Book review on one of my books

စာအုပ် ဖတ်ညွှန်းပါ ကျွန်တော့် စာတစ်အုပ်အကြောင်း


အတ္တကျော်
မိုးထိအောင် လှေကားထောင်နည်း

ဆရာအတ္တကျော်ဆိုတာ သူ့စာအုပ်တွေသာမက လူကိုယ်တိုင်ကပါ စိတ်ဝင်စားစရာ ကောင်းတဲ့သူတစ်ယောက်ပါပဲ။ ရူပဗေဒနဲ့ ဘွဲ့ရတယ်။ ပြီးတော့မှ ဒီဘွဲ့နဲ့ ဘယ်လိုမှ ဆက်စပ်မှု မရှိတဲ့ ရှေ့နေသင်တန်း တက်ပြန်တယ်။ ပြင်သစ်ဘာသာဘွဲ့လည်း ရသေးတယ်။ အဲဒီနောက် အသုံးချ စိတ်ပညာ ဒီပလိုမာ တက်ပြန်တယ်။ ပြီးတော့ ပြည်တွင်း ပြည်ပမှာ လူမှုရေး၊ ကျန်းမာရေး၊ စီမံခန့်ခွဲရေး သင်တန်းမျိုးစုံ တက်ပြန်ရော။

အလုပ်လည်း မျိုးစုံ လုပ်ဖူးတယ်။ တက်စီသမား၊ ရှေ့နေ၊ နိုင်ငံခြား သံရုံးမှာ ဒေါ်လာစား ၀န်ထမ်း။ ဒါတွေကို စွန့်လွှတ်ခဲ့ပြီးတော့မှ စာရေးဆရာဖြစ်လာတာ။ ရေးတော့လည်း လိုင်းကစုံတယ်။ ၀တ္ထုတွေ ရေးနေရာကနေ စာပေ ဝေဖန်ရေးဘက် ရောက်သွားတယ်။ နောက်တော့ ဘာသာပြန်ဘက် ကူးသွားပြန်ရော။ ခု လောလောဆယ်မှာတော့ တက်ကျမ်းတွေနဲ့ ခြေငြိမ်နေတယ်။ နောက်ပိုင်းမှာ ဘယ်လိုင်းပြောင်းဦးမလဲ မသိ။

ဒါလည်း သဘာဝတော့ ကျလှပါတယ်။ ဆရာအတ္တကျော်ဟာ ပညာမျိုးစုံ သင်ဖူးတယ်။ အလုပ်မျိုးစုံ လုပ်ဖူးတယ်။ ဘ၀မျိုးစုံမှာ ကျင်လည်ဖူးတယ်။ လူမျိုးစုံနဲ့ ပေါင်းသင်းဆက်ဆံဖူးတယ်။ ကောင်းမှုကုသိုလ်လည်း လုပ်ဖူးတယ်။ မကောင်းတာတွေလည်း လုပ်ဖူးတယ်။ ဒါကြောင့် သူဟာ တော်ရုံလူကို အထင် မကြီးတတ်တော့ဘူး။ ထို့အတူ အထင်လည်း မသေးရဲတော့ဘူး။ သူဟာ ဘယ်သူ့ အကူအညီကိုမှ မယူဘဲ ကိုယ့်အားကိုယ်ကိုးပြီး ကျားကုတ် ကျားခဲ ကြိုးစားခဲ့လို့ ဒီအခြေအနေ ရောက်လာရတာပါ။

ဒီအကြောင်းရာတွေကို မျှဝေပေးချင်တဲ့အတွက် စာတွေရေးဖြစ်လာပုံ ရပါတယ်။ တကယ်တော့ နိုင်ငံခြားက စာအုပ်စာတမ်းတွေကို ဘာသာပြန်စရာ၊ ကိုးကားနေစရာတောင် မလိုပါဘူး။ များပြား စုံလင်လှတဲ့ သူ့ရဲ့အတွေ့ အကြုံတွေကို ပြန်ပြီး ဖောက်သည်ချရုံနဲ့တင် လုံလောက်နေပြီ။ သူကိုယ်တိုင်က သက်ရှိတက်ကျမ်း ဖြစ်နေလို့ပါပဲ။

မိုးထိအောင် လှေကားထောင်နည်း စာအုပ်ထဲမှာ တဒင်္ဂချင်းစီ ဦးဆောင်မှု၊ လူရည်လည် အောင်နေထိုင်နည်း၊ လိမ်လည်ခြင်း၊ အလွဲသုံးစား ပြုလုပ်ခြင်း၊ ကျင့်ဝတ် ပျက်ပြားခြင်းများဆိုသည်မှာ၊ မုသားရဲ့ အခြားတစ်ဖက်၊ သိမ်းစွန်ငှက်နဲ့ ကျောပိုးအိတ်၊ အဝေဖန်ခံနည်း နိဿရည်း၊ ရင်ဝကို ထိုးဆောင့်တဲ့ ဓာတ်ချောစာတစ်စောင် ဆိုပြီးအခန်းတွေ ခွဲပြထားပါတယ်။

လူငယ်တွေ စဉ်းစားစရာ၊ ဆင်ခြင်စရာ၊ စမ်းသပ် လေ့ကျင့်စရာ အချက်အလက်တွေ ပါဝင်ပါတယ်။

လူငယ်တွေဟာ တစ်နေ့နေ့မှာ ခေါင်းဆောင်တွေ ဖြစ်လာမှာပါ။ အဲဒီအခါ ခေါင်းဆောင်ကောင်းတို့ရဲ့ အရည်အသွေးတွေကို သိထားဖို့လိုပါတယ်။ ခေါင်းဆောင် မဖြစ်ရင်တောင် နောက်လိုက်တော့ သေချာပေါက်ဖြစ်ရမှာပဲ။ အဲဒီ အခါမှာလည်း ဒီအရည်အသွေးတွေကိုသိမှ ဘယ်သူ့နောက် လိုက်ရကောင်းမလဲဆိုတာ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်မှာပေါ့။

သူများကို ဝေဖန်ဖို့ဆိုတာ လွယ်တယ်။ အဝေဖန် ခံနိုင်ဖို့ကျတော့ ထင်သလောက် မလွယ်ဘူး။ လူဆိုတာ တစ်ချိန်မဟုတ်တစ်ချိန်တော့ ဝေဖန်ခံရမှုနဲ့ ထိပ်တိုက် တွေ့ရမှာပဲ။ အဲဒီအခါ ဘယ်လိုတုံ့ပြန်မလဲ။ ထုံပေပေနဲ့ ခံနေမလား။ အပြင်းအထန် ခုခံမလား၊ ဟားတိုက် ရယ်မောပစ်လိုက်မလား၊ ခွင့်လွှတ်စိတ်နဲ့ နားလည်ပေးမလား၊ ကိုယ်မဟုတ်သလို လျစ်လျူရှုလိုက်မလား။ ဒီစာ အုပ်ထဲမှာ အဝေဖန်ခံနည်းပါ ပါတယ်။

ဆရာအတ္တကျော်ရဲ့ စကားပြေရေးဟန်က ရှင်းလင်း ပြတ်သားပါတယ်။ ဆိုလိုရင်းကို ထင်းခနဲ မြင်အောင် ရေးနိုင်ပါတယ်။ ဆွဲဆောင်မှုရှိအောင် လိုအပ်တဲ့နေရာတွေမှာ ဥပမာလေးတွေ ထည့်ပေးတတ်ပါတယ်။ အထူးသဖြင့် ဇင် ဗုဒ္ဓ၀ါဒထဲက ပုံပြင်လေးတွေဟာ အလွန်ထိမိပါ တယ်။ ဥပမာတစ်ခု တင်ပြပါမယ်။

တစ်ခါက ဂျပန် ဇင်ဘုန်းတော်ကြီး နှစ်ပါး အတူတကွ ခရီးသွားကြရင်း ရေစီးသန်တဲ့ ချောက်ကမ်းပါးကို ရောက်တော့ ဂါဝန်လှလှလေး ၀တ်ထားတဲ့ မိန်းမပျို ချောချောလေး တစ်ယောက်ကို တွေ့ရပါတယ်။ မိန်းကလေးက ချောင်းကို ဖြတ်မကူးရဲပဲ ဖြစ်နေတယ်။

ဒီအခါမှာ ဘုန်းတော်ကြီးတစ်ပါးးက မိန်းကလေးကို စွေ့ခနဲ ပွေ့ချီလိုက်ပြီး ချောင်းကို ဖြတ်ကူးလာခဲ့တယ်။ တစ်ဖက်ကမ်း ရောက်တော့မှ မိန်းကလေးကို မြေပေါ် ပြန်ချပေးပြီး ဆက်လျှောက်လာတယ်။ ဒီအပြုအမူကို ကျန်တဲ့ ဘုန်းတော်ကြီးတစ်ပါးက အတော် မကျေမချမ်း ဖြစ်နေတယ်။ ကျောင်းကို ပြန်ရောက်တဲ့အခါမှာတော့  မအောင့်အည်းနိုင်တော့ဘဲ ဝေဖန် ပြစ်တင်ပါတော့တယ်။

“ဘုန်းကြီးဆိုတာ မာတုဂါမတွေနဲ့ မထိစပ် မပတ်သက်ရပါဘူး။ အထူးသဖြင့် နေ့လယ်က ကလေးမလို လှတပတလေးတွေနဲ့ဆို သာတောင် ဆိုးသေးတယ်။ အရှင်ဘုရားကတော့ အာပတ် သင့်တော့မှာပဲ ဘုရား”

ဒီအခါမှာ အပြောခံရတဲ့ ဘုန်းတော်ကြီးက

“ငါ့ရှင်၊ ငါက ဟိုမိန်းကလေးကို စမ်းချောင်း နံဘေးမှာ နေ့လယ်ကတည်းက ထားရစ်ခဲ့ပြီ၊ ငါ့ရှင်ကတော့ အခုထက်ထိ သူ့ကို ဒီကျောင်းပေါ် ရောက်အောင် ပွေ့ချီလာတုန်းပဲကိုး”

ဒီပုံပြင်လေးဟာ ခုကာလနဲ့ အတော်ပဲ လိုက်ဖက်ပါတယ်။ ဒီခေတ်မှာ လူတွေဟာ တစ်ခုခုကိုတော့ ပွေ့ချီထားမိကြတာပါပဲ။ ကိုယ် ဘာကို ပွေ့ချီထားသလဲ ဆိုတာ သိတဲ့လူနဲ့ မရိပ်မိ တဲ့လူပဲ ကွာမယ် ထင်ပါတယ်။

မင်းကိုဉာဏ်
(“ဖတ်ကြည့်ပါ” Teen မဂ္ဂဇင်း၊ မတ်လ ၂၀၁၂)

(မှတ်ချက် – “မင်းကိုဉာဏ်”ဆိုတာ နာမည်ကျော် စာရေးဆရာ “မင်းလူ”ရဲ့ ကလောင်ခွဲဖြစ်ပါတယ်။)

The Real Heredity

ဝစီစရိုက် မျိုးရိုးလိုက်မှု

ကျွန်တော်တို့တွေက မွေးလာတဲ့ ကလေးလေးတွေမှာ ကျွန်တော်တို့ လက်မခံနိုင်တဲ့၊ လက်မခံချင်လှတဲ့ အမူအကျင့်တွေ၊ အပြောအဆိုတွေ တွေ့နေရပြီဆိုရင် အဲဒါတွေရဲ့အဓိက လက်သည်ကို အရင်ဆုံး မြင်ဖို့ လိုပါတယ်။


“လက်ဦးဆရာ မည်ထိုက်စွာ၊ ပုဗ္ဗာစရိယ မိနဲ့ဘ”ဆိုတဲ့ စကားဟာ သေချာ စဉ်းစားလေလေ၊ သွေးထွက်အောင် မှန်လေလေပါ။ ကလေးတွေရဲ့ အကျင့်စရိုက် အတော်များများဟာ မိဘတွေဆီက အမွေဆက်ခံ ရရှိခဲ့တာသာ ဖြစ်ပါတယ်။ အထူးသဖြင့် ဝစီစရိုက်လို့ဆိုကြတဲ့ နှုတ်ချိုခြင်း၊ နှုတ်ကြမ်းခြင်း၊ ဆဲတတ်ခြင်း၊ ယဉ်ကျေး ပျူငှာခြင်း၊ တိုးတိုးသက်သာ ပြောတတ်ခြင်း၊ အော်ကြီး ဟစ်ကျယ် လုပ်တတ်ခြင်းအစရှိတဲ့ “နှုတ်မှုအကျင့်”ဟူသမျှဟာ မိဘဆီက အပြည့်အဝ အမွေ ဆက်ခံရတတ်စမြဲ (ဝါ) မျိုးရိုးလိုက်တတ်မြဲ ဖြစ်ပါတယ်။

မိဘလုပ်တဲ့သူကတော့ “ရော့… အင့်… ယူလဟဲ့။ မှတ်လဟဲ့”လို့ အတိအကျကြီး ပေးလိုက်တာ မဟုတ်ပါဘူး။ ဒါပေမယ့် လူမှန်းမသိခင် အကလေးဘဝကတည်းက မြင်နေ၊ ကြားနေရတော့ မသင်ဘဲနဲ့ အလိုလို တတ်လာတဲ့သဘောပါ။

သည်နှုတ်မှုစရိုက်တွေအားလုံး မိဘတွေဆီက အမွေရလိုက်တယ်ဆိုတာအတွက် ဘယ်သူမှ မငြင်းသာတဲ့ အထင်ရှားဆုံး ဥပမာကို ပြရမယ်ဆိုရင် ဘာသာစကား တတ်မြောက်မှုပါပဲ။ မြန်မာကလေးတွေဟာ မြန်မာစကားကို သင်စရာ မလိုဘဲ တတ်လာသလို  တရုတ်ကလေးတွေ၊ ကုလားလေးတွေ၊ တခြား ဘာသာစကား ပြောတဲ့ လူမျိုးအသီးသီးရဲ့ ကလေးတွေဟာလည်း သက်ဆိုင်ရာ ဘာသာစကားအသီးသီးကို မသင်ဘဲ တတ်လာခဲ့တာဟာ မိဘဆီက နှုတ်မှုစရိုက်ကို အပြည့်အဝ အမွေဆက်ခံတဲ့ သဘောပါပဲ။

ကလေးငယ် စကား မတတ်ခင်ကတည်းက သူ့နားထဲကို ဝင်နေတဲ့ ဘာသာစကားတွေကို သူ့ဦးနှောက်ကလေးနဲ့ လိုက်မှတ်ထားပြီး ဖြစ်ပါတယ်။ သူလည်း စကား ပြောတတ်လာပြီဆိုတာနဲ့ တစ်ပြိုင်နက် အဲလို မှတ်သားထားတဲ့ စကားလုံးတွေကို ချပြောကြည့်တော့တာပါ။ ပြောတတ်စမှာ နေ့စဉ်နဲ့ အမျှ အသစ်တိုးနေတဲ့ ဝေါဟာရတွေ၊ ဝါကျတွေကိုလည်း မှတ်နေတုန်းပါပဲ။ မှတ်ရုံတင်မကဘဲ အလျဉ်းသင့်ရင် သင့်သလို သူပြောတဲ့အခါမှာလည်း ထည့်သုံးနေတတ်ပါတယ်။
အဲဒီ့ကမှတစ်ဆင့် ကျောင်းနေတဲ့အခါ၊ အိမ်ထက် ပိုမိုကျယ်ဝန်းတဲ့ လူ့လောကထဲကို ရောက်လာတဲ့အခါ၊ စာအုပ်တွေ ဖတ်လာတဲ့အခါ၊ ရုပ်ရှင် ဗီဒီယိုတွေ ကြည့်လာတဲ့အခါများမှာ မိမိ နှစ်သက် သဘောကျတဲ့ စကားလုံးလေးတွေ၊ ဝါကျလေးတွေ၊ စာတန်းလေးတွေကို တမင် ကျက်နေစရာ မလိုဘဲ မှတ် မှတ်နေတော့တာများ သေတဲ့အထိကို မှတ်လို့ မဆုံးနိုင်အောင်ပါပဲ။

ဒါပေမယ့် ကြီးမှ ဘယ်လို မှတ်မှတ်၊ တကယ့် အခြေခံဖြစ်တဲ့ မိခင် ဘာသာစကား တတ်မြောက်မှုကျတော့ မိဘတွေဆီက ပြည့်ပြည့်ဝ၀ အမွေရခဲ့တယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ မိဘတွေဆီက မဟုတ်ရင်တောင် မွေးစကတည်းက ကလေးနဲ့ လက်ပွန်းတတီးနေခဲ့ရတဲ့ အဘိုးအဘွားတွေ၊ အဒေါ်တွေ၊ သားချင်းတွေ၊ ကလေးထိန်းတွေဆီက ဘာသာစကား တတ်လာရတာ အသေအချာပါ။

မိဘအများ စဉ်းစားစရာ

ဘာသာစကားဆိုတဲ့ လူ့ဘဝရဲ့အခြေခံ ကိရိယာတစ်ရပ်လို ကြီးမား ကျယ်ပြန့်လှတဲ့ စွမ်းရည်တစ်ရပ်ကိုတောင် မိဘဆီက အမွေဆက်ခံ ရရှိခဲ့သေးတာ။ အဲဒီ့ ဘာသာစကားကို သုံးစွဲတဲ့ လေယူလေသိမ်း၊ စကားလုံး ရွေးချယ်မှု၊ အသံ အတိုးအကျယ်စတဲ့ ဘာသာ စကားသုံးစွဲမှုကို ပံ့ပိုးနေတဲ့ အခြားအင်္ဂါရပ်တွေမှာလည်း ကလေးတွေဟာ မိဘတွေ၊ ဒါမှမဟုတ် သူတို့နဲ့ လက်ပွန်းတတီးနေကြသူတွေဆီက ပုံတူကူးချ ရရှိလိုက်တယ်ဆိုတာဟာလည်း ဘယ်လိုမှ အငြင်းမပွားနိုင်တဲ့ အချက်ပါပဲ။

ဒါပေမယ့် ကျွန်တော်တို့ မိဘလုပ်တဲ့သူတွေက သည်အချက်ကို မသိချင်ယောင်ဆောင်မိနေတတ်ကြပါတယ်။ တကယ် မသိတာလည်း ဖြစ်နိုင်သလို မိမိကိုယ်ကိုကျ အမြဲတစေ တစ်ကွက်ချန် တွေးတတ်တဲ့ လူ့သဘာဝကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ကလေးငယ်တစ်ယောက်က လူပုံအလယ်မှာ မဖွယ်ရာတဲ့ စကားတစ်ခွန်းကို ပြောချလိုက်တဲ့အခါ မိဘလုပ်တဲ့သူတွေက ခပ်ရှက်ရှက်နဲ့ “အို… သည်ကလေး ဒါတွေကို ဘယ်က တတ်လာတယ် မသိဘူး”လို့  ညည်းချင်း ချတတ်ပါတယ်။ အမှန်က မိဘတွေကိုယ်တိုင်ဆီက၊ ဒါမှမဟုတ်ရင်လည်း ကလေးနဲ့ လက်ပွန်းတတီး နေတဲ့ ပတ်ဝန်းကျင်က ရလာတာဟာ အင်မတန်ကို သေချာတဲ့အချက်ပါ။

ဒါကြောင့် မိမိတို့ရဲ့ကလေးတွေ ဘယ်အရွယ်ကို ရောက်နေပါစေ။ ကလေးတွေမှာ ကိုယ့်စိတ်နဲ့ အစပ်မတည့်လှတဲ့ အမူအကျင့်၊ အပြောအဆို တစ်ခုခုကို တွေ့လိုက်ရပြီဆိုတာနဲ့ မိဘတွေဘက်က ပထမဆုံး စဉ်းစားသင့်တဲ့အချက်က အဲဒီ့အပြုအမူ၊ အပြောအဆိုကို ကိုယ်ကိုယ်တိုင်ကရော ကျူးလွန်တတ်သလား ဆိုတာကိုပါ။

ကိုယ့်မှာ အဲလို အကျင့်ရှိမှန်း သေချာသွားရင် ဒုတိယ ဆက်စဉ်းစားဖို့ ကောင်းတာက အဲဒီ့အကျင့်ကို ဘယ်က ရခဲ့သလဲဆိုတာကိုပဲ ဖြစ်ပါတယ်။ ကိုယ် ကိုယ်တိုင်လည်း အဲလို အကျင့်ကို ကိုယ့်မိဘတွေဆီက ရခဲ့တာဖြစ်ဖို့က ရာခိုင်နှုန်း အတော်များများ သေချာနေပါတယ်။

ရောဂါရဲ့ဇစ်မြစ်ကို အသေအချာသိပြီဆိုရင် ကုဖို့ လွယ်တတ်သလိုပါပဲ။ အခုလို ကိစ္စမျိုးတွေမှာလည်း ကိုယ့်ဆီမှာ ရှိတဲ့ အကျင့်ဆိုးတွေကို သတိထားကြည့်လို့ မြင်လိုက်ပြီဆိုတာနဲ့ ကိုယ့်သားသမီးကို ပြုပြင်ဖို့ထက် မိမိကိုယ်ကို ပြင်ဖို့ အရင်ဦးဆုံး အားထုတ်နိုင်ပါလိမ့်မယ်။

ဖြစ်နိုင်မယ်ဆိုရင်တော့ သားသမီးကိုလည်း ဖြစ်ပုံပျက်ပုံ ကင်ပွန်းခြုံကို သေချာဃန ချပြပြီး ဆွေးနွေး ညှိနှိုင်းယူခြင်းအားဖြင့် ပြုပြင်ဖို့ ကြိုးစားနိုင်ရင် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ “ငါပြောသလို လုပ်။ ငါလုပ်သလို လိုက်မလုပ်နဲ့”တို့၊ “ငါတို့ကတော့ သင်္ချိုင်းကုန်း ခြေတစ်ဖက် လှမ်းနေပြီမို့ ပြင်လို့ မလွယ်တော့ဘူး၊ မင်းတို့သာ လူ့ဘဝမှာ လူဆက်လုပ်ရဦးမှာမို့ ပြင်ခိုင်းနေရတာ”တို့ဟာ တော်တော် လက်လွတ်စပယ်နိုင်တဲ့ ဆုံးမနည်းမျိုးပါ။ ကိုယ် ကိုယ်တိုင် မလိုက်နာနိုင်တဲ့၊ မကျင့်သုံးနိုင်တဲ့ စည်းကမ်း တစ်ရပ်၊ ကျင့်စဉ် တစ်ခုကို ချမှတ်တယ်ဆိုတာဟာ ဆင်ခြင်ဉာဏ် ကင်းမဲ့တဲ့ လူ့အန္ဓများသာ ကျူးလွန်တတ်မြဲ ဖြစ်ပါတယ်။

စိတ်မှတ်မဲ့ တုံ့ပြန်မှုနဲ့ မျိုးရိုးလိုက်ခြင်းသဘော

လူတိုင်းမှာ စိတ်မှတ်မဲ့ တုံ့ပြန်မှုတွေ ရှိပါတယ်။ မြင်သာ ထင်သာအောင် ပြောရရင် နှာချေတဲ့အခါ၊ ယားတတ်သူရဲ့ ခါးကို တို့လိုက်တဲ့အခါမျိုးတွေမှာ နှုတ်က အမှတ်တမဲ့ ထွက်လာတတ်တဲ့ စကားလုံးတွေဟာ အထင်ရှားဆုံး စိတ်မှတ်မဲ့ တုံ့ပြန်မှုတွေပါပဲ။ ထိုနည်းလည်းကောင်းပဲ၊ တစ်စုံတစ်ခု လွတ်ကျသွားတဲ့အခါ၊ ရုတ်တရက် ထိတ်လန့်စရာ တစ်ခုခု၊ နာကျင်မှု တစ်ခုခု၊ ရယ်စရာတစ်ခုခု ကြံရတဲ့အခါ၊ အံ့ဩသွားတဲ့အခါမျိုးတွေမှာလည်း စိတ်မှတ်မဲ့ တုံ့ပြန်တတ်ကြစမြဲပါပဲ။ အဲဒီ့ကမှ တစ်ဆင့်တက်ပြီး စိတ်တိုတဲ့အခါ၊ ဝမ်းသာတဲ့အခါ၊ ဝမ်းနည်းတဲ့အခါမျိုးတွေမှာလည်း လူတို့ဟာ ဖြစ်လာတဲ့ ခံစားမှုကို စိတ်မှတ်မဲ့နည်း တစ်မျိုးမျိုးနဲ့ ထွက်ပေါက်ပေးကာ တုံ့ပြန်တတ်ကြပါသေးတယ်။

“ဟတ်ချိုး ဆိတ်ဖွား၊ အသက်တစ်ရာ၊ အနာမရှိ၊” “ဟတ်ချိုး ဘုရား၊” “ဟဲ့… သောက်ပလုတ်တုတ်၊” “အာယိုယို၊” “သေလိုက်ပါလား၊” “အမေ့၊” “Whoops a daisy!” “Oh, my god!” “Bless you!” “What the hell!” တို့မှအစ အယုတ္တ အနတ္တ ဆဲသံမျိုးစုံအဆုံး လူအားလုံးဟာ ရုတ်တရက် ကြုံတွေ့ ရင်ဆိုင်ရတဲ့ ကိစ္စ တစ်ရပ်ရပ်အပေါ်မှာ တစ်နည်းနည်းနဲ့ တုံ့ပြန်ပြတတ်ကြပါတယ်။

