“ခေါင်းဆောင်”လို့ ဆိုရာမှာ “အလုပ်သမားခေါင်း”မှသည် “နိုင်ငံ့ခေါင်းဆောင်”အထိ ပါပါတယ်။ တခုတည်းကို ကွက်မမြင်ကြစေချင်ပါဘူး။ နယ်ပယ်အသီးသီး၊ အလွှာအသီးသီးမှာ ခေါင်းဆောင်တွေ ရှိကြတယ်။ အရည်အချင်းကြောင့် ခေါင်းဆောင်နေရာကို အလိုလို ရလာသူတွေ ရှိကြသလို ရာထူးအနေအထားကြောင့် ခေါင်းဆောင် မဖြစ်ချင်၊ မဖြစ်သင့်ဘဲ ဖြစ်လာရသူတွေလည်း ရှိပါတယ်။
သေချာတာတချက်ကတော့ အရည်အချင်းကြောင့် ဖြစ်တဲ့ ခေါင်းဆောင်ပဲဖြစ်ဖြစ်၊ ရာထူးကြောင့် ဖြစ်လာတဲ့ ခေါင်းဆောင်ပဲဖြစ်ဖြစ် “နောက်လိုက်”မရှိဘဲ ခေါင်းဆောင် မဖြစ်နိုင်ပါဘူး။ နှစ်ယောက်တည်း ရှိနေတာတောင်မှ တယောက်က နောက်လိုက်လုပ်မှ တယောက်က ခေါင်းဆောင်ဖြစ်နိုင်တာမျိုးပါ။ (အိမ်ထောင်ရေးတွေမှာ မြင်သာပါတယ်။)
ခေါင်းဆောင်မှုပညာကို ၂၀ ရာစု အနှောင်းပိုင်းက စပြီး လေ့လာစူးစမ်းခဲ့ကြတယ်။ သုတေသနတွေ လုပ်ခဲ့ကြတယ်။ ခွဲခြမ်းစိတ်ဖြာခဲ့ကြပါတယ်။ အဲဒီ့နောက် ခေါင်းဆောင်မှုပညာကို လေ့ကျင့် သင်ကြားပေးတာတွေလည်း ကမ္ဘာအရပ်ရပ်မှာ လုပ်လာခဲ့ကြတယ်။ လိုလို့ လုပ်နေကြတာပေါ့။ မလိုအပ်ဘဲနဲ့တော့ ပညာရှင်တွေပဲဟာ အားအားယားယား အဲဒီ့ကိစ္စကို အခြောက်တိုက် အချိန်ကုန်ခံ၊ ငွေကုန်ခံ၊ အားကုန်ခံ ဆည်းပူးနေကြပါ့မလား။ သုတေသနတွေ လုပ်နေကြပါ့မလားနော်။
Photo Credit: https://knowledge.wharton.upenn.edu
ထားပါတော့… ပြောချင်တာက အဲဒါ မဟုတ်ပါဘူး။ အဲလို ခေါင်းဆောင်မှုပညာနဲ့ ပတ်သက်လို့ ဆည်းပူးကြရာမှာ မေ့လျော့ ကျန်နေတတ်တာက “နောက်လိုက်မှု”ဆိုတဲ့ သဘောသဘောဝတွေကို သတိထားမိဖို့ပါပဲ။ ခေါင်းဆောင်မှု ပညာကို လေ့လာဆည်းပူးဖို့ လိုအပ်ရခြင်း အကြောင်းရင်း ငါးရပ်ကို ချရေးမိတဲ့အခါ တယောက်ကလာမေးတယ်။ “နောက်လိုက်ပညာရော မရှိဘူးလား”တဲ့။ ကောင်းလိုက်တဲ့ မေးခွန်း။
