You may copy and paste my writings, but…

ကူးချင်သလောက်သာ ကူး

ကနေ့ နိုင်ငံရပ်ခြားရောက် ဆရာဝန် တစ်ဦးဆီက ဓာတ်ချောစာ တစ်စောင် ၀င်လာပါတယ်။ သူက ကျွန်တော် တင်ခဲ့တဲ့ “ခင်မင်မှု သံမှိုများ”ကို သဘောကျလို့ သူ့မိတ်ဆွေတွေဆီကို ဖြန့်ဝေဖြစ်ခဲ့တဲ့အကြောင်းနဲ့ ကျွန်တော့်ဆီက ကြိုတင် ခွင့်မတောင်းခဲ့မိတဲ့အတွက် တောင်းပန်ကြောင်း စာပို့လာတာပါ။

ကျွန်တော် သူ့ကို အားနာသွားပါတယ်။

မကြာသေးခင်က ကျွန်တော် တင်ခဲ့တဲ့ ဦးဘုန်း(ဓာတု)ရဲ့ “အာဖတာ-ယူ” ဆိုတဲ့စာကို “အသိုင်းအ၀ိုင်း” အမည်ခံထားတဲ့ တစ်စုက သည်တိုင်း ကူးယူပြီး Facebook မှာရော၊ သူတို့ရဲ့ ပင့်ကူအိမ် စာမျက်နှာမှာပါ တင်လိုက်ရာမှာ မည်သူမည်ဝါ တင်သည်ဆိုတဲ့ နာမည်ကို ပြောင်းလဲ ဖော်ပြထားတဲ့အတွက် ကျွန်တော့် Facebook စာမျက်နှာမှာ ထောက်ပြတဲ့ စာတစ်ပိုဒ် ရေးလိုက်ပါတယ်။

(၁) ဦးဘုန်း (ဓာတု)ရဲ့ စာကို သူတို့ ကိုယ်တိုင် တွေ့ရှိထားတာ မဟုတ်ပါဘူး။ တစ်နည်းပြောရရင် မူလ စာမူ ဖော်ပြရာ ရွှေမန္တလေး ဂျာနယ်ကိုသော်လည်းကောင်း၊ ဦးဘုန်း (ဓာတု)ရဲ့ “တွင်း” အမည်ပါ စာအုပ်ကိုသော်လည်းကောင်း သူတို့ လက်နဲ့တောင် မထိဖူးပါဘူး။

(၂) သူတို့ လက်နဲ့ စာတစ်လုံးစီ၊ ၀ါကျတစ်ကြောင်းစီ အပင်ပန်းခံပြီး ကွန်ပျူတာပေါ်ရိုက်၊ အင်တာနက်ပေါ် တင်တာ မဟုတ်ပါဘူး။ cut & paste လုပ်လိုက်တာလေးပဲ သူတို့ဘက်က အားစိုက်ရတာပါ။

ကြိုက်လို့ cut & paste လုပ်တာ ပြဿနာမရှိပေမယ့် မည်သူ မည်ဝါ တင်သည်ဆိုတာကြီးကို ထည့်လိုက်တာက အတော် ရုပ်ပျက်ပါတယ်။ စာရေးသူ ဦးဘုန်း(ဓာတု) နာမည်ပါရင် ပြီးတာပဲ။ ဖတ်တဲ့သူ၊ တစ်လုံးစီ ကူးတင်တဲ့သူ ဘယ်သူပဲဖြစ်ဖြစ် အရေးစိုက်စရာ မလိုဘူးဆိုတဲ့ သဘော သက်ရောက်သွားပါတယ်။ မည်သူမည်ဝါ တင်သည်လို့ ပြောရအောင် မူရင်း Facebook မှာ တင်ထားတဲ့ ရေးထုံး အလွဲမှသည် ပုဒ်ဖြတ်ပုံအထိ တစ်ထပ်တည်း တူနေတာကတော့ ဆိုးပါတယ်။

ပွင့်ပွင့်လင်းလင်းပဲ ပြောမှ ရပါတော့မယ်၊ အဲဒါကို Facebook မှာ တင်တာ၊ ကျွန်တော်နဲ့ တစ်အိမ်တည်း နေတဲ့ ကျွန်တော့်ဇနီး ကိုယ်တိုင်ဖြစ်ပါတယ်။ သူ့ကို ဒါလေး ဖတ်ကြည့်ဆိုပြီး ညွန်းခဲ့တဲ့သူက ကျွန်တော်ပါ။

ဒါကို လူတစ်ဦးချင်းစီ နာမည်နဲ့ လုပ်ရင်တောင် ကျွန်တော် ဘာမှ ပြောမိမှာ မဟုတ်ပါဘူး။ “အသိုင်းအ၀ိုင်း”ဆိုတဲ့ နာမည်ကို ခံထားတာက လုပ်လိုက်တာမို့ ကျွန်တော် တော်တော် စိတ်ညစ်သွားပါတယ်။ ဘယ်သူ့ပို့(စ်)မှာ တင်ထားတာတွေ့တယ်၊ ကြိုက်လို့ ပြန်တင်လိုက်ပါတယ်လို့ ရေးလိုက်လည်း ဖြစ်တာပါပဲ။ ဒါမှမဟုတ်လည်း Facebook မှာပဲ၊ သည်တိုင်း share လိုက်လို့လည်း ရပါတယ်။ ဒါဆိုရင် ဘယ်သူ တင်တယ်ဆိုတာ ပြောစရာတောင် မလိုတော့ပါဘူး။ အခုဟာက အညွန့်ခူးတာ သက်သက် ဖြစ်နေတယ်။

ပိုဆိုးသွားတာက သူတို့ရဲ့ ပင့်ကူအိမ်စာမျက်နှာမှာ ကျွန်တော့်ဇနီး တင်ထားတဲ့ ဦးဘုန်း(ဓာတု)ရဲ့ နောက်ထပ် တစ်ပုဒ်အပါအ၀င် စုစုပေါင်း နှစ်ပုဒ်ကို ခပ်တည်တည်နဲ့ တင်ထားတာပါပဲ။ “အသိုင်းအ၀ိုင်း”နာမည်ခံယူထားသူတွေက အသေးလေးတွေကို ဂရုမထားတာ ၀မ်းနည်းစရာ ကောင်းပါတယ်။ ဘာမဟုတ်တဲ့ အသေးအမွှားလေးတွေကိုတောင်မှ အလေးထားရကောင်းမှန်း မသိရင် ကျန်တဲ့ အကြီးကြီးတွေအတွက် သူတို့ “အသိုင်းအ၀ိုင်း”ကို ဘယ်လိုလုပ် ကိုးစားလို့ ရပါတော့မလဲ။ မဆိုင်တာတွေ ပြောတယ်လို့ မထင်စေချင်ပါဘူး။ အမှိုက်ကစ ပြဿဒ်မီးလောင်ဆိုတဲ့ မြန်မာစကား အထင်အရှားရှိပါတယ်။

နောက်တစ်ချက် လူတိုင်းလုပ်နေတာပဲ၊ နယ်ပယ်တိုင်းမှာ ပျက်နေတာပဲ၊ ကျုပ်တို့မှ လာ လက်ညှိုးမထိုးနဲ့ဆိုတဲ့ စကားတိမ်တိမ်လေးလည်း မပြောစေချင်ပါဘူး။ တစ်ဦးချင်းစီက အဲလို ပြောလာရင် လက်ခံနိုင်ပါတယ်။ နှစ်ယောက်လောက်နဲ့ ဖွဲ့လိုက်တဲ့ အဖွဲ့ဖြစ်ရင်တောင်မှ ကိုယ်လုပ်သမျှဟာ ကျန်တဲ့တစ်ယောက်ကိုပါ ထိခိုက်နိုင်မှန်း မြင်တတ်မှ လူပီသမှာပါ။ အခု “အသိုင်းအ၀ိုင်း”ကို ခြေရာခံလိုက်တဲ့အခါ အဖွဲ့ဝင် ၄ ဦး ရှိပြီး နာမည်တူ၊ ပြထားတဲ့ အသိုင်းအ၀ိုင်းပုံချင်းလည်း တူ၊ အဖွဲ့အကြောင်း ဖော်ပြချက်နဲ့ အဖွဲ့ရဲ့ ရည်ရွယ်ချက်ပါ တစ်ထပ်တည်းတူနေတဲ့၊ အဖွဲ့ဝင်ပေါင်း ၂၀၀၀ နီးပါးရှိတဲ့ အသိုင်းအ၀ိုင်းတစ်ခုလည်း ရှိနေတာကိုပါ တွေ့လိုက်ရပါတယ်။ အဲတော့ သည် “အသိုင်းအ၀ိုင်း”ဟာ လူတစ်ဦးတစ်ယောက်၊ နှစ်ဦးနှစ်ယောက်ကို ကိုယ်စားပြုထားတာ မဟုတ်တော့ပါဘူး။ ဒါ့ကြောင့် ကျွန်တော်လည်း အဲဒါကို ထောက်ပြတဲ့ စာတစ်ပိုဒ်ကို ရေးဖြစ်သွားတာပါ။

ဒါကို ဟိုဆရာက ဖတ်မိသွားပုံရပြီး ကျွန်တော့်ဆီ တောင်းပန်စာ လှမ်းပို့တာပါ။ ကျွန်တော့်ဘက်က ရှင်းပါတယ်။ ကျွန်တော့် ဘလော့(ဂ်)ပေါ်မှာ တင်ထားတာကို မည်သူမဆို ပြန်လည် ကူးယူဖော်ပြနိုင်ပါတယ်။ လိပ်ပြာ သန့်ချင်တဲ့သူဆိုရင် ကျွန်တော့်နာမည်နဲ့ ရည်ညွှန်း စာအုပ်/စာနယ်ဇင်း/ဘလော့(ဂ်)လိပ်စာ ထည့်လိမ့်မပေါ့။ မထည့်ကြတော့လည်း ကျွန်တော်က ဘာတတ်နိုင်မှာလဲ။ လိုက်တရားစွဲနေရအောင် ကျွန်တော်တို့ဆီမှာ မူပိုင်ခွင့်ဥပဒေက အခုမှ ပြင်ဆင်ဆဲ အဆင့်ရှိသေးတာပဲ။

သေချာတာတစ်ခုကတော့ ပုဂ္ဂလိက တစ်ဦးချင်းစီ သဘောကျလို့ လက်တို့တာ၊ ကူးယူပြီး ဓာတ်ချောစာနဲ့ ပို့တာ၊ Facebook မှာ သည်လင့်(ခ်)ကို ဖော်ပြတာများဟာ စာဖတ်သူတိုင်း လုပ်နေကျ အလုပ်ပါ။ ဘာ မူပိုင်ခွင့်နဲ့မှ မသက်ဆိုင်ပါဘူး။ အစားကောင်း စားရတဲ့အခါ မိတ်ဆွေတွေဆီ ဝေမျှတဲ့ သဘောပဲဟာ။ ကိုယ်ကျိုး ကိုယ်စီးပွား ဘာမှ မပါပါဘူး။ အလွန်ဆုံးမှ မိတ်ဆွေ တိုးတာပဲ ရှိပါလိမ့်မယ်။ တခြား ဘာအကျိုးအမြတ်မှ မရှိပါဘူး။ ဘာနဲ့ တူသလဲဆိုတော့ သူငယ်ချင်းချင်း ကိုယ်ကြည့်ခဲ့တဲ့ ရုပ်ရှင်လေး ကောင်းတယ်၊ မကြည့်ရသေးရင် သွားကြည့်၊ ဘယ်ရုံမှာ ပြနေတယ်၊ ပွဲချိန်က ဘယ်နှနာရီ၊ ဘယ်အချိန်ဆိုရင် လက်မှတ်လွယ်တယ် စသဖြင့် ပြောသလိုမျိုးလောက်ပါ။ အဲဒီ့အတွက် ကျွန်တော့်ဘက်က ဘာမှ ဥပါဒ်နေစရာ အကြောင်း မရှိပါဘူး။

“အသိုင်းအ၀ိုင်း၊” “အုပ်စု”မှာ ကျတော့ အကျိုးစီးပွား ပါလာပါပြီ။ ငွေကြေးကို ဆိုလိုတာ မဟုတ်ပါ။ အဖွဲ့ဝင်အင်အား တောင့်တင်းရေးဟာ အသိုင်းအ၀ိုင်း/အုပ်စုရဲ့ အကျိုးစီးပွားဖြစ်ပါတယ်။ သည်အခါမှာ စည်းရုံးရေးကို ဘက်ပေါင်းစုံက လုပ်ရပါတော့တယ်။ ဒါမျိုးအတွက် သုံးတာကျတော့ ပုဂ္ဂလိက သဘောမဆောင်တော့ပါဘူး။ သည်အခါ အင်တာနက်မှာမို့လို့ ခွင့်ပြုချက် မတောင်းဖြစ်ဘူးဆိုရင်တောင်မှ မိမိတို့ရဲ့ ကောင်းမြတ်သော မနဿီကို ပေါ်လွင်စေဖို့အတွက် မူရင်း စာမျက်နှာ၊ မူရင်း ပို့(စ်)၊ မူရင်း မှတ်စု ရေးသူကို ဖော်ပြပေးသင့်တယ်လို့ ကျွန်တော် ယူဆပါတယ်။ ဘယ်ကမှန်း မသိ ရလာတဲ့ လက်ဆင့်ကမ်း ဓာတ်ချောစာက ယူတယ်ဆိုရင်တောင်မှ ဓာတ်ချောစာက ရတဲ့အကြောင်း ဖော်ပြခြင်းမျိုးတော့ လုပ်သင့်ပါတယ်။ အခုရှုပ်မှ နောင်ရှင်းမှာပါ။ ပြီးတော့ အဲဒီ့ အသိုင်းအ၀ိုင်း/အုပ်စုရဲ့ ဂုဏ်သိက္ခာလည်း မြင့်တက်လာမှာဖြစ်သလို စည်းရုံးရေး အင်အားကိုလည်း အများကြီး အထောက်အကူ ဖြစ်နေစေမှာ သေချာပါတယ်။

ဒါ့ကြောင့် ကျွန်တော်က အဲဒီ့အချက်ကို ထောက်ပြလိုက်တာပါ။

ထပ်ပြောပါရစေ။ ဒါ တစ်ဦးချင်းစီ လက်ဆင့်ကမ်း ဖြန့်ဝေကြတာနဲ့ ဘယ်လိုမှ မပတ်သက်ပါဘူး။ အဲဒီ့အတွက်လည်း ကျွန်တော့်ကို ခွင့်တောင်းစရာ မလိုပါဘူး။ စာဖတ်သူချင်း ကိုယ်ချင်းစာပါတယ်။ ဘယ်က ရတယ်၊ ဘယ်သူရေးတယ်ဆိုတာလည်း ထည့်ချင် ထည့်ကြပါ၊ မထည့်ချင် မထည့်ကြပါနဲ့။ ကျွန်တော့်အတွက် ဘာမှ အရေးမကြီးပါဘူး။

အလားတူပဲ၊ ဘလော့(ဂ်)များ အပါအ၀င် ကြိုက်တဲ့နေရာမှာလည်း ကြိုက်သလို ကူးယူဖော်ပြနိုင်ကြပါတယ်။ အဲဒီ့မှာလည်း ဘယ်က ရတယ်၊ ဘယ်သူရေးတယ် ဆိုတာလည်း ထည့်ချင် ထည့်ကြပါ၊ မထည့်ချင် မထည့်ကြပါနဲ့။ ကျွန်တော့်အတွက် ဘာမှ အရေးမကြီးပါဘူး။ တစ်ဦးချင်းစီရဲ့ လိပ်ပြာကပဲ အရေးကြီးပါတယ်။

အခု ကျွန်တော် ပြောနေတာက “အသိုင်းအ၀ိုင်း/အုပ်စု”နာမည်ကို ခံယူထားသူတွေ ဆင်ခြင်ကြည့်စေချင်လို့ပါ။ မိမိတို့ အသိုင်းအ၀ိုင်း/အုပ်စုရဲ့ ဂုဏ်သိက္ခာကို မိမိတို့ တစ်ဦးချင်းစီရဲ့ ကံသုံးပါးကသာ တက်စေ၊ ကျစေနိုင်တာကို မြင်ကြစေချင်လို့သာ ဖြစ်ပါတယ်။

ကျွန်တော် ပြောတာကို လက်ခံရမယ်လို့ ဘယ်သူ့ကိုမှ မတိုက်တွန်းပါဘူး။ ကျွန်တော် ပြောတာ ယထာဘူတ ကျမကျ၊  ဆောင်သင့် မဆောင်သင့် မိမိတို့ ကိုယ်ပိုင်ဉာဏ်များနဲ့ ချင့်ချိန်ဆတွက်တော်မူကြပါခင်ဗျား။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

(၀၀၁၆ နာရီ ၁၉၁၀၁၀)

မှတ်ချက်။    ။ သည်ကိစ္စနဲ့ ပတ်သက်လို့ ဆရာမ ပန်ဒိုရာက ၀င်ရောက်ဆွေးနွေးရင်း မူပိုင်ခွင့်နဲ့ ပတ်သက်လို့ သူရေးထားတဲ့ ပို့(စ်) လင့်(ခ်)ကိုပါ ပေးသွားပါတယ်။ ကျွန်တော်လည်း သူရေးတာ ဖတ်ပြီး တော်တော် သဘောကျသွားပါတယ်။ http://pandora-and-pandora.blogspot.com/2008/11/blog-post_29.html မှာ သွားရောက် ဖတ်ရှုနိုင်ကြပါလိမ့်မယ်။ အဲဒါ ဖတ်ပြီးတော့ ကျွန်တော့် ဘလော့(ဂ်)နှစ်ခုစလုံးမှာ တင်ထားတဲ့ ပုံတွေထဲက ကျွန်တော် မပိုင်ဘဲ အင်တာနက်ထဲကနေ ဆယ်နှစ်တာအတွင်း စုထားခဲ့သမျှ ပုံအားလုံးကို ဖြုတ်လိုက်ပါတယ်။

နောက်တစ်ချက်က ကျွန်တော့် Facebook မှာရော၊ ဘလော့(ဂ်)မှာပါ ဦးဘုန်း (ဓာတု)ရဲ့ စာကို တင်ခွင့်ပြုဖို့ ဆရာ ဦးဘုန်း (ဓာတု)ဆီက ကျွန်တော်ကိုယ်တိုင် တယ်လီဖုန်းနဲ့ ခွင့်ပြုချက်တောင်းခံခဲ့ပြီးမှ တင်ခဲ့တာ ဖြစ်ပါတယ်။

About In Laws

တည့်အောင်ပေါင်း ကျောင်းကို ထုတ် ဥပုသ်ရက်ရှည် စောင့်ခိုင်းပါ

လွန်ခဲ့တဲ့ တစ်နှစ်နီးပါးက Mandalay FM မှာ ကျွန်တော့်အစီအစဉ် စတင် ထုတ်လွှင့်ခါစက တင်ဆက်ခဲ့တဲ့ အသံ file ဖြစ်ပါတယ်။ ယောက္ခမ၊ ယောက္ခထီး၊ ယောက်ဖ၊ ယောက်မနဲ့ မကင်းနိုင်ကြတဲ့ လူသားများအားလုံးအတွက် တွေးစရာ တစ်စုံတစ်ခု ရသွားလိမ့်မယ်လို့ ထင်မိပါတယ်ဗျာ။ နားဆင်တော်မူကြည့်ကြပါဦး။

A Post on Facebook

I agree the system must be corrected. The mentality of doctors must also be reoriented. Medicine is for service, not for money or power. Some Burmese take medicine for money. That’s wrong. It’s a humane profession, not a trade. (Dr. Maung Maung Nyo)

11 hours ago · · ·

Caesar Min, Chan Myae Khine, Nay Htut Shwe and 2 others like this.

    •  

      Atta Kyaw 

      ဆရာ Shan Gyi (S Htet Aung) ရဲ့ Facebook Post မှာ အသက် ၇၁ နှစ်ရှိပြီ ဖြစ်တဲ့ ဆရာဝန် စာရေးဆရာကြီး ဒေါက်တာ မောင်မောင်ညို ရေးထားတဲ့ မှတ်ချက်ကို ကူးယူ ဖော်ပြလိုက်တာပါ။ ဆရာ ရှမ်းကြီးက “ဆရာဝန်တွေကို အပြစ် မမြင်သင့်၊ စနစ်ကိုသာ ပြင်”ဆိုပြီး တင်လိုက်တဲ့အခါ ဆရာ မောင်မောင်ညိုက “အဲဒါ တစ်စိတ်တစ်ပိုင်းပဲ မှန်တယ်။ စနစ်ကို ပြင်ရမယ် ဆိုတာကို လက်ခံပါတယ်။ ဆရာဝန်တွေရဲ့ စိတ်တွေကိုလည်း ပြင်ရမယ်။ ဆေးပညာဟာ ၀န်ဆောင်မှုပေးဖို့ ဖြစ်တယ်၊ ပိုက်ဆံတို့၊ သြဇာတို့ ထူထောင်ဖို့ မဟုတ်ဘူး။ တချို့မြန်မာတွေက ပိုက်ဆံအတွက် ဆေးပညာ သင်ကြတယ်။ အဲဒါမှားတယ်။ ဆေးပညာဆိုတာ ကရုဏာအလုပ်ပါ။ စီးပွားရေးလုပ်ငန်း မဟုတ်ဘူး”လို့ ဆရာကြီး ဒေါက်တာ မောင်မောင်ညိုက ပြောလိုက်တာပါ။
      11 hours ago · · 10 people
    •  

      Thant Zaw Right ……..  

      7 hours ago · ·
    •  

      Hnin Sandar Admire.. Sayar gyi Dr. Maung Maung Nyo..  