တချို့ကျတော့ အသံနဲ့တင် မကပါဘူး၊ ကိုယ်အမူအရာနဲ့ပါ တုံ့ပြန်တတ် ပါသေးတယ်။ မိန်းကလေး အတော်များများဆို သူတို့မခံချင်တာ တစ်ခုခုကို ပြောရင် ပြောသူကို လှမ်းပြီး ပုတ်တာမျိုး၊ တချို့ယောက်ျားလေးတွေက လက်သီးနဲ့ ရွယ်လိုက်တာမျိုးတွေလည်း ရှိပါတယ်။ အလွယ် ပြောရင်တော့ “ယောင်”ပြီး လုပ်မိတဲ့ ကယောင်ကတမ်း တုံ့ပြန်မှုကို စိတ်မှတ်မဲ့တုံ့ပြန်မှု (reflex) လို့ ဆိုလိုတာပါ။

အဲလို စိတ်မှတ်မဲ့ တုံ့ပြန်ကြရာမှာ ရေရွတ်ကြတဲ့ စကားလုံးတွေ၊ လှုပ်ရှားကြတဲ့ ကိုယ်အမူအရာတွေ အတော်များများဟာလည်း အတုမြင်၊ အတတ်သင် ဆိုသလို လူတစ်ယောက်ရဲ့စိတ်အာရုံမှာ စွဲမြဲ ထင်ဟပ် ကပ်ငြိနေတဲ့ နမူနာ တစ်ခုခုအပေါ်မှာ အခြေခံပါတယ်။

များသောအားဖြင့် မိခင်ရဲ့နမူနာကို လူအတော်များများက အတုခိုးဖြစ်သွားတတ်ကြပါတယ်။ မိခင်က “ပလုတ်တုတ်”လို့ ယောင်တတ်ရင် သားသမီးတွေလည်း လိုက်ပြီး “ပလုတ်တုတ်”ချင်သလို ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သည်အချက်ဟာ အပြည့်အဝမှန်တယ်လို့တော့ အပြောရ ခက်ပါလိမ့်မယ်။ တချို့ ကလေးငယ်လေးတွေမှာ မိခင်၊ ဖခင်တို့ ယောင်ယမ်းလေ့ မရှိတဲ့ ဝေါဟာရမျိုးနဲ့ ယောင်တတ်ကြတာကို တွေ့ရလို့ပါပဲ။

ဒါပေမယ့် သေချာတာတစ်ခုကတော့ ကလေးတို့ဘဝမှာ နီးစပ်ရာ လူတစ်ဦးဦးရဲ့ ယောင်တတ်ပုံကို သံယောင်လိုက်ရာက စတင်တယ်ဆိုတာပါပဲ၊ မိခင်၊ ဖခင် မဟုတ်တောင် အဘိုး၊ အဘွား၊ အဒေါ်၊ ဦးလေး၊ ကလေးထိန်း စသူများရဲ့ ယောင်ပုံလေးတွေကို တမင်ကလာမဟုတ်ဘဲ အလိုလို အတုခိုးမိရာက လူတစ်ယောက်ရဲ့ယောင်တတ်မှု (ဝါ) စိတ်မှတ်မဲ့ တုံ့ပြန်မှုအသီးသီးကို ရရှိလာပါတယ်။


အဲဒီ့ကမှတစ်ဆင့် မိသားစုဘဝထက် ပိုမိုကျယ်ဝန်းတဲ့လူ့ဘောင် ဘဝထဲကို ရောက်လာတဲ့အခါ ကျောင်းက၊ အရပ်ထဲက လူတစ်ဦးဦးရဲ့ တုံ့ပြန်ပုံကို အမှတ်တမဲ့ ပုံတူကူးဖြစ်သွားတတ်ပြန်ပါတယ်။ လူဆိုတာက ပတ်ဝန်းကျင်ကိုလိုက်ပြီး တုံ့ပြန်တတ်ကြစမြဲဖြစ်လေတော့ကာ မိမိနေထိုင်ရာ ပတ်ဝန်းကျင်နဲ့ အလိုက်အထိုက်ဖြစ်နေအောင် လူ့ရဲ့ မွေးရာပါ အငုံ့စိတ်က အလိုလိုလိုက်ပြီး ပြုပြင်နေထိုင်သွားတတ်တာမျိုးပါ။

နှုတ်ကြမ်း အာကြမ်းနဲ့ ပါးစပ်သရမ်းတဲ့ ဝန်းကျင်မှာ ကျင်လည်နေဖြစ်ရင်လည်း အနှေးနဲ့ အမြန်ပဲ ကွာပါလိမ့်မယ်၊ ကိုယ်တိုင်လည်း နှုတ်သရမ်း၊ အာကြမ်းလာတော့မှာ အသေအချာပါပဲ။

ဒါက ယောင်တာ၊ ဆဲတာ အစရှိတဲ့ စိတ်မှတ်မဲ့တုံ့ပြန်ပုံ အနုစားလေးတွေနဲ့ ပတ်သက်လို့ ကူးစက်ပုံပါ။

ခံစားမှုများကို တုံ့ပြန်ပုံများ မျိုးရိုးလိုက်မှုသဘော

အဲဒီ့ကမှတစ်ဆင့်တက်ပြီး စိတ်ခံစားမှုများအပေါ် တုံ့ပြန်ပုံတွေကို ကြည့်မယ်ဆိုရင်လည်း အလားတူပါပဲ။ ဒါပေမယ့် အဲသလို စိတ်ခံစားမှု အသီးသီးကို တုံ့ပြန်ရာမှာကျတော့ ယောင်ယမ်းတာလိုကြီးမှာလိုမျိုး မိမိကျင်လည်ရာ ပတ်ဝန်းကျင်ကိုလိုက်ပြီး အတုမြင်အတတ်သင်ယူတာမျိုး နည်းပါးတတ်ပါတယ်။

စိတ်ခံစားမှုကို တုံ့ပြန်ကြရာမှာတော့ ယောင်ယမ်းတာထက် အများကြီး ပိုလို့ အချိန်ယူပြီး ကူးယူ၊ ပွားယူထားတဲ့ “စရိုက်”ဆိုတာက အဓိက အခန်းကဏ္ဌမှာ ပါဝင်နေပါတယ်။  လူတစ်ယောက်ရဲ့ငယ်ဘဝ၊ အထူးသဖြင့် မွေးစမှသည် ငါးနှစ်ရွယ် အတောအတွင်းမှာ နီးစပ်ပတ်သက်ရတဲ့ ပတ်ဝန်းကျင်က အဲဒီ့လူတစ်ယောက်ရဲ့ စိတ်ခံစားမှုအပေါ် တုံ့ပြန်ပုံအမျိုးမျိုးကို ပုံသွင်းယူလိုက်ပါတယ်။

တစ်နည်းအားဖြင့် လူတစ်ယောက်ရဲ့ပထမ ငါးနှစ်တာကာလအတွင်းမှာ နီးစပ်ရတဲ့ မိခင်၊ ဖခင်တို့ရဲ့စရိုက်၊ အတူနေသူ ဆွေမျိုး ဉာတကာများရဲ့ စရိုက်၊ ကလေးထိန်းများရဲ့စရိုက်တွေဟာ အဲဒီ့လူဆီမှာ စွဲမြဲလာလေမယ့် တုံ့ပြန်ပုံအလုံးစုံရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကို လွှမ်းမိုးထားတတ်စမြဲပါပဲ။

ဒါကြောင့် စိတ်တို၊ စိတ်ဆတ်တဲ့ မိသားစုက ပေါက်ဖွားလာတဲ့ ကလေးတစ်ယောက်ဟာ စိတ်ရှည်သူ ဖြစ်လာဖို့ အင်မတိ အင်မတန် ခဲယဉ်းလှသလို သဘောမနော ကောင်းတဲ့ မိသားစုက ဆင်းသက်လာတဲ့ ကလေးငယ် တစ်ယောက်မှာလည်း ဆိုးရွားတဲ့ သဘောထားတွေ ပါလာဖို့ ဖြစ်နိုင်ချေ အင်မတန် နည်းပါတယ်။

“အဖေ၊ အမေလည်း သည်လောက် သဘောမဆိုးပဲနဲ့ သည်ကလေးကျမှ ဘယ်လိုလုပ်ပြီး အကျင့်တန်နေသလဲ မသိဘူး”ဆိုတဲ့ စကားမျိုးကို မိသားစုတချို့မှာ ကြားဖူးကြမှာပါ။ ဒါပေမယ့် လက်တွေ့မှာ အဖေ အမေ ကိုယ်တိုင်က အဟုတ် မဟုတ်လို့သာ ကလေးတွေလည်း မူမမှန်တာကိုပဲ တွေ့ရပါတယ်။ လူဆိုတာက မိမိကိုယ်ကိုကျတော့ အမြဲ ဖော့တွေးတတ်နေလေတော့ တစ်ခုခုဆို ကလေးကိုပဲ အပြစ်တင်ဖို့ အားထုတ်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ်တော့ လူဆိုးစာရင်းထဲ သွင်းဖို့ စဉ်းတောင် မစဉ်းစားမိတတ်ကြပါဘူး။

နမူနာတွေ

သိမ်မွေ့ယဉ်ကျေးတဲ့ မိဘတွေကမွေးဖွားလာရင် ကလေးတွေလည်း သိမ်မွေ့ ယဉ်ကျေးတာကို တွေ့နိုင်ပါတယ်။ အဲဒါတွေကို ကျွန်တော်တို့ရဲ့ နေ့စဉ် လူမှုဘဝ ပတ်ဝန်းကျင်မှာ တစေ့တစောင်း သတိထားကြည့်ရင် မြင်သာမှာပါ။ ထို့အတူ “အမိယုတ် နှုတ်ကြမ်း၊ အဘယုတ် လက်ကြမ်း” ဆိုတဲ့ ဆိုရိုးဟာလည်း အမှန်ပါပဲ။

နမူနာပြရပြန်ရင် ကျွန်တော်ဟာ အင်မတန် စိတ်မြန်တယ်၊ စိတ်တိုတယ်၊ ဒေါသကြီးတယ်။

စိတ်တိုရင် အော်ကြဟစ်ကြ၊ ဆဲကြဆိုကြ၊ ရိုက်ကြ နှက်ကြတဲ့ မိသားစုမှာ ကျွန်တော် ပေါက်ဖွားခဲ့တာပါ။ ဒါကြောင့် ကျွန်တော်ကိုယ်တိုင်လည်း စိတ်တိုတဲ့အခါ အော်ဟစ်ဖို့၊ ဆဲဆိုဖို့၊ ရိုက်နှက်ဖို့ အခါခပ်သိမ်း အားထုတ်နေမိတတ်ပါတယ်။ ကျွန်တော်တင်လားဆိုတော့ မဟုတ်ဘူး၊ ကျွန်တော်က မွေးထားတဲ့၊ လက်တောက်လောက်ပဲ ရှိရှာကြသေးတဲ့ သားနဲ့ သမီးကလည်း စိတ်တိုရင် အော်ဟစ်နေတတ်ကြပြီ။ မျိုးရိုးလိုက်တယ်ဆိုတာ အဲလို အတုမြင်အတတ်သင်ရင်းက အကျင့်ဆိုးတွေ ကူးစက်ကုန်တာကို ခေါ်တာပါ။

ကျွန်တော် အရမ်း ဒေါသဖြစ်လာတဲ့အခါတွေမှာ ရိုက်ချင် ပုတ်ချင်တဲ့ စရိုက်ကြမ်းကြီးနဲ့ ဖြစ်နေတာကိုသတိထားမိပါတယ်။ ဒေါသက ငယ်ထိပ်ကို ရောက်သွားတဲ့အခါမျိုးမှာတော့ ဘာကိုမှ မမြင်မိတော့အောင် ဖြစ်နေပါတယ်။ ကားမောင်းနေခိုက်မှာများ ဒေါသဖြစ်လို့ကတော့ တွေ့ကရာ အကုန် မဲတတ်ပါတော့တယ်။ သာမန်အချိန်မှာ စည်းကမ်း လိုက်နာဖို့ အမြဲတစေ သတိထားတတ်ပေမယ့် ဒေါသ ထွက်နေတဲ့အခါမှာ ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းတွေကိုလည်း ဖောက်ချင် ဖောက်မိတတ်တယ်။

ကားမောင်းကြမ်းတာကတော့ ကျွန်တော့်ရဲ့ မူပိုင် စရိုက်လို့တောင် ဆိုနိုင်ပါတယ်။ ဒေါသထွက်ရင်တော့  ကြမ်းတဲ့အဆင့်ကနေ ရမ်းတဲ့အဆင့်အထိ တက်သွားတတ်တယ်။

သေချာ စဉ်းစားကြည့်တော့ အဲဒီ့စရိုက်က ကျွန်တော့်အဖေရဲ့စရိုက်။ အဖေ စိတ်တိုရင်လည်း ကျွန်တော့်လိုပဲ၊ ကားမောင်းတာ တအားကြမ်းလာ၊ ရမ်းလာတတ်တယ်။
ကျွန်တော့်ကို ကားမောင်းသင်ပေးသူက ကျွန်တော့်အဖေ၊ အဲတော့ စိတ်တိုရင်လည်း ကားကို ခပ်ရမ်းရမ်း၊ ခပ်ကြမ်းကြမ်း မောင်းခြင်းဖြင့် ကိုယ့်စိတ်ကို ထွက်ပေါက် ပေးရမယ်လို့ အဖေက အထူး မသွန်သင်ဘဲနဲ့ ကျွန်တော့်မှာ အလိုလိုတတ်လာတာလည်း သဘာဝကျပါတယ်။

အလားတူပဲ၊ စိတ်တိုလာရင် ကိုယ်အမူအရာပါ ကြမ်းတမ်းလာတာလည်း အဖေ့စရိုက်ပါပဲ။ ရိုက်မယ် နှက်မယ်၊ အော်မယ် ဆဲမယ်ဆိုတာလည်း အဖေ့ဆီက ရတဲ့ အမွေလို့ အတိအကျ ဆိုနိုင်ပါတယ်။

လွန်ခဲ့တဲ့လေးနှစ်ကျော်လောက်က ကျွန်တော့်အိမ်သူနဲ့ အကြီးအကျယ် ရန်ဖြစ်တဲ့အခိုက်မှာ အဲဒါကို ကျွန်တော် သွားတွေ့တာပါ။ ဆန်းတော့ တော်တော်ဆန်းပါတယ်။ ရန်ဖြစ်နေတုန်းမှာပဲ ကျွန်တော်ဟာ မိမိကိုယ်ရဲ့ အပြင်ဘက်ကို လွင့်ထွက်သွားသလို ဖြစ်သွားပါတယ်။ ပြီးတော့ ဒေါသ အပြည့်နဲ့ မာန်ဖီနေတဲ့ ကျွန်တော့်ကိုယ် ကျွန်တော် ထင်းထင်းကြီး မြင်လိုက်မိသလို ဖြစ်သွားပါတယ်။ ကျွန်တော့် မျက်နှာထား၊ ကျွန်တော့် ခြေဟန် လက်ဟန်၊ ကျွန်တော့်နှုတ်က ထွက်နေတဲ့ အသံနဲ့ စကားလုံးတွေ၊ အလုံးစုံဟာ ကျွန်တော် မဟုတ်ဘဲ ကျွန်တော့်ကိုယ်နဲ့ အဖေ့ရုပ်ကြီး ဖြစ်နေတာကို အလန့်တကြား တွေ့လိုက်ရတာပါ။

ဘဝမှာ အဲသလောက် ကိုယ့်ကိုယ်ကိုယ် စက်ဆုပ် ရွံရှာ မုန်းတီးတာမျိုး တစ်ခါမှ မဖြစ်ဖူးဘူး။ ကျွန်တော့်ကိုယ် ကျွန်တော် အဲလိုလည်း ပြန်မြင်လိုက်မိရော တော်တော့်ကို စိတ်ပျက်သွားခဲ့ပါတယ်။ သည်မှာတင် အဲသည့်နေ့က စပြီး လင်မယားရန်ဖြစ်တဲ့အခါ လက်မပါမိတော့အောင် အောင်အောင် မြင်မြင် ဆင်ခြင်သွားနိုင်ခဲ့ပါတော့တယ်။ (ယနေ့ ဒုတိယအကြိမ် ထုတ်ဖို့ အတွက် ပြင်ဆင်ရေးသားနေချိန်ဖြစ်တဲ့ ၂၀ဝ၃ခုနှစ် နှစ်ဦးကာလမှာဆိုရင် အဲလို အောင်မြင်စွာ ဆင်ခြင်နိုင်ခဲ့တာ ရှစ်နှစ်တင်းတင်းပြည့်မြောက်ခဲ့ရုံမက ကိုးနှစ်တာအတွင်းကို ချင်းနင်းဝင်ရောက်ခဲ့ပြီလည်းဖြစ်ပါတယ်။)

ကျွန်တော့်နည်းတူပဲ အင်မတန် စိတ်မြန်ပြီး စိတ်တိုလွယ်တဲ့ မိတ်ဆွေရင်း တစ်ယောက်ရှိပါတယ်။ ဒါပေမယ့် သူစိတ်တိုရင် မျက်နှာထားပဲ ပြောင်းသွားပြီး စကားသံ မထွက်တော့တာကို ကောင်းကောင်း သတိထားမိနေတယ်။

ဒါနဲ့ တစ်ခါကျတော့ ကျွန်တော် သူ့ကို မေးကြည့်မိတယ်။ “ခင်ဗျား အဖေရော စိတ်တိုရင် ဘာလုပ်တတ်သလဲ“လို့။ “အဖေ စိတ်တိုရင် စကား မပြောတော့ဘူးဗျ။ စိတ်တိုသွားပြီဆိုတာနဲ့ အဖေက သူ့ဘာသာ တစ်ယောက်တည်း နေနေတော့တာပဲ။ အဲဒီ့ထက် ပိုပြီး စိတ်တိုလာရင်တော့ အဖေက ပတ္တလား တီးနေတတ်တယ်။ အဖေ့ ပတ္တလားသံ ကြားရုံနဲ့ တစ်အိမ်လုံးကလည်း အဖေ စိတ်တိုနေပြီဆိုတာကို သိကြတယ်”လို့ သူ ပြန်ဖြေပါတယ်။

ကောင်းလိုက်တာ၊ သူတို့ မိသားစုဘဝလေးကို အားကျလိုက်တာ။

အိမ်ထောင်ရေး မျိုးရိုးလိုက်မှု

အိမ်ထောင်ရေး မျိုးရိုးလိုက်မှုကလည်း ကြောက်စရာ ကောင်းအောင် ခိုင်ခိုင်မာမာ ရှိနေတာကို တွေ့ရပါတယ်။

မိဘတွေရဲ့ အိမ်ထောင်ရေး အဆင်မပြေရင် အဲဒီ့မိဘမျိုးက ပေါက် ဖွားလာတဲ့ သားသမီးရဲ့အိမ်ထောင်ရေးလည်း အဆင်မပြေတတ်တာကို သတိထားကြည့်ရင် မြင်နိုင်ပါသေးတယ်။ အဖေလုပ်တဲ့သူက အိမ်ထောင် တစ်ဆက်မက ထူမယ်ဆိုရင်လည်း သားလုပ်တဲ့သူဟာ တစ်လင် တစ်မယား စနစ်ကို လိုလိုချင်ချင် လက်ခံ ကျင့်သုံးဖို့ ခဲယဉ်းနေတတ်ပြန်တယ်။

အလားတူပဲ မိခင်လုပ်သူက အိမ်ထောင်ရေးမှာ သစ္စာမဲ့ခဲ့ဖူးရင် သူက မွေးလာတဲ့သမီးမှာလည်း အိမ်ထောင်ရေးသစ္စာ ချို့ယွင်းဖို့ ရာခိုင်နှုန်း များနေတတ်တယ်။
ချွင်းချက်တော့ ရှိပါတယ်။ ဖောက်ပြန်သူက ယောက်ျားသားဖြစ်ပြီး သားလုပ်သူက မိခင်ကို အလွန်ချစ်တဲ့ သားမျိုးဖြစ်နေခဲ့ရင်တော့ သူယူတဲ့ မိန်းမအပေါ် စာနာစိတ်နဲ့ ဆင်ခြင်သွားနိုင်သလို ဖောက်ပြန်သူက မိန်းမသားဖြစ်ပြီး သမီးလုပ်သူက ဖခင်ရဲ့ခံစားချက်တွေကို စာနာ သနားနေမိခဲ့ပြန်ရင်လည်း အဲလို မျိုးရိုးလိုက်ချင်တဲ့ စရိုက်မျိုး ပျက်ကောင်း ပျက်သွားနိုင်ပါတယ်။

အပြန်အလှန်အားဖြင့် သမီးက မိခင်ကို၊ သားက ဖခင်ကို စံပြအဖြစ် အတုယူ အားကျတဲ့စိတ်က သိပ်ကြီးမားနေခဲ့မယ်ဆိုရင်တော့ မိခင်၊ ဖခင်တို့က အိမ်ထောင်ရေး ဖောက်ပြန်မှုကို ကျူးလွန်ရင် သူတို့လည်း ကျူးလွန်ဖို့ ဝန်မလေးတော့ပါဘူး။

နောက်တစ်ချက်က နောင်တစ်ချိန် လူကြီးဖြစ်လာမယ့် ကလေးတွေရဲ့ စိတ်မှာ အိမ်ထောင် တစ်ဆက်မက ထူတာဟာ ဘာမှ မထူးဆန်းဘူးလို့ တွေးလိုက်မိသွားအောင် မိဘတွေဘက်က အမှတ်တမဲ့ ရိုက်သွင်းပေးလိုက်သလိုလည်း ဖြစ်သွားတတ်ပါသေးတယ်။

အဲဒါလည်း အတွေ့အကြုံအရ ပြောတာပါ။ ကျွန်တော့် ဆွေနီးမျိုးစပ်ထဲမှာ အဲသလို အဖြစ်မျိုး ရှိနေတယ်။ အဘိုးလုပ်သူက ပထမ အိမ်ထောင်နဲ့ သားတစ်ယောက်၊ သမီး တစ်ယောက် ရတယ်။ ပထမအိမ်ထောင် တိမ်းပါးသွားတော့ အိမ်ထောင်သစ် ထူပါတယ်။ သမီး လုပ်တဲ့သူကတော့ အဒေါ် အပျိုကြီးတွေရဲ့ လက်ပေါ်မှာ ကြီးပြင်းခဲ့ရတာမို့ အပျိုကြီးဘဝနဲ့ အရိုးထုတ်သွားပါပြီ။

သားလုပ်တဲ့သူက အိမ်ထောင်ကျပြီး သမီးလေးတစ်ယောက် မွေးတယ်။ သမီးလေး အပျို မဖြစ်တဖြစ်မှာ ပထမ အိမ်ထောင် ဆုံးသွားပြန်တော့ နောက် အိမ်ထောင်ထူတယ်။ မကြာပါဘူး၊ သမီးလုပ်သူလည်း အရွယ်မတိုင်ခင် အိမ်ထောင်ကျသွားတယ်။

သမီးက အဲဒီ့အိမ်ထောင်နဲ့ လေး-ငါး-ခြောက်နှစ် ပေါင်းပြီး ကလေး နှစ်ယောက်အရမှာ ကွဲသွားတယ်။ နောက်အိမ်ထောင် ထပ်ပြုတယ်။ ကလေး တစ်ယောက် ထပ်ရတယ်။ မကြာပါဘူး၊ နောက်အိမ်ထောင်ရဲ့လက်ထဲကနေ တခြား ယောက်ျားတစ်ယောက်နောက်ကို လိုက်ပြေးပြန်တဲ့ သတင်း ကြားလိုက်ရပြန်တယ်။

အဘိုးကတည်းက စလာလိုက်တဲ့ ဇာတ်လမ်း၊ မြေးအထိ အခန်းဆက်နဲ့ သွားလို့ ကောင်းနေတုန်း။ ဒါနဲ့ ကျွန်တော်လည်း သတိရလို့ သိမီသူတွေကို ပြန်မေးကြည့်တော့ အဘိုးတောင် မကဘူး၊ အဘိုးရဲ့ အဖေ၊ လင် သုံး ယောက်ယူတဲ့ မိန်းကလေးရဲ့ “ဘေး”တော်ကြီး ကိုယ်တိုင်ကလည်း အိမ်ထောင် နှစ်ဆက် ရှိခဲ့ပါသတဲ့ခင်ဗျ။

အောင်မလေး… အိမ်ထောင်ရေး မျိုးရိုးလိုက်တတ်ပုံများ၊ ကြောက်စရာ ကောင်း ကောင်းသေးတော့။

 

မျိုးရိုးလိုက်ခြင်းကို ပြင်လို့ ရနိုင်၊ မရနိုင်

သာမန်အားဖြင့်တော့ ပြင်လို့ မရဘူးလို့ ပြောနိုင်ပေမယ့် လက်တွေ့မှာ တကယ် ပြင်ချင်စိတ်ရှိရင် ပြင်လို့ ရတာကို တွေ့ရပါတယ်။ ကျွန်တော့် ကိုယ်တွေ့ကို အခြေခံပြီး ပြောတာပါ။

ကျွန်တော့်အဖေဘက်က မျိုးရိုးဟာ အရိုက်အနှက်ကို အလွန် ဝါသနာ ထုံကြတဲ့အမျိုးပါ။ သားသမီးတင်မကဘဲ ဇနီး မယားကိုပါ ရိုက်နှက်ကြတဲ့ အထိပါ။ အဖေ့ဘက်က မျိုးရိုးလိုက်ပြီး ကျွန်တော်လည်း အကြမ်းဖက်တဲ့ နည်းနဲ့ ဒေါသတွေကို အထုပ်ဖြည်တဲ့ အလုပ်ကို ကြိမ်ဖန်များစွာ ကျူးလွန်ခဲ့ဖူးကြောင်း အဖန်ဖန် ဝန်ခံခဲ့ပြီးပါပြီ။ ဒါပေမယ့် အမေ့ကို အဖေ ရိုက်နှက် နှိပ်စက်ခဲ့စဉ်က အဖေ့ လုပ်ရပ်အပေါ် သိပ်ကို ရွံမုန်း စက်ဆုပ်ခဲ့ဖူးပါတယ်။ အဲလို ရွံရှာ စက်ဆုပ်ဖူးတဲ့အမှုကိုပဲ ကိုယ်တိုင် ကျူးလွန်မိနေမှန်း သတိထားမိလာတဲ့အခါ ကျွန်တော့်ကိုယ်ကျွန်တော် ချက်ချင်း ဆုံးမလိုက်နိုင်ပြီး ဇနီး မယား၊ သမီးသားတွေကို ရိုက်နှက်ဆုံးမတဲ့ အလုပ်ကို တစ်သက်စာ စွန့်လွှတ်နိုင်ခဲ့ပါတယ်။

