တန်လား

Image may contain: 5 people🤔🤔🤔🤔🤔

စာအုပ်မိတ်ဆက်ပွဲ

ကနေ့ သည်စာအုပ်ထဲက ဓာတ်ပုံတွေကို ရိုက်ခဲ့တဲ့ ဓာတ်ပုံဆရာထိန်ဝင်းရဲ့ မွေးနေ့ပါ။ သည်စာအုပ် မိတ်ဆက်ပွဲလည်း ဖြစ်ပါတယ်။

ဆရာထိန်ဝင်းနဲ့ သိကျွမ်းခင်မင်ခဲ့တာ ၂၈ နှစ်လောက် ရှိပါပြီ။ သူကလည်း ခွတီးခွကျ၊ ကျနော်ကလည်း ခွတီးခွတဆိုတော့ ပိုတည့်သလား မသိဘူးပေါ့လေ။

ထားပါတော့…

နားကြပ်ကို ပယ်၊ ကင်မရာကို လွယ်ခဲ့သူ

ပထမဆုံးက သူ့သတ္တိကို လေးစားတာပါ။ သူဟာ နှယ်နှယ်တော့ မဟုတ်ပါဘူး။ အိန္ဒိယနိုင်ငံ ဒါဂျီလင် (Darjeeling) မှာ ကျောင်းနေခဲ့ဖူးသူပါ။ (မင်းသား ညွန့်ဝင်းနဲ့ ဝင်းဗိုလ်တို့ညီအကိုလည်း အဲဒီ့မှာ ကျောင်းတက်ခဲ့ကြ ဖူးသူများပါပဲ။)

ဒါတင် ဘယ်ဟုတ်ပါဦးမလဲ၊ ဆေးကျောင်းလည်း တက်ခဲ့ဖူးပါတယ်။ ကနေ့ ဝန်ကြီး ဒေါက်တာဖေမြင့်၊ အခုစာအုပ်မိတ်ဆက်ပွဲမှာ အမှတ်တရစကား ပြောပေးသူ ဒေါက်တာ ငွေစိုး၊ နာမည်ကျော် ဆရာဝန်ကြီး ဒေါက်တာ ရဲမြတို့နဲ့ ခေတ်ပြိုင်လို့ ဆရာမောင်သွေးသစ်က ပြောသွားပါတယ်။

အဟဲ… ဒါပေမယ့် သူတို့ ခေတ်က ဆေးကျောင်းက မလွယ်ဘူးဗျ။ ကင်မရာဘက်ကို စိတ်သန်သွားတဲ့အတွက် ဆေးကျောင်းမှာ ၈ နှစ်နေခဲ့ပြီး ဆရာဝန်ဘွဲ့ကို မရယူနိုင်ခဲ့တဲ့ ဓာတ်ပုံဆရာကျော်ပါပဲ။

ကင်မရာမရှိပေမယ့် ထက်သန်တဲ့စိတ်ရှိလို့ ရလိုက်တဲ့ မှတ်တမ်း

ကနေ့မှ သိရတယ်။ သည် ၁၉၈၈ ခုနှစ်မယ် သူ့လက်ထဲ ကင်မရာ အပိုင် မရှိဘူး။ သူ့သူငယ်ချင်း စာပေဂျာနယ်အယ်ဒီတာ (ဆရာ) မောင်သွေးသစ်ရဲ့ ဂျာနယ်တိုက်က ယာရှီကာ ကင်မရာလေးကို ငှားရမ်းပြီး ၈၈ ကို မှတ်တမ်းတင်ခဲ့တာပါ။

အဲဒီ့ခေတ်က ကင်မရာကိုင်နိုင်ဖို့က ချမ်းသာဖို့လိုပါတယ်။ ဒစ်ဂျစ်တယ်ဆိုတာ အိပ်မက်ထဲတောင် မမက်ဖူးသေးတဲ့ ကာလပါ။ ဖလင်ကော်ပြားနဲ့ ရိုက်ခဲ့ရတဲ့ ကာလ။ ခုခေတ်လို ရိုက်ပြီး ချက်ချင်းလည်း ပြန်ကြည့်လို့ မရဘူး။ ကူးဆေးပြီးမှ ကိုယ့်ပုံထွက် ကိုယ်ပြန်ကြည့်နိုင်တဲ့ ဘဝ။