      4 hours ago · ·
    •  

      Nyi Ma Lay ဟာ… တကယ်လေးစားပါတယ် ဒေါက်တာမောင်မောင်ညိုကို ။ ပို့စ်ကို တင်ပေးတဲ့ ဆရာ့ကိုလည်း လေးစားပါတယ် ဆရာ ။ဆရာ တင်ပေးမှ သိရတာပါ။  

      4 hours ago · ·
    •  

      Caesar Min Saya Kyaw, I think service and money is partly related each other 🙂  

      2 hours ago · ·
    •  

      Nyi Aung Chan” ဆေးပညာဆိုတာ ကရုဏာအလုပ်ပါ။ စီးပွားရေးလုပ်ငန်း မဟုတ်ဘူး” ဒေါက်တာမောင်မောင်ညိုရဲ့ စကားကို ကိုးကားပြီးမေးကြည့်မယ်နော်… private hospital တွေကို ဘယ်လိုမြင်ကြလဲမသိဘူး… အမြင်လေးတွေ သိချင်လို့ပါ….  

      about an hour ago · ·
    •  

      Atta Kyaw 

      ကျန်းမာရေး ခရီးသွားလုပ်ငန်း (health tourism industry)ဆိုတာတောင် အာရှမှာ တအား ထွန်းကားနေပြီမို့ ဆေးပညာနဲ့ စီးပွားရှာတာ မဆန်းပါဘူး။ စီးပွားရေးသမားက စီးပွားရေး အလုပ်လုပ်မှာပေါ့။ သန်း ကုဋေပေါင်းများစွာ ရင်းနှီးပြီး လုပ်နေတဲ့ ဆေးရုံကြီးတွေ အာရှမှာ အများအပြား ရှိပါတယ်။ တစ်ခုပဲ၊ သူတို့က customer care, customer service, customer focus စတာတွေကို ဒိုးလိုမွှေ ရေလိုနှောက်ပြီး ကျိုသောက်ထားကြတယ်။ သန့်ရှင်းရေး ၀န်ထမ်းက အစ ပါရဂူ ဆရာဝန်ကြီး အဆုံး အားလုံးသော ၀န်ထမ်းများရဲ့ မျက်နှာတွေက ချိုကြတယ်။ လာတဲ့ လူနာကို customer အဖြစ် ဆက်ဆံတယ်။ ပေးရတဲ့ ပိုက်ဆံ တန်တယ်ထင်အောင်၊ ပေးချင်အောင် လုပ်ကြတယ်။ service ရဲ့ သဘောကို နားလည်တယ်။ သူ့ထက်ငါ အပြိုင်အဆိုင် လုပ်နေရတဲ့ အချိန်မှာ ပုဂ္ဂလိက ဆေးရုံများဟာ နာမည်တစ်လုံးကို အသေထိန်းကြတယ်။ နာမည်ပျက် မခံရစေရေးအတွက် အမှားအယွင်း အတိမ်းအစောင်း နည်းနိုင်သမျှ နည်းအောင် လုပ်ကြတယ်။ မှားခဲ့ရင်လည်း customer ကျေနပ်အောင် အင်တိုက်အားတိုက် ဖိဖိစီးစီး လုပ်ပေးကြပါတယ်။ အဲလို ဆေးရုံတွေက ပါရဂူ ဆရာဝန်ကြီးတွေဟာ ကျင့်ဝတ်နဲ့ မညီညွတ်တဲ့ hypermedicalisation ကို ရှောင်ကြတယ်။ ဆိုလိုတာက ဓာတ်ခွဲခန်းက ဝေစုပေးမယ့် ပိုက်ဆံကို မျှော်ကိုးပြီး လူနာကို လိုလို မလိုလို အကုန် လျှောက်စစ်ခိုင်းတာမျိုး မလုပ်ကြပါဘူး။ (hypermedicalisation ဆိုတဲ့ ဝေါဟာရကို သတိပြုကြစေလိုပါတယ်။ ဆေးပညာ ဘောင်ဝင်အောင် ပြောကြစတမ်းဆိုရင် အကုန်လုံး ဘောင်ဝင်ပါတယ်။ ယာဉ်ထိန်းရဲလိုပေါ့။ ယဉ်ထိန်းရဲတွေသာ စာအုပ်ကြီးအတိုင်း လုပ်ရင် လမ်းပေါ်မှာ သွားနေသမျှ ကားတွေ အကုန်လုံး အပြစ်တစ်ခုမဟုတ် တစ်ခုနဲ့ ဖမ်းလို့ရပါတယ်။) အာရှရဲ့ ထိပ်တန်း ဆေးရုံ ၁၀၀ စာရင်း (http://hospitals.webometrics.info/top100_continent.asp?cont=asia) မှာ ရွှေအမြုတေ ဦးဝင်းငြိမ်း သွားသွား ကုနေတဲ့ ပုဂ္ဂလိက ဆေးရုံ Bumrungrad Internacional Hospital က အဆင့် ၄၅ မှာ ရှိနေပါတယ်။ ကမ္ဘာ့အဆင့်အနေနဲ့ အဲဒီ့ဆေးရုံဟာ အမှတ်စဉ် ၅၀၁ မှာ ရှိတယ်။ အဲဒီ့စာရင်းမှာ ဗီယက်နမ်က ဆေးရုံတစ်ရုံဟာ အမှတ်စဉ် ၉၅ မှာ ရှိနေတယ်။ အဲဒီ့ site မှာ ကမ္ဘာ့အဆင့် ၂၀၀၀ အထိ တန်းဝင်တဲ့ ဆေးရုံတွေကို ဖော်ပြထားပါတယ်။ ကျွန်တော်တို့ အခြေအနေက ဘယ်နားမှာလဲ။ ဘာတွေကို ကျွန်တော်တို့က ရေးကြီးခွင့်ကျယ် လုပ်သင့်သလဲ။ ယနေ့ ဆေးကျောင်းဆင်းတွေရဲ့ အခြေအနေကရော နိုင်ငံတကာ စံနဲ့ဆိုရင် ဘယ် အခြေအနေမှာ ရှိသလဲ။ အားလုံး သိပါတယ်။ 

      သေချာတာတစ်ခုကတော့ ကျွန်တော်တို့ချင်း ရန်ဖြစ်နေ၊ အငြင်းပွားနေ၊ စကားများနေရမယ့် အချိန် မဟုတ်တော့ပါဘူး။ ကျွန်တော်တို့ အားလုံး ကိုယ်နိုင်တဲ့ နည်းလမ်းနဲ့ ကိုယ်လုပ်နိုင်တာကို ကြိုးကြိုးကုပ်ကုပ် လုပ်ရမယ့် အချိန်ပါ။ ငါ့ပညာ အဆင့်မမီဘူး၊ အဲဒီ့အတွက် ဟိုဟာ၊ သည်ဟာကို လက်ညှိုးထိုး ဆင်ခြေပေးမယ့်အစား အဆင့်မီလာအောင် ငါ့ဘက်က ဘာလုပ်နိုင်မလဲ ဆိုတာကို တွေးပြီး အလုပ်လုပ်ကြသင့်တယ်လို့သာ မြင်ပါတယ်။

      about an hour ago · · 4 people Chaw Chaw Po, Nyi Ma Lay and 2 others like this. ·
    •  

      Chan Myae Khine triple like!  

      58 minutes ago · ·

Success and Value

အောင်မြင်မှုနဲ့ လူ့တန်ဖိုး

နိဒါန်း

အခုတစ်ခါ ဖောက်သည်ချပေးချင်တဲ့ သက်ကြီးစကားကတော့ နှိုင်းရအယူအဆကို ရှာဖွေတွေ့ရှိခဲ့တဲ့ သိပ္ပံပညာရှင်ကြီး အဲ(လ်)ဘာ့(ထ်) အိုင်း(န်)စတိုင်း(န်)ရဲ့ စကားဖြစ်ပါတယ်။

သူ့စကားကို မပြောခင် သူ့အကြောင်းလေးကို နည်းနည်းလောက် ပြန်ပြောပြချင်ပါသေးတယ်။

သူ့ကို ၁၈၇၉ ခုနှစ်က ဂျာမနီနိုင်ငံမှာ မွေးဖွားခဲ့ပါတယ်။အသက် ၂၆ နှစ်အရွယ်၊ ၁၉၀၅ ခုနှစ်မှာ Relativity Theory လို့ ခေါ်တဲ့ နှိုင်းရအယူအဆကို သူက ဖော်ထုတ်တင်ပြနိုင်ခဲ့တယ်။ အဲဒီ့အယူအဆကနေ ဒြပ်ထုနဲ့ စွမ်းအင်တို့ရဲ့ အဆက်အစပ် ပုံသေနည်းကို သူက ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အဲဒီ့ပုံသေနည်းကြောင့် အဏုမြူစွမ်းအင်ကို လူတို့ သိလာခဲ့ကြတာပါ။

အိုင်းစတိုင်းကိုယ်တိုင်က စစ်ရေးမှာ အဲဒီ့အဏုမြူစွမ်းအင်ကို သုံးနိုင်တာတွေကို ဖော်ထုတ်တင်ပြခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူဟာ အဏုမြူ လက်နက် ဆန့်ကျင်ရေး စည်းရုံးလှုပ်ရှားမှုတွေကို ဦးဆောင်ခဲ့ပါတယ်။ ၁၉၅၅ ခုနှစ် အသက် ၇၆ နှစ် အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

ကနေ့ လူတို့ အသုံးပြုနေကြတဲ့ အလက်ထရောနစ်ပစ္စည်း အတော်များများရဲ့ဖခင်ကြီးလို့တောင် အများက သူ့ကို သတ်မှတ် ကြပါတယ်။ သူသာ မရှိခဲ့ရင် ရုပ်သံလည်း ကြည့်နိုင်မှာမဟုတ်၊ ကွန်ပျူတာလည်း ပေါ်လာမှာမဟုတ်၊ အင်တာနက်လည်း ဖြစ်လာမှာ မဟုတ်ဘူးလို့တောင် ပြောမယ်ဆိုရင် ပြောနိုင်တဲ့အထိ သူ့ရဲ့ စတင် တွေ့ရှိ ဖော်ထုတ်မှုက လူသားတွေအတွက် အကျိုးများစေခဲ့သလို အဏုမြူ လက်နက်တွေ ပေါ်ပေါက်လာတာဟာလည်း သူ့ကြောင့်ပဲလို့ ဆိုနိုင်ပြန်တယ်။

ကဲ… သူပြောခဲ့တဲ့ စကားလေးကို ပြန်ပြောပြမယ်နော်။

စာကိုယ်

အောင်မြင်မှုတစ်ခုရလာအောင် မကြိုးစားပါနဲ့။ အဲသလို ကြိုးစားမယ့်အစား တန်ဖိုးရှိတဲ့လူဖြစ်လာအောင် ကြိုးစားပါ တဲ့။ အိုင်း(န်)စတိုင်း(န်)က အဲသလို ပြောခဲ့ပါတယ်။

သူ့မူရင်းကိုလည်း ရေးပြမယ်နော်။

Try not to become a success, rather try to become a man of value. တဲ့။
ဆက်မဖတ်ခင် သူ ပြောတာလေးကို အရင်ဆုံး စဉ်းစားကြည့်တော်မူကြပါဦးလားခင်ဗျာ။ အောင်မြင်မှုရတဲ့သူနဲ့ တန်ဖိုးရှိတဲ့သူ ကြားမှာ ဘာတွေ ကွာခြားသလဲ၊ ဘယ်လိုတွေ  ကွဲပြားသလဲ၊ ဘာက ကိုယ့်အတွက် ပိုကျေနပ်စရာကောင်းသလဲ စသဖြင့် သေသေချာချာ အလေးအနက် စဉ်းစားကြည့်တော်မူကြစေချင်ပါတယ်။

“အောင်မြင်မှု”ဆိုတာတော့ လူတိုင်းလိုချင်ကြတာပဲ။ ခင်ဗျားလည်း လိုချင်တယ်၊ ကျွန်တော်လည်း လိုချင်တာပဲ၊ မဟုတ်ဘူးလားဗျာ။
ဒါပေသည့် အဲဒီ့အောင်မြင်မှုကို ရဖို့ဆိုတဲ့ ဇောလေးတစ်ခုတည်းကို ရှေ့တန်းတင်၊ ထင်ရာစိုင်းရင်းကနေ ကိုယ်ဟာ တန်ဖိုးမရှိတဲ့သူ ဖြစ်မှန်းမသိ ဖြစ်ဖြစ်လာတာကျတော့  ကိုယ့်ဟာကိုယ် မသိချင်ယောင်ဆောင်နေရတယ်။ အောင်မြင်မှုမှာ သာယာ ယစ်မူးနေဟန်နဲ့ ဖုံးဖိထားရတတ်တယ်။

ပြောကြည့်ရအောင်ဗျာ။

လူတွေဟာ အောင်မြင်မှုကို ဘာနဲ့ တိုင်းတာလေ့ရှိကြသလဲ။ ကြွယ်ဝမှုနဲ့ တိုင်းတာတဲ့သူရှိတယ်၊ အဆင့်(နေရာ)နဲ့ တိုင်းတာတဲ့သူ ရှိတယ်။ သည်နှစ်မျိုးပဲ ရှိတယ်လို့ ကျွန်တော် ထင်ပါတယ်။ ကြွယ်ဝမှုနဲ့ အဆင့်ဆိုရာမှာ ပစ္စည်းဥစ္စာဆိုတဲ့ ရုပ်ဝတ္ထုလည်း ပါဝင်သလို အသိဉာဏ်ပညာလည်း ပါဝင်နေပါတယ်။ အသိကြွယ်တာ၊ အသိဉာဏ် အဆင့်အတန်း ရှိတာကိုလည်း တချို့က အောင်မြင်မှုရယ်လို့ သတ်မှတ် တိုင်းတာတယ်။ ဒါကြောင့် အောင်မြင်မှုကို တိုင်းတာရာမှာ ကြွယ်ဝမှုနဲ့ အဆင့်ဆိုတဲ့ ရေချိန်နှစ်မျိုးသာ ရှိတယ်လို့ ကျွန်တော်က ယူဆလိုက်တာပါ။

ရုပ်ဝတ္ထု (ဝါ) ပစ္စည်းဥစ္စာ ကြွယ်ဝမှုနဲ့ တိုင်းတာတဲ့ အောင်မြင်မှုကို ရယူနေသူတွေ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ရှိပါတယ်။ ဒါပေမယ့် အဲဒီ့ လူတိုင်းဟာ တန်ဖိုး ရှိတဲ့လူလားဆိုတာ ပြန်စဉ်းစားကြည့်တော် မူလိုက်ပါဦး။

နမူနာလေး ပြောပြမယ်နော်။

ကျွန်တော့်ကား ပြင်နေကျ စက်ဆရာက တကယ့် စက်ပြင်ဆရာကောင်းတစ်ယောက်ပဲ။ သူ့ဆီမှာ လာအပ်တဲ့ ကားထဲမှာ ၁၉၉၀ ပြည့်နှစ်ထုတ် ကျွန်တော့်ကားက အဆင့်အနိမ့်ဆုံး၊ အစုတ် ဆုံး။ တကယ်တမ်း သူ့ဆီအပ်တဲ့ကားတွေဟာ အဖျဉ်းဆုံး ၁၉၉၈ ခုနှစ် ထုတ်ပဲ။ အများစုက ၂၀ဝ၀ ပြည့်နှစ်နဲ့ နောက်ပိုင်းထုတ် အပျံစားကားတွေ။ သိန်းကို ထောင်ချီပြီး တန်တဲ့ကားတွေ။

အဲဒီ့ကားတွေထဲမှာ မြန်မာပြည်ရဲ့ လျှမ်းလျှမ်းတောက် သူကြွယ်ကြီးတစ်ယောက်ရဲ့ မြောက်များလှစွာသော ကားတွေလည်း ပါတယ်။ သူကြွယ်ကြီး ကိုယ်တိုင်ကတော့ အဲဒီ့ စက်ပြင်ဆိုင်ကို ဘယ်လာအပ်ပါ့မလဲ။ သူ့ယာဉ်မောင်းတွေက လာအပ်တာပါ။

အဲဒီ့ ယာဉ်မောင်းတွေဟာ သူကြွယ်ကြီးရဲ့ ယာဉ်မောင်းတွေပီပီ သန့်သန့်ပြန့်ပြန့်၊ သားသားနားနား ဝတ်စားထားကြတယ်။ မျက်နှာထိ၊ မျက်နှာထားကအစ သူတို့ရဲ့ ဟန်ပန်အမူအရာတွေဟာ အသားလွတ်ကို မောက်မာနေကြတယ်။

စက်ပြင်ဆရာဆီက သိလာရတာတစ်ခုက အဲဒီ့ယာဉ်မောင်း တစ်ယောက်စီ တစ်ယောက်စီဟာ သိန်း ၂၀ ကနေ သိန်း ၃၀ အတွင်းမှာ စုမိ၊ ဆောင်းမိဖြစ်နေကြပြီဆိုတဲ့ အကြောင်း။

ဟာ… သည် သူကြွယ်ကြီးက တယ်တော်ပါလား။ ကိုယ့်ယာဉ်မောင်းတွေကိုတောင် အဲသလောက်အထိ မြှောက်စားပါလားလို့ မတွေးလိုက်ကြပါနဲ့။ မဟုတ်ပါဘူး။ သူပေးထားတဲ့ ယာဉ်မောင်းလခက သူလိုငါလို နှစ်သောင်းခွဲ၊ သုံးသောင်းပါပဲ။ နို့… သူတို့က ဘယ်လိုလုပ်ပြီး သိန်းကို ဆယ်ဂဏန်းနဲ့ ချီလို့ ရနေကြတာလဲ။

အဖြေက ရှင်းပါတယ်။ သူတို့ဟာ သူတို့ မောင်းနေရတဲ့ ကားအပေါ်မှာ နည်းမျိုးစုံနဲ့ အမြတ်ထုတ်ပြီး “အောက်ဆိုက်”လို့ ခေါ်တဲ့ အပိုဝင်ငွေ ရှာနေကြတာပါ။ ဓာတ်ဆီကို လိုသည်ထက် ပိုပြီး တောင်းတယ်။ ကားပြင်တဲ့အခါ စက်ပြင်ဆရာကို ကျသင့်ငွေ ပိုရေးခိုင်းတယ်။ ကားပစ္စည်း ဝယ်တဲ့အခါ ကားပစ္စည်းဆိုင်ကို ဈေးပိုတင်ပြီး ပြေစာဖြတ်ခိုင်းတယ်။ နည်းမျိုးစုံနဲ့ သူတို့ဟာ သူတို့ရဲ့အလုပ်ရှင် သူကြွယ်ကြီးဆီက ပိုက်ဆံတွေကို မသမာတဲ့ နည်းနဲ့ ရယူနေကြပါတယ်။

သူ့မိသားစု၊ သူ့ဘဝ၊ သူ့ရပ်ကွက်ထဲမှာတော့ သူဟာ ပိုက်ဆံရှိတဲ့သူအဖြစ်နဲ့ ဝါလို့ ရကောင်းရနေလိမ့်မယ်။ တစ်နည်းအားဖြင့် သူတို့ဟာ အောင်မြင်တဲ့သူတွေလို့ သူတို့ကိုယ် သူတို့ ထင်ကြပါလိမ့်မယ်။ ဒါပေမယ့် သူတို့ရဲ့ လိပ်ပြာက တကယ် စင်ကြယ်ရဲ့လား၊ တကယ် သန့်ရှင်းရဲ့လား။

သူတို့စိတ်ထဲမှာ အလွယ်တကူ ရှိနေနိုင်တာလေး တစ်ခုကိုတော့ ကျွန်တော် စဉ်းစားမိတယ်။ “ငါ မလုပ်လည်း၊ ငါ့ အလုပ်ရှင်အပေါ် တခြားလူတွေက သည်လိုပဲ လုပ်နေမယ့် အတူတူတော့ ငါလည်း လုပ်လိုက်တာ တရားပါတယ်”ဆိုတဲ့  အတွေးမျိုးပါ။

အိုမင်းဟောင်းနွမ်းနေတဲ့ ကလီရှေး (cliché) ကို သုံးရင်တော့ “မိုးခါးရေ”ပေါ့။ အများသောက်နေတဲ့ အတူတူ ကိုယ် သောက်လို့လည်း ဘာမှ မထူးဘူးဆိုတဲ့ စိတ်ပေါ့။

သည်နည်းနဲ့ သူတို့ရဲ့ ငွေကြေးအောင်မြင်မှုကို ရယူတယ်။ ကြွယ်ဝမှုကို ရယူနေကြတယ်။ ဒါပေမယ့် သူတို့တွေဟာ တန်ဖိုး ရှိတဲ့သူတွေ ဖြစ်လာကြမှာလား။ အတော်လေး စဉ်းစားစရာ ကောင်းပါတယ်။

တခြားမကြည့်နဲ့၊ သူတို့နဲ့ ခင်မင်ရင်းနှီးနေတဲ့ သူတို့ရဲ့ စက်ပြင်ဆရာကတောင် သူတို့ကို အထင်ကြီး၊ လေးစားမှု မရှိဘူး။ စက်ဆရာက ဟောက်ရင် သူတို့တွေ ငြိမ်ခံနေကြရတယ်။ ဘာလို့လဲ၊ သူတို့ရဲ့ အားနည်းချက်တွေ၊ ဟာကွက်၊ ပျော့ကွက်တွေကို စက်ဆရာက တိတိပပ သိထားပေတာကိုး။ တစ်နည်းပြောရရင် သူတို့ဟာ တန်ဖိုးမဲ့သူတွေလို့ စက်ပြင်ဆရာက သတ်မှတ်ထားတာကိုး။

သည်အထဲမှာမှ နောက် ယာဉ်မောင်းကြီးတစ်ယောက် ရှိသေးတယ်။ သူကကျတော့ စောစောက ပြောတဲ့ သူကြွယ်ကြီးလောက် မချမ်းသာပေမယ့် သူလည်း သူ့ဟာနဲ့သူ  ကြွယ်ဝတဲ့ သူဌေးတစ်ယောက်ရဲ့ ယာဉ်မောင်းပါ။ အဲဒီ့ ယာဉ်မောင်းကြီးကကျတော့ အစစ အရာရာကို မှန်မှန်ကန်ကန် တိတိကျကျ လုပ်တယ်။ သူ့ကို ပေးထားတဲ့ လုပ်ခလစာအပြင် ဘာကိုမှ ပိုမယူဘူး။

စက်ဆရာက ပြောပြဖူးတယ်။ ကားလာပြင်စတုန်းက “အစ်ကိုကြီးအတွက် ပြေစာမှာ ပိုရေးပေးရမလား”လို့ စက်ဆရာက မေးဖူးသတဲ့။ “မလုပ်ပါနဲ့ မောင်ရာ။ အမှန်အတိုင်းပဲ ရေးပါ။ သူများပိုက်ဆံကို အဲဒီ့နည်းနဲ့ မလိုချင်ပါဘူး။ ကျုပ်မှာ မရှိရင် ရိုးရိုးသားသား ပြောပြပြီး လက်ဖြန့် တောင်းချင်တောင်းမယ်၊ မဟုတ်တဲ့နည်းနဲ့တော့ တစ်သက်လုံး မယူပါဘူး။ သူ့ကျွေး ရှိလို့ သူ့ဆီမှာ အခစား လုပ်နေရတာနဲ့တင် လုံလောက်ပါပြီ။ နောက် ဘဝမှာ သူ့မြေ ပါသွားမယ့်အလုပ်တွေ မလုပ်ပါရစေနဲ့”လို့ ယာဉ်မောင်းကြီးက ပြန်ပြောသတဲ့။

စက်ဆရာက အဲဒီ့ နွမ်းနွမ်းပါးပါး ယာဉ်မောင်းကြီးကို အမြဲတန်း လေးလေးစားစား ဆက်ဆံတယ်။ သူ ကားလာပြင်တဲ့အခါ စက်ဆရာကတောင် အဲဒီ့ပုဂ္ဂိုလ်ကို ဇွတ်အတင်း လက်ဖက်ရည်တိုက်တာ၊ ထမင်းကျွေးတာတွေ မြင်ဖူးပါတယ်။

ကျွန်တော် ဆိုလိုချင်တာကို စာဖတ်သူလူကြီးမင်းများ မြင်ကြမယ် ထင်ပါတယ်။

တချို့ရှိသေးတယ်။ အလုပ်ကို တော်တော်နဲ့ မလုပ်ဘဲ ပညာ ပြနေတာ၊ အလုပ် လာအပ်သူဆီက အပိုကြေးလေး ထွက်လာအောင် နည်းမျိုးစုံနဲ့ ညှစ်ထုတ်နေကြတာတွေ ရှိတတ်တယ်။ အညှစ်ခံရမှန်း သိပေမယ့် မလုပ်မဖြစ်တဲ့အခါကျတော့ ပေးလိုက်ကြရတာပဲ။ ဒါပေမယ့် သဒ္ဓါကြည်ဖြူစွာ ပေးတာတော့ မဟုတ်ဘူး။ အဲဒါကို သိသိကြီးနဲ့ မြိန်မြိန့်ကြီး ယူငင်စားသုံးတာဟာ အင်မတန် ကြောက်စရာ ကောင်းတယ်။ လောလောဆယ်မှာတော့ ဟုတ်သလိုလို ရှိနေပေမယ့် ကိုယ့်မှာ အဲသလို ပညာပြဖို့၊ ညှစ်ထုတ်ဖို့ အခွင့်အလမ်း မရှိတော့တဲ့ အချိန်ဆိုတာ အနှေးနဲ့ အမြန်တော့ ရောက်လာတော့မှာပဲ။ အဲဒီ့အခါကျတော့ သူ့ကို ဘယ်သူက သဒ္ဓါတော့မလဲဆိုတာ အင်မတန် စဉ်းစားစရာ ကောင်းလှတယ်။

