ကျား-မ ဖြစ်မှုနဲ့ လိင်စိတ်အကြောင်း တိုတိုတောင်းတောင်း

ကနေ့ ညနေ လေးနာရီ ဆယ့်ငါးမိနစ်လောက်က မန္တလေး FM အသံလွှင့် အစီအစဉ်ကနေ တိုက်ရိုက် ထုတ်လွှင့်ခဲ့တာလေးကို အသံဖိုင်အဖြစ် တင်ဆက်လိုက်ပါတယ်။

Advertisements

IDAHO in Yangon (Rangoon)

လနှစ်ချောင်းငင်များသာ

၂၀၁၀ ပြည့်နှစ် မေလ ၁၇ ရက်နေ့တုန်းက ထိုင်းနိုင်ငံ ဇင်းမယ်မြို့မှာ မြန်မာလူငယ်တွေ စုဝေး ကျင်းပတဲ့ “လိင်တူတပ်မက်သူများအား မုန်းတီး စက်ဆုပ်မှု ဆန့်ကျင်ရေး နိုင်ငံတကာနေ့” (International Day Against Homophobia)အခမ်းအနားကို တက်ရောက်ပြီး အမှတ်တရ စကားပြောပေးဖို့ ကျွန်တော့်ကို လှမ်းဖိတ်တာနဲ့ သွားခဲ့ဖူးပါတယ်။

ကျွန်တော့်ရဲ့ “သားငယ်တို့ နားလည်ဖို့”စာအုပ်နဲ့ “ယောက်ျားသားချင်း ပွင့်ပွင့်လင်း”ဆိုတဲ့ စာအုပ်များမှာ လိင်တူချင်း တပ်မက်မှုဟာ ပြုပြင် တားဆီးလို့ မရတဲ့ မွေးရာပါ စိတ်ကိုင်းညွတ်မှုသာ ဖြစ်ကြောင်း၊ ဘယ်သန်၊ ညာသန်များလိုပဲ သန်ရာသာ ဖြစ်တဲ့အကြောင်းနဲ့ လိင်တူချင်းတပ်မက်သူများထဲမှာလည်း ထူးချွန်ထက်မြက်သူတွေ အများအပြား ရှိတဲ့အကြောင်းကို ဆွေးနွေးခဲ့ဖူးပါတယ်။ အဲဒီ့စာတွေထဲက တချို့ကို ထိုင်းနိုင်ငံ ဇင်းမယ်မြို့မှာ နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသား လိင်တူတပ်မက်သူများ အသိုင်းအဝိုင်းအတွက် ထုတ်ဝေတဲ့ စာစောင်ထဲမှာ ထည့်သွင်းဖော်ပြဖို့ ကျွန်တော့်ကို လှမ်းခွင့်တောင်းခဲ့ဖူးရာက သူတို့ ကျွန်တော့်ကို ဆက်သွယ်လာကြတာပါ။

လိင်တူချင်းတပ်မက်မှုနဲ့ ပတ်သက်လို့ ကျွန်တော့်သဘောထားက ရှင်းပါတယ်။ လူပဲ၊ သူကြိုက်ချင်တာ ကြိုက်ပေါ့။ သူ စွဲလန်းချင်တာ စွဲလန်းပေါ့။ ကိုယ်ကြိုက်တာ၊ ကိုယ်စွဲလန်းတာနဲ့ မတူတိုင်း  သူမှားတယ်၊ ကိုယ် မှန်တယ် ပြောနေရမှာမျိုးမှ မဟုတ်တာ။ အဲသလိုပဲ နားလည်ပါတယ်။

ပိုဆိုးတာက ကျွန်တော့်မှာ ဘယ်ဘဝက ရေစက်လဲတော့မသိဘူး။  ကျွန်တော် လူမှန်း သိကတည်းက စတင် တွေ့ဆုံခဲ့ဖူးတာက ဆွေမျိုးလို နေနေတဲ့ ယောကျာ်းလျာတစ်ဦးဖြစ်ပါတယ်။ သူ့ကို ကျွန်တော်က ဒေါ်ဒေါ်လို့ မခေါ်ရပါဘူး။ “လေးလေး”လို့သာ ခေါ်ခဲ့ရပါတယ်။ သူက အသား ဖြူဖြူ၊ မျက်နှာချောချောနဲ့ပေမယ့် ဒေါင်းတိမောင်းတိပါပဲ။ စီးရင်လည်း ယောက်ျားစီး၊ အလယ်က ဘားတန်းပါ စက်ဘီးကိုပဲ စီးပါတယ်။ ကျွန်တော် သူ့ကို စတင်မြင်ဖူးချိန်က ကျွန်တော့်အသက်က ငါးနှစ် မပြည့်သေး။ သူ့ အသက်က ၃၀ ကျော်လောက် ရှိပါပြီ။

အဲလိုနဲ့ နေလာလိုက်တာ ကျွန်တော့်မျက်စိအောက်မှာ ယောက်ျားလျာ၊ မိန်းမလျာ ပေါင်းစုံနဲ့ ဆုံဖူးခဲ့ပါတယ်။ တချို့ဆို ကျွန်တော်တို့ကို စာသင်တဲ့ ဆရာ၊ ဆရာမတွေ ဖြစ်ပါတယ်။ မှတ်မှတ်ရရ၊ ကျွန်တော့် ဘဝမှာ လိင်တူချင်းတပ်မက်တဲ့ ဆရာ သုံးဦးနဲ့ ဆုံဖူးတယ်။ သုံးဦးစလုံးဟာ စာတော်သူတွေ ဖြစ်ကြသလို အင်မတန်လည်း အသင်အပြကောင်းကြပါတယ်။ သူတို့ဟာ လိင်တူချင်း တပ်မက်သူတွေ ဖြစ်တာမို့ ကျွန်တော့်ရဲ့ “သင်ဆရာ”စာရင်းထဲက ပယ်ဖျက်ပစ်စရာမှ မလိုတာပဲလေ။ အဲတော့လည်း ခေတ်စကားနဲ့ ပြောရင် “အေးဆေး”ပေါ့။

အဲတော့ ကျွန်တော့်စိတ်ထဲမှာ လိင်တူချင်း တပ်မက်သူတွေကို ဘယ်တုန်းကမှ အခြောက်တိုက် မုန်းတီးစက်ဆုပ်တဲ့ စိတ်မပေါ်ခဲ့ပါဘူး။ ကျွန်တော်လည်း လူသားတစ်ယောက်သာ ဖြစ်တဲ့အတွက် ချစ်စိတ်၊ မုန်းစိတ်တွေ ရှိတာ အမှန်ပါ။ ဒါပေမယ့် ဝါးလုံးရှည်နဲ့ သိမ်းကြုံးပြီး မုန်းတဲ့စိတ်မျိုးတော့ ကျွန်တော့်မှာ မရှိဘူး။ ခြေမ မကောင်း ခြေမ၊ လက်မ မကောင်း လက်မကိုသာ မုန်းတဲ့ စိတ်မျိုးသာ ရှိပါတယ်။ မိန်းမတစ်ယောက်က ကိုယ့်ကို အသည်းခွဲသွားတာနဲ့ပဲ မိန်းမတွေ မကောင်းဘူးလို့ ကုန်းအော်တတ်တဲ့ ဉာဉ်က ငယ်ငယ်ကတည်းက ကျွန်တော့်မှာ မရှိပါဘူး။ (သည်တစ်ယောက် မကောင်းဘူးထင်ရင် နောက်တစ်ယောက်ဆီ ပြောင်းသွားလိုက်ရင်းနဲ့ ရည်းစားတွေ များကုန်တာကတော့ အဟဲ… ဝါသနာ ဘာဂီ ဆက်တိုင်းမီလို့သာ အောက်မေ့ကြပါတော့နော်။)

နောက်ပိုင်းမှာ စိတ်ပညာကို ဖတ်ရှုလေ့လာရင်းနဲ့ လူတို့ရဲ့ လိင်စိတ် သဘောကို အမြွက်လောက် နားလည်သဘောပေါက်လာပါတယ်။ သည်အခါမှာ လိင်တူချင်း တပ်မက်မှုရဲ့ သဘာဝကိုလည်း မြင်လာမိရတယ်။ ဒါ့ကြောင့် ကျွန်တော် မြင်တဲ့အတိုင်း၊ ယုံကြည်တဲ့အတိုင်း စာတွေ ရေးမိရာက သူတို့အသိုင်းအဝိုင်းက ကျွန်တော့်ကို အသိအမှတ်ပြုလာကြပြီး ဆိုခဲ့တဲ့အတိုင်း ဇင်းမယ်မှာ ကျင်းပတဲ့ သူတို့ပွဲကို တက်ရောက်ပေးဖို့ ဖိတ်ကြားလာတော့တာပါပဲ။

အမှန်ကို ဝန်ခံရရင် အဲဒီ့ အထိမ်းအမှတ်နေ့ကို ကြားတောင် မကြား ဖူးခဲ့ပါဘူး။ ၁၉၉၁ ခုနှစ် မေလ ၁၇ ရက်နေ့မှာ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးက လိင်တူချင်းတပ်မက်မှုကို စိတ်စံလွဲမှု (ဝါ) စိတ်ကျန်းမာရေး ချို့ယွင်းမှု (စိတ်ရောဂါ) စာရင်းက ပယ်ဖျက်ပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် အဲဒီ့နေ့ကို အစွဲပြုပြီး လိင်တူတပ်မက်သူများအား မုန်းတီးစက်ဆုပ်မှု ဆန့်ကျင်ရေး နိုင်ငံတကာနေ့အဖြစ် ကမ္ဘာ့နိုင်ငံတချို့မှာ ကျင်းပနေကြတယ်ဆိုတာ အဲတော့မှ သိတော့တယ်။

ဇင်းမယ်က ပွဲကို ရောက်သွားတဲ့အခါ မြန်မာနိုင်ငံမှာလည်း သည်လို ပွဲမျိုးတွေ ကျင်းပနိုင်ရင် ကောင်းမယ်လို့ စိတ်ထဲမှာ တွေးမိသွားခဲ့ရသေးတယ်။ ဟုတ်တယ်လေ… ကျွန်တော်တို့ဆီမှာလည်း လိင်တူချင်း တပ်မက်သူတွေ ခေတ်အဆက်ဆက်မှာ ရှိခဲ့ဖူးသလို လက်ရှိအချိန်မှာလည်း ရှိနေတာပဲ မဟုတ်လား။ သူတို့ကို လူတချို့က ဖယ်ကြဉ်ချင်ကြတယ်၊ လူရာ မသွင်းချင်ကြဘူး၊ မေးငေါ့ချင်ကြတယ်၊ ယုတ်စွအဆုံး ကလေးလေးတွေကအစ သူတို့ကိုများဆို ပြောင်ချင် လှောင်ချင်ကြပါတယ်။

တကယ်တော့ သူတို့လည်း ပခုံးနှစ်ဖက်ကြား ခေါင်းပေါက်နေတဲ့ လူသားစစ်စစ်တွေပါပဲ။ ပယ်တာ၊ နှိမ်တာ၊ သရော်တာ၊ ကဲ့ရဲ့တာ၊ ပြောင်လှောင်တာကို မလွှဲသာလို့သာ ခံကြမှာပါ။ သူသူကိုယ်ကိုယ် ဘယ်လူသားမှ မခံချင်ကြပါဘူး။ အဲတော့ သူတို့ လူနည်းစုများခမျာမှာ လူများစု ပတ်ဝန်းကျင်ရဲ့ မေးငေါ့မှု ဒဏ်ကို အလူးအလဲ ခံခဲ့ရတာလည်း နိုင်ငံအသီးသီး ခေတ် အဆက်ဆက်မှာပါ။

