ရည်ရွယ်ချက်နဲ့ စေတနာသည်သာ…

မပြောတော့ဘူးလို့ နေနေတာပါပဲ။ ဒါပေမယ့် မျက်စိထဲ ဒါတွေပဲ နင်းကန်တိုးဝင်နေတော့လည်း မနေနိုင်တော့ပြန်ဘူး။ ပြောမိရပေဦးတော့မယ်။

အခြေခံအချက်လက်တွေImage may contain: text

(၁) ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (ဖွဲ့အုပ်ဥ) ဆိုတာ ကမ္ဘာဦးကျမ်းလည်း မဟုတ်၊ ဘုရားဟောလည်း မဟုတ်ပါဘူး။ ပြင်ချင် ပြင်လို့ရတာချည်းပါပဲ။

(၂) ကမ္ဘာပေါ်မယ် သက်တမ်းအရင့်ဆုံး ဖွဲ့အုပ်ဥနဲ့ နိုင်ငံတွေ ရှိတယ်။ စရေးကတည်းက အမြော်အမြင်နဲ့ ရေးခဲ့တာမို့ အသစ်ရေးစရာ မလိုတော့တဲ့ နိုင်ငံတွေလည်း အများကြီးပါပဲ။ ဖွဲ့အုပ်ဥတကာရဲ့ ဘိုးအေ အမေရိကန်နိုင်ငံရဲ့ ဖွဲ့အုပ်ဥ သက်တမ်းဆို ၂၃၁ နှစ်တောင် ကျော်ခဲ့ပါပြီ။

(၃) အမေရိကန်လောက် သက်တမ်းမရင့်တဲ့အပြင် သက်တမ်းနုတယ်လို့ ပြောမယ်ဆို ပြောနိုင်တဲ့ အိန္ဒိယနိုင်ငံရဲ့ ဖွဲ့အုပ်ဥက ကမ္ဘာ့ အရှည်လျားဆုံး ဖွဲ့အုပ်ဥလို့ အဆိုရှိပါတယ်။ ဒါပေမယ့် ပြောင်းလွယ်ပြင်လွယ်နိုင်မှုမှာ အိန္ဒိယ ဖွဲ့အုပ်ဥက သိပ်ကို အမြော်အမြင်ကြီးခဲ့တယ်လို့ မြင်မိရပါတယ်။

• အိန္ဒိယရဲ့ အငြိမ်းစားတရားသူကြီးချုပ် ဟန့်(ဇ်) ရာ့(ဂ်ျ) ခန္နာက သူ့ရဲ့ “အိန္ဒိယ ဖွဲ့အုပ်ဥ ရေးဆွဲခြင်း”ဆိုတဲ့ စာအုပ်ရဲ့ အဆုံးမှာ အခုလို ရေးခဲ့ပါတယ်။

“အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ကျွန်ုပ်တို့နိုင်ငံအား ထူထောင်ခဲ့သည့် ဖခင်ကြီးများက ကျွန်ုပ်တို့ နောင်လာနောက်သားများအတွက် ထားရစ်ခဲ့သည့် အမွေဖြစ်သည်ဆိုပါလျှင် ကျွန်ုပ်တို့ အိန္ဒိယလူထုသည် အဆိုပါ ဖွဲ့အုပ်ဥပါ ပြဌာန်းချက်များအတွင်း သက်ဝင်လှုပ်ရှားလျက်ရှိသည့် တန်ဖိုးထားမှုများကို ယုံမှတ်အပ်နှံခံရသူများ၊ ထိန်းသိမ်းစောင့်ရှောက်သူများသာ ဖြစ်ကြပါသည်။ ဖွဲ့အုပ်ဥဆိုသည်မှာ ကမ္ပည်းတင်ထားသော စက္ကူပုရပိုက်မည်ကာမတ္တ မဟုတ်ပါ။ ဘဝနေနေနည်း ဖြစ်သလို ကျင့်သုံးနေထိုင်သွားရမည့် လမ်းကြောင်းသာဖြစ်ပါသည်။ အဆုံးအစ မရှိ နိုးကြား သတိရှိခြင်းသည် လွတ်လပ်ရေး၏ တန်ဖိုးဖြစ်သလို ထိုသို့နိုးကြားနေအောင် ထိန်းသိမ်းရမည့်သူများမှာလည်း လူထုသာ ဖြစ်ပါသည်။”

