Skip to content

Can Asians Think?

အာရှသားတွေ စဉ်းစားတတ်ကဲ့လား

၁၉၉၇ ခုနှစ် ဇွန်လက စင်္ကာပူနိုင်ငံတွင် သတ္တမအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ စဉ်းစား တွေးတောခြင်း ညီလာခံကို ကျင်းပခဲ့ပါသည်။ ထို ညီလာခံတွင် အာရှအသံများလည်း လိုအပ်နေခဲ့ပါသည်။ ကျွန်တော့်အား ထိုညီလာခံတွင် စကားပြောရန် ကမ်းလှမ်းလာသောအခါ မေးခွန်းတစ်ခုက ကျွန်တော့် ဦးနှောက်တွင်းသို့ ထိုးထွင်း ဝင်ရောက်လာခဲ့ပါသည်။ ထိုမေးခွန်းကား “အာရှသားများသည် အခြားသူများ နည်းတူ စဉ်းစားတတ်ကြရဲ့လား” ဟူ၍ပင် ဖြစ်ပါသည်။ ယခု ကျွန်တော့် ဆွေးနွေးချက်၏ အဓိက ရည်ရွယ်ချက်မှာ အာရှသားတို့၏ စိတ်နှလုံးတွင် အကြိတ်အနယ် ဆွေးနွေးခြင်းတစ်ရပ် ဖြစ်ထွန်းလာစေရန် ရည်သန်ပါသည်။
သို့ရာတွင် “ဥရောပသားများ စဉ်းစားတတ်ရဲ့လား၊” “အမေရိကန်များ စဉ်းစားတတ်ရဲ့လား”စသဖြင့် အခြားတိုက်သားများလည်း အလားတူ မေးခွန်းမျိုးကို မေးကြည့်ချင်စိတ်များ ပေါ်လာတန်ကောင်းရဲ့ဟုလည်း အောက်မေ့မိပါ သည်။

ဆက်လက် ဖော်ပြထားသည်မှာကား ယင်းပို့ချချက်ကို ခေတ်မီအောင်  ပြန်လည် ပြုပြင်မွမ်းမံထားခြင်းသာ ဖြစ်ပါသည်။ ၁၉၉၈ ခုနှစ် နွေရာသီတွင် ထုတ်ဝေသည့် “တစ်မျိုးသားလုံး အကျိုးစီးပွား” စာစောင်တွင် ဖော်ပြ ပါရှိခဲ့သော အက်ဆေးလည်း ဖြစ်ပါသည်။

အာရှသားတို့၏ လူ့ဘောင်များနှင့် ယဉ်ကျေးမှုများသည် မည်သို့မည်ပုံနှင့် မည်သည့်အကြောင်းကြောင့် ဥရောပ ယဉ်ကျေးမှုများ၏ နောက်တွင် ရာစုနှစ် လေး၊ ငါးစုမျှ နောက်ကျ ကျန်နေရစ်ခဲ့ရကြောင်းကို အာရှသားတို့ အချင်းချင်း  ဆွေးနွေးဖြစ်လာကြစေရန် ဤအက်ဆေးက ယနေ့ထက်တိုင် လှုံ့ဆော်နိုင်စွမ်း မရှိသေးသည့်အတွက် ကျွန်တော့်မှာ အလွန်စိတ်မကောင်း ဖြစ်မိရပါသည်။ ထိုသို့ မဆွေးနွေးဖြစ်ကြသေးခြင်းအတွက် အကြောင်းခံ ဖြစ်နိုင်ချေ များစွာ ရှိပါသည်။ ကျွန်တော်ယူဆသည်ကတော့ အချိန်မကျသေး၍သာ မဆွေးနွေးကြခြင်း ဖြစ်ပါလိမ့်မည်။ (ဂျပန်နှင့် “ကျားလေးကောင်”တို့မှတပါး) အခြား အာရှ လူ့ဘောင် အများစုမှာ ခြေခင်း လက်ခင်းသာသော ဖွံ့ဖြိုး တိုးတက်မှု အဆင့်ကို မရရှိကြသေးပါ။ ထိုအဆင့်ကို ရရှိလာသောအခါတွင် ဤမေးခွန်းအား မုချမသွေ မေးလာကြပါလိမ့်မည်။

တစ်ဖက်မှာလည်း ကျွန်တော့်ခေါင်းစဉ်အပေါ် အနောက်တိုင်းမှ အဖျက်သဘောဆောင်သော တုံ့ပြန်မှုများကြောင့် အံ့ဩမိရပါသည်။ ကြည့်ရသည်မှာ ကျွန်တော့်မေးခွန်းမှာ နိုင်ငံရေးအရ မှန်ကန်သော မေးခွန်းမျိုးမဟုတ်သောကြောင့်ပင် ဖြစ်လောက်ပါသည်။ သို့ရာတွင် အာရှသားတို့အနေဖြင့် မိမိတို့ကိုယ် မိမိသော်လည်းကောင်း၊ မိမိတို့၏ အနာဂတ်နှင့် ပတ်သက်၍သော်လည်းကောင်း အခြေခံကျလှသော မေးခွန်းတွေ မေးလာကြမှာကို အနောက်တိုင်းမှ တချို့တချို့သောသူများက မလိုလားကြသဖြင့်လည်း ဖြစ်နေနိုင်ပါသည်။ အာရှသားတို့သာ ထိုသို့သော အခြေခံမေးခွန်းများကို မေးလာကြပြီဆိုလျှင် အာရှလူ့ဘောင်တချို့သည် အနောက်တိုင်း လူ့ဘောင်များကဲ့သို့ပင် တဖြည်းဖြည်းနှင့် အောင်မြင်လာကြမည့်အရေးကို တွေးပူကြသောကြောင့်ပင် ဖြစ်လောက်ပါသည်။

အာရှလူ့ဘောင်တွေ ခေတ်နောက်ကျပြီး ကျန်ရစ်ခဲ့ခြင်းကို အနောက်ကမ္ဘာက ပိုသဘောကျသည်ဟူသော မည်သည့်အဆိုမျိုးကိုမဆို အနောက်တိုင်း ပညာရှင်အများစုက အဓိပ္ပာယ်မဲ့လှသည်ဟု သတ်မှတ်ကာ ပယ်ချပါလိမ့်မည်။ သို့ရာတွင် ထိုအဆိုကို အာရှသား ပညာရှင်များကမူ ပယ်ချကြလေမည် မဟုတ်ပါ။  ဤကဲ့သို့ အရှေ့-အနောက် ကွဲပြားမှုကပင်လျှင် ပေါင်းကူးဆက်နွယ်ပေးထိုက်သော နက်ရှိုင်းလှသည့် အသိဉာဏ်ပညာ ကွာခြားမှု တစ်ရပ်က ကမ္ဘာပေါ်တွင်  တည်ရှိနေကြောင်း ညွှန်းဆိုလျက်ရှိပါသတည်း။

အာရှသားတွေ စဉ်းစားတတ်ကဲ့လား…

သည်မေးခွန်းက တော်တော်လေး အကဲဆတ်တဲ့ မေးခွန်းဖြစ်ပါတယ်။ အခုလက်ရှိ ကျွန်တော်တို့ နေထိုင်ကြတဲ့ လောကမှာ နိုင်ငံရေး အမှားပြင်ဆင်ချက်တွေ ထွန်းကားနေတာမို့ ကျွန်တော်သာ ဥရောပ၊ ဒါမှမဟုတ် အာဖရိကကို သွားပြီး “ဥရောပသားတွေ စဉ်းစားတတ်ကဲ့လား၊” “အာဖရိကသားတွေ စဉ်းစားတတ်ကဲ့လား”လို့သာ သွားမေးမယ်ဆိုရင် ဘယ့်ကလောက် ဂယက် ရိုက်သွားမယ်ဆိုတာ စဉ်းစားသာ ကြည့်တော်မူကြ စေချင်ပါတယ်။

ဆိုလိုတာက အာရှသားများ စဉ်းစားတတ်ကဲ့လားဆိုတဲ့ မေးခွန်းကို မေးဖို့အတွက် မေးသူကိုယ်နှိုက်က အာရှသားတစ်ယောက် ဖြစ်နေဖို့လိုပါတယ်။
အဲသလို အကဲဆတ်တဲ့ အနေအထားမျိုးမို့ ကျွန်တော့်အနေနဲ့ ဘာကြောင့် သည်မေးခွန်းကို မေးရတယ်၊ ဘယ်လို အနှစ်သာရပိုင်းနဲ့ မေးလိုက်တယ် ဆိုတာကို ဦးစွာပထမ ရှင်းပြခွင့်ပြုကြစေလိုပါတယ်။

ပထမဆုံးအချက်က ကမ္ဘာ့အနာဂတ်ကို အဆုံးအဖြတ်ပေးလေမယ့် အဓိကအကျဆုံး မေးခွန်းတစ်ခွန်းတည်းကိုသာ မေးပါဆိုရင် အဲဒီ့မေးခွန်းဟာ “အာရှသားများ စဉ်းစားတတ်ကဲ့လား?”ဆိုတဲ့ မေးခွန်းသာ ဖြစ်နေဖို့ အလားလာ များလှပါတယ်။

ဘာကြောင့်လဲ…

၁၉၉၆ ခုနှစ်မှာတင် ကမ္ဘာ့လူဦးရေ သန်းငါးထောင်မှာ သန်းပေါင်း သုံးထောင့်ငါးရာက အာရှသားတွေ ဖြစ်နေကြပါပြီ။ ရာခိုင်နှုန်းနဲ့ ပြောရင် ကမ္ဘာ့လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဟာ အာရှသားတွေပါ။ ၂၀၅၀ ပြည့်နှစ်ကျရင် ကမ္ဘာ့လူဦးရေက သန်း၉၈၇၀အထိ ရောက်လာမှာဖြစ်ပြီး အာရှသားတွေက အဲဒီ့ထဲမှာ သန်း ၅၇၀ဝ ဖြစ်နေမှာပါ။ သည်အချိန်မှာ မြောက်အမေရိကနဲ့  ဥရောပရဲ့လူဦးရေကတော့ ၃၇၄ သန်းနဲ့ ၇၂၁ သန်းမှာတင်ပဲ အသီးသီး တန့်နေပါလိမ့်မယ်။

လွန်ခဲ့တဲ့ ရာစုနှစ်များမှာတုန်းက ဥရောပ၊ သိပ်မကြာသေးခင်မှာ မြောက်အမေရိကတို့က လူ့ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကမ္ဘာ့ ဝန်ထုပ်ဝန်ပိုးကို ထမ်းရွက်ခဲ့ကြရတာဟာ အထင်အရှားပါ။ ဥရောပသားတွေနဲ့ မြောက်အမေရိကသားတွေရဲ့အရေအတွက်ဟာ လောလောဆယ်မှာ ကမ္ဘာ့လူဦးရေရဲ့ ခြောက်ပုံပုံ တစ်ပုံ ရှိနေပေမယ့် ၂၀၅၀ ပြည့်နှစ်ရောက်တဲ့အခါ ဆယ်ပုံတစ်ပုံသာ ရှိတော့မှာပါ။ အဲဒီ့အခါကျ ကျန်တဲ့ ၉၀ ရာခိုင်နှုန်းသော လူများစုက သည်ဝန်ထုပ်ဝန်ပိုးကြီးကို လူနည်းစု ဆယ်ရာခိုင်နှုန်းအပေါ်မှာ ပုံချထားကြဦးမယ်ဆိုရင် တရားပါဦးတော့မလား။
လက်တွေ့မှာလည်း တစ်ကမ္ဘာလုံး ရှိရှိသမျှ လူအားလုံးဟာ အနောက်တိုင်းသားတွေရဲ့ပခုံးကို မှီနေ အုံးနေချင်ကြမှာတဲ့လား။ လာမယ့် နှစ် ၅၀ ကျလို့ရှိရင် အခုလက်ရှိ ဦးရေထက် နှစ်ဆတိုးလာတော့မယ့် အာရှသားတွေအနေနဲ့ကရော သည်ဝန်ထုပ်ဝန်ပိုးကို တစ်စိတ်တစ်ပိုင်းတော့ တာဝန်မယူနိုင်ကြတော့ဘူးတဲ့လား။

ဒုတိယအချက်ကတော့ ကျွန်တော်ဟာ သည်မေးခွန်းကို မေးလိုက်ရာမှာ အကန့်အသတ်နဲ့သာ တွေးနိုင်စွမ်းရှိကြသူ အာရှသား တစ်ဦးချင်းစီကို မေးနေတာ မဟုတ်ဘူးဆိုတာပါပဲ။

အာရှသားတွေဟာ အက္ခရာတွေကို ကျွမ်းကျင်ပိုင်နိုင်ကြတယ်၊ နှစ်နဲ့ နှစ်ပေါင်းရင် လေးဆိုတဲ့ အဖြေကိုလည်း ထုတ်တတ်ကြတယ်၊ စစ်တုရင်လည်း ကစားတတ်ကြတယ်ဆိုတာ ရှင်းပါတယ်။ ဒါပေမယ့် သမိုင်းစဉ် တစ်လျှောက်လုံးမှာ တစ်ဦးချင်းစီအနေနဲ့ အင်မတန် ထူးချွန် ထက်မြက်သူတွေ ပေါ်ပေါက်ခဲ့တာ မှန်ပေမယ့် အုပ်စုလိုက်အနေနဲ့ကျတော့ ဒုက္ခသုက္ခတွေနဲ့ ရင်ဆိုင်ခဲ့ကြရတာလည်း သည်အာရှသားတွေပါပဲ။


သည်အတွက် ဂန္ထဝင်မြောက် ဥပမာကတော့ ရဟူဒီလူ့ဘောင်ပါပဲ။ ခြုံပြီးပြောရင် ရဟူဒီတွေမှာ တခြားလူမျိုးတွေနဲ့ ယှဉ်ရင် အင်မတန် ထူးချွန် ထက်မြက်တဲ့ ဦးနှောက်ရှိသူ လူသားတွေ အများကြီး မွေးဖွားခဲ့ပါတယ်။ အိုင်းစတိုင်းမှသည် ဝစ်ထှ်ဂယ်န်စတိုင်းအထိ၊ ဒစ္စရေလီမှသည် ကစ်ဆင်ဂျာ အထိပါ။ ဒါပေမယ့်လည်း လွန်ခဲ့တဲ့ ရာစုနှစ်နဲ့ အထက်ကာရီမှာတော့ ရဟူဒီတွေဟာ အတိဒုက္ခ အကြီးအကျယ် ရောက်ခဲ့ပါတယ်။ သည်နေရာမှာ ယနေ့ကာလ အစ္စရေးလူမျိုးများ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ဒုက္ခပေါင်းစုံကို ပြောနေတာ မဟုတ်ကြောင်း အလေးအနက်ထားပြီး ပြောပါရစေ။ ကျွန်တော် ပြောနေတာက ပါလက်စတိုင်းကနေ ရဟူဒီတွေ မောင်းထုတ်ခံခဲ့ရတဲ့ အေဒီ ၁၃၅ ခုနှစ်မှသည် အစ္စရေးနိုင်ငံ ပေါ်ပေါက်လာတဲ့ ၁၉၄၈ ခုနှစ်အတွင်း ကာလများကိုပဲ ဖြစ်ပါတယ်။

အာရှသားတွေအပေါ်မှာရော အဲသလို ကံကြမ္မာမျိုး ကျရောက်လာမှာလား။ ဒါမှမဟုတ် ကျကျနန စဉ်းစားတွေးခေါ်ကြပြီး သူတို့တွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ဖော်ဆောင်နိုင်ကြမှာလား။


တတိယအချက်အနေနဲ့က ကျွန်တော် သည်မေးခွန်းကို မေးရာမှာ အချိန်ကာလ အပိုင်းအခြားကို ရက်နဲ့သော်လည်းကောင်း၊ ရက်သတ္တပတ်နဲ့ သော်လည်းကောင်း၊ လနဲ့သော်လည်းကောင်း၊ နှစ်နဲ့သော်လည်းကောင်း၊ ယုတ်စွအဆုံး ဆယ်စုနှစ်များနဲ့သော်လည်းကောင်း တိုင်းထွာ ပိုင်းခြားရမှာမျိုး မဟုတ်ပါဘူး။ သည်မေးခွန်းကို မေးရာမှာ ရာစုနှစ်များဆိုတဲ့ အချိန်အပိုင်းအခြားနဲ့ တွက်ချက်ပြီး ပြောနေတာပါ။ အထူးသဖြင့် ထောင်စုနှစ်ကို ရောက်ဖို့ နှစ်နှစ်မျှသာ လိုတဲ့အချိန်ကို ရောက်နေတဲ့ ကနေ့ကာလမှာ သည်မေးခွန်းကို မေးကြည့်မိရတာပါပဲ။


လာမယ့်ရာစုနှစ်များမှာ ကမ္ဘာ့သမိုင်းတစ်ခုလုံးဟာ အာရှလူ့ဘောင်တွေ တွေးပုံခေါ်ပုံနဲ့ ဆောင်ရွက်ပုံတွေအပေါ်မှာ တည်နေပါတော့မယ်။ သည်အချက်ကို တချို့တလေက အငြင်းပွားချင် ပွားလိုကြမှာဖြစ်လို့ ဒါကို နောက်ပိုင်းမှာ ရှင်းသွားပါ့မယ်။

ကဲ… “အာရှသားတွေ စဉ်းစားတတ်ကဲ့လား”ဆိုတဲ့ မေးခွန်းဆီ ပြန်သွားကြရအောင်။ စာမေးပွဲ မေးခွန်းတွေထဲမှာ ပါတဲ့ ဓမ္မဓိဋ္ဌာန် မေးခွန်းပုံစံမျိုးနဲ့ ဆိုရင်တော့ သည်မေးခွန်းအတွက် ဖြစ်နိုင်တဲ့အဖြေက သုံးမျိုး ရှိပါတယ်။ “အင်း၊” “ဟင့်အင်း”နဲ့ “အတတ်ပြောလို့တော့ မရဘူးလေ”ဆိုတဲ့ သုံးမျိုးပါ။
သည်အဖြေသုံးမျိုးထဲက ဘယ်အဖြေကို အမှန်ပေးမလဲဆိုတာကို မဆုံးဖြတ်ကြခင်မှာ ကျွန်တော့်အနေနဲ့ အဖြေတစ်ခုစီအတွက် သုံးသပ်ပြပါရစေ။

ဟင့်အင်း… သည်မောင်တွေ မစဉ်းစားတတ်ဘူး…

“ဟင့်အင်း”အဖြေအတွက် အကျိုးအကြောင်းတွေနဲ့ စလိုက်ပါရစေ။ ဒါမှလည်း သည်မေးခွန်း ကိုယ်နှိုက်က အူကြောင်ကြောင်နိုင်လွန်းပါတယ်လို့ ပြောကြမယ့် ဝေဖန်သုံးသပ်သူတွေများ ရှိနေမယ်ဆိုရင် အဲသလိုလူမျိုးတွေ ဘဝင်ကျသွားအောင်လို့ပါ။

လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်ကို ပြန်ကြည့်မယ်ဆိုရင် အာရှသားတွေ၊ ဒါမှမဟုတ်ရင်လည်း အာရှလူ့ဘောင်တွေ မစဉ်းစားတတ်ဘူးဆိုတဲ့ အတွေးက တော်တော့်ကို တွေးချင်စရာ ကောင်းနေအောင် ခိုင်မာနေတာကို တွေ့ရပါလိမ့်မယ်။

လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်၊ အတိအကျပြောရင် ခရစ်နှစ် ၉၉၇ခုနှစ်တုန်းက အာရှလူ့ဘောင်တွေ ဘယ်အခြေအနေမှာ ရောက်နေသလဲဆိုတာ ကြည့်လိုက်ကြရအောင်။

အဲဒီ့အချိန်က (ကွန်ဖျူးရှပ်စ်တွေနဲ့ အစ္စလာမ်ယဉ်ကျေးမှုတွေလို့လည်း ခေါ်လို့ရတဲ့) တရုတ်လူမျိုးတွေနဲ့ အာရပ်လူမျိုးတွေဟာ သိပ္ပံနဲ့ နည်းပညာ၊ ဆေးပညာနဲ့ နက္ခတ္တဗေဒအရာတို့မှာ ဦးဆောင်နေခဲ့ကြတယ်။ အာရပ်တွေဟာ အိန္ဒိယနိုင်ငံကနေ ဒဿမစနစ်နဲ့ သုညမှ ကိုးအထိ ဂဏန်း နံပါတ်များကို ရယူခဲ့ကြသလို တရုတ်တွေဆီကလည်း စက္ကူလုပ်နည်းကို ရခဲ့ကြတယ်။


ကမ္ဘာ့ပထမဆုံးတက္ကသိုလ်ကို လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်သာသာ၊ ခရစ်နှစ် ၉၇၁ ခုနှစ်က ကိုင်ရိုမြို့မှာ တည်ထောင်ခဲ့ပါတယ်။ အဲဒီ့အချိန်မှာ ဥရောပတိုက်ကတော့ “ရောမအင်ပါယာ”ကြီး ပြိုလဲပျက်စီးသွားချိန် ငါးရာစုနှစ်မှာ စတင်ခဲ့တဲ့ “အမှောင်ခေတ်”ထဲမှာ နစ်လို့ ကောင်းနေတုန်း။
ဝစ်လ်ဒျူရန့်ထှ်ဆိုတဲ့ သမိုင်းဆရာက “ကံကြမ္ဓာခေတ်”ဆိုတဲ့ စာအုပ်ထဲမှာ အဲဒီ့ကာလကို အောက်ပါအတိုင်း ရေးခဲ့ပါတယ်။

ခြောက်ရာစု အနောက်ဥရောပကား အနိုင်တိုက်ခိုက်မှုများ၊ ဖရိုဖရဲ ပြိုကွဲမှုများနှင့် လူမဆန်မှုများ ပြန်လည်ပေါ်ပေါက်လာခြင်းတို့ဖြင့် ကသောင်းကနင်းဖြစ်လျက် ရှိခဲ့လေသည်။ ဂန္ထဝင်ယဉ်ကျေးမှုအများစု ကလည်း တစ်ဖက်တွင် ဆက်လက် ရှင်သန်လျက်ရှိပါသည်။ သို့ရာတွင် ယင်းရှင်သန်မှုအများစုမှာလည်း ဘုန်းကြီးကျောင်းနှင့် မိသားစု အနည်းငယ်အတွင်း ပုန်းလျှိုး ကွယ်လျှိုးနှင့် အသက်ဆက်နေရခြင်းမျိုးသာ ဖြစ်လေသည်။ လူမှုဘဝ အခြေခံများဖြစ်သည့် ကာယပိုင်းနှင့် စာရိတ္တပိုင်းမှာ ပြန်လည် ကောင်းမွန်လာစေရန် ရာစုနှစ်များနှင့် ချီပြီး ကြိုးစား ထူထောင်ယူရမည့်အနေအထားသို့ ရောက်သည်အထိ ပျက်သုဉ်းလျက်ရှိလေသည်။ အက္ခရာစာပေကို ချစ်မြတ်နိုးမှု၊ အနုပညာအပေါ် သက်ဝင်မှု၊ ယဉ်ကျေးမှုအပေါ်တွင် စည်းလုံး ညီညွတ်မှုနှင့် စဉ်ဆက်မပြတ်မှု၊ တွေးခေါ် မြော်မြင်တတ်သည့် ဦးနှောက်များ အချင်းချင်း အပြန်အလှန် မျိုးစေ့ချမှုများမှာကား စစ်ဘေး စစ်ဒဏ်၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲ၊ ဆင်းရဲနွမ်းပါးလွန်းခြင်း၊ တိုင်းပြည်သစ်များ ပေါ်ပေါက်လာခြင်း၊ အရှေ့ဥရောပတိုက်မှ လက်တင်ဘာသာ ကွယ်ပျောက်ခြင်းနှင့် အနောက်ဥရောပမှ ဂရိဘာသာ ကွယ်ပျောက်ခြင်းတို့ကြားတွင် ပြိုလဲ ကျဆုံးသွားခဲ့ရလေသည်။

အဲသလို နောက်ခံအနေအထားမျိုး ရှိနေခဲ့တဲ့အတွက် နောက်လာမယ့် ထောင်စုနှစ် (၂၀ရာစု)မှာ တရုတ်၊ အိန္ဒိယနဲ့ အစ္စလာမ်ယဉ်ကျေးမှုတွေဟာ နောက်တန်းကို လျှောကျသွားပြီး ဥရောပကသာ ကမ္ဘာကြီးတစ်ခုလုံးကို လွှမ်းမိုးလေမယ့် ပထမဆုံး ယဉ်ကျေးမှုတစ်ရပ်အဖြစ် နိုးထလာလိမ့်မယ်လို့ အဲဒီ့အချိန်ကသာ ဟောကိန်းထုတ်မယ်ဆိုရင် အဲဒီ့ဟောကိန်းကို အခြေအမြစ် မရှိဘူးလို့ ယူဆခဲ့ကြမှာပါ။ ဒါပေမယ့်လည်း လက်တွေ့မှာတော့ အဲဒီ့ အတိုင်းပဲ အတိအကျကြီးကို ဖြစ်ခဲ့တာလည်း အမှန်ပါ။

သည်အဖြစ်အပျက်ဟာ ရုတ်တရက် ချက်ချင်းကြီး ထဖြစ်ခဲ့တာ မဟုတ်ပါဘူး။ ၁၆ရာစုနှစ်လောက်အထိက အာရှတိုက်က တိုးတက်တဲ့ လူ့ဘောင်များဟာ ဥရောပ လူ့ဘောင်တွေနဲ့ တစ်ပြေးညီ ရင်ပေါင်တန်းနေဆဲဖြစ်ခဲ့ပြီး ဥရောပက တစ်ချိန်ချိန်မှာ ရှေ့ကိုခုန်တက်ကျော်လွှားသွားမယ့် အရိပ်အရောင်လည်း တစ်စက်မှကို မရှိခဲ့ဘူး။ အဲဒီ့အချိန်မှာ ဥရောပရဲ့ အားနည်းချက်တွေက ဥရောပရဲ့ အစွမ်းအစတွေထက် ပိုပြီး ထင်ရှား သိသာနေခဲ့ပါတယ်။


ဥရောပဟာ ကမ္ဘာပေါ်မှာ မြေဩဇာ အကောင်းဆုံး၊ ရေခံမြေခံ အကောင်းဆုံး၊ သယံဇာတအပေါဆုံး ဒေသတစ်ခု မဟုတ်ခဲ့သလို လူဦးရေ ထူထပ် သိပ်သည်းလှတဲ့ ဒေသလည်း မဟုတ်ခဲ့ဘူး။ လူဦးရေကိစ္စဟာ အဲဒီ့ကာလအတွက်တော့ တိုးတက်ဖွံ့ဖြိုးမှုအတွက် အင်မတန် အရေးပါလှတဲ့ အကြောင်းတစ်ရပ်ပါပဲ။ အဲဒီ့အချိန်က မြေကြီးဟာ ကြွယ်ဝမှုရဲ့ အဓိက အရင်းအမြစ် ဖြစ်နေခဲ့တာမို့ လူနဲ့ တိရစ္ဆာန်တို့ရဲ့ ကြွက်သားတွေကလည်း “အား”ဖြစ်နေတဲ့ အချိန်ပါ။

ဒါ့အပြင် ယဉ်ကျေးမှု အနုပညာ မျက်နှာစာ၊ သင်္ချာ၊ အင်ဂျင်နီယာ ဘာသာရပ်၊ ရေကြောင်းသွားလာမှု အတတ်ပညာနဲ့ တခြားနည်းပညာတွေမှာလည်း ဥရောပက ဘာတစ်ခုမှ ထူးထူးခြားခြား ရှေ့တန်းမှာ ရောက်ပြနေခဲ့တာမျိုးတွေ မရှိခဲ့ဘူး။ ဒါတင်မကသေးဘဲ၊ ဥရောပဟာ အစိတ်စိတ်အမြွာမြွာ ဖြစ်နေတဲ့ တိုက်တစ်တိုက်ပါ။ ဘုရင့်နိုင်ငံအသေးလေးတွေ၊ တစ်မြို့ တစ်နိုင်ငံ ကွဲနေရင်းက နိုင်ငံတွေ ပွနေတဲ့ တိုက်တစ်တိုက်သာ ဖြစ်ခဲ့ပါတယ်။
၁၅ရာစုအကုန်လောက်မှာဆိုရင် အော်တိုမန်အင်ပါယာလက်အောက်မှာ သွေးစွန်းတဲ့ ပဋိပက္ခတစ်ရပ်နဲ့ ဥရောပတိုက်ကြီး တစ်တိုက်လုံး ပြိုကွဲ ပျက်စီးလုနီး အခြေအနေအထိတောင် ရောက်ခဲ့တယ်။ ဥရောပဆိုတာ ဗီယင်နာမြို့ တစ်မြို့တည်းသာ ကျန်တော့မယ့် အခြေအနေပါ။

အဲဒီ့အချိန် ၁၅ရာစုအတွင်းမှာ အာရှယဉ်ကျေးမှုကတော့ ဘုန်းမီး နေလ တောက်ပနေခဲ့တယ်။ ဥပမာအနေနဲ့ တရုတ်တွေမှာ အလွန် ဖွံ့ဖြိုး တိုးတက်တဲ့ ယဉ်ကျေးမှုတစ်ရပ် ရှိခဲ့တာကို ပြဆိုရမယ်။ အစဉ်အဆက် အမွေခံခဲ့တဲ့ တရုတ် အုပ်ချုပ်ရေးကို ပညာ ကောင်းစွာတတ်တဲ့ ကွန်ဖြူးရှပ်တွေက ဆောင်ရွက်ပေးနေပြီး ပြိုင်ဘက် မရှိတဲ့ တရုတ်လူ့ဘောင် အသိုင်းအဝိုင်းအတွက် သဟဇာတ မျှမျှတတနဲ့ ပညာသားပါပါ အုပ်ချုပ်နိုင်ခဲ့ပါတယ်။

တရုတ်တို့ရဲ့ နည်းပညာအစွမ်းကလည်း အံ့မခန်းပါပဲ။ ၁၁ ရာစုမှာကတည်းက တရုတ်တွေဟာ ခဲစာလုံးများနဲ့ ပုံနှိပ်တဲ့ အတတ်ပညာကို တီထွင်နိုင်ခဲ့ပြီးသား ဖြစ်ပါတယ်။ ရောင်းဝယ် ဖောက်ကားမှု ရေစီးကြောင်းနဲ့ ဈေးကွက်များ တိုးပွားလာတာနဲ့အညီ ငွေစက္ကူကို သုံးရကောင်းမှန်းလည်း သိနေခဲ့ကြပြီ။ တရုတ်ပြည်ရဲ့ အံ့မခန်း တိုးတက်နေတဲ့ သံလုပ်ငန်းဟာလည်း သူတို့ကိုယ်တိုင် ယမ်းမှုန့်ကို တီထွင်လိုက်နိုင်ပြီးတဲ့နောက်မှာ နိုင်ငံတော်ရဲ့ ကြီးမားတဲ့ စစ်အင်အားကို ရရှိဖြစ်ပေါ်နိုင်စေခဲ့ပြီ။

ဒါပေမယ့်လည်း အလွန်တရာ အံ့ဩစရာကောင်းတဲ့ အနေအထားနဲ့ပဲ၊ ရှေ့ကို ခုန်ထွက် တိုးရောက်သွားတာက ဥရောပတိုက် ဖြစ်နေခဲ့ပါတယ်။ ဥရောပသားတွေရဲ့ စိတ်အတွေးမှာ ပဉ္စလက်ဆန်တာတစ်ခုခု ဖြစ်သွားခဲ့သလိုပါပဲ။ အဲဒီ့နောက်မှာတော့ တိုးတက်မှု လှိုင်းကြီးတွေက တစ်လုံးပြီး တစ်လုံး တက်လာသလို “ရီနေးဆန့်”ခေတ်မှသည် ထိုးထွင်းသိမြင်တဲ့ခေတ်ဆီအထိ လည်းကောင်း၊ သိပ္ပံတော်လှန်ရေးမှသည် စက်မှုတော်လှန်ရေးဆီအထိ လည်းကောင်း လူ့ယဉ်ကျေးမှု ထွင်းဖောက် တိုးတက်လာတဲ့ လှိုင်းတံပိုး အရှိန်အဟုန်ကလည်း မြင့်တက်လာခဲ့ပါတော့တယ်။

အာရှလူ့ဘောင်တွေက ခေတ်နောက်ပြန်ဆွဲပြီး ကျောက်တုံး ကျောက်ဆိုင်လို မာကျော အေးခဲကုန်တဲ့အချိန်မှာ ဥရောပ လူ့ဘောင်တွေကတော့ စီးပွားရေး ဖွဲ့စည်းမှု ပုံစံသစ်တွေ၊ စစ်ရေး နည်းပညာအရာမှာ တစ်ဟုန်ထိုး တိုးတက်မှုတွေ၊ (သီးခြားနိုင်ငံတစ်ခုစီအနေနဲ့ ရေတွက်ရင် အားလုံး မဟုတ်ဘူးဆိုရင်တောင်မှ) တစ်တိုက်လုံးအနေနဲ့ ခြုံငုံမိတဲ့ နိုင်ငံရေး ဗဟုဝါဒနဲ့ “ဥရောပ ကောင်းစားမှု”လို့ ခေါ်လို့ရတဲ့ ခေတ်တစ်ခေတ်ကို ဖော်ထုတ်နိုင်ခဲ့တဲ့ အီတလီ၊ ဗြိတိန်နဲ့ ဟော်လန်နိုင်ငံတို့က တတ်သိပညာရှင်များရဲ့ လွတ်လပ်ခွင့် အနေအထားများ စတင်မှုတို့ကြောင့် အားလုံးရဲ့ ရှေ့ကို တစ်ဟုန်ထိုး တိုးထွက်လာခဲ့ပါတော့တယ်။

သည်အရေးပါလှတဲ့၊ တိုးတက်မှုကို အဆုံးအဖြတ်ပေးလေတဲ့ ကိစ္စရပ်မျိုးတွေက ဘယ်အာရှ လူ့ဘောင်ထဲမှာမှ ဖြစ်မလာခဲ့ဘူး။ ဒါ့အပြင် သည်ကိစ္စရပ်တွေနဲ့ ဘယ်လိုမှ မပတ်သက်သလိုဘဲ တောင့်ခံနေခဲ့တဲ့အတွက် ကမ္ဘာ့ဇာတ်ခုံအလယ်ဆီကို ဥရောပက တိုးဝင်သွားချိန်မှာ အာရှကတော့ တောင့်တောင့်ကြီးပဲ ရပ်ကျန်ရစ်ခဲ့ပါတယ်။ ၁၆ ရာစုနှစ်မှာ စတင်လာတဲ့ ကိုလိုနီ နယ်မြေသစ်များ ချဲ့ထွင်ခြင်းနဲ့ ၁၉ ရာစုမှာ ဖြစ်ပွားခဲ့တဲ့ စက်မှုတော်လှန်ရေးဟာ လွှမ်းမိုး ခြယ်လှယ် နိုင်အားလှတဲ့ ဥရောပရဲ့အနေအထားကို ပိုမိုတိုးတက်စေခဲ့သလို ပိုမိုခိုင်မာစေခဲ့တာလည်း အမှန်ပါပဲ။


လူဦးရေ သုံးသန်းသာ ရှိတဲ့ စင်္ကာပူနိုင်ငံက ကျွန်တော်လိုလူအတွက်  ကျွန်တော်တို့ စင်္ကာပူလိုပဲ လူဦးရေပမာဏ နည်းပါးလှတဲ့ ပေါ်တူဂီလို နိုင်ငံပေါက်စနလေးတစ်ခုက သူ့ထက် ပိုလည်းကြီးမား၊ ယဉ်ကျေးမှုအရ ပိုလည်း ထွန်းကားခဲ့တဲ့ ဂိုအာ၊ မကာအိုနဲ့ မလက္ကာတို့လို နေရာသစ်တွေကို ချဲ့ထွင်နိုင်ခဲ့တာဟာ တကယ့်ကို အံ့ဘွယ်တစ်ခု ဖြစ်လို့နေတယ်။ ဒါဟာ အင်မတန့်ကို ထူးခြားဆန်းကျယ်လှတဲ့ စွမ်းပကားတစ်ရပ်ပါပဲ။ သည့်ထက် ပိုပြီး ထူးခြားဆန်းကျယ်နေတာက နယ်မြေသစ်တွေကို အဲသလို သိမ်းပိုက်တဲ့ အချိန်က ၁၅၀ဝ ပြည့်လွန်နှစ်တွေ ဖြစ်နေတာပါ။

ပေါ်တူဂီနယ်ချဲ့တွေရဲ့နောက်ကိုမှ စပိန်တွေ၊ ဒတ်ခ်ျတွေ၊ ပြင်သစ်တွေနဲ့ နောက်ဆုံးမှာ ဗြိတိသျှတွေက လိုက်ခဲ့ရတာလည်း ဖြစ်ပါတယ်။ ရာစုနှစ် သုံးစုနီးပါး ရှည်ကြာခဲ့တဲ့ သည်ကာလတစ်လျှောက်လုံးမှာ အာရှလူ့ဘောင်၊ အာရှသားတို့ဟာ အညံ့ခံနေခဲ့ကြပြီး သူတို့ထက် ပိုမိုသေးငယ်တဲ့ လူ့ဘောင်ရဲ့ ဝါးမျိုမှုနဲ့ နယ်ချဲ့သိမ်းပိုက်မှုကို အသာတကြည် ခွင့်ပေးခဲ့ကြပါတယ်။