သူ့နေရာမှာ လာသမျှကို စေတနာအပြည့်နဲ့ လုပ်ပေးခဲ့သူကို ယှဉ်ကြည့်ရအောင်။ စေတနာအပြည့်နဲ့ လုပ်ပေးမှန်းသိတဲ့အခါ အလုပ် လာအပ်သူတွေက ရက်ရက်ရောရော ကူညီ ပေးကမ်းကြတယ်ဆိုပါစို့။ သူကလည်း ရမှန်းတော့ သိသွားတယ်။ ဒါပေမယ့် ဘယ်တော့မှ ရရကောင်းစေ မအောက်မေ့ဘဲ ဘယ်သူ့ကိုမဆို စေတနာ အပြည့်နဲ့သာ လုပ်ကိုင် ဆောင်ရွက်ပေးမြဲ ပေးနေမယ် ဆိုရင် အဲဒီ့လူ ဘယ်ဘဝ ရောက်သွားသွား ပူပင် ကြောင့်ကြစရာ မလိုတော့ဘူး။

အဲဒီ့မှာ အောင်မြင်မှုနဲ့ လူ့တန်ဖိုးရဲ့အလေးအပေါ့ ကွာခြားမှုကို အထင်အရှား တွေ့နိုင်ပါလိမ့်မယ်။

သိပ်ရှည်မှာစိုးလို့ သည်အပိုင်းကို အကျယ်ထပ်မချဲ့တော့ပါဘူး။ ပြမယ်ဆိုရင်တော့ နမူနာတွေ အများကြီးပါပဲ။  စာဖတ်သူ လူကြီးမင်းများ ကိုယ်တိုင် အလေးအနက် တွေးကြည့်နိုင်ကြပါလိမ့်မယ်။

အဆင့်နဲ့ တိုင်းတာတဲ့ အောင်မြင်မှုကိုပဲ ပြောကြည့်ကြပါဦးစို့။

ကိုယ့်အဆင့် တက်လာဖို့အတွက် သူတစ်ပါးကို နင်းသွားတာဟာ အောင်တော့ အောင်မြင်ပါရဲ့၊ ဒါပေမယ့် တန်ဖိုးရှိတဲ့ အောင်မြင်မှု မဟုတ်တာတော့ အမှန်ပါပဲ။

အထင်ရှားဆုံး ဥပမာပြရရင် ကျော်ဆွေ့ကို နင်းပြီး တက်လိုက်လို့ ကောလိပ်ဂျင်နေဝင်း ဖြစ်လာတာ မဟုတ်ဘူး။ ကောလိပ်ဂျင် နေဝင်း ကွယ်လွန်သွားလို့ ကျော်ဟိန်း ဖြစ်လာတာ မဟုတ်ဘူး။

ဒါပေမယ့် နေရာအတော်များများမှာ လူတွေက လွဲနေကြတယ်။ ထိပ်တန်းကို ရောက်နေသူတွေ မရှိတော့မှ ကိုယ် ထိပ်တန်းကို တက်နိုင်မယ် ထင်ပြီး ထိပ်က လူတွေကို ထိုးနှက်ဖို့၊ ဖိနှိပ်ဖို့ ကြိုးစားတတ်ကြတယ်။

အလယ်တန်း၊ အထက်တန်းမှာလဲ ဒါမျိုးတွေ တွေ့ရတာပဲ။ အဆင့်တစ်ကို ပျက်စီးသွားအောင်၊ ကျောင်းစာမှာ လစ်ဟင်းသွားအောင် ချောက်ချရင်လည်း ချတတ်ကြတယ်။ ဒါမှမဟုတ် ကိုယ်တိုင်က တခြား မသမာတဲ့ တနည်းနည်းနဲ့ အဆင့်တစ် နေရာကို လုဖို့ အားထုတ်ရင်လည်း ထုတ်တတ်ကြပြန်တယ်။

တကယ်က လူတစ်ဦးစီမှာ ကိုယ့်အရည်အချင်းနဲ့ ကိုယ်ပါ။ ကိုယ့်ပင်ကိုအစွမ်းအစနဲ့ ကိုယ်ပါ။ အဆင့်တစ် ဖယ်ပေးလိုက်ပေမယ့်၊ အဆင့်တစ် မရှိတော့ပေမယ့် အဆင့်တစ် ဖြစ်လာ/မလာဟာ ကိုယ့်ရဲ့ တစ်ကိုယ်ရေ အစွမ်းပေါ်မှာပဲ တည်ပါတယ်။

သူတစ်ပါးကို နင်းပြီး တက်လာတဲ့သူကို ဘယ်သူမှ အထင်မကြီးဘူး။ ဘယ်သူကမှလည်း တန်ဖိုးရှိတဲ့သူလို့ မသတ်မှတ်ဘူး။ အဆင့်တက်လာခဲ့သည့်တိုင် ကိုယ့်ကိုယ်ကိုယ်လည်း လေးစားလို့ မရ၊ တန်ဖိုးထားလို့ မရ ဖြစ်နေတတ်တယ်။

ဒါကို လူငယ်လေးတွေ သိပ် သတိထားကြစေချင်လှပါ တယ်။

ဘဝကို လိပ်ပြာသန့်သန့်၊ သိက္ခာရှိရှိ၊ တန်ဖိုးပြည့်ပြည့်နဲ့ ထူထောင်ထားပါမှ အောင်မြင်မှုကို လက်ဆုပ်လက်ကိုင် ပိုင်ပိုင် ရလာတဲ့အခါမှာ အဲဒီ့ အောင်မြင်မှုရဲ့ အရသာကို တင်းပြည့် ကျပ်ပြည့် ခံစားနိုင်ပါလိမ့်မယ်။ မဟုတ်လို့ကတော့ အောင်တော့ အောင်မြင်ပါရဲ့၊ စိတ်ထဲမှာ တစ်ချိန်လုံး စနောင့်စနင်း ဖြစ်နေရပြီး အဲဒီ့အောင်မြင်မှုအပေါ်မှာ မပျော်ပိုက်နိုင်အောင် ဖြစ်နေဖို့က သေချာသလောက်ပါပဲ။

ဒါကြောင့် အိုင်း(န်)စတိုင်း(န်)က ပြောခဲ့တာပါပဲ။ အောင်မြင်မှုတစ်ခု ရလာအောင် မကြိုးစားပါနဲ့။ အဲလို ကြိုးစားမယ့်အစား တန်ဖိုးရှိတဲ့လူ ဖြစ်လာအောင် ကြိုးစားပါတဲ့။

နိဂုံး

သူ့စကားက သိပ်စဉ်းစားစရာကောင်းပါတယ်။ သူ ကိုယ်တိုင်ရဲ့ ဘဝနဲ့ ယှဉ်ရင် သူဟာ သည်စကားကို ခံစားချက်အပြည့်နဲ့ ပြောထားတယ်လို့ ပြောနိုင်ပါတယ်။ သူဟာ နိဒါန်းမှာ ဖော်ပြခဲ့တဲ့အတိုင်း ၂၀ရာစုမှာ အထူးချွန်ဆုံး သိပ္ပံပညာရှင်ကြီးပါ။ အောင်မြင်မှုအရာမှာ ရာစု တစ်ခုစာတောင် အောင်မြင်တာမို့ သိပ်ကို ကြီးကျယ်လွန်းတယ်။ ပြီးရင် ကမ္ဘာပေါ်မှာ ရှိရှိသမျှ လူသား အားလုံးထဲမှာ တစ်ရာစု တစ်ယောက် ပေါ်ထွန်းလာခဲ့ တာမို့ သူ့အောင်မြင်မှုဟာ ဘယ်သူမှ လိုက်မမီနိုင်တဲ့ အောင်မြင်မှုမျိုးပဲ။

ဒါပေမယ့် ဒုတိယကမ္ဘာစစ်မီးကို အဆုံးသတ်ဖို့အတွက် ဂျပန်နိုင်ငံ ဟီးရိုးရှီးမားနဲ့ နာဂါဆာကီ မြို့ကြီးနှစ်မြို့ကို မိနစ်ပိုင်းအတွင်း ပြာကျသွားအောင် လုပ်နိုင်တဲ့ အဏုမြူ ဗုံးလေး နှစ်လုံးဟာ သူ့ရဲ့အထက်က ဆိုခဲ့တဲ့ အောင်မြင်မှုများရဲ့ အသီးအပွင့်တွေပါ။ ဒါတွေကို မျက်ဝါးထင်ထင် မြင်လိုက်ရတဲ့ အိုင်း(န်)စတိုင်း(န်)ဟာ သူ့အောင်မြင်မှုအတွက် ဝမ်းသာ ဂုဏ်ယူမိပါ့မလား။ သူ့ကိုယ်သူ တန်ဖိုးရှိတဲ့ လူတစ်ယောက်အဖြစ် မြင်လို့မှ ရပါ့မလား။

သိပ်ကို စဉ်းစားစရာကောင်းပါတယ်။

စာဖတ်သူ လူကြီးမင်းများလည်း စဉ်းစားပါ။

အောင်မြင်မှုရအောင် ကြိုးစားမလား။ တန်ဖိုးရှိတဲ့လူ ဖြစ်အောင် ကြိုးစားမလား။ နှစ်သက်ရာကို ရွေးချယ်နိုင်ကြပါလိမ့်မယ်။

(၂၀ဝ၄ခုနှစ် ဖေဖော်ဝါရီလထုတ် ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်းမှာ ဖော်ပြခဲ့ဖူးတာလေးကို ပြန်လည် တင်ဆက်လိုက်တာပါ။)

Can a Person be Dragooned into Homosexuality?

မိန်းမလျာ “ဇာတ်သွင်းခံလိုက်ရတယ်” ဆိုပါလားကွယ်…

မင်္ဂလာပါလို့ စာရေးတဲ့ ကျွန်တော် အတ္တကျော်က ဦးစွာပထမ ဂါရဝနဲ့ နှုတ်ခွန်းဆက်ပါရစေလား ခင်ဗျာ။ သည်တစ်ခါတော့ တစ်ဆင့်ကြားစကားကနေ ယုံမှားတဲ့ အတွေးပေါ်လာရာက ကျွန်တော့်ကို စာတွေ ရေးခိုင်းလာတဲ့ စာလေးတစ်စောင်နဲ့ပတ်သက်ပြီး ဆွေးနွေးတင်ပြရတော့မှာပါ။ အများနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာမို့ သူက စာနဲ့ ရေးခိုင်းပေမယ့် စာဖတ်သူ အင်အားထက် ရေဒီယိုနားထောင်တဲ့ အင်အားက ပိုများလှတာမို့ အဲဒီ့ ကျွန်တော်၊ ကျွန်တော်နဲ့ ပြောတတ်တဲ့ ကလေးမ ရေးပြလာတဲ့ စာလေးကိုပဲ ကျွန်တော့် အစီအစဉ်ကတစ်ဆင့် ဦးစွာ ထုတ်လွှင့် တင်ဆက်လိုက်ရပါတယ်ခင်ဗျား။

ကျွန်တော် မနေ့က HIV နဲ့ ပတ်သတ်တာတွေ ဖတ်မိပါတယ်။ အဲဒီမှာ ဘာကို သွားတွေ့ရသလဲဆိုတော့ မိန်းမလျာ မဖြစ်ချင်ဘဲ ဖြစ်ရတဲ့ ဇာတ်လမ်းလေးပါ။ ကောင်လေး ဆယ်တန်းအောင်တဲ့နေ့မှာ အိမ်မှာ ဝင်ထွက် သွားလာနေတဲ့ ဦးလေးလို လူက စော်ကားလိုက်တာပါ။ ကျွန်တော် ဖြစ်စေချင်တာက အဲဒီလို မိန်းမလျာ ဇာတ်သွင်းသူ မတရား ကြံတတ်တဲ့ လူယုတ်မာတွေရဲ့ ရန်က ဘယ်လို ကာကွယ်ရမယ်ဆိုတာပါ ရေးပေးပါဆရာ။ အဲဒီဇာတ်ထဲမှာ ကောင်လေးက နောက်ပိုင်း အေပါ ကိုက်သွားတာ။

ဆရာရေးတဲ့ စာအုပ်တွေထဲမှာ မိန်းမလျာဖြစ်တဲ့ လိင်စိတ်က ပုံမှန် မဟုတ်တဲ့စိတ် မဟုတ်ဘဲ ပုံမှန်စိတ်ဖြစ်လို့ ဘဝကို ရဲရဲရင့်ရင့်နေကြပါလို့ ဆရာ့စာတွေက ညွှန်းတယ်လို့ ခံစားမိပါတယ်။ ဒါပေမယ့်ဆရာ၊ ယောက်ျားချင်းပဲ ဖြစ်ဖြစ်၊ မိန်းကလေးပဲ ဖြစ်ဖြစ် စော်ကားခံရရင် ခံရချင်း မိဘကိုသာ အသိပေးမယ်ဆိုရင်၊ ပွင့်လင်းတဲ့ မိဘတွေနဲ့ နွေးနွေးထွေးထွေး ဆက်ဆံရေး ရှိမယ်ဆိုရင် အများကြီး အဆင်ပြေမှာပါ။

အများစုက အယုံလွယ်တယ်။ အရှက်အကြောက်ကြီးတယ်။ ဦးနှောက်မရှိဘူး။ အများပြောရင် ယုတ္တိ မရှိလည်း ယုံကြတာ များတယ်။ အဓိကကတော့ အတွေးအခေါ်ပါပဲ။ ပိတ်လှောင်ထားတဲ့ လွဲမှားတဲ့ အရှက်တရားတွေအစား ပွင့်လင်းမျှတတဲ့ လောကကြီးကို ရရှိစေဖို့ ဆရာတို့လို ပွင့်ပွင့်လင်းလင်း ရေးသားနေတဲ့သူတွေ၊ ပရိတ်သတ် များနေတဲ့ လူတွေက များများကြီး ရေးပေးစေချင်ပါတယ်။ ဒါမှ ကျွန်တော်တို့ ကလေးတွေ အုံ့ပုန်းနှိပ်စက်ခံရတဲ့ဘေးက ကင်းဝေးမှာဗျ။

ဆရာရေ ဆရာ့စာတွေက ပြည်သူတွေအတွက် အလင်းဖြစ်စေပါတယ်။ အရေးကြီးတာက အလင်းကို အလင်းလို့ မမြင်ဘဲ အလွဲသုံးစား လုပ်မယ့်သူတွေ မပေါ်ဖို့ပါဘဲ။ ကျေးဇူးအများကြီးတင်ပါတယ်။

အင်း… အများအတွက် ထည့်တွက် ငဲ့ကွက် စဉ်းစားပေးတတ်တဲ့ ကလေးမလေးတစ်ယောက်ရဲ့ အမောပါ။ တစ်နည်း ပြောရင် သူ့အမောထဲမှာ စေတနာလေးပါနေတာမို့ သည်ကလေးမလေးရဲ့ စာလေးက ကျွန်တော့်စိတ်ကို ကြည်နူးစေ၊ ပီတိဖြစ်စေပါတယ်။ ကိုယ်နဲ့ ဘယ်လိုမှ မသက်ဆိုင် မပတ်သက်တဲ့၊ ကိုယ်မြင်တောင်မှ မမြင်ဖူးလေတဲ့ တခြား တစ်ပါးသူများအတွက် ထည့်တွက် စဉ်းစားပေးတဲ့စိတ်ဆိုတာဟာ ကြီးကြီးကျယ်ကျယ်ပြောရရင် ပရဟိတစိတ် ဖြစ်ပါတယ်။ သည်လို စိတ်မျိုးနဲ့ လူငယ်လေးတွေသာ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ များသထက်များလာမယ်ဆိုရင် ကျွန်တော်တို့ လူ့ဘောင်ရဲ့ အနာဂတ်ဟာ သိပ်ကို လှပနေတော့မှာမို့ သူ့စာလေးက ကျွန်တော့်ကို ပီတိဖြစ်သွားစေခဲ့ပါတယ်။

“သားငယ်တို့ နားလည်ဖို့”တို့၊ “ယောက်ျားသားချင်း ပွင့်ပွင့်လင်း”တို့လို ကျွန်တော့် စာအုပ်တွေမှာရော မဂ္ဂဇင်းဂျာနယ် တွေထဲက ကျွန်တော့် စာတွေထဲမှာပါ လိင်တူချင်း တပ်မက်သူများကို ခွဲခြားဆက်ဆံတာမျိုး မလုပ်ကြဖို့နဲ့ လိင်တူချင်း တပ်မက်မှုဟာ မူမှန်စိတ်သာ ဖြစ်ကြောင်းများကို ရေးပြခဲ့ဖူးပါတယ်။ စာရေးလာသူ ကလေးမလေးက အဲဒီ့စာတွေနဲ့ ရင်းနှီးနေပုံရတယ်။ အဲဒီ့ အချိန်မှာ HIV နဲ့ ပတ်သက်တဲ့စာတချို့ကို ဖတ်မိရာက အဲဒီ့စာတွေထဲမှာပါတဲ့ အကြောင်းအရာလေးကို ထောက်ပြီး ကျွန်တော့် စာတွေက အဆိပ်အတောက်များ ဖြစ်နေလေမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ ယဉ်ယဉ်ကျေးကျေး သတိပေးတဲ့စာလေး ကျွန်တော့်ဆီ ပို့ပေးလိုက်တာပါပဲ။

သူ့စာထဲမှာ နှစ်ပိုင်း ပါပါတယ်။ တစ်ပိုင်းက သူပြောသလို ဇာတ်သွင်းတယ်ဆိုတဲ့ အပိုင်းပါ။ ဒုတိယတစ်ပိုင်းက မိဘနဲ့ သားသမီးကြားမှာ ပွင့်လင်းကြဖို့နဲ့ ယောက်ျားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် ကိုယ့်ကို တစ်စုံတစ်ယောက်က မဖွယ်မရာ လုပ်လာခဲ့ရင် မိဘကို ဖွင့်ဟ အသိပေးတိုင်ပင်နိုင်ဖို့ လိုအပ်တယ်ဆိုတဲ့ အပိုင်းဖြစ်ပါတယ်။ ဒုတိယပိုင်းဖြစ်တဲ့ အရွယ်မရောက်သေးသူများကို မဖွယ်မရာလုပ်တာနဲ့ ပတ်သက်ပြီး မကြာသေးခင်က ထွက်ထားတဲ့ ကျွန်တော့်ရဲ့ “မိန်းမသားတို့ သိမ်းထားဖို့” စာအုပ်ထဲမှာ “ကလေးသူငယ် မဖွယ်မရာ ပြုကျင့်မှုများနှင့် စပ်လျဉ်း၍”ဆိုတဲ့ ခေါင်းစဉ်နဲ့ အကျယ်တဝင့် ရေးသား တင်ပြခဲ့ပြီး ဖြစ်သလို မိန်းကလေးငယ်လေးတွေကို ကာယဗလနဲ့ အနိုင်ကျင့်ပြီး မဖွယ်မရာလုပ်တာတင် မကဘဲ ပါးစပ်နဲ့ ထိကပါး ရိကပါး လုပ်တာ၊ လက်နဲ့ မထိတထိ လုပ်တာများကအစ ဘယ်လို ကာကွယ်ရမယ်၊ ဘယ်လို အရေးယူရမယ်ဆိုတာများကိုပါ ဆိုင်တွေပေါ်မှာ မပြတ်သလောက်ရှိနေလေတဲ့ ကျွန်တော့်ရဲ့ “မီးငယ်တို့ အသိကြွယ်ဖို့” စာအုပ်ထဲမှာ ကျယ်ကျယ်ဝင့်ဝင့် ဆွေးနွေးတင်ပြထားပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် သည်အပိုင်းကို လောလောဆယ်မှာ အဓိကထားပြီး မဆွေးနွေးတော့ဘဲ ပထမပိုင်းဖြစ်တဲ့ မိန်းမလျာ ဇာတ်သွင်းခံရတယ်ဆိုတဲ့ အပိုင်းကိုပဲ အလေးထားပြီး ဆွေးနွေးသွားချင်ပါတယ်။

တကယ်တော့ အများက ပြောရင် ယုတ္တိတန်တန် မတန်တန် နင်းကန် ယုံတတ်ကြတော့တာပဲလို့ ကလေးမလေးက ရေးထားသလို အခုစာရေးလာသူ ကလေးမလေးဟာလည်းပဲ ယုတ္တိမတန်တဲ့စကားကိုယုံမှားပြီး ကျွန်တော့်ဆီ စာရေးလာတာပါ။ သူ့ စကားသာ မှန်ကန်မယ်၊ ယုတ္တိတန်မယ်ဆိုရင် အခု သည်စကားတွေ ပြောနေတဲ့ ကျွန်တော်တစ်ယောက် အခြောက်ဖြစ်သွားတာ နှစ်ပေါင်း ကြာလှရောပေါ့ခင်ဗျား။

သူပြောတဲ့ ကလေးကမှ ဆယ်တန်း အောင်ပြီးတဲ့အချိန်မှာ မိန်းမလျာ ဇာတ်အသွင်းခံရတာမို့ အဖျင်းဆုံး အသက်က ၁၆ နှစ်လောက်မှာ ဖြစ်ပါတယ်။ ကျွန်တော် ရင်ဆိုင်ခဲ့ရတာက အဲဒီ့ထက် များစွာ ငယ်နုလှသေးတဲ့ အသက် ၁၁ နှစ်မပြည့်ခင် ငါးတန်း ကျောင်းသားအရွယ်မှာပါခင်ဗျား။ ဒါတင်မကသေးပါဘူး။ ကလေးဘဝက ကျွန်တော် ကြောက်ရတဲ့၊ ကျွန်တော့်ကို အမြဲတစေ အနိုင်ကျင့်ခဲ့တဲ့ ကစားဖက်ဟာလည်းပဲ ယနေ့အခါမှာ မိန်းမလျာ ရင့်မာကြီးတစ်ယောက် ဖြစ်နေသလို ငယ်ငယ်လေးကတည်းက ဆရာဝန်လုပ်တမ်း ကစားတယ်၊ ဆရာဝန်လုပ်တမ်း ကစားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျွန်တော့်ရဲ့ လူတကာ မထိအပ်တဲ့ နေရာတွေကို ပယ်ပယ်နယ်နယ် ကိုင်တွယ် ဆော့ကစားခဲ့ဖူးပါတယ်။ အဲတုန်းကတော့ ကလေးမို့လို့ ဒါဟာ မိန်းမလျာတွေရဲ့ အမူအကျင့်မှန်း ဘယ်သိခဲ့ပါ့မလဲဗျာ။

