The Genuine Win Oo

ဝင်းဦးကိုယ်တိုင်က ပြောပြခဲ့လို့ သိခွင့်ရတဲ့ “ဝင်းဦးအစစ်”အကြောင်း

ဇာတ်လမ်းအစ

စာအုပ်ပြပွဲမှာ ကျွန်တော့်အိမ်သူက မြန်မာစာအုပ်အဟောင်း ရောင်းသည့် ဆိုင်ကြီးတစ်ဆိုင်ထဲသို့ လက်ဆွဲပြီး ခေါ်သွားခဲ့သည်။ “ဇော်စာပေ”ဟု ထင်ပါသည်။

ထိုဆိုင်ထဲတွင် မြန်မာစာရေးဆရာ အတော်စုံစုံ၏ စာအုပ်ဟောင်းတချို့ကို တွေ့သည်။ စာရေးဆရာတစ်ဦးစီကို သူ့အကန့်နှင့်သူထားသဖြင့် စနစ်တကျ မြင်ရသည်။ ကျွန်တော့်အိမ်သူက သူဖတ်ချင်သော ဝတ္ထုရေးဆရာတို့၏စာအုပ်များကို လှန်လှောနေခိုက် ကျွန်တော့်မျက်လုံးက တစ်နေရာကို ရောက်သွားသည်။ စာအုပ်အနှောင့်မှာ ရေးထားသည်က “ဝင်းဦးနှင့် သူ့ဘဝဇာတ်လမ်းစုံ”ဆိုပဲ။ ကျွန်တော် တစ်ခါမှ မကြားဖူး၊ မမြင်ဖူးသောစာအုပ်။ ဆွဲယူလှန်လှော ကြည့်လိုက်သောအခါ ၁၉၆၉ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်ထုတ် ဖြစ်နေ သည်။ ကျွန်တော် ၁၂ နှစ်မပြည့်သေးခင်က ထုတ်သောစာအုပ်။ ကျွန်တော်တို့ မိသားစု မြို့ရန်ကုန်မှာ စတင်အခြေချစ၊ လုံးလည်လိုက်နေစဉ်ကာလက စာအုပ်။ တန်ဖိုး ၃၇၅ိ တဲ့။ မတန်မှန်းသိသော်လည်း ကျွန်တော့်အတွက် ရှားပါး စာအုပ်မို့ ဝယ်ဖြစ်ခဲ့ပါသည်။ စာအုပ်ခေါင်းစဉ်အပြည့်အစုံမှာ “အကယ်ဒမီဝင်းဦးနှင့် သူ့ဘဝ ဇာတ်လမ်းစုံ”ဖြစ်သည်။

ဝင်းဦးနှင့် ကျွန်တော်

ဝင်းဦးကွယ်လွန်ပြီးစက “သူတို့ပြောပြတဲ့ ဝင်းဦးအကြောင်း”ဟူသော ခေါင်းစဉ်နှင့် မဟေသီမဂ္ဂဇင်းမှာ ဝင်းဦးနှင့် ပတ်သက်ဖူးသူများကို တွေ့ဆုံ မေးမြန်းကာ ကျွန်တော်ရေးခဲ့ဖူးသည်။ မဟေသီနှင့် ကျွန်တော်တို့ သဘောထားချင်း မတိုက်ဆိုင်တော့သဖြင့် လမ်းခွဲလိုက်သောအခါ ကျွန်တော့်မှာ ယင်းဆောင်းပါးကို ဆက်ရေးစရာ မဂ္ဂဇင်း မရှိတော့သောကြောင့် ထိုကိစ္စကို တစ်ဝက်တန်းလန်းနှင့် ရပ်ချလိုက်ရသည်။ တချို့က ဆက်ရေးစေချင်သေးသည်။

ကျွန်တော်ကိုယ်တိုင်ကလည်း ရေးချင်သေးသည်။ အမှန်က ကျွန်တော့်အတွက် “ဝင်းဦးသုတေသန”လည်း ဖြစ်တော့သည်။ ကျွန်တော် လူလားမမြောက်တမြောက်တွင် ဝင်းဦးက လျှမ်းလျှမ်းတောက်နေခဲ့ပြီမို့ သူ့ကို ကျွန်တော်သိပ်သဘောကျခဲ့သည်။ သူ မတူအောင် ဘက်စုံမှာ ချွန်သူမို့လည်း ကျွန်တော့်အတွက် အတုယူစရာတွေ အပြည့်နှင့်ဖြစ်နေသည်။ သူ ကွယ်လွန်သောအခါ ကျွန်တော် နှမျောလှသည်။ ထို့ကြောင့် သူ့ အကြောင်းကို စပ်စုချင်စိတ်နှင့် ထိုတွေ့ဆုံမေးမြန်းခန်းတွေကို သူ့အလွမ်းပြေ လုပ်ကြည့်မိခဲ့ခြင်းလည်းဖြစ်တော့သည်။ ကျွန်တော့်ဆီမှာ သူရေးခဲ့သော ဝတ္ထုတချို့ ရှိသည်။ အစုံတော့ မဟုတ်သေး။

အခုစာအုပ်ပြပွဲက ဆိုင်ကျတော့လည်း ကျွန်တော့်ဆီမှာ မရှိသေးတာထဲက နောက်ထပ်နှစ်အုပ်ကို ဈေးကြီးပေးပြီး ဝယ်ဖြစ်ခဲ့ရသေးသည်။ “ဆယ်စုခေတ် တစ်နှစ်စွန်း မန်းသင်္ကြန်”ဆိုလျှင် ဝင်းဦး၏ စကားပြေ နိုင်နင်းပုံကို သက်သေထူသောစာအုပ်ဟုပင် ညွန်းနိုင်သည်။ စကားပြေအရေးအသားတွင် ဝင်းဦး၏အရေးအသားက တစ်မျိုးထူးသည်။ သူသည် ဆရာတင့်တယ်လေနှင့် ရေးတတ်သည်ဟု သိမီသူတချို့က ဆိုသော်လည်း ကျွန်တော်ကမူ သူ့မူနှင့်သူဟု မြင်သည်။ မြန်မာစကားပြေကို နိုင်နိုင်နင်းနင်းရေးရာတွင် သူသည် ခေသူမဟုတ်ခဲ့ပါ။ ထို့အပြင် စာရေးရာတွင် ခပ်သောသော လေကလေးနှင့် အာဝဇ္ဇန်းရွှင်ရွှင်ကလေး ပြောတတ်သလို တစ်ခါတရံ မထိတထိ ကလိချက်လေးများလည်း ပါတတ်နေပြန်သေးသည်။ ဆရာဝင်းဖေ(မြဇင်)နှင့် ဧည့်ခံပွဲတစ်ပွဲတွင် ဆုံခဲ့စဉ်က ထိုအကြောင်းကို ပြောဖြစ်ခဲ့ရာ ဆရာ ဝင်းဖေကလည်း သဘောတူပါသည်။ ဆရာ ဝင်းဖေက ဝင်းဦးစာရေးဟန်မှာ သူ့မူနှင့်သူ သတ်သတ်ကလေး ရှိနေသူ (stylist) ဟု ထိုစဉ်က မှတ်ချက်ပေးခဲ့ဖူးပါသည်။

စာအုပ်ထဲက ဝင်းဦး

ယခုသော် သူ အသက်ရှင်စဉ်အခါက သူနှင့်တစ်ခါမှ မဆုံဖူးခဲ့ဘဲ သူ့အကြောင်းကို အစချီမိခဲ့သူကျွန်တော် တစ်ခါမှ မဖတ်ဖူး၊ မကြားဖူးသော စာအုပ်လေး တစ်အုပ်ကို ရလိုက်ပါသည်။ ရေးသူအမည်မပါဘဲ (စီစဉ်သူ မောင်ကျော်ယဉ်)ဟု ၁၄ ပွိုင့် (စာလုံးသေး) လက်သည်းကွင်းဖြင့် ရေးထားသည်ကိုပဲ တွေ့ပါသည်။ ဝင်းဦး ကိုယ်တိုင်ရေး ဟုတ်/မဟုတ်ကို ကာယကံရှင်များသာ သိတော့မည် ထင်ပါသည်။ အဖွင့်စာမျက်နှာတွေမှာ ဝင်းဦး၏မူပိုင် ခပ်ညို့ညို့အမူအရာများဖြင့် ဓာတ်ပုံတွေ ဝေဝေဆာဆာပါသည်။ ယခုခေတ်လိုအော့ဖ်ဆက်တွေ၊ ရောင်စုံတွေ မဟုတ်သေးပေမယ့် သူ့ခေတ်နှင့်သူတော့ အတော်လေး မင်ကျ မင်န ကောင်းအောင် ရိုက်ထားသော စာအုပ်ဖြစ်သည်။ အဖွင့်စာမျက်နှာတွင် ဝင်းဦးကိုယ်တိုင် လက်မှတ်ထိုးပြီး ရေးထားသည်ကပင် လှနေပြန်တော့သည်။

“မုန်းလိုလျှင် မုန်းကြစေတော့၊ နှလုံးနာလိုလျှင် နာကြပါစေတော့၊ ခင်မင်သမျှကို ရုတ်သိမ်းလိုက သိမ်းကြပါစေတော့…။ ဘဝမုန်တိုင်းတွင် လုံချည်ဂွင်းသိုင်းခဲ့သူဟူ၍လက်ညိုးထိုးလိုက ထိုးကြပါစေတော့၊ နှပ်ပစ်လိုက ပစ်ကြပါစေတော့…။ ကောင်းကောင်း မကောင်းကောင်း၊ ကျွန်တော့်အကြောင်းကို ကျွန်တော် အသိပေးချင်သည်…” တဲ့။

ထိုစာလေးကို ဖတ်ပြီးသောအခါ ကျွန်တော့်အိမ်သူက ထိုစာအုပ် ကျွန်တော့်လက်ထဲ အရောက်နောက်ကျလေခြင်းဟု စိတ်မကောင်းဖြစ်ရှာသည်။ ကျွန်တော်ကလည်း သရဖူမဂ္ဂဇင်းတွင် “ချစ်သူ့ရင်ခွင် ရှာပုံတော်”ဟူသော ခေါင်းစဉ်ဖြင့် ကျွန်တော့်အဖြစ်သနစ်များကို ပြန်အစဖော်နေမိရာ သက်ဆိုင်သူတချို့က ကျွန်တော့်အပေါ် အတန်ငယ် မကြည်မလင် ဖြစ်နေသည်ဟု ကြားနေရသည်။ ဝင်းဦး၏ ထိုစာကလေးကိုသာ စောစောစီးစီးက ရလိုက်လျှင် ကျွန်တော့် “ချစ်သူ့ရင်ခွင် ရှာပုံတော်” အဖွင့်မှာ ကိုးကားနိုင်လိုက်မိမည်ကို တွေးမိပြီး ကျွန်တော့်အိမ်သူ စိတ်မကောင်းဖြစ်သွားရခြင်းပင်။ သို့သော် စာအုပ်ပါအကြောင်းအရာမှာမူ ဝင်းဦးအကြောင်း သိပ်မပါချေ။ သာမန် ကိုယ်ရေးရာဇဝင် အတိုလေးမျှသာ ဖြစ်သည်။ မိဘအမည်၊ နေခဲ့သော ကျောင်း၊ လုပ်ခဲ့သောအလုပ်၊ ထားခဲ့သော ရည်းစား၊ စရေးစဉ်က ကလောင်အမည်၊ စရိုက်သော ဇာတ်ကားလောက်သာ အပေါ်ယံရေးထားသည်။ ကျွန်တော် မသိသေးတာ တစ်ခုမျှမပါ။

သည်ကြားထဲမှာ ဝင်းဦး၏ သီချင်းစာသားများကို တစ်ပုဒ်စီ ဖော်ပြထားသည်များကလည်း စာမျက်နှာအတော်များများကို နေရာယူထားပြန်သေးသည်။ အဓိကက ဝင်းဦး၏ ဝတ္ထုတို ငါးပုဒ်ဖြစ်သည်။ ထိုငါးပုဒ်ဖြင့် သိုသိပ်သော ဝင်းဦးက သူ့ဘဝကို နိမိတ်ပုံဖော်လိုက်သည်ဟု မှန်းဆနိုင်ပါသည်။ ဝတ္ထုတိုများ၏ အဆုံးတွင်

“ကိုဝင်းဦးဟာ အတွေ့အကြုံများသူတစ်ယောက် ဖြစ်တဲ့အတွက် တကယ့်အဖြစ်အပျက်တွေကို ရေးဖို့ ပိုပြီး အားသန်ပါတယ်။ အဲဒီအတွက် သူ့ဘဝနဲ့ ပတ်သက်တဲ့၊ သူ့အတွေ့အကြုံနဲ့ ရခဲ့တဲ့ တကယ့်အဖြစ်အပျက်တွေကို သိစေချင်တဲ့ ဆန္ဒနဲ့ သူ့ဝတ္ထုတိုများကို ပြန်လည်ဖော်ပြလိုက်ရပါတယ်…။

သူ့ဝတ္ထုတို ငါးပုဒ်ကို ဖတ်ပြီးတဲ့အခါ စာဖတ်အဆွေတို့က သူ့ရဲ့ ရေးသားဟန် ထူးခြားချက်ကလေးတွေကို တရေးရေး မြင်ယောင်လာပါ လိမ့်မယ်။

အဲဒါကို ဝင်းဦးရဲ့သူ့ဘဝ မပီသေးတဲ့ ပန်းချီကားတစ်ချပ်လို့ ယူဆနိုင်ပါတယ်…”ဟု ရေးထားပြန်သည်။

ဝတ္ထုတိုငါးပုဒ်လုံးကို ဖတ်ကြည့်သောအခါ ထိုသို့ရေးထားသည့်အတိုင်းပင် ဖြစ်နေသည်ကို တွေ့ရသည်။ သို့သော် ဝင်းဦးက ပညာသားပါသည်။ ဝတ္ထုတိုငါးပုဒ်တွင် သူ့အကြောင်းအစစ်က တစ်ပုဒ်မျှသာ ဖြစ်ဟန်တူသည်။ ကျန်လေးပုဒ်မှာ တကယ့် ဝတ္ထုတိုတွေ ဖြစ်နေပြီး အစစ်တစ်ပုဒ်အပေါ်မှာ ဇဝေဇဝါဖြစ်အောင် တမင် ထည့်ထားသည်ဟု ယူဆရပါသည်။ သူ သက်ရှိထင်ရှား ရှိစဉ်အခါက လူတို့ အမနာပ အပြောဆုံး၊ သူ့အား မေးခွန်းအထုတ်ဆုံးကိစ္စနှင့် ပတ်သက်ပြီး စတုတ္ထမြောက်ဝတ္ထုဖြစ်သည့် “အနမ်းသံသရာ”မှာ ဝင်းဦးက အမှန်အတိုင်း ပြောထားသည်ကို တွေ့လိုက်ရသည်။ သို့တည်းမဟုတ် နောက်ဆုံးတစ်ပုဒ်မှာလည်း ထိုစဉ်က သူ့နှလုံးသားအကြောင်းကို အရိပ်အမြွက်ကလေးလောက် ထည့်ထားပုံရသည်ဟု ယူဆနိုင်သည်။ ထိုဝတ္ထုအမည်မှာ “တက္ကသိုလ်ဆရာမတစ်ဦး ပြောသော ချစ်ပုံပြင်” ဖြစ်လေသည်။

ကျွန်တော်နှင့် တစ်ဖက်သတ်အကြောင်း

ပထမဆုံးအပုဒ်ကမူ ကျွန်တော့်ကို အလှုပ်ခတ်ဆုံးဖြစ်စေခဲ့သည်။
ကျွန်တော်သည် ပင်ကိုဗီဇအရ လူတစ်ဖက်သားကို အပြစ်မြင်လွယ်တတ်သည်။ လူတွေကို ကျွန်တော့်ပေတံနှင့် တိုင်းကာ မကျေမလည် ဖြစ်လွယ်သည်။ ထို့အပြင် ကျွန်တော့်မှာ အပြစ်ပေးဒဏ်ခတ်လိုသော အထုံဝါသနာကလည်း ထုနှင့် ထည်နှင့် ရှိသည်။ ကျွန်တော် ရေးခဲ့သော စာတချို့တွင် ထိုအချက်တွေကို မြင်သာနိုင်ပါသည်။

ယခုသော် ဆရာတော် ဦးဇောတိက၏ ကျေးဇူးကြောင့် ကျွန်တော့်စိတ်ကို ကျွန်တော် အတတ်နိုင်ဆုံး ပြုပြင်နေမိရပြီ။ တစ်ဆက်တည်းမှာပင် ကျွန်တော် ဖတ်မိသော စာအုပ်တချို့ကလည်း ကျွန်တော့်ကို များစွာ ပြုပြင်ပေးနေသည်။

တစ်နေ့က ရေးဖော် တစ်ဦးကိုတောင် ပြောဖြစ်ခဲ့သေးသည်။ ကျွန်တော်တို့က ကျွန်တော်တို့ တစ်ဖက်တည်းက ကြည့်မိသည့်အတွက် မှားယွင်းနေတတ်သည့် အကြောင်းပင်။

နမူနာလေး နှစ်ခု သူ့ကို ပြောဖြစ်ခဲ့သည်။ ကျွန်တော်ဖတ်ထားသော “အင်မတန်စွမ်းသူတို့ရဲ့ နည်းလမ်းကောင်း ခုနစ်သွယ်” (The 7 Habits of Highly Effective People) အမည်ရှိ စာအုပ်ထဲကဖြစ်သည်။ ထိုစာအုပ်သည် လောလောဆယ် ကမ္ဘာ့အရောင်းရဆုံး စာရင်း ဝင်နေပြီ။ ထိုစာရေးသှူStephen Covey သည်လည်း သန်းကြွယ်သူဌေးပင် ဖြစ်သွားပြီ။ လွန်ခဲ့သောနှစ်အနည်းငယ်က မဂ္ဂဇင်းတစ်စောင်တွင်  ဆရာဝန် စာရေးဆရာတစ်ဦးက ထိုစာအုပ်ထဲမှ အကြောင်းအရာတချို့ကို တင်ပြခဲ့ပြီးပြီဟု သိရသည်။ ကျွန်တော် မဖတ်ဖူးခဲ့။

လုံးစေ့ပတ်စေ့ ဘာသာပြန်မည့်သူ တစ်ယောက်လောက်တော့ ပေါ်လာစေ့ချင်သေးသည်။ အလွန်ကောင်းသော စာအုပ်ဖြစ်သည်။ ကျွန်တော့်မှာတော့ ထိုမျှထူထဲသော စာအုပ်ကို ဘာသာပြန်နိုင်လောက်အောင် အချိန်ပို မရှိပါ။

မည်သို့ပင်ဆိုစေ၊ မိတ်ဆွေကို ပြောပြဖြစ်သည့် အကြောင်းအရာလေးတွေကိုတော့ ဘာသာပြန်ပြလိုက်ချင်သေးသည်။ “ဝင်းဦးနှင့် သူ့ဘဝ ဇာတ်လမ်းစုံ”စာအုပ်တွင် ပါသော ဝင်းဦးဝတ္ထုတိုအဖွင့်ပုဒ်နှင့် ဆက်စပ်နေသောကြောင့် ဖြစ်ပါသည်။

အမေရိကန်နိုင်ငံ လေ့ကျင့်ရေးရေတပ်စခန်းက စစ်သင်္ဘောကြီး နှစ်စီးဟာ ရာသီဥတု သိပ်ဆိုးရွားနေခိုက်မှာပဲ၊ ပင်လယ်ပြင်မှာ စစ်ရေး လေ့ကျင့်နေကြပါတယ်။ ကျွန်တော်က သင်္ဘောနှစ်စီးထဲက ခေါင်းဆောင် သင်္ဘော ပေါ်မယ် တာဝန်ကျနေတယ်။ အဲဒီ့ညက မှောင်လာတဲ့အချိန်မှာ ကျွန်တော်က သင်္ဘောဦးခန်းထဲမှာပါ။
ဆီးနှင်းတွေက ပိန်းပိတ်နေတဲ့အတွက် ဘေးဘီကို မြင်ရဖို့ တော်တော့်ကို ခက်တယ်။ ဒါကြောင့် မာလိန်မှူးကြီးကလည်း ဦးခန်းထဲမှာပဲ နေနေရင်း အစစ ဂရုတစိုက် ကြပ်မတ်နေရတယ်။
ညရောက်လို့ အမှောင်ကျသွားပြီးတဲ့နောက် သိပ်မကြာခင်မှာပဲ ဦးခန်းရဲ့အပေါ်မှာ စောင့်ကြည့်ဖို့တာဝန်ကျနေတဲ့ ရေတပ်သားလေးဆီက သတင်းတက်လာတယ်။ “သင်္ဘောဦးရဲ့ညာဘက်လောက်မှာ မီးလေးတစ်စ မြင်ရတယ်”တဲ့။

“ငြိမ်နေလား၊ သွားနေလား”လို့ မာလိန်မှူးကြီးက ချက်ချင်း လှမ်းမေးလိုက်တယ်။

တပ်သားလေးက ပြန်ဖြေတယ်၊ “ငြိမ်နေပါတယ်၊ ဦးစီးခင်ဗျား”တဲ့။ ဆိုလိုတာကတော့ ကျွန်တော်တို့သင်္ဘောဟာ အဲဒီ့သင်္ဘောနဲ့ ပြင်းပြင်းထန်ထန် တိုက်မိမယ့် လမ်းကြောင်းပေါ် ရောက်နေတယ်ပေါ့။

သည်မှာတင် မာလိန်မှူးကြီးကလည်း ဆက်သွယ်ရေးတပ်သားကို ပြောတယ်။ “အဲဒီ့သင်္ဘောဆီ လှမ်းပြောစမ်း။ သည်ပုံအတိုင်းဆို တိုက်မိကုန်တော့မှာမို့ သူ့လမ်းကြောင်းကို ဒီဂရီ ၂၀ ပြောင်းပြီး မောင်းဖို့ ပြောလိုက်ကွာ”တဲ့။

မကြာဘူး၊ ဟိုတစ်ဖက်က ပြန်ပြောသံကို အတိုင်းသား ကြားရတယ်။

“ခင်ဗျားတို့ မောင်းနေတဲ့ လမ်းကြောင်းကို ၂၀ ဒီဂရီ ပြောင်းလိုက်ပါ”လို့ တစ်ဖက်က ပြန်ပြောတယ်။

သည်မှာတင် မာလိန်မှူးကြီးလည်း ဆက်သွယ်ရေးတပ်သားဆီက  စကားပြောခွက်ကိုလှမ်းယူပြီးပြောတယ်။ “ဒါ မာလိန်မှူးကြီးကိုယ်တိုင် ပြောနေတာ။ ခင်ဗျာ့ သင်္ဘောကို ၂၀ ဒီဂရီ ပြောင်းလိုက်ပါ။”

“ကျွန်တော်ကတော့ ဒုတိယတန်းစား သင်္ဘောသားလေးပါခင်ဗျာ”တဲ့၊ တစ်ဖက်က အသံပြန်ပေါ်လာတယ်။ “မာလိန်မှူးကြီးရဲ့သင်္ဘောကိုသာ ၂၀ ဒီဂရီ လမ်းကြောင်း ပြောင်းလိုက်ပါခင်ဗျား”တဲ့။

ပြဿနာပဲ။ မာလိန်မှူးကြီးလည်း ဒေါသတွေ တအား ထွက်သွားပြီ။ ချက်ချင်းပဲ ထအော်တော့တယ်။

“ဟေ့… ဒါ စစ်သင်္ဘောကွ။ မင်း လမ်းကြောင်းကို ၂၀ ဒီဂရီ ပြောင်းလိုက်စမ်း”

ဟိုဘက်ကလည်း ပြန်လာတယ်။

“ဒါ မီးပြတိုက်ခင်ဗျ”တဲ့။

အဟဲ… ကျွန်တော်တို့လည်း လမ်းကြောင်းပြောင်းလိုက်ရတော့တာပါပဲ။

သည်အဖြစ်ကလေးကို အမေရိကန် ရေကြောင်းတက္ကသိုလ်မဂ္ဂဇင်းထဲ မှာ Franck Koch က ရေးခဲ့ခြင်း ဖြစ်သည်။ ယင်းကို ကျွန်တော် အထက်တွင် ဖော်ပြခဲ့သော စာအုပ်၏ နိဒါန်းပိုင်းတွင် ပြန်လည် ကောက်နုတ်ထားခြင်းလည်း ဖြစ်သည်။

