ATK’s Biography
အတ္တကျော်ရဲ့ ရုပ်ပုံလွှာ
အတ္တကျော်ရဲ့ ရုပ်ပုံလွှာ
၁၉၅၇ ခုနှစ် နိုဝင်ဘာလအတွင်း မန္တလေးမြို့မှာ အဘ ဦးစိန်မောင်၊ အမိ ဒေါ်သောင်းမေတို့က ပေါက်ဖွားတဲ့ တစ်ဦးတည်းသော သား။ အမည်ရင်း “အောင်သိန်းကျော်”။ အဖေက အခု မြန်မာ့လျှပ်စစ်လုပ်ငန်းလို့ ခေါ်ပြီး အရင်က လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းဆိုတဲ့ အီးအက်(စ်)ဘီက လက်နှိပ်စက်စာရေးလေးပါ။ အမေက မန္တလေး စိန့်ဂျိုးဇက် ကွန်ဗင့်မှာ အလယ်တန်းပြဆရာမ လုပ်ခဲ့ဖူးပေမယ့် အဖေ့ရဲ့ မဟာဖိုဝါဒအစွဲအလန်းကြောင့် အိမ်ထောင်ကျပြီးတာနဲ့ အလုပ်က ထွက်လိုက်ရသူပါ။
မန္တလေး၊ လွိုင်ကော်၊ လောပိတ၊ တောင်ကြီးတို့မှ မူလတန်းပညာများ သင်ကြားခဲ့ပြီး ရန်ကုန်မြို့ကို ၁၉၆၇ ခုနှစ်မှာ စတင်ရောက်ရှိခဲ့ကာ အလယ်တန်း၊ အထက်တန်း ပညာများ သင်ကြားခဲ့တယ်။ ၁၉၇၅ ခုနှစ်မှာ ဆယ်တန်းကို ရူပဗေဒ၊ အင်္ဂလိပ်စာ ဂုဏ်ထူးများနဲ့ အောင်မြင်ခဲ့ပါတယ်။ အဲဒီ့နှစ်က အင်္ဂလိပ်စာ ဂုဏ်ထူးရသူဟာ တစ်ပြည်လုံးမှာမှ ၁၄၄ ဦး၊ ရန်ကုန်တိုင်းတစ်တိုင်းလုံးမှာမှ ၂၁ ဦးသာ ရှိခဲ့ပါတယ်။ (ကြွားရင် ကြွားတယ်လို့ မှတ်ပါ တကာ၊ တကာမအပေါင်း သူတော်ကောင်းတို့…)
ရန်ကုန်ဝိဇ္ဇာနဲ့ သိပ္ပံတက္ကသိုလ်ကနေ ၁၉၇၉ ခုနှစ်မှာ သိပ္ပံဘွဲ့ (ရူပဗေဒ)ကိုလည်းကောင်း၊ ၁၉၈၃ မှာ အဆင့်မြင့်ပညာဦးစီးဌာနကနေ မှတ်ပုံတင် ရှေ့နေ သင်တန်း အောင်လက်မှတ်ကိုလည်းကောင်း၊ ၁၉၈၇ ခုနှစ်မှာ Université de Paris, Sorbonne ကနေ Certificat Pratique de la Langue Française (1er Degré) ကိုလည်းကောင်း ရရှိခဲ့ပါတယ်။
၁၉၇၆ ခုနှစ် စက်တင်ဘာလ၊ တက္ကသိုလ်ပထမနှစ်တက်နေစဉ်မှာ ဖခင်ဖြစ်သူ ပျောက်ဆုံးသွားတဲ့အတွက် အငှားယာဉ်မောင်းအဖြစ် စတင် အသက်မွေးခဲ့ရတယ်။  (အဖေ ပျောက်ဆုံးမှု အသေးစိတ်ကို အောက်က comment မှာ ပြန်လည် ရှင်းလင်းထားပါတယ်။) အဲဒီ့နောက် ရွှေဝယ်ရောင်း၊ ကားဝယ်ရောင်း ဘ၀များမှာ ကျင်လည်ပြီး ဘွဲ့ရချိန်မှာ အင်္ဂလိပ်စာ အလွတ်သင်ဆရာအဖြစ် အသက်မွေးခဲ့တယ်။ ၁၉၈၅ခုနှစ်မှာ တရားရုံးချုပ် ရှေ့နေ လိုင်စင် ရတဲ့အထိ ရှေ့နေအဖြစ်လည်း ကျင်လည်ခဲ့ဖူးတယ်။
၁၉၈၈ ခုနှစ် ဇူလိုင်လမှာ ဥရောပသမဂ္ဂရဲ့ ဘာသာပြန်အဖြစ် အခစား ၀န်ထမ်းဘ၀ကို ရောက်ရှိသွားပါတယ်။ ၁၉၉၁ ခုနှစ် နိုဝင်ဘာ ၃၀ ရက်နေ့အထိ အဲဒီ့ရာထူးမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး အဲဒီ့နှစ် ဒီဇင်ဘာလ ၁ ရက်နေ့က စတင်ကာ  ပြည်ထောင်စုမြန်မာနိုင်ငံတော်ဆိုင်ရာ သြစတြေးလျသံရုံးရဲ့ ပြန်ကြားရေးတာဝန်ခံအဖြစ် အမှုထမ်းခဲ့ပါတယ်။ ပြန်ကြားရေးနဲ့ သုတေသနအရာရှိအဆင့်အထိ ရာထူးအဆင့်ဆင့်တက်ခဲ့ပြီး ၁၉၉၉ ခုနှစ်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ကွန်ပျူတာ ကွန်ရက်ဆက်သွယ်ရေး သင်တန်း၊ သြစတြေးလျနိုင်ငံ ဆစ်ဒနီ၊ မော်လိမု(ခ်)နဲ့ ကင်ဘာရာမြို့များမှာ ခေါင်းဆောင်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု သင်တန်း၊ ၂၀၀၂ ခုနှစ်က ဟောင်ကောင်မှာ လုံခြုံရေးစနစ်ပါ ကွန်ပျူတာ ကွန်ရက်ဆက်သွယ်ရေးသင်တန်းများ တက်ရောက်ခဲ့ရပါတယ်။
၂၀၀၂ ခုနှစ် အောက်တိုဘာလအတွင်း အဲဒီ့အချိန်က သြစတြေးလျ နိုင်ငံခြားရေး ၀န်ကြီး ဒေါင်နာ မြန်မာနိုင်ငံကို လာရောက်ခိုက်မှာ သြစတြေးလျ သံရုံးက မျက်နှာဖြူဝန်ထမ်းများက မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်းက သတင်းထောက်များကို သိသိသာသာ ခွဲခြားဆက်ဆံခဲ့မှု တစ်ရပ်အား “မဟာဂျာနယ်”မှာ ဖွင့်ထုတ်ရေးသားခဲ့တဲ့အတွက် သြစတတြေးလျ သံရုံးက နောက်ပိုင်းမှာ မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များ အသင်းကို တရားဝင် တောင်းပန်လွှာ ပေးပို့ခဲ့ပြီးတဲ့နောက် အဲဒီ့ပြစ်မှုနဲ့ ၂၀၀၃ ခုနှစ် မတ်လမှာ ရာထူးက ထုတ်ပယ်ခဲ့ပါတယ်။ အဲဒီ့ရာထူးက ထုတ်ပယ်ခံရချိန်မှာ ရရှိနေခဲ့တဲ့ လခက အမေရိကန် ဒေါ်လာ တစ်ထောင်ဖြစ်ပါတယ်။
