကျေးဇူးရှင်က ကျနော့်ဘေး လာထိုင်ပြီး ကျနော့်ကို အကြံတွေပေးနေတယ်။ ကျနော့်ခါးကို ဖက်ထားတယ်။ သည်အထိက မသိသေးဘူး။
ပြီးတော့မှ သူ့လက်က… သူ့လက်က…
ကြမ်းပေါ်မှာ ပုဆစ်တုပ် ကစားနေတာမို့ သူ့လက် တိုးဝင်အလာမှာ ဗိုက်နဲ့ ပေါင်ကပ်ထားပြီး မတိုးသာအောင် ကျနော် ကြိုးစားတယ်။ မရဘူးဗျ။ အတင်းကို တိုးနေတော့ ကျနော်လည်း ဘယ်လိုမှ မခံစားနိုင်တော့ဘူး။ ပွဲဖျက်၊ ထွက်ပြေး၊ ဟိုကောင့်အခန်းထဲဝင်၊ တံခါးကန့်လန့်ထိုးလိုက်ရပါတော့တယ်။
မကြာပါဘူးဗျာ။ တော်ကြာနေတော့ တယောက်၊ တံခါးကို တဒုံးဒုံးထုတယ်။ ငိုသံပါနဲ့ ဖွင့်ခိုင်းလို့ ဖွင့်ပေးလိုက်တော့ “ဟိုလူကြီးက ငါ့ဟာကို အတင်းလိုက်ကိုင်နေလို့…”ဆိုပြီး ဖြေရှင်းချက် ထုတ်တယ်။
နောက်တော့ တကောင်ပြီး တကောင်၊ ပြေးဝင်လာကြတယ်။ တံခါးကို လုံနေအောင် ပိတ်ထားလိုက်ကြရတယ်။
ဒါ ကျနော့် ငယ်ဘဝအတွေ့အကြုံပါပဲ။
နောက်ဆက်တွဲ – အခုတော့ သူငယ်ချင်းကြီးလည်း သေရှာပါပြီ။ အဲဒီ့ သူငယ်ချင်း ကိုးတန်းမှာ ထင်တယ်။ အဲဒီ့ဆရာနဲ့ သီးသန့်သင်နေတယ် ကြားတော့ ကျနော်က ကျနော်တို့ ခံခဲ့ရပုံကို ပြောပြပါတယ်။
ရွှေသူငယ်ချင်းကလည်း ဆွေကြီးမျိုးကြီး။ အင်္ဂလိပ်ခေတ် ဝန်ကြီးတပါးရဲ့ မြေး။ အခြေကြီးတယ်ပေါ့ဗျာ။ ကျနော်က လမ်းဘေးက ကောင်။ အဲတော့ ကျေးဇူးရှင်က ကျနော့်စကားကြားတဲ့အခါ ကျနော့်ကိုတော့ ဘာမှ ပြန်မပြောခဲ့ပါဘူး။
နောက် တလလောက်ကြာတော့မှ ဝန်ခံတော်မူပါတယ်။ “မင်းပြောပြတုန်းက ငါမင်းကို တော်တော် စိတ်ပျက်သွားတာကွ။ သူများအကြောင်း မဟုတ်တရုတ်ပြောရလားဆိုပြီးတော့ပေါ့။ ခု ငါ ကိုယ်တိုင် ခံလိုက်ရတော့မှ မင်း အမှန်ပြောတာပါလားဆိုတာ သိလိုက်ရတယ်ကွာ။ မင်းကို အထင်မှားခဲ့လို့ ဆောရီးပါ”တဲ့ဗျား။
➖➖➖➖➖➖➖➖➖
မိဘတွေ သတိထားသင့်တာက…
(၁) ယောက်ျားလေးချင်းပဲဆိုပြီး ကလေးတွေချည်း မမြင်ကွယ်ရာမှာ ပစ်မထားမိပါစေနဲ့။
(၂) မောင်နှမချင်း၊ ညီအကိုချင်းပဲဆိုပြီးလည်း စိတ်မချပါနဲ့။ ငယ်တဲ့အရွယ်မှာ စူးစမ်းတတ်ကြပါတယ်။ (မောင်နှမ တဝမ်းကွဲချင်းက မတော်တရော် လုပ်တာ ခံဖူးတဲ့ အမျိုးသမီး၊ ရေချိုးနေတာကို တူအရင်းက လာချောင်းတာ ကြုံဖူးတဲ့ အမျိုးသမီးတွေလည်း ကျနော်တို့ ပတ်ဝန်းကျင်မှာ ရှိပါတယ်နော်။)
(၃) အင်းလျားလမ်းက အဖြစ်အပျက်က အလှဆုံးပါ။ သည်ကိစ္စမှာ ပညာတွေ၊ ဂုဏ်တွေ၊ ဆွေကြီးမျိုးကြီး ဖြစ်တာတွေက ဘာမှ အရေးမပါပါဘူး။ လူဟာ လူပဲမို့ သတိထားရမှာချည်းပါပဲ။ ဆရာမို့ မကျူးလွန်ဘူးဆိုတာ မရှိကြောင်း ကျနော်တို့ အဖြစ်က သက်သေခံနေပါတယ်။
အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
၀၂၀၇၁၉