နိုင်လွတ်လုံနဲ့ အရပ်သားအချင်းချင်း တရားစွဲလို့ ရမရ
⚖️⚖️⚖️⚖️⚖️⚖️⚖️⚖️⚖️⚖️⚖️⚖️⚖️⚖️⚖️
ဥပဒေဆိုတာ အနက်အဓိပ္ပာယ် မချွတ်ယွင်းအောင် စီရင်ရေးသားကြစမြဲ ဖြစ်ပါတယ်။
အခုတော့ ဥပဒေကို သေချာမဖတ်ဘဲ ရမ်းစွဲကြတဲ့အခါ လွဲလွဲနေကြတာတွေ တွေ့မြင်မိရသလိုပါပဲ။ ခပ်တည်တည်ပဲ၊ နိုင်လွတ်လုံ ပုဒ်မ ၁၀ နဲ့ စွဲတယ်ပေါ့။
ဟုတ်ကဲ့… ပုဒ်မ ၁၀ ကို အောက်မှာ ဖတ်ကြည့်တော်မူကြပါ။ အကျဉ်းပြောရင်တော့ ပုဒ်မ ၇ ပါ တားမြစ်ချက်ကိုသော်လည်းကောင်း၊ ပုဒ်မ ၈ ပါ တားမြစ်ချက်တရပ်ရပ်ကိုသော်လည်းကောင်း ဖောက်ဖျက်ကျူးလွန်လျှင် ဆိုတာက ထိပ်ဆုံးက လာပါတယ်။
အဲတော့ ပုဒ်မ ၇ က ဘာလဲ။ ဥပဒေနဲ့အညီ ခွင့်ပြုချက်မရဘဲ ၂၄ နာရီထက်ကျော်ပြီး ဖမ်းဆီးချုပ်နှောင်တာကို တားမြစ်ထားတာပဲ။ ဖမ်းဆီးချုပ်နှောင်မှုကို ဘယ်သူက လုပ်နိုင်သလဲ။ အာဏာပိုင်အဖွဲ့အစည်းတွေက လုပ်နိုင်ပါတယ်။ အဲတော့ နိုင်ငံသားတွေအနေနဲ့ ၂၄ နာရီထက် ပိုပြီး အကြောင်းမဲ့ အချုပ်မခံရလေအောင် ဥပဒေက ကာကွယ်ပေးထားတယ်။ အာဏာပိုင်တွေ ထင်သလို မလုပ်နိုင်အောင် ကန့်သတ်ထားတာ။
အခု စွဲနေတာတွေကို မြင်ရသလောက်ကတော့ ပုဒ်မ ၈ (စ) ကို ကိုင်ပြီး စွဲနေကြတာပါ။
(စ) နိုင်ငံသားတဦး၏ ပုဂ္ဂိုလ်ဆိုင်ရာ၊ မိသားစုရေးရာကိစ္စများတွင် အဓမ္မဝင်ရောက်စွက်ဖက်ခြင်း သို့မဟုတ် လူတဦး၏ ဂုဏ်သိက္ခာနှင့် ထင်ပေါ်ကျော်ကြားမှုကို ပုတ်ခတ်ခြင်း သို့မဟုတ် ထိခိုက်စေရန် တနည်းနည်းဖြင့် ဆောင်ရွက်ခြင်း မပြုရ။
အဓိကက ဂုဏ်သိက္ခာနဲ့ ထင်ပေါ်ကျော်ကြားမှုကို ပုတ်ခတ်တာ ဒါမှမဟုတ် ထိခိုက်စေရန် တနည်းနည်းနဲ့ လုပ်ပါတယ်ပေါ့။
ဒါပေမယ့် အဲဒီ့လို စွဲဖို့အတွက်ကျတော့ ပုဒ်မ ၈ ရဲ့ ထိပ်ဆုံးစာပိုဒ်က သည်လိုဆိုထားတယ်။
တည်ဆဲဥပဒေနှင့်အညီ ခွင့်ပြုမိန့်၊ခွင့်ပြုချက် သို့မဟုတ် ဝရမ်းတစုံတရာမရှိဘဲဖြစ်စေ၊ နိုင်ငံတော်သမ္မတ သို့မဟုတ် ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲဖြစ်စေ… တဲ့။
အဲဒီ့ခွင့်ပြုချက်တွေကို ဘယ်သူတွေ လိုအပ်တာလဲ။
သာမန် အရပ်သူ အရပ်သားတွေက သူတို့ စိတ်ထဲရှိတာလေး ချပြောဖို့အတွက် အဲဒီ့ခွင့်ပြုချက်တွေကို တောင်းဖို့ လိုပါသလားဆိုတာကို အရင်ဆုံး စ စဉ်းစားသင့်ပါတယ်။
