ရာဇဝတ်ကြောင်း၊ တရားမကြောင်း

⚖️⚖️⚖️⚖️⚖️⚖️⚖️⚖️⚖️

နိဒါန်း

Nyo Tun ဆိုတဲ့ အမည်နဲ့ Facebook သုံးစွဲနေသူရဲ့ စာတွေကို သတိထားမိခဲ့တာ တနှစ်လောက် ရှိပါပြီ။ သူပြောတာ အားလုံးကို သဘောမတူသည့်တိုင် သူထောက်ပြတတ်တဲ့ အချက်အလက်တွေက ကျနော့်ကို ငိုင်သွားစေနိုင်၊ တွေးဖြစ်စေနိုင်ခဲ့တာတွေလည်း ရှိပါတယ်။ သို့တိုင်အောင် ကျနော်က နိုင်ငံရေးကို စိတ်အကုန်ကြီး ကုန်နေပြီဖြစ်လေတော့ကာ သူ့စာတွေကို တခုတ်တရ ဖတ်မနေဖြစ်တော့သလို ခေါင်းထဲလည်း တယ်မထည့်ဖြစ်တော့ဘူး။

ညိုထွန်းဆိုတဲ့ အမည်နဲ့ ဆရာတယောက် ရှိတယ်၊ စာဖတ်အား၊ တွေးအား၊ ရေးအား အတော်ကောင်းပုံရတယ်။No photo description available. ခေတ်ပညာလည်း ကောင်းကောင်းတတ်ပုံရတယ်။ အဲလောက်ပဲ စိတ်ထဲ ရှိပါတော့တယ်။

ကျနော့်အတွက်က သူရေးနေတဲ့ အကြောင်းအရာတွေအပါအဝင် နိုင်ငံရေးကိစ္စဝိစ္စတွေဟာ သေရာပါမှာ မဟုတ်တာမို့ စိတ်ကို အပြတ်ဖြတ်နိုင်အောင် အားထုတ်နေတာပါ။ ပါအောင်သယ်ရမယ့် အလုပ်ဘက်ကို အားမထည့်နိုင်တောင် အလွဲတွေ စွဲပြီး သေပွဲဝင်ရမှာကို ကြောက်တာက အဓိကလို့ပဲ ရိုးရိုး ပြောပါစို့ရဲ့။

ဇူလိုင် ၁၂ ရက်နေ့ နေ့စွဲနဲ့ မနက် ၈ နာရီခွဲလောက်မယ် အဲဒီ့ဆရာ တင်ထားတဲ့ The Law ခေါင်းစဉ်ပါ စာတိုတပုဒ်ကို မိတ်ဆွေတယောက်က လက်တို့ပြီး လင့်(ခ်)ပို့ပေးလို့ ဖတ်လိုက်မိပါတယ်။ ဖတ်ပြီးတော့လည်း သြော်… ဟုတ်ပေရာ၏လောက်ပဲ စိတ်ထဲ ထားခဲ့ပါတယ်။ ဘာမှ စိတ်ထဲ ထူးမဖြစ်မိပါဘူး။

ကြမ္မာများ ငင်ချင်တော့

ကံက မကောင်းချင်တော့ မနေ့ညကမှ အဲဒီ့ စာရဲ့အောက်က မှတ်ချက်တခု (ပေါင်း ၂ ခု) က ကျနော့်ကို နှောင့်ပါတယ်။ အစကတော့ အဲဒီ့မှတ်ချက်အောက်မှာ ရေးဦးမလို့ပဲ။ ဒါပေမယ့် သူတပါးရဲ့ ပို့(စ်)အောက်မှာ မရေးမိအောင် ဆင်ခြင်နေတာမို့ မရေးဘဲ ထားလိုက်ပါတယ်။

ဆရာညိုထွန်းရဲ့ “တရားဥပဒေ” ခေါင်းစဉ်ပါ ဆောင်းပါးရဲ့ အဓိက အာဘော်ကတော့ သူရေးထားတဲ့အတိုင်း (ကောက်စာအစ) “ဗမာပြည်မှာ အခု ဖြစ်ပေါ်နေတဲ့ ၆၆(ဃ)၊ ၃၅(ဃ) စတဲ့ အီလက်ထရွန်းနစ် ဥပဒေတွေဆိုတာ တကယ်ကတော့ မျက်လုံးတလုံးဆုံးလျှင် မျက်လုံးတလုံးချင်း၊ သွားတချောင်းဆုံးလျှင် သွားတချောင်းချင်း ဆိုတဲ့ ဘေဘီလုံခေတ်က ဥပဒေ အယူအဆတွေနဲ့ ဘာမှ မကွာဘူးဗျ” (ကောက်စာအဆုံး) ဒါ့ကြောင့် လူထုအတွက် အကျိုးရှိတဲ့ ဥပဒေတွေ ဖြစ်လာအောင် ပြင်သင့်တာတွေ ပြင်ရမှာဖြစ်သလို အပြီးတိုင် ပယ်သတ်သင့်တဲ့ အယူအဆတွေကိုလည်း ပယ်သတ်သင့်တယ်လို့ သူမြင်မိကြောင်းရေးထားပါတယ်။ (သူ့မူရင်းစာ လင့်(ခ်)ကို ကျနော့်စာ အဆုံးမှာ ပေးထားပါတယ်။)

အဲဒီ့အောက်မှာ လာရေးတဲ့ မှတ်ချက်ကတော့ အသရေဖျက်ခံရသူက ငြိမ်ခံနေရမှာလားဆိုတဲ့ သဘောမျိုး သက်ရောက်တဲ့ မေးခွန်းပါ။ ကြားတယောက်က ဝင်ဖြေရှင်းတယ်။ သူ့တရား သူစီရင်သွားမှာပါ၊ ဘာညာဆိုတဲ့ သဘော။ အဲတော့ မူလ မေးသူက အထွန့်တက်တယ်။ အတိတ်က ဖြစ်ရပ်မှန် (ဥပမာ မုဒိန်းကျင့်ခံခဲ့ရဖူးတာ) ကို ပြန်အဖော်ခံရလို့ နစ်နာရင်ရော ငြိမ်နေရမှာလားတဲ့။ အဲဒါကိုတော့ အခု ၂၁ နာရီ ကြာတဲ့တိုင် ဘယ်သူမှ ဝင်ဖြေရှင်းတာ မတွေ့ရတော့ပါဘူး။

အဲဒီ့မှာ ကျနော် အူယားလာရတော့တာပါ။

တဆက်တည်းမှာ ဆရာညိုထွန်းပြောတဲ့ ဘေဘီလုံခေတ်က အယူအဆထက် နည်းနည်း ပိုတွေးဖြစ်တာလေးကို ပြောကြည့်ချင်လာရပါတော့တယ်။

ရာဇဝတ်နဲ့ တရားမ

ပထမဆုံးက ဥပဒေမှာ ရာဇဝတ်ကြောင်းနဲ့ တရားမကြောင်း (Criminal and Civil Laws) ရယ်လို့ ရှိနေပါတယ်။

အမြင်သာဆုံး ဥပမာက မူးယစ်ဆေး သုံးစွဲသူကို ပြစ်မှုဆိုင်ရာဥပဒေလို့ ခေါ်တဲ့ ရာဇဝတ်ကြောင်းက အရေးယူပြီး နှစ်ရှည် ထောင်ဒဏ်ချမှတ်တာပါပဲ။

တကယ်တော့ မူးယစ်ဆေးသုံးစွဲသူ ဖျက်ဆီးတာက ရောင်းဝယ်ဖောက်ကားသူလို လူအများကို ဖျက်ဆီးတာ မဟုတ်ဘဲ သူ့ကိုယ်သူ ဖျက်ဆီးတာသက်သက်ဖြစ်ပါတယ်။ သည်ထဲကမှ အသက် ငယ်ရွယ်သူတယောက်၊ ဆယ်ကျော်သက်တယောက်က သူ့တသက်ရဲ့ ပထမဆုံးအကြိမ်အဖြစ် မူးယစ်ဆေးကို စမ်းကြည့်ရာက ဖမ်းမိသွားတယ်၊ ဥပဒေနဲ့အညီပဲဆိုပြီး နှစ်ရှည် ထောင်ဒဏ်ချမှတ်လိုက်တယ်။ အဲဒီ့ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးသူလို့ ယူဆရတဲ့ လက်တည့်စမ်းသူ လူငယ်လေးကို ဥပဒေက ကယ်လိုက်တာလား၊ အညွန့်ချိုးလိုက်တာလား၊ သိပ်စဉ်းစားစရာ ကောင်းပါတယ်။

သူ့ကို ထောင်ထဲမှာ နှစ်ရှည်ထားရတဲ့အတွက် စရိတ်တွေ ရှိပါတယ်။ သူလို လူတွေ အများအပြားနဲ့တင် ထောင်တွေက ပြည့်သိပ်နေသင့်သလား။ ဒါလည်း နောက်စဉ်းစားစရာ တချက်ပါ။

သည်အခါမှာ မူးယစ်ဆေး သုံးစွဲသူကို ရာဇဝတ်ပြစ်မှုအနေနဲ့ မဟုတ်တော့ဘဲ တရားမကြောင်းကနေ အရေးယူတဲ့ နည်းကို ကြံဆလာကြပါတယ်။ သူ့ကို ဆေးဖြတ်ပေးဖို့ နည်းလမ်းနဲ့တကွ လူ့ဘောင်အတွက် အကျိုးရှိတဲ့ လုပ်ငန်း၊ ပရဟိတလုပ်ငန်းတခုခုမှာ တပတ်တန်သည်၊ တလတန်သည် လုပ်ခိုင်းတာမျိုးနဲ့ အသိတရား ရလာအောင် ဆောင်ရွက်တဲ့ နည်းပါ။ သည်အခါ လက်တည့်စမ်းသူ လူငယ်လေးလည်း ဆင်ခြင်မယ်ဆို ဆင်ခြင်နိုင်သွားမှာ ဖြစ်သလို သူ့ဘဝမှာလည်း ထောင်ထွက်ဆိုတဲ့ အမည်းစက်ကြီး တင်မကျန်တော့ဘူးပေါ့။ အညွန့်ကျိုးစရာ အကြောင်းလည်း အလွန်နည်းသွားပါပြီ။

အရေးတော့ ယူတယ်၊ ဒါပေမယ့် ရာဇဝတ်ကြောင်းအရ အရေးမယူဘူး၊ တရားမကြောင်းနဲ့ အရေးယူတယ်ဆိုတာ အဲဒါမျိုးပါ။

ရာဇဝတ်ဥပဒေရဲ့ ရည်ရွယ်ချက်

မုဒိန်းမှုလို၊ လူသတ်မှုလို၊ ဓားပြမှုလိုဟာမျိုးတွေကတော့ ဘယ်လိုနည်းနဲ့မှ တရားမကြောင်းအရ အရေးယူထိုက်တာမျိုး မဟုတ်တော့ဘူး။ မုဒိန်းမှု ကျူးလွန်သူဟာ ကလေးကိုပဲ ကျူးလွန်ကျူးလွန်၊ အရွယ်ရောက်သူကိုပဲ ကျူးလွန်ကျူးလွန်၊ “အလားတူ ပြစ်မှုမျိုး ကျူးလွန်သူ နည်းသထက် နည်းသွားအောင်” ကြီးလေးတဲ့ ပြစ်ဒဏ် ပေးကို ပေးရမှာပါပဲ။

လာပါပြီ။ ကျနော် မျက်တောင်အဖွင့်အပိတ်နဲ့ ပြထားတဲ့ “အလားတူ ပြစ်မှုမျိုး ကျူးလွန်သူ နည်းသထက် နည်းသွားအောင်”ဆိုတာဟာ ရာဇဝတ်ဥပဒေတွေရဲ့ ရည်ရွယ်ရင်းပါပဲ။ ဆိုကြပါစို့… နိုင်ငံတော်ပုန်ကန်မှု၊ ဘယ်သူမှ မကျူးလွန်ရဲအောင် ပြစ်ဒဏ်ကို သေဒဏ်အထိ ပြဋ္ဌာန်းထားလိုက်တယ်။ ဒါ ရာဇဝတ်ဥပဒေပဲ။

