အချစ်ကို ဦးစားပေးခဲ့လေသူတဦး

💔💔💔💔💔💔💔💔💔

နိဒါန်း

မိတ်ဆွေတယောက်ရဲ့ ကျေးဇူးကြောင့် ကျနော် သတိမထားမိလိုက်တဲ့ သတင်းရှည်ကြီးတပုဒ်ကို ဖတ်လိုက်ရပါတယ်။

မနှစ်က အောက်တိုဘာလ ၂ ရက်နေ့မယ် အသတ်ခံလိုက်ရ၊ အလောင်းဖျောက်ခံလိုက်ရတဲ့ ဆော်ဒီအာရေဗျနိုင်ငံသား အသက် ၆၀ အရွယ် သတင်းထောက်တယောက်ရဲ့ ဖြစ်စဉ်ပါ။ သူ့နာမည်က ဂျမား(လ်) ခါရှော်ဂီတဲ့။ ဂျမား(လ်)လို့ပဲ ဆက်ရေးသွားပါမယ်။

သတင်းဆောင်းပါးကြီးကတော့ အသေးစိတ်တွေနဲ့ သိပ်ကို ဝေဆာလွန်းလှပါတယ်။ ကမ္ဘာ့သတင်းဌာန အသီးသီး၊ သတင်းစာ အသီးသီးကလည်း သူအသတ်ခံရတာ တနှစ်ပြည့်ချိန်မယ် သည်သတင်းကို ဖော်ပြကြတယ်။ ဖော်ပြဆို သူ့ကို သတ်ဖြတ်မှုနဲ့ ပတ်သက်တဲ့ ကုလသမဂ္ဂအထူးစုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာကလည်း ထွက်လာခဲ့ပြီကိုး။

ပြည်ပြေး

ဂျမား(လ်)ဟာ ဆော်ဒီ နန်းတွင်းမှာ ရာထူးကြီးကြီးနဲ့ တာဝန်ယူခဲ့ရဖူးတယ်။ အတွင်းသိပေါ့။ ဒါပေသည့် သူက မင်းလိုလိုက် မင်းကြိုက်ဆောင်မယ့်အစား သူ့နိုင်ငံတွင်းက မသမာမှုတွေကို ဖော်ထုတ်ရေးသားတတ်တဲ့ စာနယ်ဇင်းဆရာ၊ စာတည်း ဖြစ်တာမို့ သူ့ကို စာတည်းရာထူးက နှစ်ကြိမ်တိုင်တိုင် ထုတ်ပယ်ခဲ့ဖူးပါတယ်။

အခြေအနေ မလှမှန်း သိတဲ့ ဂျမား(လ်)က မိသားစုကို ထား၊ သူ့ဇနီးနဲ့ ကွာရှင်းကာ မိခင်နိုင်ငံကနေ ထွက်လာပြီး အမေရိကန်မှာ ပြောင်းရွှေ့နေထိုင်ခဲ့တယ်။ အဖမ်း ခံရတော့မယ်ဆိုတာကို သိနေလို့ပါ။ ဇနီးကို ကွာရှင်းလိုက်ရတာကလည်း အစိုးရက သူ့ဇနီးကို အတင်း ဖိအားပေးနေခဲ့လို့ပါပဲ။

Image may contain: 2 people, people smiling, eyeglasses, tree, hat, beard, outdoor and closeup

အပြင်ကနေလည်း သူ့တိုင်းပြည်သတင်းတွေ ရေးခဲ့တယ်။ အမေရိကန်နိုင်ငံ ဝါရှင်ထန်ပို့(စ်)သတင်းစာမှာ အလုပ်လုပ်နေခဲ့တဲ့အပြင် ကနေဒါနိုင်ငံမှာ ရှိနေတဲ့ သူ့နိုင်ငံသား လူငယ်တဦးနဲ့ ပူးပေါင်းပြီး အစိုးရဆန့်ကျင်ရေး ကိစ္စတွေမှာ ပါဝင်ပတ်သက်နေခဲ့ပါတယ်။

တိုးတက်နည်းပညာ လန့်စရာ

ခက်တာက ဆော်ဒီအိမ်ရှေ့မင်းသားက ခြေတံလက်တံရှည်တယ်။ ပိုက်ဆံလည်း ပေါတော့ သူတို့ချင်း ချိတ်ဆက် ပြောဆိုနေသမျှ ဖုန်းပြောတာတွေ၊ စာတိုပို့တာတွေကို ဖြတ်ခိုးနိုင်တဲ့ နည်းပညာအကူအညီကို ရယူနိုင်ခဲ့လေတယ်။ ဂျမား(လ်)ကို ဆော်ဒီပြန်လာဖို့ နည်းမျိုးစုံနဲ့ ဖျားယောင်းခဲ့သေးပေမယ့် သူ့ပြည်အကြောင်း သူသိတော့ ငြင်းတယ်။ ပြန်တာနဲ့ သူ့ကို ထောင်ထဲ ထည့်မှာပဲလို့ ကြိုတွက်နိုင်နေတာကိုး။

