ဆန္ဒပြသူ ဒို့ရန်သူလား

ကျောင်းသားအပါအ၀င် ဆန္ဒပြသူများအပေါ် အစိုးရရဲ့ သဘောထား ပြောင်းဖို့ အပူတပြင်း လိုအပ်နေပါတယ်။ အကျင့်ဆိုးဆိုတာ ပြင်ရ အင်မတန် ခက်တော့ ပြောမယ့်သာ ပြောရတယ်၊ အားက သိပ်မရှိဘူး။

လက်ပံတန်းနဲ့ ရန်ကုန်မှာ တစ်နေ့တည်း ဖြစ်ခဲ့တဲ့ အစိုးရရဲ့ အကြမ်းဖက်မှုတွေကို ကြည့်ရင် ဆန္ဒပြသူဟာ ရန်သူဆိုတဲ့ အစွဲ၊ နှိပ်ကွပ်ရမယ်ဆိုတဲ့ အစွဲ၊ ဆန္ဒပြတယ်ဆိုတာ လက်မခံထိုက်ဘူးဆိုတဲ့ အစွဲတွေက ထင်းထင်းကြီး ပေါ်လွင်နေပါတယ်။

Image result for letpadan 2015
Photo Credit: Associated Press

လွှတ်တော်လမ်းကြောင်းတွေ၊ ဘာလမ်းကြောင်းတွေ၊ ညာလမ်းကြောင်းတွေ ရှိလျက်နဲ့ ဆန္ဒပြရသလားဆိုတဲ့ စကားကို ထပြောထားတာတွေ တွေ့လိုက်ရသေးတယ်။ သူတို့အလုပ်သူတို့ လုပ်တာမို့ မဥပါဒ်မိပေမယ့် အငြင်းပွားစရာတွေ အများကြီးပါ။ မြန်မာပြည်က လွှတ်တော်၊ အစိုးရနဲ့ တရားစီရင်ရေးတို့ရဲ့ သက်တမ်းက ငါးနှစ်တောင် ကောင်းကောင်း မပြည့်အောင် နုသေးတဲ့အချိန်မှာ သည်စကားတွေပြောတာ ပေါချာချာနိုင်လှတယ်ဆိုတာလောက်တော့ သဘောပေါက်ဖို့ ကောင်းတယ်ဆိုတာလောက်ပဲ ပြန်ပြောချင်ပါတယ်။

အခုဖြစ်ရပ်တွေကြောင့် နဂိုကမှ သံသယနဲ့ ကြည့်နေရတဲ့ အစိုးရအပေါ် လူထုအများစုကရော နိုင်ငံတကာအသိုင်းအ၀ိုင်းကပါ ယုံကြည်မှု ကင်းမဲ့သွားပြီဆိုတာ ထင်ရှားပါတယ်။ (အမှန်တော့ သူတို့ပြောတဲ့အတိုင်း လွှတ်တော်ကသာ တကယ် အလုပ်ဖြစ်နေတဲ့ လွှတ်တော်ဆိုရင် သည်လိုဖြစ်ရပ်မျိုး ဖြစ်ပွားသွားတဲ့အခါ အစိုးရကို အယုံအကြည်မရှိ အဆို တင်သွင်းမှာပါ၊ အနည်းဆုံးတော့ ပြည်ထဲရေး ၀န်ကြီးကို လွှတ်တော်က ခေါ်ယူ မေးမြန်းမှာပါ။ အခု ဒါတွေ မကြားရပါဘူး။ လွှတ်တော်ကြီးက လတ်တလော ကျင်းပနေဆဲပါနော်။)

ထားပါတော့။

ရှေ့ဆက်ဖို့ လုပ်ငန်းစဉ်ကို ကျွန်တော် ဆွေးနွေးကြည့်ချင်ပါတယ်။

တစ်ခုတော့ ရှိပါတယ်။ တကယ်နိုင်ငံအပေါ် စေတနာ ထားတယ်ဆိုရင်ပေါ့။ နောက် နှစ် ၃-၄၀ အကြာမှာ ငါတို့ ရှိတော့မှာ မဟုတ်ဘူး၊ ဒါပေမယ့် သည်နိုင်ငံကြီးကတော့ ရှိနေဦးမှာ။ ဒါ့ကြောင့် ငါတို့ ကောင်းမြတ်တဲ့ စံများကို တတ်နိုင်သမျှ ချထားပေးခဲ့မယ်ဆိုတဲ့ စိတ်နှလုံးကောင်းလေးလောက် မွေးနိုင်မယ်ဆိုရင်ပေါ့။

