တန်လား

Image may contain: 5 people🤔🤔🤔🤔🤔

စာအုပ်မိတ်ဆက်ပွဲ

ကနေ့ သည်စာအုပ်ထဲက ဓာတ်ပုံတွေကို ရိုက်ခဲ့တဲ့ ဓာတ်ပုံဆရာထိန်ဝင်းရဲ့ မွေးနေ့ပါ။ သည်စာအုပ် မိတ်ဆက်ပွဲလည်း ဖြစ်ပါတယ်။

ဆရာထိန်ဝင်းနဲ့ သိကျွမ်းခင်မင်ခဲ့တာ ၂၈ နှစ်လောက် ရှိပါပြီ။ သူကလည်း ခွတီးခွကျ၊ ကျနော်ကလည်း ခွတီးခွတဆိုတော့ ပိုတည့်သလား မသိဘူးပေါ့လေ။

ထားပါတော့…

နားကြပ်ကို ပယ်၊ ကင်မရာကို လွယ်ခဲ့သူ

ပထမဆုံးက သူ့သတ္တိကို လေးစားတာပါ။ သူဟာ နှယ်နှယ်တော့ မဟုတ်ပါဘူး။ အိန္ဒိယနိုင်ငံ ဒါဂျီလင် (Darjeeling) မှာ ကျောင်းနေခဲ့ဖူးသူပါ။ (မင်းသား ညွန့်ဝင်းနဲ့ ဝင်းဗိုလ်တို့ညီအကိုလည်း အဲဒီ့မှာ ကျောင်းတက်ခဲ့ကြ ဖူးသူများပါပဲ။)

ဒါတင် ဘယ်ဟုတ်ပါဦးမလဲ၊ ဆေးကျောင်းလည်း တက်ခဲ့ဖူးပါတယ်။ ကနေ့ ဝန်ကြီး ဒေါက်တာဖေမြင့်၊ အခုစာအုပ်မိတ်ဆက်ပွဲမှာ အမှတ်တရစကား ပြောပေးသူ ဒေါက်တာ ငွေစိုး၊ နာမည်ကျော် ဆရာဝန်ကြီး ဒေါက်တာ ရဲမြတို့နဲ့ ခေတ်ပြိုင်လို့ ဆရာမောင်သွေးသစ်က ပြောသွားပါတယ်။

အဟဲ… ဒါပေမယ့် သူတို့ ခေတ်က ဆေးကျောင်းက မလွယ်ဘူးဗျ။ ကင်မရာဘက်ကို စိတ်သန်သွားတဲ့အတွက် ဆေးကျောင်းမှာ ၈ နှစ်နေခဲ့ပြီး ဆရာဝန်ဘွဲ့ကို မရယူနိုင်ခဲ့တဲ့ ဓာတ်ပုံဆရာကျော်ပါပဲ။

ကင်မရာမရှိပေမယ့် ထက်သန်တဲ့စိတ်ရှိလို့ ရလိုက်တဲ့ မှတ်တမ်း

ကနေ့မှ သိရတယ်။ သည် ၁၉၈၈ ခုနှစ်မယ် သူ့လက်ထဲ ကင်မရာ အပိုင် မရှိဘူး။ သူ့သူငယ်ချင်း စာပေဂျာနယ်အယ်ဒီတာ (ဆရာ) မောင်သွေးသစ်ရဲ့ ဂျာနယ်တိုက်က ယာရှီကာ ကင်မရာလေးကို ငှားရမ်းပြီး ၈၈ ကို မှတ်တမ်းတင်ခဲ့တာပါ။