အဲဒါမျိုးကို နဖူးတွေ့ ဒူးတွေ့ သိခွင့်ရတာက စောစောက ပြောတဲ့အတိုင်း အသက် ၁၁ နှစ်မပြည့်တပြည့် ငါးတန်းကျောင်းသား အရွယ်မှာဖြစ်ပါတယ်။

ဖြစ်ပုံက သည်လိုပါ။ ကျွန်တော်က လေးတန်းတစ်နှစ်လုံး ကျောင်းအိပ်ကျောင်းစား နေခဲ့ရသလို ငါးတန်းကျတော့ လည်း မန်းရွှေမြို့တော်ကြီးမှာ ကျောင်းအိပ် ကျောင်းစား ထပ်နေရပြန်ပါတယ်။ နေရတဲ့ ကျောင်းက ယောက်ျားလေးတွေချည်း ထားတဲ့ အထက်တန်းကျောင်းပါ။ အဲတော့ ဘော်ဒါမှာက ကျောင်းသားကြီးတွေ ရှိပါတယ်။ ယောက်ျားလေး တွေချည်းလည်း စုနေတဲ့ နေရာ၊ အဆောင်လည်း အဆောင်ဖြစ်တာမို့ ကျွန်တော်တို့လို ကလေးတွေကို ကျောင်းသားကြီးတွေက အတတ်စုံတွေ သင်ပေးကြပါတယ်။ ကျောင်းသားကြီးတွေလို့သာ ပြောရတာ၊ သူတို့တွေ ကိုယ်တိုင်ကလည်း အထက်တန်းကို မလွန်မြောက်ကြသေးတော့ ဆယ်ကျော်သက် အရွယ်ကို မလွန်မြောက်ကြ သေးပါဘူး။ သည်တော့ကာ သူတို့ကိုယ်တိုင်ကလည်း လက်တည့်စမ်းချင်တဲ့ စိတ်ကလေးတွေနဲ့ ကျွန်တော်တို့ ကလေးတွေကို မဟုတ်တာတွေ အကုန်သင်ပါတယ်။ အဲဒီ့အကျိုးကျေးဇူးကြောင့် ကျွန်တော်ဟာ ဖိုမရေးရာတွေကို အရွယ်မတိုင်ခင်ကတည်းက စတင် ကြားဖူးလာရပါတော့တယ်။

တစ်ဖက်ကလည်း သူတို့တွေက လိင်ဆက်ဆံမှု မပါဝင်ဘဲ ယောက်ျားချင်း အာသာဖြေပေးတဲ့ အလုပ်ကို ကျွန်တော်တို့ ကျောင်းသားငယ်လေးတွေကို လုပ်ခိုင်းတတ်ပါတယ်။ သည်အတွက်ကြောင့် ကျွန်တော် ပြောလိုက်ရတာပါ။

ဇာတ်သွင်းလို့ တကယ်ရပြီး လိင်တူချင်းသာ တပ်မက်ကြရစတမ်းဆိုရင် အဲဒီ့အရွယ်ကတည်းက ကျွန်တော့်မှာ လိင်တူချင်း စွဲလန်းသွားစရာ အခွင့်အလမ်းက မတန်တဆကို များလွန်းလှပါတယ်။ ဒါပေမယ့် သူတို့တွေ ကျေးဇူးကြောင့် အရွယ်မတိုင်ခင် အတတ်ကောင်းတွေ တတ်လာရတဲ့ ကျွန်တော့်မှာ အဲဒီ့အရွယ်ကတည်းက လိင်မတူလေတဲ့ မိန်းမသားများအပေါ်မှာ မဖွယ်ရာတဲ့ စိတ်နဲ့သာ ပြင်းပြင်းပြပြ စွဲလန်းတတ်လာခဲ့တော့တာ ဘဝတစ်လျှောက်လုံးပါ။

ဒါနဲ့ ပြီးရောလားဆိုတော့ မပြီးသေးပါဘူး။ နောက်တစ်နှစ်မှာ ကျွန်တော် ရန်ကုန် ရောက်လာပါတယ်။ အဲဒီ့ရဲ့ နောက်တစ်နှစ် ကျွန်တော် ခုနစ်တန်းနှစ် အသက် ၁၃ နှစ်မပြည့်ခင်မှာ တကယ် လိင်တူချင်းတပ်မက်သူ အရွယ်ကောင်း အမျိုးသားတစ်ဦးကို ဘဝရဲ့ ပထမဆုံးအကြိမ်အဖြစ် စတင် ရင်ဆိုင်လိုက်ရပြန်ပါတယ်။ အဲဒီ့အချိန်မှာ သူနဲ့ ရင်ဆိုင်ရတာ ကျွန်တော်တစ်ယောက်တည်း မဟုတ်ဘဲ ရွယ်တူ သူငယ်ချင်း ၆ ယောက်လောက်လည်း ပါပါတယ်။

ကျွန်တော်တို့ စတင် ရင်ဆိုင်လိုက်ရတဲ့ အရွယ်ကို သတိထားတော်မူကြစေလိုပါတယ်။ တကယ့်ကို ဆယ်ကျော်သက်ထဲ ချင်းနင်းဝင်ရောက်စ၊ ကြီးကောင်ဝင်စ ၁၃ နှစ်ဆိုတဲ့ အရွယ်ပါခင်ဗျား။

အဲတုန်းက ကျွန်တော်တို့ အားလုံး မကြုံဖူးလို့ မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်သွားခဲ့ကြတာက လွဲရင် ရယ်စရာတစ်ခု အဖြစ်သာ သဘောထားခဲ့ကြပါတယ်။ အဲဒါကို ကြုံခဲ့ရတဲ့ ကျွန်တ်ာအပါအဝင် ခုနစ်ယောက်စလုံးလည်း ယနေ့အခါမှာ အသက် ၅၀ ကျော်တန်းကို ရောက်လာခဲ့ကြတယ်၊ အားလုံး သားနဲ့ မယားနဲ့၊ ဘယ်ကောင်မှလည်း မိန်းမလျာ ဖြစ်သွားတယ်၊ ဒါမှမဟုတ်လည်း မိန်းမလျာရဲ့ အဖော်အဖြစ် နေသွားတယ်လို့ မကြားရပါဘူး။

ဆက်ပြောပါရစေဦး။ ကျွန်တော့် အသက် ၁၉၊ ၂၀ ဆယ်တန်းအောင်ပြီးချိန်မှာတော့ ကျွန်တော်ဟာ ရန်ကုန်မြို့ရဲ့ အဲဒီ့အချိန်က လိင်တူချင်း တပ်မက်သူ ပဂေးကြီးများနဲ့ လုံးလား ထွေးလားနေခဲ့ပါတယ်။ သူတို့စကားနဲ့ ပြောရင် သူတို့ရဲ့ သူငယ်လေးအဖြစ် သူတို့ ဆွဲစားတာကို ကျွန်တော် လိုလိုချင်ချင် ခံခဲ့ပါတယ်။ ဘာရယ် မဟုတ်ပါဘူး၊ အဲဒီ့အရွယ်ကတည်းက ကိုယ့်ကိုယ် ကိုယ် စာရေးဆရာအမှတ်နဲ့ ဘဝင်မြင့်နေတဲ့ ကျွန်တော်ဟာ သူတို့တွေရဲ့ အခြေအနေကို စူးစမ်းကြည့်ချင်တဲ့ စိတ်နဲ့ပါ။ ခက်တာက သူတို့တွေကလည်း တစ်ယောက်ဆို တစ်ယောက် စွဲစွဲမြဲမြဲသာ ရှိစေချင်တတ်ပါတယ်။ စူးစမ်းချင်တဲ့ ကျွန်တော်ကလည်း လူတကာနဲ့ ရောရောနှောနှော နေပါတယ်။ အားလုံးကို လိုက်လိုက်လျောလျောနေပါတယ်။ အဲဒါကို သူတို့ မကြိုက်ကြပါဘူး။ သည်မှာတင် ကျွန်တော့်ကို သူတို့က သိပ်အရောတဝင် မလုပ်ကြတော့ပါဘူး။

ပြောချင်တာက အဲဒီ့အရွယ်မှာကျတော့ ကျွန်တော်ဟာ လိင်တူချင်းတပ်မက်သူများနဲ့ အတွင်းကျကျ ထဲထဲဝင်ဝင်နေခဲ့ဖူးတယ် ဆိုတဲ့အချက်ပါ။ အဲဒီ့မှာကျတော့ သူတို့က ကျွန်တော့်ကို ဇာတ်မသွင်းကြတာကို အထင်အရှားတွေ့ရပါတယ်။ ကျွန်တော့်ကို ယောက်ျားတစ်ယောက်လိုသာ ဆက်ဆံခဲ့ပါတယ်။ သူတို့နဲ့ ထဲထဲဝင်ဝင် ရင်းရင်းနှီးနှီး ပတ်သက်ခဲ့တဲ့ ကာလဟာ စုစုပေါင်း ၃-၄ နှစ်မက ကြာခဲ့ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်ဟာ သူတို့ကို စာနာမိတာက လွဲလို့ စွဲလန်းစိတ်လည်း မဖြစ်ပေါ်၊ တပ်မက်ဖို့ဆိုတာ ဝေလာဝေးပါ။ ခေတ်စကားနဲ့ ပြောရရင် လိင်တူချင်းတပ်မက်သူတွေကို ကျွန်တော် ဘယ်လိုမှ ဖီလင် မလာပါဘူး။ ကျွန်တော် တကယ်ဖီလင်လာတာက ဆန့်ကျင်ဘက်လိင် မိန်းမသားတွေသာ ဖြစ်ပါတယ်။ သူတို့နဲ့ ၃-၄ နှစ်မက အရောတဝင် နေခဲ့ဖူးပါလျက်ကနဲ့ တစ်စက်မှ သူတို့အပေါ် ဖီလင်မလာဘူး ဆိုကတည်းက ဇာတ်သွင်းဖို့ နေနေသာသာ သူတို့ကို စိတ်လာအောင်တောင် ဇွတ်လုပ်ယူလို့ ရတယ်ဆိုတဲ့အချက်ကို ကျွန်တော် ဘယ်လိုမှ လက်ခံပေးလို့ မရတာကို နားဆင်နေသူ ချစ်မိတ်ဆွေများ နားလည်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

ဒါဖြင့် သည်စကား ဘယ်လိုဖြစ်လာတာတုံးလို့ ဆန်းစစ်ဖို့ လိုလာပါတယ်။ အမှန်ကတော့ လူတင်ပါလို့ နွားကျားကိုက် တာပါ။ မူလကတည်းက အဲဒီ့ကာယကံရှင်မှာ လိင်တူချင်း တပ်မက်တဲ့ စိတ်အခံလေးက တစ်ထောင့်တစ်နေရာမှာ ရှိနှင့်ပြီးသားဖြစ်နေပါလိမ့်မယ်။ သို့သော်လည်း ဒါမျိုးကို လူ့ဘောင်က ဝိုင်းကြဉ်ထားလေတော့ကာ သည်စိတ်ရှိတယ်လို့ ဝန်ခံဖို့ သိပ်ခက်နေတယ်။ သူ့ကိုယ်သူလည်း အားတင်းပြီး သည်စိတ်ကို ဖျောက်ကြည့်နေတယ်။ ခက်တာက ကျွန်တော် ပြောနေကျအတိုင်း သည်စိတ်မျိုးက ဘယ်သန်တဲ့သူက ဘယ်သန်သလို၊ ညာသန်တဲ့သူက ညာသန်သလို သူ့ဟာသူ အလိုလိုဖြစ်နေတဲ့သဘာဝ။ ညာဘက်ကို မနည်းလေ့ကျင့်ထားလို့သာ စာရေးတဲ့အခါ ညာဘက်နဲ့ ရေးပေ မယ့် တကယ့်အရေးကျတော့ ဘယ်လက်က အရင် လှုပ်ရှားမိတတ်တာမျိုးကလား။

သည်စိတ်ကလည်း အလားတူပါပဲ။ ပတ်ဝန်းကျင် လူ့ဘောင်က လက်မခံဘူးလို့ နားလည်ထားလို့သာ မနည်း ကျိတ်မှိတ် မျိုသိပ်၊ သိုဝှက် ဖုံးကွယ်ထားရတယ်၊ စိတ်ထဲမှာ ရှိနေတာကတော့ ရှိနေတာပါပဲ။ ဒါကို တစ်ယောက်ယောက် က ရိပ်စားမိပြီး၊ ကျွန်တော့်ဆီ ရောက် လာတဲ့စာထဲက ဆိုရင် အိမ်ကို ဝင်ထွက်နေတဲ့ ဦးလေးလို လူက ရိပ်စားမိပြီး သူ့ဇာတိရုပ်ကို ဖော်ထုတ်လိုက်တာ ဖြစ်ပါလိမ့်မယ်။ အဲဒီ့လို ဟိုလူက ဇွတ်လုပ်တယ်ဆိုရင်တောင်မှ ငြင်းဆန်ပိုင်ခွင့်က သူ့မှာ ရှိပါတယ်။ အားချင်း မယှဉ်သာလို့ ခံလိုက်ရတယ်ဆိုဦးတောင် တစ်ကြိမ်တစ်ခါသာ ခံရမှာပါ။ သူတကယ် လက်မခံရလေအောင် တစ်နည်းနည်းနဲ့ ရှောင်ရှားနိုင်သလို လူကြီးသူမတွေကို ပြောပြ တိုင်တန်းလို့ ရနိုင်နေပါပြီ။ ဆယ်တန်းတောင် အောင်ပြီးသားလို့ ဆိုထားတော့ အသက်အရွယ်နဲ့ အသိဉာဏ်က သိပ်တော့ နိမ့်မှာ မဟုတ်တာ သေချာပါတယ်။

အဲ… သူကိုယ်တိုင်ကလည်း မစွမ်းရင်းက ရှိနေလို့သာ ကန်စွန်းခင်းတွေ ဆက်ငြိနေတာ ဖြစ်နေမှာ အင်မတန် သေချာပါတယ်။ သို့သော် လူမိသွားတဲ့အခါကျတော့ သူ့အပြုအမူ သူရှက်တယ်။ သူ့အဖြစ်သူ လက်မခံချင်ဘူး။ သည်အခါမှာ သူ့စိတ်ကြောင့် ဖြစ်ရတာ၊ သူ့ကြောင့်ဖြစ်ရတာ မဟုတ်ဘူး၊ တစ်ဖက်သားက ဇွတ်လုပ်လို့သာ ဖြစ်ရတာပါဆိုပြီး တစ်ဖက်သားအပေါ်မှာသာ အပြစ်တွေ ပုံချပါတော့တယ်။ အဲဒီ့မှာ ဇာတ်သွင်းခံရတယ်ဆိုတဲ့ စကားက ထွက်လာရတော့တာပါပဲ။

ကြားရတဲ့သူတွေကလည်း လိင်တူချင်း တပ်မက်တယ်ဆိုတာ ဘာ့ကြောင့်ဖြစ်ရမှန်း ကောင်းကောင်းကန်းကန်း နားမလည်ကြတော့ သူ့စကားကိုပဲ အဟုတ်မှတ်ပြီး စုပ်တသတ်သတ်နဲ့ သည်ဇာတ်လမ်းကို ဇာချဲ့၊ စာဖွဲ့တဲ့သူက အပီအပြင်ကြီး ဖွဲ့ထည့်လိုက်တဲ့အခါ ယုံတဲ့သူတွေကလည်း စွတ်ယုံ၊ အဲသလို ယုံတဲ့သူတွေထဲမှာ ကျွန်တော့်စာတွေ ဖတ်ထားတဲ့သူ တစ်ယောက်ကလည်း ကျွန်တော်ကပါ အဲဒီ့ ဇာတ်သွင်းတယ်ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ်တော့ ကိုယ်လွတ် ရုန်းပြီး သူတစ်ပါးအပေါ်ကိုသာ အပြစ် ပုံချတတ်တဲ့ မဟာအမှုကို အားပေး အားမြှောက် ပြုနေဘိသကဲ့သို့ ထင်မြင်လာကာ သည်စာကို ရေးလိုက်တာပါ။

အမှန်တော့ ရှင်တော်မြတ်ဘုရား မိန့်ကြားတော်မူခဲ့တဲ့အတိုင်းပဲ သတ္တဝါမှန်သမျှဟာ မိမိတို့ရဲ့ မနောကံ၊ ကာယကံ၊ ဝစီကံဆိုတဲ့ ကံသုံးပါးနဲ့ ပြုသမျှ အားလုံးရဲ့ အကျိုးဆက်ကို မပျက်မကွက်ခံစားကြရတာပါ။

အပေါင်းအသင်းမကောင်းလို့ ဆေးလိပ်စွဲတယ်၊ အရက်စွဲတယ်၊ မူးယစ်ဆေးစွဲတယ်ဆိုတာမျိုးတွေလည်း အခု ကလေးမလေး ရေးလာသလို လိင်တူချင်း တပ်မက်သူ ဘဝ မရောက်ရောက်အောင် ဇာတ်သွင်းခံရတယ်ဆိုတာမျိုး နည်းတူ လူအများကြားမှာ အလွယ်တကူ နားယောင်လွယ်ကာ အဟုတ်မှတ်တတ်ကြပါတယ်။ အဲဒီ့အထဲမှာ မိဘတွေတောင် ပါပါသေးတယ်။

ကျွန်တော့်ငယ်သူငယ်ချင်းတွေထဲမှာ ကျွန်တော်တို့ အရက်သောက်တဲ့အခါတိုင်း အမြဲတမ်းအဖော်လုပ်ပေးခဲ့တဲ့အပြင် ကျွန်တော်တို့ မူးပြီး ရမ်းလေသမျှ အနွံအတာ မျိုးစုံ ခံခဲ့တဲ့အပြင် အန်ဖတ်ပါ ကျုံးပေးခဲ့တဲ့အထိ သည်းခံခဲ့ပေမယ့် သူတို့ကိုယ်တိုင်ကဖြင့် ယနေ့ အသက် ငါးဆယ်ကျော်တဲ့တိုင် အရက်တစ်စက်ကိုသော်မှ ပါးစပ်ထဲ မထည့်ခဲ့ဖူးသူတွေ ရှိပါတယ်။ အဲဒီ့ကောင်တွေကို ကျွန်တော်တို့က ဘယ်လောက် တိုက်တိုက် မသောက်ပါဘူး။ အဲဒါ ၁၈-၁၉ အရွယ်မှာ ဖြစ်ပါတယ်။ အလားတူပဲ၊ ကျွန်တော် ၁၈-၁၉ အရွယ်မှာ ကျွန်တော်နဲ့ ဟိုးငယ်ငယ်လေးကတည်းက တတွဲတွဲနေတဲ့ ကိုယ်ရင့်တတူ သူငယ်ချင်းတွေထဲမှာ မူးယစ်ဆေးစွဲကုန်ကြသူတွေ ရှိပါတယ်။ သည်ကောင်တွေကလည်း ကျွန်တော့်ကို စမ်းကြည့်ပါလားလို့ မြှူဆွယ်ဖူးသူက ခပ်နည်းနည်းပါ။ သည်ကြားထဲမှာပဲ ဆွယ်ဖူးသူတွေ ရှိသော်လည်း ကျွန်တော်ကိုယ်တိုင်က ယတိပြတ် ငြင်းပယ်ခဲ့တဲ့အတွက် ကျွန်တော်လည်း မူးယစ်ဆေးနဲ့ ဝေးဝေးကြီး နေခဲ့တာ ဘဝ တစ်လျှောက်လုံးပါပဲ။

အဲတော့ တချို့က စောဒက တက်လိမ့်မယ်။ ခင်ဗျားတို့က စိတ်ခိုင်တာကိုးဗျ၊ စိတ်မခိုင်တဲ့သူတွေကျတော့ အလွယ်တကူ ပါချင်ပါသွားမှာပေါ့လို့ ပြောပါလိမ့်မယ်။ အဲလိုဆိုရင်တော့ ကျွန်တော်ကလည်း ပြန်ပြောချင်ပါတယ်။ စိတ် ခိုင်တာ မခိုင်တာထက် တညင်းသီး၊ ဒူးရင်းသီး ငါးပိရည်စတဲ့ လူတိုင်း မစားနိုင်တဲ့ အစား အသောက်တစ်ခုခုရဲ့ အနံ့ကိုတောင် မခံနိုင်သူဟာ ဘယ်လောက်ပဲ ဆွယ်ဆွယ် သူ မစားချင်ရင် စားကို မစားပါဘူး။ အဲဒါဟာ စိတ်ခိုင်ခြင်း မခိုင်ခြင်းနဲ့ မသက်ဆိုင်ဘဲ တစ်ဦးချင်းစီရဲ့ အစားစုံ စားလိုမှု၊ မစားလိုမှုနဲ့ ဆိုင်ပါတယ်။ မစားလိုသူကို ဘယ်လောက် ဆွယ်ဆွယ်၊ ဓားမိုးပြီးပဲ ကျွေးကျွေး စားကို စားမှာ မဟုတ်တာကို လက်ခံနိုင်မယ်ဆိုရင် တစ်ခုခုဖြစ်လာတဲ့အခါတိုင်း ဟိုလူ့ပုံချ၊ သည်လူ့လွှဲချကာ ကိုယ်လွတ်ရုန်း ဆင်ခြေပေးကာ သူတို့ကိုယ်သူတို့ကျ သနားစရာ သတ္တဝါလေးများ သဖွယ် အပြောလွယ်ကြသူ ထိုလူတစ်တန်းတစ်စားရဲ့စကားကို မိမိတို့ကိုယ်ပိုင်ဉာဏ်များနဲ့ ချင့်တွက်ပြီး ယုံထိုက်မှ ယုံသင့်ကြောင်း တင်ပြဆွေးနွေးလိုက်ချင်ပါတယ်။

ဆယ်ကျော်သက် အရွယ်မှာ ရွယ်တူတွေရဲ့ဖိအားပေးမှုဒဏ်ကို ခံရမှာတော့ သေချာပါတယ်။ သည်အခါမှာ အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးလိုဟာမျိုးက တော်တော် စိတ်နုသူ၊ စာဖတ် မနာလို့ အသိအမြင် နည်းသူလေးတွေအတွက် အလွယ်တကူ ပါချင် ပါသွားနိုင်သည့်တိုင် မိမိရဲ့လိင်စိတ်လို မွေးရာပါ သန်ရာ တစ်ခုခုကိုကျတော့ ဘယ်ဖိအားနဲ့မှ မရနိုင်တဲ့အကြောင်း ကျွန်တော်ကိုယ်တိုင် ကြုံခဲ့ဖူးတဲ့ ဖြစ်ရပ်အမျိုးမျိုးနဲ့ ချိန်ထိုးပြီး တင်ပြလိုက်ရပါတယ်။

သည်အကြောင်းကို တင်ဆက်ရာမှာ အဓိက ပြောလိုတာ တစ်ခုတည်းရှိပါတယ်။ ကိုယ်ကြားရသမျှ၊ ကိုယ်မြင်ရသမျှ၊ ကိုယ် ဖတ်လိုက်ရသမျှကို သည်အတိုင်း အလွယ်တကူ လက်မခံကြဘဲ မိမိတို့ ကိုယ်ပိုင်ဆင်ခြင်ဉာဏ်များနဲ့ ယုတ္တိတန်၏ မတန်၏ လေးလေးနက်နက် စဉ်းစားချိန်ထိုးတတ်တဲ့အလေ့အထလေးများ ပွားများရင့်သန်လာအောင် ပျိုးထောင်သင့်ကြောင်းပါပဲခင်ဗျား။

မင်္ဂလာအပေါင်းနဲ့ ခညောင်းပြည့်စုံကြတဲ့အပြင် အားလုံး တွေးဆင်ခြင်ကြည့်နိုင်ကြပါစေလို့ စာရေးတဲ့ ကျွန်တော် အတ္တကျော်က ဂါရဝနဲ့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် ခင်ဗျား။

၂၀၁၀ ပြည့်နှစ် စက်တင်ဘာလ ၅ ရက် (တနင်္ဂနွေနေ့) ညနေ ၆း၄၅ Mandalay FM ရေဒီယို အစီအစဉ်က ထုတ်လွှင့်သွားတဲ့ အတ္တကျော်ရဲ့ “ဘ၀အမောပြေဖို့ အဖြေရှာစို့” အစီအစဉ် အသံလွှင့်ချက် ဖြစ်ပါတယ်။ လာမယ့် ဗုဒ္ဓဟူးနေ့ (၀၈-၀၉-၁၀) ည ၇း၃၀ ကျော်ကျော်မှာ နောက်တစ်ကြိမ်ထပ်လွှင့်ပါဦးမယ်။

What men and women like and the first encounter

ပထမဆုံး ချစ်တင်းနှောတဲ့ အတွေ့အကြုံကို ရရှိလာအောင် လှုံ့ဆော်တဲ့ အင်အားဟာ အချစ်လည်း ဖြစ်ချင်ဖြစ်နိုင်တယ်၊ တပ်မက်မှု သက်သက်ကြောင့်လည်း ဖြစ်ချင်ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် စူးစမ်းလိုစိတ် သက်သက်ကြောင့်လည်း ဖြစ်ချင်ဖြစ်နိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ်၊ အဲလို ပထမဆုံးအကြိမ်မှာတော့ ယောကျာ်းရော မိန်းမပါ အတော်များများအတွက်က စိုးရိမ်ပူပန်နေမှာ၊ တောင့်တောင့်ကြီး ဖြစ်နေမှာလည်း သဘာဝပါပဲ။ ဒါ့အပြင် ပေါ်ထွန်းလာတဲ့ ရလာဒ်နဲ့ ပတ်သက်လို့လည်းပဲ စိတ်ပျက်လက်ပျက်ကြီး ဖြစ်ရတတ်ပြန်ပါသေးတယ်။ စိတ်ပျက်ရဆို ကိုယ်မျှော်လင့်ထား၊ စိတ်ကူးယဉ်ထားခဲ့တာနဲ့ မတူဘဲ ပထမဆုံး အတွေ့အကြုံက အီလည်လည်နိုင်နေတတ်တာကိုး။

ဆက်ဖတ်လိုက သည်ကို ကြွ > > > http://nookycontent.wordpress.com/

May you show a gesture of goodwill!

