ဓာတ်ရှင်နယ်က လုလင်ငယ်သွေး

🎥🎥🎥🎥🎥🎥🎥🎥🎥🎥🎥🎥

နိဒါန်း

မနေ့က ပြောခဲ့တဲ့ “အပြရှည်” (long take) နဲ့ ပတ်သက်ပြီး လူငယ်ဓာတ်ရှင်သမားလေးတယောက်နဲ့ ဆက်ဆွေးနွေးလိုက်တဲ့အခါ သူနဲ့ ကျနော့်ကြားက ကွာဟမှုကို မြင်လိုက်ရပါတယ်။

ကျနော့်ရပ်တည်မှုက မြန်မာရုပ်ရှင်ကို တိုးတက်ကောင်းမွန်လာစေချင်တယ်။ လူငယ်ဓာတ်ရှင်သမားလေးလည်း အလားတူပါပဲ။ ကျနော်တို့မှာ တူညီတဲ့ ရည်ရွယ်ချက်၊ ရပ်တည်ချက် ရှိနေပါတယ်။

ဒါပေသည့် ကျနော်က သမားရိုးကျ ဓာတ်ရှင်အမြင်ကို အခြေခံပြီး ပြောနေတာပါ။ သူက အနုပညာဓာတ်ရှင်လို့ ဘာသာပြန်ရင် ကောင်းမလား မသိဘူး၊ art film ဆိုတဲ့ သမားရိုးကျက ခွဲထွက်တဲ့ ဓာတ်ရှင်ကို အားသန်သူ ဖြစ်နေပါတယ်။

အဲဒါကို ဆွေးနွေးရင်းနဲ့ကမှ ဘွားခနဲ တွေ့လိုက်တယ်။

အနုပညာဓာတ်ရှင်

အဲဒီ့ “အနုပညာဓာတ်ရှင်”ကို အမျိုးမျိုး ခေါ်ကြတယ်။ တချို့က မှီခိုမှုကင်းရှင်းလွတ်လပ်တဲ့ ဓာတ်ရှင် (Independent Film) လို့ ခေါ်တယ်။ အဲဒါကိုပဲ အတိုကောက် အင်ဒီဓာတ်ရှင်လို့လည်း ခေါ်တဲ့သူက ခေါ်တယ်။ စမ်းသပ်မှုဓာတ်ရှင် (Experimental Film) ၊ စာရေးဆရာဓာတ်ရှင် (Auteur Film) [ပြင်သစ်လို အိုတာ (auteur) ဆိုတာက အင်္ဂလိပ်လို author ပါ]၊ အနုပညာတိုက်ဓာတ်ရှင် (Arthouse Film) စသဖြင့်လည်း ခေါ်ကြတယ်။

ကွာခြားချက်

သမားရိုးကျ ဓာတ်ရှင်တွေက အလွယ်ပြောရင် ပိုက်ဆံရဖို့ ရိုက်တာ။ အနုပညာဓာတ်ရှင်ကျတော့ စိတ်ဆာလို့ ရိုက်တာ။ မတူတော့ဘူး။

သမားရိုးကျ ဓာတ်ရှင်မှာက ငွေကြေးအရင်းအနှီး အများကြီးလိုတယ်။ အနုပညာဓာတ်ရှင်က စရိတ်ကျဉ်းကျဉ်းနဲ့ ဖန်တီးတာပါ။ သမားရိုးကျဓာတ်ရှင်မှာက နာမည်ကြီး၊ လူကြိုက်များ သရုပ်ဆောင်တွေ သုံးပေမယ့် အနုပညာဓာတ်ရှင်မှာကျတော့ တခါမှ သရုပ်မဆောင်ဖူးသူ သာမန်လူတွေကိုလည်း သုံးတတ်ကြတယ်။