ကိုအဝှာကဖြင့် ငပေါကြီးပါ၊ မဟဝါကတော့ မျက်နှာများလိုက်တာလို့ ပြောဖို့ ဥပဒေခွင့်ပြုမိန့် တောင်းခံဖို့၊ နိုင်ငံတော်သမ္မတ၊ ဒါမှမဟုတ် ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်တောင်းနေဖို့ လိုမတဲ့လား။
သည်လိုခွင့်ပြုချက်ကို တောင်းဖို့ လိုတာကလည်း အာဏာပိုင်တွေသာ ဖြစ်ပါတယ်။ ရိုးရိုးစင်းစင်းလေးပါပဲ။ ဘာမှ နက်နက်နဲနဲ ရှုပ်ရှုပ်ထွေးထွေးကို မဟုတ်ပါဘူး။ ကိုမောင်ဆင့်လို့ ပြောနေကြတဲ့ common sense လူပြိန်းသိလေးပဲ လိုတာပါ။
အဲတော့ကာ နိုင်လွတ်လုံဥပဒေရဲ့ ဆိုလိုရင်းက ရှင်းပါတယ်။
(၁) နိုင်ငံသားတွေရဲ့ လွတ်လပ်မှုနဲ့ လုံခြုံမှုကို အာဏာပိုင်တွေက ထင်သလို မကျူးလွန်နိုင်အောင် သည်ဥပဒေက ကာကွယ်ပေးထားပါတယ်။
(၂) ကျူးလွန်သူဟာ အာဏာပိုင် မဟုတ်သမျှ ကာလပတ်လုံး သည်ဥပဒေနဲ့ အကျုံးမဝင်ပါဘူး။ တနည်းပြောရင် စွဲလို့ မရပါဘူး။
အဲလိုမဟုတ်ဘဲ နိုင်လွတ်လုံနဲ့ ထင်သလို လျှောက်စွဲနေရင်တော့ နိုင်လွတ်လုံဟာ သားရေကွင်းဥပဒေ ဖြစ်သွားမှာ ဖြစ်တဲ့အပြင် ဥပဒေရဲ့ မူလရည်ရွယ်ချက်ဖြစ်တဲ့ နိုင်ငံသားတွေကို ကာကွယ်ပေးရာ မရောက်တော့ဘဲ ဒုက္ခပေးရာသာ ရောက်နေတော့မှာပဲလို့ မြင်မိရပါတယ်။
ကျနော့် လူပြိန်းသိလေးနဲ့ ဆွေးနွေးကြည့်တာပါ။ ဥပဒေပညာရှင်များ ဝင်ဆွေးနွေးပေးရင် သိပ်ကျေးဇူးတင်မိမှာပါ ခင်ဗျား။
အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(၁၆၁၀၁၉)
မူရင်းဥပဒေ ပြဌာန်းချက်များ ကောက်နုတ်ချက်
——————————————————
နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ (၂၀၁၇ ခုနှစ်၊ မတ်လ ၈ ရက်)
အခန်း (၂)
နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို အကာအကွယ်ပေးခြင်း
၃။ နိုင်ငံသားတိုင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့်ပုဂ္ဂိုလ် ဆိုင်ရာလုံခြုံမှု အပြည့်အဝ ရရှိခံစားခွင့်ရှိသည်။
၎။ သက်ဆိုင်ရာဝန်ကြီးဌာနနှင့်တာဝန်ရှိသူများသည် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုနစ်နာဆုံးရှုံးခြင်းမရှိစေရန် ကာကွယ်ပေးရမည်။
အခန်း (၃)
သက်ဆိုင်ရာဝန်ကြီးဌာနနှင့် တာဝန်ရှိသူများ၏တာဝန်များ
၅။ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်တာဝန်ရှိသူများသည်-
