🔹 မျိုးချစ်ဝါဒ (patriotism) ရယ်၊ ရွှေတွေက အမျိုးသားရေးဝါဒလို့ တလျှောက်လုံး သုံးလာတဲ့ nationalism (နိုင်ငံချစ်ဝါဒ)တို့ရယ်ဟာ တူသလိုလိုနဲ့ ကွဲပါတယ်။
🔹 မျိုးချစ်တယောက်ဟာ ကိုယ့်နိုင်ငံရဲ့ ဆောင်ရွက်ချက်တွေအတွက် ဂုဏ်ယူတတ်တဲ့သူပါ။ အခု အမေရိကန် နိုင်ငံသား ဖြစ်နေတဲ့ အောင်လဟာ ဗမာပြည်ပေါက်ပါဆိုပြီး ဂုဏ်ယူတာမျိုးဟာ မျိုးချစ်တာပါပဲ။
🔹 နိုင်ငံချစ်သူကတော့ ကိုယ့်နိုင်ငံက ဘာကြီးလုပ်နေနေ အဲဒီ့အတွက် ဂုဏ်ယူတတ်တဲ့သူပါ။ ကိုယ့်နိုင်ငံက သူများနိုင်ငံကို မတော်မတရား သွားကျူးကျော်နေရင်ပဲဖြစ်ဖြစ်၊ ကိုယ့်နိုင်ငံက မသမာတဲ့ နည်းလမ်းတွေ၊ လူတွေကို အညွန့်တုံးစေမယ့် နည်းလမ်းတွေနဲ့ စီးပွားဖြစ်နေရင်ပဲဖြစ်ဖြစ် တရားသည်ဖြစ်စေ မတရားသည်ဖြစ်စေ ဂုဏ်ယူတဲ့ စိတ်က နိုင်ငံချစ်စိတ်၊ နိုင်ငံချစ်ဝါဒပါပဲ။
🔹 မျိုးချစ်ဝါဒက တာဝန်ယူစိတ်လေး ရှိတယ်။
🔹 နိုင်ငံချစ်ဝါဒ (အမျိုးသားရေးဝါဒ)က အသားလွတ် စိတ်ကြီးဝင်တာဖြစ်ပြီး စစ်ပွဲတွေဆီကို ဦးတည်သွားတတ်ပါတယ်။
🔹 ပူးတွဲဖော်ပြထားတဲ့ ပုံလေးက အဲဒီ့နှစ်ခုကို အခုလို ခွဲခြားပြပါတယ်။
🔹 မျိုးချစ်ဝါဒက အတိတ်သမိုင်းက သင်ခန်းစာယူပါတယ်။ ငါတို့ဘက်က ဘာတွေမှားခဲ့လို့ ပြည်တွင်းစစ် ဖြစ်ရတာလဲ။ နောက်မဖြစ်အောင် အတိတ်က လုပ်ခဲ့မိတဲ့အထဲက ဘာတွေ ရှောင်မလဲလို့ ဆင်ခြင်တတ်တာ မျိုးချစ်ဝါဒပါ။
🔹 နိုင်ငံချစ်ဝါဒကတော့ သမိုင်းကို အသစ်ပြန်တီထွင်တာပါပဲ။ ပုံထဲမှာတော့ လူတွေဟာ ကျွန်ဖြစ်ရတာကို ကြိုက်တယ်ဆိုပြီး ခုခေတ်ကြီးမယ် ထ တွေးတာမျိုးဟာ သမိုင်းကို အသစ်ပြန်တီထွင်တာပါ။
🔹 🔹 🔹 အာဏာရှင်ဆန်တဲ့ အုပ်ချုပ်မှုသြဇာအာဏာနဲ့ တသွေးတသံတမိန့် အစွန်းရောက် အလွန်အကျွံ နိုင်ငံချစ်ဝါဒ ဖြစ်သွားသလို အတိုက်အခံကို အင်အားသုံး ဖိနှိပ်မယ်၊ လူ့ဘောင်ကိုရော၊ စီးပွားရေးကိုရော လိုသလို ပုံစံသွင်းလာမယ်ဆိုရင်တော့ အဲဒါ ဖက်ဆစ်ဝါဒဖြစ်သွားပါပြီ။ 🔹 🔹 🔹
🔹 အလွန်အကျွံ နိုင်ငံချစ်ဝါဒ (ultranationalism) ဆိုတာဟာ တခြားနိုင်ငံ တခြားလူမျိုးတွေ ဘာဖြစ်ဖြစ်၊ ကိုယ့်နိုင်ငံမှ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးမှ ကိုယ့်လူမျိုးရဲ့ အကျိုးတခုတည်းကိုသာ ကြည့်တတ်တဲ့ အမြင်ပါ။