လောကတွင် အမှန်တရားဆိုသည်များက ရှိနေသည်။ သို့သော် ကျွန်တော်တို့တွေမှာ အစွဲများ ရှိနေတတ်သဖြင့် တစ်ခါတရံ အမှန်များကို မြင်နိုင်စွမ်း ကျဲပါးနေတတ်ပြန်သည်။ မူဆိုသည်ကား အမှန်တရားကို အခြေခံပြီးမှ ပေါ်လာခြင်းဖြစ်သည်။ မူရင်းစာရေးဆရာ“ကိုဗှေး”ကတော့ မူသည် မီးပြတိုက်ဟု ဆိုထားလေသည်။ မူတို့သည် သဘာဝတ္ထတရားများ ဖြစ်သဖြင့် မချိုးဖျက်နိုင်ပါတဲ့။

ထားပါတော့၊ ကျွန်တော့်အတွက်မူ အနှီးဥပမာလေးက တာသွားလွန်းနေလေသည်။ လူတစ်ဖက်သားအပေါ် အင်မတန် အပြစ်မြင်လွယ်လှသော ကျွန်တော်လိုလူအတွက် မီးပြတိုက်နမူနာက တော်တော့်ကို ထိထိရောက်ရောက် ပညာပေးလိုက်နိုင်ခဲ့သည်။

ဆက်ဖတ်သောအခါ စာရေးဆရာ “ကိုဗှေး”ကိုယ်တိုင်ကြုံလိုက်ရသည့် အဖြစ်တစ်ခုကို ဖတ်ရပြန်သည်။ နယူးရော့ခ်မြို့ မြေအောက်ရထားထဲတွင် တစ်မနက်က ကြုံရတာဟု အစချီကာ ကိုဗှေးက အောက်ပါအတိုင်း ရေးထားလေသည်။

လူတွေက အေးအေးဆေးဆေး ထိုင်နေကြတယ်။ တချို့က သတင်းစာ ဖတ်၊ တချို့က အတွေးထဲမှာ မျောနေ၊ တချို့တွေကျတော့ မျက်လုံးကို မှိတ်ပြီး နားနေကြတယ်။ ကျောင်းသင်ခန်းလေးတစ်ခုလိုကို ငြိမ်သက် တိတ်ဆိတ်နေတဲ့ မြင်ကွင်းလေးတစ်ခုပါ။

အဲဒီ့အချိန်မှာ ရထားထဲကို လူတစ်ယောက်နဲ့ ကလေးတွေ ဝင်ချလာတယ်။ ကလေးတွေက အော်ကြီးဟစ်ကျယ်နဲ့ တက်ကြွ လှုပ်ရှားလွန်းနေတာမို့ ရထားတွဲလေးထဲက ဆိတ်ငြိမ်တဲ့ ဥတုလေးဟာ ချက်ချင်းကို ပြောင်းသွားတော့တယ်။

ဝင်လာတဲ့သူက ကျွန်တော့်ဘေးမှာ ဝင်ထိုင်လိုက်ပြီး မျက်လုံး စုံမှိတ်နေတယ်။ သူ့ပုံက အခြေအနေကို နည်းနည်းလေးမှ မရိပ်စားမိဘူးဆိုတာ သေချာတယ်။ ကလေးတွေက တစ်ယောက်ကို တစ်ယောက် အပြန်အလှန် အော်ကြ ဟစ်ကြလို့၊ တွေ့ကရာတွေ လျှောက်ပစ်တဲ့သူက ပစ်၊ တစ်ယောက်ကဆို တွဲထဲက လူတွေ ဖတ်နေတဲ့ သတင်းစာတွေကိုတောင် သွားဆွဲလား ဆွဲရဲ့။

တော်တော့်ကို မျက်စိနောက်စရာ ကောင်းနေတာပါ။ ဒါပေမယ့် ကျွန်တော့်ဘေးက လူကတော့ သူ့ကလေးတွေကို တစ်ခွန်းမှ ဟန့်ဖော်မရဘူး။

ကျွန်တော့်စိတ်ထဲမှာ တော်တော့်ကို ကသိကအောက် ဖြစ်လာတယ်။ မဖြစ်ဘဲကို မနေနိုင်တော့ဘူး။ ကိုယ့်ကလေးတွေ သည်လောက် သောင်းကျန်းနေတာကို နေစိမ့်ပြီး တစ်ခွန်းမှ ဟန့်ဖော်မရတဲ့ သူ့ကိုလည်း ကျွန်တော် ဘယ်လိုမှကို နားမလည်တတ်တော့ဘူး။ တော်တော် တာဝန်မဲ့တဲ့ ဖအေပဲလို့ အောက်မေ့နေမိတယ်။

တစ်တွဲလုံးက လူတွေလည်း ကျွန်တော့်လိုပဲ သိသိသာသာကို စိတ်အနှောင့်အယှက် ဖြစ်နေကြပြီ။ နောက်ဆုံးတော့ ကျွန်တော်လည်း ဘယ်လိုမှ မအောင့်နိုင်တော့ဘူး။ သူ့ဘက် လှည့်ပြီး ပြောလိုက်ရတော့တယ်။

“သည်မယ်နောင်ကြီး၊ နောင်ကြီးရဲ့ ကလေးတွေကြောင့် ဘေးလူတွေ တော်တော့်ကို အနှောင့်အယှက်ဖြစ်ကုန်ကြပြီဗျာ။ နည်းနည်းလောက် ပြောပါဦးလားခင်ဗျာ”

အဲဒီ့လူလည်း မျက်လုံးပွင့်လာပြီး ကလေးတွေကို ငေးနေတယ်၊ သူကြည့်နေပုံက ရထားတွဲကြီး တစ်တွဲလုံးကို အခုမှ မြင်ဖူးပြီး သူ့ကလေးတွေကိုလည်း အခုမှ မြင်ရသလိုမျိုးကြီးရယ်။ ပြီးတော့ ခပ်လေးလေး ပြန်ပြောတယ်။

“ဟုတ်သားပဲဗျာ။ ကျွန်တော် ကလေးတွေကို ပြောလိုက်ပါဦးမယ်။ ကျွန်တော်တို့က အခုပဲ ဆေးရုံက ပြန်လာတာဗျ။ ကလေးတွေရဲ့အမေ လွန်ခဲ့တဲ့ တစ်နာရီလောက်ကပဲ ဆုံးသွားတယ်လေ။ ကျွန်တော်လည်း ဘာလုပ်လို့ လုပ်ရမှန်းမသိဘူး၊ သူတို့လေးတွေလည်း ရုတ်တရက် အမိမဲ့သွားတဲ့ အနေအထားကို ဘယ်လိုရင်ဆိုင်ရမယ်မှန်း မသိတတ်သေးတော့ ထင်ရာ လျှောက်လုပ်ရင်း ဖြစ်ကုန်တယ် ထင်ပါရဲ့ဗျာ”တဲ့။

စာဖတ်သူအနေနဲ့ အဲဒီ့အချိန်မှာ ကျွန်တော် ဘယ်လို ခံစားလိုက်ရမယ်ဆိုတာကို မှန်းဆနိုင်မယ် ထင်ပါတယ်။ ကျွန်တော် မူလမြင်ထားတဲ့ အမြင်ကနေ ရုတ်ချည်း ပြောင်းလဲသွားတယ်။ အမြင် ပြောင်းသွားတဲ့အတွက် အတွေးလည်း ပြောင်းသွားသလို ခံစားချက်လည်း ပြောင်းသွားတယ်၊ အမူအရာလည်း ပြောင်းသွားပါတော့တယ်။

ကျွန်တော့်စိတ်ထဲမှာ အနှောင့်အယှက်ဖြစ်နေခဲ့တာတွေ ချက်ချင်း ပျောက်သွားတယ်။ သည်လူ့ကို စာနာတဲ့စိတ်နဲ့ သနားတဲ့စိတ်က ချက်ချင်း ဖြစ်လာတယ်။ သူ့ကို အားပေးဖို့ စိုင်းပြင်းလိုက်မိတယ်။ အခြေအနေက ရုတ်ချည်း ပြောင်းသွားတော့တာပါပဲ။

ကျွန်တော်အပါအဝင် လူအတော်များများမှာ အလွန် ပြောလွယ်ဆိုလွယ် ရှိကြသည်။ သူကဖြင့် ဘယ်ကဲ့သို့၊ ဘယ်ချမ်းသာဆိုတာမျိုးကို ကျွန်တော်တို့တွေ နေ့စဉ် ပြောဖြစ်နေကြသည်။

သူ့ဖက်က ကြည့်တော့ လက်ဖဝါး၊ ကိုယ့်ဖက်က ကြည့်တော့ လက်ဖမိုး ဆိုသောစကားကို စာရေးဆရာ ဒါရိုက်တာမောင်ဝဏ္ဏ၏ ဇာတ်ကား ကြော်ငြာတစ်ခုတွင် ဖတ်ဖူးခဲ့သည် ထင်၏။ ကျွန်တော်ကိုယ်တိုင်လည်း ပြောဖူးသည်။ သူများတွေ ပြန်ပြောနေတာလည်း ကြားဖူးသည်။

သို့သော် ယခု ဥပမာနှစ်ခုလောက်တော့ မထိရောက်ခဲ့။ ကျွန်တော် ကိုယ်၌က စိတ်လိုက်မာန်ပါနိုင်လွန်းနေတာလည်း ဖြစ်မည်။ အသက်အရွယ်ကြောင့် ဗဟုသုတ ရှိသည့်တိုင် ဉာဏ်မရှိသေးတာကြောင့်လည်း ဖြစ်မည်။ ဘယ်တော့ဖြစ်ဖြစ်၊ ကျွန်တော့်တစ်ဖက်တည်း အမြင်ဖြင့်သာ ကြည့်ခဲ့၊ မြင်ခဲ့၊ သုံးသပ်ဖြစ်ခဲ့၊ ဆုံးဖြတ်ဖြစ်ခဲ့တာက များသည်။

ယခုသော် သူ့ဘက်က တစ်ခြမ်းကို ထည့်သွင်းစဉ်းစားတတ်လာပြီ။

အမှန်တော့ ဤသည်မှာ မကြာလှသေး။

လွန်ခဲ့သော တစ်နှစ်ကျော်က ကျွန်တော့်ကားနောက်မှန်တွင် “လူမှန်လျှင် မလိုအပ်ဘဲ ဟွန်းမတီးပါ”ဟူသော စာတန်းကြီးကို ငွေတစ်ထောင် အကုန်အကျ ခံပြီး အရေးခိုင်းကာ ကပ်ထားခဲ့ဖူးသည်။ နောက်ကားက တကြော်ကြော် ဟွန်းတီးသံကို ကျွန်တော် ဘယ်လိုမှ သည်းမခံနိုင်ခဲ့ပါ။ အလိုလိုလည်း စိတ်တိုလာပါသည်။
သည်လိုနှင့် ထိုစာတန်းကို ကပ်လိုက်ရာ တော်တော် သက်သာသွားပါသည်။ တချို့က ကျွန်တော့်ကို ဩဘာပေးကြသည်။ တချို့ကားတွေက ကျွန်တော့်ကားကို ဟွန်းတီး ကျော်တက်ရင်း လက်မ ထောင်ပြသွားသည်မျိုးကို ကြုံရသလို တချို့ကျတော့ အတင်းကို လိုက်ပြဿနာရှာတာမျိုးတွေလည်း ကြုံရသည်။

ဆရာတော် ဦးဇောတိကထံ ထိုစာတန်းသတင်း ရောက်သွားသောအခါ ဆရာတော်က “ကောင်းတော့ ကောင်းတယ်၊ ဒါပေမယ့် ရေးပုံက အပြု သဘောမဆောင်ဘူး”ဟု မိန့်ကြားပါသည်။

မည်သို့ပင်ဖြစ်စေ၊ ကျွန်တော်ကား လော်မာဆဲပင် ဖြစ်သည်။ တော်တော် နှင့် ထိုစာတန်းကို မဖြုတ်ဖြစ်ခဲ့။

တစ်ရက်တွင်မူ ကမ္ဘာအေးဘုရားလမ်းအတိုင်း မောင်းလာရာ ဗဟန်း ၃ လမ်းထိပ် အရောက်တွင် နောက်မှ ဟွန်းတကြော်ကြော် တီးပြန်သဖြင့် နောက်မှန်ကို လှမ်းကြည့်လိုက်သည်။ ကျွန်တော့်ရှေ့မှာက ယဉ်ကြောပိတ်နေသဖြင့် ခပ်ဖြည်းဖြည်းသာ မောင်းနေရသည်မို့ စိတ်မရှည်သော ကားက ကျော်တက်ချင်သော သဘောနှင့် တီးနေတာများလားဟု တွေးလိုက်ရင်း စိတ်က နည်းနည်း တိုသွားသည်။

သို့ရာတွင် ဟွန်းတီးနေသည်မှာ ကျွန်တော့်နောက်က ကားမဟုတ်၊ ကျွန်တော့်နောက် တစ်စီးကျော်က အငှားယာဉ်ဖြစ်သည်။ ထိုကားဆရာအနေဖြင့် ကျွန်တော့်စာတန်းကို မမြင်နိုင်သေး။ သူ့မျက်နှာကိုမူ နောက်ကားကို ကျော်ပြီး နောက်မှန်ထဲမှပင် ကျွန်တော်က လှမ်းမြင်နေရသည်။

သူ့ခေါင်းက လမ်းဘေး လူသွားစင်္ကြံပေါ်သို့ လည်နေသည်။  စင်္ကြံပေါ်မှ လူအုပ်ကို သူ့ကားအားကြောင်း အချက်ပေးသည့်သဘော၊ ခရီးသည် ခေါ်သည့်သဘော (ဈေးခေါ်သည့်သဘော)မျိုးနှင့် တီးနေခြင်းသာ ဖြစ်သည်။

ကျွန်တော် ချက်ချင်း သဘောပေါက်သွားသည်။ သူ့အတွက် ဟွန်းတီးခြင်းက တခြားယာဉ်မောင်းတွေမှာပါ စိတ်အနှောင့်အယှက်ဖြစ်၊ မဖြစ် တွေးဖြစ်လောက်အောင် စိတ်မအားရှာချေ။ တစ်နေ့တာအတွက်  ကားပိုင်ရှင်အား ပေးရမည့်ကားခ၊ ဓာတ်ဆီဖိုး၊ စားစရိတ်အပြင် သူ့မိသားစုအတွက် လိုအပ်သော ငွေစကြေးစလေးတွေကို အငမ်းမရ လိုချင်သည့် လောဘဇောက တစ်ဖက်သားအတွက် တွေးနိုင်စွမ်းကို ပီပီပြင်ပြင် ဆို့ထားလေပြီပဲ။

ထိုနေ့က အိမ်ပြန်အရောက်တွင် ကျွန်တော့်စာတန်းကို ခွာဖြစ်ခဲ့ပါသည်။

ဝင်းဦးနှင့် တစ်ဖက်သတ်အကြောင်း

ဝင်းဦးဆီကို ပြန်သွားပါတော့မည်။
ဝင်းဦးကလည်း သူနှင့်ပတ်သက်ပြီး ဟိုပြောသည်ပြောတွေကို သိပ် ကြေလည်ပုံတော့ မရ။ သို့သော် ဝင်းဦးသည် ဉာဏ်ရှိသူ။ ထို့ကြောင့် သူက ဝတ္ထုတိုလေးတစ်ပုဒ်နှင့် ဆုံးမလိုက်သည်။ သို့သော် ထိုစာကို ရှုမဝ မဂ္ဂဇင်းတွင် သူမင်းသားဖြစ်ခါစ ၁၉၆၂ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ဖော်ပြခဲ့ပုံရသည်။

“အောက်ပါစာကို ၁၉၆၂ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့က ကျွန်တော် ရရှိခဲ့ပါသည်။ ရှုမဝ ဝတ္ထုရှည် ရေးပေးမည်ဆို၍ လာရောက်တောင်းရာ ကိုမြင့်နိုင်၏ စာမူရင်းကိုသာလျှင် မပြီးသေးသည့် ဝတ္ထုတိုအစား ယခုလ ဝတ္ထုရှည်အဖြစ် မဖြတ်မတောက်၊ မချဲ့ထွင်ဘဲ ဖော်ပြရန် ပေးအပ်လိုက်ရပါကြောင်း”ဟု ဝင်းဦးက ဝတ္ထုတို၏ ထိပ်တွင် ဖော်ပြပေးခဲ့သောကြောင့် ဖြစ်ပါသည်။

ကျွန်တော်ကသာ ရှည်ရှည်ဝေးဝေး၊ စတီဖှင်န် ကိုဗှေးဆီအထိ ရွာကျော် ရွက်တိုက်နေသည်၊ အမှန်က ကျွန်တော် စွဲလန်းသော စာရေးဆရာ၊ ဓာတ်ရှင် မင်းသားကြီးက ၁၉၆၂ ခုနှစ်ကတည်းက “စာလေးတစ်စောင်”အမည်ရှိ ဝတ္ထုတိုလေးဖြင့် ကိုဗှေးထက် သာအောင် ပြောပြခဲ့ပြီးပြီပဲ။

အဖွင့်စာတန်းလေးကို ပြန်ကူးပြပါမည်။

“တစ်ဦးတစ်ယောက်ကို သူ့အကြောင်း အတွင်းကျကျ မသိဘဲနဲ့ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ချက်ချတတ်တာဟာ လူသတ်သမားစိတ် တစ်မျိုးပဲ။ တစ်ပါးသူကို မိမိရဲ့စွပ်စွဲမှုကြောင့် ရှင်လျက်နဲ့ သေစေသလို အချိန်တန်လို့ အမြင်မှန်ရလာတဲ့အခါမှာလည်း မိမိကိုယ်တိုင် နောင်တကြောင့် ရှင်လျက်နဲ့ သေကြရတယ်”တဲ့။

ဝင်းဦးက သူ့ဝတ္ထုကို ထိုသို့ ဖွင့်ထားပါသည်။

ဝတ္ထုကြောင်းမှာ ဝင်းဦး ပြောသည့်အတိုင်း ပေးစာတစ်စောင်ပုံစံ ဖြစ်ပါသည်။ ဝင်းဦးနှင့်တပ်ထဲတွင် အတူနေခဲ့ဖူးသော တပ်ကြပ်ပြီး မြင့်နိုင်ဆိုသူ တပ်မတော်သား တစ်ဦးက ဝင်းဦးထံ လှမ်းရေးပုံဖြင့် ဖွဲ့ထားသည်။

ဝတ္ထုကြောင်းကို အကျဉ်းချုပ်ပြောလိုပါသည်။

မြင့်နိုင်၏ လက်အောက်သို့ တပ်ကြပ်ထွေးကိုဆိုသူတစ်ဦး ရောက်လာသည်။ ထိုထွေးကိုမှာ လူရည်သန့်ဖြစ်သလို ရည်လည်း ရည်မွန်သဖြင့် အားလုံးက ခင်မင်ကြသည်။ သန်သန်မာမာ ဖျတ်ဖျတ်လတ်လတ်လည်း ဖြစ်သဖြင့် ပထမတွင် မြင့်နိုင်ကိုယ်တိုင်က လက်ရုံးကောင်းရပြီဟု ထင်ခဲ့သည်။

ထွေးကိုကား တာဝန်ကျေပွန်သူ၊ စည်းကမ်းရှိသူ၊ စာရိတ္တကောင်းသူ၊ လူတိုင်းနှင့် တည့်သူလည်း ဖြစ်သည်။ သို့သော် ရေရှည်တွင် မြင့်နိုင်က ထွေးကိုအား နည်းနည်းမှ ကြည့်မရတော့။

မြင့်နိုင်က တကယ့် စစ်သား။ စစ်မတိုက်သော စစ်သားကို အထင်ကြီး၍ မရသော လူမျိုး ဖြစ်နေသည်။ ထွေးကိုက တိုက်ပွဲထွက်ရန် အချိန်ကျလာတိုင်း အလိမ္မာနှင့် ရှောင်ပြေးနေသည်ချည်း တွေ့ရသောအခါတွင် မြင့်နိုင်က ထွေးကိုကို အလွန်ရွံရှာ အထင်သေးသွားတော့သည်။

သည်လိုနှင့် အထက်အရာရှိကို ပြောပြီး ထွေးကိုအား မြင့်နိုင်ကို သူ့တပ်ထဲတွင် ဆက်မထားဖြစ်ရန် ဆောင်ရွက်လိုက်သေးသည်။ သို့ရာတွင် အဆင်မသင့်ချင်တော့ ထွေးကို ပြောင်းသွားသောတပ်မှ တပ်စု တပ်ကြပ်ကြီး အူအတက် ပေါက်ပြီး ဆေးရုံ တက်နေသဖြင့် ထွေးကိုတို့ တပ်စုကိုပါ မြင့်နိုင်က ပူးတွဲအုပ်ချုပ်ရသည်။

ဖြစ်ချင်တော့ ထိုအချိန်တွင်မှ စစ်ဆင်ရေးတာဝန်က ပေါ်လာသည်။ ထိုအခါ ထွေးကိုက နေမကောင်းသဖြင့် ဆေးရုံတက်ချင်ကြောင်း တစ်ဆင့် ပြောလာသည်။ တပ်ကြပ်ကြီးမြင့်နိုင် ထောင်းခနဲဖြစ်ပြီ။

ထို့ကြောင့် သူ့တပ်စုနှစ်စုမှ တပ်သားအားလုံးကို တန်းစီစေပြီး ဆုံးမစကား ပြောတော့သည်။ စစ်သားသည် စစ်မတိုက်ဝံ့ပါက အလွန်ရှက်ဖို့ ကောင်းကြောင်း ပစ်ပစ်နှစ်နှစ်ကြီး ပြောလိုက်ခြင်းလည်း ဖြစ်သည်။ သူ မည်သူ့ကို ရည်ရွယ်ကြောင်း တပ်စု နှစ်စုစလုံးသိသကဲ့သို့ ထွေးကို ကိုယ်တိုင်လည်း သိသည်။ မြင့်နိုင် ပြောနေချိန်တွင် ထွေးကို၏မျက်နှာကား ရဲရဲနီလျက်။

ထိုနေ့ညနေတွင် ထွေးကိုက မြင့်နိုင်ထံ သွားရောက်ပြီး ဆေးရုံ မတက်လိုတော့ကြောင်း အကြောင်းကြားကာ စစ်ဆင်ရေးလိုက်ရန် ဆုံးဖြတ်လိုက်ကြောင်းကို ယတိပြတ်ပြောလေတော့သည်။

သည်လိုနှင့် ထွေးကိုသည် စစ်သားတစ်ဦးအနေနှင့် ရွပ်ရွပ်ချွန်ချွန် တိုက်ပွဲဝင်ခဲ့သည်။ သို့ရာတွင် ရန်သူ့စခန်း သိမ်းမိနေစဉ်တွင်ပင် ထွေးကိုသည် ရန်သူ့ကျည်သင့်ပြီး ကျဆုံးသွားလေသည်။

အသက်ထွက်ခါနီးတွင် ထွေးကိုက မြင့်နိုင်ကိုမှာသည်။ သူစုထားသည့် ငွေနှင့် တပ်မတော်က ပေးမည့် သက်စွန့်ဆုကြေးပါ နှစ်ရပ်ပေါင်းပြီး သူ့မိခင်ကြီးအား မြင့်နိုင်ကိုယ်တိုင် သွားပေးရန် ခပ်စင်းစင်း မှာခြင်းသာ ဖြစ်သည်။

ကိစ္စဝိစ္စပြီးသောအခါ ထွေးကို ပေးသည့် လိပ်စာအတိုင်း ထွေးကို့ မိခင်ကြီး ရှိရာ ရွာကို မြင့်နိုင် ရောက်သွားသည်။ လိပ်စာမှာ ရွာဦး ဘုန်းကြီးကျောင်းလိပ်စာဖြစ်သဖြင့် ကျောင်းထဲရှိ ကပ္ပိယကြီးကို စုံစမ်းရာ ဘုန်းကြီးကျောင်းဝင်းထဲရှိ တဲအိုလေးပေါ်မှ အမယ်အိုကို ပြသည်။

“မောင်ထွေးကိုတို့ဟာ အမေတစ်ခု၊ သားတစ်ခုပါ ရဲဘော်ကြီးရယ်။ ဆွေမျိုး မရှိကြဘူး။ မောင်ထွေးကိုဟာ အမေ မျက်မမြင်ကြီးကို လုပ်ကျွေးဖို့ စစ်ထဲ ဝင်သွားတာပဲ။ အားကိုးစရာ သည်သားတစ်ယောက်သာ ရှိတာမို့ သေဘေးက ဝေးအောင် တိုက်ပွဲ ခိုက်ပွဲတွေ မထွက်ဖို့ ကတိတောင်းလို့ မောင်ထွေးကို ကတိပေးရှာတယ်။ အမေကြီးကလည်း စိတ်ချလက်ချ၊ ဘုန်းကြီးကျောင်းမှာ မောင်ထွေးကို ထောက်ပံ့တဲ့ ငွေကလေးနဲ့ နေရရှာတာပါ”ဟု ကပ္ပိယကြီးက ရှင်းပြသောအခါ မြင့်နိုင်တစ်ယောက် ဆောက်တည်ရာမရအောင် ဖြစ်သွားတော့သည်။