အဲဒီ့ သာဓကအရ တကယ် ပြင်ချင်စိတ်သာ ပြင်းပြင်းထန်ထန် ရှိရိုးမှန်ရင် မျိုးရိုးလိုက်တယ်လို့ သတ်မှတ်ထားကြတဲ့ “အကျင့်ဆိုး ကူးစက်မှု”ကို မိမိတို့အလှည့်မှာ အဆုံးသတ်လိုက်နိုင်ပါတယ်။

 

အကျင့်ရဲ့ သဘာဝ

လေး-ငါး-ခြောက်နှစ်သားလေးကိုပဲဖြစ်ဖြစ်။ ဆယ်ကျော်သက်ရွယ် သားသမီးကိုပဲဖြစ်ဖြစ် အမူအကျင့်နဲ့ပတ်သက်လို့ ပြုပြင်ချင်ကြပါတယ်ဆိုရင် အဲဒီ့ အမူအကျင့်ရဲ့ အရင်းအမြစ်ကို အရင်ဆုံး ပြန်စဉ်းစားရပါလိမ့်မယ်။ တစ်ခါတလေမှာ မိဘဆီက မဟုတ်ဘဲ ကလေးနဲ့ လက်ပွန်းတတီး နေခွင့်ရနေသူ တစ်ဦးဦးဆီက ကူးစက်လာတာလည်း ဖြစ်ချင်ဖြစ်နေနိုင်ပါတယ်။

ဥပမာဆောင်ရရင် ကျွန်တော့်ရဲ့ ရှစ်နှစ်သမီးလေးမှာ အပျိုပေါက်လေး တစ်ယောက်လို “ပဲများ”တဲ့ သွင်ပြင်ဟန်ပန်လေးတွေ တွေ့လိုက်ရတဲ့အခါ တော်တော် မျက်စိနောက်သွားပါတယ်။ သူ့အရွယ်နဲ့ သူဖြစ်တာကို လက်ခံနိုင်ပေမယ့် အရွယ်မတိုင်ခင်မှာ ဖြစ်နေတာမျိုးကျတော့ စိုးရိမ်စရာကောင်းပါတယ်။

အကြောင်းရင်းကို စေ့ငုလိုက်တဲ့အခါ အဲဒီ့တလောက ကလေးတွေကို သူတို့ရဲ့သားချင်းတစ်ယောက် အိမ်မှာ လေး-ငါး-ဆယ်ရက် ထားလိုက်မိသွားတာက စတာပါ။ အဲဒီ့အိမ်က သူတို့ရဲ့ အစ်မဝမ်းကွဲလေးက ၁၄-၅-၆ နှစ်အရွယ် အပျိုပေါက်လေးပါ။ ကလေးတွေကိုလည်း အတော် ချစ်သလို ကလေးတွေကလည်း သူ့ကိုချစ်ပါတယ်။
အပျိုပေါက်ကလေးမှာ အပျိုပေါက်ဟန်ပန် အမူအရာတွေ ရှိနေတာ အပြစ်မဟုတ်ပါဘူး။ ဒါပေမယ့် ရှစ်နှစ်သမီးမှာ အဲဒီ့ဟန်ပန်တွေ ကူးလာတာကျတော့ ခိုးလို့ခုလုနိုင်နေပါတယ်။

အဲဒီ့ပြဿနာကို ရှင်းတဲ့နည်းကလည်း သိပ်အခက်ကြီး မဟုတ်ပါ ဘူး။ ကလေးနဲ့ လက်ပွန်းတတီး နေခွင့်ကို အသာလေး ရုပ်သိမ်းလိုက်တာနဲ့တင် ပြီးပါတယ်။ တစ်နည်းအားဖြင့် နေကုန်နေခမ်း အတူ နေဖြစ်နေအောင် ဖန်တီးပေးတာကို လျှော့ချလိုက်တာပါ။ တစ်ခါတလေ သွားလည်တာ၊ ပြုတာလောက်က ဘာမှ မဖြစ်နိုင်ပေမယ့် ညအိပ်ညနေ၊ ရက်ရှည်လများ ထားမိမယ်ဆိုရင်တော့ တစ်ခုမဟုတ် တစ်ခုဟာ အထူးသင်စရာမလိုဘဲ ကူးလာမှာ သဘာဝပါပဲ။

အလားတူပဲ၊ ကလေးနဲ့ လက်ပွန်းတတီးနေတဲ့ ကလေးထိန်းတွေ၊ ဆွေမျိုးဉာတကာတွေကြောင့် ကိုယ့်ကလေးမှာ ကိုယ့်စိတ်နဲ့ အစပ်မတည့်လှတဲ့ အကျင့်စရိုက် တစ်ခုခုကိုများ တွေ့လာရပြီဆိုရင် အဲသလို အတူမနေဖြစ်အောင် နည်းလမ်းများ ရှာကြံနိုင်ဖို့ လိုပါလိမ့်မယ်။

ဘယ်သူနဲ့မှလည်း အတူမနေဘူး၊ ကလေးကိုလည်း ဘယ်ကိုမှ ညအိပ် ညနေ ပို့မထားဘူးဆိုတဲ့ကြားက ကလေးမှာ ကိုယ်မနှစ်မြို့လှတဲ့ အကျင့်စရိုက်ကို တွေ့နေရတယ်ဆိုရင်တော့ အဲဒီ့ အကျင့်စရိုက်ဟာ ကိုယ်၊ သို့မဟုတ် ကိုယ့်အိမ်ထောင်ဖက်ရဲ့ အကျင့်စရိုက်ပဲဆိုတာ သေချာနေပါပြီ။ အဲလိုသာဆိုရင်တော့ မိမိကိုယ်နဲ့ မိမိအိမ်ထောင်ဖက်ကို ပြုပြင်ဖို့ လိုအပ်လာပါတော့မယ်။

သည်နေရာမှာလည်း “ရွှေကျင့်”ဆိုတာက အလွန် ဆိုးရွားလှပါတယ်။ လင်ရယ်၊ မယားရယ်ဖြစ်လာပြီး အတူနေတာ နှစ်နဲ့ချီပြီး ကြာလာတဲ့အခါမှာလည်း တစ်ယောက်အကျင့်က တစ်ယောက်ဆီကို အလွယ်တကူ ကူးသွားတတ်ပါသေးတယ်။ မိမိကိုယ်တိုင်ကိုပဲဖြစ်စေ၊ မိမိပတ်ဝန်းကျင်ကိုပဲဖြစ်စေ သတိထားကြည့်မယ်ဆိုရင် လင်မယားချင်း အကျင့်တွေ ကူးကုန်တတ်တဲ့ သာဓကတွေကို မြင်နိုင်ပါလိမ့်မယ်။ အထူးသဖြင့် အကျင့်ဆိုးဟာ အကျင့်ကောင်းထက် ပိုမို ကူးစက်လွယ်တာကို သတိထားသင့်ပါတယ်။

ပြုပြင်ရေးအစ ကိုယ်တိုင်က

ကျွန်တော်တို့ လူသားတွေ အားလုံးဟာ ကောင်းတာကို ကောင်းမှန်း သိကြသလို မကောင်းတာကိုလည်း မကောင်းမှန်း သိကြသူချည်းပါပဲ။ ဒါပေမယ့် မကောင်းတာကို လုပ်ဖို့ လွယ်ကြသလောက် ကောင်းတာကို လိုက်နာ ကျင့်သုံးဖို့ကျတော ခက်နေတတ်တာလည်း လူ့သဘာဝပါပဲ။ သူများအပြစ်ကို မြင်ဖို့ လွယ်သလောက် ကိုယ့်အပြစ် ကိုယ်မြင်ခဲတာလည်း လူဆန်တဲ့၊ လူပီသလှတဲ့ လက္ခဏာတစ်ရပ်ပါပဲ။

ဒါပေမယ့် ကိုယ်က မွေးလာတဲ့ သားသမီးကိုကျတော့ အကောင်းဆုံး၊ အတော်ဆုံး၊ အတတ်ဆုံး၊ အလိမ်မာဆုံးလေးတွေ ဖြစ်နေစေ့ချင်တာလည်း အဲလို လူထဲက လူတွေကပဲ ဖြစ်လာကြတဲ့ မိဘဆိုသူတိုင်းရဲ့ စေတနာတွေ ပါပဲ။

အဲဒီ့ စေတနာတွေကို အထမြောက် အောင်မြင်စေ့ချင်ရင်၊ ခရီးရောက်စေ့ချင်ရင်တော့ သွန်သင်နေရုံ၊ ဆုံးမနေရုံနဲ့ မပြီးပါဘူး။ ဟောရင်းသာ ပျံတော်မူသွားတယ်၊ နာသူမှာတော့ ဘာမှ မရလိုက်ဘူးဆိုတာ ဟောသူကိုယ်၌က နည်းလမ်းမကျလို့ ဖြစ်ရတာပါ။ သားသမီးနဲ့ မိဘပဲဖြစ်ဖြစ်၊ ဆရာနဲ့ တပည့်ပဲဖြစ်ဖြစ်၊ လူကြီးသူမနဲ့ လူငယ်လူရွယ်ပဲဖြစ်ဖြစ်၊ အလုပ်ရှင်နဲ့ အလုပ်သမားပဲဖြစ်ဖြစ်၊ အုပ်ချုပ်သူနဲ့ အအုပ်ချုပ်ခံပဲဖြစ်ဖြစ်၊ တစ်ဦးက တစ်ဦးအပေါ် ဩဇာညောင်းချင်တယ်ဆိုရင် ကောင်းတာတွေ၊ မြတ်တာတွေကို ချပြ၊ ဖိသင်၊ နှိပ်ကွပ်၊ ကြပ်မတ်နေလို့ ဘယ်လိုနည်းနဲ့မှ မအောင်မြင်နိုင်ပါဘူး။ အဲလို ဖြစ်စေချင်သူဖက်ကသာ ကောင်းတာတွေ၊ မြတ်တာတွေကို စံနမူနာအဖြစ် အတုယူချင်စရာ ကောင်းလာအောင် နေပြ၊ ကျင့်ကြံပြ၊ အားထုတ်ပြနိုင်မှသာ ထိရောက်မှာပါ။


ယောင်တတ်တာပဲဖြစ်ဖြစ်၊ ဆဲတတ်တာပဲဖြစ်ဖြစ်၊ ဒေါသကြီးတာပဲဖြစ်ဖြစ် မှားတယ်ဆိုတဲ့အသိကို ရဖို့က ပြုပြင်ချင်စိတ်ပေါက်လာရေးအတွက် ပထမဆုံး လိုအပ်ချက်ပါပဲ။ အထက်မှာ ဆိုခဲ့သလို လူဆိုတာ ကိုယ့်အတွက် တစ်ကွက်ချန် စဉ်းစားတတ်မြဲဖြစ်နေတော့ ဘာပဲ လုပ်မိ လုပ်မိ တရားတယ်လို့ချည်း တွေးနေရင် မှားမှန်း သိဖို့ မလွယ်ပါဘူး။ မှားမှန်း မသိသေးရင် ပြင်ဖို့လည်း ခက်ပါလိမ့်မယ်။

ကျွန်တော့်ကိုယ် ကျွန်တော် မှားမှန်း သိဖို့ အနှစ် ၃၀ ကျော် ကြာခဲ့ပါတယ်။ အဲတော့ ပထမဆုံးအချက်က မိမိ ကျူးလွန်မိတဲ့ ကိုယ်အမူအရာတွေ၊ နှုတ်အမူအရာတွေ မှားမှန်း သိနိုင်ဖို့ ပထမဆုံး လိုအပ်ပါတယ်။

မှားမှန်း အသေအချာ သိရင် ပြင်ချင်တဲ့ ဆန္ဒဆိုတာလည်း အလိုလို ပေါ်ပေါက်လာမှာပါ။ ဆန္ဒရှိလာတဲ့အခါ နည်းလမ်းက ရှိလာမှာပါ။


အမှားကို ပြင်ချင်တဲ့ စိတ်သာ ရှိရိုးမှန်ရင်တော့ လူဆိုတာ သူသူ ကိုယ်ကိုယ် ကောင်းချင်တဲ့ဇောကလေးတွေနဲ့မို့ မဖြစ်ဖြစ်တဲ့နည်းနဲ့ ကြိုးစား ပြင်ဆင်သွားကြမယ့်သူချည်းပဲလို့ ကျွန်တော်ကတော့ စိတ်ချလက်ချ ယုံနေမိရပါတယ်။

အကျင့်ဆိုတာကို လေ့ကျင့်ပျိုးထောင်ယူလို့လည်း ရပြန်ပါတယ်။ “မျက်စိအကျင့်၊ ဝမ်းအချင့်”ဆိုသလိုပါပဲ။ ဘယ်လို အကျင့်မျိုးကိုမဆို နေ့စဉ် သတိထားပြီး လေ့ကျင့်ယူမယ်ဆိုရင် အကျင့်ကောင်းဘက်ကို ပြောင်းယူလို့ ရပါတယ်။

စုတ်စုတ်ပဲ့ပဲ့ ယောင်တတ်သူကလည်း ယောင်တဲ့အချိန်မှာ ကောင်းတဲ့နည်းနဲ့ ယောင်တတ်အောင် ကျင့်လို့ရပါတယ်။ တခြား စိတ်မှတ်မဲ့ တုံ့ပြန်မှု အရင့်စားဆိုတဲ့ စရိုက်များနဲ့ မျိုးရိုးလိုက်မှုတွေကိုလည်း သတိလေးနဲ့ထိန်းပြီး ကျင့်ယူသွားမယ်ဆိုရင် ပြုပြင်နိုင်ပါလိမ့်မယ်။ အထက်မှာ ပြောခဲ့တဲ့အတိုင်း စိတ်တိုရင် လက်ပါတတ်တဲ့အကျင့်ကို ကျွန်တော်ဖျောက်နိုင်ခဲ့တာ အဲဒီ့သတိပါ။

အဲတော့ လူ့ဘဝမှာ လူတွေအဖြစ် ရပ်တည်ရှင်သန်နေကြရာမှာ အကျင့်ဆိုးတွေ၊ အကျင့်ကောင်းတွေနဲ့ နေနေကြပေမယ့် တကယ်တမ်းမှာ အဲဒီ့ အကျင့်တွေအားလုံးကို ပျောက်သွားအောင် ဖျောက်ချင်ရင်လည်း အကျင့်ပါ အောင် လုပ်ယူပြီး ဖျောက်နိုင်တယ်လို့ ပြောနိုင်ပါတယ်။

ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ကြီး ကောင်းမွန်လာအောင် ကျွန်တော်တို့ပဲ လုပ်ကြရမှာပါ။ ဘယ်သူ့ ဘယ်သူကမှ လုပ်ပေးလို့ မရပါဘူး။ သိကြားမင်းကြီးကလည်း ဆင်းပြီး လုပ်ပေးနိုင်တာမျိုး မဟုတ်ပါဘူး။ တစ်ဦးချင်းစီ၊ တစ်မိသားစုချင်းစီ ကောင်းနေမှ ကျွန်တော်တို့နေတဲ့ လူ့အဖွဲ့အစည်းတစ်ခုလုံး ကောင်းနေမှာပါ။

ကောင်းတာကိုတော့ လိုချင်တယ်၊ ကောင်းတာကိုလည်း မြင်ချင်၊ ကြားချင်၊ ကြုံချင်၊ ခံစားချင်တယ်။ ဒါပေမယ့် ကိုယ်ကိုယ်တိုင်က ကောင်းတာကို လုပ်ဖို့၊ ကျင့်ကြံဖို့ ခက်နေသေးတယ်ဆိုရင်တော့ လောကကြီးကို၊ ပတ်ဝန်းကျင်ကို အပြစ်မတင်ကြေးပါ။

ကျွန်တော်တို့မှာက မိဘ၊ ဆရာသမားဆိုရင် ဝေဖန်ဖို့၊ စေ့ငုဖို့ ခက်ခဲ နေတတ်စမြဲပါ။ မိဘ မှားခဲ့လို့ ငါလည်း မှားနေတာပဲလို့ ရဲရဲပြောဝံ့သူ အင်မတန် ရှားပါတယ်။ အဲဒီ့အစဉ်အလာကြီးကြောင့် ကိုယ်ကိုယ်တိုင် မိဘဖြစ်လာတဲ့အခါမှာလည်း ထပ်ဆင့်အမှားတွေကို ကျူးလွန်ဖြစ်နေတတ်ကြပြီး မိမိကိုယ်ကိုလည်း မိဘနေရာက လုပ်တာမို့ အမှန်ချည်းပဲလို့ တွေးနေမိတတ်ပါတယ်။

ကောင်းအောင် ကြိုးပမ်းကြရာမှာ အစဉ်အလာ အတွေးတွေထဲက လွတ်အောင် ရုန်းထွက်နိုင်ကြမှ တကယ် ကောင်းတာကို ရမှာပါ။ အစဉ်အလာ အရိုးစွဲ အတွေးတွေက ကောင်းတယ်လို့ သတ်မှတ်ထားတာကို တကယ်ရော ကောင်းရဲ့လားလို့ ဆန်းစစ်နိုင်မှ တကယ့်အကောင်းကို တွေ့ရမှာ ဖြစ်ပါတယ်။

အဘိုးထက် အဖေက တော်ရမယ်၊ အဖေ့ထက် သားက တော်ရမယ်၊ သားထက်မြေးက တော်ရမယ်ဆိုပြီး မျိုးဆက် တစ်ဆက်ပြီး တစ်ဆက် အဆင့်ဆင့် မြှင့်တင်သွားနိုင်ဖို့ ကျွန်တော်တို့အားလုံးဟာ နောက်ကြောင်းကို အဂတိကင်းကင်းနဲ့ သုံးသပ်ရဲဖို့ လိုပါလိမ့်မယ်။

လူတစ်ယောက်အနေနဲ့ မိမိပတ်ဝန်းကျင်ကို ကောင်းစေချင်ရင်၊ မိမိရဲ့ မိသားစုကိုကောင်းစေချင်ရင်၊ ပြုပြင်စေချင်ရင် မိမိကိုယ်ကို အရင်ဆုံးပြုပြင်ရပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် ပြုပြင်ပြီးမှ သူတစ်ပါးကို ပြုပြင်ဖို့ အားထုတ်မယ်ဆိုရင် ပြင်ရတာလည်း လွယ်တယ်၊ အပြင်ခံရသူမှာလည်း လိုက်နာချင်စဖွယ် ဖြစ်နေပါလိမ့်မယ်။

(၂၀၀၀ ပြည့်နှစ် မတိုင်မီ မမှတ်မိတော့တဲ့ သရဖူမဂ္ဂဇင်းတစ်စောင်မှာ “ငှက်ပျောပင်စိုက် မိလိုက်ဘပါ ဝေါဟာခေါ်ရိုး မော်ကွန်းထိုးခဲ့” ခေါင်းစဉ်နဲ့ ဖော်ပြခဲ့ပြီး စာမူခွင့်ပြုချက်အမှတ် ၁၂၀၅/၂၀၀၃(၁၂)နဲ့ လက်တွဲဖော်စာအုပ်တိုက်က ၂၀၀၄ ခုနှစ် သြဂုတ်လမှာ ဒုတိယအကြိမ်အဖြစ် ပြန်လည် ပြင်ဆင် တည်းဖြတ် ထုတ်ဝေခဲ့တဲ့ အတ္တကျော်ရဲ့ “သားငယ် သမီးငယ်များ ပဲ့ပြင် ထိန်းကျောင်းခြင်း အနုပညာ”စာအုပ်ထဲက စာတစ်ပုဒ်ကို ကောက်နုတ်တင်ဆက်ထားတာပါ။)

What Others Say

၂၀၁၀ ပြည့်နှစ် မေလထုတ် သရဖူမဂ္ဂဇင်းထဲက “မေနှင်းကို မေးပါ”ကဏ္ဍမှာ

ကျွန်တော်နဲ့ ပတ်သက်ပြီး ပြောထားဆိုထားကြတာလေးတွေကို ဖောက်သည်ချပေးလိုက်ပါတယ်။

ဖရက်ဒီဆိုသူ လူငယ်လေးရဲ့ အမေး

သား မနေ့က ဆရာအတ္တကျော်ရဲ့ “မိန်းမသားတို့ သိမ်းထားဖို့”ကို ဖတ်မိတယ်။ တချို့အချက်လေးတွေကို သား သိပ်မရှင်းလို့ပါ။ ဆရာက ယောက်ျားလေး ၉၀ % က မယုံကြည်ထိုက်ဘူးလို့ ဆိုထားပါတယ်။ သူ့အတွေ့အကြုံအရ ပြောတာဆိုပေမယ့် သိပ်လက်မခံချင်ပါဘူးဗျ။ သားလည်း ယောက်ျားလေးတစ်ယောက်လေ။ ချစ်တာနဲ့ လိင်ကိစ္စက မတူဘူးလို့ သားထင်ပါတယ်။ သွယ်ဝိုက်ပြီး ပတ်သက်နိုင်ပေမယ့် အချစ် = ကာမလိုအင်လို့ ဆိုထားတော့ ယောက်ျားလေးတွေရဲ့ အချစ်ကို အထင်သေးလွန်းရာ ရောက်ပါတယ်ဗျာ။

သားတို့ကလည်း မြတ်မြတ်နိုးနိုးချစ်တတ်ပါတယ်ခင်ဗျာ။ တိရစ္ဆာန်တွေမဟုတ်ပါဘူး။ နောက်ပြီးသူက ဆိုထားသေးတယ်ဗျ၊ ယောက်ျားလေးတွေရဲ့ အချစ်ကို လုံးဝ မယုံပါနဲ့တဲ့။ အမှားကြီး မှားနိုင်တယ်တဲ့။

မေနှင်းရေ၊ ခေါင်းမူးသွားပြီလား မသိဘူး။ မေနှင်းက အချစ်ကို တန်ဖိုးထားစေချင်တယ်။ ဆရာက လုံးဝ မယုံဖို့ ပြောနေတယ်လေ။ ဒါ့ကြောင့်မေးကြည့်တာပါ။ မေနှင်းရဲ့ အမြင်လေးကို သိချင်ပါတယ်။

နှစ်ယောက်စလုံးက သား လေးစားရတဲ့ ဆရာ၊ ဆရာမတွေဖြစ်နေလို့ပါ။ ဘယ်သူ့စကားကို အတည်ယူရမလဲဗျ။ ရန်တိုက်ပေးတာ မဟုတ်ရပါ။ ဖြေပေးပါနော်။

ပြီးတော့ သားမှာ အခုမှ တက္ကသိုလ်တက်နေတဲ့ နှမလေး နှစ်ယောက်ရှိပါတယ်။ သူတို့က မြစ်ကြီးနားမှာပါ။ သားက မကွေးမှာ ဆေးကျောင်းနောက်ဆုံးနှစ်ပါ။ သူတို့ကို ဆရာ့ရဲ့ စာအုပ်လေးတွေ ဖတ်စေချင်ပါတယ်။ ယောက်ျားလေးတွေအကြောင်းကို သိစေချင်ပါတယ်။ မနူးမနပ်တွေ မဖြစ်စေချင်ပါဘူး။ ဒါပေမယ့် စွန်းရောက်သွားမှာ စိုးရိမ်တယ်ခင်ဗျ။

သားက အချစ်ကို တန်ဖိုးထားပါတယ်။ သူတို့ကိုလည်း ဦးနှောက်နဲ့ ယှဉ်ပြီး ချစ်စေချင်ပါတယ်။ အစ်ကိုဆိုတော့ ပွင့်ပွင့်လင်းလင်း အကြံပေးဖို့ ခက်နေပြန်ရော။

မေနှင်းရေ၊ ကူညီပေးပါဦးနော်။

ဆရာမ မေနှင်းရဲ့ အဖြေ

အင်း… ရန်တိုက်ပေးတာတော့ မဟုတ်ဘူးဆိုပေမယ့် တစ်ဖက်နဲ့ တစ်ဖက် စကားစစ်ထိုး ပြောကြဖို့ အကြံပေးတဲ့သူတွေတောင် ရှိခဲ့တယ်။ အတ္တကျော်ကလည်း လက်ခံပါတယ်။ ဒါပေမယ့် စာမျက်နှာပေါ်မှာ မဟုတ်ဘူး၊ ရုံသွင်းရမှာတဲ့။ ရုံဝင်ခယူမှာပေါ့။ တစ်ပွဲလောက်တော့ နွှဲရမယ် ထင်တယ်။ ပရိသတ်က သိပ်တောင်းဆိုနေတာကိုး။

ဒါပေမယ့် အတ္တကျော်ကို မေနှင်းက အရှုံးပေးပြီးသားပါ။ သူက လည်တယ်ကွဲ့။ ဒေါ်နန်းအိအိဇာ မွေးနေ့ပွဲတုန်းက သူက အခမ်းအနားမှူးလုပ်ရတယ်။ အခမ်းအနား အပြီး စန္ဒယားတင်ဝင်းလှိုင်ဝိုင်းနဲ့ သီချင်းဆိုကြမယ်ဆိုတော့ မေနှင်းကလည်း စာရင်းပေးထားတယ်။ သူက အခုချိန်ကစပြီး သီချင်းဆိုနိုင်ကြပါပြီလို့ ပြောပြီး ကျွန်တော်ပဲ အရင်ဆုံး စဆိုပါမယ် လုပ်တော့တာ။ လူလည်သိလား။

