သုညနဲ့ တစ်

🤔🤔🤔🤔🤔🤔

တည်ကြည်သူနဲ့ ကိုယ်ပိုင်မူ

သိုးဆောင်းစကားမှာ ရှိတယ်။ A woman of principle, a man of principle ဆိုတာ။ ကိုယ်ကျင့်တည်ကြည်သူ မိန်းမ၊ ယောက်ျား။ တနည်းအားဖြင့် ကိုယ်ပိုင်မူ (principles) ရှိသူတွေပေါ့။

အဲဒီ့လူရဲ့ ကိုယ်ပိုင်မူက မှန်ချင်လည်း မှန်မယ်၊ မှားချင်လည်း မှားမယ်။ သို့သော် သူ့မူနဲ့သူ ခိုင်ခိုင်မာမာ ရပ်တည်နေသူပေါ့။

ဓားပြခေါင်းဆောင်ပဲ ဆိုပါစို့။ ဓားပြတိုက်တဲ့သူဆိုမှတော့ ဘယ်လူကောင်း သူကောင်း ဖြစ်နိုင်ပါတော့မလဲနော်။ သို့သော် အဲဒီ့ ဓားပြခေါင်းဆောင်မှာ မူရှိတယ်။ မဟုတ်တာ လုပ်ပြီး၊ အကျင့်ပျက်ပြီး ချမ်းသာနေတဲ့သူတွေဆီကပဲ တိုက်တယ်၊ လုမယ်။ ရိုးရိုးသားသား စင်ကြယ်တဲ့ အသက်မွေးမှုနဲ့ ချမ်းသာနေတဲ့သူ ဘယ်လောက် ချမ်းသာနေနေ လုံးဝ မထိဘူး။ ပြီးရင် သူတိုက်လို့ရလာတာကို ဆင်းရဲနွမ်းပါးသူတွေ၊ အတိဒုက္ခရောက်နေသူတွေကို ကူညီတဲ့ နေရာမှာ သုံးတယ်။ အလားတူပဲ၊ ရလာသမျှကိုလည်း သူ့တပည့်လက်သားတွေကို ညီညီမျှမျှ တရားသဖြင့် ခွဲဝေပေးတယ်။ အဲဒါ သူ အစဉ်တစိုက် ကျင့်သုံးတဲ့ မူတွေပဲ။

အခွင့်မသာလို့ တိုက်လို့ မရရင် သူလည်း အငတ်ခံတယ်၊ သူ့မူကိုတော့ အထိပါး ခံပြီး တိုက်ရလွယ်မယ့် လူချမ်းသာရဲ့ အိမ်ကို ဝင်မတိုက်ဘူး။ ဘာလို့လဲဆိုရင် အဲဒီ့လူ ချမ်းသာနေတာက စင်စင်ကြယ်ကြယ် ရိုးရိုးသားသား ရှာဖွေထားတာတွေပဲလို့ သူကောင်းကောင်း သိထားလို့ ဆိုပါစို့။

အဲဒါဆိုရင် အဲဒီ့ဓားပြခေါင်းဆောင်ဟာ ကိုယ်ကျင့်တည်ကြည်သူ ဖြစ်လာပါပြီ။

နောက်ထပ် ဥပမာ ကိုယ့်ဆရာတွေ

နောက်ဥပမာတခု ပေးပါရစေဦး။ အရက်သောက်တတ်၊ မိန်းမလိုက်စားတတ်၊ လောင်းကစားတတ်သူပဲ ဆိုပါစို့ရဲ့။ သူဟာ အဲဒီ့ မကောင်းမှုတွေမှာ ပျော်မွေ့တယ်။ ခုံမင်တယ်။ ဒါပေသည့် သူ့မှာ မူရှိတယ်။ အရက်သောက်ပြီးရင် မရမ်းကားဘူး။ မိန်းမ လိုက်စားတယ်ဆိုရာမှာလည်း သူတပါးအိမ်ရာကို မပြစ်မှားဘူး။ နောက်တခုက ဘယ်မိန်းမကိုမှ လီဆယ်ပြီး ကာမကို အရမယူဘူး။ အတည်ပေါင်းမှာပါတို့ ဘာတို့ ညာတို့ မလိမ်ဘူးပေါ့။ ကျုပ်ဖြင့် မင်းဆီက ဒါကို လိုချင်တယ်၊ လက်ခံနိုင်ရင် လက်ခံပါ၊ လက်မခံနိုင်ရင် ငြင်းလို့ အတိအလင်းဆိုပြီးမှ လိုက်စားတယ်။ လောင်းကစားရာမှာလည်း ကလိန်မကျဘူး။ ပြီးတော့ ကြောင်သူတော် ကြွက်သူခိုးလည်း မလုပ်ဘူး။ သူ အရက်သောက်တာ၊ မိန်းမလိုက်စားတာ၊ လောင်းကစားတာ သူ့ပတ်ဝန်းကျင်တခုလုံး အသိပဲ။