သည်လိုနှင့် မြင့်နိုင်က ထိုအမယ်ကြီးကို အမေအဖြစ် တစ်သက်စာ စောင့်ရှောက်ရန် ခေါ်လာခဲ့ကြောင်းဖြင့် ဝင်းဦးက သူ့ဝတ္ထုကို ဇာတ်သိမ်းထားလေသည်။

အတော်ထိသော ဝတ္ထုလေးဖြစ်သည်။

သူ့ဘဝဇာတ်လမ်းစုံစာအုပ်တွင် အဖွင့်ဝတ္ထုတိုအဖြစ် ထိုဝတ္ထုတိုလေးကို ပြန်လည်ဖော်ပြထားခြင်းမှာ အဓိပ္ပာယ်ကျယ်ဝန်းနေသည်။ ၁၉၆၂ ခုနှစ်က ရေးခဲ့သော ဝတ္ထု ဖြစ်သော်လည်း ပြန်လည်ဖော်ပြသော ၁၉၆၉ခုနှစ်တွင် ဝင်းဦးတစ်ယောက် လျှမ်းလျှမ်းတောက်နေပြီ။ ဆောင်းအိပ်မက်ဇာတ်ကားဖြင့် အကယ်ဒမီဆုကိုလည်း ထိုက်ထိုက်တန်တန် ရခဲ့ပြီးပြီ။

ထိုအချိန်တွင် “အကယ်ဒမီဝင်းဦးနှင့် သူ့ဘဝဇာတ်လမ်းစုံ”မည်သော စာအုပ်တွင် ထိုဝတ္ထုကို အဖွင့်မှာ ဖော်ပြထားခြင်းသည် အကြောင်းမဲ့တော့ မဟုတ်တန်ရာ။

ကျွန်တော့်ကျေးဇူးရှင် ဝင်းဦး

ကျွန်တော်သည် ဆိုခဲ့သည့်အတိုင်း ဝင်းဦးကို စွဲလန်းလွန်းသူသာ ဖြစ်သည်။ ထိုအကြောင်းကို ဖွင့်ဟမိတိုင်း ကြားနာသူအပေါင်းက အပြုံးတစ်မျိုးဖြင့် ကျွန်တော့်ကို ကြည့်တတ်သည်။ တချို့ကမူ ဝင်းဦး၏ အားနည်းချက်တစ်ခုဖြင့် ကိုင်ပေါက်ကာ ကျွန်တော့်ကို စတတ်ကြပါသေးသည်။

လူသည် လူသာ ဖြစ်သလို ဝင်းဦးသည်လည်း ဘာသားနှင့်မှ ထုမထားလေသော လူစင်စစ်သာ ဖြစ်ခဲ့သည်။ ထို့ကြောင့် သူ့မှာ တော်တာတွေ ရှိသလို၊ ရှော်တာတွေလည်း ရှိနေမည်မှာ ဧကန်ပင်။ ယင်းမို့ကြောင့် သူ့အားနည်းချက်ကို ကျွန်တော် ဘယ်လိုမှ မမြင်ခဲ့။ လူတစ်ယောက်အနေနှင့် လူလိုနေခြင်းဟုသာ တွေးခဲ့ပါသည်။

ယခုသော် ဝင်းဦးက သူ့“စာကလေးတစ်စောင်”ဝတ္ထုတိုဖြင့် ကျွန်တော်တို့ကို ပညာပေးသွားခဲ့လေပြီ။ အလားတူပင် “အနမ်းသံသရာ”ဝတ္ထုဖြင့်လည်း သူဘာကြောင့် ဘယ်လို ဖြစ်နေသည်ကို ထိုစဉ်ကတည်းက ဖွင့်ဟခဲ့ပြီးပြီ။

ကနေ့ ကျွန်တော်တစ်ယောက် အင်္ဂလိပ်စကားကို ဌာန်ကရိုဏ်းကျအောင် ပြောတတ်ခြင်း၊ အဝတ်အစားကို တင့်တယ်အောင် ရွေးချယ် ဝတ်ဆင်တတ်ခြင်း၊ စာရေးရာတွင် ဘာသာစကားကို နိုင်နင်းအောင် သုံးတတ်ပြီး အာဝဇ္ဇာန်းရွှင်ရွင်လေး ရေးနိုင်ခြင်း၊ သီချင်းဆိုခြင်း၊ ဂစ်တာကိုင်ခြင်း၊ လူရှေ့ ထွက်ပြီး စကားပြောတတ်ခြင်း၊ လူလုံးပြရတာကို အလွန်အမင်း ဝါသနာပါ ခြင်းတို့အပါအဝင် ကျွန်တော့်ရုပ်ပိုင်းဘဝ ဖြစ်တည်မှု အားလုံးအတွက် ဝင်းဦး၏ ကျေးဇူးက များစွာ ရှိနေပါသည်။

ယုတ်စွအဆုံး၊ “ရွှေအမြုတေ”မဂ္ဂဇင်းတွင် ကျွန်တော့်အမည်ရင်းဖြင့် ရေးသားကာ လပေါင်းများစွာဖော်ပြခဲ့သော “အိပ်မက်အတူမက်ကြစို့ မနက် မလင်းခင်” အခန်းဆက် ဝတ္ထုရှည် ဇာတ်ကြောင်းမှာလည်း ဝင်းဦး၏ ဩဇာ မကင်းလှသည်ကို ဘယ်သူကမှ ရိုက်မစစ်ဘဲ ဝန်ခံလိုက်ချင်ပါသည်။ ထိုဝတ္ထု စခါစက ရွှေစာတည်းချုပ် ဦးဝင်းငြိမ်းကပင် ဝင်းဦး၏ “မိန်းမလှအမုန်း”နှင့် ဆင်လှသည်ဟု မှတ်ချက်ပေးသဖြင့် ကျွန်တော့်မှာ ကျွန်တော့်တွင် ရှိနေသော ထိုစာအုပ်ကို ကမန်းကတန်း ပြန်ဖတ်ခဲ့ရဖူးပါသည်။ ဇာတ်ကြောင်းချင်း မဆင်သော်လည်း ဝတ္ထု တည်ပုံချင်း ဆင်နေသည်ကို တွေ့ လိုက်ရသဖြင့် ကျွန်တော့်မှာ မပြေးသော် ကန်ရာ ရှိနေသည်ကလည်း အမှန်ပင် ဖြစ်ပါသည်။

ယခုသော် ဝင်းဦးကို အလွှတ်မဲ့ စွဲလန်းဖူးသူတစ်ယောက်အနေနှင့် သူ့ အငွေ့တွေ ကျွန်တော့်စာတွေထဲမှာ ကပ်နေနိုင်လောက်သည်ကို မှန်းဆမိနိုင်လာပြီဖြစ်သည်မို့ ဝန်ခံလိုက်ရခြင်းလည်း ဖြစ်ပါသည်။

ထိုဝင်းဦးမှာ အားနည်းချက်တစ်ခု ရှိခဲ့ခြင်းကတော့ ကျွန်တော့်ကို တော်တော် နှောင့်ခဲ့ပါသေးသည်။

ယခုသော် စာအုပ်ပြပွဲက အမှတ်မထင်ရလိုက်သော စာလေးတစ်အုပ်ကြောင့် ကျွန်တော့်စိတ်ထဲတွင် ရှင်းသွားခဲ့ပါပြီ။

တစ်ဆက်တည်းမှာပင် ကျွန်တော်မည်သော လူတစ်ယောက် ဤလောကတွင် ရှိမှန်းပင် သိမသွားလေသော တမလွန်မှ ဦးဝင်းဦးကိုလည်း ကျွန်တော်ကတော့ ဤစာဖြင့် လေးမြတ်စွာ ဂါရဝပြုလိုက်ချင်လှပါသေးသည်။

ကျေးဇူးအတင်ဆုံးကတော့ “စာလေးတစ်စောင်”ဝတ္ထုတို၏ အဖွင့် စာသားလေးများအတွက်ပင် ဖြစ်နေပါတော့သည်ခင်ဗျား။    ။

(၁၉၉၉ ဩဂုတ်လထုတ် ရွှေအမြုတေမဂ္ဂဇင်းမှာ ဖော်ပြခဲ့ပြီး အတ္တကျော်ရဲ့ “ဖြေတွေးလေးများ”စာအုပ်ထဲမှာ ပြန်လည်ဖော်ပြာထားတာလေးကို ပြန်လည် တင်ဆက်လိုက်တာပါ။ သည်ဘလော့(ဂ်)မှာ ဖော်ပြထားတဲ့ပုံကို http://myanmarmp3album.com/2010/06/25/21139/မှ ရယူထားတာဖြစ်ပါတယ်။ မူရင်းဖြစ်သော ၀င်းဦး၏ “စာလေးတစ်စောင်”ကို ဖတ်လိုပါက http://www.paephuhlwarmagazine.asia/ မှာ ဖတ်ရှုနိုင်ကြပါလိမ့်မယ်။)



Win Oo, the Ideal Artist

ကွယ် တာ    ကြာ ပေ မယ့်    ဘယ် ခါ    မေ့ နိုင် လိမ့်

“၀င်းဦး” ကျွန်တော့်ဘ၀ထဲ ၀င်လာတာ လူမှန်း သိကတည်းက ဖြစ်သည်။ သူ့သီချင်းသံတွေက အရင်ဝင်လာတာ ဖြစ်လိမ့်မည် ထင်သည်။ အိုး… မေဘရဏီလို… ငွေပန်းချီတောင် လက်မှိုင်ချရသကိုး… မမမိုး… ၀ိုးဝို့ဝို ဖြစ်ပါလိမ့်မည်။ သူ့ခေတ်မှာ လူဖြစ်လာတာဟု ဆိုရမလား မသိပေ။ ကလေးဆိုတော့ ၀င်းဦးကား ကြည့်ဖူးသလား၊ မကြည့်ဖူးသလားလည်း မမှတ်မိ။ သီချင်းကတော့ ငယ်ငယ်ကတည်းက ၀ါသနာပါပြီး တကြော်ကြော် ဆိုနေတတ်ပေရာ မမမိုး ၀ိုးဝို့ဝိုကတော့ တော်တော် စွဲခဲ့တာ မှတ်မိနေပါသည်။

နောက်ထပ် မှတ်မိတာ တစ်ခုရှိသေးသည်။ အဲဒါက မေမေ လစဉ် ၀ယ်ဖတ်သော ရှုမ၀ မဂ္ဂဇင်းထဲက ၀င်းဦး၏ ၀ထ္ထုတစ်ပုဒ်ကို ဖတ်ခဲ့ဖူးတာဖြစ်သည်။ ကျွန်တော် ၆ နှစ်လား၊ ၇ နှစ်လားတော့ မသိ။ သို့သော် ၆ နှစ်၊ ၇ နှစ်အရွယ် ကလေးတစ်ယောက်အဖို့ ၀ထ္ထုကို နားမလည်နိုင် မခံစားတတ်နိုင်သေးချေ။ အဲတော့လည်း ၀င်းဦးသည် ကျွန်တော့်အတွက် ၀ိုးဝို့ဝိုသာ ဖြစ်ခဲ့ပါသည်။ ၀ိုးဝို့ဝိုသာ မကပါ။ “မီးပုံပွဲမှာ စုကာ ဝေးကာ အပေါင်းအဖော်များနဲ့ ပျော်ရွှင်ဖွယ်”တွေရော၊ “မေခင် ကျွန်တော့်အချစ်တော် ဟိုင်း… ဟိုင်…”တွေ အပါအ၀င် သူ့သီချင်းပေါင်းများစွာကို နှုတ်တက်ရွရွ ဆိုတတ်ခဲ့ပါသည်။

မှတ်မှတ်ရရကတော့ ၁၀ နှစ်သားမှာ ဖြစ်သည်။ အဲတော့ ကျွန်တော် မန္တလေးသို့ ရောက်နေလေပြီ။ ၀င်းဦး၏ တိမ်လွှာမို့မို့လွင် ပိုစတာကြီးများက တစ်မြို့လုံးကို မင်းမူထားသည်။ ကျွန်တော်က ကျောင်းကြက်ခြေနီအသင်းနှင့် ဘင်ခရာ အသင်းကို ၀င်သည်။ အဲတုန်းက ကြက်ခြေနီမှာရော ဘင်ခရာမှာပါ ၀တ်စုံအဖြူ အထက်အောက် ဆင်တူ ၀တ်ရသည်။ ဒါကို သဘောကျသဖြင့် အသင်းများသို့ ၀င်လိုက်ခြင်းဖြစ်သည်။ ၀မ်းတွင်းရူးဟု ထိုခေတ်က လူတကာ သရော်လေ့ရှိသော ၀င်းဦးရူး ရောဂါပိုး စ၀င်ခြင်းပင် ဖြစ်တော့သည်။

၁၁ နှစ်သားမှာ ရန်ကုန်ရောက်လာပြီ။ ၁၉၆၈ ခုနှစ်။ ၀င်းဦး အရှိန်တက်လို့ အကောင်းဆုံး အချိန်ပင် ဖြစ်တော့သည်။ သူ့ပုံတွေ ပါသော စာစောင် မဂ္ဂဇင်းတွေ ကြည့်ရတာ အမော၊ သူ့ကားဆိုလည်း ကြည့်ချင်မိရတာ အမော။ သူ့သီချင်းဆိုလည်း လိုက်ဆိုရတာ အမောပင်။

ကျွန်တော် ၁၃ နှစ်သားမှာ သူ အကယ်ဒမီ ရသည်။ မှုန်ရွှေရည်။ မှုန်ရွှေရည်ထဲက သီချင်းတွေ တစ်ပုဒ်မကျန် ကျွန်တော် အကုန်ရသည်။ ကျွန်တော့် ပင်ကိုသံကလည်း သူ့လိုပင် အသံလုံးကြီးသော ဘယ်သံဖြစ်ပေရာ သူ့အသံနှင့် တစ်ထပ်တည်း တူအောင် တုပြီး ဆိုရတာကိုပင် အရသာရှိနေသည်။ အဖေက ကျွန်တော် ၀မ်းတွင်းရူးနေတာကို သိသည်။ သည်တော့ ၀င်းဦး၏ အားကျစရာ တခြား အရည်အချင်းတွေကို ပြောပြသည်။ သူ အင်္ဂလိပ်စာ တတ်တာ၊ သူ ပညာတတ်ပြီးမှ အဆိုတော် မင်းသား လုပ်တာများကိုပင် ဖြစ်သည်။

မှတ်မိနေတာ တစ်ခု ရှိသေးသည်။ accident ကို ၀င်းဦး အသံထွက်တာ။ ၀င်းဦးရူးသော ကျွန်တော်သည် ၀င်းဦး သီချင်းမှန်သမျှ မလွတ်တမ်း နားထောင်တတ်သလို သူ့သီချင်းအတော်များများကိုလည်း (ယနေ့ထက်တိုင်) အလွတ်ရသည်။ သူ့ အသံနှင့် လာသော ရေဒီယို အသံလွှင့်ဇာတ်လမ်းများကိုဆိုလည်း တခုတ်တရ နားဆင်သည်။ ထိုအထဲမှာမှ အင်္ဂလိပ်ပိုင်း အစီအစဉ်မှာလည်း သူက အသံလွှင့်ဇာတ်လမ်းမှာ အသံဖြင့် သရုပ်ဆောင်ဖူးသည်။ ယင်းအသံလွှင့်ဇာတ်လမ်းတွင် ၀င်းဦးက “အက်(ခ်)ဆစ်ဒင့်(ထ်)”ဟု ပီပီသသ ထွက်သွားတာကို မှတ်မိနေခြင်းဖြစ်သည်။ တစ်လျှောက်လုံး အက်ဆီးဒယ့်(န်)ဟု ထွက်လာခဲ့သော ကျွန်တော့်အသံထွက်အတွက် သူက အမှန်ကို ပြပေးသော ကြားဆရာ ဖြစ်လေသည်။

ကိုးတန်း ဆယ်တန်းမှာတော့ စာတွေ ကောင်းကောင်း ဖတ်တတ်လေပြီ။ ထိုစဉ်က ကျွန်တော်နေထိုင်ရာနှင့် မဝေးလှသော နေရာမှ စာအုပ်ဆိုင်လေးမှာ စာအုပ်စုံလှသည်။ နာမည်ကျော် စာရေးဆရာတိုင်း၏ စာအုပ်များ တစ်အုပ်မကျန် ရှိနေတတ်သည်။ သည်တော့ ၀င်းဦးကို ကျွန်တော် ဖတ်ပြီ။ သူ့စာအုပ်တွေ တစ်အုပ်မကျန် ဖတ်သည်။ အဲတော့လည်း သူ့အရေးအသား၊ ဇာတ်ဖွဲ့ပုံများကို သဘောကျလို့ မဆုံးနိုင်ပြန်တော့ပေ။

ထိုစဉ်က ၀င်းဦးမှာ တိုက်ခန်းတွေ ရှိသည်။ လွစ္စလမ်းဟု ထိုစဉ်က ခေါ်သော ယခု ဆိပ်ကမ်းသာလမ်းမှာ တစ်ခန်း၊ ဘားလမ်းဟု ခေါ်သော မဟာဗန္ဒုလ ပန်းခြံလမ်းမှာ တစ်ခန်းဖြစ်သည်။ ကျွန်တော်က ရန်ကုန်မြို့ထဲမှာ နေသည်မို့ ထိုလမ်းများမှ ဖြတ်တိုင်း ၀င်းဦးကို တွေ့ရနိုးနှင့် ကြည့်ရတာလည်း အမောသား။ သူ့ အမိုးဖွင့် ပြိုင်ကား နီနီလေးမြင်လျှင်လည်း အူယားဖားယား ကြည့်မိသည်။ ကားနံပါတ်တောင် မှတ်မိနေပါသေးသည်။ စ-၅၆၇၁ ခင်ဗျ။ နှုတ်ခမ်းမွေးနှင့် အသားဖြူဖြူ မင်းသားကြီးကိုကား ရိပ်ခနဲသာ မြင်လိုက်ရသည်ချည်းပင်။

ထိုခေတ်က ကားဟောင်းတွေကို ရုံပြန်ပြန်တင်သည့် အလေ့ ရှိသည်။ ၀င်းဦးကားသာဆိုလျှင် ဘယ်လောက် ဟောင်းဟောင်း၊ ဘယ်နှကြိမ်ဖြစ်ဖြစ် ကျွန်တော် အမိအရ ပြန်ကြည့်နေမိခဲ့စမြဲပင်။

ဝင်းဦး စာအုပ်အဟောင်းတွေဆိုလည်း စာအုပ်ဈေးပွဲတော်တိုင်းမှာ လိုက်ရှာသည်။ တွေ့သမျှ ၀ယ်ထားသည်။ ရှာရှာဖွေဖွေ ပြား-၆၀ တန် ၀င်းဦး အချစ်ဝတ္ထုတစ်အုပ်ပင် ကျွန်တော့်မှာ ရှိနေသည်။ အင်တာနက်ခေတ်မှာလည်း ၀င်းဦး သီချင်းတွေ လိုက်စုနေတာ အပုဒ် ၇၀ နီးပါး ရခဲ့လေပြီ။

အားလုံးချုပ်လိုက်လျှင် ကျွန်တော့် တစ်ဘ၀လုံးကို ၀င်းဦးက အကြီးအကျယ် လွှမ်းမိုးထားခဲ့ပါသည်။ ယုတ်စွအဆုံး အမိုးဖွင့် ပြိုင်ကား စီးချင်သော ရောဂါအထိ ကျွန်တော့်မှာ အကြီးအကျယ် ရှိပါသည်။ အင်္ကျီအဖြူ၊ ဘောင်းဘီအဖြူ၊ ဖိနပ်အဖြူ ၀တ်ချင်သော ရောဂါကလည်း မသေးချေ။ လစ်ရင် လစ်သလို ၀တ်နေမိဆဲဖြစ်ပါသည်။ ၂၀၁၀ ပြည့်နှစ် မေလမှာ ကျင်းပသော ရွှေအမြုတေ စာပေဆုပေးပွဲမှာ အခမ်းအနားမှူး လုပ်စဉ်ကတောင် ၀တ်လိုက်သေးသည်။ ကျွန်တော့် ပြောပုံဆိုလက်၊ ကျွန်တော့် ရေးပုံသားပုံ၊ ကျွန်တော့်အ၀တ်အစားတွေမှာ တော်တော် သိသာနေပါသည်။ အထင်ရှားဆုံးကား ကျွန်တော့် တစ်ပုဒ်တည်းသော လုံးချင်း ၀တ္ထုမှာ ၀င်းဦး၏ “မိန်းမလှ အမုန်း”နှင့် မထင်မှတ်ဘဲ သွားဆင်နေခြင်းပင်တည်း။ (သူ့လောက် ကောင်းဖို့နေနေသာသာ သူ့ခြေဖျားပင် မမီဟု ကျွန်တော့်ဝတ္ထုကို ဆရာမောင်ဝဏ္ဏက ထောမနာပြုဖူးပါသည်။)

သို့သော် ထိုဝင်းဦးကို သူ အသက်ရှင်စဉ်အခါက တစ်ခါမျှ လူချင်း မတွေ့ခဲ့ဖူးပါ။ သူ့ စန္ဒာမဂ္ဂဇင်းသို့မူ စာမူလေးတွေ ပို့ခဲ့ဖူးပါသည်။ တစ်ခါမျှ အရွေးမခံခဲ့ရချေ။

စာတည်းစားပွဲ အဆင့်ဆင့်ကို ဖြတ်သန်းလျက် စာပေလမ်းပေါ်သို့ ကျွန်တော် ရောက်ရှိစအချိန်မှာတော့ ၀င်းဦးတစ်ယောက် ကွယ်လွန်သွားခဲ့ပါသည်။ ကျွန်တော့်မှာ ယူကြုံးမရ။ နေမယ်ဆို ကောင်းကောင်း နေနိုင်သေးသော အရွယ်ဖြစ်သည်။ လုပ်စရာတွေလည်း အများကြီး လုပ်နိုင်သေးသည်။ ထိုအရွယ်မှာ သူ ကွယ်တော့ ကျွန်တော့်မှာ မဆည်နိုင်၊ မဖြေနိုင်။

ထို့ကြောင့် သူ့ကို လွမ်းလွမ်းနှင့် ၀င်းဦးသုတေသန လုပ်ပြီး မဟေသီမှာ ရေးဖြစ်ခဲ့သည်။ ၀င်းဦး၏ မိသားစုဝင် တချို့၊ ၀င်းဦး၏ လုပ်ဖော် ကိုင်ဖက်တချို့ကို တွေ့ဆုံ မေးမြန်းကာ ပြန်လည်တင်ပြခြင်းပင်ဖြစ်သည်။ ခက်တာက အမှန်ကို ပြောရန် လူအတော်များများက ၀န်လေးနေကြခြင်းပင်။ ခပ်ဖွဖွသာ ပြောခဲ့ကြသဖြင့် ခပ်ကြမ်းကြမ်း ကောက်ကြောင်းကိုသာ ရသည်။