အခုတော့ ခေတ်ရေစီးက ပြောင်းလဲလာသလို လူ့စိတ်နဲ့ လူ့အပြုအမူကို လေ့လာတဲ့ စိတ်ပညာကလည်း တစ်နေ့ထက် တစ်နေ့ ပို မိုတိုးတက်လာတဲ့အတွက် လိင်တူချင်း တပ်မက်သူတွေဟာ သူတို့ရဲ့ လူသားတစ်ယောက်အဖြစ် လောကအလယ်မှာ တခြားသူများနည်းတူ ဝင်ဆန့်ရပ်တည်နိုင်ရေးအတွက် ကြိုးပမ်းမှုတွေကို နိုင်ငံတွေက တဖြည်းဖြည်းချင်း လက်ခံလာခဲ့ကြပါတယ်။ ထိုင်းမှာ အဲဒါကို မြင်လိုက်ရတော့ ကြည်နူးသွားမိရပါတယ်။ တစ်ဆက်တည်းမှာပဲ မြန်မာနိုင်ငံမှာလည်း အဲလို အခမ်းအနားမျိုးတွေ ကျင်းပနိုင်မယ်ဆိုရင် လူအများရဲ့ သိရှိနားလည်ထားမှု အလွဲတွေကိုလည်း လမ်းကြောင်း မှန်ပေါ် ပြန်တင်ပေးသွားနိုင်မှာ ဖြစ်သလို မြန်မာနိုင်ငံက အနှိမ်ခံ၊ အပယ်ခံ ပုထုဇဉ်လူသားများအတွက် အားတက်စရာ ပိုကောင်း လာလိမ့်မယ်လို့ တွေးမိရင်းက အဲဒီ့ပွဲကို တက်ရောက်ခဲ့ပါတယ်။

ဘာမှတောင် မကြာလိုက်ဘူး။ ကြားထဲမှာ နှစ်နှစ်ပဲ ခြားတယ်။ ပထမဆုံး စသိရတာက သည်ပွဲကို သည်နှစ် မန္တလေးမှာ ကျင်းပမယ့် အကြောင်း အင်တာနက်ထဲမှာ ဖတ်လိုက်ရပါတယ်။ သူတို့တွေအတွက် မုဒိတာ ပွားမိရတယ်။

ကျွန်တော် ဖြစ်စေချင်ခဲ့မိတာလေးတစ်ခု အောင်အောင်မြင်မြင် ဖြစ်တော့မှာဆိုတဲ့အသိနဲ့ မုဒိတာ ပွားမိသွားရပါတယ်။ ရန်ကုန်မှာ ဘာလို့များ မကျင်းပကြတာပါလိမ့်လို့လည်း တွေးနေမိခဲ့ရပါသေးတယ်။

မကြာပါဘူး။ ကျွန်တော့်ကို သူတို့အဖွဲ့က ဆက်သွယ်လာပါတယ်။ ဖိတ်စာ လာပို့တယ်။ ပြီးတော့ သူတို့ပွဲမှာ စကားပြောပေးဖို့လည်း ဆိုပါတယ်။ ကျွန်တော်လည်း ဝမ်းသာကြည်နူးစွာပဲ ခေါင်းညိတ်လိုက်ပါတယ်။

၂၀၁၂ ခုနှစ် မေလ ၁၇ ရက်နေ့ ည ၇ နာရီအချိန်၊ ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်၊ ရွှေဂုံတိုင် လမ်းဆုံအနီးက အိပ်ခဆဲ(လ်) မျှော်စင်ဟိုတယ်ရဲ့ ဆယ်ထပ်မှာ ရှိတဲ့ မင်္ဂလာခန်းမမှာ မြန်မာပြည်ရဲ့ ပထမဆုံး “လိင်တူချင်းတပ်မက်သူများအား မုန်းတီးစက်ဆုပ်မှု ဆန့်ကျင်ရေး နိုင်ငံတကာနေ့”အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေ၊ တခြား ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေအပါအဝင် စုစုပေါင်း လူ ၄၀ဝ လောက် တက်ရောက်ခဲ့ကြပါတယ်။ သူတို့ရဲ့ အဆိုအက သရုပ်ဖော်တွေနဲ့ ကျကျနန စီစဉ် တင်ဆက်သွားတာပါ။ အမျိုးသား လိင်တူချင်း တပ်မက်သူ (သည်းခံပါ ခင်ဗျာ၊ သည်နေရာမှာ အများ နားလည်အောင် မိန်းမလျာလို့ပဲ သုံးပါရစေ) များသာမကဘဲ အမျိုးသမီး လိင်တူချင်း တပ်မက်သူ (ယောကျာ်းလျာ)များပါ သည်ပွဲမှာ ပါဝင်ဆောင်ရွက်ခဲ့ကြပါတယ်။

ဇင်းမယ်မှာ ရှိတဲ့ မြန်မာ အဖွဲ့အစည်းက ယောကျာ်းလျာများ၊ မိန်းမလျာများ၊ လိင်စိတ်နှစ်မျိုး ရှိသူများ၊ ဆန့်ကျင်ဘက်လိင်ကဲ့သို့ ဝတ် စားဆင်ယင်သူ/ဆန့်ကျင်ဘက်လိင်အဖြစ် ခွဲစိတ်ပြောင်းလဲထားသူများရဲ့ အသင်း(Lesbians, Gays, Bisexuals, and Transsexuals Soceity) (အတိုကောက် LGBT Society)လို့ ခေါ်ပေတာမို့ ဇင်းမယ်မှာ တုန်းကလည်း မိန်းမလျာများအပြင် ယောက်ျားလျာများပါ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားနေတာ တွေ့ခဲ့ရဖူးပါတယ်။ အခု ရန်ကုန်မှာ ကျင်းပတော့လည်း သူတို့တွေပါ ပါနေတာ တွေ့ရတဲ့အတွက် အားရစရာကြီးပါပဲ။

သည်ပွဲမှာ ဇင်းမယ်ထက် ထူးခြားသွားတာကတော့ လိင်တူချင်း တပ်မက်သူ သက်ကြီးရွယ်အိုများ ပါဝင်နေတာပါပဲ။ အဲဒီ့ သက်ကြီးရွယ်အိုများကို ကန်တော့တဲ့ အစီအစဉ်လည်းပါတာမို့ သိခွင့်ရလိုက်တာပါ။ တစ်ယောက်ဆို အသက် ၁၀၅ နှစ်နဲ့ ခြောက်လတောင် ရှိပါပြီတဲ့။ နောက်တစ်ယောက်ကကျတော့ ဘီးတပ်ကုလားထိုင်နဲ့ သည်ပွဲကို တက်လာတာပါ။ သူကကျတော့ ၈၅ နှစ်ရှိပြီတဲ့။ နောက် ၇၈ နှစ်အရွယ်မှသည် ၇၀ ကျော်အရွယ်တွေလည်း ပါပါတယ်။

အသက် ၈၀ ကျော် တစ်ရာများဖြစ်သွားပေမယ့် သူတို့ရဲ့ လိင်စိတ် ကိုင်းညွှတ်မှုကတော့ ပြောင်းလဲလို့ မရပါဘူးဆိုတာကို သက်ရှိ ထင်ရှားရှိနေဆဲ သူတို့ရဲ့ အခြေအနေတွေက သက်သေထူလို့နေပါတယ်။ သည် အရွယ်ကြီးတွေ ရောက်တော့မှ လိင်ကိစ္စမှာ လော်လည်ဖောက်ပြားချင်လို့  သည်ဘဝကို ဆက်လက်ခံယူထားကြမှာ မဟုတ်တာလည်း အင်မတန်မှ သေချာပါတယ်။ သူတို့ကို မြင်ပြီးတော့ သံဝေဂ ရမိပါတယ်။

ကျွန်တော် အစဉ်တစိုက် ရေးသား၊ ဟောပြောဖြစ်နေခဲ့တဲ့၊ လိင်စိတ်ဆိုတာ သူများက ပြုပြင်ပြောင်းလဲယူလို့ မရသလို ကိုယ်ကိုယ်တိုင်ကလည်း ပြုပြင်ပြောင်းလဲ ယူလို့ မရဘူးဆိုပြီး စိတ်ပညာရှင်အများစု လက်ခံထားတဲ့ အချက်က သည်ပုဂ္ဂိုလ်များနဲ့ ပို ခိုင်လုံသေချာသွားပါတယ်။

၁၉၅၄ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ ဆရာကြီးသခင်ဘသောင်းရဲ့ “ဒီမိုကရေစီဆိုတာ”ဆိုတဲ့ စာအုပ်ငယ်လေးထဲမှာ ဆရာကြီးက ရေးခဲ့ပါတယ်။

“လူသားအားလုံးရဲ့ ဘဝတွေကို လေးစားတာဟာ ဒီမိုကရေစီဝါဒရဲ့ ရေသောက်မြစ်ပဲ ဖြစ်ပါတယ်။ လောကမှာ အဖိုးမတန်တဲ့၊ အသုံးမကျတဲ့ လူရယ်လို့ မရှိပါဘူး။ ဒါကြောင့် လူတိုင်း မိမိကိုယ်ကို ရိုသေလေးစားကြရပါမယ်။ ပြီးတော့ သူများတွေကိုလည်း မိမိကိုယ်မိမိ လေးစားတန်ဖိုးထားတဲ့အတိုင်း လေးစားတန်ဖိုးထားရပါမယ်”တဲ့။

ဆရာကြီးရဲ့ စကားက တရားမျှတတဲ့စကား၊ ဘုရားရှင်ရဲ့ တရားတော်နဲ့ ညီညွတ်တဲ့စကားပါ။ အဲဒီ့ “လူသားအားလုံး”မှာ ဟိုလူမပါရ၊ သည်လူ မပါရဆိုတဲ့ ခြွင်းချက် မရှိပါဘူး။

ဆိုခဲ့တဲ့အတိုင်း လိင်တူချင်း တပ်မက်သူတွေထဲမှာလည်း လူတော်တွေ အများကြီးရှိပါတယ်။ သူမတူအောင် ထူးချွန်တဲ့ လျှမ်းလျှမ်းတောက် များတောင်ပါဝင်နေပါသေးတယ်။ ပတ်ဝန်းကျင်က နှာခေါင်းရှုံ့မှာ စိုးလို့ သွားလေသူများရော၊ သက်ရှိထင်ရှား ရှိနေသူများပါ သူတို့ရဲ့ ဘဝမှန်ကို ဖွင့်အန်မသွား၊ ဖွင့်အန်မထားတာမို့ နာမည်နာမနဲ့ တပ်ပြီး မပြောကောင်းလို့သာပါ။ နယ်ပယ် အသီးသီးမှာ ထူးချွန်ထင်ရှားကြသူတွေထဲမှာ အဲလို လိင်တူချင်း တပ်မက်သူတွေ ရှိကြပါတယ်။

အန္တရာယ်ကင်း ဘေးရှင်းမယ့် ဥပမာအနေနဲ့ကတော့ လူသိရှင်ကြား ဝန်ခံသွားတဲ့ ကမ္ဘာကျော် ဟောလီးဝု(ထ်) မင်းသားကြီး ရော့(ခ်) ဟဒ်ဆင်(န်)၊ ဆာဘွဲ့ရ ခေတ်ပေါ် အဆိုတော် ဂီတပညာရှင် အယ်လထန် ဂျော်(န်)တို့ပါပဲ။ နာမည်ကျော် သန်းကြွယ်သူဌေး ဖြစ်နေတဲ့ အစီအစဉ် တင်ဆက်သူ အယ်လင်(န်) ဒç ဂျော်(န်)(ရ်) ဆိုရင်လည်းပဲ ယောက်ျားလျာပါ လို့ သူ့ကိုယ်သူ ဝန်ခံထားတာ ရှိပါတယ်။