(က) တည်ဆဲဥပဒေနှင့် အညီမှတပါး ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုကိုဖြစ်စေ၊ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ဖြစ်စေ နစ်နာဆုံးရှုံးမှုမရှိစေရန် မည်သူ့ကိုမဆို ကာကွယ်ပေးရမည်။
(ခ) ပုဂ္ဂိုလ်တဦးဦး၏ နေအိမ်နှင့် နေအိမ်အဖြစ်အသုံးပြုသော အခန်း၊ အဆောက်အအုံ သို့မဟုတ် ပရဝဏ်နှင့် ပရဝဏ်အတွင်းရှိ အဆောက်အအုံများအတွင်းသို့ တည်ဆဲဥပဒေတရပ်ရပ်အရ ဝင်ရောက် ရှာဖွေခြင်း၊ သိမ်းဆည်းခြင်း သို့မဟုတ် သူတဦးဦးအားရှာဖွေခြင်း၊ ဖမ်းဆီးခြင်းပြုလုပ်လိုလျှင် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုရှိ အုပ်ချုပ်ရေးမှူးဖြစ်စေ၊ ကျေးရွာတာဝန်ခံ သို့မဟုတ် ရာအိမ်မှူးဖြစ်စေ၊ ဆယ်အိမ်မှူးဖြစ်စေ တဦးဦးအပါအဝင် အနည်းဆုံးသက်သေနှစ်ဦးနှင့်အတူ ဆောင်ရွက်ရမည်။
၆။ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် တာဝန်ရှိသူများသည် ဤဥပဒေအရ အရေးယူဆောင်ရွက်ပေးရန် တိုင်ကြားချက်ကို လက်ခံရရှိပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရမည်။ မိမိဌာနက အရေးယူဆောင ရွက်ရမည့် ကိစ္စမဟုတ်ကြောင်း ပေါ်ပေါက်ပါက အကျိုးအကြောင်းဖော်ပြ၍ တိုင်ကြားသူထံ ရက်ပေါင်း ၃၀ အတွင်း ပြန်ကြားရမည့်အပြင် ယင်းပြန်ကြားစာတွင် မည်သည့်ဌာနအဖွဲ့အစည်းသို့ တိုင်ကြားသင့်ကြောင်း အကြံပြုချက် ပါရှိရမည်။
အခန်း (၄)
တားမြစ်ချက်များ
၇။ မည်သူမျှ တည်ဆဲဥပဒေတရပ်ရပ်အရ ခွင့်ပြုသည့်ကိစ္စမှတပါး တရားရုံး၏ ခွင့်ပြုချက်မရှိဘဲ မည်သူ့ကိုမျှ ၂၄ နာရီထက်ကျော်လွန်၍ ချုပ်နှောင်ထားခြင်းမပြုရ။
၈။ မည်သူမျှ တည်ဆဲဥပဒေနှင့်အညီ ခွင့်ပြုမိန့်၊ ခွင့်ပြုချက် သို့မဟုတ် ဝရမ်းတစုံတရာမရှိဘဲဖြစ်စေ၊ နိုင်ငံတော်သမ္မတ သို့မဟုတ် ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲဖြစ်စေ-
(က) နိုင်ငံသားတဦး၏နေအိမ်၊ နေအိမ်အဖြစ်အသုံးပြုသောအခန်း၊ အဆောက်အအုံ သို့မဟုတ် ပရဝဏ်နှင့် ပရဝဏ်အတွင်းရှိ အဆောက်အအုံအတွင်း ဝင်ရောက်ရှာဖွေခြင်း၊ သိမ်းဆည်းခြင်း သို့မဟုတ် သူတဦးဦးအား ဖမ်းဆီးခြင်းမပြုရ။
(ခ) နိုင်ငံသားတဦး၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့်ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို အနှောင့်အယှက် ဖြစ်စေသော သို့မဟုတ် လူ့ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သော နောက်ယောင်ခံစောင့်ကြည့်ခြင်း၊ စုံထောက်ခြင်း နှင့်စုံစမ်းခြင်းမပြုရ။