အဲဒီ့အချိန်ကစပြီး အခစား ၀န်ထမ်းဘ၀ကို အပြီးတိုင် စွန့်လွှတ်ကာ လက်တွဲဖော်စာအုပ်တိုက်နဲ့ စာရေးခြင်းအလုပ်ကိုပဲ ဇောက်ချလုပ်ကိုင်ခဲ့ပါတယ်။ စာကို လူမှန်းသိချိန်ကတည်းက စတင် ရေးသားခဲ့ပြီး ၁၉၆၅ ခုနှစ် တောင်ကြီးမြို့ အထက (၃)က ၄ တန်းကျောင်းသားဘ၀မှာ ကဗျာစာမူကို နံရံကပ်စာစောင်မှာ စတင်ဖော်ပြခြင်းခံခဲ့ရပါတယ်။ အဲဒီ့ကျောင်းမှာပဲ ကဗျာရွတ်ပြိုင်ပွဲ ပထမဆုကို ရရှိခဲ့သလို အမျိုးသားပညာဝန် ဦးဖိုးကျားရဲ့ “ဘိလပ်ပြန် မောင်သောင်းဖေ”ပြဇာတ်မှာ မောင်သောင်းဖေအဖြစ် သရုပ်ဆောင်ခဲ့ဖူးတယ်။
ထမင်းမစားတဲ့နေ့၊ ရေမသောက်တဲ့နေ့ မရှိသလို စာမရေး၊ စာမဖတ်တဲ့နေ့လည်း တစ်နေ့မှ မရှိခဲ့တာမို့ ၁၉၈၈ ခုနှစ်ကစပြီး ဆူဒိုနင် ကလောင် အမည်နဲ့ မဂ္ဂဇင်းတွေမှာ စတင်ရေးလာခဲ့တယ်။ ၁၉၉၈ ခုနှစ်မှာ စာပေလောကစာအုပ်တိုက်ကနေ ပထမဆုံး လုံးချင်းစာအုပ် ထုတ်ဝေခဲ့ပါတယ်။
အလုပ်ပြုတ်လာပြီးတဲ့နောက် ရန်ကုန်တက္ကသိုလ် စိတ်ပညာဌာနမှာ အသုံးချစိတ်ပညာ ဒီပလိုမာ သင်တန်းကို တစ်နှစ်တိတိ တက်ရောက် အောင်မြင်ခဲ့ပေမယ့် အတန်းဖော်တချို့ရဲ့ စာမေးပွဲခန်းအတွင်း မသမာမှုများကို မျက်ဝါးထင်ထင် မြင်လိုက်ရတဲ့အတွက် အဲဒီ့အုတ်အရောရော၊ ကျောက်အရောရောတွေကြားမှာ ဘွဲ့လက်မှတ်ဆိုတဲ့ စက္ကူလေးတစ်ရွက်ကို မလိုချင်တော့တဲ့အတွက် ရပ်နားခဲ့ပါတယ်။
ဝန်ထမ်းအလုပ်က ရပ်နားခဲ့ပေမယ့် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့နဲ့ တခြား နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း အသီးသီးအတွက် ဘာသာပြန်ပေးတဲ့ အလုပ်များ၊ အတိုင်ပင်ခံ အလုပ်များကို ဆောင်ရွက်ဆဲဖြစ်ပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး (သမ္မတကတော်ဟောင်း) ဟစ်လရီ ကလင်တန် မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်ခဲ့စဉ်က သူ့အတွက် စကားပြန်၊ အမေရိန်ကန် သမ္မတ အိုဘားမား ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ မိန့်ခွန်း ပြောခဲ့စဉ်က တိုက်ရိုက် စကားပြန်၊ ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်း သြစတြေးလျနိုင်ငံ ဘရစ္စဘင်း(န်)မြို့မှာ ကျင်းပတဲ့ G20 ထိပ်သီးဆွေးနွေးပွဲမှာ ညီလာခံစကားပြန် စတာများ အပါအ၀င် စကားပြန်အလုပ်ကို တွင်တွင်ကျယ်ကျယ် လုပ်ဆောင်လျက် ရှိပတယ်။
ဒါ့အပြင် ၁၉၉၉ခုနှစ်ကစပြီး ယနေ့ထက်တိုင် နိုင်ငံခြား သံတမန်အဖွဲ့အစည်းများ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်၊ ပြည်တွင်းက စီးပွားရေး လုပ်ငန်းကြီးများစတာတွေရဲ့ ၀န်ထမ်းတွေကိုလည်း စီမံခန့်ခွဲရေး သင်တန်းများ အခါအားလျော်စွာ ပို့ချခဲ့၊ ပို့ချဆဲဖြစ်ပါတယ်။
၁၉၉၉ခုနှစ်က စပြီး မဂ္ဂဇင်းများကတစ်ဆင့် ဖိတ်ခေါ်ကာ လူမှုဆက်ဆံရေးအတိုင်ပင်ခံ (Relationship Counsellor)  အလုပ်ကို အခမဲ့ လုပ်ဆောင်ပေးခဲ့ပါတယ်။ နှစ်သိမ့်ဆွေးနွေးအကြံပေးလို့ တချို့က ဘာသာပြန်ပေမယ့် “လမ်းကျောင်းဆွေးနွေး”ပေးတာသက်သက်ပဲလို့ ခဲ့ယူပါတယ်။ သို့သော် အလုပ်ကများလို့ အချိန်မပေးနိုင်တော့တာက တကြောင်း၊ တချို့တွေရဲ့ အခမဲ့ လုပ်ဆောင်ပေးမှုအပေါ် သဘောထားပုံ လွဲပြီး မလေးစားတာက တကြောင်းတို့ကြောင့် အဲဒီ့ အလုပ်ကို ၂၀၁၀ ပြည့်နှစ်မှ စတင်ပြီး ယတိပြတ် ရပ်ဆိုင်းခဲ့ပါတယ်။
ဝါသနာတွေထဲမှာ စာဖတ်တာက အထူးပြောစရာ မလိုပါဘူး။ ဒါ့အပြင် သီချင်းဆိုတာ၊ ဂစ်တာတီးတာများလည်း လုပ်တတ်တယ်။
စိတ်ကတော့ အင်မတန် တိုလွယ်တယ်။ နှုတ်လည်း ကြမ်းတယ်။ မှန်တယ်ထင်ရင် ပက်ခနဲ ပြောဖို့ တစ်စက်မှ ၀န်မလေးတဲ့ ၀သီမျိုးရှိတယ်။ အစအနောက် သန်တယ်။
၅၅ နှစ် အရွယ် ဇနီးတစ်ယောက်ရယ်၊ ၃၀ အရွယ် သမီးတစ်ယောက်ရယ်၊ ၂၈ နှစ် အရွယ် သားတစ်ယောက်ရယ်၊ ၁၁ နှစ်သား ရှီဇူး ခွေးထီးကလေး တစ်ကောင်ရယ်နဲ့အတူ ရန်ကုန်မြို့မှာ နေထိုင်ပါတယ်။
Advertisements
59 thoughts on “ATK’s Biography