သူ့အမေဘက်က အဘိုးက အင်္ဂလိပ်စစ်တပ်က ဆရာဝန်ကြီး ကာနယ်(လ်) ဘခက်၊ သူ့အမေက မင်နီဘခက်၊ စန္ဒယားအတီးကောင်းကာ စီးကရက်ကြိုက်သူ၊ သူ့အမေနှင့် သူ့အဖေတို့ ကွဲတော့ သူတို့ ညီအစ်ကို မောင်နှမတစ်တွေက မအေနဲ့ ကျန်ခဲ့ကြတာ၊ ၀ါးချက်ကို စစ်ပြေးတော့ သူ့အမေ မမာတော့တာ၊ သည်အချိန်မှာ သူ့အဖေနဲ့ သူ့မိထွေးတို့ကလည်း ၀ါးချက်ကိုပဲ ပြေးလာကြရာက ပြန်ဆုံကြတာ၊ သူ့အမေကွယ်တော့ ဖအေနဲ့ ပြန်ပေါင်းစည်းရတာ၊ ချောင်တစ်ချောင်မှာ ကုပ်ပြီး စာအုပ်နဲ့ မျက်နှာ မခွာတမ်းဖတ်တာ၊ ၁၅ နှစ်နဲ့ ဆယ်တန်းအောင်တာ၊ တက္ကသိုလ်တက်ချိန်အထိ လူဗလံလေး၊ ပိန်ညှော်ညှော်နဲ့၊ တက္ကသိုလ်က အလှပဂေးကို ချစ်ရေးဆိုရာမှာ ဟိုက နင့်လို ကနွဲ့ကလျနဲ့ ဗလံလေးကဆိုပြီး ပြောထည့်လိုက်တာမို့ စိတ်နာပြီး စစ်ထဲ ၀င်သွား၊ အလေးမ၊ အားကစားလုပ်ရင်း သူ့ကိုယ်ခန္ဒာကို မွေးမြူခဲ့တာ၊ အဲဒီ့ဘ၀က ဇာတ်လမ်းစုံ၊ သူကြိုက်ခဲ့ဖူးတဲ့ အဆိုတော် တစ်ယောက်၊ သြစတြေးလျမှာ ပညာသင်သွားခဲ့တာ၊ ပြန်လာတော့ မွေးပွ ခွေးလေးတစ်ကောင်ပါလာတာ၊ ၀င်ဒါမီယာ အသံလွှင့်ရုံမှာ သူ သဘောကျတဲ့ အဆိုတော် သီဆိုနေတော့ သွားပြီး ခွေးလက်ဆောင် ပေးခဲ့တာ၊ ရှုမ၀မဂ္ဂဇင်းတိုက်သို့ မော်တော်ဆိုင်ကယ်ဖြင့် ပေါက်ချလာတတ်သော နှုတ်ခမ်းမွှေးနှင့် စာရေးဆရာ ကိုလူချော၊ သူရုပ်ရှင်ထဲ ရောက်လာပုံ၊ လျှမ်းလျှမ်းတောက်လာချိန်မှာ တစ်သက်လုံး အနေအထိုင် စည်းမရှိတဲ့ လူတစ်ယောက်က သူ့ကို ဇာတ်သွင်းခဲ့တာ၊ သူအတိုက်အခိုက်ခံရပုံ မျိုးစုံ၊ သူ ဘာသာပြောင်းခြင်း အကြောင်းရင်း၊ မှုန်ရွှေရည်ထဲက စရိုက်နဲ့ သူ၊ သူက တစ်ဖက်သားတွေကို သူ့နည်းနဲ့သူ ပြန်နှိပ်ကွပ်ခဲ့တာ၊ သူ့ကို စာမျက်နှာပေါ်ကနေ တိုက်ခိုက်သူတွေ သူတိုက်တဲ့ အရက်ကောင်းကို သောက်ကာ သူသေတော့ သူ့ဘုန်းတော်ဘွဲ့တွေ ရေးကုန်ခဲ့ကြတာ…. အို… ခပ်ကြမ်းကြမ်း ကောက်ကြောင်းပေမင့် အများကြီးကို သိခွင့်ရခဲ့ပါသည်။

ထိုအထဲမှာမှ သူ့ အနုပညာ လုပ်ကွက်လှလှလေးတွေ၊ အနုပညာအား ကောင်းပုံတွေ၊ သင်ယူမှတ်သားမှု မြန်ဆန်ပုံတွေကိုလည်း သိခွင့်ရလိုက်တာ တစ်ပုံတစ်မ။

အားလုံးချုပ်လိုက်လျှင်မူ သူမတူအောင် ထူးခြားသော ပါရမီရှင်တစ်ဦးဟုသာ ဆိုရန် ရှိတော့သည်။ သို့သော် မှတ်တမ်းမှတ်ရာကား များများစားစား မကျန်နိုင်တော့ချေ။ ၀မ်းနည်းစရာ ကောင်းသည်မှာ သူ့ရုပ်ရှင်ကား အများအပြားအနက်မှ တချို့တလေသာ ကျန်ရစ်တော့ခြင်း ဖြစ်လေသည်။ မှုန်ရွှေရည်၊ မောင်တို့ ချယ်ရီမြေ၊ ဆောင်းတစ်ည၀ယ်၊ ကျောက်မဲ အကျဉ်းသား၊ သစ္စာတူပြိုင်၊ တိမ်လွှာမို့မို့လွင်၊ ချစ်သူရွေးမယ် ချစ်ဝဲလည်၊ မုန်းပါတယ် မောင့်ကို၊ တစ်ကျော့နှစ်ကျော့ တေးကိုသီတို့လောက်သာ ရှိတော့မည် ထင်သည်။ နှစ်ယောက်ထဲ နေချင်တယ်၊ ချစ်သော မောင်မောင်၊ မောင်မောင်နဲ့ သိင်္ဂီ၊ မုန်းတစ်လှည့် ပြုံးတစ်လှည့်၊ သိကြားစေ သက်သေညွန်း၊ ပိတောက်ရိပ်ဝယ်၊ နှင်းပျောက်တဲ့ နွေ၊ ဆောင်းအိပ်မက်တို့ဆိုရင် ဘယ်တွေ ရောက်သွားရှာလေပြီလဲ မသိ။

ထို့ထက် ၀မ်းနည်းစရာ ကောင်းသည်ကား စာရေး အင်မတန် ကောင်းသော အတုယူထိုက်သော သူ့စာများကို နှောင်းလူတို့ ဖတ်ခွင့်ကြုံရန် ခက်ခဲနေခြင်းပင်ဖြစ်တော့သည်။ ၀င်းဦးကို အတော်များများက ဇာတ်လိုက်မင်းသား၊ အဆိုတော်အဖြစ်သာ သိထားကြပါသည်။ စာရေးဆရာ ၀င်းဦးအဖြစ် လူငယ်တွေဆိုလျှင် မသိကြတော့ပါ။ အမှန်က ၀င်းဦး၏ အနုပညာ ခရီးအစသည် စာရေးဆရာ ဘ၀သာဖြစ်ပါသည်။ မင်းသား ၀င်းဦးဖြစ်ပြီးမှ စာအုပ်ထုတ်စားသည်မျိုး မဟုတ်မူဘဲ စာရေးဆရာအဖြစ် ခိုင်ခိုင်မာမာ အောင်မြင်ပြီးမှ ရုပ်ရှင်နယ်ထဲသို့ ရောက်လာကာ ရုပ်ရှင်မှာ လျှမ်းလျှမ်းတောက်သွားသူသာ ဖြစ်လေသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၊ ၀င်းဦးကွယ်လွန်ပြီးစတွင် ဆရာဝင်းဖေ (စာပေနယ်တွင် ဇင်နိုးကြူး ၀ါဒဟု တွင်ကျယ်စေခဲ့ရာတွင် ပါဝင်သူ တစ်ဦးဖြစ်သည့် ဆရာမြဇင်။ ကျန်သူများမှာ ကျွန်တော့် အင်္ဂလိပ်စာဆရာ မောင်သာနိုးနှင့် ဆရာမင်းလှညွန့်ကြူးတို့ ဖြစ်ပါသည်။ ဤကား စကားချပ်)နှင့် ဧည့်ခံပွဲတစ်ပွဲတွင် ဆုံခဲ့ဖူးသည်။ ဆရာ ၀င်းဖေနှင့် ၀င်းဦး၏ စာပေလက်ရာများအကြောင်း ပြောဖြစ်ရာ ဗန်းမော်တင်အောင်၏ သြဇာက တင့်တယ်အပေါ်မှာ သက်၊ တင့်တယ်၏ သြဇာက ၀င်းဦးအပေါ်မှာ သက်ခဲ့သည် မှန်သော်လည်း ၀င်းဦး၏ စကားပြေရေးဟန်မှာ ကိုယ်ပိုင်ဟန်ရှိသဖြင့် stylist ဟု ခေါ်ဆိုနိုင်ကြောင်း ဆရာဝင်းဖေက အလွတ်သဘော ပြောခဲ့ဖူးပါသည်။

ဝင်းဦး၏ စာပေလက်ရာများမှာ နှောင်းလူတို့အတွက် အမှန် တကယ် အတုယူဖွယ်၊ နည်းနာယူဖွယ် စကားပြေလက်ရာများသာ ဖြစ်ပါသည်။ မြန်မာစာကို နှိုက်နှိုက်ချွတ်ချွတ် ဖတ်ထားသလို နိုင်ငံတကာ စာပေကိုလည်း အထိုက်အလျောက် အဖတ်အရှုများသူ တစ်ဦး ဖြစ်သည့် အားလျော်စွာ သူ့စာလေးတွေမှာ တွေးစရာ တစ်ပုံတစ်ပင် ပါဝင်နေခဲ့ဖူးသည်မှာလည်း ဧကန်ပင်။

သူ့စာတွေကို အများပြည်သူ နှောင်းလူ ခေတ်လူငယ်များ ဖတ်ဖြစ်စေချင်သော စေတနာနှင့် ထုတ်ဝေခွင့်ရရန် ကျွန်တော် ကြိုးပမ်းဖူးပါသည်။ သို့သော် သူ့စာများအပါအ၀င် သူ့အနုပညာအရပ်ရပ်ကို ဆက်ခံသူကမူ ဒါတွေနှင့် ဝေးလွန်းလှသည်။ သူ့ကို အဆိုတော် မင်းသား တစ်ဦးအဖြစ် အရူးအမူး ချစ်ခဲ့သည်က လွဲ၍ သူ့တန်ဖိုးကိုလည်း သတိမမူ၊ သူ့အနုပညာအမွေများကိုလည်း လက်ဆင့်ကမ်းဖို့ စိတ်ကူးမရ ဖြစ်နေပေရာ သူ့စာတွေကို လူအများ ဖတ်ရဖို့ ခဲယဉ်းနေပါလေတော့သည်။

သို့သော်… ယနေ့ကာလ နည်းပညာခေတ်၊ သတင်းအချက်အလက်ခေတ်ကြီးမှာ မျှော်လင့်ချက် ရောင်ခြည်က သန်းလာပါလေပြီ။ သူ့စာတွေကို အင်တာနက်စာမျက်နှာပေါ်မှာ အပင်ပန်းခံ တင်ဖို့သာ လိုသည်။ ပင့်ကူအိမ်မှတ်တမ်းဟု ခေါ်သော နိုင်ငံတကာ ဆက်သွယ်ရေး ကွန်ရက်ပေါ်မှ မှတ်တမ်းစာမျက်နှာတစ်ခုကို ဖွင့်လှစ်ရန်မှာ ဘာမှ ခက်ခက်ခဲခဲ မဟုတ်လှချေ။ ထိုစာမျက်နှာပေါ် အပင်ပန်းခံပြီး တင်မည့်သူ တစ်ယောက်မျှ ပေါ်လာလျှင်ပင် ၀င်းဦး၏ လက်ရာမွန်များကို လူငယ် ပရိသတ် ရှာဖွေ ဖတ်ရှုနိုင်တော့မည်မှာ မလွဲပါတည်း။

ထိုနည်းဖြင့်ပင် တစ်နှစ်မျှအတွင်း ၀င်းဦး၏ သီချင်းပေါင်း ၇၀ ကျော်ကို ကျွန်တော် စုနိုင်ခဲ့ပြီဖြစ်ပေရာ မဝေးသောကာလမှာလည်း ကျွန်တော် ချစ်သော၊ လေးစားသော၊ အားကျသော စာရေးဆရာ ၀င်းဦး၏ စာများကို ဖတ်ရှုနိုင်တော့မည်ဟု မမှိတ်မသုံ ယုံကြည်နေမိရပါတော့သတည်း။

(၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်မှာ ကွယ်လွန်တိမ်းပါးခဲ့သော အနုပညာရှင် ၀င်းဦး ကွယ်လွန်ခြင်း ၂၂ နှစ်ပြည့် အမှတ်တရ)

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

ဆူဒိုနင်

(ရန်ကုန် – ၁၀၁၂၁၀)

In Ever Loving Memory of Win Oo

“လွမ်းငွေ့ဝေေ၀”

၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ စာရေးဆရာ၊ အဆိုတော်၊ ရုပ်ရှင်မင်းသား၊ ဒါရိုက်တာ၊ စန္ဒာရုပ်ရှင်နဲ့ စန္ဒာမဂ္ဂဇင်းတို့ကို တည်ထောင် ထုတ်လုပ် တည်းဖြတ်ခဲ့သူ၊ သီချင်းရေးဆရာဆိုတဲ့ နယ်ပယ်ပေါင်းစုံမှာ အောင်မြင်ထင်ရှားခဲ့သူ (ဦး)၀င်းဦး ကွယ်လွန်ခဲ့တာမို့ ကနေ့မှာ သူ ကွယ်လွန်တာ ၂၂ နှစ်ပြည့်မြောက်ပါတယ်။

ကျွန်တော့်ဖြစ်တည်မှုအပေါ်မှာ အကြီးအကျယ် လွှမ်းမိုးခဲ့သူ (ဦး)၀င်းဦးကို အောက်မေ့တသစွာ၊ သတိရစွာ၊ လွမ်းဆွတ်စွာ သူ့ရဲ့ သီချင်းလေးတစ်ပုဒ်ကို ပြန်လည် တင်ဆက်ပေးလိုက်ချင်ပါတယ်။

သည်သီချင်းကို အလင်္ကာကျော်စွာ ရွှေပြည်အေး ရေးတယ်လို့ သီချင်းစာအုပ်တွေထဲမှာ ဖော်ပြထားပါတယ်။ သို့ပေမယ့် ၀င်းဦး မင်းသားမဖြစ်ခင်၊ အဆိုတော် မဖြစ်ခင် ပဝေသဏီက ရေးသားခဲ့တဲ့ ၀တ္ထုတစ်ပုဒ်မှာ သည်စာသားတွေ အားလုံးနီးနီးကို တွေ့ရတာမို့ သည်သီချင်းကို ဆရာရွှေပြည်အေးက အသံထည့်ပေးခဲ့တယ်လို့ ယူဆရပါတယ်။

ဝင်းဦး ကွယ်လွန်ခြင်း ၂၂ နှစ်ပြည့် အမှတ်တရ အနေနဲ့ စာတစ်ပုဒ်ရေးထားတာ ရှိပါတယ်။ ဂျာနယ်မှာ နောက်တစ်ပတ်ကျမှ ပုံနှိပ်ဖော်ပြဖြစ်လိမ့်မယ်လို့ တွက်ဆရပါတယ်။ အဲဒီ့အခါကျတော့မှ ဘလော့(ဂ်)မှာ ပြန်တင်ပေးပါ့မယ်။

လောလောဆယ်မှာတော့ ကျွန်တော့်လိုပဲ ၀င်းဦးကို ချစ်သူများ၊ ၀င်းဦးကို မမေ့နိုင်သေးသူများအတွက် အလွမ်းဖြေဖို့၊ အလွမ်းဝေဖို့ သူ့ “လွမ်းငွေ့ဝေေ၀” သီချင်းလေးကို တင်ဆက်လိုက်ပါတယ်။

ပြောစရာ တစ်ခု ကျန်တာက သည်သီချင်းကို ၀င်းဦးကိုယ်တိုင် သီဆိုထားတာမှာပဲ မူကွဲ နှစ်မျိုး ရှိခဲ့တာပါ။ အခု တင်ဆက်လိုက်တာက ၀င်းဦး ပထမဆုံး သီဆို အသံသွင်းခဲ့တဲ့ မူပါ။ ဆရာ ရွှေပြည်အေး ကွယ်လွန်ပြီးနောက် ဆရာရွှေပြည်အေး အလွမ်းပြေဆိုပြီး ဟင်္သာတေးသံသွင်းက ထုတ်ဝေခဲ့တဲ့ အခွေမှာ သည်သီချင်းကိုပဲ ၀င်းဦးက သီဆိုခဲ့ပါသေးတယ်။ အဲဒါလည်း ကျွန်တော့်ဆီမှာ ရှိပါတယ်။ သို့ပေမယ့် ပထမမူကို ကျွန်တော်ကိုယ်တိုင်က ပိုအားရမိတာမို့ သည်မူကိုပဲ လက်ဆင့်ကမ်း ပေးလိုက်ရပါတယ်ခင်ဗျား။

ကျွန်တော့် မြင်ဆရာ၊ ကြားဆရာ (ဦး) ၀င်းဦး ရောက်ရာဘ၀ကနေ ကြည်နူးနေလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

လွမ်း ငွေ့ ဝေ ဝေ

ဖဲစက်ရာ တွဲလျက်သာ နွှဲယှက်ခါကွယ် ဟိုတုန်းအခါက မောင်နဲ့မယ်

ပွေ့လျက်သာ မေ့မျက်နှာ မွှေးလို့ကြူတယ် ရွှေစပယ်ငုံ ထုံနံ့ကြွယ်

ချစ်လှစွာ လှစ်ဟကာ ရှစ်ဘ၀ ပန်ရွယ် အို… ဆုံးစေတော့ ပျိုမမုန်းတယ်

မောင့်တစ်ယောက်သာ ရွေးလို့ကွယ် ချစ်မေတ္တာကြွယ် မောင်ယုံကြည်အောင် ခင်ပြောခဲ့တယ်

ရွှေသဉ္ဇာဘွေအလယ် နှစ်ယောက်တည်းပဲ နေဆဲဝယ်

ကြည်ဖြူတယ် မောင်ရယ် စိတ်တိုင်းကျ နှမကို ချစ်ကွယ်… တဲ့

လိုရာကို ယူမယ် နှင်းအပ်ခဲ့တယ်

ဟိုဟိုစဉ်အခါဝယ် နှစ်ဦးကြည်နူးမိဘွယ်

ပျိုပျိုသဇင်ညှာရယ် အခုများတော့ကွယ်

မောင့်တစ်ယောက်တည်း ခွဲလို့ နေတယ် အသည်းလည်း ကြွေလုဘွယ်

(နေညိုညိုချမ်းဝယ် မေပျိုပန်းအလှသဇင်ရယ် ဖေကိုယ် တမ်းတအစဉ်ကွယ် တကယ်ကို လွမ်းစထွင်တယ်)၂

ချစ်သူကို ရူးလုအောင် ဖယ်… လစ်လျူတောင် ထားရက်တဲ့ တစ်ပါးသက်လှယ်

မေတ္တာတော်နည်းပါးလို့ကွယ်… လွဲသွားဖို့ တကယ်… ခွဲထားတဲ့ မေရယ်

ရွှေစပယ် သီတာ ဆုံးဦးတော့ မမုန်းနိုင်တယ် ရွှေကျမ်းရွက်လို့ ကျိန်ပါမယ်

မောင့်မေတ္တာ လွန်စွာ ပိုကဲတယ် တစ်မိုးအောက် ခင့်တစ်ယောက်သာ စွဲလို့ကွယ်

မေရယ် ဘယ်လိုပဲ အချစ်တွေကွယ် သွေဖယ် သနားတဲ့ စိတ်တွေ နွှင်ဖယ်

စောင့်ရသူ ပူပုံတော် ပန်းဖွယ် ရွှင်လန်းတဲ့ စိတ်နဲ့ ဝေးအောင် ပြုရက်တယ်

ဟေမန်ရာသီဝယ်… နှင်းငွေလေး ဖွေးဖြူစွာရယ်

ရွှေစင်ရော် မောင်မယ်… လည်ချင်းတွဲ ကြည့်ရင်းပဲ အသည်းကွဲပေါ့မေရယ်

ဘယ်လိုများ မောင့်ကံနှယ် ဖန်တယ် နှစ်ပါးတွေ့ဖို့ မျှော်သူမယ်

စောင့်ရတာ လွန်စွာ ကြာပေါ့ကွယ် ဘယ်တော့မှ ဖူးပွေ့လို့ တွေ့ပါ့မယ်

လမင်း ပ၀င်း ကောင်းကင်လည် မှာလိုက်ပါပေါ့ ပြောပါကွယ်

မျှော်ရသူ ပန်းရှာပါပြီ မေရယ် အို… တကယ်ပဲ ရက်စက်ကာဖယ် သနားမညှာလေတယ်

ငယ်ကျွမ်းဆွေ ချစ်တဲ့သူရယ်… ဖြေလည်း မပြေဘဲ နေဆဲဝယ်

နေ့တိုင်းပင် ခင့်ရူပါရုံ ထင် မြင် ကာ ကွယ်… စိတ်ထဲ ကြိတ်ခဲကာ လွမ်းတယ်…

အို… ဖူးစာကံနည်း ဆန်း၍ထွေထွေ

ပျိုတစ်ဦးမှာသာပဲ နွမ်းမြေ့ပေစေ….

နှင်းရည်ပက်ဖျန်း ချမ်းတဲ့လတွေ

အခါခါ မြန်းကြွေနေ

လွမ်း… ငွေ့… ဝေ… ဝေ….

———————————————————

ဝင်းဦးဟာ ၁၉၄၉ ခုနှစ်မှာ စာပေနယ်ထဲကို စတင် ၀င်ရောက်လာပါတယ်။ စာရေးဆရာအဖြစ် အခြေခိုင်ခိုင် အောင်မြင်ပြိး ၁၉၆၂ ခုနှစ်မှာမှ မင်းသားဖြစ်လာတာပါ။ ဒါပေမယ့် ရုပ်ရှင်က သူ့ကျော်ကြားမှုက တအားကို လွှမ်းမိုးသွားတာမို့ တချို့က သူက မင်းသားဖြစ်ပြီးမှ စာရေးသူလို့ အမှတ်မှားနေကြတယ်။ တကယ်တော့ ၀င်းဦးရဲ့ စာရေးသူဘ၀က ပိုလို့ ခိုင်မာပါတယ်။

၁၉၆၂ ခုနှစ်မှာ သူ စတင်ရိုက်ကူးခဲ့တဲ့ ဇာတ်ကားက “ချစ်သောသူတစ်ယောက်”ဖြစ်ပါတယ်။ ဒါပေမယ့် ဒုတိယ ရိုက်ကူးတဲ့ ဇာတ်ကား ”နှစ်ယောက်ထဲ နေချင်တယ်”က အရင် ရုံတင်လိုက်တာမို့ ၀င်းဦးရဲ့ ပွဲဦးထွက် ရုပ်ရှင်က “နှစ်ယောက်ထဲ နေချင်တယ်”ဖြစ်သွားရပါတယ်။ နှုတ်ခမ်းမွှေးနဲ့ ဘောင်းဘီ ဖင်ကြပ်ဝတ်တဲ့သူ၊ ဂစ်တာကိုင်တဲ့သူဆိုပြီး အဲဒီ့ခေတ်က သူ့ကို ပြစ်ပြစ်နှစ်နှစ် ဝေဖန် ရှုံ့ချနေတဲ့ ကြားကပဲ သူ့ကားက ၀က်ဝက်ကွဲ အောင်မြင်သွားသလို အဲဒီ့ကားထဲမှာ သူသီဆိုခဲ့တဲ့ “မီးပုံပွဲ” သီချင်းကလည်း တစ်ပြည်လုံး ပါးစပ်ဖျားမှာ ရေပန်းစားခဲ့ဖူးပါတယ်။ သီချင်းရေးသူက ဆရာမြို့မငြိမ်းနဲ့ ခေတ်ပြိုင် မန္တလေးက ဦးဘသိန်း ဖြစ်ပါတယ်။ ၀င်းဦးရဲ့ သီချင်းစာအုပ်မှာတော့ ဦးဘသိန်း(ယုဝ) လို့ ဖော်ပြထားကြောင်းပါ။

အဲဒီ့ သီချင်းလေးကိုလည်း ၀င်းဦးကို အလွမ်းပြေဖို့၊ အလွမ်းဝေဖို့ တင်ဆက်ပေးလိုက်ပါတယ်။

Statement on Criticisms

ဝေဖန် ဆွေးနွေးချက်များနဲ့ စပ်လျဉ်းတဲ့ သဘောထား ကြေညာချက်

ကျွန်တော့်စာများအပေါ် တုံ့ပြန် ဝေဖန် ဆွေးနွေးချက်များ အားလုံးကို ကြိုဆိုပါတယ်။ လက်လှမ်းမီသမျှ တလေးတစားလည်း ဖတ်ပါတယ်။

