ဆိုရှယ်လစ်ခေတ်က တစ်ပြည်လုံးကို ကောင်းစွာ ဖျက်ဆီးခဲ့တယ်။ အဲဒီ့အပျက်ကို ပြင်ဖို့လည်း ဘယ်သူကမှ အားထုတ်ရကောင်းမှန်း မသိဘူး။
ဆိုရှယ်လစ်ခေတ်မှာ အစစ အရာရာ ရှားပါးခဲ့ပါတယ်။ ဆန်၊ ဆီ၊ ဆပ်ပြာ၊ အဝတ်အထည် စတဲ့ လူသုံးကုန် ပစ္စည်းတွေကို ရှားပါးခဲ့တာ။ အားလုံးဟာ ခွဲတမ်းစနစ်နဲ့။ အဲတော့ “မှောင်ခို”ခေတ်၊ “တန်းစီတိုးစားခေတ်” ဖြစ်ခဲ့တယ်။
ထုတ်ဈေးနဲ့ ပြင်ပပေါက်ဈေးဟာ အမြဲတစေ ကွာဟနေခဲ့တယ်။ ထုတ်ခွင့်ရသူတွေက အခွင့်ထူးခံတွေလို ဖြစ်လာတယ်။ ဆန်၊ ဆီမှသည်၊ ရုပ်ရှင်လက်မှတ် အလယ်၊ အိမ်မှာ တပ်ဆင်တဲ့ ကြိုးဖုန်းတွေ၊ မော်တော်ကားတွေ အဆုံးပါပဲ။
၁၉၇၃ မှာ အမေ့နာမည်နဲ့ မာဇဒါ လေးဘီး လိုက်(ထ်)ဗှယ်(န်)တစ်စီး ဝယ်ယူခွင့် မဲပေါက်တယ်။ ထုတ်ဈေးက ကျပ် နှစ်သောင်း။ ပေါက်ပြီဆိုကတည်းက ငါးထောင် အမြတ်ပေးမယ့်သူ အဆင်သင့်ပါ။ ကားက ဘယ်ဆီနေမှန်း မသိဘူး။
တစ်နှစ်ကျော်ကြာမှ ကားထုတ်ရတယ်။ အဲတော့ တစ်သိန်းပေးမယ့်သူက အဆင်သင့်ရှိနေခဲ့တယ်။ အဲလိုမျိုး။
ျွန်တော့် သူငယ်ချင်း ဗိုလ်ကြီးဟောင်းတစ်ယောက်။ ခမျာ ဘိုင်ကျတော့ ရန်ကုန်မြို့လယ်က ယနေ့ထက်တိုင်ရှိနေဆဲ ဆေးခန်းကြီးတစ်ခန်းကို သူ့ကြိုးဖုန်း ရောင်းတယ်။ သူ့ထုတ်ဈေးက ကျပ် ၅၀၀။ ပြန်ရောင်းတော့ သိန်းချီရတယ်။ ကြိုးဖုန်းတောင် အဲတုန်းက ရှားပါးပစ္စည်းကို။ ၁၉၈၀ ဝန်းကျင်မှာပါ။
ကြိုးဖုန်းရောင်းနည်းကကျတစ်မျိုး။ ဇယားရှုပ်တယ်။ သူငယ်ချင်းခမျာ သူ့မိသားစု အိမ်ကနေ ပုံစံ (၁၀)နဲ့ ထွက်ရတယ်၊ ပြီးတော့ ဟိုဆေးခန်းလိပ်စာမှာ အိမ်ထောင်စု စာရင်း ပြန်ဝင်ရတယ်။ ပြီးမှ ဖုန်းပြောင်း လျှောက်ရတယ်။ လနဲ့ချီ ကြာခဲ့တာ။
သာမန်လူတန်းစားကတော့ ပပကဆိုတဲ့ ပြည်သူ့ပစ္စည်းကော်ပိုရေးရှင်း၊ ပြည်သူ့ဆိုင်၊ နောက်တော့ သမဆိုင် စတာတွေက ရောင်းတဲ့ ပိတ်စ၊ ဆပ်ပြာ၊ သွားတိုက်ဆေး၊ ထီး အစရှိတာတွေ တိုးဝယ်၊ မှောင်ခို ပြန်သွင်း။