သည်အထဲမှာမှ နှလုံးနာစရာ အကောင်းဆုံးကတော့ ရုပ်ပိုင်းအရတင် နယ်ချဲ့လွှမ်းမိုးခံလိုက်ရတာ မဟုတ်ဘဲ စိတ်ဓာတ်ရေးရာအရပါ နယ်ချဲ့ လွှမ်းမိုးခံလိုက်ရတဲ့အဖြစ်ပါ။ (တောင်အာရှက ကျွန်တော့် ဘိုးဘေးဘီဘင် အများအပြားအပါအဝင်) အာရှသား အများအပြားဟာ ဥရောပသားတွေနဲ့ ယှဉ်မယ်ဆိုရင် မိမိတို့ကိုယ်ကို သိမ်ဖျင်းတဲ့ လူသားတွေလို့ ယုံကြည်စ ပြုကုန်ကြပါတယ်။ သည်တစ်ချက်တည်းနဲ့တင် ဗြိတိသျှလူမျိုး ထောင်ပေါင်း အနည်းငယ်လောက်က တောင်အာရှရဲ့ ကုဋေနဲ့ ချီတဲ့ လူအများကို ထိန်းချုပ်နိုင်ခဲ့တဲ့ ဖြစ်ရပ်ရဲ့ အဖြေဟာ ရှင်းနေပါတော့တယ်။

သည်နေရာမှာ အငြင်းပွားစရာ အချက်အလက်တစ်ခု တင်ပြခွင့်ပြုကြမယ်ဆိုရင်ဖြင့် ပြောလိုက်ချင်သေးတာကတော့ သည်စိတ်ဓာတ်ရေးရာ နယ်ချဲ့လွှမ်းမိုးခံရတဲ့အဖြစ်ဟာ အာရှတိုက်ကနေ အပြီးအပြတ် ပျောက်ကွယ် ပျက်သုဉ်း မသွားသေးပါဘူး၊ အာရှလူ့ဘောင် အတော်များများဟာ အဲဒီ့ လွှမ်းမိုးမှုအောက်က လွတ်မြောက်ဖို့ ရုန်းကန် ကြိုးစားနေရဆဲပဲ ဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။

ကနေ့ကာလလို ၂၁ရာစုကို လှမ်းမြင်နေရတဲ့ အချိန်အခါမှာတောင်၊ အာရှတိုက်ကို ပထမဆုံး ရောက်ရှိလာတဲ့ ပေါ်တူဂီနယ်ချဲ့တွေ ရောက်ရှိခဲ့ချိန်က စတင် ရေတွက်မယ်ဆိုရင် နှစ်ပေါင်း ၅၀ဝ ကြာခဲ့ပြီးတဲ့နောက်မှာတောင် ကနေ့ကာလ ဥရောပနဲ့ မြောက်အမေရိကတိုက်မှာ ရှိနေတဲ့ ဖွံ့ဖြိုး တိုးတက်မှု အဆင့်အတန်းနဲ့ ညီမျှတဲ့အနေအထားကို ရရှိ ခံစားနေတဲ့ အာရှ လူ့ဘောင်ဆိုလို့ တစ်ခုမှ တစ်ခုတည်း၊ ကျွန်တော် ထပ်ပြောပါရစေ၊ အဲသလို ဥရောပနဲ့ မြောက်အမေရိကတိုက်ကို မီတဲ့ အာရှလူ့ဘောင်ဆိုလို့ တစ်ခုဆို တစ်ခုတည်းပဲ ရှိပါသေးတယ်။

အာရှတိုက်မှာ ပထမဆုံး နိုးထလာတာက ဂျပန်တွေရဲ့ အသိစိတ်သာ ဖြစ်ပါတယ်။ ၁၈၆၀ ပြည့်လွန်နှစ်တွေမှာ မေဂျီပြန်လည်ထိန်းသိမ်းရေးနဲ့ စတင်ခဲ့ပါတယ်။ ဖွံ့ဖြိုးတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် အာရှတိုက်မှာ ဂျပန်နိုင်ငံကို ပထမဆုံး ထည့်သွင်း စဉ်းစားခဲ့ကြပြီး ဥရောပနဲ့ ညီမျှတဲ့ နိုင်ငံ တစ်နိုင်ငံအဖြစ် အရာသွင်းခဲ့တာဟာလည်း အင်္ဂလိပ်-ဂျပန် မဟာမိတ် စာချုပ်ကို ချုပ်ဆိုခဲ့တဲ့ ၁၉၀၂ ခုနှစ်မှာ ဖြစ်ပါတယ်။

အာရှသားတွေ စဉ်းစားတတ်တယ်ဆိုရင် ဘာဖြစ်လို့ ကနေ့အချိန်အခါ မှာ အာရှလူ့ဘောင်တစ်ခုတည်းကသာ အနောက်တိုင်းကို အမီလိုက်နိုင်နေတာလဲ။

သည်အနေအထားမှာ ကျွန်တော့်မေးခွန်းအတွက် “ဟင့်အင်း၊ မစဉ်းစားတတ်ဘူး”ဆိုတဲ့အဖြေကို ထုတ်ချင် ထုတ်လို့ရအောင် ကျွန်တော် တွေးပြလိုက်တာပါ။ “အာရှသားတွေစဉ်းစားတတ်ကဲ့လား”ဆိုတဲ့မေးခွန်းကို “ဟင့်အင်း”လို့ ဖြေချင်တဲ့ ပရိသတ်အနေနဲ့ အဲဒီ့အဖြေအတွက် အကျိုးအကြောင်းတွေလို့ ဆိုနိုင်ပါတယ်။

အင်း… သိပ်စဉ်းစားတတ်သပေါ့ဗျာ

အခုတစ်ခါ “အာရှသားတွေ စဉ်းစားတတ်ကဲ့လား”ဆိုတဲ့ မေးခွန်းကို “အင်း”လို့ ဖြေချင် ဖြေလို့ရအောင် ငြင်းချက်လေးတွေ ဆွဲခွင့်ပြုကြစေလိုပါ တယ်။

ပထမဆုံးအချက်ကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်မျှအတွင်းမှာ စီးပွားရေးအခြေအနေတွေ ကြောက်ခမန်းလိလိ တိုးတက်လာအောင် ဆောင်ရွက်နိုင်ခဲ့တဲ့ အရှေ့အာရှ လူ့ဘောင်များရဲ့ အစွမ်းအစပါပဲ။ ကျန်တဲ့ အာရှနိုင်ငံတွေအနေနဲ့ ပုံတူကူးလို့ မရခဲ့ကြပေမယ့် ဂျပန်နိုင်ငံရဲ့ အောင်မြင်မှုက အာရှရဲ့ မညီမျှမှုအပေါ် ဒီလှိုင်းများလို အရှိန်အဟုန်နဲ့ တဖြည်းဖြည်း ရိုက်ခတ်လာခဲ့ပါတယ်။ ဂျပန်နိုင်ငံရဲ့ စီးပွားရေးအောင်မြင်မှု နောက်ကို ကောက်ကောက်ပါ အောင်လိုက်လာတဲ့ ပထမဆုံးအသုတ်ကတော့ “ကျားလေးကောင်” (တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ဟောင်ကောင်နဲ့ စင်္ကာပူ)ပဲ ဖြစ်ပါတယ်။

သည်ကျားလေးကောင်ရဲ့ အောင်မြင်မှုက တခြား တောင်အာရှနိုင်ငံတွေ၊ အထူးသဖြင့် အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတို့မှာလည်း သည်လို အောင်မြင်အောင် လုပ်နိုင်တဲ့ အစွမ်းအစတွေ ရှိတယ်လို့ ယုံကြည်လာအောင် လှုံ့ဆော်ပေးလိုက်ပါတယ်။ သည့်နောက်မှာတော့ အဲဒီ့နိုင်ငံများရဲ့ နောက်ကို တရုတ်ပြည်က စွေ့ခနဲ ကောက်လိုက်လာတဲ့အပြင် ၂၀၂၀ပြည့်နှစ် မတိုင်ခင်မှာ အမေရိကန်နိုင်ငံကို ကျော်တက်ပြီး ကမ္ဘာ့အကြွယ်ဝဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်လာနိုင်တဲ့ အစွမ်းကိုတောင် ရရှိနေပါပြီ။

သိပ်ကို အံ့ဩစရာကောင်းတာကတော့ အဲဒီ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရဲ့အရှိန်အဟုန်ပါပဲ။ နိုင်ငံရဲ့စီးပွားရေးကို နှစ်ဆတိုးအောင် အမေရိကန် နိုင်ငံအနေနဲ့ (၁၈၃၉ခုနှစ်က စလို့) ၄၇ နှစ်၊ ဂျပန်နိုင်ငံအနေနဲ့ (၁၈၈၀ပြည့် လွန်နှစ်တွေကစလို့) ၃၃ နှစ် အားထုတ်ခဲ့ရပါတယ်။ ဒါပေမယ့် အဲသလို နှစ်ဆ တိုးတက်လာအောင် အင်ဒိုနီးရှားနိုင်ငံက ၁၇နှစ်၊ တောင်ကိုရီးယားနိုင်ငံက ၁၁နှစ်နဲ့ တရုတ်နိုင်ငံက ဆယ်နှစ်ပဲ အားစိုက်လိုက်ရတာ အထင်အရှားပါ။

အားလုံး ခြုံပြောမယ်ဆိုရင် ၁၉၆၀ ကနေ ၁၉၉၀ ပြည့်နှစ်အတွင်းမှာ အရှေ့အာရှနိုင်ငံများရဲ့ မယုံနိုင်စရာကောင်းလှတဲ့ စီးပွားရေးဖွံ့ဖြိုးမှုများဟာ တခြား ကမ္ဘာ့နိုင်ငံများရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုများထက် ပိုပြီး မြန်ဆန် ခိုင်မာနေတာကို တွေ့ရပါတယ်။ ပျမ်းမျှအနေနဲ့ အရှေ့အာရှနိုင်ငံများရဲ့ စီးပွားရေးဟာ အဲဒီ့အချိန်အတွင်းမှာ တစ်နှစ်ကို အသားတင် ဝင်ငွေ တိုးတက်မှု ငါးဒဿမ ငါးရာခိုင်နှုန်း ရှိနေခဲ့ပြီး လက်တင်အမေရိကနိုင်ငံတွေ၊ ဆဟာရတွင်း အာဖရိကနိုင်ငံတွေတင်မကဘဲ အိုအီးစီဒီလို့ခေါ်တဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်းဝင် နိုင်ငံတွေမှာတောင်မှ နှစ်ဒဿမ ငါးရာခိုင်နှုန်းသာ ရှိနေခဲ့ပါတယ်။

စာမေးပွဲတစ်ခုမှာ အမှတ်ကောင်းကောင်း ရတယ်ဆိုတာ ကံကောင်းလို့ မဟုတ်ပါဘူး။ အမှတ်ကောင်းဖို့အတွက် ဉာဏ်ကောင်းဖို့လိုသလို အပတ်တကုတ် ကြိုးစားအားထုတ်ဖို့ကလည်း လိုပါတယ်။ အလားတူပဲ၊ စီးပွားရေး ကောင်းလာဖို့အတွက်၊ အထူးသဖြင့် အာရှတိုက်မှာ မြင်တွေ့ခဲ့ရတဲ့ နှုန်းထားမျိုးနဲ့ အောင်မြင်မှု ရရှိဖို့အတွက်လည်း ကံကောင်းလို့ အခြောက်တိုက် ထဖြစ်လာတာမဟုတ်ပါဘူး။ သည်လို အောင်မြင်လာမှုဟာ ဉာဏ်ကောင်းတာကိုရော၊ ဝီရိယရှိတာကိုပါ အတိအလင်း ထင်ဟပ်နေပါတယ်။

ပြီးတော့လည်း အာရှတိုက်မှာ အတိအလင်း မြင်ခဲ့ရတဲ့ စီးပွားရေး ပေါက်ကွဲမှုကြီးရဲ့ အရှိန်အဟုန်နဲ့ အတိုင်းအဆဟာ လူ့သမိုင်းမှာ တစ်ခါဖူးမှ မပေါ်ပေါက်ခဲ့ဘူးသေးတဲ့ အနေအထားမျိုး ဖြစ်တယ်ဆိုတာကို အလေးအနက်ထားကြဖို့ သည်နေရာမှာ အလွန်အရေးကြီးပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ စီးပွား ရေးပါရဂူချုပ် ဂျိုးဇက်ဖှ်ဂလစ်ထ်ဇ်က “အာရှဝေါလ်စထရိထ်”ဂျာနယ်ထဲက သူ့ဆောင်းပါးထဲမှာ သည်အမှန်တရားကို အောက်ပါအတိုင်း ဖမ်းဆုပ်ပြခဲ့ပါ တယ်။


အရှေ့အာရှရဲ့ “တန်ခိုးဣဒ္ဓိပါဒ်”က တကယ်ပါ။ အရှေ့အာရှရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို သမိုင်းရဲ့ အထူးခြားဆုံး၊ အပြောင်မြောက်ဆုံး အောင်မြင်မှုတစ်ရပ်အဖြစ် သတ်မှတ်ရပါလိမ့်မယ်။ အဲဒီ့ အောင်မြင်မှုက သယ်ဆောင်လာတဲ့၊ တစ်မျိုးသားလုံး အသားတင် ဝင်ငွေတိုးတက်မှုဟာ အသက်ရှည်ရှည် နေနိုင်ဖို့ မျှော်လင့်ချက်၊ ပိုကောင်းလာတဲ့ ကျန်းမာရေးနဲ့ ပညာရေး အခြေအနေတွေ ပါဝင်နေတဲ့ အာရှသား ကုဋေကုဋာ များစွာရဲ့ လူနေမှုအဆင့်အတန်းတွေ တိုးတက်မြင့်မားလာမှုနဲ့တင် ထင်ရှားနေခဲ့ပါပြီ။ ဒါတင်မကသေးပါဘူး၊ တခြားအာရှသား သန်းပေါင်းများစွာဟာလည်း ဆင်းရဲတွင်းကနေ သူတို့ကိုယ်သူတို့ ဆယ်တင်နိုင်လာကြပြီး အခုအချိန်မှာဆိုရင် မျှော်လင့်ချက်ရောင်ခြည် ကိုယ်ငနဲ့ ဘဝကို ရင်ဆိုင် ရဲဝံ့နေကြပါပြီ။ သည်အောင်မြင်မှုတွေဟာ အစစ်အမှန်တွေ ဖြစ်သလို လောလောဆယ် ကြုံတွေ့ရင်ဆိုင်နေရတဲ့ အရေးအခင်းထက် အဆပေါင်း များစွာ ခိုင်မာတဲ့ အောင်မြင်မှုတွေလည်း ဖြစ်ပါတယ်။


အနောက်နိုင်ငံများက ဦးဆောင် တက္ကသိုလ်ကြီးများမှာတင်မကဘဲ၊ မိခင်နိုင်ငံများက တက္ကသိုလ်များမှာပါ ထူးချွန် ပေါက်မြောက်နေတဲ့ အရှေ့ အာရှပညာရှင်များနဲ့ စာသင်သားများရဲ့ အစွမ်းအစများကြောင့် အရှေ့အာရှ သားတို့ရဲ့ မိမိကိုယ်ကို ယုံကြည်မှုဟာ ဆတက်ထမ်းပိုး တိုးတက်လာခဲ့ရပြန်သေးတယ်။ ကနေ့ကာလမှာ အမေရိကန် တက္ကသိုလ်များက မွေးထုတ်လိုက်တဲ့ အတော်ဆုံးကျောင်းသား အများအပြားဟာ အာရှဇာတိသားတွေ ဖြစ်နေပါတယ်။ မိမိရဲ့ယဉ်ကျေးမှုနဲ့ အစဉ်အလာတို့အပေါ် မိမိကိုယ်တိုင် ယုံကြည် သက်ဝင်မှုနဲ့ လေးစားမှုများ ရှိနေဖို့အတွက် ပညာရေး ထူးချွန်မှုဟာလည်း မရှိမဖြစ် လိုအပ်လှတဲ့ အရည်အသွေးတစ်ရပ်ပါပဲ။


ပြောင်ပြောင်ပြောကြစတမ်းဆိုရင်၊ အာရှသားတွေဟာ အနောက်နိုင်ငံသားတွေနဲ့ယှဉ်လိုက်ရင် သိမ်ငယ် ညံ့ဖျင်းသူတွေ မဟုတ်ဘူးဆိုတာကို အာရှသား အများစု ကိုယ်တိုင်က သတိပြုမိလာကြတဲ့အထိ နိုးကြားလာကြပြီလို့ ဆိုရပါလိမ့်မယ်။ အနောက်တိုင်းသား အများစုကတော့ သည်အပြောင်းအလဲကို လက်ခံ ကြိုဆိုရကောင်းမှန်း မသိကြပါဘူး။ ဘာလို့လဲဆိုတော့ သူတို့အနေနဲ့က အာရှသားတွေရဲ့ ရင်ထဲမှာ မကြာသေးခင်တစ်ချိန်အထိ ကိန်းအောင်း နေခဲ့တဲ့ သိမ်ငယ်စိတ်ကို ဘယ်လိုနည်းနဲ့မှ ကိုယ်ချင်းစာတတ်ကြမှာ မဟုတ်လို့ပါပဲ။


“အာရှသားတွေ စဉ်းစားတတ်ကဲ့လား”ဆိုတဲ့မေးခွန်းကို “အင်း”လို့ ဖြေဖို့ အတွက် ဒုတိယ အကြောင်းရင်းကတော့ အာရှစိတ်ဓာတ် အများအပြားမှာ အရေးပါလှတဲ့ အပြောင်းအလဲတစ်ရပ် ပေါ်လာနေလို့ပါပဲ။ အရင်က ရာစုနှစ်တွေနဲ့ ချီပြီး အာရှသားတွေ ယုံခဲ့တာက ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အနောက်တိုင်းကို အမီလိုက်မှ ဖြစ်လိမ့်မယ်လို့ပါပဲ။ မေဂျီ ပြန်လည် ပြင်ဆင်ရေးကို ဦးဆောင်ခဲ့သူတစ်ဦးဖြစ်တဲ့ “ယူကီအီချီ ဖူကူဇာဝါ”က ၁၉ ရာစု အနှောင်းပိုင်း ကာလမှာ ဂျပန်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အနောက်တိုင်းနိုင်ငံများဆီက သင်ယူမှတ်သားရမယ်လို့ ပြောလိုက်ရင်း သည်သဘောထားကို အတိအလင်း ခံယူကြေညာခဲ့ပါတယ်။ ဆွန်ယက်ဆင်လို၊ ဂျဝါဟာလာနေရူးတို့လို အခြားသော အာရှတိုက်ရဲ့ ပြုပြင်ပြောင်းလဲရေးသမားများကလည်း သည်အခြေခံ သဘောထားကို တစိုက်မတ်မတ် လက်ခံကျင့်သုံးခဲ့ကြတယ်။

ကနေ့ကာလ အာရှသားတို့ရဲ့ စိတ်အစဉ်မှာတော့ အဲဒီ့ အတွေးအခေါ် အယူအဆက ခေတ်နောက်မှာ ကျန်ခဲ့ပြီ။ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပုံတူ ကူးချစရာ မလိုဘဲ ကိုယ့်လမ်း ကိုယ့်ဘာသာ ထွင်လျှောက်နိုင်တဲ့ အရည်အသွေးတွေ အာရှသားတွေဆီမှာ ရှိတယ်ဆိုတဲ့ အမြင်က အာရှသား အများအပြားရဲ့ ရင်ထဲမှာ ကိန်းဝပ်လို့ လာနေပါပြီ။ သည်အတွေးအခေါ် အပြောင်းအလဲဟာ ဖြည်းဖြည်းနဲ့မှန်မှန် ဖြစ်ပေါ်နေတာပါ။


