လူဖြစ်ရှုံးနေသူများရဲ့ အလယ်မှာ

😩😩😩😩😩😩😩😩😩

ဦးနှောက်မုဒိန်းရဲ့ ဝေါဟာရ ရင်းမြစ်

Brainwash ကို ဘယ်လို ဘာသာပြန်မလဲလို့ စဉ်းစားလိုက်တဲ့အခါ “ဦးနှောက်မုဒိန်းကျင့်ခြင်း”လို့ ဘာသာပြန်တာ အပြောင်မြောက်ဆုံးလို့ တွေးမိနေရပါတယ်။ ဟုတ်တယ်လေ။ ကိုယ့်ဦးနှောက်ထဲက အသိတွေ၊ အမြင်တွေ၊ အတွေးတွေကို တဦးတယောက်၊ တစုတဖွဲ့က အဓမ္မရိုက်သွင်းတဲ့နည်းနဲ့ သူတို့လိုချင်သလိုသာ တွေးမိ၊ မြင်မိနေစေအောင် ပုံဖော်ယူတာကို ဦးနှောက်ဖွပ်တာလို့ တိုက်ရိုက်ဘာသာပြန်လို့ ရတဲ့ brainwash လို့ ဆိုလိုတာ မဟုတ်ပါလား။

အဲဒီ့ ဝေါဟာရရဲ့ ရင်းမြစ်ကို ရှာကြည့်တော့ အမယ်မယ်… ပေါက်ဖော်ဝေါဟာရပါတဲ့ဗျား။ ပေါက်ဖော်လို ရှီးနောဝ် (ရှယီးနောဝ်)လို့ အသံထွက်ပါတယ်။ စာလုံးပေါင်းက 洗脑 ပါ။ ဦးနှောက် ဖွပ်တာလို့ အတိအကျ အဓိပ္ပာယ်ရပါတယ်။ မော်စီတုံးလက်ထက်မှာ လူတွေရဲ့ အတွေးအမြင်တွေကို အဓမ္မပြောင်းလဲယူရာက သည်ဝေါဟာရကို သုံးစွဲလာတာပါ။ မူလဘူတက (လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်က) ပေါက်ဖော်တို့ရဲ့ တာအိုဝါဒမှာ ရှိခဲ့ပါတယ်။ စိတ်နှလုံး သန့်စင်ခြင်း၊ ဆေးကြောခြင်းဆိုတဲ့ ဝေါဟာရအဖြစ်ပါ။

၁၉၅၀ ပြည့်နှစ် စက်တင်ဘာလ ၂၄ ရက်ထုတ် “မိုင်ယာမီသတင်း” သတင်းစာထဲက သတင်းသမား အက်ဒွါ့(ဒ်) ဟန်ထာရဲ့ ဆောင်းပါးမှာ အင်္ဂလိပ်ဘာသာနဲ့ brainwash လို့ ပထမဆုံး စတင်သုံးစွဲခဲ့တာပါတဲ့။ ကိုရီးယားစစ်ပွဲ (၁၉၅၀-၁၉၅၃)မှာ အမေရိကန် စစ်သုံ့ပန်းတွေ တရုတ်ဖမ်းဆီးသူတွေနဲ့ ဘာ့ကြောင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြတာလဲ၊ တချို့ဆို ပေါက်ဖော်တို့ဘက်ကို ဘာ့ကြောင့် ပြောင်းသွားတာလဲဆိုတာကို ရှင်းလင်းတင်ပြရာမှာ ပေါက်ဖော်ဝေါဟာရကို တိုက်ရိုက် ဘာသာပြန်ပြီး သုံးစွဲခဲ့ပါသတဲ့။

အဲဒီ့နောက်ပိုင်းမှာတော့ အမေရိကန်တွေ၊ အင်္ဂလိပ်တွေ သည်ကိစ္စကို အတော်သုတေသန လုပ်ခဲ့ကြပါတယ်။ အထူးသဖြင့် စိတ်ပညာရှင်တွေပေါ့။ ၁၉၆၀ ကျော်တော့ ဒါကို တော်တော် သဘောပေါက်လာကြပြီ။ စိတ်ဓာတ်စစ်ဆင်ရေး (ဆိုက်ဝါး) ဆရာကြီးတွေလည်း သုံးလာကြပါပြီ။

ချယ်လှယ်ဖို့ အင်မတန်လွယ်တဲ့ လူများစု

အော်လစ်ဗှာ မားခပ်(စ်) မလွိုင်းဆိုတဲ့ စာရေးဆရာကတော့ သူ့ရဲ့ “အတွင်းစွဲသမားတွေရဲ့ စိတ်နှလုံးထဲမှာ”ဆိုတဲ့ စာအုပ်ထဲမှာ အောက်ပါအတိုင်း ရေးခဲ့ပါတယ်။