ဖလင်ဆိုတာက ဈေးကလည်း အကြီးသား။ တလိပ်ကို ၁၀၊ ၁၂ ကျပ်ပေးရတာ။ လဖက်ရည်တခွက် တကျပ်မပြည့်ချင်သေးတဲ့ ခေတ်မှာ ငွေ ၁၀ တန်ဖိုးကို တွက်သာ ကြည့်ပါတော့။

အဲဒါကို အိတ်စိုက်ပြီး သည်ပုံတွေ သူရိုက်ခဲ့ပါတယ်။ ကျနော်တို့မှာ ဖလင်တွေကို မပျက်စီးအောင် ထိန်းသိမ်းနိုင်တဲ့ နေရာ၊ လျှပ်စစ်မီး၊ ဘာညာ အခက်အခဲတွေက အများကြီးနဲ့ဆိုတော့ သူမူလရိုက်စဉ်က ရောင်စုံပုံ တချို့ဟာ အခုကျတော့ အဖြူအမည်းတွေနဲ့ ဖြစ်သွားပါတယ်။

ကံအားလျော်စွာ နိုင်ငံခြားသား သူ့မိတ်ဆွေတဦးက နောက်ပိုင်းမှာ သူ့ဖလင်တွေကို အနောက်နိုင်ငံ အယ်(မ်)စထာဒမ်က ပြတိုက်တခုမှာ သိမ်းဆည်း ပေးထားနိုင်ခဲ့ပါသတဲ့။

ဒါကြောင့် လွန်ခဲ့တဲ့ ၃၁ နှစ်က ဓာတ်ပုံမှတ်တမ်းဟာ စာအုပ်အဖြစ် ထွက်လာခဲ့ပါပြီ။

ဆရာမောင်သွေးသစ်ကတော့ သည်ပုံတွေ ဖြစ်မြောက်ရေးမှာ အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့တာမို့ သူမိတ်ဆက်စကားပြောတာ စီကာပတ်ကုံးပါပဲ။ စိတ်ဝင်စားစရာကောင်းသလို ကျနော်တို့ မသိသေးတဲ့အချက်တွေလည်း ပါပါတယ်။

Image may contain: 7 people, including Aung Kyaw, Thiha Saw and Kyin Thein, people smiling, people standing and indoor
မတ်တတ်ရပ်နေသူများ ဝဲမှယာ (ထိုင်နေသူက ကျနော်)
ကျနော် မသိသူ၊ ဆရာသီဟစောလို့ ထင်ပါတယ်၊ ဆရာမျှားနီ၊ ဓာတ်ပုံဆရာထိန်ဝင်း၊ ပန်းပုဆရာ ဆန်နီငြိမ်း

ဆွမ်းခံရင်း ငှက်သင့်

ကျနော်က ဆရာထိန်ဝင်းကို လေးစားချစ်ခင်တယ်။ အထူးသဖြင့် ထင်ရာလုပ်ရဲတဲ့ သူ့သတ္တိကိုပေါ့။ နောက်တချက်က သူ့ရပ်တည်မှု။ သူ့အလုပ် သူ လုပ်တယ်။ ဘယ်ဘက်မှ မပင်းတတ်တဲ့သူလို့ မြင်မိရပါတယ်။ ခြေမ မကောင်း ခြေမ၊ လက်မ မကောင်း လက်မ စိတ်ထားတတ်သူလို့ မြင်တာမို့ သူ့ကို လေးစားတယ်။