သမားရိုးကျ ဓာတ်ရှင်မှာက ဇာတ်လမ်း ဇာတ်ကွက်က ရှင်းလင်း ပြတ်သားတယ်။ အနုပညာဓာတ်ရှင်က ကျတော့ ဇာတ်လမ်းဇာတ်ကွက်ထက် အများကြီး ပိုစိမ်းတဲ့ ဇာတ်လမ်းတွေဖြစ်နေပါတယ်။ သေချာတာကတော့ ပရိသတ်နားလည်ဖို့ ခက်တဲ့ ဓာတ်ရှင်အမျိုးအစားလို့ ဆိုရပါလိမ့်မယ်။ ဘာတွေ ဖြစ်နေပါလိမ့်လို့ ပရိသတ်က ပင်ပန်းဆင်းရဲခြင်းကြီးစွာ စဉ်းစားနေရတတ်တယ်။ များသောအားဖြင့် လူတွေရဲ့ ခံစားချက်တွေ၊ အတွေးတွေ၊ အိပ်မက်တွေကို အနုပညာဓာတ်ရှင်က သရုပ်ဖော်တာပါ။ ကိုယ်သာ သူ့နေရာမှာ သူ့လို ကြုံရရင် ဘာလုပ်မလဲ၊ ကိုယ်ကရော ဘယ်လို လူစားလဲဆိုတဲ့ မေးခွန်းကို အနုပညာဓာတ်ရှင် ကြည့်ပြီးတဲ့အခါ ကြည့်မိသွားသူက တစိမ့်စိမ့် တွေးနေရတာမျိုးလို့လည်း ဆိုနိုင်မလား မသိဘူး။

ဒုံးဝေးရင် မခံစားနိုင်

သမားရိုးကျ ပန်းချီနဲ့ ဒြပ်မဲ့ (စိတ္တဇ) ပန်းချီနဲ့ ကွာခြားတာမျိုးလို့ ပမာဆောင်ရင် သင့်မယ် ထင်ပါတယ်။ သမားရိုးကျ ပန်းချီလည်း အရောင်တွေ၊ စုတ်ချက်တွေ သုံးတာပဲ။ ဒြပ်မဲ့ ပန်းချီလည်း အရောင်တွေ စုတ်ချက်တွေ သုံးတာပဲ။ သမားရိုးကျ ပန်းချီကျတော့ မြင်ရသူက သိတယ်၊ ဒါ ဘုရား၊ ဒါ မင်းသမီး၊ ဒါ ဝတ်လစ်စလစ်၊ ဒါ ပန်းခင်း၊ တန်းသိနိုင်တယ်။ ဒြပ်မဲ့ ပန်းချီကျတော့ နားလည်ဖို့ အတော် အားစိုက်ရတယ်။ ဓာတ်သိတွေပဲ ခံစား နားလည်နိုင်တာမျိုး။ ကျနော်ဆို နားကို မလည်ဘူးဆိုတာ ဝန်ခံပါတယ်။ ကြည့်လို့တော့ ကောင်းသား၊ ဒါကြီးကဖြင့် အကြည့်ရ ဆိုးလိုက်တာ ဆိုတာမျိုးပဲ ရှိပါတယ်။

အနုပညာဓာတ်ရှင်ဆိုလည်း ကျနော်နဲ့ နည်းနည်း ဝေးပါတယ်။ ဒါပေမယ့် ပန်းချီလောက်တော့ မဝေးဘူး ထင်တယ်။ ပန်းချီမှာ ကျနော်က ရန်ကုန်နဲ့ မန္တလေးလောက် ဝေးတယ်ဆိုရင် ဓာတ်ရှင်မှာတော့ ရန်ကုန် မိတ္ထီလာလောက်ပဲ ဝေးမယ် ထင်ပါတယ်။

ပြင်သစ်နဲ့ ဥရောပ သမားရိုးကျ ရုပ်ရှင်အနည်းအပါး ကြည့်ဖူးထားတာရယ်၊ တလောဆီကပဲ ပြင်သစ် ကျောင်းဆင်း ကိုရီးယား ဒါရိုက်တာ Kim Ki-Duk ရဲ့ ဇာတ်ကားတချို့ကို ကြည့်ထားလိုက်တာရယ်ကြောင့် နည်းနည်းတော့ ခံစားလို့ ရတယ်။ အပြည့်အဝ နားလည်လှပါတယ်လို့တော့ မဆိုဝံ့ပါဘူး။

စိတ်ဆတ်တဲ့သူနဲ့တော့ သိပ်မဟပ်

နားမလည်လို့လည်းပဲ မနေ့က “အားလား အိုင်လား”ကို ရေးဖြစ်ခဲ့တာပါ။ ကျနော် ကြည့်ခွင့်ရလိုက်တဲ့ မြန်မာ အနုပညာဓာတ်ရှင် နှစ်ကားထဲက အပြရှည်တွေကို အတော် စိတ်ပျက်တဲ့ စိတ်နဲ့ ရေးလိုက်တာကို ဝန်ခံပါတယ်။