လွန်ခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်လောက်ဆီအထိကတော့ အနောက်တိုင်း လူ့ဘောင်ဟာ တောင်ထိပ်ပေါ်က အားကျစရာ အနေအထားမှာ ရှိနေခဲ့ပါတယ်။ အအောင်မြင်ဆုံး လူ့ဘောင်ဆိုတာ သူတို့လူ့ဘောင်မှလို့ ထင်မြင်ချင်စရာ ကောင်းနေခဲ့တယ်။ စီးပွားရေးအရ ကြွယ်ဝတယ်၊ နိုင်ငံရေး တည်ငြိမ်တယ်၊ လူမှုရေး မျှတပြီး လိုက်လျောညီထွေ ရှိတယ်၊ ကိုယ်ကျင့်တရားပိုင်း သန့်စင်တယ်၊ ကုန်ကုန်ပြောရရင် နိုင်ငံသားတွေအားလုံးအနေနဲ့ တစ်ဦးချင်းစီ ရပ်တည် ရှင်သန်နိုင်တဲ့ အကောင်းဆုံး ပတ်ဝန်းကျင် အခြေအနေမျိုးတွေ ရှိနေတယ်လို့တောင် ပြောနိုင်ပါတယ်။

အဲဒီ့လူ့ဘောင်တွေဟာ ခြောက်ပြစ်ကင်း သဲလဲစင်တော့ မဟုတ်ပေဘူး။ ဒါပေမယ့် သူတို့ရဲ့ပြင်ပက တခြားလူ့ဘောင်တွေနဲ့ ယှဉ်မယ်ဆိုရင်တော့ အထက်စီးက နေလို့ရအောင်ကို သာလွန် ကောင်းမွန်နေခဲ့တာလည်း အမှန်ပဲ။ မကြာသေးခင် ကာလတစ်ခုအထိက ဆင်ခြင်ဉာဏ်ရှိတဲ့ ဘယ် အာရှသား ပညာတတ်ရဲ့နှုတ်ကမှ “သည်လမ်းကြောင်းကို လိုက်ဖို့ မလိုပါဘူးကွာ”ဆိုတဲ့ စကားမျိုး ထွက်လာဖို့ အင်မတိ အင်မတန် ခဲယဉ်းလှပါတယ်။ အခုနေအခါမှာတော့ ပြောင်ပြောင်တင်းတင်း၊ လူရှေ့သူရှေ့မှာ မဟုတ်ရင်တောင် တစ်ယောက်တည်း တိတ်တိတ် ကြိတ်ပြီးတော့လေးပဲဖြစ်ဖြစ် သည်လမ်းကြောင်းကို လိုက်ဖို့ မလိုဘူးဆိုတာ တွေးလာကြပါပြီ။

တစ်ဖက်ကလည်း အနောက်တိုင်းလူ့ဘောင်တွေဟာ သူတို့နဲ့ ပြိုင်ဖက် တခြား အရှေ့အာရှနိုင်ငံတွေထက် ပိုပြီး အောင်မြင်နေဆဲဖြစ်တယ်ဆိုတဲ့ အချက်ကလည်း အငြင်းပွားစရာ မရှိပါဘူး။ အနောက်တိုင်း တက္ကသိုလ်တွေ၊ ကဝိပုရောဟိတ်တွေနဲ့ ယဉ်ကျေးမှု မျက်နှာစာစတဲ့ နယ်ပယ်တွေမှာ သူတို့တွေရဲ့ ထူးချွန်ပြောင်မြောက်မှုတွေကို ဆက်လက် ထိန်းသိမ်းထားနိုင်ဆဲပါပဲ။

ပမာဆောင်ရရင် အနောက်နိုင်ငံ ဂီတလောကမှာ ထူးချွန်လှတဲ့ အာရှသား အပြည့်နဲ့ ဖြစ်နေတာမှန်သော်ငြားလည်း ဘယ်အာရှသံစုံတီးဝိုင်းကမှ အနောက်တိုင်း သံစုံတီးဝိုင်းကြီးတွေကို ယှဉ်နိုင်စွမ်း မရှိသေးပါဘူး။

ဒါပေမယ့်လည်း အနောက်တိုင်း လူ့ဘောင်အများအပြားကို ထိုးနှက်နေတဲ့ လူမှုရေးနဲ့ စီးပွားရေးပြဿနာများရဲ့ အတိုင်းအဆနဲ့ အတိမ်အနက်ကို ကြည့်ပြီး အာရှသားတွေဟာ ထိတ်လန့်လို့ နေကြပါတယ်။ မြောက်အမေရိကမှာဆိုရင် မိသားစု အဆောက်အအုံဆိုတဲ့ အနေအထားက သိသိသာသာကို ပျက်ယွင်းနေတာ၊ ကပ်ရောဂါကြီး တစ်ခုလို ဖြစ်ပွားနေတဲ့ မူးယစ်ဆေးစွဲ ပြဿနာ၊ ရာဇဝတ်မှုတွေ၊ အခြေအနေမဲ့(ပျံကျ)တွေ နေထိုင်ရာ ရပ်ကွက်တွေ ဆက်လက် တည်ရှိနေသေးတာနဲ့ စာရိတ္တပိုင်းမှာ သိသိသာသာ ယိုယွင်း ပျက်စီးနေကြတာများဟာ အာရှသားများအတွက် ထိတ်လန့်စရာကောင်းလှပါတယ်။

သည်အချက်ကို အမေရိကန်အစိုးရက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေ က အတိအလင်း ဖော်ပြနေတယ်။ ၁၉၆၀ ကနေ ၁၉၉၀ ပြည့်နှစ်အထိ နှစ်ပေါင်း ၃၀ အတွင်း အမေရိကန်နိုင်ငံမှာ ရာဇဝတ်မှု ဖြစ်ပွားနှုန်းက လေးဆ တက်လာတယ်။ (အဖေနဲ့ အမေနဲ့ ကွာရှင်းပြတ်စဲလိုက်ကြလို့) မိဘတစ်ပါးတည်းသာ ရှိတဲ့ မိသားစု အရေအတွက်က သုံးဆ တက်လာတယ်၊ အမေရိကန် တစ်နိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင် အရေအတွက်ကလည်း သုံးဆ တိုးလာခဲ့ပါတယ်။

လူမှုဖူလုံရေး အာမခံချက်များကြောင့် ဥရောပသားတွေရဲ့ တိုးတက်မှုတွေ တုံ့ဆိုင်းကုန်တယ်ဆိုတဲ့အချက်ကို ခိုင်ခိုင်မာမာ သက်သေ မထူနိုင်ပေမယ့်လည်း အာရှသားတွေအနေနဲ့ကတော့ ဥရောပသားတွေဟာ လူမှုဖူလုံရေး အာမခံချက်တွေအပေါ်မှာ အကိုးစားလွန်နေတယ်လို့လည်း တစ်ဖက်က မြင်လာကြပြီး စိတ်အနှောင့်အယှက်လည်း ဖြစ်တတ်လာကြပါပြီ။ တစ်ချိန်က မြောက်အမေရိကနဲ့ အနောက်ဥရောပကို အာရှသားတွေ သွားရောက် လည်ပတ်တဲ့အခါမျိုးတွေမှာ အဲဒီ့လူ့ဘောင်တွေရဲ့ လူနေမှု အဆင့်အတန်းနဲ့ ဘဝ အခြေမြင့်မှုတွေအပေါ် သွားရေယို အားကျခဲ့ကြဖူးပါတယ်။ ဒါပေမယ့် ကနေ့ကာလမှာတော့ အာရှသားတွေဟာ သည်လူ့ဘောင်တွေကို စံနမူနာ ယူစရာ လူ့ဘောင်များလို့ တယ်မထင်ကြတော့ပါဘူး။ အာရှသားတွေအနေနဲ့ သူတို့နဲ့မတူဘဲ သူတို့ထက် သာတဲ့ လူ့ဘောင်တစ်ရပ်ကို ထူထောင်နိုင်မှာပဲလို့ တွေးတောစ ပြုလာကြ၊ ယုံကြည်စ ပြုလာကြပါပြီ။

အာရှသားတွေရဲ့စိတ်တွေထဲကိုသာ အနောက်တိုင်းသားတွေ ဝင်ကြည့်လို့ ရစတမ်းဆိုရင် သူတို့တွေ ဘာလုပ်ကြမလဲဆိုတဲ့ မေးခွန်းလေးနဲ့ စင်းစင်း ကလေး တင်စားလိုက်ရင် ရှင်းသွားမှာပါ။

သိပ်မကြာသေးခင်အထိက အနောက်တိုင်းသားတွေ ကိုယ်တိုင်လည်း  လူ့ဘောင်အားလုံးအတွက် တိုးတက်ဖွံ့ဖြိုးမှုဆီကို သွားချင်ရင် အနောက်နိုင်ငံတွေ ကနေ့ကာလမှာ ရောက်ရှိနေတဲ့ တောင်ကလပ်ဆီ သွားရာလမ်းကိုသာ ရွေးရလိမ့်မယ်လို့ ယေဘုယျအားဖြင့် တွေးမြင် ယူဆခဲ့ကြပါတယ်။ ဒါကြောင့် လူ့ဘောင်တိုင်းအနေနဲ့ မဆိုစလောက်ကလေးပဲ အပြောင်းအလဲ လုပ်ပြီး လူတစ်ဦးချင်းစီရဲ့လွတ်လပ်ခွင့်ကို အလေးအနက် ထားပေးနိုင်တဲ့ လွတ်လပ် ပွင့်လင်း လူ့ဘောင်များကို တည်ဆောက်နိုင်မှသာလျှင် လူမှုရေး၊ စီးပွားရေး လှေကားအတိုင်း အပေါ်ရောက်အောင် တက်နိုင်ကြမှာလို့ ထင်မှတ်ခဲ့ကြတယ်။

ဒါပေမယ့် ကနေ့ကာလ အာရှသားတွေကတော့ သည့်ထက် ပိုမြင်နေကြ ပြီ။ အနောက်တိုင်းလူ့ဘောင် အများစု ရောက်ရှိနေတဲ့၊ သာမောတင့်တယ် လှတဲ့ တောင်ကလပ်ကိုလည်း ကောင်းကောင်းကြီး မြင်တယ်။ ဒါတင်မကသေးဘဲ၊ အဲဒီ့တောင်ကလပ်ကို ကျော်ပြီး အာရှသားတို့ရဲ့ လူ့ဘောင် အသိုင်းအဝိုင်းတွေကို ခေါ်ဆောင်သွားနိုင်တဲ့၊ ပိုပြီး သာယာတင့်မောရာ တောင်ထိပ်တွေကိုပါ မြင်လာကြပြီ။

အနောက်တိုင်းသားတွေ ရောက်နေတဲ့ တောင်ကလပ်က တကယ်တော့ ခရီးလမ်းဆုံး မဟုတ်ဘူး၊ ပန်းတိုင် မဟုတ်ဘူးဆိုတာကို သိလာကြပြီ။ (အနောက်တိုင်း လူ့ဘောင်တွေမှာ စွဲကပ်နေတဲ့ လူမှုရေးနဲ့ ယဉ်ကျေးမှု လှိုက်စားရောဂါဆိုးမျိုး ကိုယ့်ဆီကိုပါ ကူးမလာစေချင်တာမို့) သည်တောင်ကလပ်ကိုဖြင့် မဖြစ်မနေ ကျော်မှကို ဖြစ်တော့မယ်၊ သည်တောင်ကလပ်ကို ကျော်ပြီး တောင်ထိပ်က တခြား နေရာကောင်းတွေကို မဖြစ်မနေ ရှာမှ ဖြစ်ချေတော့မယ်လို့ တွေးလာကြပါပြီ။ သည်အတွေးအမြင်ဟာ သိပ်မကြာသေးခင် ကာလကမှ အာရှသားတွေရဲ့ နှလုံးရင်မှာ ခိုဝင် ကပ်ငြိလာခဲ့တာပဲ ဖြစ်ပါတယ်။ ဒါဟာ အာရှသားတွေကိုယ်နှိုက်က သူတို့ကိုယ်သူတို့ ယုံကြည်မှု အသစ်တွေ ပေါ်ပေါက်လာတာကို အတိအလင်း ပြဆိုနေရာလည်း ရောက်ပါတယ်။

“အာရှသားတွေစဉ်းစားတတ်ကဲ့လား”ဆိုတဲ့ မေးခွန်းကို “အင်း”လို့ ဖြေဖို့အတွက် တတိယ အကြောင်းရင်းကတော့ ကနေ့ကာလသာလျှင် အာရှသားတို့ရဲ့ စိတ်နှလုံးကို စတင် လှုပ်ခတ် မွှေနှောက်လိုက်ချိန် ဖြစ်နေလို့ပါပဲ။ မသေရုံတမယ် ကျားကုတ်ကျားခဲ အားထုတ်နေရတဲ့ ဘဝကနေ ထူထူထောင်ထောင် ဖြစ်လာတဲ့ အာရှသားတွေ တစ်နေ့တခြား တိုးပွားလာတာနဲ့အမျှ သူတို့ရဲ့ယဉ်ကျေးမှု အမွေအနှစ်ကို စဉ်းစားဖို့၊ စားမြုံ့ပြန်ဖို့နဲ့ ပြန်လည် ဖော်ထုတ်ဖို့အတွက် စီးပွားရေးအရ လွတ်လပ်မှုများကို ရရှိလာခဲ့ပါပြီ။

[တိုက်ရိုက် ဘာသာပြန်လိုက်တော့ ရှုပ်သွားလားမသိဘူး။ ဆိုလိုတာက အူမ မတောင့်လို့ ကိုယ့်ယဉ်ကျေးမှုကိုယ် အထီးမှန်း၊ အမမှန်းမသိ ဖြစ်နေခဲ့ကြရာက စီးပွားရေးလေးလည်း အောင်မြင်လာရော ကိုယ့်ယဉ်ကျေးမှုကိုယ် ပြန်ကြည့်ရကောင်းမှန်း၊ ထိန်းသိမ်း စောင့်ရှောက်ရကောင်းမှန်း သိဖို့ အခွင့်အရေး ရလာတယ်ဆိုတဲ့ သဘောကို ပြောလိုရင်း ဖြစ်ပါတယ်။ ဒါ ဘာသာပြန်သူရဲ့ စကားချပ်ပါ။]

အနောက်တိုင်းမှာလိုပဲ လူမှုရေး၊ ယဉ်ကျေးမှုရေးရာနဲ့ ဒဿနပိုင်းဆိုင်ရာ အစဉ်အလာတွေ အာရှမှာလည်း ကြွယ်ကြွယ်ဝ၀ ရှိနေပြီး အဲဒါတွေကို ပြန်လည် အသက်သွင်းလို့ ခေတ်မီ ဖွံ့ဖြိုးတိုးတက်တဲ့ လူ့ဘောင်တွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ တည်ထောင်ယူလို့ ရမယ်ဆိုတာကို အာရှသားတွေ သတိထားမိလာနေပါပြီ။ နာမည်တပ်ပြီး ပြောကြစတမ်းဆိုရင် အိန္ဒိယနဲ့ တရုတ်တို့ရဲ့ ယဉ်ကျေးမှုများကို အနောက်တိုင်း ပညာရှင်တွေ ကိုယ်တိုင်က အလေးထားလာခဲ့ကြရတာ ကြာတောင့်ကြာပါပြီ။ တစ်ဖက်ကပြောရမယ်ဆိုရင်တော့ ဥရောပတိုက်ရဲ့အမှောင်ဆုံး နေ့ရက်များအတွင်းက ဂရိနဲ့ ရောမ ယဉ်ကျေးမှုများကို အာရပ်တွေက မဆီမဆိုင် ဝင်ရောက် ထိန်းသိမ်း စောင့်ရှောက် ဖော်ထုတ်ပေးခဲ့ရသလိုပဲ၊ အခုအခါမှာ အာရှယဉ်ကျေးမှုရဲ့ ဘုန်းမီးနေလ တောက်ပခဲ့ဖူးတဲ့ အတိတ်က အသီးအပွင့်များကို အနောက်တိုင်း ပညာရှင်တွေကပဲ ထိန်းသိမ်း စောင့်ရှောက် ဖော်ထုတ်ပေးနေခဲ့တာလည်း အမှန်ပါပဲ။

ဥပမာပြရရင် အာရှယဉ်ကျေးမှုတွေ ယိုယွင်း တိမ်းပါးပျက်စီးနေချိန်မှာ အနောက်တိုင်းက ပြတိုက်တွေနဲ့ တက္ကသိုလ် ကျောင်းတော်ကြီးတွေဟာ အာရှတိုက်က ထုတ်လုပ်ခဲ့တဲ့ အနုပညာနဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်း စောင့်ရှောက်နေခဲ့ရုံတင်မကဘဲ တလေးတစား တန်ဖိုးထားခဲ့ကြတာ အထင်အရှားပါပဲ။

အာရှသားတွေအနေနဲ့ သူတို့ရဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေကို နှိုက်နှိုက်ချွတ်ချွတ် သိမြင်ခွင့်ရလာတဲ့အခါမှာတော့ သူတို့ရဲ့ စိတ်နှလုံးကို အလိုလို အားသစ်လောင်းပြီးသား ဖြစ်နေမှန်း၊ အားတက်စေမှန်း သတိထားမိလာကြပါတော့တယ်။ ရာစုနှစ်ပေါင်းများစွာအတွင်းမှာ ပထမဆုံးအကြိမ် အနေနဲ့ “အာရှရီနေဆော့န်” (အာရှ တစ်ဖန် ပြန်လည် နိုးထမှု)ကြီးဟာ မလွဲမသွေ ပေါ်ပေါက်လာပါတော့မယ်။

တဟီရန်မှသည် ကာလကတ္တား၊ ဘုံဘေမှသည် ရှန်ဟဲ၊ စင်္ကာပူမှသည် ဟောင်ကောင်အထိ သွားလာနေတဲ့ ခရီးသွား ဧည့်သည်များအနေနဲ့ ရိုးရာ ဘာသာစကားနဲ့ ယဉ်ကျေးမှု အမွေအနှစ်များအပေါ် အာရှသားတွေ အရင်က မထားရှိဖူးတဲ့ ယုံကြည်မြတ်နိုးမှုနဲ့ သက်ရောက်ဝင်စားမှုများကို တိတိလင်းလင်းကြီး တွေ့မြင်လို့ နေကြရပါပြီ။

အာရှသားတို့ဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာတာနဲ့အညီ ပိုက်ဆံတွေလည်း သုံးနိုင်ဖြုန်းနိုင်လာကြတယ်။ ပိုက်ဆံ သုံးနိုင်လာတာနဲ့အမျှ ရိုးရာ အကတွေ၊ ဇာတ်ပွဲတွေကို ပြန်လည် အသက်သွင်းဖို့ အာရုံထားတတ်လာကြ ပါတယ်။ ကနေ့ကာလမှာ ကျွန်တော်တို့အားလုံး မျက်ဝါးထင်ထင် မြင်နေကြရတာကတော့ ယဉ်ကျေးမှု အမွေအနှစ်များကို ပြန်လည် ရှာဖွေ တွေ့ရှိနေတဲ့ မဟာအခိုက်အတန့်ကြီးပဲ ဖြစ်ပါတယ်။