💙 မျိုးချစ်စိတ်ဟူသည်ကား ကလိမ်ကကျစ်တို့၏ နောက်ဆုံး (ကြံရာမရတဲ့အဆုံး) ခိုကိုးရာ ဖြစ်သတည်း။ 💙
ဆိုတဲ့ စကားကို ဆယ်မြူယယ်(လ်) ဂျော်(န်)ဆင်(န်)က ၁၇၇၅ ခုနှစ် ဧပြီလ ၇ ရက် ညနေခင်းမှာ ပြောခဲ့တာ ဖြစ်ပါတယ်။ သည်မတိုင်ခင် တနှစ် ၁၇၇၄ ခုနှစ်မှာ ထိုမျိုးချစ်ဆိုတဲ့ အမည်နဲ့ သူ့စာအုပ် ထွက်ခဲ့ပါတယ်။
🔹 သူ့စကားမှာ မျိုးချစ်စိတ်လို့ သုံးနှုန်းထားပေမယ့် တကယ်တမ်းမှာ ယေဘုယျ မျိုးချစ်စိတ်၊ အခုစာရဲ့ ဒုတိယပိုဒ်ပါ မျိုးချစ်စိတ်မျိုးကို ဆိုလိုတာ မဟုတ်ကြောင်း အဲဒီ့ကတည်းက ယနေ့အထိ ကျယ်ကျယ်ပြန့်ပြန့် နားလည်ထားကြပါတယ်။ သူပြောတဲ့ မျိုးချစ်စိတ်ဆိုတာက မျိုးချစ်စိတ်အတု၊ မျိုးချစ်စိတ် အလွဲကိုသာ ဆိုလိုရင်း ဖြစ်ပါတယ်။
🔹 သူ့ခေတ် ဗြိတိန်နိုင်ငံရဲ့ နိုင်ငံရေးသမား Pitt of Chatham ဆိုသူက ထစ်ခနဲရှိ မျိုးချစ်စိတ်၊ မျိုးချစ်စိတ်ဆိုတဲ့ ဆင်ခြေနဲ့ ထင်ရာထထလုပ်တတ်ခဲ့ပါတယ်။ တနည်းပြောရင် ထင်ရာစိုင်းဖို့အတွက် အကာအကွယ်ယူတဲ့ မျိုးချစ်စိတ် အတုအယောင်ကို သူက ရည်ရွယ်ခဲ့ပါတယ်။
🔹 သေချာတာကတော့ ကိုယ့်ကိုယ်ကိုယ် မျိုးချစ်ပါလို့ ကြွေးကြော်သေူတွေဟာ အတုတွေပါပဲ။
🔹 တကယ်တရားရနေသူ၊ တရားဓမ္မမှာ မွေ့လျော်နေသူတွေက သူတို့ကိုယ်သူတို့ တရားသမားပါလို့ မပြောတတ်ကြသလိုပဲ မျိုးချစ်စိတ်တကယ်ရှိသူတွေကလည်း ကျုပ်ကဖြင့် မျိုးချစ်လှပါချေရဲ့လို့ အော်မနေတတ်တာလောက်တော့ သတိချပ်သင့်ကြမယ်လို့ မြင်မိပါကြောင်း။
အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(၀၈၀၃၁၉)
”ဒီမျိုးချစ်စိတ်နိုင်ငံချစ်စိတ်” ဆိုတဲ့ဆောင်းပါးကိုသာ အိမ်သာမဲကြီးရဲ့ စာမျက်နှာ ပေါ်မှာသာမကဘဲနေ့စဉ်ထုတ်သတင်းစာကြီးတွေမှာသာ ဖော်ပြ ခွင့်ရလိုက်လို့ကတော့ ဒို့ကိုကြီး ကျော်တယောက် ဝက်ဝက်ကွဲ သွားမှာနော်။ပိုပြီး ကျော်ကြား သွားမှာကိုပြောတာပါဗျာ။ ဒီနိုင်ငံမှာရေးလို့ မရရင် ဆရာကြီး ဦးချစ်ထွန်းလို ပြည်ပသတင်းစာမှာရေးဗျာ။ကို ကြီးကျော်ရဲ့ လယ်ဗှယ်နဲ့ဆို ပေါက်ရောက်ပါတယ်။
ရွှေနံနံဂျီးမှာတော့ ဝက်ဝက်ကွဲ အဆဲခံရဖို့ သေချာသလောက်ပါဗျာ
ဆဲမယ့်လူက ၂၅ %လောက်ပဲရှိမှာပါဗျာ။