မြို့ပြစရိုက်၊ ကျေးလက်စရိုက်

IMG_20131028_090404ဖြစ်တည်မှုအဆင့်

ပျဉ်းမနားမဟာမြိုင်တောရ ဆရာတော် ဦးဇောတိက မိန့်ကြားခဲ့ပြီး ကျွန်တော် အရှည်ရေးခဲ့ဖူးတဲ့ တီကောင်နဲ့ လိပ်ပြာက စ ပြောရပါလိမ့်မယ်။ (အပြည့်အစုံ ဖတ်ချင်ရင် https://atkbooks.com/2011/04/10/1667/ မှာ ရှုတော်မူ။)
ဖြစ်တည်မှုအဆင့် (level of being) နဲ့ အမြင်တို့ အချိုးကျနေမှုပါ။
တီကောင်အတွက် အမြင့်ဆိုတာ ဘယ်လောက်မှ မရှိပါဘူး။ အရောင်ဆိုတာလည်း တီကောင်က အလင်းအမှောင်လောက်ပဲ သိပါတယ်။ အဲတော့ လိပ်ပြာလေးတွေက ရောင်စုံ ပန်းလေးတွေ လှလိုက်တာလို့ ပြောရင် တီကောင်က ဘယ်လိုမှ နားလည်နိုင်မှာ မဟုတ်ပါဘူး။
ကျွန်တော်တို့တွေက ခုတောင်မှ ဟိုဖော်သည်ဖော် ဝတ်ထားတဲ့ မိန်းကလေးတွေကြောင့် မုဒိန်းမှုတွေ ဖြစ်ရတာလို့ ခံရသူကို အပြစ်ဖို့ချင်တဲ့ ဉာဉ်နဲ့ပါ။ အရှေ့တိုင်းက စင်္ကာပူ၊ ဘန်ကောက်၊ ချင်းမိုင်လောက်မှာတင်ပဲ ပေါင်ဖြူဖြူတွေ၊ အတွင်းခံ မပါတာတွေ၊ မပေါ့်တပေါ်တွေ မမြင်ချင့်အဆုံးပါ။ ဘယ်သူကမှ မျက်လုံးရိုင်းနဲ့ ကြည့်မနေပါဘူး။ သူတို့ အဲလို ဝတ်လို့ မုဒိန်းမှုတွေ ဖြစ်ရပါတယ်လို့ ပြောသံလည်း မကြားဖူးဘူးခင်ဗျ။
မာမီရယ် ရှာပေးကွယ် ရည်းစားလိုချင်တယ်ဆိုပြီး ၁၉၇၀ ပြည့်လောက်မှာ စတီရီယိုဆိုတဲ့ ဂီတသစ်လမ်းကို စဖောက်ခဲ့သူထဲက တဦးဖြစ်တဲ့ တက္ကသိုလ် ထွန်းနောင်ကို ကံချွန်ဆိုတဲ့ စာရေးဆရာက ၁၉၇၁ ခုနှစ်မှာ စုတ်ပြတ်သတ်နေအောင် ဝေဖန်ခဲ့ဖူးပါတယ်။ ၃၄ နှစ်အကြာမှာ ဆရာကံချွန့်ကို အဲဒီ့ကိစ္စ တက္ကသိုလ်ထွန်းနောင်က စာထဲမှာ ထည့်ရေးထားကြောင်း ကျွန်တော်က အသိပေးလိုက်တော့ ဆရာကံချွန်က အဲတုန်းက ကိစ္စကို ဝန်ခံစာ ပြန်ရေးခဲ့ပါတယ်။ အဲဒီ့စာမှာ အခု ပြောနေတဲ့ မြို့စရိုက် ရွာစရိုက်က ကွက်ကွက်ကွင်းကွင်း ပါလာပါတော့တယ်။ (အကျယ်ဖတ်လိုရင် https://goo.gl/typXEC မှာ ရှုတော်မူ။)