ခက်တာက သူက အဆိုကောင်းတယ်။ “အိပ်မပျော်သော ညများ”ကိုဆိုသွားတာ၊ စန္ဒယားလှထွတ် အသံအတိုင်းပဲ။ သူကတောင် ပိုကောင်းသလား ထင်မိတယ်။ မေနှင်းကျတော့ ၁၀ ယောက်လောက် ဆိုပြီးတဲ့အထိ သူ မခေါ်ဘူး။ ဧည့်သည်တွေက ပြန်ကြပြီ။ အင်းလျား စိမ်းလန်းစိုပြည်မှာပေါ့။ သည်တော့ ကိုယ်က ဘယ်သူ့ကို ဆိုပြရမှာလဲ။ လူကြီးဖြစ်ပြီမို့ စိတ်မကောက် ကောင်းပါဘူးလေလို့ အောင့်ပါသေးတယ်။ နောက် ငိုချင်လာရော။

ဒါနဲ့ ပြန်တော့မယ်လုပ်မှ သူ ပြေးလာပြီး မနန်းရေ… သည်မှာ မနှင်း စိတ်ကောက်သွားပြီ ဆိုပြီး ပျာယာခတ်တော့တာ။ ကိုယ်လည်း စိတ်ညစ်နေလို့ စာသားတွေတောင် မေ့ကုန်တယ်။ (မောင်ဝံသက ဓာတ်ပုံ ထရိုက်တယ်။ သီချင်းဆိုတာ ကောင်းလိုက်တာတဲ့။)

ဘာပဲဖြစ်ဖြစ် အတ္တကျော်ကို မေနှင်းက ကြောက်ပြီးသားဆိုတာ သာဓက ပြတာပါ။ ကြောက်ပေမယ့် နှစ်ယောက်သား ခင်ကြပါတယ်။ အခု မေနှင်းရေးနေတဲ့ A4 စာရွက်တွေဟာ သူ ပေးခဲ့တာတွေပါ။  မနှစ်က သင်္ကြန်မကျခင် မဒမ်ဆူဒိုနင် သယ်လာပေးတာ။ အခု ကုန်တော့မယ်။ ပေးဦးနော်။

ကဲ… ဖရက်ဒီရေ ပျော်စရာ မကောင်းဘူးလား။

သည်ကိစ္စမှာ သူပြောတာလည်း မှန်တယ်။

မေနှင်းက တကယ့်အချစ်ကို တန်ဖိုးထားတယ် ပြောတာ။ ခက်တာက အဲဒီ့ တကယ့်အချစ်ဆိုတာကို သိဖို့ တိုင်းနိုင်တဲ့ ပြဒါးတိုင်က ခက်လို့ပါ။

မေ ၂၀၁၀ သရဖူ မဂ္ဂဇင်း စာမျက်နှာ ၂၉

A Thing Scarier Than Death

pyay-dway

သေရမှာထက်တောင် ကြောက်နေမိတာလေးတစ်ခု

သိုးဆောင်းဘာသာစကားမှ ဝေါဟာရတစ်လုံးက အခုတလော ခေါင်းထဲတွင် စိုးမိုးနေသည်။ Update ဟူသော စကားလုံး။
ယခင်ကတည်းက ထိုဝေါဟာရ ရှိခဲ့ပါသည်။ သတင်းခေတ်သို့ ရောက်လာပြီး ကွန်ပျူတာများ တွင်ကျယ်လာသောအခါ ထိုဝေါဟာရကို ပိုမိုအသုံး များလာသည်။

Update သည် ရက်စွဲမီအောင်ြုပလုပ်ယူသည်ဟူသော အနက်ရင်း ရှိသည်။ သူ့ဆန့်ကျင်ဘက်ဝေါဟာရမှာ outdated ဖြစ်သည်။ အနက် အဓိပ္ပာယ်မှာ “ရက်လွန်၊ ခေတ်ဆွေး”ဟူသော နာမဝိသေသန သဘောကို ဆောင်သည်။ မြန်မာတချို့ပင် ယင်းကို “ဒိတ်အောက်နေပြီ”ဟု ကြားညှပ် သုံးစွဲသည်အထိ ထိုစကားလုံးက တွင်ကျယ်နေပါပြီ။

ဆိုတော့ update သည် ခေတ်နှင့် ရင်ပေါင်တန်းအောင် “လုပ်ယူ”သည် ဟူသော အနက်ကို ရလာသည်။ မြန်မာစာအဖွဲ့က ထုတ်ဝေသော အင်္ဂလိပ်-မြန်မာ အဘိဓာန်တွင်လည်း “ခေတ်နှင့်အညီ မွမ်းမံသည်”ဟု အနက်ဖွင့်ပေးထားပါသည်။

ဆိုကြပါစို့၊ ဆရာယုဒဿန်၏ မြန်မာ-အင်္ဂလိပ် အဘိဓာန်သည် ယခုခေတ်တွင် အသုံးမဝင်လှတော့။ ၁၉ရာစုအနှောင်းပိုင်းတွင် ပြုစုခဲ့သော အဘိဓာန်ကို နှောင်းလူတို့က ခေတ်မီအောင် ဖြည်းဖြည်းချင်း မွမ်းမံ မယူခဲ့ကြသောကြောင့် လွန်ခဲ့သော ဆယ့်ငါးနှစ်ခန့်အထိ ထိုအဘိဓာန်ကို မရှိသုံး အဖြစ်ဖြင့်သာ ကြိတ်မှိတ်သုံးနေခဲ့ရသည်။

ယခုအခါတွင်မူ မြန်မာစာအဖွဲ့က ထုတ်ဝေလိုက်သော မြန်မာ-အင်္ဂလိပ် အဘိဓာန်ကြီး ပေါ်လာခဲ့လေပြီ။ ထိုအဘိဓာန်ကို ၁၉၉၃ခုနှစ်တွင် ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။ ယခုထက်တိုင်တော့ ခေတ်မီနေဆဲဟု ပြောနိုင်သေးသည်။ သို့ရာတွင် ၂၀၁၃ခုနှစ်လောက်ဆိုလျှင်တော့ ထိုအဘိဓာန်ထဲသို့ ဝေါဟာရသစ်များ ဖြည့်စွက်ပေးရန် လိုလာပေတော့မည်။

၁၉၉၃ခုနှစ်ထုတ်တွင် ဆင်ဆာ၊ ဆင်ဒီကိတ် အစရှိသော မြန်မာသံ ဖလှယ်ကာ တွင်ကျယ်စွာ သုံးနေသော သိုးဆောင်း ဝေါဟာရများ ပါသည်။ သို့ရာတွင် ဆယ်လျူလာဖုန်းဆိုတာ မပါသေး။ ယခု ၂၀ဝ၃ ခုနှစ်မှာပင်လျှင် ဆယ်လျူလာဖုန်း၊ ခြင်းဖုန်းဟူသော ဝေါဟာရသစ်များသည် နေ့စဉ် လူမှု ဘဝထဲတွင် အသစ်အသစ် ပေါ်လျက်ရှိသည်။ ထိုဝေါဟာရများကိုပါ ဖြည့်စွက်ပေးနိုင်ပါမှ အဘိဓာန်သည် ခေတ်နှင့် ရင်ပေါင်တန်းနိုင်မည်။ ယင်းကို update လုပ်သည်ဟု ပြောကြပါသည်။

အလားတူပင်၊ စာရင်းဇယား၊ ကိန်းဂဏန်း၊ စာအုပ်စာတန်းတချို့ကိုလည်း update လုပ်ဖို့ လိုသည်။ တခြားမပြောနှင့်၊ အိမ်သုံးစရိတ်၊ ဝင်ငွေ ထွက်ငွေစာရင်းပင်၊ မနှစ်ကနှင့် သည်နှစ် ဘယ်လိုနည်းနှင့်မှ တူစရာ အကြောင်း မရှိချေ။ အိမ်ရှိလူဦးရေပင် အပြောင်းအလဲ ဖြစ်ချင်ဖြစ်နေနိုင်သေးသည် မဟုတ်တုံလော။

ထိုအခါ လက်ရှိအခြေအနေနှင့် ရင်ပေါင်တန်းနိုင်အောင် update လုပ်ခြင်းသည် ရှင်နေသော လူ့ဘဝ၏ လိုအပ်ချက်ဖြစ်နေသည်။

ဟုတ်သည်။ လူသည် အသက်ရှင်နေသည်။ ရှင်နေသမျှ ပြောင်းလဲနေသော ပတ်ဝန်းကျင်ထဲတွင် နေကြစမြဲ ဖြစ်သည်။ ပတ်ဝန်းကျင်နှင့် လိုက်လျော ညီထွေဖြစ်အောင်၊ တစ်နည်းအားဖြင့် ခေတ်နှင့် လိုက်လျောညီထွေ ဖြစ်အောင် နေနိုင်ရေးအတွက် ကျွန်တော်တို့သည် အရာရာကို ခေတ်နှင့်အညီ ညှိယူကြရသည်။


ထိုအရာရာဆိုသည့်အထဲတွင် လူတစ်ဦးချင်းစီ၏ အသိဉာဏ်၊ အစွဲနှင့် အယူအဆလည်း ပါသည်။ ရှင်နေသမျှ ကာလပတ်လုံး (ဝါ) မသေမချင်း အသိဉာဏ်ကို ခေတ်နှင့်အညီ မွမ်းမံနိုင်ပါမှ တန်ကာကျမည်။ သေလွန်သွားမှသာ လူတစ်ယောက်အနေဖြင့် ထိုတစ်ဘဝတာအတွက် update လုပ်စရာ မလိုတော့တာ ဖြစ်ပေမည်။


တစ်ချိန်က လူမမာကို နွားနို့သောက်ရန် ဆရာဝန်များက တွင်တွင် ညွှန်ကြားဖူးသည်။ ယခုအခါ၌ နွားနို့တွင် ကိုယ်ခန္ဓာအတွက် ဘေးဖြစ်စေနိုင်သော ကိုလက်စထရောဓာတ်တွေ ပါဝင်နေသဖြင့် ဆရာဝန်တွေက နွားနို့ သောက်ရန် မညွှန်ကြားကြတော့။ အလားတူပင်၊ လွန်ခဲ့သော ဆယ်နှစ်လောက် အထိက ဆေးထိုးလိုက်လျှင် ရောဂါ မြန်မြန်ပျောက်သည်ဟု လူတိုင်းလိုလို စွဲနေကြသည်။ ယခုခေတ်တွင် မလိုအပ်ဘဲ ဆေးမထိုးသင့်ဟူသော အသိကို ရလာကြပြီ။


ကျွန်တော်တို့ငယ်ငယ်က ကိုမီသာဇင်ဆိုသော ဆေးကို ထိရောက်သော ချောင်းဆိုးပျောက်ဆေးအဖြစ် သုံးစွဲကြသဖြင့် ဘယ်မှာမဆို အလွယ်တကူ ဝယ်ယူရရှိနိုင်သည်။ ထိုစဉ်က နိုင်ငံတော်ပိုင် ဆေးဆိုင်များမှာပင် ဝယ်လို့ရခဲ့သည်။ ယခုတော့ ထိုဆေးမှာ မူးယစ်ဆေးဝါးစာရင်းဝင် နာမည်ဆိုးကို ဆောင်သော ဆေး။

တစ်ခေတ်ဆီက အမျိုးကောင်းသမီးများသည် လက်ဖက်ရည်ဆိုင်ထဲသို့ ဝင်ရန် လုံးဝ မဝံ့ရဲခဲ့ကြ။ ယခုခေတ်တွင် အမျိုးသမီးတွေ လက်ဖက်ရည်ဆိုင် ထိုင်ရမှာ ဝန်မလေးကြတော့။ တစ်ခေတ်က လက်ရေးတိုသင်တန်း၊ လက်နှိပ်စက်သင်တန်းတွေ ပလူပျံနေခဲ့ဖူးသည်။ ကော်လာဖြူဝန်ထမ်းဘဝကို ရယူလိုသူများအတွက် လှေကားထစ်။ အခုခေတ်ကျတော့ကွန်ပျူတာ သင်လာကြသည်။ တစ်ခေတ်က မိန်းကလေးပဲ၊ သေစာရှင်စာလောက် တတ်ရင် တော်ရောပေါ့ဟု အများစုက အောက်မေ့ခဲ့ကြသည်။ စာရေးမလေးများသည် ကာတွန်းဆရာများ၏ ရယ်စရာ အနှိမ်ခံ ဇာတ်ရုပ်လေးတွေ ဖြစ်ခဲ့ကြသလို ပတ်ဝန်းကျင်ကလည်း သူတို့ကို တစ်မျိုးမြင်ချင်သည်။ အခုခေတ်မှာတော့ ဌာန အဖွဲ့အစည်းစုံမှာ ယောက်ျားလေး ဝန်ထမ်း အင်အားထက် မိန်းကလေး အင်အားက ပိုများတာတွေပင် ရှိနေပြီ။


အယူအဆတွေကရော… ဘာထူးသနည်း။

ဆရာကြီး ရွှေဥဒေါင်းငယ်ငယ်က သတိပဌာန်တရားကို အားထုတ်ဖို့ ညွှန်ပြသူ မရှိသလောက်ဖြစ်သည့်အပြင် ထိုပဋိပတ်ကို ကျင့်ကြံသူပင် ဓမ္မန္တရာယ်နှယ် အကြဉ်ခံရကြောင်း ဆရာကြီး၏ တစ်သက်တာမှတ်တမ်းထဲတွင် ဖတ်ဖူးသည်။ ဒါနနှင့် သီလမပါ သေခါမှသိဟူသော စကားပင် တွင်ကျယ်ခဲ့သည်အထိ ဒါနနှင့် သီလကိုသာ ဇောင်းပေးခဲ့ကြသည်။ ဘာဝနာက တော်တော်နှင့် ခေတ်မစားခဲ့။ ယခုတော့ တရားရိပ်သာတွေက နေရာ အနှံ့မှာ။

လွတ်လပ်ရေးအကြိုကာလများကတည်းက ကမ္ဘာတစ်လွှားမှာ အလွန် ခေတ်စားခဲ့သော မာ့(ခ်)(စ်)ဝါဒသည် ကျွန်တော်တို့ လူလားမြောက်ချိန်အထိ တွင်ကျယ်နေခဲ့သည်။ ယင်းဝါဒကိုမှ သက်ဝင် ယုံကြည်ခြင်း မရှိလျှင် အမြင်ပဲ မှားနေသလိုလို၊ လူစင်စစ်ကပဲ အမြီးထွက်နေသလိုလို အထင်ရှိခဲ့ကြသည်။ စာပေနယ်မှာလည်း ပြည်သူ့စာပေတွေ၊ ပြည်သူ့အတွက်ဆိုတာတွေကပဲ မင်းမူနေခဲ့သည်။ အခုကျတော့လည်း ထိုအသံတွေ ဆိတ်သုဉ်းသွားလေပြီ။


ဆရာဖေမြင့်က ကျွန်တော့်ကို တစ်ခါက ပြောဖူးသည်။ အင်္ဂလိပ်လို ရွှတ်ရှက် ဒွတ်ဒက်နှင့် ပြောနေသော ကျွန်တော်ကား ဟိုတစ်ချိန်ကသာဆိုလျှင် ဘိုရူး ဆိုပြီး အနှိမ်ခံရမှာဖြစ်ပေမင့် ယခုကျတော့လည်း လူရာဝင်ကာ လူတွင်ကျယ် လုပ်နေနိုင်ပါပကောတဲ့။ သူ့စကား မှန်ပါသည်။ ဟိုတစ်ချိန်က အင်္ဂလိပ်စာ သင်ယူခြင်းနှင့် တတ်မြောက်ခြင်းကို အားမပေးသော ကာလ။ အခုတော့ ယင်းကို လူတိုင်းက အားပေးကုန်ကြသည်။


“ရက်စွဲမီအောင် လုပ်သည်”ဟု အနက်ရင်းမှ ပွားလာကာ “ခေတ်မီအောင် မွမ်းမံသည်”ဟူသော စကားလုံး update က လူသားများ၏ အသိဉာဏ်၊ အစွဲနှင့် အယူအဆများကို ခြယ်လှယ်နေပုံ ဥဒါဟရုဏ်များကား ပြောမဆုံးပေါင်၊ တောသုံးထောင်။


သို့ရာတွင် လူတိုင်း လူတိုင်းက ထိုသို့ မိမိကိုယ်ကို ခေတ်မီအောင် မွမ်းမံလေ့ မရှိကြသည်ကား အမှန်ပင်။ တချို့ကလည်း ထိုသို့ မွမ်းမံယူရ ကောင်းမှန်း မသိ။


ရှင်လျက်နှင့် သေသည်ဆိုသော ဘဝမှာ ထိုသို့ဖြစ်နေသည်မျိုးလားဟု ကျွန်တော်ကဖြင့် တွေးမိနေပါသည်။ အသက်ရှင်နေပါလျက်နှင့် အသိဉာဏ်၊ အတွေးအမြင်များ သေနေခြင်းအား ရှင်လျက်သေသည်ဟုသာ ခေါ်ဆိုအပ်သည်ဟု ထင်ပါသည်။


ကျွန်တော်ကတော့ သေခြင်းတရားကို အကြိမ်ကြိမ်စဉ်းစားဖူးသလို သေလိုက်ရမှာကိုလည်း သိပ်တော့ အကြောက်ကြီးမဟုတ်ပါ။ သို့သော် ရှင်လျက်နှင့် သေသွားမှာကိုတော့ လွန်စွာ ကြောက်လှပါသည်။


စာဖတ်သူလူကြီးမင်းကရော… ဘယ်သင်းကို ပိုကြောက်ပါသနည်း?

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

၂၀ဝ၃ ဩဂုတ် ၁၁ ထုတ် ရွှေမန္တလေးဂျာနယ်မှာ ဖော်ပြခဲ့ပြီး စာမူခွင့်ပြုချက်အမှတ်  ၈၈၀/၂၀၀၄(၉)နဲ့ လက်တွဲဖော်စာအုပ်တိုက်က ၂၀၀၄ ဒီဇင်ဘာမှာ ပထမအကြိမ် ပုံနှိပ်ထုတ်ဝေထားတဲ့ အတ္တကျော်ရဲ့ “ဖြေတွေးလေးများ”စာအုပ်ပါ စာတစ်ပုဒ်ကို ပြန်လည် တင်ဆက်လိုက်တာပါ။

A Modern Version of Mom’s Love

Chayyar_small

မေတ္တာဘွဲ့ (မူသစ်)

၁။

လက်တွင်ပတ်ထားသော နာရီကို ကြည့်လိုက်သည်။

၆ နာရီ တိတိ။ နာရီကြိုးကို ဖြုတ်လိုက်ပြီး ခုတင်ဘေးမှ စားပွဲငယ်ပေါ် လှမ်းတင်လိုက်သည်။ ထို့နောက် ခြင်ထောင်ကို အသာအယာ မပြီး ခုတင်ပေါ် တက်သည်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော သမီးငယ်၏ ပါးဖောင်းဖောင်းလေးကို တစ်ချက် ငုံ့နမ်းလိုက်သည်။


ခုတင်၏ ဟိုမှာဘက် အစွန်တွင် အိပ်နေသူ “မရွှေမိ” သည်ဘက် လှည့်လာသည်ကို သူ မြင်လိုက်သည်။ “မရွှေမိ”ကို သူ ကြည့်သည်။ “မရွှေမိ”သည် သူ့ကို မျက်ထောင့်နီနှင့် စားမတတ် ဝါးမတတ် ရဲရဲစူးစူး ကြည့်နေလေသည်။

သူ မျက်လုံး လွှဲလိုက်ပြီး အိပ်ရာပေါ်သို့ လှဲချလိုက်သည်။ သမီးနှင့် သူ့ကြားရှိ ခွခေါင်းအုံးကို ယူကာ တစ်ဘက်သို့ စောင်းမည် ပြင်လိုက်စဉ် “မရွှေမိ”အသံ ထွက်လာသည်။ မာမာထန်ထန်။


“ဒါ ဘာလုပ်မလို့လဲ”

သူ ပြန်ဖြေသည်။ အေးအေးပျော့ပျော့။

“အိပ်မလို့လေ”

“မအိပ်ရဘူး”

“ကိုယ် သိပ်ကို အိပ်ချင်နေပြီ မိလေးရယ်”

ပြောပြောဆိုဆို သူ တစ်ဘက်သို့ စောင်းလိုက်သည်။ ခွခေါင်းအုံးကို ဖက်ကာ သူ အိပ်ရန် ပြင်သည်။ “မရွှေမိ”ဆတ်ခနဲ ထထိုင်သည်။ သမီးငယ်ကို ပွေ့ပြီး နေရာရွှေ့သည်။ လွတ်သွားသော သမီး၏ နေရာသို့ ပြောင်းထိုင်ပြီး သူ့ပခုံးကို ဆွဲလှည့်သည်။ သူသည် ခွခေါင်းအုံးကို ဖက်လျက်သား အနေအထားဖြင့်ပင် ပက်လက်။

“ရှင် လုံးဝ မအိပ်ရဘူး…”

“သိပ်အိပ်ချင်နေလို့ပါ မိန်းမရယ်…”

“မရဘူး၊ ပြော… ရှင်ဘယ်ကောင်မနဲ့ တစ်ညလုံး သွားအလေလိုက်နေလဲ…”

“ဟာ… မဟုတ်တာတွေကွာ၊ ဟိုကောင်တွေ အတောမသတ်ကြလို့ မိုးလင်းသွားတာပါ”

စကားအဆုံးတွင် တစ်ဘက်သို့ ပြန်စောင်းပြီး အိပ်ရန် ပြန်ပြင်သည်။ မအောင်မြင်။ “မရွှေမိ”က သူ့ပခုံးကို တွန်းထားသည်။

“လုပ်မနေနဲ့။ ဘယ် အရက်သမားမှ မိုးအလင်း မသောက်ဘူးဆိုတာ ကျွန်မ နားလည်တယ်။ ဘယ်ဧည့်ခံပွဲမှလည်း မိုးအလင်း ဧည့်မခံဘူး။ ရှင် ဘယ်တွေ သွားနေလဲ…”

“နိုးတော့ ပြောပြမယ်ကွာ၊ ဟုတ်ပြီလား…”

“မရဘူး၊ မရဘူး။ ရှင် ကျွန်မစိတ်ကို သိတယ် မဟုတ်လား…”

“မရွှေမိ”အသံက ပိုကျယ်လာသည်။ ပက်လက်အနေအထားဖြင့်ပင် သူခေါင်းကုတ်သည်။

“ခက်တာပဲ မိလေးရယ်၊ ကိုယ်ပြောတာလည်း မယုံဘူး…”

“မရွှေမိ”က နှုတ်ခမ်းများကို မဲ့လိုက်သည်။

“ယုံစရာကောင်းတာကိုး၊ ရှင့်ဆီက အရက်နံ့နဲ့အတူ တထောင်းထောင်း ထွက်နေတဲ့ ရေမွှေးနံ့က ယုံစရာကောင်းတာကိုး…”

သူ အနည်းငယ် ထိတ်ပျာသွားသော်လည်း ချက်ချင်းပင် ဖြေရှင်းချက် ထုတ်သည်။

“မိလေးကလည်းကွာ၊ ကိုယ် အာ့ဖ်ထာရှေ့ဖ်(မုတ်ဆိတ် ရိတ်ပြီးစတွင် သုတ်လိမ်းသော ရေမွှေး) အသစ်သုံးတာ နှစ်ရက်ပဲ ရှိသေးတဲ့ဟာကို…”

“မရွှေမိ”၏နှုတ်ခမ်းများ ရွဲ့စောင်းသွားကြပြန်သည်။

“လုပ်မနေနဲ့၊ ရှင့်အာဖ်ထာရှေ့ဖ်နံ့နဲ့  ခု ရှင့်ဆီက ရတဲ့ အနံ့နဲ့ တခြားစီ…”

သည်မိန်းမ ဒိုဘာမင်နဲ့များ စပ်ထားသလားမသိ၊ အနံ့ခံ တယ်ကောင်းဟု အောင့်တောင့်တောင့် တွေးရင်း သူ ငြိမ်နေလိုက်သည်။ သူ ငြိမ်သော်လည်း “မရွှေမိ”က မရပ်နား။

“ကဲ… ပြော၊ ရှင် ဘယ်မိန်းမနဲ့ သွားအလေလိုက်နေလဲ…”

“မဟုတ်ရပါဘူးဆိုကွာ။ ကဲပါ၊ ရန်ဖြစ်ချင်သပဆိုလည်း နောက်မှဖြစ်၊ ကိုယ် အခု အရမ်းအိပ်ချင်နေလို့ပါ မိန်းမရယ်။ တောင်းပန်ပါတယ်ကွာ…”

သူ နူးနူးညွတ်ညွတ် ပြောမိရသည်။ တကယ်လည်း တကယ်။ သူ အရမ်း နုံးချိပြီး အိပ်ချင်လှပြီ၊ မျက်လုံးတွေကလည်း ဖန်ပြီး စပ်နေလေပြီ။

“ရှင် လုံးဝ မအိပ်ရဘူး၊ မနေ့ညနေက ရှင့်ကို ကျွန်မ ဘာပြောထားလဲ…”

သူ ချက်ချင်းစဉ်းစား၍ မရနိုင်သေးသဖြင့် ခဏငြိမ်နေရသေးသည်။ ပြီးမှ…


“ဪ… မိလေးကို ဈေးပို့ပေးဖို့…”

“ဟုတ်တယ်…”

“ပို့ပေးမယ်လေ၊ ပြန်လာမှ အိပ်တာပေါ့၊ မိ မျက်နှာသွားသစ်လေ…”

“ပြန်လာရင်လည်း မအိပ်ရဘူး၊ ရှင် သည်နေ့ တစ်နေ့လုံး အိပ်ကို မအိပ်စေရဘူး…”

“ဟာ… ဘာလို့လဲ မိလေးရယ်…”

“ဈေးက ပြန်လာပြီးရင် ကျွန်မမှာ တခြားသွားစရာတွေ ရှိသေးတယ်”

သည်မိန်းမတော့ သူ့ကို တစ်ရစ်ပြီး တစ်ရစ် “ကြပ်”နေပြီဆိုတာကို သူ သိလိုက်သည်။ ငါးနှစ်လုံးလုံး ပေါင်းလာခဲ့သည့် မိန်းမမို့ သည်မိန်းမ ပြောသည့်အတိုင်း လုပ်တော့မည်ဆိုသည်ကိုလည်း သူ ကောင်းကောင်းကြီးကို သိနေရပြန်သည်။


သူ တော်တော်လေး စိတ်ညစ်လာပြီ။ အိပ်ရာမှ သူ ထလိုက်သည်။ ခြင်ထောင်ကို မပြီး ထွက်ရန်အပြင်တွင် “မရွှေမိ”က သူ့အင်္ကျီ ပခုံးစကို လှမ်းဆွဲရင်း မေးသည်။


“ဒါက ဘယ်သွားမလို့လဲ?”

