ကြည်ညိုလိုက်တာဗျာ… လောကနီတိဆိုတာကြီးကို ရေးခဲ့တဲ့ ပုတ်ကိုယ်ဂျီးဒေဂို။
ကြည့်ရတာ အဲဒါရေးတဲ့သူတွေဟာ သူတို့မအေတွေကို မစာနာ မထောက်ထားတတ်ရှာကြသူတွေ၊ ဒါမှမဟုတ်လည်း သူတို့မအေတွေက လော်လီဖောက်ပြား တွေ့ကရာလူနဲ့ မှောက်မှားဖူးတာမို့ မအေကို စိတ်နာနေသူတွေများ ဖြစ်လေမလားလို့တောင် တွေးမိလာရသဗျ။ အဟုတ်…
ဘယ့်နှယ်…အခန်း ၅ – ဣတ္ထိကဏ္ဍ တခုလုံးမှာ ယောက်ျားဘက်က အသာတွေချည်း လှိမ့်ရေးထားတာများ။ တခုချင်းသာ ဖတ်ကြည့်ကြပါတော့ဗျာ။
သဘောအကျဆုံးကတော့ အကြင်မိန်းမသည်… လင်ကို လုပ်ကျွေးပြုစုရာ၌ ကျွန်မကဲ့သို့ ရိုသေစွာပြုတတ်လျှင်… `ရုပ်ဆင်းအင်္ဂါ တင့်တယ်စွာ ပြုပြင်တတ်လျှင်၊ အမျက်ထွက်သောအခါ၌ သည်းခံတတ်လျှင် မိန်းမမြတ်ဟု ဆိုအပ်၏ ဆိုပဲ။
အမယ်မင်း… ယောက်ျားရဲ့ ကျွန်လိုနေပေးမှ မိန်းမမြတ်လို့ ဆိုရမယ်တဲ့။ အတွေးအခေါ် မျှတကြပုံပြောပါတယ်။ အဲလို မျှတတဲ့ စိတ်ထားနဲ့ သူတို့က လောကကြီးကို လမ်းညွှန်နေမှတော့ သိပ်ကို အားကိုးထိုက်ပေတာပေါ့နော်။
ကျက်သရေတုံးချက်တွေကို တချက်ချင်း ဖတ်ကြည့်ကြပါဦး။
၈၂။ ဥဩငှက်တို့၏အလှကား အသံ၊ မိန်းမတို့၏အလှကား လင်ယောက်ျားကို မြတ်နိုးခြင်း၊
၈၃။ မိန်းမတို့၏ဥစ္စာကား အဆင်းတည်း၊ ယောက်ျားတို့၏ဥစ္စာကား အတတ်ပညာတည်း၊
၈၄။ ယောက်ျားတို့သည် အတတ်ပညာရှိမှသာ တင့်တယ်၏။ မိန်းမတို့သည် လင်ယောက်ျားရှိမှသာ တင့်တယ်၏။
၈၅။ တတ်လှစွာသော စောင်းသမားသည် စောင်းနှင့်ငါးရက် ကင်းကွာမူ စောင်းတီးကွက် ပျက်တတ်၏။ အိမ်သူမယားကောင်းသည် လင်နှင့်တစ်လကင်းကွာမူ အမူအကျင့်ေ ဖာက်ပြားတတ်၏။
၈၆။ ကျွဲသည် ညွှန်၌သာ မွေ့လျော်၏။ မိန်းမသည် ယောက်ျား၌သာ မွေ့လျော်၏။
၈၇။ ထမင်းကို အစာကြေမှ ချီးမွမ်းရာ၏။ မယားကို အရွယ်လွန်မှ ချီးမွမ်းရာ၏
၈၈။ နှစ်လင် သုံးလင်ပြောင်းသော မိန်းမ၊ နှစ်ကျောင်း – သုံးကျောင်း ပြောင်းသောရဟန်း၊ နှစ်ကြိမ် သုံးကြိမ် ကျော့ကွင်းမှ လွတ်ဖူးသောငှက်၊ ဤသူတို့ကား မာယာများတတ်၏။
၈၉။ ဆိုးသွမ်းယုတ်မာသူကို ရိုက်ပုတ်ဒဏ်ခတ်ခြင်းဖြင့် ယဉ်ပါးစေနိုင်၏။ မကောင်းသော အဆွေခင်ပွန်းကို အဆက်အဆံမပြုလုပ်ဘဲ နေခြင်းဖြင့် ယဉ်ပါးစေနိုင်၏။ မကောင်းသောမယားကို ငွေကြေးဥစ္စာမအပ်နှင်းခြင်းဖြင့် ယဉ်ပါးစေနိုင်၏။