ရေးရင်းနဲ့မှ ဆရာသော်တာဆွေကို သွားသတိရတယ်။ ဆရာသော်တာဆွေ အရက်သောက်တာ သူ့စာဖတ်ပရိသတ် အားလုံး သိတယ်။ ကြက်တိုက်တာလည်း သိတယ်။ မြာပွေခဲ့တာလည်း သိတယ်။

သူ့ဆရာ ဆရာကြီး ရွှေဥဒေါင်းလည်း တသက်တာအတွေးအခေါ်နဲ့ မှတ်တမ်းမှာ သူ နည်းမျိုးစုံ ရှုပ်ခဲ့တာတွေ တိုင်းသိပြည်သိ ရေးပြခဲ့ဖူးပါတယ်။ တကယ့် လူတေကြီးတွေပေါ့။

သို့သော် သူတို့မှာ ကိုယ်ပိုင်မူတွေ ရှိကြတဲ့အတွက် ပရိသတ်အများ လေးစားကြည်ညိုရတဲ့ ဆရာကြီးတွေအဖြစ် သူတို့ မရှိတော့တာ ကြာပြီစြဖ်တဲ့ ကနေ့ထက်တိုင် ရှိနေဆဲပါပဲ။

ပုတ်သင်ညို ပတ်ဝန်းကျင်

ကိုယ်ပိုင်မူ၊ ကိုယ်ကျင့်သိက္ခာဆိုတာကို ကျနော် စဉ်းစားနေမိတယ်။ ကျနော်တို့ဆီမှာ အဲဒါ တစတစ လုံးပါးပါးနေပြီလားလို့ စဉ်းစားနေမိတာပါ။ အတွေ့ရများတာကတော့ ပုတ်သင်ညိုလို ပတ်ဝန်းကျင်ကို လိုက်ပြီး အရောင်ပြောင်းနေတာချည်းပါပဲ။

ယုတ်စွအဆုံး၊ ကိုယ့်နှုတ်က ထွက်ထားတဲ့ စကားလေးကိုတောင်မှ ကိုယ့်ဘာသာ ပြန်လေးစားရကောင်းမှန်း မသိတဲ့သူတွေ ပေါကြွယ်နေတာပါပဲ။ အဲလိုလူတွေမှာ ဘယ်မလဲ ကိုယ်ကျင့်သိက္ခာ၊ ဘယ်မလဲ ကိုယ်ပိုင်မူ။

သမစိတ္တသတ္တိ

ဆက်စဉ်းစားလိုက်တဲ့အခါ သမစိတ္တသတ္တိဆိုတာ ပေါ်လာပါတယ်။ သိုးဆောင်းစကားကို ဘာသာပြန်လိုက်တာပါ။ Moral courage ပေါ့။

မျှတတဲ့ စိတ်ထားနဲ့ လုပ်ဆောင်ရဲတာပေါ့။ ပြောရတာတော့ လွယ်ပါတယ်။ ဒါပေမယ့် တကယ် ကျင့်သုံးဖို့တော့ အားစိုက်ကြရပါမယ်။ မျှတတဲ့ စိတ်ထား၊ ပါဠိလို သမစိတ္တ။

ကိုယ့်အတွက် ခရီးဖင့်သွားမယ်မှန်း သိနေပါလျက်ကနဲ့ ဒုက္ခရောက်နေသူကို အချိန်ပေး ကူညီတာမျိုး၊ အမှိုက်ကောက်တာမျိုး၊ အိမ်အလုပ်တွေ၊ ကျောင်းစာတွေကို ဘယ်သူမှ ခိုင်းစရာမလိုဘဲ လုပ်တာမျိုး၊ အတင်းအဖျင်း စကားဆို နားလည်းမထောင်၊ ပြန်လည်း မပွားတာမျိုး၊ ကိုယ်ပြောတဲ့စကားအတိုင်း ကိုယ်တိုင် ကျင့်ကြံနေထိုင်တာမျိုး၊ အလုပ်ပြုတ်ကိန်း၊ ဝင်ငွေထိခိုက်ကိန်း၊ တရားစွဲခံရကိန်းတွေ ရှိနေတဲ့ ကြားကပဲ မသမာမှုကို လူအများသိအောင် လုပ်ဆောင်တာမျိုး၊ ကောက်ရတဲ့ ပစ္စည်းကို ပိုင်ရှင်လက် ပြန်ပေးနိုင်ဖို့ အားထုတ်တာမျိုး၊ အလုပ်ခွင်မှာ ကျားမ မရွေး၊ ကိုးကွယ်တဲ့ ဘာသာမရွေး၊ လူမျိုးမရွေး၊ ဆင်းရဲချမ်းသာမရွေး၊ လိင်စိတ်ကိုင်းညွတ်မှုမရွေး အားလုံးရဲ့ သဘောထားကို တလေးတစား နားထောင်ပေးတာမျိုးတွေဟာ တကယ့်တကယ်မှာ ဖြောင့်မတ်တည်ကြည်တဲ့ စိတ်ထားသတ္တိ၊ သမစိတ္တသတ္တိ နမူနာတွေပါပဲ။