ထစ်ခနဲရှိ ရာဇဝတ်ကြောင်း လုပ်စရာ လိုလို့လား

အထက်က ပြောခဲ့တဲ့ မူးယစ်ဆေး တခါပဲ လက်တည့်စမ်းတဲ့ အမှုမျိုးကို ရာဇဝတ်ကြောင်းအရ အရေးယူတော့ရော… အဲဒီ့အရွယ်လေး ရောက်လာတာနဲ့ လက်တည့်စမ်းလိုသူ မောင်မင်းကြီးသားလေးတွေ ခေတ်အဆက်ဆက် ဆက်တိုက်ပေါ်နေတာ ရပ်သွားမှာမှ မဟုတ်တာ။ အဲဒါက တရားကိုယ်လေ။ ငြင်းမရတဲ့ အချက်လေ။ အဲတော့ အဲဒီ့ကလေးတွေကို ဘယ်နည်းနဲ့ ကယ်တင်မလဲဆိုတာကို ပိုဇောင်းပေး စဉ်းစားလာကြရပါတယ်။

ဟိုတယောက်မေးထားတဲ့ ငြိမ်ခံနေရမှာလားဆိုတဲ့ မေးခွန်းအတွက်လည်း ရာဇသတ်ကြီးမှာပါတဲ့ အသရေဖျက်မှုတို့၊ နောက်ဆုံးပေါ် အလက်ထရောနစ်(ခ်)ဥပဒေထဲက ပုဒ်မတွေတို့နဲ့ ရာဇဝတ်ကြောင်းအရ အရေးယူမယ့်အစား တရားမကြောင်းဘက် ပြောင်းလိုက်မယ်ဆိုရင် နစ်နာသူအတွက် ထိုက်သင့်တဲ့ လျော်ကြေး ပေးဆောင်စေတာမျိုးနဲ့ ကိစ္စဖြတ်လိုက်လို့ ရပါတယ်။ ဘာမှ မခက်ပါဘူး။

စဉ်းစားစရာ

အဲဒီ့မှာလည်း မေးခွန်းက ပေါ်လာပါတယ်။ တရားမကြောင်း မဟုတ်ဘဲ ရာဇဝတ်ကြောင်းနဲ့ အရေးယူခြင်းဟာ “အလားတူ ပြစ်မှုမျိုး ကျူးလွန်သူ နည်းသထက် နည်းသွားအောင်”ဆိုတဲ့ ဆန္ဒစေတနာက ပြဋ္ဌာန်းထားလို့လား ဆိုတာပါပဲ။

နယ်ချဲ့အင်္ဂလိပ်တို့ ပြဋ္ဌာန်းခဲ့တဲ့ မူလ ရာဇသတ်ကြီးပါ အသရေဖျက်မှုမှာ ကင်းလွတ်ရမြဲ အချက်တွေ ပါပါတယ်။ ဆိုကြပါစို့… မောင်မဲဟာ ဆေးအတုတွေ ရောင်းနေပါတယ်လို့ မောင်ဖြူက လူသိရှင်ကြား ပြောတယ်။ မောင်မဲက မောင်ဖြူ့ကို အသရေဖျက်မှုနဲ့ စွဲတယ်။ ရုံးတော်မှာ မောင်မဲ ဆေးအတု ရောင်းနေတာ မှန်ကန်ကြောင်း မောင်ဖြူက သက်သေပြနိုင်ခဲ့တယ်ဆိုပါစို့။ ဒါဆိုရင် သူ့ရဲ့ လူသိရှင်ကြားပြောကြားချက်ဟာ အများဗိုလ်ပါရဲ့ အကျိုးအတွက် ပြောတာမို့ အသရေဖျက်မှု မမြောက်တော့ဘူး။ ကွင်းလုံးကျွတ် လွတ်နိုင်ပါတယ်။ ဒါမျိုး ကင်းလွတ်ခွင့်တွေ ပါတာပါ။

အဲသလိုမဟုတ်ဘဲ မောင်မဲက ဆေးအတု တခါမှ မရောင်းဖူးကြောင်း သက်သေပြနိုင်ခဲ့ရင်တော့ အသရေဖျက်မှု မြောက်သွားပါပြီ။ ဒါဆို ရာဇဝတ်ကြောင်းအရ မောင်ဖြူ့ကို ထောင်ချလိုက်တာနဲ့ မောင်မဲရဲ့ နစ်နာမှုက ကြေရောလား။ သူ့မှာ အရောင်းအဝယ်ထိခိုက်တယ်၊ တရားရုံးစရိတ် ကုန်တယ်၊ အချိန်ကုန် အလုပ်ပျက်တယ်။ မောင်ဖြူကတော့ ထောင်ကျသွားပြီ။ ဒါပေမယ့် မောင်မဲမှာ နာတာက နာကျန်ရစ်တာပဲ။

တကယ်လို့သာ ရာဇဝတ်ကြောင်းနဲ့ မဟုတ်ဘဲ တရားမကြောင်းအရ စီရင်မယ်ဆိုရင် ရုံးတော်က မောင်မဲ ဘယ်လောက် နစ်နာသွားသလဲဆိုတာကို တွက်ချက်ပြီး အဲဒီ့ နစ်နာကြေးကို မောင်ဖြူပေးစေလို့ ဆုံးဖြတ်ပေးလိုက်လို့ ရတယ်။ မောင်မဲအတွက် ပို မကောင်းပေဘူးလား။

အဲတော့ အသရေဖျက်မှုမှာ တရားမကြောင်းရဲ့ သဘောက နစ်နာသူကို အထိုက်အလျောက် လျော့ပါး သက်သာစေဖို့ ဖြစ်ပါတယ်။ ရာဇဝတ်ကြောင်းရဲ့ သဘောကတော့ ပါးကိုက်လို့ နားကိုက်တဲ့ သဘောအပြင် မှန်မှန် မှားမှား နောင် အလားတူ မပြောရဲအောင် ကန့်သတ်တားဆီးပိတ်ပင်လိုတဲ့ ရည်ရွယ်ချက်ကြီးက လယ်ပြင်မှာ လယ်ထွန်စက် နီနီကြီး သွားနေသလို ထင်ရှားလွန်းတယ်လို့ မြင်နေမိရပါတယ်။

နိဂုံး

ဆရာညိုထွန်းရဲ့စာ၊ သူ့စာအောက်က မေးခွန်းတို့ကို ကျနော် ဉာဏ်မီသလောက် လျှောက်ပြောကြည့်တာပါ။

ဘာမှ အကြောင်းထူးလာမယ် ထင်လို့တော့ မဟုတ်ဘူးဆိုတာ တလက်စတည်း အစီရင်ခံလိုက်ပါရစေ။ သည်လိုနဲ့ပဲ ကျနော်လည်း အကျိုးမဲ့ အချိန်တွေ ဖြုန်းခဲ့တာ နှစ်ပေါင်း မနည်းတော့ပါဘူးဗျာ။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

၁၅၀၇၁၉

ဆရာညိုထွန်းရဲ့ မူရင်းစာကို သည်မှာ ဖတ်နိုင်ကြပါလိမ့်မယ်။
https://www.facebook.com/nyo.tun.5/posts/2304536943103508

Advertisements

အဂတိကင်းပါတယ်လို့ ရင်ကော့ ပြောရဲပါသလား

ကျမ်းကိုး

လူဖြစ်သောသူသည် သူယုတ်သူညံ့ မဖြစ်ရလေအောင် ဤအဂတိတရား ၄ ပါးတို့မှ အသက်ထက်ဆုံး လွတ်ကင်းအောင် ကြဉ်ရှောင်ရမည်။

📕📕📕📕📕📕📕📕📕📕📕📕

အဂတိတရား ၄-ပါး

*ချစ်, မုန်း, ကြောက်မှု၊ မသိမှု၊ လေးခု အလိုက်မှား။

*အဂတိလေး၊ ကင်းစင်ဝေး၊ ပြုရေး မှန်ဖြောင့်သား။

📕📕📕📕📕📕📕📕📕📕📕📕

၁။ ဆန္ဒာဂတိ = လူ့မျက်နှာကိုသော်လည်းကောင်း၊ တံစိုးလက်ဆောင်ကိုသော်လည်းကောင်း ငဲ့ကွက်သည့်အတွက်ကြောင့် မတော်မတရားသော အမှုကို ပြုခြင်းတစ်ပါး။

၂။ ဒေါသာဂတိ = မုန်းသည့်အတွက်ကြောင့် မတော်မတရားသော အမှုကို ပြုခြင်းတစ်ပါး။

၃။ ဘယာဂတိ = ကြောက်သည့်အတွက်ကြောင့် မတော်မတရားသော အမှုကို ပြုခြင်းတစ်ပါး။

၎။ မောဟာဂတိ = တရားလမ်းမှန်ကို မသိသည့်အတွက်ကြောင့် မတော်မတရားသော အမှုကို ပြုခြင်းတစ်ပါး။

ဤ ၄ ပါးတို့ကို မိမိကိုယ်၏ စင်ကြယ်ခြင်းကို အလေးမပြုကြကုန်သော လူယုတ်လူညံ့တို့၏ မသင့်မလျော် မတော်မတရား လိုက်စားမှုမျိုးဖြစ်၍ အဂတိတရား ၄ ပါးဟူ၍ ခေါ်၏။

လူဖြစ်သောသူသည် သူယုတ်သူညံ့ မဖြစ်ရလေအောင် ဤအဂတိတရား ၄ ပါးတို့မှ အသက်ထက်ဆုံး လွတ်ကင်းအောင် ကြဉ်ရှောင်ရမည်။

(လယ်တီဆရာတော်ဘုရားကြီး၏ သုကုမာရမဂ္ဂဒီပနီမှ။)

(သိင်္ဂါလသုတ်။ သုတ်ပါထိကဝဂ်၊ ၁၄၇။ ၎င်းဋီ၊ ၁၂၉။)


 

Image may contain: 1 person, textတန်းမြင်မိတဲ့မျက်နှာ

ခုချိန်မှာ ချက်ချင်း သတိရမိတာက ဒုရဲမှူးဟောင်း မိုးရန်နိုင်ပါပဲ။

ဆရာမောင်သာရ ရေးဖူးတဲ့စာ ထင်တယ်။ “ဒို့ဘက်က ကြည့်တော့ သူရဲကောင်း၊ သူတို့ဘက်က ကြည့်တော့ သစ္စာဖောက်” ဆိုလား။

အမှန်တော့ ဒုရဲမှူးတယောက်အနေနဲ့ သူဟာ အထက်က ပေးတဲ့ အမိန့်အတိုင်း လိုက်နာဆောင်ရွက်ရမှာပါ။ အဲဒီ့ အမိန့်အတိုင်း လိုက်နာ ဆောင်ရွက်ခဲ့တဲ့အထိ သူဟာ တာဝန်ကျေခဲ့ပါတယ်။ အဲ… ရုံးတော်ရှေ့မှောက်မှာ ထွက်ဆိုတဲ့အခါကျတော့ သူ့သိစိတ် လိပ်ပြာက သူ့ကို နှိုးဆော်လိုက်ပုံပါပဲ။

ဆန္ဒာဂတိဆိုတဲ့ သူ့ရာထူးကို ငဲ့တဲ့အတွက် မတော်တာကို ပြုမိမယ့်အရေး၊ ဘယာဂတိဆိုတဲ့ ကြောက်လို့ မတော်တာကို ပြုမိမယ့်အရေးတွေကို သူတွေးမိခဲ့မယ် ထင်ပါတယ်။ ရာထူးကိုငဲ့၊ ဖြစ်လာမယ့်အကျိုးဆက်တွေအတွက် ကြောက်စိတ်ကို အနိုင်ပေးလိုက်ရင်ဖြင့် သေရာညောင်စောင်းမှာ သူ့လိပ်ပြာက သူ့ကို အဖန်ဖန် သတ်မဆုံးဖြစ်နေမယ့်အရေးကို တွေးပြီး သူဟာ ဟုတ်တိုင်းမှန်ရာကို ရုံးတော် ရှေ့မှောက်မှာ ထွက်ဆိုခဲ့ပါတယ်။

သည်အတွက် သူတင်မက သူ့ကိုမှီခိုနေသူ သူ့မိသားစုပါ အတိဒုက္ခရောက်ခဲ့ရလေတယ်။ ဒါပေမယ့် သူ့မိသားစုကလည်း သူ့စိတ်ဓာတ်ကို သိတယ်၊ ဂုဏ်ယူရကောင်းမှန်း ကောင်းကောင်းနားလည်တယ်။ သာမဏေန သာမဏောပေါ့။

