ငလျင်လာရင် ဘာလုပ်မလဲ – ၂

ကြိုတင်ပြင်ဆင်မှု

မိသားစုတိုင်း အရေးပေါ်အတွက် ပြင်ဆင်ထားသင့်တဲ့ ပစ္စည်းတွေ

၁။ သောက်ရေ၊ တယောက်ကို တနေ့ ၄ လီတာနှုန်းနဲ့ (အိမ်ကို စွန့်ပြီး သွားဖို့ဆို ၃ ရက်စာ၊ အိမ်ထဲမှာတင် ဘယ်မှ ထွက်မရ ပြုမရ ဖြစ်နေရင်အတွက်က ၂ ပတ်စာ)

၂။ စားစရာ အခြောက်အခြမ်း၊ ချက်လို့၊ စားလို့ လွယ်မှာမျိုးတွေ (အိမ်ကို စွန့်ပြီး သွားဖို့ဆို ၃ ရက်စာ၊ အိမ်ထဲမှာတင် ဘယ်မှ ထွက်မရ ပြုမရ ဖြစ်နေရင်အတွက်က ၂ ပတ်စာ)

No photo description available.၃။ ဓာတ်မီးနဲ့ အပိုဓာတ်ခဲ၊ အားသွင်းကြိုး

၎။ ဓာတ်ခဲသုံး ရေဒီယို (မိုးလေဝသ သတင်းနားထောင်ဖို့)နဲ့ အပိုဓာတ်ခဲ

၅။ မိသားစုသုံး ရှေးဦးသူနာပြု ဆေးသေတ္တာ

၆။ ဆေးသောက်နေရတယ်ဆိုရင် ပုံမှန်သောက်နေကျဆေး ၇ ရက်စာနဲ့ တခြား ကုသမှု လိုအပ်တဲ့ပစ္စည်းတွေ (ပန်းနာသမားအတွက် ရှူဆေးလိုဟာမျိုးပေါ့။ သွေးချိုသမားအတွက် သွေးချိုတိုင်းတာမျိုးပေါ့။)

၇။ ဘက်စုံသုံး ကိရိယာတန်ဆာပလာ။ (ဓား၊ ကတ်ကြေး၊ လွှအသေးစား၊ တူ၊ ဝက်အူလှည့်စသဖြင့် တခုတည်းနဲ့ အကုန် သုံးလို့ရတာမျိုးကို ဆိုလိုပါတယ်။)

၈။ တကိုယ်ရေ သန့်ရှင်းရေး ပစ္စည်းတွေ (အိမ်သာသုံးစက္ကူ၊ သွားတိုက်ဆေး၊ သွားပွတ်တံ၊ ဆပ်ပြာ၊ လက်သည်းညှပ်စတာတွေပေါ့။)

၉။ စာရွက်စာတမ်းတွေ (သောက်နေရတဲ့ ဆေးစာရင်း၊ ဆေးရုံဆေးခန်းနဲ့ ပတ်သက်တဲ့အချက်အလက်၊ အိမ်ထောင်စု ဇယား၊ အိမ်ပိုင်/အိမ်ငှား စာချုပ်/ဂရံ၊ နိုင်ငံသားမှတ်ပုံတင်ကတ်ပြား/နိုင်ငံကူးလက်မှတ်၊ မွေးစာရင်း)

၁၀။ ပါလေရာဖုန်းနဲ့ အားသွင်းကြိုးတွေ

၁၁။ မိသားစုကို ဆက်သွယ်နိုင်တဲ့ လိပ်စာနဲ့ အချက်အလက်၊ အရေးပေါ် ဆက်သွယ်ရမယ့်သူရဲ့ လိပ်စာနဲ့ အချက်အလက်

၁၂။ ပိုက်ဆံ

ပုံကတော့ အင်တာနက်ထဲက ပုံကို ကူးထည့်လိုက်တာပါ။ ကျနော့်မှာလည်း အဲဒါမျိုး မရှိပါဘူး။ အဲလို သပ်ရပ်လှပတဲ့ အိပ်တွေ ပလုံးတွေ မလိုပါဘူး။ ဂုံနီအိတ်နဲ့ပဲဖြစ်ဖြစ်၊ ဆာလာအိတ်နဲ့ဖြစ်ဖြစ် အထက်က ပြောတဲ့ အမယ်တွေကို စုထည့်ထားမယ်ဆိုရင် အရေးကျ ကိုယ့်အတွက် အသင့်ဖြစ်နေပါလိမ့်မယ်။