စေတနာလေးများ ထားစေချင်

ဆူဒိုနင်

အခုတလော ဂျာနယ်တွေမှာ လူအတော်များများ ရေးလို့ ကောင်းနေကြတဲ့ စာလုံးတစ်လုံးအကြောင်းကို မနေနိုင် မထိုင်နိုင် ပြောချင်လာရပါတယ်။

တခြားတော့ မဟုတ်ပါဘူး။ “အီလစ်”ဆိုတာကြီးပါပဲ။  ပြောချင်ဆို အဲဒီ့ အသံထွက်က သွက်သွက်ခါအောင် မှားနေတာကိုးခင်ဗျ။ ဟိုလူကလည်း အီလစ်၊ သည်လူကလည်း အီလစ်နဲ့၊ တအီတည်း အီ၊ တစ်လစ် တည်း လစ်နေကြတာမို့ ငါများ မှားနေသလားဆိုတဲ့ အတွေးနဲ့ ကျွန်တော့်ခမျာလေးမှာလည်း ရှိရှိသမျှ အဘိဓာန်ပေါင်းစုံက သဒ္ဒဗေဒတွေကို မွှေနှောက်ကြည့်ရသေးတဲ့အပြင် ကွန်ပျူတာနဲ့ ကြည့်ရတဲ့ အဘိဓာန် သုံးမျိုးနဲ့လည်း ကွန်ပျူတာကို အသံထွက်ခိုင်းပြီး နားဆင်ကြည့်လိုက်မိရပြန်ပါသေးတယ်။

ဘယ်အဘိဓာန်ရဲ့ သဒ္ဒဗေဒ၊ ဘယ်အဘိဓာန်က ထွက်ပြတဲ့ အသံမှ မအီလည်း မအီသလို မလစ်လည်း မလစ်တာ တွေ့တော့မှ သည်စာကို ရဲရဲကြီး ချရေးမိရတော့တာပါပဲ။

အခု အီလစ်လို့ အသံထွက်နေကြပုံက တစ်ခေတ်တစ်ခါက နာမည်ကျော်ခဲ့တဲ့ ဇာတ်လိုက်မင်းသမီးကြီးကို “အဲလစ်ဇဘက် တေလာ”လို့ အသံထွက်ပုံနဲ့ ခပ်ဆင်ဆင်လို့ ပြောနိုင်ပါတယ်။ ဘယ်အင်္ဂလိပ်စကား ပြောသူကမှ အဲဒီ့မင်းသမီးကြီးကို “အဲလစ်ဇဘက်”လို့ မခေါ်သလို လတ်တလော ဗြိတိသျှဘုရင်မကြီးကိုလည်းပဲ “အဲလစ်ဇဘက် ဘုရင်မကြီး” [ခွီး(န်) အဲလစ် ဇဘက်]လို့ မခေါ်ပါဘူးခင်ဗျား။

သို့ပေမယ့် ဘယ်ရွှေဉာဏ်ရှင်က စတင်ပြီး အသံဖလှယ်လိုက်သလဲတော့ မသိဘူး။ မင်းသမီးကြီးရော ဘုရင်မကြီးပါ ရွှေတို့ ပါးစပ်ထဲ ရောက်တော့မှ မူလနာမည်မှာ “အဲ” မပါဘဲ တအဲအဲနဲ့ အခေါ်ခံနေကြရရှာလေတော့တယ်။ [သူတို့ကလည်း မြန်မာကို “မိုင်အဲ(န်)မား”တို့၊ သန်းကျော်ကို “သှယ်(န်)ခိုင်အော်”တို့ ဖတ်ကြတော့ ကျေရောပေါ့လို့ တွေးမယ်ဆိုလည်း တွေးနိုင်ပါတယ်နော့။] အမယ်… တချို့က မအဲဘဲ အယ်ပြီးတော့ “အယ်လစ်ဇဘက်”လို့ လုပ်တာ ရှိသေးတယ်။

တကယ်တော့ ဘယ်ဘာသာစကားမှာဖြစ်ဖြစ် အသံနေအသံထား၊ အသံ အဖိ အဖော့ဆိုတာ ရှိပါတယ်။ မြန်မာလိုဆိုရင်ဖြင့် ဂရုသံ၊ လဟုသံ စသဖြင့်ပေါ့ခင်ဗျာ။ ဆိုကြပါစို့… “ဓန”ဆိုတဲ့ မြန်မာဝေါဟာရကို ဖတ်ရာမှာ နောက်က နငယ်သံကိုသာ ဖိပြီး ဖတ်ကြပါတယ်။ ဘယ်သူကမှ ပထမ အက္ခရာ ဓအောက်ချိုက်အသံကို ဖိမဖတ်ပါဘူး။ ဓအောက်ချိုက်သံကိုသာ ဖိဖတ်ရင် /ဒါ့နာ့/လို့သာ ဖြစ်သွားမှာမို့ ဘယ်မြန်မာမှလည်း “ဓန”ကို ပြောနေမှန်း မသိနိုင်ပါဘူး။

ရထားဆိုလည်း သံမှန်က ဒုတိယစာလုံး “ထား”ကိုသာ ဖိဖတ်ပါတယ်။ ဒါပေမယ့် မွန်တလိုင်းသံ ဝဲတဲ့ အောက်ပြည်အောက်ရွာ မော်လမြိုင်နယ်က လူတွေ ဖတ်ရင်တော့ ရထားကို /ယာ့ထား/လို့ ဖတ်ကြတာ အကြားရများပါတယ်။ သူတို့က ရှေ့ဆုံးက ရကောက်ကို ဖိပြီး ဖတ်တတ်ကြတာကိုး။ သံလျင်ကို တညင်လို့ ဖတ်တဲ့အခါမှာလည်း ဒုတိယစကားလုံး “ညင်”ကိုသာ ဖိဖတ်တာမို့ /တညင်/လို့ အသံထွက်ပါတယ်။ ပထမစကားလုံးဖြစ်တဲ့ တဝမ်းပူကိုသာ ဖိဖတ်ရင်တော့ သံလျင်ခမျာမှာလည်းပဲ /တာ့ညင်/ဖြစ် သွားပါလိမ့်မယ်။ အဲသလိုသာ ဖတ်လို့ကတော့ ဘယ်မြန်မာကမှလည်း သန်လျင်ကို ပြောနေမှန်း ရိပ်စားမိတော့မှာကို မဟုတ်တော့ပြန်ဘူး။

Elizabeth ဆိုတာလည်း ရေးတော့သာ ရှေ့ဆုံးမှာ “အီး” ရှိနေတာ၊ အသံထွက်ရာမှာ ဖိရမယ့် အသံကကျတော့ “လစ်(ဇ်)”မှာ ကျရောက်တာမို့  မင်းသမီးကြီးကို ချစ်စနိုးနဲ့ “လစ်(ဇ်) တေလာ”လို့သာ အဲဒီ့ခေတ်က စာနယ်ဇင်းတွေမှာ ရည်ညွှန်းခဲ့ကြပါတယ်။ ဘယ်သူကမှ “အဲ” တေလာလို့ မရည် ညွှန်းခဲ့တာလည်း အထင်အရှားပါပဲ။

အဲတော့ Elizabeth ရဲ့ တကယ့်အသံထွက်အမှန်က “အလစ်ဇ ဘက်(သ်)”သာ ဖြစ်ပါတယ်။ အဲဒီ့ “အလစ်”ကို ဖတ်ရာမှာ အလစ်ချောင်းတာ၊ အလစ်သုတ်တာတို့ကို ဖတ်သလိုပဲ /အလစ်/လို့သာ ဖတ်ရမှာ ဖြစ်ပါတယ်။

အခုတော့ ဘယ်ရွှေဉာဏ်ရှင့် လက်ချက်လဲတော့ မသိဘူး။ အဲဒီ့ လစ်(ဇ်)များ ခမျာမယ် ရွှေတွေ့ပါးစပ်ထဲမှာ တအဲလစ်တည်း အအဲလစ်ခံ နေကြရရှာပါတော့တယ်။ ကျွန်တော်ပေါင်းသလို အလစ်ဇဘက်(သ်)လို့ မပေါင်းချင်ဦးတောင် အနည်းဆုံး “အလစ်ဇဘက်”လောက် လုပ်ရင်ကို တော်တော်လေး နီးစပ်နိုင်ပါလျက်ကနဲ့ ဘယ်လို စေတနာကန်းမှုမျိုးနဲ့ “အဲ”ချလိုက်ကြမှန်းလည်း တွေးမရနိုင်ပါဘူး။

အခုလည်း လုပ်နေကြပြန်ပြီ။ အီလစ်တဲ့။ အဲဒါလည်း စာလုံးပေါင်းက elite ပါ၊ élite လို့လည်း တချို့က ပေါင်းပါတယ်။ ဘယ်လိုပဲ ပေါင်းပေါင်း သူလည်း အလစ်ဇဘက်(သ်)လိုပဲ ပထမဆုံးက “အီး”သံကို လဟုသံ (သံဖော့) ထားပြီး ဖတ်ရတဲ့ ဝေါဟာရ ဖြစ်ပါတယ်။ နောက်က lite ကိုပဲ ဂရုသံ (သံပြင်း)နဲ့ ဖတ်ရပါတယ်။ ဒါကြောင့် “အီလစ်”ဆိုတဲ့ အသံထွက်မှာ “အီ”ဆိုတာ ပထမ အလွဲပါ။

ဒုတိယအလွဲက lite ကို သည်ဝေါဟာရအတွက် အသံထွက်ပုံပါ။ အဲဒီ့ဝေါဟာရက သူ့ချည်းဆိုရင် light နဲ့ အသံထွက်ချင်း တူတဲ့ /လိုက်(ထ်)/ပါ။ ဒါပေမယ့် élite မှာတော့ အဲသလို မထွက်တော့ပါဘူး။  /လိ(ထ်)/လို့သာ ထွက်ပါတော့တယ်။ လစ်(ထ်) (lit) မဟုတ်တာတော့ အင်မတန် သေချာပါတယ်။

ဒါ့ကြောင့် elite ကို အသံထွက်ချင်ရင် /အလိ(ထ်)/လို့ အသံထွက်မှ မှန်ပါလိမ့်မယ်။ ဒါမှမဟုတ် élite လို့ ရေးထားတာမို့ ပြင်သစ်ဆန်ဆန်လေး အသံထွက်မယ် ဆိုရင်တော့ /အေလိ(ထ်)/လို့ ထွက်ရမှာပါ။ ဝေါဟာရ သမိုင်း (နိရုတ္တိ) အရ ဆိုလည်း အမှန်စင်စစ် အဲဒီ့ elite ဟာ ပြင်သစ် ဝေါဟာရ élite က လာတာ ဖြစ်ပါတယ်။ တကယ့် မူရင်း ရှေးဟောင်း ပြင်သစ်စကားလုံးက eslit ဖြစ်ပြီး eslire (ရွေးချယ်သည်)ဆိုတဲ့ ကြိယာရဲ့  past participle ပုံစံဖြစ်ပါတယ်။ တကယ့်ဇာစ်မြစ်ကတော့ လက်တင် ဝေါဟာရ eligere ဖြစ်ပါတယ်။

အဲ… နောက်တစ်ခုက အဲဒီ့ အလိ(ထ်)ဟာ အခု လူအတော် များများ ဇန်းတင် သုံးစွဲနေတဲ့ “ရေပေါ်ဆီ” ဆိုသော အနက်အပြင် တခြား အနက်တွေလည်း များစွာ ရှိပါသေးတယ်။ အများစုက မနှစ်မြို့တဲ့ အနက်နဲ့သုံးပေမယ့် အဲဒီ့ အလိ(ထ်)ဆိုတဲ့ ဝေါဟာရကို အကောင်းဘက်ကလည်း အများကြီး သုံးလို့ရတာကို အင်္ဂလိပ်စာ လေ့လာ လိုက်စားနေတဲ့ လူငယ်လေးတွေ သိထားသင့်တယ်လို့ ယူဆမိပါတယ်။

အလိ(ထ်)ကို Merriam-Webster Collegiate  အဘိဓာန်က အောက်ပါအတိုင်း အနက်ပွား ငါးမျိုး ခွဲပေးတားပါတယ်။ (သူက အပြည့်စုံဆုံး ဖွင့်ဆိုပေးထားတာ ဖြစ်တဲ့အပြင် ခေတ်အမီဆုံး အဘိဓာန်ဖြစ်တဲ့အတွက် သည်အဘိဓာန်ကို ကိုးကားခြင်းဖြစ်ပါတယ်။)

(a) the choice part : CREAM
ဒါက အခု အီလစ်၊ အီလစ်နဲ့ အီပြနေကြသူ လူအတော်များများ ပြောတဲ့ “လူ့မလိုင်”ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ သို့သော် မနှစ်မြို့တဲ့ လေသံနဲ့ ခေါ်တာ မဟုတ်ကြောင်းကို အဲဒီ့ အဘိဓာန်ရဲ့ အဲဒီ့ ပထမ ဖွင့်ဆိုချက်မှာ ပါတဲ့ ဥပမာက ထင်ရှားစေပါတယ်။ သူပေးထားတဲ့ ဥပမာက the elite of the entertainment world  ဖြစ်ပါတယ်။  “ဖျော်ဖြေရေး လောကရဲ့ ထိပ်ဆုံးတန်းက လူတွေ”လို့ပဲ ဘာသာပြန်ရမှာပါ။ အပေါ်လွှာတို့၊ ရေပေါ်ဆီတို့ သုံးလိုက်ရင် အောက်ကလိအာသံ ထွက်သွားပါလိမ့်မယ်။ ဒုတိယအနက်ကို အဲဒီ့အဘိဓာန်က သည်လို ဆက်ဖွင့်ထားပြန်ပါတယ်။

(b) the best of a class
သည်မှာကျတော့ လူတန်းစားတစ်ရပ်ရဲ့ အချွန်ဆုံးလူတွေကို အလိ(ထ်)လို့ သတ်မှတ်ကြောင်း ဖွင့်ဆိုထားပါတယ်။ နမူနာကိုတော့ superachievers who dominate the computer elite လို့ ပေးထားပါတယ်။ အဲဒီ့ နမူနာကို အဘိဓာန်က ပေးတာ မဟုတ်ပါဘူး။ ဝေါ(လ်) စထြိ ဂျာနယ်ရဲ့ လျှမ်းလျှမ်းတောက် သတင်းထောက် စာရေးဆရာမ မယ်ရလင်(န်) ချေ့(ဇ်)ရဲ့ သတင်းဆောင်းပါးတစ်ပုဒ်ထဲက ဝါကျပျက်တစ်ခု ကို နမူနာ ထုတ်ထားတာပါ။ မြန်မာလို ပြန်ဆိုရင် “ကွန်ပျူတာလောကက အချွန်ဆုံးတွေကို လွှမ်းမိုးထားတဲ့ ထိပ်တန်းက အောင်မြင်မှုရနေသူများ”လို့သာ ဖြစ်ပါလိမ့်မယ်။ သည်မှာလည်း အောက်ကလိအာသံ လုံးဝ မပါတာကို ဆင်ခြင်သင့်ပါတယ်။

(c) the socially superior part of society
ဒါကတော့ အထက်တန်းလွှာကို ဆိုလိုတာပါ။ ဒါကိုလည်း အေပီ သတင်းဌာနက သုံးခဲ့တဲ့ ဝါကျပျက်နဲ့ပဲ နမူနာပေးထားပြန်ပါတယ်။ how the elite live တဲ့။ ဂုဏ်အရ၊ ပညာအရ၊ ကြွယ်ဝမှုအရ ထိပ်ပိုင်းမှာ ရှိနေသူတွေကို ခြုံပြီး ပြောတာပါပဲ။ နောက်နမူနာတစ်ခုကကျပြန်တော့  အီခနားမစ်(စ်)(ထ်)သတင်းဂျာနယ်ထဲက ကိုးကားထားတာပါ။ how the French-speaking elite was changing  လို့ပေးထားပါတယ်။ “ပြင်သစ် စကားပြောတဲ့ အထက်တန်းလွှာက ပုဂ္ဂိုလ်တွေ ပြောင်းလဲနေပုံ”လို့ ဘာသာပြန်ရင် ဆီလျော်ပါလိမ့်မယ်။

(d) a group of persons who by virtue of position or education exercise much power or influence
ရာထူးအရဖြစ်စေ၊ ပညာတတ်လို့ပဲဖြစ်စေ ဩဇာလွှမ်းမိုးမှု ဒါမှမဟုတ် အစွမ်းတွေ လွှတ်ပြတတ်တဲ့ လူတစ်စုကို အလိ(ထ်)လို့ ခေါ်နိုင်ကြောင်း ဖွင့်ဆိုချက်ပါ။ နမူနာအဖြစ် အဘိဓာန်က ပေးထားတဲ့ စကားစု နှစ်စု ကတော့  members of the ruling elite  (အုပ်ချုပ်ရေးမှာ ဩဇာရှိတဲ့ သူများ) နဲ့   the intellectual elites of the country  (နိုင်ငံရဲ့ ဩဇာရှိ ပညာတတ်များ) ဖြစ်ပါတယ်။

(e) a member of such an elite
ဒါကတော့ အထက်က လူတန်းစားတစ်ရပ်ထဲမှာ ပါဝင်နေသူ တစ်ဦးတစ်ယောက်ကို ဧကဝုစ်အနေနဲ့ သုံးကြောင်း ခွဲပြထားတာပါ။

၁၉၇၄ခုနှစ်ထုတ် Oxford Advanced Learner’s Dictionary, 3rd Editionကို အခြေခံထားတဲ့ မြန်မာစာအဖွဲ့ရဲ့ အင်္ဂလိပ်မြန်မာ အဘိဓာန်မှာတော့ နှိမ့်ချပြောဆိုတဲ့ (derogatory)အနက်များကိုသာ ဖွင့်ဆိုပေးထားတာ တွေ့ရပါတယ်။ သူ့ထက်ခေတ်မီတဲ့ တခြား Oxford အဘိဓာန်များမှာတော့ ကောင်းတဲ့ ဘက်က သုံးတဲ့ ဖွင့်ဆိုချက်များကိုပါ ထည့်သွင်းထားတာ တွေ့ရပါတယ်။

သည်လောက်ဆိုရင် တချို့တွေ ကွက်ပြီး ပြောနေတဲ့ “လူ့မလိုင်၊ ရေပေါ်ဆီ”ဆိုတဲ့ အဓိပ္ပာယ် တစ်မျိုးတည်းသာမကဘဲ အပြုသဘောဆောင်တဲ့ အသုံးအနှုန်းနဲ့လည်း အလိ(ထ်) သို့မဟုတ် အေလိ(ထ်)ဆိုတဲ့ ဝေါဟာရ ကို သုံးနိုင်ကြောင်း အများသိလောက်ပြီလို့ မျှော်လင့်နေမိရပါတယ်။

ရှင်သန်နေတဲ့ ဘာသာစကား မှန်သမျှဟာ ကာလ ရွေ့လျောတာနဲ့ အညီ အနက်သဘောတွေ ပြောင်းလဲနေတတ်ပါတယ်။ အခြောက်ဆိုတဲ့ ဝေါဟာရဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ လောက်က တခြားအနက်နဲ့ တွင်ကျယ်ခဲ့တာပါ။ အခုကျတော့ မိန်းမလျာကို ပြောတာ ဖြစ်သွားပါပြီ။ အလားတူပဲ ဂန်ဒူးဆိုတဲ့ ဝေါဟာရကို မကြားရတာ အတော်ကြာနေပြီလည်း ဖြစ်ပါတယ်။ အင်္ဂလိပ်စကားမှာလည်း gay ဆိုတာကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ လောက်က ပျော်ရွှင်မြူးကြွသောဆိုတဲ့ အနက်နဲ့ သုံးခဲ့ပေမယ့် အခုကာလမှာတော့ မိန်းမလျာကို ဆိုလိုတာမို့ ဘယ်အင်္ဂလိပ်ကမှ မူရင်းအနက်မျိုးနဲ့ မသုံးတော့တာလည်း အမှန်ပါ။

အလိ(ထ်)ကလည်း ကာလ ရွေ့လျောလာတဲ့အခါ တစ်ဖက်သားကို နှိမ်ချတဲ့ အသုံးအနှုန်းကနေ တဖြည်းဖြည်း ပြောင်းလဲနေပြီဆိုတာ အထက်က ဖွင့်ဆိုချက်များအရ ထင်ရှားလို့နေပါတယ်။