ချိုတကူး ကျနော်

လွယ်တော့ မလွယ်ပါဘူး။ ကျနော်သာ သူ့နေရာမှာ ဆိုရင်ရောလို့ ပြန်တွေးမိရင်း နည်းနည်း ဆွံ့အသွားတယ်။

ပြီးတော့မှ ဆရာအောင်သင်းရေးခဲ့တဲ့ “ချိုတကူး”ဖြစ်နေတဲ့ ကျနော့်ကိုယ် ကျနော် ပြန်မြင်ပြီး ပြုံးမိရပါတယ်။ ၁၆ နှစ်တောင် ရှိခဲ့ပြီဆိုတော့လည်း မေ့နေမိခဲ့တာပေါ့။

ကျနော်လည်း ကိုမိုးရန်နိုင်လိုပဲ ကိုယ့်အလုပ်ရှင်တွေရဲ့ မတရားမှုကို လူသိရှင်ကြားဖော်ချဖွင့်ထုတ်ခဲ့တဲ့အတွက် အလုပ်က ပြုတ်ခဲ့ဖူးပါတယ်။ အလုပ်ရှင်တွေဘက်က ကြည့်ရင် ကျနော်က သစ္စာဖောက်သူပေါ့။ ကျနော်ကတော့ အဲဒီ့အချိန်ကလည်း ဂုဏ်ယူပါတယ်။ ခုလည်း ဂုဏ်ယူပါတယ်။

လွန်ခဲ့တဲ့ ၁၆ နှစ်၊ ၂၀၀၃ မှာ ပြည်တွင်းက အိုးမကွာ အိမ်မကွာ ဒေါ်လာစား အလုပ်က ပါးရှားနေပါသေးတယ်။ အဲဒီ့အချိန်က တလကို ဒေါ်လာတထောင် ရတဲ့ အလုပ်က ပြုတ်လာခဲ့တာပါ။ ကျနော့်မိသားစုကလည်း ဟိုမိသားစုနှယ်ပဲ ကျနော့်ဘက်က ရပ်တည်ပေးခဲ့ကြဖူးပါတယ်။

ထားပါတော့… ကျနော့်အကြောင်း ပြောလိုရင်း မဟုတ်ပါဘူး။

လာဘ်မပေး လာဘ်မယူပေမယ့် ပြုမိမြဲ အဂတိ နှစ်ပါး

အဂတိလိုက်စားတယ်ဆိုတာ လူတွေက လာဘ်ပေး လာဘ်ယူလောက်ပဲ ထင်ကြပါတယ်။ ဒါပေမယ့် ဆန္ဒာဂတိနဲ့ ဘယာဂတိကြောင့် မတော်တာတွေ ပြုမိနေတာကိုတော့ မိမိကိုယ်ကို အဂတိလိုက်စားနေမိမှန်း မသိကြဘူး။ အဲလို မသိတော့ မောဟဖြစ်တယ်။ အဲတော့ အဂတိက သုံးပါးဖြစ်သွားပါပြီ။

အလုပ်ကို မထိခိုက်စေချင်တာ ဆန္ဒာဂတိ၊ အရေးယူခံရမှာကို ကြောက်တာက ဘယာဂတိ။ အဲဒီ့ အဂတိနှစ်ပါး မကင်းဘူးဆိုတာနဲ့ လူအဖြစ်ကနေ “သူယုတ် သူညံ့”ဘဝကို လျှောကျသက်ဆင်းသွားတတ်တယ်ဆိုတာ ဝန်ထမ်းမှန်သမျှ ကြီးကြီးငယ်ငယ် ဘယ်မှာ လုပ်နေတဲ့သူပဲဖြစ်ဖြစ် သတိထားသင့်ကြမယ် ထင်ပါတယ်။

တဆက်တည်းမှာပဲ မိမိတို့က ပေါက်ဖွားလာတဲ့ သားသမီးများကိုလည်း အဂတိလေးပါးကို မပြတ်သွန်သင်ပြီး ရှောင်ကြဉ်စေခြင်းအားဖြင့် သူတော်ကောင်း လူ့ဘောင်ကို ကျနော်တို့ အားလုံး ဝိုင်းဝန်းတည်ဆောက်ယူနိုင်ကြမယ်ဆိုရင် နောင် နှစ်ပေါင်း ၃၀ ကျော်ကြာတဲ့အခါမှာ ကိုမိုးရန်နိုင်လို လိပ်ပြာသန့်သူ လူသားတွေနဲ့ ကျနော်တို့လူ့ဘောင်ကြီးဟာ ကျက်သရေ မင်္ဂလာရှိနေမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါဘူး။

အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
၀၅၀၇၁၉

နောက်ဆက်တွဲ

အဂတိကို တပျော်တပါး လိုက်စားခိုင်းနေတဲ့ သြဝါဒလေးတကြောင်း

“မကောင်းနိုင်ရင် ကင်းအောင်နေ၊ မကင်းနိုင်ရင် ကောင်းအောင်နေ” ဆိုတာလေးပါ။

ဟုတ်ကဲ့… အဲဒီ့စကားက မှန်သလိုလိုနဲ့ “ကောင်း”ဆိုတဲ့ဝေါဟာရကို အလွဲသုံးစားလုပ်ထားတယ်လို့ ခံစားရပါတယ်ခင်ဗျ။

“မကင်းနိုင်ရင်”ဆိုတာက “ဆန္ဒာဂတိကို မစွန့်လွှတ်နိုင်ရင်” ကောင်းအောင် (“အထက်လူ အလိုကျအောင်”) ဘယာဂတိကိုပါ ပျော်ပျော်ပါးပါးကျူးလွန်ခိုင်းတဲ့ သြဝါဒလေးလို့ မြင်မိရပါတယ်။

အားနာတယ်ဗျာ…

အဲဒါ သူတော်ကောင်းလမ်းညွှန် မဟုတ်တာတော့ အမှန်ပါပဲ။

သူမိုက် သူယုတ် လက္ခဏာ သုံးပါး (ဘုရားဟော)

(၁) မကောင်းမှုကိုသာ ကြံစည်ခြင်း၊

(၂) မကောင်းသော အပြစ်မကင်းသော စကားကိုသာ ပြောဆိုခြင်း၊

(၃) မကောင်းမှုကိုသာ ပြုလုပ်ခြင်း။

အဲဒါကြောင့် “မကင်းနိုင်ရင် ကောင်းအောင်နေ” ဆိုတဲ့ စကားထဲက “ကောင်း”ဟာ မကင်းနိုင်ရင် “မကောင်းတာလည်း ရဲရဲသာလုပ်ဟေ့”ဆိုတဲ့ လမ်းညွှန်ဖြစ်နေပေတော့တာပေါ့။

ကလေးကိုမှ ရာဂကြွတတ်တဲ့ စိတ်ဝေဒနာရှင်တွေကချည်း ကျူးလွန်တာလား

Facebook ရဲ့ ထုံးစံအတိုင်း အမှုတခု ပေါ်လာတဲ့အခါ မိမိထင်မြင်ယူဆတဲ့အပိုင်းကနေ တံဆိပ်ကပ်လာကြတာတွေ တွေ့လာရပါတယ်။ အခု သက်ငယ်မုဒိန်းကိစ္စမှာလည်း Pedophile (ကလေးကိုမှ ရာဂကြွတဲ့ စိတ်စံလွဲသူ)ရယ်လို့ တချို့က တံဆိပ်ကပ်ပေးနေတာ တွေ့ရတာမို့ အားလုံးကို ဝါးလုံးရှည်နဲ့ သိမ်းမရမ်းဖြစ်ကြလေအောင် အမြွက်မျှ ဆွေးနွေးတင်ပြပါရစေ။

👼👼👼👼👼👼👼👼👼👼👼👼Image result for pedophilia

ကလေးကို ရုတ်တရက် ဗလက္ကာရလုပ်ဖြစ်စေတဲ့ အကြောင်းက ဘာလဲ။ ဒါကို စဉ်းစားဖို့ လိုပါတယ်။

ယေဘုယျအားဖြင့် အဲလို လုပ်ဖြစ်စေတဲ့ အကြောင်း လေးရပ်ထဲက တခုမဟုတ် တခုကြောင့်ပါပဲ။

(၁) ကျူးလွန်သူကိုယ်တိုင်ဟာ လိင်မှုကိစ္စကို စူးစမ်းလို၊ စမ်းသပ်လိုတဲ့ ကလေးငယ်တွေ၊ ဆယ်ကျော်သက်တွေ ဖြစ်နေလို့ပါ။

(၂) ကုသဖို့လိုအပ်နေတဲ့ အသိဉာဏ်ချို့ယွင်းမှုရောဂါ၊ စိတ်ရောဂါ ရှိနေလို့ပါ။

(၃) တခြားသူတွေကို ထောက်ထားငဲ့ညှာတတ်တဲ့စိတ်ကင်းမဲ့တဲ့၊ လူမှုရေးခေါင်းပါးတဲ့ ကိုယ်ရည်ကိုယ်သွေး စံလွဲမှု (antisocial personality disorder) ဖြစ်နေတဲ့ အခွင့်အရေးသမားတွေ ဖြစ်နေလို့ပါ။

(၄) ကလေးတွေကိုပဲ လိင်ဆက်ဆံလိုစိတ် မပြတ်မလပ် ရှိနေလို့ပါ။

တခုချင်း ပြန်ကြည့်ရအောင်ပါ။

(၁) ကလေးငယ်တွေ၊ ဆယ်ကျော်သက်တွေဟာ လိင်မှုကိစ္စကို စူးစမ်းလိုကြပါတယ်။ စူးစမ်း (စပ်စု)လိုစိတ်ဟာ လူ့စိတ်ပါပဲ။ သူတို့ထက်အများကြီး ငယ်တဲ့ ကလေးတွေကို အဝတ်ချွတ်ပြအောင် ဖျားယောင်းလို့ လွယ်တာမို့ တချို့ ဆယ်ကျော်သက်တွေဟာ လိင်ကိစ္စအကြောင်း သိရဖို့အတွက် သိပ်ငယ်တဲ့ ကလေးတွေကို အသုံးချတတ်ကြပါတယ်။ အဲသလို ဆယ်ကျော်သက်အများစုဟာ အသက်ရလာတဲ့အခါ ကလေးတွေနဲ့ လိင်ပိုင်းအရ တုံ့လှယ်ဆက်ဆံမှုမှန်သမျှကို ရပ်တံ့လိုက်ကြစမြဲပါပဲ။

(၂) လိင်ပိုင်း မဖွယ်မရာ လုပ်သူ အနည်းအပါး၊ အနည်းအပါးမှ မဆိုစလောက် အနည်းအပါးဟာ အသိဉာဏ်ပိုင်းအရ အကြီးအကျယ်ကို ချို့ယွင်းနေလို့၊ ဦးနှောက်မူမမှန်လို့၊ စိတ်ဝေဒနာ အပြင်းအထန် ခံစားနေရလို့ ကလေးငယ်တွေကို လိင်ပိုင်းအရ ထိတာ ကိုင်တာတွေ လုပ်တတ်ကြပါတယ်။ ဒါကိုတော့ အနီးကပ်ကြီးကြပ်မှု၊ လိုအပ်လာရင် စိတ်စံလွဲမှုကို ကုသတဲ့ ဆေးဝါးတွေနဲ့ ထိန်းချုပ်မှုများနဲ့ ကလေးတွေအပေါ် ဗလက္ကာရလုပ်တတ်သူများအဖြစ်က ရပ်တံ့သွားအောင် လုပ်ဆောင်နိုင်ပါတယ်။

(၃) တချို့တွေကကျတော့ “လူမှုရေးခေါင်းပါးတဲ့ ကိုယ်ရည်ကိုယ်သွေး စံလွဲမှု” (APD) ဖြစ်နေလို့ ကလေးတွေကို လိင်ပိုင်းအရ ထိတတ်ကိုင်တတ်ကြတယ်။ လူမှုရေးခေါင်းပါးတယ်ဆိုတာ လူတော မတိုးတာ မဟုတ်ပါဘူး။ လူတွေကြားမှာ အရောတဝင်နေတတ်တဲ့အပြင် တချို့ဆို ရွှန်းရွှန်းတွေတောင် ဝေနေတတ်ပါသေးတယ်။