မြို့စရိုက်ကျခြင်း

နောက်ထပ် ဆက်ပြောရင်တော့ မြို့စရိုက်၊ ရွာစရိုက်က (လူ့)ယဉ်ကျေးမှုလို့ အလွယ် ဘာသာပြန်ထားတဲ့ civilisation ကြောင့် ပေါ်လာတာလို့လည်း ပြောနိုင်မယ် ထင်ပါတယ်။
အရင်စောစောပိုင်းက အဲဒါကို ကျွန်တော် အဖန်ဖန်ရေးခဲ့ဖူးတယ်။ မြို့ကျခြင်းလို့။
Civil ဆိုတာ မြို့ပြလေ။ မြို့ပြဆန်လာတာပေါ့။ တနည်းပြောရင် မြို့သားလို နေတတ်လာတာကို ပြောချင်တာပါ။
ကန်တော့ပါရဲ့ဗျာ၊ ယင်လုံအိမ်သာ သုံးတတ်လာတာဟာ မြို့ကျလာတာ၊ civilised ဖြစ်လာတာပါ။ တောတိုးတာဟာ တောကျတာပါ။ အဲလောက် ရိုးစင်းပါတယ်။
ကျွန်တော်တို့ ခုနောက်ပိုင်း မြန်မာရုပ်ရှင်တွေထဲမှာ လိင်တူချင်းတပ်မက်သူတွေ၊ ကိုယ်အင်္ဂါချို့ယွင်းသူတွေ၊ အသားမည်းသူတွေ၊ အရပ်ပုသူတွေကို ရယ်စရာ လုပ်ပြပြီး အတင်းရယ်ခိုင်းနေတာဟာ တောကျတဲ့ စိတ်ဓာတ် (uncivilised attitude) (မသိသားဆိုးရွားမှု) ပါပဲ။ ပြောရတာ သိပ်အားနာစရာ ကောင်းလှပေမယ့် လက်တွေ့က အဲလို ဖြစ်နေတာပါ။
လူတွေ သိပ်စွဲနေတဲ့ ကိုရီးယားဇာတ်လမ်းတွဲတွေဆိုရင်လည်း ကိုရီးယားတွေဟာ အင်မတန် ယုတ်မာတဲ့လူတွေ၊ နိုင်လို့ရတဲ့သူဆို အလွန်အင်မတန် ဖိထောင်းချင်တဲ့ လူတွေနဲ့ ဇာတ်လမ်းဖွဲ့ထားပါတယ်။ အဲဒီ့ ဇာတ်လမ်းတွဲ ရေးနေ၊ ရိုက်နေသူတွေ တောကျနေတာပါ။
တကယ့် ကိုရီးယားဇာတ်ကားကောင်းတွေ၊ ကမ္ဘာ့တန်းဝင်ကားတွေ အများကြီး ရှိပါတယ်။ အဲဒါကို ရိုက်တဲ့သူတွေရဲ့ မြို့ကျမှု (ယဉ်ကျေးသိတတ်လာမှု)ပါပဲခင်ဗျား။
ဆရာမ ဝင်းဝင်းလတ်ရဲ့ အမျိုးသား စာပေဆုရ အချစ်၏ နောက်ဆက်တွဲ စာမျက်နှာကို ရနံ့သစ်မဂ္ဂဇင်းမှာ အဲတုန်းက ကျွန်တော်ချီးကျူးစာ ရေးဖူးတယ်။ (အဲဒါတော့ ရည်ညွှန်းစရာ အသင့်ရှိမနေဘူးခင်ဗျ။)
ဆရာမရဲ့ ဇာတ်လမ်းထဲမှာ ဇာတ်သဘောအရ ဗီလိန် (ဝါ) ကုန်းရုပ် (ဝါ) လူဆိုး ပါတယ်။ ဒါပေမယ့် ဇာတ်သာ သိမ်းသွားတယ်။ ဆရာမက ကုန်းရုပ်ကို ဒဏ်ခတ်မသွားတာကို ချီးကျူးတာ။ အဓိက ဇာတ်ကောင်က သူ့ဘာသာသူ အောင်မြင်အောင် အေးအေးချမ်းချမ်း အားထုတ်သွားတယ်။ ကုန်းရုပ်ကို ဒဏ်ခတ်ဖို့ မကြိုးစားခဲ့ဘူး။ သိပ်ကို မြင့်မြတ်တဲ့ စိတ်သဘောနဲ့ ဇာတ်ကို တင်သွားတာ။ ယဉ်ကျေးတာ၊ မြို့ဆန်တာပါ။ မြို့ကျတာပေါ့ဗျာ။
အဲတော့ကာ ရွာသား မြို့သားဆိုတာထက် uncivilised/civilised attitude (မြို့ပြဆန်တဲ့ စိတ်ဓာတ်၊ မြို့ပြမဆန်တဲ့ စိတ်ဓာတ်)က ပိုအရေးကြီးပါလိမ့်မယ်။
ဆရာ တက္ကသိုလ်ဘုန်းနိုင်ရဲ့ ညနက်နက်မှာ လထွက်ခြင်းမှာ ထင်ပါတယ်။ ကလေးနှစ်ယောက်ကို ဖွဲ့ထားတယ်။ နှစ်ယောက်စလုံးက နယ်မြို့ (တော) မှာပါ။ တယောက်က ဆင်းရဲသား၊ တယောက်က အရေးပိုင်သား (ထင်ပါတယ်)၊ စရိုက်တွေကို ကွဲအောင် ဆရာက ဖော်နိုင်ခဲ့ပါတယ်။ အရေးပိုင်သားက မြို့ပြဆန်တဲ့ စရိုက်နဲ့၊ ဆင်းရဲသားလေးက မြို့ပြမဆန်ရှာဘူး။ သူတို့ချင်း ချစ်ကြတယ်။ မြို့ပြဆန်တဲ့ ကလေးက ဖေးမ လက်တွဲခေါ်ပြသွားခဲ့ဖူးပါတယ်။