ဒါ့ကြောင့် အိမ်တွင်းပုန်း ကျနော်ဟာ သိမ်ဖြူ စာအုပ်လမ်းမှာ ကျင်းပတဲ့ ကနေ့ပွဲကို မရောက်အရောက် သွားခဲ့ပါတယ်။

အဲဒီ့မှာ သွားတာပါပဲ။

ကျနော့်ကိုလည်း စကားပြောခိုင်းပါရောလား…

ဟား…

ဆရာကြီး သမ္ဘာကြီးတွေ အလယ်မှာ ကျနော် ကချိကချောက်က ဘာပြောရမှာတဲ့တုန်း။

ဒါပေမယ့် အလှည့်ကျ မနွဲ့စတမ်းပေါ့ဗျာ… ခိုင်းတော့လည်း လုပ်ရတာပ။

ဆို့နေတဲ့ အကြောင်း

ပြောလိုက်ပါတယ်။ သည်စာအုပ်ကလေး ထွက်လာတော့ ဝမ်းသာရင်းနဲ့ ရင်ထဲမှာ ဆို့နေတဲ့အကြောင်း။

ဆရာမောင်သွေးသစ် ပြောတဲ့အထဲမှာ ပါသွားတယ်။ ၈၈ အရေးတော်ပုံဟာ ၁၃၀၀ ပြည့် အရေးတော်ပုံထက် အဆများစွာ ကြီးတယ်လို့ ဦးနုက ပြောခဲ့ဖူးတဲ့အကြောင်းက တချက်ရယ်၊ နောက်တချက်က တကယ်တမ်း ဆရာထိန်ဝင်းရဲ့ ပုံတွေက ထောင်ကျော်ရှိပေမယ့် အနိဋ္ဌာရုံ ပုံတွေကို ချန်လှပ်ထားခဲ့တဲ့အကြောင်းရယ်ပါ။

မှန်ပါတယ်။ တပြည်လုံး မကြုံစဖူး ထူးထူးကဲကဲ စုစည်းခဲ့တဲ့ အရေးတော်ပုံကြီးဖြစ်ခဲ့တာ ၃၁ နှစ်ကျော်လာခဲ့ပါပြီ။

အနိဋ္ဌာရုံပုံတွေကို ချန်လှပ်ခဲ့လင့်ကစား ကျနော်တို့ အာရုံထဲမှာတော့ အဲဒီ့ အနိဋ္ဌာရုံတွေက ပြက်ပြက်ထင်ထင် ကျန်နေဆဲပါ။

၃၁ နှစ်…

သည်ကာလအတွင်း စတေးခဲ့ရတဲ့ အသက်တွေ၊ ထွက်ခဲ့ရတဲ့ သွေးတွေ၊ ပေးဆပ်ခဲ့ရတဲ့ လွတ်လပ်မှုတွေ၊ အချုပ်အနှောင်တွေ…

အဲဒီ့ နည်းပေါင်းစုံနဲ့ စတေးခဲ့ စွန့်စားခဲ့ တိုက်ပွဲဝင်ခဲ့သူတွေရဲ့ နောက်ကွယ်က မိသားစုတွေရဲ့ မျက်ရည်တွေ…

အဲဒီ့စတေးမှုတွေနဲ့ ထိုက်တန်တဲ့ အပြောင်းအလဲတခုကို ၃၁ နှစ်အကြာမှာ ကျနော်တို့ ရလာခဲ့ကြပြီလား…

အဲဒါကို တွေးမိရတဲ့အတွက် ရင်ထဲမှာ ဆို့နင့်နေတဲ့အကြောင်း ကျနော် ပြောဖြစ်ခဲ့ပါသဗျာ…

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(၂၃၁၁၁၉)

အန္တရာယ်များတဲ့ လူ့ဘောင်

💣💣💣💣💣💣💣💣💣

သည်စာ ရေးဖြစ်စေဖို့ စေ့ဆော်တဲ့ အကြောင်း

မိတ်ဆွေ နှစ်ယောက် သုံးယောက်လောက်က လက်ဆင့်ကမ်းထားတဲ့ သတင်းတပုဒ်တွေ့လို့ သွားဖတ်ကြည့်မိခဲ့ပါတယ်။