လူမှုရေးခေါင်းပါးတယ် (antisocial) ဆိုတာက လူ့ဘောင်စည်းကမ်းတွေနဲ့ သူတို့နဲ့ မဆိုင်ဘူးလို့ ယုံကြည်ထားတာပါ။ သူတို့က လူ့ဘောင် စည်းကမ်းတွေကို ဖောက်တတ်ကြတယ်။ အတိအကျပြောရင် လူမှုရေးခေါင်းပါးသူတွေဟာ တဖက်သားရဲ့ ခံစားချက်ကို ထည့်ကို စဉ်းစားလေးမရှိဘူး။

သူတို့စိတ်ထဲမှာ ကလေးတွေအပါအဝင် လူအားလုံးသည် အသုံးချခံဖို့သက်သက်သာ ဖြစ်တည်နေကြတယ်လို့ မြင်ကြပါတယ်။ သည်အမျိုးအစားထဲမှာ ပါဝင်တဲ့ ကလေးတွေအပေါ် ဗလက္ကာရ လုပ်ကြသူများဟာ သတင်းတွေထဲမှာ တွေ့နေရတဲ့ စက်ဆုပ်စရာ အမှုတွေကို ကျူးလွန်တတ်ကြသူတွေပါပဲ။

(၄) ကလေးတွေကိုပဲ လိင်ဆက်ဆံလိုစိတ် မပြတ်မလပ် ရှိနေလို့ ဗလက္ကာရပြုတတ်တဲ့ အသက် ၁၆ နှစ်နဲ့ အထက်ကိုတော့ Pædophilia (Pedophilia) လို့ခေါ်တဲ့ ကလေးကိုမှ ရာဂကြွတတ်တဲ့ စိတ်စံလွဲရောဂါရှိနေသူလို့ ယူဆကြပါတယ်။

သည်နေရာမှာ အသက် ၁၆ နှစ်နဲ့ အထက်ဆိုတာကို သတိထားဖို့ လိုပါတယ်။ မဖွယ်မရာလုပ်တဲ့ ၁၆ နှစ်အောက် ဆယ်ကျော်သက်တွေဟာ ကလေးကိုမှ ရာဂကြွတတ်တဲ့ စိတ်ဝေဒနာရှင်တွေ မဟုတ်ပါဘူး။

ကလေးတွေကိုပဲ လိင်ဆက်ဆံလိုစိတ် မပြတ်မလပ် ရှိနေမနေကိုလည်း သာမန်လူက ဆုံးဖြတ်လို့ မရပါဘူး။ လိင်မှုကိစ္စ အထူးပြု ဆရာဝန်ကဖြစ်ဖြစ်၊ ကုခန်းစိတ်ပညာရှင်ကဖြစ်ဖြစ် စူးစမ်းဖော်ထုတ်ပြီး လိင်ပိုင်းဆိုင်ရာ အထူးပြု ကုထုံးတွေ၊ လိုအပ်ရင် ဆေးဝါးတွေနဲ့ အောင်အောင်မြင်မြင် ထိန်းချုပ်ကုသပေးနိုင်ပါတယ်။ အဲသလို ကုသပေးတာ ၈၇ % အထိ အောင်မြင်မှု ရှိတယ်လို့ သုတေသနတွေက ဆိုပါတယ်။

လေ့လာချက်တွေအရ ပထမ သုံးမျိုးကြောင့် ကလေးတွေကို ဗလက္ကာရ လုပ်တဲ့ နှုန်းထားက ငါးရာခိုင်နှုန်းမျှသာ ရှိပြီး ကလေးကိုမှ ရာဂကြွတတ်သူတွေကြောင့် ဖြစ်ပွားတာကတော့ ၉၅ % ရှိပါသတဲ့။

ကလေးသူငယ် မုဒိန်းမှုဆိုတာ ဘာကြောင့်ကျူးလွန်တာပဲဖြစ်ဖြစ် မလိုလားအပ်တဲ့ ကိစ္စဆိုတာ သာမန်လူပြိန်းတယောက် အနေနဲ့တောင် အလွယ်တကူ လက်ခံနိုင်ပါတယ်။

ဒါပေမယ့် ဘာကြောင့် ကျူးလွန်ကြတာလဲဆိုတဲ့ အဓိက အကြောင်းရင်းခံတွေကို သိထားမယ်ဆိုရင်တော့ ကြိုတင် ကာကွယ်ရေးမှာ တဖက်တလမ်းက အကျိုးထူးနိုင်မလားဆိုတဲ့ အတွေးနဲ့ တတ်နိုင်သလောက် ဆွေးနွေးကြည့်လိုက်တာ ဖြစ်ပါတယ်။

ကျနော်တို့ဆီမှာ အထူးတလည် လိုအပ်နေတာက လိင်မှုကိစ္စ အထူးပြု ဆရာဝန်တွေ၊ ကုခန်းစိတ်ပညာရှင်တွေလို့ မြင်မိရပါတယ်။

အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

၀၅၀၇၁၉

သားရှင်တွေလည်း သတိထား

ညောင်မြစ်တူးရင် ပုတ်သင်ဥတွေ ပေါ်ပါလိမ့်မယ်။ မတတ်နိုင်ဘူး။ ပြောသင့်တဲ့စကားမို့ ပြောပြပါမယ်။

ကျနော် လူမှန်း သိခါစ ၆ နှစ် ၇ နှစ်သားလောက်မှာ ဆေးထိုးတမ်း ကစားမယ်ဆိုပြီး (ကန်တော့ပါရဲ့) ကျနော့် ငယ်ပါကို ပယ်ပယ်နယ်နယ် အကိုင်ခံခဲ့ရပါတယ်။ အဲဒီ့ကောင်က ကျနော့်ထက် တနှစ်ကျော်ပဲ ကြီးတဲ့ကောင်ပါ။ သူ့ဒဏ်ကို ၁၀ နှစ်သားအထိ ခံခဲ့ရပါတယ်။ ဆေးထိုးတမ်းဆိုပြီး အားအားရှိ ကိုင်နေတာပါ။

Image result for child sexual abuse boysမိဘကို ပြန်မပြောရဲခဲ့ပါဘူး။ ပိုဆိုးတာက သူ့အဖေက ကျနော်တို့နေတဲ့ နယ်က ဌာနဆိုင်ရာ အဖွဲ့အစည်းမှာ ရာထူးအမြင့်ဆုံး၊ ကျနော့်အဖေက စာရေး။ အဆင့်ချင်းက မိုးနဲ့ မြေ။ သည်ကောင်နဲ့ ပြဿနာ ဖြစ်ရင် မှားမှား မှန်မှန် ကျနော်ပဲ အဆော်ခံရမယ်လို့ အဖေက ကြေညာထားပြီးသားမို့ ကျနော့်မှာ အောင့်သက်သက်နဲ့ ခံခဲ့ရဖူးတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်ကဆိုတော့ ကလေးသူငယ် မဖွယ်ရာမှုတွေ ဘာတွေ ဘယ်သိကြဦးမလဲနော်။

ငါးတန်းမှာ ကျောင်းပြောင်း၊ မြို့ပြောင်းလိုက်ရတော့ သူ့ဒဏ်က လွတ်သွားတယ်။ အဟဲ… ခုနစ်တန်းကျတော့ တခါ ကြုံရပြန်တယ်။ တွက်ကြည့်ပါ။ ခုနစ်တန်းကျောင်းသား အသက်အရွယ်ကို။ ၁၂ နှစ်ကျော်၊ ၁၃ နှစ်။

နေရာသည်ကား ရန်ကုန်မြို့ လူကုံထံ ရပ်ကွက် အင်းလျားလမ်း။ နှစ်အပိုင်းအခြားကား ၁၉၆၉။ အချိန်သည်ကား အကာလ ညအခါ။ အိမ်သည်ကား တခေတ်ဆီက နိုင်ငံတော်သမ္မတကြီးရဲ့ သားနဲ့ မြေးတို့ နေအိမ်။ စုမိသည်ကား အနှီမြေး၏ မွေးနေ့။ သားကောင်များကား အတန်းထဲက ကျနော်အပါအဝင် ယောက်ျားလေး ၄-၅-၈ ယောက်။ ဗွေဆော်ဦး ခံလိုက်ရသူကား ထီခနဲဆို အီစကိုဆိုတဲ့ ကျနော်။

အဲဒီ့မှာ အရေးကြီးတာ လာပါပြီ။

ကျူးလွန်ရန် အားထုတ်သူကား…

အခုပြော အခုသိတဲ့ နာမည်ကျော် လျှမ်းလျှမ်းတောက် တယောက်ပါ။ အဲတုန်းက သူက အသက် ၃၀ မပြည့်တတ်သေးဘူးပေါ့။ တက္ကသိုလ်က ဆရာပေါ့။ ဆင်းသက်လာတဲ့ အသိုင်းအဝိုင်းကလည်း နှယ်နှယ်မှ မဟုတ်တာ။ တကယ့်ကို သိမ်သိမ်မွေ့မွေ့၊ ရည်ရည်မွန်မန်၊ ယဉ်ယဉ်ကျေးကျေး။ ယောက်ျားလိုပဲ ဝတ်စား နေထိုင်ပါတယ်။

အဟဲ… အဲဒီ့အရွယ် ယောက်ျားလေးတွေချည်း စုမိတော့ ဘာလုပ်စရာ ရှိမှာတုံး။ Scrabble ကစားကြတာပ။ အဲတော့ ကျေးဇူးရှင်က ကျနော့်ဘေး လာထိုင်ပြီး ကျနော့်ကို အကြံတွေပေးနေတယ်။ ကျနော့်ခါးကို ဖက်ထားတယ်။ သည်အထိက မသိသေးဘူး။

ပြီးတော့မှ သူ့လက်က… သူ့လက်က…

ကြမ်းပေါ်မှာ ပုဆစ်တုပ် ကစားနေတာမို့ သူ့လက် တိုးဝင်အလာမှာ ဗိုက်နဲ့ ပေါင်ကပ်ထားပြီး မတိုးသာအောင် ကျနော် ကြိုးစားတယ်။ မရဘူးဗျ။ အတင်းကို တိုးနေတော့ ကျနော်လည်း ဘယ်လိုမှ မခံစားနိုင်တော့ဘူး။ ပွဲဖျက်၊ ထွက်ပြေး၊ ဟိုကောင့်အခန်းထဲဝင်၊ တံခါးကန့်လန့်ထိုးလိုက်ရပါတော့တယ်။

မကြာပါဘူးဗျာ။ တော်ကြာနေတော့ တယောက်၊ တံခါးကို တဒုံးဒုံးထုတယ်။ ငိုသံပါနဲ့ ဖွင့်ခိုင်းလို့ ဖွင့်ပေးလိုက်တော့ “ဟိုလူကြီးက ငါ့ဟာကို အတင်းလိုက်ကိုင်နေလို့…”ဆိုပြီး ဖြေရှင်းချက် ထုတ်တယ်။

နောက်တော့ တကောင်ပြီး တကောင်၊ ပြေးဝင်လာကြတယ်။ တံခါးကို လုံနေအောင် ပိတ်ထားလိုက်ကြရတယ်။

ဒါ ကျနော့် ငယ်ဘဝအတွေ့အကြုံပါပဲ။

နောက်ဆက်တွဲ – အခုတော့ သူငယ်ချင်းကြီးလည်း သေရှာပါပြီ။ အဲဒီ့ သူငယ်ချင်း ကိုးတန်းမှာ ထင်တယ်။ အဲဒီ့ဆရာနဲ့ သီးသန့်သင်နေတယ် ကြားတော့ ကျနော်က ကျနော်တို့ ခံခဲ့ရပုံကို ပြောပြပါတယ်။

ရွှေသူငယ်ချင်းကလည်း ဆွေကြီးမျိုးကြီး။ အင်္ဂလိပ်ခေတ် ဝန်ကြီးတပါးရဲ့ မြေး။ အခြေကြီးတယ်ပေါ့ဗျာ။ ကျနော်က လမ်းဘေးက ကောင်။ အဲတော့ ကျေးဇူးရှင်က ကျနော့်စကားကြားတဲ့အခါ ကျနော့်ကိုတော့ ဘာမှ ပြန်မပြောခဲ့ပါဘူး။