ကျနော်က ခေါင်းဆောင်မှုနဲ့ ပတ်သက်လို့ တော်တော် ဖတ်ဖူး၊ အခါအားလျော်စွာ သင်ပေးဖူးတော့ အဲဒါ ရှိမှန်း သိနေတယ်။ ဒါပေမယ့် သေချာအောင် လျှောက်ဖတ်လိုက်တဲ့အခါ တယောက်က နောက်လိုက်ကို ၇ မျိုးအထိ ခွဲထားတာ တွေ့ရပါတယ်။ ကျနော် သိသလောက်က ၄ မျိုးထဲပါ။ ၅ မျိုးအထိ ခွဲထားတာတော့ မြင်ဖူးတယ်။ အခုကျ ၇ မျိုးအထိ ခွဲထားတာ တွေ့ရတယ်။ ဒါနဲ့ ကျနော် ဖတ်မိတာလေးကို ပြန်လက်ဆင့်ကမ်းပေးချင်လာရပါတယ်။
နောက်လိုက် ၇ မျိုး
၁။ ကပ်ဖားရပ်ဖားတွေ
“တင်ပါ့ဘုရာ့”လူတန်းစားတွေ၊ ခေါင်းဆောင်ကို နင်းကန် ချီးမြှောက်တတ်ကြသူတွေပါ။ ကိုယ်ဦးဆောင်နေတဲ့ အဖွဲ့ရဲ့ ရည်ရွယ်ချက်တွေ၊ တန်ဖိုးထားမှုတွေနဲ့ ဖီလာ ဆန့်ကျင်နေတဲ့ လမ်းကြောင်းကို ခေါင်းဆောင်က ဦးတည်မိသွားတဲ့ အခါမျိုးမှာ အင်မတန် အရေးကြီးလှတဲ့ ထောက်ပြမှုမျိုးကို ဘယ်တော့မှ မပေးတတ်တဲ့၊ အားမကိုးရတဲ့ နောက်လိုက် တွေပါပဲ။ ပြဿနာတွေ၊ အခက်အခဲတွေကိုလည်း ခေါင်းဆောင်သိအောင် ဘယ်တော့မှ မပြောဘူး၊ ဖုံးထားတယ်။ ကန့်ကွက်ဖို့ဆိုတာတော့ ဝေလာ ဝေးပေါ့။ ခေါင်းဆောင်နဲ့ ထိပ်တိုက်မတွေ့အောင် ရှောင်တတ်ကြသလို ခေါင်းဆောင်ကိုပဲ အစစ အရာရာ ဆရာတင်ထားတတ်သူတွေပါ။ အထက်ဖား အောက်ဖိတွေလည်း သည်ထဲမှာ မလွဲမသွေ ပါနေတာပေါ့နော်။
၂။ ဝေဖန်ရေးသမားတွေ
“အတိုက်အခံတွေ”ပေါ့။ တနည်းပြောရရင် “အမနာပပြောတတ်သူတွေ”ပါ။ သူ့ရည်ရွယ်ချက်က ခေါင်းဆောင်ရဲ့ အပြုအမူတိုင်း၊ မူဝါဒတိုင်းကို ထောက်ဖို့၊ မေးခွန်းထုတ်ဖို့ပဲ ဖြစ်ပါတယ်။ မြန်မာစကားမှာတော့ (ကန်တော့ပါရဲ့) “ချေးက သေးကအစ လိုက်ပြောတတ်သူ”မျိုးပေါ့။ သူတို့ကို အသိအမှတ်မပြုလို့၊ သူတို့ ရသင့်တယ်လို့ ယူဆထားတဲ့ ချီးမြှောက်မှုတွေ မရလို့ စိတ်ချဉ်ပေါက်နေသူတွေ၊ မကျေမချမ်းဖြစ်နေသူတွေလို့လည်း ဆိုနိုင်ပါတယ်။ ဝန်ထမ်းအဖွဲ့ အစည်းတွေမှာ ဆိုရင်တော့ လူသစ်တယောက် ဝင်လာတာနဲ့ အဲလို လူစားတွေက အရင်ဆုံး ခရီးဦးကြိုပြုပြီး သည်မှာတော့ သည်လို လုပ်ကြစမြဲပဲလို့ သြဝါဒ ချွေတတ်သူတွေ ဖြစ်နေတတ်ပါတယ်။