စာရေးသူတစ်ဦးအနေနဲ့ စာဖတ်သူများဆီက တုံ့ပြန်ဝေဖန်ချက်ကို လိုလိုချင်ချင် တောင်းဆိုပြီး မရအရ လုပ်ယူခဲ့တာ မြန်မာပြည်မှာ ကျွန်တော် တစ်ယောက်သာ ရှိသေးတယ်လို့ ယူဆပါတယ်။ ကျွန်တော့်ရဲ့ “သားငယ်တို့ နားလည်ဖို့၊” “ဟစ်သာငိုတော့ ချစ်တိုင်းပြည်”နဲ့ “မီးငယ်တို့ အသြွိကယ်ဖို့” စာအုပ်များနဲ့ ကျွန်တော့် စာအုပ်တိုက်က ထုတ်တဲ့ ဆရာမောင်ဝဏ္ဏရဲ့ “သူလိုကိုယ်လို မောင်ဝဏ္ဏ” စာအုပ်များရဲ့ အဆုံးမှာ စာဖတ်သူများဆီက တုံ့ပြန်ချက်ကို ဖိတ်ခေါ်ထားတဲ့ ပုံစံစာရွက်ငယ်များ အတိအလင်း ပါရှိခဲ့ပါတယ်။

ကျွန်တော့်စာအုပ် သုံးအုပ်ရဲ့ ပုံစံစာရွက်မှာဆိုရင် အဲသလို တုံ့ပြန် ဝေဖန်ချက် ပြန်ပို့ပေးသူများဆီကို ကျွန်တော့်တိုက်ထုတ် စာအုပ် တစ်အုပ်စီ ပြန်လက်ဆောင် ပေးမယ်ဆိုတဲ့ ကတိကဝတ်နဲ့ကို တုံ့ပြန်ချက်တွေ များများ ပြန်လာအောင် လှုံ့ဆော်ယူခဲ့တာပါ။

ဒါ့အပြင် ကျွန်တော့်ကို တိုက်ရိုက်ဆက်သွယ်နိုင်တဲ့ လိပ်စာ၊ တယ်လီဖုန်းနံပါတ်၊ ဓာတ်ချောလိပ်စာ စတာများကို မဂ္ဂဇင်းတွေက တစ်ဆင့် ဖော်ပြခဲ့တာ ၂၀ဝ၀ ပြည့်နှစ်ကတည်းက ဖြစ်သလို ကျွန်တော့်စာအုပ်တိုက်က ထုတ်သမျှ စာအုပ်တိုင်းမှာလည်း အတိအလင်း ပါရှိပါတယ်။ (အဲသလို မိမိကို တိုက်ရိုက်ဆက်သွယ်နိုင်တဲ့ ဖုန်းနံပါတ်ကို လူသိရှင်ကြား ထည့်ပေးတဲ့ စာရေးသူဆိုတာဟာလည်း လက်ချိုးရေမယ်ဆိုရင်တောင် လက်တစ်ဖက် မပြည့်ချင်ဘူးဆိုတာ အားလုံး အသိပါ။)

စာဖတ်သူစစ်စစ်များရဲ့ တုံ့ပြန် ဝေဖန်ချက်ကို ကျွန်တော် အမှန် တန်ဖိုးထားလို့၊ လိုချင် မက်မောမိလို့ အခုလို ဆောင်ရွက်ခဲ့တယ်ဆိုတာ အထူးပြောနေဖို့ တောင် မလိုပါဘူး။

အဲသလို တုံ့ပြန်ဝေဖန်ချက်တွေထဲမှာ မှတ်သား နာယူစရာ ပါရင် မှတ်သား နာယူပါတယ်။ ကျွန်တော် မှားနေကြောင်း ထောက်ပြထားတာဟာ အမှန်တကယ် မှားနေပါလားလို့ ကျွန်တော့် သိစိတ်လိပ်ပြာက လက်ခံရင် ကျွန်တော်မှားပါကြောင်း လူသိရှင်ကြား ဝန်ခံဖို့ တစ်စက်မှ ဝန်မလေးပါဘူး။ ဝန်လည်း ဝန်ခံခဲ့ဖူးတဲ့ သာဓကတွေ ရှိပါတယ်။ (တစ်ခါတလေများမှာ မလွှဲသာလွန်းလောက်အောင် သက်ဆိုင်ရာ စာစောင်များက အတင်းအကြပ် ဖိအားပေးလာခဲ့လို့ မှားပါတယ်လို့ အခြောက်တိုက် တောင်းပန်ခဲ့ရဖူးတဲ့ သာဓကတွေလည်း ရှိခဲ့ဖူးပါတယ်။)

ပုဂ္ဂိုလ်ရေး ထိုးနှက် တိုက်ခိုက်မှုမျိုးတွေ၊ ကျွန်တော် ဆွေးနွေးတဲ့ ပင်မ အကြောင်းအရာကို မဟုတ်ဘဲ ကျွန်တော့်စာထဲက ဝါကျတစ်ကြောင်း၊ စာတစ်ပိုဒ်ကိုသာ အကျ ကောက်ပြီး ဝေဖန် ဆွေးနွေးတာမျိုးတွေဆိုရင်တော့ ဘာမှ ဖြေရှင်းနေစရာ မလိုဘူးလို့ ယူဆတဲ့အတွက် ဘာကိုမှ ပြန်ပြောမှာ မဟုတ်ပါဘူး။ တစ်ခါတစ်ရံများမှာ တချို့သော အချက်အလက်တွေက အခြေအနေ အချိန်အခါနဲ့ အကြောင်းကြောင်းကြောင့် ပြောဖို့ မသင့်လှတာမျိုးတွေ ဖြစ်နေလို့ ရေငုံနေလိုက်ရတာမျိုးတွေလည်း ရှိပါတယ်။

သေချာတာတစ်ခုကတော့ တုံ့ပြန် ဝေဖန် ဆွေးနွေးချက်များ အားလုံးကို ကြိုဆိုနေတာပါပဲ။ ကျွန်တော် အင်မတန် အရေထူပါတယ်။ ပျဉ်းမနား မဟာမြိုင် တောရဆရာတော်ရဲ့အဆိုအမိန့်တစ်ခုကို မှတ်သားမိပြီးတဲ့ နောက်မှာ ပိုလို့တောင် အရေထူလာပါသေးတယ်။ ဆရာတော်က မိန့်ကြားခဲ့ပါတယ်။

“သူများပါးစပ်လှုပ်တိုင်းသာ ကိုယ်က လိုက်လှုပ်နေမယ်ဆိုရင် ကိုယ့်ဘဝဟာ သူများပါးစပ်ထဲမှာပဲ နစ်မွမ်းသွားလိမ့်မယ်”တဲ့။

ကျွန်တော့်ဘဝကို ဘယ်သူ့ ပါးစပ်ထဲမှာမှ အနစ်မွမ်းမခံနိုင်ပါဘူး။ ကျွန်တော့်ကြမ္မာကို ကျွန်တော်သာ ဖန်တီးနိုင်ပါတယ်။ သတ္တဝါမှန်သမျှ ကံစီမံတဲ့ လမ်းကြောင်းအတိုင်း သွားကြရတာပါ။ အဲဒီ့ကံဆိုတာက အဲဒီ့ သတ္တဝါ ပြုတဲ့ ကာယကံ၊ ဝစီကံ၊ မနောကံလို့ ကျွန်တော် ယုံကြည်ပါတယ်။

ကျွန်တော့် ကာယကံ၊ ကျွန်တော့်ဝစီကံ၊ ကျွန်တော့် မနောကံ မှန်နေအောင် အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်။ မှားသွားရင် ဝန်ချပါမယ်၊ တောင်းပန်ပါမယ်။
ကျွန်တော့်ရဲ့ မြန်မာစာ ကျူရှင်ဆရာတစ်ဦး ဖြစ်ခဲ့ဖူးလေတဲ့ ဆရာ ဦးမျိုးအောင် (ယနေ့ ဇာတ်ညွှန်းဆရာကျော် ငြိမ်းမင်း) က ၁၉၇၅ ခုနှစ်လောက်ဆီက ရေးခဲ့ဖူးတယ်။ “ဘဝအခင်း၊ လမင်းနေမင်း၊ အဆင်းအတက်၊ အဖျက်အပြု၊ အတု အစစ်၊ အချစ်အမုန်း၊ ကိုယ့်နှလုံးကို၊ စာလုံးလေးတွေ ပြောလိမ့်မယ်”တဲ့။

အမှန်ကတော့ ဆရာငြိမ်းမင်းတင် မဟုတ်ပါဘူး။ လူတိုင်းရဲ့နှလုံးသားထဲမှာ ဘာရှိတယ်ဆိုတာကို သူ့နှုတ်က ထွက်တဲ့စကား၊ သူ ချရေးလိုက်တဲ့ စာတွေက ရောင်ပြန် ဟပ်လို့ နေပါတယ်။ ဖုံးထား၊ ဖိထားလို့ ဘယ်လိုမှကို မရနိုင်ပါဘူး။ တစ်နေရာမဟုတ် တစ်နေရာမှာတော့ ငေါငေါကြီး ပေါ်လာတတ်စမြဲပါပဲ။ “စကားထဲက ဇာတိပြ”ဆိုတဲ့ မြန်မာစကားကြီးလည်း အထင်အရှား ရှိပါတယ်။

သည်တော့ကာ ကျွန်တော် ရေးတဲ့ စာတွေကတစ်ဆင့် ကျွန်တော့် ဇာတိကို သိနိုင်သလို ကျွန်တော့်အပေါ် တုံ့ပြန် ဝေဖန် ဆွေးနွေးကြတဲ့ စာတွေထဲက ပြနေတဲ့ ဇာတိတွေကလည်း သူ့ဟာနဲ့သူ ရှိနေမှာပါ။

ဖန်တရာ တေနေတဲ့ စကားကို အပ်ကြောင်း တစ်ခါ ထပ်ပြရရင်တော့ လူဆိုတာ ကိုယ့်သမိုင်း ကိုယ်ရေးနေကြသူချည်းပါပဲ။ သို့သော် ကျွန်တော်ကတော့ အဲဒီ့သမိုင်းကိုတောင် သိပ်စိတ်မဝင်စားပါဘူး။

ကျွန်တော် စိတ်ဝင်စားတာက သေငယ်ဇောနဲ့ မျောနေချိန်၊ နောက်ဆုံး ထွက်သက်ကို မှုတ်ထုတ်လိုက်ချိန်မှာ ကျွန်တော့်လိပ်ပြာလေး ကြည်လင်သန့်စင်နေဖို့သာ ဖြစ်ပါတယ်။ အဲဒီ့အချိန်မှာ စုတေစိတ်ကလေး တည့်မတ်နေအောင် အခု နေရသခိုက်လေးမှာ ဘယ်သူ့အပေါ်မှာမှ အကုသိုလ်စိတ် မထားမိအောင် အတတ်နိုင်ဆုံး ကြိုးစားလျက်ပါ။ သတိထားလျက်ပါ။

သည်အတွက် ကျွန်တော်နဲ့စပ်လျဉ်းပြီး ပုဂ္ဂိုလ်ရေးပဲ တွယ်တွယ်၊ နှစ်ပြားမတန်အောင်ပဲ ပြောပြော၊ ကြိုက်တဲ့သူက ကြိုက်သလို ရေးနိုင်၊ ပြောနိုင်ပါတယ်။

ကျွန်တော့်ကို ဆဲတယ်ဆိုရင်တောင်မှ အဲလို ဆဲဖို့ တစ်ဖက်သားမှာ သူ့အချိန်ထဲက တချို့တဝက်ကို ကျွန်တော့်အတွက်သက်သက် တခုတ်တရ ဖဲ့ပေးလိုက်တာကို တွေးမိတာနဲ့တင် ကျေးဇူးတင်လို့က မဆုံးနိုင်တော့ပါဘူး။

ဒါကြောင့် ကျွန်တော်နဲ့ ပတ်သက်ပြီး ရေးသမျှကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ ရေးလာသမျှ အားလုံးကိုလည်း လက်လှမ်းမီသလောက် တလေးတစားဖတ်ရှုလျက်ရှိပါကြောင်း အတိအလင်း မြွက်ဟ ကြေညာအပ်ပါတယ်ခင်ဗျား။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
(၁၄၀၁၀၇)

ရေးခဲ့တဲ့ နေ့စွဲက ၂၀၀၇ ခုနှစ် ဇန်န၀ါရီလ ၁၄ ရက်နေ့ပါ။ ဖော်ပြခဲ့တဲ့ ဂျာနယ်က ၂၀၀၇ ခုနှစ် ဇန်န၀ါရီ နောက်ဆုံးပတ်မှာ ထုတ်ဝေတဲ့ လျှပ်တစ်ပြက် ဂျာနယ် ဖြစ်ပါတယ်။  အချိန်ကာလအားဖြင့် သုံးနှစ်ကျော်သွားပါပြီ။ ကျွန်တော်နဲ့ ပတ်သက်လို့ ရေးကြသားကြသမျှအပေါ် ထားရှိတဲ့ ကျွန်တော့်သဘောထားကတော့ မပြောင်းပါဘူးခင်ဗျား။

My Personal Conviction

သဘောထား

ကျွန်တော့်စာတွေ ဖတ်လေသူများ

အတွေးပွားမူ ရေးသူကျွန်တော်

ရေးရပျော်ပြီ လူဇော်မလုပ်

ကြိုးကုပ်လျက်သာ တင်ဆက်ပါသည်

ဉာဏ်လွှာခြုံသိုင်း စိတ်တိုင်းလည်းကျ

တွေးဆ ဆင်ခြင် ကြည့်နိုင်စေ….

လက်တွဲဖော်စာအုပ်တိုက်က ထုတ်ဝေသမျှ ကျွန်တော့်စာအုပ်တိုင်းရဲ့ အဖွင့်စာမျက်နှာမှာ ပါရှိတဲ့ ကဗျာလေးပါ။ အဲဒီ့ကဗျာလေးနဲ့ ဖွင့်ထားတဲ့ ပထမဆုံး စာအုပ်ဖြစ်တဲ့ “နီတျာတျာ ငှက်ပြာလေးနဲ့ မိုင်ပေါင်းများစွာ” ထွက်လာတဲ့အခါ စာအုပ်ကို လှန်ကြည့်ပြီး အဲတုန်းက ၁၃ နှစ်သာ ရှိသေးသူ ကျွန်တော့်သမီးက “ဟင်း… တက္ကသိုလ် ဘုန်းနိုင်ဆီက ကူးချထားတာ”လို့ သြဘာပေးပါတယ်။

ဟုတ်ပါတယ်။ သမီး ပြောတာ မှန်ပါတယ်။ ကျွန်တော့်အပေါ် သြဇာ လွှမ်းမိုးမှု အပြည့်အ၀ ရှိတဲ့ စာရေးဆရာများအနက်မှာ ဆရာ ဘုန်းနိုင်ကလည်း ထိပ်ဆုံးက ပါဝင်ပါတယ်။ ပြောရရင် ဆရာဘုန်းနိုင်က ကျွန်တော့် မြင်ဆရာတစ်ဦးပါ။ ဆရာ့ကြောင့် စိတ်ပညာကို စိတ်ဝင်စားခဲ့ရတာမို့ သက်ရှိ ထင်ရှား ရှိစဉ်က လူချင်း တစ်ခါဆို တစ်ခါမှ ဆုံဖူးခွင့် မရလိုက်သူ ဆရာတက္ကသိုလ်ဘုန်းနိုင်ဟာ ကျွန်တော့်ရဲ့ ကျေးဇူးရှင်တစ်ဦးဆိုလည်း မမှားပါဘူး။

ဆရာ့စာအုပ်တွေရဲ့ အဖွင့်မှာ “အဓိဋ္ဌာန်”ဆိုတဲ့ ခေါင်းစဉ်နဲ့ “ငါ့စာဖတ်၍ မမြတ်တိုင်စေ၊ မရှုံးစေသား”အစချီ ကဗျာလေးတစ်ပုဒ်က အမြဲပါပါတယ်။ အဲဒါကို အတုယူပြီး ကျွန်တော့်စာအုပ်ကလေးတွေရဲ့ အဖွင့်မှာလည်း အထက်က ကဗျာလေးကို ရေးဖြစ်ခဲ့တာပါ။ သမီး ပြောသလိုဆိုရင် ကူးချတာ၊ ကျွန်တော့်စကားနဲ့ဆိုရင်တော့ အတုခိုးတာ ဖြစ်ပါတယ်။

အဲဒါဟာ ကျွန်တော့် သဘောထား အစစ်အမှန်ပါ။

ကဗျာထဲကအတိုင်းပဲ ကျွန်တော်က တွေးစရာတွေကို ချပြပေးရုံသက်သက် ဖြစ်ပါတယ်။ ကျွန်တော့်စာဖတ်ပြီး တွေးကြည့်ကြစေချင်တယ်၊ ဆရာ “ကိုတာ” ပြောဖူးသလို “တခြားတစ်ဖက်မှ ဆင်ခြင်ကြည့်”စေချင်တယ်၊ သည်လောက်ပါပဲ။

မဂ္ဂဇင်း ဂျာနယ်တွေမှာ ရေးဖြစ်ခဲ့သမျှ ကျွန်တော့်စာတိုင်းရဲ့ အဆုံးမှာလည်း “အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ”ဆိုတဲ့ ဆုတောင်းလေးနဲ့ အမြဲ အဆုံးသတ်တာကို စာဖတ်သူ လူကြီးမင်းများ သတိထားမိကြမှာပါ။ တစ်လောဆီက အလင်းတန်းဂျာနယ်မှာ မန္တလေးက စာရေးဆရာတစ်ဦးက “အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ”ဆိုတဲ့ ခေါင်းစဉ်နဲ့ စာတစ်ပုဒ်တောင် ရေးသားခဲ့ဖူးပါသေးတယ်။ [အဲဒီ့ခေါင်းစဉ်ကို သုံးဖို့ အလင်းတန်း စာတည်းအဖွဲ့က ကျွန်တော့်ဆီက ခွင့်ပြုချက် လှမ်းတောင်းပါတယ်။ ဘုံပိုင် ဝေါဟာရများဖြစ်နေလင့်ကစား ကျွန်တော်က ဆယ်နှစ်ကျော် အစဉ်တစိုက် သုံးခဲ့တာမို့ ကျွန်တော့်လက်သုံးအဖြစ် တွင်ကျယ်နေတဲ့ ဆုတောင်းကို ဆောင်းပါး ခေါင်းစဉ်အဖြစ် သုံးသင့် မသုံးသင့် သူတို့ စဉ်းစားခဲ့ကြတယ်လို့ ဆိုပါတယ်။ နောက်ဆုံးမှာ ကျွန်တော့်ဆီက ခွင့်ပြုချက် ရယူဖို့ လိုအပ်တယ်လို့ ယူဆတဲ့အတွက် ကျွန်တော့်ကို လှမ်းညှိတာပါ။ အင်မတန် အတုယူထိုက်တဲ့ လူကြီးလူကောင်း (၀ါ) မိကောင်းဖခင် သားသမီး ပီသသော အမူအကျင့် ဖြစ်တာကြောင့် ဒါကို တမင် ထည့်ရေးလိုက်တာပါပဲ။]

ကျွန်တော်ကလည်း သုံးပါ၊ သို့ပေမယ့် အဲဒီ့အတွက် ကျွန်တော့်ကို credit လေးတော့ ပေးပေးပါလို့ တောင်းဆိုခဲ့မိပါတယ်။ ဆိုလိုတာက ကျွန်တော် သုံးနေကျ ဆုတောင်းလေးကို ခေါင်းစဉ်အဖြစ် ယူသုံးထားပါကြောင်း ဆောင်းပါးရဲ့ အဆုံးသတ် တစ်နေရာရာမှာ ဖော်ပြပေးဖို့ ပြောမိတာပါ။ အလင်းတန်း စာတည်းအဖွဲ့ကလည်း သဘောတူပါတယ်။ အဲဒီ့အတိုင်းပဲ အဲဒီ့ဆောင်းပါးကို ဖော်ပြခဲ့ကြပါတယ်။

ပြောချင်တာက အဲဒါမဟုတ်ပါဘူး။ ဒါက စကားအလျဉ်းသင့်သွားလို့ပါ။ တကယ်ပြောချင်တာက အားလုံး တွေးဆ ဆင်ခြင်ကြည့်စေချင်တဲ့ စေတနာ နှိုးဆော်မှုကြောင့် ကျွန်တော် စာတွေ ရေးနေတယ် ဆိုတာပါ။

ဆိုလိုတာက ကျွန်တော်ပြောတိုင်း လက်ခံရမယ်၊ ကျွန်တော် ပြောသမျှ အမှန်ဆိုပြီး လူပေါ်လူဇော် လုပ်ချင်လို့ စာတွေ ရေးနေတာ မဟုတ်ပါဘူး။ ကျွန်တော် တွေးမိတာလေးတွေကို စင်းစင်းလေး ချပြတာ သက်သက်ပါ။ ကျွန်တော် ရေးတာကို ဖတ်ပြီးတဲ့နောက် တွေခနဲ တစ်ချက်လောက် စဉ်းစားပေးမယ်ဆိုရင်ပဲ ကျွန်တော် စာရေးရကျိုးနပ်ပါပြီ။

သည်ကမှ တစ်ဆင့်တက်လို့ ကျွန်တော် ပြောတာကို ငြင်းချက်ထုတ်မယ်ဆိုရင်တော့ အတိုင်းထက် အလွန်ပေါ့ခင်ဗျာ။ မေးခွန်းထုတ်တာ၊ ငြင်းချက် ထုတ်တာဟာ စိတ်ဝင်စားလာတဲ့သဘော၊ တွေးဆ ဆင်ခြင်လာတဲ့သဘောကို တိတိပပ ဆောင်နေပါတယ်။ ဒါ့ကြောင့် ၀မ်းသာ ကြည်နူးမိရတာချည်းပါပဲ။

ပုံနှိပ်စာမျက်နှာများကတစ်ဆင့် အခုဆို အင်တာနက် စာမျက်နှာဖြစ်တဲ့ “ပင့်မှတ်တမ်း”ပေါ် ကျွန်တော် တက်လာတာဟာလည်းပဲ သည်ရည်ရွယ်ချက် အရင်းခံနဲ့သာ ဖြစ်ပါတယ်။ စာမျက်နှာတွေပေါ်မှာ ကျွန်တော် ချပြခဲ့ပြီးသား “တွေးစရာ”လေးတွေကို ပင့်မှတ်တမ်း စာမျက်နှာတွေပေါ်မှာ ထပ်ဆင့် တင်ပေးခြင်းသာဖြစ်ပါတယ်။

“ပင့်မှတ်တမ်း”မှာက ပုံနှိပ်စာနဲ့ ကွာတာ တစ်ခုရှိပါတယ်။ အဲဒါကတော့ စာဖတ်သူက ချက်ချင်း ပြန်လည်ဆွေးနွေးလို့ ရနေတဲ့ အားသာချက်ပါပဲ။ စာဖတ်သူရဲ့ ဆွေးနွေးချက်ကို စာရေးသူကလည်း တိုက်ရိုက်ပြန်လည် နာကြားနိုင်တဲ့အပြင် ပြန်လည် ရှင်းပြ ဆွေးနွေးနိုင်ပြန်ပါသေးတယ်။

အဲဒါကို ကျွန်တော် အလွန်သဘောကျပါတယ်။ အေးချမ်းစွာ သဘောထားကွဲလွဲကြ၊ ကြည်နူးစွာ ငြင်းခုန်ကြရင်းက စိတ်ကူးစိတ်သန်း အသစ်တွေ၊ အတွေးသစ်တွေ အများအပြား လန်းစွင့်လာနိုင်တာကို လူအများ မြင်သိ ခံစားစေချင်ပါတယ်။ ကျွန်တော်တို့ ရွှေတွေမှာက အဲဒီ့အလေ့အထ သိပ် မထွန်းကားလှသေးဘူးလို့ ခံစားရပါတယ်။

ကျွန်တော်တို့က အယူအဆ တစ်ခုကို အချေအတင် ပြောတာကိုပဲ လူချတာလို့ မြင်ချင် မြင်နေတတ်ဆဲဖြစ်နေပါတယ်။ တစ်နည်းပြောရင် ပုဂ္ဂိုလ်ရေးနဲ့ တရားကိုယ် သိပ်မကွဲသေးဘူး ထင်ပါတယ်။ အဲဒါဟာ ရှေ့အစဉ်အဆက်ကတည်းက ဖြစ်ခဲ့တာပါ။ ဆရာ သော်တာဆွေတို့၊ ဆရာ တက္ကသိုလ် ဘုန်းနိုင်တို့၊ ဆရာအောင်လင်းတို့ ခေတ်ကာလမှာ အဲသလို အေးချမ်းစွာ ရန်ဖြစ်တဲ့အလေ့အထလေး ထွန်းကားမယောင် ရှိခဲ့ပင် ရှိခဲ့ငြားလည်း အဲဒီ့နောက်ပိုင်း ခေတ်မှာတော့ အယူအဆရေးရာ ငြင်းခုန်ရင်းက ပုဂ္ဂိုလ်ရေးတွေ ပါတဲ့ ဓလေ့က ပိုသန်လာသလို ခံစားရပါတယ်။ အထူးသဖြင့် လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်စု၊ သုံးစုလောက်အတွင်းမှာ သဘောထားကြီးစွာ ငြင်းခုန်ကြ၊ ရန်ဖြစ်ကြတဲ့ အလေ့က တော်တော် ခေါင်းပါးလာတယ်လို့ မြင်မိပါတယ်။