အထိအတွေ့ 

နောက်တချက်က exposure ပေါ့။ အထိအတွေ့လို့ ပြောရမလား မသိဘူး။
ဒါလည်း ပြောရင် မြို့ကြီးမှာ၊ နိုင်ငံခြားမှာ ဘယ်လောက်နေဖူးသလဲဆိုတာနဲ့ မဆိုင်ပြန်ဘူး။ မြို့ကြီးမှာ၊ နိုင်ငံခြားမှာ အသက်ရှင် ရပ်တည်နိုင်ဖို့အတွက် မနည်း ကုပ်ကပ်ရုန်းကန်ခဲ့ရသူ၊ မိလက္ခူလူတန်းစား ကြားမှာ အသက်ဆက်ရသူနဲ့ ကော်လာဖြူတွေကြားမှာ ရှင်သန်ရသူကြားမှာ ကွာခြားနေတာ အများကြီးပါပဲ။
တနေ့က တယောက် ရေးထားတာတွေ့မိတယ်။ ဇဏ်ခီတို့၊ ခရစ္စတီးနားခီတို့ကို သူ မသိဘူး။ သူ သိတဲ့ Kyi က ကြည်ပဲတဲ့။ ရေးထားသူဟာ နိုင်ငံခြားကို ခဏတဖြုတ်ခရီး တခါမက ရောက်ဖူးပါတယ်။ ဒါပေမယ့် အမေရိကန်တွေနဲ့ ထဲထဲဝင်ဝင် ဆက်ဆံဖူးပုံမရဘူး။
ဗြိတိသျှ၊ အော်စီတို့နဲ့တောင် မတူဘူး။ အမေရိကန်တွေက ဗမာနာမည်ကို ပိုပြီး အခေါ်ရခက်နေပါတယ်။ မြန်မာကို မိုင်အဲ(န်)မားလို့ ခဲခဲယဉ်းယဉ်း ခေါ်နေရတဲ့ဘဝ။ Chi လို့ ရေးရင် သူတို့အတွက် ချီလို့ နီစပ်နိုင်ပေမယ့် Kyi ကို သူတို့လုံးဝ အသံမထွက်တတ်ဘူး။ Phyo ဆိုတဲ့ မိန်းကလေးနဲ့ တခါလာရင် ၃ ပတ်နှုန်း ဆက်ဆံရ၊ တနှစ်ကို ငါးခေါက်လာနေတာ နှစ်နှစ်ရှိပြီဖြစ်တဲ့ အမေရိကန်ဟာ ယနေ့ထက်တိုင် ဖြိုးလို့ မထွက်တတ်တဲ့အပြင် ဖြိုးထက် သက်တမ်း ၆ လလောက် ပိုကြာပြီး ဆက်ဆံခဲ့ရတဲ့ Nwe Nwe ကိုလည်း ခုချိန်ထိ New New လုပ်နေတုန်းပဲ။
အဲတော့ Kyi ကို ဟိုနှစ်ယောက် ခီထားတာအတွက် သူ့နားထဲမှာ တမျိုး ဖြစ်နေတာ မဆန်းပါဘူး။ ဟိုနှစ်ယောက်ကလည်း ကြည့်ရတာ ဗမာပရိသတ်ထက် နိုင်ငံတကာကို မှန်းနေတာဆိုတော့ သူတို့နာမည်ကိုတောင် နိုင်ငံတကာမှုပြုလိုက်တာလည်း ဖြစ်နိုင်တယ်၊ ဗမာပရိသတ်ကလည်း အဲလိုကြောင့် သူတို့ကို ပိုစိတ်ဝင်စားနိုင်တဲ့ marketing သဘောလည်း ပါနိုင်ပါတယ်။
ဒါပေမယ့် ပြင်ပကမ္ဘာနဲ့ အထိအတွေ့နည်းတော့ အဲဒီ့ နာမည်ကိစ္စကိုပဲ စကားလုပ်ပြောထားတာ တွေ့ရပါတယ်။ ဘာမဟုတ်တာလေးပေမယ့် အတွေ့အထိနည်းမှုကြောင့် ဖြစ်တည်မှု အဆင့်အပေါ် ရိုက်ခတ်သွားပုံ၊ ဖြစ်တည်မှုအဆင့်ကြောင့် ရှုမြင်သုံးသပ်ရာမှာ အတိမ်အနက် ရှိပုံကို ပြနေတဲ့ ဥပမာတခုလို့ ထင်မိပါတယ်။
အဲတော့ ဒေါ်ဆွေဇင်ထိုက် ပြောတဲ့ ရွာသား မြို့သား ကွဲပြားမှုသဘောက ဆန့်ထုတ်စဉ်းစားနိုင်လေ တဦးစီရဲ့ ဖြစ်တည်မှုအဆင့်ကို မြှင့်တင်ယူဖို့ အတွက် အကျိုးများလေလို့ ယူဆမိပါတယ်။

ဘယ်မှာနေနေ ဘယ်မှာဖွားဖွား

ရွာမှာနေခြင်း မြို့မှာနေခြင်းထက် နာယူလိုခြင်း၊ သင်ယူလိုခြင်း၊ မိမိရဲ့ အသိဉာဏ်အဆင့်ကို မြှင့်လိုခြင်းတို့က ပိုအရေးကြီးတာလည်း မှန်ပါတယ်။ တံဆိပ်တွေထက် အနှစ်သာရကို ပိုဂရုစိုက်သင့်တယ်လို့ ပြောလိုရင်းပါ။
ကျွန်တော်ကိုယ်တိုင်လည်း မန္တလေးမှာ မွေးတယ်ဆိုရုံသာ မွေးပြီး ဟိုး ဝေးလံသီခေါင်လှတဲ့ ကယားပြည်နယ်၊ လောပိတအလွန် လောဓလေ့ဆိုတဲ့ ကျေးရွာလေးမှာ လူဖြစ်ခဲ့ရတာပါ။ ဒါပေမယ့် စာသိပ်ဖတ်တဲ့ မန္တလေးသူ မေမေရဲ့ ပျိုးထောင်မှုကြောင့် အသိအမြင်တွေ ပွင့်လင်းခဲ့ရပါတယ်။
ကျွန်တော်ကိုယ်တိုင်လည်း စာကို ဘိန်းစွဲသလို စွဲပြီး တအားဖတ်ခဲ့တဲ့ အတွက်၊ ကံအားလျော်စွာ အင်္ဂလိပ်လိုတွေပါ အရူးအမူး ဖတ်နိုင်လာတဲ့အတွက် ဆိုရှယ်လစ်ခေတ်ဆိုးကြီးမှာ လူဖြစ်ရလင့်ကစား ပြင်ပကမ္ဘာရဲ့ သဘောကို စောကျောခွင့် ရခဲ့ပါတယ်။ နားလည်သဘောပေါက်လာခဲ့ပါတယ်။
ဒါ့အပြင် ကျွန်တော့်ငယ်သူငယ်ချင်းတယောက်က အင်္ဂလိပ်အစိုးရ လက်ထက်မှာ ဝန်ကြီးအဆင့် တာဝန်ထမ်းဆောင်ခဲ့သူရဲ့ မြေးဖြစ်နေပါတယ်။ သူတို့ရဲ့ အမူအကျင့်တွေ၊ လူနေမှုပုံစံတွေဟာ ဆိုရှယ်လစ်ခေတ်ကြီးမှာတောင်မှ အင်မတန် ထူးခြားလို့ နေပါတယ်။ မိဘနဲ့ သားသမီး ဆက်ဆံပုံ၊ လူတွေကို အယုတ်အလတ် အမြတ်မရွေး လေးလေးစားစား ချိုချိုသာသာ ဖွယ်ဖွယ်ရာရာ ပြောဆိုဆက်ဆံပုံ၊ အရာရာကို ဖတ်ရှုဆင်ခြင်ကြပုံ၊ ယုတ်စွအဆုံး စစ်တုရင် ကစားတာကိုတောင်မှ စာအုပ်ကြီးငယ် အသွယ်သွယ်ကို ဖတ်ရှုလေ့လာကြပုံ၊ စားသောက်နေထိုင်ပုံတွေကို ရင်သပ်ရှုမောခဲ့ရဖူးပါတယ်။ တဆက်တည်းမှာ ကျွန်တော်ကိုယ်တိုင်ဟာ အတော့်ကို ရိုင်းနေသေးမှန်းလည်း ရိပ်စားမိလာပါတယ်။