“လူအများစုက ကိုယ့်ဦးနှောက်နဲ့ကိုယ် မဆင်ခြင် မစဉ်းစားတတ်ကြဘူး။ တခြားတယောက်ယောက်ရဲ့ ထင်မြင် ယူဆချက်ကိုပဲ နားမလည်ပါးမလည်၊ မစူးမစမ်းဘဲ ကျက်တူရွေးစာအံသလို ပြန်ရွတ်ရင်းက ကိုယ်တိုင် တွေးမြင် ယူဆချက်တွေလို ကရားရေလွှတ်ကြတော့တာပါပဲ”တဲ့။

သူ့စကားမှာ အရေးကြီးတဲ့ အချက် ပါပါတယ်။ “လူအများစု”ဆိုတာပါပဲ။ လူအများစုဟာ ဦးနှောက်မသုံးချင်ကြဘူး။ ပင်ပန်းတာကိုးနော်။ အဲသလို လူတွေကို ဆိုက်ဝါးဆရာတွေက လိုသလို ချယ်လှယ်ဖို့ သိပ်လွယ်နေတော့တာပေါ့။

ထူးခြားတာက အလွန်လျင်၊ အလွန် ပညာတတ်၊ အလွန်ကျန်းမာတဲ့သူတွေတောင်မှ ဦးနှောက်မုဒိန်းအကျင့်ခံရ တတ်တာပါပဲ။No photo description available.

အလုပ်ရှင်၊ ထမင်းရှင်

သစ္စာရှိရမယ်၊ သစ္စာစောင့်သိရိုသေရမယ်ဆိုတဲ့ အသိလေးတခုထဲနဲ့တင်ကို ဦးနှောက်မုဒိန်းကျင့်ဖို့က အတော်လွယ်တယ်။ ကိုယ့်အလုပ်ရှင်အပေါ် သစ္စာရှိရမယ်ဆိုတဲ့ အသိပဲ ဆိုပါစို့ရဲ့။ သည်အတွက် အလုပ်ရှင် အမှားတွေ၊ မတရားတာတွေ လုပ်နေလည်း ရေငုံနေသင့်တယ်ဆိုတဲ့ အတွေးဟာ ဦးနှောက်မုဒိန်းကျင့်ခံခြင်းရဲ့ အစတောင် ဖြစ်နိုင်ပါတယ်။ အလုပ်ရှင်ကို ထမင်းရှင်လို့ မြင်လာပြီဆိုရင် သာဆိုးပြီပေါ့။

သည်ကမှ တဆင့် အလုပ်ရှင်က ချော့တခါ ခြောက်တလှည့်နဲ့ ကိုယ့်အလုပ်သမားရဲ့ ဦးနှောက်ကို ဖြည်းဖြည်းချင်း မုဒိန်းကျင့်လို့ ရသွားစေပါတော့တယ်။ အလုပ်ရှင်ရဲ့ ရန်သူဟာ ကိုယ့်ရန်သူ ဖြစ်လာတယ်၊ ကိုယ့်ကိုယ်ကိုယ် တန်ဖိုး ထားရကောင်းမှန်းလည်း မသိတော့ဘူး၊ ကိုယ့် ကိုယ်ပိုင်အမြင်တွေကိုလည်း မယုံကြည်တော့ဘူး။ ကိုယ်ဆိုတာကို မေ့သွားတယ်။ ကိုယ်က အလုပ်ရှင်ရဲ့ စေသည့်ကျွန်၊ ထွန်တဲ့နွား။ အလုပ်ရှင်သည်သာ အခရာ။ အလုပ်ရှင်က ပေးထားတဲ့ အခွင့်အရေးတွေ၊ အဆောင်အယောင်တွေ၊ ရာထူးဂုဏ်သိရ်တွေက ကိုယ့်ကို လူဆက်လုပ်နိုင်စေတဲ့ ပံ့ပိုးမှုတွေ ဖြစ်နေတယ်။ အဲတော့ အလုပ်ရှင် ပြောသမျှ အဟောဝတ ကောင်းလေစွပေါ့။

အသေးစိတ်တွေ မသွားတော့ပါဘူး။ ပျင်းရိစရာ ပညာရပ်ဆိုင်ရာ စာတမ်းမှ မဟုတ်တာလေ။

ဗုဒ္ဓဘုရားရှင်က ကာလာမသုတ္တံကို ဟောကြားခဲ့လင့်ကစား ဟိုဆရာရေးခဲ့တဲ့အတိုင်း “လူအများစု”မှာက ဦးနှောက်သုံးရမှာ ခပ်ပျင်းပျင်းဆိုတော့လည်း ဦးနှောက်မုဒိန်းအကျင့်ခံပြီးကို လူစင်စစ်က ကြက်တူရွေးတွေ ဖြစ်ကုန်တာလည်း မဆန်းပါဘူး။