အင်တာနက်ကြီး တွင်ကျယ်လာချိန်မှာတော့ ဒါကို အသုံးချပြီး (ဆရာတော် ဦးဇောတိကရဲ့ စကားကို ငှားသုံးရရင်) “သဘောထားမှန်မှန်နဲ့ ရန်ဖြစ်”တတ်တဲ့ အလေ့အထလေးကို ထူထောင်ချင်လာရပါတယ်။ သည် ဆင့်ပွားရည်ရွယ်ချက်နဲ့ ပင့်မှတ်တမ်းပေါ် ကျွန်တော် တက်လာတာပါ။

ဒါ့ကြောင့် အခုဆိုရင် သုံးလကျော် ကာလအတွင်းကို ချင်းနင်း ၀င်ရောက်လာပြီဖြစ်တဲ့ ကျွန်တော့် ပင့်မှတ်တမ်း စာမျက်နှာများမှာလည်းပဲ စာဖတ်သူများရဲ့ သုံးသပ်ချက်များအပေါ် လိုအပ်ရင် လိုအပ်သလို ကျွန်တော့်ဘက်က ပြန်လည် ဆွေးနွေးတာလေးတွေအပြင် တချို့ ဆွေးနွေးချက်တွေကိုလည်း စုစည်းပြီး စာမျက်နှာများအဖြစ် တခုတ်တရ တင်ဆက်ထားတာလေးတွေကို စာဖတ်သူ လူကြီးမင်းများ သတိထားမိခဲ့ကြောင်း ထားမိခဲ့ကြပါလိမ့်မယ်။

သို့သော် သိပ်ဝမ်းနည်းစရာ ကောင်းတာတစ်ခုကိုလည်း တွေ့နေရပါတယ်။ အဲဒါကတော့ ပင့်မှတ်တမ်း လောကမှာ ဂိုဏ်းဂန၊ အုပ်စုတွေ ရှိနေကြတာပါပဲ။ ပြောရရင်တော့ အဲဒါလည်း အင်မတန် ရွှေပီသတဲ့ အပြုအမူဖြစ်လို့ နေပါတယ်။ အုပ်စုဖွဲ့၊ ဂိုဏ်းထောင်ဖို့ ရွှေတွေ သိပ်ကို အားသန်ခဲ့ကြတဲ့ “အစဉ်အလာဆိုးကြီး”ဟာ ပင့်မှတ်တမ်း နယ်ပယ်မှာလည်း ငေါငေါကြီး ပေါ်ထွက်လို့နေပါတယ်။ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ လုပ်မယ်ဆိုပြီး ၁၉၈၉ ခုနှစ်မှာ ပါတီတွေ ဖွဲ့ခွင့်ပေးတော့ စုစုပေါင်း နိုင်ငံရေးပါတီ သုံးရာကျော် မှတ်ပုံတင်ခဲ့တာကို မှတ်မိချင်စရာပါပဲ။ ၉၀ ပြည့်မှာ ရွေးကောက်ပွဲ ၀င်ပြိုင်ခဲ့တဲ့ ပါတီပေါင်းကိုက ၉၃ ပါတီ ရှိပါတယ်။  ရွှေတွေရဲ့ ညီညွတ်ရေးကို တန်ဖိုးထားနိုင်စွမ်းက အံ့မခန်းလို့ ဆိုချင်စရာပါ။

အဲဒီ့ ဓလေ့စရိုက်က ပင့်မှတ်တမ်းနယ်ပယ်မှာလည်း တွင်ကျယ်နေတဲ့ နိမိတ်တွေ မြင်နေရတော့ တော်တော် ကြေကွဲမိရပါတယ်။ ဘာဖြစ်တုံးဗျာ၊ ကိုယ်နဲ့ တည့်တာ၊ မတည့်တာ၊ ကိုယ်ကြည့်လို့ ရတာ၊ မရတာကို အသာထား၊ အယူအဆလေးတစ်ခု၊ အတွေးအမြင်လေး တစ်ခုအတွက် ချေချေငံငံ ဆွေးနွေး ငြင်းခုန်မယ်၊ သဘောထားမှန်မှန်နဲ့ ရန်ဖြစ်မယ်ဆိုတဲ့ စိတ်ကလေး မွေးလိုက်တော့ ဘာများ အကျိုးယုတ်သွားမှာမို့တုံး။

အခုတော့ ဟုတ်ပေါင်ဗျာ၊ ငါနဲ့ မတူ၊ ငါ့ရန်သူ၊ ငါ့ကို ဝေဖန်သူ၊ ငါ့ရန်သူဆိုတဲ့ ရန်လိုစိတ်တွေနဲ့ပဲ ကိုယ့်ဘ၀ကိုယ် မွေးမြူထူထောင်နေကြဆဲ လူရွယ် လူလတ်တွေ၊ လူကြီးတွေကို ပြည်လုံးအနှံ့ မြင်နေရတဲ့အပြင် တိုင်းတစ်ပါးရောက် ရွှေအများစု ကြီးစိုးရာ ပင့်မှတ်တမ်း လောကမှာပါ မြင်လိုက်ရတော့ စိတ်ထဲမှာ ထိခိုက်ကြေကွဲမိရပါတယ်။ သည်စိတ်ဓာတ်တွေနဲ့ကတော့ ရွှေပြည်တော်ကြီး မျှော်တိုင်း ဝေးနေတော့မှာပါ။

နောင် နှစ်ပေါင်း ၃၀ လောက် ကြာရင် ကျွန်တော်လည်း ရှိတော့မှာ မဟုတ်ပါဘူး။ ကနေ့ ဘာညာ သရကာနေကြသူ အများစုလည်း ရှိကြတော့မှာ မဟုတ်တော့တာ သေချာနေပါတယ်။ သို့ပေမယ့် ကျွန်တော်တို့ချစ်သော အမိမြေ ရွှေနိုင်ငံကြီးကတော့ ကမ္ဘာတည်သရွေ့ တည်နေဦးမှာလည်း အင်မတန်မှ သေချာတဲ့ အချက်ပါ။ အဲဒီ့ နိုင်ငံ၊ အဲဒီ့လူ့ဘောင်ကြီးရဲ့ အနာဂတ်ဟာ အခုမှ ဘ၀ကို ထူထောင်စ လူငယ်လူရွယ်လေးတွေအပေါ်မှာသာ တည်နေပါတယ်။ (ဘယ်သူမှန်း မမှတ်မိတော့တဲ့ ဆရာတစ်ဦး ရေးဖူးသလို) မူရင်းကောင်းမှ မိတ္တူကောင်းမှာပါ။ အဲဒီ့ လူငယ်လေးတွေကို ပျိုးထောင်နေကြတဲ့ ကျွန်တော်တို့တွေရဲ့ စိတ်ဓာတ်တွေကိုက ရန်လိုစိတ်များနဲ့ ပေမမီ ဒေါက်မမီဖြစ်နေမယ်ဆိုရင် သူတို့လေးတွေရဲ့ သဘောထားတွေကရော ဘယ်လောက် မှန်လာနိုင်ပါ့မလဲ။ သဘောထား မမှန်တဲ့ လူတွေရဲ့ လက်ထဲက လူ့ဘောင်တစ်ရပ်ကရော ဘယ်အတိုင်းအတာအထိ ခရီးပေါက်နိုင်မှာတဲ့လဲ။

အဲဒါလေးတွေကို ဆင်ခြင်ကြည့်ပြီး ကြည်နူးစွာ သဘောထားကွဲတဲ့ အလေ့အထ၊ သဘောထားမှန်မှန်နဲ့ ရန်ဖြစ်ကြတဲ့ အလေ့အထလေးများကို ထူထောင်ရာမှာ အုတ်တစ်ချပ်၊ သဲတစ်ပွင့်စာ ပါဝင်လိုတဲ့ ဆန္ဒနဲ့ ကျွန်တော့် ပင့်မှတ်တမ်းကို အရှိန်မပျက် ဆက်လက် တင်ဆက်သွားမှာပါ။

စာဖတ်သူများရဲ့ ဆွေးနွေးချက်တွေကို ပြန်လည် ဆွေးနွေးရာမှာ ကျွန်တော့်ဘက်က ဖွယ်ရာချေငံနေအောင် အတတ်နိုင်ဆုံး အားထုတ်ထားပါတယ်။ သည်ကြားထဲကမှ ကျွန်တော့်ဘက်က ရိုင်းပြတာ၊ မဖွယ်ရာတာများ ရှိနေပါရင်လည်း ထောက်ပြတော်မူပေးကြဖို့ လေးစား ရိုကျိုးစွာ မေတ္တာရပ်ခံလိုက်ချင်ပါတယ်။

ကျွန်တော့်သဘောထားကတော့ ရှင်းပါတယ်။ အားလုံး တွေးဖြစ်စေချင်တာလေး တစ်ခုပါပဲ။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်/ဆူဒိုနင်

(၂၃၁၁၀၉)


Glimpses on Translations in Burmese Literary World

APTOPIX GERMANY ANIMAL SHELTERဘာသာပြန်သမား အမှားဗရပွေ

၁။
၂၀ဝ၃ ခုနှစ် ဇန်နဝါရီ ၁၉ ထုတ် ဂျာနယ်တစ်စောင်တွင် ဆရာမောင်ခိုင်လတ်က “ဘာသာပြန်တိုင်း ကောင်းရဲ့လား”ခေါင်းစဉ်ဖြင့် ယနေ့ မြန်မာစာပေနယ်၏ ဌာနခွဲ တစ်ခုဖြစ်သော ဘာသာပြန်ပိုင်းမှ ထင်သလို လုပ်နေကြ မှုများကို သုံးသပ်တင်ပြထားပါသည်။ ဆရာမောင်ခိုင်လတ်၏ ဆောင်းပါ အား ရာနှုန်းပြည့်သဘောတူရန် မဖြစ်နိုင်သော်လည်း ရာနှုန်း အတော်များများမှာမူ စဉ်းစားစရာဖြစ်ပါသည်။

ထိုအထဲမှာမှ ဘာသာပြန်စာပေနယ်တွင် မဖြစ်ညစ်ကျယ် စွတ်ကယ် စွတ်ကယ် ပါဝင် ရေးသားလျက်ရှိသော ကျွန်တော့်အနေဖြင့်လည်း ပြောချင်တာလေးတွေ အနည်းအပါး ရှိလာရပါသည်။

၂။
အချိန်ကာလကိုတော့ အတိအကျ မမှတ်မိတော့ပါ။ လေး၊ ငါးလတော့ ကြာခဲ့ပြီထင်ပါသည်။ ဆရာစံတိုး ကွယ်လွန်းခြင်းနှစ်လည်အတွက် နှင်းဆီကုန်းဘိုးဘွားရိပ်သာ၌ ကျန်ရစ်သူ မိသားစုက လှူဒါန်းသည့် အလှူမှာ ဆိုတာတော့ သေချာပါသည်။

ဆရာ မောင်မိုးသူက ကျွန်တော်တို့ ဝိုင်းတွင် ဝင်ထိုင်ရင်းက ကျွန်တော့်ကို တခုတ်တရ ပြောပါသည်။

“ခင်ဗျား သိအောင် ပြောရဦးမယ်။ ဟစ်လရီကလင်တန်ရဲ့ ကိုယ်ရေး အတ္ထုပ္ပတ္တိကို (…)နဲ့ (…)တို့ကလည်း ဘာသာပြန်ကြလိမ့်မယ်တဲ့”

ကျွန်တော် တွေသွားရင်းက ဘကြီးမိုးကို ပြန်ပြောလိုက်မိပါသည်။

“ဒါဆို ကျွန်တော် ရပ်ပေးလိုက်ရင် ကောင်းမလား ဆရာ”

“ဘာဆိုင်လို့ ရပ်ပေးရမှာတုံးဗျ။ ခင်ဗျားက အရင် ရေးနေတာပဲဟာ”

မှန်ပါသည်။ ထိုအချိန်တွင် “ရှင်သန်ဆဲသမိုင်း၊ သို့မဟုတ် ဟစ်လရီ ကလင်တန်၏ ဘဝတစ်စိတ်တစ်ပိုင်း”မည်သော ခေါင်းစဉ်ဖြင့် “သရဖူ”မဂ္ဂဇင်းတွင် အခန်းဆက်အဖြစ် ဖော်ပြနေခဲ့သည်မှာ နှစ်လပင် ရှိနေပါပြီ။

သို့သော် ကျွန်တော် စိတ်မကောင်း ဖြစ်သွားရပါသည်။ သည်လိုစာအုပ်မျိုးကိုမှ သွားဘာသာပြန်မိလေခြင်းဟုလည်း တွေးလိုက်ရပါသည်။

ကျွန်တော် ရပ်ပေးလိုက်ရမလားဟူသော မေးခွန်းမှာ တကယ့် ရင်ထဲက လာသော မေးခွန်းလည်းဖြစ်ပါသည်။ စိတ်ထဲတွင်လည်း တအုံနွေးနွေး ဖြစ်နေသည်မှာ ကြာပါပြီ။

၃။
တခြားသူတွေ ဘာကြောင့် ဘာသာပြန်တာလဲတော့ ကျွန်တော်လည်း သူတို့ ဝမ်းထဲ ဝင်မကြည့်နိုင်သဖြင့် မသိပါ။ တစ်သက်လုံးမှာမှ ဘာသာပြန် စာအုပ် ငါးအုပ်ပြည့်အောင်ပင် မဖတ်ဖူးသူ ကျွန်တော်ကိုယ်တိုင်က ဘာသာပြန်ဖြစ်နေသည်မှာကား အစားကောင်းစားရသည့်အခါ ရင်းနှီးသူ မိတ်ဆွေများကိုလည်း မြည်းစမ်းကြည့်စေချင်သည့် စေတနာ သက်သက်မှတစ်ပါး အခြားမရှိပါ။

ဟစ်လရီကလင်တန့် ကိုယ်ရေးအတ္ထုပ္ပတ္တိကိုလည်း ထိုစိတ်ဖြင့် ပြန်ဖြစ်သွားခဲ့ပါသည်။ သို့ရာတွင် ကျွန်တော်သည် အလွန် စာရေးပျင်းလှသူတစ်ဦး ဖြစ်လေသည့် အားလျော်စွာ မိမိကိုယ်မိမိ တွန်းသည့်အနေဖြင့် မဂ္ဂဇင်းမှာ အခန်းဆက် ထည့်လိုက်ခြင်းဖြစ်ပါသည်။ သည့်အတွက် သည်စာအုပ်ကိုဖြင့် ကျွန်တော် ပြန်ဆိုနေပါပြီဟု စာနှင့်ပေနှင့်၊ လူသိရှင်ကြား အခိုင်အမာ အသိပေးလိုက်ရာ ရောက်သွားမည်ဟုလည်း ယူဆမိပါသည်။
ယခု ဆရာမောင်မိုးသူက ကျွန်တော့်အား စေတနာနှင့် အသိပေးလာသောအခါတွင်တော့ ကျွန်တော့်ရင်ထဲမှာ အတော် မချမ်းမြေ့တော့ပါ။

ကျွန်တော့်မှာ စာအုပ်စာတမ်း မကြွယ်ဝသော်လည်း မပါးရှားပါ။ ထို့အတူ ပင်ကိုရေးအဖြစ် ရေးမည်ဆိုလျှင်လည်း ရေးစရာတွေက အနမ တဂ္ဂ။ ထို့အပြင် လုပ်စရာ သုတေသနတွေကလည်း သည်တစ်သက် မကုန်နိုင်အောင် အပုံလိုက် ရှိနေသေးရာ ကျွန်တော့်မှာ ရေးစရာချည်း။

ဘာသာပြန်သည်မှာ ကိုယ်ပိုင်အားလပ်ချိန်တွင် အပမ်းဖြေရင်း ဖတ်မိရာမှ ကိုယ်တိုင် သဘောတွေ့သွားသော စာများကို အလွယ်တကူ ပြန်ဆိုလိုက်မိခြင်းဖြစ်ပါသည်။ ထို့ကြောင့် စာတစ်အုပ်ကို သူ့ထက်ငါ အလုအယက်ပြန်ဆိုမှ ရေးစရာရမည့်အထဲတွင် ကျွန်တော် အပြည့်အဝ မပါနိုင်သေးဟု ယူဆပါသည်။

၎။
စာတစ်အုပ်ကို စာရေးသူအများ အလုအယက်ပြန်ဆိုခြင်းကြောင့်…

(၁) အဆိုပါ စာရေးသူများ၏ အင်အားနှင့် အချိန်များ အလဟဿ ပြုန်းတီးသွားပါသည်။
စာတစ်အုပ်ကို ဘာသာပြန်သည့်အခါတွင် သေချာသည်ကတော့ အချိန်ပေးရခြင်းပဲဖြစ်ပါသည်။ ထို့အပြင် ဘာသာပြန်သူ၏ ဦးနှောက်ကို စိုက်ထုတ်သုံးစွဲရပါသည်။ သူတစ်ပါးပြန်ပြီးသား၊ သို့မဟုတ် သူတစ်ပါး ပြန်ဆိုနေသည့် စာအုပ်ကို ပြန်သည့်အခါ တစ်ယောက်တည်းနှင့် နိုင်သည့် အလုပ်တစ်ခုကို တစ်ယောက်မက ဝိုင်းလုပ်သလို ဖြစ်သွားပါသည်။ ထိုအခါ မလိုအပ်ဘဲ အင်အားပြုန်းတီးပါသည်။ အချိန်ပြုန်းတီးပါသည်။

(၂)    စာဖတ်သူများအတွက်လည်း စိတ်ပျက်စရာကောင်းလှပါသည်။
စာအုပ်တစ်တအုပ်တည်းကို လူအများ ပြန်ဆိုထားသည့် စာအုပ်များထွက်လာသောအခါ ဘယ်သူပြန်တာ ဖတ်ရင်ကောင်းမလဲဟူသော ပြဿနာမှာ စာဖတ်သူတိုင်း စဉ်းစားရသော ပြဿနာဖြစ်လာပါ သည်။ သည်လူတွေကလည်း ဘာလို့ သည်တစ်အုပ်တည်းကို ဝိုင်းပြန်နေကြတာလဲမသိဘူးဟူသော အတွေးမှာလည်း စာဖတ်သူတိုင်း၏ ခေါင်းထဲတွင် ပေါ်ပါသည်။ သည်တစ်အုပ်တည်း ဝိုင်းပြန်ကြမယ့်အစား တခြား တစ်အုပ်အတွက် အချိန်ပေးလိုက်ရင် မူရင်းစာအုပ်ကို မဖတ်နိုင်တဲ့ ကျုပ်တို့တွေအတွက် ဖတ်စရာ တစ်အုပ် ပိုတိုးမလာပေဘူးလား၊ တော်တော် ဦးနှောက်မရှိတဲ့လူတွေပဲဟု ကျွန်တော့်ကို အတိအလင်းပြောဖူးသည့် စာဖတ်သူများနှင့် ဆုံဖူးပါသည်။

ထိုနှစ်ချက်ကြောင့် ဆရာမောင်မိုးသူက ဟစ်လရီ့စာအုပ်အကြောင်း ကျွန်တော့်ကို ပြောလာသောအခါ စိတ်ပျက်လက်ပျက်ဖြစ်သွားရပါသည်။

ပြီးခဲ့သည့်အပတ်က ဂျာနယ်တစ်စောင်မှာတော့ ဆရာမောင်မိုးသူ ပြောသွားသည့် ဆရာနှစ်ဦးအနက်မှ တစ်ဦးက ထိုစာအုပ်ကို သူ ဘာသာပြန်နေပါကြောင်း သူ့ရှင်းလင်း ဖြေကြားချက်တွင် ထည့်သွင်း ပြောဆိုသွားသည်ကို ဖတ်လိုက်ရပါသည်။ ထိုအချိန်တွင် ကျွန်တော့် အခန်းဆက်က ခြောက်လမြောက်သို့ပင် တိုင်ခဲ့ပါပြီ။
“သရဖူ”တာဝန်ရှိသူများကိုလည်း ထိုကိစ္စနှင့်ပတ်သက်ပြီး ကျွန်တော် စိတ်ပျက်နေသည့်အကြောင်း ပြောဖြစ်ခဲ့ပါသည်။ သူတို့က မဆိုင်ပါ။ သူတို့ မဂ္ဂဇင်းမှာ ရေးစရာ ရှိတာသာ ရေးပါဟု ဆိုသည့်အပြင် စာအုပ်ဖြစ်လာသည့်အခါတွင်လည်း သူတို့စာအုပ်တိုက်ကပင် ထုတ်ပါမည်ဟု ပြောပါသည်။ ကျွန်တော်ကမူ တစ်စက်ကလေးမှ မပျော်တော့ပါ။

ကျန်သူတွေကတော့ ဘာစိတ်နှင့်မှန်း မသိပါ။ ကျွန်တော် မပျော်တာကတော့ အထက်တွင် တင်ပြခဲ့သည့် အချက်နှစ်ချက်ကြောင့် ဖြစ်ပါသည်။

ကျွန်တော့်အချိန်နှင့် အင်အားကို လူတကာ ဝိုင်းပြန်ချင်စိတ်ပေါက်နေကြသော ထိုတစ်အုပ်အတွက် အခြောက်တိုက် အပြုန်းတီးခံနေသည်ဟု တွေးမိရသောကြောင့် မပျော်ပါ။ စာဖတ်ပရိသတ်ကို အထူး အားနာမိသဖြင့်လည်း မပျော်ပါ။

တစ်ဆက်တည်းမှာပင် စိတ်နှလုံးလည်း ဒုံးဒုံးချထားလိုက်ပါသည်။ နောင်လွဲနောင်ခါ ဘယ်ဘယ်သောအခါတွင်မှ ထိုသို့ လူတကာ ဝိုင်းပြန်လောက်သည့် စာအုပ်ကို ကျွန်တော် မည်မျှ သဘောကျနေနေ ပြန်ဆိုဖို့ လုံးလုံးစိတ်မကူးတော့ပါ။ ထိုအလုအယက်တွေကြားထဲမှာ ညပ်နေရသည် အဖြစ်ကို လွန်စွာ ရှက်နေမိပါသည်။ စာဖတ်သူများကိုလည်း အားနာနေမိ ပါသည်။

၅။
“စိတ်နှလုံးတိုက်ကျွေး ကြက်စွပ်ပြုတ်လေး”မည်သော စာအုပ်တွေ ရောင်းကောင်းလှမှန်း၊ ပလူပျံအောင် ထွက်နေမှန်း ကျွန်တော် မသိခဲ့ပါ။ ဖိလစ်ပိုင်သူတစ်ဦးက ကျွန်တော့်ထံ ပို့လိုက်သော ဓာတ်ချောစာလေးတွေတွင် ပါလာသော ပုံတိုပတ်စလေးများမှာ ဖတ်လို့ကောင်းလှသဖြင့် ယင်းတို့ကို ဘာသာပြန်ကာ ဂျာနယ်တစ်စောင်သို့ ပေးခဲ့ပါသည်။ လေး၊ ငါးပုဒ် ဖော်ပြအပြီးမှာမှ ထိုစာမျိုးများကို “ကြက်စွပ်ပြုတ်”စာအုပ်တွဲတွင် ဖော်ပြ လေ့ရှိကြောင်း သိလာရပါသည်။ စာဖတ်သူတစ်ဦးက ထိုအပတ်တွင် ပါသောအပုဒ်မှာ ဆရာဖေမြင့်၏ နှလုံးသား အာဟာရ စာအုပ်ထဲတွင်လည်း ပါရှိသော အပုဒ်ဖြစ်ကြောင်း ပြောလာသဖြင့် သိလိုက်ရခြင်းဖြစ်ပါသည်။

သေချာမေးကြည့်သောအခါ တင်ပြပုံခြင်းမတူပါ။ ဆရာဖေက အခန့် ရေးကာ အတိအကျ ပြန်ဆိုထားခြင်းဖြစ်ပြီး ကျွန်တော်က အရွှင်ရေးကာ မူရင်းတွင် ကျွန်တော့်အတွေးတွေပါ နှောလျက် ဖြည့်စွက်တင်ပြထားခြင်း ဖြစ်ပါသည်။ ကျွန်တော့်ဟာက ဘာသာပြန်ရုံသာမက နောက်က ကျွန်တော့် အာဘော်နှင့် သုံးသပ်ချက်များပါ ပါနေပါသည်။