အရိုင်းနဲ့ အယဉ်

ချုပ်လိုက်ရင်တော့ ရိုင်းတယ်ဆိုတာဟာ ယဉ်တာကို မမြင်ဖူးသေးသမျှ၊ ဒါမှမဟုတ်ရင်လည်း ယဉ်တာကို မြင်ပါလျက်ကနဲ့ သင်ယူမှတ်သားလေ့ကျင့်ပျိုးထောင်လိုစိတ် မရှိသေးသမျှ ကိုယ့်ဆီမှာ အမြစ်တွယ်နေနိုင်တဲ့ အမူအကျင့် တခုဖြစ်ပါတယ်။ အဲဒါကို ကျေးလက်စရိုက်ရယ်လို့ပဲ အလွယ်ပြောလိုက်တာဖြစ်ပါလိမ့်မယ်။
ကျွန်တော့်မှာလည်း ကျေးလက်စရိုက်တွေ ရှိခဲ့ဖူးတာ၊ ကြွင်းကျန်နေသေးတာ ဝန်ခံပါတယ်။ ဒါပေမယ့် ကျွန်တော့်သားသမီးတွေ၊ နောက်မျိုးဆက်တွေမှာတော့ မြို့ပြစရိုက်တွေ ကိုယ်စီကိုယ်စီနဲ့ ကမ္ဘာကို ရင်ပေါင်တန်းနိုင်စေချင်တဲ့ ဆန္ဒဇောအဟုန်နဲ့ သည်စာကို ရေးလိုက်ပါတယ်။
ကျွန်တော် ပြောတိုင်း လက်ခံရမယ်လို့ ဘယ်သူ့ကိုမှ မတိုက်တွန်းရဲသလို တိုက်လည်း မတိုက်တွန်းအပ်ပါဘူး။ ကျွန်တော် ဆွေးနွေးတာလေးကို တချက်လောက် ငြိမ်ပြီးဆင်ခြင်ကြည့်၊ မသေချာရင် ပြန်ဖတ်ရင်းက အဖန်ဖန် ပြန်ဆင်ခြင်ကြည့်ပြီး လက်ခံသင့်မှ လက်ခံပါ။ လက်မခံသင့်ဘူး ယူဆရင်လည်း ပစ်ပယ်လိုက်ပါခင်ဗျား။
အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(ရန်ကုန် – ၁၄၀၃၁၈)

The importance of salutations

နှုတ်ခွန်းဆက်ပုံနဲ့တင် မိဘကို ထိခိုက်နိုင်ပါသဗျို

 
နိဒါန်း

သတင်းအချက်အလက်ဆိုတဲ့ ခေတ်တစ်ခုနဲ့အတူ ဆက်သွယ်ရေးပုံစံသစ်ကလည်း လူတွေကြားထဲကို ထိုးဖောက်ဝင်ရောက်လာပါတယ်။ အဲဒါကတော့ ဓာတ်ချောစာ (email) ဆိုတာပါပဲ။

အခုအခါမှာတော့ ရွှေမြန်မာလူငယ်တွေလည်း ဓာတ်ချောစာကို တွင်တွင် သုံးလာကြပါပြီ။ မှိုလိုပေါက်နေတဲ့ အင်တာနက်ဆိုင်တွေကတစ်ဆင့် အချင်းချင်း ဆက်သွယ်ကြ၊ ပြောဆိုကြ၊ စာတွေ ပေးပို့လာကြပါတယ်။ အဲဒီ့မှာ ဘာသွားတွေ့ ရသလဲဆိုတော့ မြန်မာလူငယ်အတော်များများခမျာမှာ ဓာတ်ချောစာယဉ်ကျေး မှု (ဝါ) ကျင့်ဝတ်စည်းကမ်းတွေကို လုံးဝနားမလည်ဘဲ ထင်သလို ရမ်းကြိတ် နေကြတာကို စိတ်မကောင်းခြင်းကြီးစွာ မြင်မြင်နေရပါတယ်။ ကျင့်ဝတ်ဆိုတာ ချိုနဲ့လားလို့ မေးရမယ့် ပတ်ဝန်းကျင်မှာ လူလားမြောက်ခဲ့ရသူများမို့ သူတို့လေးတွေကို အပြစ်တော့ မတင်ရက်ဘူး။