“ဘယ်မှ မသွားပါဘူး မိလေးရယ်၊ မိလေးကို ဈေးလိုက်ပို့ပေးမလို့လေ။ ကဲ… မိလေးလည်း ထ၊ မျက်နှာသစ်ချေ…”

၂။
“မရွှေမိ” ရေချိုးခန်းထဲ ဝင်သွားချိန်တွင် သူ ဟင်းချပြီး ကားဂိုဒေါင်ဆီသို့ သွားသည်။ ခြံစောင့် သူငယ်လေးက သူ့ကို ဂိုထောင်တံခါး ဖွင့်ပေးသည်။ ကားထဲ ဝင်ထိုင်လိုက်ပြီး စက်နှိုးလိုက်ချိန်တွင် သူငယ်လေးက ခြံတံခါးကို သွားဖွင့်နေလေပြီ။

အကြံတစ်ချက် လက်ခနဲ ရသည်။ ကားကို မောင်းထွက်လိုက်ပြီးသည်နှင့် သူ မရပ်တော့။ တစ်ခါတည်းပင် ခြံဝိုင်းထဲမှ ထွက်လာခဲ့ရတော့သည်။
သူ့ခေါင်းကလည်း တဆက်တည်းမှာပင် အလုပ်လုပ်နေလေသည်။ သည်အချိန်ဆို “ထား”တစ်ယောက် သူ့သူငယ်ချင်း “ဥမ္မာ”တို့ အိမ်မှာပင် ရှိနေလေချိမ့်ဦးမည်။ အခကြေးငွေပေးပြီး ပြောလို့ရသော တယ်လီဖုန်း ရှိနိုင်ရာ အနီးဆုံး နေရာကို စဉ်စားကြည့်သည်။ ထိုနေရာမှ “ထား”ဆီ ဖုန်းဆက်ရမည်။

၃။
“ကို့မေမေအိမ်ကို ထားလိုက်လို့ ဖြစ်ပါ့မလား ကိုရယ်…”

“ဖြစ်ပါတယ် ထားရဲ့… မေမေ့အိမ်လောက် စိတ်ချရတဲ့ နေရာ မရှိဘူး။ မေမေနဲ့ မရွှေမိနဲ့က အကြီးအကျယ် ပြဿနာ တက်ထားကြတော့ အဲဒီ့ကို ဘယ်လိုနည်းနဲ့မှ မရွှေမိ လိုက်လာမှာ မဟုတ်ဘူး။ ပြီးတော့ မေမေ့ အိမ်ကိုလည်း ကိုယ်သွားလိမ့်မယ်လို့ မရွှေမိ လုံးဝ တွေးမှာကို မဟုတ်ဘူး”

“ဒါတော့ ဒါပေါ့ ကိုရယ်၊ ဒါပေမယ့် ကို့မေမေက ထားကို ဘယ်လို ထင်မလဲ…”

“ကိစ္စမရှိပါဘူး ထားရယ်… မေမေက အရမ်းကို နားလည်မှု ရှိပါတယ် ထားရဲ့”

သူ ကားစက် သတ်လိုက်သည်။ သော့တံကို ဆြွဲုဖတ်ရင်း “ကဲ… ထား၊ ဆင်း”ဟု သူ ပြောလိုက်သည်။ သူ့ဘက်မှ ပြတင်းမှန်ကို တင်လိုက်ပြီး သူ ကားထဲမှ ထွက်သည်။ ကားတံခါးကို သော့ချပြီး သူ ပိတ်လိုက်သလို ထားကလည်း သူ့ဘက်မှ တံခါးကို ပိတ်လိုက်သည်။

အိမ်ဖော်မလေး ဖွင့်ပေးသော သံဘာဂျာတံခါးအတိုင်း အိမ်ထဲသို့ လှမ်းဝင်လိုက်ချိန်တွင် အိမ်အတွင်းခန်းမှ ထွက်လာသော မေမေ့ကို သူ တွေ့သည်။ သူ့နောက်တွင် ကပ်ပါလာသော “ထား”ကို မြင်သောအခါ မေမေ မျက်လုံးဝိုင်းသွားသည်။ သူ ဖိနပ် ချွတ်လိုက်သည်။ ခပ်လောလော။

ချက်ချင်းပင် မေမေ့အပါးသို့ သူ ရောက်သွားရလေသည်။ လေသံ သာသာဖြင့် မေမေ့ကို သူ ပြောရပြီ။

“ဘာမှ စိတ်မပူပါနဲ့ မေမေ၊ ပြီးတော့ သား အားလုံး ရှင်းပြပါ့မယ်။ ခုတော့ သားတို့ တစ်ညလုံး တစ်မှေးမှ မအိပ်ရသေးလို့ အိပ်ချင်လို့ မေမေ့အိမ် လာအိပ်တာပါ၊ လောလောဆယ် သည်လောက်ပဲ နားလည်ပေးပါနော်… မေမေ”

“ငါ့သားတော့ လုပ်ချလိုက်ပြန်ပြီ”ဟူသောအကြည့်နှင့် သူ့ကို မေမေ တစ်ချက်ကြည့်သည်။ သူ “ထား”ဘက်သို့ လှည့်လိုက်တော့ “ထား”က သူ့ ခွာမြင့်ဖိနပ်အဖြူ ကြိုးသိုင်းကလေးကို ခဲခဲယဉ်းယဉ်း ချွတ်ပြီး သူ့ ကြိုးကြာ သားရေဖိနပ်နှင့် ယှဉ်လိုက်ပြီးစ ဖြစ်သည်။

“ထား… ဒါ ကိုယ့်မေမေလေ။ မေမေ… ဒါ “ထား”တဲ့။ ကျွန်တော်တို့ ကုမ္ပဏီရဲ့ စာရင်းကိုင်ပေါ့။ ထားက ရှေ့လထဲမှာ အမေရိကားကို အပြီးအပိုင် သွားတော့မှာလေ…”

လိုအပ်သည်ထက် ပိုပြီး အသေးစိတ် ပြောပြကာ မေမေ့ကို “ထား”နှင့် မိတ်ဆက်ပေးလိုက်သည်။ “ထား”က ခပ်အမ်းအမ်း ရှိနေသော်လည်း မေမေက ဖော်ဖော်ရွေရွေပင် ပြုံးပြီး…

“အေး…အေး၊ နေကြ… နေကြ၊ အေးအေးဆေးဆေး နားကြပေါ့ကွယ်။ ဟိုကလေးမလေးလည်း အေးအေးဆေးဆေးသာ နား။ သူ့မိန်းမနဲ့ အန်တီနဲ့က အကြီးအကျယ် ဖြစ်ထားကြတာဆိုတော့ သည်အိမ်ကို သူ့မိန်းမ လိုက်မလာမှာ သေချာတယ်။ သူ့မိန်းမက အန်တီ့ကို ကမ္ဘာပေါ်မှာ မကြည့်ချင်၊ မမြင်ချင်ဆုံးလေ၊ အေးအေးဆေးဆေးသာ နေကြ…”

“ထား”က အသံတိမ်တိမ်ဖြင့် “ဟုတ်ကဲ့ပါ… အန်တီ”ဟု ပြောကာ သူ လူပျိုဘဝက နေခဲ့သော အိပ်ခန်းသို့ သူတို့ဝင်ခဲ့ကြသည်။

သည်အခန်းမှာ “မရွှေမိ”နှင့်လည်း မင်္ဂလာဦး တစ်နှစ်တွင် နေဖြစ်ခဲ့ကြ သေးသည်။ “မရွှေမိ”နှင့် မေမေ အကြီးအကျယ် ရန်မဖြစ်ကြခင်အထိပေါ့။ သမီးယောက္ခမနှစ်ယောက် ငြိမ်းချမ်းစွာ အတူရန်စောင်စဉ်ကဟုပဲ ပြောရမလား၊ ရန်လိုစွာ အတူယှဉ်တွဲနေထိုင်ကြစဉ်ကဟုပဲ ပြောရမလားတော့မသိ။ ထိုစဉ်က သည်အခန်းမှာပင် သူတို့ နေဖြစ်ခဲ့ကြသည်။ သမီး ယောက္ခမ ဘောက်ကျ ပေါက်ကွဲပြီးသည့်နောက်မှာတော့ သူသည် ပထမတော့ ယောက္ခမ အိမ်သို့ ခိုရသေးသည်။ နောက်တော့ ယခုနေသော အိမ်ကလေးကို ငှားဖြစ်ပြီး နေဖြစ်လာခဲ့ကြသည်။

သူ့အခန်းကို မသုံးဘဲ ထားသဖြင့် ဖုန်အလိမ်းလိမ်း။ အခန်းထဲတွင် သူ လူပျိုဘဝက အိပ်သော တစ်ယောက်အိပ် ခုတင်ကို ခင်းထားသည်။ တစ်ယောက် အိပ်ခုတင်ဆိုပေမင့် တစ်ယောက်ခွဲစာ ခုတင်မျိုးမို့ နှစ်ယောက်တော့ ကောင်းကောင်း အိပ်နိုင်မည်ပဲ။ ခုတင်ပေါ်မှ ဖုန်များကို ခါရန် နံရံတွင် ချိတ်ထားသော ကြက်မွေးကို သူ ယူသည်။ “ထား”က ကြက်မွေးကို သူ့လက်မှ ယူရင်း…

“ဘယ်နေရာကိုခါရမလဲ ကို…”

“ခုတင်ကိုပဲ ခါလိုက်ပါ ထားရယ်၊ ကိုယ် ဖျာနဲ့ ခေါင်းအုံးတွေ သွားယူလိုက်ဦးမယ်…”

သူ့စကားကို မေမေ ကြားဟန်တူသည်။ အပြင်မှ လှမ်းပြော၏။

“အဲဒီ့ အခန်းထဲက ဗီရိုထဲမှာ ခေါင်းအုံးတွေရော စောင်တွေရော ရှိတယ်။ သင်ဖြူးက အဲဒီ့ ဗီရိုဘေးမှာ ထောင်ထားတယ် သားရေ…”

“ဟုတ်ကဲ့ မေမေ”ဟု သူ လှမ်းပြောရင်း ဗီရိုရှိရာသို့ ခြေရွှေသည်။ “ထား”က သူ့ကို ခပ်တိုးတိုး လှမ်းပြောသည်။


”အိမ်ပေါက်ဝမှာ ထားဖိနပ်ကလေး ထားခဲ့တယ် ကို၊ အဲဒါ ထား သွားသိမ်းလိုက်ရင် ကောင်းမယ် ထင်တယ်နော်…”

“ထားလိုက်ပါကွာ၊ ကိစ္စ မရှိပါဘူး၊ သည်အိမ်ကို ဘယ်သူမှ လာမှာမှ မဟုတ်တာ၊ ထားကလည်း ပူမနေစမ်းပါနဲ့…”

သူ ဗီရိုဖွင့်ပြီး ခေါင်းအုံးများကိုထုတ်ယူနေစဉ် “ထား”ကလည်း ဗီရို ဘေးမှ သင်ဖြူးဖျာကို ဆွဲယူလိုက်လေသည်။

နတ်တော်ဆန်းစ နံနက်ခင်းပေမင့် မေမေ့ အိမ်ရိပ်မို့လို့လားတော့ မသိ။ ဖုန်အလိမ်းလိမ်းနှင့် သူ့အခန်းလေးသည် နွေးထွေးနေ၏။

၎။
နားထဲတွင် စကားပြောသံလိုလို ကြားရသည်။ တစ်စုံတစ်ယောက်က သူ့ လက်မောင်းကို လှုပ်နေသည်။

“ထ ကို…၊ ထ… ထ”ဟူသော “ထား”အသံကို ကြားရသည်။ လေသံမျှဖြစ်သော်လည်း “ထား”အသံက လှုပ်လှုပ်ခါခါနိုင်လှသည်။ သူ နိုးလာသည်။ အပြင်ဘက်မှ မေမေ၏ “သားရေ”ဟု ဆင့်ကာ ခေါ်သံကိုလည်း သူ ကြားလိုက်သလို ကလေးတစ်ယောက် ငိုသံကိုပါ သူကြားရသည်။

သမီးလေး အသံ… မြတ်စွာဘုရား…

သူ ချက်ချင်း ထထိုင်လိုက်ပြီး “လာပြီ… မေမေ”ဟု အသံ ပြန်ပေးလိုက်သည်။ ကစဥ့်ကလျား ဖြစ်သွားသော စိတ်ကို အတတ်နိုင်ဆုံး ပြန်လည် စုစည်းလိုက်ရင်း ကြမ်းပေါ်သို့ သူခြေချသည်။

“ထား”ကို တစ်ချက် လှည့်ကြည့်တော့ “ထား“က သူ့ကို အားပေးပြုံး တစ်ပြုံး ခပ်ယဲ့ယဲ့ ပေးနေသည်။ သူ ပုဆိုးကို ပြင်ဝတ်လိုက်ပြီး အပြင်ခန်းသို့ ထွက်လိုက်သည်။

အပြင်ရောက်ရောက်ခြင်း သူ့မျက်လုံးက ဖိနပ်ချွတ်သို့ အရင်ရောက်သည်။ သူ့ကြိုးကြာဖိနပ်၊ “မရွှေမိ”၏ ကတ္တီပါဖိနပ် ကြက်သွေးရောင်၊ သမီးငယ်၏ ကွင်းစွပ်ကြိုးသိုင်းဖိနပ်များကိုသာ သူတွေ့သည်။ “ထား”၏ ကြိုးသိုင်း ဖိနပ်ဖြူကို မတွေ့ရ။

သူ တည်ငြိမ်စွာ ရင်ဆိုင်နိုင်သည့် အနေအထားသို့ ရုတ်ချည်း ရောက်သွားပြီ။ “မရွှေမိ”သည် သူ့ကို ကျောပေးပြီး ထိုင်နေ၏။ မေမေ့အား သူ၏ လူမဆန်မှု အပေါင်းကို သာသာထိုးထိုးလေး တိုင်တည်နေသံကို သူ နာခံရင်း သူတို့ ထိုင်နေရာသို့ သွားသည်။

နံရံပေါ်မှ နာရီကို သူ လှမ်းကြည့်သည်။ မနက် ကိုးနာရီသာသာပဲ ရှိသေးသည်။ နှစ်နာရီခန့်ပဲ အိပ်ရသေးပေမင့် လူက လန်းလန်းဆန်းဆန်းကြီး ဖြစ်လို့နေသည်။

၅။
“ဟဲလို…”

“မေမေလား၊ သားပါ…”

“ဪ…၊ ပြော သား…”

“ထား ပြန်သွားပြီလား မေမေ…”

“အင်း… ပြန်သွားပြီ။ အိမ်က ကားနဲ့ပဲ လိုက်ပို့ပေးလိုက်တယ်။ ကောင်မလေးက ရည်ရည်မွန်မွန်လေးရယ်၊ မင့်နှယ်ကွာ သူများ သားပျိုသမီးပျိုလေးကို…”

“ထားပါတော့ မေမေရယ်၊ ဘဝမှာ တချို့ကိစ္စတွေက မကြံစည် မရည်ရွယ်ပေမယ့် သူ့အလိုလို ဖြစ်ကုန်တတ်ကြတာပါဗျာ…”

“တော်စမ်းပါကွာ၊ မင့်ဟာမင်း အကျင့်တန်တာကို ဘဝကြီးနဲ့ ချီပြ မနေစမ်းပါနဲ့။ မင့်မှာလည်း သမီးနဲ့၊ သားနဲ့၊ ဆင်ခြင်ဖို့ ကောင်းနေပြီ မောင်ရေချမ်း…”

“ဟုတ်ကဲ့ပါ မေမေရာ…”

“မင့်ပြောလိုက်ရင် ဟုတ်ကဲ့ချည်းပဲ။ ပြီးတော့မှ ထင်ရာစိုင်းတဲ့ အကျင့်ယုတ်…။ ဒါနဲ့ မေးရဦးမယ်။ အိမ်ပြန်ရောက်တော့ရော မင့်မိန်းမနဲ့ အဆင်ပြေရဲ့လား”

“ပြေပါတယ် မေမေ။ မေမေ့ကို သား ကျေးဇူးတင်ပါတယ်”

“ဘာကို ကျေးဇူးတင်တာလဲ…”

“ထား ဖိနပ်ကလေးကို နေရာ ရွှေ့ပေးထားလို့ပေါ့…”

“ခွေးတိရစ္ဆာန်၊ အဲဒါ နင့်ကို မေတ္တာ ရှိလွန်းလို့၊ နင်နဲ့ အလိုတူ အလိုပါမို့လို့ မဟုတ်ဘူးဆိုတာ နားလည်။ ငါ့မြေးလေးတွေ မိတကွဲ ဖတကွဲနဲ့ ဖြစ်မှာ စိုးလို့ ငါ့မှာ လူကြီးတန်မယ့်နဲ့ အလိုတူအလိုပါ လုပ်လိုက်ရတာဟဲ့ ခွေးကောင်ရဲ့…”

[၁၉၉၄ခုနှစ် ဇွန်လထုတ် မဟေသီမဂ္ဂဇင်းမှာ ဖော်ပြခဲ့ပြီး အတ္တကျော်ရဲ့ “ခြေရာပြိုးပြောက် လွမ်းပွင့်ကောက်သီ (ကိုယ်တိုင်ကြုံဝတ္ထုတိုများ)” လုံးချင်း စာအုပ်ထဲမှာလည်း စုစည်းဖော်ပြခဲ့တာလေးကို ပြန်လည် တင်ဆက်လိုက်တာပါ။]

Another Excerpt from ATK’s Newly Published Book

ကနေ့ညနေ ကျွန်တော် ခရီးထွက်ရပါဦးမယ်။ ဆယ်ရက်ကြာမှာပါ။ အသွားတစ်ရက်၊ အပြန်တစ်ရက် အပိုဆောင်းရင် ပေါင်း ၁၂ ရက်တာ အင်တာနက်နဲ့ ကင်းဝေးရာ ရွာကလေးမှာ သွားနေရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကွန်မန့်တွေ ဝေဖန်ချက်တွေကို အချိန်မဆိုင်း မော်ဒရိတ်လုပ်ပေးနိုင်၊ ပြန်ကြားနိုင်ခြင်း မရှိမှာကို နားလည် ခွင့်လွှတ်ပေးတော်မူကြစေလိုပါတယ်။
ကျွန်တော့်ရဲ့ မကြာသေးခင်က ထွက်ထားတဲ့ “မိန်းမသားတို့ သိမ်းထားဖို့”ထဲက နောက်တစ်ပုဒ်ကို စာမြည်းအဖြစ် တင်ဆက်လိုက်ရပြန်ပါတယ်ခင်ဗျား။

ယောက်ျားစင်စစ် ဧကန်ဖြစ်လျှင်

၁။
ဆရာဦးအောင်သိန်းကျော်

ဆရာ့ကို ကျွန်မအဖေကဲ့သို့ သဘောထား၍ တိုင်ပင်ပါရစေ ဆရာ။

သည်လိုပါ ဆရာ၊ ကျွန်မအိမ်က ကျွန်မကို သူတို့သဘောတူတဲ့သူနဲ့ မနှစ်က စီစဉ်ပါတယ်။ ကျွန်မဘဝမှာ ရည်းစားလည်း မရှိခဲ့ပါဘူး။ အဲဒီလူကိုလည်း မနှစ်သက်ပါဘူး။ ဒါပေမယ့် ကျွန်မတို့ ဆွေမျိုးများက အတင်းစီစဉ်ပါတယ်။ အဲဒီအချိန်မှာ ကျွန်မ သူနဲ့ စတွေ့တာပါ။ သူက ကျွန်မနဲ့ သိတာ ကြာပါပြီ။ ရည်းစားတော့ မဟုတ်ပါဘူး။ သည်ကိစ္စ မတိုင်ခင်ကတည်းက သံယောဇဉ် ရှိကြပါတယ်။ သည်လိုနဲ့ပေါ့ ဆရာရယ်၊ သူနဲ့ ကျွန်မ ရည်ငံကြတယ်။ အိမ်က လုံးဝ သဘောမတူပါဘူး။ သူက ကျွန်မထက် တစ်နှစ်ကျော် ငယ်ပါတယ်။ အိမ်က ဟိုလူနဲ့ စီစဉ်ချိန်မှာ သူက တစ်မြို့တစ်ရွာမှာ သင်တန်း သွားတက်နေရတယ်။


အဲဒီအချိန်မှာ ကျွန်မ သူ့ဆီ အကြောင်းကြားတော့ သူက အချိန်ဆွဲထားဖို့ မှာတယ်။ ဒါပေမယ့် ကံဆိုးချင်တော့ သူက အဲဒီ့မြို့ကနေ နိုင်ငံခြား ပညာတော်သင် သွားဖို့ နောက်တစ်မြို့မှာ သင်တန်း ဆက်တက်ရဦးမယ်တဲ့။ သူ ပြန်လာလို့ မရတော့ဘူး။ ကျွန်မအိမ်ကလည်း လုံးဝ အလွတ်မပေးဘူး။ သူ့ဆီက ဖုန်းဆိုရင် ပေးမကိုင်ဘူး။ ကျွန်မနဲ့သူ မနည်း ဆက်သွယ်ရတာပါ။ အပြင်မှာ ဖုန်းအဆက် အသွယ်ရတဲ့ တစ်ရက်မှာ သူက သူရှိရာကို လိုက်ခဲ့ဖို့ မှာတယ်။ အိမ်ကလည်း ဇွတ်စီစဉ်နေပြီ။ ဒါနဲ့ ကျွန်မ သူ့ဆီကို စွန့်စွန့်စားစား လိုက်သွားခဲ့တယ်။


မနက် နှစ်နာရီလောက်မှာ ထွက်ပြေးလာရတာပါ ဆရာရယ်။ ပိုက်ဆံဆိုလို့ လက်ထဲမှာ ကျပ် ၆၀ဝ၀ ပဲ ပါတယ်။ အဝတ် နှစ်စုံလောက်နဲ့ အလွတ် ပြေးခဲ့တာပါ။ သူ့ဘက်ကလည်း ဟိုလူ့ရန်က လွတ်အောင်သာ ခေါ်ရတာပါ၊ လက်ထပ်လို့ မရပါဘူး။ သူက နိုင်ငံတော်စရိတ်နဲ့ ပညာသင် သွားရမှာဆိုတော့ လူလွတ်ကိုမှ ရွေးလွှတ်တာပါ။ ကျွန်မ မရှက်တမ်း ပြောရရင် သူမှ သူပဲ ချစ်မိလို့သာ စွန့်စားရတာပါ ဆရာရယ်။

ကျွန်မရဲ့လက်ဝတ်လက်စားနဲ့ ဘဏ်စာအုပ်ထဲက ငွေနဲ့ သူရှိရာ မြို့မှာ သုံးလလောက် ကြာပါတယ်။ အိမ်က ရှာပေမယ့် အပုန်းကောင်းတော့ မမိခဲ့ပါဘူး။ မိမယ့် မိတော့လည်း အမေ ကိုယ်တိုင်နဲ့ တိုးတာပေါ့။


ကျွန်မလေ အရှက်၊ သိက္ခာနဲ့ မိသားစုဂုဏ်ကို မငဲ့ဘဲ သူ့ကိုပဲ ကာကွယ်ပေးခဲ့တယ်။ သူ ဒုက္ခရောက်မှာစိုးလို့ သူ့ဘက်က လူကြီးတွေရှေ့မှာ ဘာမှ မပတ်သက်ဘူးလို့ကို ညာပြောခဲ့တာပါ။ ဒါပေမယ့် သူ့ဘက်က လူကြီးတွေထဲမှာ ကျွန်မတို့ အမျိုးထဲက တစ်ယောက်ပါတော့ ကျွန်မပြောတာ လက်မခံပါဘူး။ လူကြီးတွေက အပြင်မှာ လက်ထပ်ဖို့ စီစဉ်ပါတယ်။ နားလည်မှုနဲ့ ကျွန်မတို့ဘက်က ကျေနပ်အောင် လုပ်ပေးခိုင်းပါတယ်။ အမှန်ပြောရရင် သူနဲ့ ကျွန်မလည်း ညားနေပါပြီ ဆရာရယ်။