လူဖြစ်ရှုံးသူများရဲ့ အလယ်မှာ

သေချာ စဉ်းစားကြည့်ရင်တော့… အဲဒါ လူဖြစ်ရှုံးတာခင်ဗျ။

ဟုတ်တယ်လေ။ ပုခုံးနှစ်ဖက်ကြား ခေါင်းပေါက်နေသူ လူသားတိုင်းဟာ မနက်အိပ်ရာထမှသည် ညအိပ်ရာဝင်အထိ ကိုယ်စွမ်းကိုယ်စကို ထုတ်သုံးနေကြရသူချည်းပဲ မဟုတ်ပါလား။ (ဂီလာနမှတပါး) အိပ်ရာကနေ သူများထူပေးမှ ထနိုင်ကြသူတွေ မဟုတ်သလို ကိုယ့်မျက်နှာ ကိုယ့်လက်နဲ့သစ်၊ ကိုယ့်သွား ကိုယ့်လက်နဲ့တိုက်၊ ကိုယ့်ခန္ဓာကို ကိုယ့်လက်နဲ့ ဆေးကြောသန့်စင်ရာမှသည် ကိုယ့်ပါးစပ်ထဲ ထည့်မယ့်အစာလည်း ကိုယ့်လက်နဲ့သာ ခပ်စားနေကြတာပါ။

ဦးနှောက်ကျတော့မှ ကိုယ့်ဦးနှောက် ကိုယ်မပိုင်ဘဲ တဦးတယောက် တစုတဖွဲ့က တွေးစေချင်သလို မြင်စေချင်သလို စဉ်းစားချင်သလို တွေးနေ၊ မြင်နေ၊ စဉ်းစားဖြစ်နေခြင်းဟာ ဘယ်လောက်တောင် လူဖြစ်ရှုံးလိုက်ပါသလဲ။

ခက်တာက ကျနော်တို့ ပတ်ဝန်းကျင်မှာ အဲသလို လူဖြစ်ရှုံးနေသူ ရောင်စုံက အင်အားကြီးမားနေတာပါပဲ။

အဲလို အစုလိုက် အပြုံလိုက် ဦးနှောက်မုဒိန်းအကျင့်ခံထားရသူတွေ ပေါကြွယ်များပြားနေတဲ့ လူ့ဘောင်ကြီးထဲမှာ နေနေရတာဟာ ဝဋ်ဆင်းရဲတခုလို့တောင် တွေးမိနေရတဲ့ အထိပါပဲ။

အတွေးသတ်မှု

ဒါနဲ့ ဦးနှောက်မုဒိန်းအကြောင်း စာတွေ လျှောက်ဖတ်မိတဲ့အခါ နောက်ထပ် ဝေါဟာရသစ်တခုလည်း တွေ့လာရတယ်။ Perspecticide တဲ့ဗျ။ Suicide ဆို ကိုယ့်ကိုယ်ကိုယ် သတ်သေတာ၊ pesticide ဆို ပိုးမွှားသတ်တာ၊ genocide ဆို မျိုးတုန်းအောင် သတ်တာ၊ အဲတော့ persepcticide ဆိုတာလည်း perspective ဆိုတဲ့ အမြင်ကို သတ်တာပေါ့။ တနည်းပြောရင် အတွေးသတ်တာပေါ့။

ဟား… ဦးနှောက်မုဒိန်းကျင့်တာဟာ အတွေးကို သတ်လိုက်ရာလည်း ရောက်တယ်လို့ မြင်လာတဲ့အခါမှာတော့…

ဆရာ ဗန်းမော်တင်အောင်ရေ… ကျနော်ကရော ဘာများ တတ်နိုင်ပါဦးမည်နည်းပေါ့ခင်ဗျာ…

အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ…
အတ္တကျော်
(၁၉၀၉၁၉)

စာကြွင်း – ပုံကို https://evilletimes.blogspot.com က ယူထားတာပါ။

ပုံပါစာတွေကို ဘာသာပြန်ရရင်တော့…

ထရမ့်(ပ်)ကိုးကွယ်မှု
=============

🔹 ခေါင်းဆောင်ကြီးသာ အခါခပ်သိမ်း မှန်ပေ၏။

🔹 ခေါင်းဆောင်ကြီးအား ဝေဖန်ခြင်းသည် နှိပ်ကွပ်ခြင်း၊ သစ္စာမဲ့ခြင်း မည်၏။

🔹 ခေါင်းဆောင်ကြီးလုပ်သမျှ လျော်ကန်မျှတ တရားလှပါပေ၏။

🔹 အရူးအမူး စွဲခြင်း၊ အကဲပိုလွန်းခြင်းများကား မူမှန်ခြင်းသာ ဖြစ်ပေ၏။

🔹 ခေါင်းဆောင်ကြီးသာလျှင် အမှန်တရားကို ပိုင်ဆိုင်တော်မူပါပေထ၏။

ဟူသတည်း။