ဂျမား(လ်)ရဲ့ မဟာအမှားကတော့ တူရကီနိုင်ငံမှာ နေထိုင်တဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတယောက်ကို ကြွေသွားတာပါပဲ။ အဲဒီ့မိန်းမနဲ့ ယူမယ်လုပ်တော့ တူရကီဥပဒေအရ ဂျမား(လ်)ဟာ သူ့ဇနီးနဲ့ တရားဝင် ကွာရှင်းပြီး ဖြစ်ကြောင်း တရားဝင် အထောက်အထားလိုလာတယ်။ အဲဒီ့မှာတင် ဂျမား(လ်)က တူရကီက ဆော်ဒီ ကောင်စစ်ဝန်ရုံးကို သွားပြီး တရားဝင် စာရွက်စာတမ်းတောင်းတာပေါ့။

သတ်သတ် ထစ်ထစ်

ပေးမယ်ဆိုပြီး ကောင်စစ်ဝန်ရုံးက ချိန်းလိုက်တယ်။ ချိန်းတဲ့နေ့ အောက်တိုဘာ ၂ ရက်မှာတော့ ဂျမား(လ်)ကို သတ်မယ့် လက်မရွံ့အဖွဲ့က ဆော်ဒီကနေ ရောက်လာပြီး အသင့်စောင့်နေတယ်။ အတိုချုံ့လိုက်ရင်တော့ ဂျမား(လ်)ကို အဲဒီ့နေ့ နေ့ခင်း တနာရီသာသာမှာ ခေါင်းကို ပလတ်စတစ်အိတ်စွပ်ပြီး သတ်ဖြတ်လိုက်ကြတယ်။ သူ့ကိုယ်ခန္ဓာကို တစစီ ခုတ်ထစ်ပြီး ပလတ်စတစ်အိတ်နဲ့ ထုတ်၊ ကောင်စစ်ဝန်ရဲ့ အိမ်ကို ခေါ်သွား။ အဲဒီ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ရေတိုင်ကီထဲထည့် မီးရှို့အလောင်းဖျောက်လိုက်ပါတော့တယ်။

ကောင်စစ်ဝန်ရုံးအပြင်မှာတော့ ဂျမား(လ်)နဲ့ လက်ဆက်မယ့် အမျိုးသမီးက စောင့်နေတယ်။ အချိန်တန်သည်အထိ ထွက်မလာလို့ ဟိုဟိုသည်သည် ဆက်သွယ်တော့မှ သည်အမှုက လူသိရှင်ကြားဖြစ်လာတယ်။

ငြင်းကြည့်ဦးမယ်လေ

ပထမတော့ ဆော်ဒီအစိုးရက ငြင်းပါတယ်။ ဂျမား(လ်) ကောင်စစ်ဝန်ရုံးက ပြန်သွားပါတယ်ပေါ့။ ခက်တာက စီစီတီဗှီ ခေတ်ကြီးဖြစ်နေတော့ တူရကီအစိုးရရဲ့ စီစီတီဗှီမှတ်တမ်းမှာ ဂျမား(လ်) ကောင်စစ်ဝန်ရုံးထဲ အဝင်ကိုသာ တွေ့ရပြီး ပြန်ထွက်လာတာကို လုံးဝ မတွေ့ရတာပါပဲ။

တဖက်ကလည်း တူရကီ ထောက်လှမ်းရေးက ကောင်စစ်ဝန်ရုံးထဲက စကားသံတွေကို အသံဖမ်းထားနိုင်ခဲ့တယ်။ ဂျမား(လ်)ကို သတ်ဖြတ်သံ၊ ဂျမား(လ်)ရဲ့ နောက်ဆုံးအသံတွေအထိ အကုန်ဖမ်းထားနိုင်ခဲ့ပါတယ်။ အဲဒါတွေကို ကုလ စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ကျမှ ပြန်ဖွင့်ပြခဲ့ပါတယ်။ စုစုပေါင်း ၄၅ မိနစ်စာတောင် ရှိတယ်ဆိုပဲ။