တစ်ဖက်ကလည်း လူငယ်တွေဟာ တိုးတက်ကြီးပွားချင်ကြသူတွေ၊ အောင်မြင်ထွန်းပေါက်လိုသူတွေပဲဆိုတာကိုလည်း သိနေရတဲ့အခါ သူတို့တွေအတွက် ဓာတ်ချောစာ ကျင့်ဝတ်တွေကို ရေးပြချင်စိတ်က ပေါက်လာရပါတယ်။ သို့ပေမယ့် ကျွန်တော့်သဘောတစ်ခုတည်းနဲ့ မဟုတ်ဘဲ ခိုင်လုံတဲ့ အထောက်အထားများနဲ့ ကျကျနန ပြည့်ပြည့်စုံစုံ ရှင်းပြချင်စိတ်ကြောင့် အဲဒီ့ရွှေအင်တာနက်ကြီးထဲမှာ ရှာလိုက်တဲ့အခါ တစ်ပုံတစ်ပင်တွေ့ရပါတယ်။ (ကိုယ်တိုင်လည်း အင်္ဂလိပ်စာ တတ်တယ်၊ ရှာလည်းကြည့်ချင်တယ်ဆိုရင်တော့ ရှာဖွေရေး အင်ဂျင်တစ်ခုခုမှာ email etiquette လို့ဖြစ်စေ၊ netiquette လို့ဖြစ်စေ ရိုက်နှိပ်ကာ ရှာဖွေကြည့်ရင် အောတိုက်အောင် တွေ့ရပါလိမ့်မယ်။)

အဲဒီ့လို ရှာဖွေလို့ ရတာတွေရယ်၊ ကျွန်တော့်အတွေ့အကြုံတွေရယ် ပေါင်းစပ်ပြီး ဓာတ်ချောစာ ကျင့်ဝတ်တွေကို အလျဉ်းသင့်သလို ဆွေးနွေးတင်ပြသွားပါရစေလား။

နှုတ်ခွန်းဆက်

ကျောင်းတွေမှာ သင်ကြားတဲ့ မြန်မာစာမှာတော့ ပေးစာအရေးအသားရယ်လို့ သတ်သတ်မှတ်မှတ် ထည့်သွင်းသင်ကြားခြင်း မရှိပါဘူး။ သို့ပေမယ့် အင်္ဂလိပ်စာမှာတော့ ပေးစာကို စာစီစာကုံးနဲ့အတူ အလေးပေး သင်ကြားပါတယ်။ သို့ပေမင့် ကျွန်တော်တို့ဆီမှာ သင်ကြားနေတဲ့ စနစ်က ခေတ်နောက်ကျနေပါပြီ။ စာပိုဒ် ခွဲပုံ၊ နေ့စွဲတပ်ပုံ၊ လိပ်စာနေရာချပုံ၊ ပုဒ်ဖြတ် ပုဒ်ရပ် သင်္ကေတ ထည့်ပုံတွေဟာ ဟိုးနှစ်ပေါင်း တစ်ရာနီးပါးက စနစ်အတိုင်းသာ ကျောင်းတွေမှာ သင်ကြားဆဲပါ။

ကျွန်တော်ဆွေးနွေးမှာက အဲဒါ မဟုတ်တာမို့ အဲဒါကို အကျယ်မပြောတော့ပါဘူး။

သို့ပေမင့် ရေးထုံးစနစ်တွေ ဘယ်လို ပြောင်းသွားသွား၊ စာတစ်စောင်မှာ ပါရှိတဲ့ အင်္ဂါရပ်တွေကတော့ မပြောင်းမလဲ တည်ရှိနေပါတယ်။ စာတစ်စောင်အတွက် အရေးကြီးဆုံးက နှုတ်ခွန်းဆက်ပါ။ အရေးကြီးဆို စာတစ်စောင်ရဲ့ ထိပ်ဆုံးမှာ အဲဒီ့စာသားကို အရင်ဆုံး ဖတ်ရလို့ပါပဲ။

လုပ်ငန်းသုံးစာတွေမှာတော့ မြန်မာလိုဆိုရင “လူကြီးမင်းခင်ဗျား/ရှင့်” ပေါ့။ အင်္ဂလိပ်လိုဆိုရင်တော့ Dear Sir/Madam/Ms. ပေါ့။ အဲဒါဟာ နှုတ်ခွန်းဆက်ပါ။ ဓာတ်ချောစာပဲဖြစ်ဖြစ်၊ လက်နဲ့ရေးတဲ့စာဖြစ်ဖြစ်၊ လက်နှိပ်စက်နဲ့ ရိုက်တဲ့ စာပဲဖြစ်ဖြစ် ပေးစာမှန်သမျှမှာ အဲဒီ့ နှုတ်ခွန်းဆက်ကို မဖြစ်မနေ ထည့်ရပါတယ်။