ထိုစာတိုလေးများ အပုဒ်၃၀ပြည့်သောအခါ စာအုပ်တစ်အုပ်အဖြစ် ထုတ်ဝေခဲ့ပါသည်။ ထိုစာအုပ်ထုတ်ဝေပြီး များမကြာမီ ထွက်လာသော “ဆယ်ကျော်သက်” မဂ္ဂဇင်းမှာ ဆရာမ မြနှောင်းညိုက ထိုစာအုပ်ထဲမှ ပထမဆုံးအပုဒ်ကိုပင် သူ့စကားနှင့်သူ ပြန်ရေးထားသည်ကို ဖတ်လိုက်ရသည်။ ဆရာမ ကျွန်တော့်စာအုပ် ရှိမှန်းပင် သိမည် မဟုတ်သည်ကို ကျွန် တော် နားလည်ပါသည်။ သူသည်လည်း တစ်နေရာရာမှာ ဖတ်လိုက်ရတာလေးကို ကြိုက်သဖြင့် မြန်မာပရိသတ်အတွက် ရေးလိုက်ခြင်းပင် ဖြစ်လိမ့်မည်။

ဒါကျတော့ ဉာဏ်ချင်း ထပ်သည်ဟု မပြောနိုင်ဘဲ အကြိုက်ချင်း တူသွားသည်ဟုသာ ပြောနိုင်ပါလိမ့်မည်။

ကျွန်တော် စတင် ရေးဖြစ်ခဲ့စဉ်ကလည်း စာတစ်အုပ်ဖြစ်အောင် မရည်ရွယ်ခဲ့ဘဲ ဂျာနယ်တစ်ပုဒ်စာသာ ဖြစ်သည်။ ဆရာမကလည်း မဂ္ဂဇင်း တစ်ပုဒ်စာသာဖြစ်သည်။ သို့ဖြစ်ရာ အင်အား ပြုန်းတီးသည်ဟု ဆိုဦးတော့ သိပ်ထောင်းတာလှသော ပြုန်းတီးမှု မဟုတ်ပါ။

နောက်တစ်ချက်မှာ ဆရာဖေမြင့်နှင့် ကျွန်တော်၊ ကျွန်တော်နှင့် ဆရာမ မြနှောင်းညိုတို့ ထိုအပုဒ်တိုလေးများမှာ ထပ်နေကြရာတွင် ကိုယ့်လေနှင့် ကိုယ်၊ ကိုယ့်အာဘော်နှင့် ကိုယ် ကျွန်တော်တို့ သုံးဦးစလုံး ကိုယ်တိုင်ပြန်ဆိုခဲ့ကြသည့်အချက်မှာမူ ဘယ်သူနှင့်မှ သင်္ကာရှင်းစရာ၊ တောင်းပန်စရာ မလိုလောက်အောင် သေချာနေတာလည်း အမှန်ပင်။

၆။
ကျန်ပါသေးသည်။ ဂျာနယ်တစ်စောင်တွင် အခန်းဆက် ပြန်ဆိုဖော်ပြခဲ့သော ကျွန်တော့် “အာရှသားတွေ စဉ်းစားတတ်ကဲ့လား”မှာလည်း ထိုမတိုင်မီကတည်းက ဆရာ“ကိုတာ” မဟေသီမဂ္ဂဇင်းတွင် ဖတ်ပြီး ပြန်ရေးထားမှန်း ဆရာတာက ပြောသဖြင့် သိရပါသည်။

ဖြစ်ပုံက သည်လို။ ထိုဂျာနယ်ကို မပေးမီ “စတိုင်သစ်”မဂ္ဂဇင်းအတွက် ဆရာတာက စာမူတောင်းသဖြင့် ကျွန်တော် ထိုစာမူကို ပေးမည်ဟု ပြောလိုက်ပါသည်။ ထိုစာမူက ကျွန်တော့်လက်ထဲတွင် ပြန်ဆိုပြီး အသင့်လည်း ရှိနေပါသည်။ ကျွန်တော်က မူရင်းအက်ဆေး၏ ခေါင်းစဉ်ကို ပြောပြလိုက်သောအခါ ဆရာတာက “ကျုပ် ရေးပြီးသားကြီးဗျ”ဟု ပြောသဖြင့် ကျွန်တော့်မှာ အတော်မအီမလည် ဖြစ်သွားရပါသည်။

ကျွန်တော် အပင်ပန်းခံကာ ပြန်ဆိုထားသည်ကိုလည်း နှမျောသွားပါ သည်။ သို့သော် ဆရာတာ ရေးထားမှန်း ကျွန်တော် မသိလိုက်သကဲ့သို့ပင်၊ ဆရာတာ့ စာကို မဖတ်လိုက်ရသည့် စာဖတ်သူများလည်း ရှိနေနိုင်သေးသည်ကို တွေးမိရပါသည်။ အလားတူပင်၊ ဂျာနယ်ပရိသတ်နှင့် မဂ္ဂဇင်း ပရိသတ်တို့ မတူသည်ကိုလည်း သတိထားမိနေပါသည်။ ဂျာနယ်ပရိသတ်က အင်အားလည်း ပိုများပါသည်။

သို့ဖြစ်သဖြင့် ဆရာတာက “ကျုပ်ရေးပြီးသား”ဟု ပြောထားသည့်ကြား ကပင် သိသိကြီးနှင့် ထိုဂျာနယ်ကို ကျွန်တော် ပေးခဲ့ပါသည်။ ဂျာနယ်ကလည်း ဖော်ပြပေးခဲ့ပါသည်။

ထို့နောက် အတော်ကြီး ကြာတော့မှ မဟေသီမဂ္ဂဇင်းပါ ဆရာတာ့ “ကျုပ်ရေးပြီးသားကြီး”ကို ဖတ်မိရပါသည်။ ထိုအခါတွင်ကား ဂျာနယ်ကို သိသိကြီးနှင့် ပေးဖြစ်ခဲ့သည့်အတွက် နောင်တမရတော့ပါ။ ဆရာတာက မူရင်းအက်ဆေးကို ကျွန်တော့်လို လုံးစေ့ပတ်စေ့ ဘာသာပြန်ထားတာ မဟုတ်ပါ။ မူရင်းကို ဖတ်ပြီး သူ့စိတ်ကူးနှင့်သူ ပြန်ရေးပြထားခြင်း ဖြစ်နေသည်ကို တွေ့လိုက်ရသောအခါ အတော် ခံသာသွားပါသည်။

ထို့နောက်ပိုင်း ထိုစာအုပ်တွင် ပါဝင်သော အခြားဆောင်းပါးများကို ဆက်လက်ပြန်ဆိုနေမိရာ ဆရာကိုတာကပင် ကျွန်တော့်အား သတိပေးပါသည်။

“ဟေ့လူ… ကြည့်လည်း လုပ်ဦး။ ကျော်ဝင်း (ဆရာကျော်ဝင်း) လည်း အဲဒီ့ထဲက ဟာတွေ လုပ်နေတယ်ဗျ”တဲ့။

ကျွန်တော်ကား မဂ္ဂဇင်း၊ ဂျာနယ်စုံအောင် ဖတ်နိုင်သူ မဟုတ်ပါ။ စာအုပ်ဆိုင်များသို့လည်း တစ်နှစ်နေလို့မှ တစ်ခါ မရောက်ပါ။  ထို့ကြောင့် ဆရာကိုတာနှင့် သိပ်ထဲထဲဝင်ဝင် မသိခင်က ဆရာ“ကျော်ဝင်း”ကို စာရေးသူမှန်းပင် ကျွန်တော် မသိခဲ့ပါ။ အဲသလောက် အခြေအနေ ဆိုးပါသည်။ ဆရာကျော်ဝင်းကိုပင် မသိမှတော့ ဆရာကျော်ဝင်း ဘာတွေ ရေးလို့ ရေးနေမှန်း မသိတာလည်း မဆန်းပါ။

သို့သော် ဆရာတာ့စကားကြောင့် ကျွန်တော် ကိုယ်ရှိန်သတ်ခဲ့ပါသည်။ မနှစ်က ထိုစာအုပ် ဒုတိယအကြိမ်ထုတ် ထွက်လာပြီး အက်ဆေးသစ်များ ဖြည့်စွက်ထားသည်ကို တွေ့တော့မှ ထိုအက်ဆေးများကို စိတ်သန့်သန့်နှင့် မဟာဂျာနယ်တွင် ပြန်ဆိုဖော်ပြဖြစ်သွားပါသည်။

၇။
ချုပ်လိုက်လျှင် နှစ်ပိုင်းရှိပါသည်။
တစ်ပိုင်းက စာအုပ်ကို ဘာသာပြန်ခြင်းဖြစ်ပြီး၊ နောက်တစ်ပိုင်းက စာတိုပေစကို ဘာသာပြန်ခြင်း ဖြစ်ပါသည်။ တစ်နည်းဆိုရလျှင် လုံးချင်းအတွက် ပြန်ဆိုခြင်းနှင့် မဂ္ဂဇင်း၊ ဂျာနယ်အတွက် ပြန်ဆိုခြင်းဖြစ်ပါလိမ့်မည်။

ကျွန်တော့်အမြင်ကို ပြောကြည့်ပါရစေ။

စာတစ်အုပ်ကို တစ်ယောက်ထက် ပိုပြီး ဘာသာပြန်ခြင်းသည် အစတွင် ဖော်ပြခဲ့သည့် အကြောင်းနှစ်ချက်ကြောင့် မဖြစ်သင့်ဟု မြင်ပါသည်။  တစ်အုပ်တည်းကို တစ်ယောက်မက ဘာသာပြန်မည့်အစား သူတစ်ပါးပြန် နေမှန်းသိလျှင် ထိုစာအုပ်ကို လက်ရှောင်ကာ တခြားတစ်အုပ်ကို ပြန်ဆိုမည်ဆိုပါလျှင် စာဖတ်ပရိသတ်အ များစုအတွက် အလွန်တရာ အကျိုးများ လိမ့်မည်ဟု မြင်ပါသည်။

သို့သော် သည်နေရာမှာ တစ်ချက်က မှောင့်ပါသည်။

ထုတ်ဝေသူ၏ပြဿနာဖြစ်သည်။ ဒါလည်း ကိုယ်တွေ့ကြုံဖူးပါသည်။

စာအုပ်တိုက်ကြီးတစ်တိုက်က သရဖူမဂ္ဂဇင်းတွင် ဖော်ပြခဲ့သော ကျွန်တော့် အိမ်ထောင်ရေး ဆောင်းပါးများကို စုထုတ်ချင်သည်ဟု ပြောပါသည်။ ကျွန်တော်က အင်တင်ပါတင် ဖြစ်နေပါသည်။ အဓိကကတော့ ပြန်ရှာပြီး စုပေးရမှာ အပျင်းထူခြင်း သက်သက်သာ ဖြစ်သည်။ ထုတ်ဝေသူက ကျွန်တော့်ကို တွေ့တိုင်း လောဆော်တတ်သလို ကျွန်တော်ကလည်း တွေ့တိုင်း အင်တင်ပါတင် လုပ်နေခဲ့မိပါသည်။

ကြာတော့ ထုတ်ဝေသူခမျာ စိတ်ရှည်ဟန် မတူတော့ပါ။ ကျွန်တော် ထုံ့ပိုင်း ထုံ့ပိုင်းနှင့် ပြန်ဆိုရေးသားနေသော အိမ်ထောင်ရေး စာအုပ် တစ်အုပ်ကို ယူချလိုက်ကာ ဟာသအတိုအထွာတွေကို ပြန်ဆိုေ ရးသားနေသည့် ဆရာတစ်ဦးကို ဘာသာပြန်ခိုင်းလျက် ထုတ်ဝေလိုက်ပါသည်။ ပြီးတော့ ကျွန်တော့်ဆောင်းပါးများ ပါရှိရာ မဂ္ဂဇင်းကို စီစဉ်သူအား ပြောလိုက်ပါသေးသည်။ “ဆူဒိုနင်က ပိုကောင်းမှန်းတော့ သိပါတယ်ဗျာ။ ကျုပ်တို့ စာအုပ်က သူ့ မမီပါဘူး”တဲ့။

ပြောလိုသည်မှာ ထိုစာအုပ်ကို ကျွန်တော် ကိုင်နေမှန်း အနှီထုတ်ဝေသူ ကောင်းကောင်းသိပါသည်။ ဈေးကွက်ကို တွက်ချက်တော့လည်း ဖြစ်နိုင်ချေကို သူ တွေးမိပါလိမ့်မည်။ သို့သော် ရေးသူ ကျွန်တော့်ဘက်က မသွက်တော့ စိတ်က မရှည်နိုင်တော့ဘဲ လူနိုင်တစ်ယောက်ကို ခိုင်းချလိုက်ပုံ ရပါသည်။

သေချာသည်ကတော့ ကျွန်တော့်ဘက်က ထိုစာအုပ်ကို ဆက်လက် ပြန်ဆိုဖို့ဝေးစွ၊ လုံးလုံးကို လှည့်မကြည့်တော့ပါ။ ပြန်ဆိုလက်စတွေကိုလည်း အကုန်ရပ်ချလိုက် ပါသည်။ အနှီထုတ်ဝေသူပြောသလို ကျွန်တော်က ပိုကောင်းချင်လည်း ကောင်းပါလိမ့်မည်။ အကြောင်းမှာ ကျွန်တော်က ကိုယ့်သဘောနှင့်ကိုယ် ဖတ်မိရာမှ ခံတွင်း တွေ့သွားသည့်အတွက် စိတ်ပါလက်ပါ ပြန်ဆိုရေးသားခြင်းဖြစ်ပြီး ဟိုတစ်ဖက်သားခမျာမှာတော့ ထုတ်ဝေသူက အပ်သဖြင့် မပြန်ချင်လည်းပြန်၊ ပြန်ချင်လည်း ပြန်ထားရသော ဘာသာပြန် ဖြစ်နေနိုင်သည့်အတွက်ပင်။

မည်သို့ပင်ဖြစ်စေ၊ သူများ ပြန်ပြီးသားစာအုပ်ကို တစ်ဝက်တန်းလန်း ပြန်ပြီးဖြစ်သည့်တိုင် ကျွန်တော် ဆက်ပြန်မနေတော့ပါ။ ကျွန်တော့် အင်အားနှင့် ကျွန်တော့်အချိန်ကို နှမျောမိသလို ကျွန်တော့်မှာ အရှက် ရှိသောကြောင့် ဖြစ်ပါသည်။

ဟစ်လရီကလင်တန့် ကိုယ်ရေးအထုပ္ပတ္တိသည်လည်း ထိုအတိုင်း ဖြစ်သွားနိုင်ဖွယ် ရှိပါသည်။ ဘာသာပြန်ပြိုင်ပွဲဆိုလျှင်ဖြင့် မထောင်းတာပါ။ လူများများ ဝင်ပြိုင်လေ၊ ပျော်စရာကောင်းလေ ဖြစ်ပါလိမ့်မည်။ အခုဟာက ဘာသာပြန်ပြိုင်ပွဲ မဟုတ်ပါ။ စာအုပ်ထုတ်ကြသည့် ဈေးကွက်ထဲက ကိစ္စ ဖြစ်ပါသည်။ ကျွန်တော်တို့ စာအုပ်ဈေးကွက်ကလည်း သိပ်အကောင်းကြီး မဟုတ်ပါ။ အမွှေးတိုင်ဈေးကွက်၊ ငရုတ်သီးမှုန့်ဈေးကွက်လို ဖြုန်းအား မကောင်းပါ။ သို့ဖြစ်ရာ အမွှေးတိုင်လို၊ ငရုတ်သီးမှုန့်လို သူ့ထက်ငါ တွန်း မလုပ်သင့်ဟု ယူဆပါသည်။ ဆရာများလျှင် သားသေနိုင်သကဲ့သို့၊ ငါးသိုင်းများလျှင် ဟင်းဟုန်သကဲ့သို့ ပြန်ဆိုသူ များပြားလျှင် ထိုစာအုပ်ကို စာဖတ် သူများက “အင်”သွားပါလိမ့်မည်။ အင်လည်း အင်ကုန်သည့်သာဓကတွေ များစွာ ရှိပါသည်။

ထို့ကြောင့် ဤစာဖြင့် ဘာသာပြန်ဖော်များကို ကြေညာလိုက်ပါသည်။ မရှက်တတ်လျှင် လုပြန်ကြပါ။ ကျွန်တော်ကတော့ ရှက်တတ်ပါသည်။ ထို့ကြောင့် တစ်ယောက်ယောက် ဦးသွားသည်နှင့် ကျွန်တော် ဘယ်လောက် ခရီးရောက်ခဲ့ရောက်ခဲ့ ကျွန်တော်ကပဲ အသာတကြည် (ကျေကျေနပ်နပ်) နောက်ဆုတ်ပေးပါမည်။

၈။
စာတိုပေစများကို ဘာသာပြန်ခြင်း (ဝါ) မဂ္ဂဇင်း၊ ဂျာနယ်အတွက် အပုဒ်တိုများ ပြန်ဆိုခြင်းမှာတော့ ထိုသို့ မဖြစ်နိုင်ပါ။ ဘာသာပြန်သူတွေ ထပ်နေနိုင်ပါသည်။ အထက်တွင် ဆရာဖေမြင့်၊ ကျွန်တော်နှင့် ဆရာမ မြနှောင်းညိုတို့ သာဓကကိုလည်းကောင်း၊ ဆရာကိုတာ၊ ဆရာကျော်ဝင်းနှင့် ကျွန်တော်တို့ သာဓကကိုလည်းကောင်း ဖော်ပြပြီးပါပြီ။

သေချာသည်မှာ စာအုပ်ကို ပြန်ဆိုသကဲ့သို့ အလုအယက် ပြန်ဆိုနေကြတာ မဟုတ်ကြခြင်းပင်ဖြစ်ပါသည်။ သာဓက ပြခဲ့သော ဆရာများအနက်တွင်လည်း (ကျွန်တော့်ကို ဖယ်လိုက ဖယ်ထားပါဦး) ကျန်ဆရာ၊ ဆရာမများမှာ စာဖတ်ပရိသတ်အတွက် စေတနာများ အသကအသကနှင့် သိက္ခာရှိစွာ ရေးသားနေကြသူများ ဖြစ်ပါသည်။ ထိုဆရာတွေထဲတွင် ငါးပွက်ရာ ငါးစာချတတ်သော အကျင့်မျိုးနှင့် သိက္ခာမဲ့သူ တစ်ဦးမှ မပါပါ။ ထို့ကြောင့်လည်း ထိုဆရာများမှာ သူ့ပရိသတ်နှင့်သူ အခိုင်အမာ ရှိပါသည်။

အပုဒ်တိုများမှာ ဘာသာပြန်များ ရိုးသားစွာ ထပ်နေတတ်သည်ကိုတော့ သဘာဝတစ်ရပ်ဟုပင် ကျွန်တော် မြင်ပါသည်။ ယခင်ကလည်း ထပ်ခဲ့ကြဖူးသလို နောင်တွင်လည်း ထပ်နေပါလိမ့်ဦးမည်။ အထူးသဖြင့် ရင်ခုန်သံချင်း၊ ခံစားချက်ချင်း၊ အကြိုက်ချင်း မနီးရိုးစွဲဖြစ်နေကြသည့် ခေတ်ပြိုင် မွေးဖွားကြီးပြင်းလာရသူများ ဖြစ်သည့်အားလျော်စွာ ဖတ်မိသည့်အထဲမှ အကြိုက်ချင်းတူသည့် အပုဒ်များကို ပြိုင်တူဖြစ်စေ၊ မရှေးမနှောင်း ဖြစ်စေ ပြန်ဆိုဖြစ်သွားကြခြင်းဟု ကျွန်တော် နားလည်ခံယူပါသည်။

၉။
လူဆိုတာ ကိုယ့်သမိုင်း ကိုယ်ရေးကြသည်ဟူသော စကားမှာ ဖန်တစ်ရာတေနေသည့် စကားအိုနာကြီးဖြစ်ပါသည်။ သို့သော် စကားအိုနာတို့၏ ထုံးအတိုင်း သွေးထွက်အောင်လည်း မှန်ပါသည်။

ဘယ်သူ ဘာပြောပြော၊ လက်ရှိအနေအထားတွင် မည်သို့ဖြစ်နေနေ၊ အချိန်ကာလက ဆုံးဖြတ်သွားပါလိမ့်မည်။ ကျွန်တော်တို့ခေတ်ကျမှ အလုအယက်ပြန်တာတွေ ပေါ်လာတာ မဟုတ်ပါ။ ကျွန်တော်တို့ မတိုင်မီကတည်းက ပေါလှပါသည်။ ယနေ့ထက်တိုင် ပြန်ထုတ်နေဆဲ၊ ရောင်းကောင်းနေဆဲ ဘာသာပြန် စာအုပ်တွေကို ကြည့်လိုက်လျှင် ထိုအလုအယက်တွေ တစ်အုပ်မှ ပါမလာတာကိုလည်း တွေ့ရပါလိမ့်မည်။ စာဖတ်ပရိသတ်အပေါ် အမှန်ပင် စေတနာထားကာ ပြန်ဆိုရေးသားခဲ့သော စာအုပ်များကသာ ခေတ်အဆက်ဆက် တည်တံ့နေသည်လည်း ဖြစ်ပါသည်။

ဆရာကြီး ရွှေဥဒေါင်း၏ ဦးစံရှားက အထင်ရှားဆုံး ဖြစ်ပါသည်။ နောက်ပိုင်းတွင် မူရင်း ရှားလော့(ခ်)ဟုမ်း(စ်)ကို ဘာသာပြန်သူတွေ တစ်ယောက်မက ပေါ်ခဲ့ပါသည်။ သို့သော် ဆရာကြီးရွှေဥဒေါင်းကိုသာ ယနေ့ ထက်တိုင် တသသ ဖတ်ဆဲဖြစ်သလို မူရင်းကို ပြန်ဆိုသူများအနက်တွင်လည်း ဆရာမြသန်းတင့်၏ ပြန်ဆိုချက်ကိုသာ စာသမားတွေက အလေးအမြတ်ထားပါသည်။ ကျန်ပြန်ဆိုချက်များကို ဘယ်သူကမှ အမှုမထားတော့ပါ။

ကျွန်တော်တို့မှာလည်း အကြောင်းကြောင်းကြောင့် အလုအယက်ပြန်ကြတာတွေ၊ ဦးအောင်လုပ်ချင်သည့်ဉာဉ်တွေ ဘယ်လောက်ရှိနေနေ၊ ကျွန်တော်တို့ မရှိတော့သည့် နောက်ပိုင်းကျခါမှ သားသမီးမြေးမြစ်များက ကျွန်တော်တို့တွေ၏ “တန်း”ကို သတ်မှတ်ကြပါလိမ့်မည်။ “သေရင်ပြီးပြီ”ဆိုသည်မှာ သေသူ့အတွက်သာ ဖြစ်ပါသည်။ ကျန်ရစ်သူ အနွယ်တော်များအတွက်ကတော့ မပြီးပါ။ သွားလေသူက စုတ်ပဲ့ရင် စုတ်ပဲ့သလောက်၊ တော်ရင် တော်သလောက် သူ့နောက်မျိုးဆက်တွေမှာ ခံစား၊ စံစားကြရ စမြဲလည်းဖြစ်ပါသည်။

ကျွန်တော်ကဖြင့် ကျွန်တော့် သားသမီးမြေးမြစ်တွေမှာ ကျွန်တော့်ကြောင့် လူတော မတိုးလေမှာ၊ ခေါင်းမဖော်နိုင်မှာ စိုးလှပါသည်။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
ဆူဒိုနင်


အဲဒါက ၂၀၀၂ ခုနှစ် နှစ်ကုန်ပိုင်းမှာ ထုတ်ဝေတဲ့ “အချစ်”ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ ကျွန်တော့်ရဲ့ ကြေညာချက်ပါ။ အဲဒီ့ ကြေညာချက် ထွက်ပြီးလို့ တစ်နှစ်ခွဲလောက် အကြာမှာ အောက်ပါ ကြေညာချက်က မလွှဲသာ မရှောင်သာ ထပ်ရေးခဲ့ရပြန်ပါတယ်။ ဒါကိုကျတော့ ၂၀၀၄ ခုနှစ် မေလထုတ် “သရဖူ”မဂ္ဂဇင်းမှာ ဖော်ပြခဲ့တာပါ။ ဖတ်ရှုတော်မူကြည့်ပေးပါဦး…