အိမ်ရှိ လူဦးရေနဲ့အညီ ၄ ယောက်စာ ၂ အိတ်တို့၊ ၃ ယောက်စာ ၃ အိတ်တို့ ခွဲပြီး ပြင်ဆင်ထားနိုင်ကြပါလိမ့်မယ်။

ကိုယ့်အိမ်မွေးတိရစ္ဆာန်လေးတွေကိုပါ ထည့်စဉ်းစားမယ်ဆိုရင် သူတို့အတွက် အစာ၊ ရေ၊ ဆေးဝါးတွေကိုပါ ထည့်ထားဖို့ လိုပါလိမ့်မယ်။

(အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်းက အကြံပြုထားတဲ့ စာရင်းကို မြန်မာလို ပြန်ဆိုဖော်ပြလိုက်တာ ဖြစ်ပါတယ်။)

📢📢📢📢📢📢📢📢📢📢📢📢

ကြိုတင်ပြင်ဆင်မှု အဆင့် ၁

💢 ကိုယ့်နေရာက အန္တရာယ်ဖြစ်စေနိုင်တဲ့ ပစ္စည်းတွေ၊ ရွေ့နိုင်တဲ့ ပစ္စည်းတွေကို စစ်ပါ။

ငလျင်ဟာ ဘာကိုမဆို လှုပ်ခါပစ်နိုင်ပါတယ်။ ကြီးတာတွေရော၊ လေးတာတွေရော အကုန်လုံးကို ခါပစ်နိုင်တယ်။ အိမ်မှာဖြစ်ဖြစ်၊ အလုပ်ခွင်မှာဖြစ်ဖြစ် ဘေးတိုက်ဒလကြမ်း ခါထွက်သွားပြီဆိုရင် ဘာတွေ လွင့်ကုန်၊ လဲကုန်မလဲ။ တွေးကြည့်ပါ။ အဲဒါတွေကို ဘယ်လို ကာကွယ်မလဲ။

💢 အခုပဲ စလုပ်ပါတော့။

💢 စာအုပ်စင်လို၊ ဘီဒိုလိုဟာမျိုးတွေကို အိပ်ရာတွေ၊ ဧည့်ခန်းထိုင်ခုံတွေ၊ တခြားတခြားသော ထိုင်ကြ၊ အိပ်ကြ၊ အချိန်အများကြီး နေကြတဲ့ နေရာတွေနဲ့ ဝေးတဲ့ နေရာကို ရွှေ့ပါ။

💢 ဘီဒိုတွေ၊ စင်တွေမှာ ရှိနေတဲ့ လေးလံတဲ့ ပစ္စည်းတွေကို အနိမ့်ဘက်ကို ရွှေ့ပါ။ အမြင့်မှာ ပေါ့ပါးတာတွေပဲ ထားအပ်ပါတယ်။

💢 မြဲအောင် လုပ်မထားဘဲ သည်တိုင်း တင်ရုံတင်ထားတဲ့ ရုပ်မြင်သံကြား၊ ကွန်ပျူတာ၊ တခြား ပရိဘောဂ၊ မီးပန်းမီးဆိုင်း၊ ရေပူပေးစက် စတာတွေကိုလည်း သေချာအောင် တခုချင်းစီ စစ်ပါ။ ပြီးရင် အဲဒါတွေကို မြဲအောင် လုပ်ပါ။

ဘာ့ကြောင့် ဒါကို ပြောနေရတာလဲ။

လော့ဆဲ(န်)ဂျလိ(စ်)က ခယ်လစ်ဖှိုးနစ်ယား တက္ကသိုလ် (UCLA) လေ့လာချက်အရ ငလျင်ကြောင့် ထိခိုက် ဒဏ်ရာရသူ ၅၅ % ဟာ လဲပြိုကျလာတဲ့ ပရိဘောက အသုံးအဆောင်တွေကြောင့် ဖြစ်ကုန်တာ တွေ့ရပါတယ်။ တစ်ရာခိုင်နှုန်းသာလျှင် အဆောက်အအုံ ပျက်စီးလို့ ဒဏ်ရာရတာပါ။ ကျန်တဲ့ ဒဏ်ရာရတာတွေက လဲလို့၊ အန္တရာယ်မကင်းတဲ့ အပြုအမူတွေကြောင့်မို့လို့ ဖြစ်တာပါတဲ့။ အဲလို ပျက်စီးမှုကြောင့်လည်း အများကြီးဆုံးရှုံးကြရပါတယ်။ အဲဒီ့ ပစ္စည်းပစ္စယတွေကို မြဲအောင် ကြိုလုပ်ထားမယ်ဆိုရင် အများကြီး သက်သာသွားနိုင်ပါတယ်။