မမွေးနိုင်ဘူး။ လတ်တလော ငါတို့ အကျိုးစီးပွား အထိခိုက်မခံရေးသာ အဓိကဆိုရင်လည်း ကိုယ်တော်တို့ရဲ့ သဘောထားကို လေးစားပါတယ်။ ကျွန်တော့်စာကို ဆက်ဖတ်စရာ မလိုပါဘူး။

လုပ်ငန်းစဉ်

(၁) ဆန္ဒပြဖို့ ခွင့်ပြုချက်တောင်းတိုင်း ပေးဖို့ လိုပါတယ်။ ဘာအကြောင်းပြချက်နဲ့မှ မငြင်းပယ်သင့်ပါဘူး။ ဒါမှ ခွင့်ပြုချက်ပေးတဲ့ အဖွဲ့အစည်းတွေအပေါ် ယုံကြည်မှု ရှိလာမှာ ဖြစ်ပြီး ဘယ်တော့ပဲဖြစ်ဖြစ် အသိပေးလာ၊ ခွင့်ပြုချက် တောင်းလာကြမှာ ဖြစ်ပါတယ်။

တစ်နည်းပြောရရင် အာဏာပိုင် အဖွဲ့အစည်းတွေကိုယ်တိုင်က ဆန္ဒပြသူတွေ အဆင်ပြေအောင် ကူညီပေးမယ်ဆိုတဲ့ ဆန္ဒ ပြင်းပြင်းပြပြရှိနေဖို့ လိုပါတယ်။

(၂) ပြီးရင် ဆန္ဒပြပွဲကို ဦးဆောင်မယ့် ခေါင်းဆောင်တွေနဲ့ ရဲနဲ့ ညှိနှိုင်းရပါမယ်။ ဆန္ဒပြမယ့် အချိန်၊ နေရာ၊ ဦးတည်ချက်၊ လူအင်အား၊ ဘယ်လောက်ကြာကြာ ဆန္ဒပြမယ်၊ ဘယ်လမ်း ဘယ်လမ်းက သွားမယ်ဆိုတာတွေကို ညှိကြရပါမယ်။

ဥပမာ ရန်ကုန်မြို့လယ်မှာ ဆန္ဒပြမယ်။ အချိန်က ရုံးဆင်းချိန် ဖြစ်နေမယ်ဆိုရင် ဆန္ဒပြသူတွေကြောင့် တခြားသူတွေ၊ ယာဉ်တွေ အနှောင့်အယှက် မဖြစ်အောင် အာဏာပိုင်တွေဘက်က ဘယ်လို ကူညီပေးမယ်၊ ဆန္ဒပြသူတွေဘက်က ဘယ်လို ထိန်းထိန်းသိမ်းသိမ်း လုပ်သွားမယ်ဆိုတာကို နှစ်ဦးနှစ်ဖက် လက်ခံနိုင်အောင် ညှိကြဖို့ လိုပါတယ်။

တစ်ဆက်တည်းမှာပဲ ဆန္ဒပြပွဲကနေ မလိုလားအပ်တဲ့ အနှောင့်အယှက်တွေ၊ အကြမ်းဖက်တာတွေ၊ ဖျက်ဆီးတာတွေ မပေါ်ပေါက်လာအောင် နှစ်ဦးနှစ်ဖက် ဘယ်လို စီမံကြမယ်ဆိုတာကိုလည်း စီးဝါး ရိုက်ထားကြရပါမယ်။

ဒါက ဆန္ဒပြပွဲ မတိုင်ခင် ကြိုတင် ပြင်ဆင်မှု အပိုင်းပါ။

(၃) ဆန္ဒတကယ်ပြပြီဆိုတဲ့အခါ အာဏာပိုင်တွေဘက်က သည်ဆန္ဒပြပွဲ အေးအေးချမ်းချမ်း ပြီးဆုံးသွားဖို့ ကူညီရေးကို ဇောင်းပေးစဉ်းစားရပါမယ်။ ဆန္ဒပြသူတွေဟာ သူတို့နည်းတူ ပြည်သူတွေပါ။ ရန်သူတွေ မဟုတ်ပါဘူး။ အဲတော့ သည်ဆန္ဒပြသူတွေရဲ့ လုံခြုံဘေးကင်းရေးကို ဦးစားပေး ဆောင်ရွက်ကြရမှာပဲ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေဘက်ကလည်း သတိကြီးကြီးနဲ့ ကိုယ့်အဖွဲ့ကိုယ် စည်းကမ်းရှိနေ၊ စနစ်တကျ ရှိနေအောင် ထိန်းချုပ် ကွပ်ကဲနိုင်ရပါမယ်။