သည်နေရာမှာ မေးစရာ ရှိပါတယ်။ (စာရွက်ပေါ်မှာ ရေးတဲ့) သာမန်ပေးစာလောက် ဓာတ်ချောစာက သိပ်ပြီး ခန့်ညား ထည်ဝါစရာမလိုဘူး မဟုတ်လား။ ပိုပြီး ရင်းနှီးရာ မရောက်ပေဘူးလားလို့ပေါ့။ အဲသလို မေးရင် မှန်ပါတယ်လို့သာ ဖြေရမှာပါ။ ဓာတ်ချောစာသည် ပေးစာလိုမျိုး သိပ်ပြီး သမားရိုးကျ မဆန်တော့တာ မှန်ပေမယ့် တစ်ဖက်ကလည်း မိတ်ဆွေ သူငယ်ချင်းချင်း ပေးတဲ့စာမျိုးမှာတောင် “ဟေ့ကောင်ကြီး… နေကောင်းရဲ့လား”ဆိုတာမျိုးနဲ့ အစချီ နှုတ်ခွန်းဆက်သလိုပဲ ဓာတ်ချောစာမှာလည်း သူ့နည်းနဲ့သူ၊ ဆိုင်ရာ ဆိုင်ရာ ပုဂ္ဂိုလ်ရဲ့ အနေအထားအလိုက် နှုတ်ခွန်းဆက်ရမယ်ဆိုတဲ့ အချက်ကိုတော့ မမေ့သင့်ဘူး။

သည်နေရာမှာ “ဆိုင်ရာဆိုင်ရာပုဂ္ဂိုလ်ရဲ့အနေအထား”ဆိုတဲ့စကားရပ်ဟာ အင်မတန် အရေးကြီးပါတယ်။ ကိုယ့်အတွက် လူတကာကို “အစ်ကို”လို့ ခေါ်တာဟာ ယဉ်ကျေးရာ ရောက်ပေမယ့် တချို့လူတွေကျတော့ အဲဒီ့လို အစ်ကိုလို့ ခေါ်တာကို မကြိုက်ဘဲ “ဆရာဦးဘယ်သူ”လို့ ခေါ်မှ ကြိုက်တတ်သူတွေလည်း ရှိနိုင်ပါတယ်။ ဆရာမလို့ ခေါ်တာကိုမကြိုက်ဘဲ “မမ”လို့ ခေါ်မှ သဘောကျနိုင်သူ မိန်းမသားတွေလည်း ရှိနိုင်ပြန်တယ်။ သည်အတွက် လူတိုင်းကို ကိုယ့်စိတ်နဲ့ နှိုင်းပြီး ခေါ်ဝေါ်သုံးစွဲမိရင် အမှားကြီး မှားသွားနိုင်ပါတယ်။

အထူးသဖြင့် ဓာတ်ချောစာရေးမှာတော့ ဟုတ်တယ်၊ သို့သော် လုပ်ငန်း သဘောအရ တရားဝင်ဆက်သွယ်တာ၊ အသိပေးတာမျိုးမှာ ဓာတ်ချောစာကို သုံးပြီဆိုရင် ပိုလို့တောင် သတိထားသင့်ပါတယ်။ လူသားအရင်းအမြစ်ဌာနက စီမံခန့်ခွဲရေးမှူးတစ်ယောက် ပြောဖူးတဲ့ စကားတစ်ခုက တော်တော်တာသွားတယ်။ သူ့ဆီကို ဓာတ်ချောစာနဲ့ အလုပ်လျှောက်လွှာတွေ တင်ကြတဲ့အထဲမှာ တစ်ယောက်က “ဦးခင်ဗျား”လို့ အစချီထားတာကို တွေ့လိုက်တာနဲ့တင် အဲဒီ့  လျှောက်လွှာကို ဆက်မဖတ်တော့ဘဲ ပယ်လိုက်ပါသတဲ့။ တချို့ကတော့ ဘာ မဟုတ်တာလေးနဲ့ ပယ်တယ်လို့ အောက်မေ့ကြပေမယ့် သူကတော့ သည်လို လူမျိုးဟာ သူ လျှောက်ထားမယ့် အလုပ်နဲ့ မသင့်တော်ဘူးလို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

အကြောင်းရင်းက စီမံခန့်ခွဲရေးမှူးဟာ မိန်းမသားတစ်ယောက် ဖြစ်နေပါတယ်။ အဲဒါကို ဘုမသိ ဘမသိနဲ့ “ဦးခင်ဗျား”လို့ အစချီထားတဲ့အတွက် လျှောက်ထားသူသည် သည်လိုအလုပ်မျိုးတွေကို ယောက်ျားတွေသာ လုပ်လိမ့်မယ်၊ လုပ်ထိုက်တယ်ဆိုတဲ့ အစွဲမျိုး ကြီးမားလှသူလို့ သူ ယူဆလိုက်ပါသတဲ့။ လူအများနဲ့ ဆက်ဆံရမယ့် ဝန်ထမ်းတစ်ယောက်ဟာ ကျား-မခွဲခြားလိုစိတ် သိပ်ပြင်းနေရင် ဘယ်လိုမှ မသင့်လျော်တဲ့အတွက် အဲဒီ့ စီမံခန့်ခွဲရေးမှူးက အဲဒီ့ နှုတ်ခွန်းဆက်လေးနဲ့တင် အဲဒီ့လူကို ပယ်ခဲ့ဖူးပါတယ်။ (ရည်ညွှန်း –  Comments by Andy Lester, 8 February 2005 at http://geeketiquette.com/archives/2005/02/08/email-etiquette-1-greetings/)

အင်္ဂလိပ်လိုဆိုရင်တော့ “ဦးခင်ဗျား”ဆိုတာကDear Sir ဖြစ်ပါတယ်။ ဒါမှမဟုတ်လည်းDear Mr. HR Manager ဖြစ်ပါလိမ့်မယ်။ အကင်းပါးသူသာ ဆိုရင်တော့ အဲဒီ့နေရာတွေမှာDear Sir/Madam/Ms. လို့ဖြစ်စေ၊ Mr./Ms. HR Manager လို့ဖြစ်စေ မျဉ်းစောင်းလေးတွေခံ ပြီး ရေးသွားမှာပါ။