  1. ဆရာတကယ်တော်တယ်ဗျာ
    ဆရာလေးစားတယ်။ကျွန်တော်အမှန်တွေသိပ်မပြောရဲဘူးဆရာ
    လူမုန်းမှာဆိုးလို့ပါ
    • “မှန်တာကို ပြောလို့ အမုန်းခံရတယ်ဆိုရင် အဲဒါ သာဓုအဖို့ အရသာပဲ”လို့ ဆရာသာဓုက သူ့ရဲ့ “သာဓု လူဝါးဝတယ်”ဆိုတဲ့ စာအုပ်မှာ ရေးခဲ့ဖူးပါတယ်။ တစ်ခုတော့ စဉ်းစားစေချင်ပါတယ်။ လူမုန်းမှာစိုးလို့ အမှန်ကို ဖုံးဖိထားသူတွေ၊ မပြောရဲသူတွေ သိပ်များလာတဲ့ လူ့ဘောင်တစ်ရပ်ဟာ ဘယ်လို လူ့ဘောင်မျိုး ဖြစ်သွားနိုင်သလဲဆိုတဲ့ အချက်ကိုပါ။ ချစ်ခြင်း မုန်းခြင်းဆိုတာ လောကဓံတရားတွေပါပဲ။ လောကဓံတရားဆိုတဲ့ ငှက်တွေ ခေါင်းပေါ်မှာ ပျံနေတာကို ကိုယ်အပါအ၀င် ဘယ်သူမှ လိုက်တားလို့ မရနိုင်ပါဘူး။ ဒါပေမယ့် အဲဒီ့ ငှက်တွေ ကိုယ့်ဆံပင်ထဲဝင်ပြီး အသိုက်ဆောက်မသွားအောင် ကိုယ်သာ တားနိုင်ပါလိမ့်မယ်။ အဲလိုဆိုရင်…
      • ဒါပေမဲ့ တစ်ချို့အမှန်တရားတွေကိုတော့ ကျွန်တော်တို့အားလုံး ကြောက်လန့်ကြီးစွာနဲ့ ဖုန်းကွယ်ထားရတုန်းဘဲ မဟုတ်လား
  2. ဆရာရေ … မှန်တာတွေပြောလို့ လူမုန်းခံရတာ ခဏခဏပေါ့။
    နောက်ဆုံး အမိမြေနဲ့ဝေးရာ လွင့်လာခဲ့ပါပြီ။
    လောကဓံဆိုရင် အဆိုးလောကဓံ ၄-ပါးကိုသာ လောကဓံထင်မှတ်နေမိတာ ခုချိန်ထိပဲ။
    ကောင်းတာလေးကြုံရရင် လောကဓံ ပါလားလိလို့ တွေးဖို့ရာ မေ့နေမိတယ်။
    ဆရာ့ကလောင် ဆူဒိုနင်ကစပြီး အတ္တကျော်ထိ … ဖတ်ဖြစ်ပါတယ်။
    သရဖူထဲက ဆရာ့အခန်းဆက် ဆောင်းပါးတွေ အမြဲစောင့်ဖတ်ခဲ့ရတာပါ။
    ဆရာက ကိုယ့်အကြောင်းကိုယ်လဲ မချွင်းမချန်ရေးတတ်တော့ အဲဒီဆောင်းပါးတွေ ဖတ်ပြီး ဆရာ့ရဲ့ ပွင့်လင်းမှုကို သဘောကျနေခဲ့တာ။
    ခုနောက်ပိုင်း နှစ်တွေမှာတော့ စာနယ်ဇင်းတွေနဲ့ အဆက်ပြတ်သွားလို့ ဆရာဘာတွေရေးနေလဲ မသိတော့ဘူး။
    ခုတော့ ဆရာ့စာတွေ ဒီဘလော့မှာ ဖတ်ရတော့မှာမို့ … ၀မ်းလဲသာသလို ကျေးဇူးလဲ တင်မိပါတယ် ဆရာရေ … ။
  3. ဆရာ
    ဆရာ့စာတွေကိုကြိုက်ပါတယ် ပွင့်ပွင့်လင်းလင်းပြောတတ်ရေးတတ်တာက စာဖတ်သူတွေအတွက် တွေးတောဆင်ခြင်နိုင်စရာဖြစ်လို့
    ဆရာ့ကိုကျေးဇူးတင်ရမှာပါ အခုဒီလိုဖတ်ရလို့လဲ ၀မ်းသာမိတယ် ဆရာ့စိတ်ကူး အဆုံးထိအောင်မြင်နိုင်ပါစေ
  4. ဆရာ့အဖေ ပျောက်ဆုံးသွားတာရော ဘယ်လိုဖြစ်သွားပါလဲဆရာ…။ ပြန်တွေ့လား…။
    • ၁၉၇၆ခုနှစ် စက်တင်ဘာလ ၁၉ရက်နေ့မှာ အဖေက အိမ်က ထွက်သွားပါတယ်။ အဲဒီ့အချိန်က အဖေက ပရိုက်ဗိတ်တက္ကစီလို့ခေါ်တဲ့ နံပါတ်နက် အငှားယာဉ် မောင်းနေတာပါ။ ကျောက်ပန်းတောင်းကို အော်ဒါရလို့ လိုက်သွားမယ်လို့ အိမ်ကို ပြောသွားတယ်။
      ၂၃ရက်နေ့ထုတ် မန္တလေး ဟံသာဝတီသတင်းစာထဲမှာ ကျွန်တော့်အဖေမောင်းသွားတဲ့ကား (ဇ/၈၀၇၉)ကို မန္တလေး ကုန်ရုံဘူတာနားမှာ ပိုင်ရှင်မဲ့ တွေ့ရလို့ ရဲက သိမ်းဆည်းထားကြောင်း သတင်းပါလာတယ်။ တွေ့တဲ့ ကျွန်တော့်သူငယ်ချင်းတစ်ယောက်က မန္တလေးကနေ လှမ်းဖုန်းဆက်လို့ ကျွန်တော်တို့ သားအမိ မန္တလေးကို လိုက်သွားကြပါတယ်။ ကားက မေမေ့နာမည်နဲ့မို့ ပြန်ရလာပေမယ့် အဖေ့ကိုတော့ ပြန်မတွေ့ရတော့ဘူး။ ဒါနဲ့ ကျွန်တော်တို့လည်း သက်ဆိုင်ရာ အသီးသီးဆီ စာတိုစာရှည်တွေနဲ့ တိုင်ကြားခဲ့ပါတယ်။
      အဲဒီ့ကနေ တစ်နှစ်ကျော်အကြာမှာ ရေတာရှည်ရဲစခန်းမှူးတစ်ယောက် အိမ်ကို ရောက်လာတယ်။ အခင်းဖြစ်တဲ့အချိန်လောက်က သူ့ပိုင်နက်၊ ရန်ကုန်-မန္တလေးသွား ကားလမ်းနံဘေး ရေမြောင်းထဲမှာ အလောင်းတစ်လောင်းပေါ်ခဲ့တယ်လို့ ဆိုတယ်။ အလောင်းက အင်္ကျီအဖြူလက်ရှည်ဝတ်ထားတယ်။ ပုဆိုးစကို ဆုတ်ယူထားလိုက်တယ်၊ အလောင်းပေါ်မှာ တွေ့တဲ့ လက်ပတ်နာရီလည်း သက်သေခံအဖြစ်သိမ်းဆည်းထားတယ်ဆိုလို့ ကျွန်တော်တို့လည်း ရေတာရှည်ကို လိုက်သွားရပြန်တယ်။ ပုဆိုးမှန်တယ်၊ နာရီမှန်တယ်။ အဖေက အင်္ကျီကိုအဖြူလက်ရှည်ကလွဲလို့ ဘာမှ မ၀တ်တဲ့သူဆိုတော့ အဖေလို့ ယူဆတယ်။ သို့သော် စခန်းမှူးက ကျွန်တော်တို့ ပြောပြတဲ့ ပုံပန်းသဏ္ဌာန်နဲ့ မကိုက်ညီဘူးလို့ဆိုတယ်။ အလောင်းကို သူနဲ့အတူ စစ်ခဲ့တဲ့ မြို့နယ်ဆရာဝန်ကြီးကို သွားမေးတော့ မြို့နယ်ဆရာဝန်ကြီးက ကျွန်တော့်အဖေရဲ့ ပုံပန်းသဏ္ဌာန်ပဲလို့ ပြောပြန်တယ်။