သည်ကြားထဲမှာ ၂၀ဝ၉ ခုနှစ်က ထွက်လာတဲ့ စိတ်ပညာရှင်တစ်ဦးရဲ့ စာအုပ်မှာ အမေရိကန်သမိုင်းရဲ့ အထက်မြက်ဆုံး သမ္မတအဖြစ် ခေတ်အဆက်ဆက် သတ်မှတ်ခဲ့ကြတဲ့၊ လင်ကွန်းလို့ မြန်မာတွေ အသိများတဲ့ အေဘရာဟင်(မ်) လင်းကား(န်) တောင် လိင်တူချင်း တပ်မက်သူဖြစ်ဖို့ ၉၀ % သေချာပါသတဲ့။

ဘာဖြစ်လဲဗျာ။ လိင်စိတ်ကတော့ သူသူကိုယ်ကိုယ် တစ်မျိုးစီ ရှိကြတာပဲ။ ဘယ်လိင်စိတ်ပဲ ရှိရှိ၊ လူ့ဘောင်ကို ဒုက္ခပေးသူလား၊ အကျိုးပြုသူလားဆိုတာကသာ ပိုပြီး အခရာကျတာပါ။ ကျွန်တော်ကတော့ အဲသလိုပဲ ခံယူနားလည်ထားပါတယ်။ လိင်ကွဲကို ကြိုက်တတ်တဲ့ စိတ်ကြီးနဲ့ပေမယ့် အရပ်ကို ဒုက္ခပေးနေသူနဲ့ လိင်တူချင်း တပ်မက်စိတ်နဲ့ပေမယ့် အရပ်ကို အကျိုးပြုနေသူမှာ ဘယ်သူက ပိုမြတ်တယ်လို့ မြင်မိကြပါသလဲခင်ဗျား။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

(ရန်ကုန် – ၁၉၀၅၁၂)

 

ယနေ့ (၃၁-၀၅-၁၂) ထုတ် Bi Weekly Eleven Journal ပါ ဆောင်းပါးကို ပြန်လည်တင်ဆက်ထားတာပါ။ 

On Homosexuality

လိင်တူချ​င်း တပ်မက်​မှု​နှ​င့် စပ်လျဉ်း၍

“လောကအလှ” အင်တာနက် မဂ္ဂဇင်း စာမျက်နှာက “လိင်တူချင်းတပ်မက်မှု”နဲ့ ပတ်သက်ပြီး ကျွန်တော့်ကို မေးမြန်းခဲ့ဖူးပါတယ်။ အဲဒါကို http://lawka-ahla.com/news.php?item.1167 မှာ ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့က တင်ထားတာ တွေ့ရပါတယ်။ အဲဒါလေးကို သူ့စာမျက်နှာကပဲ ကူးယူပြီး ကျွန်တော့် ပရိသတ်အတွက် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။


မေး
။   ။အမျိုးသားတစ်ဦးက သူ့ကိုယ်သူ လိင်တူချင်းကို နှစ်သက်တဲ့သူဆိုတာကို အသက်ငယ်စဉ်မှာ တင်သိနိုင်သလား ဆရာ။  အသက်ငယ်စဉ်မှာကတည်းက ကိုယ့်ကိုယ်ကို သိနိုင်တာပဲ။ သက်လတ်ပိုင်းအရွယ်ကျမှ လိုင်းပြောင်းသွားတာမျိုးဆိုတာ ဖြစ်နိုင်ပါသလား။

အတ္တကျော်
 ။   ။ ကျွန်တော့်ဆီမှာ ကလေးရပြီး၊ ကလေးတော်တော် အရွယ်ရောက်ပြီးမှ အဲဒီ့လိုင်းကို အပြီး ပြောင်းသွားပြီး သူ့ကိုယ်သူ စက်ဆုပ်နေသူရဲ့ လက်ရေးနဲ့ ရေးထားတဲ့ စာရှိပါတယ်။ အလားတူ စာတွေလည်း ရှိနေတဲ့အပြင် တစ်နေ့က Burnet Institute မှာ Sexuality အကြောင်း ဟောပြောတော့  တက်လာတဲ့ မေးခွန်းတွေထဲမှာ အိမ်ထောင်သည် ဖြစ်ပြီးမှ သည်လိုတွေ လိုင်းပြောင်းကုန်ကြတာ ဘာ့ကြောင့်လဲ ဆိုတဲ့ မေးခွန်းက ငေါငေါကြီး တက်လာပါတယ်။ လိုင်းပြောင်းတာ မဟုတ်ဘူး၊ အပုန်းတွေ ပွင့်လာတာလို့သာ ကျွန်တော် ဖြေခဲ့ပါတယ်။ (အဆိုပါ ဟောပြောချက်ကို Talking about sexualityတွင် နားဆင်နိုင်ပါသည်။) လောကကြီးဟာ တချို့တွေ တွေးသလောက် မဖြောင့်ပါဘူး။ အတွင်းစိတ်ထဲမှာ ငုပ်နေတဲ့ ခုခံမှု ယန္တယားရဲ့ အလုပ်လုပ်ပုံကလည်း အလွန် ပွေလီလှပါတယ်။

မေး။   ။ အိမ်ထောင်ပြုပြီးမှ လိုင်းပြောင်းသွားတတ်သူတွေ ရှိတယ်ဆိုရင် အိမ်ထောင်မပြုခင်က သူတို့ကိုယ် သူတို့ မသိနိုင်ဘူးလား ဆရာ။

အတ္တကျော် ။ လိင်တူချင်း တပ်မက်သူက စုစုပေါင်း ၆ မျိုး ရှိပါတယ်။ (၁) အပွင့် (receiver)၊ (၂) အပုန်း (receiver)၊ (၃) ဂလန် (၀ါ) နှစ်ဖက်ချွန် (၀ါ) Bi (both receiver and provider and finds pleasure in both sexes) ၊ (၄) သ…ူငယ် (provider) (၅) Offer (provider) နဲ့ (၆) အခြောက်တို့ ဖြစ်ပါတယ်။ တချို့ ပြောတဲ့ လိုင်းပေါင်းစုံ “မထသ”က အမှတ်စဉ် ၃ ဂလန်နဲ့ ၄၊ ၅ တို့သာဖြစ်ပါတယ်။ ၄ နဲ့ ၅ ကကျတော့ အပုန်းတွေ၊ အပွင့်တွေ၊ ဂလန်တွေဆီက ချူစားနေသူမို့ ပိုပြီး “မထသ”ဖြစ်ဖို့ များတယ်။ အမှတ်စဉ် ၆ က ရှုပ်ထွေးတယ်။ သူက လူက နွဲ့နေ၊ နုနေ၊ အလှကြိုက်နေ၊ သန့်နေတတ်ပေမယ့် လိင်ကိုင်းညွတ်မှု ရှိချင်မှလည်း ရှိမယ်၊ ရှိချင်လည်း ရှိမယ်။ အပုန်းတွေဟာ တစ်ခါတစ်ရံ သူတို့ရင်ထဲက ကိစ္စကို သူတို့ကိုယ်တိုင်တောင် မသိပါဘူး။ နာမည်နဲ့ မပြောကောင်းလို့သာပါ၊ မြန်မာပြည်မှာ အထင်ကရ တစ်ယောက် ရှိဖူးပါတယ်။ သူဟာ အသက် ၃၅ နှစ်လောက်အထိ မိန်းမပွေသူပါ။ သူ့ကိုယ်သူလည်း မသိပါဘူး။ ခုခံမှု ယန္တယားရဲ့ စေ့ဆော်မှုကြောင့် သူဟာ တကယ့် ကျားကျားလျားလျား ယောက်ျားတစ်ယောက်လိုပဲ နေနေခဲ့ပါတယ်။ ဒါပေမယ့် သည်သဘာဝကို နားလည်တဲ့ offer တစ်ယောက်နဲ့ ၃၅ ကျော်မှ တွေ့ပြီး သေသည်အထိ အဲဒီ့ဘ၀ကို ခံယူသွားပါတယ်။ သေခါနီးမှာ သူ့အကြောင်းနဲ့သူ မိန်းမ ယူပြသွားလိုက်ရသေးတယ်ဗျို့။ အဲဒါဟာ ခုခံမှု ယန္တယားရဲ့ ပွေလီပုံပါပဲ ခင်ဗျား။

မေး။       ။အိမ်နီးချင်းနိုင်ငံတစ်ခုနဲ့ စာရင် မြန်မာပြည်မှာက ဒီလို လိင်တူချင်းနှစ်သက် အတူနေထိုင်သူတွေကို မြင်ရတာ နည်းပါးပါတယ် ဆရာ။  မြန်မာပြည်မှာ လိင်တူချင်းအတူနေထိုင်သူ ပမာဏအင်မတန်နည်းပါးပါတယ်လို့ ယူဆလို့ရပါသလား။

အတ္တကျော် ။   ။ မြင်ရနည်းတာနဲ့ ရှိခြင်း၊ မရှိခြင်းက ဆက်စပ်ရ ခက်မယ် ထင်ပါတယ်။ ဒါတွေက ဘုရားလက်ထက်တော်ကတည်းက ရှိခဲ့တာ ကျမ်းဂန်တွေမှာ အထင်အရှားပဲလေ။ မြန်မာ့လူ့ဘောင်ကလည်း လူတွေနဲ့ ဖွဲ့စည်းထားတဲ့ လူ့ဘောင်မို့ တခြားလူ့ဘောင်တွေနည်းတူ ရှိနေတာပါ။ တစ်ခုပဲ၊ ပတ်ဝန်းကျင်က မတူသလို မတန်သလို ဆက်ဆံခံရမှာကြောက်၊ ဒါကြီးကို လွဲမှားနေတယ်ဆိုတဲ့“အစွဲမှားကြီး”နဲ့ လွဲနေတာများကြောင့် အပွင့်ထက် အပုန်းက များနေလို့သာ ကျွန်တော်တို့ဆီမှာ အမြင်ရ နည်းချင်သလိုလို ဖြစ်နေတာပါ။

ကျွန်တော်တို့ တခြားတဖက်က ဆင်ခြင်ကြည့်ရအောင်လား။ ပညတ်ချက်တွေ၊ ပတ်ဝန်းကျင် လူအများရဲ့ ငြင်းပယ်မှုတွေကြောင့် အပုန်းတွေ ဖြစ်နေကြတယ်ဆိုတဲ့အချက်က ယုတ္တိတန်လိမ့်မယ် ထင်ပါတယ်။ အဲလို ပုန်းနေခြင်းကြောင့် အရွယ်မရောက်သေးတဲ့ ဆယ်ကျော်သက်တွေဟာ အပုန်းတွေရဲ့ သားကောင်တွေ ဖြစ်ကုန်ကြရတယ်၊ ခုနကပြောတဲ့ အတွင်းစိတ်ထဲမှာ ငုပ်နေတဲ့ ခုခံမှု ယန္တယားကြောင့် ဆန့်ကျင်ဘက်လိင်နဲ့ သူတို့ လက်ထပ်ပြီး အိမ်ထောင်ပြုထားကြတယ်။ အဲဒီ အမျိုးသမီးတွေ ဓားစာခံ ဖြစ်ရတယ်၊ တကယ်လို့သာ သူတို့ရဲ့ ခုခံမှု ယန္တယားကြောင့် ကလေးသားမြေး မွေးတဲ့အထိ ဖုံးပြထားပေမယ့် တချိန်မှာ ဆန္ဒအလိုကို မျက်စိမှိတ်လိုက်ရင်း ဖုံးမရ ဖမိရဖြစ်လာတဲ့အခါ အဲဒီ့ ကလေး သားမြေးတွေမှာ အရှက်ကွဲ၊ အကျိုးနည်းကြရပြန်တယ်။အဲလို ဖအေက မွေးလာပြီး လုပ်မိလုပ်ရာ လုပ်ရာက မူးယစ်ဆေးမှုနဲ့ ထောင်ဒဏ် နှစ် ၃၀ ကျော်ကျနေရင်း ထောင်ထဲမှာပဲ တိမ်းပါးသွားသူ တစ်ယောက် အကြောင်း ကြားလိုက်ရတာ မကြာသေးပါဘူး။ ခမျာမယ် သူ့ဖအေ ဘယ်သူဆိုတာ လူကြားထဲ ထုတ်မပြောရဲတဲ့ ဘ၀နဲ့ နေခဲ့ရတာပါ။ မပြောရဲဆို သူ့အဖေက နာမည်ကျော် အပွင့်ကြီး ဖြစ်သွားတာကိုး။