တကယ်လို့ ကိုယ့်ထဲကပဲဖြစ်ဖြစ်၊ တခြားကဖြစ်ဖြစ် ဆန္ဒပြပွဲကနေ အကြမ်းဖက်ပွဲ၊ ဖျက်ဆီးပွဲအဖြစ် အသွင်ပြောင်းဖို့ ကြိုးစားသူကို တွေ့လာတာနဲ့ တစ်ပြိုင်နက် အနီးအနားမှာ အသင့်ရှိနေတဲ့ အာဏာပိုင်ကို အကြောင်းကြားပြီး အဲဒီ့လူ(တွေ)၊ ငါးခုံးမတွေကို ဖယ်ရှားကြရမှာပဲ ဖြစ်ပါတယ်။

(၄) အရေးကြီးဆုံးအချက်

တကယ်လို့ ဆန္ဒပြသူတွေထဲမှာ အဲလို အကြမ်းဖက်သူ၊ ဖျက်လိုဖျက်ဆီးလုပ်သူ တစ်ဦးတစ်ယောက်ကို ဖြစ်စေ၊ တစ်စုတစ်ဖွဲ့ကို ဖြစ်စေ တွေ့ပြီဆိုတာနဲ့ အာဏာပိုင်တွေက အရေးယူရပါမယ်။ လိုအပ်ရင် ဆီ လျော် မျှ တ တဲ့ အင် အား သုံး ပြီး ထိန်းချုပ်နိုင်အောင် ကြိုးစားကြရပါမယ်။

အဲဒါဟာ အဲဒီ့ တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့ကိုသာ ရည်ရွယ်ရမှာ ဖြစ်ပြီး ဆန္ဒပြသူ အကုန်လုံးကို သိမ်းကြုံး ဆော်ပလော်တီးရမှာ မဟုတ်ပါဘူး။

(၅) ဆန္ဒပြပွဲပြီးဆုံးသွားတဲ့အခါ ဆန္ဒပြသူ ခေါင်းဆောင်တွေနဲ့ အာဏာပိုင်တွေနဲ့ စားပွဲမှာ ထိုင်ပြီး ဆွေးနွေးသင့်ပါတယ်။ သည်ပွဲမှာဖြင့် ဘာတွေ အဆင်ပြေသွားခဲ့တယ်၊ ဘာ့ကြောင့် အဲလို အဆင်ပြေခဲ့တာ၊ နောက်တစ်ပွဲသာဆိုရင် ဘယ်လို ပိုကောင်းအောင် လုပ်နိုင်မယ်၊ သည်တစ်ပွဲမှာ ဘာတွေ ချော်သွားခဲ့တယ်၊ ဘယ်လို အခက်အခဲတွေ ရှိခဲ့တယ်၊ နောက်တစ်ပွဲကျရင် ဘယ်လို ပြုပြင်ကျော်လွှားမယ် စတာများကို ဆွေးနွေးဖော်ထုတ်ကြရပါမယ်။

အဲဒီ့ ဆွေးနွေးချက်တွေကို စာနဲ့ ပေနဲ့ မှတ်တမ်းတင်ထားပြီး တခြားဒေသက၊ တခြားနယ်မြေက အာဏာပိုင်တွေ၊ ဆန္ဒပြလိုသူတွေအတွက် သင်ခန်းစာယူစရာ လမ်းညွှန်အတွေ့အကြုံများအဖြစ် ဝေမျှ သွားနိုင်ပါသေးတယ်။

ဒီမိုကရေစီဆိုတာ အင်အားသုံးပြီး ဖြေရှင်းရတဲ့ အရာမဟုတ်ပါဘူး။ လေ့ကျင့်ပျိုးထောင်ယူရတဲ့ အမူအကျင့်ပါ။