• အိန္ဒိယ ဖွဲ့အုပ်ဥရဲ့ သက်တမ်းဟာ အခုနှစ် နိုဝင်ဘာမှာ နှစ်ပေါင်း ၇၀ တင်းတင်းပြည့်ပါမယ်။

• အခုနှစ် နှစ်ဦး ဇန္နဝါရီ ၁၂ ရက်နေ့မှာ ၁၀၃ ကြိမ်မြောက် ပြင်ဆင်ခဲ့ပါသေးတယ်။ ဆိုတော့ကာ သက်တမ်း ၇၀ အတွင်းမှာ အိန္ဒိယ ဖွဲ့အုပ်ဥကို အကြိမ် တရာကျော် ပြင်ခဲ့ပြီးပြီဆိုတာ ထင်ရှားပါတယ်။

(၄) တရုတ်နိုင်ငံရဲ့ ဖွဲ့အုပ်ဥကို ၁၉၈၂ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့ကာ ၅ ကြိမ် ပြင်ဆင်ပြီးပါပြီ။

(၅) ဘင်္ဂလားဒေ့(ရှ်) နိုင်ငံရဲ့ ဖွဲ့အုပ်ဥကို ၁၉၇၂ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့ပြီး ၁၇ ကြိမ် ပြင်ပြီးပါပြီ။

(၆) စင်္ကာပူနိုင်ငံရဲ့ ဖွဲ့အုပ်ဥကို ၁၉၆၅ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့ပြီး ၄၆ ကြိမ် ပြင်ပြီးပါပြီ။

(၇) ထူးခြားတာကတော့ ထိုင်းပါပဲ။ ၁၉၃၂ ခုနှစ်မှသည် ယနေ့ထက်တိုင် ၈၇ နှစ်တာအတွင်းမှာ ဖွဲ့အုပ်ဥ စုစုပေါင်း ၂၀ ရှိခဲ့ပါတယ်။ သူကတော့ အပင်ပန်းခံပြီး ပြင်ကို မနေဘူး။ အသစ်ချည်း လှိမ့်ရေးတာ အကြိမ်ပေါင်း ၂၀။ နည်းမှတ်လို့။

စဉ်းစားစရာ

ပြောခဲ့တဲ့ နမူနာတွေမှာ အမေရိက၊ အိန္ဒိယ၊ တရုတ်တို့လို လူမျိုးပေါင်းစုံ မှီတင်းနေထိုင်ကြတဲ့ ဧရာမနိုင်ငံကြီးတွေ ပါပါတယ်။ ဘင်္ဂလားဒေ့(ရှ်)လို လူမျိုးတမျိုးတည်း အဓိက နေထိုင်တဲ့ နိုင်ငံလည်း ပါတယ်။ စင်္ကာပူလို မြို့နိုင်ငံ ပိစိညှောက်တောက်လေးလည်း ပါတယ်။ ထိုင်းလို ကိုယ်တွေနဲ့ ရေမြေချင်းမကွာ၊ လူပေါင်းစုံ ဖွဲ့စည်းနေထိုင်တာချင်းလည်း မကွာလှတဲ့ နိုင်ငံလည်း ပါပါတယ်။