အဲတော့ သူတို့ ဖုံးနေ၊ ပုန်းနေတာဟာ သူတို့ကိုယ်သူတို့သာမက တခြား အပြစ်မဲ့ လူသားတွေကိုပါ ထိခိုက်နေတာ အသေအချာပါ။

သူတို့ကိုသာ ပွင့်လင်းခွင့်ပေးလိုက်မယ်ဆိုရင် သူတို့လည်း ဘယ်ဖုံးနေ ပုန်းနေတော့မလဲ။ အဲဒါဆိုရင် သူတို့ရဲ့ ကြိတ်ပုန်း သားကောင် ဖြစ်ရရှာလေမယ့် ဆယ်ကျော်သက်လေးတွေ၊ ဓားစာခံ ဖြစ်လေမယ့် အမျိုးသမီးတွေနဲ့ လူတော မတိုးရဲမယ့် လူသားတွေ လျော့ပါးသွားနိုင်မလားဆိုတာ စဉ်းစားနေမိပါတယ်။ သည်အတွက် ကျွန်တော်ကတော့ သူတို့ကို ပွင့်လာစေချင်တယ်။ အဲဒါကို “အားပေး အားမြှောက်”လို့ တံဆိပ်ကပ်မယ်ဆိုရင်လည်း ကျွန်တော် ခံလိုက်ပါတော့မယ်။ ကျွန်တော့်စေတနာက သားကောင်တွေနဲ့ ဓားစာခံတွေ မနစ်နာစေချင်တာလေ။ လူတို့ရဲ့ လိင်စိတ်နဲ့ လိင်ပိုင်းဆိုင်ရာ အပြုအမူတွေကို အနည်းအပါး လေ့လာကြည့်မယ်ဆိုရင်တော့ ဒါဟာ သိပ်ကြီးကျယ်လှတဲ့ ပြဿနာ မဟုတ်ပါဘူး။ ညိုညို ကြိုက်တဲ့သူ၊ ဖြူဖြူကြိုက်တဲ့သူ၊ ထောင်ထောင်မောင်းမောင်း ထွားထွား ကြိုင်းကြိုင်း ကြိုက်တဲ့သူ၊ ပိန်ပိန်သွယ်သွယ် ကြိုက်တဲ့သူများနည်းတူ သူတို့သည်လည်း သူတို့ ကြိုက်ချင်ရာ ကြိုက်ကြတာဖြစ်သလို ဘယ်သန် ညာသန်များနည်းတူ အများနဲ့ မတူတဲ့ တစ်ဖက်မှာ သန်နေတာမို့ မူမှန်တယ်လို့သာ ပြောနိုင်ပါလိမ့်မယ်ခင်ဗျား။အိမ်နီးချင်းနိုင်ငံမှာ အပွင့်တွေ နေရာတကာမှာ တစ်နေ့တခြား သိသိသာသာ ပိုများလာတယ်ထင်ရင် တောင်ပြုန်းပွဲကို တစ်ခေါက်လောက် သွားကြည့်လိုက်စေချင်ပါတယ်။ ဘယ်နိုင်ငံက ပိုများလဲဆိုတာ မျက်စိနဲ့ တပ်အပ် မြင်စေချင်လို့ပါ။ တချို့က ပွဲတွေ၊ ပြိုင်ပွဲတွေ၊ အစီအစဉ်တွေ၊ လှုပ်ရှားမှုတွေ လိုတာထက် များနေလို့ အဲဒီ့စိတ် မရှိတဲ့သူက အလကားနေရင်း အဲဒီ့စိတ် ပေါက်ကုန်တာလို့ ထင်ကြတယ်။ သည်စိတ်ဟာ အဲသလို လှုံ့ဆော်ယူလို့ ရတာမျိုး မဟုတ်တဲ့အချက်ကို အင်မတန်မှ သတိထားသင့်ပါတယ်။

အဲဒီ့နိုင်ငံမှာ သိသိသာသာ ပိုများနေတာနဲ့ ပတ်သက်တဲ့ တချို့သူတွေရဲ့ အဆိုကြမ်းတစ်ခုကတော့ လွန်ခဲ့တဲ့ နှစ် ၃-၄၀ အတွင်းမှာ အဲဒီ့နိုင်ငံသူတွေ ပဋိသန္ဓေတားဆေးများကို ပဲလှော်ဝါးသလို ၀ါးခဲ့ကြတာရဲ့ အကျိုးဆက်လည်း ဖြစ်နိုင်တယ်လို့ ဖတ်ဖူးပါတယ်။ အတည်ပြုလို့ မရတဲ့ အဆိုကြမ်းပါပဲ။
ကျား-မ၊ အသားအရောင်၊ ကိုယ်အင်္ဂါပြည့်စုံမှု-ချို့ယွင်းမှု၊ ကိုးကွယ်ယုံကြည်မှု၊ ဇာတိမျိုးနွယ်၊ အသက်အရွယ်များကြောင့် လူနဲ့ လူချင်း မတူသလို မတန်သလို ဆက်ဆံတာ (discrimination) ကို လက်မခံဘူး၊ ကျားဖြစ်ဖြစ် မဖြစ်ဖြစ်၊ ဘယ် ဇာတိကဖြစ်ဖြစ်၊ ဘာဘာသာပဲ ကိုးကွယ်ကိုးကွယ်၊ ကျိုးကျိုး ကန်းကန်း လူကို လူလိုသာ မြင်ရေးကို ဦးစားပေးချင်တယ် ဆိုကြပါရင် သည်ကိစ္စမှာလည်း လိုတာထက် များတာတွေ၊ နည်းတာတွေ၊ သိသိသာသာ ပိုများတာတွေကို ကြောင့်ကြစိုက်မနေတော့ဘဲ ကိုယ်နဲ့ တန်းတူ လူသားများအဖြစ် ရှုမြင်ပေးသင့်နေပါပြီ။ ဒါဆိုရင်တော့ ကျွန်တော်တို့ နေထိုင်တဲ့ လောကကြီးဟာ သိပ်ကို မင်္ဂလာရှိနေမှာပါခင်ဗျား။

ပုန်းပုန်းပွင့်ပွင့်၊ ဘိုင်၊ ဂလန် ကြိုက်တာဖြစ်၊ သူတို့သည်လည်း ၃၁ ဘုံမှာ ကျင်လည်နေတဲ့ ဝေနေယျသတ္တ၀ါအပေါင်းထဲမှာ ပါဝင်တဲ့ ကျွန်တော်တို့နဲ့ အတူတူ လူသားတွေပဲ မဟုတ်ပါလားခင်ဗျာ။

မေး။     ။ ခုနက ဆရာပြောသွားတာက အရွယ်မရောက်သေးတဲ့ ဆယ်ကျော်သက်တွေ၊ ကလေးအရွယ်တွေက အပုန်းတွေရဲ့ သားကောင်ဖြစ်ရတယ်ဆိုတာကို နည်းနည်းလောက် ရှင်းပြပါ ဆရာ။

အတ္တကျော် ။   ။ ဆယ်ကျော်သက်အရွယ် ကြီးကောင်ဝင်စမှာ လိင်ကိစ္စကို စိတ်ဝင်စားတတ်တာ သဘာဝပါ။ သည်အရွယ် သည်အချိန်မှာ ဘာဆို ဘာမှ ကောင်းကောင်းကန်းကန်း မသိသေးဘူး။ သည်အချက်ကို အပုန်းတွေက အခွင့်ကောင်းယူပြီး သူတို့ရဲ့ အာလျကို ဖြည့်ဆည်းပေးမယ့်သူများအဖြစ် စည်းရုံး သိမ်းသွင်းကြပါတယ်။ စည်းရုံးတယ်ဆိုပေမယ့် receiver အဖြစ် စည်းရုံးတာ မဟုတ်ဘဲ သူတို့လိုအင်ကို ဖြည့်ပေးမယ့် provider အဖြစ် စည်းရုံးတတ်တာပါ။ အရွယ်မရောက်သူတွေကို receiver အဖြစ် abuse လုပ်တာကတော့ heterosexual တွေလည်း လုပ်တတ်ကြတယ်။ အမျိုးသမီးတွေလည်း heterosexual acts အတွက် အရွယ်မရောက်သေးသူတွေကို ကျူးလွန်တတ်ကြတယ်။ အရွယ်မရောက်သေးတဲ့ မိန်းကလေးတွေလည်း သည်ဒဏ်ကို ခံကြရတယ်။ သို့သော် ရှက်လို့၊ ဖုံးဖိထားကြလို့၊ ကြောက်လို့ မပြောကြတာတွေ အများကြီးပါ။ ယောက်ျားများ လွှမ်းမိုးတဲ့ နေရာတွေဖြစ်တဲ့ အကျဉ်းထောင်တွေ၊ တူညီဝတ်စုံဝတ် အဖွဲ့တွေ၊ ဘုန်းကြီးကျောင်းတွေမှာ အဖြစ်များပါတယ်။ သို့သော် ဒါကိုလည်း လူ့ဘောင်ကပါ မသိစိတ်နဲ့ အလိုတူ အလိုပါ လုပ်ပြီး ဖုံးဖိပေးထားသလို ဖြစ်နေတယ်။ဒါနဲ့ ပတ်သက်လာရင် child sex offender တွေကို ထိထိရောက်ရောက် အရေးယူပေးဖို့ လိုပြန်သလို awareness raising လည်း လိုပါတယ်။ အဲဒီ့ မဖွယ်ရာမှုကို ကျူးလွန်သူတွေက ပြင်ပက သူစိမ်းတွေ အင်မတန်မှ နည်းလှပါတယ်။ သုတေသနတွေအရ ကလေးတွေနဲ့ အတူနေပြီး ရင်းနှီးနေကြတဲ့ ဆွေမျိုးသားချင်းတွေ၊ ဆရာ/ဆရာမတွေ ကျူးလွန်တဲ့ အမှုက ရာခိုင်နှုန်းပိုများကြောင်းပါ။

မေး။  ။ စိတ်မှာ လိင်တူနှစ်သက်သူဖြစ်နေပေမယ့် အကြောင်းကြောင်းကြောင့် ပွင့်ပွင့်လင်းလင်း မဖြစ်ရတဲ့အခါ ကာယကံရှင်ကိုယ်တိုင်ကို ဘယ်လိုထိခိုက်နိုင်တာတွေ ရှိနိုင်သလဲဆရာ။

အတ္တကျော် ။   ။ အဖြေက ရှင်းပါတယ်။ ဆာလောင်မွတ်သိပ်နေသူ အစာမစားရဘဲ ငတ်လွန်းမက ငတ်လာတဲ့အခါ ဘယ်လို ဖြစ်လာမလဲ။ သည်လိုပါပဲ။ သိပ်ကို တောင့်တ တပ်မက်တာတစ်ခုကို လူမသိအောင် ဖုံးဖိထားရသူရဲ့ စိတ်အခြေအနေဟာ အကဲဆတ်နေတော့မှာ ဖြစ်ပါတယ်။