သည်ဥပမာနဲ့တင် နှုတ်ခွန်းဆက်က ဘယ်လောက် စကားပြောသလဲဆိုတာ အင်မတန် ထင်ရှားပါတယ်။

ကျွန်တော့်ဆီလာတဲ့ ဓာတ်ချောစာအများစုမှာတော့ အဲဒါတွေ တစ်ခုမှ မပါတာကို တွေ့ရပါတယ်။ ပြီးတော့ အင်္ဂလိပ်လို ရေးထားတာတွေခင်ဗျ။ ကျွန်တော့်ကို ဆက်သွယ်လာတဲ့ စာဖတ်ပရိသတ်များဟာ ကျွန်တော့်စာတွေကို ဖတ်ပြီး ကျွန်တော့်ကို သားချင်းတစ်ယောက်လို ရင်းနှီးနေမယ်ဆိုတာ သံသယမဖြစ် မိပါဘူး။ သို့ပေမယ့် နှုတ်ခွန်းဆက် လုံးဝ ပါမလာတဲ့ စာကို ဖတ်ရတာကတော့ တော်တော့်ကို အောင့်သက်သက်နိုင်ပါတယ်။

ဓာတ်ချောစာမှာ အဲသလို Dear Sir လိုမျိုးနဲ့ သိပ်ကြီး ခမ်းနားဖို့ မလိုတာ မှန်ပေမယ့် အဖျင်းဆုံးတော့ ဦးဘခန့်ဆိုတဲ့ လူတစ်ယောက်ဆီကို ရေးတဲ့အခါ မှာအနည်းဆုံးတော့ Hello/Hi U Ba Khant လောက်တော့ ထည့်သင့်ပါသေးတယ်။ တကယ်တော့ ဘခန့်ဆိုတာ ကလောင်အမည် (ဒါမှမဟုတ် အနုပညာ အမည်) ဖြစ်နေပြီး သူ့အမည်ရင်းကို ကိုယ်က မသိဘူးဆိုလည်း အခုမှစပြီး မိတ်ဆက်တဲ့အနေနဲ့ စာရေးရာမှာ သူ့ကို ကိုယ့်စိတ်ထဲက ဘယ်လောက်ကြီး ရင်းနှီးနေနေ “ဦး/ဒေါ်/ကို/မ”လေးလောက်၊ အင်္ဂလိပ်လိုဆိုလည်း Mr./Ms. လေးလောက်တော့ တပ်သင့်ပါတယ်။ ဟာ… ဒါကတော့ အနုပညာနာမည်ပဲ ဆိုပြီး မင်းသား ကျော်ရဲအောင်ဆီ ပထမဆုံးဓာတ်ချောစာ ရေးပြီး မိတ်ဆက်တဲ့ အခါ “ဟေ့… သူငယ်ချင်း ကျော်ရဲအောင်”လို့ မရေးကောင်းမှန်းလောက်တောင် မြန်မာလူငယ်တချို့ မသိကြတော့တာကို ကျွန်တော့်ဆီ လာတဲ့ စာတွေအရ သတိထားမိနေပါတယ်။ လာကတည်းက “သူငယ်ချင်း အတ္တကျော်”တို့၊ “ဟေ့… ဆူဒိုနင်”တို့ ဆိုတာတွေနဲ့ တွေ့တွေ့နေရလို့ ပြောတာပါ။

ကျွန်တော့်ဘက်ကတော့ သြော်… ငါကိုက လမ်းဖွင့်ပေးထားမိတာပဲလေ၊ ကနေ့လူငယ်တွေခမျာ ရိုသေတာကိုသာ အသင်ခံခဲ့ရရှာပြီး လေးစားမှုကို ဘယ်သူကမှ သင်မပေးခဲ့ကြတာမို့ အဲလို ရုန့်ရင်းနေကြတာပဲလေဆိုတဲ့ အတွေးနဲ့ မနည်းသည်းခံပြီး သူတို့စာတွေကို ပြန်ပြန်ပေးနေရပါတယ်။ မဟုတ်ရင်တော့ ဟို စီမံခန့်ခွဲရေးမှူးလိုပဲ အဲဒီ့စာမျိုးတွေကို ဆက်မဖတ်ဘဲ ထားရတော့မလိုသာ ဖြစ်သွားမှာပါ။

တချို့မိကောင်းဖခင်သားသမီးတွေကတော့ “ဆရာခင်ဗျ/ရှင့်”ဆိုတာမျိုး နဲ့ အစချီပါတယ်။ ဆိုက္ကားနင်းတဲ့သူကိုတောင် ဆိုက္ကားဆရာ၊ ကားမောင်းတဲ့သူကိုလည်း ကားဆရာစသဖြင့် ယဉ်ကျေးဖွယ်ရာစွာ ခေါ်ဝေါ်သုံးနှုန်းတတ်ကြတဲ့  မြန်မာလူမျိုးများအနေနဲ့ ကျွန်တော့်ကို ဆရာခေါ်လှာတာ ဘာမှ မာန်တက်စရာ မလိုပါဘူး။ သို့သော် ဒါတွေက မိကောင်းဖခင်သားသမီးဖြစ်ကြောင်း ပြဆိုရာ ရောက်ပါတယ်။ တချို့ကျပြန်တော့လည်း “ဦးခင်ဗျား”ဆိုတာမျိုး ပါပါတယ်။ ဘူးလုံးနားမထွင်းတချို့ကတော့ “အစ်ကို”တဲ့။ ဘာပဲဖြစ်ဖြစ် အဲဒါမျိုးကို ထိုက်သင့်တဲ့ နှုတ်ခွန်းဆက်လို့ ပြောလို့ရပါတယ်။