ပိုဆိုးတာက ကျနော်က မူလကတည်းက စိတ်မရှည်တတ်တဲ့သူ။ ငယ်ငယ်က မန္တလေးမှာ ကျနော့ ဆံပင် တချောင်းချင်းကို စိမ်ပြေနပြေ ညှပ်ပေးတဲ့ ဆံသဆရာ ကြာလွန်းမက ကြာနေတာကို စိတ်မရှည်တော့တာနဲ့ ဆက်မညှပ်တော့ဘဲ တဝက်တပျက်နဲ့ စိတ်ဆိုးမာန်ဆိုး ထွက်လာခဲ့ဖူးတယ်။ အဲဒီ့ဆိုင်လည်း နောက် ဘယ်တော့မှ ခြေဦးမလှည့်တော့ဘူး။

အဲသလို စိတ် လက်တဆစ်သမားအတွက် လူတယောက် အိပ်ပျော်နေတာကြီးကိုပဲ ကင်မရာ အသေထောင်ပြီး ၃ မိနစ်လောက် ရိုက်ပြတာမျိုးကို ဘယ်လိုမှ သည်းမခံနိုင်တာလည်း အမှန်ပါပဲ။

ကဝိပစ္စည်းတွေနဲ့ ကျနော်

တကယ်တော့ အဲလို ရိုက်ပြတာမျိုးက အနုပညာဓာတ်ရှင်မှာ အဆန်းမဟုတ်ဘူးတဲ့ဗျ။ ရှင်စမ်း…

အဲဒါမျိုးကို ၇ မိနစ်၊ ၁၀ မိနစ်လောက် အတောင့်လိုက် ငုတ်တုတ်ထိုင်ကြည့်နိုင်တဲ့အထိ သည်းခံနိုင်တဲ့သူက အနုပညာကို ခံစားတတ်တဲ့သူ ဖြစ်သလိုလိုပဲ။ သည်းမခံနိုင်တဲ့သူက လူပြိန်းပေါ့ဗျာ။ ခေတ်စကားနဲ့ဆို အပြိန်းပေါ့။

ဝန်ခံပါတယ်။ ကျနော် လူပြိန်းပါ။ ဘာပညာရှင်မှလည်း မဟုတ်ပါဘူး။ အနုပညာနဲ့လည်း အဝေးကြီးပါ။ ကျနော်က တောင်ကြည့် မြောက်ကြည့် လျှောက်ပတ်ကြည့်တာ ဝါသနာပါတဲ့ သာမန်လူတယောက်ပါပဲ။ ဟိုနားမှာ ကြည့်ကောင်းတာလေး တွေ့ရင် ရပ်မော့လိုက်၊ သည်နားမှာ လူစုစု မြင်ရင် ဝင်မော့လိုက်လောက်ပဲ လုပ်တတ်ပါတယ်။ စိတ်ဝင်စားတော့လည်း ခြေသလုံးအတောင့်ခံပြီး ဆက်ကြည့်တာပေါ့။ မဝင်စားတော့ရင်လည်း ကိုယ့်လမ်းကိုယ် ဆက်သွားတာပေါ့။ သည်လောက်ပါပဲ။

နိဂုံး

လူငယ်ဓာတ်ရှင်သမားတွေ အဲလောက်အထိ အပတ်တကုပ် အားထုတ်နေတာ၊ အဆင့်တဆင့် တန်းဝင်လာအောင် ကြိုးပမ်းနေကြတာကိုတော့ တအားကို နှစ်ထောင်းအားရ ဖြစ်မိတာလည်း အမှန်ပါ။ အထူးသဖြင့် သမားရိုးကျက ခွဲထွက်ပြီး နေရာသစ် ဖန်တီးတည်ဆောက်လိုကြတဲ့ စိတ်ဓာတ်ကို အလွန် လေးစားမိပါတယ်။ ဆထက် ထမ်းပိုး အောင်မြင်ကြပါစေကြောင်းလည်း ဆုတောင်းပေးလိုက်ပါတယ်။

(ကျနော့်ဘက်ကလည်း ပျင်းစရာကောင်းအောင် ရှည်လျားတဲ့ အပြရှည်တွေကို သည်းခံပြီး စိတ်ရှည်လည်ရှည် ကြည့်တတ်အောင် ကြိုးစားပေးသွားမယ်ညော်…😁)

အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ…
အတ္တကျော်
(၀၆၀၉၁၉)

အားလား အိုင်လား

🎥🎥🎥🎥🎥🎥

စကားပလ္လင်

လူငယ် ဓာတ်ရှင်သမားလေးတွေနဲ့ ကျနော်နဲ့ ကြားမှာ ဆွေးနွေးစရာလေး တခု ရှိလာပါတယ်။

No photo description available.ကျနော်က ဓာတ်ရှင်သမားမဟုတ်ပါဘူး။ ဓာတ်ရှင်ဝါသနာအိုးသာ ဖြစ်ပါတယ်။ ဝါသနာအိုးထဲမှာမှ ကျနော်က အဘိုးကြီး ဝါသနာအိုး။ ဓာတ်ရှင်ကို အသေအလဲ ကြိုက်သူ၊ တော်တော်များများ ကြည့်ဖူးသူ ဖြစ်ပါတယ်။

အကန်းတွေကြားက တဖက်လပ်ဖြစ်မြဲအတိုင်း တခြား ဓာတ်ရှင်ဝါသနာအိုးတွေထက် စာရင် ကျနော်က သိုးဆောင်းစာလေး အနည်းအပါး သေစာရှင်စာလောက် တတ်တော့ သိုးဆောင်းဘာသာနဲ့ ကားတွေလည်း ကြည့်ဖူး၊ သိုးဆောင်းဘာသာနဲ့ ရေးထားတဲ့ ဓာတ်ရှင်အကြောင်း ဆောင်းပါးစုံနဲ့တကွ နာမည်ကျော် သိုးဆောင်း ဇာတ်ကား မူရင်း ဇာတ်ညွှန်းတချို့ကိုလည်း အနည်းအပါး ဖတ်ဖူးထားတာလေးတော့ နည်းနည်း ပိုသပေါ့။

“အပြရှည်”

အခု လူငယ် ဓာတ်ရှင်သမားတွေနဲ့ ဆွေးနွေးစရာက “အပြရှည်”ကိစ္စပါ။

လူငယ်ဓာတ်ရှင်သမားလေးတယောက်ကို သူတို့ ရိုက်ကူးထားတဲ့ ကားတွေထဲက အပြရှည်တွေအကြောင်း ကျနော်က ထောက်ပြတဲ့အခါ “အဲဒီ့ အပြရှည်ကလည်း လမ်းကြောင်းတခုလို့ ပြောရမယ် ထင်ပါတယ်”လို့ ဆိုလာလို့ပါ။ ဆိုလိုတာက ဒါက အသစ်မို့ ဘိုးတော် လိုက်လို့ မမီဖြစ်နေပုံပဲလို့ အနက် ထွက်သလိုပါပဲ။

အဲဒါ အသစ်မဟုတ်

ကျနော် အဘိုးကြီးကတော့ “အပြရှည်”လို့ ဆိုလိုက်တာနဲ့ ဗမာဒါရိုက်တာ ပဂေးကြီး (ဦး)“သုခ”ရဲ့ နာမည်ကျော် “စကားပြောသော အသည်းနှလုံး”ဇာတ်ကားကို အရင်ဆုံး တန်းမြင်လိုက်ပါတယ်။

ဇာတ်ကားလည်း အနားမှာ အလွယ်တကူ မရှိ၊ အဲတုန်းကလည်း မှတ်မထားမိသော်လည်း ဦးသိန်းမောင်လား မသိ၊ အကယ်ဒမီ ရသွားတဲ့ အဲဒီ့ “စကားပြောသော အသည်းနှလုံးဇာတ်ကြောင်းဖော်ခန်း”ကြီးဟာ တကတ်ထဲနဲ့ ကင်မရာ ထောင်ပြီး ရှုထောင့်မပြောင်းဘဲ အကြာကြီး ရိုက်ပြသွားခဲ့တာကိုတော့ မှတ်မိနေပါတယ်။

ပြောရရင် ပြဇာတ်တပုဒ်ကို စင်နဲ့တည့်တည့်က ကင်မရာအသေထောင်ပြီး ရိုက်ပြလိုက်တာမျိုးပါ။

ဘိုလိုဆိုရင်တော့ “long take”ပေါ့။

နမူနာကောင်းတခု

နိုင်ငံခြား ဇာတ်ကားတွေမှာလည်း အပြရှည်တွေကို “အား”တခုအဖြစ် သုံးခဲ့တာ ၁၉၅၀ ပြည့်လွန်နှစ်တွေကတည်းကပါ။