ဘယ်နိုင်ငံတွေ တိုးတက်နေလဲ။ ဘယ်နိုင်ငံတွေ ခရီးပေါက်နေသလဲ။ ဖွဲ့အုပ်ဥနဲ့ နိုင်ငံဖွံ့ဖြိုးမှု အဆက်အစပ်ကို စဉ်းစားရင် ထိုင်းတွေက ဟားတိုက် ရယ်နေလေမလား။ စဉ်းစားစရာတွေ အများကြီးပါ။

အဲဒါ ဒို့ဗမာ

လွတ်လပ်ရေးရပြီး အချုပ်အချာအာဏာပိုင် မြန်မာနိုင်ငံမှာ ဖွဲ့အုပ်ဥ သုံးခု ရှိခဲ့ပြီ။ ၁၉၄၇၊ ၁၉၇၄၊ ၂၀၀၈။

တခုချင်း ပြန်ကြည့်ရင်… ၁၉၄၇ ခုနှစ် ဖွဲ့အုပ်ဥသည် ဖုတ်ပူမီးတိုက် ဖွဲ့အုပ်ဥလို့ မြင်မိပါတယ်။ အမြန်ဆုံး လွတ်လပ်ရေး ရဖို့ဆိုတာကို ပန်းတိုင်ထားပြီး အသည်းအသန် အလျင်အမြန် ရေးခဲ့တာပါ။ ဒါ့ကြောင့် လစ်ဟာမှုတွေ ရှိခဲ့တယ်။ လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားလာတဲ့ ပြည်တွင်းစစ်မီးကို အဲဒီ့ ဖွဲ့အုပ်ဥက မကာကွယ်နိုင်ခဲ့ဘူး။ ဖွဲ့စည်းပုံ မမှန်တော့ ရန်များတဲ့ သဘော…

ဗိုလ်နေဝင်းရဲ့ ၁၉၇၄ ဖွဲ့အုပ်ဥနဲ့ ၂၀၀၈ ဖွဲ့အုပ်ဥကတော့ ရှင်းပါတယ်။ တိုင်းပြည်အတွက်၊ လူထုအတွက် ရည်ရွယ် ရေးဆွဲထားတဲ့ ဖွဲ့အုပ်ဥ မဟုတ်ပါဘူး။ အာဏာအတွက် အဓိကထားပြီး ရေးဆွဲထားတဲ့ ဖွဲ့အုပ်ဥတွေပါ။ ထိုင်းနိုင်ငံရဲ့ ဖွဲ့အုပ်ဥ ၂၀ နဲ့ သိပ်မကွာလှဘူးလို့တောင် ပြောလို့ ရမယ် ထင်ပါတယ်။ အာဏာလက်ရှိတွေ အာဏာ မစွန့်လွှတ်ရရေး အတွက် ကျားကုပ်ကျားခဲ ရေးဆွဲထားတဲ့ ဖွဲ့အုပ်ဥတွေပဲဖြစ်နေပါတယ်။

ကျနော့်အမြင်ကတော့ အကြိမ်တသောင်း ပြင်ဦးတောင် ရှိရင်းစွဲ ဖွဲ့အုပ်ဥရဲ့ မူလ ရည်ရွယ်ချက်ကိုက “အာဏာ”ကိုသာ ဦးတည်နေတဲ့အတွက် နိုင်ငံတည်ငြိမ်ရေး၊ ဖွံ့ဖြိုးရေး၊ နိုင်ငံသားတွေရဲ့ တာဝန်နဲ့ အခွင့်အရေးတွေကို အာမခံချက် ပေးနိုင်စွမ်း ရှိလာမယ်လို့ မယုံကြည်မိပါဘူး။