နောက် တလလောက်ကြာတော့မှ ဝန်ခံတော်မူပါတယ်။ “မင်းပြောပြတုန်းက ငါမင်းကို တော်တော် စိတ်ပျက်သွားတာကွ။ သူများအကြောင်း မဟုတ်တရုတ်ပြောရလားဆိုပြီးတော့ပေါ့။ ခု ငါ ကိုယ်တိုင် ခံလိုက်ရတော့မှ မင်း အမှန်ပြောတာပါလားဆိုတာ သိလိုက်ရတယ်ကွာ။ မင်းကို အထင်မှားခဲ့လို့ ဆောရီးပါ”တဲ့ဗျား။

မိဘတွေ သတိထားသင့်တာက…

(၁) ယောက်ျားလေးချင်းပဲဆိုပြီး ကလေးတွေချည်း မမြင်ကွယ်ရာမှာ ပစ်မထားမိပါစေနဲ့။

(၂) မောင်နှမချင်း၊ ညီအကိုချင်းပဲဆိုပြီးလည်း စိတ်မချပါနဲ့။ ငယ်တဲ့အရွယ်မှာ စူးစမ်းတတ်ကြပါတယ်။ (မောင်နှမ တဝမ်းကွဲချင်းက မတော်တရော် လုပ်တာ ခံဖူးတဲ့ အမျိုးသမီး၊ ရေချိုးနေတာကို တူအရင်းက လာချောင်းတာ ကြုံဖူးတဲ့ အမျိုးသမီးတွေလည်း ကျနော်တို့ ပတ်ဝန်းကျင်မှာ ရှိပါတယ်နော်။)

(၃) အင်းလျားလမ်းက အဖြစ်အပျက်က အလှဆုံးပါ။ သည်ကိစ္စမှာ ပညာတွေ၊ ဂုဏ်တွေ၊ ဆွေကြီးမျိုးကြီး ဖြစ်တာတွေက ဘာမှ အရေးမပါပါဘူး။ လူဟာ လူပဲမို့ သတိထားရမှာချည်းပါပဲ။ ဆရာမို့ မကျူးလွန်ဘူးဆိုတာ မရှိကြောင်း ကျနော်တို့ အဖြစ်က သက်သေခံနေပါတယ်။

အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

၀၂၀၇၁၉

ကလေးကို လိင်ပိုင်း မဟားဒယားလုပ်ကြတာနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်တွေ

Image result for child sex abuse၁။ ကလေးတွေအပေါ် လိင်ပိုင်းမတော်မတရားပြုကျင့်သူ (ကလေးကို မဟုတ်တာလုပ်သူ) ၇၀ က ၇၃ % ဟာ သူတို့ ကိုယ်တိုင် ကလေးဘဝတုန်းကလည်း မဟုတ်တရုတ်လုပ်တာ ခံခဲ့ဖူးသူတွေ ဖြစ်နေကြပါတယ်။

၂။ ကလေးကို မဟုတ်တာလုပ်သူ ၆၀ % လောက်ဟာ မိသားစုနဲ့ ရင်းနှီးဝင်ထွက်နေသူတွေ၊ ကလေးထိန်းတွေ၊ အိမ်နီးချင်းတွေလိုမျိုး ကလေးနဲ့ သိကျွမ်းသူတွေပါ။ မိသားစုဝင်တွေတော့ မဟုတ်ကြပါဘူး။

၃။ ၃၀ % လောက်ကတော့ အဖေ၊ အမေ၊ အကို၊ ဦးလေး၊ ဦးကြီး၊ ဘကြီး၊ ဘထွေး၊ ဝမ်းကွဲညီအကို မောင်နှမတွေ ဖြစ်ကြပါတယ်။

၎။ လိင်ပိုင်းကျူးလွန်မှု အားလုံးရဲ့ ထက်ဝက်ထက် နည်းတဲ့ ပမာဏသာလျှင် ရဲဆီ တိုင်တန်းကြပါတယ်။

၅။ ၂၀၀၂ ခုနှစ်တနှစ်တည်းမှာတင်ပဲ တကမ္ဘာလုံးမှာ အသက် ၁၈ နှစ်အောက် မိန်းကလေး သန်းပေါင်း ၁၅၀၊ ယောက်ျားလေး ၇၃ သန်းတို့ဟာ အဓမ္မပြုကျင့်မှု၊ လိင်ပိုင်းအကြမ်းဖက်မှု တခြားပုံစံတွေကို ခံစားခဲ့ရတယ်လို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) က ဆိုပါတယ်။

၆။ ယောက်ျားလေးတွေ တိုင်တန်းတဲ့ အမှု ၁၄ % ၊ မိန်းကလေးတွေ တိုင်တန်းတဲ့ အမှု ၆ % မှာ ကျူးလွန်သူတွေဟာ မိန်းမတွေ ဖြစ်ပါတယ်။

၇။ ဝင်ငွေနည်းတဲ့ နိုင်ငံတွေမှာ အရွယ်မရောက်သေးသူတွေကို သတ်ဖြတ်မှုနှုန်းထားက ဝင်ငွေများတဲ့ နိုင်ငံတွေထက် နှစ်ဆ ပိုများပါတယ်။ ဒါပေသည့် အိမ်တွင်းမှာ လိင်ပိုင်းမတော်မတရားပြုကျင့်ကြတာကတော့ နိုင်ငံတိုင်းမှာ တွေ့ရတယ်။

၈။ ယေဘုယျအားဖြင့် ယောက်ျားတွေ မတော်မတရားပြုကျင့်ခံရတဲ့ နှုန်းထား နည်းပါးခြင်းဟာ တိုင်တန်းမှု နည်းပါးခြင်းကြောင့် ဖြစ်ပါတယ်။ ယောက်ျားဆိုတာ သန်မာရတယ်၊ ခုခံတုံ့ပြန်နိုင်စွမ်းရှိရမယ်လို့ အစဉ်အလာအရ သွန်သင်ထားကြတော့ ခံလိုက်ရတဲ့ ယောက်ျားသားတွေဟာ “ယောက်ျားမဟုတ်ဘူး”လို့ အထင်ခံရမှာ စိုးတဲ့အတွက် မတိုင်ကြတာဖြစ်ပါတယ်။

 ၉။ ကလေး လိင်ပိုင်းမတော်မတရားပြုကျင့်မှုဆိုတာ နမ်းတာ၊ ပါးစပ်နဲ့၊ စအိုနဲ့၊ မိန်းမကိုယ်နဲ့ လိင်ဆက်ဆံတာလို ကိုယ်ခန္ဓာထိတွေ့မှုလည်း ပါတယ်။ ဒါတင်မကသေးဘူး၊ လိင်အင်္ဂါကို ကလေးတွေကို လှစ်ပြတာ၊ ကလေးတွေကို မဖွယ်မရာ ရုပ်သေ၊ ရုပ်ရှင်တွေ အတင်းကြည့်ခိုင်းတာ၊ ကလေးရဲ့ ဝတ်လစ်စလစ် ကိုယ်ခန္ဓာကို ကြည့်ဖို့ အားထုတ်တာ၊ လိင်ဆက်ဆံဖို့ ကလေးကို ဖိအားပေးတာ၊ ကလေးရှေ့မှာ လိင်ဆက်ဆံတာ၊ ကလေးကို မဖွယ်မရာ ရုပ်သေ၊ ရုပ်ရှင်အတွက်၊ ပြည့်တန်ဆာလုပ်ဖို့အတွက် အမြတ်ထုတ်တာတွေလည်း ပါဝင်ပါတယ်။

၁၀။ မဟုတ်တာ အလုပ်ခံရပြီးတဲ့နောက် ကလေးအများစုက ဘယ်သူ့ကိုမှ ပြောပြလေ့ မရှိတတ်ကြပါဘူး။ ပြောတဲ့ ကလေးဖြစ်ပြန်ရင်လည်း အရေးယူမှု တခုခု ဖြစ်မလာခင် သည်အကြောင်းကိုပဲ လူပေါင်း ၄-၅-၁၀ ယောက်ကို မဖြစ်မနေ ထပ်ပြန်တလဲလဲ ပြန်ပြောပြနေရစမြဲဖြစ်ပါတယ်။

၁၁။ မဟုတ်တာ အလုပ်ခံလိုက်ရတဲ့ ကလေးတွေမှာ ကျန်းမာရေးထိခိုက်မှု အများအပြားဖြစ်လာနိုင်တယ်။ စိတ်ထိခိုက်မှု ဒဏ်ကို အပြင်းအထန်ခံရပြီးနောက် တင်းကျပ်မှု စိတ်စံလွဲရောဂါ (Post-Traumatic Stress Distorder)၊ အစားအသောက် စံလွဲမှု (မတရား စားတာ၊ မတရား မစားတာမျိုး)၊ စိတ်ထောင်းကိုယ်ကျေ ရောဂါလက္ခဏာတွေ၊ ယဉ်ယဉ်လေးနဲ့ စိတ်ကျန်းမာရေး ချို့ယွင်းနေတာ၊ နာတာရှည် နာကျင်ကိုက်ခဲမှု၊ လွန်ကျူးတဲ့ လိင်ပိုင်း အမူအကျင့် (ကလေးတွေဟာ သူ့အရွယ်နဲ့သူ လိင်ကိစ္စကို စိတ်ဝင်စားတာ သဘာဝပါ။ သို့သော် လွန်ကျူးတယ်ဆိုတာကတော့ မူကြိုအရွယ်ကလေးငယ်က လိင်ကိစ္စတွေ တစ်တစ်ခွခွပြောတာတို့၊ ၁၂ နှစ်သားက လူရှေ့မှာ တကိုယ်ရေ အာသာဖြေတာတို့လိုမျိုးကို ဆိုလိုပါတယ်)၊ သင်ယူမှု ပြဿနာ၊ တိရစ္ဆာန်လေးတွေအပေါ်မှာ ရက်စက်တာ၊ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးတဲ့ အမူအကျင့်၊ မိမိကိုယ်ကို သေကြောင်းကြံမှု၊ လူ့ကန့်လန့်အမူအကျင့်၊ အိပ်မပျော်တာ၊ အိပ်မက်ဆိုးတွေ မက်တာ၊ ဒေါသတကြီး ပေါက်ကွဲတာ၊ တယောက်တည်း မနေချင်တာ၊ အရွယ်ရောက်တဲ့အထိ တခြားသူတွေအပေါ် ကျူးလွန်ချင်တာစတဲ့ အမူအကျင့်တွေ ပေါ်ပေါက်လာတတ်ပါတယ်။ ဒါပေမယ့် အဲဒါတွေကို သူတို့က လူမြင်သူမြင်တော့ မပြတတ်ကြတော့ဘူး။

၁၂။ ကလေးကို မဟုတ်တာလုပ်သူတွေဟာ ကာယအားနဲ့ အဓမ္မ မလုပ်ကြဘူး။ လက်ဆောင်လေးတွေ ပေး၊ အတူကစားပေး၊ အတူနေပေး၊ သွားပေး၊ ကလေးတွေကို မဖွယ်ရာတဲ့ ရုပ်ရှင်၊ ရုပ်သေတွေ ပြပေး၊ စိတ်မပါဘဲ အော်လိုက်ဟစ်လိုက်၊ မာန်လိုက်မဲလိုက်နဲ့ ကလေးစိတ်ထဲမှာ ကျူးလွန်မယ့်သူကို ဘာမှန်းမသိဘဲ ဇဝေဇဝါဖြစ်နေအောင် လုပ်ပေးတာမျိုး တွေနဲ့ ကျုံးသွင်းတတ်ကြပါတယ်။

၁၃။ မိဘတပါးတည်းနဲ့သာ နေထိုင်ရတဲ့ ကလေး၊ လက်ထပ်မထားတဲ့ သူနဲ့ အတူနေနေတဲ့ မိဘနဲ့ နေရတဲ့ ကလေးတွေဟာ မိရင်းဘရင်းနဲ့အတူ နေရတဲ့ ကလေးတွေထက် မဟုတ်တာ အလုပ်ခံရနိုင်ချေ ရှစ်ဆပိုများပါတယ်။

၁၄။ ကလေးကို မဟုတ်တာလုပ်တယ်လို့ တိုင်ကြားတဲ့အမှုတွေရဲ့ ၂၃ % လောက်ကို ၁၈ နှစ်အောက်တွေက ကျူးလွန်ကြတာ တွေ့ရပါတယ်။