သည်လိုနဲ့ ကျွန်မနဲ့ သူနဲ့ တရားရုံးမှာ လက်ထပ်ခဲ့ကြတယ်။ အဲဒီ့အချိန်က စပြီး မပြေလည်တာပါပဲ။ သူ့ကို ယူလို့ ကျွန်မအိမ်က အမေက လွဲရင် ဘယ်သူမှ မခေါ်တော့ပါဘူး။ ညီမ အပါအဝင်ပေါ့။ သူကလည်း ကျွန်မတို့ကပဲ သူ့ကို အနိုင်ကျင့်ပြီး လက်ထပ်ခိုင်းတယ်လို့ ပြောတယ်။
ကျွန်မ သူ့ကိုထောင်ဖမ်းတာ မဟုတ်ပါဘူး။ ကျွန်မ မိသားစုကလည်း သဘောမကျပါဘူး။ အမှန်ပြောရရင် တစ်ရှက်က နှစ်ရှက်ဖြစ်မှာစိုးလို့သာ ပေးစားတာပါ။ ဒါကို သူက ခဏ ခဏ စကားနာထိုးတယ်။ ခင်ဗျားတို့ ဆွေမျိုးတွေ ကို ကြောက်ပါတယ် ဘာညာနဲ့။ ကျွန်မ သည်းခံပါတယ်။

လက်မှတ်ထိုးတော့လည်း ကျွန်မတို့ပဲ တာဝန်ယူရတာပါ။ ဟိုမှာ နေတော့လည်း နေရေး၊ စားရေး ကျွန်မအိမ်က တာဝန်ယူတာပါပဲ။
သူက တစ်ဦးတည်းသောသားမို့လို့ သူ့မိဘကို ချက်ချင်း မပြောပါရစေနဲ့ တောင်းပန်လို့ ကျွန်မအိမ်ကို ကျွန်မ လိမ်ပေးခဲ့ရတာပါ။ သူ့လစာဆိုလည်း မထိပါဘူး။ သူ့လခ တစ်လ တစ်သောင်း သုံးထောင်ကျပ်ကနေ တစ်သိန်း နှစ်သောင်းအထိ တိုးသွားပေမယ့် ကျွန်မ တစ်ပြားမှ မခံစားခဲ့ပါဘူး။

ဧပြီမှာ သူ့မိဘဆီ ပြန်တော့ ကျွန်မကိုခေါ်သွားတယ်။ သူ့အိမ်က ကျွန်မတို့ လက်ထပ်ထားတာ မသိတော့ ကျွန်မရှေ့မှာ အချိုသတ်ပြီး ကွယ်ရာမှာ သဘောမတူကြောင်း သူတို့သားကို ပြောပါတယ်။ ကျွန်မကို သဘော မတူရအောင် ကျွန်မ အဖေက အရာရှိပါ၊ အမေက ဆရာဝန်ပါ၊ ကျွန်မ ကိုယ်တိုင်လည်း ပညာတတ်ပါပဲ။ ကျွန်မတို့ ဆွေမျိုး၊ ငွေကြေးအင်အားအရ သူတို့ထက်တောင် သာပါတယ်။

အပြစ်ရှာပုံက ဆရာရယ်၊ အသက်တစ်နှစ်ကြီးလို့တဲ့။ သူ့အမေကတော့ ဝတ္ထုတွေ၊ ရုပ်ရှင်တွေထဲကလို ရောဂါတက်ပြတာပေါ့ ဆရာ။ သူ့မှာ ဘာမှ ပြောလောက်အောင် မရှိပါဘူးဆရာ။ ကိုယ်ပိုင်အိမ်တောင် မရှိပါဘူး။ ဒါပေမယ့် ကျွန်မ သူ့ကိုချစ်လို့ ဘာကိုမှ မမက်မောဘဲ သူ့နောက်လိုက်ခဲ့တာပါ။ သည်လောက် ဒုက္ခခံခဲ့တာပါ။ တစ်မျိုးလုံးကို အာခံခဲ့ရတာပါ။ ကျွန်မအိမ်က သူ့အိမ် က သဘောမတူတာသိရင် ပြဿနာ ပိုတက်မှာစိုးလို့ ဖုံးထားခဲ့ပါတယ်။

သည်ကြားထဲ ကျွန်မမှာ ကိုယ်ဝန်ရှိလာတော့လည်း ဖျက်ချခိုင်းခဲ့ပါတယ်။ ကိုယ်ဝန် ဖျက်ချပြီးတဲ့နောက် ကျန်းမာရေးအခြေအနေအရ ကျွန်မ အိမ်ပြန်ခဲ့ရတယ်။ သူကတော့ ဖုန်းဆက်တိုင်း အမျိုးတွေကြောင့် လက်ထပ်ရတာ၊ မကျေနပ်ဘူး ပြောပါတယ်။ ကျွန်မမှာ ယောကfျားနဲ့ဆွေမျိုးကြားမှာ စိတ်ဆင်းရဲရတယ်။ သူ သွားခါနီးမှာ ပိုဆိုးလာတယ်။ ကျွန်မနဲ့ သဘောမတူလို့ သူ့မိဘက တခြားလူနဲ့ စီစဉ်ရင် ဘယ်လိုလုပ်မလဲလို့ ကျွန်မကို မေးတယ်။

အဲ့ဒါ သူ ကျွန်မကိုချစ်ရင် မေးရမယ့်မေးခွန်းကို မဟုတ်ဘူးလို့ ကျွန်မ ထင်တယ်။ သူ့အိမ်ကို နားလည်အောင် ကျွန်မတို့ကြိုးစားရမှာပဲ။ ကျွန်မတောင် အခြေအနေဆိုးကြီးထဲက မိန်းမသားတန်မဲ့ စွန့်စားခဲ့ရသေးတာ သူစွန့်စားသင့်တယ်လို့ ကျွန်မ ပြောတော့ သူနဲ့ ရန်ဖြစ်ရတယ်။


အမေက အဆင်မပြေတာသိလို့ သူနဲ့ စကားပြောတော့ ကျွန်မကို သူ ချစ်လို့ ယူတာမဟုတ်ဘူး၊ အစကတည်းက လက်ထပ်ဖို့ မရည်ရွယ်ဘူးလို့ အမေ့ကို သူပြောတယ်။ ကျွန်မလေ ရူးသွားသလိုပဲ။

အမေက သူ့ကို ခွင့်မလွှတ်ဘူး။ တကယ်က သူ့ကို အရေးယူလို့ ရတယ်။ နောက်ကြောင်း မရှင်းရင် လုပ်သက်လည်း အလျှော့ခံရမယ်၊ ပညာသင်လည်း မလွှတ်ဘူး။ လူကြီးတွေက နားလည်မှုနဲ့ ကျွန်မတို့ကို လုပ်ပေးထားတာ၊ ဒါကို သူလည်း သိတယ်။ ကျွန်မလေ အမေ့ကို ခြေသလုံး ဖက်မတတ် တောင်းပန်ခဲ့ပါတယ်။ သူ့ကို ဒုက္ခ မပေးဖို့။ သူ အခု နိုင်ငံခြားပညာသင် သွားပါပြီ။

အခု သူ့ အနေအထားက သူက စပြီး လမ်းမခွဲဘူး။ ဒါပေမယ့် သူ့အိမ်က စီစဉ်ရင်တော့ သူ မတတ်နိုင်ဘူး။ သဘောက ကျွန်မက စပြီး ကွာရှင်းပေးစေချင်တဲ့သဘော ပြောတယ်။ ခုချိန်မှာ သူ့ဦးနှောက်ထဲမှာ စာပဲ ရှိတယ်။ မစဉ်းစားချင်ဘူးတဲ့။

ကျွန်မ ဘယ်လိုလုပ်ရမှာလဲ။ အခုဆိုရင် ကျွန်မမှာ ကိုယ်ဝန်ကြီးနဲ့ပါ။ ရက်ရက်စက်စက် လူမဆန်စွာ ဆုံးဖြတ်ခံရတဲ့ ကလေးလေးပေါ့။ ကျွန်မ ထပ် မရက်စက်ရက်ဘူး။ သူလည်း သိပါတယ်။ ဒါပေမယ့် ဘာမှ မပြောဘူး။ တာဝန်ယူဖို့ နေနေသာသာ နေကောင်းရဲ့လားတောင် မေးဖော်မရဘူး။ ကျွန်မ ဘာလုပ်ရမှာလဲ။ အိမ်ကလည်း နင့်ထိုက်နဲ့ နင့်ကံဆိုပြီး ပစ်ထားတယ်။ လိုအပ်တဲ့ ဆေးဝါး၊ ငွေကြေးက လွဲရင် ဆေးခန်းတောင် လိုက်မပေးဘူး။
ကျွန်မ သူ့ကို ချစ်တယ်။ နာလည်း နာတယ်။ သူကတော့ ဒါတွေ မစဉ်းစားဘူး။

ဆရာရယ် ကျွန်မ အမျိုးကောင်းသမီးပါ။ သူက လွဲရင် တခြားယောကfျားနဲ့ မပတ်သက်ဖူးပါဘူး။ ဒါတွေကို သူ သိလျက်နဲ့၊ ကျွန်မ နားမလည်နိုင်တော့ဘူး ဆရာ။ မင်းတို့အင်အားနဲ့ ယောက်ျား မရှားပါဘူးတဲ့။ ကျွန်မ ဘာဆက်လုပ်ရမယ် မသိလို့ တိုင်ပင်တာပါ။ ကျွန်မမှာ ဘယ်သူ့မှ တိုင်ပင်စရာ မရှိဘူး။ မိဘကလည်း အပြစ်တင်၊ ယောက်ျားကလည်း အပြစ်တင် ကျွန်မ ဘယ်လို လုပ်ရမှာလဲ။သူ့ကို ကွာရှင်းပေးလိုက်ရမလား။ ဒါမှမဟုတ် မိဘတွေ စိတ်တိုင်းကျ အရေးယူလိုက်ရမလား။ မစဉ်းစားတတ်တော့ဘူး။

ကွာရှင်းပေးဖို့ကလည်း ကျွန်မ သူ့ကို ချစ်လို့ ကွာရှင်းပေးနိုင်ပါတယ်။ သူ စိတ်ချမ်းသာစေချင်တယ်။ ဒါပေမယ့် ကျွန်မကို အိမ်က အမေပါ စွန့်ပစ်တော့ မှာပါ။ ကျွန်မမှာ ကိုယ်ဝန်ကြီးနဲ့၊ နောက်ဆိုရင် ကလေးတစ်ဖက်နဲ့ ကျောင်းက တစ်ပိုင်းတစ်စ၊ ဝင်ငွေ မရှိတဲ့ဘဝနဲ့ ဒုက္ခရောက်မှာပေါ့။ အထူးသဖြင့် ကလေးလေး ဒုက္ခရောက်မှာ၊ ကျွန်မ ကလေး ဖခင်မဲ့မှာ၊ မိသားစုအလယ် မျက်နှာငယ်ရမှာ၊ ချို့တဲ့ ဆင်းရဲမှာကို စိုးရိမ်တာပါ။ တစ်ကြိမ်တစ်ခါ ရက်စက်ခဲ့ပြီးပါပြီ။ ကျွန်မ မိုက်ပြစ်ကြောင့် သူ့ဘဝလေး နာလန်မထူနိုင်ရင် ကျွန်မသေဖို့ပဲ ကောင်းပါတယ်။ ကျွန်မအတွက် မစဉ်းစားပါဘူး ဆရာရယ်။

ကိုယ့်ကို မခင်တွယ်တော့တဲ့နောက် ဘယ်လောက်ပဲ ချစ်ပါစေ ထားခဲ့ရမှာပေါ့။ ကျွန်မ ကလေးအတွက်ပဲ စိုးရိမ်တယ်။ ကျွန်မခြေထောက်ပေါ် ကျွန်မ မရပ်နိုင်ခင်မှာ ကျွန်မကလေး လူ့လောကထဲကို မလိုချင်ဘဲ မွေးလာရတဲ့ ကလေးအဖြစ်နဲ့ မရောက်စေချင်ဘူး။ သူ့ကိုလည်း ဆွေမျိုးတွေ စိတ်တိုင်းကျ အရေးမယူချင်ပါဘူး ဆရာရယ်။ သူ ဒုက္ခရောက် ဘဝပျက်မှာလည်း မကြည့်ရက်ဘူး။ ကျွန်မ ဘာလုပ်ရမှာလဲ။ ကျွန်မ သေချင်တယ် ဆရာရယ်။ ကျွန်မသေမှ သည်ဒုက္ခ ကျွတ်မှာပါ။ ကလေးကြောင့်သာ မဟုတ်ရင် သေရဲပါတယ်။


ကျွန်မ အနေအထားနဲ့ တစ်ခုလပ်ဖြစ်ပါစေ နောက်အိမ်ထောင်ပြုလို့ ရပါတယ်။ သူ ပြောသလိုပေါ့။ ဒါပေမယ့် ကလေးအတွက် ပထွေးဆိုတာ မရှိစေရဘူး။ သူက လွဲရင်လည်း ကျွန်မ ဘယ်သူ့ကိုမှ မချစ်ဘူး။ ကျွန်မအိမ်ကတော့ သူ့ကို အရေးယူမယ်။ ကျွန်မကို သူ့ထက်သာတာနဲ့ ပေးစားပြမယ်ပေါ့။ ကယ်ပါဦး ဆရာရယ်။ ကျွန်မ မဖြေရှင်းတတ်တော့ဘူး။ ကျွန်မလေ သူဒုက္ခရောက်မှာ၊ ကလေးဒုက္ခရောက်မှာ စိုးရိမ်တယ်။ သူ မကျေမနပ်နဲ့ ပေါင်းသင်းနေတာကိုလည်း မလိုချင်ဘူး။

အကောင်းဆုံးဖြစ်စေချင်ပါတယ် ဆရာရယ်။ မြွေမသေ တုတ်မကျိုး နည်းလမ်းမျိုး ရှိရင်ပေါ့။ ကျွန်မကတော့ ဘာကိုမှ မစဉ်းစားတတ်တော့ဘူး။ ဆရာ သည်စာကို အမြန်ဆုံးပြန်ပေးပါဆရာ။ ဘာလို့လဲဆိုရင် ကျွန်မ မွေးဖို့ရက်က လပိုင်းပဲ လိုတော့ အိမ်က အမေ့လက်ထဲ စာရောက်မှာ စိုးလို့ပါ။ သူနဲ့ ကျွန်မ ကြားမှာ ဆရာ ဝင်ပြီး ညှိနှိုင်းပေးစေချင်ပါတယ်။ ကျွန်မဘက်က တတ်နိုင်သမျှ အလျှော့ပေးမှာပါ။

ဒါမှမဟုတ် သူ့အိမ်ကို အမှန်အတိုင်း အသိပေးရမလား။ ကျွန်မ ဘာမှ မလုပ်ရဲသေးဘူး ဆရာ၊ မှားသွားမှာစိုးတယ်။ ထပ်ပြီး အမှား မခံရဲတော့ဘူး။ ဒါကြောင့် ဆရာ့ကို အကူအညီတောင်းတာပါ။ အမှားပါရင် ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်။


ဆရာတို့ မိသားစု အဆင်ပြေ အေးချမ်းပါစေ။
စိုးစိုးခိုင်

၂။
သည်တစ်လ ပေးစာက စာဖတ်သူများ ဖတ်ခဲ့ရသည့်အတိုင်းပင် သိသိသာသာ ရှည်လျားသည်။ အသက်တစ်ရာ မနေရ၊ အမှုတစ်ရာ တွေ့ရသော အဖြစ်ပေတကားဟု မြည်တမ်းရမလိုလည်း ဖြစ်သည်။


ပြောစရာတစ်ခု ရှိပါသည်။ ကျွန်တော့်ထံ လာသော စာများစွာထဲမှ စာဖတ်သူ မိန်းမသားများ ဆင်ခြင် စဉ်းစားစရာ စာများကို ရွေးချယ်ကာ အမည်၊ နေရပ်များကို ဖြစ်စေ၊ သူတို့မှန်း သိသာလောက်သော အချက်အလက်များကိုဖြစ်စေ လှီးလွှဲ ထိန်ချန်ကာ အရင်းအတိုင်း ပြန်လည်ကူးယူ ဖော်ပြလျက်သည် ကဏ္ဍကို တင်ဆက်နေခြင်း ဖြစ်မှန်း စာဖတ်သူလူကြီးမင်းများ အားလုံး သတိထားမိပြီး ဖြစ်ပါလိမ့်မည်။ ယခု တစ်ပတ်တွင်မူ ကျွန်တော့်မှာ တခြားအလုပ်တွေ ပိနေသဖြင့် အိုင်ဒီယာက စာမူတောင်းချိန်မှာပင် ထိုဘက်သို့ မလှည့်နိုင်သေးပါ။ သို့ဖြစ်သဖြင့် မူရင်းစာအား ကူးယူသော အလုပ်အား ကျွန်တော့်အိမ်သူကို ခိုင်းလိုက်မိပါသည်။

ကျွန်တော့်အိမ်သူသည် ထိုစာကို ကူးယူပြီး ဒေါသအမျက် ချောင်းချောင်းထွက် နေသည်။ “သည်လို မိန်းမတွေကြောင့် ရှင်တို့လို ယောက်ျားတွေ စားသာနေတာ၊ ထင်တိုင်းကျဲနေတာ”ဟု ရေရွတ်သည်။ ကျွန်တော်ပါ စက်ကွင်းမလွတ် ဖြစ်သွားရသည်။

ကျွန်တော့်အိမ်သူ ပြောတာလည်း အပြည့်အဝမှန်ပါသည်။ စာဖတ်သူများ သိထားပြီးဖြစ်သည့်အတိုင်း ကျွန်တော်သည်လည်း အရွယ်ရှိစဉ်တုန်းက ကျွန်တော့်နည်း ကျွန်တော့်ဟန်နှင့် လှည့်ပတ်ပြီး ဇယားတွေ ရှုပ်ခဲ့ဖူးပါသည်။ ထိုသို့ အလွယ်တကူ ဇယားရှုပ်နိုင်သည်မှာ ကျွန်တော့်အိမ်သူ ပြောသည့် “သည်လို မိန်းမတွေ”၏ သဘောကြောင့်ပင် ဖြစ်သည်လည်း အမှန်ပင်။

အဓိကကတော့ အချစ်ကို ကိုးကွယ်တတ်ကြသော သူတို့၏ သဘာဝကြီးကိုကပင် အရိုးခံ မိန်းမသားတွေကို ဒုက္ခများနေစေခြင်းသာ ဖြစ်ပါသည်။ ယောက်ျားတွေကို မိမိနှင့် နှိုင်းကာ မိမိလိုပဲ ရိုးရိုး ချစ်လိမ့်မည်ဟု ယုံမှတ်ခြင်းကား မိန်းမသားတို့၏ မဟာ့မဟာ အမှားပင် ဖြစ်လောက်ပါသည်။

တစ်ခါမက ကျွန်တော်ပြောဖူးပါသည်။ ကျွန်တော့်စာကို အခုမှ ဖတ်ဖြစ်သူများ၊ အရင်က ကျွန်တော် ပြောခဲ့သည်ကို လွတ်သွားသူများအတွက်ဟု ရည်ရွယ်ပြီးလည်းကောင်း၊ အခါခါ ထပ်ပြောလျှင် နားများပိုစွဲပြီး သတိများ ပိုကြီးလာကြတန် ကောင်းရဲ့ဟု တွေးထင်မိသောကြောင့်လည်းကောင်း နောက်တစ်ခေါက် ထပ်ပြောခွင့် ပြုတော်မူကြစေလိုပါသည်။ “သည်မယ်ဗျာ… ခင်ဗျားနဲ့ ခဏလောက် ကိုယ်လက် နှီးနှောချင်လိုက်တာ”ဟု ပြောလျှင် ပါးချခံရမှာ သေချာသောကြောင့် ကျွန်တော်တို့ ယောကျာ်းများသည် “ခင့်ကို သိပ်ချစ်တာပဲ”ဟု လွယ်လွယ် ပြောတတ်ကြောင်းကိုပါ ခင်ဗျား။

ယောက်ျားတို့၏ ချစ်တယ်ဆိုသော စကားကို မိမိ၏ စိတ်နှင့် နှိုင်းကာ အဘယ်မိန်းမသားကမျှ မယုံသင့်ပါချေ။ သူတော့ ငါ့ကို ကိုယ်လက်နှီးနှောခွင့်ရဖို့ စတင်အားထုတ်နေပြီဟု အမှန်အတိုင်း၊ အရင်းအတိုင်း မြင်သင့်ပါသည်။

တချို့က ယူဆမည်။ သည်လူကြီးက သူကိုယ်တိုင် အဲလိုပြောခဲ့တဲ့အတွက် ယောက်ျားထုတစ်ရပ်လုံးကို ဝါးလုံးရှည်နှင့် ရမ်းနေတာ နေမှာ၊ အရာတိုင်းမှာ ခြွင်းချက်တွေ ရှိတာပဲဟာ၊ ဘာညာပေါ့။ ဟုတ်ကဲ့… ယောကျာ်းစင်စစ် ဧကန်သာ ဖြစ်လျှင်၊ ဆိုလိုသည်မှာ မိန်းမလျာသာ မဟုတ်လျှင် အနှီယောက်ျား၏ အချစ်သည် လူပျိုပေါက်စ ၁၄-၅ နှစ်သား အရွယ်မှာသာ အညစ်အကြေး ကင်းစင်သယောင် ရှိတတ် ပါသည်။  ၁၆ နှစ်၊ ၁၇ နှစ် ကျော်ပြီဆိုသည်နှင့် အညစ်အကြေး ကင်းစင်သယောင် ချစ်စိတ်ကလေးက စတင်ပြီး လုံးပါး ပါးလာပါသည်။ အသက် ကြီးလာလေ၊ အတွေ့အကြုံ များလာလေ၊ ပိုပြီး လုံးပါးပါးလေနှင့် ဖြစ်တတ်ကြစမြဲပင်။

သို့မဟုတ်ပါကလည်း “အစတော့ ရိုးရိုး၊ နောက်တော့တစ်မျိုးတိုးလို့ ချစ် ပြန်ဆိုပဲ၊ ဆိုပဲ”ဟူသည့် ဆရာမြို့မငြိမ်း၏ သီချင်းထဲကလိုပင် မူလကတော့ ရိုးရိုးသားသားပင် ချစ်သည်ဟု ကျွန်တော်တို့ ယောက်ျားတွေဘက်က ထင်မိတတ်ကြပါသည်။ ကျွန်တော်လည်း ၁၆နှစ်သားလောက်က အဲလိုပင် ထင်မိခဲ့ဖူးသည်။ အမယ်… ကိုယ့်ရည်းစားပင် မထိရက်၊ မကိုင်ရက်၊ စိတ်နဲ့ပင် မပြစ်မှားရက်သလို ခင်ဗျ။

အဲ… ရည်းစားသက်လေးရ၊ တွဲသွား တွဲလာလေး လုပ်မိတဲ့အခါကျတော့ လက်ကလေး ကိုင်ရင်း၊ ပါးကလေး နမ်းရင်းက စိတ်တွေက ဖောက်ပြန်လာသည်၊ နောက်တော့ တစ်မျိုး တိုးချင်လာသည်။ ဟိုတစ်ဖက်သားက ခွင့်မပေးရင် မောင့်ကို မချစ်လို့၊ ဘာလို့ ညာလို့နှင့် အမျိုးစုံ ညုရတော့သည်။ အစတုန်းက ရိုးသားစွာ ချစ်ခဲ့ပေမင့် နောက်ပိုင်းကျတော့ ယောက်ျားတို့၏ သွေးသားထဲက မွေးရာပါ “ကြက်ဖစိတ်” ဝင်လာပါသည်။ (ရှိရှိသမျှ ကြက်မ အားလုံးနှင့် ပတ်သက်ကာ မိမိ၏ မျိုးဆက်ကို တတ်အားသမျှ ကြဲဖြန့်လိုမြဲ ယောက်ျားတို့၏ အခြေခံသဘောကို “ကြက်ဖစိတ်”ဟု တစ်နေရာတွင် ဖတ်ဖူးသဖြင့် ထိုသို့ သုံးနှုန်းလိုက်ရခြင်းပင် ဖြစ်လေသည် တမုံ့။)


အဲတော့ကာ မမများအနေဖြင့် ယောက်ျားတို့၏ အချစ်ဆိုသည်မှာ ကိုယ်လက် နှီးနှောရန် ရည်သန်ခြင်း ဖြစ်ကြောင်းကို အကြွင်းမဲ့ ယုံလိုက်ကြစေလိုပါသည်။ သည်ကိစ္စမှာ ခြွင်းချက် ရှိဦးတောင်မှ တစ်သောင်း တစ်ယောက်၊ တစ်သိန်း တစ်ယောက်၊ တစ်သန်း တစ်ယောက်လောက်ပင် ရှားသည့် ခြွင်းချက်ဟူသည်ကိုလည်း သတိချပ်ကြစေလိုပါသည်။

၃။
စိုးစိုးခိုင်(ဟု အမည်လွှဲထားသူ)ရဲ့ စာကို “ရှင် ဘယ်လို ပြန်လိုက်သလဲ”ဟု ကျွန်တော့် အိမ်သူက ကျွန်တော့်ကို မေးလေသည်။ ကျွန်တော် မမှတ်မိတော့ပါ။ ကျွန်တော့်မှာ တစ်လတစ်လ စာပြန်ရသော အရေအတွက်က မနည်းပါ။ မရှိဘူးဆိုလျှင် အစောင် ၅၀ လောက်တော့ ပျော့ပျော့လေး ရှိသည်။ တစ်စောင်ချင်းကို ကျွန်တော်ကိုယ်တိုင် ပြန်သည်ဆိုလျှင် စာဖတ်သူများ ယုံပါ့မလားပင် မသိ။ တကယ် ကျွန်တော်ကိုယ်တိုင် ပြန်ပါသည်။

ကွန်ပျူတာနှင့်စာရေးခြင်းသည် လက်နှင့်ရေးတာထက် အဆပေါင်းများစွာ ပိုမို မြန်ဆန်သောကြောင့် မအားသည့်ကြားမှ ထိုသို့ ပြန်နိုင်နေခြင်း ဖြစ်သည်။ တချို့ကို လိုရင်း တိုရှင်း၊ တချို့ကို ရှည်ရှည်ဝေးဝေး ပြန်ရသည်။ တစ်ခါတစ်ခါ မအားလပ်သဖြင့် မပြန်ဘဲထားသည့် စာပုံကြီး ရှိနေတတ်သည်။ ထိုအခါများတွင် ကျွန်တော့်မှာ လေးငါးရက် အချိန်ယူပြီး အီနေအောင် ပြန်ရသည်များပင် ရှိသည်။