ဖွဲ့အုပ်ဥ အသားပေးသင့်တာ ဘာလဲ

ကျနော်တို့ လုပ်ရမှာက ဖွဲ့အုပ်ဥ ပြင်ဖို့ မဟုတ်ပါဘူး။ တိုင်းပြည်ရယ်၊ နိုင်ငံသားတွေရယ်အတွက် တကယ်စေတနာပါတဲ့ ဖွဲ့အုပ်ဥတရပ်ကို ရေးဆွဲရေးသာ ဖြစ်ပါတယ်။ အဲဒါကို ရေးဆွဲတဲ့အခါ လွှတ်တော်ကို တာဝန်မပေးသင့်ဘူးလို့လည်း မြင်ပါတယ်။ လွှတ်တော်ဆိုတာနဲ့ နိုင်ငံရေးသမားတွေ ပါလာပါတော့မယ်။ နိုင်ငံရေးသမားတွေ ပါလာတာနဲ့ “အာဏာ” ဆိုတာကြီးကလည်း အပမှီသလို ကပ်ပါလာပါတော့မယ်။ “အာဏာ”ကို ဖက်တွယ်လိုတဲ့ ဘယ်အဖွဲ့အစည်းမှ ဖွဲ့အုပ်ဥကို ရေးရာမှာ ဝင်မပါဘဲ ဘေးထွက်ပေးမှသာ တိုင်းပြည်ရဲ့အနာဂတ်ဟာ လှပနိုင်မှာပါ။

အိန္ဒိယနိုင်ငံရဲ့ ဖွဲ့အုပ်ဥကို ရေးခဲ့တဲ့၊ (“တိုင်းပြုပြည်ပြု လွှတ်တော်”လို့ ဘာသာပြန်ထားနှင့်ပြီး ရှိနေတဲ့) Constituent Assembly မှာ ပါဝင်ခဲ့သူတဦးဖြစ်သူ ဂျဝါဟာလာ နေရူးရဲ့ စကားက သိပ်မှတ်သားစရာ ကောင်းလှပါတယ်။ (အဲဒီ့ တိုင်းပြု ပြည်ပြု လွှတ်တော်ဆိုတာဟာ ပါလီမန်လို့ ခေါ်ကြတဲ့ လွှတ်တော်ရဲ့ အထက်က အခေါင်အချုပ်ဖြစ်ပါတယ်။ ဖွဲ့အုပ်ဥ ရေးဖို့အတွက် လူထုလူတန်းစားအသီးသီးက ကိုယ်စားလှယ်တွေ ပါဝင်တဲ့ လွှတ်တော်ဖြစ်ပါတယ်။ “အာဏာ”နဲ့ မပတ်သက်ပါဘူး။)

“သည်တိုင်းပြုပြပြည်ပြု လွှတ်တော်ရဲ့ ပထမဆုံး လုပ်ငန်းကတော့ ဖွဲ့အုပ်ဥအသစ်ကတဆင့် အိန္ဒိယနိုင်ငံကို လွတ်လပ်သွားအောင် လုပ်ဖို့၊ ငတ်နေတဲ့ လူထုကို ကျွေးမွေးနိုင်ဖို့၊ အဝတ်မဲ့နေတဲ့ လူထုအများအပြားကို အဝတ် ဆင်ပေးနိုင်ဖို့၊ ကိုယ့်အစွမ်းရှိသလောက် ကိုယ့်ကိုယ်ကိုယ်တိုးတက်လာအောင် လုပ်နိုင်တဲ့ အပြည့်ဝဆုံး အခွင့်အလမ်းကို အိန္ဒိယနိုင်ငံသားတိုင်း ရရှိလာစေဖို့ပဲ ဖြစ်ပါတယ်။ ဒါဟာ တကယ့်ကို ကြီးမြတ်လှတဲ့ လုပ်ငန်းပါ။

“ကနေ့ အိန္ဒိယကို ကြည့်လိုက်ပါ။ ကျနော်တို့က သည်မှာ ထိုင်နေကြတယ်။ နေရာအများအပြားမှာတော့ အတိဒုက္ခတွေနဲ့။ မြို့တွေ အများအပြားမှာလည်း မငြိမ်သက်မှုတွေနဲ့။ ဒါ့အပြင် ဘာသာရေး ပဋိပက္ခတွေလို့ ခေါ်တဲ့ အငြင်းပွားမှုတွေ၊ ရန်စတွေက အခြေအနေကို ပိုဆိုးအောင် ပံ့ပိုးနေတယ်။ တခါတလေကျတော့လည်း ဒါတွေကို ရှောင်လွှဲလို့ မရတာလည်း အမှန်ပါပဲ။