ကိုယ့်ယဉ်ကျေးမှုအပေါ်မှာ ဂုဏ်ယူရကောင်းမှန်း သိလာကြတဲ့ အာရှသားတို့ရဲ့ ဇာတိပုည ဂုဏ်မာနဟာ ထင်ရှား ပြတ်သားလှတာနဲ့အမျှ နားလည် ခံစားပေးဖို့လည်း အလွန်ကို လွယ်ကူနေအောင် မြင်သာထင်သာ ရှိနေပါတော့တယ်။

တိုတိုပြောကြစတမ်းဆိုရင်၊ ကျွန်တော့်မေးခွန်းကို “အင်း”လို့ ဖြေချင်ကြသူ အာရှသားများအတွက် ခိုင်လုံတဲ့ အကြောင်းအချက်တွေက တစ်ပုံတစ်မ မကအောင် အများအပြား ရှိနေတယ်ဆိုတာပါပဲ။ ဒါပေမယ့်  အဲသလို “အင်း”လို့ ယတိပြတ်မဖြေကြခင်မှာ အဲသလို ဖြေလိုကြသူ လူကြီးမင်းများ အနေနဲ့ “အတတ်ပြောလို့တော့ မရဘူးလေ”ဆိုတဲ့ အဖြေအတွက် အကြောင်းပြချက်များကို ခဏလောက် စဉ်းစားကြည့်ကြစေချင်ပါသေးတယ်။ ပြီးမှ ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီး ခိုင်မာတဲ့ အဖြေတစ်ခု ထုတ်ကြတာပေါ့။

အတတ်တော့ ပြောလို့ မရဘူးလေ…

၁၉၉၇ ခုနှစ်မှာ ရင်ဆိုင်လိုက်ကြရတဲ့ ဘဏ္ဍာရေးဆိုင်ရာ အရေးအခင်းကြီး ပေါ်ပေါက်ခဲ့ပေမယ့်လည်း အာရှသားအများစုကတော့ သူတို့ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ အကောင်းမြင်လို့ မဆုံးနိုင်ကြသေးပါဘူး။ အဲသလို အကောင်းမြင်မှုဟာ တကယ်တော့လည်း ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ ဆိုရပါလိမ့်မယ်။

သည်ကြားထဲမှာပဲ လွန်ခဲ့တဲ့ ရာစုနှစ် တစ်စုတိတိတုန်းက ဥရောပသားတွေ တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံနဲ့၊ အဲဒီ့အချိန်က ဥရောပတစ်ခွင်လုံးမှာ အကောင်းမြင်သူတွေနဲ့ ပြည့်နှက်နေခဲ့ပုံတို့အပေါ်မှာ အာရှသားတွေအနေနဲ့ သင်ခန်းစာ ယူတတ်ကြမယ်ဆိုရင် အလွန့်ကို အဆင်ပြေ အသုံးတည့်မှာပါ။ “ထိန်းမနိုင် သိမ်းမရ”ဆိုတဲ့စာအုပ်ထဲမှာစာရေးသူ “ဇဘစ်နျူ ဘရဇင်းစခီး”က အဲတုန်းက ကမ္ဘာကြီးရဲ့ ပုံပန်းသဏ္ဌာန်ကို အောက်ပါအတိုင်း ရေးသား ဖော်ကျူးခဲ့ပါတယ်။

“နှစ်ဆယ်ရာစုကား မျှော်လင့်ချက်ဖြင့် မွေးဖွားလာ၏။ နှစ်ဆယ်ရာစု မွေးဖွားချိန် နောက်ခံကားချပ်မှာလည်း သာယာတင့်မောလှပေသည်။ ကမ္ဘာပေါ်တွင် အဓိကရ ဩဇာရှိသော နိုင်ငံများကား အတော်အတန် ငြိမ်းချမ်းလှသော အခြေအနေအပေါ်တွင် ယစ်မူးလျက် ရှိနေခဲ့ကြ၏။ ၁၉၀ဝ ပြည့်နှစ် ဇန်နဝါရီလ(၁)ရက်နေ့တွင် အဓိကရ မြို့ကြီးများ၌  မှီတင်းနေထိုင်သူ လူအများ၏ယေဘုယျ စိတ်အခံကား အကောင်းမြင်ခြင်း သက်သက်ဖြင့် ပြီးနေလေသည်။ ကမ္ဘာ့ဩဇာ တည်ဆောက် ဖွဲ့စည်းပုံကလည်း ထိုအချိန်တွင် တည်ငြိမ်လှသည့် ဣနြေ္ဒကို ဆောင်လျက်ရှိပေသည်။ ထိုအချိန်တွင် တည်ရှိနေသော အင်ပါယာကြီးများကလည်း ဆက်လက်ပြီး ဘုန်းမီးနေလ တောက်ပကာ လုံလုံခြုံခြုံ ရှိနေကြပေ၏။”

အဲသလို မျှော်လင့်တကြီး ရှိနေတဲ့ အနေအထားကြားကပဲ၊ ၂၀ရာစုဟာ ဘရဇင်းစခီးရဲ့စကားလုံးများအတိုင်း ပြောရရင် အောက်ပါအတိုင်း ဖြစ်သွား ပါတော့တယ်။
…လူသားမျိုးနွယ် တစ်ရပ်လုံး၏ သွေးထွက်သံယိုမှု အများဆုံး၊ မုန်းတီး စက်ဆုပ်မှု အများဆုံး ရာစုနှစ်၊ နိုင်ငံရေးအရ ကယောင်ကတမ်း ဖြစ်ရသော ရာစုနှစ်၊ ဘီလူးသဘက်ဆန်ဆန် ကြမ်းကြုတ်စွာ သတ်ကြ ဖြတ်ကြကုန်သော ရာစုနှစ် ဖြစ်ကုန်၏။ ရက်စက်မှုကို အဖွဲ့အစည်းတစ်ရပ် သဏ္ဌာန် စုစည်းယူကာ တစ်ခါဖူးမှ မကြုံဖူးသော အတိုင်းအဆဖြင့် ကျူးလွန်ခဲ့ကြကုန်၏။ သတ်ဖြတ်မှုကိုလည်း အစုလိုက် အပြုံလိုက် အတိုင်းအတာဖြင့် စုစည်း ဖော်ဆောင်ခဲ့ကြကုန်၏။ အကယ်တန္တု၊  လူသားတို့၏ ကောင်းကျိုးကို ဖော်ဆောင်နိုင်စွမ်းသော သိပ္ပံပညာနှင့် နိုင်ငံရေးမိစ္ဆာတို့၏ ဝိရောဓိက ထိန်းမနိုင် သိမ်းမရ ဖြစ်ခဲ့ရသလို ထိတ်လန့်စရာလည်း ကောင်းလှပေ၏။ သမိုင်းတွင် တစ်ခါဖူးမျှ မကြုံခဲ့ဖူးသော အတိုင်းအဆဖြင့် သတ်ဖြတ်မှုကို ကမ္ဘာနှင့်အဝှန်း ကျူးလွန်ခဲ့ကြ၏။ သမိုင်းတွင် တစ်ခါဖူးမျှ မကြုံခဲ့ဘူးသော အတိုင်းအဆဖြင့် လူ့အသက်များစွာကို ဝါးမျို စားသုံးခဲ့ကြ၏။ သမိုင်းတွင် တစ်ခါဖူးမျှ မကြုံခဲ့ဘူးသော အနေအထားဖြင့် ရန်လိုလှကာ ကြောင်းကျိုးဆီလျော်မှုလည်းအလျဉ်း မရှိသော ရည်မှန်းချက် ပန်းတိုင်များအတွက် လူသားမျိုးနွယ်စုများကို အမြစ်ပြတ် ချေမှုန်းရန် တစိုက်မတ်မတ် အားထုတ်ခဲ့ကြ၏။


အာရှသားတစ်ယောက်အနေနဲ့ ကိုယ့်ဘာသာကိုယ် ပြန်မေးထိုက်တဲ့ အရေးအကြီးဆုံး မေးခွန်းတွေထဲက မေးခွန်းတစ်ခွန်းကတော့ ရိုးရိုးစင်းစင်းလေးပါ။ မြောက်အမေရိကနဲ့ အနောက်ဥရောပမှာရှိတဲ့ ခေတ်ပြိုင်လူ့ဘောင်(နိုင်ငံ)များ နည်းတူ အောင်အောင်မြင်မြင်နဲ့ ရွပ်ရွပ်ချွံချွံ သွားနိုင်မယ်လို့ တစ်ထစ်ချ ယုံကြည်မှုမျိုး ခိုင်ခိုင်မာမာရှိနေတဲ့ (အနောက်တိုင်း အစုအဖွဲ့ရဲ့ အဖွဲ့ဝင် ဖြစ်နေတဲ့) ဂျပန်နိုင်ငံက လွဲရင် နောက်ထပ် အာရှလူ့ဘောင်(နိုင်ငံ) ဘယ်နှနိုင်ငံ ရှိပါသလဲဆိုတဲ့ မေးခွန်းပါပဲ။

တစ်ခုမှ မရှိဘူးလို့ပဲဖြစ်ဖြစ်၊ တစ်ခုစ၊ နှစ်ခုစလောက်ပဲ ရှိပါတယ်လို့ပဲဖြစ်ဖြစ် ဖြေကြမယ် ကြံရင်တော့ “အတတ်တော့ပြောလို့မရဘူးလေ”ဆိုတဲ့ အဖြေဟာ တော်တော်ကြီး ခိုင်လုံလာပါတော့မယ်။

အနောက်တိုင်းလူ့ဘောင်တွေ ရရှိခံစားနေတဲ့ အောင်မြင်မှု အဆင့်မျိုးအထိ အမီလိုက်နိုင်တဲ့ အနေအထားကို ရောက်အောင် ချီကြတဲ့နေရာမှာ အာရှ လူ့ဘောင်များအနေနဲ့ မလွဲမသွေ ကျော်လွှားကြရမယ့် စိန်ခေါ်မှုကြီးတွေက ရှေ့မှာ ဆီးတားလို့ နေပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပထမဆုံး စိန်ခေါ်မှုကတော့ စီးပွားရေးဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ် အလယ်ပိုင်းအထိ အရှေ့အာရှ လူ့ဘောင်အတော်များများဟာ ခေတ်မီ ဘောဂဗေဒပညာရဲ့ အခြေခံ စည်းမျဉ်း ဥပဒေတွေကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်ပိုင်နိုင်ကြတယ်လို့ သူတို့ကိုယ်သူတို့ ကောင်းကောင်းကြီး ယုံကြည်ခဲ့ကြတယ်။ စီးပွားရေး လွတ်လပ်ခွင့်တွေ ပေးခဲ့တယ်၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စီးဝင်လာအောင် အားပေးခဲ့တယ်၊ အသုံးနဲ့ အဖြုန်းကို ကွဲပြားစေတဲ့ ဘဏ္ဍာရေး မူဝါဒတွေကို ချမှတ်ခဲ့ကြပါတယ်။ ပြည်တွင်း စုဆောင်းငွေ ပမာဏတွေ တအားမြင့်တက်လာတဲ့အခါမှာတော့ စီးပွားရေးအခြေကလည်း အတော်ကြီးကို ခိုင်လာခဲ့ပါတယ်။ တစ်နှစ်ကို စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှုန်းထားက ခုနစ် ရာခိုင်နှုန်း၊ ဒါမှမဟုတ် အဲဒီ့ထက် ပိုတဲ့ နှုန်းထားနဲ့ တက်လာခဲ့တာကလည်း ဆယ်စု နှစ်နဲ့ ချီနေပြီဆိုတော့ တောင်ကိုရီးယား၊ ထိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှား နိုင်ငံများအနေနဲ့ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် သူတို့မှာဖြင့် တကယ့်ကို ဖော်နည်းကား ကောင်းကောင်း တွေ့ထားပြီလို့ ယုံကြည် ယူဆလာကြတာလည်း သဘာဝကျလှပါတယ်။
ဒါပေမယ့် ၁၉၉၇ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့မှာ ထိုင်းဘတ်ငွေ တန်ဖိုးချလိုက်ရခြင်းဟာ အဲဒီ့ယုံကြည်ယူဆမှု မမှန်ကန်ကြောင်း ပြဆိုလိုက်သလို ဖြစ်သွားပါတယ်။ သည်ဘဏ္ဍာရေးပြဿနာကြီးရဲ့ ထူးခြားချက်တစ်ခုကတော့ သည်ပြဿနာရဲ့ အနက်အရှိုင်းနဲ့ အတိုင်းအဆကို ဘယ် စီးပွားရေး ပညာရှင်ကမှ ကြို မတွက်နိုင်ခဲ့တာပါပဲ။ စီးပွားရေး ပညာရှင်တွေနဲ့ ခွဲခြမ်းစိတ်ဖြာ လေ့လာရေးသမားများဟာ သည်ပြဿနာကြီးရဲ့ အခြေခံ ဇစ်မြစ်ကို ရှာဖွေကြလို့ ကောင်းနေတုန်းပါပဲ။

သည်အက်ဆေးကို ရေးနေတဲ့ကာလမှာလည်း သည်စီးပွားရေးပြဿနာကြီးကို ရှင်းလို့ မရသေးတာမို့ ပြဿနာ ဖြစ်ရခြင်းရဲ့အခြေခံ အကြောင်းတရားတွေကို ခုနေခါမှာ ဆုံးဖြတ် ဖော်ထုတ်မယ်ဆိုရင် စောလွန်းလှပါသေးတယ်။ ဒါပေမယ့်လည်း ဖြစ်နိုင်ချေတွေကို တွက်ချက်ကြည့်တာကတော့ မမှားတန်ကောင်းပါဘူး။

စီးပွားရေးမျက်နှာစာမှာ အမှားတွေ အများကြီး ကျူးလွန်ခဲ့ကြပါတယ်။ ဥပမာအားဖြင့် ထိုင်းနိုင်ငံမှာ အတိုးနှုန်းချင်း ကွာနေတဲ့ကြားက ဘတ်နဲ့ ဒေါ်လာ ငွေလဲလှယ်နှုန်းကို အသေသတ်မှတ်တဲ့အတိုင်း ထိန်းထားဖို့ ဆုံးဖြတ်တာမျိုးပါ။ အဲတော့ကာ ထိုင်းစီးပွားရေးသမားတွေအနေနဲ့က အမေရိကန် ဒေါ်လာကို ပေါပေါပဲပဲနဲ့ ချေးငှားနိုင်ကြပြီး ထိုင်းဘတ်ငွေနဲ့ကျတော့ မတန်တဆ အတိုးတွေ ရကုန်ကြတယ်။ ဒါဟာ (အိမ်၊ မြေ၊ တိုက်တာလို) မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းတွေရဲ့ ဈေးကွက်မှာရော၊ အစုရှယ်ယာ ဈေးကွက်တွေမှာပါ အဆမတန် ရင်းနှီးမြှုပ်နှံကုန်ကြအောင် လုပ်လိုက်ရာ ရောက်သွားပါတော့တယ်။ သည်လိုဖြစ်နေတာကိုကျတော့ ထိန်းထားလို့ ဘယ်လိုမှ မရတော့ဘူး။

အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေအဖွဲ့ (အိုင်အယ်မ်အက်ဖှ်)က သည်ကိစ္စနဲ့ပတ်သက်လို့ တိုးတိုးတိတ်တိတ် သတိပေးခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း အဲဒီ့အချိန်က ထိုင်းနိုင်ငံကို အုပ်ချုပ်နေတဲ့ ညွန့်ပေါင်းအစိုးရတွေခမျာ တော်တော်ကြီးကို အားပျော့နေတာမို့ အခြေအနေဆိုးကို ကုစားမယ့် ဆေးခါးကြီးကို အမျိုရခက်နေပါတယ်။ ဆေးခါးကြီးကို အစိုးရက မျိုချလိုက်တာနဲ့ အစိုးရကို ငွေကြေးအရ ပံ့ပိုးပေးနေတဲ့ နောက်ကွယ်က ငွေရှင်ကြေးရှင်တွေပါ မျိုရမှာမို့ပါ။ ထိုင်းနိုင်ငံ တစ်နိုင်ငံတည်းအနေနဲ့ ပြောရရင် စီးပွားရေးနဲ့ နိုင်ငံရေးအခြေအနေများက နိုင်ငံရဲ့ ဘဏ္ဍာရေြး ပဿနာကို ဖြစ်ပွားစေခဲ့သလို မလိုလားအပ်ဘဲ အဓွန့်ရှည်နေစေခဲ့တာလည်း ဖြစ်ပါတယ်။

ဒါတင်မကသေးပါဘူး၊ နောက်ထပ် အချက်အလက်ကြီး တစ်ချက်ကလည်း ရှုပ်နေတဲ့ ဇာတ်ကို ပတ်နေအောင် မွှေလိုက်ပြန်ပါသေးတယ်။ အဲဒါကတော့ ဂလိုဘယ်လိုက်ဇေးရှင်းလို့ခေါ်တဲ့ “ကမ္ဘာချီမှု”ကြီးပါပဲ။ ၁၉၉၇ နဲ့ ၁၉၉၈ အတွင်းမှာ ရင်ဆိုင်လိုက်ကြရတဲ့ စီးပွားရေးအရေးအခင်းက အရှေ့အာရှက စီးပွားရေး စီမံခန့်ခွဲသူများကို သင်ခန်းစာ ကောင်းကောင်း ပေးလိုက်ပါတယ်။ အဲဒီ့သင်ခန်းစာကတော့ တစ်ခုခု ဖြစ်ပြီဟေ့ဆိုတာနဲ့ ကိုယ့်တိုင်းပြည် တစ်ပြည်ထဲအတွင်းမှာတင် ရိုက်ခတ်တာ မဟုတ်တော့ဘဲ နိုင်ငံတကာမှာရော၊ ကိုယ်နဲ့ တစ်နည်းမဟုတ် တစ်နည်း ဆက်စပ် ပတ်သက်နေတဲ့ တစ်ကမ္ဘာလုံးက အဓိက ဇာတ်ကောင်တွေ အားလုံးမှာပါ ထိခိုက်ကုန်တတ်တယ် ဆိုတာကိုပါ။

အရှေ့အာရှသားတို့အနေနဲ့ ဒါကို အံ့ဩတကြီး ဖြစ်မနေသင့်ပါဘူး။ သည်လိုဖြစ်ရတာဟာ စီးပွားရေး လွတ်လပ်ခွင့်တွေ ပေးလိုက်ပြီး ကမ္ဘာ့ စီးပွားရေး နယ်ပယ်ထဲကို တိုးဝင် ဖြန့်ကျက်လိုက်ခြင်းရဲ့ အကျိုးဆက်သာ ဖြစ်ပါတယ်။ တိုးဝင်ဖြန့်ကျက်လိုက်မှုက (လူနေမှုအဆင့်တွေ သိသိသာသာ တိုးတက်လာတာမျိုးလို) အကျိုးအမြတ်တွေကို ရရှိလာသလို (စီးပွားရေး စီမံခန့်ခွဲရာမှာ ဗဟိုချုပ်ကိုင်မှုစနစ်ကို လက်လွှတ်လိုက်ရတာမျိုးလို) တန်ဖိုးကြီးလှတဲ့ အရင်းအနှီးတွေကိုလည်း ပေးဆပ်လိုက်ရပါတယ်။