      သေချာ မေးကြည့်တော့ အလောင်းက သိပ်ပုပ်နေ၊ မိုးတွေကလည်း သိပ်ရွာနေလို့ သူတို့က ခပ်လှမ်းလှမ်းက ကြည့်ခဲ့ကြတာကို သိရတယ်။ အလောင်းကို ပြန်ဖော်ကြည့်ဖို့ကလည်း တစ်နှစ်တောင်ကျော်ခဲ့ပြီဆိုတော့ စိတ်ပျက်စရာကလွဲလို့ ဘာအထောက်အထားမှ မရနိုင်တော့တာမို့ ကျွန်တော်တို့လည်း ဖော်မကြည့် နေတော့ဘူး။ DNA တွေ ဘာတွေ စစ်လို့ရတာမျိုးလည်း မဟုတ်ဘူးလေ။
      အဲတော့ ဇာတ်ပေါင်းရင် ကနေ့အထိ ကျွန်တော်တို့သည် အဖေ့ သေဆုံးကြောင်း လက်မှတ်တစ်စုံတစ်ရာ မရရှိ၊ အဖေ့အတွက် ဆွမ်းမသွပ်ခဲ့ကြရသလို အဖေ သေတယ်လို့ အတည်ပြုပေးမယ့်သူလည်း တစ်ယောက်မှ မရှိတဲ့အတွက် ကျွန်တော့်ဘ၀ထဲက အဖေပျောက်သွားတယ်ဆိုတဲ့ စကားကသာ ဟုတ်တိုင်းမှန်ရာ စကားဖြစ်ပါလိမ့်မယ်။
      နှစ်တွေလည်း မနည်းကြာခဲ့ပြီပဲလေ။ သူ့အကြွေးရှိရင် ဆပ်ရမယ်ဆိုတဲ့ သဘောကို နှလုံးသွင်းရင်း ကျွန်တော် အားလုံးကို ကျေအေးလိုက်ပါတယ်။ တော်ပြီဗျာ၊ ဟိုဘ၀က ကြွေးကို ကိုယ်က အခုဘ၀မှာ ပြန်ဆပ်၊ ဆပ်ရင်းက မကျေမနပ်ဖြစ်မိရင် အဲဒါကြီးက သံသရာမှာ ပါသွား၊ နောက်ဘ၀ကျ သူက ကိုယ့်ပြန်ဆပ်ရ။ အဲလိုနဲ့ သံသရာမဆုံးအောင်ဖြစ်နေမှာကို တွေးကြောက်မိတဲ့အတွက် သည်ဘ၀မှာ ဖြစ်လာသမျှ အားလုံးကို (မချိမဆန့်ခံစားရတာမျိုးဖြစ်ဦးတောင်မှ) အတတ်နိုင်ဆုံးနဲ့ အမြန်ဆုံး ကျေကျေနပ်နပ် ပေးဆပ်လိုက်နိုင်တဲ့ နှလုံးသားမျိုးကို ကျွန်တော်မွေးမြူနေပါတယ်။
      • စိတ်မကောင်းစရာပဲ ….၀ဋ်ကြွေးလို့ပဲမှတ်ရမှာပေါ့နော်။
        ဆရာ့ရဲ့စိတ်ဓာတ်ကိုတော့ လေးစားတယ်။
      • စိတ်​မ​ကောင်းလိုက်​တာဆရာရယ်​။
  5. ဆရာ စာအုပ်တွေ ထဲ မှာ သိသင့်တဲ့ အကြောင်းရာတွေကို တော်တော်သိခဲ့ ရပါတယ်ဆရာ
    ပြီးတော့ ကျွန်မ ဘ၀မှာ သိပ်ကို ၀မ်းနည်းဆုံးနေ့ ရက်တခု မှာ ဆရာရဲ့ မဖတ်နဲ့ နော် ဆိုတဲ့ စာအုပ်ကလေးက မျက်ရည်တွေကြားက ပြုံးရတဲ့ စာအုပ်ကလေးတအုပ်ပါ
    အဲဒီ မျက်ရည် ကြားကရတဲ့  အပြုံး တွက် ကျေးဇူးတင်ပါတယ်ဆရာ ဆရာ ကို အစဉ်အားပေလျှက်
  6. ဆရာ ရဲ့  အဖေတွက် ကျွန်မ ထပ်တူထပ်မျှ ဆရာနဲ့ အတူ ၀မ်းနည်းပါတယ်ဆရာ
    ကျွန်မ လဲ ငယ်စဉ်သိတတ်စ အဖေကို ချစ်တတ်စ မှာ အဖေ ပျောက်ခဲ့ ဘူး ပါတယ်
    တကယ်တော့အဖေ က ထားခဲ့ တာပါ ကျွန်မ ကတော့ လိုက်ရှာနေ တိုင်းအရိုက်ခံထိ လို့  အဖေ တခွန်းခေါ်တိုင်း
    ရိုက်ခံ ခဲ့ ရလို့  အဖေ ဆိုရင်တွင်းမှာ ထားပြီးချစ်ရတဲ့ အရာ အဖေ လို့ ရင်ဘတ်ထဲ က ပဲခေါ်တဲ့ အရာလို့ 
    အမြဲ ခံယူကြီးပြင်းခဲ့ ရပါတယ် ဆရာ …. ကိုယ်ချင်းစာခြင်းများစွားဖြင့် ……
  7. စာတွေထပ်တင်ဦး ဆရာရဲ့။ အကုန် ကူးပြီး စက်ထဲ ထည့်ထားလိုက်ပြီ။
    စာအုပ်တွေပါ ဖတ်လို့ရရင် ကောင်းမှာနော်။ တစ်ခြားနိုင်ငံက လူတွေ အကုန်ဖတ်လို့ရအောင်။
    စာအုပ် pdf file တွေပါ ပါရင် ကောင်းမှာ။ သူငယ်ချင်းတွေကိုတော့ အကုန်ဝင်ကြည့်ဖို့ ပြောထားတယ်။
  8. ကျွန်တော် 90s လောက်က ဆူဒိုနင် ကလောင်နာမည်နဲ့စာတွေဖတ်ဖူးခဲ့တာ သတိတရရှိနေပါတယ်.. မှတ်ဥာဏ်ထဲချက်ချင်းစဉ်းစားမရလို့ ဘာတွေလည်းမေးရင်..မဖြေနိုင်တာခွင့်လွှတ်ပါ..:)
    “လူမုန်းမှာစိုးလို့ အမှန်ကို ဖုံးဖိထားသူတွေ၊ မပြောရဲသူတွေ သိပ်များလာတဲ့ လူ့ဘောင်တစ်ရပ်ဟာ ဘယ်လို လူ့ဘောင်မျိုး ဖြစ်သွားနိုင်သလဲဆိုတဲ့ အချက်ကိုပါ။ ချစ်ခြင်း မုန်းခြင်းဆိုတာ လောကဓံတရားတွေပါပဲ။ လောကဓံတရားဆိုတဲ့ ငှက်တွေ ခေါင်းပေါ်မှာ ပျံနေတာကို ကိုယ်အပါအ၀င် ဘယ်သူမှ လိုက်တားလို့ မရနိုင်ပါဘူး။ ဒါပေမယ့် အဲဒီ့ ငှက်တွေ ကိုယ့်ဆံပင်ထဲဝင်ပြီး အသိုက်ဆောက်မသွားအောင် ကိုယ်သာ တားနိုင်ပါလိမ့်မယ်။ အဲလိုဆိုရင်…”
    ဒီစကားတစ်ခုထဲနဲ့တင်..you make my day! လို့ ပြောပါရစေ..