“ဒါပေသည့် လတ်တလောမှာ အိန္ဒိယနိုင်ငံရဲ့ အကြီးဆုံး၊ အရေးအပါဆုံး မေးခွန်းကတော့ ဆင်းရဲတဲ့သူတွေ၊ ငတ်နေတဲ့သူတွေရဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းမလဲဆိုတာပါပဲ။ ကျနော်တို့ ဘယ်ဘက်ကိုပဲ လှည့်လိုက် လှည့်လိုက်၊ သည်ပြဿနာကိုပဲ ရင်ဆိုင်နေရတာပါပဲ။ သည်ပြဿနာကို အချိန်မီ မဖြေရှင်းနိုင်ရင် ကျနော်တို့ရဲ့ စာရွက်ပေါ်က ဖွဲ့အုပ်ဥတွေအားလုံးဟာ ဘာမှ အသုံးကျမှာ မဟုတ်သလို ရည်ရွယ်ချက်လည်း ကင်းမဲ့နေပါလိမ့်မယ်”တဲ့။

အမြော်အမြင်

ကျနော်တို့ရဲ့ အရှေ့ဘက်နဲ့ အနောက်ဘက်မှာ ကပ်လျက်တည်ရှိနေတဲ့ အိမ်နီးချင်း နှစ်နိုင်ငံ၊ ထိုင်းနဲ့ အိန္ဒိယ။ ဘယ်နိုင်ငံရဲ့ ဖွဲ့အုပ်ဥက ခိုင်သလဲ။ ဘယ်နိုင်ငံမှာတော့ သည်ဖွဲ့အုပ်ဥနဲ့တင် ဗျာများလို့ ကောင်းနေဆဲ ဖြစ်သလဲ။

ဘာကြောင့် အဲလိုတွေ ဖြစ်နေတာလဲ။ လေ့လာသင့်ပါတယ်။ စူးစမ်းသင့်ပါတယ်။ အားလုံး ဝိုင်းဝန်းဆင်ခြင်ပြီး အနာဂတ်အတွက် အဖြေထုတ်သင့်ပါတယ်။

နောက် နှစ် ၃၀ ကြာတဲ့အခါ အခု အနီတွေ၊ အစိမ်းတွေ၊ အပြာတွေ၊ အဝါတွေလည်း ရှိတော့မှာ မဟုတ်ပါဘူး။ ကျနော်လည်း ရှိတော့မှာ မဟုတ်ပါဘူး။ အဲဒီ့အခါကျရင် သည်ရွှေနိုင်ငံကြီးကို ဘယ်လိုထားခဲ့ချင်ကြပါသလဲ။ ဖရိုဖရဲ ပရမ်းပတာနဲ့ မဆုံးနိုင်တဲ့ အာဏာလုပွဲတွေ ကြားမှာ ဖွတ်ကျောပြာစု ခရုဆံကျွတ် ထားခဲ့ချင်လည်း ကိုယ်တော်မြတ်များအားလုံးရဲ့ သဘောပါပဲ။

အမြော်အမြင်ဆိုတာ ကျနော်တို့ ရွှေမြန်မာတွေရဲ့ အဘိဓာန်ထဲက ပျောက်ဆုံးသွားခဲ့တာ နှစ်ပေါင်း ၅၀ မကပြီ ဆိုတော့လည်း ကျနော်ကတော့ ဘာကိုမှ သိပ်မမျှော်လင့်ချင်တော့ပါဘူးလေ။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
atk
(၂၂၀၇၁၉)