၃။ လက်တွေ့ကျသူတွေ
အပြုသဘောဆောင်တဲ့ နှိုင်းချိန်စဉ်းစားမှုတွေနဲ့ ဖြစ်ပြီး အဖွဲ့နဲ့ရော ခေါင်းဆောင်နဲ့ပါ အပြန်အလှန် ပြောဆို ဆက်ဆံတတ်သူတွေ ဖြစ်ပါတယ်။ လုပ်ကိုင်ဆောင်ရွက်ပုံကို သူတို့ သဘောတူနေသမျှ ခေါင်းဆောင်ကို ရာနှုန်းပြည့် ထောက်ခံမှာဖြစ်ပေမယ့် သူတို့ သဘောမတူတဲ့အခါ ခေါင်းဆောင်ကို ထောက်မယ်၊ တပြိုင်တည်းမှာပဲ ခေါင်းဆောင်ရော၊ ကိုယ့်အဖွဲ့အစည်းအတွက်ပါ ရည်မှန်းချက်အတိုင်း ဖော်ဆောင်နိုင်မယ့် တခြားနည်းတွေကို ဆွေးနွေးထုတ်ဖော်ရင်း ကူညီပံ့ပိုးပေးတတ်သူများ ဖြစ်ပါတယ်။
၎။ သစ္စာတော်ခံတွေ
“ထောက်ခံသူစစ်စစ်တွေ”ပါပဲ။ ခေါင်းဆောင်ကို ပံ့ပိုးပေးဖို့ ထက်ထက်သန်သန်နဲ့ ကြိုးကြိုးစားစား လုပ်တတ်၊ ကိုင်တတ်ကြတယ်။ သူတို့ကို အားကိုးလို့ရတယ်။ သူတို့တွေက ခေါင်းဆောင်အပေါ် အကျေနပ်ကြီး ကျေနပ်ကြတာမို့ လုပ်ရည်ကိုင်ရည်လည်း ကောင်းကြပါတယ်။ ကျရာနေရာမှာ တာဝန်ယူပြီး ထက်ထက်သန်သန်ကို လုပ်တတ်ကြသူများပါပဲ။ အကြံတွေလည်း မပြတ်ပေးရင်းက အောင်မြင်သထက်အောင်မြင်အောင် ပံ့ပိုးတတ်ကြသူများပါ။
၅။ သစ္စာဖောက်တွေ
“တိတ်တိတ်ကလေး မလိုမုန်းထားဖြစ်နေသူတွေ”၊ “ဆင်ကြံ ကြံနေသူတွေ”ဖြစ်ပါတယ်။ သည်လူတွေက ဟန်ဆောင်တော့ အင်မတန် ကောင်းကြတယ်။ ခေါင်းဆောင်ရဲ့ ယုံကြည်မှုကို ရထားတော့ သစ္စာဖောက်တွေကို ဖမ်းမိဖို့ ခက်လှပါတယ်။ ကျောချမှ ဓားပြမှန်း သိရမယ့်သူတွေပေါ့။ သူတို့က ခေါင်းဆောင်အပေါ် ကြိတ်ပြီး မကျေမနပ်ဖြစ်နေ၊ မုန်းတီးနေသူတွေပီပီ ခေါင်းဆောင်ကို တီးဖို့ အကွက်ချောင်းနေသူတွေဆိုလည်း မမှားပါဘူး။
၆။ ပွဲကြည့်ပရိသတ်
“တစေ့တစောင်း ကြည့်နေတတ်သူတွေ”ဖြစ်ပါတယ်။ သူတို့က ဘေးမှာ အသာလေး နေနေကြတယ်။ ဗမာလို ဆိုရင်တော့ “မလုပ်၊ မရှုပ်၊ မပြုတ်”တွေပါပဲ။ အဖွဲ့အစည်းအပေါ်ရော အလုပ်အပေါ်မှာပါ ဘာသံယောဇဉ်မှ မရှိကြဘူး။ ခေါင်းဆောင်အပေါ်လည်း ဘာစိတ်မှ မရှိဘူး။ မုန်းတာတွေ၊ ချစ်တာတွေ မရှိဘူး။ သြော်… သူက ခေါင်းဆောင်ပဲလေ၊ သည်လောက်တော့ ရှိမှာပေါ့ဆိုတာမျိုးလောက်ပဲ။