အဓမ္မစိတ္တသတ္တိ

ပြောင်းပြန် ပြန်ပြောရင် ဒုက္ခရောက်နေသူကို ရှောင်သွားတာ၊ ပြောသင့်တာထက် ပိုပြောတာ၊ လူတယောက် ဒုက္ခရောက်တာ၊ မတော်တဆဖြစ်တာကို ရယ်ပွဲဖွဲ့တာ၊ ထိုက်တန်သူကို နေရာမပေးဘဲ ကိုယ့်ကိုယ်ကိုယ်ပဲ နင်းကန် ပွဲထုတ်တာ၊ ဥပဒေကြောင်းအရ မျှတမှုကိုထက် ဥပဒေပါ စကားလုံးတွေနဲ့ချည်း ကိုင်ပေါက်တာ၊ အမှားကျူးလွန်တာ၊ မတရားတာကို မြင်နေလျက်နဲ့ မသိချင်ယောင်ဆောင်နေတာ၊ ကလေးတွေအပေါ် ချမှတ်ပေးထားတဲ့ စည်းမျဉ်းတွေက လိုရင်တမျိုး မလိုရင်တမျိုးဖြစ်နေတာ၊ အများညီလို့ ဤကို ကျွဲပါလို့ လိုက်လုပ်တာ၊ ကတိမတည်တာ၊ လိမ်လည် လှည့်ဖျားတာတွေဟာ သမစိတ္တ မရှိတာပေါ့။

စဉ်းစားဖို့

စာဖတ်သူ လူကြီးမင်းရဲ့ ပတ်ဝန်းကျင် အသိမိတ်ဆွေတွေထဲမှာ ဘယ်လို လူစားတွေက ပိုများနေသလဲလို့ နဖူးပေါ် လက်ကလေးတင်ပြီး တချက် ဆင်ခြင်ကြည့်လိုက်ပါလား။ စာဖတ်သူ လူကြီးမင်း ကိုယ်တိုင်ရော…

သည်လိုတွေးနေတဲ့ အချိန်မှာ မိတ်ဆွေတယောက်က ကျနော့ဆီ လင့်(ခ်)လေးတခု ပို့လာပါတယ်။ အဲဒီ့ လင့်(ခ်)က ပုံလေးကို ကူးယူဖော်ပြလိုက်ပါတယ်။

Image may contain: 1 person, text

ဘာသာပြန်ရရင်တော့ အက္ခရာသင်္ချာရဲ့ ဖခင်ကြီး အယ်(လ်) ခွာရစ်(ဇ်)မီကို “လူဆိုတာ ဘာပါလဲ”လို့ မေးလိုက်တဲ့အခါ ဆရာကြီးက ပြန်ဖြေပါတယ်။

• လူတယောက်ဟာ တည်ငြိမ်နေ၊ သမစိတ္တရှိနေမယ်ဆိုရင် လူ = ၁ ပါ။

• အဲဒီ့လူက နှစ်လိုဖွယ်ကောင်းနေတယ်ဆိုရင် သုည ထပ်တိုးလိုက်ကြတာပေါ့။ လူ = ၁၀ ဖြစ်သွားပါပြီ။

• သူက ကြွယ်ဝတယ်ဆိုရင် နောက်ထပ် သုညတလုံးတိုးလိုက်တော့ လူ = ၁၀၀ ပေါ့။

• မြင့်မြတ်တယ်ဆိုရင် နောက်တလုံး ထပ်တိုး။ လူ = ၁၀၀၀ ပေါ့။

• ဒါပေမယ့် လူထဲမှာ ရှိနေတဲ့ သမစိတ္တတန်ဖိုးဖြစ်တဲ့ ၁ သာ ပျောက်သွားမယ်ဆိုရင်တော့ ဘာတန်ဖိုးမှ မရှိတော့တဲ့ သုညတွေပဲ ကျန်တော့မှာပါတဲ့။

ဟုတ်ကဲ့… ကျနော်တော့ မောင်သုည မဖြစ်ချင်ပါဘူး။ ဒါ့ကြောင့် ၁ ကလေး ရလာရေးကို သေသည်အထိ အားထုတ်သွားရပါဦးတော့မယ်။

စာဖတ်သူလူကြီးမင်းရော… သုညတွေနဲ့ချည်းပဲ ဘဝကို အဆုံးသတ်ချင်ပါသလား။ ဒါမှမဟုတ် သုညရှေ့က တစ်ကလေးကို ပိုမက်မိပါသလား။

ဘာကိုပဲ ရွေးရွေး စာဖတ်သူလူကြီးမင်းကို လေးစားပါတယ်။ တချက်ကလေး စဉ်းစားပေးရင်ကို ကျေနပ်ပါပြီဗျာ။

အားလုံ တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ…
အတ္တကျော်

(၁၇၀၉၁၉)