လက်ဆင့်ကမ်းသူတွေက ခေါင်းစဉ်ကြောင့် လက်ဆင့်ကမ်းကြတယ်လို့ ထင်ပါတယ်။ ဟီးနေတဲ့ ခေါင်းစဉ်ကြီးက သည်လိုပါ။

“ပညာရှင်တွေ၊ တွေးခေါ်သူ ဉာဏ်ကြီးရှင်တွေ မရှိတဲ့ လူ့ဘောင် (နိုင်ငံ)ဟာ သိပ်ကို အန္တရာယ်များလှပါတယ်လို့ လူမှုဗေဒ ပညာရှင်က ဆို”တဲ့။

သတင်းဆောင်းပါးက မနှစ်က သတင်းဆောင်းပါးပါ။ The New Straits Times သတင်းစာမှာ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့က ဖော်ပြထားပါတယ်။ (https://bit.ly/2K8NZpX)

ပြောသူက စင်္ကာပူနိုင်ငံတော်တက္ကသိုလ်က လူမှုဗေဒ ပါမောက္ခ Dr Syed Farid Alatas ဖြစ်ပါတယ်။ ထင်ရှားသူ တယောက်က မလေးတွေဟာ စာပေဘာသာရပ်ကို အောင်လွယ်တာမို့ စိတ်ဝင်စားကြတယ်၊ တကယ်တမ်းမှာ အဲဒီ့ ကျောင်းသားတွေဟာ သိပ္ပံတို့ အင်ဂျင်နီယာဘာသာရပ်တို့ကို သင်သင့်တယ်လို့ ပြောလိုက်တဲ့အတွက် မလေးနိုင်ငံသား ပါမောက္ခလည်းဖြစ်၊ စာရေးဆရာလည်းဖြစ်တဲ့ ဒေါက်တာ အာလာတာ့(စ်)က သည်စကားကို ပြောခဲ့တာ ဖြစ်ပါတယ်။

သိပ္ပံပညာဆိုတာက တကယ့်အမှန်တရား ရှုထောင့်တချို့ကို သိပ္ပံနည်းကျကျ၊ စနစ်တကျ လေ့လာနိုင်စွမ်းတာမို့ သိပ္ပံသမားတွေ၊ အင်ဂျင်နီယာတွေ ကြီးစိုးတဲ့ လူ့ဘောင်မှာ အကျင့်သိက္ခာလမ်းညွှန်မရှိဘူး။ အမှားအမှန်၊ လူ့ကျင့်ဝတ်ညီ မညီ၊ အယုတ် အမြတ်ကို ဝေဖန်ပိုင်းခြားနိုင်အောင် သိပ္ပံက သင်မပေးနိုင်ဘူးလို့ သူက အတိအလင်းဆိုပါတယ်။

ဒဿနဆရာ၊ လူ့ကျင့်ဝတ်စနစ်၊ ဘာသာတရား၊ စာပေတို့ကသာ လူ့ကျင့်ဝတ်နဲ့ အညီ၊ အကျင့်သိက္ခာရှိရှိ နေတတ်ထိုင်တတ်အောင် သင်ကြားပေးနိုင်တယ်လို့ သူက ဆိုခဲ့ပါတယ်။

ထားပါတော့…

သူ့အဆို မှန်ကြောင်း အထင်ရှားဆုံး သက်သေ

“ပညာရှင်တွေ၊ တွေးခေါ်သူ ဉာဏ်ကြီးရှင်တွေ မရှိတဲ့ လူ့ဘောင် (နိုင်ငံ)ဟာ သိပ်ကို အန္တရာယ် များလှပါတယ်”ဆိုတဲ့ သူ့စကား မှန်မမှန်ကို အခု ကျနော်တို့ လက်တွေ့ မြင်နေကြရပါပြီ။