အမှားသိပ်ကြာလာတဲ့အခါ အမှန်ဖြစ်သွားမှာစိုးလို့ မနေနိုင်မထိုင်နိုင် ပြောမိတာပါ။

သည်တစ်လုံးတည်းတောင် မဟုတ်ပါဘူး။ တစ်နေ့က ဂျာနယ်တစ် စောင်မှာ ဝါရင့်၊ သမ္ဘာရင့်၊ အသက်ရင့် ပုဂ္ဂိုလ်တစ်ဦးက မဟုတ်တမ်းတရား မြန်မာသံဖလှယ်ပြီး ရေးထားတာတွေ့လိုက်ရပါသေးတယ်။

အဲဒါကျတော့ ကျွန်တော် အင်္ဂလိပ်စာ ကောင်းကောင်းမတတ်ခင် ကလေးဘဝကတည်းက မြန်မာလို အသံထွက်မှန်နဲ့ ဖတ်ခဲ့ဖူးပြီး အင်္ဂလိပ်စကားမှန်းတောင် မသိခဲ့ပါ ဘူး။ မြန်မာစကားလို့တောင် ထင်ခဲ့မိပါတယ်။ နောက်ပိုင်း စာအဖတ်အရှု များလာတော့မှသာ အင်္ဂလိပ်စကားမှန်း၊ အလိ(ထ်)လိုပဲ ပြင်သစ်ဘာသာစကားက ဆင်းသက်လာတဲ့ ဝေါဟာရမှန်း သိလိုက်တာပါ။

အဲဒါကတော့ “ကလီရှေး” ဆိုတာပါပဲ။ အင်္ဂလိပ်လို cliché လို့ စာလုံး ပေါင်းပါတယ်။ ဒါကိုကျ ရှေးကတည်းက အသံဖလှယ်ထားပုံက မှန်နေပါတယ်။ တကယ့် အသံထွက်ကိုက “ကလီရှေး” ဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ “သုံးဖန်များလွန်းလို့ ဖန်တစ်ရာတေနေတဲ့ လက်သုံးစကား”ဖြစ်ပါ တယ်။ ဆိုကြပါစို့… “မိန်းမ မာယာ သည်းကိုးဖြာ”ဆိုတဲ့ စကားမျိုးဟာ ကလီရှေး ဖြစ်သွားပါပြီ။

ဒါကိုပဲ ဟိုတစ်နေ့က ဂျာနယ်တစ်စောင်မှာ အထက်က ပြောခဲ့တဲ့ ပုဂ္ဂိုလ်ကျော်တစ်ဦးက “ကလီချေ”ဆိုပြီး ထလုပ်လိုက်တာ တွေ့ရတဲ့အခါ ကျွန်တော့်မှာ မျက်လုံးပြူးသွားရပါတယ်။

လူငယ်တွေအပေါ် စေတနာ ကန်းတာပဲလား၊ ထွင်ချင်စိတ် လွန်ကဲသွားပြီး ပမာဒလေခသွားတာပဲလားတော့ သူကိုယ်တိုင်မှပဲ သိပါလိမ့်မယ်။

အင်္ဂလိပ်စကားလုံးတွေကို ထင်သလို အသံထွက်ပြရအောင် ကျွန်တော်တို့အတွက် မိခင်ဘာသာစကားမဟုတ်တာကို လူတိုင်း သတိထားသင့်ကြပါတယ်။ အထူးသဖြင့် စာမျက်နှာပေါ်မှာဖြစ်စေ၊ အများမြင်သာတဲ့ မီဒီယာတစ်ခုခုကဖြစ်စေ ပြောဆို ရေးသား သုံးနှုန်းကြတဲ့အခါ လူငယ်လေးတွေ အမှတ်မမှားစေချင်တဲ့ အနိမ့်ပါးဆုံး စေတနာလေးလောက်တော့ မီဒီယာကို သုံးနေသူ အားလုံးရှိထားသင့်တယ်လို့ ယူဆမိပါတယ်ခင်ဗျား။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
ဆူဒိုနင်
(ရန်ကုန် – ဝ၃၀၇၁၀)

အဓိက ကိုးကားတဲ့ အဘိဓာန်စာရင်း

၁။    Merriam-Webster Collegiate Dictionary, 11th Edition (Both Hard and Soft Copies of Version 3.1)
၂။    Cambridge Advanced Learner’s Dictionary, 3rd Edition  (Both Hard and Soft Copies)
၃။    ပြည်ထောင်စုမြန်မာနိုင်ငံတော် ပြန်ကြာရေးဝန်ကြီးဌာန၊ မြန်မာစာ အဖွဲ့က ထုတ်ဝေတဲ့ အင်္ဂလိပ်-မြန်မာ အဘိဓာန် (Both Hard and Soft Copies)
၎။    The Shorter Oxford English Dictionary on Historical Principles, Third Edition
၅။    Oxford Advanced Learner’s Dictionary, Encyclopedic Edition

[မနေ့က (၂၀၀၀ ပြည့်နှစ် သြဂုတ်လ ၆ ရက်) နေ့စွဲနဲ့ ထွက်လာတဲ့ Bi Weekly Eleven ဂျာနယ်မှာ ဖော်ပြထားတာလေးကို ပြန်လည်တင်ဆက်လိုက်တာပါ။]

The Trouble of Being a Woman – 1

မိန်းမဖြစ်ရတဲ့ ဒုက္ခ (၁)

ဆရာ့ စာတွေ ဖတ်ပြီး ရယ်လည်း ရယ်ရတယ်၊ ဗဟုသုတလည်း တိုးတယ်ဆရာ။ သမီးအမျိုးသားကလည်း ကြီးချင်တဲ့ လူတစ်ယောက်ပါ။ သမီးက မလိုဘူးဆိုတာတောင် သမီးအတွက် သူက ကြီးစေချင်တယ်ဆိုလို့ မနည်း တားထားရပါတယ်။ ဆရာ့စာကို ပြလိုက်တော့ သူလည်း “ဟာဗျာ” ဖြစ်သွားပါတယ်…။

သမီးက ပွင့်ပွင့်လင်းလင်း ၀န်ခံရရင် သည်ကိစ္စကို အခုအချိန်ထိ သိပ်ပြီး မခံစားသေးဘူးဆရာ။ အောင့်တာလည်း သိပ်မခံနိုင်တော့ တော်ပြီလို့ပဲ ပြောဖြစ်တယ်။

ဆက်ဖတ်လိုက သည်ကို ကြွ > > > http://nookycontent.wordpress.com/2010/08/05/73/

Would you really want to mend your ways?

တကယ် ပြင်ချင်စိတ် ရှိပါရဲ့လား

မနေ့က တင်လိုက်တဲ့ “တစ်နှစ်ခွဲသားကို ရိုက်နှက် ဆုံးမသူရဲ့ စိတ်အခံ”ဆိုတဲ့ ပို့(စ်)မှာ ကာယကံရှင်က comment ထပ်တင်လာပါတယ်။ သူ့ comment ကို ဖတ်ပြီးတဲ့အခါမှာ ကျွန်တော့်ကိုယ် ကျွန်တော် တော်တော် ရူးမှန်း သိသွားပါတယ်။ လူတွေရဲ့ အသိဉာဏ်အဆင့်ကို မြှင့်တင်နိုင်အောင် ကျွန်တော့်ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ဘက်ပေါင်းစုံ၊ မီဒီယာပေါင်းစုံကနေ အားထုတ်ကြိုးပမ်းနေသမျှဟာ ဘာဆိုဘာမှ အရာမရောက်ပါလားလို့ တွေးဖြစ်စေတဲ့ comment လေးပဲ ဖြစ်ပါတယ်။ ကျွန်တော် ဘာကောင်မှ မဟုတ်ပါဘူး၊ အလကားကောင်ပါ၊ အရူး ထပြီး တောင်ရေးမြောက်ရေးတွေ လျှောက်ရေးမနေနဲ့၊ တောင်ပြော မြောက်ပြောတွေလည်း ပြောမနေနဲ့တော့လို့ သူ့ comment က ထုတ်မပြောသည့်တိုင် ပြောလိုက်ဘိသကဲ့သို့ ကျွန်တော့်မှာ ခံစားရပါတယ်။ ကျွန်တော့်ရဲ့ မဖြစ်စလောက် အားလေး တစ်ခုတည်းနဲ့တော့ ထစ်ခနဲရှိ လက်ပါချင်တဲ့ အစဉ်အလာတစ်ခုကို ရိုက်ချိုးဖျက်ဆီးလို့ မရဘူးဆိုတာကိုလည်း သဘောပေါက်လာရတယ်။

ကျွန်တော် အဲလို ခံစားသွားရစေတဲ့ သူ့ comment ကို အရင်ဖတ်ကြည့်တော်မူကြည့်ကြပါဦး။ အဲဒါ အဆုံးမှာမှ ကျွန်တော် ဆက်ဆွေးနွေးပါ့မယ်။

ကျနော့် comment ကြောင့် ဆရာစိတ်အနှောင့်အယှက်ဖြစ်မယ်ဆိုတာ ကျနော် ကောင်းကောင်း သိပါတယ်။ ကျနော့် comment အပေါ် ဝေဖန်မှုတွေ ရှိနေမယ်ဆိုတာလည်း ကျနော် သိပါတယ်။ သိရဲ့သားနဲ့ မင်းဘာလို့ရေးရတာလဲကွလို့ မေးလာရင်… ဟုတ်ကဲ့… ကျနော့်ရဲ့ အဖြစ်အပျက်ကို ပြောပြစေချင်တာပါ ဆရာ၊

ကျနော့်ရဲ့မိုက်မဲမှုတွေနဲ့ ထပ်တူမဟုတ်တောင် ဆင်တူလေးတွေ ကျနော့်ဝန်းကျင်မှာ ရှိနေတာလေးတွေကို ပြောပြချင်မိတာပါဆရာ။ မမိုက်ချင်ဘဲ မိုက်မဲဖြစ်နေတဲ့ အဖြစ်အပျက်များပေါ့ဆရာ။ နောက်ပြီး ဆရာ့ရဲ့ post ကိုဖတ်ပြီး မပြင်နိုင်တဲ့ ကျနော့်အကျင့်ကိုလည်း ၀န်ခံချင်လို့ပါဆရာ။

လူ့အန္ဓပြောလည်း ခံရတော့မှာပဲ ဆရာရေ… ကျနော့်ယောက္ခထီးကို သွားရိုက်လို့ မဖြစ်ဘူးဆရာရဲ့။ ဗလခြင်းမတူသလို၊ ဇခြင်းလည်း မတူဘူးဗျ၊ သူ့အကြောင်း ပြောပြရမယ်ဆိုရင် ရဲထွက်တစ်ယောက်ဖြစ်တယ်၊ လိမ်ညာမှုတွေကို လုပ်ဖူးတဲ့သူတစ်ယောက် ဖြစ်တယ်၊ ထောင်ကျဖူးတယ်၊ အရက်သမားတစ်ယောက် ဖြစ်တယ်၊ သာမန်လူကောင်းတစ်ယောက်မဟုတ်ဘူးလို့ သတ်မှတ်လို့ရပါတယ်ခင်ဗျာ။

ကျနော့်မိန်းမကိုတော့ ကျနော်ရိုက်ပါတယ်၊ ဆုံးမပါတယ်၊ ဒါပေမယ့် ဆရာ့စကားနဲ့ ပြောရင် သူက ကျနော့်ထက်ဆိုးတဲ့ လူ့အန္ဓလို့ ပြောရမလား မသိဘူးဗျ။ ကျနော် ဘယ်လောက် ပြောပြော ဘယ်လောက်ဆိုဆို ပြင်နိုင်စွမ်းမရှိတဲ့သူပါ။ သူနဲ့ ကျနော်က ၁၁ နှစ် ကွာပါတယ်။ ဆယ်တန်းအထိပဲ ကျောင်းပညာသင်ဖူးတဲ့သူပါ။ စာဖတ်ဖို့ကို စိတ်မ၀င်စားတဲ့သူ ဖြစ်ပါတယ်။ အခု သူ့အသက်က ၂၁ ပဲ ရှိပါသေးတယ်။ သူ့မိသားစုရဲ့ စရိုက်လက္ခဏာတွေကို သိပြီးတဲ့နောက်ပိုင်းမှာ ကျနော် သူ့ကို ဖျောင့်ဖျ စည်းရုံးခဲ့ပါတယ်။ ကျနော့်ရဲ့ စည်းရုံးမှု မအောင်မြင်ပါဘူး။

ကျနော် သူနဲ့ အိမ်ထောင်ကျကတည်းက တစ်အိုးတစ်အိမ် သပ်သပ်နေပါတယ်ခင်ဗျာ။ ဒါပေမယ့် သူ့အသက်ကငယ်တော့ သူ့အတွက် ကြည့်ပြီး သူ့မိဘတွေနဲ့ နီးတဲ့ နေရာမှာ အိမ်ငှားပြီး နေခဲ့ပါတယ်။ ညားကာစကတည်းက သူ့ကို ကလေးမယူဖို၊ အလုပ်တစ်ခု ရအောင်လုပ်ဖို့၊ ကိုင်ပိုင်အိမ်လေး ဖြစ်တဲ့အခါမှ ကလေးယူဖို့ ကျနော့်ရဲ့ plan တွေကို သူ့ကို ပြောဆို တိုင်ပင်ခဲ့ပါတယ်။

ဒါပေမယ့် ကျနော့်ရဲ့ စကားတွေက အရာမရောက်ခဲ့ပါဘူး။ အဲ့ဒီကတည်းက ဟာ… သွားပြီ ငါယူတဲ့မိန်းမက တော်တော်ခေါင်းကြောမာတဲ့မိန်းမပါလား? သူ လုပ်ချင်တာ၊ သူဖြစ်ချင်တာကို လုပ်တတ်တဲ့ မိန်းမပါလားဆိုပြီး နောင်တလည်းရ၊ စိတ်လည်းပျက်မိပါတယ်။ စိတ်ပျက်ပျက်နဲ့ပဲ ခရီးဆက်ခဲ့ရပါတယ်ဆရာ။

ဆရာ့စာထဲက အကြောင်းအရာတွေကို ဆရာသိအောင် ဆက်ပြောရမယ်ဆိုရင် ကျနော်အခု သူ့မိဘတွေနဲ့ ဝေးတဲ့နေရာကို ပြောင်းရွေ့ခဲ့ပါပြီ။ နှစ်လပဲ ရှိပါသေးတယ်ခင်ဗျာ။ အဲဒီ နှစ်လအတွင်းမှာပဲ ကျနော့်သားက တော်တော် လူရည်လည်လာပါတယ်။ ဟိုနေရာစပ်စပ် ဒီနေရာစပ်စပ် လုပ်ချင်ကိုင်ချင်လာပါတယ်။ ခက်တာက သူလုပ်ချင်တာတွေ မလုပ်ဖြစ်အောင် မပြင်ဆင်ထားနိုင်တာကတော့ ကျနော့်ရဲ့အားနည်းချက်ပါပဲဆရာ။

ဆရာသုံးသပ်သလိုပဲ ကျနော်ဟာ မာနကြီးတဲ့သူတစ်ယောက်ပါ။ ဆရာပြောသလို တစ်ဖက်သားကို ကိုယ့်ဘက်ပါလာအောင် လုပ်နိုင်တဲ့အစွမ်းသတ္တိမရှိပါဘူး။ ကျနော့်ရဲ့ ဗျူဟာက ဒီလူနဲ့ အဆင်မပြေရင် ခပ်ကင်းကင်းနေမယ်၊ ရှောင်ခွာမယ်ဆိုတဲ့ ဗျူဟာပါ။ ကျနော်ဖြတ်သန်းခဲ့တဲ့ ဘ၀တစ်လျှောက်လုံး အဲ့ဒီလိုပဲ ကျင့်သုံးခဲ့ပါတယ်။ ကျနော့်ဗျူဟာ မမှန်ဘူးလို့ သိလာတဲ့အချိန်မှာ အဲ့ဒီနည်းနဲ့ ကျနော် အသားကျနေပါပြီ။ အခုလောလောဆယ်အထိ အဲ့ဒီနည်းအတိုင်းပဲ နေထိုင်နေပါတယ်ခင်ဗျာ။

ရှောင်ရင်း ရှောင်ရင်းနဲ့ ဘယ်လောက်အထိရှောင်ဖို့စဉ်းစားမိလာသလဲဆိုတော့ လူ့အသိုင်းအ၀ိုင်းရဲ့ အပြင်ဘက်ကို ထွက်ဖို့ပါ စဉ်းစားထားတဲ့သူ ဖြစ်နေပါပြီ။ သည်လူမကောင်းဘူး၊ ဟိုလူမကောင်းဘူး၊ ဟာ… သည်လူလည်း မကောင်းဘူးပဲ၊ ငါရောကောင်းရဲ့လား၊ ဟာ… တစ်ချက်တစ်ချက် ငါလည်းမကောင်းပါလား? တော်ပြီ… လူတွေနဲ့ ဝေးတဲ့နေရာကို သွားတာပဲ ကောင်းတယ်။ အဲ့ဒီတော့ ဆရာ ပြောသလို သူ့ကို ရအောင် သိမ်းသွင်းမယ်ဆိုတဲ့ ဉာဉ်မျိုး ကျနော့်မှာ မရှိဘူးဗျ။

ဒါပေမယ့် လောလောဆယ်မှာ ကျနော့်မိန်းမကိုတော့ ရများရမလားလို့ သိမ်းသွင်းရင်း (အင်တိုက်အားတိုက်တော့ မဟုတ်ပါဘူး) တစ်ဖက်ကလည်း ငါ ဝေးရာ ပြေးရမယ်ဆိုတာလည်း တွေးလျက်ပါပဲခင်ဗျာ။


ကလေးအကြောင်းဆက်ပြောရမယ်ဆိုရင် ကျနော့်သားက အနည်းငယ်တော့ သိနေပါပြ။ ဥပမာ ထမင်းစားမယ်လို့ မိဘတွေက ပြင်ဆင်နေပြီဆိုရင် စားပွဲခုံကို မလာတာမျိုး (စားပွဲခုံက သေးသေးလေးမို့လို့ပါ)၊ မနက် ကျနော့်အတွက် ထမင်းဗူး ထည့်နေပြီဆို သူ့ပန်းကန်ကို ယူလာပြီး သူ့အတွက်ထည့်ခိုင်းတာမျိုး၊ ရေဆာရင်လည်း သောက်ရေဗူးကို လက်ညှိုးထိုးတတ်တာမျိုး၊ သား ဘောလုံးရောဆိုရင် ဘောလုံးရှာတတ်တာမျိုး။ အဲ့ဒီလိုမျိုး အနည်းအကျဉ်း သိနေတော့ သည်အချိန်ကတည်းက မဆုံးမထားရင် သည့်ထက်ကြီးလာရင် ဆုံးမလို့ရနိုင်ပါ့မလားလို့ ကျနော်တွေးမိပါတယ်။ သူ့အမေနဲ့ ကျနော်နဲ့ ယှဉ်ရင် သူ့အမေအပေါ် တော်တော်အနိုင်ကျင့်ပါတယ်။ ဆံပင်တွေဆွဲစောင့်တယ်၊ မျက်နှာကို ရိုက်တယ်၊ ထိုင်နေတဲ့အချိန် နောက်ဘက်ကနေ ဖက်ပြီး ကိုက်တယ်။ ပြီးတော့မှ ဥုံဖွ ဆိုပြီးလုပ်တယ်။ သူ့အမေအိပ်နေရင် သူ့အမေဗိုက်ပေါ် တက်ခုန်တယ်။ကျနော့်အပေါ်တော့ အဲ့ဒါတွေ တစ်ခုမှ မလုပ်ပါဘူး။ မလုပ်ဖြစ်အောင် ခပ်တန်းတန်း နေပါတယ်။ ချော့မြူတယ်၊ ပွေ့ဖက်တယ်။ ပါးကိုနမ်းပေးတယ်။ ဒါပေမယ့် အရမ်းကြီးအရောမ၀င်ပါဘူး။

ကျနော် ကြောက်နေမိတာက ကျနော့်သားက ၄ ဂဏန်းသမား။ စနေသားပါ။ သည်အရွယ်ကတည်းက အညွှန့် ချိုးမထားရင် အညွှန့်ကျိုးပါ့မလားလို့ စိတ်ထဲတွေးမိပါတယ်။ (အသက်ကြီးတဲ့အထိ ဝေးရာ မပြေးနိုင်ခဲ့ရင်ဆိုပြီး တွေးကြည့်တာပါ။)

ကလေး အငိုမတိတ်တာ တိတ်အောင်ရိုက်ပြီး တိတ်ခိုင်းတာကလည်း အကျင့်လုပ်ပေးတာလို့ပဲ ပြောပါရစေဆရာ။ အခုပဲရိုက် အခုပဲပြန်ချော့တာမျိုး လုပ်ရင် ငိုကြောလည်းရှည်နေမှာစိုးလို့ပါ။ ကျနော်ကိုယ်တိုင်လည်း ငယ်ငယ်က ကျနော့်အဖေရဲ့အရိုက်ကိုခံရပြီးတဲ့အခါမှာ မငိုဖို့အတွက် ဖိအားပေးခြင်းခံရပါတယ်။ ကျနော်ကိုယ်တိုင်လည်း စက်ဆုပ်ပါတယ်။ ဒါပေမယ့် အဲ့ဒီလိုမလုပ်ရင် တောက်လျှောက်ငိုနေရောပဲဆရာရေ၊ ဘယ်လိုမှ ချော့လို့မရဘူး၊ ချော့ရင် သူကတောင် စိတ်ကောက်သေးရဲ့။

ယောက္ခထီးကြောင့် ကလေးကို ဖိမရိုက်တာတော့ သေချာပါတယ်။ သူ့ရှေ့မှာ ရိုက်တာလည်း မဟုတ်ပါဘူး ခင်ဗျာ။ ကျနော်လိုချင်တဲ့ပုံစံကို သွတ်သွင်းဖို့အတွက် ရိုက်နှက်ရခြင်းပါပဲ။ ကျနော် လိုချင်တာက ကျနော့်ကို အရိုအသေမတန်တဲ့ အပြုအမူတွေ မလုပ်ဖို့၊ အိမ်ကပစ္စည်းတွေ မဆုံးရှုံးဖို့ မလိုအပ်ဘဲ စိတ်အနှောင့်အယှက်မဖြစ်စေဖို့ပါပဲခင်ဗျာ။

ကျနော့်ရဲ့ရှုပ်ထွေးလှတဲ့ ဇာတ်လမ်းတွေကြောင့် ဆရာ စိတ်အနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်ခင်ဗျာ။

ကိုယ့်ဆရာက သည် comment မှာ တစ်နှစ်ခွဲ သားလေးကိုသာမက သူ့ထက် ၁၁ နှစ်ငယ်တဲ့ အသက် ၂၁ နှစ်အရွယ် သူ့ဇနီးကိုပါ ရိုက်နှက် ဆုံးမ တယ်ဆိုတာကြီးကို ထည့်ရေးထားပါတယ်။ သည်ပုဂ္ဂိုလ်ရဲ့ “စိတ်ထဲမှာ ဆုံးမလိုက်ရင် လူတွေ ပြုပြင်လာလိမ့်မယ်”ဆိုတဲ့ အစွဲအလွဲကြီးတစ်ခု စွဲနေပါတယ်။ ခါးပိုက်နှိုက်တွေ၊ သူခိုးတွေ၊ ဓားပြတွေ၊ မူးယစ်ဆေးသမားတွေကို ဥပဒေက ဆုံးမတဲ့အနေနဲ့ ထောင်သွင်းအကျဉ်းချခဲ့တာ ခေတ်အဆက်ဆက်၊ နိုင်ငံတိုင်းလိုလိုမှာပါ။ ဒါပေမယ့် အဲဒီ့သူတွေရဲ့ အကျင့်က ထောင်က ထွက်လာတဲ့အခါ ပြင်ရိုးထိုးစံ ရှိပါသလား။ မခိုး၊ မဆိုး၊ မတိုက်၊ မလုတော့ဘူး၊ မူးယစ်ဆေး မသုံးတော့ဘူးလို့ရော ဘယ်နိုင်ငံ၊ ဘယ်အကျဉ်းထောင်က အာမခံနိုင်ပါသလဲ။