ကျွန်တော်ပြောတဲ့အထဲမှာ အကြောင်းအရာပိုင်း လုံးဝ မပါပါဘူး။ အကြောင်းအရာက မှန်ချင် မှန်မယ်၊ မှားချင် မှားမယ်၊ ဒါပေမယ့် လုပ်ထုံးလုပ်နည်းသာ မှန်မယ်ဆိုရင် မြန်မာပြည်ကြီးလည်း ကျက်သရေရှိ၊ လူသာဓုခေါ်၊ နတ်သာဓုခေါ်နိုင်တဲ့ အေးချမ်းတဲ့ လူ့ဘောင်တစ်ခုကို တည်ဆောက်နိုင်မယ်ဆိုတာကို ဆွေးနွေးလိုက်တာပါ။

လက်ခံချင်ရင် လက်ခံပါ။ လက်မခံချင်လည်း ရပါတယ်။

ကျွန်တော် ဆင်ခြင်မိသလောက် လက်ဆင့်ကမ်းပေးလိုက်တာ ဖြစ်ပါတယ်။

အဓိကကတော့ စေတနာမှန်ရင် လုပ်ရပ်လည်း မှန်လာပါလိမ့်မယ်။

အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(၁၂၀၃၁၅)

 

Facebook မှာ ကျနော် ရေးဖြစ်ခဲ့တာလေးတွေကို တစုတစည်းတည်းရှိနေအောင် ပြန်ရှာပြီး တင်ထားတာ ဖြစ်ပါတယ်။

Author: lettwebaw

A prolific Burmese writer whose main work is non-fiction with many articles and books on psycho-social and health issues including sex education for teenagers, proper etiquette, child rearing practices and marriage counselling tips. Another nom de plume is "Pseudonym."

One thought on “ဆန္ဒပြသူ ဒို့ရန်သူလား”

  1. “ဆန္ဒပြဖို့ ခွင့်ပြုချက်တောင်းတိုင်း ပေးဖို့ လိုပါတယ်။ ဘာအကြောင်းပြချက်နဲ့မှ မငြင်းပယ်သင့်ပါဘူး။ “ဆိုတာကို လုံးဝသဘောတူပါတယ်။ကိုကြီးကျော်ပြောသလို လုပ်နည်းလုပ်ဟန်လေးတွေနဲ့လုပ်ဆောင်ဖို့ ကောင်းလှကြောင်းကို ကျွန်တော်တို့လူမျိုးတွေက သိပ်ပြိးသဘောမပေါက်ကြသေးသလို အာဏာပိုင်တွေဘက်ကလည်း ဒီနည်းဒီပုံကိုင်တွယ်ကြမယ်ဆိုရင် သင့်မြတ်ပေမယ်လို့လည်း စဉ်းစားမိကြပုံမရပါဘူး။ ငါတို့ကိုအနေအစားပျက်အောင်လုပ်တဲ့ငနဲတွေကို ဘယ်လိုဘယ်ပုံတွယ်လိုက်မယ်ဟဲ့ဆိုတဲ့ အာဏာရှင် ဆန်ဆန် အတွေးအခေါ်တွေနဲ့ပဲ အကျွမ်းတဝင်ဖြစ်နေကြဟန်တူပါတယ်။ဒီတော့ဗျာ ကိုကြီးကျော်ရေ (ချောက်တွန်းတာ မဟုတ်ရပါဘူး) ဒီမိုကရေစီ နုနုထွတ်ထွတ် နိုင်ငံကလေးမှာ ကိုကြီးကျော်ပြောခဲ့တဲ့အချက်တွေပါမယ့် “စည်းကမ်းပြည့်ူဝသော(အာဏာပိုင်များ၏ သည်းခြေကြိုက်စကားလုံး)ဆန္ဒပြပွဲတခု ပြုလုပ်ပုံနှင့်ဆန္ဒပြသူပရိသတ်အား ကိုင်တွယ်ဖြေရှင်းနည်း” ဆိုတဲ့စာအုပ်ကလေး တအုပ်လောက်များ ဝေဝေဆာထုတ်ဝေလိုက်ပါလားဗျာ။ ဒါမှမဟုတ်လည်း” ဆန္ဒဒီလိုပြရတယ်နှင့် လူယဉ်ကျေးများ လက်စွဲ” ဆိုပြိးစာအုပ်နာမည်ပေးလိုက်ရင်မကောင်းဘူးလား။တွေးဆဆင်ခြင်တော်မူပေးပါဦးခင်ဗျာ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s