၁၅။ ၂၀၀၄ ခုနှစ် လေ့လာချက်တရပ်မှာတော့ အရေအတွက် စုစုပေါင်း လေးသန်းခွဲလောက်အထိ ရှိမယ့် အစိုးရကျောင်း တက်နေသူ ကလေးပေါင်း ၉.၆ % ဟာ သူတို့ကို ပညာသင်ပေးနေသူတွေရဲ့ လိင်ပိုင်းဆိုင်ရာ မဖွယ်ရာမှုတွေကို တွေ့ကြုံဖူးတယ်လို့ ဆိုပါတယ်။ သည်လို မဖွယ်ရာမှုဆိုရာမှာ လိင်နဲ့ပတ်သက်တဲ့ ဟာသတွေ ပြောတာမှသည် လိင်ဆက်ဆံတာအထိ ပါဝင်ပါတယ်။ ကျူးလွန်သူတွေထဲမှာ ဆရာက ၁၈ % ၊ အားကစားနည်းပြက ၁၅% ၊ လူစားဝင်သင်တဲ့ ဆရာက ၁၃ % ၊ ကျောင်းအုပ်က ၆ % ၊ ကလေးတွေကို ဖေးမ ဆွေးနွေးပေးသူက ၅ % ပါဝင်ပါသတဲ့။

၁၅။ မတော်တရော် အလုပ်ခံရတဲ့ ကလေး ၉၅ % က ကျူးလွန်သူကို သိကျွမ်းကြပါတယ်။

၁၆။ ကလေးကို မတော်တရောလုပ်တဲ့သူ အများစုဟာ ကလေးထက် ဆယ်နှစ်၊ ဆယ်နှစ်အထက် ကြီးသူတွေပါ။ ကလေး အပေါ် ကျူးလွန်သူ တဝက်ကျော်ဟာ ၃၅ နှစ်အောက်တွေပါ။

မူရင်းက ၆၄ ချက် ပါပါတယ်။ များလို့ အဓိက သိသင့်တဲ့ ၄ ပုံတပုံကိုပဲ ဘာသာပြန်ပေးလိုက်ပါတယ်။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

၀၁၀၇၁၉

မူရင်း – https://www.factretriever.com/child-abuse-facts

နှုတ်ခမ်းလေးနဲ့ လူသတ်နေ

စကားလုံးတွေက အမာရွတ်ထင်စေတယ်
ကောလာဟလတွေက ပျက်စီးစေတယ်
အမနာပဝိုင်းပြော အနိုင်ကျင့်တာတွေက သေစေပါတယ်

🧱🧱🧱🧱🧱🧱🧱🧱🧱🧱🧱🧱

သူများပါးစပ်ထဲမှာ အသက်ပေးခဲ့ဖူးသူတဦးရဲ့ ဇာတ်လမ်း

၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့မှာ အခုပုံမှာ ပါတဲ့ ၁၅ နှစ်အရွယ် မိန်းကလေးဟာ Cyberbullying လို့ခေါ်တဲ့ အင်ထနက် လူမှုမီဒီယာက တဆင့် မတရားသဖြင့် အနိုင်ကျင့်တဲ့ ဒဏ်ကို မခံနိုင်တော့တဲ့ အဆုံးမှာ သူ့ကိုယ်သူ အဆုံးစီရင်သွားခဲ့ဖူးပါတယ်။Image may contain: text

နိုင်ငံတကာ မီဒီယာတွေမှာ အုတ်အော်သောင်းသဲဖြစ်ခဲ့ပြီး ကနေဒေါ အစိုးရကလည်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ကလေးမလေးက မလိမ်မိုး မလိမ္မာနဲ့ သူငယ်ချင်းချင်းကြားမှာ သူ့ရင်သားကို လှစ်ပြခဲ့မိဖူးတယ်။ အဲဒီ့ဓာတ်ပုံ ရှိပါတယ်။

ကလေးမလေးကို တကိုယ်လုံး ချွတ်ပြခိုင်းသူတယောက် ပေါ်လာတယ်။ မပြရင် သူ့ရင်သားပုံကို လူမှုမီဒီယာမှာ ဖြန့်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်။ မပြတော့ တကယ် ဖြန့်ထည့်လိုက်တယ်။ ကလေးမလေးရဲ့ သူငယ်ချင်းတွေ၊ အတန်းဖော်တွေကို tag လုပ်တယ်။

ထုံးစံအတိုင်း ကလေးမလေးကို ဝိုင်းတွယ်ကြပြီပေါ့။ ကြဉ်လည်း ကြဉ်ကြတယ်။ ကလေးမလေး တကျောင်းပြီး တကျောင်း ပြောင်းတယ်။ ခဏပဲ။ နောက်ကျောင်းတွေမှာလည်း ဆက်ခံရတယ်။

ဘူးလေးရာ ဖရုံဆင့်

သည်ကြားထဲ ကလေးမလေးကို ချစ်ချင်ယောင်ဆောင်တဲ့ ကောင်လေးတကောင် ပေါ်လာတယ်။ ကလေးမလေးက ယုံလိုက်မိတယ်။ ဟိုကောင်က ကျောရရုံ ကြံတာ။ ဟိုကောင်လေးရဲ့ ကောင်မလေးက ကလေးမလေးကို ကလေးမလေးရဲ့ ကျောင်း လူပုံအလယ်မှာ လာပြဿနာရှာတယ်။ ဟိုကောင်လေးကလည်း သူလိုချင်တာ ရပြီးပြီဆိုတော့ သူ့ကောင်မလေးကို ပါးသာပိတ်ချလိုက်စမ်းပါလို့ ပြောလိုက်တယ်။ ဟိုကလည်း ချတယ်။ ကလေးမလေး လဲကျန်ရစ်တယ်။

အဖြစ်အပျက်က ဓာတ်ပုံ ဗှီဒီယိုမှတ်တမ်းနဲ့ ဆိုရှယ်မီဒီယာမှာ ပြန့်ပြန်တယ်။ ကလေးမလေး စိတ်ဓာတ်ပျက်ယွင်းလာတယ်။

ကျောင်းပြောင်း၊ မြို့ပြောင်း… စိတ်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးတာတွေ လုပ်နေရင်းတန်းလန်းကနေ အစွန်းချွတ်ဆေးတွေသောက်ပြီး သူ့ကိုယ်သူ သေကြောင်းကြံတယ်။ ဆေးရုံရောက်သွားတယ်။ မအောင်မြင်ဘူး။

လူတွေမှ ဟုတ်ပါလေစလို့ တွေးချင်စရာ လူအစစ်တွေ

သည်မှာတင် အနိုင်ကျင့်ချင်သူတွေအတွက် အကွက်ပေါ်တယ်။ နင် သေသွားသင့်တာ၊ နင်သောက်တဲ့ အစွန်းချွတ်ဆေးက ပျော့တယ်။ ဒါသောက် ဆိုတာတွေတောင် သူ့ဆီမှာ လာရေးကြတယ်။

အဖြစ်အပျက်တွေကို ကလေးမလေးက စာတရွက်စီနဲ့ ရေးပြီး YouTube မှာ တင်ခဲ့ပါတယ်။

အဲဒီ့ ဗှီဒီယိုတင်ပြီး တလအကြာမှာ ကလေးမလေး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပါတော့တယ်။

အရေးယူတဲ့အပိုင်း

ကနေဒါအစိုးရနဲ့အတူ ဒတ်(ခ်ျ) အစိုးရကလည်း စုံစမ်းစစ်ဆေးတဲ့အခါ နယ်သာလန်နိုင်ငံက အသက် ၃၅ နှစ်အရွယ် ဒတ်(ခ်ျ)နိုင်ငံသားနဲ့ တူရကီ နိုင်ငံသား၊ နိုင်ငံသားလက်မှတ် ၂ မျိုးကိုင်ဆောင်သူကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ သူက ကလေးမလေးအပါအဝင် ကမ္ဘာအရပ်ရပ်က ကလေးမလေးတွေရဲ့ ကွန်ပျူတာတွေထဲကို ဖောက်ဝင်ပြီး ဒုက္ခလည်ပေးနေတဲ့သူပါ။ ဒတ်(ခ်ျ)တရားရုံးက ကလေးမလေးအပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုအတွက် ထောင်ဒဏ် ၁၀ နှစ်နဲ့ ၈ လ ချမှတ်ခဲ့ပါတယ်။

ကလေးမလေး သူ့ကိုယ်သူ အဆုံး မစီရင်မီ သူ့ဇာတ်လမ်းကို စာတွေနဲ့ ရေးပြီး ပြသွားတဲ့ ဗှီဒီယိုကို သည်မှာ ကြည့်နိုင်ကြပါလိမ့်မယ်။

https://www.youtube.com/watch?v=FS95zvN5MiI

(Google မှာ Amanda Todd ဆိုတဲ့ ကလေးမလေး နာမည်ရိုက်ထည့်ပြီး ရှာလိုက်ရင် ကျနော်ပြောတာထက် အများကြီး ပိုပြည့်ပြည့်စုံစုံ သိရနိုင်ပါသေးတယ်။)

လူတွေ ဘာလို့ အဲသလို လုပ်

အင်ထနက် ဆိုရှယ် မီဒီယာမှာ လူတချို့ဟာ အဲလို ဘာကြောင့် လုပ်နေတာလဲ။

(၁) သာယာနေကြတာပါ။ သူတို့ တခုခု ကြမ်းကြမ်းတမ်းတမ်း ရေးလိုက်လို့၊ တင်လိုက်လို့ လူတွေက သူတို့ကို တုံ့ပြန်ကြတာကို သာယာနေကြတာပဲ ဖြစ်ပါတယ်။ like တွေ အများကြီးရတာလည်း သာယာသလို အဆဲလှိမ့် ခံရတာကိုလည်း သာယာနေတတ်ကြပါတယ်။ လူအများ အာရုံစိုက်ခံချင်တဲ့ ရောဂါဆန်းတမျိုးပေါ့။

(အဲဒီ့ ရောဂါကို မြင်လာတဲ့အတွက် ကျနော် Facebook သိပ်မသုံးတော့တာပါ။ ကျနော့်မှာလည်း အဲဒီ့ ရောဂါ ရှိနေသလားလို့ သံသယ ဝင်လာလို့ပါပဲ။ ဘာလုပ်မလဲဗျာ။ အိုကြီးအိုမကျတော့မှ အကျိုး မရှိတာတွေနဲ့ အချိန်ကုန် မခံချင်တော့ပါဘူးပေါ့။ ဒါတောင် ခုတလော ပြန်ရေးဖြစ်နေသေးတယ်။ အများအတွက် အကျိုးရှိမယ်ဆိုတဲ့ “ဆင်ခြေ ဆင်လက် ဆင့်နားရွက်ကြီး ဧရာမ”နဲ့ပေါ့ဗျာ။ တကယ်က ကျနော့်အတ္တကို ကျနော် ပြောင်လက်အောင် ပွတ်တိုက်နေတာသက်သက်ပါပဲ။ ကျနော် သေအောင် ရေးနေလည်း မြစ်ရေစီးကို ကျနော့်လက်ဝါးနဲ့ကာလို့ ရမှာမှ မဟုတ်တာလေ။ နော်…)

(၂) အင်ထနက်ပေါ်မှာ ပြောလိုက်ဆိုလိုက်တဲ့အတွက် ဘာမှ ခံရမှာ မဟုတ်ဘူးလို့ လူတွေက သိထားကြပါတယ်။ အဲလို ရေးလိုက်သားလိုက်လို့ သူတို့အတွက် ဘာဆိုးကျိုးမှ မဖြစ်နိုင်ဘူးပေါ့။ အကောင့်ပုန်း၊ အကောင့်တုတွေနဲ့ဆို သာတောင် မဖြစ်နိုင်သေးပေါ့။

အလုပ်ရှင်ရဲ့ အရေးယူမှု

ဟိုကလေးမလေး သေသွားပြီးတဲ့နောက်တောင် သူ့ကို နှိပ်ကွပ်တဲ့ အရေးအသားတွေက ပေါ်ထွက်နေခဲ့ပါသေးတယ်။

