👩🏫👨🏫👩🏫👨🏫👩🏫👨🏫👩🏫👨🏫
ကနေ့ ဝက်သားလည်း စား၊ ဟာလာ မဟုတ်တာလည်း စားပါတယ်၊ ကျန်းမာရေးအတွက် နီရဲရဲအသားတွေတော့ မစားပါဘူးဆိုတဲ့ အသက် ၄၀ အရွယ် အစ္စလာ(မ်)ဘာသာဝင် အမျိုးသမီးတယောက်နဲ့ တအံ့တသြ ဆုံခွင့်ကြုံလိုက်ပါတယ်။
ပြည်တွင်းဗျစ် အစ္စလာ(မ်)ဘာသာဝင် မဟုတ်ပါဘူး။ အစ္စလာ(မ်)ဘာသာဝင် ၉၀ % ကျော် ရှိတဲ့ နိုင်ငံရဲ့ နိုင်ငံသူပါ။
အင်္ဂလိပ်လိုလည်း မွှတ်နေအောင် ပြောနိုင်ပါတယ်။ မေးကြည့်တော့ သူက အသုံးချ ရူပဗေဒနဲ့ ဘွဲ့ရထားသူ။
ဟား…
အရမ်းလေးဇားတွားဒယ်… အင်ထာနက်ရှင်နယ်(လ်) ဂလိုဘယ်(လ်) ပရိုဂရက်ဆစ်(ဖှ်) အစ္စလားမစ်(ခ်)လေဒီပဲ။
တကယ်တော့ ပညာတွေ သင်တယ်ဆိုတာ ဘွဲ့စက္ကူကောက်ဖို့ မဟုတ်ပါဘူး။ ကိုယ်ပိုင်ဉာဏ်ကို ထုတ်တတ်လာဖို့ပဲလို့ နားလည်ပါတယ်။ မေးခွန်းထုတ်တတ်လာဖို့လို့လည်း နားလည်မိပါတယ်။
ရိုးရာတွေ၊ အစဉ်အလာတွေ၊ မိရိုးဖလာတွေကို မေးခွန်းထုတ်၊ ကိုယ်ပိုင်ဉာဏ်နဲ့ ဆင်ခြင်၊ ပယ်သင့်တာ ပယ်၊ ယူသင့်တာယူမှ ဉာဏ်ပညာရှိတဲ့ ပညာတတ်ဖြစ်မှာပါ။
မဟုတ်လို့ကတော့ ပညာတတ်မဟုတ်ပဲ သင်တာသာသိတဲ့ သင်တာတတ် ကြက်တူရွေးတွေသာ ဖြစ်နေကြပါလိမ့်မယ်။
သူ့အကြောင်း ခုလို ရေးမယ်လုပ်တော့ အင်ထနက်ထဲမယ် ပုံရှာလိုက်တဲ့အခါ ပူးတွဲပါ ပုံလေးကို ရလိုက်ပါတယ်။ သဘောကျလိုက်တာ။
“ကိုယ့်စိတ်ကို ကျွန်အဖြစ် မခံပါနဲ့…”လို့ ဘာသာပြန်ရင် သင့်လေမလားပဲနော်…
ဟုတ်တာပေါ့။ ပညာသင်တယ်၊ ပညာဆည်းပူးတယ်ဆိုတာ ကိုယ့်စိတ်ကို အစဉ်အလာ၊ ရိုးရာ၊ မိရိုးဖလာအပါအဝင် တခုခု၊ တစုံတယောက်ရဲ့ လက်အောက်ခံဘဝက လွတ်မြောက်အောင်ဆိုတဲ့ ရည်ရွယ်ချက်ကလေး ပါမှ သင့်လျော်မှန်ကန်မှာပါ။
အင်း… ကျနော်ရူးလို့ပြောမိသွားတာပါ။
ကျနော်တို့ ရွှေပြည်ကြီးမှာတော့ သင်တာတောင် ဟုတ္တိပတ္တိ မတတ်ရှာတဲ့ ကြက်တူရွေးတွေက အများစု ဖြစ်နေလေတော့ကာ ကိုယ့်စိတ်နှလုံးဟာ တခုခု တစုံတရာရဲ့ လက်အောက်ခံဖြစ်နေမှန်းကို မသိရှာကြတာလည်း ဟုတ်ကဲ့… ရှောင်လွှဲမရ ဒုလ္လဘပေါ့လေ…
အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(၀၃၁၀၁၉)