ငလျင်မလှုပ်ဘူးဘဲ ထား၊ ကလေးတွေ ပြေးလွှားဆော့ကစားရင်း လက္မ ၃၀ လောက်ရှိတဲ့ ရုပ်မြင်သံကြားစက်ဟာ တင်ထားတဲ့ စင်ပေါ်က လဲကျလာမယ်ဆိုရင် အဲဒီ့ ကလေးတွေ ဒဏ်ရာရကုန်တဲ့ အဖြစ်တွေလည်း ရှိပါတယ်။ ဒါ့ကြောင့် ငလျင်အတွက် မဟုတ်တောင် ဘယ်ပစ္စည်းကိုပဲဖြစ်ဖြစ် လက်လွတ်စပယ် မထားတာအကောင်းဆုံးပါပဲ။

ကဲ… စ လိုက်ကြရအောင်…

တပတ်တခါ အားတဲ့နေ့တနေ့မှာ အနည်းဆုံး ပစ္စည်းတခုကို မြဲအောင် လုပ်လိုက်ကြပါစို့လား။ ပိုက်ဆံ မကုန်တာနဲ့ စရအောင်ပါ။ အဲလိုလုပ်ဖို့ ပစ္စည်းကိရိယာတွေ ကိုယ့်မှာ မရှိရင် အိမ်နီးချင်းတွေဆီက ငှားတန် ငှားရပါလိမ့်မယ်။ ကိုယ်ကလည်း အိမ်နီးချင်းတွေဆီက အကူအညီယူ၊ အိမ်နီးချင်းတွေကိုလည်း ကိုယ်က ကူတန် ကူရမှာပေါ့။ ကျနော်တို့တွေဟာ ဘယ်တော့ဖြစ်မယ်မှန်း မသိတဲ့ အန္တရာယ်အတွက် ကြိုပြင်နေကြတာလေ။ ဖြစ်လာရင် သူလည်း အတူတူ၊ ကိုယ်လည်းအတူတူ ရင်ဆိုင်ရမှာ မဟုတ်ပါလား။

ပိုက်ဆံ မကုန်တာ

 လေးလံတဲ့ပစ္စည်း၊ ကြီးမားတဲ့ ပစ္စည်းတွေကို ကြမ်းပေါ်ကို ဖြစ်ဖြစ်၊ အောက်ဆင့်တွေကိုဖြစ်ဖြစ် ပြောင်းထားလိုက်ကြပါ။

 ကိုယ့်အပေါ် ပြုတ်ကျလာနိုင်မယ့် ပစ္စည်းတွေကို ကိုယ်နေနေကျနေရာနဲ့ ဝေးတဲ့ နေရာမှာ ရွှေ့ထားပါ။

 လေးလံတဲ့၊ မတည်မြဲတဲ့ ပစ္စည်းတွေကို တံခါးတွေ၊ ပြေးလမ်းတွေနဲ့ ဝေးရာကို ရွှေ့ပါ။

ပိုက်ဆံ သိပ်မကုန်တာ

ပြုတ်ကျနိုင်၊ လဲပြိုနိုင်တဲ့ ပစ္စည်းတွေကို ချုပ်တာပါပဲ။ (သည်ဗှီဒီယိုမှာ ကြည့်ကြပါ။https://bit.ly/2Ed8Fu0)

Advertisements

ငလျင်လာရင် ဘာလုပ်မလဲ – ၁

ဘယ်လောက် ပြင်ဆင်ထားကြပါသလဲ…

မေးသာ မေးရတယ်။ အဖြေက သိနေပါတယ်။ ဘာမှ မပြင်ဆင်ထားပါဘူး။ ဖြစ်လာတော့မှ လျောက်လျားဆိုတဲ့ စိတ်က ကျနော်အပါအဝင် အားလုံးလိုလိုဆီမှာ ရှိနေကြမယ် ထင်ပါတယ်။

မသိလို့၊ မပူ၊ မပူတော့ မပြင်၊ မပြင်မိတော့ ထီခနဲဆို အီသကို ဖြစ်တတ်တဲ့သဘောကို ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းက ကျနော်တို့ကို လက်တွေ့ ပြခဲ့ပြီးပါပြီ။