(ဂ) ပုဂ္ဂိုလ်တဦးနှင့်တဦးအကြား ဆက်သွယ်ရေးပစ္စည်းကိရိယာတမျိုးမျိုးဖြင့် ဆက်သွယ်ပြောကြားခြင်းကို ကြားဖြတ်ဖမ်းယူနားထောင်ခြင်း သို့မဟုတ် တနည်းနည်းဖြင့် အနှောင့်အယှက်ပေးခြင်း မပြုရ။
(ဃ) ဆက်သွယ်ရေး အော်ပရေတာများထံမှ ပုဂ္ဂိုလ်ဆိုင်ရာ တယ်လီဖုန်းနှင့် အီလက်ထရောနစ်ဆက်သွယ်ရေး သတင်းအချက်အလက်များအား တောင်းယူခြင်း၊ ထုတ်ပေးခြင်းမပြုရ။
(င) အခြားသူ၏ ပုဂ္ဂိုလ်ဆိုင်ရာကိစ္စအလို့ငှာ ဆက်သွယ်ပေးပို့သည့်စာပေးစာယူ၊ စာအိတ်၊ ချောထုပ်၊ ပါဆယ်ထုပ် တခုခုကို ဖွင့်ဖောက်ခြင်း၊ ရှာဖွေခြင်း၊ သိမ်းဆည်းခြင်း၊ ဖျောက်ဖျက်ခြင်း သို့မဟုတ် ဖျက်ဆီးခြင်းမပြုရ။
(စ) နိုင်ငံသားတဦး၏ ပုဂ္ဂိုလ်ဆိုင်ရာ၊ မိသားစုရေးရာကိစ္စများတွင် အဓမ္မဝင်ရောက်စွက်ဖက်ခြင်း သို့မဟုတ် လူတဦး၏ ဂုဏ်သိက္ခာနှင့် ထင်ပေါ်ကျော်ကြားမှုကို ပုတ်ခတ်ခြင်း သို့မဟုတ် ထိခိုက်စေရန် တနည်းနည်းဖြင့် ဆောင်ရွက်ခြင်းမပြုရ။
(ဆ) နိုင်ငံသားတဦး၏ တရားဝင်ရရှိပိုင်ဆိုင်ထားသော ရွှေ့ပြောင်းနိုင်သော ပစ္စည်းကိုသော်လည်းကောင်း၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းကိုသော်လည်းကောင်း မတရားသိမ်းယူခြင်း သို့မဟုတ် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တမင်ပျက်စီးစေခြင်း သို့မဟုတ် ဖျက်ဆီးစေခြင်းမပြုရ။
၉။ မည်သည့် ရဲတပ်ဖွဲ့စခန်းမှူးမဆို ဤဥပဒေအရ အရေးယူဆောင်ရွက်ပေးရန် တိုင်တန်းချက်ကို လက်ခံရရှိလျှင် ဖြစ်စေ၊ သတင်းပေးချက်ကို လက်ခံရရှိလျှင်ဖြစ်စေ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၅၄ နှင့် အညီ အရေးယူဆောင်ရွက်ရမည်။
အခန်း (၅)
ပြစ်ဒဏ်များ
၁၀။ မည်သူမဆို ပုဒ်မ ၇ ပါ တားမြစ်ချက်ကိုသော်လည်းကောင်း၊ ပုဒ်မ ၈ ပါ တားမြစ်ချက်တရပ်ရပ်ကိုသော်လည်းကောင်း ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးခြောက်လမှ အများဆုံး သုံးနှစ်ထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံးကျပ် ၁၅ သိန်းအထိ ငွေဒဏ်ချမှတ်နိုင်သည်။
နိုင်လွတ်လုံဥပဒေကို အလွယ်တကူ အဆင်သင့် အလျားသင့် ဖတ်ရှုခွင့်ရအောင် တင်ပေးထားလို့ စာဖတ်သူများအားလုံးကိုယ်စား ကျေးဇူးတင်ကြောင်းပြောပါရစေ ကိုကြီးကျော်။