  9. ဆရာ့ email လိပ်စာလေးများသိလို့ရမလား မသိဘူး။ ကျွန်တော် email နဲ့ ဆက်သွယ်ချင်လို့ပါ။
    ပြီးတော့ ဆရာ့ရဲ့ Website မှာ Post အသစ်တွေကို email နဲ့ အရောက်ပို့ပေးတဲ့ စနစ် (Subscribe via email) လေး ပြုလုပ်ပေးစေလိုပါတယ်။
    Block လုပ်ခံထားရတော့ ကျော်ကျော်ပြီးကြည့်ရတာ အဆင်မပြေလို့ပါ။ ပြီးတော့ ဆရာ post တစ်ခုတင်တာနဲ့ အစောဆုံးဖတ်ချင်တာကြောင့်ပါ။
    ဆရာ့စာတွေဖတ်ဖြစ်တဲ့အကျိုးကြောင့် လူအများနဲ့ဆက်ဆံနေရတဲ့ နေ့စဉ်နေ့တိုင်းဟာ နဂိုကထက်ကို ပိုလို့အဆင်ပြေခဲ့ပါတယ်။
    ကျေးဇူးပါဆရာ။ နောက်လည်း အမြဲတန်းအားပေးနေပါအုံးမယ်။
    သြော်… ဒါနဲ့ PDF လေးတွေရရင်ကောင်းမယ်နော် ဆရာ။ သူငယ်ချင်းတွေနဲ့ ဝေမျှပြီးဖတ်လို့ရတာပေါ့။ လောလောဆယ်တော့ ဒီ website လေးကို လမ်းညွန်ထားလိုက်ပါတယ်…
    • ကျွန်တော့် email လိပ်စာရော၊ စာတိုက်ကတစ်ဆင့် ဆက်သွယ်နိုင်တဲ့ လိပ်စာကိုပါ သရဖူ၊ Idea နဲ့ Teen မဂ္ဂဇင်းများထဲက ကျွန်တော့်ဆောင်းပါးများ အဆုံးမှာ ဖော်ပြပေးနေတာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ယနေ့ထက်တိုင်လည်း မှန်မှန်ဖော်ပြနေဆဲပါ။
      Subscribe via email ကို ဘယ်လို လုပ်ရမှန်း ကျွန်တော် မသိသေးပါ။ ကျွန်တော်က blog တင်တာ ကနေ့မှ တစ်လပဲ ရှိပါသေးတယ်။ ဆိုလိုတာက သိပ်မကျွမ်းကျင်သေးပါဘူး။ သည် wordpress ကလည်း အကန့်အသတ်နဲ့ဖြစ်နေပါတယ်။ အသံဖိုင် တင်လို့ မရသလို chat box လည်း ထည့်လို့ မရပါဘူး။ ရတဲ့အခါ အကြောင်းကြားပေးပါ့မယ်။
      Post အသစ်ကို နေ့စဉ်မဟုတ်တောင် အကြာဆုံး နှစ်ရက်ခြား တစ်ခါလောက် တင်နိုင်အောင် ကျွန်တော် ကြိုးစားနေပါတယ်။ အဲတော့ သုံးရက်တစ်ခါလောက် ၀င်ကြည့်မယ်ဆိုရင် အဆင်ပြေနိုင်မလားပဲ။
      ကျွန်တော့်စာတွေကြောင့် အဆင်ပြေတယ်ဆိုလို့ ကြည်နူးရပါတယ်။ အားပေးတဲ့အတွက်လည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်ခင်ဗျား။
  10. MRTV4 မှာ ဆရာမျိုးမြတ်သူနဲ့ စကားဝိုင်းအစီအစဉ်မှာ ဆရာ့ဆွေးနွေးချက်တွေ သိပ်မိုက်တယ်၊ သိပ်ခိုက်တယ်ဆရာ။
  11. အကန့် အသက်မရှိအောင်လုပ်လို့ရပါတယ် ဆရာ mmwordpress.com က posts လေးတွေဖတ်ပြီး လုပ်သွားလိုက်ရုံပါ ။ ကျွန်တော်လဲ အဲဒီ ကနေတတ်လာတာပါ။ 🙂
  12. ဆရာ့ဘလောဂ်ကို တွေ့လိုက်ရလို့ ၀မ်းသားသွားတယ်။ ဆရာ့စာတွေလိုက်ရှာနေတာကြာပါပြီ။ ဆရာ Ebook တင်တာရှားတယ်။ အပြင်မှာဝယ်ဖတ်ဖို့ကအဆင်မပြေဘူး။
    ဆရာ weekly,biweekly မှာတင်တဲ့ ဆောင်းပါးအားလုံးလိုလိုဖတ်ဖြစ်တယ်။ နောက်ဆုံးရေးသွားတာ နာဂစ်နဲ့ပတ်သက်ပြီး ထူထောင်သွားတဲ့အကြောင်း၊ လေးစားပါတယ်။ ခုလို တစ်စုတစ်ဝေးတည်း ဖတ်လို့၇တာကို ဘဲ အထူးကျေးဇူးတင်ပါသည်
  13. ကြိုက်တယ်ဗျာ……….
    ဆရာ့စာတွေကို မေး(လ်) ကနေ့တစ်ဆင့် ဖတ်ချင်လို့ ခဏခဏ လုပ်တယ်။ ဒါပေမယ့် ဘာမှ အကြောင်းမထူးပါဘူး။ ဖြစ်နိုင်ရင် htoowint89@gmail.com ကို ဆရာ စာအသစ် တင်တိုင်း ပို့ပေးပါလား။ ဆရာ့အသံ က ကောင်းပတယ်။ Mdy fm မှာ နားထောင်ဘူးလို့ပါ။ လေးစားလျက်ပါ။……….
  14. အလုပ်ပြုတ်လာပြီးတဲ့နောက် ရန်ကုန်တက္ကသိုလ် စိတ်ပညာဌာနမှာ အသုံးချစိတ်ပညာ ဒီပလိုမာ သင်တန်းကို တစ်နှစ်တိတိ တက်ရောက် အောင်မြင်ခဲ့ပေမယ့် အတန်းဖော်တချို့ရဲ့ စာမေးပွဲခန်းအတွင်း မသမာမှုများကို မျက်ဝါးထင်ထင် မြင်လိုက်ရတဲ့အတွက် အဲဒီ့အုတ်အရောရော၊ ကျောက်အရောရောတွေကြားမှာ ဘွဲ့လက်မှတ်ဆိုတဲ့ စက္ကူလေးတစ်ရွက်ကို မလိုချင်တော့တဲ့အတွက် ရပ်နားခဲ့ပါတယ်။
    I have taken several classes that allow the open book exams. The students in those classes do the same; open the book(s) and look for the answers. I guess what you did was a bit tense, sayar. You were overwhelmed by the rule that you think everyone should follow, got distracted to see others not following and eventually, dragged yourself out of the track. My 2 cents! 🙂
  15. အစဉ်လေးစားလျက်ပါ ဆရာ…..ဆရာ့ အဖေအကြောင်းဖတ်ပြီး စိတ်မကောင်းဖြစ်မိပါတယ် ဆရာ…..ဆရာ့ဝက်ဆိုဒ်တွေနဲ့ မေးတွေကိုသူငယ်ချင်းတစ်ယောက်ကပေးလို့ သိရ ဖတ်ရပါတယ်….ဆရာ့စာတွေဖတ်ခြင်းအားဖြင့် ၀မ်းသာပိတိ အကျိုးလှပါတယ်…စာတွေ အများကြီးဆက်လက်ရေးနိုင်ပါစေ…
    အားပေးလျက်
  16. ဆရာ ဆိုက်မှာတင်ထားတဲ့ စာတစ်ချိုနဲ့ ဟောပြောပွဲတစ်ချို့ကို ကျွန်တော့ဆိုက်မှာ တင်ချင်ပါတယ် ခွင့်ပြုပါလို့ …. ပြောနေတုံးပဲ နောလစ်ခ်ျ သည်ပါဝါ မဟုတ်ပါ ဆိုတဲ့ ပို့လေးကို ကျွန်တော့ဆိုက်မှာ တင်ထားလိုက်မိတယ် ခွင့်ပြုဖို့လဲ တောင်းဆိုပါတယ်
    • အခုလို ပြန်လည် ဖြန့်ဝေ ပေးတဲ့အတွက် ကျွန်တော်ကတောင် ကျေးဇူးတင်ရဦးမှာပါ။ ခွင့်တောင်းတဲ့အတွက်လည်း လေးလေးစားစား ကျေးဇူးတင်ပါတယ်။ ဖော်ပြနိုင်ကြောင်းပါခင်ဗျား။
  17. ဆရာ့ စာတွေကို ကျွန်တော် ဆယ်ကျော်သက် ဘ၀ (၁၀ တန်း) မှာ စ ဖတ်ဖြစ်ခဲ့ပါတယ်… “ကလေးသူငယ်များ ထိန်းကျောင်းခြင်းအနုပညာ” (ခေါင်းစဉ် အတိအကျမမှတ်မိတော့ပါ) ဆိုတဲ့ စာအုပ်ပါ ဆရာ ဆူဒိုနင်ဆိုတဲ့ နာမည်နဲ့ ရေးသားထားတာပါ… အိမ်နဲ့ အဆင်မပြေဖြစ်နေတဲ့ ကျွန်တော့် ဆယ်ကျော်သက် ဘ၀ကို အမှားနည်းအောင် ထိန်းကျောင်းပေးခဲ့ တဲ့ အကြောင်းတရားတွေထဲမှာ ဆရာ့ ဒီစာအုပ်ကလည်း အဓိကပါဝင်ပါတယ်…. အဲဒီအတွက် ဆရာ့ကို ကျေးဇူးအများကြီးတင်ပါတယ်လို့ ပြောပါရစေ… နောက်တခေါက်လောက် ဒီစာအုပ်ကို ထပ်ထုတ်ပေးပါလားဗျာ… အခုချိန်မှာ မိဘနေရာမှာ ရောက်နေတဲ့ အချိန်မှာ ထပ်ပြီးဖတ်ချင်လို့ပါ… နောက်လည်း ဒီလို အကျိုးပြုမယ့် စာအုပ်များ များများရေးသားနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်။
    • ပြန်ထုတ်ထားပါတယ်။ ဆူဒိုနင် နာမည်နဲ့တော့ မဟုတ်တော့ပါဘူး။ အတ္တကျော် နာမည်နဲ့ ဒုတိယအကြိမ် ထုတ်ဝေထားပါတယ်။ ပြင်ဆင် ဖြည့်စွက် တည်းဖြတ်ထားတာများ ပါဝင်လို့ ပိုမို ပြည့်စုံပါတယ်။ စာအုပ်အမည်က သားငယ် သမီးငယ်များ ပဲ့ပြင် ထိန်းကျောင်းခြင်း အနုပညာ ဖြစ်ပါတယ်ခင်ဗျား။
  18. 2003 ခုနှစ်မှာ ဒေါ်လာ 1000 စားဘ၀ ကနေ ရပ်စဲ ခံရတယ် ၊ ဆြာ့ရဲ့ မှန်တာပြော ဟုတ်တာလုပ်ရဲတဲ့ သတ္တိ ကတော့ တကယ်လေးစားတယ် ဗျာ၊ ကိုယ်တွေ ဆိုရင် ဒီလောက်လခကောင်းနေတဲ့ အလုပ်မျိုးကို အထိခိုက်ခံပီးလုပ်ရဲတဲ့ သတ္တိမျိုး မရှိဘူး ၊
  19. ဆရာ့လိုနိုင်ငံတကာမှာရောပြည်တွင်းမှာရောအတ္တဟိတ၊ပရဟိတအကျိုးစွမ်းဆောင်ရင်း ထုးချွန်ထက်မြက်တဲ့ စာရေးစရာတစ်ယောကိုအားကျပါတယ်။ဖြစ်ချင်မိပါတယ်။
    I’m the same major with you ,Sir. I had tried to get the Ph D degree and I’ll get soon. I tried a lot and my life is so struggle to get that degree to be educated really, and I value my education. I have at least 17 year experiences in teaching for Grade-(10 & 11) and sometimes for university degree. But most of the student and parents understand and accept “education is for the degree and certificate” (လက်မှတ်နဲ့ ဂုဏ်အတွက်သာ တကယ်တတ်ဖို့အဓိကမဟုတ်) . That’s is really difference with me and I taught all my students to fully understand the main point for the text. So I was too tired while teaching. But they all love me and understand me. For me, I emulate you and I want to go abroad to get more and more experiences as you.