အရက် ဘီယာတောင် အစိုးရဆိုင်က ရောင်းတာ။ ဘာတဲ့ “ပြည်တွင်းဖြစ် နိုင်ငံခြား အရက်ဆိုင်”ဆိုတဲ့ အူကြောင်ကျားနာမည်နဲ့။ (အဲဒါ ကျွန်တော့် ဒဂုံဂျစ်အကြောင်း ရေးတော့ ပြည်တွင်းဖြစ် နိုင်ငံခြားကားဆိုပြီး ထည့်ရေးတာ စာပေစိစစ်ရေးက ဖြုတ်ခိုင်းလို့ ဖြုတ်ပေးခဲ့ရဖူးသေးတယ်။) အဲ… အဲဒီ့ အစိုးရ အရက်ဆိုင်မှာ ပြည်တွင်းထုတ် ရမ်၊ အိုးဘရန်ဒီ၊ မော့(လ်)(ထ်) ဝစ္စကီဆိုတာတွေကို ရောင်းတယ်။ ခွဲတမ်းနဲ့ပဲ။ ဘယ်ခွဲတမ်းနဲ့ ဘယ်လို ရောင်းမှန်းတော့ မသိဘူး။ တကယ် သောက်သုံးလိုသူက ဝယ်လို့ရဖို့ ခက်တယ်။ မှောင်ခိုဆီမှာတော့ အောတိုက်လို့။ ရမ်တစ်ပုလင်း ၃၀၊ အပြင်မှာဝယ် ၃၅ ကျပ်။ အေးဆေးပဲ။ ဘီယာဆိုတာ တော်တော် ရှားတာ။ ဒါ့ကြောင့်လဲ အဲဒီ့ခေတ်က အောက်ကလိအာကြတာပ… ဘီယာကို ထန်းရည်နဲ့ လဲနိုင်ပေါင်ဆိုတာမျိုး။
ဆေးနဲ့ ဆေးပစ္စည်းလည်း အတူတူ။ အိမ်ဆောက်ပစ္စည်းလည်း အတူတူ။ ပုံနှိပ်မင်တွေ၊ စက္ကူတွေ၊ စောရေးကိရိယာတွေလည်း အတူတူ။
အဲဒီ့တစ်ခေတ်လုံးဟာ တန်းစီတိုးစားနဲ့ မှောင်ခိုတွေရဲ့ ကာလ။ ဘာမဆို အစိုးရက ချုပ်ကိုင်ထားတော့ တကယ်လိုသူတွေ မရ၊ မလိုသူတွေက ရပြီး ဈေးတင်ရောင်း၊ အဲဒီ့အမြတ်နဲ့ ရပ်တည်နေထိုင်ခဲ့ကြတဲ့ ဘ၀တွေပေါ့။
ဘယ်သူမှ သိပ်မသိတဲ့ အမြတ်ရနည်း တစ်ခုတောင် ကျွန်တော် လုပ်ဖူးသေးတယ်။ ဗမာနိုင်ငံသုံး ခြင်္သေ့ရုပ်နဲ့ ဆယ်ပြားစေ့ အလေးစေ့၊ အရင် ပါလီမန်ခေတ်က ထုတ်ခဲ့တဲ့ ဆယ်ပြားစေ့၊ အဲဒီ့ဆယ်ပြားစေ့ ကိုးစေ့ (ပြား ၉၀)ကို တကျပ်နဲ့ ရောင်းတာ၊ နောက်ပိုင်း ရှစ်စေ့။ ခုနစ်စေ့၊ ခြောက်စေ့စသဖြင့် ရှားသလောက် ပိုရခဲ့ဖူးတယ်။ ဝယ်တာက ထိုင်းက ဝယ်တာ။ ကျိုင်းတုံက မမတွေက ကောက်တယ်။ အဲဒါလည်း ရောင်းစားဖူးတယ်။ အခု ထိုင်းက အကြွေစေ့တွေဟာ အဲဒီ့ ဆယ်ပြားစေ့တွေ ပုံပြောင်းကုန်တာလားတော့ မသိဘူး။