နောက်တစ်မျိုးက “မင်္ဂလာပါခင်ဗျာ/ရှင့်”လို့ အစချီတာမျိုးပါ။ ဒါလည်း အင်မတန်မှ မိကောင်းဖခင် သားသမီး ပီသပါတယ်။ အသက် ၃၀ ကျော်တစ်ယောက် ကျွန်တော့်ဆီ စာရေးတဲ့အခါ အစချီနှုတ်ခွန်းဆက်ပုံကတော့ လှတယ်။ “ဆူဒိုနင်”တဲ့ခင်ဗျ။ ကျွန်တော်ကတော့ သူ့မိဘတွေကိုပဲ ရိုးမယ်ဖွဲ့လိုက်မိရပါတယ်။ တစ်ဆက်တည်းမှာပဲ သူက မွေးလာမယ့် သားသမီးတွေအတွက်လည်း ရင်လေးမိတယ်။

မြန်မာလို နှုတ်ခွန်းဆက်တဲ့အထဲမှာ “နေကောင်းပါသလား ဦးဆူဒိုနင်”ဆိုတာမျိုးလည်း ကြုံဖူးပါတယ်။ ဒါလည်း မိကောင်းဖခင်သားသမီးဆန်တဲ့ နှုတ်ခွန်းဆက်နည်းပါပဲ။

အင်္ဂလိပ်လို ရေးမယ်ဆိုရင် လည်းDear + Title + Surname, Dear + First Name, Hi + First Name, First Name, Hi (and variants)  စသဖြင့် အသီးသီး ရေးသားနိုင်ကြပါတယ်။ ပထမဆုံးက Title ဆိုရာမှာ သက်ဆိုင်ရာ ဂုဏ်ပုဒ်အရ “ဦး/ဒေါ်/ကို/မ/ဆရာ/ဗိုလ်ကြီး/ဒေါက်တာ” အစရှိတာများကို ဆိုလိုတာဖြစ်ပါတယ်။ Surname က ခရစ်ယာန်နာမည်နှစ်လုံးမှာ နောက်ဆုံး နာမည်ကို ပြောတာဖြစ်ပါတယ်။ Brad Pitt မှာ surname က Pitt ပါ။ Kate Winslet မှာ surname က Winslet ပါ။ မရင်းနှီးတဲ့အတွက် သူတို့ဆီ စ စာရေးရာမှာDear Mr. Pitt/Ms. Winslet လို့ ရေးမှ တော်ပါမယ်။ သူတို့နဲ့ အတော် ရင်းနှီးလာပြီဆိုမှ Dear Brad/Kate လုပ်လို့ ကောင်းပါတယ်။ အဲဒီ့ထက် ပိုပြီး ရင်းနှီးလာတဲ့အခါ Hi Brad/Kate လုပ်လို့ရပါပြီ။ သူ့အိမ်ကိုယ့်အိမ် ဝင် ထွက်ရင်းနှီးတဲ့အဆင့် ပခုံးဖက် ပေါင်းတဲ့အဆင့်ရောက်တော့မှ ကျန်တာတွေ သုံးရမှာပါ။

အဲတော့ ချုပ်လိုက်မယ်ဆိုရင် ကနေ့ ရွှေမြန်မာလူငယ်တွေ တွင်တွင် သုံးနေကြတဲ့ အင်တာနက်ပေါ်က စာတွေပို့တဲ့အခါ၊ ချက်တင် ဝင်တယ်ဆိုပြီး တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်ကြတဲ့အခါတွေမှာလည်း လူနဲ့လူချင်း စတင် နှုတ်ခွန်းဆက်ပုံပေါ်မှာလိုက်ပြီး ကိုယ်ဟာ “မိကောင်းဖခင်သားသမီးလား၊” “မိမဆုံးမ ဖမဆုံးမ”လားဆိုတာကို ပေါ်လွင်သွားစေနိုင်တဲ့အကြောင်း တစေ့တစောင်း တင်ပြလိုက်တာဖြစ်ပါတယ်။

ပြောနေကျ စကားနဲ့ပဲ နိဂုံးချုပ်ပါရစေ။ ကျွန်တော်ပြောတိုင်း လက်ခံရမယ်လို့ ဘယ်သူ့ကိုမှ မတိုက်တွန်းအပ်ပါဘူး။ ကျွန်တော်တင်ပြခဲ့တာကို ကိုယ်ပိုင် ဦးနှောက်နဲ့ ဆင်ခြင်သုံးသပ်ပြီး လက်ခံသင့်တယ်ထင်မှ လက်ခံပါ၊ ကျင့်သုံးသင့်တယ် ထင်မှ ကျင့်သုံးပါ။

ကိုယ့်ကာယကံ ကိုယ့်ဝစီကံ စီမံတဲ့အတိုင်း ကိုယ်ခံကြရမှာကိုတော့ သတိလေးထားစေချင်ပါတယ်။ အဲဒါကတော့ ကျွန်တော် ပြောတာမဟုတ်ဘူးခင်ဗျ။ ဘုရားဟောတာလေ၊ ဘာတဲ့… “သဗ္ဗေသတ္တာ ကမ္မသကာ”ဆိုသမှုတ်လားဗျာ။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်(ဝ၇၀၈၀၉)

၂၀၁၁ ခုနှစ် ဒီဇင်ဘာလထုတ် သရဖူမဂ္ဂဇင်းပါ စာမူကို ပြန်လည် တင်ဆက်လိုက်တာပါ။