အထင်ရှားဆုံးကတော့ ဟောလီးဝု(ဒ်) ရုပ်ရှင်နယ်မှာ အသစ်ထွင်နိုင်စွမ်း အပြည့်နဲ့ ဆရာကြီးတဆူ ဖြစ်လေသူ အော်ဆန် ဝဲ(လ်)(ဇ်)ရဲ့ Touch of Evil ဇာတ်ကား (၁၉၅၈ ခုနှစ်) ထဲက ၃ မိနစ် စက္ကန့် ၂၀ ကြာ အပြရှည်ပါပဲ။ https://youtu.be/Yg8MqjoFvy4 မှာ ကြည့်နိုင်ကြပါလိမ့်မယ်။

အဲဒီ့မှာ ကြည့်လိုက်မယ်ဆိုရင် ဦးသုခလို ကင်မရာကို အသေ ထောင်ရိုက်ထားတာ မဟုတ်ဘဲ တကတ်တည်းမှာ ကင်မရာကို ထောင့်အမျိုးမျိုး ပြောင်း၊ မြင်ကွင်း အကျဉ်း၊ အကျယ် မျိုးစုံပြောင်းပြီး ရိုက်ပြသွားတာကို တွေ့ရပါလိမ့်မယ်။

အပြရှည်မှာ ဘာအရေးကြီးလဲ

ဦးသုခရော ဝဲ(လ်)(ဇ်)ပါ မလွဲမသွေ လုပ်ခဲ့ကြရတာတခုကတော့ သည်လို အပြရှည်အတွက် မဖြစ်မနေ လိုအပ်ချပ်ပါပဲ။

အဲဒါကတော့ အစမ်းလေ့ကျင့်မှု (ဇာတ်တိုက်တာ) ကို နာနာလုပ်ခဲ့ကြရတာပါ။

ဦးသုခဆီမှာက သရုပ်ဆောင်တွေဟာ အဲဒီ့အပြရှည် ကတ်ကြီးတကတ်စာအတွက် ဇာတ်ဝင်စကားနဲ့ အမူအရာတွေ ကြေညက်အောင် အဖန်ဖန် ဇာတ်တိုက်ခဲ့ကြရမှာ မလွဲပါဘူး။

ဝဲ(လ်)(ဇ်)ရဲ့ အပြရှည်ကျတော့ အဲဒါထက် အများကြီး ပိုခက်ပါတယ်။

ကင်မရာ ဆရာနဲ့ စက်အဖွဲ့၊ မီးအဖွဲ့၊ ဖြတ်လျှောက်၊ ဇာတ်ဝင်ပစ္စည်း၊ သရုပ်ဆောင် အားလုံး သူ့နေရာနဲ့သူ အချိန်ကိုက်ဖြစ်နေအောင် ဇာတ်တိုက်ရတာ ဘယ်လိုမှ တရက်ထဲနဲ့ မပြီးနိုင်တာမျိုးကြီးပါ။ (ဒါ့ကြောင့်လည်း ဘတ်ဂျက်ကျော်တဲ့ ဒါရိုက်တာ၊ အချိန်မီ မပြီးတဲ့ ဒါရိုက်တာရယ်လို့ သူ့ခေတ်နဲ့ သူ့အခါတုန်းက နာမည်ကြီးခဲ့တာပါပဲ။) ကျနော် အမှတ်မမှားရင် အဲဒီ့ ၃ မိနစ် စက္ကန့် ၂၀ အပြရှည်အတွက် ၆ ရက် ဇာတ်တိုက်ခဲ့ရတယ်လို့ ထင်ပါတယ်။

၇ မိနစ်ကျော်တောင် မနားတမ်း ရိုက်တဲ့ ကတ်

ထင်ရှားတဲ့ နောက် နမူနာတခုက ၇ မိစန်ကျော် အပြရှည်ကြီးကို ရိုက်ပြခဲ့တဲ့ ပြင်သစ် ဒါရိုက်တာ Jean-Luc Godard ပါပဲ။ ၁၉၆၇ ခုနှစ်က ရုံတင်တဲ့ Weekend အမည်နဲ့ ရုပ်ရှင်ကားထဲက ယာဉ်ကြော ပိတ်ဆို့နေတဲ့ အခန်းကို ၇ မိနစ်ကျော် ရိုက်ပြခဲ့တာပါ။ (ဝါသနာပါရင် ကိုယ့်ဘာသာ ရှာဖွေ ကြည့်ကြပါတော့ဗျာ။ ကျနော် အလွယ်မတွေ့လို့ လင့်(ခ်) မပေးနိုင်တာ ခွင့်လွှတ်ပါ။)