ကျွန်တော်က ဆုံးမတာကို လုံးဝ မယုံကြည်ပါဘူး။ ကလေးလည်း ကလေးအလျောက်၊ ခွေးလည်း ခွေးအလျောက် သူ့အသိဉာဏ်နဲ့ သူ ရှိကြတာချည်းပါပဲ။ အလားတူပဲ အလေးစားခံထိုက်တဲ့ သက်ရှိတွေလို့ ကျွန်တော် ခံယူပါတယ်။

ကျွန်တော့်မှာ အသက် ၂၀ ထဲကို ချင်းနင်း ၀င်ရောက်စ ပြုနေတဲ့ သားတစ်ယောက် ရှိပါတယ်။ ကျွန်တော့်အဖေက သိပ်ကို ရိုက်တတ်လို့ ကျွန်တော်လည်း အတုမြင် အတတ်သင်ပြီး သူ့ တစ်သက်မှာ သူ့ကို နှစ်ခါ သုံးခါ ရိုက်ခဲ့ဖူးပါတယ်။ ဒေါသနဲ့ ရိုက်တာပါ။ ဒါပေမယ့် ဒေါသပြေတဲ့အခါ ကျွန်တော်မှားသွားမှန်း သိလို့ သားကို တောင်းပန်ခဲ့ပါတယ်။ နောင်ကို ဆင်ခြင်မယ်လို့လည်း ကတိပေးခဲ့ပါတယ်။ အဲလိုနဲ့ ကျွန်တော့်သားကို ကျွန်တော် ချစ်ခင်စွာပဲ နေပါတယ်။ အတူနေကြတဲ့အခါ ပြဿနာတွေတော့ ရှိတာပေါ့။ တစ်နေ့ကပဲ သူ လူမှန်း သူမှန်း မသိအောင် အရက်မူးလာတယ်။ သူ့ကို တိုက်တာက ကျွန်တော်ဖြစ်နေတယ်။ မူးပြီးတော့ ဂျီကျနေတဲ့အခါ ကျွန်တော်က ပြေပြေပြစ်ပြစ် ချော့မော့နေတဲ့ကြားက ရမ်းတဲ့အဆင့်ရောက်လာတော့ ကျွန်တော့်ဒေါသက ငယ်ထိပ်ရောက်သွားတယ်။ ကျွန်တော် သူ့ကို ထဆဲတယ်။ အမှန်ကို ၀န်ခံရရင် လက်သီးနဲ့လည်း ဆွဲထိုးချင်သွားပါတယ်။ ဒါပေမယ့် သူ့အမေနဲ့ သူ့အစ်မနဲ့က ကျွန်တော့်ကို တားလိုက်ချိန်မှာ ကျွန်တော် သတိဝင်သွားတယ်။ ဒေါသကတော့ ဖြစ်နေဆဲပါပဲ။ ဒါပေမယ့် ကျွန်တော် ရှောင်နေလိုက်ပါတယ်။ တစ်ညလုံး ဒေါသဖြစ်နေတာပါ။ တော်တော်နဲ့ မပြေပါဘူး။ ဒါပေမယ့် ကျွန်တော် မမြင်ကွယ်ရာမှာ လုံးလုံးနေနေပြီး အိပ်ချလိုက်ပါတယ်။

နောက်တစ်ရက်မနက်မှာတော့ ကျွန်တော် စိတ်ပြေသွားပါပြီ။ အမှန်ကိုလည်း မြင်နိုင်စွမ်း ရှိသွားပါပြီ။ သား နိုးလာတော့ ကျွန်တော့်ကို လာကန်တော့ပါတယ်။ မနေ့ညက သူမှားခဲ့တာများအတွက် တောင်းပန်ပါတယ်လို့လည်း ပြောပါတယ်။ ကျွန်တော် ပြန်ပြောပါတယ်။ “သား ဘာမှ မမှားပါဘူးကွာ။ တောင်းပန်စရာလည်း မလိုပါဘူး”လို့ပါပဲ။ ဟုတ်တယ်လေ။ သူ သတိလက်လွတ်ဖြစ်နေချိန်မှာ ဖြစ်သွားတာအတွက် ကျွန်တော်က ဗွေယူစရာလား။

ပြောချင်တာက ကျွန်တော့်သားနဲ့ ကျွန်တော့်ကြားမှာ ချစ်ခင်မှုနဲ့ အပြန်အလှန် လေးစားမှုသာ ရှိခဲ့ပါတယ်။ သား ငယ်ငယ်လေးကတည်းက သူ့ကို ကျွန်တော် “လူကလေးလို”ပဲ လေးလေးစားစား ဆက်ဆံခဲ့ပါတယ်။ နေရာပေးခဲ့တယ်၊ လုပ်ပိုင်ခွင့်တွေ အများအပြား ပေးခဲ့ပါတယ်။ ကလေးမို့ ကလေးလို မှားနေတဲ့ အမှားတွေ အတွက် ကျွန်တော် သူ့ကို ခွင့်လွှတ်ခဲ့တယ်။ ကျွန်တော်လိုချင်တဲ့ ပုံစံဖြစ်လာအောင် အချိန်ယူ ပုံသွင်းခဲ့ရပါတယ်။

ဖျောင့်ဖျစည်းရုံးတယ်ဆိုလို့ ပြောချင်ပါသေးတယ်။ ကျွန်တော့်ဇနီးက ကျွန်တော့်ထက် ခုနစ်နှစ် ငယ်ပါတယ်။ သူ စာဖတ်တယ်ဆိုပေမယ့် ကျွန်တော်နဲ့ အိမ်ထောင်ကျချိန် သူ့အသက် ၂၄ နှစ်အထိ လေးနက်တဲ့စာတွေ မဖတ်ခဲ့ပါဘူး။ အပျော်ဖတ်တွေသာ ဖတ်ခဲ့ဖူးတာပါ။ ရုပ်ရှင်ဆိုလည်း မြန်မာကားနဲ့ ကုလားကားလောက်သာ ကြည့်တတ်တာပါ။ အခုအခါမှာတော့ စာကောင်းတွေကို မက်မက်မောမောဖတ်နေပြီ ဖြစ်သလို The Pianist, The Queen, The Kite Runner တို့လို နိုင်ငံခြားရုပ်ရှင်ကားကောင်းတွေကိုလည်း အရသာခံ ကြည့်တတ်သွားပါပြီ။ အဲဒါကို တစ်ရက် တစ်မနက်နဲ့ စည်းရုံးရတာ မဟုတ်ပါဘူး။ နှစ်နဲ့ချီပြီး လုပ်ယူခဲ့ရတာပါ။ ပထမပိုင်းမှာ ၀တ္ထုတို ကောင်းလေးတွေကို ဖတ်ခိုင်းပါတယ်။ သူဖတ်ပြီးတဲ့အခါ နှစ်ယောက် ဆွေးနွေးယူပါတယ်။ ဘယ်ဇာတ်ကောင်က ဘယ်လို၊ ဘယ်ဇာတ်ကွက်က ဘယ်လို၊ သူ့အမြင် ကိုယ့်အမြင် ဖလှယ်ရင်း သူမမြင်တာလေးတွေကို ဆွေးနွေးပြသွားပါတယ်။ တစ်ခါတလေ သူ ဖတ်ရမှာ စိတ်မပါရင် ကိုယ်က သူ့ကို ဇာတ်လမ်း အစအဆုံး ပြောပြတာမျိုးလည်း ရှိပါတယ်။ ပြီးတော့မှ ဆွေးနွေးပါတယ်။ နိုင်ငံခြားကားတွေလည်း ဘေးက ထိုင် ဘာသာပြန်ပေးရင်း ဘာလေးက ဘယ်လို အစရှိသဖြင့် ဖြည့်ဖြည့်ပြောပေးသွားတယ်။

အကြမ်းဖျင်းပြောရင် အခုအခြေအနေကို ရောက်ဖို့အတွှက် ငါးနှစ်ကနေ ခုနစ်နှစ်အထိ အချိန်ယူခဲ့ရပါတယ်။ အချိန်ပေးခဲ့ရပါတယ်။ ပျဉ်းမနား မဟာမြိုင်ဆရာတော် ဦးဇောတိက မိန့်ကြားဖူးတယ်။ သူ့ကို လူကြီးတစ်ယောက်က တရားထိုင်ဖို့ စည်းရုံးခဲ့ပုံလေးပါ။ “တရားထိုင်ကွာ”လို့ သူ့ကို အဲဒီ့လူက ဘယ်တုန်းကမှ မပြောခဲ့ဖူးဘူးတဲ့။ “လာ… တို့နှစ်ယောက် တရားထိုင်လိုက်ကြရအောင်”လို့သာ ပြောခဲ့ဖူးတာချည်းပါပဲတဲ့။ ဆိုလိုတာက ကိုယ်ကိုယ်တိုင် ပူးပေါင်းပါဝင်မှု၊ ကိုယ်ကိုယ်တိုင် စံပြလုပ်ဆောင်မှုများနဲ့သာ တစ်ဖက်သား ကိုယ့်ဖက်ပါလာအောင် ဆွဲယူနိုင်တယ်ဆိုတာကို ဆရာတော်က မီးမောင်းထိုးပြခဲ့တာပါ။ သွန်သင်တာ၊ ညွှန်ကြားတာ၊ ဆုံးမတာများဟာ အပေါ်စီးကမို့ ဘယ်လူသားကမှ ခံချင်မှာ မဟုတ်ပါဘူး။ ပဲ့ပြင်တယ်ဆိုကတည်းက ကိုယ်ကိုယ်တိုင် ပါဝင်နေပါပြီ။ ထိန်းကျောင်းတယ်ဆိုတာလည်း ကိုယ်ကိုယ်တိုင် လယ်ကွင်းထဲ ဆင်းပြီး ကိုယ်ကိုယ်တိုင် အဲဒီ့သတ္တ၀ါတွေနဲ့ အတူလျှောက်ရပါတယ်။ လူတစ်ယောက်ကို ကိုယ်လိုချင်တဲ့ ပုံစံဝင်လာအောင် လုပ်ယူရာမှာ အချိန်ပေးရပါတယ်။ ကိုယ်ကိုယ်တိုင်လည်း ပါဝင်ဆောင်ရွက်ရပါတယ်။ ပါးစပ်ကလေးနဲ့၊ တုတ်ကလေးနဲ့ မရဘူးလား ဆိုရင်တော့ ရတဲ့အခါ ရပါလိမ့်မယ်။ ဒါပေမယ့် ပါးစပ်မလှုပ်နိုင်၊ တုတ်မကိုင်နိုင်တဲ့အခါ ခေါက်ရိုးက ပြန်ကျိုးသွားမှာပါ။ အချိန်ယူပြီး ကိုယ်တိုင်ပါဝင်ကာ ချစ်ခင်စိတ်နဲ့၊ မေတ္တာနဲ့ ပြောင်းယူရင်တော့ ရေရှည်ခိုင်မြဲတဲ့ အမူအကျင့်တစ်ခုကို ရလာပါလိမ့်မယ်။

စောစောက ကျွန်တော့်သား အသက် ၂၀ ဟာ သိပ်ကို အိမ်မြဲပါတယ်။ ဘယ်အချိန်ကြည့်ကြည့်၊ သူ့ကို အိမ်ထဲမှာသာ တွေ့ရပါတယ်။ ကျောင်းသွားချိန်၊ အားကစားရုံ သွားချိန်၊ ရည်းစားနဲ့ ချိန်းတွေ့ချိန်တွေတော့ ခြွင်းချက်ပေါ့ဗျာ။ ညဉ့်နက်သန်းခေါင် ထွက်လည်တယ်ဆိုတာ အင်မတန်နည်းလှသလို အပေါင်းအသင်းနဲ့ လက်ဖက်ရည်ဆိုင် ထိုင်တာလည်း မရှိသလောက်ပါ။ ရံဖန်ရံခါ နှစ်လ တစ်ခါ၊ သုံးလတစ်ခါလောက် သူ့အပေါင်းအသင်းတွေနဲ့ ဘီယာဆိုင် ထိုင်တာမျိုးတော့ ရှိတယ်။ ကျွန်တော်ကလည်း မတားတတ်ပါဘူး။ ကျွန်တော့်အိမ်မှာက စည်းကမ်းတစ်ခုပဲ ရှိပါတယ်။ “ကြိုက်တာလုပ်၊ မလိမ်နဲ့”ဆိုတဲ့ စည်းကမ်းပါ။ လိမ်တာတစ်ခုကိုပဲ ပြင်းပြင်းထန်ထန်တားပါတယ်။ (ဒါ ရှေ့က ကျွန်တော့်ပို့(စ်)တွေထဲမှာ အကျယ်ရေးပြီးသားပါ။)

ပြောချင်တာက ဆယ်ကျော်သက်အရွယ်ကို ဖြတ်သန်းနေစဉ်တစ်လျှောက်လုံး ကျွန်တော့်သားမှာ ဘာပြဿနာမှ ကြီးကြီးမားမား မရှိခဲ့ဘူး။ နားပေါက် ဖောက်ချင်တယ်၊ ဖောက်။ ဆံပင် ဆိုးချင်တယ်၊ ဆိုး။ ကျွန်တော် မနှစ်သက်တာတွေဖြစ်ပေမယ့် ဘာမှ အရေးမကြီးတာတွေအတွက် ပြဿနာအဖြစ်မခံဘူး။ ဒါတွေက အချိန်တန်ရင် သူ့ဟာနဲ့သူ ပြီးသွားမှာတွေ။ ကျွန်တော်လိုချင်တာက စာနာနာဖတ်တဲ့ လူသား။ အဲဒါဖြစ်အောင် ကျွန်တော် သူတို့တွေ စာမဖတ်တတ်ခင်ကတည်းက ပျိုးထောင်ခဲ့တယ်။ အခု ကျွန်တော့်သားရော၊ သမီးရော စာဖတ်တဲ့ဝါသနာ အပြည့်ရှိနေကြတယ်။ တော်ပြီ၊ သည်လောက်ဆိုရင်။ ကျန်တာက လူငယ်တို့ဘာဝ လုပ်ချင်တာ အကုန်လုပ်။ လုပ်သမျှ မိဘ သိရပါစေ။ ဒါမှ အချိန်မီ ကုလို့ ရမှာ။ ဒါပဲ။

အခု အဲဒီ့အကျင့်ကြောင့် ဘယ်လောက်အထိ ဆိုးလာလဲဆိုတော့ ကျောင်းလခတောင်းရမှာတောင် သားက အဖေနဲ့ အမေကို အားနာတယ်၊ သနားတယ်ဆိုတဲ့ အဆင့်ကို အလိုလို ရောက်လာတယ်။ မုန့်ဖိုးတောင်းဖို့များတော့ တော်တော်ခက်နေရှာတယ်။ ဖအေက နားလည်စွာနဲ့ မပေးမိရင်၊ မေ့နေရင် အိပ်ထဲ တစ်ပြားမှ မရှိဘဲ နေချင်နေတတ်နေတယ်။

ကျွန်တော့်သား တော်ကြောင်း ကြွားနေတာ မဟုတ်ပါဘူး။ တော်လည်း မတော်သေးပါဘူး။ သို့သော် ချစ်ခြင်းမေတ္တာနဲ့ တည်ဆောက်ထားတဲ့ ဆက်ဆံရေးကို ရုပ်လုံး ပေါ်အောင် ဖော်ပြလိုက်တာပါ။ ချစ်ခြင်းမေတ္တာနဲ့ သူ့ကို တလေးတစား ပဲ့ပြင်ထိန်းကျောင်းခဲ့တာမို့ သည်အခြေအနေကို ရောက်လာတာပါ။

တစ်ဆက်တည်း ပြောရရင် ကျွန်တော့်သမီးက မိဘအပေါ်မှာ တအားဆိုးပါတယ်။ အထူးသဖြင့် သူ မကျေနပ်တာက ကျွန်တော့်ကိုပါ။ ကျွန်တော်က သူကလေးဘ၀က သူ့မျက်စိအောက်မှာတင် အိမ်ထောင်ရေးဖောက်ပြန်မှု နှစ်မှုတိတိ ကျူးလွန်ခဲ့တာကိုး။ အဲတော့ သူက ကျွန်တော့်ကို ဆယ်ကျော်သက်အရွယ်မှာ အရမ်းကို ကန့်လန့်တိုက်ခဲ့ဖူးပါတယ်။ ကျွန်တော် သိပ်ရိုက်ချင်ခဲ့မိတယ်၊ နုတ်နုတ်စင်းပစ်ချင်လောက်အောင်ကို သူ ကျွန်တော့်ကို ကန့်လန့်တိုက်ခဲ့တာပါ။ ဒါပေမယ့် အဲဒါ သူ့အမှား မဟုတ်ဘူး၊ ကျွန်တော့်အမှားကို သူအခဲမကျေမှန်း ရိပ်မိသိရှိသွားတဲ့အတွက် သူ့ကို ကျွန်တော် သိပ်ရိုက်ချင်နေချိန်မှာ စိတ်ကိုထိန်းပြီး သူ့ကို ခါတိုင်းထက် ပိုချစ်ပြခဲ့ပါတယ်။

ကလေးတွေကို ရိုက်ချင်စရာ အကောင်းဆုံးအချိန်မှာ သူတို့လေးတွေ အချစ်ခံချင်ဆုံး အချိန်ဖြစ်နေတယ် ဆိုတဲ့ ကလေးသူငယ် စိတ်ပညာ အဆိုအမိန့် တစ်ခုကို ကျွန်တော့်ခေါင်းထဲကို အမြဲဆွဲထည့်ခဲ့၊ နှလုံးသွင်းခဲ့ပြီး သူ့ကို ကျွန်တော် ခါတိုင်းထက် ပိုချစ်ပြခဲ့ပါတယ်။ ပိုယုယခဲ့ပါတယ်။ ပိုအလေးပေးခဲ့ပါတယ်။ အဲဒါလည်း အချိန် အကြာကြီး ယူရပါတယ်။ ကျွန်တော့် ပြစ်မှုကြောင့် ကျွန်တော်တည်ဆောက်ထားတဲ့ ကမ္ဘာ့ကုန်သွယ်ရေးဗဟိုအဆောက်အအုံကြီးဟာ မိနစ်ပိုင်းအတွင်းမှာ ပြိုကျပျက်စီးသွားပါတယ်။ အဲဒီ့အဆောက်အအုံကြီးကို ပြန်ဆောက်ဖို့ကျတော့ မိနစ်ပိုင်းနဲ့ ပြန်တည်လို့ မရပါဘူး။ ဒါကို နားလည်တဲ့အတွက် ကျွန်တော် အရမ်းအချိန်ပေး အရမ်း ၀ါယမစိုက်ခဲ့ရပါတယ်။

အခု ငါးနှစ်လောက် အကြာမှာ ကျွန်တော့်သမီးလည်း အံ့သြစရာ ကောင်းအောင် ပြောင်းလဲသွားပါပြီ။ တစ်ချိန်က ကျွန်တော့်ကို ကန့်လန့်တိုက်ခဲ့တဲ့ သမီးမှ ဟုတ်ပါလေစလို့ သံသယဖြစ်လောက်အောင် သူ့ဘက်က လိမ်မာနေပါပြီ။ အပိုးကျိုးနေပါပြီ။ ကျွန်တော် တုတ်တစ်ချက် မကိုင်ခဲ့ပါဘူးခင်ဗျား။

ကျွန်တော့်အဘိဓာန်မှာ ဆုံးမ၊ သွန်သင်၊ ညွှန်ကြားဆိုတာတွေ မရှိသလို ရိုသေဆိုတဲ့ ဝေါဟာရလည်း မရှိပါဘူး။ ကျွန်တော် သိပ်တန်ဖိုးထားတာက လေးစားမှုပါ။ ရိုသေက တစ်လမ်းသွား၊ တစ်ဖက်သတ်ပါ။ လေးစားမှုက အပြန်အလှန် သဘောပါ။ ကျွန်တော်တို့ အာရှသားတွေ ခေတ်နောက်ကျ ကျန်ခဲ့ရတဲ့ အဖြစ်တွေရဲ့ အရင်းခံက ရိုသေမှုကို ရှေ့တန်းတင်ပြီး လေးစားမှုကို မျက်ကွယ်ပြုလိုက်ကြလို့သာ ဖြစ်ပါတယ်။ ဒါကို မြင်တဲ့ အာရှသားတွေ ပြင်နိုင်ခဲ့ကြလို့လည်း အခုအခါမှာ အာရှကျားတွေ ဖြစ်လာနေကြပါတယ်။

ကျနော့်ဗျူဟာ မမှန်ဘူးလို့ သိလာတဲ့အချိန်မှာ အဲ့ဒီနည်းနဲ့ ကျနော် အသားကျနေပါပြီ ဆိုတဲ့ စကားကို ကျွန်တော် လက်ခံပါတယ်။ ပြင်ချင်စိတ်ရှိရင် ဘယ်လောက် အသားကျကျ ပြင်လို့ရတယ်ဆိုတာလည်း ဖြည့်စွက်ပြောလိုက်ချင်ပါတယ်။ ကျွန်တော့်စာတွေထဲမှာ ပါပြီးသားပါ။ ကျွန်တော်က မျိုးနဲ့ ရိုးနဲ့ ချီပြီး ရိုက်တတ်သူမို့ဆိုတဲ့ ဆင်ခြေကို ကောင်းကောင်း ပေးလို့ရနိုင်သူမို့ မိန်းမနဲ့ ကလေးရိုက်တာကို အသားကျနေတဲ့သူပါ။ ကနေ့အခါမှာ ကျွန်တော့်ဇနီးကို လက်ဖျားနဲ့တောင် မတို့တော့တာ ၁၆ နှစ်ကျော်ပြီဖြစ်သလို ကျွန်တော့်သားသမီးတွေကိုလည်း ကိုယ်ထိလက်ရောက် ရိုက်နှက်ခြင်း မရှိတာလည်း ၁၀ နှစ်ကျော်ပြီလို့ ခပ်တင်းတင်း ပြောနိုင်နေပါပြီ။ အဲဒါဘာလဲ၊ ကျွန်တော်ကိုယ်တိုင်က ကိုယ့်လုပ်ရပ် မမှန်မှန်း ရင်ထဲ အသည်းထဲက တကယ် သိလို့တကယ်ပြင်ချင်စိတ် အပြည့်နဲ့ ပြင်ခဲ့လို့ပါပဲ။

ဘုရားဟောနဲ့ပဲ နိဂုံးချုပ်ပါရစေ။ ၀ီရိယရှိသူအတွက် ဘယ်အရာမဆို ဖြစ်နိုင်တယ်၊ ဆန္ဒတကယ်ရှိသူအတွက် ဘယ်အရာမဆို ဖြစ်နိုင်တယ်လို့ ဘုရားရှင်က ဟောခဲ့ပါတယ်။ ပါဠိလို ရေးပြတတ်ပေမယ့် အလကား ဇယားရှုပ်မှာမို့ ရေးမပြတော့ပါဘူး။

အဲတော့ ကျွန်တော့်ဆီ စာရေးလာတဲ့ ဆရာနေအေးလှိုင်အပါအ၀င် လူသားအားလုံးအနေနဲ့လည်း တကယ်ဖြစ်ချင်ရင် တကယ်လုပ်လို့ရတယ်ဆိုတာကို ဘုရားက ဟောပြီးသားမို့ ကိုယ် တကယ်ဖြစ်ချင် မဖြစ်ချင်သာ သေချာအောင် လုပ်ကြပါလားဗျာလို့ လေပျော့လေးနဲ့ တိုက်တွန်းလိုက်ချင်ပါသဗျား။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

(ရန်ကုန် ၀၃၀၈၁၀)

You don’t need to beat him!