🛑 အခု ပူရမှာက ငလျင်ပါ။ 🛑

No photo description available.လူတိုင်း ကြားဖူးလောက်တာက စစ်ကိုင်း ပြတ်ရွေ့။ အဲဒီ့စစ်ကိုင်းပြတ်ရွေ့က နိုင်ငံကို ထက်ပိုင်းပိုင်းပြီး ရှိနေပါတယ်။ ပညာရပ်ဝေါဟာရအရ အဲဒီ့ ပြတ်ရွေ့ဟာ ညာဘက်ကို ဘေးတိုက်ရွေ့နေတဲ့ ပြတ်ရွေ့တဲ့။ ထားပါတော့ဗျာ။ ပညာရပ်ကိစ္စတွေကို။

အဲဒီ့ပြတ်ရွေ့ဟာ ပဲခူးမြို့ရဲ့အရှေ့ဘက်နဲ့ ကပ်လျက် တည်ရှိတယ်။ ရန်ကုန်ရဲ့အရှေ့ဘက် ၃၅ ကီလိုမီတာ (၂၂ မိုင်) လောက်မှာ ရှိတယ်။ ခရမ်း၊ သုံးခွ အောက်တည့်တည့်လောက်ပေါ့။

၁၉၃၀ ခုနှစ် မေလ ၅ ရက်နေ့မှာ အဲဒီ့ပြတ်ရွေ့ လှုပ်ရှားမှုကြောင့် အင်အား ၇.၂ ရှိတဲ့ ငလျင်လှုပ်ခဲ့တယ်။ ပဲခူးမှာ လူ ၅၀၀ လောက် သေခဲ့ပြီး ရန်ကုန်မှာ လူ ၅၀ လောက်သေခဲ့တယ်။ ၁၉၃၀ ခုနှစ်တုန်းက ရန်ကုန်၊ ပဲခူးလူဦးရေနဲ့ တိုက်တာ အဆောက်အအုံအခြေအနေက ခုကာလနဲ့ နှိုင်းစာလို့ မရတော့တာကို သတိချပ်သင့်မယ် ထင်ပါတယ်။

Image may contain: sky and outdoor🛑 ငလျင်ဟာ သံသရာ ပြန်လည်တတ်မြဲ သဘောရှိတယ်။ ဒါ့ကြောင့် ပညာရှင်တွေက ပဲခူး ငလျင်လိုဟာမျိုး၊ ၁၉၃၀ တုန်းကထက် အားပြင်းတဲ့ ငလျင်ဟာ နှစ် ၉၀ ကနေ ၁၁၅ နှစ်အတွင်းမှာ ပြန်ပေါ်လာလိမ့်မယ်လို့ တွက်ချက်ထားကြပါတယ်။

🛑 ပဲခူးငလျင်ဟာ ၈၉ နှစ်တင်းတင်းပြည့်ခဲ့ပြီး အခုဆို နှစ် ၉၀ အတွင်း ချင်းနင်း ဝင်ရောက်လို့ လာခဲ့ပါပြီ။

ငလျင်ဆိုတာ ဘယ်သူမှ ကြိုတင်ခန့်မှန်းလို့ မရတာမို့ ပညာရှင်တွေကလည်း သေချာအောင် နှစ် ၉၀ မှ ၁၁၅ နှစ်ဆိုတဲ့ နှစ်အစိတ် အဟနဲ့ ပြောကြပါတယ်။ နောင် နှစ်အစိတ်ကြာမှ ထပ်လှုပ်လို့ကတော့ လောလောဆယ် ဘာမှ ပူစရာ မလိုဘူးပေါ့။

🛑 ပူစရာကောင်းတာက နှစ်ကြာကြာ အောင်းလေလေ၊ စွမ်းအင် (အင်အား) ပို စုမိလေ ဖြစ်တတ်တာပါပဲ။ နှစ် ၉၀ အကြာမှ လှုပ်မယ့် ပြင်းအားထက် နှစ် ၁၀၀ အကြာမှာ လှုပ်မယ့် ပြင်းအားက ပိုတယ်၊ နှစ် ၁၁၀ အကြာဆို အဲဒီ့ထက် အများကြီး ပိုသွားနိုင်ပါတယ်။

သေချာတာကတော့ နှစ် ၉၀ မှာ လှုပ်လှုပ်၊ ၁၁၅ နှစ်ကျမှ လှုပ်လှုပ် ပြင်းအားက ၇ အထက်မှာ ရှိနေမှာပါပဲ။

 သည်အတွက် ကျနော်တို့ ရန်ကုန်နေ လူထု ဘာများ ပြင်ဆင်ထားပြီးပါပြီလဲ။ 

တိုက်တာ အဆောက်အအုံ၊ မိုးမျှော်တိုက်တွေ တပုံတပင်နဲ့ လူနေ ထူထပ် သိပ်သည်းတဲ့ ရန်ကုန်။ နှစ် ၁၀၀ ဝန်းကျင် သက်တမ်းရှိတဲ့ တိုက်အို တိုက်ဟောင်းတွေ ပေါများရာ မြို့လယ် ရန်ကုန်။