၇။ အခွင့်အရေးသမားတွေ
အလစ်သမားတွေ၊ ဓားပြတွေပါပဲ။ သူတို့ကို ဝယ်လို့ ရတယ်။ သြဇာရှိတဲ့သူတွေအနားမှာ အမြဲတမ်း ကပ်နေချင်တယ်။ သူတို့ သစ္စာခံတာက လောလောဆယ် ထိပ်ရောက်နေသူတွေကိုပဲ။ “သာကူးတွေ”ဆိုလည်း မမှားပါဘူး။ မဲဆွယ်ပွဲတွေလို နေရာမျိုးမှာ အဲလိုလူတွေကို ကောင်းကောင်းတွေ့ရနိုင်တယ်။ ကြိုဆိုရေးအဖွဲ့ကနေ သွေးဆာနေသော လူအုပ်ကြီးအဖြစ် ရုတ်ချည်း ပြောင်းနိုင်သူများပါပဲ။
x x x
ပွဲကြည့်ပရိသတ်က အလုပ်ကို တာဝန်ကျေအောင်ပဲ လုပ်တတ်တယ်။ ပိုမလုပ်ဘူး။ အခွင့်အရေးသမားတွေကတော့ သူတို့ကို အသိအမှတ်ပြုလာအောင်၊ ချီးမြှောက်ခံရအောင် လူရှေ့၊ ခေါင်းဆောင်ရှေ့မှာ ဘာမဆို လုပ်ဖို့ ဝန်မလေးဘူး။ သူတို့အတွက် ခေါင်းဆောင်ဆိုတာ သူတို့အဆင့် တိုးတက်လာရေးအတွက် လှေကားထစ်ပဲ။ သစ္စာဖောက်တွေကတော့ အချိန်မရွေး ဒုက္ခပေးနိုင်သူတွေပါ။ တခုခု လွဲပြီဆိုတာနဲ့ ခေါင်းဆောင်ကို အပုပ်ချဖို့ စောင့်စားနေသူများပဲ ဖြစ်ပါတယ်။ လက်တွေ့သမားတွေကိုတော့ ကိုယ့်အလုပ်အပေါ် မူတည်ပြီး အနားမှာ ထားသင့်ပါတယ်။ သို့ပေမယ့် သူတို့တွေကြောင့်လည်း စိတ်ကူးစိတ်သန်းသစ်တွေ ပေါ်မလာအောင် အဟန့်အတားဖြစ်စေနိုင်တာကိုတော့ သတိထားသင့်ကြပါတယ်။ ဝေဖန်ရေးသမားတွေကတော့ သူတို့ဟာ ဘယ်လို လူစားဆိုတာ တန်းသိနိုင်တဲ့အတွက် သူတို့ဆီက ဝေဖန်သံပဲ ကြားနေရမယ်ဆိုတာ မှန်းဆနိုင်ပါတယ်။
ကပ်ဖားရပ်ဖားတွေကိုတော့ ကောင်းကောင်းကြီးကို သတိထားအပ်ပါတယ်။ မီးသွေးကိုပေမယ့် ခေါင်းဆောင်က ဖြူတယ်လို့ ပြောလိုက်တာနဲ့ လိုက်ဖြူမယ့် မမှန်မကန် လူစားတွေမို့ ခေါင်းဆောင်ကို ခွေးကျ ဝက်ကျ ကျအောင် ပံ့ပိုးပေးနိုင်ကြသူများပါပဲ။ သစ္စာတော်ခံတွေကို အားကိုးလို့ ရပေမယ့် ခေါင်းဆောင်အပေါ်မှာ တဖက်သတ်ကြီး ကြည်ညိုမဆုံးဖြစ်နေတဲ့အတွက်ကြောင့် ခေါင်းဆောင်ရဲ့ ပါရမီတွေ၊ အရည်အချင်းတွေနဲ့ ပတ်သက်ပြီး အကဲဖြတ်ရာမှာ မှန်မှန်ကန်ကန် မရှိတော့ဘူး။ ခေါင်းဆောင် ဘာလုပ်လုပ် အကောင်းမြင်နေတဲ့ စိတ်နဲ့ ထောမနာတွေပဲ နင်းကန်ပြုတာကြောင့် ခေါင်းဆောင်လည်း အဟုတ်ထင်ပြီး စွတ်လုပ်ရာက နှာခေါင်း ကျည်ပွေ့ တွေ့ရအောင် ဆောင်ကျဉ်းပေးနိုင်သူများပါပဲ။
နောက်လိုက်တွေရဲ့ သည်သဘောသဘာဝတွေဟာ “ပုံသေကားချ” မဟုတ်ပါဘူး။ ဘေးပယောဂကြောင့်ဖြစ်စေ၊ ခေါင်းဆောင်ရဲ့ လုပ်ဆောင်ချက်အပေါ် အမြင်တွေ ပြောင်းသွားလို့ ဖြစ်စေ လူတယောက်ဟာ အခွင့်အရေးသမား နောက်လိုက်ဘဝကနေ ဝေဖန်ရေးသမား ဖြစ်လာနိုင်ပါတယ်။
ခေါင်းဆောင်လုပ်တဲ့သူက ဒါတွေကို သိထားမယ်ဆိုရင် ဘယ်လိုနောက်လိုက်မျိုးက ကိုယ့်အတွက် အဖိုးတန်သလဲ၊ ဘယ်လိုနောက်လိုက်မျိုးကို ဆိုရင်ဖြင့် သတိထားသင့်သလဲဆိုတာကို မြင်လာမှာ ဖြစ်သလို ကိုယ့်နောက်လိုက်တွေကို လည်း ကိုယ့်ဘက်ပါအောင် စည်းရုံးယူနိုင်တဲ့ မဟာဗျူဟာ၊ နည်းဗျူဟာတွေကို မြင်လာနိုင်ပါတယ်။
အခုလို တစုတစည်းတည်း ချပြလိုက်တော့ အားလုံးမြင်လာမှာပါ။ ဒါတွေက လူတွေထဲမှာ နဂိုတည်းက ရှိပြီးသား လူအများရဲ့ အမူအကျင့်တွေ၊ စိတ်ဓာတ်တွေပါ။ ပညာရပ်အနေနဲ့ ဆည်းပူးသူက ဆည်းပူး၊ သုတေသန လုပ်သူက လုပ်၊ ပြုစုသူက ပြုစုတော့မှ အခုလို တစုတစည်းတည်း ဖြစ်လာရတော့တာပါပဲ။
ဒါ့ကြောင့် ဘာသာရပ်၊ ပညာရပ်တွေ၊ သင်တန်းတွေ အားလုံးကို ကျနော်ကဖြင့် အထင်လည်း ကြီးပါတယ်၊ အခွင့်ကြုံတိုင်းလည်း ဆည်းပူးသွားဖို့ ဝန်မလေးမိပါဘူး။ တဆက်တည်းမှာပဲ စာဖတ်သူကိုလည်း မေးချင်ပါတယ်။ စာဖတ်သူဟာ ခေါင်းဆောင်တယောက်ဆိုရင် ဘယ်လို နောက်လိုက်မျိုးကို လိုချင်ပါသလဲ။ နောက်လိုက်တယောက်ဆိုရင်လည်း ကိုယ်ဟာ ဘယ်လို နောက်လိုက်မျိုး ဖြစ်နေပါသလဲ။ ကျနော့်ကို ဖြေပေးဖို့ မလိုပါဘူး။ တွေးကြည့်ဖို့ပါပဲ။
အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(၁၃၀၈၁၈)