Image may contain: 2 people, people sittingအထင်ရှားဆုံး နမူနာက တရုတ်ပြည်မကြီးပါပဲ။ ကနေ့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးကို အုံနဲ့ ကျင်းနဲ့ ဝင်လာကြတဲ့ တရုတ်ခရီးသွားတွေရဲ့ အမူအကျင့်တွေဟာ စိတ်ပျက်စရာ ကောင်းလောက်အောင် ဆိုးရွားလှတာကို ကြုံဖူးသူတွေ သိကြပါလိမ့်မယ်။ တကမ္ဘာလုံးလည်း အဲဒီ့ တရုတ်ခရီးသွားတွေရဲ့ ဒဏ်ကို အလူးအလဲ ခံနေကြရပါတယ်။

သူတို့မှာ အကျင့်သိက္ခာမရှိတာ၊ လူ့ကျင့်ဝတ်ကို နားမလည်တာ အသေအချာပါပဲ။ တန်းစီထားတဲ့ ကြားကို ပြောင်ပြောင်တင်းတင်း ဖြတ်ဝင်တာ၊ သူတပါး နေရာကို အတင်းဝင်လုတာ၊ တယောက်နဲ့ တယောက် ရန်ဖြစ်နေသလို အော်ကျယ်ဟစ်ကျယ် ပြောတာ၊ ကားတွေ ဥဒဟိုသွားနေတဲ့ လမ်းပေါ်မယ် ထင်သလို လျှောက်နေတာ၊ ဟိုတယ်တွေထဲမှာ ထင်သလို ချက်ပြုတ်စားသောက်ပြီး ထားချင်သလို ထားခဲ့တာမို့ ဟိုတယ်ခန်းတွေ ပြန်ပြင်ယူနေကြရတာ မကြားချင် မမြင်ချင့်အဆုံးပါပဲ။

ပြည်မကြီးက ပေါက်ဖော်တွေ

ကျနော် ပြောနေတာ တရုတ်လူမျိုးတမျိုးလုံးကို သိမ်းကြုံး ပြောနေတာ မဟုတ်ပါဘူး။ ပင်လယ်ရပ်ခြား ပေါက်ဖော်များက ယဉ်ကျေးကြပါတယ်။ လူလို နားလည်ကြပါတယ်။ စင်္ကာပူက ပေါက်ဖော်၊ အမေရိကန်နိုင်ငံက ပေါက်ဖော်၊ မလေးက ပေါက်ဖော်စတဲ့ ပြည်မကြီးက မဟုတ်သူ အများအပြားနဲ့ ကျနော် ကိုယ်တိုင် ဆက်ဆံဖူးပါတယ်။ အားလုံး တကယ့်ကို ဖွယ်ရာ ချေငံကြ၊ ယဉ်ကျေး ပျူငှာကြပါတယ်။

ပြည်မကြီးက ပေါက်ဖော်တွေသာ လူလို မသိတတ်ရှာကြတာပါ။

ဘာလို့လဲ

မော်စီတုံးရဲ့ ယဉ်ကျေးမှု တော်လှန်ရေး (၁၉၆၆-၁၉၇၆) က တရုတ်ယဉ်ကျေးမှု၊ အနုသုခုမ၊ စာပေကဗျာ အားလုံးကို ဖုတ်ကျည်းသင်္ဂြိုဟ်ပစ်ခဲ့ပါတယ်။

တကယ်တမ်းမှာ တရုတ်ယဉ်ကျေးမှုက အလွန်မြင့်၊ အလွန်စောပါတယ်။ သို့သော် အဲဒါတွေအားလုံးကို အမြစ်က လှန်ပြီး ဖြိုလှဲလိုက်တဲ့အခါ ပြည်မကြီးမှာ ယဉ်ကျေးမှုအမွေအနှစ်အနေနဲ့ နန်းတော်လောက်သာ ကျန်ပါတော့တယ်။ အတွေးအခေါ်၊ ဒဏ္ဍာရီ၊ ရာဇဝင်၊ ပုံပြင်၊ ရိုးရာ၊ စာပေ အားလုံးကို အစအနမကျန်အောင် ယဉ်ကျေးမှုတော်လှန်ရေးက ဖျက်ဆီးပစ်လိုက်ပါတယ်။