လောင်စာဆီ မှောင်ခိုဖြစ်လာတာ အဲဒီ့ ၁၉၈၀ ဝန်းကျင်ပါပဲ။ ကျွန်တော်တောင် အဲဒါနဲ့ လုပ်ကိုင် စားသောက်ခဲ့ဖူးပါသေးသဗျား။ တစ်နေ့ကို ကျပ် ၆၀ လောက် မြတ်ရင် သားအမိနှစ်ယောက် အူစိုတာပေါ့။ ဘာမှလည်း မပင်ပန်းဘူး။ ဓာတ်ဆီဆိုင်မှာ ကားလေးသွားထိုး၊ ဆီဖြည့်။ ပြီးရင် ပုံးလေးနဲ့ ခံ၊ ကီလီလမ်း (အခု ဝါးတမ်းလမ်း) ကမ်းနားက မိန်းမကြီးဆီ သွားရောင်း။ တိန်တိန့်ကို မြည်လို့။
အဲဒါကြီးက ဘယ်အထိ ပါလာသလဲဆိုရင် မကြာသေးခင် နှစ်များအထိပဲ။ ကျွန်တော် ထင်တယ်။ ကျွန်တော့် ဒဂုံဂျစ်နဲ့ ဒီဇယ် ထုတ်စားခဲ့တာများ ကားဖိုး တစ်ဝက်မဟုတ်တောင် သုံးပုံတစ်ပုံလောက် ကျေခဲ့မှာခင်ဗျ။
သံရုံးမှာ အလုပ်လုပ်နေတုန်းက ဒေါ်လာစားမို့ ဆီထုတ်ရောင်းတဲ့ အလုပ်ကို မလုပ်ခဲ့ဘူး။ မလုပ်တော့ ကျွန်တော့်ကို လူမိုက်လို့ ဝိုင်းပြောကြသူတွေက တစ်ရာမှာ ၉၉ ယောက်။ ကျွန်တော်က ခပ်တည်တည်ပဲ၊ မလုပ်ဘူး။ ဦးမှန်ကြီးပေါ့။
အဟဲ… အလုပ်လည်း ပြုတ်လာ၊ ဝင်ငွေလေးလည်း ကျပ်တည်းလာတော့ ဦးမှန်ကြီးလည်း ဘာခံနိုင်မလဲဗျာ။ လုပ်တော့တာပေါ့။ လုပ်တော့လည်း ငါ့နှယ် နောက်ကျလေခြင်းပေါ့။ ဘယ့်နှယ့်ဗျာ၊ တစ်ပတ် တစ်ပတ်ကို လေး၊ ငါးသောင်း မြတ်နေတာကိုး။
ပျက်စီးခြင်းက ငါးပါးမက သံဃာစင်ပါ မှောက်တော့တာပါ။
ဗမာပြည်မှာ GSM ပထမဆုံး အလုံးတစ်ထောင် မပြည့်ခင် အသုတ်မှာ ကျွန်တော် ကံထူးစွာ တစ်လုံးရတယ်။ ကျွန်တော့်နံပါတ်ဆို အလုံး ၇၀၀ တောင် မပြည့်သေးဘူး။ ငါးသိန်းသွင်းရတယ်။ အဲဒါကို နောက် နှစ်နှစ်လောက်အကြာမှာ ဘိုင်ကျလို့ ထုတ်ရောင်းလိုက်တော့ ၄၄ သိန်း ရဖူးတယ်။
အဲဒီ့နောက် ၁၅ သိန်း ဖုန်းတစ်လုံး ကျွန်တော့် အိမ်သူနာမည်နဲ့ ကျလာပြန်တယ်။ အဲတုန်းက ကျွန်တော်တို့မှာ ၁၅ သိန်း ဝေးစွ၊ တစ်သိန်းခွဲတောင် အနိုင်နိုင်ရယ်။ ဒါနဲ့ ဖုန်းလိုချင်တဲ့ သူငယ်ချင်းတစ်ယောက်က ဆယ်သိန်း အမြတ်ပေးပြီး ယူသွားလေရဲ့။