ကျွန်တော့်ဟစ်လရီ နားပါပြီ

ဟုတ်ကဲ့ခင်ဗျာ…

ခေါင်းစဉ်ပါအတိုင်း ကျွန်တော့်ဟစ်လရီကို သည်လကစပြီး နားလိုက်ပြီဖြစ်ပါကြောင်း စာဖတ်သူအပေါင်းအား လေးမြတ် ရိုသေစွာ အစီရင်ခံအပ်ပါတယ်ခင်ဗျား။

ကျွန်တော့်ဘဝမှာ အမှားပေါင်းများစွာ ကျူးလွန်ဖူးခဲ့တဲ့အထဲက အမှားကြီးတစ်ခုကတော့ သည် “ဟစ်လရီကလင်တန် ရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိ”ကို ဘာသာပြန်မိခြင်းပဲ ဖြစ်ပါတယ်။ ဘာသာ စပြန်ခါစမှာတင်ပဲ သည်စာအုပ်ကို ကျွန်တော့်ထက် အသက်ရော၊ သမ္ဘာရော၊ ဝါပါ ကြီးရင့်တဲ့ စာရေးဆရာနှစ်ဦးကလည်း ဘာသာပြန်ဖို့ စိုင်းပြင်းလျက်ရှိကြောင်း ကြားသိလိုက်ရပါတယ်။

အဲဒီ့ကတည်းက ကျွန်တော် အတော် စိတ်မကောင်း ဖြစ်မိခဲ့ရပါတယ်။ စာတစ်အုပ်ထဲကို လူ သုံးလေးယောက် ဝိုင်းပြန်ကြတာဟာ အင်အား ဖြုန်းတီးတာပဲလို့ ယူဆမိရလို့ပါ။ အမှန်ဆို ကျွန်တော်တို့ချင်း ညှိညှိနှိုင်းနှိုင်းနဲ့ တသီးတခြား တစ်အုပ်စီ ပြန်ကြမယ်ဆိုရင် စာဖတ်ပရိသတ်အတွက်လည်း အကျိုးရှိ၊ ကျွန်တော်တို့ရဲ့ အင်အားတွေလည်း အလဟဿ မဖြစ်တော့ဘူးလို့ တွေးမိရပါတယ်။ တွေးမိရလို့လည်း သည်အကြောင်းကို လွန်ခဲ့တဲ့ နှစ်နှစ်လောက်က အချစ်ဂျာနယ်မှာ ကျွန်တော် ရေးဖြစ်ခဲ့ပါသေးတယ်။

သို့ပေမယ့် ဘယ်လိုပဲဖြစ်ဖြစ်၊ ကျွန်တော်ကတော့ သရဖူ မဂ္ဂဇင်းမှာ ပြန်လက်စ ဖြစ်နေတာမို့ အားနာပါးနာနဲ့ လစဉ်ဆက် လက်ပြန်ဆိုဖော်ပြနေခဲ့တာ ပြီးခဲ့တဲ့လအထိ ဆိုရင် နှစ်နှစ်ကျော်ခဲ့ပါပြီ။

တစ်နေ့ကတော့ စာအုပ်ဆိုင်တစ်ဆိုင်ကို အရောက်မှာ အထက်က ပြောခဲ့တဲ့ ဆရာနှစ်ဦးအနက်က တစ်ဦးရဲ့ လုံးချင်း စာအုပ်ကို တွေ့လိုက်ရပါတယ်။ စာအုပ်က သိပ်မထူလှပါဘူး။  ဈေးလည်း သင့်တင့်တယ်လို့ ဆိုနိုင်မယ် ထင်ပါတယ်။ အဲဒီ့ စာအုပ်ကို တွေ့တော့ ကျွန်တော် ပျော်သွားတယ်။

မှန်ပါတယ်။ ကျွန်တော့် ပြန်လက်စကို အဲဒီ့စာအုပ်ကို အကြောင်းပြပြီး ရပ်ချလိုက်လို့ ရသွားပြီကိုး။ အမှန်အတိုင်း ပြောရရင်တော့ အဲဒီ့ဆရာက ကျွန်တော့်ထက် အဆများစွာ ပိုတော်ပါလိမ့်မယ်။ ကျွန်တော်ကသာ နှစ်နှစ်ကျော် အပင်ပန်းခံပြီး ပြန်ဆိုနေတာ စာအုပ်ရဲ့သုံးပုံတစ်ပုံတောင် ကောင်းကောင်း မပြီးချင်သေးပေမယ့် အဲဒီ့ဆရာရဲ့ လုံးချင်းစာမူကတော့ လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက ပြီးနေပြီလို့ သူ့အမှာစာမှာ ဖတ်ရပါတယ်။

နောက်တစ်ချက်က ကျွန်တော်က ဘာသာ မပြန်တတ် ပြန်တတ်နဲ့ လုံးစေ့ပတ်စေ့နီးပါး လျှောက်ပြန်ခဲ့တာမို့ အခု ကျွန်တော် ပြန်ဆိုခဲ့ပြီးသမျှ မူရင်းစာအုပ်ရဲ့ သုံးပုံတစ်ပုံလောက်လေးကိုပဲ စုပြီး စာအုပ်ထုတ်မယ်ဆိုရင်တောင် ဟိုဆရာ့စာအုပ်ထက် အပုံကြီး ထူသွားနိုင်ပါတယ်။ သည်လောက် ထူထဲတဲ့စာအုပ်ကို အဲသလို တိုတိုကျဉ်းကျဉ်းနဲ့ ပြန်ဆိုနိုင်တာကိုက အဲဒီ့ဆရာရဲ့ အရည်အချင်းပါပဲ။ ကြည့်ရတာ မူရင်းစာအုပ်တစ်အုပ်လုံးရဲ့ လေးပုံတစ်ပုံ၊ ဒါမှမဟုတ် ငါးပုံတစ်ပုံလောက်အထိ ခြုံ့ချလိုက်နိုင်ပုံပါပဲ။

ဘယ်လိုပဲဖြစ်ဖြစ်၊ ကျွန်တော့်ရဲ့ အရစ်ရှည်လှတဲ့ ဘာသာပြန် အခန်းဆက်ကြီးကို ဘယ်တော့ပြီးမှာလဲလို့ မေးမြန်းနေကြတဲ့ စာဖတ်သူလူကြီးမင်းများအတွက် ကျွန်တော့်အဖြေကတော့  ရှင်းသွားပါပြီ။ သည်လမှာတင် တိခနဲ ရပ်ချလိုက်ပါပြီခင်ဗျား။

ကျန်တာတွေ သိချင်သေးရင်တော့ အဲဒီ့ဆရာရဲ့ စာအုပ်ကိုသာ ရှာဖတ်တော်မူကြပါလို့သာ ပန်ကြားချင်ပါတယ်။ အဲလို ညွှန်းတဲ့အတွက် အဲဒီ့ဆရာက ကျွန်တော့်ကို လက်ဖက်ရည် တစ်ခွက်တောင် တိုက်ဖော်ရမှာ မဟုတ်သလို အဲဒီ့စာအုပ်ထုတ်တဲ့ စာအုပ်တိုက်ကလည်း ကျွန်တော့်ကို စာအုပ်တစ်အုပ်တောင် လက်ဆောင်ပေးဖော်မရမှာလည်း မြေကြီးလက်ခတ်မလွဲ သေချာလှပါတယ်။

နောက်တစ်ခုလည်း ဘယ်သူမှ ရိုက်မစစ်ဘဲ အတိအလင်း မြွက်ဟ ကြေညာလိုက်ချင်ပါသေးတယ်။ အဲဒါကတော့ အခု သရဖူမဂ္ဂဇင်းမှာ သည်ဟစ်လရီ့ ကိုယ်ရေးအတ္ထုပ္ပတ္တိကို ဆက် လက်ပြန်ဆိုတော့မှာ မဟုတ်သလို ကျွန်တော့်ဘာသာလည်း ဘယ်တော့မှ ဆုံးအောင် ဆက်ပြန်ဆိုမှာ မဟုတ်တဲ့အကြောင်းနဲ့ အခုအထိ ရေးပြီးခဲ့သမျှကိုလည်း စာအုပ်အဖြစ် ပြန်လည် ထုတ်ဝေရန် ဘယ်လိုမှ စိတ်ကူးမရှိကြောင်းကို အသိပေးချင်တာပါ။

စာဖတ်သူလူကြီးမင်းများအနေနဲ့ကတော့ သူ့ဘဝဇာတ်လမ်းကို အမြွက်လောက် ဆက်ပြီး ငုံမိချင်သေးတယ်၊ သူ့စာအုပ် အရသာကို အမြည်းလောက် အဆုံးအထိ ခံစားကြည့်ချင်သေးတယ်ဆိုရင် ဖတ်စရာ လုံးချင်းစာအုပ်တစ်အုပ် ရှိနေပြီမို့ ကျွန်တော်နဲ့စာရင် သိပ်ထောင်းတာမယ် မထင်ပါဘူး။

ကျွန်တော့်မှာတော့ သည်အတွက် စိုက်လိုက်ရတဲ့ ဦးနှောက်နဲ့ ပေးလိုက်ရတဲ့ အချိန်တွေအတွက် သေလုအောင် နှမျောမဆုံး ဖြစ်နေမိပါတယ်။ နောင်လွဲနောင်ခါ ဘယ်ဘယ်သောအခါမှ နောက်ဆုံးပေါ် လူသိများတဲ့စာအုပ်ကို ပြန်ဆိုဖို့ စိတ်ကူး မရှိတော့အောင် သည်စာအုပ်က ကျွန်တော့်ကို သင်ခန်းစာပေးလိုက်တာမို့ တစ်ဖက်က ပြောရင်တော့ ကြံဖန်ကျေးဇူးတင်ဖို့ ကောင်းတယ်လို့ ဆိုရမလားပဲ။

စကားကြုံခိုက် ပြောရရင် ကျွန်တော့်လက်ထဲကို စာအုပ် သစ်တစ်အုပ် ရောက်လာပါသေးတယ်။ ကျွန်တော် ဘာသာပြန် ပြီး လုံးချင်းထုတ်ဝေခဲ့တဲ့ “အာရှသားများ စဉ်းစားနိုင်စေ”ကို ရေးတဲ့ စာရေးဆရာရဲ့ စာအုပ်သစ်ပါ။ ထွက်ထွက်ချင်းမှာ အဲဒီ့ စာအုပ်ကို ကျွန်တော်ဘာသာပြန်ထားမှန်း သိနေတဲ့ စင်္ကာပူ နိုင်ငံသူ မိတ်ဆွေက ကျွန်တော့်ဆီ အရောက်လာပေးပါတယ်။ အပိုင်တော့မဟုတ်ဘူး၊ ခဏငှားတာပါဆိုတာနဲ့ ကျွန်တော်လည်း ဓာတ်ပုံမိတ္တူကူးယူထားလိုက်မိပါတယ်။

မကြာပါဘူး၊ စင်္ကာပူသံအမတ်ကြီးက အာရှသားများ စဉ်းစားနိုင်စေကို ဘာသာပြန်သူဟာ ကျွန်တော်မှန်းလည်း သိသွားရော ကျွန်တော့်ကို ကဒ်ထူဖုံးနဲ့ မူရင်းစာအုပ်ကို လက်ဆောင်ပေးလာပြန်ပါတယ်။ ကျွန်တော် ဖတ်ကြည့်တော့လည်း နှစ်သက်လို့ မဆုံးပါဘူး။

သို့သော် ဟစ်လရီတစ္ဆေက ကျွန်တော့်ကို ခြောက်နေဆဲမို့ ကျွန်တော် ဘာသာပြန်ဖို့ လုံးလုံး စိတ်မကူးမိတော့ဘူး။ တစ်နေ့ ကတော့ ပွဲတစ်ပွဲမှာ ဆရာ“ကျော်ဝင်း”နဲ့ ဆုံပါတယ်။ ဆရာက ကျွန်တော့်ကို အဲဒီ့ စာအုပ် ပြန်ပါလား၊ သူ မပြန်ဘူးဆိုပြီး စကား ကမ်းလှမ်းပါတယ်။

အဲဒီ့နေ့ကမှ အဲဒီ့တစ်ခါသာ လူချင်း သေချာဆုံဖူး၊ စကား ပြောဖူးတဲ့ ဆရာ“ကျော်ဝင်း”ကို ကျွန်တော် အလွန် ရိုသေသွားမိရပါတယ်။

အမှန်တော့ ကျွန်တော်တို့ မြန်မာစာပေနယ်ဟာ ကျဉ်းလှသလို ဘာသာပြန်နေတဲ့ စာရေးသူဆိုတာလည်း လက်ချိုးရေလို့ တောင် ရပါတယ်။ အဲသလို ရှိကြတဲ့အထဲမှာ ဆရာကျော်ဝင်းလို ညှိညှိနှိုင်းနှိုင်း လုပ်ချင်တဲ့ စိတ်ကလေးတွေနဲ့သာ တစ်ယောက်ကို တစ်ယောက် ရိုင်းရိုင်းပင်းပင်း ရှိကြမယ်ဆိုရင် ဘယ့်ကလောက်များ ကြက်သရေ မင်္ဂလာ ရှိလိုက်လေမလဲဆိုတာ တွေးမိရပါ တယ်။

အချစ်ဂျာနယ်မှာ သည်အကြောင်းကို အကျယ်တဝင့် ရေးခဲ့ကတည်းက ကျွန်တော် အတိအလင်း ကြေညာပြီးသားပါ။ သည် ဟစ်လရီရဲ့ အတ္ထုပ္ပတ္တိကို ဘယ်ဆရာရဲ့ လုံးချင်းဖြစ်ဖြစ် ထွက်လာတာနဲ့ တစ်ပြိုင်နက် ကျွန်တော့်ဘက်က နောက်ဆုတ်ပေးမယ်လို့ စာနဲ့ ပေနဲ့ အတိအကျ မြွက်ဟပြီးသားပါ။

အခု လုံးချင်းထွက်လာပြီမို့ ကျွန်တော့်ဟစ်လရီကို နားလိုက်ပါပြီ။

သည်အတွက် စာဖတ်သူလူကြီးမင်းများအပေါင်းမှာ ကသိကအောင့်တစ်စုံတစ်ရာ ဖြစ်သွားရတယ်ဆိုပါရင် မလိမ်မိုး မလိမ္မာ ကျွန်တော်မျိုးမှာသာ တာဝန်ရှိတဲ့အတွက် ကျွန်တော်ကသာ အားလုံးကို ဂါရဝတရား ရှေ့ထားပြီး တောင်းပန်အပ်ပါတယ်ခင်ဗျား။

စာဖတ်သူအပေါင်း ရွှင်ရွှင်ပျပျနဲ့ ဘဝင်ကြကြပါစေသတည်း
လေးစား ချစ်ခင်စွာ
မန်တာခမ်း

xkwfa0ol\jyóemjzpfonf/ ‘gvnf; udk,fawGUMuHKzl;ygonf/
pmtkyfwdkufBuD;wpfwdkufu o&zlr*¾Zif;wGif azmfjycJhaom uRef awmfh tdrfaxmifa&;aqmif;yg;rsm;udk pkxkwfcsifonf[k ajymygonf/ uRefawmfu tifwifygwifjzpfaeygonf/ t”duuawmh jyef&SmNyD; pkay;&rSm tysif;xljcif; oufoufom jzpfonf/ xkwfa0olu uRef awmfhudk awGUwdkif; avmaqmfwwfovdk uRefawmfuvnf; awGUwdkif; tifwif ygwifvkyfaecJhrdygonf/
Mumawmh xkwfa0olcrsm pdwf&Snf[ef rwlawmhyg/ uRefawmf xHkYydkif;xHkYydkif;ESifh jyefqdka&;om;aeaom tdrfaxmifa&; pmtkyf wpf tkyfudk ,lcsvdkufum [motwdktxGmawGudk jyefqdka&;om;aeonfh q&m wpfOD;udk bmomjyefcdkif;vsuf xkwfa0vdkufygonf/ NyD;awmh uRefawmfhaqmif;yg;rsm; yg&dS&m r*¾Zif;udk pDpOfoltm; ajymvdkufyg ao;onf/ ]ql’dkeifu ydkaumif;rSef;awmh odygw,fAsm/ usKyfwdkY pmtkyfu olY rrDygbl;}wJh/
ajymvdkonfrSm xdkpmtkyfudk uRefawmf udkifaerSef; tESDxkwfa0 ol aumif;aumif;odygonf/ aps;uGufudk wGufcsufawmhvnf; jzpfEdkifacsudk olawG;rdygvdrfhrnf/ odkYaomf a&;ol uRefawmfhbufu roGufawmh pdwfu r&SnfEdkifawmhbJ vlEdkifwpfa,mufudk cdkif;csvdkuf yHk& ygonf/
aocsmonfuawmh uRefawmfhbufu xdkpmtkyfudk qufvuf jyefqdkzdkYa0;pG? vHk;vHk;udk vSnfhrMunfhawmhyg/ jyefqdkvufpawGudk vnf; tukef&yfcsvdkufygonf/ tESDxkwfa0olajymovdk uRefawmf u ydkaumif;csifvnf; aumif;ygvdrfhrnf/ taMumif;rSm uRefawmfu udk,hfoabmESifhudk,f zwfrd&mrS cHwGif;awGUoGm;onfhtwGuf pdwfyg vufyg jyefqdka&;om;jcif;jzpfNyD; [dkwpfzufom;crsmrSmawmh xkwf a0olu tyfojzifh rjyefcsifvnf;jyef? jyefcsifvnf; jyefxm;&aom bmomjyef jzpfaeEdkifonfhtwGufyif/
rnfodkYyifjzpfap? olrsm; jyefNyD;om;pmtkyfudk wpf0ufwef;vef; jyefNyD;jzpfonfhwdkif uRefawmf qufjyefraeawmhyg/ uRefawmfh tif tm;ESifh uRefawmfhtcsdefudk ESarsmrdovdk uRefawmhfrSm t&Suf &dSaom aMumifh jzpfygonf/
[pfv&DuvifwefY udk,fa&;txkyÜwådonfvnf; xdktwdkif; jzpf oGm;EdkifzG,f &dSygonf/ bmomjyefNydKifyGJqdkvQifjzifh raxmif;wmyg/ vlrsm;rsm; 0ifNydKifav? aysmfp&maumif;avjzpfygvdrfhrnf/ tck[mu bmomjyefNydKifyGJ r[kwfyg/ pmtkyfxkwfMuonfh aps;uGufxJu udpö jzpfygonf/ uRefawmfwdkY pmtkyfaps;uGufuvnf; odyftaumif;BuD; r[kwfyg/ tarT;wdkifaps;uGuf? i½kwfoD;rIefYaps; uGufvdk jzKef;tm; raumif;yg/ odkYjzpf&m tarT;wdkifvdk? i½kwfoD;rIefYvdk olYxufig wGef; rvkyfoifh[k ,lqygonf/ q&mrsm;vQif om;aoEdkifouJhodkY? ig;odkif; rsm;vQif [if;[kefouJhodkY jyefqdkol rsm;jym;vQif xdkpmtkyfudk pmzwf olrsm;u ]tif}oGm;ygvdrfhrnf/ tifvnf; tifukefonfhom”uawG rsm;pGm &dSygonf/
xdkYaMumifh þpmjzifh bmomjyefazmfrsm;udk aMunmvdkufygonf/ r&SufwwfvQifvkjyefMuyg/ uRefawmfuawmh &Sufwwfygonf/ xdkYaMumifh wpfa,mufa,muf OD;oGm;onfESifh uRefawmf b,f avmuf c&D;a&mufcJha&mufcJh uRefawmfuyJ tomwMunf (ausauseyfeyf) aemufqkwfay;ygrnf/8/
pmwdkayprsm;udk bmomjyefjcif; (0g) r*¾Zif;? *sme,ftwGuf tyk’fwdkrsm; jyefqdkjcif;rSmawmh xdkodkYrjzpfEdkifyg/ bmomjyefolawG xyfaeEdkifygonf/ txufwGif q&mazjrifh? uRefawmfESifh q&mr jraESmif;ndKwdkY om”uudkvnf;aumif;? q&mudkwm? q&mausmf0if; ESifh uRefawmfwdkY om”uudkvnf;aumif; azmfjyNyD;ygNyD/
aocsmonfrSm pmtkyfudk jyefqdkouJhodkY tvkt,ufjyefqdkae Muwm r[kwfMujcif;yifjzpfygonf/ om”ujycJhaom q&mrsm; teufwGifvnf; (uRefawmfhudk z,fvdku z,fxm;ygOD;) usefq&m? q&mr rsm;rSm pmzwfy&dowftwGuf apwemrsm; toutou ESifh odu©m&Sd pGm a&;om;aeMuolrsm;jzpfygonf/ xdkq&mawGxJwGif ig;yGuf&m ig;pmcswwfaom tusifhrsdK;ESifh odu©mrJhol wpfOD;rS rygyg/ xdkYaMumifhvnf; xdkq&mrsm;rSm olYy&dowfESifhol tcdkiftrm&dSygonf/
tyk’fwdkrsm;rSm bmomjyefrsm; ½dk;om;pGm xyfaewwfonfudk awmh obm0wpf&yf[kyif uRefawmf jrifygonf/ ,cifuvnf; xyfcJhMuzl;ovdk aemifwGifvnf; xyfaeygvdrfhOD;rnf/ txl;ojzifh &ifckefoHcsif;? cHpm;csufcsif;? tBudKufcsif; reD;½dk;pGJjzpfaeMuonfh acwfNydKif arG;zGm;BuD;jyif;vm&olrsm;jzpfonfhtm;avsmfpGm zwfrdonfh txJrS tBudKufcsif;wlonfhtyk’frsm;udk NydKifwljzpfap? ra&S;raESmif; jzpfap jyefqdkjzpfoGm;Mujcif;[k uRefawmf em;vnfcH,lygonf/

9/
vlqdkwm udk,fhordkif; udk,fa&;Muonf[laom pum;rSm zef wpf&mawaeonfh pum;tdkemBuD;jzpfygonf/ odkYaomf pum;tdkem wdkY\ xHk;twdkif; aoG;xGufatmifvnf; rSefygonf/
b,fol bmajymajym? vuf&dStaetxm;wGif rnfodkYjzpfaeae? tcsdefumvu qHk;jzwfoGm;ygvdrfhrnf/ uRefawmfwdkYacwfusrS tvk t,ufjyefwmawG ay:vmwmr[kwfyg/ uRefawmfwdkY rwdkifrD uwnf;u aygvSygonf/ ,aeYxufwdkif jyefxkwfaeqJ? a&mif; aumif;aeqJ bmomjyef pmtkyfawGudk MunfhvdkufvQif xdktvk t,ufawG wpftkyfrS ygrvmwmudkvnf; awGU&ygvdrfhrnf/ pmzwf y&dowftay: trSefyif apwemxm;um jyefqdka&;om;cJhaom pmtkyfrsm;uom acwftqufquf wnfwHhaeonfvnf;jzpfyg onf/
q&mBuD; a&TOa’gif;\ OD;pH&Sm;u txif&Sm;qHk; jzpfygonf/ aemufydkif;wGif rl&if; &Sm;avmh(cf)[krf;(pf)udk bmomjyefolawG wpf a,mufru ay:cJhygonf/ odkYaomf q&mBuD;a&TOa’gif;udkom ,aeY xufwdkif woozwfqJjzpfovdk rl&if;udkjyefqdkolrsm;teufwGif vnf; q&mjroef;wifh\ jyefqdkcsufudkom pmorm;awGu tav; tjrwfxm;ygonf/ usefjyefqdkcsufrsm;udk b,folurS trIrxm; awmhyg/
uRefawmfwdkYrSmvnf; taMumif;aMumif;aMumifh tvkt,ufjyef MuwmawG? OD;atmifvkyfcsifonfhÓOfawG b,favmuf&dSaeae? uRef awmfwdkY r&dSawmhonfhaemufydkif;uscgrS om;orD;ajr;jrpfrsm;u uRef awmfwdkYawG\ ]wef;}udk owfrSwfMuygvdrfhrnf/ ]ao&ifNyD;NyD}qdk onfrSm aoolYtwGufom jzpfygonf/ usef&pfol tEG,fawmfrsm; twGufuawmh rNyD;yg/ oGm;avolu pkwfyJh&if pkwfyJhoavmuf? awmf&if awmfoavmuf olYaemufrsdK;qufawGrSm cHpm;? pHpm;Mu& pjrJvnf;jzpfygonf/
uRefawmfujzifh uRefawmfh om;orD;ajr;jrpfawGrSm uRefawmfh aMumifh vlawmrwdk;avrSm? acgif;razmfEdkifrSm pdk;vSygonf/
tm;vHk;awG;q qifjcifMunfhEdkifMuygap
ql’dkeif