ပီကင်းကို ကိုယ်တိုင်ရောက်ခဲ့စဉ်က နိုင်ငံတော်ယဉ်ကျေးမှု ဌာနက ဧည့်ခံတဲ့ ပွဲကို အထူးတန်း ထိပ်ဆုံးနေရာက ကြည့်ခွင့်ရခဲ့ဖူးပါတယ်။ အမေရိကန် ကဇာတ်တခုကို တရုတ်ဘာသာနဲ့ ကြည့်နေရသလိုသာ ခံစားရပါတယ်။ ဘာ တရုတ်အငွေ့အသက်မှ မရှိတော့ပါဘူး။

ယဉ်ကျေးမှုတော်လှန်ရေးရဲ့ ကောင်းကျိုး ဆိုးကျိုး

ယဉ်ကျေးမှုတော်လှန်ရေးရဲ့ အကျိုးဆက်ကြောင့် တချိန်က ဆင်းရဲချမ်းသာ ကွာဟမှု တအားကြီးမားခဲ့တဲ့ တပြည်လုံး အနေနဲ့ကတော့ တအား ပြောင်းလဲသွားခဲ့တယ်။ အလုပ်လုပ်သူတိုင်း အကျိုးခံစားခွင့်ရရှိလာခဲ့ကြပြီး ကွာဟမှုက တအားကို ကျဉ်းမြောင်းသွားခဲ့တယ်။ ပြည်ကြီးတရုတ်တိုင်း လူလူသူသူ သုံးနိုင် စွဲနိုင် စားနိုင် သောက်နိုင်လာခဲ့တာမို့ တရုတ်တို့ရဲ့ ကွန်မြူနစ်စနစ်ဟာ အတိုင်းအတာတခုအထိ ခရီးပေါက်ခဲ့တယ်လို့ ဆိုနိုင်ပါလိမ့်မယ်။

ဒါပေမယ့် အဲဒီ့အတွက် စတေးလိုက်ရတာကတော့ လူစိတ်ပျောက်သွားတာပါပဲ။ ကွန်မြူနစ်ဝါဒဆိုတာ ရုပ်ဝါဒ။ တနည်းပြောရရင် ရုပ်ဝတ္ထုမှတပါး အခြားမရှိဆိုတဲ့ ရုပ်ဝတ္ထုကိုသာ ဘုရားမှတ်တဲ့ ဝါဒပါ။ အဲတော့ကာ ပြည်ကြီးနေ ပေါက်ဖော်တွေဟာ ငွေမှတပါး အခြား ဘာကိုမှ မမြင်တော့ပါဘူး။ ဆွေမျိုးလည်း အရေးမကြီး၊ မောင်နှမရင်းပင် ဖြစ်လင့်ကစား ကိုယ်လုပ်မှ ကိုယ်မော်နိုင်မှာဆိုတဲ့ စိတ်နဲ့ ရှေ့နောက် မကြည့်တော့ပါဘူး။

တရုတ်ပြည် ကိန်းဂဏန်း

လူဦးရေက သန်းပေါင်း တထောင့်လေးရာလောက် ရှိတဲ့ နိုင်ငံပါ။ တရုတ်နိုင်ငံသားတိုင်းဟာ ကျောင်းမှာ ကိုးနှစ် မတက်မနေရ တက်ကြရတယ်။ အခြေခံပညာပေါ့။ ၁၉၈၀ ပြည့်လွန်နှစ်တွေအထိ အထက်တန်းအောင်တဲ့ ကျောင်းသား ၂၀ % သာ တက္ကသိုလ် တက်ခဲ့ကြ၊ အဆင့်မြင့်ပညာ သင်ယူခဲ့ကြတယ်။ အများစုက သင်္ချာကိုသာ ဦးစားပေး သင်ယူခဲ့ကြတယ်။