    Anyway ………..Thanks for writing your experiences as the site.
  20. သက်ငယ်စကားလိုစာအုပ်မျိုးထွက်ဖို့အစီအစဉ်ရှိသေးလားမသိဘူး..အဲဒီစာအုပ်က ပထမဦးဆုံးဖတ်ဖူးတဲ့ ဆရာ့စာအုပ်ပါ..အဲဒီစာအုပ်ဖတ်ပြီးကတည်းကဆရာ့စာအုပ်တွေကိုစွဲစွဲမြဲမြဲဖတ်ခဲ့ပါတယ်.
    ဖြစ်နိုင်ရင်သက်ငယ်စကားလိုစာအုပ်မျိုးထပ်ထုတ်ပေးပါဦးလို့
    ကျေးဇူးအများကြီးတင်ပါတယ်…
    • ကျေးဇူးတင်ပါတယ်။ သက်ငယ်စကားက ဒုတိယတွဲ၊ တတိယတွဲတောင် ထွက်နိုင်မယ်ထင်တယ်။ အများကြီး ကျန်နေပါသေးတယ်။ ကျွန်တော်အဲဒါတွေကို မေ့နေတာ။ အခုလို သတိပေးတာ ကျေးဇူး အထူးတင်ပါတယ်။ သည်နှစ်ထဲမှာ ထပ်ထွက်နိုင်အောင် ကြိုးစားပါ့မယ်ခင်ဗျား။
  21. ဆရာ မိုးထိအောင် လှေကားထောင်နည်း စာအုပ်မှာ သမီးဖတ်ရင်း စာမျက်နှာ ၂ခု ကျန်ခဲ့လို့ပို့ပေးလို့ရမလားမသိဘူး။ ဘွင်းဘွင်းပြောတာဆိုတဲ့စာမျက်နှာ ၁၃၁-၂ ၁၃၉-၁၄၀-ပါမလာလို့ပါ။ကျေးဇူးပြုပြီးပို့ပေးလို့ရမလားဆရာ။ ဆရာစာအုပ်တွေကို အရမ်းကြိုက်ပါတယ်။ ထွက်သမျှကိုလည်း အကုန်လုံးဝယ်ဖတ်ပါတယ်။ သူငယ်ချင်းတွေကိုလည်းဖတ်ဖို့တိုက်တွန်းပါတယ်။
    • ပို့ပေးပါ သမီး။ ဆရာ သမီးဆီကို အသစ်တစ်အုပ် ပြန်ပို့ပေးပါ့မယ်။ အခုလို ဖြစ်သွားရတဲ့အတွက်လည်း ဆရာကပဲ တောင်းပန်ပါတယ်။ ဖြစ်နိုင်ရင်တော့ သမီး အဲဒီ့စာအုပ်ကို ၀ယ်ခဲ့တဲ့ ရက်စွဲ (အတိအကျမဟုတ်တောင် ခန့်မှန်းချေ)နဲ့ ၀ယ်ခဲ့တဲ့ ဆိုင်နာမည်လေးပါ ထည့်ရေးပေးလိုက်စေချင်ပါတယ်ဗျာ။
  22. ဆရာ wordpress ကနေ blog ပြောင်း တာကို ကျနော် ကူညီချင်ပါတယ်။ templates တွေလည်း ဆရာစိတ်ကြိုက်ရွေးနိုင်ပါတယ်။ e mail နဲ. ဖတ်နိုင်သလို ကျန်တဲ. effects တွေလည်း အများကြီး
    အသုံးပြုနိုင်ပါတယ်။ ဆရာ.စာအုပ်တွေ ကျနော်အမြဲတမ်း ဖတ်ဖြစ်ပါတယ်။ တစ်ချို. ဆရာ.စာအုပ်တွေ အမြဲလိုလိုခရီးသွားတိုင်း ယူသွားဖြစ်တယ်။ ကျနော် အလေးစားဆုံး ဆရာ တွေထည်းမှာ ဆရာ
    လည်းပါပါတယ်။ ဆရာ.ကို ကျနော်. e mail account နဲ. ဆက်သွယ်ချင်ပါတယ်။ myintthuya51@gmail.com.