ဒါပေမယ့် ပြဿနာက ဗဟိုချုပ်ကိုင်မှုစနစ်ကို လက်လွှတ်လိုက်ရတယ်ဆိုတဲ့အချက်ကို လက်ခံဖို့ဝေးစွ၊ အသိအမှတ်ပြုဖို့တောင် တွန့်ဆုတ်လို့ နေခဲ့ကြတယ်။ သည်အချက်ကို အထက်က ပြောခဲ့တဲ့ စီးပွားရေး အရေးအခင်းကြီးကို ရင်ဆိုင်လိုက်ရချိန်မှာ အရှေ့အာရှရဲ့ ကနဦးတုံ့ပြန်ချက်တွေက သရုပ်ဖော်နေပါတယ်။ သည်ငြင်းပယ်မှုက ဘာကို ပြဆိုနေသလဲဆိုတော့ အရှေ့အာရှသားတို့ရဲ့စိတ်နှလုံးမှာ အမှန်တရားသစ်များကို ရင်ဆိုင်ဖို့အတွက် စိတ်ပိုင်းဆိုင်ရာမှာ တော်တော်ကြီး ခေတ်နောက်ကျနေသေးတယ်ဆိုတာကိုပါပဲ။


ထူးခြားတာတစ်ခုကတော့ (ကနဦးကာလမှာ အရှိတရားကို မျက်ကွယ ပြု ငြင်းပယ်ခဲ့ကြပြီးတဲ့နောက်) အရှေ့အာရှ စီးပွားရေး ဒေသနှစ်ခုဟာ အိုင်အယ်မ်အက်ဖှ်က တိုက်ကျွေးတဲ့ ဆေးခါးကြီးကို အပြည့်အဝ မျိုချခဲ့ပါတယ်။ အဲသလို မျိုချလိုက်တဲ့အတွက် ကမ္ဘာနဲ့ချီပြီး အချင်းချင်း အပြန်အလှန် ဆက်သွယ်နေတဲ့ ခေတ်မီ ဘောဂဗေဒ နယ်ပယ်ထဲကို ထိုးထွင်းဖြန့်ကျက်ခဲ့ကြတဲ့ လူလတ်တန်းစားများအနေနဲ့ အမြန်တကာ့ အမြန်ဆုံး နှုန်းထားနဲ့ ပြန်လည် ဖွံ့ဖြိုး တိုးတက်လာအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အခု စာရေးနေတဲ့ အချိန်အထိ စီးပွားရေး စိန်ခေါ်မှုတွေကို အသည်းအသန် ရင်ဆိုင်နေပင် နေရသေးသော်ငြားလည်း တောင်ကိုးရီးယားနဲ့ ထိုင်းနိုင်ငံတို့က  အခွင့်ထူးခံ လူတန်းစားများဟာ ဘဏ္ဍာရေး ကွန်ရက်အသစ်များထဲမှာ ကောင်းကောင်းကြီး အံဝင်ခွင်ကျ ဝင်ဆန့်နိုင်နေပြီဆိုတာကိုတော့ ကျကျနန ပြသနေနိုင်ခဲ့ကြပါတယ်။


ထိုင်းနိုင်ငံရဲ့ ဘဏ္ဍာရေး ဝန်ကြီးသစ် “တာရင် နစ်မန်ဟေမင်ဒါ”ဟာ ဆိုရင် အရေးပါတဲ့ ဘဏ္ဍာရေးဆိုင်ရာ မြို့တော်ကြီးတွေမှာ သက်သောင့်သက်သာ ပေါ့ပေါ့ပါးပါး သွားလာလှုပ်ရှား ပြောဆို ဆောင်ရွက်နေတတ်ခဲ့ပါပြီ။ သူ့ရဲ့ဆောင်ရွက်ချက်ဟာဆိုရင်ဖြင့် ကမ္ဘာနဲ့ချီပြီးမျှော်ခေါ် စဉ်းစား တတ်လာတဲ့ အာရှသားတို့ရဲ့ နှလုံး စိတ်ဝမ်း အသစ်ကို ပြဆိုနေတဲ့ ရေချိန်မှတ် တစ်ခုအဖြစ် သတ်မှတ်လို့ ရပါတယ်။

၁၉၉၇-၉၈ ခုနှစ်အတွင်း ရင်ဆိုင်လိုက်ကြရတဲ့ ဘဏ္ဍာရေး အရေးအခင်းကြီးကြောင့် တရုတ်တို့ဟာလည်း အရေးအခင်းဆိုတဲ့ သိုးဆောင်း ဝေါဟာရ ကို “အန္တရာယ်”နဲ့ “အခွင့်အလမ်း”ဆိုတဲ့ တရုတ်အက္ခရာ နှစ်လုံးနဲ့တွဲပြီး တရုတ်ဘာသာသို့ ပြန်ဆိုနိုင်တဲ့ ဉာဏ်ပညာကို ရရှိခဲ့ပါတယ်။

အရှေ့အာရှ လူ့ဘောင်တွေဟာ အန္တရာယ်ကြီးလှတဲ့ အခိုက်အတန့်ပေါင်း ထောင်သောင်းမက ရင်ဆိုင်ခဲ့ကြရတာ ရှင်းနေပါတယ်။ သည် ၁၉၉၇-၉၈ ဘဏ္ဍာရေး အကြပ်အတည်းကိုသာ စီးပွားရေးနဲ့ အုပ်ချုပ်ရေးကို စီမံခန့်ခွဲတဲ့ စနစ်တွေအပေါ်မှာ ဖွဲ့စည်းပုံအသစ်၊ အားအင်သစ်များနဲ့ ဖြည့်ဆည်းကာ အံတု ကျော်လွှားပြီး ထိုးတက်လာကြမယ်ဆိုရင် ကမ္ဘာချီမှုကြောင့် ပေါ်ပေါက်လာတဲ့ လက်ရှိ စိန်ခေါ်မှုတွေနဲ့ အနာဂတ် စိန်ခေါ်မှုတွေကို ကိုင်တွယ်နိုင်တဲ့ ကာကွယ် တားဆီးရေးစနစ် အခိုင်စားတွေကို ဖော်ဆောင် သုံးစွဲနိုင်တဲ့ ကမ္ဘာ့ ပထမဆုံးလူ့ဘောင်များထဲမှာ ထိပ်ဆုံးက ပါဝင်လာတော့မှာလည်း မလွဲဧကန်ပါ။

ဒုတိယအချက်ကတော့ နိုင်ငံရေး မျက်နှာစာ ဖြစ်ပါတယ်။ အရှေ့အာရှ လူ့ဘောင်များအပါအဝင် အာရှလူ့ဘောင်အများစုအနေနဲ့ အနောက်တိုင်းက နိုင်ငံရေး တည်ငြိမ်မှုနဲ့ သဟဇာတ ရှိမှုမျိုးကို ရရှိတဲ့အထိ ခရီးပေါက်ဖို့က တော်တော်ကြီးကို လုပ်ယူကြရဦးမှာလည်း ဖြစ်ပါတယ်။ (ဖြစ်နိုင်ချေ ရှိနေဆဲ မြောက်အိုင်ယာလန်ကို ခြွင်းချက်ထားပြီး ပြောကြစတမ်းဆိုရင်) ခေတ်ပြိုင် အနောက်တိုင်း လူ့ဘောင်တွေမှာတော့ အာဏာသိမ်းမယ့် အန္တရာယ်တွေ၊ ပြည်တွင်းစစ် ဖြစ်ပွားမယ့် အန္တရာယ်တွေဟာ ဖြစ်နိုင်ချေ မရှိသလောက်ကို ကျဲပါးလှပါတယ်။

အနောက်တိုင်း လူ့ဘောင်တွေမှာ လစ်ဘရယ်လ် ဒီမိုကရက်တစ်လို့ ခေါ်တဲ့၊ လွတ်လပ် ပွင့်လင်းမှုကို စံထားတဲ့ နိုင်ငံရေးအခြေခံကို ပုံသဏ္ဍာန် မျိုးစုံနဲ့ လက်ခံ ကျင့်သုံးနေကြပါတယ်။ ဒါတောင်မှ အမေရိကန်နိုင်ငံနဲ့ ပြင်သစ်နိုင်ငံတို့မှာ ရှိတဲ့ သမ္မတ အုပ်ချုပ်ရေး ပုံစံစနစ်ဟာ ဗြိတိန်၊ ကနေဒါ နဲ့ ဩစတြေးလျ နိုင်ငံများက ကျင့်သုံးနေတဲ့ “ဝက်စ်မင်စတာ”စံနဲ့ ဆိုရင် သိသိသာသာကြီးကို ကွဲလွဲနေပါသေးတယ်။ နောက်တစ်ချက်က သည်နိုင်ငံရေး ပုံစံတွေဟာ ခြောက်ပစ်ကင်း သဲလဲစင်တဲ့ အနေအထားမှာလည်း မရှိပါဘူး။ သည်နိုင်ငံရေး ပုံစံတွေကြောင့် လူမှုရေး တိုးတက်မှု နှောင့်နှေးရတာတွေ၊ နိုင်ငံရေးစားဖားတွေရဲ့အကျိုးစီးပွားတွေပဲ နင်းကန် ဖြစ်ထွန်းကုန်တာတွေလည်း ရှိနေဆဲပါပဲ။


တကယ့်တကယ် ပြောကြစတမ်းဆိုရင် အနောက်တိုင်း လူ့ဘောင် အများစုရဲ့နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်မှုဟာ အတွင်းလှိုက် စားနေတယ်လို့ ပြောလို့ ရပါတယ်။ ဒါပေမယ့် အဲသလို အတွင်းလှိုက် စားနေတာဟာ တော်တော့်ကို သက်သက်သာသာ ပေါ့ပေါ့ပါးပါး အနေအထားနဲ့ လှိုက်စားတာမျိုးပါ။ အဲဒီ့လူ့ဘောင်တွေမှာ နေထိုင်ကြတဲ့ နိုင်ငံသားတွေအနေနဲ့ ပြည်တွင်း လုံခြုံမှုရှိတယ်၊ ဖိနှိပ် ချုပ်ခြယ်ခံရမယ်လို့လည်း တစ်စက်မှ စိုးရိမ်စရာ မရှိဘူး၊ ပြီးတော့ ရှိနှင့်ပြီးသား နိုင်ငံရေး ကွန်ခြာတွေအပေါ်မှာလည်း ကျေကျေနပ်နပ် ရှိနေကြတဲ့ အနေအထားပါ။

အဲသလို အနေအထားမျိုးမှာ ရှိနေတဲ့ အာရှလူ့ဘောင် ဘယ်နှခုများ ရှိလို့လဲ။ ရှိတယ်ဆိုရင်တောင်မှ တော်တော့်ကို နည်းပါးလှတဲ့ အရေအတွက်ပါပဲ။ နောက်ထပ် သေချာတဲ့ အချက်တစ်ချက်က အဲသလို အခြေအနေမျိုးကို မဝေးလှတဲ့ အနာဂတ်ကာလအတွင်းမှာ အာရှလူ့ဘောင်တွေ ရရှိခံစားကြရဖို့ မလွယ်လှသေးဘူးဆိုတာပါ။ သည်အချက်ကြောင့် “အတတ်တော့ ပြောလို့ မရဘူးလေ”ဆိုတဲ့ အဖြေလေးနဲ့ ကျွန်တော့်မေးခွန်းကို ဝါးတားတားလေး ပြန်ဖြေချင်စရာ ကောင်းလာရပြန်တယ်။

တတိယအချက်ကတော့ လုံခြုံရေး နယ်ပယ်မှာဆိုရင်လည်း အနောက်တိုင်း လူ့ဘောင်တွေအနေနဲ့ ကျန်တဲ့ ကမ္ဘာ့နိုင်ငံတွေအပေါ်မှာ အသာစီး ရနေပြန်တာ တစ်ခုနဲ့တင် သူတို့ချင်း သူတို့ချင်း တိုက်ခိုက်ခဲ့ရတဲ့ စစ်ပွဲဆိုတာ အတိတ်က အရိပ်သာဖြစ်သွားတော့တာပါပဲ။ သည်အတွက် အကြောင်းရင်းခံကတော့ တော်တော်လေး ရှုပ်ထွေး နက်နဲလှပါတယ်။

အနောက်တိုင်းလူနည်းစု အမျိုးအနွယ်တွေအနေနဲ့ ကမ္ဘာ့လူဦးရေနဲ့ ယှဉ်လိုက်တဲ့အခါ သူတို့ရဲ့အရေအတွက်က ဘယ်လိုမှ မကျော်နိုင်ဘူးဆိုတာကို သိလာတဲ့အပြင် တူညီတဲ့ ယဉ်ကျေးမှုကို ခံစား စံစားနေကြသူချင်းပဲ ဆိုတဲ့အချက်ကို သိလာကြတာလည်း ပါပါတယ်။ နောက်တစ်ချက်က အတိတ်မှာ တိုက်ခဲ့ ခိုက်ခဲ့ကြရတာတွေက များလွန်းမက များလာတဲ့အခါ စိတ်ပန်းလူပန်း ဖြစ်ကုန်ကြတာလည်း ပါတယ်။

သည်နေရာမှာ တော်တော့်ကို မှတ်သားစရာကောင်းလှတဲ့အချက်ကို ပြောလိုပါတယ်။ အင်္ဂလိပ်၊ ပြင်သစ်နဲ့ ဂျာမန်တို့ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အကြီးအကျယ် ရေကုန်ရေခမ်း တိုက်ခဲ့ကြတဲ့စစ်ပွဲတွေကို ကျွန်တော်တို့တွေ ပြန်ရေတွက် ကြည့်ကြမယ်ဆိုရင်တော်တော့်ကို များပြားလှတာကို တွေ့ရပါလိမ့်မယ်။ (၂၀ ရာစုအတွင်းမှာတောင် နှစ်ပွဲ ပါသေးတယ်။) အဲ… ကနေ့ ကာလမှာတော့ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမဏီတို့ အချင်းချင်း စစ်ဖြစ်ဖို့ အလားအလာဟာ သုညပါ။ ဒါဟာ ယဉ်ကျေးမှု မြင့်မားလာတဲ့သဘောကို အထင်အရှား ပြဆိုနေပါတယ်။ လူ့ယဉ်ကျေးမှုသမိုင်းမှာ တော်တော့်ကို ထူးခြား ထင်ရှားလှတဲ့ ခြေလှမ်း တစ်လှမ်းလို့လည်း ဆိုနိုင်ပါတယ်။

အိန္ဒိယနဲ့ ပါကစ္စတန်၊ ဒါမှမဟုတ် မြောက်နဲ့တောင်ကိုရီးယားတို့ ကြားမှာလည်း စစ်ဖြစ်ဖို့ အလားအလာ သုညဖြစ်သွားတဲ့ အခြေအနေဟာ ဘယ်နေ့ကျရင် ရောက်လာမှာတဲ့လဲ။ သည်မေးခွန်းအတွက် အဖြေကလည်း အင်း… သိပ်တော့ မနီးစပ်လှသေးပါဘူးဗျာဆိုတာများ ဖြစ်နေခဲ့မယ် ဆိုရင် အာရှ စိတ်နှလုံးတွေ (ဒါမှမဟုတ်လည်း အာရှလူ့ဘောင်ထဲက လူတွေရဲ့ စိတ်ဓာတ်တွေ) ဟာလည်း အနောက်တိုင်းအဆင့်ကို မမီသေးဘူးလို့ ပြောကြရင် လွန်အံ့မထင်ပေါ့။

စတုတ္ထအချက်အနေနဲ့ကတော့ အာရှသားတွေအနေနဲ့ လူမှုရေး နယ်ပယ်မှာလည်း အသည်းအသန် စိန်ခေါ်မှုတွေ ရှိနေသေးတာပါပဲ။ ဥရောပ ယဉ်ကျေးမှုမှာ ရှိနေခဲ့ဖူးတဲ့ မြေရှင်စနစ်ကို စက်မှုတော်လှန်ရေးက အပြတ်ရှင်းလိုက်တဲ့အတွက် (စီးပွားရေး လွတ်လပ်မှု နောက်မှာ ကပ်ပါလာတဲ့ လူမှုရေး လွတ်လပ်မှု အနေအထားကြောင့်) အနောက်တိုင်းမှာလည်း လူမှုရေး ပြဿနာတွေ ရှိခဲ့ဖူးတာ မှန်ပါတယ်။ ဒါပေမယ့် အာရှမှာလည်း အလားတူ စီးပွားရေး အပြောင်းအလဲ (ဝါ) တော်လှန်ရေးကြောင့် အာရှ လူ့ဘောင်တွေအပေါ်မှာ လွတ်လပ်မှုများ ပြွမ်းတီးနေတဲ့ အကျိုးသက်ရောက်မှုတွေ ရလာမယ်၊ မရလာဘူးဆိုတာ ကံသေကမ္မ အပြောရ ခက်နေဆဲပါပဲ။


တချို့တွေမှာဆိုရင် မြေရှင် ဓနရှင်တွေရဲ့ အစွဲအလန်း ကြီးလွန်းမှုကြောင့် အာရှလူ့ဘောင်တွေဟာ လူလူချင်း တကယ့်ကို ခွဲခြားမှုမရှိဘဲ တန်းတူထားတဲ့ အနေအထားမျိုး ပေါ်ပေါက် မလာအောင် ကာကွယ် တားဆီးသလိုတောင်ဖြစ်နေတာ တွေ့နေရပါတယ်။ လူလူချင်း တကယ့်ကို ခွဲခြားမှု မရှိဘဲ တန်းတူထားတဲ့ အနေအထားမျိုးဆိုတာကတော့ လူတစ်ဦးချင်းစီအနေနဲ့ သူ့ရဲ့မွေးဖွားကြီးပြင်းပုံ၊ အဆက်အသွယ်နဲ့ လူမျိုးရေး အခြေခံတွေကို ဂရုစိုက်နေစရာမလိုဘဲ သူ့ရဲ့ပင်ကိုအရည်အချင်း အစွမ်းအစတွေအပေါ်မှာ အခြေခံပြီး ရှင်သန်အောင်မြင်နိုင်တဲ့ အခွင့်အလမ်းတွေ အပြည့်ရှိနေတဲ့ အနေအထားကို ခေါ်တာပါ။