တစ်နှစ်ခွဲသားကို ရိုက်နှက်ဆုံးမသူရဲ့ စိတ်အခံ

ကျွန်တော့်ရဲ့ ရိုက်နှက်ဆုံးမခြင်းရဲ့ အကျိုးအပြစ် ပို့(စ်)မှာ တစ်ယောက်က  ကွန်မန့်ဝင်ရေးသွားပါတယ်။ ကျွန်တော် တော်တော် စိတ်မကောင်းဖြစ်ရတဲ့ ကွန်မန့်လေးပါ။ မိဘအများနဲ့ သက်ဆိုင်နေတာမို့ သူ့ကွန်မန့်ကို ပို့(စ်)တစ်ခုအနေနဲ့ သတ်သတ် ဆွေးနွေးတင်ပြပါရစေခင်ဗျား။

သူ့ကွန်မန့်ကို အရင်ဖတ်ရှုတော်မူပေးကြပါ။

ရိုက်နှက်ဆုံးမခြင်းရဲ့ အကျိုးအပြစ်တွေကို သိပေမယ့်လည်း တစ်နှစ်ခွဲသာ ရှိသေးတဲ့ ကျနော့်သားကို ရိုက်နှက်ပြီး ဆုံးမဖြစ်နေတယ်ဗျာ။ ရိုက်နှက်မိတိုင်း၊ ရိုက်နှက်ပြီးတိုင်း စိတ်မကောင်းပါဘူး။ ဒါပေမယ့် အခြားနည်းလမ်းနဲ့ဆုံးမဖို့ မကြံစည်တတ်ဖြစ်နေတယ်။

တစ်နှစ်ခွဲသာ ရှိသေးတဲ့ကလေးက ဘယ်လိုအပြစ်တွေများ ကျူးလွန်နေသလဲဆိုတော့ လက်ညှိုးလေးထောင်လို့ ဟင်း… ဆိုပြီး သတိထားဆိုတဲ့ပုံစံ၊ လက်ကလေး နှစ်ဖက်ကို ဆုပ်လို့ လက်သီးဆိုပြီး ပြတာက တစ်မျိုး၊ နောက်တစ်နည်းက ကော့ပြတာပါ။ အခြားအပြစ်တွေက မီးဖိုချောင်မှာထားတဲ့ ဆားဗူး၊ အချိုမှုန့်ဗူး၊ အရောင်တင်မှုန့် ဗူးတွေကို ယူငင်ပြီး ဆော့တာပါ။ အဲ့ဒီဗူးတွေ ထားတဲ့ နေရာကလည်း သူလက်လှမ်းမီတဲ့ နေရာမှာ ဖြစ်နေတာကိုး။ အခြား လက်လှမ်းမမီတဲ့ နေရာမှာထားဖို့ကလည်း လောလောဆယ် မလုပ်ဆောင်ရသေးလို့ပါ။

နောက်လုပ်တဲ့အပြစ်တွေက ဖက်ပြီးကိုက်တာပါ။ အရင်က သူ့အမေကိုပဲ ကိုက်တတ်တာပါ။ သည်နေ့မနက်မှ ကျနော့်ကို ဖက်ကိုက်ပါလေရော သူကတော့ အသဲယားပြီး ကိုက်တာ။ နောက်ချင်စိတ်နဲ့ ကိုက်တာ ဖြစ်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် သည်လို အပြုအမူမျိုး နောက်မလုပ်ဖို့ ကျနော်ရိုက်ပြီး ဆုံးမမိပါတယ်။

ကိုက်တဲ့အတွက် ရိုက်တာက တစ်ချက်ပါပဲ။ ဒါပေမယ့် ရိုက်လို့ ငိုတဲ့အခါမှာ အသံမထွက်နဲ့ဆိုပြီး ထပ်ရိုက်တာကတော့ သူ မတိတ်မချင်းပေါ့။ တချို့အပြစ်တွေက ပတ်ဝန်းကျင်က သင်ပေးလို့တတ်သွားတဲ့အပြစ်တွေပါ။ ဒါကို ဆက်မလုပ်ဖို့ တားမြစ်ရတာပါ။ လက်သီးဆုပ်ပြတာ၊ ကော့ပြတာတွေကို သူ့အမေဘက်က သူ့အဖိုး သင်ပေးလိုက်တာပါ။ သူ့အဖိုးနဲ့ ကျနော်နဲ့က အဆင်မပြေပါဘူး။ ခပ်တန်းတန်းနေကြပါတယ်။ သူ ဘယ်လိုရည်ရွယ်ချက်နဲ့ သည်လိုအပြုအမူမျိုးတွေကို သင်ပေးသလဲတော့ ကျနော်မသိပါဘူး။ သူ့ကိုလည်း ကျနော် ပြောလိုစိတ်မရှိပါဘူး။

ဒါပေမယ့် ကျနော့်သားကိုတော့ အဲ့ဒီလိုမလုပ်ဖို့ ပထမ တတ်ခါစတုန်းက သား အဲ့ဒီလိုမလုပ်ရဘူးနော်ဆိုပြီး စကားနဲ့ဆုံးမပါတယ်။ ကိုယ့်ကသာ ပြောပေမယ့် သူ သေသေချာချာ နားမလည်သေးပါဘူး။ စကားလည်း မပြောတတ်သေးပါဘူး။ အဲ့ဒီလို ပြောလိုမရတဲ့ နောက်ပိုင်းမှာ ၀ါးခြမ်းပြားလေးနဲ့ ကျနော် ခြိမ်းခြောက်ရပါတော့တယ်။ အခုနောက်ပိုင်း မလုပ်စေချင်တဲ့အရာတိုင်း ၀ါးခြမ်းပြားလေးကိုင် ကြမ်းပြင်ကို ရိုက်လို့ သတိပေး တားမြစ်ရပါတော့တယ်။ သောက်ရေကို မသောက်ပဲ ပလုပ်ကျင်းသလို ထွေးထုတ်တာ၊ သောက်ရေခွက်ကို ကိုယ်တိုင် ကိုင်သောက်ချင်တဲ့အခါမျိုးမှာ အဲ့ဒီလို မလုပ်ဖို့။ ဘာဖြစ်လို့ အဲ့ဒီလို မလုပ်ခိုင်းရတာလဲဆိုတော့ ကျနော် အခုငှားနေတဲ့အိမ်က နှစ်ထပ်အိမ်အပေါ်ထပ်အခန်းမှာ မို့လို့ ရေဖိတ်ကျတဲ့အခါ အောက်က လူတွေအတွက် အနှောင့်အယှက် ဖြစ်မှာ စိုးရိမ်တဲ့အတွက်ကြောင့်ပါ။ နောက်လုပ်တဲ့ အပြစ်တွေက ထမင်းစားတဲ့အခါ ဟင်းခွက်တွေကို လိုက်နှိုက်တတ်တာ၊ ဘေးနားမှာ လာပြီး အိုးနင်းခွက်နင်း ဖြစ်တာက တစ်မျိုး။ ဒါတွေအတွက် ၀ါးခြမ်းပြား အားကိုးလို့ ရိုက်နှက်နေရပါတယ်ခင်ဗျာ။

အခုလို ရိုက်နှက်ခြင်းကြောင့် ဘယ်လိုအပြစ်တွေ ဖြစ်လာမလဲဆိုတာကိုတော့ စောင့်ကြည့်ရတော့မှာပါပဲ… :(

တစ်နှစ်ခွဲကလေးကို ရိုက်နှက်တာဟာ တော်တော် သဘာဝမကျတာပါပဲ။ သည်စာမှာ အချက်တစ်ချက်ကို ဘွားဘွားကြီးမြင်နေရပါတယ်။ အဲဒါကတော့ အရှေ့တိုင်းရဲ့ ဒွေးရောယှက်တင် လူ့ဘောင် ပုံစံပါ။ အိမ်ထောင်ကျတဲ့အခါ ကိုယ့်တစ်အိုးတစ်အိမ်ခွဲနေနိုင်သည့်တိုင် နှစ်ဖက်မိဘ အသိုင်းအ၀ိုင်းက ကပ်ပါနေတယ်။ အဲဒါတွေက ကလေးတွေကို ကျွန်တ်ာတို့ လိုချင်သလို ဖြစ်မလာအောင် ဟန့်တားနေတယ်ဆိုတဲ့ အချက်ပါပဲ။

အမှန်က သည်ကလေးက ဘာအပြစ်မှ မလုပ်သေးပါဘူး။ သူ့အနေနဲ့ အကောင်းအဆိုး၊ အကျိုးအပြစ်ကို ခွဲခြားသိတတ်နိုင်သေးတဲ့ အရွယ်လည်း မဟုတ်သေးပါဘူး။ အဓိက ပြဿနာက သူ ဘယ်သူ့ကို အတည်ယူရမလဲဆိုတာ မသိတဲ့ ပြဿနာပါ။

သည်စာရေးသူအနေနဲ့ ရိုက်ခြင်းရိုက်ရင် သူ့ယောက္ခထီးကိုဖြစ်စေ၊ ကလေးအမေ သူ့မယားကိုသာဖြစ်စေ လှိမ့်ရိုက်သင့်ပါတယ်။ ကလေးကို လုံးဝ မရိုက်သင့်ပါဘူး။

ကလေးသည်လို ဖြစ်နေတာကို မနှစ်သက်ဘူးဆိုရင် ပထမဆုံးက ကိုယ့်ဇနီးကို ကိုယ် ဖျောင့်ဖျစည်းရုံးပြီး ကလေးနဲ့ သူ့အဘိုးနဲ့ အတွေ့ကျဲအောင် ဖန်တီးသင့်ပါတယ်။ သည့်ထက်ပိုလုပ်သင့်တာက ကိုယ်နဲ့ မပြေမလည်ဖြစ်နေတဲ့ ကိုယ့်ယောက္ခထီးကို ကိုယ့်ဘက်ပါလာအောင် စည်းရုံးယူဖို့ပါ။ တောရိုင်းတိရစ္ဆာန်တွေ ဖြစ်တဲ့ ကျားတွေ၊ ခြင်္သေ့တွေတောင် ဆပ်ကပ်ထဲမှာ ကိုယ်လိုသလို စေခိုင်းနိုင်နေတာဟာ လူဟာ အသိဉာဏ်မြင့်လို့ပါ။ ယောက္ခထီးက ကျား မဟုတ်၊ ဆင်မဟုတ်ပါဘူး။ လူပါ။ ဖျောင့်ဖျစည်းရုံးဖို့ ပိုလွယ်ပါတယ်။ မလွယ်အောင် တားဆီးနေတာက မာနပါ။ ကိုယ့်မာနကြောင့် ကိုယ့်မိန်းမလည်း စိတ်ဆင်းရဲ၊ ကိုယ့်သားလေးလည်း ကြားထဲက ဒဏ်ခံနေရတဲ့ အဖြစ်ကို မြင်လာမယ်ဆိုရင် ဒါကို ဆင်ခြင်နိုင်ပါလိမ့်မယ်။

တစ်ဖက်သားကို ခွေးနဲ့ နှိုင်းတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဆင်ခြင်သင့်လို့ နမူနာတစ်ခု ပြောပါ့မယ်။ ခွေးတစ်ကောင် ဆိုးနေ၊ ကိုက်နေ၊ လိုက်ဆွဲနေ၊ သောင်းကျန်းနေရင် အဲဒီ့ခွေးရဲ့ နှုတ်သီးကို ခြင်းစွပ်နိုင်အောင် လုပ်ရတော့မှာပါ။ အဲဒီ့အတွက် အဲဒီ့ခွေးကို မဆိုးနဲ့၊ မဟောင်နဲ့၊ မကိုက်နဲ့၊ မဆွဲနဲ့လို့ လူစကား သွားပြောနေလို့ မရပါဘူး။ အဲဒီ့ခွေး အမြီးနှံ့လောအောင် ထန်းလျက်၊ အမဲရိုး၊ ဘီစကစ်စသဖြင့် ခွေးကြိုက်လောက်တဲ့ အရာတစ်ခုခုကို အရင်ပြရပါမယ်။ ခွေးနဲ့ ရင်းနှီးလာအောင် လုပ်ရပါမယ်။ အဲဒီ့နောက် ဖော်ရွေလာတဲ့ ခွေးရဲ့ နှုတ်သီးကို ခြင်းစွပ်နိုင်ဖို့အတွက် ခွေးကို ပွတ်သပ်ပေးရမယ်၊ ပြီးရင် ခြင်းစွပ်ရပါမယ်။ အဲဒီ့အတွက် ခွေးအရပ်နဲ့တူအောင် ဒူးထောက်တန်ထောက်၊ ဆောင့်ကြောင့် ထိုင်တန် ထိုင်ရမှာပါ။ အဲဒါဟာ အရှုံးပေးတာ မဟုတ်မှန်း လူတိုင်း သိပါတယ်။

သို့သော် လူလူချင်းကျရင်တော့ ထန်းလျက်သုံးရကောင်းမှန်း မသိသလို ဒူးလည်း မထောက်ဖြစ်တတ်ကြဘူး။ အဲဒါဟာ မာနပါ။ ခွေးနဲ့ကျတော့ ခွေးပဲဆိုပြီး ဒူးထောက်လိုက်ရတာကို မာန ချရတယ်လို့ ဘယ်သူမှ မတွေးကြဘူး။ ဒါပေမယ့် ခွေးနဲ့ဖြစ်ဖြစ်၊ လူနဲ့ဖြစ်ဖြစ် ရည်မှန်းချက်က အတူတူပါပဲ။ ကိုယ်လိုချင်တာ ဖြစ်လာအောင်၊ ကိုယ်ဖြစ်စေချင်တာ ဖြစ်လာအောင် လုပ်ဖို့ပါပဲ။ ဒါကို နှလုံးသွင်းနိုင်မယ်ဆိုရင် လူအားလုံးနဲ့ အဆင်ပြေအောင် ဆက်ဆံတတ်လာပါလိမ့်မယ်။ ဆက်ဆံရေးတိုင်းကို အဆင်မပြေဖြစ်စေတာက ဘာမဟုတ်တဲ့ တလွဲမာနတွေပါဗျာ။

ကလေးနဲ့ ပတ်သက်လို့ ဆက်ပြောရမယ်ဆိုရင်တော့ သည်တစ်နှစ်ခွဲသားလေးဟာ ဘာဆို ဘာမှ အကောင်းအဆိုး အကျိုးအပြစ် မသိသေးတာမို့ သူ့ကို ရိုက်ရုံမက သတ်ပစ်ရင်လည်း သိမှာ မဟုတ်ဘူးဆိုတာကို သိထားဖို့ လိုပါတယ်။ သည်အရွယ်ဟာ အမေ၊ အဖေရဲ့ မျက်နှာကို ကြည့်နေရတဲ့ အရွယ်ပါ။ အမေ အဖေ မကြိုက်ဘူး ဆိုတာ တစ်ချက်တည်းနဲ့တင် လုံလောက်ပါတယ်။ တစ်ခုတော့ ရှိတယ်၊ အနားမှာ အားကိုး မရှိဖို့ လိုပါတယ်။ အမေ မကြည်ရင် အဖေ့ဆီ ပြေးနိုင်၊ အဖေရော၊ အမေပါ မကြည်ဘူးဆိုရင် အဒေါ်တွေ၊ အဘိုးအဘွားတွေဆီ ပြေးကပ်နိုင်တာမျိုး ဖြစ်နေရင်တော့ ဘာမှ မတတ်နိုင်ပါဘူး။ အဲလိုသာဆိုရင်တော့ ကလေးကို ရိုက်မယ့်အစား အိမ်ထောင်သည် ဖြစ်လာရက်နဲ့ အိမ်မခွဲနိုင်တဲ့ ကိုယ်၊ တစ်အိုးတစ်အိမ်မထူထောင်နိုင်သေးဘဲ အိမ်ထောင်ပြုမိတဲ့ ကိုယ့်ပါးကိုယ်သာ စပ်စပ်ကလေး ရိုက်သင့်ပါတယ်။

တကယ်လို့ သိပ်ရိုက်ချင်တယ်ဆိုရင်လည်း ကလေး သုံးနှစ်က ငါးနှစ်အတွင်းလောက်မှာ ဒေါသ မပါဘဲ ရိုက်နိုင်အောင် ကြိုးစားသင့်ပါတယ်။ ဒါမလုပ်နဲ့ နောက်တစ်ခါ လုပ်ရင် ရိုက်မယ်လို့ အရင်ဆုံး မှာကြားရပါမယ်။ ကလေးက လုပ်တဲ့အခါမှာလည်း ကိုယ်ပြောထားတဲ့အတိုင်း ရိုက်နိုင်ပါတယ်။ ရိုက်ပြီးတာနဲ့ သားကို မချစ်လို့ ရိုက်တာ မဟုတ်ဘူး။ သားရဲ့ အပြုအမူကို ပြင်စေချင်လို့ ရိုက်တာလို့ ပြောပြီး အသားနာလို့ ငိုနေတဲ့ ကလေးကို ချော့သင့်ပါတယ်။

ကလေး အငိုမတိတ်လို့ ရိုက်ပြီး တိတ်ခိုင်းသူလောက် လောကမှ လူမဆန်သူ၊ လူစိတ် မရှိသူ မရှိပါဘူး။ အဲဒီ့လူကို တစ်စုံတစ်ယောက်က နာကျင်အောင် လုပ်တဲ့အခါ သူရော မအော်ဘဲ၊ မညည်းဘဲ နေမလားလို့ မေးလိုက်ချင်ပါတယ်။ တခြားဟာ မပြောပါနဲ့၊ နာကျင်ကိုက်ခဲတဲ့ ရောဂါဝေဒနာတစ်ခုခု ပြင်းပြင်းပြပြ ခံစားရရင်တောင် လူဆိုတာ အော်မိ၊ ညည်းမိတတ်ကြပါတယ်။ (တစ်ယောက်နဲ့ တစ်ယောက် အနာခံနိုင်တဲ့ အတိုင်းအဆချင်း မတူလို့ တချို့အတွက် တောင့်ခံနိုင်တဲ့ အတိုင်းအဆ တစ်ခုတော့ ရှိမှာပါ။ အဲဒီ့လူတွေလည်း အဲဒီ့အတိုင်းအဆ ကျော်ရင် အော်မှာ ညည်းမှာ သေချာပါတယ်။) အဲဒါကို မအော်နဲ့ မညည်းနဲ့လို့ ပြောရင် လူဆန်ပါဦးမလား။ အင်မတန် စဉ်းစားသင့်ပါတယ်။

ကျွန်တော် ငယ်ငယ်တုန်းကလဲ ကျွန်တော့်အဖေက ရိုက်လို့ နာတဲ့အခါ ငိုမိတယ်။ အဲဒါဆိုရင် အဖေက အခု စာရေးလာသူလိုပဲ မတိတ်တိတ်အောင် တုတ်နဲ့ပဲ ဆက်ရိုက်ပြီး နှိပ်စက်ပါတယ်။ နှိပ်စက်တယ်လို့ ကျွန်တော် သုံးပါတယ်။ အဖေ ရိုက်တာ ကျွန်တော် စိတ်သိပ်မနာမိဘူးဆိုရင်တောင် အဲသလို နာလို့ ငိုတာကိုပဲ ကိုယ်ချင်းမစာစွာ ဆင့်ရိုက်ပြီး အတိတ်ခိုင်းတဲ့ အပြုအမူကိုတော့ ကျွန်တော် အင်မတန် စက်ဆုပ်ခဲ့ပါတယ်။ အခုဆို ကျွန်တော့်အဖေ မရှိတော့တာ ၃၄ နှစ် ပြည့်ပါတော့မယ်။ အဖေ့ကိုလည်း နားလည်ခွင့်လွှတ်လို့ ရသွားသလို အဖေ့ကျေးဇူးကိုလည်း အောက်မေ့ သတိရပါတယ်။ သို့ပေမယ့် အဖေ့အပြုအမူကို စက်ဆုပ်ပြီး အဖေ့ကို ချစ်လို့ မရတာကတော့ ယနေ့ထက်တိုင်ပါ။

အခု စာရေးလာသူဟာ အသိခေါက်ခက် အ၀င်နက်နေတယ်လို့ ပြောရမလား မသိပါဘူး။ ရိုက်နှက်ဆုံးမခြင်းရဲ့ အကျိုးအပြစ်တွေကို သိပေမယ့်လည်းလို့ သူက စကားခံထားတာကိုး။ အသိတစ်ခုရှိပြီး အဲဒီ့အသိကြောင့် သဘောထား မပြောင်း၊ အပြုအမူလည်း လိုက်ပြောင်းမလာဘူးဆိုရင် အဲဒီ့အသိဟာ ဘာမှ အသုံးမကျပါဘူး။ ဗဟုသုတ အထိုက်အလျောက်ရှိတဲ့ လူ့အန္ဓသာဖြစ်ပါလိမ့်မယ်။ အသိသာရှိပြီး ဉာဏ်မရှိသူသာ ဖြစ်သွားပါလိမ့်မယ်။ အိမ်သာက ဆင်းရင် လက်ဆေးတာ ကျန်းမာရေး အတွက် ကောင်းတယ်လို့ သိတယ်။ ဒါပေမယ့် တကယ် အိမ်သာက ဆင်းလာပေမယ့် လက်မဆေးဘဲနေသူနဲ့ အတူတူပါပဲ။

အားနာနာနဲ့ ပြောရရင် ယောက္ခထီးကို မကျေနပ်တိုင်း ကလေးကို ဖိရိုက်နေတာသာဖြစ်ပါတယ်။ ကာယကံရှင်က သည်အချက်ကို ၀န်ခံချင်မှ ၀န်ခံပါလိမ့်မယ်။ ၀န်မခံဆို ကိုယ်တိုင်လည်း သတိထားမိချင်မှ ထားမိမှာကိုး။ မသိစိတ်ထဲမှာ ဖြစ်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် သေချာ ပြန်စဉ်းစားရင် အဲဒီ့အတိုင်း ပေါ်လာမှာပါ။

ကလေးအတွက် သင့်တင့်တဲ့ အဖြေကို ထုတ်နိုင်မယ်လို့ ယုံကြည်ယူဆပြီး ဒါကို ရေးလိုက်တာဖြစ်ပါတယ်။ ကျွန်တော်သည်လို ရေးလိုက်တဲ့အတွက် ကာယကံရှင် စိတ်အနှောင့်အယှက် ဖြစ်ရတယ်ဆိုရင် တောင်းပန်လိုက်ပါတယ်ခင်ဗျား။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

(ရန်ကုန် – 020810)