  23. ဆရာစာတွေ က မြူးနေတယ်
    စိတ်ရှင်း တဲ့အတွက် ပါ
    ရိုးဂုဏ်မြောက် လို့ ဆိုရမှာပဲ။
  24. ဆရာ ကျနော်စာရေးဆရာဖြစ်ချင်တယ်။ဒါပေမဲ့ ကျနော်စာမရေးဘူး။ ကျနော် စာနေ့တိုင်းဖတ်ပါတယ်။ ကျနော် စာရေးဆရာတစ်ယောက်ကို မေးဖူးတယ်။သူက စာနှစ်တစ်ဆယ်လောက်ဖတ်မှ စာရေးနိုင်မယ်တဲ့။သို့သော် စာများများဖတ်ထားရင် စာကိုအလွယ်တကူရေးမရနိုင်ဘူးလား ဆရာ။နောက်တစ်ခုက အင်္ဂလိပ်စာကို မဖတ်တတ်ရင် စာရေးဆရာ မဖြစ်နိုင်ဘူးလို့ ကျနော်ထင်တယ် ၊မှန်နိုင်ပါ့မလားဆရာ၊
    လေးစားစွာဖြင့်၊
    • စာများများ ဖတ်ထားရုံနဲ့တော့ မပြီးဘူး ထင်ပါတယ်။ ရေးတဲ့အကျင့်လေးလည်း လုပ်ထားဖို့ လိုတယ်လို့ ကျွန်တော့်အတွေ့အကြုံအရ နားလည်ထားပါတယ်။ ကျွန်တော် နေရာလေးတစ်နေရာ ရလာတာ အသက် ၃၀ ကို ကောင်းကောင်းကျော်မှပါ။ အဲဒီ့မတိုင်ခင် လေးတန်းကျောင်းသားဘ၀ ၉ နှစ်သားကတည်းက စာတွေကို ဆက်တိုက်ရေးခဲ့တာပါ။ ဖတ်လည်း ဖတ်၊ ရေးလည်း ရေး။ စာရေးခြင်းနဲ့ စာဖတ်ခြင်းကို နေ့စဉ် လုပ်ခဲ့ပါတယ်။ အင်္ဂလိပ်စာ မဖတ်တတ်ရင် စာရေးဆရာ မဖြစ်နိုင်ဘူးလို့ မပြောရဲပါ ခင်ဗျား။ အင်္ဂလိပ်စာ မတတ်ဘဲနဲ့ စာရေးဆရာဖြစ်သွားခဲ့ဖူးသူတွေ ရှိတာကိုး။ အဲ… ပြောလို့ရတာကတော့ အင်္ဂလိပ်စာ မဖတ်တတ်ရင် စာရေးဆရာဘ၀မှာ ရေရှည်ရပ်တည်ရ ခက်ပါလိမ့်မယ်။ ၀မ်းစာ ကုန်သွားတဲ့နေ့ဆိုတာ ရှိလာနိုင်တာကိုး။ အဖတ်အရှုများနေရင်တော့ လျော့သွားတဲ့ ၀မ်းစာကို ဖြည့်တင်းနိုင်မယ်လို့ ယူဆမိပါတယ်။
  25. ` အလုပ်ပြုတ်လာပြီးတဲ့နောက် ရန်ကုန်တက္ကသိုလ် စိတ်ပညာဌာနမှာ အသုံးချစိတ်ပညာ ဒီပလိုမာ သင်တန်းကို တစ်နှစ်တိတိ တက်ရောက် အောင်မြင်ခဲ့ပေမယ့် အတန်းဖော်တချို့ရဲ့ စာမေးပွဲခန်းအတွင်း မသမာမှုများကို မျက်ဝါးထင်ထင် မြင်လိုက်ရတဲ့အတွက် အဲဒီ့အုတ်အရောရော၊ ကျောက်အရောရောတွေကြားမှာ ဘွဲ့လက်မှတ်ဆိုတဲ့ စက္ကူလေးတစ်ရွက်ကို မလိုချင်တော့တဲ့အတွက် ရပ်နားခဲ့ပါတယ် `
    ဆရာရေ ဆရာမကြီးဒေါက်တာဒေါ်တင်ဝင်းကလည်း ပြောပြဖူးလို့ ဆရာ့ အသုံးချစိတ်ပညာ ဒီပလိုမာ သင်တန်း အတွေ့အကြုံကို နားထောင်ဖူးပါတယ်၊ ကျွန်တော့်အတွေ့အကြုံကိုလည်း
    ဝေငှပါရစေခင်ဗျာ၊ ကျွန်တော် ၁၉၈၂ ခုနှစ်က စီးပွားရေးတက္ကသိုလ်မှာ ၀င်ခွင့်ရခဲ့ပေမယ့် ဘ၀အခြေအနေအရ ၁၉၉၄ ရောက်မှ မန္တလေးတက္ကသိုလ်မှာ ပထ၀ီနဲ့ ကျောင်းပြန်တက်ရပါတယ်။
    နောက်ဆုံးနှစ် စာမေးပွဲကို ခန်းမကြီးထဲမှာ ဖြေရတယ်၊ ဆရာတော့ အတန်းဖော်တွေ ဘယ်လိုမသမာတာတွေ ကြုံရသလဲ မသိဘူး၊ ကျွန်တော့်အတန်းဖော် ကျောင်းသူအချို့ဆို ပေါင်မှာ စာတွေရေးလာပြီး ထဘီချုပ်ရိုးကို ဓါးနဲ့ဖြည်ထားကြတယ်။( စာမေးပွဲခန်းစောင့် ဆရာက အမျိုးသားဆရာဆို အနားမလာတော့ဘူးပေါ့ ) တက္ကသိုလ်ရှေ့က ဗောဓိကုန်းထဲမှာ ရေးနော့ဘောပင်ကိုယ်ထည်မှာ သံချွန်နဲ့ လက်ရေးသေးသေးလေးနဲ့ ခိုးချဖို့စာတွေ အော်ဒါအပ်လို့ ရတယ်။ စာဖြေ ကျောင်းသားတွေလက်ထဲ မှာ ရေးနော့ဘောပင်တွေ အစည်းလိုက်နဲ့ လာဖြေကြတာပေါ့ခင်ဗျာ။ ညညဆို စာမေးပွဲခန်းတွေထဲမှာ ဖယောင်းတိုင်မီးတွေ တလက်လက်နဲ့ စားပွဲတွေပေါ်မက မျက်နှာကြက်တွေ၊ နံရံတွေပါမကျန် နည်းလမ်းပေါင်းစုံနဲ့ စာတွေလာရေးထားကြတယ်၊ ( ကျောင်းစောင့်ကို ငွေပေးပြီး ၀င်ရင်ရပါသတဲ့ ) ကျွန်တော့်တော့ တစ်သက်လုံး ကိုယ့် ဘွဲ့ဓာတ်ပုံမှာ ငတက်ပြားမျက်နှာစည်းနဲ့ပုံကို မမြင်ချင်လို့ လိပ်ပြာသန့်သန့်နဲ့ ဖြေမယ်ဆိုပြီး စာမေးပွဲခန်းထဲ ၀င်သွားပါတယ်။ မေးခွန်းရလို့ ကိုယ်ကျက်ထားတဲ့ စာလည်း စဖြေရော၊ ကျွန်တော့်ရှေ့မှာ ကော်တွေသုတ်ထားတဲ့ စာရွက်လွတ် ၂ ရွက် ကျလာရော၊
    မော့ကြည့်လိုက်တော့ ဆရာမက မီးဝင်းဝင်းတောက်နေတဲ့မျက်နှာနဲ့ ဘေးနံရံကစာတွေ ကပ်လိုက်စမ်းတဲ့။ နံရံကြည့်လိုက်တော့ လား လား အဖြေတွေပါလား၊ ဒါပေမယ့် မနက်ပိုင်းက ဖြေသွားတဲ့ စိတ်ပညာက စာတွေပါ။ ကျွန်တော်လည်း ဟုတ်ကဲ့ပါဆိုပြီး နံရံကစာတွေကို ကော်သုတ်စာရွက်ရွက်တွေနဲ့ ကပ်ပေးပါတယ်။ ဒါပေမယ့် စာရွက် ၂ ရွက်ထဲနဲ့ နံရံကစာတွေအားလုံးကို မအုပ်မိဘူး။ ဒါနဲ့ ဆရာမကို ထပ်ကပ်ဖို့ ကော်သုတ်စာရွက်လွတ် ထပ်လဲ တောင်းမိရော အဲဒီ့မှာ ပြဿနာဖြစ်တော့တာပဲဆရာရေ။
    နင်သတ္တိရှိသလား၊ ခန်းမရှေ့ ထွက်ဖြေရဲသလားတဲ့၊ ဆရာမက သူ့ကိုရွဲ့ပြီး စာရွက်ထပ်တောင်းတာလို့ ယူဆတာကိုး၊ အဲဒါနဲ့ ကျွန်တော်လည်း ဟုတ်ကဲ့ပါခင်ဗျာဆိုပြီး ကျောင်းသားအားလုံးရှေ့က ဆရာမတွေ စားပွဲမှာ သွားပြီးစာမေးပွဲဖြေခဲ့ရကြောင်းပါ၊ ( အဲဒီ့နေ့ကဖြေခဲ့တဲ့ အာရှတိုက်ပထ၀ီဝင် ဘာသာကို ဂုဏ်ထူးရဘာသာအဖြစ် ဘွဲ့လက်မှတ်မှာ ဖော်ပြထားကြောင်းကို ဆရာပြောသလို ကြွားရင်ကြွားတယ်လို့ မှတ်ပေးပါဆရာ)