မေး ။   ။ လိင်တူချင်းနှစ်သက်တာဟာ စိတ်ရောဂါတစ်ခုပါလား ဆရာ။

အတ္တကျော် ။   ။ မဟုတ်ပါဘူး။ အရင်က စိတ်ပညာစာအုပ်တွေမှာတော့ အဲဒါကို စိတ်ရောဂါစာရင်းမှာ ထည့်ထားခဲ့ကြဖူးတယ်။ ခုနှစ်တော့ မမှတ်မိဘူး၊ ကုလသမဂ္ဂ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက လိင်တူချင်း တပ်မက်မှုကို စိတ်ရောဂါ စာရင်းက တရားဝင် ပယ်ဖျက်ပေးခဲ့တာ နှစ်နဲ့ ချီနေပါပြီ။

မေး ။   ။  တရားသဘောနဲ့ ပြောမယ်ဆိုရင် အတိတ်ကံလို့ ပြောလို့ရပါသလား ဆရာ။

အတ္တကျော် ။   ။ အဲဒါက ကျွန်တော် သိပ်လက်လှမ်းမမီတဲ့ နယ်ပယ်ပါ။ ကျွန်တော့် ဗုဒ္ဓဘာသာ အသိလေး တစ်ထွာတစ်မိုက်နဲ့ဆိုရင်တော့ ဟုတ်ပါတယ်လို့ ဖြေလိုက်ရမယ် ထင်ပါရဲ့

မေး ။   ။  အခြေအနေတွေကတော့ ဖြစ်လာခဲ့ပြီ။ ဒါပေမဲ့ အကောင်းဆုံးဖြစ်အောင် ဘာတွေ လိုအပ်ပါမလဲ ဆရာ။

ဆရာအတ္တကျော် ။   ။ Awareness raising, acceptance, non-discrimination ပါပဲ။ အများစု အနေနဲ့ ဒါဟာ ရှောင်လွှဲလို့ မရတဲ့ အရာ၊ ဘုရားဟောခဲ့သလို လူတိုင်း တစ်မျိုးမဟုတ် တစ်မျိုး ရူးနေကြတာမို့ သူတို့ကို မူမမှန်ဘူးလို့ သတ်မှတ်မယ်ဆိုရင် ကိုယ်လည်း မူမမှန်သူဖြစ်တာကို နှစ်နှစ်ကာကာ လက်ခံပြီး သူတို့တွေကို တန်းတူ ရည်တူ လူသားများအဖြစ် ဆက်ဆံပြီး သူတို့ကြိုက်တာ သူတို့ ကြိုက်ခွင့်ပေးလိုက်နိုင်ရင် အကောင်းဆုံးပါပဲ။

စကားစပ်လို့ ပြောရရင် လွန်ခဲ့တဲ့ ၁၂ နှစ်ကျော်က ကျွန်တော့်ကို တစ်ယောက်က မေးဖူးတယ်။ အဲတုန်းက ကျွန်တော့်သားအသက်က ၈နှစ်လောက်ပဲ ရှိသေးတယ်။ သူ့ လိင်စိတ်ကို တိတိကျကျ မသိရသေးတဲ့ အရွယ်ပေါ့။ အဲဒီ့လူက မေးတယ်၊ လိင်တူချင်း စုံမက်သူတွေကို ဘယ်လို သဘောထားလဲတဲ့။ လူတွေလိုပဲ သဘောထားတယ်လို့ ကျွန်တော်ဖြေတော့ သူက သိပ်ဘ၀င်မကျဘူး။ ဒါနဲ့ ဆက်မေးတယ် “ခင်ဗျားသားသာ လိင်တူချင်း တပ်မက်မယ်ဆိုရင် ခင်ဗျား ဘယ်လိုနေမလဲ”တဲ့။ ကျွန်တော် မဆိုင်းမတွပဲ ဖြေလိုက်ပါတယ်။ ဘယ်လိုမှ မနေပါဘူး၊ သူက ကျွန်တော့်သားပဲ။ ကျွန်တော် သဘောမတူတဲ့ မိန်းမနဲ့ အိမ်ထောင်ပြုသလောက်ပဲ ကျွန်တော် ခံစားရမှာပါလို့။

အဲဒီ့အတွေးအမြင်မျိုး မွေးနိုင်ကြမယ်ဆိုရင်တော့ လောကကြီးက နေလို့ ကောင်းနေမှာပါ။ မမေ့သင့်တဲ့အချက် နောက်တစ်ချက်က လိင်တူချင်း စုံမက်သူတွေထဲမှာလည်း သိပ်ကို ထူးချွန် ထက်မြက်သူတွေ ရှိနေတာပါပဲ။ မြန်မာပြည်မှာ အထင်ကရ ရှိဖူးသလို ရှိနေသလို ကမ္ဘာမှာလည်း မနည်းပါဘူး။ အထင်ရှားဆုံးကတော့ အမေရိကန် သမိုင်းရဲ့ ပြောစမှတ်အတွင်ဆုံး သမ္မတကြီး (လင်ကွန်း လင်ကွန်းလို့ မြန်မာတွေ ခေါ်ကြတဲ့) အေဘရာဟင်(မ်) လင်းခန်း(န်)ပါပဲ။

အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ် ဆရာ။

Talking About Sexuality

အချိန်ရမှ နားထောင်ပါ

ရန်ကုန်မြို့မှာ ရုံးစိုက်တဲ့ Burnet Institute က သူတို့ရဲ့ Gender and Sexuality Training Workshop မှာ ဧည့်ဟောပြောသူအဖြစ် Sexuality and Youth ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောပေးဖို့ ကျွန်တော့်ကို ဖိတ်ကြားလာပါတယ်။ လူငယ် ၂၁ ဦး တက်ရောက်တဲ့ အဲဒီ့ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နေ့လည် တစ်နာရီခွဲကနေ နှစ်နာရီခွဲအထိ ကျွန်တော် သွားပြောပေးခဲ့ပါတယ်။

အလုပ်ရုံဆွေးနွေးပွဲ ကျင်းပနေတာ တတိယမြောက်နေ့ဖြစ်တဲ့အပြင် ကျွန်တော့် ရှေ့မှာ ဆရာမကြီး ဒေါက်တာ ဒေါ်မြင့်မြင့်ခင်နဲ့ ဒေါက်တာ ဒေါ်ခင်အေးဝင်းတို့ ပြောသွားခဲ့ပြီး ဖြစ်တာမို့ ဘာပြောရမယ်မှန်း၊ ဘာလိုအပ်မယ်မှန်း မသိပါဘူး။ ဒါ့ကြောင့် Sexuality (လိင်မှုရေးရာ) အကြောင်းပြောမယ်ဆိုရင် လိင်မှုရေးရာ အသိပညာ၊ လိင်မှုရေးရာ သဘောထား၊ လိင်စိတ် ကိုင်းညွတ်မှု၊ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး အစရှိသဖြင့် ဘာသာရပ်ခွဲတွေ ရိှပါကြောင်းနဲ့ အဲဒီ့ထဲကမှ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဖယ်ရှားကာ ကျန်တဲ့ ခေါင်းစဉ်များအောက်က မေးလိုရာ မေးကြဖို့ လမ်းဖွင့်ပေးလိုက်ပါတယ်။

မေးရာမှာ ပုဂ္ဂလိက မေးခွန်းတွေ မဖြစ်စေချင်တဲ့အတွက် အဖွဲ့ လေးဖွဲ့ ခွဲပြီး တက်ရောက်သူတွေ အချင်းချင်း ဆွေးနွေးညှိနှိုင်းကြကာ မေးခွန်းတွေကို စာနဲ့ ရေးမေးကြဖို့ အချိန် ငါးမိနစ်ပေးခဲ့ပါတယ်။ အဲဒီ့က တက်လာတဲ့ မေးခွန်းတွေကို ဖြေကြားပေးရင်း ကျွန်တော့် ဟောပြောမှု အစီအစဉ်ကို တင်ဆက်ခဲ့ပါတယ်။ အဲဒီ့ ဖြေကြားချက် အသံဖိုင်ကို တင်ပေးလိုက်ပါတယ်။

စုစုပေါင်း တစ်နာရီ နီးပါး (အတိအကျ ပြောရင် ၅၆ မိနစ်)  ကြာမြင့်တဲ့အတွက် အေးအေးဆေးဆေး အချိန်အား ရတော့မှသာ နားဆင်တော်မူကြပါခင်ဗျား…

Can a Person be Dragooned into Homosexuality?

မိန်းမလျာ “ဇာတ်သွင်းခံလိုက်ရတယ်” ဆိုပါလားကွယ်…

မင်္ဂလာပါလို့ စာရေးတဲ့ ကျွန်တော် အတ္တကျော်က ဦးစွာပထမ ဂါရဝနဲ့ နှုတ်ခွန်းဆက်ပါရစေလား ခင်ဗျာ။ သည်တစ်ခါတော့ တစ်ဆင့်ကြားစကားကနေ ယုံမှားတဲ့ အတွေးပေါ်လာရာက ကျွန်တော့်ကို စာတွေ ရေးခိုင်းလာတဲ့ စာလေးတစ်စောင်နဲ့ပတ်သက်ပြီး ဆွေးနွေးတင်ပြရတော့မှာပါ။ အများနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာမို့ သူက စာနဲ့ ရေးခိုင်းပေမယ့် စာဖတ်သူ အင်အားထက် ရေဒီယိုနားထောင်တဲ့ အင်အားက ပိုများလှတာမို့ အဲဒီ့ ကျွန်တော်၊ ကျွန်တော်နဲ့ ပြောတတ်တဲ့ ကလေးမ ရေးပြလာတဲ့ စာလေးကိုပဲ ကျွန်တော့် အစီအစဉ်ကတစ်ဆင့် ဦးစွာ ထုတ်လွှင့် တင်ဆက်လိုက်ရပါတယ်ခင်ဗျား။

ကျွန်တော် မနေ့က HIV နဲ့ ပတ်သတ်တာတွေ ဖတ်မိပါတယ်။ အဲဒီမှာ ဘာကို သွားတွေ့ရသလဲဆိုတော့ မိန်းမလျာ မဖြစ်ချင်ဘဲ ဖြစ်ရတဲ့ ဇာတ်လမ်းလေးပါ။ ကောင်လေး ဆယ်တန်းအောင်တဲ့နေ့မှာ အိမ်မှာ ဝင်ထွက် သွားလာနေတဲ့ ဦးလေးလို လူက စော်ကားလိုက်တာပါ။ ကျွန်တော် ဖြစ်စေချင်တာက အဲဒီလို မိန်းမလျာ ဇာတ်သွင်းသူ မတရား ကြံတတ်တဲ့ လူယုတ်မာတွေရဲ့ ရန်က ဘယ်လို ကာကွယ်ရမယ်ဆိုတာပါ ရေးပေးပါဆရာ။ အဲဒီဇာတ်ထဲမှာ ကောင်လေးက နောက်ပိုင်း အေပါ ကိုက်သွားတာ။