အထောက်အထားတွေအရ ဆော်ဒီအိမ်ရှေ့မင်းသားရဲ့ အမိန့်အရ လုပ်တယ်လို့ ယူဆစရာတွေ ရှိနေပေမယ့် မင်းသားက ပထမ ငြင်းတယ်။ နောက်ကျတော့ သတ်ဖြတ်ခဲ့တယ်လို့ ဝန်ခံပြန်တယ်။ ဒါပေသည့် သူအမိန့်ပေးတာ မဟုတ်ဘူး။ တူရကီထဲ အဲဒီ့အချိန်မှာ ရောက်နေခဲ့တဲ့ လက်မရွံ့အဖွဲ့က လုပ်တာမို့ အဲဒီ့လူတွေကို အရေးယူမယ်၊ ဘာမယ်ပေါ့။ နောက်ပိုင်းမှာ သူကတော့ နိုင်ငံ့ဥသျှောင်မို့ သည်အမှုအတွက် တာဝန်ရှိပါတယ်၊ သို့သော် သူ အမိန့်ပေးတာမဟုတ်ဘူးလို့ပဲ တွင်တွင် ဘူးခံနေခဲ့တာ ကနေ့အထိပါပဲ။ လက်တွေ့မှာ ဘယ်သူ့ကိုမှလည်း အရေးမယူခဲ့ပါဘူး။

ရှုပ်နေတာပဲ

ထူးခြားတာက တကမ္ဘာလုံးက သည်အမှုကို ရှုံ့ချပြောဆိုနေချိန်မှာ အမေရိကန် သမ္မတကျော် ထရမ့်(ပ်)က ရေငုံနေပါတယ်။ ရေငုံဆို ထရမ့်(ပ်)သားမက်က ဆော်ဒီမင်းသားနဲ့ အဖွဲ့ကျတာကိုး။ သူ့ပုဂ္ဂလိက အကျိုးစီးပွားတွေလည်း ရှိနေတာကိုး။

ပြောမယ်ဆိုရင် အများကြီး ကျန်ပါသေးတယ်။ ဆစ်လစ်ခန်တောင်ကြားက ဆော်ဒီရဲ့ ရင်းနှီးမြှုပ်နှံမှုတွေလည်း ပါတယ်။

ခံနေရတဲ့ သတင်းသမားတွေ

သေချာတာကတော့ သတင်းသမား လုပ်ရတဲ့ ဘဝဟာ မလွယ်ပါဘူး။ နယ်စည်းမခြား သတင်းသမားအဖွဲ့ရဲ့ အဆိုအရ ၂၀၁၈ ခုနှစ်အတွင်း တကမ္ဘာလုံးမှာ သတင်းသမား ၈၀ အသတ်ခံခဲ့ရတယ်၊ ၃၄၈ ယောက်က ထောင်ထဲရောက်နေကြတယ်၊ ၆၀ ကတော့ ဓားစာခံအဖြစ် ထိန်းသိမ်းထားတာ ခံနေကြရပါတယ်။ အဓိကကတော့ အရှေ့ အလယ်ပိုင်းဒေသက နိုင်ငံတွေမှာ အဖြစ်များတာပေါ့။ လွတ်လပ်စွာ ပြောဆိုခွင်ရှိလေတဲ့ နိုင်ငံတွေမှ မဟုတ်တာလေ။

စက်ဆုပ်စရာ ထိုအာဏာ

အာဏာဟာ လူကို ပျက်စီးစေတတ်တယ်၊ အကြွင်းမဲ့ အာဏာဟာ အကြွင်းမဲ့ ပျက်စီးစေတတ်တယ်လို့ ၁၉၈၈ ကာလတို သမ္မတ ဒေါက်တာမောင်မောင်က တိုင်းပြည်ကို မိန့်ခွန်း ပြောရာမှာ ထည့်ပြောသွားခဲ့ပါတယ်။ (အမှန်တော့ သူ့ကိုယ်ပိုင် သြဝါဒတော့ မဟုတ်ပါဘူး။ John Dalberg-Acton ဆိုတဲ့ ဗြိတိသျှ သမိုင်းဆရာ၊ စာရေးဆရာ၊ နိုင်ငံရေးသမားရဲ့ ကမ္ဘာကျော် အဆိုအမိန့်ကို လှလှပပလေး ဘာသာပြန်ထားတာပါ။)

လူ့သမိုင်းစဉ်တလျှောက်လုံးမှာ အာဏာကြောင့် လူတွေဟာ မလုပ်သင့်တာတွေ လုပ်ကြသလို လူမဆန်တဲ့ လုပ်ရပ်တွေကိုလည်း ကျူးလွန်ပြခဲ့တာတွေနဲ့ ပြည့်နှက်နေပါတယ်။ တကမ္ဘာလုံးမှာပါပဲ။

အခု ဂျမား(လ်)ရဲ့ ဇာတ်သိမ်းအပါအဝင် သတင်းသမားတွေ ဒုက္ခခံရမှု အစုစုကိုလည်း သတ္တုချလိုက်မယ်ဆိုရင် အာဏာနဲ့ တိုက်ရိုက်ပတ်သက်နေပြန်တယ်။ တော်တော်တော့ သံဝေဂ ယူစရာ ကောင်းတဲ့ ဖြစ်ရပ်တွေပါပဲ။