ကနေဒါနိုင်ငံကလူတယောက်ကတော့ “ခွေးမ… နင် သေသင့်တာ ကြာပြီ”လို့ ရေးတာကို သူ့အလုပ်ရှင်က သိသွားတဲ့အတွက် အလုပ်ထုတ်ခဲ့ပါတယ်။

ဆိုရှယ်မီဒီယာရဲ့ အားထုတ်မှု

အင်ထနက်ဆိုရှယ်မီဒီယာက ဝိုင်းအနိုင်ကျင့်တာဟာ နိုင်ငံတိုင်းမှာ ဖြစ်နေတာပါ။ အထက်က ကလေးမလေးရဲ့ ဖြစ်ရပ်ကြောင့် အခုတော့ နိုင်ငံ အတော်များများမှာ အဲဒါကို ကိုင်တွယ်နိုင်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းလာခဲ့ကြပြီ ဖြစ်သလို Instagram တို့၊ Twitter တို့မှာလည်း Comment ကို ကိုယ်သဘောတူမှ အတည်ပြုနိုင်အောင် ဖန်တီးလာကြပါပြီ။ FB ကတော့ ခုထိ မလုပ်သေးပါဘူး။ ဘာလို့လဲတော့ မသိဘူး။

ဘာလုပ်ကြမလဲ

🔹 “ကလေးတွေ ဆယ်ကျော်သက်တွေအနေနဲ့ သူတို့ကို အဲလို အနိုင်ကျင့်တာခံနေရပြီဆိုတာနဲ့ လူကြီးမိဘတွေကို ပြောပြသင့်ပါတယ်။ ဒါမှသူတို့က တခုခု လုပ်ပေးနိုင်မှာပါ”

🔹 “ပြောလာရင်လည်း ကလေးတွေကို လူကြီးမိဘတွေက မဆူပါနဲ့။ အပြစ်မတင်ကြပါနဲ့။ နားထောင်ပေးပါ။ ကလေးတွေ ငယ်ကတည်းက ဘာမဆို မိဘကို ပွင့်ပွင့်လင်းလင်း ပြောတတ်အောင် လေ့ကျင့်ပေးစေချင်ပါတယ်။ ဒါမှလည်း ကလေးတွေ ဘာဖြစ်နေမှန်း မပြတ်သိနေနိုင်မှာပါ”

🔹 “ပြောစရာ လူကြီးမိဘ မရှိရင် ကျနော့်ကို ပြောနိုင်ကြပါလိမ့်မယ်။ ကျနော့် သည် account ကို message လှမ်းပို့နိုင်ကြပါတယ်။ ကျနော် တတ်အားသရွေ့ ကူညီပေးပါ့မယ်”

ခံနေရသူတွေကို ပြောပြဖို့

🔹 “အရင်းစစ်လိုက်ရင်တော့ ကိုယ်ဘယ်သူလဲ၊ ကိုယ်ဘာလုပ်လဲဆိုတာက ကိုယ့်အပေါ်မှာသာ တည်ပါတယ်။ တခြားလူတွေအပေါ်မှာ မတည်ပါဘူး။”

🔹 “လူတိုင်း အမနာပ အပြောခံရပါတယ်။ ဘုရားတွေတောင် ဘယ်ဘုရားမှ အကဲ့ရဲ့ မလွတ်ခဲ့ပါဘူး။ အဲတော့ ကိုယ်တယောက်တည်း ခံနေရတယ်လို့ ထင်ရင် အမှားကြီး မှားသွားပါမယ်။”

🔹 “ဒါက ကိုယ့်ဘဝရဲ့ မဆိုစလောက် ကာလလေးပါ။ ပြောတဲ့သူတွေ မောရင် ရပ်သွားမှာပါ။ ကိုယ့်မှာ အသက်ရှင်ရပ်တည်ပြီး လုပ်စရာတွေ တပုံကြီး ရှိပါတယ်”

🔹 “ကိုယ့်ကိုယ်ကိုယ် သတ်သေတာ အဖြေမဟုတ်ပါဘူး။ ဆက်နေလည်း မထူးဘူးလို့ ခံစားနေရမှာကို စာနာပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာ ဆက်နေနေရင် တခုခု ထူးလာမှာကတော့ သေချာပါတယ်”

🔹 “သူများ ပါးစပ်လှုပ်တိုင်းသာ ကိုယ်က လိုက်လှုပ်နေမယ်ဆိုရင် ကိုယ့်ဘဝဟာ သူများပါးစပ်ထဲမှာ နစ်မွမ်းသွားလိမ့်မယ်။ (ပျဉ်းမနား မဟာမြိုင်တောရ ဆရာတော် ဦးဇောတိက)”

ကိုယ်တွေ့ – ကျနော့်ကို အပြာစာအုပ်တွေ ရေးတဲ့သူလို့ ကျနော့်အဲဒီ့စာအုပ်တွေ ရောင်းပြီး အမြတ်ယူခဲ့ဖူးတဲ့ ဆိုင်ရှင် တယောက်အပါအဝင် လူတချို့က အမနာပ ပြောတတ်ကြပါတယ်။ ကျနော် ရယ်ပဲ နေပါတယ်။ ကျနော် ဘာရေးတယ်၊ မရေးဘူးဆိုတာ ကျနော့်ကိုယ် ကျနော် အသိဆုံးကိုး။

သူတို့ ဉာဏ်မရှိတာကို သူတို့ဘာသာ ပြနေတာ ခမျာများ မသိရှာကြဘူး။ သူတို့ပြောတဲ့ ကျနော့်စာအုပ်တွေက စစ်အစိုးရ လက်ထက် စာပေစိစစ်ရေးရဲ့ ခွင့်ပြုချက်နဲ့ ထုတ်ခဲ့တဲ့ စာအုပ်တွေ။ အပြာစာအုပ် ထုတ်ခွင့်ရဖို့ ဝေးစွ၊ အဆဲစကားလုံး တလုံးပါရင်တောင် ဖြုတ်ပေးခဲ့ရတဲ့ အခြေအနေဆိုတာ သူတို့ မေ့နေရှာကြတယ်။ ရယ်တာပေါ့ဗျာ။ ကျနော့်ကို ဖာခေါင်း ပြောပြော၊ တဏှာရူးပြောပြော၊ ဂျီပုန်း ပြောပြော၊ ပြောချင်တာပြော၊ ကျနော်ဘာကောင်ဆိုတာ ကျနော့်အပေါ်မှာသာ တည်ပါတယ်။ (အမှန်က ကျနော် တဏှာရူးပါဗျာ။ ဆေးလိပ်၊ အရက်၊ မိန်းမ၊ ဘိန်း၊ ဆေးခြောက် ကြိုက်တာကိုးခင်ဗျ။ စိတ်ကြွဆေး၊ ဆေးပြားမူ လုံးဝ မကြိုက်ချေ။ ဤကား စကားညှပ်။ 😂😂😂)

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

၂၅၀၆၁၉

ရုပ်ရှင် ရုပ်ရှင် ရုပ်ရှင် (၃)

🎬 🎬 🎬 🎬 🎬 🎬

လေ့လာဆည်းပူးချင်ရင်၊ ဆည်းပူးတတ်ရင် 
အလကားရနိုင်တာတွေချည်းပဲကို နည်းမှတ်လို့…

ဖြစ်ရပ်မှန် ဓာတ်ရှင်အကြောင်း အနည်းအပါး ပြောပြီးတဲ့အခါ ကျနော်တို့မှာ ရှိတဲ့ ငွေလေးတမတ်နဲ့ တက်ကိုင်ဖို့ ရွယ်နေတဲ့ အတ္ထုပ္ပတ္တိဓာတ်ရှင်အကြောင်း ဆွေးနွေးကြည့်ပါရစေ။ (ဆက်ရေးတဲ့အခါ အတ္ထုပ္ပတ္တိဓာတ်ရှင်ကို “ထုတ်ရှင်”လို့ အတိုကောက် သုံးပါရစေ။)

အဲဒီ့အတွက် ကျနော် အိမ်စာ လုပ်ပါတယ်။

အောင်မလေးဗျာ… တေဝါးမယ်၊ ရှင်ဝါးမယ်၊ မတေမရှင် ဖိဝါးမယ်ဆိုတဲ့အတိုင်းပါပဲ။

ထုတ်ရှင်ကို တကယ် ချရိုက်ဖို့ အသာထား၊ ထုတ်ရှင်ရဲ့ သဘောသဘာဝကို နားလည်ဖို့တောင် ဖတ်စရာတွေက တပုံတပင်၊ ကြည့်ရမယ့်ကားတွေကလည်း မနည်းမနော။

၂၀၁၀ ပြည့်နှစ်က စတင်ပြီး အခုအထိ ၈ နှစ်ခွဲအတွင်းမှာ ဟောလီးဝု(ဒ်)က ထုတ်ရှင်ပေါင်း ၂၂၅ ကား ထွက်ထားသဗျ။ ဒါက ထင်ရှားတာတွေနော်။ မထင်မရှားတွေ မပါသေးဘူး။ ပျမ်းမျှ တနှစ်ကို ၂၈ ကားနှုန်း၊ တလကို နှစ်ကားနှုန်းလောက် ထွက်ထားတာလို့တောင် ပြောနိုင်တဲ့ အနေအထားပါ။

ငွေတမတ်နဲ့ ငါးကြင်းကောင်း မကိုင်ခင်မယ် အဲဒီ့ ၂၂၅ ကားအနက်က ကားပေါင်း ၁၀၀ လောက်ကိုပဲ လိပ်ပတ်လည်အောင် ထိုင်ကြည့်လိုက်မယ်ဆိုရင်တောင် ထုတ်ရှင်ဆိုတာ သည်လိုပါလားလို့ ကိုယ့်ဆရာတွေ သဘောပေါက်လာနိုင်လောက်အောင်ကို အသင့်ရှိနေပါတယ်။

ဝါသနာပါရင် ဝစ်ခီမှာ သွားကြည့်လို့ ရပါတယ်။ ၁၉၅၀ ပြည့်မတိုင်မီကာလမှသည် အခု ၂၀၁၉ ခုနှစ်အထိ နှစ်အလိုက် ထုတ်ရှင်စာရင်း တော်တော် ပြည့်ပြည့်စုံစုံက သည်မှာ ရှိပါတယ်။

https://en.wikipedia.org/wiki/List_of_biographical_films

ထုတ်ရှင်ရဲ့ အမြွက်သဘော

“ထုတ်ရှင် ဇာတ်ညွှန်းဟာ ကိုယ်ဘာကို ပြချင်တာလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ မှတ်တမ်းဓာတ်ရှင်ဆိုရင်တော့ မှတ်တမ်းကားတို ဘယ်လောက်များများ ရနိုင်သလဲဆိုတဲ့အပေါ်မှာ မူတည်တာပေါ့။ ဒါပေသည့် ထုတ်ရှင်ကတော့ မှတ်တမ်းက ပြနိုင်တာထက် ဇာတ်လမ်းကို အများကြီး ပိုကောင်းအောင်၊ ပိုအသက်ဝင်အောင် လုပ်ယူနိုင်ပါတယ်”လို့ လောလောဆယ် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာ တင်နေတဲ့ Stand Up Man ကိုရီးယားနဲ့ ကနေဒီယံ ဟာသရုပ်ရှင် ဇာတ်ညွှန်းကို ရေးခဲ့သူ ကနေဒါအခြေစိုက် ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာမ Nathalie Younglai က ပြောဖူးပါတယ်။ (https://www.facebook.com/standupmanfilm/)

သူ့ဇာတ်ရုပ်ကို တည်ပြီး အရိုက်ခံလိုက်ရတဲ့ Facebook ဆရာကြီး ဇကာပေါက်ကိုယ်တိုင်ကတောင် အဲဒီ့ကားကို ကြည့်ပြီး “အီစလံဝေသွား”တာမို့ အဲဒီ့ကားကို “Block လုပ်လိုက်တယ်”လို့ ပြောခဲ့သလို သူနဲ့အတူ Facebook ကို တွဲပြီး တည်ထောင်ခဲ့တဲ့ Educardo Saverin ကလည်းပဲ “သည်ကားက ဖျော်ဖြေရေးအတွက် ရိုက်ကူးထားတာ ရှင်းပါတယ်။ အချက်အလက်မှန်ကို အခြေခံထားတဲ့ မှတ်တမ်းကား မဟုတ်ပါဘူး”လို့ ဆိုခဲ့တဲ့ The Social Network ဇာတ်ညွှန်းကို ရေးခဲ့သူ Aaron Sorkin ကလည်း ”အမှန်ပေါ်မှာ သစ္စာမထားချင်ပါဘူး။ ကျနော်က ပုံပြောချင်တာပါ”လို့ အတိအလင်း ဆိုခဲ့ပါတယ်။