၂၀၁၈ ခု ကိန်းဂဏန်းတွေအရ အသက် ၁၆ နှစ်အထက် လုပ်သားအင်အားစုက တရုတ်ပြည်မှာ ၈၀၆ သန်း၊ တနည်းဆိုရင် တပြည်လုံးလူဦးရေရဲ့ ထက်ဝက်ကျော် ဖြစ်ပါတယ်။

ကမ္ဘာအရပ်ရပ်က ခရီးသွားတွေကို ကြည့်လိုက်ရင် စာအုပ်နဲ့ မျက်နှာ မခွာတာကို တွေ့ရပါလိမ့်မယ်။ ပြည်မကြီးက ခရီးသွားတွေ စာအုပ်ဖတ်နေတာ ကျနော်ဖြင့် တခါဆို တခါဖူးမှ မတွေ့ဖူးပါဘူး။ စားမယ်၊ သောက်မယ်၊ အချင်းချင်း အော်ကြီးဟစ်ကျယ် ပြောဆိုနေကြမယ်၊ ဓာတ်ပုံတွေ ရိုက်မယ်ဆိုတာပဲ မြင်ရပါတယ်။

တရုတ်ပြည်မှာ တွေးခေါ်ပညာရှင်တွေ ရှိသလားဆိုရင် ရှိကောင်း ရှိနိုင်ပါတယ်။ ဒါပေမယ့် တပါတီအာဏာရှင် စနစ်အောက်မယ် တွေးခေါ်ရမှာမို့ သူတို့ရဲ့ အတွေးအမြင်တွေဟာ အကန့်အသတ်နဲ့သာ ဖြစ်နေနိုင်ပါတယ်။ လူထု တွေးတတ်မှာကိုလည်း ဘယ်အာဏာရှင်စနစ်မဆို မလိုလားတာလည်း အထင်အရှားပါ။

အခု ကမ္ဘာတဝှန်း တလွှားလွှား လာသွားနေကြသူ ပြည်မကြီးက ပေါက်ဖော်တွေဟာ ယဉ်ကျေးမှု တော်လှန်ရေးကာလနဲ့ အဲဒီ့နောက်ပိုင်း မွေးဖွားလာခဲ့ကြတဲ့သူတွေပါ။ သူတို့ကို ကြည့်လိုက်ရင်ပဲ စာအစမှာ ဆိုခဲ့တဲ့ အန္တရာယ်များတဲ့ နိုင်ငံသားတွေ ဖြစ်နေတာ ထင်ရှားလှပါတယ်။

တွေးမိတိုင်း မျက်ရည်လည်

ကျနော်တို့ လူ့ဘောင်ကရော သူတို့နဲ့ ဘယ်လောက် ကွာသလဲလို့ ဆင်ခြင်ဖို့ ကောင်းလာပါပြီ။ သေချာတာကတော့ ငါနဲ့မတူ ရန်သူထင်စွဲပြီး ဆဲချင်တိုင်း ဆဲလို့ ကောင်းနေသူတွေ၊ ရမ်းချင်တိုင်း ရမ်းနေသူတွေ အမြင်ရများလာတာပါပဲ။

ဟုတ်ကဲ့… ပညာရှင်တွေ၊ တွေးခေါ်သူ ဉာဏ်ကြီးရှင်တွေ မရှိတဲ့ လူ့ဘောင်(နိုင်ငံ)ဟာ သိပ်ကို အန္တရာယ်များတာတော့ အမှန်ပါပဲ။

သူများတိုင်းပြည်ကိုသာ ပြောနေမိတယ်… ကျနော်တို့ကရော အဖတ်ဆယ်နိုင်မယ့် အခြေအနေမှာ ရှိပါသေးရဲ့လား…

အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(၁၁၁၁၁၉)

ဓာတ်ပုံ အင်ထနက်

Photo credits: https://cnn.it/36RGpd5