ဆရာရေးတဲ့ စာအုပ်တွေထဲမှာ မိန်းမလျာဖြစ်တဲ့ လိင်စိတ်က ပုံမှန် မဟုတ်တဲ့စိတ် မဟုတ်ဘဲ ပုံမှန်စိတ်ဖြစ်လို့ ဘဝကို ရဲရဲရင့်ရင့်နေကြပါလို့ ဆရာ့စာတွေက ညွှန်းတယ်လို့ ခံစားမိပါတယ်။ ဒါပေမယ့်ဆရာ၊ ယောက်ျားချင်းပဲ ဖြစ်ဖြစ်၊ မိန်းကလေးပဲ ဖြစ်ဖြစ် စော်ကားခံရရင် ခံရချင်း မိဘကိုသာ အသိပေးမယ်ဆိုရင်၊ ပွင့်လင်းတဲ့ မိဘတွေနဲ့ နွေးနွေးထွေးထွေး ဆက်ဆံရေး ရှိမယ်ဆိုရင် အများကြီး အဆင်ပြေမှာပါ။

အများစုက အယုံလွယ်တယ်။ အရှက်အကြောက်ကြီးတယ်။ ဦးနှောက်မရှိဘူး။ အများပြောရင် ယုတ္တိ မရှိလည်း ယုံကြတာ များတယ်။ အဓိကကတော့ အတွေးအခေါ်ပါပဲ။ ပိတ်လှောင်ထားတဲ့ လွဲမှားတဲ့ အရှက်တရားတွေအစား ပွင့်လင်းမျှတတဲ့ လောကကြီးကို ရရှိစေဖို့ ဆရာတို့လို ပွင့်ပွင့်လင်းလင်း ရေးသားနေတဲ့သူတွေ၊ ပရိတ်သတ် များနေတဲ့ လူတွေက များများကြီး ရေးပေးစေချင်ပါတယ်။ ဒါမှ ကျွန်တော်တို့ ကလေးတွေ အုံ့ပုန်းနှိပ်စက်ခံရတဲ့ဘေးက ကင်းဝေးမှာဗျ။

ဆရာရေ ဆရာ့စာတွေက ပြည်သူတွေအတွက် အလင်းဖြစ်စေပါတယ်။ အရေးကြီးတာက အလင်းကို အလင်းလို့ မမြင်ဘဲ အလွဲသုံးစား လုပ်မယ့်သူတွေ မပေါ်ဖို့ပါဘဲ။ ကျေးဇူးအများကြီးတင်ပါတယ်။

အင်း… အများအတွက် ထည့်တွက် ငဲ့ကွက် စဉ်းစားပေးတတ်တဲ့ ကလေးမလေးတစ်ယောက်ရဲ့ အမောပါ။ တစ်နည်း ပြောရင် သူ့အမောထဲမှာ စေတနာလေးပါနေတာမို့ သည်ကလေးမလေးရဲ့ စာလေးက ကျွန်တော့်စိတ်ကို ကြည်နူးစေ၊ ပီတိဖြစ်စေပါတယ်။ ကိုယ်နဲ့ ဘယ်လိုမှ မသက်ဆိုင် မပတ်သက်တဲ့၊ ကိုယ်မြင်တောင်မှ မမြင်ဖူးလေတဲ့ တခြား တစ်ပါးသူများအတွက် ထည့်တွက် စဉ်းစားပေးတဲ့စိတ်ဆိုတာဟာ ကြီးကြီးကျယ်ကျယ်ပြောရရင် ပရဟိတစိတ် ဖြစ်ပါတယ်။ သည်လို စိတ်မျိုးနဲ့ လူငယ်လေးတွေသာ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ များသထက်များလာမယ်ဆိုရင် ကျွန်တော်တို့ လူ့ဘောင်ရဲ့ အနာဂတ်ဟာ သိပ်ကို လှပနေတော့မှာမို့ သူ့စာလေးက ကျွန်တော့်ကို ပီတိဖြစ်သွားစေခဲ့ပါတယ်။

“သားငယ်တို့ နားလည်ဖို့”တို့၊ “ယောက်ျားသားချင်း ပွင့်ပွင့်လင်း”တို့လို ကျွန်တော့် စာအုပ်တွေမှာရော မဂ္ဂဇင်းဂျာနယ် တွေထဲက ကျွန်တော့် စာတွေထဲမှာပါ လိင်တူချင်း တပ်မက်သူများကို ခွဲခြားဆက်ဆံတာမျိုး မလုပ်ကြဖို့နဲ့ လိင်တူချင်း တပ်မက်မှုဟာ မူမှန်စိတ်သာ ဖြစ်ကြောင်းများကို ရေးပြခဲ့ဖူးပါတယ်။ စာရေးလာသူ ကလေးမလေးက အဲဒီ့စာတွေနဲ့ ရင်းနှီးနေပုံရတယ်။ အဲဒီ့ အချိန်မှာ HIV နဲ့ ပတ်သက်တဲ့စာတချို့ကို ဖတ်မိရာက အဲဒီ့စာတွေထဲမှာပါတဲ့ အကြောင်းအရာလေးကို ထောက်ပြီး ကျွန်တော့် စာတွေက အဆိပ်အတောက်များ ဖြစ်နေလေမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ ယဉ်ယဉ်ကျေးကျေး သတိပေးတဲ့စာလေး ကျွန်တော့်ဆီ ပို့ပေးလိုက်တာပါပဲ။

သူ့စာထဲမှာ နှစ်ပိုင်း ပါပါတယ်။ တစ်ပိုင်းက သူပြောသလို ဇာတ်သွင်းတယ်ဆိုတဲ့ အပိုင်းပါ။ ဒုတိယတစ်ပိုင်းက မိဘနဲ့ သားသမီးကြားမှာ ပွင့်လင်းကြဖို့နဲ့ ယောက်ျားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် ကိုယ့်ကို တစ်စုံတစ်ယောက်က မဖွယ်မရာ လုပ်လာခဲ့ရင် မိဘကို ဖွင့်ဟ အသိပေးတိုင်ပင်နိုင်ဖို့ လိုအပ်တယ်ဆိုတဲ့ အပိုင်းဖြစ်ပါတယ်။ ဒုတိယပိုင်းဖြစ်တဲ့ အရွယ်မရောက်သေးသူများကို မဖွယ်မရာလုပ်တာနဲ့ ပတ်သက်ပြီး မကြာသေးခင်က ထွက်ထားတဲ့ ကျွန်တော့်ရဲ့ “မိန်းမသားတို့ သိမ်းထားဖို့” စာအုပ်ထဲမှာ “ကလေးသူငယ် မဖွယ်မရာ ပြုကျင့်မှုများနှင့် စပ်လျဉ်း၍”ဆိုတဲ့ ခေါင်းစဉ်နဲ့ အကျယ်တဝင့် ရေးသား တင်ပြခဲ့ပြီး ဖြစ်သလို မိန်းကလေးငယ်လေးတွေကို ကာယဗလနဲ့ အနိုင်ကျင့်ပြီး မဖွယ်မရာလုပ်တာတင် မကဘဲ ပါးစပ်နဲ့ ထိကပါး ရိကပါး လုပ်တာ၊ လက်နဲ့ မထိတထိ လုပ်တာများကအစ ဘယ်လို ကာကွယ်ရမယ်၊ ဘယ်လို အရေးယူရမယ်ဆိုတာများကိုပါ ဆိုင်တွေပေါ်မှာ မပြတ်သလောက်ရှိနေလေတဲ့ ကျွန်တော့်ရဲ့ “မီးငယ်တို့ အသိကြွယ်ဖို့” စာအုပ်ထဲမှာ ကျယ်ကျယ်ဝင့်ဝင့် ဆွေးနွေးတင်ပြထားပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် သည်အပိုင်းကို လောလောဆယ်မှာ အဓိကထားပြီး မဆွေးနွေးတော့ဘဲ ပထမပိုင်းဖြစ်တဲ့ မိန်းမလျာ ဇာတ်သွင်းခံရတယ်ဆိုတဲ့ အပိုင်းကိုပဲ အလေးထားပြီး ဆွေးနွေးသွားချင်ပါတယ်။

တကယ်တော့ အများက ပြောရင် ယုတ္တိတန်တန် မတန်တန် နင်းကန် ယုံတတ်ကြတော့တာပဲလို့ ကလေးမလေးက ရေးထားသလို အခုစာရေးလာသူ ကလေးမလေးဟာလည်းပဲ ယုတ္တိမတန်တဲ့စကားကိုယုံမှားပြီး ကျွန်တော့်ဆီ စာရေးလာတာပါ။ သူ့ စကားသာ မှန်ကန်မယ်၊ ယုတ္တိတန်မယ်ဆိုရင် အခု သည်စကားတွေ ပြောနေတဲ့ ကျွန်တော်တစ်ယောက် အခြောက်ဖြစ်သွားတာ နှစ်ပေါင်း ကြာလှရောပေါ့ခင်ဗျား။

သူပြောတဲ့ ကလေးကမှ ဆယ်တန်း အောင်ပြီးတဲ့အချိန်မှာ မိန်းမလျာ ဇာတ်အသွင်းခံရတာမို့ အဖျင်းဆုံး အသက်က ၁၆ နှစ်လောက်မှာ ဖြစ်ပါတယ်။ ကျွန်တော် ရင်ဆိုင်ခဲ့ရတာက အဲဒီ့ထက် များစွာ ငယ်နုလှသေးတဲ့ အသက် ၁၁ နှစ်မပြည့်ခင် ငါးတန်း ကျောင်းသားအရွယ်မှာပါခင်ဗျား။ ဒါတင်မကသေးပါဘူး။ ကလေးဘဝက ကျွန်တော် ကြောက်ရတဲ့၊ ကျွန်တော့်ကို အမြဲတစေ အနိုင်ကျင့်ခဲ့တဲ့ ကစားဖက်ဟာလည်းပဲ ယနေ့အခါမှာ မိန်းမလျာ ရင့်မာကြီးတစ်ယောက် ဖြစ်နေသလို ငယ်ငယ်လေးကတည်းက ဆရာဝန်လုပ်တမ်း ကစားတယ်၊ ဆရာဝန်လုပ်တမ်း ကစားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျွန်တော့်ရဲ့ လူတကာ မထိအပ်တဲ့ နေရာတွေကို ပယ်ပယ်နယ်နယ် ကိုင်တွယ် ဆော့ကစားခဲ့ဖူးပါတယ်။ အဲတုန်းကတော့ ကလေးမို့လို့ ဒါဟာ မိန်းမလျာတွေရဲ့ အမူအကျင့်မှန်း ဘယ်သိခဲ့ပါ့မလဲဗျာ။

အဲဒါမျိုးကို နဖူးတွေ့ ဒူးတွေ့ သိခွင့်ရတာက စောစောက ပြောတဲ့အတိုင်း အသက် ၁၁ နှစ်မပြည့်တပြည့် ငါးတန်းကျောင်းသား အရွယ်မှာဖြစ်ပါတယ်။

ဖြစ်ပုံက သည်လိုပါ။ ကျွန်တော်က လေးတန်းတစ်နှစ်လုံး ကျောင်းအိပ်ကျောင်းစား နေခဲ့ရသလို ငါးတန်းကျတော့ လည်း မန်းရွှေမြို့တော်ကြီးမှာ ကျောင်းအိပ် ကျောင်းစား ထပ်နေရပြန်ပါတယ်။ နေရတဲ့ ကျောင်းက ယောက်ျားလေးတွေချည်း ထားတဲ့ အထက်တန်းကျောင်းပါ။ အဲတော့ ဘော်ဒါမှာက ကျောင်းသားကြီးတွေ ရှိပါတယ်။ ယောက်ျားလေး တွေချည်းလည်း စုနေတဲ့ နေရာ၊ အဆောင်လည်း အဆောင်ဖြစ်တာမို့ ကျွန်တော်တို့လို ကလေးတွေကို ကျောင်းသားကြီးတွေက အတတ်စုံတွေ သင်ပေးကြပါတယ်။ ကျောင်းသားကြီးတွေလို့သာ ပြောရတာ၊ သူတို့တွေ ကိုယ်တိုင်ကလည်း အထက်တန်းကို မလွန်မြောက်ကြသေးတော့ ဆယ်ကျော်သက် အရွယ်ကို မလွန်မြောက်ကြ သေးပါဘူး။ သည်တော့ကာ သူတို့ကိုယ်တိုင်ကလည်း လက်တည့်စမ်းချင်တဲ့ စိတ်ကလေးတွေနဲ့ ကျွန်တော်တို့ ကလေးတွေကို မဟုတ်တာတွေ အကုန်သင်ပါတယ်။ အဲဒီ့အကျိုးကျေးဇူးကြောင့် ကျွန်တော်ဟာ ဖိုမရေးရာတွေကို အရွယ်မတိုင်ခင်ကတည်းက စတင် ကြားဖူးလာရပါတော့တယ်။