၉၀။ လရောင်မှ ကင်းသောညသည် မတင့်တယ်။ လှိုင်းတံပိုးမှကင်းသော သမုဒ္ဒရာသည် မတင့်တယ်။ ဟင်္သာမှ ကင်းသော ရေကန်သည် မတင့်တယ်။ လင်မှကင်းသော သတို့သမီးသည် မတင့်တယ်။
၉၁။ လင်ယောက်ျားသည် စည်းစိမ်ဥစ္စာကို ရှာဖွေတိုးပွားစေရာ၏။ မယားမူကား ရှာဖွေ ရရှိပြီးသော စည်းစိမ် ဥစ္စာကို ကောင်းစွာ စုဆောင်းသိုမှီးသုံးစွဲရာ၏။ အပ်သွားရာ အပ်ချည်ပါရသကဲ့သို့တည်း။
၉၂။ ခပ်သိမ်းသော မြစ်တို့သည် ကောက်ကွေ့မြဲဖြစ်၏။ ခပ်သိမ်းသော တောတို့သည် သစ်ချည်းသာ ဖြစ်ကုန်၏။ မိန်းမတို့သည်လည်း ဆိတ်ကွယ်ရာ အရပ်၌ မကောင်းမှုကို ပြုမြဲတည်း။
၉၃။ ငြင်းခုံတတ်သည့်အလေ့ရှိသော၊ြ ငူစူစောင်းမြောင်းပြောဆိုလေ့ရှိသော၊ မြင်မြင်သမျှကို လိုချင်တပ်မက် လေ့ရှိသော၊ များစွာ ချက်ပြုတ်၍စားတတ်သော၊ လင်ယောကျာ်းမစားမီ အဦးအဖျား စားတတ်သော၊ သူတစ်ပါး၏အိမ်သို့ သွားတတ်နေတတ်သည့်အလေ့ရှိသော မိန်းမမျိုးကို သားတစ်ရာပင် ရငြားသော်လည်း လင်ယောကျာ်းသည် စွန့်ပစ်ရာ၏။
၉၄။ အကြင်မိန်းမသည် စားမှု ဝတ်မှုတို့၌ မိခင်ကဲ့သို့ နှစ်သက်ဖွယ် ပြုတတ်လျှင်၊ မမြင်အပ်ရာ၊ ရှက်ဖွယ်ရာ အမှုကိစ္စတို့၌ နှမကဲ့သို့ လွန်စွာရှက်တတ်လျှင်၊ လင်ကို လုပ်ကျွေးပြုစုရာ၌ ကျွန်မကဲ့သို့ ရိုသေစွာပြုတတ်လျှင်၊ ဘေးရောက်သောအခါ တိုင်ပင်ဖော်တိုင်ပင်ဖက် ရလျှင်၊ အိပ်သောအခါ မွေ့လျော်စေတတ်လျှင်၊ ရုပ်ဆင်းအင်္ဂါ တင့်တယ်စွာ ပြုပြင်တတ်လျှင်၊ အမျက်ထွက်သောအခါ၌ သည်းခံတတ်လျှင် မိန်းမမြတ်ဟု ဆိုအပ်၏။
၉၅။ ယောကျာ်းဘဝကို ရလိုသော မိန်းမသည် မိမိ၏လင်ယောကျာ်းကို ကောင်းမွန်ရိုသေစွာ လုပ်ကျွေးပြုစုရာ၏။
—
မနေ့က ပြောခဲ့တဲ့ ပညာတတ်နဲ့ သင်တာတတ်ကြားမှာ ခွဲခြားရာမှာလည်း ဒါမျိုးတွေကို လက်ခံခြင်း မခံခြင်းနဲ့ ပိုင်းဖြတ်နိုင်မယ် ထင်ပါတယ်။
အားလုံးတွေးဆဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(၀၄၁၀၁၉)
ကိုကြီးကျော်ခင်ဗျ။ကျွန်တော် လည်း အဲဒီလောကနီတိ ဆိုတာကြီးထဲက အမျိုးသမီး များနဲ့ပတ်သက် ပြီး ပြဆိုတဲ့အခန်း ကို ဖတ်မိလေတိုင်းဘဝင် မကျ တာကြာပါပေါ့ လားဗျာ။ မဟာ့မဟာပုရိသကြီးများရဲ့ ရိုက်ချက်ပေါ့။