ထို့ကြောင့် အခုနောက်ပိုင်းမှာ သတိထားသည်။ စာတိုက်သေတ္တာ ဖွင့်လာသည့် တစ်ပတ်စာအတွက်ကို အားအား မအားအား အချိန် သတ်သတ် ပေးကာ မဖြစ်မနေ ပြန်ရတော့သည်။ စာကြွေး မပိအောင် ဖြစ်သည်။

ပြန်ရတာ များလွန်းသဖြင့် သူ့ကို ဘယ်လို ပြန်ရေးခဲ့မှန်းကိုပင် မမှတ်မိတော့ချေ။ ထို့ကြောင့် ကွန်ပျူတာထဲတွင် ပြန်ရှာရာ ကျွန်တော့်ပြန်စာကို အောက်ပါအတိုင်း တွေ့ရလေသည်။


၂၀ဝ၆ ဒီဇင်ဘာ ၉


မစိုးစိုးခိုင် ခင်ဗျား
ခင်ဗျာ့စာက ခင်ဗျားတို့မြို့ရဲ့ စာတိုက်က အောက်တိုဘာ ၂၄ ရက်မှာ ထွက်ပြီး ရန်ကုန်စာတိုက်ကြီးကို ၂၇ရက်မှာ ရောက်လာကြောင်း စာအိတ်ပေါ်က တံဆိပ်တုံးတွေအရ သိရပါတယ်။ ကျွန်တော်က အခုမှ စာပြန်ဖြစ်တဲ့အတွက် အနူးအညွတ် တောင်းပန်ပါရစေ။ သည်လပိုင်းအတွင်းမှာ ကျွန်တော့်မှာ ခေါင်းမဖော အားအောင် အလုပ်တွေ တအားပိနေလို့ပါပဲ။

ကိုင်း… ခင်ဗျားပြဿနာကို ကျွန်တော် တတ်နိုင်သမျှ ပြောကြည့်မယ်နော်။ ပြောရရင်တော့ အစကတည်းက ခင်ဗျား အမှားကြီး မှားခဲ့တာပဲ။ ဒါ အပြစ်တင် စကား မဟုတ်ပါဘူး။ သံဝေဂ ယူသင့်တဲ့ စကားပါ။ ရွှေမြင့်မိုရ် တစ်တောင်လုံးကို တုံးမှတ်လို့ ခုန်တဲ့ မိန်းမသားတွေဟာ သည်လောကမှာ ခင်ဗျား တစ်ယောက်တည်း မဟုတ်ပါဘူး။ အတော် များများပါ။ ဒါ့ကြောင့် မိန်းမတွေများ နှာခေါင်း မပါရင် ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုတာအထိ ပြောကြဆိုကြတော့တာပေါ့။

သေချာတာတစ်ခုကတော့ မိန်းမတွေရဲ့ အချစ်နဲ့ ယောက်ျားတွေရဲ့ အချစ်နဲ့က တခြားစီပါ။ ယောက်ျားတွေက သွေးသားကိစ္စလို့ တည့်တည့် ပြောရမှာ မကောင်းတတ်လို့ ချစ်တယ်ဆိုတဲ့ သကာလေး အုပ်ပြီး ပြောတာ၊ အဲဒါကို ယုံလွယ်တဲ့ မိန်းမတွေ ဒုက္ခ များကြရတာပါပဲ။

ခင်ဗျားအနေနဲ့ အလုပ်သင့်ဆုံးကတော့ သည်ကိစ္စကို မေ့ဖျောက်လိုက်ပါ။ ကိုယ့်ကို မလိုလားတဲ့သူကို တစ်သက်စာအတွက်လည်း ဘယ်လိုမှ ဆက်မစဉ်းစားစေချင်ဘူးဗျာ။ တစ်သက်လုံး စိတ်ဆင်းရဲရမှာထက်စာရင် ခဏတဖြုတ် အသည်းကွဲရတာက သက်သာပါတယ်။ သေသောသူ ကြာရင်မေ့ဆိုတဲ့အတိုင်း အသည်းကွဲလည်း တစ်သက်လုံးတော့ ခံစားရမှာမဟုတ်ပါဘူး။ အကြောင်းတိုက်ဆိုင်ခိုက် တစ်ဒင်္ဂလေးများမှာသာ ခံစားရမှာပါ။


ကလေးအတွက်လည်း ပထွေးတို့၊ အဖေ မရှိတာတို့ကို ယမယ် ရှာနေတာဟာ ခင်ဗျားကိုယ်တိုင်က မပြတ်ချင်လို့ အကြောင်းပြနေတာပဲလို့ ကျွန်တော်ကတော့ ရက်ရက်စက်စက် စွပ်စွဲလိုက်ချင်တယ်။ ကလေးမှာ ဖအေ ရှိတယ်။ သူ့ဖအေက တာဝန်မယူတာသာ ဖြစ်ပါတယ်။ ခင်ဗျားကိုယ်တိုင်က စိတ်ပြတ်ရင် ကလေးမကလို့ သိကြားမင်းကြီးပဲ တားတား ပြတ်သွားမှာပါ။


မိဘတွေ စိတ်တိုင်းကျ သူ့ကို အရေးယူရေး မယူရေးကို ပြောရရင်တော့ ခင်ဗျားတစ်ကိုယ်ရေအတွက်ပဲ မစဉ်းစားစေချင်ဘူး။ သည်လို ယောက်ျားမျိုးတွေ နောင်ကြဉ်အောင်၊ ခင်ဗျားလို အချစ်ဆိုတဲ့ အလွဲကြီးကို ကိုးကွယ် ရူးသွပ်တတ်တဲ့ လာလတ္တံ့သော မိန်းမကောင်းလေးတွေအပေါ်မှာ သည်လို ယောက်ျားမျိုးတွေ အခွင့်ကောင်း မယူရဲအောင် စံပြအဖြစ်နဲ့ ခင်ဗျားက အနာခံပြီးတောင် အရေးယူ ပေးဖို့ ကောင်းသေးတယ်လို့ ကျွန်တော်က အကြံပေးလိုက်ချင်ပါသေးတယ်။

လောကမှာ မြွေမသေ တုတ်မကျိုး ဖြစ်ချင်လို့ မရဘူးဆိုတာ ခင်ဗျား သိထားသင့်ပါတယ်။ ရှဥ့်လျှောက်မယ်ဆိုရင် ပျားအုံ ရှိလို့ ဘယ်ဖြစ်ပါ့မလဲ။ ပျားအုံရှိမယ် ဆိုရင်လည်း ရှဥ့်က ဖြတ်လျှောက်မှာကို မဟုတ်ဘူး။ အဲဒါ သဘာဝတရားဗျ။ အဲဒါကိုမှ လွန်ဆန်ချင်ရင် မသေဆေးရှာတဲ့သူလို ဖြစ်နေပါလိမ့်မယ်။


အကောင်းဆုံး အကြံပေးရရင်တော့ သည်ကိစ္စကို ခင်ဗျာ့ခေါင်းထဲက လုံးလုံး ထုတ်လိုက်ပါ။ ပြီးရင် ကလေးကို သတ္တိရှိရှိနဲ့ မွေးပါ။ အဲဒီ့ကလေးကို လူလားမြောက်အောင် ခင်ဗျားတစ်ယောက်တည်းရဲ့ အစွမ်းအစ၊ အရည်အချင်းနဲ့ ဘယ်နည်းဘယ်ပုံ ကြိုးစား ပျိုးထောင်ယူမလဲဆိုတာကိုပဲ တစ်ချိန်လုံး ကြံစည်အားထုတ်နေပါ။

မွေးလာတဲ့ ကလေးက ယောက်ျားလေးဖြစ်နေရင် သူ့အဖေလို တာဝန်မဲ့သူတစ်ယောက် ဖြစ်မလာအောင် ခင်ဗျားသာ ဖန်တီးယူနိုင်ပါတယ်၊ မိန်းကလေး ဖြစ်နေရင်လည်း မအေလို အချစ်ဆိုတဲ့ အလွဲကြီးကို ယုံမှားတတ်သူ ဖြစ်မသွားအောင် ခင်ဗျားသာ ပုံသွင်းနိုင်ပါတယ်။

ကျွန်တော့်အဖြေတွေက ခင်ဗျားအတွက် ကျေနပ်စရာ သိပ်ကောင်းမှာ မဟုတ်တာကို ကျွန်တော် နားလည်နိုင်ပါတယ်။ ခင်ဗျားက သည်ရွှေအချစ်ကိုပဲ ဇန်းတင်ချင်တဲ့သူကိုး။ ကျွန်တော်ကတော့ ယောက်ျားတစ်ယောက်ဖြစ်နေလို့လားတော့ မသိဘူး၊ ယောက်ျားတွေရဲ့ အချစ်ကို တစ်စက်ကလေးမှ အထင်ကြီးလို့ မရသလို မိန်းမသားတွေရဲ့ အချစ်ဆိုတာကိုလည်း ဘယ်ယောက်ျားသားနဲ့မှ မထိုက်တန်လှတဲ့ အလွဲကြီးအဖြစ် မြင်မိပါတယ်။

ခင်ဗျားမီးဖွားချိန်လောက်မှ သည်စာ ရောက်မယ်ဆိုလည်း မတတ်နိုင်ဘူးဗျာ။ ကျွန်တော့်ကို ခွင့်လွှတ်ပါတော့။ သည်စာ ခင်ဗျာ့အမေလက်ထဲ ရောက်သွားတော့လည်း ခပ်ကောင်းကောင်းပဲ၊ ခင်ဗျားအမေဘက်က ပြောစရာ စကား ပြည့်ပြည့်စုံစုံ ရသွားတာပေါ့။
အမြင်မှန်သွား၊ တည့်သွားပါစေလို့ ကျွန်တော် ဆုတောင်းပေးလိုက်ပါတယ်။

တွေးဆဆင်ခြင်ကြည့်နိုင်ပါစေ
အောင်သိန်းကျော်

၎။
ကွယ်လွန်သူ ဆရာငြိမ်းကျော် ရေးခဲ့ဖူးသော “အပြာရောင် သစ်ခွပွင့်ရဲ့ သမိုင်းအစ” ဝတ္ထုကို ပြန်သတိရနေမိပါသည်။ သည်လိုဇာတ်လမ်းမျိုးပင် ဖြစ်သည်။

ရှိသေးသည်။ သည်ဇာတ်လမ်းထဲက စိုးစိုးခိုင်၏ လူလို၊ မိန်းကလေးတွေဘက်က အနိုင်ကျင့်ပြီး လက်ထပ်ခိုင်းလို့ ယူရတာပါဟု ကြွေးကြော်ကာ နှမချင်း မစာတတ်သူများကိုလည်း ဘယ်လို ဩချရမှန်း မသိ။

ကျွန်တော် နုစဉ်အခါက ကျွန်တော့်အမေက ကြားဖူးနားဝနှင့် ထိုသို့ မိန်းမတွေဘက်က ထောင်ဖမ်းလိုက်မည်ကို လွှတ်စိုးရိမ်ရှာသည်။ ကျွန်တော် ရယ်မိသည်။ ထောင်ဖမ်းတာ ခံရဖို့ဆိုသည်မှာ ကိုယ့်ဘက်က အမှားရှိမှသာ ဖြစ်သည်။

နှစ်ယောက်တိတိကို ရပ်ကျော် ရွာကျော် တွဲပြီးသည့်အပြင် နှစ်ဖက်မိဘများ ပြောဆို ကြောင်လမ်းပြီးကာမှ ကျွန်တော်တစ်ယောက် မျက်နှာပြောင်တိုက်ကာ ရှောင်ထွက်ခဲ့ဖူးပါသည်။ ကျွန်တော့်စိတ်ထဲတွင် ယနေ့ထက်တိုင်လည်း ဘယ်လိုမှ မနေပါ။ လိပ်ပြာ သန့်ပါသည်။ အကြောင်းကား ထိုနှစ်ယောက်ကို ကျွန်တော်  သမီးရည်းစားအဆင့်ထက် ပိုအောင် မနေခဲ့သောကြောင့်ဖြစ်သည်။

နေမိလို့ ထောင်ဖမ်းတာ ခံရလျှင် ထောင်ဖမ်းသူမှာက နောက်မှ အပြစ်ရှိတာ ဖြစ်သည်။ ကိုယ် မနေနိုင် မထိုင်နိုင် ရှိတာက အရင်ဆုံးမို့ ကိုယ့်အပြစ်သာ ဖြစ်ပေသည်။

နောက်တစ်ချက်ကတော့ “မိန်းမသားတို့ သိမ်းထားဖို့”ကို ဖတ်နေကြမည့် တချို့သော ယောက်ျားများ သတိထားရန်ဖြစ်သည်။

မိန်းကလေးတစ်ယောက်ကို ချစ်လှပါ ချေရဲ့ဟု ပြောကာ ကိုယ်လက်နှီးနှောလျှင် သိပ်ပြဿနာ မရှိပါ။ အဲ… အတည်တကျ လက်ထပ် ပေါင်းသင်းပါမည်ဟု ပြောပြီး ကိုယ်လက်နှီးနှောလို့ကတော့ဗျား… အဲဒါ ထောင်ကျနိုင်တဲ့ ရာဇဝတ်မှုပါ ခင်ဗျား။ (ဒါ့ကြောင့် ကျွန်တော့်ဘက်က ဘယ်မိန်းမကိုမှ လက်ထပ်မည်ဟု မပြောခဲ့ပါ။ လက်မထပ်ဘူးဟု တစ်လျှောက်လုံး ကြွေးကြော်ခဲ့ပါသည်။ သည်ကြားထဲကမှ သူတို့က လိုက်လျောတော့လည်း ဟဲ… ဟဲ… ကျွန်တော်က ဖိုးကျိုင်းတုတ်ပေါ့ ခင်ဗျာ။)


မိန်းမသားများလည်း သတိထားစေချင်ပါသည်။ မိမိကိုယ်ခန္ဓာကို အရယူ လိုသော စိတ်ဖြင့် လက်ထပ်မည်ဟု တွင်တွင်ပြောသောစကားကို နှစ်ကိုယ်ကြား သာမကဘဲ သက်သေရှိအောင် အစောကြီးကတည်းက လုပ်ထားကြစေလိုပါသည်။ ကိုယ့်ဘက် သူ့ဘက် နှစ်ဖက် သက်သေ ရှိအောင် လုပ်ထားသင့်သည့်အပြင် လိုအပ်ပါက အသံလေးပါ ဖမ်းထား၊ တတ်နိုင်လျှင် ဗီဒီယိုလေးပါ ရိုက်ထားလိုက်ခြင်းအားဖြင့် အဆိုပါသူကောင့်သား၏ လက်ထပ်မည်ဟု ပြောသောစကားကို  အစောကြီးကတည်းက အထောက်အထားနှင့် အရ ယူထားသင့်ပါသည်။

ပြောလက်စကို ပြန်သွားရလျှင် သူတို့ဘက်က ထောင်ပဲ ဖမ်းဖမ်း၊ အနိုင်ကျင့်လို့ပဲ ယူရယူရ၊ ကိုယ့်ဘက်က အနေမှားလို့ အခုလို ဖြစ်ရတာပါလား၊ ကိုယ့်ဘက်က မဆင်ခြင်မိလို့ ဖြစ်ရတာပါလားဟု စဉ်းစားသော ယောက်ျားများ သည်လောကမှာ ဘာ့ကြောင့် သည်လောက်ရှားသလဲဟု ကျွန်တော် မကြာခဏ စဉ်းစားဖူးပါသည်။


ပြောလိုက်လျှင်ကား ယောက်ျားတွေကပဲ မိန်းမတွေထက် ပိုသဘောထား ကြီးသလိုလို၊ ပိုပြီး ခမ်းနားနေသလိုလို၊ ဟိတ်တစ်လုံး ဟန်တစ်လုံးနှင့်။ ကိုယ့်ကျူးလွန်မှု၊ ကိုယ်ကိုယ်တိုင်၏ လုပ်ဆောင်ချက်အတွက် တာဝန်ယူဖို့ထက် တစ်ဖက်မိန်းမသားနှင့် အသိုင်းအဝိုင်းကြောင့် သူပဲ အနစ်နာခံခဲ့ရသလိုလို၊ သူ အလို့ပဲ ခံခဲ့ရသလိုလို ပြောတတ်ကြသည်မှာလည်း ထိုသို့ သဘော ထားကြီးသယောင်၊ ခမ်းနားသယောင် ဟိတ်ထုတ် သန်လှသော အနှီယောက်ျားသားများသာပင်။

၅။
မမများခင်ဗျား…
ကျွန်တော်မည်သော၊ ရာနှုန်းပြည့် မခြောက်သော၊ ယောက်ျားစစ်စစ်ကြီးက ယောကျာ်းတွေ မကောင်းဘူးဟု အတိအလင်း ပြောနေပါသည်။ (ကျွန်တော် ကိုယ်တိုင်လည်း အဲဒီ့ကိစ္စမှာ တစ်စက်လေးမှ မကောင်းပါခင်ဗျား။) သည်တော့ မမများဘက်က သတိကို ကြီးကြီးရော၊ သေးသေးရော၊ ရွယ်ရွယ် လတ်လတ်ပါ ထားလျက် အမြဲမပြတ် ဆင်ခြင်ဖို့သာ လိုအပ်သည်ဟု မှာပါရစေ။


ယောက်ျားတို့၏ အချစ်ကို ဟိုသင်းစား ပြောတောင် မယုံပါနှင့်။ ကျွန်တော်တို့ ယောက်ျားတွေ ဟိုစိတ် မွှန်နေပါက ဟိုသင်း စားဖို့ ဝန်မလေးဟုသာ မှတ်ယူကြစေလိုပါသည်ခင်ဗျား။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်

၁၉၀၁၀၇

Excerpts from ATK’s Newly Published Book

ပြီးခဲ့တဲ့အပတ်က ကျွန်တော့်စာအုပ်သစ် တစ်အုပ် ထွက်ပါတယ်။ “မိန်းမသားတို့ သိမ်းထားဖို့”ဆိုတဲ့ စာအုပ်ပါ။ Connection ကြောင့်ရယ်၊ ကျွန်တော့်မှာ သိပ်ကို အလုပ်များနေတာကြောင့်ရယ် အဲဒီ့ သတင်းကို မတင်ဖြစ်ခဲ့ပါဘူး။ အခု  အဲဒီ့စာအုပ်ထဲက စာတစ်ပုဒ်ကို ကောက်နုတ် တင်ဆက်လိုက်ပါတယ်။ ဖတ်ရှုဝေဖန်တော်မူနိုင်ကြပါကြောင်း။

လမ်းမှာ တွေ့ရတတ်တဲ့ သစ်ပင်များအကြောင်း

၁။

ဆရာရှင့်

သမီးက သည်လို စာတွေ ရေးလေ့ရေးထ မရှိလို့ အမှားပါရင် ခွင့်လွှတ်ပါရှင့်။

သမီးအသက်က ၂၀ရှိပါပြီ။ သမီးချစ်သူနဲ့ သမီးတို့ ချစ်သူဖြစ်တာ တစ်နှစ် ပြည့်သွားပါပြီ။ သမီးတို့နှစ်ယောက်က သူငယ်ချင်းလည်း မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် သမီးတို့ အမြဲလိုလို ရန်ဖြစ်ပြီး စိတ်ကောက်တတ်ကြပါတယ်။ ဖြစ်တာကတော့လည်း ခဏပါ။ တစ်ရက်တောင် မခံပါဘူး၊ ခဏလေးပါပဲ။


သမီးက ဆရာ့ရဲ့ “မီးငယ်တို့ အသိကြွယ်ဖို့”စာအုပ်ကို ရည်းစားဖြစ်ပြီး နှစ်လလောက်မှာ သူ့ကို ဖတ်ခိုင်းထားပါတယ်။

ဪ… ရေးဖို့ ကျန်သေးတယ်။ သူက သမီးထက် အသက် နှစ်နှစ် ပိုကြီးပါတယ်။ သူက ကုမ္ပဏီတစ်ခုမှာ အလုပ် လုပ်ပါတယ်။ ရုံးပိတ်ရက်ဆိုရင်တော့ သူ့အိမ်က အလုပ်မှာ ကူပါတယ်။ သမီးနဲ့ တွေ့ချိန်လည်း နည်းပါတယ်။ သမီးတို့ နှစ်ယောက်ကလည်း အရမ်း ချစ်ပါတယ်။ ရန်လည်း ဖြစ်ပါတယ်။

သည်လိုနဲ့ ဆရာရယ်… တွေ့ချိန်နည်းတော့ ကျူရှင်တို့၊ ကျောင်းတို့က သူငယ်ချင်းတွေနဲ့ သမီးကို သူက အမြဲတမ်း အထင်လွဲတယ်။ သမီး အရမ်း စိတ်ညစ်တာပဲ။ သမီးက သူ့ကို စာအုပ်ဖတ်ခိုင်းထားတော့ သူက အမြဲပဲ သမီးကို ညီမလေးတစ်ယောက်လို၊ ချစ်သူတစ်ယောက်လိုနဲ့ လိုတာထက် ပိုပြီး သမီးကို မချစ်ပါဘူး။

ဆရာ့စာအုပ်ကို သေချာဖတ်လေလေ၊ ယောက်ျားတွေကို ကြောက်မိလေလေပါပဲဆရာ။ သမီး အထင်ကြီးတဲ့ ဆရာတို့၊ သမီးအဖေတို့ကရော သည်လိုတွေချည်းပဲလား။ တောင်းပန်ပါတယ်နော်။ ဆရာ့စာအုပ်ထဲကအတိုင်းလေ။ သည်လိုပဲလား။ သမီးချစ်သူကရော၊ သူက သမီးကို လုံးဝ မရသေးလို့ပဲလား ဆရာ။ အဲဒီ့အထင်နဲ့ သမီးမှာ စိတ်ညစ်နေရပါတယ်။

သူ့မိဘတွေနဲ့တော့ သမီးတို့ ချစ်သူသက်တမ်း တစ်နှစ်ပြည့်တဲ့နေ့က မိတ်ဆက်ပြီးပါပြီ။ အားလုံး အိုခေပါပဲ ဆရာ။ သူက သူ့အသက် ၂၅နှစ် ပြည့်ရင် သမီးကို လက်ထပ်မယ်လို့ ပြောနေပါတယ်ဆရာ။ အခု သူက ၂၂နှစ် ကျော်ပြီလေ။ သမီးမိဘတွေနဲ့လည်း မိတ်ဆက်ပေးဖို့ ပြောနေပါတယ်ဆရာ။ သမီး ဘယ်လို လုပ်ရမလဲ။ မိဘတွေနဲ့ရော ဘယ်လို ဆုံပေးရပါသလဲ။ ဆရာက သမီးရှင်တစ်ယောက်အနေနဲ့ မိဘတွေ ဘယ်လိုကြိုက်သလဲဆိုတာကို ပြောပေး ပါဆရာ။ ဘာတွေ လိုအပ်သလဲဆိုတာကိုပေါ့။

သူက သမီးကို ရပြီးရင် နောက်မိန်းမတွေနဲ့ တွဲဦးမှာလားဟင်။ ဆရာ့ စာအုပ်ထဲကလိုပေါ့။ သမီချစ်သူမို့ ပြောတာ မဟုတ်ပါဘူး ဆရာ။ သူ့မှာက နာမည်ပျက် လုံးဝ မရှိပါဘူး။ သမီး သူ့ကို အမျိုးမျိုး စမ်းသပ်ထားတာ။ သမီးသူငယ်ချင်းတွေနဲ့လည်း မိတ်ဆက်ပေးဖူးတယ်၊ သူ့အကြောင်းတွေကိုလည်း အမြဲစုံစမ်းနေတာပါ။ အလုပ်မှာရော၊ သူ့ပတ်ဝန်းကျင်မှာပါ ဘာဆို ဘာမှ မရှိပါဘူး။

သမီး သူ့ကို မိဘတွေနဲ့ မိတ်ဆက်ပေးသင့်သလားဟင်။ သမီး သူ့ကို ယူသင့်သလား။ သမီး သူ့ကို အရမ်းချစ်ပါတယ်။ ဒါပေမယ့် ယောက်ျားတွေကို အရမ်း ကြောက်နေတယ်။ ဘယ်လိုလုပ်ရင် ကောင်းမလဲဟင်။ သမီးကို အကြံဉာဏ်ပေးစေချင်ပါတယ်။

သမီးရဲ့လိပ်စာက (မြို့ကြီးတစ်မြို့မှ တက္ကသိုလ်တစ်ခု၏ လိပ်စာကို ပေးထားပါသည်။)

မတ်လမှာ ကျောင်းပိတ်မှာမို့ သမီးရဲ့ စာကို မဖတ်ဖြစ်ခဲ့ရင် ဆရာ့ရဲ့ အကြံပေးစာကို စက်တင်ဘာလကျမှ ပို့ပေးစေချင်ပါတယ်။

၂။

နေ့စွဲမပါ။ လက်မှတ်ထိုးမထားသော စာတစ်စောင်ဖြစ်သည်။ ထားပါ။ သူ့ဆီကို ကျွန်တော် ချက်ချင်းပင် စာပြန်ပေးခဲ့ပါသည်။ ကျွန်တော့်ပြန်စာကို ဦးစွာ ဖတ်ရှုတော်မူကြပါဦး။

၂၀ဝ၇ ဇန်နဝါရီ ၃၁


သမီး မဟဝှာ


သမီးရဲ့ နေ့စွဲမပါတဲ့ စာကို ပြန်လိုက်တာပါ။ လိုရင်းကို တိုတိုရှင်းရှင်းပဲ ပြောပါရစေ။