အဲဒီ့ခေတ်က ကင်မရာကိုင်နိုင်ဖို့က ချမ်းသာဖို့လိုပါတယ်။ ဒစ်ဂျစ်တယ်ဆိုတာ အိပ်မက်ထဲတောင် မမက်ဖူးသေးတဲ့ ကာလပါ။ ဖလင်ကော်ပြားနဲ့ ရိုက်ခဲ့ရတဲ့ ကာလ။ ခုခေတ်လို ရိုက်ပြီး ချက်ချင်းလည်း ပြန်ကြည့်လို့ မရဘူး။ ကူးဆေးပြီးမှ ကိုယ့်ပုံထွက် ကိုယ်ပြန်ကြည့်နိုင်တဲ့ ဘဝ။

ဖလင်ဆိုတာက ဈေးကလည်း အကြီးသား။ တလိပ်ကို ၁၀၊ ၁၂ ကျပ်ပေးရတာ။ လဖက်ရည်တခွက် တကျပ်မပြည့်ချင်သေးတဲ့ ခေတ်မှာ ငွေ ၁၀ တန်ဖိုးကို တွက်သာ ကြည့်ပါတော့။

အဲဒါကို အိတ်စိုက်ပြီး သည်ပုံတွေ သူရိုက်ခဲ့ပါတယ်။ ကျနော်တို့မှာ ဖလင်တွေကို မပျက်စီးအောင် ထိန်းသိမ်းနိုင်တဲ့ နေရာ၊ လျှပ်စစ်မီး၊ ဘာညာ အခက်အခဲတွေက အများကြီးနဲ့ဆိုတော့ သူမူလရိုက်စဉ်က ရောင်စုံပုံ တချို့ဟာ အခုကျတော့ အဖြူအမည်းတွေနဲ့ ဖြစ်သွားပါတယ်။

ကံအားလျော်စွာ နိုင်ငံခြားသား သူ့မိတ်ဆွေတဦးက နောက်ပိုင်းမှာ သူ့ဖလင်တွေကို အနောက်နိုင်ငံ အယ်(မ်)စထာဒမ်က ပြတိုက်တခုမှာ သိမ်းဆည်း ပေးထားနိုင်ခဲ့ပါသတဲ့။

ဒါကြောင့် လွန်ခဲ့တဲ့ ၃၁ နှစ်က ဓာတ်ပုံမှတ်တမ်းဟာ စာအုပ်အဖြစ် ထွက်လာခဲ့ပါပြီ။

ဆရာမောင်သွေးသစ်ကတော့ သည်ပုံတွေ ဖြစ်မြောက်ရေးမှာ အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့တာမို့ သူမိတ်ဆက်စကားပြောတာ စီကာပတ်ကုံးပါပဲ။ စိတ်ဝင်စားစရာကောင်းသလို ကျနော်တို့ မသိသေးတဲ့အချက်တွေလည်း ပါပါတယ်။

Image may contain: 7 people, including Aung Kyaw, Thiha Saw and Kyin Thein, people smiling, people standing and indoor
မတ်တတ်ရပ်နေသူများ ဝဲမှယာ (ထိုင်နေသူက ကျနော်)
ကျနော် မသိသူ၊ ဆရာသီဟစောလို့ ထင်ပါတယ်၊ ဆရာမျှားနီ၊ ဓာတ်ပုံဆရာထိန်ဝင်း၊ ပန်းပုဆရာ ဆန်နီငြိမ်း

ဆွမ်းခံရင်း ငှက်သင့်

ကျနော်က ဆရာထိန်ဝင်းကို လေးစားချစ်ခင်တယ်။ အထူးသဖြင့် ထင်ရာလုပ်ရဲတဲ့ သူ့သတ္တိကိုပေါ့။ နောက်တချက်က သူ့ရပ်တည်မှု။ သူ့အလုပ် သူ လုပ်တယ်။ ဘယ်ဘက်မှ မပင်းတတ်တဲ့သူလို့ မြင်မိရပါတယ်။ ခြေမ မကောင်း ခြေမ၊ လက်မ မကောင်း လက်မ စိတ်ထားတတ်သူလို့ မြင်တာမို့ သူ့ကို လေးစားတယ်။