ပဉ္စမနဲ့နောက်ဆုံးအချက်ကတော့ အခြေခံအကျဆုံး အချက်လို့တောင် ပြောနိုင်ပါတယ်။ သည်နေရာမှာလည်း အဓိက မေးခွန်း တစ်ခွန်းပဲ ကျန်ပါတယ်။ (မိသားစုကိုအလေးထားတာ၊ အားနာတတ်တာ၊ စစ်စီတာ၊ လူမှုရေး ဓလေ့ထုံးစံတွေကို ထိန်းသိမ်းတာ၊ အုပ်ချုပ်သူတွေအပေါ်မှာ လေးလေးစားစား ရှိတာစတဲ့) အာရှသားတို့ရဲ့ တန်ဖိုးရှိလှတဲ့ အစဉ်အလာ အမူအကျင့်များနဲ့အတူ (တစ်ဦးချင်းစီရဲ့ အောင်မြင်မှုအပေါ် အလေးထားတာ၊ နိုင်ငံရေးနဲ့ စီးပွားရေး လွတ်လပ်တာ၊ တရားဥပဒေကို လေးစား လိုက်နာတာနဲ့ နိုင်ငံလုံးဆိုင်ရာ အဓိကရ အဖွဲ့အစည်းတွေကို လေးစားတာများလို) အနောက်တိုင်းရဲ့ ကောင်းမွန်တဲ့ အမူအကျင့်များကို အချိုးညီညီ ရောစပ်နိုင်တဲ့ စိတ်နှလုံးမျိုး အာရှသားတွေမှာ ရှိရဲ့လားဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ဒါဟာလည်း အင်မတိ အင်မတန် ရှုပ်ထွေး နက်နဲလှတဲ့ စိန်ခေါ်မှု တစ်ရပ်ပါပဲ။

၁၉၉၇-၉၈ ခုနှစ် ဘဏ္ဍာရေး အရေးအခင်းအပေါ် အနောက်တိုင်းက ဝေဖန် သုံးသပ်ကြသူတချို့ရဲ့ အစောဆုံး တုံ့ပြန်ချက်ကတော့ အထက်မှာ ဖော်ပြခဲ့တဲ့ အာရှ အမူအကျင့်တွေရဲ့ကျဆုံးခန်းကို အဓိကအားဖြင့် ရောင်ပြန်ဟပ်နေတယ်လို့ ဆိုကြပါတယ်။ မဟုတ်မှ လွဲရော၊ ၁၉၉၀ပြည့်လွန် အစောပိုင်း နှစ်တွေမှာ ဖြစ်ပေါ်ခဲ့တဲ့ “အာရှတန်ဖိုးများ စကားရေလုပွဲ”ကြီးက အနောက်တိုင်းသားတို့ရဲ့ စိတ်နှလုံးနဲ့ အာရုံကို ကောင်းကောင်း ခိုက်သွားခဲ့တာလည်း ပါပါလိမ့်မယ်။ သည်စကားရေလုပွဲကြီးအတွင်းမှာ အာရှသားတို့ရဲ့တန်ဖိုးထားမှုနဲ့ အမူအကျင့်များကို ဖုတ်ကြည်း သင်္ဂြိုဟ်လိုတဲ့ အနောက်တိုင်းသားတို့ရဲ့ သဘောထားဟာ ဘွားဘွား ကြီးပေါ်ခဲ့တာလည်း အမှန်ပါ။

သည်တန်ဖိုးထားမှုများနဲ့ အမူအကျင့်တွေရဲ့ ခိုင်မာမှုနဲ့ အသုံးဝင်မှုကို အမှန်တကယ် စမ်းသပ်တဲ့အခါ သဘောတရားရေးအရ မဟုတ်ဘဲ လက်တွေ့ သဘောအရ ပြောမှ မျှတပါလိမ့်မယ်။ အာရှအမူအကျင့်တွေကို တစိုက်မတ်မတ် ကျင့်သုံးမှုနဲ့ စီးပွားရေး ကျဆုံးခန်းတို့ကို တိုက်ရိုက် ဆက်စပ်ယူဖို့ အားထုတ်ကြသူများအနေအနဲ့ မျက်စိ စုံမှိတ်ပြီးမှ ဆက်စပ်ယူရတာမျိုး ဖြစ်နေပါတယ်။ ဘာလို့လဲဆိုတော့ သည်ဘဏ္ဍာရေး အရေးအခင်းကြီးကို အာရှလူ့ဘောင်တွေက တုံ့ပြန် ရင်ဆိုင်ကြပုံတွေက တစ်နိုင်ငံနဲ့ တစ်နိုင်ငံကြားမှာ လုံးလုံးကြီးကို မတူ ကွဲပြားနေလို့ပါပဲ။


သည်အရေးအခင်းကြောင့် အလွန်အမင်း အထိခိုက်ခံရတဲ့ နိုင်ငံ သုံ နိုင်ငံအနက်က (ဆိုလိုတာက အိုင်အယ်မ်အက်ဖှ်ရဲ့အကူအညီကို ရယူရတဲ့အထိ ဖြစ်သွားတဲ့ သုံးနိုင်ငံအနက်က) နှစ်နိုင်ငံဖြစ်တဲ့ တောင်ကိုရီးယားနဲ့ ထိုင်းနိုင်ငံတို့ကို လွတ်လပ် ပွင့်လင်းတဲ့ လောကဆီ ချီတက်ရာမှာ ထူးချွန်တဲ့ နိုင်ငံတွေအဖြစ် အနောက်တိုင်း နှလုံးသားတွေက အမှတ်တွေ နင်းကန်ပေးခဲ့ကြပါတယ်။ သည်အရေးအခင်းမှာ မထိခိုက်ဆုံး နိုင်ငံသုံးနိုင်ငံကတော့ ထိုင်ဝမ်၊ ဟောင်ကောင်နဲ့ စင်္ကာပူတို့ပဲဖြစ်ပါတယ်။ သည် သုံးနိုင်ငံမှာကကျပြန်တော့လည်း တစ်နိုင်ငံနဲ့ တစ်နိုင်ငံကြားမှာ လုံးလုံးကြီးကို မတူ ကွဲပြားနေတဲ့ နိုင်ငံရေးစနစ်တွေနဲ့ ရပ်တည်နေကြတဲ့ နိုင်ငံတွေ ဖြစ်နေပြန်ပါတယ်။ လိုရင်းကို ပြောရရင် နိုင်ငံရေးစနစ်နဲ့  စီးပွားရေး အခြေမခိုင်မှုတို့ ကြားမှာ ပြတ်သားတဲ့ အဆက်အစပ် တစ်စုံတစ်ရာ ရှိကောင်းပါတယ်လို့ ဘယ်သူမှ တတ်အပ် မပြောနိုင်တဲ့အဖြစ်ပါ။

အခုအချိန်အထိ ပြတ်သားတဲ့ အဆက်အစပ်ကို ပြကြစတမ်း ဆိုရင်တော့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးနဲ့ ဘဏ္ဍာရေး အရေးအခင်းကို တောင့်ခံနိုင်မှုတို့ဟာ အပြန်အလှန် ဆက်စပ်နေတယ်ဆိုတဲ့ အချက်ပါပဲ။ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးလို့ ဆိုတဲ့အခါ နိုင်ငံရေးစနစ်တစ်ခု၊ အယူဝါဒတစ်ခုနဲ့ လုံးလုံး မသက်ဆိုင်ပါဘူး။ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးဆိုတာ ကျွန်တော်တို့တစ်တွေ တရွေ့ရွေ့တိုးဝင်နေတဲ့ စီးပွားရေး ခေတ်သစ်မှာ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေကို နိုင်နိုင်နင်းနင်း ရင်ဆိုင် ဖြေရှင်းနိုင်တဲ့ စီးပွားရေး၊ လူမှုရေးနဲ့ စီမံခန့်ခွဲရေး စနစ်များကို ဖွံ့ဖြိုး တိုးတက်အောင် လုပ်ပေးချင်စိတ် ရှိပြီး လုပ်လည်း လုပ်ပေးနိုင်စွမ်းရှိတဲ့ အစိုးရမျိုးသာ ဖြစ်နေဖို့ လိုပါတယ်။

တရုတ်ပြည်ဟာ သည်အချက်နဲ့ ပတ်သက်လို့ အကောင်းဆုံး နမူနာပါပဲ။ တရုတ်ပြည်ရဲ့ ခေါင်းဆောင်တွေဟာ သီဝရီအရ ဒေါင်ဒေါင်မြည်ပြီး ခြောက်ပြစ်ကင်း သဲလဲစင်တဲ့ နိုင်ငံရေးစနစ်ကို ရှာဖွေ မနေကြပါဘူး။  သူတို့ရဲ့ လူ့ဘောင်(နိုင်ငံ)အနေနဲ့ အစဉ်တစိုက် ရှေ့ကို တိုးနေဖို့အတွက် နေ့စဉ် ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို လက်တွေ့ကျကျ ဖြေရှင်းနိုင်မယ့် နည်းလမ်းများကိုသာ တရုတ်ခေါင်းဆောင်များက အစဉ်တစိုက် ရှာဖွေနေခဲ့ကြပါတယ်။ တရုတ်လူထုကလည်း တရုတ်ပြည်အနေနဲ့ ခေတ်ကို ရင်ပေါင်တန်း အမီလိုက်ရမယ့် အချိန်ကို ရောက်နေပြီလို့ ခံစားနေကြရတဲ့အတွက် အစိုးရရဲ့ သည်လို လက်တွေ့ကျမှုကိုပဲ အလေးအနက် ထောက်ခံနေကြတယ်။ တရုတ်ပြည်ဟာ ရိုးရာ အစဉ်အလာအရကိုပဲ အစိုးရကောင်းကိုသာ ရှာဖွေခဲ့ကြတယ်။ ကချော်ကချွတ် အစိုးရကို မလိုချင်ခဲ့ကြဘူး။ အစိုးရကောင်း ဆိုတာကို သူတို့ကိုယ်တိုင် ကြုံတွေ့ ရင်ဆိုင်ရတဲ့အခါ ဒါအစိုးရကောင်းပဲဆိုတာ အလွယ်တကူ အသိအမှတ်ပြုနိုင်ကြတယ်။


အနောက်တိုင်းမျက်စိနဲ့ ကြည့်ရင် အလွတ်လပ် အပွင့်လင်းဆုံး အရှေ့ အာရှ လူ့ဘောင်အဖြစ် မြင်တတ်ကြတဲ့ ဂျပန်ပြည်မှာတော့ စီးပွားရေး ပတ်ဝန်းကျင်သစ်ဆီ တိုးဝင်ရာမှာ အကြီးအကျယ် အခက်တွေ့နေရပါတယ်။ ဒါဟာ ဘာကို ပြနေသလဲဆိုတော့ နိုင်ငံရေး ပွင့်လင်းမှုဟာ အဓိက မဟုတ်ဘူး ဆိုတဲ့ အချက်ပါပဲ။

အနောက်တိုင်း စိတ်နှလုံးတွေအနေနဲ့ နားလည်သင့်တာတစ်ခုကတော့ အာရှ အမူအကျင့်တွေ၊ အာရှတန်ဖိုးတွေကို ပြန်လည် ရှာဖွေဖော်ထုတ် ထိန်းသိမ်းနိုင်ရေးအတွက် အာရှသားများရဲ့ ကြိုးပမ်းချက်များဟာ  နိုင်ငံရေးစံတွေ၊ တန်ဖိုးတွေအတွက် သက်သက် ရှာဖွေ ကြိုးစားနေတာ မဟုတ်ဘူးဆိုတာကိုပါပဲ။

တကယ်တော့ အာရှတန်ဖိုးတွေနဲ့ အမူအကျင့်တွေဟာ အာရှစိတ်နှလုံးများရဲ့ အကျိုးအကြောင်းနဲ့ သဘောဆန္ဒများကို နက်ရှိုင်း ရှုပ်ထွေးစွာ ကိုယ်စားပြုနေပါတယ်။ အာရှသားတို့ရဲ့သမိုင်းဟာ ကိုလိုနီ နယ်ချဲ့တို့ရဲ့ လက်ချက်၊ နောက်ပိုင်းမှာ အနောက်တိုင်းရဲ့ စီးပွားရေးအရ လွှမ်းမိုးမှု ဒဏ်တွေကို လှိမ့်နေအောင် ခံလိုက်ရတာကြောင့် ခါးပြတ်နေခဲ့ပါတယ်။ အဲသလို ခါးပြတ်နေတာကို ပြန်လည် ဆက်စပ်ယူချင်ကြတာ အာရှသားတို့ရဲ့ ဆန္ဒပါ။

နည်းပညာအရ အချင်းချင်း အပြန်အလှန် ဆက်နွယ်နေတဲ့ ကမ္ဘာကြီးမှာ လူလားမြောက်လာကြမယ့် လူငယ်တွေအနေနဲ့ ဘိုးစဉ်ဘောင်ဆက် ထိန်းသိမ်းခဲ့ကြတဲ့ ယဉ်ကျေးမှုပေါ်မှာ ခိုင်မာမြဲမြံစွာ ရပ်တည်ရင်း ပွင့်ထွက်လာနိုင်ကြစေဖို့အတွက် မှန်ကန် မျှတတဲ့ အနေအထားတစ်ရပ်ကို အာရှသားတွေ ပေးချင်နေကြတယ်။ ဒါမှလည်း သည်လူငယ်တွေအနေနဲ့ သူတို့မိဘ ဘိုးဘွားတွေရဲ့ရင်မှာ ကိန်းနေခဲ့တဲ့ တို့အာရှသားတွေဟာ အနောက်တိုင်းက လူတွေနဲ့ ယှဉ်ရင် အနိမ့်စားတွေပါကွာဆိုတဲ့ အတွေးအခေါ်ဆိုးကြီးကို ပယ်ခွာနိုင်ကြပြီး မိမိကိုယ်ကို ရိုသေ လေးစားတတ်တဲ့၊ သိက္ခာရှိတဲ့ အမျိုးသားရေး အသိစိတ်တွေ ရှိလာကြမှာပါ။ အဲသလိုသာ ဖြစ်စေချင်ကြပါတယ်။

လိုရင်းကို ပြောရရင် ၁၉၉၀ပြည့်လွန်နှစ်တွေမှာ ပေါ်ပေါက်ခဲ့တဲ့ အာရှ အမူအကျင့်များ ပြန်လည်ဖော်ထုတ်ခြင်းဟာ ပျက်သုဉ်းသွားတဲ့ လူ့ဘောင်တွေကို အသစ်တဖန် ပြန်လည် မွေးဖွားယူမယ်ဆိုတဲ့ သန္နိဋ္ဌာန်နဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံ အမူအကျင့်တွေကို ပြန်လည် ရှာဖွေ ဖော်ထုတ်တဲ့၊ နက်နဲ ကျယ်ပြောလှတဲ့ လုပ်ငန်းစဉ်တစ်ရပ်သာ ဖြစ်ပါတယ်။

သည်နေရာမှာလည်း အာရှလူ့ဘောင်တွေအနေနဲ့ ခေတ်မီ လောကထဲ တိုးဝင်တာကိုရော၊ အတိတ်နဲ့ ပြန်လည် ဆက်စပ်ယူတာကိုပါ တစ်ပြိုင်တည်း လုပ်တဲ့နေရာမှာ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်မယ်၊ မဆောင်ရွက်နိုင်ဘူးလို့ ယတိပြတ်ပြောဖို့က တအားကို စောလွန်းနေပါသေးတယ်။ သည်အချက် နှစ်ချက်စလုံးဟာ ဧရာနန္တ စိန်ခေါ်မှုကြီးတွေပါ။

အနောက်တိုင်း စိတ်နှလုံးတွေအနေနဲ့ကျတော့ အာရှစိတ်နှလုံးတွေအပေါ်မှာ အသာစီးက သိသိသာသာ ရထားပါတယ်။ သူတို့အနေနဲ့ကျတော့ သူတို့လူ့ဘောင်တွေရဲ့ တန်ဖိုးထားမှုတွေနဲ့ အမူအကျင့်တွေက ခေတ်မီ ကမ္ဘာကြီးနဲ့ အပ်ကျမတ်ကျ ဝင်ဆန့်နိုင်တဲ့ အနေအထားမျိုးမှာ နဂိုကတည်းက ရှိနေခဲ့လို့သာ သူတို့တွေဟာ သူများထက် သာအောင် ခုန်ပျံ ကျော်လွှားနိုင်ခဲ့တာပဲလို့ လုံးဝဥဿုံ ယုံကြည်ထားဆဲပါပဲ။ (သိစိတ်နဲ့ဖြစ်စေ၊ မသိစိတ်နဲ့ ဖြစ်စေ) အနောက်တိုင်း စိတ်နှလုံး အများအပြားကတော့ အနောက်တိုင်းရဲ့ တန်ဖိုးထားမှု စနစ်များနဲ့ အမူအကျင့်တွေ မပါဘဲနဲ့ ဘယ် လူ့ဘောင် အဖွဲ့အစည်းမှ ခေတ်မီ ကမ္ဘာကြီးထဲကို ဝင်လို့ မရဘူးလို့ ခိုင်ခိုင်မာမာ ယူဆလို့ ကောင်းနေကြတုန်းပါပဲ။

အာရှလူ့ဘောင်တွေအနေနဲ့ အနောက်တိုင်းကို ပုံတူ ကူးမချဘဲ အာရှ ပုံစံတွေအတိုင်းပဲ ခေတ်မီ ကမ္ဘာကြီးထဲမှာ ဝင်ဆန့်သွားမယ်၊ မဝင်ဆန့်နိုင်ဘူးဆိုတဲ့ ကောက်ချက်ကိုတော့ အချိန်ကသာ အဆုံးအဖြတ် ပေးသွားပါလိမ့် မယ်။ သည်လိုအားထုတ်ကြရမှာ အောင်မြင်မှုရမယ်၊ မရဘူးလို့ ပြောဖို့ စောလွန်းနေသေးတဲ့အတွက်ကြောင့် “အာရှသားတွေစဉ်းစားတတ်ကဲ့လား”ဆိုတဲ့ မေးခွန်းကို ဖြေရာမှာ “အတတ်ပြောလို့တော့ မရဘူးလေ”ဆိုတဲ့ အဖြေက သင့်တင့်လျောက်ပတ်လို့ နေပြန်တယ်။

နိဂုံး

ရှင်းနေတာတစ်ခုကတော့ ၂၁ ရာစုနှစ်နဲ့ ထောင်စုနှစ် အသစ်ဟာ အာရှ လူ့ဘောင်တွေကို အကြီးအကျယ် စိန်ခေါ်လို့နေပါပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ဝ အတွင်း အချိန်ကာလ အတော်များများမှာတော့ အာရှလူ့ဘောင်တွေဟာ အနောက်တိုင်း လူ့ဘောင်များရဲ့နောက်တော်ပါးမှာ ပုံစံအမျိုးမျိုးနဲ့ ပျပ်ဝပ်ခဲ့ကြရပါတယ်။

အနောက်တိုင်းကို အမီလိုက်ချင်တဲ့ ဆန္ဒက အားလုံးမှာ ပြင်းပြင်းပြပ ကြီးကို ရှိနေတာလည်း အမှန်ပါ။ အဲသလို အမီလိုက်နိုင်တဲ့အခါကျမှသာ “အာရှသားတွေ စဉ်းစားတတ်ကဲ့လား”ဆိုတဲ့ မေးခွန်းအတွက် အဖြေမှန်က ထွက်လာမှာလည်းဖြစ်ပါတယ်။ အမီ မလိုက်နိုင်မချင်းကတော့ အာရှသားတွေ အနေနဲ့ မိမိတို့ကိုယ်ကို သည်မေးခွန်းကိုသာ အဖန်တလဲလဲ ပြန်မေးရင်း သတိတွေ အထပ်ထပ် ပေးနေရပါလိမ့်မယ်။