အကျင့်တွေ တန်ကုန်ကြပုံကို စီကာပတ်ကုံး ရေးပြတာပါ။
ကနေ့ခေတ် ၂၀ တန်းတွေရဲ့ မိခင် ဖခင်တွေဟာ အဲဒီ့ ဆိုရှယ်လစ် လူသားတွေပါ။
အဲတော့ နိုင်ငံခြား ဖုန်းကုမ္ပဏီက သန်းနဲ့ ချီပြီး ချရောင်းပေးနေတဲ့ ဖုန်းကတ်တွေကို ကျိတ်ကျိတ်တိုး ဝယ်၊ ငါးထောင် တစ်သောင်း ဈေးခေါ်ပြီး ပြန်ရောင်းနေကြတာ မြင်သိနေရတဲ့အခါ အဲဒီ့လူတွေကို အပြစ်မတင်ရက်ဘူး။ စကားတင်းလည်း မဆိုရက်ဘူး။
အကျင့်တန်တဲ့ မိဘ ပတ်ဝန်းကျင်မှာ လူလားမြောက်ခဲ့ရ၊ ကြီးပြင်းခဲ့ရသူတွေချည်းကိုး။
တော်တော်တော့ ခက်တယ်ဗျ။
ကျွန်တော်တို့မှာ ကလေးတွေကို သွန်သင်ဖို့ သိပ်ခက်နေတယ်။ အဖေ့ကို နမူနာယူလို့ ပြောရင် အဖေက အေးဓားပြ ဖြစ်နေတယ်။ အမေ့ကို နမူနာယူလို့ ပြောရင်လည်း အမေက သူခိုး။ ဒါဖြင့် ဦးလေးကို ကြည့်ကွာ ဆိုရအောင်လည်း ဦးလေးက အလစ်သုတ်တဲ့သူ ဖြစ်နေပြန်တယ်။ အဒေါ်ကလည်း ကလိန်ကကျစ်။
အဲသလို ပတ်ဝန်းကျင်မျိုးက ကျွန်တော်တို့ ပတ်လည်မှာ ဝန်းရံထားတယ်။
လေဆိုတာတော့ ပစ်လို့ သိပ်လွယ်ပါသဗျာ။ အကျင့်ပျက်မှုတို့၊ စာရိတ္တတို့ဆိုတာ သိပ်ပြောလို့ ကောင်းတဲ့ ဝေါဟာရတွေ။
ငါးပါးသီလဆိုတာလည်း တယ်ပြောလို့ ကောင်းတာပဲ။ ဒါပေမယ့် “လွယ်ရင် သူကြွယ်တောင် မနေဘူး”ဆိုတဲ့ စကားကလည်း အထင်အရှားဆိုတော့ကာ စာရိတ္တဆိုတာ ပတ်ဝန်းကျင်ကလည်း ဖေးမနေမှ ဖြစ်တဲ့ အရာလေ။
တော်ပါတယ်ဗျာ… သွားလေသူကြီး တော်လွန်းပါတယ်။
တစ်ပြည်လုံးကို အမြစ်ကလှန်ပြီး ဖျက်ဆီးသွားတဲ့နေရာမှာ သူက ဧတဒဂ်ပဲ။
သို့ပေတည့် သူ့တပည့်သားမြေးများကတော့ သူ့အကြောင်းဆို တစ်လုံးမှ လေသံ မသလပ်ဘူးခင်ဗျ။ သူတို့အတွက်ကျတော့လည်း ဧရာမကျေးဇူးရှင်ကြီးပေကိုး။
အားလုံး တရားပါတယ်လေ။
အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(၀၁၀၈၁၄)