  1. တစ်ယောက်တည်းကို ချစ်ဖူးပြီး အဲဒီ့တစ်ယောက်တည်းကိုပဲ တစ်သက်တာ လက်တွဲဖို့ စဉ်းစားတဲ့သူလောက် သည်လောကမှာ ဆင်ခြင်ဉာဏ် ကင်းမဲ့သူ ရှိမှာ မဟုတ်ဘူးလို့ ဆရာကတော့ ယူဆပါတယ်။ လူတိုင်းမှာ ရွေးချယ်ခွင့်တွေ ရှိတယ်။ သူငယ်ချင်းတွေနဲ့ပဲ ပြောရအောင်။ ကိုယ်က အကောင်းထင်ပြီး လှိုက်လှိုက်လှဲလှဲ ပေါင်းနေမိပေမဲ့ အရေးအကြောင်းမှာ အားမကိုးရတဲ့ သူငယ်ချင်း၊ ကိုယ့်နောက်ကျောကို ဓါးနဲ့ ထိုးတတ်တဲ့ သူငယ်ချင်းတွေလည်း ရှိတတ်သလို ကိုယ်က ဘာသိဘာသာနေမိပေမယ့် တကယ်တမ်းမှာ ကိုယ့်အပေါ် အမှန်တကယ် အနွံအတာခံတဲ့ သူငယ်ချင်းမျိုးလည်း တွေရတာ လောကဓမ္မတာပါပဲ။ ပြောရရင်တော့ “လူ”အကြောင်းဟာ ပေါင်းရင်းနဲ့မှ သိလာရတာပါ။ ကိုယ့်ချစ်သူဖြစ်သွားတာနဲ့ သူဟာ “လူ”ဘဝ ကနေ နတ်ဘဝ၊ သိကြားဘဝကို ပြောင်းမသွားဘူး။ သူလည်း လူစစ်စစ်ပဲ။ သူ့မှာလဲ ကိုယ် ထင်မထား၊ သိမထားတဲ့ အနာအဆာတွေ၊ ကိုယ်နဲ့ အစပ်မတည့်တာတွေ တစ်လှေကြီး ရှိနိုင်တယ်။ အဲဒါကို သိပ်ချစ်နေတုန်းတော့ မြင်မှာ မဟုတ်ဘူး။ တစ်သက်တာ ပေါင်းတဲ့အခါကျရင် မြင်လာရတော့မှာ။ အများကြီးထဲက ခေါင်းခေါက် ရွေးတတ်မှသာ မိန်းကလေးတွေအတွက် တန်ကာကျတယ်။ သည်တစ်ယောက်ထဲကိုပဲ ကြိုက်၊ သည်တစ်ယောက်နဲ့ပဲ လက်တွဲခဲ့တဲ့သူတွေရဲ့ မျက်ရည်တွေဟာ ကပ္ပလီပင်လယ်ကြီးထက်တောင် ပိုနေပါလိမ့်မယ်။ ဆရာ့ဆီကို ရောက်ရောက်လာတဲ့ အိမ်ထောင်ရေး ဒုက္ခသည်တွေဟာလည်း သည်အတိုင်းပဲ။ အချစ်ကို ကိုးကွယ်မိတဲ့ မိန်းမသားတွေဟာ နောက်ဆုံးကျ ဒူးနဲ့တင်မက၊ ခြေသလုံးနဲ့ရော၊ ခြေဖမိုးနဲ့ပါ မျက်ရည် သုတ်နေကြရသူချည်းပါပဲ။ ခြွင်းချက်တစ်ယောက်မှ မရှိဘူး။
  2. ကိုယ့်ထက် နှစ်နှစ်ပဲ ကြီးတဲ့သူကို မရွေးချယ်သင့်ဘူး။ ကိုယ့်အသက် ၅၀ မှာ သူ့အသက်က ၅၂ နှစ်ပဲ ရှိဦးမှာကို စဉ်းစားပါ။ ၅၀ အရွယ် မိန်းမဟာ သွေးဆုံးနေပြီ၊ ကလေးတွေ မွေးထားလို့ ပုံပျက်နေပြီ။ ၅၂ နှစ် အရွယ် ယောက်ျားတစ်ယောက်ဟာ ၅၀ အရွယ် မိန်းမ တစ်ယောက်ကို ဘယ်လို နည်းနဲ့မှ ဖီလင်မလာတော့ဘူး။ အဲဒါကို အပြည့်အဝ ယုံပါ။ ဒါ့ကြောင့် မိန်းကလေးတွေအနေနဲ့ ကိုယ့်ထက်ငယ်တဲ့သူ၊ ကိုယ်နဲ့ မတိမ်းမယိမ်း၊ ကိုယ့် ထက် သုံး-လေးနှစ်လောက်သာ ကြီးသူများကို အိမ်ထောင်ဖက်အဖြစ် လုံးဝ မစဉ်းစားသင့်ဘူး။ အနည်းဆုံး ကိုယ့်ထက် ခုနစ်နှစ် ရှစ်နှစ်ကြီးတဲ့သူကို ရွေးရပါမယ်။ ဖြစ်နိုင်ရင် သည့်ထက်တောင် အသက် ကွာသင့်သေးတယ်။ အဲဒါမှသာ တစ်ဘဝလုံး စိတ်ချမ်းသာရမှာပါ။ ဒါလည်း ခြွင်းချက် မရှိဘူး။
  3. ရည်းစားထားတာကို ဆရာ အပြစ်မတင်ဘူး။ အပြစ်မတင်တဲ့အပြင် အားတောင် ပေးချင်သေးတယ်။ ဒါပေမယ့် တစ်ယောက်တည်း ထားတာဆိုရင်တော့ သတ်ချင်တယ်။ ဆရာ့သမီးနဲ့ သားကိုလည်း အပျိုပေါက်၊ လူပျိုပေါက်ကတည်းက မှာတယ်။ ရည်းစားထားချင်ရင် ကြိုက်တဲ့အရွယ်၊ ကြိုက်တဲ့အချိန်မှာ ထားနိုင်တယ်လို့။ ဒါပေမဲ့ တယောက်တည်းပဲ ထားမယ် ဆိုရင်တော့ နားရင်း အုပ်မှာလို့။ ဆရာ့သမီးက အခုမှ ၁၈ နှစ်။ ဒါပေမယ့် သူ့ကိုယ်သူ ထိန်းနိုင်တယ်လို့ ဆရာ အပြည့်အဝ ယုံတဲ့အတွက် တစ်မြို့ တစ်ရွာမှာ သူ့ဘာသာ နေနေတာကို ဆရာ သိပ်မပူပန်မိဘူး။ ဆရာ့သားက အခုမှ ဆယ်တန်း၊ ပြင်ဦးလွင်မှာ ကျောင်းအိပ် ကျောင်းစား နေနေတယ်။ မနှစ်က သူ့အသက် ၁၅ နှစ်အတွင်းမှာ ရည်းစားက လေးယောက်တိတိ ရှိခဲ့ပြီးပြီ။ တယ်လီဖုန်းနဲ့ သူ့ကို မိတ်ဆက်ပြီး စကားပြောနေတဲ့ ကောင်မလေးတွေလည်း တန်းကို စီလို့၊ အိမ်က ဖုန်းဆိုတာ မနားရဘူး။ ဆရာ့သားသမီး တွေကို “အချစ်”အကြောင်း လာမပြောနဲ့၊ ဟားလွှတ်လိမ့်မယ်။ သူတို့ အသည်းလည်း ကွဲဖူးတယ်၊ ချစ်လိုက်တာလည်း တုန်ဖူးတယ်။ ဒါပေမဲ့ လင်ယူ၊ မယားယူဖို့ စိတ်ကို မကူးကြမှန်း ဆရာ အသိဆုံးပါ။ သူတို့ဘဝ တိုးတက်ရာ တိုးတက်ကြောင်းအတွက်ကိုပဲ စဉ်းစားမယ်လို့ ဆရာ ယုံတယ်။ ဒါ ကြွားတာ မဟုတ်ဘူးနော်။ ကြွားစရာကိစ္စလည်း မဟုတ်ဘူး။ အသိဉာဏ်ကိစ္စကို သမီး အတုခိုးချင်ရင် ခိုးလို့ ရအောင် ပြောတာ။
  4. ရည်းစားထားပြီး အဲဒီ့ရည်းစားတစ်ယောက်တည်းကိုပဲ လက်ထပ်ဖို့အထိ စိတ်ကူးတာဟာ အသိဉာဏ်မဲ့တာပဲ။ ဘဝမှာ လင်ယူသားမွေးရုံနဲ့ ကိစ္စ မပြီးဘူး။ အချစ်တွေ၊ အိမ်ထောင်ပြုတာတွေဟာ ဘဝရဲ့အစိတ်အပိုင်း တစ်ခုသာ ဖြစ်တယ်၊ ဘဝရဲ့ အဓိက အခန်းကဏ္ဍ မဟုတ်ဘူး။ အဓိကနဲ့ သာမညကို ခွဲပြီး မမြင်တတ်ရင် ချစ်တာကို ကိုးကွယ်နေလိမ့်မယ်။ အဓိကက ဘာလဲ။ လူဖြစ်လာရင် ယောက်ျားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် ကိုယ်စွမ်းကိုယ်စကို အပြည့်ဝဆုံး ထုတ်သုံးနိုင်ဖို့၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဖို့၊ ကိုယ့်ရဲ့ အသိဉာဏ် တစ်နေ့တခြား ရင့်ကျက်လာဖို့ ကြိုးစားရမယ်။ အဲဒီ့အတွက် မကြိုးစားဘဲ အချစ်ကို ကိုးကွယ်တဲ့သူဟာ ကိုယ်သွားမယ့် ခရီးကို မမြင်တော့ဘဲ လမ်းမှာ ပထမဆုံး တွေ့ရတဲ့ အရိပ်ကောင်းကောင်း သစ်ပင်တစ်ပင်ကိုပဲ အဟုတ်မှတ်၊ အဲဒီ့ သစ်ပင်ကိုပဲ ကိုယ့်ခရီးလမ်းဆုံးလို့ မြင်ပြီး ခရီးမဆက်နိုင်တော့တဲ့ အကန်းနဲ့ တူပါတယ်။

ဆရာ့အဖြေတွေက သမီးအတွက် ကျေနပ်စရာ ကောင်းချင်မှ ကောင်းပါလိမ့်မယ်။ ဆရာပြောတိုင်း သမီး လက်ခံရမယ်လို့ မပြောပါဘူး။ သမီးရဲ့ ကိုယ်ပိုင် ဦးနှောက်နဲ့ စဉ်းစားကြည့်ပြီးမှ လုပ်သင့်တာ လုပ်စေချင်ပါတယ်။ နောင်ကိုလည်း စာရေးချင် ရေးနိုင်ပါတယ်။ သမီးရဲ့ချစ်သူကိစ္စကို အဖေတစ်ယောက်နေရာက ပြောရမယ်ဆိုရင် အထက်က အချက် (၁)နဲ့ (၂)ကြောင့်ပဲ  လုံးလုံး သဘောမတူဘူးဟေ့လို့ပဲ အပြတ်ပြောချင်တယ်။

တွေးဆဆင်ခြင်ကြည့်နိုင်ပါစေ
အတ္တကျော်

၃။
စောစောကပဲ တစ်ယောက် လာသွားသေးသည်။ လူကိုယ်တိုင် တွေ့ဆုံဆွေးနွေးခြင်းများကို အကန့်အသတ်မရှိ ရပ်ဆိုင်းထားသည့်ကြားထဲက ကျွန်တော် ခံလိုက်ရသည်။     ခင်မင်ရင်းနှီးနေသူ လူငယ်လေးတစ်ဦးက ဖုန်းဆက်ကာ လာပါရစေဟု ခွင့်ပန်သည်။ သည်လူငယ်လေးက သည်လိုပဲ ကျွန်တော့်ထံ ရောက်လာတတ်သူမို့ ကျွန်တော်လည်း ဘာဘာညာညာ မစဉ်းစားတော့ဘဲ လာခဲ့ပါဟု ပြောလိုက်မိသည်။


သို့သော် သူလာသောအခါ အမျိုးသမီးတစ်ယောက် ပါလာသည်။ ထိုအမျိုးသမီး၏ အိမ်ထောင်ရေး ပြဿနာကို တိုင်ပင်ဖို့ ဟိုလူငယ်လေးက ကြားပွဲစား လုပ်လာခြင်းပင်။ ကျွန်တော် စိတ်တိုသွားပါသည်။ ထိုလူငယ်လေးကိုလည်း နောက်နောင် ထိုသို့ မလုပ်ဖို့ ပြောမိသွားရတော့သည်။
ဟိုအမျိုးသမီးကိုတော့ ရောက်လက်စနှင့်မို့ အားနာပါးနာ ဆွေးနွေးပေးလိုက်ရသည်။


ယခုတစ်လတွင် နာမည် လုံးလုံး ဖော်ပြမထားသူ မိန်းကလေးလိုပင် ညီမလေး အရွယ်တုန်းက အချစ်ကို ကိုးကွယ်မိရာမှ မမကြီးဘဝသို့ ရောက်သောအခါ ဗျာများနေသူတစ်ဦးပင် ဖြစ်သည်။ ယခု သူ့အသက်အရွယ်မှာ ၄၀။ အိမ်ထောင်သက်က ၁၈ နှစ်။ သားသမီးက သုံးယောက်။
မမက ငွေကြေး တတ်နိုင်သူမို့ သူ့ကိုယ်သူ ပြုပြုပြင်ပြင် ဆင်သထားသည့်အတွက် ကြည့်ပျော်ရှုပျော်တော့ ရှိနေပါသေးသည်။ ကလေး သုံးယောက် အမေ ဆိုပေမယ့် သူ့ကိုယ်လုံးကလည်း ပုံပျက်ပန်းပျက်မဟုတ်ပါ။ ကြည့်ရတာ လေ့ကျင့်ခန်းတွေ ဘာတွေလည်း ပုံမှန်လုပ်ထားသူပင် ဖြစ်လောက်ပါသည်။ သို့သော် ၄၀ အရွယ် မိန်းမဆိုတာကတော့ ၂၀ အရွယ် မိန်းမပျိုလေးလိုတော့ လတ်ဆတ် လန်းစိုမနေတော့သည်မှာလည်း မြင်သာလှပါသည်။

သူ့ကိုကိုက သူ့ထက် နှစ်နှစ်ကြီးသည်။ (တိုက်ဆိုင်ပုံများ) အခု အဲဒီ့ သူ့ကိုကိုက ကွယ်ရာမှာ ခြေများနေသည်။ သူ့ကိုလည်း နေ့စဉ်နှင့်အမျှ ပြဿနာ ရှာနေသည်။ အချိန်မရွေး ကွာလိုက်၊ အိမ်ပေါ်က ဆင်းသွားဟုလည်း ခြိမ်းခြောက် မောင်းမဲနေပါသည်တဲ့။

ကိုင်း…

ထိုမမလည်း ရွှေမြင့်မိုရ်တစ်တောင်လုံးကို တုံးမှတ်ပြီး ခုန်ခဲ့သူပင် ဖြစ်တော့သည်။
၎။
ကျွန်တော့်စာတွေကို ဖတ်နေသူထဲက တစ်ချို့တလေက ပြောဖူးသည်။ ရည်းစား များများ ထားဖို့ ကျွန်တော်က အားပေးနေတာကို လက်မခံနိုင်ကြောင်းပင် ဖြစ်သည်။ လက်မခံလည်း ရပါသည်။ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့်နည်းတူအတိုင်း လူတိုင်းလည်း ကိုယ်ကြိုက်တာ ကိုယ်ယုံကြည်ပြီး လက်ခံချင်လည်း လက်ခံ၊ ငြင်းပယ်လိုက ငြင်းပယ်နိုင်ပါသည်။ ကျွန်တော်ကတော့ သဘာဝတရားနှင့် ချိန်ထိုးကာ စဉ်းစားသင့်သည်များကို ချပြခြင်းသာ ဖြစ်ပါသည်။ လက်ခံပါဟု ဘယ်သူ့ကိုမှ မတိုက်တွန်းစကောင်းပါ။

သို့သော် လက်မခံချင်သူများ တစ်ခုတော့ စဉ်းစားစေချင်ပါသည်။ ကျွန်တော့် ပြန်စာထဲတွင် ဖော်ပြထားသလို ရည်းစားသည်လည်း လူသာ ဖြစ်ပါသည်။ ကိုယ့်ရည်းစားဖြစ်သဖြင့် နတ်သိကြားဘဝသို့ အရှင်လတ်လတ် ပြောင်းမသွားနိုင်သော အချက်ပင်ဖြစ်သည်။ လူသည် လူသာဖြစ်သဖြင့် သူ့မှာ အနာအဆာတွေ၊ ကိုယ်နှင့် စရိုက်မတူတာတွေ များစွာ ရှိနေနိုင်ပါသည်။ ထိုအချက်များကို ချစ်တုန်းခဏမှာ မြင်ရဖို့ သိပ်ခက်ပါသည်။
ဘဝသည် ချစ်တာတစ်ခုတည်းနှင့် မပြီးပါ။ ဘဝမှာ ထမင်းစားတာ၊ အဝတ်ဝတ်တာ၊ အိပ်စက်အနားယူတာများလည်း ပါဝင်ပါသေးသည်။

ထမင်းရည်ကို ချစ်တုန်း ခဏ လျက်လို့ ရပါလိမ့်မည်။ သို့သော် တစ်လကျော်အထိ ဆက်တိုက် ထမင်းရည် လျက်နေရပြီဆိုပါက ထိုအချစ်က ဖွယ်တယ်တယ် ဖြစ်လာရပါတော့မည်။ ချစ်လှပါချေရဲ့ဆိုပြီး ဂုံနီအိတ်ကို ခါးပတ်ထားသည့်သူလည်း မရှိပါ။ တဲအိုပျက်မှာ နေရနေရဆိုတာလည်း သီချင်းရေးဆရာတွေက မှိုင်းတိုက်သွားခြင်းသာ ဖြစ်ပါသည်။ တကယ့်တကယ်က လူမှန်သမျှ လူတန်းစေ့နေချင်သူချည်းသာ ဖြစ်ပါသည်။

သို့သော် ချစ်တုန်းခဏ (ဝါ) မွှန်လို့ ကောင်းတုန်း ခဏမှာတော့ ဒါတွေကို အဟုတ် မှတ်တတ်သည်မှာလည်း လူတို့၏ ဓမ္မတာပါ။ ကျွန်တော်ပင် ဆယ်တန်း ကျောင်းသားဘဝက အချစ်အချစ်ဟု ကြွေးကြော်ပြီး ဆယ်တန်း ဖြေခါနီးဆဲဆဲမှာ အိမ်ပေါ်က ဆင်းကာ လမ်းပေါ်နေ၊ လမ်းပေါ်အိပ် ဘဝဖြင့် အချစ်သူရဲကောင်းကြီး လုပ်ခဲ့ဖူးပါသေးသည်။ ခုနေ ပြန်တွေးကြည့်တော့ အတော် မိုက်လုံးကြီးသော ကျွန်တော်အဖြစ် ပြန်မြင်နေမိရပါပြီ။

ဒါတောင် ကံကြီးပေလို့။ ဟိုမိန်းမက ကျွန်တော့်ထက် အသက်ကြီးသလို ကျွန်တော့်ထက် ရည်းစားလည်းများသည်။ (နောက် နှစ်ပေါင်း အတော်ကြာမှ သိရတာ။ ကျွန်တော်တို့ လည်ပုံ ပြောပါတယ်။) သည်တော့ သူက ကျွန်တော် မွှန်သလို မမွှန်ဘဲ သူ့အိမ်ထောင်ရေးကို သူ့ဦးနှောက်နှင့် ရွေးချယ်သွားပေလို့။ အဲတုန်းက ကျွန်တော့်လိုပဲ၊ သူကလည်း မနူးမနပ်နှင့် အချစ်ကို အဟုတ်မှတ်ကာ ကျွန်တော် မိုက်သလို ကူမိုက်ခဲ့ပါက အံမယ်မင်း… သူ့ဘဝရော၊ ကျွန်တော့် ဘဝပါ မတွေးရဲစရာခင်ဗျ။


အခု သင်းဘဝ ဘာဖြစ်နေသနည်း။ ချမ်းမြေ့ပျော်ရွှင်သောအိမ်ထောင်ရေးမှာ စိုစိုပြည်ပြည်နှင့် ရွှေဘုံပေါ်မှာ စံနေပါသည်။ ကျွန်တော့်ဘဝလည်း ရွှေဘုံပေါ်မှာ မဟုတ်သည့်တိုင် လူတန်းစေ့တော့ မပူမပင် မတောင့်မတ မကြောင့်မကြနေရပါသည်။ မိသားစုဘဝလည်း သာယာအေးချမ်းလို့ နေပါသည်။


နောက်တစ်ချက်မှာ ထိုမိန်းမကလည်း သူ့ထက် အသက် တော်တော် ကြီးသော ယောကျာ်းကို ရွေးချယ်သွားခဲ့ခြင်းဖြစ်သလို ကျွန်တော် အိမ်ထောင်ပြုတော့လည်း ကျွန်တော့်ထက် အသက် တော်တော် ငယ်သူကို (ရွှေဦးနှောက်ကြီးနှင့် ကျကျနနကြီးကို) ရွေးချယ်ခဲ့ခြင်းဖြစ်ပြန်သည်တမုံ့။

၅။
ဗေဒင်မေးလျှင် ပိုက်ဆံကုန်ပါသည်။ ရွယ်တူချင်းတွေ၊ အသက်ချင်း မတိမ်းမယိမ်းတွေ ယူထားကြသော အိမ်ထောင်တစ်ရာမှ မိန်းမသား ၇၀ ရာခိုင်နှုန်းကျော်ကတော့ သူတို့ အိမ်က နွားအိုကြီးများ မြက်နုကို ပြောင်ပြောင် တစ်မျိုး၊ တိတ်တိတ်တစ်သွယ်၊ ဝယ်ကြိတ်တာက ပါသေး ဆိုတာများနှင့်သာ ကြုံရစမြဲ ဖြစ်သည်မှာတော့ မလွဲပါ။

သိက္ခာအပြည့်နှင့် မိသားစုကြားတွင် တကယ့် အိမ်ထောင်ဦးစီး၊ ဧရာမ ကျေးဇူးရှင်ကြီးများအဖြစ် ဟိတ်တစ်လုံး ဟန်တစ်လုံး လုပ်နေကြသော ကိုကိုတွေလည်း အိမ်က ကြက်မကြီး မသိအောင် လစ်လျှင် လစ်သလို ဇာတ်ရှုပ်နေတတ်ကြသည်များမှာလည်း ဟုတ်ကဲ့… ကျွန်တော်တို့ ကျားလောကမှာ လုံးဝ မဆန်းပါခင်ဗျား။

မယုံလျှင် နှစ်သက်ရာ ကာရာအိုကေဆိုင် တစ်ဆိုင်ဆိုင်ကို ဝင်သွားကြည့်ပါ။  လူပျိုလူရွယ်လေးများကို အင်မတန်မှ တွေ့ရခဲပါသည်။ ကြည့်လိုက်လျှင်  အောက်သွား မရှိဖြစ်နေသူ အများစုမှာ နွားပြာ အလတ်စားတွေ၊ နွားပြာ အကြီးစားတွေသာ ဖြစ်နေသည်ကို မြင်ရတန်ကောင်းပါသည်။ သည့်ထက် ထဲထဲဝင်ဝင် လေ့လာကြည့်မည်ဆိုလျှင် ထိုနွားပြာများ၏ အိမ်က မမများမှာလည်း သူတို့နှင့် အသက်ချင်း သိပ်မကွာသူများသာ ဖြစ်နေလေမည်မှာလည်း ဧကန်မလွဲပါ။

သည်တော့လည်း ဟိုကလေးမထံ ပြန်သော ကျွန်တော့်စာက အများကြီး စဉ်းစားစရာ ကောင်းနေလိမ့်မည်ဟု ယုံကြည်ပါသည်။

၆။
နောက်ဆုံးတစ်ချက်ကလည်း ထိုပြန်စာထဲမှာ ကျွန်တော့်အယူအဆကို ချိန်ဆကြရန်ပင် ဖြစ်သည်။

ကျွန်တော့်ပြန်စာထဲတွင် သည်လိုရေးထားပါသည်။

လူဖြစ်လာရင် ယောက်ျားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် ကိုယ်စွမ်းကိုယ်စကို အပြည့်ဝဆုံး ထုတ်သုံးနိုင်ဖို့၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဖို့၊ ကိုယ့်ရဲ့အသိဉာဏ် တစ်နေ့တခြား ရင့်ကျက်လာဖို့ ကြိုးစားရမယ်။ အဲဒီ့အတွက် မကြိုးစားဘဲ အချစ်ကို ကိုးကွယ်တဲ့သူဟာ ကိုယ်သွားမယ့်ခရီးကို မမြင်တော့ဘဲ လမ်းမှာ ပထမဆုံး တွေ့ရတဲ့ အရိပ်ကောင်းကောင်း သစ်ပင်တစ်ပင်ကိုပဲ အဟုတ်မှတ်၊ အဲဒီ့သစ်ပင်ကိုပဲ ကိုယ့်ခရီးလမ်းဆုံးလို့ မြင်ပြီး ခရီးမဆက်နိုင်တော့တဲ့ အကန်းနဲ့ တူပါတယ်။

စာဖတ်သူလူကြီးမင်းအပေါင်းတွင် ဆင်ခြင်ဉာဏ်များ ရှိနှင့်ပြီးသား ဖြစ်ပါသည်။ သို့ဖြစ်ပေရာ အဆိုပါ ကျွန်တော့်အဆိုအား လက်ခံသင့်၊ လက်မခံသင့်ကို မိမိတို့ဘာသာ ချိန်ဆကြည့်တော်မူကြပါကုန်။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

၁၆၀၂၀၇