တစ်ဖက်ကလည်း သူတို့တွေက လိင်ဆက်ဆံမှု မပါဝင်ဘဲ ယောက်ျားချင်း အာသာဖြေပေးတဲ့ အလုပ်ကို ကျွန်တော်တို့ ကျောင်းသားငယ်လေးတွေကို လုပ်ခိုင်းတတ်ပါတယ်။ သည်အတွက်ကြောင့် ကျွန်တော် ပြောလိုက်ရတာပါ။

ဇာတ်သွင်းလို့ တကယ်ရပြီး လိင်တူချင်းသာ တပ်မက်ကြရစတမ်းဆိုရင် အဲဒီ့အရွယ်ကတည်းက ကျွန်တော့်မှာ လိင်တူချင်း စွဲလန်းသွားစရာ အခွင့်အလမ်းက မတန်တဆကို များလွန်းလှပါတယ်။ ဒါပေမယ့် သူတို့တွေ ကျေးဇူးကြောင့် အရွယ်မတိုင်ခင် အတတ်ကောင်းတွေ တတ်လာရတဲ့ ကျွန်တော့်မှာ အဲဒီ့အရွယ်ကတည်းက လိင်မတူလေတဲ့ မိန်းမသားများအပေါ်မှာ မဖွယ်ရာတဲ့ စိတ်နဲ့သာ ပြင်းပြင်းပြပြ စွဲလန်းတတ်လာခဲ့တော့တာ ဘဝတစ်လျှောက်လုံးပါ။

ဒါနဲ့ ပြီးရောလားဆိုတော့ မပြီးသေးပါဘူး။ နောက်တစ်နှစ်မှာ ကျွန်တော် ရန်ကုန် ရောက်လာပါတယ်။ အဲဒီ့ရဲ့ နောက်တစ်နှစ် ကျွန်တော် ခုနစ်တန်းနှစ် အသက် ၁၃ နှစ်မပြည့်ခင်မှာ တကယ် လိင်တူချင်းတပ်မက်သူ အရွယ်ကောင်း အမျိုးသားတစ်ဦးကို ဘဝရဲ့ ပထမဆုံးအကြိမ်အဖြစ် စတင် ရင်ဆိုင်လိုက်ရပြန်ပါတယ်။ အဲဒီ့အချိန်မှာ သူနဲ့ ရင်ဆိုင်ရတာ ကျွန်တော်တစ်ယောက်တည်း မဟုတ်ဘဲ ရွယ်တူ သူငယ်ချင်း ၆ ယောက်လောက်လည်း ပါပါတယ်။

ကျွန်တော်တို့ စတင် ရင်ဆိုင်လိုက်ရတဲ့ အရွယ်ကို သတိထားတော်မူကြစေလိုပါတယ်။ တကယ့်ကို ဆယ်ကျော်သက်ထဲ ချင်းနင်းဝင်ရောက်စ၊ ကြီးကောင်ဝင်စ ၁၃ နှစ်ဆိုတဲ့ အရွယ်ပါခင်ဗျား။

အဲတုန်းက ကျွန်တော်တို့ အားလုံး မကြုံဖူးလို့ မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်သွားခဲ့ကြတာက လွဲရင် ရယ်စရာတစ်ခု အဖြစ်သာ သဘောထားခဲ့ကြပါတယ်။ အဲဒါကို ကြုံခဲ့ရတဲ့ ကျွန်တ်ာအပါအဝင် ခုနစ်ယောက်စလုံးလည်း ယနေ့အခါမှာ အသက် ၅၀ ကျော်တန်းကို ရောက်လာခဲ့ကြတယ်၊ အားလုံး သားနဲ့ မယားနဲ့၊ ဘယ်ကောင်မှလည်း မိန်းမလျာ ဖြစ်သွားတယ်၊ ဒါမှမဟုတ်လည်း မိန်းမလျာရဲ့ အဖော်အဖြစ် နေသွားတယ်လို့ မကြားရပါဘူး။

ဆက်ပြောပါရစေဦး။ ကျွန်တော့် အသက် ၁၉၊ ၂၀ ဆယ်တန်းအောင်ပြီးချိန်မှာတော့ ကျွန်တော်ဟာ ရန်ကုန်မြို့ရဲ့ အဲဒီ့အချိန်က လိင်တူချင်း တပ်မက်သူ ပဂေးကြီးများနဲ့ လုံးလား ထွေးလားနေခဲ့ပါတယ်။ သူတို့စကားနဲ့ ပြောရင် သူတို့ရဲ့ သူငယ်လေးအဖြစ် သူတို့ ဆွဲစားတာကို ကျွန်တော် လိုလိုချင်ချင် ခံခဲ့ပါတယ်။ ဘာရယ် မဟုတ်ပါဘူး၊ အဲဒီ့အရွယ်ကတည်းက ကိုယ့်ကိုယ် ကိုယ် စာရေးဆရာအမှတ်နဲ့ ဘဝင်မြင့်နေတဲ့ ကျွန်တော်ဟာ သူတို့တွေရဲ့ အခြေအနေကို စူးစမ်းကြည့်ချင်တဲ့ စိတ်နဲ့ပါ။ ခက်တာက သူတို့တွေကလည်း တစ်ယောက်ဆို တစ်ယောက် စွဲစွဲမြဲမြဲသာ ရှိစေချင်တတ်ပါတယ်။ စူးစမ်းချင်တဲ့ ကျွန်တော်ကလည်း လူတကာနဲ့ ရောရောနှောနှော နေပါတယ်။ အားလုံးကို လိုက်လိုက်လျောလျောနေပါတယ်။ အဲဒါကို သူတို့ မကြိုက်ကြပါဘူး။ သည်မှာတင် ကျွန်တော့်ကို သူတို့က သိပ်အရောတဝင် မလုပ်ကြတော့ပါဘူး။

ပြောချင်တာက အဲဒီ့အရွယ်မှာကျတော့ ကျွန်တော်ဟာ လိင်တူချင်းတပ်မက်သူများနဲ့ အတွင်းကျကျ ထဲထဲဝင်ဝင်နေခဲ့ဖူးတယ် ဆိုတဲ့အချက်ပါ။ အဲဒီ့မှာကျတော့ သူတို့က ကျွန်တော့်ကို ဇာတ်မသွင်းကြတာကို အထင်အရှားတွေ့ရပါတယ်။ ကျွန်တော့်ကို ယောက်ျားတစ်ယောက်လိုသာ ဆက်ဆံခဲ့ပါတယ်။ သူတို့နဲ့ ထဲထဲဝင်ဝင် ရင်းရင်းနှီးနှီး ပတ်သက်ခဲ့တဲ့ ကာလဟာ စုစုပေါင်း ၃-၄ နှစ်မက ကြာခဲ့ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်ဟာ သူတို့ကို စာနာမိတာက လွဲလို့ စွဲလန်းစိတ်လည်း မဖြစ်ပေါ်၊ တပ်မက်ဖို့ဆိုတာ ဝေလာဝေးပါ။ ခေတ်စကားနဲ့ ပြောရရင် လိင်တူချင်းတပ်မက်သူတွေကို ကျွန်တော် ဘယ်လိုမှ ဖီလင် မလာပါဘူး။ ကျွန်တော် တကယ်ဖီလင်လာတာက ဆန့်ကျင်ဘက်လိင် မိန်းမသားတွေသာ ဖြစ်ပါတယ်။ သူတို့နဲ့ ၃-၄ နှစ်မက အရောတဝင် နေခဲ့ဖူးပါလျက်ကနဲ့ တစ်စက်မှ သူတို့အပေါ် ဖီလင်မလာဘူး ဆိုကတည်းက ဇာတ်သွင်းဖို့ နေနေသာသာ သူတို့ကို စိတ်လာအောင်တောင် ဇွတ်လုပ်ယူလို့ ရတယ်ဆိုတဲ့အချက်ကို ကျွန်တော် ဘယ်လိုမှ လက်ခံပေးလို့ မရတာကို နားဆင်နေသူ ချစ်မိတ်ဆွေများ နားလည်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

ဒါဖြင့် သည်စကား ဘယ်လိုဖြစ်လာတာတုံးလို့ ဆန်းစစ်ဖို့ လိုလာပါတယ်။ အမှန်ကတော့ လူတင်ပါလို့ နွားကျားကိုက် တာပါ။ မူလကတည်းက အဲဒီ့ကာယကံရှင်မှာ လိင်တူချင်း တပ်မက်တဲ့ စိတ်အခံလေးက တစ်ထောင့်တစ်နေရာမှာ ရှိနှင့်ပြီးသားဖြစ်နေပါလိမ့်မယ်။ သို့သော်လည်း ဒါမျိုးကို လူ့ဘောင်က ဝိုင်းကြဉ်ထားလေတော့ကာ သည်စိတ်ရှိတယ်လို့ ဝန်ခံဖို့ သိပ်ခက်နေတယ်။ သူ့ကိုယ်သူလည်း အားတင်းပြီး သည်စိတ်ကို ဖျောက်ကြည့်နေတယ်။ ခက်တာက ကျွန်တော် ပြောနေကျအတိုင်း သည်စိတ်မျိုးက ဘယ်သန်တဲ့သူက ဘယ်သန်သလို၊ ညာသန်တဲ့သူက ညာသန်သလို သူ့ဟာသူ အလိုလိုဖြစ်နေတဲ့သဘာဝ။ ညာဘက်ကို မနည်းလေ့ကျင့်ထားလို့သာ စာရေးတဲ့အခါ ညာဘက်နဲ့ ရေးပေ မယ့် တကယ့်အရေးကျတော့ ဘယ်လက်က အရင် လှုပ်ရှားမိတတ်တာမျိုးကလား။

သည်စိတ်ကလည်း အလားတူပါပဲ။ ပတ်ဝန်းကျင် လူ့ဘောင်က လက်မခံဘူးလို့ နားလည်ထားလို့သာ မနည်း ကျိတ်မှိတ် မျိုသိပ်၊ သိုဝှက် ဖုံးကွယ်ထားရတယ်၊ စိတ်ထဲမှာ ရှိနေတာကတော့ ရှိနေတာပါပဲ။ ဒါကို တစ်ယောက်ယောက် က ရိပ်စားမိပြီး၊ ကျွန်တော့်ဆီ ရောက် လာတဲ့စာထဲက ဆိုရင် အိမ်ကို ဝင်ထွက်နေတဲ့ ဦးလေးလို လူက ရိပ်စားမိပြီး သူ့ဇာတိရုပ်ကို ဖော်ထုတ်လိုက်တာ ဖြစ်ပါလိမ့်မယ်။ အဲဒီ့လို ဟိုလူက ဇွတ်လုပ်တယ်ဆိုရင်တောင်မှ ငြင်းဆန်ပိုင်ခွင့်က သူ့မှာ ရှိပါတယ်။ အားချင်း မယှဉ်သာလို့ ခံလိုက်ရတယ်ဆိုဦးတောင် တစ်ကြိမ်တစ်ခါသာ ခံရမှာပါ။ သူတကယ် လက်မခံရလေအောင် တစ်နည်းနည်းနဲ့ ရှောင်ရှားနိုင်သလို လူကြီးသူမတွေကို ပြောပြ တိုင်တန်းလို့ ရနိုင်နေပါပြီ။ ဆယ်တန်းတောင် အောင်ပြီးသားလို့ ဆိုထားတော့ အသက်အရွယ်နဲ့ အသိဉာဏ်က သိပ်တော့ နိမ့်မှာ မဟုတ်တာ သေချာပါတယ်။