အဲဒီ့ ဒါရိုက်တာဟာ ပြင်သစ် လှိုင်းသစ်ရုပ်ရှင် လှုပ်ရှားမှုကို စတင်ခဲ့သူများထဲက တယောက်ဖြစ်ပါတယ်။

ပြောမယ်ဆိုရင်တော့ အများကြီး ကျန်ပါသေးတယ်။ ယုတ်စွအဆုံး အပစ်အခတ် အသတ်အပုတ် ဓာတ်ရှင် (Action Film) တွေမှာတောင်မှ အပြရှည်နဲ့ ပရိသတ်ကို ဖမ်းစားနိုင်ခဲ့တဲ့ နမူနာတွေ ရှိပါတယ်။

အပြရှည်တွေပါလျက်ကနဲ့ ထင်ရှားတဲ့ ခေတ်ပြိုင် ဟောလီးဝု(ဒ်)ကားကတော့ လီအိုနာဒို ဒ ခါပရီယိုရဲ့ ပြောင်မြောက်တဲ့ သရုပ်ဆောင်မှုနဲ့ The Revenant (၂၀၁၅) ပါပဲ။ မက္ကဆီကန် ဒါရိုက်တာ Alejandro González Iñárritu ရိုက်ခဲ့တာပါ။

အကောင်းဆုံး သရုပ်ဆောင်၊ အကောင်းဆုံး ဓာတ်ပုံ၊ အကောင်းဆုံး ဒါရိုက်တာဆိုတဲ့ အော်စကာဆု ၃ ဆု ရခဲ့တဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ (အကောင်းဆုံး ဇာတ်ကားဆု ဆန်ခါတင် စာရင်းမှာ ပါခဲ့သော်လည်း မရခဲ့ပါဘူး။)

ကျနော့်အမြင်

အကြိမ်ကြိမ် ပြောခဲ့ဖူးပါတယ်။ ဓာတ်ရှင်ရဲ့ ဘာသာစကားက တခု သတ်သတ်ပါ။ ဓာတ်ရှင် (Movie) လို့ ဆိုလိုက်တာနဲ့ လှုပ်နေတဲ့ အရုပ်တွေနဲ့ ဇာတ်ကြောင်းကို ဖော်ယူရပါတယ်။

အဲဒီ့ဘာသာစကားမှာ ကင်မရာ ရိုက်ချက်တွေ ပါတယ်၊အလင်းအမှောင် ပါတယ်၊ ဆေးရောင်စုံခေတ်မှာ အရောင်တွေ ပါလာတယ်၊ နောက်ခံ တေးဂီတတွေ၊ (တိတ်ဆိတ်နေတာလည်းပါတဲ့) အသံတွေပါတယ်၊ သရုပ်ဆောင်တွေရဲ့ ကိုယ်ဟန်အမူအရာစုံလည်း ပါတဲ့အခါ ပါတယ်၊ ဇာတ်ဝင်စကားလည်း ပါတဲ့အခါ ပါပါတယ်။

အပြရှည်ကို ကျနော် မဆန့်ကျင်ပါဘူး။ ဒါပေမယ့် ငြိမ်နေတဲ့ အပြရှည်ဆိုရင်တော့ ဘာလို့ ဓာတ်ရှင်ကြည့်နေတော့မှာလဲနော်။ ရုပ်သေ ဓာတ်ပုံပဲ ကြည့်တော့မှာပေါ့။

ဆိုကြပါစို့ဗျာ၊ ဇာတ်ဆောင် တယောက် ကွန်ပျူတာရှေ့မှာ ထိုင်ပြီး စာရိုက်နေတာကို ကင်မရာ အသေထောင်ပြီး ၂ မိနစ်လောက် ပြမယ်ဆိုရင်ကို အလိုလို နေရင်း အိုင်သွားတော့မှာပါ။ ငြီးငွေ့လာတော့မှာပါ။