ဒါ့ကြောင့် အိမ်တွင်းပုန်း ကျနော်ဟာ သိမ်ဖြူ စာအုပ်လမ်းမှာ ကျင်းပတဲ့ ကနေ့ပွဲကို မရောက်အရောက် သွားခဲ့ပါတယ်။

အဲဒီ့မှာ သွားတာပါပဲ။

ကျနော့်ကိုလည်း စကားပြောခိုင်းပါရောလား…

ဟား…

ဆရာကြီး သမ္ဘာကြီးတွေ အလယ်မှာ ကျနော် ကချိကချောက်က ဘာပြောရမှာတဲ့တုန်း။

ဒါပေမယ့် အလှည့်ကျ မနွဲ့စတမ်းပေါ့ဗျာ… ခိုင်းတော့လည်း လုပ်ရတာပ။

ဆို့နေတဲ့ အကြောင်း

ပြောလိုက်ပါတယ်။ သည်စာအုပ်ကလေး ထွက်လာတော့ ဝမ်းသာရင်းနဲ့ ရင်ထဲမှာ ဆို့နေတဲ့အကြောင်း။

ဆရာမောင်သွေးသစ် ပြောတဲ့အထဲမှာ ပါသွားတယ်။ ၈၈ အရေးတော်ပုံဟာ ၁၃၀၀ ပြည့် အရေးတော်ပုံထက် အဆများစွာ ကြီးတယ်လို့ ဦးနုက ပြောခဲ့ဖူးတဲ့အကြောင်းက တချက်ရယ်၊ နောက်တချက်က တကယ်တမ်း ဆရာထိန်ဝင်းရဲ့ ပုံတွေက ထောင်ကျော်ရှိပေမယ့် အနိဋ္ဌာရုံ ပုံတွေကို ချန်လှပ်ထားခဲ့တဲ့အကြောင်းရယ်ပါ။

မှန်ပါတယ်။ တပြည်လုံး မကြုံစဖူး ထူးထူးကဲကဲ စုစည်းခဲ့တဲ့ အရေးတော်ပုံကြီးဖြစ်ခဲ့တာ ၃၁ နှစ်ကျော်လာခဲ့ပါပြီ။

အနိဋ္ဌာရုံပုံတွေကို ချန်လှပ်ခဲ့လင့်ကစား ကျနော်တို့ အာရုံထဲမှာတော့ အဲဒီ့ အနိဋ္ဌာရုံတွေက ပြက်ပြက်ထင်ထင် ကျန်နေဆဲပါ။

၃၁ နှစ်…

သည်ကာလအတွင်း စတေးခဲ့ရတဲ့ အသက်တွေ၊ ထွက်ခဲ့ရတဲ့ သွေးတွေ၊ ပေးဆပ်ခဲ့ရတဲ့ လွတ်လပ်မှုတွေ၊ အချုပ်အနှောင်တွေ…

အဲဒီ့ နည်းပေါင်းစုံနဲ့ စတေးခဲ့ စွန့်စားခဲ့ တိုက်ပွဲဝင်ခဲ့သူတွေရဲ့ နောက်ကွယ်က မိသားစုတွေရဲ့ မျက်ရည်တွေ…

အဲဒီ့စတေးမှုတွေနဲ့ ထိုက်တန်တဲ့ အပြောင်းအလဲတခုကို ၃၁ နှစ်အကြာမှာ ကျနော်တို့ ရလာခဲ့ကြပြီလား…

အဲဒါကို တွေးမိရတဲ့အတွက် ရင်ထဲမှာ ဆို့နင့်နေတဲ့အကြောင်း ကျနော် ပြောဖြစ်ခဲ့ပါသဗျာ…

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(၂၃၁၁၁၉)

Author: lettwebaw

A prolific Burmese writer whose main work is non-fiction with many articles and books on psycho-social and health issues including sex education for teenagers, proper etiquette, child rearing practices and marriage counselling tips. Another nom de plume is "Pseudonym."

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s