အဲဒီ့ နှစ်ယောက်ရဲ့ စကားနဲ့တင် ထုတ်ရှင်ရဲ့ အမြွက်သဘောကို စောကြောနိုင်မယ် ထင်ပါတယ်။ ထုတ်ရှင်ဟာ မှတ်တမ်းကားမဟုတ်ပါဘူး။

ထုတ်ရှင်နဲ့ အလုပ်လျှောက်မှာ မဟုတ်ပါ

မှတ်တမ်းကား (documentary) ဆိုတာကတော့ အလုပ်လျှောက်တဲ့အခါ ထည့်ကြမြဲ ကိုယ်ရေးရာဇဝင်လိုပါပဲ။ အမည်၊ အခြားအမည် (ရှိလျှင်)၊ အဘအမည်၊ အမိအမည်၊ လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ မွေးနေ့သက္ကရာဇ်၊ ပညာအရည်အချင်း၊ အိမ်ထောင်ရေးအခြေအနေ၊ သားသမီးအမည်… စသဖြင့်မှသည် ဟိုတခေတ်ဆီက နိုင်ငံကူးလက်မှတ် လျှောက်တဲ့အခါ လက်ညောင်းအောင် ဖြည့်ရတဲ့ ဆွေခုနစ်ဆက် မျိုးခုနစ်ဆက်ရဲ့ အသေးစိတ်တွေလိုမျိုး ထည့်ချင်သလောက် လျှောက်ထည့်လို့ ရပါတယ်။

Image may contain: 2 people, textထုတ်ရှင်လို့ ပြောကတည်းက “ဓာတ်ရှင်”သဘောပါသွားပါပြီ။ တနည်းပြောရရင် ပရိသတ်စွဲမက်အောင် ဖမ်းစားရပါတော့မယ်။ သည်အတွက် သက်ရှိထင်ရှားရှိခဲ့ဖူးတဲ့၊ ဒါမှမဟုတ်လည်း The Social Network မှာလို သက်ရှိ ထင်ရှားရှိဆဲ လူတယောက်ယောက်ရဲ့ အတ္ထုပ္ပတ္တိကို ရိုက်ပြရာမှာ ဇာတ်လမ်း (ပုံပြင်) သဘော ဖြစ်နေဖို့ မလွဲမသွေ လိုလာပါတယ်။

မှတ်တမ်းကားကို အလုပ်လျှောက်တဲ့အခါ တွဲတင်တဲ့ ကိုယ်ရေးရာဇဝင်နဲ့ ပုံခိုင်းခဲ့သလို ခိုင်းရမယ်ဆိုရင်တော့ ထုတ်ရှင်ဟာ ဝတ္ထုပါပဲ။ အဲလောက်ကို ရိုးစင်းရှင်းလင်းပါတယ်။ ဝတ္ထုပေမယ့် တကယ့် ဓိဋ္ဌဓမ္မလောကမှာ သက်ရှိထင်ရှားရှိခဲ့သူရဲ့ ဘဝကို အခြေခံထားတဲ့ ဝတ္ထုပေါ့။

(မြန်မာဝတ္ထုထဲမှာ နမူနာ ပြစရာအဖြစ် ခေါင်းထဲ တန်းခနဲ ပေါ်လာတာက ဆရာမကြီး ခင်နှင်းယု ရေးခဲ့ဖူးတဲ့ လုံးချင်းဝတ္ထုတပုဒ်ပါ။ ဝတ္ထုနာမည်တော့ မမှတ်မိတော့ပါဘူး။ တော်တော့်ကို အနုပညာမြောက်တဲ့ ဝတ္ထုတပုဒ် ဖြစ်ခဲ့တာကိုတော့ မမေ့နိုင်ပါဘူး။ ခက်တာက အဲဒီ့ဝတ္ထုကလည်း နောက်တကြိမ် ပြန်ထွက်လာစရာ အကြောင်း အလွန်နည်းသွားပါပြီ။ “ကျွန်မ၏ ချစ်သူ”ဆိုတာလည်း ဆရာမကြီးရဲ့ခင်ပွန်း ဗိုလ်မှူးကြီးကျော်သောင်းရဲ့ ဘဝကို အခြေခံ ထားတဲ့ ဝတ္ထုပါပဲ။ အဲဒါလည်း အလွန်ကောင်းပါတယ်။)

ပထမအချက်

အဲတော့ ပထမဆုံးအချက်က ထုတ်ရှင်ရိုက်မယ်ဆိုတဲ့အခါ အလုပ်လျှောက်လွှာတင်မှာ မဟုတ်ဘူးဆိုတာကို သတိထားဖို့ လိုမယ်ထင်ပါတယ်။ အနုပညာမြောက်တဲ့ ဇာတ်လမ်းရိုက်မှာကို ပြက်ပြက်ထင်ထင် သိထားရပါလိမ့်မယ်။

တဘဝလုံး လျှောက်ရိုက်ပြမှ ထုတ်ရှင်ကောင်း ဖြစ်တာမဟုတ်

ဒုတိယကတော့ ပထမအချက်နဲ့ ဆက်စပ်နေပါတယ်။

ဇာတ်လမ်းရိုက်တော့မှာမို့ အဲဒီ့သက်ရှိထင်ရှားရှိသူရဲ့ ပုခက်တွင်းမှသည် အုတ်ဂူဆီအထိ အစဉ်အတိုင်း စီကာစဉ်ကာ ရိုက်ပြစရာ မလိုဘူးဆိုတာကို ပြက်ပြက်ထင်ထင် သိထားသင့်ပြန်ပါတယ်။

ဇာတ်လမ်းဖြစ်တဲ့အတွက် ထုတ်ရှင်ဇာတ်ညွှန်းရေးသူမှာ လွတ်လပ်ခွင့် အတော်အတန် ရသွားပါပြီ။ ပြင်လို့မရတာက အချိန်ကာလ၊ အခင်းအကျင်းနဲ့ အဓိက ဇာတ်ကောင်တွေပါ။ အဲဒါကို မူသေထားပြီး ကျန်တာက အနုပညာအား ကောင်းရင် ကောင်းသလောက် ကွန့်လို့ ညွှန့်လို့ ရနေပါတယ်။

နမူနာလေးတွေ ပြပါရစေ…

အမေရိကန် သမ္မတ Abraham Lincoln ရဲ့ ထုတ်ရှင်တွေ တကားမက ရှိပါတယ်။ သည်ထဲမှာမှ The Better Angels ဆိုတဲ့ ကားက လင်းခန်း (Lincoln) ရဲ့ ငယ်ဘဝကိုသာ ရိုက်ပြခဲ့တာပါ။

Image may contain: 1 person, smiling, textနယ်လဆင်(န်)မယ်(န်)ဒဲလားဆိုလည်း တကားမက ရှိပါတယ်။ ဒါပေသည့် အဲဒီ့ထဲမှာမှ Clint Eastwood ရိုက်တဲ့ Invictus ဇာတ်ကားဟာ သူ့ထက်ပိုပြီး အတ္ထုပ္ပတ္တိအပြည့်အစုံ ပိုဆန်တဲ့ Mandela: Long Walk to Freedom ကားထက် ပိုပြီး မယ်(န်)ဒဲလား ရုပ်လုံးပိုကြွခဲ့ပြန်တယ်။

Invictus က တောင်အာဖရိက နိုင်ငံက လူဖြူတွေ အင်မတန် ခုံမင်တဲ့ Rugby ကမ္ဘာ့ဖလားပွဲမှာ အနိုင်ရလာတဲ့ လူဖြူအသင်းကို နွေးနွေးထွေးထွေး ကြိုဆိုခဲ့တဲ့ တကယ့်ဖြစ်ရပ်ကို အခြေခံပြီး မယ်(န်)ဒဲလားရဲ့ နိုင်ငံရေး ကြံ့ခိုင်မှုစွမ်းရည်ကို မီးမောင်းထိုးပြခဲ့တာပါပဲ။

တနည်းပြောရင် နယ်လဆင်(န်)မယ်(န်)ဒဲလားဆိုတာ ဘယ်လိုလူစားလို့ ပေါ်လွင်အောင် ရိုက်ပြခဲ့တာ ဖြစ်ပါတယ်။

ကျနော် ခဏခဏ ညွှန်းခဲ့ဖူးတဲ့ Bohemian Rhapsody ဆိုလည်း လူ့ဘဝမှာ ၄၅ နှစ်နေသွားတဲ့ Freddy Mercury ရဲ့ဘဝကို Queen တီးဝိုင်း စဖွဲ့တဲ့ ၁၉၇၀ ပြည့်မှသည် ၁၉၈၅ ခုနှစ် ကယ်ဆယ်ရေး ရံပုံငွေ ဖျေဖ်ာဖြေပွဲအထိ ၁၅ နှစ်တာလေးပဲ ဖြတ်ရိုက်ပြသွားတာပါ။ ဒါပေမယ့် အဲဒီ့မှာလည်း Freddy ဘယ်လိုလူစားဆိုတာ ကွက်ခနဲ ပေါ်ပါတယ်။

ဒုတိယအချက်

သည်မှာ အချက် ၂ ချက် ထပ်ထွက်လာပါတယ်။

အစအဆုံး လျှောက်ရိုက်နေစရာ မလိုဘဲ ဇာတ်လမ်းအရ လိုတဲ့နေရာလေးပဲ ဖြတ်ပြလို့လည်း ထုတ်ရှင်အတွက် အဆင်ပြေတယ်ဆိုတဲ့ အချက်က တချက်ပေါ့။

တတိယအချက်

နောက်တချက်က ကိုယ်ရိုက်ပြမယ့် အဓိကဇာတ်ရုပ် (သက်ရှိထင်ရှားရှိခဲ့သူ)ဟာ ဘယ်လိုလူစားဆိုတာ ပေါ်လွင်သွားတာနဲ့ ထုတ်ရှင်သမား တာဝန်ကျေပြီဆိုတဲ့ အချက်ပါ။ ဒါ သိပ်အရေးကြီးပါတယ်။

သည်နေရာမှာ အဲဒီ့လူဟာ ဘယ်လိုလူစားလို့ ကိုယ်မြင်တဲ့ အမြင်အတိုင်း ပီပြင်ဖို့လေးပဲ လိုတာပါ။ အဲဒီ့အမြင်ကို ပရိသတ်ရှေ့မှောက်ချပြလိုက်တာဟာ ထုတ်ရှင်ပါပဲ။

အဲတော့ ထုတ်ရှင်ရိုက်တော့မယ်ဆိုရင် ကိုယ်ရိုက်မယ့် ဇာတ်ရုပ်ရဲ့ စရိုက်မှန်၊ စိတ်ရင်းကို ထဲထဲဝင်ဝင် ပပ်ပပ်နပ်နပ် သိထားဖို့က တခြားဟာတွေရဲ့ ရှေ့ကို ရောက်လာပါတယ်။

အရေးကြီးဆုံး

သိပ်အရေးကြီးတာကတော့ အဲဒီ့လူနဲ့ ပတ်သက်လို့ တခြားဆရာတွေ၊ သူ့သူငယ်ချင်းတွေ၊ သူနဲ့ ခေတ်ပြိုင်တွေ ပြောသမျှကို နားထောင် ဖတ်ရှုပြီး သည်လူဟာ ဘယ်လိုလူရယ်လို့ သည်ဇာတ်ကို ရေးမယ့်သူ၊ ရိုက်မယ့်သူ “ကိုယ်တိုင်ကိုယ်ကျ” “ရင်ဘတ်ကြီးနဲ့” ထိုးထွင်း သိလာတဲ့ “ကိုယ်ပိုင်” သိရှိမှုကို ဆိုလိုပါတယ်။ ဟိုလူပြော သည်လူပြော ကြားဖူးနားဝနဲ့ သိထားတဲ့ “အိယောင်ဝါး” အသိ၊ “သညာသိ”လောက်နဲ့ မရပါဘူး။

အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ…
အတ္တကျော်

၂၄၀၆၁၉