အဲဒီ့ ၂ မိနစ်စာ ကင်မရာ အသေထောင်ပြတဲ့ တကတ်မှာပဲ၊ ကွန်ပျူတာ ရိုက်နေသူရဲ့ နောက်ခံမှာ တယောက်က ပျာလောင် ပျာလောင်နဲ့ ထွက်လာ၊ ကွန်ပျူတာရိုက်နေသူကို တခုခု လှမ်းပြော၊ ကွန်ပျူတာရိုက်နေသူက အလေးမထား၊ သူ့ဟာသူ ဆက်ရိုက်နေ၊ ဟိုတယောက် ပျာလောင် ပျာလောင်နဲ့ ပြန်ထွက်သွား၊ မိန်းမကြီးတယောက် ချက်ချင်း ဝင်ချလာ၊ ကွန်ပျူတာ ရိုက်နေသူရဲ့ ဘေးမှာ ကုန်းကုန်းကွကွနဲ့ ဟိုရှာ သည်ရှာလုပ်၊ ဟိုကြည့် သည်ကြည့်လုပ်၊ ကွန်ပျူတာ ရိုက်နေသူကို ကြည့်၊ အေးအေးဆေးဆေး ပြန်ထွက်သွား၊ ကလေးတယောက် ကစားစရာ တခုနဲ့ ခုန်ပေါက် ဝင်လာပြန်…

အဲဒါမျိုးဆိုရင် အဲဒီ့ ၂ မိနစ်စာကို ကြည့်ရတာ ပရိသတ်အတွက် အိုင်မသွားတော့ဘူးပေါ့။

မနှိုင်းကောင်း နှိုင်းကောင်း

ဆရာကြီး ရွှေဥဒေါင်းလို ပုဂ္ဂိုလ်မျိုးက ဝါကျရှည်ကြီးနဲ့ တပိုဒ်စာလုံးကို တဝါကျတည်း ရေးလို့ ရပါတယ်။

တော်ရိလျော်ရိ စာရေးသူတယောက်သာ အဲလို ရေးရင် လိပ်ပတ်လည်ဖို့တောင် အတော် ခက်နေမှာပါ။

ဓာတ်ရှင်မှာလည်း အတူတူပါပဲ။ အပြရှည်တွေဟာ နေရာတကျ သုံးတတ်ရင် တကယ့် “အား”ဆိုတာ ဓာတ်ရှင်သမိုင်းက ပြခဲ့ပြီးပါပြီ။ မသုံးတတ်ရင်တော့ အားမဖြစ်ဘဲ ဇာတ်ကို “အိုင်သွားစေတဲ့” “အမှောင့်”သာ ဖြစ်ကြောင်းလည်း သတိထားကြဖို့ လိုလိမ့်မယ် ထင်ပါတယ်။

နိဂျုံုးခုတ်ရရင်…

ကျနော် နည်းနည်း ကျွမ်းကျင်တဲ့ စာပေနဲ့ပဲ ပြောကြည့်ပါရစေ။ အလင်္ကာတွေ၊ ဥပစာတွေဟာ စာရေးဖွဲ့ရာမှာ သုံးတတ်ရင် အလွန် အထောက်အကူ ဖြစ်စေပါတယ်။ ကိုယ်ဖော်နေတဲ့ ဇာတ်ကြောင်းကို ရုပ်လုံးကြွလာစေပါတယ်။

ဒါပေမယ့် တရားလွန် သုံးပြန်တော့လည်း ဖတ်ရသူ ညည်းလာသလို လိုရင်းကိုလည်း မရောက်နိုင်တော့ပြန်ဘူးဆိုတာ စာရေးသူတိုင်း သတိထားအပ်ပါတယ်။

ဓာတ်ရှင်မှာလည်း အလားတူပါပဲ။ အရာရာကို သူ့နေရာနဲ့သူ အံဝင်ခွင်ကျ သုံးသွားရင် ဇာတ်ကားလေးတွေ ကြွတက်နေမှာပါ။ ကိုယ်စွဲလန်းနှစ်သက်တာတခုကြောင့် တမျိုးတည်းကို နင်းကန် ချသုံးရင်တော့ ဆားတွေ နင်းကန် ထည့်ထားတဲ့ ဟင်းလို စားသုံးသူ ပရိသတ်မှာ ရှုံ့မဲ့သွားစေတတ်တာကိုလည်း သတိချပ်သင့်တယ်လို့ မြင်မိရကြောင်းပါခင်ဗျား။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(၀၅၀၉၁၉)