အဲ… သူကိုယ်တိုင်ကလည်း မစွမ်းရင်းက ရှိနေလို့သာ ကန်စွန်းခင်းတွေ ဆက်ငြိနေတာ ဖြစ်နေမှာ အင်မတန် သေချာပါတယ်။ သို့သော် လူမိသွားတဲ့အခါကျတော့ သူ့အပြုအမူ သူရှက်တယ်။ သူ့အဖြစ်သူ လက်မခံချင်ဘူး။ သည်အခါမှာ သူ့စိတ်ကြောင့် ဖြစ်ရတာ၊ သူ့ကြောင့်ဖြစ်ရတာ မဟုတ်ဘူး၊ တစ်ဖက်သားက ဇွတ်လုပ်လို့သာ ဖြစ်ရတာပါဆိုပြီး တစ်ဖက်သားအပေါ်မှာသာ အပြစ်တွေ ပုံချပါတော့တယ်။ အဲဒီ့မှာ ဇာတ်သွင်းခံရတယ်ဆိုတဲ့ စကားက ထွက်လာရတော့တာပါပဲ။

ကြားရတဲ့သူတွေကလည်း လိင်တူချင်း တပ်မက်တယ်ဆိုတာ ဘာ့ကြောင့်ဖြစ်ရမှန်း ကောင်းကောင်းကန်းကန်း နားမလည်ကြတော့ သူ့စကားကိုပဲ အဟုတ်မှတ်ပြီး စုပ်တသတ်သတ်နဲ့ သည်ဇာတ်လမ်းကို ဇာချဲ့၊ စာဖွဲ့တဲ့သူက အပီအပြင်ကြီး ဖွဲ့ထည့်လိုက်တဲ့အခါ ယုံတဲ့သူတွေကလည်း စွတ်ယုံ၊ အဲသလို ယုံတဲ့သူတွေထဲမှာ ကျွန်တော့်စာတွေ ဖတ်ထားတဲ့သူ တစ်ယောက်ကလည်း ကျွန်တော်ကပါ အဲဒီ့ ဇာတ်သွင်းတယ်ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ်တော့ ကိုယ်လွတ် ရုန်းပြီး သူတစ်ပါးအပေါ်ကိုသာ အပြစ် ပုံချတတ်တဲ့ မဟာအမှုကို အားပေး အားမြှောက် ပြုနေဘိသကဲ့သို့ ထင်မြင်လာကာ သည်စာကို ရေးလိုက်တာပါ။

အမှန်တော့ ရှင်တော်မြတ်ဘုရား မိန့်ကြားတော်မူခဲ့တဲ့အတိုင်းပဲ သတ္တဝါမှန်သမျှဟာ မိမိတို့ရဲ့ မနောကံ၊ ကာယကံ၊ ဝစီကံဆိုတဲ့ ကံသုံးပါးနဲ့ ပြုသမျှ အားလုံးရဲ့ အကျိုးဆက်ကို မပျက်မကွက်ခံစားကြရတာပါ။

အပေါင်းအသင်းမကောင်းလို့ ဆေးလိပ်စွဲတယ်၊ အရက်စွဲတယ်၊ မူးယစ်ဆေးစွဲတယ်ဆိုတာမျိုးတွေလည်း အခု ကလေးမလေး ရေးလာသလို လိင်တူချင်း တပ်မက်သူ ဘဝ မရောက်ရောက်အောင် ဇာတ်သွင်းခံရတယ်ဆိုတာမျိုး နည်းတူ လူအများကြားမှာ အလွယ်တကူ နားယောင်လွယ်ကာ အဟုတ်မှတ်တတ်ကြပါတယ်။ အဲဒီ့အထဲမှာ မိဘတွေတောင် ပါပါသေးတယ်။

ကျွန်တော့်ငယ်သူငယ်ချင်းတွေထဲမှာ ကျွန်တော်တို့ အရက်သောက်တဲ့အခါတိုင်း အမြဲတမ်းအဖော်လုပ်ပေးခဲ့တဲ့အပြင် ကျွန်တော်တို့ မူးပြီး ရမ်းလေသမျှ အနွံအတာ မျိုးစုံ ခံခဲ့တဲ့အပြင် အန်ဖတ်ပါ ကျုံးပေးခဲ့တဲ့အထိ သည်းခံခဲ့ပေမယ့် သူတို့ကိုယ်တိုင်ကဖြင့် ယနေ့ အသက် ငါးဆယ်ကျော်တဲ့တိုင် အရက်တစ်စက်ကိုသော်မှ ပါးစပ်ထဲ မထည့်ခဲ့ဖူးသူတွေ ရှိပါတယ်။ အဲဒီ့ကောင်တွေကို ကျွန်တော်တို့က ဘယ်လောက် တိုက်တိုက် မသောက်ပါဘူး။ အဲဒါ ၁၈-၁၉ အရွယ်မှာ ဖြစ်ပါတယ်။ အလားတူပဲ၊ ကျွန်တော် ၁၈-၁၉ အရွယ်မှာ ကျွန်တော်နဲ့ ဟိုးငယ်ငယ်လေးကတည်းက တတွဲတွဲနေတဲ့ ကိုယ်ရင့်တတူ သူငယ်ချင်းတွေထဲမှာ မူးယစ်ဆေးစွဲကုန်ကြသူတွေ ရှိပါတယ်။ သည်ကောင်တွေကလည်း ကျွန်တော့်ကို စမ်းကြည့်ပါလားလို့ မြှူဆွယ်ဖူးသူက ခပ်နည်းနည်းပါ။ သည်ကြားထဲမှာပဲ ဆွယ်ဖူးသူတွေ ရှိသော်လည်း ကျွန်တော်ကိုယ်တိုင်က ယတိပြတ် ငြင်းပယ်ခဲ့တဲ့အတွက် ကျွန်တော်လည်း မူးယစ်ဆေးနဲ့ ဝေးဝေးကြီး နေခဲ့တာ ဘဝ တစ်လျှောက်လုံးပါပဲ။

အဲတော့ တချို့က စောဒက တက်လိမ့်မယ်။ ခင်ဗျားတို့က စိတ်ခိုင်တာကိုးဗျ၊ စိတ်မခိုင်တဲ့သူတွေကျတော့ အလွယ်တကူ ပါချင်ပါသွားမှာပေါ့လို့ ပြောပါလိမ့်မယ်။ အဲလိုဆိုရင်တော့ ကျွန်တော်ကလည်း ပြန်ပြောချင်ပါတယ်။ စိတ် ခိုင်တာ မခိုင်တာထက် တညင်းသီး၊ ဒူးရင်းသီး ငါးပိရည်စတဲ့ လူတိုင်း မစားနိုင်တဲ့ အစား အသောက်တစ်ခုခုရဲ့ အနံ့ကိုတောင် မခံနိုင်သူဟာ ဘယ်လောက်ပဲ ဆွယ်ဆွယ် သူ မစားချင်ရင် စားကို မစားပါဘူး။ အဲဒါဟာ စိတ်ခိုင်ခြင်း မခိုင်ခြင်းနဲ့ မသက်ဆိုင်ဘဲ တစ်ဦးချင်းစီရဲ့ အစားစုံ စားလိုမှု၊ မစားလိုမှုနဲ့ ဆိုင်ပါတယ်။ မစားလိုသူကို ဘယ်လောက် ဆွယ်ဆွယ်၊ ဓားမိုးပြီးပဲ ကျွေးကျွေး စားကို စားမှာ မဟုတ်တာကို လက်ခံနိုင်မယ်ဆိုရင် တစ်ခုခုဖြစ်လာတဲ့အခါတိုင်း ဟိုလူ့ပုံချ၊ သည်လူ့လွှဲချကာ ကိုယ်လွတ်ရုန်း ဆင်ခြေပေးကာ သူတို့ကိုယ်သူတို့ကျ သနားစရာ သတ္တဝါလေးများ သဖွယ် အပြောလွယ်ကြသူ ထိုလူတစ်တန်းတစ်စားရဲ့စကားကို မိမိတို့ကိုယ်ပိုင်ဉာဏ်များနဲ့ ချင့်တွက်ပြီး ယုံထိုက်မှ ယုံသင့်ကြောင်း တင်ပြဆွေးနွေးလိုက်ချင်ပါတယ်။

ဆယ်ကျော်သက် အရွယ်မှာ ရွယ်တူတွေရဲ့ဖိအားပေးမှုဒဏ်ကို ခံရမှာတော့ သေချာပါတယ်။ သည်အခါမှာ အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးလိုဟာမျိုးက တော်တော် စိတ်နုသူ၊ စာဖတ် မနာလို့ အသိအမြင် နည်းသူလေးတွေအတွက် အလွယ်တကူ ပါချင် ပါသွားနိုင်သည့်တိုင် မိမိရဲ့လိင်စိတ်လို မွေးရာပါ သန်ရာ တစ်ခုခုကိုကျတော့ ဘယ်ဖိအားနဲ့မှ မရနိုင်တဲ့အကြောင်း ကျွန်တော်ကိုယ်တိုင် ကြုံခဲ့ဖူးတဲ့ ဖြစ်ရပ်အမျိုးမျိုးနဲ့ ချိန်ထိုးပြီး တင်ပြလိုက်ရပါတယ်။

သည်အကြောင်းကို တင်ဆက်ရာမှာ အဓိက ပြောလိုတာ တစ်ခုတည်းရှိပါတယ်။ ကိုယ်ကြားရသမျှ၊ ကိုယ်မြင်ရသမျှ၊ ကိုယ် ဖတ်လိုက်ရသမျှကို သည်အတိုင်း အလွယ်တကူ လက်မခံကြဘဲ မိမိတို့ ကိုယ်ပိုင်ဆင်ခြင်ဉာဏ်များနဲ့ ယုတ္တိတန်၏ မတန်၏ လေးလေးနက်နက် စဉ်းစားချိန်ထိုးတတ်တဲ့အလေ့အထလေးများ ပွားများရင့်သန်လာအောင် ပျိုးထောင်သင့်ကြောင်းပါပဲခင်ဗျား။

မင်္ဂလာအပေါင်းနဲ့ ခညောင်းပြည့်စုံကြတဲ့အပြင် အားလုံး တွေးဆင်ခြင်ကြည့်နိုင်ကြပါစေလို့ စာရေးတဲ့ ကျွန်တော် အတ္တကျော်က ဂါရဝနဲ့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် ခင်ဗျား။

၂၀၁၀ ပြည့်နှစ် စက်တင်ဘာလ ၅ ရက် (တနင်္ဂနွေနေ့) ညနေ ၆း၄၅ Mandalay FM ရေဒီယို အစီအစဉ်က ထုတ်လွှင့်သွားတဲ့ အတ္တကျော်ရဲ့ “ဘ၀အမောပြေဖို့ အဖြေရှာစို့” အစီအစဉ် အသံလွှင့်ချက် ဖြစ်ပါတယ်။ လာမယ့် ဗုဒ္ဓဟူးနေ့ (၀၈-၀၉-၁၀) ည ၇း၃၀ ကျော်ကျော်မှာ နောက်တစ်ကြိမ်ထပ်လွှင့်ပါဦးမယ်။