ငလျင်ဒဏ်ကြောင့် ပြိုလဲ ပျက်စီးရာမှာ အထပ်နိမ့်ခြင်း၊ မြင့်ခြင်းထက် အောက်ခံ မြေသားရဲ့ သဘာဝကလည်း အရေးကြီးပြန်တယ်။ မြေသား အခြေအနေကို အကျအန တိုင်းတာ တွက်ချက်ပြီး ဆောက်ထားတဲ့ အဆောက်အအုံက ရန်ကုန် ပဲခူးမှာ ဘယ်နှလုံး ရှိပါသလဲ။ 

သပိတ်ကျဉ်း ငလျင် (အင်အား ၆.၈၊ ၂၀၁၂ နိုဝင်ဘာ ၁၁ ရက်) တုန်းက လက်သမားဆရာတယောက်က သူတော့ နာမည်ပျက်ပါပြီလို့ ညည်းဖူးတယ်။ ညီအစ်ကိုနှစ်ယောက်အတွက် သူပဲ တာဝန်ယူပြီး လမ်းဟိုဘက် သည်ဘက် မျက်နှာချင်းဆိုင်မှာ အိမ်ဆင်တူ နှစ်လုံးဆောက်ခဲ့တာ။ ငလျင်လှုပ်တော့ လမ်းတဖက်ခြမ်းက အိမ်က ကျန်ရစ်ပြီး ကျန်တခြမ်းက အိမ်က ဗုံးဗုံးလဲသွားခဲ့ဖူးတယ်။

အဓိကက အောက်ခံ မြေသား မတူတာပါ။ အဲဒါနဲ့ တွက်ချက်တည်ဆောက်ထားတဲ့ အဆောက်အအုံ တပြည်လုံးမှာ ဘယ်နှလုံး ရှိပါသလဲ။ 

ဒါက အဆောက်အအုံတွေရဲ့ ထိုက်သင့်တဲ့ စံချိန်စံညွန်းတွေ မပါသေးဘဲ ပြောနေတာပါနော်။

သဘာဝ ဘေးအန္တရာယ်က လူမျိုး ဘာသာ ခွဲခြား မနေပါဘူး။ ခံစရာရှိ အားလုံး ခံရမှာပါ။

🛑 နောက်တချက်က ဖြစ်လာရင် အစိုးရလည်း ချက်ချင်း ဘာမှ လုပ်မပေးနိုင်ပါဘူး။ ဘယ်လောက်ချမ်းသာတဲ့ အစိုးရဖြစ်ဖြစ်၊ ဘယ်လောက် လူထုအပေါ် စေတနာထား၊ တာဝန်သိတဲ့ အစိုးရဖြစ်ဖြစ် ငလျင်လို ကြိုခန့်မှန်းလို့ မရတဲ့ သဘာဝဘေးအန္တရာယ် ပေါ်လာရင် သူက နောက်မှ ရောက်လာမှာ။ ဗွေဆော်ဦး ခံရမှာက လူထုသာ ဖြစ်တဲ့အပြင် အစိုးရအဖွဲ့အစည်းတွေ ရောက်မလာခင်ကတည်းက အချင်းချင်း မဆိုင်းမတွ အပူတပြင်း ရိုင်းပင်း ကူညီ ကယ်ဆယ်တာတွေ လုပ်ရမှာက အနီးအနားမှာ ရှိနေကြတဲ့ ရပ်သူ ရွာသားတွေပဲဆိုတာလည်း အမှန်တရားပါ။

 ဒါ့ကြောင့် ကျနော်တို့တွေ ဘယ်လောက် နိုးကြားနေကြပါသလဲ။ 

 ဘာတွေ ဘယ်လို ပြင်ဆင်ထားကြပါသလဲ။ 

ဒါကို ကြောင့်ကြရမယ့် အချိန်ပေါ် တည့်တည့်ရောက်နေပြီမို့ သည်စာကို ရေးလိုက်ပါတယ်။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(၁၆၀၅၁၉)

(ပညာရပ်ဆိုင်ရာ စာတမ်းတွေ အများအပြားအနက်က တခုကို ဖတ်ချင်ရင်

https://academic.oup.com/gji/article/185/1/49/604495 မှာ ဖတ်နိုင်ကြပါလိမ့်မယ်။)