ဂျမား(လ်)ရဲ့ ဖြစ်ရပ်မှာဆိုရင်လည်းပဲ အစိုးရတချို့ကလွဲရင် အများစုက ကိုယ်နဲ့ မဆိုင်သလို နေနေကြပါတယ်။ ကျနော်ဆိုလည်း မိတ်ဆွေကသာ လက်ဆင့်မကမ်းရင် သည်အဖြစ်ကို သိမှာ မဟုတ်သလို ဂျမား(လ်)ဆိုတာကို ကြားတောင် ကြားဖူးမှာ မဟုတ်ပါဘူး။

မိတ်ဆွေရဲ့ ကျေးဇူးကြောင့် ဖတ်မိတဲ့အခါ ရင်ထဲမှာ မကောင်းဖြစ်ရတယ်။ သံဝေဂလည်း ယူမိတယ်။ တဆက်တည်းမှာပဲ အာဏာဆိုတာကြီးကိုလည်း မစင်ဘင်ပုပ်လို စက်ဆုပ်ခြင်း ကြီးစွာ ဖြစ်ရပါတယ်။

ကျနော်တို့ ယောက်ျားတွေများ

နောက်ထပ် သံဝေဂတခုတော့ ဂျမား(လ်)ရဲ့ မွှန်စိတ်ကိုပါပဲ။ သူ့ခမျာ မဘက်လိုက်တော့ မိုက်ဘက်ပါသလို ဖြစ်သွားခဲ့ရတယ်လို့လည်း တွေးနေမိရပါတယ်။ ဘာဖြစ်တုန်းဗျာ၊ အဲဒီ့ အမျိုးသမီးကို အမေရိကန် ခေါ်သွား၊ ဟိုမှာပဲ သည်တိုင်း အတူနေလိုက်ပေါ့။ ဘာခက်လို့တုံး။

ဒါပေမယ့် သူသည် ဆော်ဒီနိုင်ငံသား၊ အစ္စလာ(မ်)အယူနဲ့။ ဟိုအမျိုးသမီးကလည်း သူနဲ့ ဘာသာတူ။ အဲတော့ သူတို့က တရားဝင်ပေါင်းသင်းရေးကို ဦးစားပေးတယ်။ သည်မှာတင် ဂျမား(လ်)လည်း အသက်ပေးလိုက်ရတော့တာပါပဲလို့သာ သုံးသပ်မိသွားရပြန်ပါတယ်။

ကျနော်တို့ ယောက်ျားတွေ သတိထားသင့်တဲ့ အချက်တချက်ပေါ့လေ။ ကျနော်တို့ရဲ့ ချစ်စိတ်၊ မွှန်စိတ်တွေက ကျနော်တို့ အသက်ဇီဝိန်ကိုပါ ခြွေပစ်နိုင်ကြောင်း ဂျမား(လ်)က သတိပေးသွားတာလေးပါ မြင်လိုက်မိရပါတယ်။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(၀၇၁၀၁၉)

အကိုးအကားတွေကတော့ တပုံတပင်ပါ။ အဲဒီ့ထဲက နောက်ဆုံး အကိုးအကား အနည်းအပါးကိုပဲ စာရင်းပြပေးလိုက်ပါတယ်။ ဝါသနာပါလို့ ရှာဖွေ ဖတ်ရှုချင်ရင်တော့ Jamal Khashoggi ဆိုပြီး ဂူဂယ်(လ်)မှာ ရိုက်ထည့် ရှာဖွေလိုက်မယ်ဆို အတောမသတ်အောင် ဖတ်စရာတွေ တပုံတပင် ရှိပါတယ်။
https://bit.ly/2VrzfHe (ဖော်ပြပါပုံကို သည်က ယူထားပါတယ်။)
https://lat.ms/2ARg4wN
https://bit.ly/2Oq9aGU

Author: lettwebaw

A prolific Burmese writer whose main work is non-fiction with many articles and books on psycho-social and health issues including sex education for teenagers, proper etiquette, child rearing practices and marriage counselling tips. Another nom de plume is "Pseudonym."

One thought on “အချစ်ကို ဦးစားပေးခဲ့လေသူတဦး”

  1. ကိုကြီးကျော်ပြောသလို ဘာမှန်းမသိတဲ့ အဲဒီ”အချစ်” ဆိုတဲ့ အရာကြီးနဲ့ အရိုးစွဲနေတဲ့ ဘာသာရေးသက်ဝင်ယုံကြည်မှုတို့ တွေ့သွားချိန်မှာ အသက်ပါပေး လိုက်ရရှာတာလို့ တွေးဆဆင်ခြင်မိ ပါတယ်။ ဖတ်ရတာစိတ်မကောင်း လိုက်တာဗျာ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s