    မပြီးသေးဘူးဆရာ၊ သည်းခံပြီးဖတ်ပေးပါဦး၊ ကျွန်တော်နဲ့လည်း ပြဿနာ ပြီးရော နောက်ထပ် ကျောင်းသား တစ်ယောက်နဲ့က ဒီလိုပါခင်ဗျာ၊ ဆရာမက အဲဒီကျောင်းသားကို ခြေသလုံးတွေလှန်ပြခိုင်း၊ ၀တ်လာတဲ့ တီရှပ်လှန်ပြခိုင်းတာနဲ့ ကိုယ်တော်ချောကျောင်းသားက တီရှပ်ချွတ်၊ လုံချည်ခါးတောင်းမြှောင်အောင်ကျိုက်ပြီး ထိုင်ခုံမှာ ဆောင့်ကြောင့်ထိုင်ဖြေပြတာကိုး၊ ထိုကဲ့သို့ ဆရာမတွေနဲ့ ပြဿနာများဖြစ်နေခြင်းကို
    သောင်းသောင်းဖြဖြ ကျေးဇူးတင်ကြသူများကတော့ ရည်ရွယ်ရာလုပ်ငန်းများကို
    အောင်မြင်စွာ ဆောင်ရွက်နိုင်ကြတဲ့ အခြားကျောင်းသူကျောင်းသားများ ဖြစ်မယ်ဆိုတာ ဆရာလဲ
    ရိပ်မိမှာပါ၊ စာမေးပွဲဖြေလို့ အချိန်သုံးပုံနှစ်ပုံလည်းကျော်ရော၊ သံချောင်းခေါက်တွေကြားရပြန်ရော။
    စာမေးပွဲမဖြေနိုင်တဲ့ မကွေးကကျောင်းသားတစ်ယောက်က ဆရာမများအဆောင်ကို မီးရှို့လို့ ခေါက်တဲ့မီးလှန့်သံချောင်းသံပါ၊ အကျိုးကျေးဇူးကတော့ ဒီကနေ့ မန္တလေးတက္ကသိုလ်ဆရာမတွေ ယခင်ကလို ထရံကာသစ်သားဆောင်တွေအစား ခန့်ခန့်ညားညား အာစီအဆောင်သစ်ကြီးနဲ့ နေရတာပေါ့ခင်ဗျာ၊
    ညနေပိုင်းမှာ အခြားဘာသာတစ်ခုက စာမေးပွဲခန်းက ထုတ်ခံရတဲ့ကျာင်းသူတစ်ယောက်က ဆရာမကို ဒါးနဲ့ခုတ်ဖို့ ကြိုးပမ်းလို့ ၀ိုင်းဆွဲထားကြရတဲ့ဖြစ်စဉ်လည်း ဖြစ်ခဲ့ပါတယ်။
    ဆရာရေ၊ ပြောချင်တာကတော့ အဲဒီကာလက ကျောင်းသားကျောင်းသူတွေ ဒီနေ့ မိဘတွေဖြစ်လာကြပါပြီ၊ တက္ကသိုလ်မှာ ဆရာ ဆရာမတွေ ပြန်ဖြစ်နေကြပါပြီ။ သူတို့ ဘယ်လို Generation တွေ ဆက်လက်မွေးထုတ်ပေးမလဲလို့ မကြာခဏ စဉ်းစားမိကြောင်းနဲ့ ဆရာရဲ့ သုံးသပ်ချက်ကို သိလိုကြောင်းပါခင်ဗျာ။
  26. ဆရာအတ္တကျော်ကို အပြင်မှာ တစ်ခါမျှ မတွေ့ ဖူးပါဘူး။ ဒါပေမယ့် အရမ်းရင်းနှီးနေပါတယ်… ဆရာရဲ့ လက်တွဲဖော်ကဏ္ဍ Mandalay FM မှာ နားထောင်ဖူးရာက ဆရာ့ကို ခင်မင်ရင်းနှီးခဲ့တာပါ.. ဆရာရဲ့ ဟောပြောချက်တွေကို ကျွန်တော် အရမ်းကြိုက်တယ်.. ဒါပေမယ့် ဆရာက ကိုယ့်ကိုယ်ကို သိပ်ယုံကြည်လွန်းအားကြီးတယ်လို့ ဝေဖန်ပါရစေ…
    ကျေးဇူးတင်ပါတယ်ခင်ဗျာ။
  27. မိုးခါးရေဆို တာ မသောက်မဖြစ်တဲ့ အခြေအနေတွေရှိတယ် .း မနေ့က လူဆိုး ဒီနေ့ ဆရာ မနက်ဖြန် ပညာရှိ သူရဲကောင်း
  28. ဆရာကိုအမြဲတမ်းအားပေးနေပါတယ်ရှင့်…
  29. ဆရာ့ရဲ့ စာတွေဟာ လူငယ်တွေ အမြဲတမ်းဖတ်သင့်တယ်လို့… ကျွန်မတောင်မှာ တော်တော်နောက်ကျမှသိရလေခြင်းဆိုပြီး ဝမ်းနည်းနေမိသေးတယ်…
  30. မင်္ဂလာပါဆရာ
    ဆရာရဲ့စာအုပ်တွေ့ကို စထွက်ကတဲ့ကအခုနောက်ဆုံးထွက်ထားတဲ” မောဟရဲ့မူလဘူတာ ” ထိစာအုပ်များကို ၀ယ်ချင်ပါတယ်ဆရာ. 2011ခုနှစ်ကလည်းဝယ်ဖြစ်သေးပါတယ်ဒါပေမဲ့အကုန်မရလိုက်ဘူး .မွေးနေ့အလှူအဖြစ်လှူချင်လို့ပါ. ကျွန်တော့ဆီမှာတော့ အကုန်ရှိပါတယ်. စာကြည့်တိုက်တွေမှာလည်းဆရာစာအုပ်တွေ့များများရှိစေချင်လို့ပါ. အရင်တစ်ခါစာအုပ်လာဝယ်တုန်းကဆရာကတော်ကစာအုပ်ရွေးနေတုန်းဆရာခွေးထီးလေကကျွန်တော့ကိုဧည့်ဝတ်ကျေးပွန်စွာဧည့်ခံပါတယ်………….. ပြုံးလျှက် ……….. “ဟစ်သာငိုတော့… ချစ်တိုင်းပြည်”လိုဘာသာပြန်စာပေများရှိသေးလျှင်မျှဝေပေးရန် ဆရာ့စာတွေကို အစဉ်တစိုက်အာပေးလျှက်ပါ……. တင်မိုး
    • အခုလို အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ။ ဘာသာပြန်ကတော့ မကြာခင်မှာ “ဗေဒင်ယုံတဲ့ အီတာလျံ”ထွက်လာပါလိမ့်မယ်။ လက်စသတ်နေတာ နောက်ဆုံး တစ်ခန်းပဲ ကျန်ပါတော့တယ်။ သည်နှစ် မကုန်ခင် ထွက်နိုင်အောင် ကြိုးစားနေကြောင်းပါ။
      • အခုလို့ကြိုသိရလို့ကျေးဇူးတင်ပါတယ်ဆရာ၊
  31. ဆရာကို အရမ်းလေးစားပါတယ်။
    ဆရာ့လိုလူအများကြီးရှိစေချင်တယ် ဆိုတာ အားလုံးကို အကျိုးပြုလို့ပါ။
    ဆရာကျန်းမာပါစေ၊၊
  32. အရင်တုန်းက ပိုစ်တွေပြန်ဖတ်ချင်လ်ု့ဆရာ မိန်းကလေးတွေပြီးတယ်ဆိုတာတွေဘာတွေ ကျနော်ရှာလို့မတွေ့တော့လို့
    • ဘယ်ဘလော့(ဂ်) သွားရှာနေမှန်းမှ မသိတာ။ Lettwebaw မှာ ရှာနေလို့တော့ သည်တစ်သက် တွေ့စရာ အကြောင်းမရှိဘူးဗျ။ ဘယ်ဘလော့(ဂ်)လဲဆိုတာတော့ လာပြန်မမေးကြေးနော်။ ဥစ္စာရင်လို ဥစ္စာရင် ခဲရတယ်လေ။ 😀
  33. ဆရာနှငိ့ဆက်သွယ်ဆွေးနွေးနိုင်သော မေးလ် သို့မဟုတ် ဖုန်းနံပါတ်ရချင်ပါသည်
Leave a Reply to Nay Lin Cancel reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out /  Change )
Google photo
You are commenting using your Google account. Log Out /  Change )
Twitter picture
You are commenting using your Twitter account. Log Out /  Change )
Facebook photo
You are commenting using your Facebook account. Log Out /  Change )
Connecting to %s