“အာရှသားတွေ စဉ်းစားတတ်ကဲ့လား”ဆိုတဲ့ အဖြေကို အာရှသားတွေ ကိုယ်တိုင်ပဲ ဖြေမှရမှာပါ။

တခြားဘယ်သူကမှ ဝင်ဖြေပေးလို့ မရနိုင်ကြောင်းပါခင်ဗျား။


(ပြီးပါပြီ)

စာမူခွင့်ပြုချက်အမှတ် ၁၃၆/၂၀၀၄(၁၂) နဲ့  ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလမှာ ထုတ်ဝေခဲ့တဲ့ အတ္တကျော် ရဲ့ “အာရှသားများ စဉ်းစားနိုင်စေ” စာအုပ်ထဲက ကောက်နုတ်တင်ဆက်ထားတာပါ။

မူရင်း စာရေးဆရာ ကီရှိုးရ် မာဘူဘာနီရဲ့ ကိုယ်ရေးရာဇ၀င်

ဒဿနိကဗေဒနဲ့ သမိုင်းကျောင်းတော်သားဖြစ်တဲ့ ကီရှိုးရ် မာဘူဘာနီဟာ Foreign Affairs, the National Interest, the New York Times, the Wall Street Journal အစရှိတဲ့ နိုင်ငံရပ်ခြား တိုင်းတပါးက ထုတ်ဝေတဲ့ အဓိကရ ဂျာနယ်တွေနဲ့ သတင်းစာတွေမှာ အကျယ်တဝင့် ရေးသားနေတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။ ဒါတင်မက Davos, Williamsburg, Dichley, IISS meeting စသည်တို့ အပါအဝင် အဓိကရ နိုင်ငံတကာ ညီလာခံတွေမှာ တက်ရောက် ဟောပြော ပို့ချနေသူလည်း ဖြစ်ပါ တယ်။ ဒါတွေကို သူကိုယ်တိုင်က စိတ်ဝင်စားလို့ လုပ်ကိုင်ခဲ့တာဖြစ်ပြီး အလုပ်တာဝန်အရ လုပ်ခဲ့တာ မဟုတ်ပါဘူး။

အသက်မွေးမှုအရ မာဘူဘာနီဟာ အရပ်ဘက် ဝန်ထမ်းတစ်ဦးဖြစ်ပြီး ၁၉၇၁ ခုနှစ်ကတည်းက စင်္ကာပူ နိုင်ငံခြားရေးဌာနမှာ အဆင့်ဆင့် တာဝန်ထမ်းခဲ့သူ သံတမန်တစ်ဦး ဖြစ်ပါတယ်။ ကမ္ဘောဒီးယား၊ မလေးရှား၊ အမေရိကန်ပြည်ထောင်စုနဲ့ ကုလသမဂ္ဂတို့ အပါအဝင် နိုင်ငံရပ်ခြားမှာ နှစ်ပေါင်းများစွာ နေထိုင် အမှုထမ်းခဲ့ဖူးပါတယ်။ စင်္ကာပူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မူဝါဒရေးရာ ပင်တိုင် အတွင်းဝန်အဖြစ်လည်း ၁၉၉၃ ခုနှစ် ကနေ ၁၉၉၈ ခုနှစ်အထိ ဆောင်ရွက်ခဲ့ပါတယ်။

မာဘူဘာနီဟာ စင်္ကာပူနိုင်ငံ ဝန်ထမ်းကောလိပ်ရဲ့ ပထမဆုံး ကျောင်းအုပ်ကြီးလည်း ဖြစ်ခဲ့ဖူးပါတယ်။ အရှေ့တောင်အာရှပညာသိပ္ပံ၊ မူဝါဒပညာသိပ္ပံ၊ လီကွမ်ယု လဲလှယ်ရေး ဖှဲလားရှစ်ပ်နဲ့ ကာကွယ်ရေးနဲ့ နည်းပညာ လေ့လာရေးသိပ္ပံတို့အပါအဝင် စင်္ကာပူနိုင်ငံကို ဦးဆောင်နေတဲ့ သိပ္ပံတက္ကသိုလ်ကြီးများနဲ့ ပုရောဟိတ်ကြီးများ ဦးစီးတဲ့ အဖွဲတွေမှာလည်း သူ အမှုထမ်းခဲ့ပါတယ်။

၁၉၆၇ ခုနှစ်မှာ သမ္မတကပေးအပ်တဲ့ ပညာသင်ဆုကို ချီးမြှင့်ခံလိုက်ရတဲ့အတွက် စင်္ကာပူတက္ကသိုလ် (ယခု စင်္ကာပူအမျိုးသားတက္ကသိုလ်)မှာ မာဘူဘာနီဟာ ဒဿနိကဗေဒပညာကို သင်ယူခဲ့ပါတယ်။ ၁၉၇၆ ခုနှစ်မှာတော့ ဒဿနိကဗေဒပညာနဲ့ပဲ ကနေဒါနိုင်ငံ ဒါလဟိုဇီတက္ကသိုလ်က ချီးမြှင့်တဲ့ မဟာဝိဇ္ဇာဘွဲ့ကို ရရှိခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်မှာတော့ အဲဒီ့တက္ကသိုလ်ကပဲ မာဘူဘာနီ့ကို ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ အပ်နှင်း ချီးမြှင့်ခဲ့ပြန်ပါတယ်။ ၁၉၉၁-၉၂ အတွင်းမှာတုန်းကလည်း အမေရိကန်နိုင်ငံ ဟားဗှာ့ဒ်တက္ကသိုလ်၊ နိုင်ငံတကားရေးရာ ဗဟိုဌာနမှာ ပညာရှင်ပါရဂူအဖြစ် ဆောင်ရွက်ခဲ့ပါသေးတယ်။


လောလောဆယ်မှာ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ရုံးစိုက်တဲ့ ကုလသမဂ္ဂ ရုံးချုပ်မှာ မစ္စတာ မာဘူဘာနီဟာ  စင်္ကာပူနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီးအဖြစ် လည်းကောင်း၊ ကနေဒါနိုင်ငံအတွက် စင်္ကာပူနိုင်ငံဆိုင်ရာ မဟာဝန်ရှင်တော်မင်းကြီး အဖြစ် ပူးတွဲတာဝန်ကိုလည်းကောင်း ထမ်းဆောင်လျက်ရှိပါတယ်။

အထက်က ကိုယ်ရေးရာဇ၀င်ဟာ မူရင်းစာအုပ်ကို ထုတ်ဝေခဲ့တဲ့ ၁၉၉၇နှစ်က ကိုယ်ရေးရာဇ၀င်သာ ဖြစ်ပါတယ်။ သူ့စာအုပ်ကို မြန်မာပြန် ထုတ်ဝေအပြီး ၂၀၀၆ ခုနှစ်မှာတော့ မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူ သံအမတ်ကြီးက သည်စာအုပ်ကို ဘာသာပြန်တဲ့ ကျွန်တော်နဲ့ တွေ့သွားခဲ့တယ်။ သည်အချိန်မှာ မစ္စတာ မာဘူဘာနီက စင်္ကာပူနိုင်ငံကို ပြန်ရောက်နေပါပြီ။ ကျွန်တော်နဲ့ တွေ့ခွင့်ရတဲ့ စင်္ကာပူ သံအမတ်ကြီးနဲ့လည်း ခင်မင်ရင်းနှီးတယ်လို့ သိရတာကြောင့် သံအမတ်ကြီးကတစ်ဆင့် မစ္စတာ မာဘူဘာနီ့ထံ ကျွန်တော် ဘာသာပြန်ထားတဲ့ စာအုပ်တစ်အုပ်နဲ့ သူ့ခွင့်ပြုချက် မယူဘဲ ဘာသာပြန်ခဲ့တာကို ခွင့်လွှတ်ဖို့အကြောင်း တောင်းပန်စာတစ်စောင်ကို ပို့ပေးခဲ့ပေမယ့် သူ့ဆီက ဘာမှ အကြောင်းပြန်မလာပါဘူး။ (ရွှေမို့ အဖက်မလုပ်ချင်တာများလားတော့ သူကိုယ်တိုင်မှပဲ သိပါမယ်)

သို့သော် သံအမတ်ကြီးကတော့ မစ္စတာ မာဘူဘာနီရဲ့ နောက်ထပ်စာအုပ်တစ်အုပ်ဖြစ်တဲ့ “မသိသားဆိုးရွားမှု ခေတ်အလွန်”ဆိုတဲ့ စာအုပ် (ကတ်ထူဖုံးနဲ့) ကို လက်ဆောင်ပေးလာပါတယ်။ အမှန်က အဲဒီ့စာအုပ်ကို စင်္ကာပူနိုင်ငံသူမိတ်ဆွေတစ်ယောက်ဆီကတစ်ဆင့် မိတ္တူကူးပြီး ရယူပြီး၊ ဖတ်ပြီး ဖြစ်နေပါပြီ။ ဆရာကျော်ဝင်းနဲ့ ဆုံတဲ့အခါ ဆရာကျော်ဝင်းက ကျွန်တော် ပြန်ချင်ရင်ပြန်ပါ၊ သူတော့ မပြန်ဘူးဆိုတဲ့ စာအုပ်က အဲဒီ့စာအုပ်ပါ။ အခုတော့ ဆရာမောင်ဝံသက ပြန်ဆို ထုတ်ဝေထားပါတယ်။

အဲတော့ မစ္စတာမာဘူဘာနီဟာ ယခုအခါမှာ စင်္ကာပူနိုင်ငံမှာ အခြေချ နေထိုင်ရင်း စာပေများ ရေးသားလိုက်၊ တက္ကသိုလ်များမှာ ပို့ချလိုက်လုပ်နေပြီး သူ့ရဲ့ အရပ်ဘက် ရာထူးက အနားယူလိုက်ပြီလို့ မှန်းဆနိုင်ကြပါလိမ့်မယ်။

Advertisements
13 Comments leave one →
  1. chocho permalink
    24 November 2009 6:35 pm

    သိပ်ကိုကျေးဇူးတင်တာပဲ ဆရာရေ
    ဆရာပြောတဲ့ တုတ် လူမျိုးဆိုတာ ခု တူရကီတွေကို ပြောတာလား၊ ပြီးတော့ ဆရာ့မေးလ်လိပ်စာလေးရော ကျေးဇူးပြုပြီး ပြောပြပေးနိုင်မလားရှင့်။
    ဆရာဖော်ပြထားတယ်ဆိုတဲ့ မဂ္ဂဇင်းတွေကို ဒီမှာ ဖတ်လို့မရနိုင်လို့ပါ။
    ဆက်ဖော်ပြမဲ့ အပိုင်းတွေကို စိတ်ဝင်စားစွာနဲ့ စောင့်နေပါတယ် ဆရာရေ။

    • lettwebaw permalink
      25 November 2009 12:43 pm

      ဘယ်နားမှာလည်း မသိဘူး၊ “တုတ်လူမျိုး”ဆိုတာ။ ကျွန်တော် အကြမ်းပြန်ဖတ်ကြည့်တာတော့ မတွေ့ဘူးခင်ဗျ။ အမှန်က “တရုတ်”သာဖြစ်ပါလိမ့်မယ်။ ပုံနှိပ်(စာစီ) အကျအပေါက်ဖြစ်နိုင်ပါတယ်။

  2. chocho permalink
    25 November 2009 3:00 am

    ဆရာရေ တွေ့ပြီ ရွှေအမြုတေထဲမှာ ဆရာနဲ့ ဆက်သွယ်ချင်ရင် ပေးထားတဲ့ မေးလ်က atk@freelancer.la
    အဲ့ဒီကို မေးလ်ပို့ကြည့်လိုက်ပါမယ်

  3. smms permalink
    25 November 2009 10:26 am

    မြန်မြန်နဲ့ ဆက်ဆက် ဖော်ပြပေးပါဆရာ။ ကျေးဇူးတင်ပါတယ်။

  4. Thin Thin permalink
    25 November 2009 12:41 pm

    There was an insightful interview with him in Singapore newspaper – The Straits Times, 15 Aug 2008. The theme of that interview was on education; including the topic of having meritocracy in Singapore’s education system.

    As I have kept that interview, I would like to share some interesting parts from there.

    On the topic of “improving regional standards of governance”, he said:

    “… You have Raghuram Rajan, the former chief economist of the International Monetary Fund, saying after 50 years we still do not know how to promote virtuous circle of development in developing societies.

    “And my answer is that’s not true. Any society that implements meritocracy, pragmatism and honesty succeeds, without fail. ….”

    After reading that interview, I came to conclusion that he must be a strong advocate of MPH (Meritocracy, Pragmatism, Honesty). He may be critical but is also full of optimism (something that I decided to cultivate in my mindset after reading his interview) whenever he views issues in societies.

    It is also interesting to note about how he broke out from his humble background, where the father was a salesman and the mother was a housewife. A family of six of them lived in a one-bedroom terrace house. He was the first among his cousins to enter university. And he highlighted that he was able to do so because of Singapore’s meritocratic education system – he obtained President’s scholarship to study in a university.

    • lettwebaw permalink
      25 November 2009 1:05 pm

      Though I have no idea who you are or what you are, I would like to express my heartfelt gratitude for all of your very valuable and insightful comments, Sayama Thin Thin.

      I came to know the word “meritocracy” for the first time in my life only when I read his book. And his MPH idea has had great influence on me since then.

      And his background, written somewhere in one of his books, is, as you said, very interesting and above all, inspirational, at least for me.

      Thank you again, Sayayama–this time on behalf of the readership.

  5. Ko Myint Myat permalink
    25 November 2009 1:08 pm

    ဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်ဆရာ…….

    ဆရာဘာသာပြန်ထားတဲ့ စာအုပ်တစ်အုပ်နဲ့ သူ့ခွင့်ပြုချက်မယူဘဲ ဘာသာပြန်ခဲ့တာကို ခွင့်လွှတ်ဖို့အကြောင်း တောင်းပန်စာတစ်စောင်ကို ပို့ပေးခဲ့ပေမယ့် သူ့ဆီက ဘာမှ အကြောင်းပြန်မလာတာက ဆရာ့ကို ခွင့်မလွှတ်လို့နဲ့တူပါတယ်။ 😀

  6. chocho permalink
    30 November 2009 2:59 pm

    သြော်..ဒုတိယပိုင်းဖတ်ပြီးမှ သဘောပေါက်ပြီဆရာရေ..တူရကီမဟုတ်ဘူး၊ တရုတ်ကိုပြောတာဖြစ်မယ်။ chinese ဟုတ်လားဆရာရေ..
    ကျမစက်ထဲမှာက တ၀မ်းပူ တချောင်းငင် နောက်ပြီး တ်ကို ယယစ်လုပ်ထားတဲ့ ပုံစံ ပေါ်ခဲ့တာကိုး၊ အဲ့ဒါကြောင့် စဉ်းတော့ စဉ်းစားသား။ တရုတ်တွေမှာ တိုးတက်ထွန်းကားခဲ့တဲ့ သမိုင်းကြောင်းရှိတာ ဖတ်ဖူးပါတယ်၊ ဒီထဲမှာ မပါပါလားလို့။
    ဒါပေမဲ့ ကျမကိုကတုံးတာ… ဒီမှာလူတွေက တူရကီကို တွတ်ဂ်လို့ ခေါ်ကြတော့
    အဲ့ဒါကို ပိုထင်မိတာ။

  7. Thin Thin permalink
    1 December 2009 9:52 pm

    For your above comment: no problem. I am more than happy to be able to share something with other readers.

    ………….

    Frankly speaking, I am not so much a fan of translated literature as I value the essence of originality. However, just recently, I read translated books by well-known Japanese authors such as Haruki Murakami, Yoko Ogawa and I came to realise that without these translated versions, I would never have had a chance to savor such brilliant writings. In addition, some Burmese friends told me that they came to know about famous authors such as Leo Tolstoy, Antoine Desainte and their books because some authors translated those into Burmese language. So now, I begin to see the great value in having Burmese authors translating these wonderful books for Burmese people to read.

    Without a doubt, I think, translating a book is not easy. You have to consider about the right words to use so that there is a smooth flow in the writing and the original flavor is maintained, etc.

    Just a request: I would be very much grateful if you could share with us about the considerations that you have to keep in mind when you translate a book and how you go about doing it.

    …………..

    Based on your previous posts, I think you are an avid reader as well. I would like to recommend the following non-fiction books. You may consider them for translation into Burmese.

    (1) The Singapore story: Memoirs of Lee Kuan Yew

    ===> This is quite an old book. However, it is fascinating to learn about some personal aspects of one of the well-respected leaders in the world, what made him to be who he is today, what did he have to go through before he became who he is today, etc.

    (2) Malcolm Gladwell

    ===> He has written quite a number of books and I think all of them are pretty well-received though some critic raised some issues with the credibility of the things that are mentioned in his books and also, the lack of detailed referencing. Nevertheless, I like reading his books as the way he collates all those ideas together and form a certain conclusion out of it, seems rather refreshing and interesting to me.

    • lettwebaw permalink
      1 December 2009 10:30 pm

      It’s very funny for me to have become a translator of some books because I am not so much a fan of translated literature, too, and haven’t read more than a couple of books translated into Burmese. I love reading and after having read some good books I feel like sharing it to Burmese readers and that’s how I become one.

      To tell you the truth, I have no particular considerations whatsoever when I translate any material. I have been writing since I learned to write and hence it has become a part of me. However I have lots of dictionaries around me, in addition to four different kinds installed in my computer, and when it comes to new words I usually take a certain amount of time to choose the most appropriate word in Burmese.

      I have Lee Kuan Yew’s book, but haven’t read it yet. It has already come out in Burmese, translated by another writer. I have heard of Malcolm Gladwell but never had a chance to flip through any of his books. I will keep your advice in mind.

      Currently I’m translating “A Fortune-teller Told Me: Earthbound Travels in Asia” by Teziano Terzarni, the late Italian journalist. I am also going back to fiction these days and enjoyed both books of Khaled Hosseni. I felt like translating the Kite Runner, but again the Burmese translation of another writer has recently come out and I am glad for Burmese readers. Very recently I read a book of Aravind Adiga called “The White Tiger.” It was really a good read and I have been thinking about translating it. Just thinking in the meantime as I am now far busier than a bee with other engagements.

      Thank you very much again, Sayama, for your kind advice and comment.

      • Thin Thin permalink
        2 December 2009 6:57 pm

        Appreciate your sharing regarding your way of translating a book.

        “The Kite Runner” is one of the brilliant books that I’ve read. I love everything about it: the plot, the writing style, the skillful portrayal of each character. I was told that his second book – A Thousand Splendid Suns – is also very good. I haven’t gotten to reading it though.

        If you are into fiction and have a fondness for mathematics, I would recommend “The housekeeper and the professor” by Japanese author (Yoko Ogawa).

        I’ve heard of “The white tiger” but never got a chance to check it out. I will add the two books that you mentioned above, in my list of books to check out. Thanks for mentioning those.

  8. ဇင်ယော်လွင် permalink
    18 January 2010 1:30 pm

    ကောင်းလိုက် တဲ့စာအုပ်ပါဘဲ အဲဒိမေးခွန်းကို ဖြေရမယ်ဆိုရင်တော့ ဟင့်အင်းလို့ေူဖချင်ပါတယ်

  9. kohtoon permalink
    18 November 2011 11:25 pm

    အရမ်းကောင်းတဲ့ မေးခွန်းလေးတစ်ခုပါပဲ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: